Wednesday, 21 December 2016

My Baking Class (4).....

 
Croissant 


Croissant ဆိုတဲ့မုန့်နာမည်က လခြမ်းပုံ Crescent ဆိုတဲ့စကားလုံးကလာတာပါ...။ ဒီမုန့်ကို အထဲမှာ အစာမထည့်ဘဲ Plain အတိုင်းလည်း ဓါးနဲ့ထက်ခြမ်းခွဲပြီး ထောပတ်တို့ သစ်သီးယိုတို့ သီးရွက်စုံဆလပ်သုပ်တို့နဲ့ စားကြတယ်။ ကျွန်မတို့  ပုဂံသွားလည်တုန်းက တည်းခဲ့တဲ့ Northern Breeze Hotel မှာ မနက်စာကျွေးတာ အဲဒီမုန့် နေ့တိုင်းပါတယ်..။ သူတို့က စတော်ဗယ်ရီယိုနဲ့ ထောပတ်နဲ့ထားထားပေးတယ်..။ သူတို့ ဟိုတယ်ကို ကောင်လေးတစ်ယောက် ဆိုင်ကယ်နဲ့ အဲဒီမုန့်ကို ကြိမ်ခြင်းတောင်းလေးနဲ့ လာလာပို့တာ သတိထားမိတယ်..။ ဟိုတယ်ကြီးတစ်ခုခုရဲ့ Pastry Chef တစ်ယောက်ယောက်လုပ်တယ်လို့ ခန့်မှန်းမိတယ်..။ မုန့်ပုံလေးက သပ်ရပ်လှပပြီး စားချင်စရာကောင်းနေတာ မြင်နေကျ Croissant မုန့်တွေက ညိုရင့်ရင့်အရောင်တွေများတယ်....။ အဲဟိုတယ်က မုန့်ကတော့ ကျွန်မ အပေါ်မှာပြထားတဲ့ ကျွန်မလုပ်တဲ့ မုန့်အရောင်ထက်ပိုဖျော့တယ်...။ မုန့်အသားက ထောပတ်တွေနဲ့အိပြီး ဆိမ့်နေတာပဲ..။ သူ့ မုန့်လုပ်နည်းလေးတောင်သိချင်သွားလို့ ပထမက ဟိုတယ်ရဲ့ Kitchen ထဲကို သွားစပ်စုဖို့ စိတ်ကူးမိသေးတယ်..။ နောက်တော့မှ မုန့်လာပို့တာတွေ့လို့ ဒီကလုပ်တာမဟုတ်မှန်းသိရတယ်..။ တကယ်ဆို မုန့်လာပို့တဲ့ ကောင်လေးဆီက မေးလိုက်သင့်တာ ဘယ်ကလုပ်တဲ့မုန့်လဲ ဘယ်သူလုပ်သလဲပေါ့...။

 




သင်တန်းမှာ ဆရာက Almond Cream နဲ့ ချောကလက် နှစ်မျိုးအစာသွပ်ထားတယ်...။ ဒီမုန့်လေးကို ကျွန်မ စားလေ့မရှိဘူး...။ ခုသင်တန်းတက်မှ သူ့ကို ပိုသတိထားမိသွားခဲ့တာ..။ သူက Puff လိုပဲ ဆီသွင်းပြီး လှိမ့်ရတဲ့ မုန့်မျိုး အခက်ဆုံးထဲမှာပါတယ်..။ Yeast လည်းပါတော့ မုန့်ကို ကြာကြာပစ်ထားလို့မရဘူး ပွတက်မလာခင် ထောပတ်ထည့်ပြီး သူသတ်မှတ်ထားတဲ့အကြိမ်အရေအတွက်နဲ့ အခါခါခေါက်လိုက် လှိမ့်လိုက် အဲလိုလုပ်ရတာ...။ မုန့်အတွင်းသားကို ဓါးနဲ့ခွဲမပြလိုက်မိဘူး..။ ခွဲလိုက်ရင် အတွင်းက မုန့်သားတွေက အလွှာအထပ်ထပ်နဲ့တွေ့ရလိမ့်မယ်...။ အဲဒါကို သူတို့က Fluffy ဖြစ်တယ်လို့ခေါ်တယ်..။






France Baguette 


ဒီပေါင်မုန့်လုပ်ရတာလည်းလွယ်တယ်..။ အိမ်မှာပြန်လုပ်ဖို့ အဲဒီအမြှောင်းပါတဲ့ ဗန်းဝယ်ရဦးမယ်...။ သူက ဒီတိုင်းဗန်းပေါ်တင်ပြီး ဖုတ်လို့မရဘူး မုန့်ပွအားက ဘေးကိုကားသွားမှာစိုးလို့ ထိန်းထားတဲ့သဘောပဲ...။ သူ့ကို တဇောင်းလေးလှီးပြီး ကြက်သွန်ဖြူပေါင်မုန့်လုပ်စားလို့ရတယ်..။ ထောပတ်သုတ်စား ဒါမှမဟုတ် ဆလပ်နဲ့စား..။ ဒီပေါင်မုန့်ကို ကိုယ့်ဘာသာကိုယ်လုပ်ပြီး အိမ်ရောက်တော့ မြည်းတောင်မမြည်းလိုက်ရဘူး ..။ တထိုင်တည်းလုစားလိုက်ကြတာကုန်ရော..။ ကော်ဖီဆက်တက်ဖို့လုပ်ထားလို့ မတက်ခင် ဒီကြားထဲ သင်တန်းကို အပတ်တိုင်းရောက်ဖို့ရှိလို့ အဲမုန့်လေးကို ပြန်လုပ်ကြည့်ဦးမယ်...။



