Monday, 28 February 2011

ကြက်ဥအောမလက်

ု့



“ဆုံနိုင်ခွင့်”ပို့စ်မှာတုန်းက “ဘဲဥခွဲပီးရင်....အဲ့ ဘဲဥ ဘာဆက်လုပ်မတုန်း.....ကြော်မှာလား ချက်မှာလား.....:) ကော်နက်ရှင်ကောင်းတိုင်း အားပေးနေပါတယ်.....:)” လို့ပြောသွားတဲ့ R.Eနဲ့ အဖွဲ့သားများ အတွက် အထူးစပါယ်ရှယ်ကြော်ပေးထားတဲ့ ကြက်ဥအောမလက်...။ ခွဲတုန်းကတော့ ဘဲဥပေါ့....ကြော်တော့ကြက်ဥ...။





တလက်စတည်းအရမ်းခက်ခဲတဲ့ ကြက်ဥအောမလက်ကြော်လေးကို ဘယ်လိုကြော်ရသလဲပြောပါဦးမယ်လေ....။
ပန်းကန်ထဲကိုကြက်ဥငါးလုံးဖောက်ထည့် ...ကြက်သားမှုန့် ကြက်သွန်နီပါးပါးလှီးထားတာနဲ့ ကူးချိုင်လို့တရုတ်လို ခေါ်တဲ့ ကြက်သွန်မှိတ်ကို လက်တစ်လုံးအရှည်လေးတွေလှီးထည့်...(ခုမှသတိထားမိတယ် ကြက်ဥကြော်ထဲ ထည့်မယ့်အစာတွေနာမည်မှာ ကြက်တွေအကုန်ပါနေပါရောလား)...။ နောက်ထပ်ကြက်တစ်မျိုးပါသေးတယ်...။ တောက်တောက်စင်းပြီးကြော်ထားတဲ့ ကြက်ရင်ပုံသား...။ ကြက်ဥကိုနာနာခေါက်ပြီးတော့မှ ကြက်သား ထည့်မွှေမယ်...။ ဒယ်ပြားထဲကို ဆီအငွေ့ထောင်းထောင်းထတော့မှ ကြက်ဥနဲ့အစာပလာတွေ ခေါက်ထားတာထည့်...။ အ၀ါရောင်သန်းတဲ့အထိထားပြီး ဟိုဘက်ဒီဘက်လှန်ရင်တော့ သတိထားပြီးလှန်ပေးမှ မဟုတ်ရင် ကြက်ဥက အချပ်လိုက်လေးမဖြစ်ဘဲ အပိုင်းလိုက်တွေဖြစ်ရော...။ ကဲ ကြက်ဥအောမလက်လေးက မွှေးနေရောပဲ....။ ဗိုက်ဆာလာပြီ...။ ဒယ်အိုးထဲက ကျန်တဲ့ဆီကို ယိုးဒယားငံပြာရည်လေး ဆမ်းထားတဲ့ ထမင်းထည့်လူးပြီး အဲဒီကြက်ဥကြော်နဲ့စား....။ ကောင်းမှကောင်းပဲ...။


မိုးငွေ့

Friday, 25 February 2011

သွားမယ်စားမယ်....

စကားဖြူပန်းရောင်းတဲ့ ကလေးတွေ


အပေါ်ပုံက ညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်မှာဝတ်ဖို့ ချိတ်ထမီရှာပုံတော်ထွက်တုန်းက ရွှေဂုန်တိုင်မီးပွိုင့်နားမှာ စကားဖြူပန်းရောင်းတဲ့ ကလေးလေးတွေ ချစ်စရာကောင်းလို့ ပန်းဝယ်ပြီး ဓါတ်ပုံရိုက်ခဲ့တာပြီးတော့ စကားဖြူ ၃၂၇ပင်နဲ့ ဆရာမဂျူးရဲ့ ချစ်သူလားစကားတစ်ပွင့်ပွင့်ခဲ့သည်ကို သွားသတိရမိတယ် ဒါဘာစကားဖြူများ ဖြစ်မလဲလို့.... အိုကေ သိတဲ့သူတွေ ကော်မန့်မှာရေးပေးသွားကြပါ မုန့်ပြန်ဝယ်ကျွေးပါ့မယ်...။



*******************************


အဲနေ့က ကိုယ်နဲ့သိပ်ခင်တဲ့ ကိုယ့်ဘလော့ဂကိုလဲအားပေးနေကျအစ်မတစ်ယောက်နဲ့ ရုံးအပြန် မြေနီကုန်း စီးတီးမတ်မှာချိန်းပြီး အစ်မရေပေါ့ပေါ့ပါးပါး လမ်းဘေးစာပဲသွားစားရအောင်ဆိုပြီး မြေနီကုန်းမီးပွိုင့်နားက အင်းလေးအစားစာလေးသွားစားကြတာ....။ အောက်ကပုံတွေကတော့ မမိုးငွေ့တို့ ကြိတ်လိုက်ကြတဲ့ စားဖွယ်စုံတွေပေါ့... ကြည့်ပြီး သရေမယိုကြနဲ့နော်...။ ပုံတွေက ဖုန်းနဲ့ရိုက်ထားလို့ အနည်းငယ် စောင်းငမ်းငမ်းရှိမည်...။ ကြိုပြီးဝန်ခံထားတာ...။ စားသောက်ပြီး အစ်မက အိမ်ဝေးလို့ပြန်ပြီ....။ အနော်ကတော့ ဒဂုန်စင်တာကို ဆက်ပြီး တစ်ယောက်တည်း ရှော့ပင်ထွက်ပစ်လိုက်တယ်...။


မြေနီကုန်းမီးပွိုင့်နားက အယ်မိုးဆိုတဲ့ အင်းဆိုင်က ၀က်သားချဉ်ထမင်း ၀က်သားချဉ်ဆိုပေမယ့် တကယ်တော့ ထမင်းကိုဝက်သွေးနဲ့နယ်ပြီးပြန်ပေါင်းထားတာဖက်နဲ့ ...အဲနေ့ကစားတာ တော်တော်ငံနေလို့ ဟင်းခါးများများသောက်လိုက်ရတယ်...ငရုတ်သီးကြော်ရှူးရှူးရှဲရှဲနဲ့ ဂျူးမြစ်လေးကိုက်လိုကနဲ့ ကောင်းမှကောင်းပဲ


တိုဖူးနွေး ဆန်ဖွယ်နဲ့ လိုက်လာတဲ့ အစ်မမှာတာ...ငရုတ်သီးကြော်ရောင်ရဲရဲနဲ့စားချင်စရာပဲ


ဟင်းထုပ်နဲ့တွဲပြီးသောက်ရတဲ့ ဟင်းခါး ဆန်လှော်ဟင်းရည်လေးပါ သောက်လို့သိပ်ကောင်းတ
ယ်....


အယ်မိုးဆိုင်ဘေးက ၀က်သားတုတ်ထိုး အဲဒါနှစ်ထောင်ဖိုးတဲ့ဗျား... တစ်ခုနှစ်ရာကျပ်ကျပါသည်....အချဉ်ကတော့ ဆိုးဆေးပါမယ့်ပုံပဲ...အင်းးးး


ဒဂုံစင်တာဖက်ရှင်ကော်နာက၀ယ်တာ ယုန်နှစ်မွေးတာဆိုတော့ ယုန်ကလေးကိုချစ်လို့ဝယ်လိုက်တာ ၅၅၀၀ကျပ်တဲ့


ဒီယုန်ကလေးကပိုချစ်ဖို့ကောင်းတာ


ဒါကနောက်လမန်းကညီမတစ်ဝမ်းကွဲမင်္ဂလာဆောင်ကျဝတ်ဖို့ဝယ်ခဲ့တာ ဖန်စီလေး သပြေသီးမှည့်ရောင်ကျောက်နဲ့လုပ်ထားတာ ကိုယ်ဝတ်မယ့်ဝတ်စုံနဲ့အရောင်တူအောင်လို့နောက်မှ ဓါတ်ပုံရိုက်ပြီး ဖဘမှာလာကြည့်လှည့်ကြပေါ့း)
အိမ်ထဲစီးဖိနပ်ကလေး ယုန်ကလေး ၃၈၀၀ကျပ်






ဖန်စီနားဆွဲလေးတွေက တစ်ရံကို ၁၂၀၀ကျပ်ပါ
ကဲ....မိုးငွေ့ရဲ့ သွားမယ်စားမယ်ဆိုတဲ့အစီအစဉ်မှာ သွားရတာလဲခြေညောင်းပြီ စားရတာလဲ ဗိုက်ပြည့်ပြီ... လာအားပေးတဲ့ သူငယ်ချင်းတွေကိုနှုတ်ဆက်ပါတယ် တာ့တာ ...ဘိုင့်ဘိုင်....fly kiss....


မိုးငွေ့

ညရောင်ရဲ့ကကွက် (ဇာတ်သိမ်း)






မြက်ခင်းပြင်စိမ်းစမ်းပေါ်မှာ အဖြူရောင်နဲ့ အမဲရောင်လေးတွေ ပြေးလွှားဆော့ကစားနေကြတဲ့ မြင်ကွင်းလေးက ကြည်နူးစရာကောင်းလိုက်တာ....။ ရေချယ်လ်တို့ သွားလှူနေကျမိဘမဲ့ကျောင်းက ကလေးတွေအားလုံးကို မမကေသီက သူ့ဒီဇိုင်းနဲ့ တီထွင်ချုပ်လုပ်ပြီး မိန်းကလေးတွေကို အဖြူဆွတ်ဆွတ်ချည်ဂါဝန်နဲ့ ယောကျာၤးကလေးတွေကိုတော့ အနက်ရောင်ဘိုးတိုင်နဲ့ ဆင်ထားတယ်...။ စားစရာကို ဘူဖေးအစုံနဲ့ အချိုပွဲကို အော်စီကပြန်လာတဲ့ ရေချယ်လ့်ညီမတစ်ဝမ်းကွဲလေးက အရသာနဲ့ပုံစံ အမျိုးနှစ်ဆယ်ကျော်တဲ့ cup cake တွေကို သူကိုယ်တိုင်လုပ်ပေးတယ်...။ ဒီမြက်ခင်းစိမ်းစမ်းနဲ့ ရေကန်ဘေးနားနေရာလေးကိုတော့ အစ်ကိုတစ်ဝမ်းကွဲတွေအားလုံးစုပြီး ညနေခင်းစားပွဲလေးကို ကျင်းပပေးထားတာ...။ ကြည့်စမ်း သူဘယ်လောက် ကံကောင်းထားသလဲ ဒီလောက်ချစ်စရာကောင်းတဲ့ ခယ်မတွေ ယောက်ဖတွေကိုပိုင်ဆိုင်ထားတာ...။



မနေ့က ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးတုန်းကတော့ လူကြီးပိုင်း အမျိုးတွေနဲ့ အသိတစ်ချို့ နည်းနည်းပါးပါး ဖိတ်လိုက်တယ်...။ ဒီနေ့ကတော့ လူငယ်ပွဲလေးပေါ့...။ ဒီနေ့လဲပဲ အမျိုးတွေနဲ့ သူငယ်ချင်းတွေလောက်ပါပဲ...။ တစ်ဝမ်းကွဲမောင်နှမတွေနဲ့တင် လူကစည်ကားနေပြီ...။ အထူးဧည့်သည်တော် အနေနဲ့ကတော့ ကလေးလေးတွေပေါ့...။ သူတို့အတွက် ကစားဖို့ ကစားနည်းမျိုးစုံ၊ အရုပ်မျိုးစုံ၊ မိုးပျံပူဖေါင်းရောင်စုံတွေ လုပ်ပေးတယ်...။ သူတို့လိုချင်တဲ့ အရုပ်တွေကို ဂျုံတွေနဲ့ပုံဖော်ပေးဖို့ အရုပ်လုပ်တဲ့သူတွေကို ငှားထား ပေးတယ်...။ သူတို့တွေအားလုံးသိပ်ပျော်နေကြတယ်....။

သူက ရေချယ်လ်လက်ကိုလာဆုတ်ကိုင်ပြီး....

