ချောင်းစပ်လေးမှာ မေးတင်ထားတဲ့ တက်ကဲမိုးဝါးခြေတံရှည်အိမ်လေးထဲမှာ.... အဖွားလုံတို့ သားအမိနှစ်ယောက်တည်းနေပါတယ်....။ ခြေတံရှည်အိမ်လေးပေါ်တက်ဖို့ ဝါးလုံးလှေကားရင်းနဲ့ သိပ်မနီးမဝေးမှာ လုံးပတ်ကြီးကြီး ခပ်မြင့်မြင့် လက်ပံပင်ကြီးရှိတယ်....။ နွေဦးဆို အပင်ပေါ်မော့ကြည့်လိုက် လက်ပံပွင့်ဆုပ်တွေ နီရဲနေတာများ.....။ အိမ်အောက်ခြေပတ်ပတ်လည်က မြေပြင်သလင်းတွေက မြေနီမြေဝါမို့ မာကျစ်ပြီး အဖွားလုံးသမီးက ခြံစည်းရုံးပင်ရိုးတွေနဲ့လုပ်ထားတဲ့ တံမြက်စည်းကြမ်းနဲ့လှဲကျင်းထားတာ အမှိုက်တစ ခဲတလုံးမရှိအောင် ပြောင်နေရော......။
အဖွားလုံကို ကျွန်မက ရှမ်းလို “မယ်ထောက်လုံ”လို့ခေါ်တယ် ...။ မယ်ထောက်ဆိုတာ ရှမ်းလို အဖွားလို့ အဓိပ္ပါယ်ရတယ်....။ ကျောင်းအားရက် သို့မဟုတ် ကျောင်းအားချိန်တွေဆို အဖွားလုံအိမ်ကို သွားသွားလည်တတ်တယ်....။ အဖွားလုံက ကွမ်းစားတယ် သွားတွေဆို ကွမ်းစားလွန်းလို့ မဲနေပြီ....။ အဖွားလုံကွမ်းယာတာကို ထိုင်ကြည့်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်....။ ကလေးဆိုတော့ဘာရယ်မဟုတ် အိုးပုတ်ကစားသလိုပဲ စိတ်ထဲခံစားပြီး ကြည့်နေတာ.....။ အဖွားလုံက ကွမ်းအစ်ကြီးကို အရှေ့ချ ကွမ်းရွက်ကို လက်ဝါးမှာဖြန့် ထုံးထည့် ရှားစေးကျတော့ ကျွန်မတို့ ခုကွမ်းယာဆိုင်တွေမှာလို အရည်နဲ့ဟုတ်ဘူး...။ ကျမတို့အိမ်မှာရောင်းတယ် ရှားစေးတွေကို အလုံးလေးတွေလုပ်ထားတာ... အဖွားလုံးက ရှားစေးကိုအစိပ်သေးသေးညှပ်ထားတာထည့် ကွမ်းသီးညှပ်ထားတာထည့်ပြီး ပါးစပ်ထဲထည့်ဝါးလိုက်တယ်...။ ကွမ်းတွေဝါးပြီးလို့ ကုန်ပြီဆို အမျှင်လေးတွေလုပ်ထားတဲ့ ဆေးရွက်ကြီးကို လက်မနဲ့ လက်ညှိုးမှာညှပ်ပြီး သွားတွေကိုတိုက်နေတော့တာ...။ အဲဒါဘာအတွက်အဲလိုလုပ်တယ် ကျွန်မနားမလည်ခဲ့ဘူး....။ အဖွားလုံသွားတွေကတော့ မဲပြောင်လို့ရယ်.....။
အဖွားလုံမှာ သမီးနှစ်ယောက်ရှိတယ်.......။ သမီးအကြီးက သူ့အိမ်ထောင်နဲ့ သူ့သားသမီးတွေနဲ့ နေတာတော့ အဖွားလုံတို့နဲ့ အိမ်ဝိုင်းတစ်ဝိုင်တည်းပဲ...။ သမီးအငယ်ကတော့ အိမ်ထောင်မရှိ အဖွားလုံနဲ့အတူနေတယ်... အဲဒီအဒေါ်က(အဖွားလုံသမီးငယ်) လူကြီးတွေပြောတော့ နဲနဲ ကျပ်မပြည့်ဘူးတဲ့...