 
Egg Tart


egg tart မုန့်အောက်ခံသားလုပ်ဖို့ ကျွန်မတို့ sweet dough ကိုအရင်လုပ်ရတယ် ..။ ကျန်တဲ့ ခွက်ထဲထည့်ရမယ့် ကြက်ဥပူတင်းကလွယ်တယ်..။ Flan လုပ်တုန်းက ကြက်ဥပူတင်းလိုမျိုးပါပဲ..။ အဲနေ့က sweet dough လုပ်တော့ သင်တန်းသားအသစ်ကောင်လေးတစ်ယောက်နဲ့ ကျွန်မအတူတူလုပ်ရတယ် သူလုပ်ရမယ့်မုန့်နဲ့ သွားတူနေတော့ ဆရာသင်ရတာ အဆင်ပြေသွားတယ်...။ Sweet dough က ဂျုံ ၊ ထောပတ်နဲ့ သကြားနဲ့နယ်ရတာ..။ ထောပတ်များများပါတော့ မုန့်ကိုနယ်ပြီးတာနဲ့ ရေခဲသေတ္တာထဲ 10မိနစ်လောက် chill လုပ်ထားရတယ်..။ ပြီးတော့မှပြန်ထုတ်ပြီး tart ပုံစံခွက်ထဲ လက်နဲ့ညီအောင်သိပ်ထည့်ရတယ်...။ အဲဒီအဆင့်က လုပ်ရခက်တယ်..။ Cling နဲ့ အုပ်ပြီး Roller နဲ့အပြားလှိမ့် cutter နဲ့ဖြတ်ရတာက ပိုအဆင်ပြေမယ်ထင်တယ်..။ ဒါပေမယ့် ဆရာလုပ်ခိုင်းတဲ့အတိုင်းပဲလုပ်ရတာလေ အထွန့်မတက်ရဲပါ..။ ဟိုကောင်ကလေးကလည်း မုန့်သားကိုခွက်ထဲသိပ်ထည့် အထူအပါးညှိရနဲ့ နှုတ်ကတတွတ်တွတ် ရွတ်သေးတယ်.. “ကျွန်တော်ဆိုင်ဖွင့်ရင်တော့ ဒီမုန့်လုပ်မရောင်းဘူးဗျာ”တဲ့..။ ခွက်ထဲထည့်ရင်းနဲ့ ငိုက်လာပြီဆိုပဲ..။ ရန်ကုန်မှာတော့ အဲဒီမုန့်မျိုးကို Junction Square မှာရောင်းတယ်..။ နောက် So Good Cafe မှာရတယ်..။ ဒါပေမယ့် ဒီလို Sweet Dough အောက်ခံသားနဲ့မဟုတ်ဘူး.. Puff dough နဲ့ အဲဒါမျိုးကို Portuguese egg tart လို့ခေါ်တယ်...။




ကော်ဖီဘားက ကောင်လေးဆီမှာ မုန့်ပန်းကန်သွားငှားပြီး ဓါတ်ပုံရိုက်ရသေးတာ








 
Halloween မရောက်ခင်ရက်ကဆိုတော့ ကျွန်မရှေ့က သင်တန်းသားတစ်ယောက်လုပ်တဲ့ လက်ချောင်းပုံမုန့်





ဒါက soft roll လည်းမဟုတ် hard roll လည်းမဟုတ်တဲ့ baffalo ပေါင်မုန့် ကျွန်မတို့သင်တန်းထိပ်က Mexican ဆိုင်က အော်ဒါမှာတဲ့မုန့်..။ သင်တန်းမှာသင်တဲ့ထဲမပါဘူး..။ အော်ဒါရှိလို့ ၀ိုင်းလုပ်ပေးရတာ..။ သူတို့ မက်ဆီကန်ဟင်းတွေနဲ့တွဲစားရတာဖြစ်မယ်..။ ကျွန်မအဲဆိုင်ထဲကို တစ်ခါဝင်ဖူးတယ် မီနူးကြည့်ပြီး ဘာမှ မမှာတတ်တာနဲ့ ပြန်ထွက်လာခဲ့တာ..း)) ။ သူတို့မီနူးကလည်း ဟင်းပွဲပုံတွေမပါ စာချည်းပဲရေးထားတော့ ဘယ်လိုအစားစာမျိုးရတယ် ဆိုတာလည်းမသိ စားပွဲထိုးကလည်း ဘာမှမပြောပြနဲ့ ဆိုတော့ ပြန်ထွက်လာလိုက်တာပေါ့..။ ကျွန်မသိတာ သူတို့မုန့်အချိုတစ်မျိုးရှိတယ် Churros လို့ခေါ်တယ်..။ မြန်မာမုန့် မုန့်ကြိုးလိမ်လိုမျိုးပဲ စားကောင်းတယ် သကြားနဲ့တို့စား ချောကလက်ဆော့စ်နဲ့ပဲ တို့စားစား ရတယ်..။  

ပုဂံသွားပြီးပြန်လာမှ စာမေးပွဲဖြေရတာ...။ Puff တို့ Croissant တို့ပဲမေးမယ်ထင်ပြီး ယူကျုမှာကြည့်ထားလိုက်ရတာ ..။ တကယ်ဖြေရတော့ Macrons နဲ့ ဟင့်....။ အဲနေ့တခါတည်း Certificate ရတယ်...။ Congratulation to me!!!!

 



ဆက်ရန်...

‌ကော်ဖီသင်တန်းတက်ပါဦးမည်..။ အဲခါကျ ကော်ဖီခွက်လေးတွေ လာပြပါဦးမယ်..။ ပုံဖော်ထားတဲ့ Latte တို့ဘာတို့ပေါ့...း)

 


မိုးငှေ့


အို....ပုဂံ(၃)




ပုဂံရောက်တိုင်း ယွန်းထည်တွေလုပ်တဲ့ ပင်ရင်းနေရာကို တစ်ခါမှမရောက်ခဲ့ရဘူး...။ ဒီတစ်ခေါက်တော့ ရအောင်သွားခဲ့တယ်..။ Bagan House ယွန်းထည်ပစ္စည်းတွေလုပ်တဲ့နေရာက ကျွန်မတို့တည်းတဲ့ ဟိုတယ်နဲ့ တစ်မိနစ်လောက်လမ်းလျှောက်ရင်ရောက်ပြီ.. ။ လမ်းမှာလည်း နိုင်ငံခြားသားတွေသွားလို့
လွယ်ကူအောင် လမ်းညွှန်ဆိုင်းဘုတ်လေးတွေ ချိပ်ဆွဲထားပါတယ် “one minute walk to Bagan House Lacquerware” ဆိုပြီးတော့...။



 ယွန်းထည်ပစ္စည်းတွေ အကုန်လုံးက အောက်ခံ ၀ါးနှီးကိုအသုံးပြုရတာပါ ပြီးမှ သစ်စေးသုတ်တာတို့ မြေအောက်ခန်း အမှောင်မှာ အခြောက်ခံ ဆေးခြယ် အလှဆင်တာတွေ အဆင့်ဆင့် လုပ်ရတယ်လို့ အကြမ်းမျဉ်းလေးတော့ သိခဲ့ရတယ်..


