ချစ်သော အိန်ဂျယ်....,
နေကောင်းလား...?
ကိုယ်ကတော့ ဒီရက်ပိုင်း ခါးနာနေလို့ ခါးနာသက်သာတဲ့လေ့ကျင့်ခန်းတွေလိုက်ရှာပြီးလုပ်နေတယ် ဆေးခန်းမသွားချင်ဘူး ဆေးသောက်လဲခနပဲသက်သာ....။ အသက်ကြီးလာတာ ဘာမှမကောင်းဘူး အထူးသဖြင့် တစ်သက်လုံးခိုင်းစေခြင်းခံလာခဲ့ရတဲ့ ခန္ဓာအတွင်းအပြင် အကုန်ယိုယွင်းလာတာပဲ...။ ဒါကို သက်ရှိဖြစ်သူတိုင်း ဘယ်သူမှမလွန်ဆန်နိုင်တဲ့အရာတစ်ခုပဲ...။ အိုရမယ် နာရမယ် အချိန်တန်ရင်သေရမယ်....။ သေရမှာကိုမကြောက်ပေမယ့် မသေခင် ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်သလို နာတာရှည်ကြီးလည်းမခံစားချင်ဘူး...။ ဒါပေမယ့် ကိုယ်တို့လူသားတွေမှာ ရွေးချယ်ခွင့်မရှိပါဘူး...။ သက်သာရာသက်သာကြောင်းတော့ ဉာဏ်ရှိသလို အဆင်ပြေသလို ကြည့်လုပ်ရမှာပဲ...။
တလောက နှလုံးဆရာဝန်တစ်ယောက် နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးသွားတာတဲ့...။ နှလုံးအထူးကုဆရာဝန်ဖြစ်တိုင်းလည်း နှလုံးရောဂါမရှိရဘူးမဟုတ်ဘူးဘဲ...။ ဒါကို ဆင်ခြင်သုံးသပ်မိတယ်...။ ဆရာဝန်တွေက သာမန်လူတွေထက်တောင်အဆပေါင်းများစွာပိုပင်ပန်းသေး...။ တစ်နေ့ 24နာရီမှာ နားချိန်နဲ အိပ်ချိန်နည်းပြီး လူနာရာထောင်ပေါင်းကို အချိန်ပေးနေကြရတာ... အသပြာဆရာဝန်တွေကပိုဆိုးတာပေါ့...။ တစ်ရက်ဝင်ငွေရာချီနေတာကြီးကို မက်မောပြီး ကိုယ့်ကိုယ်ကိုမေ့လျော့နေကြတာတွေ...။ ကိုယ့်ကိုယ်ကိုချစ်ဖို့မေ့နေကြတာတွေ....။
ငါးဆယ်ကျော်နောက်ပိုင်း အမျိုးသမီးတွေဟာ Menopause လက္ခဏာတွေကို နှစ်ရှည်လများစတင်ခံစားရတာပဲ...။ ခေါင်းကိုက်မယ် ခါးနာမယ် အသားအရည်ခြောက်မယ် ဝိတ်တက်လာမယ် ဒါမှမဟုတ် ပိန်ချုံးသွားမယ် စိတ်ကျဝေဒနာလိုလိုခံစားရမယ် ညအိပ်မပျော်ဘူး အားအင်တွေကုန်ခမ်းမယ် ပူလိုက်အေးလိုက်ဖြစ်မယ် ဒါဟာ ဟိုမုန်းပြောင်းလဲစပြုတဲ့ ခံစားမှုဝေဒနာကို အလူးအလဲခံစားရတာပဲ...။ ဒီတစ်ခါဆေးစစ်ရင် သိုင်းရွိုက်ဟိုမုန်းပါထည့်စစ်ဖို့ သတိထားရဦးမယ်...။ ပုံမှန်က lipid profile သွေးတွင်းဆီတွေ နဲ့ ဆီးချိုသွေးချို သွေးနီသွေးဖြူဥအရေအတွက်ကိုပဲ အဓိကထားစစ်နေတာလေ...။ သွေးတွင်းဆီအနဲအများစစ်တာကလဲ လူတိုင်းအတွက် အရေးကြီးတာပဲ သွေးတွင်းမကောင်းတဲ့ဆီများနေရင် နှလုံးသွေးတိုးစလာမယ် အသဲအဆီဖုံးများရင်လဲ ဆီချိုစလာမယ် နောက်ပြီးကျောက်ကပ် ဘာညာအထိရောက်ကုန်ရော...။ အာထရာဆောင်းလဲရိုက်ရသေးတယ် သေရမယ်ဆိုပေမယ့်လည်း ဒီတိုင်းကြီးပစ်စလက်ခတ် ကျန်းမာရေးကို လစ်လျူရှုထားလို့မှမရဘဲနော်...။
ဖုန်းကြီးပဲကြည့်နေလို့မဖြစ်ဘူး စာအုပ်လေးဘာလေးပြန်ဖတ်ဖို့ အသိဝင်လာတာနဲ့....လောလောဆယ် မင်းသန့်ဟန်ရဲ့ "ကြောင်ဒဿန" စာအုပ်ဖတ်နေတယ်...။ doodle တွေလည်း အသစ်မဆွဲနိုင်သေးဘူး စာအုပ်ကကုန်ပြီး ထပ်ဝယ်မရလို့ ပစ္စည်းပြတ်နေတာတဲ့...။ တိုင်းပြည်အခြေအနေကလဲ ခြွတ်ခြုံကျ မွဲစာရင်းဝင် အရာအားလုံးကို တားမြစ်ပိတ်ပင်ခံနေရ....ရှေ့လျှောက်မလွယ်ဘူး....ဟူး......။
ညက အိပ်မက်ဆိုးမက်တယ်....။ အိပ်မက်ဆိုးဆိုတာ ကိုယ့်ကိုမနှစ်သက်တဲ့သူက ကိုယ့်ကိုမကောင်းကြံနေတာလို့မက်တာ စိတ်စွဲလို့လား ဘာလာတော့မသိ လျှောက်မက်နေတာပဲ အိပ်မက်ကတော့....။
ကျန်းမာရေးဂရုစိုက်ပါ...အိန်ဂျယ်
ဘိုင်....!!!
Still flying.....
Still loving.....
မိုးငွေ့