“ ဘယ်လိုလဲကလေးမလေး လက်တွေလဲအေးစက်လို့ပါလား ”

“ဟုတ်.... မေဦးအရမ်းပျော်နေတယ်...ဇော်ရော မပျော်ဘူးလား”

“ကိုယ်လဲ မေဦးနဲ့ထပ်တူပါပဲ....လေအေးတွေတိုက်နေတယ်
မေဦးချမ်းနေပြီလား အနွေးထည်ယူမလား”

ဆောင်းအကုန် နွေအကူးပေမယ့် ကန်ရေပြင်ကဖြတ်တိုက်လာတဲ့လေပြေတွေက အေးစိမ့်ချမ်းမြနေတယ်...။ မမကေသီထွင်ပေးထားတဲ့ ညနေခင်းဝတ်စုံလေးကဆင်စွယ်ရောင် ရင်ပျက်လေးဂါဝန်လေးဆိုတော့ လူကအေးလာပြီ....။ သူသွားပြောလိုက်လို့ ခဏနေတော့ ရေချယ်လ်ညီမတစ်ဝမ်းကွဲလေးတစ်ယောက်က အပြင်ဝတ်ရုံခြုံလွှာ အကီၤျလေးလာပေးတော့ သူကိုယ်တိုင်လာခြုံပေးပါတယ်....။ အနားသတ်လေးမှာ အမွှေးနုနုလေးတွေနဲ့ ခါးနားမရောက်တရောက်လေး...။

“ကဲ ...နွေးသွားပြီလား....”

သူက လည်ပင်ကကြိုးလေးကို စည်းပေးရင်း မေးတယ်...။ သူ့မျက်ဝန်းတွေက ဒီနေ့ပိုပြီး တောက်ပကြည်လင် နေကြတယ်...။ သူ့အပြုံးတွေ နူးညံ့နွေးထွေးနေကြတယ်...။ သူလက်ဖဝါးတွေ ရေချယ့်လ်လက်ကို လာဆုတ်ကိုင်တိုင်း သွေးကြောမျှင်တွေကတစ်ဆင့် အားအင်တွေပြည့်လာသလိုပဲ ခံစားရတယ်....။ အဲဒါအချစ်လားကွယ်......။





“ဒီလိုလေးကျတော့ ဒဏ္ဍာရီထဲက စနိုးဝိုက်မင်းသမီးလေးဖြစ်သွားပြီ...”

သူပြောတော့ ရေချယ်လ်က ကိုယ်ဘာသာကိုယ်ပြန်ငုံ့ကြည့်နေမိတယ်...။ ပြီးတော့သူကပြောသေးတယ်...။

“ခုမှ... ကိုယ်သိလိုက်ရတာ ကိုယ့်ရဲ့ ထာဝရသတိုးသမီးလေးက နတ်သမီးလေးတစ်ပါးလိုပဲ ချစ်စရာကောင်းတယ်ဆိုတာ...”

“အမယ် မယ်.... ကြည်နူးနေကြတာ သတိုးသားနဲ့ သတိုးသမီးလေးတွေ...မမရေချယ်လ်သိလား ကိုဇော်ပြောသလို စနိုးဝိုက်မဟုတ်ဘူး သမီးသိသလောက်တော့ Beauty and the beast ကာတွန်းကားထဲကနဲ့ပိုတူတာ”

“မေဘယ်လ်က...အစ်ကို့ကိုအဲလိုပြောတယ်ပေါ့ဟုတ်လား... အိုကေ ညခဲဖိုး လာမတောင်းနဲ့နော်”

“အဲ...ဘွာတေး ဘွာတေး... သမီးခဲအိုအသစ်စက်စက်ကလေး စိတ်ဆိုးရဘူးနော်...
ခဲဖိုးများများပေးနော်...”

ရေချယ်လ်က မေဘယ့်လ် ဆံပင်ခွေခွေတွေကို ပွတ်သပ်ရင်း....။

“ဇော်... သူတို့ကိုသတိသာထားပေတော့နော်. ... လူလည်လေးတွေသူတို့က”

ရေချယ်လ်တို့ ဒင်နာလေးက ရိုမန့်တစ်ဆန်လွန်းလို့ လာတဲ့ သူငယ်ချင်းတွေအားလုံးကလဲ သဘောကျကြတယ်...။ စိတ်ကူးကောင်းလိုက်တာတဲ့..။ ပျော်စရာလဲကောင်း ကုသိုလ်လဲရတဲ့ ပွဲလေးပါ...။ ဘူဖေးစားပြီးတော့ ထုံးစံအတိုင်းပေါ့ စုံတွဲအကလေးလုပ်သေးတယ် မြက်ခင်းပြင်တစ်နေရာကို ကောဇောခင်းပြီး အကကြမ်းပြင်လုပ်ပေးထားတယ်...။ ရေချယ်လ်နဲ့ သူက တစ်ခါလေးပဲ အတူတွဲကခဲ့ဖူးတာ...ခုတစ်ခါနဲ့မှ နှစ်ကြိမ်မြောက်...။ လူတွေများနေလို့ သူရှက်နေတယ် မကချင်ဘူးတဲ့...။ မကလို့လဲမရဘူးဆိုတာသိနေတယ်...။ ကဲဘယ့်နှယ့်လုပ်မလဲ ကိုနေမျိုးဇော်....။





သတိုးသား သတိုးသမီးကို သီချင်းအေးအေးလေးနဲ့ နှစ်ယောက်တည်း တစ်ပုဒ် အရင်က ခိုင်းတယ်..။ ကျန်တဲ့ ကချင်တဲ့သူတွေကို နောက်မှ ဒီဂျေက တခြားသီချင်းဖွင့်ပေးဖို့ အစီအစဉ်လုပ်ထားပါတယ်..။ ရယ်တော့ ရယ်ရတယ်.... ဟိုတစ်ခါတုန်းက အမှောင်ထဲမှာမို့ မသိလိုက်တာများလား...။ လူတွေအများကြီး ဝိုင်းကြည့် နေတာကို သူရှက်ပြီး ချွေးတွေပျံနေတယ်...။

“ဇော်... စိတ်လျှော့ထားနော်... တစ်လောကလုံးမှာ ဇော်နဲ့မေဦး နှစ်ယောက်တည်းပဲ က နေတယ်လို့ မှတ်ထားလိုက်”

“မေတို့များ ခြေထောက်ကို ရွှေချထားလောက်တယ် ကတာများကျော့လို့ ပြိုင်ပွဲဝင်ပါလား”

ရေချယ်လ်သူ့ကို အာရုံပြောင်းပေးလိုက်တော့ ခုနကလောက် သူမဖြစ်တော့... သက်တောင့်သက်သာ အနေအထားနဲ့ ကနေနိုင်ပြီ...။

“မလုပ်ပါနဲ့ ဇော်ရယ်....ကချေသည်တွေ ထမင်းငတ်ကုန်မယ်... ဟွန့်....မသိဘူးများမှတ်နေလား
တကယ်ကမယ်ဆို သူခွင့်ပြုမှာမဟုတ်ဘဲနဲ့များ...”

သတိုးသမီးအသစ်စက်စက်ကလေးရဲ့ မျက်စောင်းလှလှကို သတိုးသားလေးခံလိုက်ရတယ်...။

“အိုးး... ကိုယ့်အချစ်ဆုံးဇနီးလေးကို ဘာကိစ္စလူတိုင်း ဝိုင်းကြည့်မယ့်အလုပ်ပေးလုပ်ရမလဲ လုံးဝပဲ
ကလပ်တောင်ပေးမသွားတော့ဘူး...”

“ဒီကလဲ ကြိုသိထားပါတယ် ဟောဒီရင်ဘတ်ထဲကစကားတွေကို အချိန်နဲ့အမျှဖတ်နေပါတယ်ရှင်...”

တိုးတိုး တိုးတိုးနဲ့ နှစ်ယောက်သားကရင်း စကားကောင်းနေတာနဲ့ သီချင်းပြီးသွားမှန်းတောင် မသိလိုက်ဘူး... လက်ခုတ်သံတွေ အကျယ်ကြီးထွက်လာတော့မှသိလိုက်တယ်....။ ပြီးတော့ မင်္ဂလာကိတ်မုန့်လှီးတဲ့ အစီအစဉ်....။

နွေးထွေးတဲ့ ပျော်ရွှင်ဖွယ်ရာ အဖြူရောင်မင်္ဂလာပွဲလေး ပြီးဆုံးသွားတော့ ည ၈နာရီထိုးနေပြီ....။ ကောင်းကင်မှာ တဖျပ်ဖျပ်လက်နေတဲ့ ကြယ်ပွင့်ကလေးတွေက မင်္ဂလာမောင်နှံကို အပြုံးကလေးတွေနဲ့ နှုတ်ဆက်နေသယောင်..။ ကြယ်ရောင်စုံတဲ့ ညကလေးမှာ အချစ်များစွာဖြင့် ရေချယ်လ်တို့စုံတွဲလေး ပျော်ရွှင်စွာ ဇာတ်ပေါင်းသွားလေ သတည်း....တဲ့....။



မိုးငွေ့

Tuesday, 22 February 2011

ဆုံနိုင်ခွင့်.....




ကြယ်ရောင် ပြိုးပြိုးပြက်ပြက်လက်တဲ့ အဲဒီညက ကိုယ်ကဗျာတစ်ပုဒ်ရေးချင်နေမိတယ်..။ ဒါပေမယ့် စကားလုံးတွေကို ကိုယ့်ရင်ဘတ်ထဲက ပျံသန်းခွင့်မပြုနိုင်သေးဘူး..။ လေဟာနယ်သေးသေးထဲမှာ ကိုယ်လွှင့်မျောပြီး မျက်စိကိုစုံမှိတ်ထားတယ်...။ ဂီတာသံသဲ့သဲ့လေးကိုတော့ ကြားခွင့်ရနေတယ်...။ ပြီးတော့ ကိုယ်သိပ်ကြိုက်တဲ့ သီချင်းသံတိုးတိုးလေးထွက်ပေါ်လာခဲ့တယ်...။ တိုးတိုးလေးမှ တကယ့်တိုးတိုးလေး....။ ဒါပေမယ့် ကြည်လင်ပြတ်သားနေလို့ သီချင်းရဲ့ သံစဉ်ကိုရော...စကားလုံးတွေကိုပါ ပီပီပြင်ပြင်မြင်နေရတယ်...။ နောက်..... လွတ်လပ်ပျော်မြူးတဲ့ စရိုက်နဲ့ သက်ရှိလူသားကလေး တစ်ယောက်....။ သူ့အပြုံးတွေက ကြည်လင်လို့ ကိုယ့်ဆီကို ဦးတည်လာနေတယ်...။ သူ့မျက်လုံးတွေက ကြယ်ပွင့်တွေလို လင်းလက်လို့ ကိုယ့်ကို စိုက်ကြည့်နေကြတယ်...။ သူ့အသံတွေက ချိုမြဝါညက်လို့ ကိုယ့်အာရုံကို ဆွဲယူငင်နေတယ်...။ သူ့လက်ဖျားလေး ကိုယ့်လက်ချောင်းတွေဆီ လာတို့ထိနေတယ်...။ စောစောက စာတွေရေးရလွန်းလို့ ညောင်းကိုက်နေတဲ့ လက်ချောင်းလေးတွေက ခုတော့ တမဟုတ်ချင်း ဝေဒနာတွေ ပျောက်ကွယ်သွားကြသလိုပါပဲ...။ ဒါဆို သူဟာ... စွမ်းအားတစ်ခုကို ပိုင်ဆိုင်ထားတဲ့ သာမန်မဟုတ်တဲ့ လူတစ်ယောက်ပဲဖြစ်မယ်....။ ဟော.......သူ့လက်တွေ ကိုယ့်ဆီကနေ ရုတ်သိမ်းသွားကြပြီ.... သူ့အရိပ်တွေ တဖြေးဖြေး ဝေး...ဝေး....ဝေးသွားပြီ...။ သီချင်းသံစဉ်တွေလဲ မှေးမှိန်ပျောက်ဆုံးသွားကုန်ပြီ.......။ အရပ်ရှစ်မျက်နှာမှာ အမှောင်အတိပြီးလို့ ကိုယ့်ကိုယ်ကိုတောင် မမြင်ရတော့ဘူး...။ လောကကြီးမတရားဘူးးး..။ ဘာကြောင့်.....ကိုယ့်အခွင့်အရေးတွေကို အမှောင်ချပစ်သလဲ...။ ဒီလောက်လေးတော့ ကိုယ့်မှာခံစားခွင့်ရှိပါတယ်...။

ဟူးးးး........ ကိုယ့်ဘာသာကိုယ် ရေးဆွဲခဲ့စိတ္တဇပန်းချီကားတစ်ချပ်မှာ....စုတ်ချက်ကြမ်းလဲ ဒီလက်နဲ့ပဲ...။ ညင်ညင်သာသာ ဆေးစက်ချလဲ ဒီလက်နဲ့ပါပဲလေ......။ ဘာကြောင့် လောကကြီးကို အပြစ်တင်နေမလဲ......။


မိုးငွေ့

Monday, 21 February 2011

နေညိုညိုနဲ့ လေချိုချို...