။ ဒါပေမယ့် သိပ်မဆိုးပါဘူး.... အဖွားလုံကိုတော့ သေချာပြုစုစောင့်ရှောက်တတ်ပါတယ်.....။ အဖွားလုံတို့သားအမိက ကျွန်မတို့အိမ်ရှေ့က ကုက္ကိုပင်ကြီးအောက်မှာ တဲလေးထိုးပြီး ကောက်ညင်းပေါင်း ပလာတူးငါးကြော် ကြက်ကြော် ငါးဒုက္ခ မျှစ်ဒုက္ခတွေကို ကျိုင်းတုံ တာချီလိတ်အသွားအပြန်ကားတွေက ခရီးသည်တွေကို အဓိကရောင်းကြရပါတယ်.......။ မနက်စောစောဈေးခင်းတယ် နေ့လည် တစ်နာရီ နှစ်နာရီဆိုသိမ်းပြီ....။ ကောက်ညှင်းပေါင်းကို ဖက်နဲ့ လေးတောင့်စပ်စပ်ပုံသေချာထုပ်ပြီးစီထားတယ်...။ ငါးကြော် ကြက်ကြော် တွေကိုတော့ ကြွေရည်သုပ်လင်ဗန်းကြီးထဲ ထည့်ပြီးရောင်းကြတယ်....။
အဖွားလုံရဲ့ မီးဖိုချောင်နဲ့ ရှမ်းဟင်းလေးတွေအကြောင်းနဲနဲပြောပြချင်တယ်......။ အဖွားလုံတို့မီးဖိုက သစ်သားလုံးအခြမ်းတွေကို လေးဒေါင့်စပ်စပ် အကာအရံလုပ်ထားပြီး မြေနီတွေကိုဖြန့်ခင်း အဲဒီပေါ်မှာမှ အုပ်ခဲတွေနဲ့ သုံးမြှောက်ဆိုင်ဖိုခနောက်လုပ်ပြီး ထင်းမီးဖိုနဲ့ ဟင်းချက်ကြတာ.......။ ထင်းမီးခိုးတွေကြောင့် မီးဖိုမျက်နှာကျက်နဲ့ ဝါးထရံတွေမှာ ကြပ်ခိုးတွေအပြည့်ပေါ့....။ မီးဖိုထုတ်တန်းတွေပေါ်မှာပဲ ကြက်သွန်ဖြူနီတွေကို အစည်းလိုက်ချိပ်ဆွဲထားသေးတယ်.....။ အိမ်ကြီးခင်းက ဝါးကပ်နဲ့ဆိုတော့ လမ်းလျှောက်ရင် ကျိုးကျိုးကျွတ်ကျွတ်နဲ့ပေါ့..။ အဖွားလုံတို့က မနက် နေ့လည် ညစာကို ထမင်းသိပ်မစားကြဘူး ထမင်းအစား ကောက်ညှင်းပေါင်းကိုပဲ ဟင်းနဲ့စားကြတယ်.......။ မနက်အာရုံမတက်ခင်ကတည်းက မီးမွှေးပြီး ညကစိမ်ထားတဲ့ ကောက်ညှင်းကို ဝါးပေါင်းအိုး ပေါင်းချောင်ထဲထည့်ပြီး အရင်ပေါင်းတယ်......။ ပြာပူအောက်ထဲကို ကြက်သွန်ဖြူ ကြက်သွန်နီဥတွေထည့်ထား ငရုတ်သီးစိမ်းတောင့်ကြီးတွေကို သီတံနဲ့ စီပြီးသီလိုက်တယ် မီးသိပ်မပြင်းတဲ့ နေရာမှာ ကင်လိုက်တယ်....။ အဲဒီကင်ထားတဲ့ သုံးမျိုးကို သစ်သားဆုံထဲထည့်ထောင်း ဆားအချိုမှုန့်ခတ် ပန်းထဲထည့်ခါနီး နံနံပင်လေးပါထည့်ထောင်းလိုက်တယ်.....။ အဲဒါ ရှမ်းငရုတ်သီးစိမ်းထောင်း....။ ငါးကလေးတွေကို ရေသေချာဆေးပြီး ဆား နနွင်း ငရုတ်သီး နံနံပင် စပါးလင်ထည့်နယ်ပြီး ဖက်ရွက်နဲ့သေချာထုပ် အစောက ပြာပူအောက်မှာ အုန်းလိုက်တယ်.....