 ပုဂံယွန်းထည်ဆိုင်က ၀န်းအကျယ်ကြီးထဲမှာ လာသမျှဧည့်သည်တွေလေ့လာနိုင်အောင် လုပ်ပုံလုပ်နည်းအဆင့်ဆင့်ကိုပြထားပါတယ်


















 








အလှပဲကြည့်ခဲ့ရပါတယ် အလားလုံးဈေးကြီးတယ် ... သောင်းဂဏန်း သိန်းဂဏန်းတွေချည်းပဲ... အဈေးအပေါဆုံးက ယွန်းလက်ကောက်လေးတွေ ဒါတောင် တစ်ကွင်းကို ဒေါ်လာ10 အနည်းဆုံးရှိတယ်..



ခန်းဝင်ပစ္စည်းလေးတွေ ယွန်းဘီဒိုလေးက တော်တော်လက်ရာမြောက်တာ...ဈေးကိုမေးကြည့်ပါဦးလေ...















ဟင်းချက်ဝါသနာပါသူဆိုတော့ ပန်းကန် ခွက်ယောက်တွေ လက်ဖက်အုပ်လေးတွေကိုပဲ အဓိကစိတ်ဝင်စားမိတယ်ပေါ့... ဆွမ်းအုပ်နဲ့ ဆွမ်းချိုင့်ကိုတော့ ရောက်တိုင်း မျက်စိကျမိတယ် အိမ့်ဧည့်ခန်းမှာ အလှထားမလားလို့ စဉ်းစားတာ တခါမှ မ၀ယ်ဖြစ်သေးပါဘူးလေ...


 


















ကျွန်မက ခရီးသွားရတာကိုကြိုက်တယ်... ။ အရင်တုန်းကတော့ ခရီးထွက်ဆို အများဆုံးက အပန်းဖြေစရာနေရာ ချောင်းသာကို မရောက်ဖြစ်တဲ့နှစ်မရှိသလောက်ပဲ...။ ပင်လယ်စာအ၀စား အပြည့်အ၀အနားယူရတာကြိုက်တယ်..။ ခုတော့ ပုဂံကို ထပ်သွားဖို့ ဓါတ်ကျမိပြန်တယ်...။  ပုဂံမှာ scooter လေးစီးပြီး အေးအေးဆေးဆေးဘုရားဖူး လိပ်ဥလည်းတူးရင်း :P ဓါတ်ပုံတွေလျှောက်ရိုက် အဲလိုလေးစဉ်းစားမိတယ်...။ နောက်တစ်ခေါက်ထပ်သွားဖြစ်ခဲ့ရင် ဓါတ်ပုံကောင်းကောင်းလေးတွေရိုက်ပြီး မျှဝေပေးပါဦးမည်...။ ခုတော့ လက်တည့်စမ်းစမို့ ပုံတွေက ဂဂျိုးဂဂျောင်တွေဖြစ်...း)




 Bye Bye!!! ပုဂံပို့စ်......း)


မိုးငွေ့

Wednesday, 14 December 2016

မိုင်ဖေးဘရိတ် ပဲကပ်ကြော်.....


  
 

ပဲကပ်ကြော်ဆိုတာ ကျွန်မငယ်ငယ်ကတည်းက စားခဲ့တဲ့ ကျွန်မရဲ့ ဖေးဘရိတ် မုန့်တစ်ခု...။ ကောက်ညှင်းဆန်ကို ကြိတ်ပြီး အပြားလေးလုပ် ကုလားပဲစေ့လေးတွေကပ်ပြီး ကြော်ရတဲ့ အကြော်... ရန်ကုန်မှာ ရိုးရိုး မုန့်ဟင်းခါးထဲ ထည့်စားတဲ့ ပဲကြော်ကိုလည်း ပဲကပ်ကြော်လို့တချို့ခေါ်တတ်ကြတယ်..။ တကယ်တော့ ကောက်ညှင်း မုန့်သားပျော့ပျော့လေးမှာ ပဲလေးကပ်ပြီးကြော်ထားတာကမှ ပဲကပ်ကြော်မုန့် စစ်စစ်..။

ကျွန်မငယ်ငယ်တုန်းက မေမေနဲ့ ဈေးလိုက်သွားရင် ပဲကပ်ကြော်နဲ့ ကောက်ညှင်းပေါင်းနဲ့စားရတာကို သိပ်ကြိုုက်တယ်...။ မေမေက ဈေးထဲမှာ ဈေးဆိုင်ခင်းပြီး ဆေးနဲ့ အသုံးအဆောင်ပစ္စည်း အစုံရောင်းတယ်..။ ကျွန်မတို့ရွာမှာ ဈေးဆိုင်ခန်းလို့ဆိုပေမယ့် ပျဉ်ချပ်ကြီးတွေခင်းထားတဲ့ ကွပ်ပျစ်ကြီးပေါ်မှာ တာလပတ်မိုးကာ ခင်းပြီး ဈေးခင်းရောင်းရတာပါ အမိုးကတော့ သွပ်မိုးပေါ့..။ ကျွန်မတို့ ဈေးဆိုင်ရဲ့မျက်စောင်းထိုးလေးမှာ ဈေးဆိုင်တစ်ခုရဲ့နဘေးမှာ တန်းစီပြီး ဝါးတောင်းလေးပေါ် လင်ဗန်းတင်ပြီး မြန်မာမုန့်တွေရောင်းကြတယ်..။ ရှမ်းပြည်ဆိုတော့ မြန်မာမုန့်လုပ်ရောင်းတာက တပ်ထဲက ရဲဘော်မိန်းမတွေ ရဲဘော်ဟောင်းရွာတစ်ရွာဖြစ်တဲ့ အုပ်ကျင်းရွာထဲက အဒေါ်ကြီးတွေလုပ်ရောင်းကြတာ..။ သူတို့လုပ်ရောင်းကြတာက ပဲကပ်ကြော်၊ ဘိန်းမုန့်၊ မုန့်လက်ကောက်၊ မုန့်လုံးကြီး၊ မုန့်ကြိုးလိမ်တို့ဖြစ်တယ်..။ အဲထဲက ပဲကပ်ကြော်ကတော့ မိုင်ဖေးဘရိတ်ပေါ့...။ သူများတွေက ဒီတိုင်းစားတဲ့မုန့်ကို ကျွန်မက ကောက်ညှင်းပေါင်းပူပူလေးနဲ့စားတယ်..။ ကျွန်မတို့ဆိုင်ရှေ့မှာက ကောက်ညှင်းပေါင်း၊ ပဲပေါင်း၊ ငချိပ်ပေါင်း၊ ကောက်ညှင်းငှက်ပျော်ထုပ်၊ အုန်းနို့ရောင်စုံ ကျောက်ကျောမုန့်တွေ ရောင်းတယ်..။ ကျွန်မက အဲဆိုင်ကနေ ကောက်ညှင်းပေါင်းပူပူလေး ဖက်နဲ့ နှစ်ဆယ်ဖိုးဝယ်ပြီး ပဲကြပ်ကြော်နဲ့စားတတ်တယ်..။