သူငယ်ချင်းတွေနဲ့ ခုလိုကမ်းခြေမရောက်ဖြစ်တာ အတော်ကြာရောပေါ့......။ ကျမတို့ပျော်ရွှင်စွာ အပန်းဖြေဖြစ်ခဲ့ပုံလေးကို မျှဝေခဲ့ချင်ပါတယ်.....။ ပင်လယ်စာလတ်လတ်ဆတ်ဆတ်တွေနဲ့အတူပေါ့....။

 





အင်း....ပျော်စရာတော့ကောင်းပါတယ်...။ relax လဲရခဲ့ပါတယ်...။ ခရီးစထွက်တော့ ကားပေါ်ပါလာတဲ့ ဆူဆူညံညံအဖွဲ့ကြောင့် နည်းနည်းအနှောက်အယှက်ဖြစ်တာကလွှဲလို့ အားလုံးအဆင်ပြေပါတယ်...။ ဒီကမ်းခြေကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ရောက်ဖူးပေမယ့် ဘယ်တော့မှ ရိုးအီမသွားပါဘူး...။ ကိုယ်က ညနေ နေ၀င်ခါနီးလေးပဲ ပင်လယ်ထဲကို ဆင်းရတာသဘောကျတယ်...။ လှိုင်းစီးရင်း နေ၀င်တာကို ကြည့်ရတာ ဘယ်လောက်ဇိမ်ရှိလိုက်သလဲ...။ ကိုယ်တို့သူငယ်ချင်းတွေ ရေဆော့တဲ့ ပုံတွေကို ကင်မရာနဲ့ တဖျပ်ဖျပ်ရိုက်ယူခဲ့သေးတယ်...။ အဲလိုရေဆော့ပြီးပြီဆို ညနေစာကသိပ်စားကောင်းတာ ထမင်းနှစ်ပွဲလောက် ကတော့အသာလေးပဲ..။ ညနေစာကို တ၀စားပြီး ကိုးရီးကားထဲကအခေါ်အချိုရည်သောက်ကြတဲ့အချိန်မှာတော့(သောက်တဲ့ အထဲမှာမီးမီးမပါဘူးနော်) လေတဖြူးဖြူးနဲ့ ရီဝေေ၀နဲ့ ကမ်းခြေက သူများတွေမီးပန်းဖေါက်တာကို ထွက်ထွက်ကြည့်လိုက် ဘေးခန်းက လူငယ်လေးတွေရဲ့ သီချင်းသံချိုမြမြကို နားထောင်လိုက်နဲ့ ညကပြည့်စုံလှပနေပါပြီ...။







ကောင်လေးတွေ IC ကို တော်တော် ခရေဇီဖြစ်ပုံရတယ်...။ ကိုလေး၊ ကိုငဲနဲ့ မျိုးကြီးသီချင်းတွေကို အများဆုံးဆိုကြတယ်...။ Hollow Guitarကို Pro နီးပါး တော်တော်ကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်တဲကလေးတွေ.... တကယ် ချီးကျူးမိပါတယ်...။ ကိုယ်က အနုပညာသမားပီပီ သီချင်းလေးတွေကိုလဲ ချစ်တတ်တော့ တခြားသူတွေထက်ပိုပြီး ခံစားနားထောင်မိတယ်...။ ညရင့်ရင့်လာလေ... ကိုယ်တို့အဖွဲ့ရဲ့ အားပေးလက်ခုတ်သံတွေပို ကျယ်ကျယ်လာလေ...။ ဟိုဘက်က ကလေးတွေရဲ့ အသံချိုချိုနဲ့ ဒီဘက်က အားပေးတဲ့ လက်ခုတ်သံတွေဟာ အချိန်တိုတိုအတွင်း မမြင်နိုင်တဲ့ လေထဲကတစ်ဆင့် နွေးထွေးစွာ ပေါင်းစည်းသွားကြတယ်...။ သီချင်းတစ်ချို့ဆိုရင် အဆိုတော်အသစ်တွေရဲ့ သီချင်းထင်တယ်...။ မကြားဖူးပေမယ့်..တော်တော်ကောင်းတဲ့ ကိုယ်ပိုင်သံစဉ်လေးတွေ..။ အဆိုတော်အသစ် အောင်လ လို့တော့ တစ်ချက်တစ်ချက်ပြောသံကြားတယ်... လူငယ်လေးတွေထဲက ကိုယ်မှတ်မှတ်မိမိနဲ့ နားထဲစွဲနေမိတဲ့ အသံလေးကတော့ ကိုငဲတို့ ကိုလေးတို့လို Nasal သံပါနေတဲ့ ကလေးတစ်ယောက်ပဲ...။ လူတွေအများကြီးထဲက ထူးထူးခြားခြား သူ့အသံကိုတော့ ခွဲခြားမှတ်မိနေခဲ့တယ်...။ အသံကောင်းသလို တော်လဲ တော်ကြပါတယ်...။ ဖြစ်နိုင်ရင် ဒီကလေးတွေကို မြေတောင်မြှောက်ပေးချင်ပါတယ်...။ ကိုယ်သာ Entertainment ကုမ္ပဏီတစ်ခုပိုင်ခဲ့ရင်ပေါ့...။ ခုတော့ စာသမားပီပီ စိတ်ကူးကလေးနဲ့ပဲ ကူညီခွင့်ရလိုက်တယ်..။ ဒီလူငယ်ကလေးတွေတော်တော်ဆိုနိုင်ကြတယ်ပြောရမယ်...။ အနည်းဆုံးအပုဒ်သုံးဆယ်လောက်ရှိတယ်...။ ကိုယ်တို့ဝင်အိပ်တဲ့အထိ သူတို့တွေဆိုလို့ မပြီးသေးဘူး...။ နောက်ဆုံးဆိုစရာမရှိတော့ နိုင်ငံတော်သီချင်းတွေ ဘာတွေဆိုလိုက်ကြသေးတဲ့အသံကြားလိုက်တယ်...။ တကယ်ပါပဲ...။ လေးစားပါတယ်...။

နောက်တစ်နေ့မနက် Breakfast စားတဲ့အချိန်ကျတော့ မနေ့က အဆိုတော်လေးတွေက ကိုယ်တို့ အဖွဲ့ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ညက တို့အဖွဲ့ကို အားပေးကြတယ်အစ်မတွေက အမိုက်စားတွေပဲလို့ အတင်းတုတ်နေကြပုံရပါတယ်...။ ဟုတ်မဟုတ်တော့မသိဘူး ကိုယ်လိုရာကိုယ်စွဲတွေးပစ်လိုက်
ပြီ...။ နေ့လည် ကမ်းခြေဘက်အုန်းရည်သောက် ဆင်းတော့ လူငယ်တွေက ညကျရင်သူတို့ မီးပုံပွဲကိုလာဖို့ဖိတ်ပါတယ်...။ “ညကျရင် ကျနော်လာခေါ်မယ်နော်... ကျနော်တို့သီချင်းဆိုပြမယ် အစ်မတို့က မုန့်ပြန်ကျွေး” တဲ့...။ ခပ်သွက်သွက်လူငယ်ကလေးတစ်ယောက်က ပြောသွားတာ...။ နေလည်နေရဲ့ ပူပြင်းမှုအောက်မှာခြောက်လသား ကလေးငယ်ကို ရင်မှာပိုက်ပြီး ဂုံးအရှင်ကောင်တွေကို ဇလုံနဲ့ ခေါင်းပေါ်ရွက်ရောင်းတဲ့ အသက်နှစ်ဆယ်ကျော် အရွယ်ကလေးမလေး ကိုယ်တို့ အုန်းရည်သောက်နေတဲ့ တဲရိပ်အောက်လာနားပါတယ်..။ ဒါနဲ့ကိုယ်လဲ သနားတာနဲ့ သူ့ဆီက ဂုံးတွေအကုန်ဝယ်ပြီး နေပူထဲဆက်သွားမရောင်းနဲ့လို့ပြောလိုက်တယ်...။ ဂုံးတွေကိုလည်း ရေထဲအကုန်သွားလွှတ်လိုက်တယ်...။ အားလုံးနှစ်ထောင်ဖိုးတဲ့...။ ကလေးအဖေဘာလုပ်လဲလို့တော့ စိတ်ဆင်းရဲလွန်းလို့ မစပ်စုလိုက်တော့ပါဘူး..။ ညနေကိုယ်တို့ရေဆင်းကူးတော့ လူငယ်လေးတွေအဖွဲ့က ကျောက်မောင်နှမဘက်သွားကြတယ်တဲ့ အရိပ်အယောင်တောင်မတွေ့ကြတော့ဘူး...။





ညနေရေချိုးပြီး သောင်ပြင်စပ်ခုံတန်းမှာထိုင်တော့လဲ ခရုလည်ဆွဲတွေလက်မှာ အတွဲလိုက်ကိုင် ထားတဲ့ လေးငါးနှစ်အရွယ် ကလေးမလေးနဲ့ တုတ်ထောက်နဲ့ အမယ်အို တစ်ယောက်...။ မြေးအဖွားဖြစ်ဟန်တူပါတယ်...။ မိုးကမှောင်နေပြီ...။ သမီးဆွဲကြိုးလေးတွေက တစ်ကုံးဘယ်လောက်လဲ မေးတော့ တစ်ရာတဲ့...။ ဒါဆို အန်တီအကုန်ဝယ်လိုက်မယ်...အားလုံးဆယ်ကုံးဆိုတော့ တစ်ထောင်ဖိုး...။ သူ့ကိုငွေတစ်ထောင်တန် ထုတ်ပေးပြီး မုန့်ဖိုးနောက်တစ်ထောင် သပ်သပ်ပေးတာကို ကလေးမလေးကလုံးဝမယူဘူး...။ ဘယ်လိုမှကိုပေးလို့မရတာ...။ အသက်ငယ်ပေမယ့် သူ့လုပ်အားနဲ့ သူရတဲ့ ငွေကိုပဲလက်ခံတာ... သူများဆီက အလကားမယူဘူးဆိုတဲ့ အသိစိတ်မာနလေးက ပေါ်လွင်နေတယ်...။ ဒါနဲ့ သူ့ကို အဲဒီဆွဲကြိုးလေးတွေကို ပြန်ယူသွားနက်ဖြန်ထပ်ရောင်းလိုက်ဆိုတော့လဲ လက်မခံဘူး..။ ကလေးမလေးက အဖေအမေမရှိတော့ဘူး အဖွားနဲ့အတူနေရတာတဲ့...။ ပါလာတဲ့အဖွားကပြောပြတယ် မအေကမီးတွင်းမှာကတည်းကဆုံးသွားပြီး ဖအေကတော့ ငါးဖမ်းရင်း မုန်တိုင်းထဲ ပါသွားသတဲ့...။ အိုကွယ်..သနားစရာကလေးမလေးပဲ...။ လူ့လောကထဲကို အမိမဲ့အဖမဲ့နဲ့ ဒီအသက်အရွယ်လေးမှာ ကိုယ့်ဝမ်းစာကိုယ်ရှာစားနေရပြီ..။