။ ကျက်သွားရင် ငါးအုန်းထုပ်လေးတွေဖြစ်သွားပြီ....။ ကောက်ညှင်းရတော့ အဲဒီငါးအုန်းနဲ့ ငရုတ်သီးထောင်းနဲ့ စားကြတယ်....။ တခါတလေ အရွက်ပေါင်းစုံခတ်ထားတဲ့ ဟင်းရည် (ပဲပုပ်ကိုမီးကင်ပြီး ထောင်းထည့်ထားတယ်) လည်းပါတတ်တယ်....။ ကျွန်မကတော့ အဖွားလုံဆီသွားရင် အမြဲတမ်းထမင်းစားပြီးမှပြန်တတ်တယ်........။
မုန်ညင်းပေါ်ချိန်ဆို မုန်ညင်းစိမ်းတွေကို မကျည်းရည် ခရမ်းချဉ်သီးနိုင်းချင်းနဲ့ မုန်ညင်းစောလုပ်စားကြတယ်....။ မုန်ညင်းစောလေးခပ်စားလိုက် ငရုတ်သီးခြောက်မီးကင် တစ်ကိုက်ကိုက်လိုက် ကောက်ညှင်းတစ်လုတ် ထည့်လိုက်နဲ့ ချဉ်ချဉ်စပ်စပ်လေးစားကြတယ်....။ ကျွန်မမှတ်မိသလောက်တော့ အဖွားလုံတို့အိမ်မှာချက်တဲ့ ဟင်းက များသောအားဖြင့် ငါးကလေးအုန်းနဲ့ ဟင်းသီးဟင်းရွက်တွေများတယ် ကြက် ဝက် သိပ်မချက်ဘူး....။ ရွာအလှူမှာမှ ကြက်သား ဝက်သားဟင်းကို အဝစားကြရတာလေ...။ အဲ...ဝက်သားရရင်တော့ ဒီလိုလေးလုပ်စားတတ်ကြတယ်....။ ဝက်သားအသားချည်းပဲဖြစ်ဖြစ် အဆီအသားအခေါက်တွဲလျက် အသားပဲဖြစ်ဖြစ် ခပ်ပါးပါးလေးလှီး ဂျင်းထောင်းပြီး အရည်ညှစ်ထည့် ဆား အချိုမှုန့်နဲ့နယ် ခဏနှပ်ထားပြီး မီးဖြေးဖြေးနဲ့ ဇကာပေါ်မှာကင်ပါတယ်...။ ကင်ပြီးရလာတဲ့အသားကိုမှ ပြန်ပေါင်းပြီး ကောက်ညှင်းနဲ့စားကြတာ...။ အသားလေးက နူးညံ့ပြီး မီးကင်ထားတဲ့ အနံ့လေးသင်းလို့ပေါ့...။ အဲလိုလေးစားကြတယ်...။
တကယ်တော့ အဖွားလုံတို့က ဆင်းရဲတယ်.... တစ်နေ့လုပ်တစ်နေ့စားတွေ....။ မနက်ဈေးရောင်းပြီးရင် နေ့ခင်းဖက် ကျွန်မတို့အိမ်က ကုန်ဆုံဆိုင်မှာ ဆား အချိုမှုန့် နနွင်းမှုန့် လက်ဖက်ခြောက်တွေ ကူထုပ်ပေးတယ် မီးကူတို့တယ်.....။ အိမ်က အဖွားက ညောင်းလို့နှိပ်ပေးပါဆို အဖွားလုံပဲ ...။ အဖွားပြောတော့ အဖွားလုံက လက်ပေါက်တယ်တဲ့....အနှိပ်ကျွမ်းကျင်တာပေါ့......။ ကျွန်မတို့ ဗီဒီယိုရုံပြပြီးရင် ကြည့်သူတွေစားသွားတဲ့ နေကြာစေ့ခွံတွေ အမှိုက်တွေကို အဖွားလုံက လှဲကျင်းပေးတယ်....။ အဲဒီအခါ အဖွားလုံကို ကျွန်မတို့အဖွားက စားစရာတွေ လုံချည်အကျီၤတွေ မုန့်ဖိုးတွေပေးပေးလိုက်တယ်......။ အဖွားလုံတို့က ဂုန်ရှမ်းလူမျိုးတွေ အဖွားလုံတို့လူမျိုးက ခွဲခြားရတာလွယ်တဲ့ ဂုန်ရှမ်းအဖွားကြီးတွေတော်တော်များများက ဆံထုံးကို ခပ်မြင့်မြင့်နဲ့ တစောင်းထုံးကြတယ်.....။ အဲဒီဆံထုံးကိုကြည့်တာနဲ့ လူမျိုးကိုခွဲခြားလို့ရတယ်...။ နောက်ပြီး သူတို့ပြောတဲ့ ရှမ်းလေသံက တစ်မျိုးလေ....။ နားထောင်လို့ကောင်းတယ်....။