ဒီမနက် ပဲကပ်ကြော်နဲ့ လက်ဖက်ရည်ဝယ်သောက်တော့ ငယ်ငယ်တုန်းက ရွာက ဈေးထဲဝယ်စားခဲ့တာလေးကို အမှတ်ရမိပြီး ပဲကပ်ကြော်လေးကို ဓါတ်ပုံရိုက် ဒီပို့စ်လေးကောက်ရေးဖြစ်တော့တာ..။ ရန်ကုန်ကပဲကပ်ကြော်က ကျွန်မငယ်ငယ်တုန်းကစားခဲ့ဖူးတဲ့ ပဲကပ်ကြော်နဲ့မတူဘူး အရသာကအစ ပုံထွက်တာကအစပေါ့...။ ခုခေတ်အကြော်သည်တွေက အကြော်ပေါင်းစုံကို ဒီဆီတစ်အိုးထဲနဲ့ကြော်ကြတော့ တခြားအကြော်အကြေအမွတွေတူးပြီးလာကပ်တာတို့ ဆီကို သုံးလေးငါးခါပြန်သုံးတာတို့ကြောင့် မုန့်က ရုပ်ထွက်မကောင်းတော့ဘဲ မဲညစ်ညစ်ဖြစ်နေတာမျိုးလေ...။ တကယ်ဆို ဝယ်တောင်မစားသင့်တဲ့ ထဲမှာ လမ်းဘေးအကြော်တွေလည်း ထိပ်ဆုံးကပါတာပါပဲ..။ ကိုယ်တွေမြန်မာလူမျိုးကလည်း ကိုယ့်စိတ်ကိုဖြေသိမ့်တတ်တဲ့နေရာမှာ ပထမတန်းစားမဟုတ်လား..။ တခါတလေဝယ်စားတာပဲလေ ဆိုတာမျိုးနဲ့ ဖြေသိမ့်ပြီး စားတတ်ကြတယ်...။ တခါတလေတွေများလာတော့ ဒုက္ခနဲ့လှလှတွေ့တတ်ကြတာမျိုး...။ ကျွန်မငယ်ငယ်ကစားဖူးခဲ့တဲ့ ပဲကပ်ကြော်လေးက ရန်ကုန်မှာကြော်ရောင်းတာလောက် မကြီးဘူး ကော်ဖီမတ်ခွက် အဝလောက်တော့ရှိမယ်...။ ကောက်ညှင်းဆန်ကြိတ်ထားတာကို ဆားနဲ့ဂျင်းရည်လေးညှစ်ထည့်ပြီး နယ်ထားလို့ မုန့်သားလေးက မွှေးပြီးအရသာရှိနေတာ..ဆီကလည်း ဆီသန့်တာမို့ မုန့်က ဘာအမှုန်အမွှားမှ ကပ်မနေပဲ အရောင်လေးလှနေရော...။ အမြင်လည်းလှ အရသာလည်းကောင်း...။ 

ပဲကပ်ကြော်က ဖေးဘရိတ်ဆိုပြီး တခြားမုန့်မစားဘူး မကြိုက်ဘူးလို့မထင်ပါနဲ့ အကုန်စားပါတယ်...။ အဲတုန်းက ဘိန်းမုန့်ဆို ကျွန်မတို့အခုရန်ကုန်မှာရောင်းသလို သေးသေးဝိုင်းဝိုင်းအချပ်လေးတွေ မဟုတ်ဘူးရှင့်...။ ဗန်းလိုက်ဖုတ်ထားတဲ့ ဘိန်းမုန့်ထူထူ ပွပွတွေ သိပ်ကောင်းတာပဲ...။ အဲဒါကို ကပ်ကြေးနဲ့ညှပ်ညှပ်ပြီး အုန်းသီးဆံဖတ်လေးဖြူး စက္ကူအိပ်လေးနဲ့ ထည့်ပေးတာ ..။ ခုလည်းမုန့်တွေကို ပလပ်စတစ်အိပ်အစား ငှက်ပျောဖက်တွေ စက္ကူတွေကို သုံးစေ့ချင်တယ်...။ ပတ်ဝန်းကျင်ညစ်ညမ်းမှုပပျောက်ရေးဆိုတဲ့ စိတ်ဓါတ်ေ်လးရှိကြရင်သိပ်ကောင်းမှာပဲလို့ စိတ်ကူးပဲယဉ်ပါရစေ...။ ဘိန်းမုန့်ပြီးရင် မုန့်လုံးကြီးလည်းသိပ်ကောင်း..။ ဘာမကောင်းတာများ ကျန်သေးလဲလို့မမေးနဲ့...။ မုန့်လုံးကြီးတစ်လုံးက လက်သီးဆုပ်လောက်ကြီးတယ် ကောက်ညှင်းမုန့်သားက တစ်ညသိပ်ပြီး ကြိတ်ထားတဲ့မုန့်သားမို့ ချဉ်တဲ့အရသာလေးပါရပြီးအထဲက အုန်းယိုလေးထည့်ထားတာ ချိုမွှေးလို့...။ ညဖက်ကျွန်မတို့ စစ်တပ်ထဲ ရုပ်ရှင်ပိတ်ကားကြီးပြတဲ့ချိန်ဆို တပ်ထဲက အဒေါ်ကြီးတွေလာရောင်းတဲ့ မုန့်လုံးကြီးကို ရုပ်ရှင်ကြည့်တိုင်း ဝယ်စားတတ်တာလည်း အမှတ်ရမိတယ်....။ (အဖြူအမဲမြန်မာရုပ်ရှင်ကား+မုန့်လုံးကြီးကြော်) အဲလို ကဘေးဘ၀ memory ထဲ အတွဲလိုက်မှတ်ထားမိတယ်။