ကဲ စိတ်မကောင်းစရာတွေထားပြီး တခြားဆက်ရအောင်...။ ကိုယ်တို့ ညစာစားပြီး မနေ့က ဂီတာတီးတဲ့ လူငယ်လေးတွေက ခေါက်တုန့်ခေါက်ပြန် မီးပုံပွဲအတွက် စားစရာတွေ ပစ္စည်းတွေသယ်ရင်း အခန်းရှေ့ဖြတ်တိုင်း “အစ်မတို့လာခဲ့ကြနော်” လို့ ဖော်ရွေစွာဖတ်ခေါ်ကြပါတယ်...။ ပါလာတဲ့ အစ်မတွေက ကလေးတွေ ခဏခဏခေါ်တော့ အားနာပြီးသွားကြပေမယ့် ကိုယ်နဲ့ ကိုယ့်cousin ကတော့မီးပုံပွဲနားရောက်တော့မှ ကမ်းခြေဘက်ပဲ လမ်းလျှောက်ဖို့ဆုံးဖြတ်လိုက်တယ်...။ ဒီမီးပုံပွဲမှာ သူတို့တွေ လူငယ်ပီပီ တခြားဧည့်သည် မိန်းကလေးတွေကိုဖိတ်ထားမှာပဲလေ...။ ကိုယ်တို့လို အန်တီကြီးတွေသွားထိုင်တော့ရော...ဘာထူးခြားမှာလဲ ကလေးတွေကို အနှောက်အယှက်ပေးသလိုပဲဖြစ်နေမယ်...။ သူတို့ဂွင်လဲပျက်ဦးမယ်..ဆိုပြီးအလိုက်တသိနဲ့ မသွားတော့တာ..။ အဟဲ ကမ်းခြေလာလွန်းလို့လဲ ကမ်းမြေအထာနှပ်သွားတဲ့ သဘောလဲပါတာပေါ့...။ ပါလာတဲ့ ဟိုအပျိုကြီးမမတွေ ကတော့ ဘာမသိညာမသိနဲ့ သွားထိုင်လိုက်ကြသေး...။ ကောင်းကင်က လပြည့်ည မဟုတ်တော့ နည်းနည်း အေးစက်စက်နိုင်နေတယ်...။ လှိုင်းခေါင်းဖြူတွေကတော့ သူ့အရှိန်နဲ့သူ အဆက်မပြတ် တာဝန်ကျေစွာအပြေးလာပုတ်ခတ်လိုက်နဲ့ပေါ့...။ မနက်ဖြန်ပြန်ရတော့မှာမို့ စောစောပဲ အိပ်ယာဝင် လိုက်တော့တယ်...။

မနက်ပြန်ခါနီး ကားစောင့်တော့မှာ ကလေးတွေက အားနာလိုက်တာအစ်မတို့ကို ညက သီချင်းတွေအများကြီး ဆိုမပေးနိုင်ဘူး... အဟဲ အရည်တွေဝင်တော့ မဆိုနိုင်ကြတော့ဘူးလေ... ဒါလဲပါတာပေါ့လို့ သူ့နှာခေါင်းသူလက်ညှိုးထိုး ပြသွားသေးတယ်...။ ရန်ကုန်ရောက်ရင် ဆက်သွယ်ဖို့ ဖုန်းတွေ အီးမေးလ်လိပ်စာတွေ ဖဘလိပ်စာတွေအပြန်အလှန်ဖလှယ်ကြနဲ့...။ ဒီကလေးတွေက MICT Park ထဲမှာ အလုပ်လုပ်တဲ့ Programmer တွေ Web Designer တွေတဲ့...။ ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ်တော်တဲ့ လူငယ်တွေပဲ...။ လူငယ်ဆိုတာ နေရာတိုင်း ရှုတောင့်တိုင်းမှာ အဲလိုအမြဲ တက်ကြွလန်းဆန်းနေတာမျိုးပဲ ဖြစ်သင့်ပါတယ်...။ ခုလိုအားလပ်ချိန်မှာ ကိုယ့်ဝမ်းတွင်းဝါသနာပါရာနဲ့ လွတ်လပ်ပျော်ရွှင်ကြ...အချိန်တန်လို့ အလုပ်ခွင်မှာလဲ တက်တက်ကြွကြွ အလုပ်လုပ်ကြ ကြိုးစားကြတာ သိပ်ကိုကောင်းပါတယ်..။

ရန်ကုန်ပြန်ရောက်တော့ အလျှိုလျှိုအလုပ်ပြန်ဆင်းကြနဲ့...။ လူချင်းမတွေ့ဖြစ်ကြတော့ပေမယ့်...။ ဖဘကနေတော့ တင်ထားတဲ့ ကမ်းခြေကပုံတွေဝင်ကြည့်ကြ စကားအပြန်အလှန်ပြောကြနဲ့ ခင်ခင်မင်မင်ပါပဲ...။ လူချစ်လူခင်ပေါများခြင်း မိတ်တွေသူငယ်ချင်း တိုးပွားခြင်းဟာ လာဘ်တစ်ပါးပဲလေ...။ ဟော....ကိုယ့်ဘလော့ဂ်ရဲ့ စာဖတ်ပရိတ်သတ် အသစ်တောင် ထပ်တိုးလာသေးတယ်...။ ဘယ်ရမလဲ ကိုယ်က စကားပြောရင်းကြော်ငြာ ၀င်ပစ် လိုက်တာ...။ ဒီလိုနဲ့ ကမ်းခြေသွားခဲ့တဲ့ ခရီးစဉ်အကြောင်းလေးရေးပါလားအစ်မလို့ အသစ်စက်စက် စာဖတ်ပရိတ်သတ်ကလေးတစ်ယောက်က တောင်းဆိုလာတာနဲ့... ဒီပို့စ်လေးဖြစ်လာရပါကြောင်း.....။


မှတ်ချက် : ကမ်းခြေမှာ အပန်းဖြေရင်း ဆုံခဲ့ဖူးတဲ့ လူငယ်လေးတစ်ယောက်ရဲ့ တောင်းဆိုမှုကြောင့် ရေးဖို့စိတ်ကူးမရှိဘဲ ကြိုးစားရေးပေး လိုက်ပါတယ်...။ ကျေနပ်နှစ်သိမ့်လိမ့်မယ်လို့လဲ ယုံကြည်ပါတယ်...။ သီချင်းတွေအများကြီး ဆိုပေးခဲ့တဲ လူငယ်လေးတွေအားလုံးကို ဒီပို့စ်လေးနဲ့ ကျေးဇူးတင်လိုက်ပါတယ်...။


မိုးငွေ့



Friday, 18 February 2011

နှင်းဆီရောင်အိပ်မက်.....




ဝေဟင်ပေါ်ကနေမြင်နေရတဲ့ စိမ်းစိမ်းစိုစိုမြင်ကွင်းကို ကျနော်တစ်ဝကြီးခံစားလိုက်တယ်...။ ကျနော်ချစ်တဲ့ မြေကို ကိုယ်တိုင် ခြေထောက်နဲ့နင်းခွင့်ရတဲ့အချိန်မှာ ရင်ထဲက ခံစားရတာလေးက သိမ်သိမ်မွေ့မွေ့...။ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ပြီး မျက်နှာကိုမော့လျက်..။ တော်သေးတယ် ပစ္စည်းရွေးတဲ့နေရာမှာ လူက ကျိတ်ကျိတ်တိုးမနေလို့...။ ကံကောင်းချင်တော့ ကျနော့်သေတ္တာက တတိယမြောက်မှာ ထွက်လာပါတယ်..။ ကျတော့်သေတ္တာကို custom မှာစစ်ဆေးခံပြီး အပြင်ထွက်လာခဲ့တယ်...။ သူများတွေတော့ လာကြိုသူတွေတရုန်းရုန်းနဲ့...။ ကျနော်ကသာ လာကြိုမယ့်သူမရှိတာ...။ မရှိဘူးဆိုတာကလဲ ကျနော်ပြန်လာမယ်ဆိုတာကို ဘယ်သူ့မှအကြောင်းမကြားထားဘူးလေ...။ အားလုံးကို အံ့အားသင့်စေချင်တာနဲ့ လုပ်လိုက်တာပါ..။ တကယ်တမ်း အံ့အားသင့်သွားရတာက ကျနော်ကိုယ်တိုင်ဖြစ်နေခဲ့တယ်...။ ပန်းနုရောင်ဖျော့ဖျော့ လက်ပြတ်ရင်ဖုံးကလေးနဲ့ ပန်းနုရောင်အောက်ခံမှာ ခရမ်းရင့်ရောင်ချိတ်ကလေး တွေပါလုံချည်ကိုဝတ်ဆင်ထားတဲ့ ကျနော်နဲ့ ရွယ်တူလောက်ရှိမယ့်ကောင်မလေးတစ်ယောက်...။ နှင်းဆီပန်းစည်းကိုင်ပြီး ကျနော့်ကိုလာကြိုတာတဲ့...။


“ကိုနေမျိုးဇော် မဟုတ်လား”

“ခင်ဗျား”

“ဟုတ်ကဲ့ပါ ကျမက My Valentine's ပန်းဆိုင်က ဝန်ထမ်းတစ်ယောက်ပါ အစ်ကို့ကို ဒီနေ့ချစ်သူများနေ့ အတွက်ပန်းစည်းလေးနဲ့ ကြိုဆိုဖို့ ကျမတို့ရဲ့ customer တစ်ယောက်ကမှားထားလို့ပါ....Happy Valentine's ပါအစ်ကို”

ကျနော့်မှာ လက်တစ်ဘက်က လက်ဆွဲအိတ်တစ်လုံး တစ်ဘက်က သေတ္တာနဲ့ ဘာပြောရမှန်းမသိဖြစ်နေတယ်...။ ကျနော် ဒီနေ့ဒီရက်ပြန်လာမယ်ဆိုတာ ဘယ်သူ့ကိုမှလဲ အပြောထားပါဘူး...။ အဲဗျ....တစ်ခုတော့ရှိတယ်...ကျနော့်ရဲ့ အွန်လိုင်းသူငယ်ချင်းတစ်ယောက်ကိုတော့ ပြောလိုက်မိတယ်...။ ဒါပေမယ့် သူက ကျနော်နဲ့စကားပဲ ပြောဖူးတာ...ရုပ်မှမမြင်ဖူးဘဲ...။ သူတော့ လုံးဝမဖြစ်နိုင်ပါဘူး...။ ကျနော်က ဒီကိုရောက်ပြီး အေးဆေးမှ သူ့ဆီဖုန်းဆက်မယ် အပြင်မှာဆုံကြမယ်စိတ်ကူးထားတာ..။ ဟာဗျာ...။ ကျနော့်ကို ဒီလို အထူးအဆန်း ရင်ခုန်စရာ ပဟေဠိလာထုတ်နေတာ ဘယ်သူများပါလိမ့်...။


“ကျနော့်ကို ပန်းစည်းပေးတဲ့သူ... နာမည်များသိနိုင်မလားခင်ဗျား”

“စိတ်မရှိပါနဲ့ရှင် ဒါက customer ကလျှို့ဝှက်ခိုင်းထားလို့ပါ...”

ကောင်မလေးက သွားစွယ်လေးတွေပေါ်အောင်တစ်ချက်ပြုံးပြီး ကျနော့်လက်ထဲကို ပန်းစည်းထည့်ပေးပါတယ်...။ တော်တော်ချစ်စရာကောင်းတဲ့ ကောင်မလေး...။ ကျနော် တခဏငေးမိသွားတယ်...။ နက်မှောင်တဲ့ ဆံပင်ခွေခွေတွေကို အပြောင်သိမ်းပြီး စုစည်းထားလို့ မျက်နှာလေးက ရှင်းပြီးဝင်းပနေတယ်...။ ကိုယ့်ဘာသာကိုယ်ကြိတ်ပြီး ပီတိဖြစ်သွားသေးတယ်..။ ကိုယ်ချစ်တဲ့မြေကို စနင်းတဲ့နေ့ ချစ်သူများနေ့လဲဖြစ် ထူးထူးခြားခြားဘယ်သူကပေးမှန်းမသိတဲ့ ပန်းစည်းနဲ့အတူ နတ်မိမယ်လေးတစ်ပါးကိုပါ ရင်သပ်ရှုမောစွာ မြင်လိုက်ရသေး...။ ကဲဗျာ... ကျနော့်လောက် ဘယ်သူကံကောင်းနိုင်ဦးမလဲ..။

“အစ်ကို့ကို လာကြိုမယ့်သူမရှိဘူးမဟုတ်လား မေတို့နဲ့အတူတူလိုက်ခဲ့မလား လမ်းကြုံရင် အိမ်ထိပို့ပေးလိုက်မယ်”

အလဲ့...ကြည့်စမ်း ဒီကောင်ကံတက်လိုက်ပုံများ အိမ်ထိတောင် လိုက်ပို့ဦးမယ်တဲ့ဗျား...။ ဒါနဲ့ မေတို့ဆိုတဲ့ အသုံးအနှုန်းအရ သူတစ်ယောက်တည်းမဟုတ်နိုင်ဘူး...။ အော် ....နာမည်လေးက မေ”တဲ့လား...။

“ကျမနာမည် မေပျိုခေတ်ပါ ကားက ဒရိုင်ဘာပါလာတယ် အားမနာနဲ့နော် ပို့ပေးမယ်...။ ကျမတို့ customer ရဲ့ မိတ်ဆွေဆိုတော့ ကျမတို့မိတ်ဆွေပဲပေါ့ customer ပဲပေါ့...”