အဖွားလုံက ဝါတွင်းဆို သုံးလကို ဘုန်းကြီးကျောင်းမှာ ဝတ်ဖြူစင်ကြယ်နဲ့သွားပြီး သီတင်းဥပုသ်ယူတယ် တရားသွားထိုင်တယ်...။ ကျောင်းမှာ တစ်ညအိပ်တယ်ပေါ့...။ အဲလိုနေ့မျိုးဆို အိမ်က အိမ်သားတွေက 12နာရီမကျော်ခင် ထမင်းဟင်းတွေကို ကြိမ်ဗန်းကြီးထဲထည့်ပြီး ဥပုသ်စောင့်တဲ့ အဖိုးအဖွားတွေကို သွားကျွေးကြတယ်...။ ရှေ့ပို့စ်တွေမှာတုန်းက ရေးဖူးပါတယ် ခဏခဏ....။ ဘုန်းကြီးကျောင်းထဲက ဘုရားရှိခိုးခန်းမဆောင်ထဲမှာပဲ အဖိုးအဖွားတွေက တန်းစီအိပ်ရတယ်.....။ အဖွားလုံကို ကျွန်မ ရန်ကုန်ကျောင်းသွားတက်တော့ မတွေ့ဖြစ်တော့ဘူး...။ အဖွားလုံဆီကိုတော့ လူကြုံရှိရင် စားစရာတွေ မြန်မာမင်းသား မင်းသမီးတွေပုံပါတဲ့ ပြက္ခဒိန်တွေဝယ်ပို့ပေးတတ်တယ်...။ အဖွားက အဲဒီပြက္ခဒိန်စာရွက်တွေကို သူ့အိမ်ခန်းဝါးထရံလေမတိုးအောင် ကပ်ကပ်ထားတာ...။ ဆောင်းဆို လေအေးတွေတိုးတော့ အိပ်မရဘူးပေါ့...။
ဆောင်းမနက်ခင်းတွေမှာဆို ကျမတို့အိမ်ရှေ့က ကုက္ကိုရွက်ကြွေတွေကို တံမြက်စည်းစုလှဲ မီးရှို့နေတတ်တဲ့ သိုးမွှေးအနွေးထည်ခပ်နွမ်းနွမ်း ခြေစွပ်တွေဝတ်ထားပြီး ခေါင်းပေါင်းထားတတ်တဲ့ ဖွားလုံကိုတွေ့ရတတ်တယ်..။ ဈေးရောင်းရင်းနဲ့လည်း ကျွန်မ မောင်လေးတွေကို အားရင်အားသလို လာထိန်းတတ်သေးတယ်...။ ကျွန်မဆယ်တန်းဖြေပြီး ပြန်တော့ အဖွားလုံတော်တော်နေမကောင်းဖြစ်နေပြီ....။ အသဲလား ကျောက်ကပ်လားတော့မသိဘူး မျက်နှာတွေကအန်းနေတာ....။ အဲလို အပေါ်ပိုင်းယောင်ပြီး ခြေထောက်ထိရောက်သွားရင် အသက်ပါ ပါသွားရောလို့ လူကြီးတွေကပြောကြတယ်......။ တကယ်လဲ အဖွားလုံသိပ်မနေလိုက်ရဘူး သုံးလေးရက်မှာပဲ ဆုံးသွားရှာတယ်......။