ငယ်ငယ်တုန်းက ဈေးလိုက်သွားရင် မနက်စာမုန့်ကို တစ်နေ့တစ်မျိုးဝယ်စားတတ်တာ အထပ်တစ်ရာ(ပလာတာ)ကို နို့ဆီဆမ်းပြီး လက်ဖက်ရည်နဲ့သောက်တယ်.. အီကြာကွေးနဲ့ လက်ဖက်ရည်နဲ့သောက်တယ် ။ အဲတုန်းက လက်ဖက်ရည်ဟာ အချိုခြောက်စစ်စစ်မွှေးမြမြကို နို့ဆီနဲ့ပဲဖျော်တာ သိပ်ကောင်းပဲ..။ ခုခေတ်တော့ နို့စိမ်းတွေဘာတွေထည့်တော့ လက်ဖက်ရည် အရသာစစ်စစ်ကို မရတော့ဘူး...။ ကျွန်မဆို ငယ်တုန်းက သောက်ခဲ့တဲ့အရသာမျိုးရချင်လို့ လက်ဖက်ရည်တစ်ခါ မှာသောက်ရင် နို့စိမ်း မထည့်ခိုင်းဘဲ နို့ဆီနဲ့ပဲဖျော်ပေးလို့မှာပေမယ့် အရင်တုန်းက လက်ဖက်ရည်အချိုခြောက်နံ့မွှေးတဲ့ အရသာမျိုးမရတော့ဘူး...။ ခေတ်ရဲ့ ပြုပြင်ပြောင်းလဲမှုကြီးက လူထုတစ်ရပ်လုံးရဲ့ ကျန်းမာရေးကို ထိုးနှက်တိုက်ခိုက်လာတာ တကယ်စိတ်မကောင်းစရာပါပဲ..။ ဒီတော့ ကိုယ့်ကျန်းမာရေးအတွက် အသက်ရှည်ရှည် ကျန်းကျန်းမာမာနေသွားနိုင်ဖို့ အစားအသောက်တွေကို အထူးတလည် ဂရုစိုက်စားသောက် သင့်တယ်လို့ အကြံပေးပါရစေ..။ ဖြစ်နိုင်ရင် အောဂင်းနစ်တွေကိုပဲရွေးစားပါ ဆီကောင်းကောင်းတွေပဲ သုံးကြပါလို့...။ အုန်းဆီဟာလည်း လူ့ခန္ဓာအတွက် အကျိုးရှိကြောင်းဖတ်ထားရလို့ အုန်းဆီအကြောင်း သိကောင်းစရာများကို ရေးပါဦးမယ်...။


မိုးငွေ့


Friday, 9 December 2016

Vegan Banana Cake....


ညီမလေး ကန်ဒီ  My Freedom က အသွေးရောအသားရောရှောင်တဲ့ သက်သတ်လွတ်သမား တစ်ယောက်အဖြစ် ခံယူလိုက်တာ တစ်နှစ်ပြည့်ခဲ့ပြီလို့ သူ့ရဲ့ ဒီပို့စ်လေးမှာ ဖတ်လိုက်ရတယ်...။ ကန်ဒီက ကျွန်မပို့စ်မှာ ကော်မန့်လာပေးသွားတယ် သူ ငှက်ပျောသီးကိတ်ကြိုက်လို့ Vegan သမားတွေစားတဲ့ ငှက်ပျောကိတ် လုပ်နည်းလေးသိချင်ပါတယ်တဲ့..။ ငှက်ပောျကိတ်ကို သူတို့ဆီမှာတော့ banana cake or banana bread လို့ခေါ်ကြတယ်..။
တကယ်တမ်း မုန့်လုပ်တော့မှ ဘာမှမပါဘူးဆိုတဲ့ ပေါင်မုန့်အလွတ်မှာတောင်မှ နို့နဲ့ကြက်ဥပါပါတယ်..။ ဒါကြောင့် အသားအသွေးနှစ်မျိုးလုံးလွတ်တဲ့ သက်သတ်လွတ်သမားတွေအတွက် မုန့်တွေကို အလွယ်တကူနဲ့  ဝယ်စားလို့မဖြစ်ပါဘူး..။ လူတွေကတော့ လွယ်လွယ်နဲ့ အသားမပါရင် သက်သတ်လွတ်တယ် ထင်တတ်ကြတယ်..။ ကန်ဒီကြိုက်တတ်တဲ့ ငှက်ပျောကိတ်မှာက ကြက်ဥမပါတော့ အကြမ်းအားဖြင့် သက်သတ်လွတ်တယ်လို့ပြောနိုင်ပေမယ့် နွားနို့နဲ့ထောပတ် ပါနေတဲ့အတွက် အဲဒီအစား ရေနဲ့ဆီ ထည့်ပြီး လုပ်လို့ရပါတယ်..။ သစ်ဂျပိုးနံ့နှစ်သက်သူများအတွက် သစ်ဂျပိုးမှုန့် ထည့်လို့ရပါသေးတယ်။ ဘာမုန့်ပဲလုပ်လုပ် ရောင်းတမ်းမဟုတ်ဘဲ ကိုယ့်ဘာသာကိုယ် အိမ်လုပ်မုန့် သီးသန့်လုပ်စားရင်တော့ Preservative အရောင်တို့ အနံ့တို့ကိုမထည့်ဘဲ သူ့သဘာဝအတိုင်းပဲ ဖုတ်တာကောင်းပါတယ်..။
ထောပတ်အစား ဆီသုံးတဲ့နေရာမှာ အနံ့မပါတဲ့ဆီကိုရွေးချယ်တတ်ဖို့ လိုပါတယ်..။  မြန်မာပြည်မှာဆို နေကြာဆီလိုမျိုးရွေးသုံးလို့ရပါတယ်..။ မြေပဲနဲ့ ပဲပိစပ်ဆီကတော့ အနံ့ရှိလို့ မုန့်လုပ်တဲ့နေရာမှာမသုံးကြပါဘူး ..။ ဟင်းရွက်ဆီတွေလည်း သုံးလို့ရပါတယ်..။ တချို့ Rice Brand Oil လည်းသုံးကြတယ်...။ သူတို့တွေဆီမှာတော့ အိမ်လုပ်မုန့်ကို များသောအားဖြင့် Canola Oil ကိုသုံးကြတယ်...။ ခုဆို မြန်မာပြည်မှာလည်း Market Palace မှာ Canola ကိုရှာဝယ်နိုင်ပါပြီ...။ ခုကျွန်မလုပ်တဲ့ ငှက်ပျောကိတ်မှာလည်း Canola Oil ကိုသုံးထားပါတယ် Korean Brand ပါ...။ 