“ဟုတ်ကဲ့ဗျ...အားနာစရာဗျာ... ဒါပေမယ့်လဲ လိုက်ခဲ့ပါ့မယ်”

ကျနော်ရယ်သွမ်းသွေးပြီး ပြန်ပြောတော့ တခဏခြင်းကျနော်တို့ ဟိုးအရင်ကတည်းက ရင်နှီးခဲ့ဖူးတဲ့ မိတ်ဆွေတွေလိုဖြစ်သွားကြတယ်လို့ ခံစားမိတယ်...။ ကားပေါ်မှာ ကျနော်တို့စကား သိပ်မပြောဖြစ်ပါဘူး...။ ဒီနေ့တော့ ကျနော့်ဘဝမှာ အထူးခြားဆုံးနေ့ပါပဲ..။ ဒီအတွက် အိမ်ရောက်တာနဲ့ ကျနော့်သူငယ်ချင်းလေးဆီကို ဖုန်းအရင်ဆက်ပြီး ပြောပြရမယ်...။ အိမ်ရောက်တော့......


“ကျေးဇူးအများကြီးတင်ပါတယ် မမေပျို”

“ဟုတ်ကဲ့ပါ ကောင်းသောနေ့လေးပါ”...လို့နှုတ်ဆက်သွားတဲ့ သူ့လေသံမျိုးကို ကျနော်သိပ်ရင်းနှီးနေသလိုပဲ...။

ဟုတ်တယ် ကျနော့်အွန်လိုင်းသူငယ်ချင်းလေးနဲ့ ကျနော်စကားပြောပြီးရင် နှုတ်ဆက်နေကျစကားလေးပါ..။ ဖေဖေ မေမေတို့ မမတို့က ကျနော့်ကို ရုတ်တရက်မြင်လိုက်တော့ အံ့သြဝမ်းသာမဆုံးဖြစ်နေကြတယ်...။ မိသားစုနဲ့ စကားလက်ဆုံကျရင်း ကျနော့်လက်ထဲက ပန်းစည်းကို စပ်စုကြသေးတယ်...။ ခုမှကျနော်သတိရမိသွားတယ် စောစောကကောင်မလေးဆီက ဆိုင်လိပ်စာကဒ်လေးမတောင်းလိုက်မိဘူး...။ မမတို့ကိုမေးတော့ My Valentine's ဆိုတဲ့ပန်းဆိုင်မကြားဖူးပါဘူးတဲ့...။ အင်းလေ... သူတို့က အပျိုကြီးတွေဆိုတော့ ဒီလိုသူတို့နဲ့ မဆိုင်တာကိုသိကြမှာမဟုတ်ဘူးလေဆိုပြီး...။ မမလတ်က အကြံပေးလို့ အဝါရောင်စာအုပ်ထဲလှန်လှောရှာကြည့်လိုက်သေး...။ အဲဒီဆိုင်လုံးဝမရှိဘူးဗျာ...။ “မောင်လေးရယ် နင့်ဟာက အပြင်မှာရောတကယ်ရှိရဲ့လား”တဲ့ ။ မကြီးစကားအရ ဒါဆို အပြင်မှာဆိုင်တကယ်မရှိဘဲ ကျနော့်ကို သက်သက်ဂွင်ဆင်တာလား...။ ဟာ... ဒါလဲမဖြစ်နိုင်ဘူး ကျနော်ပြန်လာမယ်ဆိုတာ တိတိကျကျသိနေတဲ့ သူတစ်ယောက်တည်းရယ်...။ ပြီးတော့ အဲဒီတစ်ယောက်က ကျနော့်ကိုမှ မမြင်ဖူးဘဲ...။ ဟာဗျာ....တကယ်စားတယ်....။ ကျနော် ရေမိုးချိုးပြီး ခဏနားလိုက်တယ်...။ ဒီပဟေဠိကို ဘယ်လိုအဖြေရှာရမလဲပဲ ခေါင်းထဲပဲရောက်နေ တော့တယ်...။ ပြီးတော့ သွားစွယ်လေးတွေဖွေးလက်နေတဲ့ ပြုံးအလှပိုင်ရှင်ကောင်မလေးကိုပါ တွဲမြင်မိသွားတယ်...။ ကျနော်တစ်ချက်ပြုံးလိုက်မိတယ်...။ အဲဒီကောင်မလေးက အဲလောက်ဆွဲဆောင်နေသလား ကျနော့်ကို...။ ကျနော့်ရဲ့တစ်ယောက်အိပ်ကုတင်မှာ ခေါင်းအုံးလေးကို ကျောမှီရင်း ဖုန်းနံပါတ်လေးကိုနှိပ်လိုက်တယ်..။ တကယ်ဆို နောက်မှဆက်လဲ ရလျက်နဲ့ ကျနော့်သူငယ်ချင်းလေးကိုလဲ အရမ်းပြောပြချင်နေမိတယ်...။ အင်း ...ဖုန်းဝင်သွားပြီဗျ...။ ဖုန်းမကိုင်ခင်... Mariah Carrey ရဲ့ Bye Bye သီချင်းလေးထွက်လာတယ်...။ သီချင်းသံလေးရပ်သွားတော့...ချိုမြတဲ့ အသံတစ်သံထူးလိုက်တယ်...။


“ဟဲလို....”

“ကျနော်ဘယ်သူလဲ မှတ်မိလား”

“ရှင်... ဘယ်သူလဲဟင်”

“ဘယ်သူလဲဆိုတာ ပြောပြနိုင်ရင် ဒီညနေမုန့်ကျွေးမယ်”

“အမယ်...သိပြီ...ဇော်မဟုတ်လား...ချောချောမောမောပြန်ရောက်ရဲ့လား..”

“ချောမောသလားတော့မမေးနဲ့ဗျာ အဲဒီအကြောင်းပြောချင်လွန်းလို့ကို ဖုန်းဆက်လိုက်တာ”

“အင်... ဒါဆို ရှင်က မေဦးနဲ့ တွေ့ချင်လို့ ဖုန်းဆက်တာမဟုတ်ဘူးပေါ့”

“ရော်....ခက်ပြီ... ရန်မတွေ့နဲ့ဦး ကိုယ်တို့ ညနေဆိုင်တစ်ဆိုင်မှာ တွေ့ကြရင်မကောင်းဘူးလား”

“အဟဲ...ဘာလဲ Valentine မှာ တွဲစရာရည်းစားမရှိလို့လား မေဦးက ခဏတဖြုတ်အတွဲလာလုပ်ပေးရမယ်ပေါ့”

“ဟာဗျာ...ခင်ဗျားလေးကလဲ ကိုယ်ပြောပြမယ့်အကြောင်းအရာကိုသာကြားရင် စိတ်ဝင်စားသွားမှာ သေချာတယ်..”

“ဆောရီးကွယ်...ဇော့်ဆန္ဒကို တို့မဖြည့်ဆည်းနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး...။ ပြီးတော့ ဇော့်ရုပ်ကိုလဲ တို့က ခုမှစမြင်ရမှာ သတ္တိမရှိသေးပါဘူး”

ကျနော်ဘယ်လိုပြောရမှန်းမသိလို့ အကြံအိုက်သွားတာနဲ့ ခေါင်းကုတ်နေလိုက်မိတယ်...။

“ဒါဆို မေဦးက ကိုယ့်နဲ့လာတွေ့ဖို့ ငြင်းတယ်ပေါ့ အဲလိုလား... ဘာလဲ
ဒီနေ့ချစ်သူများနေ့မို့ ချစ်သူနဲ့ ချိန်းထားလို့လား..”

ကျနော်အဲလိုပြောတော့ သူမက တစ်ဘက်ကနေ ရယ်ပါတယ်...။ ဘာလဲ ကျနော့်စကားမှားသွားလို့လား..။


“ဇော်ကလဲလေ... ဇွတ်ကိုပြောတော့တာပဲ... မေဦးက ခုရန်ကုန်မှာမဟုတ်ဘူး မန်းရောက်နေတာ.. ဇော်နဲ့ ဘယ်လိုလာတွေ့ရမလဲ”

“သေရော....” ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသွားတယ်...

“သွားပါပြီဗျာ...ဒီနေ့တော့ အထီးကျန်ပါပြီ”

ကျနော်စိတ်ဓါတ်ကျတဲ့ လေသံနဲ့ညည်းလိုက်တော့ တစ်ဘက်ကသူမက ခပ်အုပ်အုပ်ရယ်ပါတယ်...။ သူမရယ်သံလေးကို နားထောင်ပြီး ကျနော်အရမ်းအသည်းယားသွားတယ်...။ ခုချက်ချင်းသူမနဲ့ တွေ့ချင်စိတ်က ပိုပိုပြင်းထန်လာတယ်...။ ဗုဒ္ဓေါ!!!!! ဘယ်လိုဖြစ်တာပါလိမ့်...။

“ဒီလိုလုပ်.... မေဦး မန်းကပြန်လာရင် လေယာဉ်ကွင်းလာကြိုမလား မေဦး ဘယ်လိုပုံစံနဲ့လာမယ်ဆိုတာ
ပြောပြထားမယ်လေ...”

“ဟာ...ဘယ်တော့ပြန်လာမှာလဲ ကြာဦးမှာလား”

“မကြာပါဘူး နောက်နှစ်ရက်ဆိုပြန်လာမယ်...ဇော်...တကယ်လာကြိုနော်...”

“ဟုတ်ကဲ့ပါခင်ဗျာ... လာကြိုပါ့မယ် ကိုယ်ကမေဦးကို ပိုတွေ့ချင်တဲ့လူပဲ...မဟုတ်လား”

“ပြောတာပဲ ရှင်တို့ ယောကျာၤးတွေက ပုံပြင်ပြောသိပ်ကောင်းကြတာ သိပ်တော့ မယုံရဲဘူး”

“ဟောဗျာ...အသားလွတ်... ကဲဒါဆို ကိုယ်မန်းကို နက်ဖြန်လေယာဉ်နဲ့လာခေါ်မယ် ဖြစ်မလား...ကဲ...ပြော...”

“ဟွန့်...အပိုတွေ....အဲလိုလေသံမျိုးမကြားရတာကြာပေါ့...”

“ဒီမှာရှင့်... ဒီမှာ....”

ကျနော့်ခန္ဓာကိုယ်ကို တစ်စုံတစ်ယောက်လာတွန်းနေသလိုခံစားလိုက်ရတယ်...။ မျက်ခွံတွေကလဲ လေးလံနေကြတယ်...။ ကျနော်အားယူပြီးဖွင့်ကြည့်လိုက်တော့...အလင်းရောင်ကစူးခနဲမို့ မျက်လုံးကိုပြန်မှိတ် ထားပြီး လက်နဲ့အသာပွတ်လိုက်တယ်...။ ကျနော့်မျက်လုံးသေချာဖွင့်ကြည့်တော့မှ အရှေ့မှာ ယူနီဖေါင်းနဲ့ ကောင်မလေး...။ နေပါဦးဗျ... သူ့ကိုကျနော်... မြင်ဖူးနေတယ်....။ စဉ်းစားစမ်း... ဟုတ်ပြီ...အိပ်မက်ထဲ့ ကောင်မလေးကျနော့်ကို ပန်းစည်းနဲ့လာကြိုတဲ့ကောင်မလေး...။ ခုလဲ ဒီကောင်မလေး လက်ထဲမှာ နှင်းဆီပန်းတစ်ပွင့်နဲ့..။


“ကျမတို့ လေယာဉ်မြန်မာပြည်ကို ဆိုက်ရောက်ပါပြီရှင် ဒါကတော့ ဒီနေ့ ချစ်သူများနေ့အတွက် ခရီးသည်တွေကို လက်ဆောင်ပေးတာပါ လက်ခံပေးပါရှင်..”