အသုဘချတော့ တာလေသင်္ချိုင်းက အရင်နေရာမှာမဟုတ်တော့ဘူး ...။ အရင်က ရွာထိပ်ရောက်ရင် ဘယ်ဘက်ချိုးတာနဲ့ တာလေတောင်ကုန်စေတီ မိုင်းဖြတ် ကျိုင်းတုံအဝေးပြေးလမ်းနဲ့ ချောင်းစပ်ကြားက တောအုပ်လေးထဲမှာပါ....။ ခုတော့ နဲနဲထပ်သွားရင် နတ်ပေါင်းစုံ မြန်မာမင်းကြီးမင်းလေး မယ်တော်တွေကအစ တရုတ်အန်းကုံးတွေအဆုံးရှိတဲ့ နတ်နန်းရောက်ရင် ညာဘက်ကိုတောအုပ်ထဲကို ချိုးဝင်သွားတဲ့မြေလမ်းကလေး... သချိုၤင်းအသစ်က အဲဒီထဲကိုတော်တော်လေး ဝင်ရတယ်...။ အဖွားလုံအသုဘကိုလိုက်ပို့တော့ မိုးတွင်းကြီး မြေလမ်းတွေကလဲ ဒူးလောက်ရွှံ့တွေထူနေတယ် ကျမတို့ ထောလာဂျီနဲ့သွားကြရတာ...။ ကျွန်မငယ်လေးကတည်းက အဖွားတစ်ယောက်လိုချစ်ခဲ့ရတဲ့ အဖွားလုံရဲ့ နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပို့ရတဲ့အတွက် အဲဒီတုန်းကထက် အခုပြန်တွေးကြည့်တော့ တော်တော်လေး ကျေနပ်မိတယ်...။ အဝတ်ဖြူပတ်ထားတဲ့ အဖွားလုံခန္ဓာကို ထင်းပုံပေါ်တင်လိုက်ကြတယ် မီးရှို့သဂြိုလ်တော့ ကျွန်မဆက်မကြည့်တော့ဘူး ပြန်လာလိုက်တယ်...(ရှမ်းပြည်မှာ များသောအားဖြင့် ဂူသွင်းကြတာများတယ်)....။ အဖွားလုံ ကောင်းမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ထပ်ပြီးဆုတောင်းပေးလိုက်ပါတယ်.......။
ခုတလော ကိုယ့်မွေးရပ်မြေအကြောင်းလေးရေးဖို့ စိတ်ကူးပိုရနေတယ်...။ အသက်ဆယ့်နှစ်နှစ်မတိုင်ခင်က အကြောင်းအရာလေးတွေကို ခုလောက်ထိ memory လေးရနေတာကိုပဲကျေးဇူးတင်ရမယ်....။
မိုးငွေ့

13 comments:
ရှမ်း ရိုးရာ ဟင်းတွေ ကို အများကြီး မှတ်သား လိုက် ရတဲ့ အတွက် ကျေးဇူးပါ ...အစ်မ ရေ .. ..
ငါးဒုက္ခ တော့ နမ့်ဆန် ရောက်တုံးက စားခဲ့ ဘူးတယ် ဗျ
မျှစ်ဒုက္ခ ဆိုတာတော့ အခုမှ သိတာ ... သူလည်း ငါးဒုက္ခ လို နေမှာ ပဲနော် .... ။
ဘာမှန်းမသိကိုလွမ်းမိသလိုပဲ မီးမီးရေ.. အရင်ငယ်ငယ်တုန်းကလိုပဲစာလေးတွေကဖတ်ရတာ လူပါ ပါပါသွားတယ်... နောက်တစ်ပုဒ်ကိုစောင့်နေမယ်နော်
း).. အမက ရှမ်းမို့ထင်တယ်.. ရှမ်းလိုပဲပြောသွားတယ်... ဒေသမတူလို့ထင်တယ်နော်.. ကျွန်တော်တို့က အဘွားကို နိုင်းလို့ပဲခေါ်တယ်.. မယ့်ထောင့်ဆိုရင် အဘွားကြီးဆိုတဲ့ အဓိပ္ပါယ်နဲ့ နည်းနည်းရိုင်းလို့.. (ကျွန်တော်တို့ဒေသဘက်ကပဲ ဖြစ်ပါလိမ့်မယ်ထင်တယ်).. မုန်ညင်းစောနဲ့ ပါအုန်းကတော့ အကြိုက်ပဲ..း)).. နောက်အပုဒ်တွေကိုလည်း စောင့်ဖတ်နေပါဦးမယ်.... တကယ့်အဖြစ်အပျက်ကို အတ်ဆေးဆန်ဆန်လေး ရေးထားတာ ဖတ်လို့ကောင်းတယ်..