 ကျန်းမာရေးအတွက်ကောင်းတဲ့ Omega 3 ပါတဲ့ Canola ကို ကနေဒါနိုင်ငံနဲ့ အမေရိကားမြောက်ပိုင်းတွေမှာ စိုက်ပျိုးကြတာ များတယ်..။ ဆေးဖက်ဆိုင်ရာအရလဲ လူ့ခန္ဓာကိုယ်အတွက် တော်တော်အသုံးဝင်ပါတယ်..။ Canola စိုက်ခင်းကြီးဟာ အဝါရောင်ရှိပြီး သိပ်လှပါတယ်..။  အဝါရောင်ပန်းပွင့်အောက်နားမှာ အကိုင်းကနေပေါက်တဲ့ အစိမ်းရောင်အတောင့် ရှည်ရှည်လေးထဲကနေ ဆီထွက်တဲ့ အစေ့လေးတွေရှိတယ်..။ မဲနက်နက်အစေ့ကလေး ကနေ ဆီကြိတ်ယူကြပါတယ်..။

 


Canola စေ့လေးတွေဟာ ကျွန်မတို့ ရှမ်းပြည်က ခေါပုတ်ထဲထည့်ထောင်းတဲ့ နှမ်းတစ်မျိုးနဲ့ သိပ်တူတယ်..။ နောက်တစ်ခါ ရှမ်းပြည်ရောက်ဖြစ်ခဲ့ရင် နမူနာယူခဲ့ဦးမယ်...။ နောက်ပိုင်းတော့ ရှမ်းပြည်မှာ စိုက်မယ့်သူမရှိသလောက် ရှားသွားလို့ ခေါပုတ်ရာသီမှာ နှမ်းစေ့နဲ့ပဲအလွယ်တကူ ထည့်ထောင်း ကြတော့တယ်တဲ့...။ သူက နှမ်းစေ့ထက်ပိုမွှေးပါတယ်...။ ခေါပုတ်ထောင်းရာမှာ စေးကပ်မနေအောင်လို့ ဆီထွက်လို့ သူ့ကိုထည့်ထောင်းကြတာပါ ...။


 
  Canola ပန်းခင်းကြီးက သိပ်လှတာပဲ 
ကျွန်မအက်ဆေးတွေထဲက အဝါရောင်းပန်းခင်းနဲ့ သိပ်တူတယ်...


ကျွန်မလောလောဆယ် သင်နေတဲ့ သင်တန်းဆရာကတော့ မုန့်လုပ်တဲ့အခါ အချိန်အတွယ်တွေကို ချိန်ခွက်တို့ ဇွန်းတို့ကိုမသုံးဘဲ တိကျမှုကိုလိုချင်တဲ့အတွက် Digital scale ကိုပဲသုံးဖို့ အကြံပေးတိုက်တွန်းပါတယ်။ ဒါကြောင့် သူ့ original recipe မှာပါတဲ့ ချင်ခွက်ရော gram နဲ့ရေးပြပါ့မယ်..။ မုန့်ချိန်ဖို့ပြင်ဆင်ရာမှာ စနစ်တကျဖြစ်စေဖို့ ကျွန်မက group လေးတွေခွဲပေးထားပါတယ်..။ ပထမဆုံးချိန်ခွင်ပေါ်မှာ ဇလုံသန့်သန့်တစ်လုံးကိုအရင်တင်ပြီး digital scale ကို သုံညပြန်ဖြစ်အောင်နှိပ်လိုက်ပါ..။ နောက်ကိုယ်လိုရာ ပစ္စည်းများကို group အလိုက်ခွဲပြီး ချိန်ပါ...။ ဥပမာ ဇလုံတင်ပြီး သုံညမှာထား ဂျုံ 210 ဂရမ်ချိန် ပြီးတာနဲ့ သုံညမှာပြန်ထား ဆိုဒါထပ်ချိန် သုံညမှထား ဆားထည့်ချိန် အဲလိုနည်းနဲ့ ကျွန်မတို့သင်တန်းမှာချိန်တွယ်ပါတယ်...။

ချိန်ခွင် ချိန်စက်မရှိရင်လည်း ချိန်ခွက်နဲ့အလွယ်တကူချိန်နိုင်ပါတယ်..။ ချိန်ခွက်ကို 1cup, 1/2cup, 1/3cup, 1/4cup ဆိုပြီး အတွဲလိုက်ရောင်းတတ်ပါတယ်..။ ခုလုပ်နည်းမှာပါတဲ့ အချိန်အရဆို 1cup and 3/4cup  ဆိုရင် ပထမဆုံး 1cup ဂျုံကိုအရင်ထည့်ပြီးရင် 3/4ကျတော့ခွက်မရှိတော့ဘူး ဒါကြောင့် 1/4ခွက်ကို သုံးခွက်ချိန်ထည့်ရင်လည်း အတူတူပါပဲ..။ 1 3/4 cup ဆိုတာ ဂျုံကို တစ်ခွက်နဲ့ လေးပုံသုံးပုံထည့်ရမယ်လို့ဆိုလိုတာပါ။ ဂျုံကိုခွက်နဲ့ချိန်တဲ့အခါ ဂျုံမုန့်ကိုခွက်နဲ့ခတ်ယူပြီး အပေါ်မျက်နှာပြင်ကို ညီနေအောင်သပ်ချပေးမှ တစ်ခွက်တိတိကျကျကို ရပါတယ်..။


 








 ပါဝင်ပစ္စည်းများ

Group(a)
မှည့်ပျော်နေတဲ့ ငှက်ပျောသီး 4လုံး(ချေထားပါ) 
52g (or) 1/4cup (နေကြာဆီ/အုန်းဆီ/Canola Oil) 
ဗန်နီလာ(သစ်ခွဆီ) သုံးစက်
Group(b)
210g (or) 1 3/4 cup ဂျုံ(ကိတ်ဂံျု)      
2.5g (or) 1/2 tsp မုန့်ဖုတ်ဆိုဒါ         
10g (or) 2tsp မုန့်ဖုတ်ပေါင်ဒါ    
90g (or) 1/4 cup  သကြားညို   