သူ့လက်ထဲက နှင်းဆီပန်းတစ်ပွင့်နဲ့ ချောကလက်ဗူးကို ကြောင်နနနဲ့ ယူလိုက်တယ်...။ ကောင်မးလေးက မြန်မာမလေးမဟုတ်ဘူးဗျ..။ ဘိုလိုပြောတာများ သွက်လို့...။ အာရှသူတော့ အာရှသူပဲ မြန်မာမဟုတ်တာ သေချာတယ်...။ ပန်းစည်းကလေးကိုင်ပြီး ကျနော် ကိုယ့်အဖြစ်ကိုယ်ပြန်တွေးပြီး တော်တော်ရယ်ချင်မိသွားတယ်...။ လမ်းတစ်လျှောက်ကျနော်စိတ်ကူးတွေယဉ်ပြီး အိပ်ပျော်တော့ အိပ်မက်ထဲပါ ထည့်မက်လိုက်တာများ..။ အိပ်မက်ထဲကကောင်မလေးကို ကျနော် အပြင်မှာဆုံဖို့ မျှော်လင့်ချင်သေးတယ်ဗျာ...။ ကျနော်တစ်ခါမှ မမြင်ဖူးတဲ့ အွန်လိုင်းက သူငယ်ချင်းလေးကိုလဲ အမြန်ဆုံးဆုံချင်နေတယ်...။ အပြင်ရောက်တော့ လေကိုတစ်ဝကြီးရှူလိုက်တယ်...။ ကျနော်ချစ်တဲ့မြေကြီးနံ့လေးက လေထဲကတစ်ဆင့် ကျနော့်ခန္ဒာကိုယ်ထဲကို အေးမြစွာလတ်ဆတ်စွာစီးဝင်သွားပြီ...။ ကျနော်ပျော်နေတယ်...။ ဒီမြေကြီးကို ပြန်နင်းခွင့်ရလို့ရော... ကျနော်ချစ်တဲ့သူတွေနဲ့ ပြန်တွေ့ရမှာကြောင့်ရော... ပြီးတော့ ကျနော်မသိနိုင်သေးတဲ့ ကံကြမ္မာလှလှလေး တစ်ခုကို ဘာမှန်းမသိ မျှော်လင့်ပြီးလဲ ပျော်နေမိတယ်...။


မိုးငွေ

Thursday, 10 February 2011

ပဲကောကြက်သားကြော်

ဟင်းပွဲကတိမ်ငွေ့ကြားထဲရောက်နေတယ် ၀ါးတားတားနဲ့


ပဲကောဆိုတာ... ယူနန်လူမျိုးတွေစားတဲ့ အခွံမာနဲ့အသီးလေးတစ်မျိုးပါ...။ အခွံမာကို ထုပြီးခွာလိုက်ရင် အ၀ါရောင် ရှည်မျောမျောအဆံလေးထွက်လာပါတယ် ...။ မခွာခင်က ပုံကိုမရိုက်ထားလိုက်မိဘူး...။ အဲဒါကို ရေနွေးဆူဆူမှာ သုံးမိနစ်လောက်ပြုတ်ပြီးပြန်ဆယ်ထား...။ ပဲကောကြော်ထဲထည့်ရမယ့် အစာတွေကို ပြင်ဆင်ထားပါ...။ ကြက်ရင်ပုံသားပါးပါးလှီးပြီး ပြောင်းမှုန့် ကြက်သားမှုန့်နဲ့နယ်ထား...။ ဥနီကို အတုံးလေးတွေ လှီးထား..။ ကြက်သွန်မှိတ်ကိုလဲ လက်တစ်ဆစ်လောက်ဖြတ်ထား..။

ဆီပူပူဒယ်ထဲကို ဓါးပြားရိုက်ထားတဲ့ ကြက်သွန်ဖြူကို မွှေးလာတဲ့အထိကြော်ပြီး ကြက်သားထည့်ကြော်ပါ ။ ကြက်သားနူးလာရင် ပြုတ်ထားတဲ့ ပဲကောနဲ့ ဥနီကိုထည့်ကြော် ခရုဆီလေးနဲနဲထည့် အပေါ့အငန်မြည်းပြီး အိုးချခါနီးကြက်သွန်မှိတ်လေးဖြူးလိုက်ပါ...။ ကြက်သားအချိုအရသာနဲ့ ပဲကောလေးကိုဝါးလိုက်ရင်စေးပြီး သက်တဲ့ အရသာနဲ့ လုံးဝဂွတ်တယ်...။ ပဲကောက ခုလို တရုတ်နှစ်ကူးချိန်ပဲရတာ စီးတီးမတ်မှာ 100g ကို 220ကျပ်ပေးရတယ်...။


မိုးငွေ့

Tuesday, 8 February 2011

ညရောင်ရဲ့ကကွက် (၃).....




အဖြူအမည်းနှစ်ရောင်ထဲသာသုံးထားတဲ့ ဒီဓါတ်ပုံစတူဒီယိုခန်းကို ပထမဆုံးအကြိမ်ရောက်ဖူးတာမို့ ရေချယ်လ် အံ့အားသင့်စွာလျှောက်ငေးကြည့်နေမိတယ်....။ ဖက်ရှင်ဒီဇိုင်နာအလုပ်ကို စိတ်ဝင်စားလွန်းလို့ မီလန်ကနေ လောလောလတ်လတ် ပြန်လာတဲ့ အစ်မတစ်ဝမ်းကွဲ မမကေသီနဲ့ ဒီနေ့နာမည်ကြီး ဖက်ရှင်မော်ဒယ်ရဲ့ အင်ဒိုးရိုက်ကွင်းကို လိုက်လာခဲ့မိတာပါ...။ မမကေသီကတော့ မိတ်ကပ်ပြင်ပြီးနေတဲ့ မော်ဒယ်ကို သူ့လက်ရာ ဝတ်စုံတွေ သေသေချာချာဝတ်ပေးနေတယ်....။ ဝတ်စုံလေးက အနက်ရောင်လေး...။ အနက်ရောင်တောင်မှ တော်တော်မည်းနက်တဲ့ ပိုးသားပျော့အိအိလေးကို အထပ်ထပ်တွေနဲ့ ခပ်ရိုးစင်းစင်းပဲ ဒီဇိုင်းထွင်ထားတဲ့ ဂါဝန်လေး....။ မော်ဒယ်လေးက အသားလှတော့ အနက်ရောင်ဝတ်စုံနဲ့ ထင်းပနေရော....။ မမကေသီက အဝတ်စားကိုဆင်ပေးရင်း ဘယ်လိုနေရာမှာ ဘယ်လို လိုအပ်ချက်တွေရှိတာကအစ ရေချယ်လ်ကို တတွတ်တွတ်ပြောပြရှာတယ်....။ ရေချယ်လဲ လွယ်အိတ်စလွယ်သိုင်းနဲ့ စာအုပ်လေးနဲ့လိုက်ရေးမှတ်နေတယ်...။
ဓါတ်ပုံဆရာရောက်လာတော့ မော်ဒယ်ကအဆင်သင့်.....ရိုက်ရုံပဲ....။ ဒါနဲ့ရေချယ်လ်တို့ အနောက်ဘက် ခပ်လှမ်းလှမ်းကနေသွားကြည့်နေလိုက်ကြတယ်...။ ဓါတ်ပုံဆရာက မော်ဒယ်လေးကို ဘယ်လိုကိုယ်ဟန်လေးနေ ဆိုပြီး အဝေးက လှမ်းပြောရုံနဲ့ ဝါရင့်မော်ဒယ်မမက အိုက်တင်တွေကို ပြောင်းပြောင်းလုပ်ပြီး ရိုက်သွားရုံပဲ....။ ရေချယ်လ်သာဆိုရင်တော့ တစ်ပုံတစ်ပုံရိုက်ဖို့ ဘယ်လိုလေးလုပ်ပါဆိုပြီ တော်တော်ပြောယူရမယ်....။ ဒါလဲ ကိုယ်ကျွမ်းကျင်ရင် သန်ရာသန်ရာပေါ့....။


“ဟားးး ကျနော်တို့ ဆုံပြန်ပြီနော်...”


ဘေးနားက ထွက်လာတဲ့အသံကြောင့် ရေချယ်လ်လှည့်ကြည့်မိတော့... သူ... ကလပ်မှာတွေ့ခဲ့တဲ့ ခေတ်ဟောင်းလူငယ်ကလေး...။ ဒီနေ့တော့ သူက စပို့ရှပ် အစင်းနဲ့ စတိုင်လ်ပင်ဝတ်ထားတယ်....။ ရေချယ်လ်နဲ့သူ အံ့အားသင့်တဲ့ မျက်လုံးတွေနဲ့ကိုယ်စီကြည့်မိကြတယ်...။



“ရှင်က ဒီကိုဘယ်လိုရောက်နေလဲ”


“ဒါ ကျနော့် အစ်ကိုဝမ်းကွဲရဲ့ စတူဒီယိုလေ... ဓါတ်ပုံပညာကိုလာလေ့လာတာဆိုပါတော့...ခင်ဗျားကရော...”


ဟော...ကြည့်...လာတူပြန်ပြီ...။ တိုက်ဆိုင်နိုင်လွန်းပါ့...။ ရေချယ်လ်က အစ်မဝမ်းကွဲနဲ့ ဖက်ရှင်ဒီဇိုင်း ပညာကိုလာလေ့လာတာ သူက သူ့အစ်ကိုဝမ်းကွဲနဲ့ ဓါတ်ပုံပညာကို လာလေ့လာတာတဲ့.....။ သူနဲ့စကားတစ်ခွန်းစ နှစ်ခွန်းစပြောပြီး ရေချယ်လ်ရော...သူရော လုပ်စရာရှိတာဆက်လုပ်နေလိုက်ကြတယ်...။ ဓါတ်ပုံရိုက်ကွင်း ပြီးတော့မှ... ရေချယ်လ်ကို သူက ဒီနားက ကော်ဖီဆိုင်မှာ ကော်ဖီ်သောက် ဖိတ်လိုက်တယ်...။ ပထမတော့ မမကေသီကိုပါခေါ်မလို့ပဲ နောက်တော့ မမကေသီက အရေးကြီးဧည့်သည်နဲ့ ချိန်းထားတာမို့ ရေချယ်လ် တစ်ယောက်တည်း သူနဲ့ ကော်ဖီဆိုင်ရောက်သွားကြတယ်...။ ဒါနဲ့ရေချယ်လ်တို့ တစ်ယောက်အကြောင်း တစ်ယောက်ကော်ဖီသောက်ရင်း ဖလှယ်ကြတယ်....။ သူက phys နဲ့ကျောင်းပြီးထားပြီး..... အစ်ကိုနဲ့အတူ ဓါတ်ပုံပညာကို လေ့လာနေတာ တစ်နှစ်ကျော်ရှိနေပြီ.... လာမယ့်နှစ်မှာ နိုင်ငံခြားထွက်ပြီး ဓါတ်ပုံနဲ့ပတ်သက်တဲ့ သင်တန်းသွားတက်ဖို့ရှိတဲ့အကြောင်း....။ မိန်းကလေး သူငယ်ချင်းများများစားစားမရှိပေမယ့် ရေချယ်လ်ကိုတော့ ထူးဆန်းစွာ ခင်မင်မိကြောင်းပေါ့....။ စာအုပ်ဖတ်တာဝါသနာပါတဲ့ကြောင်း ရုပ်ရှင်ဂီတတွေအကြောင်းပါ စုံစုံလင်လင်ပြောဖြစ်ကြသေးတယ်....။ အဲဒီကစပြီး ရေချယ်လ်နဲ့သူ ရင်နှီးကျွမ်းဝင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်....။