ခင်မင်လျက်
နေ၀သန်
မုန်ညှင်းစောပါ ပါဝင်တဲ့ မိုးငွေ့ရဲ့လွမ်းချင်းတစ်ပုဒ် ဖတ်သွားပါတယ်...။
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
ငယ်ငယ်တုံးကအကြောင်းလေးတွေက ပြန်စဉ်းစားကြည့်လိုက်ရင် တမ်းတစရာလေးတွေချည့်ပါပဲ။ ဖတ်လို့ကောင်းလိုက်တာ.. ဆက်ရေးပါအုံး.. ရှမ်းစာတွေကိုကြိုက်တယ်။ မန္တလေးမှာနေခဲ့တုံးကတော့ ရှမ်းစာတွေ စားခဲ့ရဖူးတယ်။ ဆယ်တန်းတုံးက တောင်ကြီးတို့ လားရှိုးတို့ကနေ မန္တလေးမှာ အဆောင်နေပြီး ကျောင်းလာတက်ကြတဲ့ ရှမ်းမလေးတွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်။ အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းလေးတွေ... သတိရပေမဲ့လဲ အခုတော့ သူတို့တွေလဲ ဘယ်တွေရောက်နေကြတယ်မသိတော့ဘူး။
မိုးငွေ့ရေ အွန်လိုင်းသိပ်မတက်ဖြစ်လို့ ဘလော့တွေ သိပ်မလည်ဖြစ်ဘူးဖြစ်နေတယ်။ ဒီနေ့တော့ အကြွေးတွေ လာရှင်းသွားပြီနော်။း)
အဖွားလုံချက်တဲ့ဟင်းတွေက စားချင်စရာလေး...အဖွားမိုး
ရော...ချက်တတ်လားဟင်....၊ချက်တတ်ရင် ဧည့်သည်
လာလုပ်ချင်လို့......:)))။စတာ....နော် မမိုး....။မမိုးကမှ
၁၂နှစ်အရွယ်ကအဖြစ်အပျက်တွေကို ခရေစေ့တွင်းကျ
မှတ်မိသေး...။ကျွန်တော်ဖြင့် တစ်ခုမှ မမှတ်မိတော့ဘူး
ရယ်....။
Thanks for sharing, sis!
အမမိုးငွေ့
အမရဲ့ငယ်ငယ်ကအကြောင်းလေးတွေ
အများကြီးရေးပါဦးအမ
နယ်ကဓလေ့စရိုက်တွေ
ရှမ်းဟင်းရှမ်းထမင်းတွေ
ရေးပါအမ..ဆက်ရေးပါ..
အဘွားလုံကိုလည်း မျက်စိထဲမြင်ယောင်
ကြည့်သွားတယ်အမရေ...
စိတ်မကောင်းစရာလေးဘဲ မမိုးရေ
ငါးဖိန်းကိုလုပ်တဲ့ငါးဒုက္ခကိုတော့ မိုင်းယောင်းမိုင်းဖြတ် မှာ နေခဲ့ရတဲ့ သူတစ်ယောက်အဖို့လွမ်းမိတာအမှန်ဘဲ
ချစ်တဲ့
မဒိုးကန်
ငယ်ပို့စ်လေး ဖတ်ရတာ လွမ်းမောစရာလေးပါလား မမရေ...
ပြင်ဦးလွင် လေငွန်အဝိုင်းနားက ရှမ်းထမင်းဆိုင်ကို သတိရသွားပြီးးး... တစ်ပွဲ ၁၅၀၀ ဆို ဗိုက်ကိုကားလို့..စားလို့လည်း ကောင်းမှကောင်းပဲ။။
အဘွားလုံ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်... တကယ်က အဘွားလုံ ဘဝလေးက ရိုးသားပါတယ်...
ဘ၀ သရုပ်
စုတ်ချက်နိုင်တဲ့ ပန်းချီ ဆရာ
နင့်မျောစွာ ထင်ကျန်နေခဲ့တယ် ။
Post a Comment