မုန့်လုပ်နည်း

          မုန့်ဖုတ်စက်ကို မီး 170C ကြိုတင်ပြီးမီးအပူပေးထားပါ...။ မုန့်တစ်ခုဖုတ်ဖို့ ပြင်ဆင်မှုလုပ်နေချိန်မှာ မီးအပူချိန်ကြိုတင်အပူပေးတာကို အကျင့်လုပ်ထားပါ..။ ကျွန်မကတော့ အိမ်သုံး Oven လေးမို့ သူတို့ပေးထားတဲ့ မီးအရှိန်နဲ့မဟုတ်ဘဲ 150C နဲ့ပဲဖုတ်ပါတယ်..။ Loaf pan ငှက်ပျောကိတ် ထောပတ်ကိတ်တို့ဖုတ်တဲ့ ရိုးရိုးမုန့်ခွက်ကို ဆီသုတ်လိမ်းထားပါ...။ ဆီစုပ်စက္ကူတွေကို အောက်ခြေရော ဘေးပတ်ပတ်လည်ပါ ခင်းပေးပါ..။  Group (a)ကို ဇလုံတစ်ခုမှာရောထားပါ...။ Group(b)အားလုံးချိန်ရောမွှေပြီးရင် Group(b)ထဲထည့်ရောပြီး ခပ်သာသာလေးမွှေပေးပါ ပလတ်စတစ်ယောင်းမပြားနဲ့ ဇလုံဘေးမှာ ကပ်နေတာကိုကော်ပြီး နာရီလက်တံအတိုင်းမွှေသွားပေးပါ။ မုန့်သားသမပြီး ပျစ်နစ်သွားပါစေ...။ အလွန်အကျူးမမွှေရပါ..။ 45မိနစ်ကနေ မိနစ်50ထိဖုတ်ပေးပါ..။ မုန့်ကျက်မကျက်ကို ဝါးတံချွန်လေးနဲ့ထိုးကြည့်ပြီး မုန့်သားကပ်မပါလာရင်ရပါပြီ..။ မုန့်ထဲမှာ ငှက်ပောျသီးကိတ်ဟာ ဖုတ်ရတာအလွယ်ကူဆုံးနဲ့ ပါဝင်ပ္စည်းအနည်းဆုံးမုန့်တစ်ခုပါ..။ လွယ်တယ်ဆိုသည့်တိုင်အောင် မုန့်ဖုတ်တဲ့အခါ မီးအချိန်အဆ သိပ်စကားပြောပါတယ် ကိုယ်သုံးတဲ့ စက်အလိုက် အပူချိန်ကို ညှှိုယူရတယ်..။ မုန့်ဖုတ်ရင် Alarm ပေးပြီး ပစ်မထားပါနဲ့ မုန့်ဗန်းကို ဆယ်မိနစ်တိုင်းလှည့်ပေးပါ မဟုတ်ရင် မျက်နှာပြင်အကျက်မညီပါဘူး မျက်နှာပြင်အညိုရောင်သန်းသွားပြီဆို အပေါ်မီးကိုပိတ်ပေးပါ ဆက်ထားရင်တူးသွားမှာဆိုးလို့ပါ..။ မီးအချိန်အဆကတော့ ကိုယ်သုံးတဲ့စက်မှာမူတည်ပြီး ကစားရတာပါပဲ..။ အသေသပ်မှတ်လို့မရပါဘူး..။ မုန့်ရရင် ချက်ချင်းမထုတ်သေးဘဲ အေးတဲ့အထိ စက်ထဲမှာထားထားပါ..။ ပြီးမှ ကိုယ်လိုရာပုံစံအတုံးများလှီးပြီး စားသုံးနိုင်ပါပြီ..။


ဒီမုန့်လုပ်နည်းကို ကျွန်မက ဆရာတို့ဆီမှာ သူငယ်ချင်းတစ်ယောက် အသွေးအသားလွတ်မို့ ကြက်ဥ ထောပတ်မပါဘဲဘယ်လိုလုပ်ရမလည်းမေးဖူးခဲ့ပါတယ်..။ ဆရာတစ်ယောက်ကတော့ ကြက်ဥမပါရင် မုန့်မဖြစ်ဘူးလို့ဆိုတယ်..။ ကြက်ဥအပွအစား SP ထည့်ပါလားလို့လည်း အကြံပေးပါတယ်...။ ကျွန်မခုထိ မုန့်ဖုတ်ပစ္စည်းဆိုင်ကိုမရောက်သေးတာနဲ့ အိမ်မှာရှိတာပဲသုံးပြီးလုပ်ထားတာပါ Sp မသုံးပါဘူး..။ SP ဆိုတာ ကိတ်သားပွ ကိတ်သားချောမွတ်မှုကိုအားပေးတဲ့ ပွဆေးတစ်မျိုးပါ...။ ခုက You tube ကနေ Vegan Banana Bread လုပ်နည်းမျိုးစုံထဲက တစ်ခုကိုယူပြီး စမ်းလုပ်ထားတာပါ...။ ပထမတစ်ခေါက်က မုန့်ပျက်သွားသေးတယ် မုန့်ကပွတက်မလာဘဲ ဂျပ်ခဲကြီးဖြစ်နေရော ဆနွင်းမကင်းတုံးလိုဖြစ်သွားတာ..။ ခုတစ်ခေါက် အောင်မြင်သွားတော့မှ ညီမလေး ကန်ဒီ မေးထားတာနဲ့ ပို့စ်တင်လိုက်တာ..။ ငှက်ပျောကိတ်ဆို မုန့်သားတွေက ခြောက်နေတတ်တယ် ခုကိတ်လေးက စိုပြီး အရသာကောင်းတယ်.. ကျွန်မလေ့လာထားတဲ့ နည်းကို စမ်းလုပ်ကြည့်စေချင်ပါတယ်...။ မျက်နှာပြင်ကတော့ အရောင်သိပ်မလှပေမယ့် အရသာကတော့ goody ပါပဲ..။ မုန့်လုပ်နည်းတွေတတ်သွားတော့မှ မုန့်ဆိုင်တွေမှာ ဈေးကြီးပေးဝယ်စားရတဲ့ မုန့်ရဲ့တန်ဖိုးကို ပိုသိလာရတယ်..။ Yangon Bake House လိုမုန့်ဆိုင်မျိုးဆို မုန့်တစ်ခုတစ်ခုက သိပ်ဈေးကြီးတယ်...။ ဘာကြောင့်လည်းဆိုတာကို မုန့်ဖုတ်တတ်တော့ သိသွားရတယ်..။ Home made ဖြစ်တဲ့အတွက် မုန့်ထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို အကောင်းတွေချည်းရွေးသုံးထားလို့ပဲဖြစ်တယ်..။
  
Enjoy!!!!!