သူနဲ့ သူငယ်ချင်းဖြစ်ရတာ ပျော်စရာတော့ကောင်းပါတယ်...။ သူဖတ်တဲ့ စာအုပ်အကြောင်းတွေ သူနားထောင်ဖြစ်တဲ့ သီချင်းအကြောင်းတွေကို စိတ်ရှည်လက်ရှည်ပြောပြတဲ့ အခါ သူဟာ...သူကိုယ်သူ လူကြီးဂိုက်ဖမ်းပြီး ကလေးတစ်ယောက်ကို ပုံပြင်ပြောပြသလိုပြောတတ်ပါသေးတယ်....။ အော်......ပြောရဦးမယ် တလောကလုံး ရေချယ်လ်ကို “မေဦး”လို့ခေါ်တာ သူတစ်ယောက်တည်းရှိမယ်ထင်တယ်...။ ကဲပါ....ရေချယ်လ်နဲ့ သူ့ကြောင်းကို ဒီလောက်အကြမ်းမျဉ်းသိရင် လုံလောက်ပြီပေါ့....။ ဒါနဲ့ သူနဲ့ရေချယ်လ် သူငယ်ချင်းဘဝနဲ့တစ်နှစ်နီးပါးလောက် နေကြပြီး.... သူပရိုပို့စ်လုပ်လာပါတယ်.....။ ရေချယ်လ်တို့ မိသားစုမောင်နှမတွေက ပွင့်ပွင့်လင်းလင်းမို့ အားလုံးနဲ့တိုင်ပင်ပြီး သူ့ကိုလက်ခံခဲ့ပါတယ်....။ သူက ရေချယ်လ်နဲ့ စတွေ့ကတည်းက သူငယ်ချင်းမဖြစ်ခင်ကတည်းက ဒီလောက် ဂဂျီဂဂျောင်နိုင်တာ...ခုလို ရည်းစားဘဝမှာတော့ စဉ်းစားသာကြည့်ကြပါတော့...။ သူဟာ..... ရေချယ်လ်စိတ်ကူးထားခဲ့ဖူးတဲ့ စံမပြည့်မှီပေမယ့်.... လူတစ်ယောက်ပီသတဲ့လူ.... အရာရာကို တာဝန်ယူစွမ်းနိုင်တဲ့ ယောက်င်္ကျား.... ပြီးတော့ အတွေးအခေါ် ကောင်းတဲ့ လူငယ်ကလေးတစ်ယောက်..... နူးညံ့သိမ်မွေ့ကြည်စင်တယ်.... အကြင်နာတရား လည်းရှိတယ်.... ဒီလောက်အရည်ချင်းနဲ့ ရေချယ်လ်ဘဝကို သူကောင်းကောင်း ကာကွယ်အုပ်မိုးပေးနိုင်မယ်လို့ ယုံကြည်ပြီး သူ့ကိုရွေးချယ်လိုက်ပါတယ်...။ တကယ်တမ်း ရေချယ်လ်တို့နှစ်ယောက်က လူနေမှုပုံစံလုံး၀ ကွဲပြားခြားနားနေတဲ့ သူနှစ်ယောက်....။ အကြိုက်ချင်းတူတာဆိုလို့ အနုပညာမြတ်နိုးတာပါပဲ.... ကျန်တာ ဝတ်တာစားတာ သွားတာလာတာတွေတွေ့ နှစ်ယောက်သားညှိယူရတာပေါ့....။ ရည်းစားဘဝမှာ သူက ဘာမလုပ်ရဘူး ညာမလုပ်ရဘူးဆိုပြီးတော့လဲ မချုပ်ချယ်ဘူး....။ ကိုယ့်ဘာသာကို အလိုအလျောက်နားလည်ပြီးသား ဖြစ်ရမယ်တဲ့....။ သူဘာတွေမကြိုက်တတ် သလဲဆိုတာ မပြောလဲ ရေချယ်လ်သိနေရမယ်ဆိုတာမျိုး....။

ရေချယ်လ်ထက်တစ်နှစ်တိတိကြီးပေမယ့် မသိရင် ဆယ်နှစ်လောက်ကြီးတယ်ထင်ရတယ်....။ အဲလို သူက လူကြီးသိပ်ဆန်တာ....။ အခါတိုင်းလိုမောင်နှမတွေ တရုန်းရုန်းနဲ့ ကလပ်သွားဖို့လား သူ့ဆီက ပါမစ်ရမယ် မထင်နဲ့... က..ချင်ရင်ပြောတဲ့ အိမ်မှာ သူသီချင်းနားထောင်တဲ့ အခန်းသီးသန့်လုပ်ထားတယ် အသံက ဝူဖါနဲ့ဆိုတော့ ကလပ်ထဲကအတိုင်းပဲတဲ့.... အဲဒီမှာလာက သူ ဒီဂျေတောင်လုပ်ပေးမယ်တဲ့လေ....။ မောင်နှမတွေ ကတော့ သွားခါနီး ရေချယ်လ်ကျန်ရစ်ခဲ့ရင် သနားပါတယ်ဆိုတဲ့ အကြည့်နဲ့ စနောက်သွားတတ်ပါသေး....။ ဘယ်တတ်နိုင်မလဲ... သူ့ကိုရွေးချယ်ထားပြီမို့ သူ့စည်းမျဉ်းအတိုင်းလိုက်နာရမှာပေါ့....။ ရေချယ့်လ် ဖေဖေဆို သူ့ကိုသိပ်သဘောကျတာ... ဖေဖေကပြောသေးတယ်...ဒီကလေးမလေး မောင်နေမျိုးဇော်နဲ့တွေ့မှပဲ အပိုးကျိုး တော့တယ်တဲ့...။ ဟွန်းးး ရေချယ်လ်က ဖေဖေပြောသလောက်လဲ မဆိုးသေးပါဘူး....။ လူငယ်သဘာ၀ ပျော်ချင်တာပဲရှိတာ ကျန်တာတော့ စည်းကမ်းရှိပါတယ်...။ ပြောရဦးမယ် ရေချယ်လ်ကိုသူက တခါတလေ စိတ်လိုလက်ရရှိရင် “မေ”လို့ တစ်လုံးတည်းအဖျားဆွတ် ခေါ်တတ်တယ်..။ ရေချယ်လ်ကတော့ သူ့ကို “ဇော်”လို့ တစ်လုံးတည်းခေါ်တဲ့အခါကျတော့ သူက ရှက်ကိုးရှက်ကန်းဖြစ်တတ်သေးတယ်...။ ဒီလိုနဲ့ သူနိုင်ငံခြားထွက်မယ့် ရက်ကနီးနီးလာတယ်...။ ခွဲရမယ့်ရက်နီးလို့သမို့... ဒီရက်ပိုင်းလေးမှာ သူရေချယ်လ်ကို ဆက်ဆံပြောဆိုတာတွေ နူးနူးညံ့ရှိလှပါတယ်....။ သူက သူ့စိတ်ထဲက ပုံရိပ်တွေကို ထုတ်ပြရမှာ အင်မတန်ဝန်လေးတတ်တဲ့ လူငယ်တစ်ယောက်ဆိုတာ သူနဲ့အနီးကပ် ကျမှ ရေချယ်လ်ပိုသိသိလာရတယ်...။

သူနိုင်ငံခြားထွက်ခါနီးတော့ သူငယ်ချင်းတွေနဲ့ gathering လုပ်ချင်တယ်ဆိုပြီး သူနဲ့လဲသူငယ်ချင်းဖြစ်တဲ့ ရေချယ်လ်အစ်ကိုဝမ်းကွဲ တစ်ယောက်ကိုစီစဉ်ခိုင်းပါတယ်...။ ထုံးစံအတိုင်းပေါ့ ရေချယ့်လ်အစ်ကို ကိုမှသွားလုပ်ခိုင်းတော့ ဒင်နာတစ်ခုလုပ်မယ် ပြီးရင် ကလပ်ဆက်သွားမယ် အစီစဉ်ကတွဲလျက်ပါပြီးသား...... ကဲ... ကိုနေမျိုးဇော်...ခင်ဗျားဘာပြောချင်သေးလဲ....။ သူငယ်ချင်းလည်းဟုတ် ယောက်ဖလောင်းလဲ ဖြစ်နေတော့... ဒီတစ်ခါလေးပဲ သွားလိုက်ပါ့မယ်လို့ သူဖြည့်တွေးပုံရတယ် ဘာမှထပ်မပြောပါဘူး...။ ရေချယ်လ်ရယ်...သူရယ် မောင်နှမတွေရယ် သူငယ်ချင်းအားလုံးပေါင်း ဆယ့်နှစ်ယောက်ရှိတယ်...။ အင်အားကတော့ တောင့်ပြီးသား...။ ရေချယ်လ်တို့ အကင်နဲ့ဟော့ပေါ့ဘူဖေးဆိုင်မှာ သွားစားကြတယ်...။ အုပ်စုကတောင့်တော့ စားကြသောက်ကြပျော်စရာကြီးပေါ့...။ အစ်ကိုက ဝိုင်ခွက်လှမ်းပေးတော့ သူကကြည့်နေတယ်...။ ရေချယ်လ်ကိုမျက်လုံးနဲ့စကားပြောသွားတယ် မသောက်နဲ့ပေါ့...။ အစ်ကိုက သဘောပေါက်ပြီးသား သူ့ကိုစချင်လို့ သက်သက်လုပ်ပြနေတာ...။ ရေချယ်လ်လဲ ခွက်ကိုရှေ့ချပြီး သူ့ကိုမကြည့်ဘဲ စားစရာရှိတာစားနေလိုက်တယ်...။ သူက ပုဇွန်ထုပ်ကင်ကို အခွံခွာပြီး ရေချယ့်လ်ကိုထည့်ပေးတယ်...။ ကျန်တဲ့ သူငယ်ချင်းတွေက မေးငေါ့ပြီး မျက်စပစ်နေကြတယ်...။


“ဇော်လဲ စားလေ....မေဦး ကိုယ့်ဘာသာကိုယ်ခွာစားပါ့မယ်”



ရေချယ်လ် သူ့နားကပ်ပြီး ခပ်တိုးတိုးပြောလိုက်တယ်....။ သူကရေချယ်လ်ကိုကြည့်ပြီး ရှေ့နားကတစ်ရှုးဗူးထဲက စက္ကူကိုဆွဲထုတ်လိုက်တယ်...ပြီးတော့ ရေချယ်လ်နှုတ်ခမ်းမှာ ဆော့စ်တွေပေနေတာကို တယုတယသုတ်ပေး လိုက်တာ့ ကျန်တဲ့ သူတွေအားလုံးက ဟေးးးခနဲအော်ဟစ်စကြပြန်ရော... အဲဒါနဲ့ ဆိုင်မှာ ဆူညံပြီး ပွဲစည်သွားတယ်..။ နှစ်ယောက်သားချစ်နေကြတာ ချစ်နေကြတာ တဲ့လေ...။



“မေ...ဝိုင်သောက်ချင်ရင်သောက်လေ” တဲ့....