မိုးငွေ့

Monday, 5 December 2016

အို...ပုဂံ(၂)

မနူဟာဘုရား


ဂူပျောက်ကြီးဘုရားနံရံပန်းဆွဲအလှ










ကန်တော့ပုလ္လင်


 




























ထီးလိုမင်းလိုဘုရား






အာနန္ဒာဘုရား





    အာနန္ဒာဘုရားကို Unisco က တာဝန်ယူပြီး ပြုပြင်မွမ်းမံနေတာ ဘုရားကို ချေးချွတ်ထားလို့ အနုမှာအနန္ဒာဆိုတဲ့ အလကာင်္နဲ့လိုက်အောင် ခုမှပဲ ရုပ်လုံးကြွတော့တယ် ။ အကြိမ်ကြိမ်ဖူးခဲ့သမျှ မမြင်ဖူး သတိမထားဖူးခဲ့တဲ့ ခြင်္သေ့ရုပ်ကို ခုမှသေချာမြင်ရတယ်။






ဒါက အာနန္ဒာဘုရား အပြင်နံရံတွေမှာရှိတဲ့ အုတ်ခွက်ပန်းချီရုပ်လုံးတွေ


ချေးချွတ်ဖို့ကျန်သေးတဲ့အပိုင်း


ဒါက သန့်ရှင်းလှပနေတဲ့ မူလအင်္ဂတေရောင်နဲ့ စောင်းတန်းအလှ






ဓမ္မရံကြီးဘူရားရဲ့ ရှုမျှော်ခင်းပုံ







ငလျင်ဒဏ်ကို အများဆုံးခံလိုက်ရတဲ့ စူဠာမဏိဘုရား





















     ကျွန်မတို့ ဒုတိယနေ့ကို မနက်ပိုင်း ပခုက္ကူသွားဖြစ်လိုက်တယ်...။ စွယ်တော်လေးဆူမဖူးဖြစ်တော့လို့ မရောက်ဖူးသေးတဲ့ပခုက္ကူမြို့မှာရှိတဲ့ ဘုရားတွေသွားဖူးဖြစ်ခဲ့တယ်...။ ညောင်ဦးကနေ တစ်နာရီလောက်ပဲ ကားမောင်းရတယ်။ မြန်မာပြည်ရဲ့ အရှည်ဆုံး ဧရာဝတီမြစ်ကူးတံတားကိုဖြတ်ပြီးတာနဲ့ ပခုက္ကူကိုရောက်ပြီ..။ ပခုက္ကူမြို့ရောက်တော့ ရွှေမုဌောဘုရားအရင်ဆုံးဝင်ဖူးဖြစ်တယ်...။ ဘုရားမှာ တောင်းစားတဲ့သူတွေ များလိုက်တာ..။ လူတွေကြည့်ရတာလည်း စရိုက်ကြမ်းတမ်းနေတာပဲ...။ ဒီမြို့ကို ပထမဆုံးရောက်ဖူးတာ..။ မြန်မာပြည်မှာ ကျွန်မရောက်ဖူးခဲ့သမျှမြို့တွေထဲမှာ နေလို့မကောင်းဆုံးမြို့လို့ မြင်တယ်..။ အဲလောက်ပဲပြောတော့မယ် တော်ကြာ ကျွန်မပို့စ်လာဖတ်တဲ့ထဲ ပခုက္ကူကလူတွေပါနေရင် လာရိုက်မှာစိုးလို့း)

      သနပ်ခါးမှာ  ပခုက္ကူက အကောင်းဆုံး..။ ဒါပေမယ့် သနပ်ခါးရောင်းတဲ့ ပင်ရင်းဆိုင်ကိုမရောက်ခဲ့ဘူး...။ ကျွန်မတို့ထဲက သနပ်ခါး ခရေဇီအစ်မတစ်ယောက်ပါတယ်... သူက ရောက်တဲ့နေရာတိုင်း သနပ်ခါးတုံးတွေဝယ်လွန်းလို့ အိမ်မှာတောင်ဆိုင်ပြန်ဖွင့်လို့ရနေပြီ..။ သူ့ညီမက သူဝယ်မှာစိုးလို့ မပို့ခိုင်းတာနဲ့ သနပ်ခါးဒိုင်ကိုမရောက်ခဲ့ဘူး တကယ်ဆို ကျွန်မတို့ဖူးနေတဲ့ ဘုရားနဲ့နောက်ကျောလမ်းထဲတင်ပဲ...။ 



ရွှေမုဌောဘုရားရဲ့ မျက်နှာကျက်အလှတွေ






ဘုရားတစ်ခုလုံး မှန်စီရွှေချ







ဘုရားဆင်းတုတော်နောက်ခံက အံ့မခန်း ၅၅၀ ဇာတ်နိပါတ်တော် ထုတ်ချင်းပေါက် ပန်းပုလက်ရာ



ဖိုးသူတော်နဲ့ သူ၏အလှူခံပုံး






ပခုက္ကူကနေအပြန် ညောင်ဦးပြန်ရောက်တော့ နေ့လည်စာမစားခင် ငှက်ပစ်တောင်ဘုရားဝင်ဖူးဖြစ်တယ်...။ အဲဒီခေတ်က ငှက်ကြီးကိုပစ်တဲ့ သူရဲကောင်းနာမည်ဘယ်သူပါလိမ့်လို့ တော်တော်စဉ်းစားလိုက် ရသေးတယ်..။ အားလုံးမေ့နေကြတာ..။ တောဝက်ကြီးတို့ ငှက်ကြီးတို့ ရှူးပျံတို့ကို မျှားနဲ့ပစ်ပြီး အောင်နိုင်ခဲ့တဲ့ သူရဲကောင်းရုပ်ထုကို ပုဂံရှေးဟောင်းသမိုင်းပြတိုက်အ၀င်ဝ ရေပန်းမှာ အကြီးကြီးတွေ့နိုင်ပါတယ်...။ ဒီတစ်ခေါက်က်တော့ ပြတိုက်မရောက်ဖြစ်ခဲ့ဘူး..။






 

ရွှေချဖို့ပြန်လည်ပြုပြင်နေတဲ့ ရွှေစည်းခုံဘုရား


ရွှေဆံတော်ဘုရားပေါ်ကဖူးမြင်ရတဲ့ ဓမ္မရံကြီး














ပြဿ     ဒ်ကြီးဘုရား အ၀င်က ဟင်းလင်းပြင်

 













နဂါးရုံဘုရား










စိမ်းညှက်ညီအစ်မဘုရား

















မိုးငွေ့