အလဲ့... စိတ်ကောင်းဝင်နေတာ...။ ဒါပေမယ့် ရေချယ်လ်မသောက်ပါဘူး အထူးသဖြင့် ဒီည သူ့ကို ပိုပြီးစိတ်ချမ်းသာစေချင်တယ် သူသွားခါနီးလာခါနီး စိတ်မခုစေချင်ဘူး..။



“ဟင့်အင်း...မေဦးမသောက်တော့ဘူး ဒါတွေပဲ အဝစားတော့မယ်”
“လိမ်မာတယ်...ကလေးမလေး”



ရေချယ်လ်တို့ တိုးတိုး တိုးတိုးနဲ့ပြောနေကြတာကို ကျန်တဲ့ သူငယ်ချင်းတွေက မျက်စောင်းထိုးပြီး ပြောနေကြတယ်။ စားသောက်ပြီး ရေချယ်လ်တို့ အဖွဲ့ဝင်ထားတဲ့ ကလပ်ကိုပဲသွားလိုက်ကြတယ်...။ ဟိုရောက်တော့ လူနည်းနည်းရှိနေပြီ.... အကကြမ်းပြင်မှာသာ လူတစ်ယောက်မှမရှိသေးတာ ဒီဂျေကတော့ ခပ်မြူးမြူးသီချင်းကိုဖွင့်ထားဆဲ...။ မောင်နှမတွေက လာပြီးတောင်းဆိုကြတယ် ရေချယ်လ်နဲ့ သူ့ကိုတွဲကရမယ်တဲ့။ ဘုရားရေ... သူလုံးဝငြင်းမှာရေချယ်လ်သိနေတယ်... ဒီလိုနေရာထိလိုက်တာလာ ပေးတာတောင် ကျေးဇူးတင်ရမှာ...။ မောင်လေးကလဲ လာရစ်နေတယ်... ဒီတစ်ခါလေးပဲ မကရင် ကိုနေမျိုးဇော်ကို ယောက်ဖမတော်တော့ဘူးတဲ့...။ သူ့ခင်ဗျာဘာလုပ်ရမှန်းမသိ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေတယ်...။ ရေချယ်လ်ကိုလှည့်ကြည့်ပြီး စစ်ကူတောင်းနေတယ်..။ ရေချယ်လ်လည်းသူ့ကို မတတ်နိုင်ဘူးဆိုတဲ့ပုံစံနဲ့ ပခုံးတွန့်ပြတော့ သူမျက်နှာငယ်လေးပဲကျန်တော့တယ်...။



“ဘယ်လိုလုပ်မလဲ ကိုယ်မှမကတတ်တာကို မေ...ကူပြောပေးဦးလေ”


“မေဦးတွဲပြီးကပေးမယ် ဘာမှမကြောက်နဲ့”


ရေချယ်လ် သိပ်မကချင်ဘူးပေါ့လေ....ဆိုတဲ့အကြည့်နဲ့ သူကရန်တွေ့ချင်သေးတယ်...။ ဘေးက ဆယ်ယောက်လောက်က မကရင်ပဲထပြီး ဆူတော့မလို ပုံတွေပေါက်နေတော့ သူခေါင်းညိတ် လက်ခံလိုက်တယ်....။ ပျော်သွားလိုက်ကြတာ ဟေးးခနဲ ကလပ်ထဲမှာ သူတို့အသံက ဒီဂျေကို လွှမ်းသွားတယ်...။ အစ်ကိုက “မင်းတို့နှစ်ယောက်တွဲကလို့ကောင်းတဲ့ သီချင်းအေးအေးလေး ငါသွားဖွင့်ခိုင်းလိုက်ဦးမယ်” ဆိုပြီး ထွက်သွားရော...။


“ရှက်စရာကြီး ကိုယ်မကချင်ဘူး... မေ...ပဲ သူတို့နဲ့သွားကလိုက်လေ ကိုယ်ထိုင်ကြည့်မယ်”


ဒီမောင်နှမတွေပြောရင်ပြောတဲ့ အတိုင်းလုပ်တတ်တာသူသိသိလျက်နဲ့ ရမလားပြောကြည့်သေးတယ်...။ ခဏနေတော့ သီချင်းအေးအေးလေးထွက်လာတယ်...။ သူတို့နှစ်ယောက်ကို အကကြမ်းပြင်ပေါ် အတင်းဆွဲခေါ်သွားတာခံလိုက်ရတယ်...။ နောက်တခြားသူတွေလည်း သူ့အတွဲနဲ့သူ ကဖို့ဝင်ဝင်လာကြတယ်...။ သူကတစ်ခါမှ မကဖူးပေမယ့် သိပ်တော့ တောင့်မနေပါ... ရေချယ်သူ့ညာဘက်လက်ကို ရေချယ်လ်ခါးကိုကိုင်ခိုင်း ဘယ်ဘက်လက်ကိုတော့ ရေချယ်လ်ညာလက်နဲ့ ဆုတ်ကိုင်ထားပြီး ခြေလှမ်းတွေကို ရှေ့တိုးနောက်ဆုတ် တက်မနင်းမိအောင်ပြောပြတော့ သူတခဏလေးနဲ့ ကတတ်သွားတယ်..။ သိပ်မသင်ရဘူးပဲ ...သူ့ဆီမှာ ဒီလောက်တတ်လွယ်တဲ့ တဲလင့်ရှိလိမ့်မယ်လို့တောင်ထင်မထားတာ...။


“ဇော်မဆိုးဘူး အကသင်ပေးတာ တတ်မြန်တယ် ဒါနဲ့များ”

“ဟာ... ကိုယ်...ကသာ...ကနေရတာ ခြေထောက်တက်မနင်းအောင် မနည်းထိန်းနေရတယ်”

“အဲဒီမှာ အာရုံသိပ်ထည့်မထားနဲ့ မေဦးနဲ့စကားပြောရင်း ပုံမှန်လေး စည်းချက်လေးအတိုင်းပဲကနေ စိတ်ကိုတင်းမထားနဲ့ လွတ်လွတ်လပ်လပ်လေးထား နောက်ဆို ဇော် ကျင့်သားရသွားလိမ့်မယ်”

“ဟယ်................”

“ဘာဖြစ်လို့လဲ မေ...မေဘာဖြစ်လို့လဲ”


ရေချယ်လ်က သူ့ပခုံးပေါ်မေးတင်ရင်း အနောက်ဘက်ကအတွဲကိုလှမ်းမြင်ပြီး တအံံ့တသြနဲ့ အာမေဋိတ်သံ ထွက်သွားတယ်...။


“မေဦးတို့ အနောက်ဘက်က အတွဲကိုပြီးရင် ဇော်ကြည့်ကြည့်သိလား မေဦး လှည့်လိုက်မယ်”


နောက်က နိုင်ငံခြားသားတစ်ယောက်နဲ့တွဲကနေတဲ့ ခပ်ငယ်ငယ်ကောင်မလေး တစ်ယောက် ရုပ်လေးက မဆိုးပါဘူး...ခပ်သန့်သန့်ထဲကပဲ..။


“ ကြည့်ပြီးပြီလား ”

“အင်း... ဘယ်သူလဲ မေနဲ့သိလို့လား”

“အဲဒါ မေဦးတို့ သွားပြီးအလှူလုပ်နေတဲ့ မိဘမဲ့ကျောင်းကကောင်မလေးလေ”

“ဟုတ်လား ဘယ်လိုဖြစ်ပြီး ဒီထဲရောက်နေလဲ”
“မေဦးတို့ ထိုင်ခုံနားပြန်သွားရအောင် ပြီးမှပြောပြမယ်”


ရေချယ်လ်တို့ သွားနေကျ မိဘမဲ့ကျောင်းက ရေချယ်လ်ကောင်းကောင်းမှတ်မိတာပေါ့ သူတို့က ညီအမနှစ်ယောက်ရှိတယ် ဥပဒေဒုတိယနှစ်တက်နေကြတာ... ဂျူလီယာနဲ့ အေမီတဲ့....။ ခုတစ်ယောက်က အငယ်မလေး ဂျူလီယာပါ...။ သူ့ကိုပြောပြတော့ သူကတအံ့တသြနဲ့ လှမ်းကြည့်နေတယ်...။ ဝတ်ထားတော့လန်ထွက်နေတာပဲ ပေါင်လည်လောက်ထိတိုတဲ့ အနက်ရောင်ဂါဝန်လေး ။ ကြည့်ရတာ ကောင်မလေး မိဘမဲ့ကျောင်းမှာ မနေတော့ဘူးထင်ရဲ့...။ ဒီလိုနေရာမျိုးကို မိဘမဲ့ကျောင်းမှာ နေတဲ့သူမျိုး ဘယ်လိုမှ ရောက်လာဖို့မှမရှိတာ..။


“အဲဒါပြောတာပေါ မေ့ကို ဒီလိုနေရာမျိုးမလာစေချင်ဘူးဆိုတာ အဲလို အတန်းစားတွေနဲ့ရောပြီး အထင်ခံမှာစိုးလို့”

“ဇော့် စေတနာကို မေဦးနားလည်ပါတယ်...”

နောက်တော့ ရေချယ်လ်တို့မောင်နှမတွေဝိုင်းဆီ ပြန်ရောက်လာပြီး ဂျူလီယာကိုအကဝိုင်းထဲမှာ တွေ့လိုက်တဲ့အကြောင်းပြောကြပြန်တယ်....။ ရေချယ်လ်သူ့ကိုစကားသွားပြောချင်တယ်... ဒီလိုလမ်းမျိုးကို ဘာလို့ရွေးချယ်ခဲ့သလဲ သိချင်နေမိတယ်... ပြီးတော့လမ်းမှန်ရောက်အောင်လဲ ကူညီဖျောင်းဖျပေးချင်တယ်...။


“မေကလဲ အဲလိုသွားပြောရင် သူ့ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်သလိုဖြစ်နေမှာပေါ့ နောက်မှာ အဲဒီကျောင်းကို ရောက်ရင် အကျိုးအကြောင်းမေးကြည့်ပေါ့”






တကယ်တမ်း သူ့ကိုလေယာဉ်ကွင်းလိုက်ပို့တဲ့ နေ့ကျတော့ ရေချယ်လ်မထိန်းနိုင်ဘဲ ငိုချလိုက်တယ်...။ ခရီးသွားခါနီး သူ့ကိုရေချယ်လ် စိတ်မချမဖြစ်စေချင်ပါဘူး..။ ဒါပေမယ့် မျက်ရည်က ဘယ်လိုမှထိန်းမရတော့ဘူး။ သူရေချယ်လ်ပါးပြင်ပေါ်က မျက်ရည်တွေကို တယုတယသုတ်ပေးနေတယ်...။


“ကလေးလဲမဟုတ်ဘဲနဲ့ ရှက်စရာကြီး သူများတွေဝိုင်းကြည့်ကုန်ပြီ”


ငိုနေတဲ့ ရေချယ်လ်ကမရှက်ရဘဲ...သူကပြန်ရှက်နေသေးတယ်....။ ဟိုမှာသူ တစ်နှစ်ကျော်လောက်နေရမှာ... ဒီကြားထဲ အွန်လိုင်းပေါ်ကနေတော့ အဆက်အသွယ်အမြဲလုပ်နေမှာပါ....။ လေယာဉ်တက်သွားတဲ့ အချိန်ထိ ရေချယ်လ်မမှိတ်မသုန်ကြည့်နေမိတယ်...။ နောက်က ညီမလေးလက်လာဆွဲခေါ်တော့မှာ သတိပြန်ဝင်လာမိတယ်....။ မေဦးကို အကြာကြီးခွဲမသွားပါနဲ့နော်.....မေဦးနဲ့ဇော် အတူကတဲ့ပုံရိပ်လေးကို ပြန်မြင်ယောင်ပြီး အဖြူဆွတ်ဆွတ်တီရှပ်ပေါ်မှာ ဒီဇိုင်းလုပ်ပြီးတဲ့ တစ်နေ့ကျရင် ပါဆယ်ထုပ်နဲ့ ပို့ပေးလိုက်ပါ့မယ်......။


မိုးငွေ့

Saturday, 5 February 2011

ညရောင်ရဲ့ကကွက် (၂).....




အဲဒီညက မီရှယ်လ်မွေးနေ့ကို ကော်ဖီဆိုင်တစ်ခုမှာဖိတ်ထားလို့ မလာရင်သေခန်းဖျက်မယ် ဘာမယ်နဲ့ ချိန်းခြောက်ထားပြန်တော့ ရေချယ်လ်လဲ လူမှုရေးပွဲတစ်ခုကနေ ညီမတစ်ယောက်နဲ့အတူ အပြေးလွှား ရောက်လာရတယ်...။ ရောက်လာတော့လဲ ဝိုင်းရယ်ကြသေး...။


“ရေချယ်လ်တို့ကတော့ ဖက်ရှင်အဆန်းထွင်လာပြန်ပြီ”တဲ့...


ဟုတ်မှာပေါ့ ပြောကြမှာပဲလေ...ခုလို ဆယ်ကျော်သက်မွေးနေ့ပွဲလေးမှာ ရေချယ်လ်အပြင်အဆင်က ဘုရားသွားကျောင်းတက်စတိုင်လ်ပေါက်နေတာကိုး... ဆင်စွယ်ရောင် ချည်သားလက်တိုရင်ဖုံးအကျီၤနဲ့ အညိုခံမှာ အစက်ပျောက် သေးသေးလေးတွေပါတဲ့ ရေခဲသားထမီအပျော့ကလေးဝတ်ထားတာ....။ လှည်းကူးဘက်မှာ ရေချယ်လ်တို့မောင်နှမတွေဦးစီးပြီး မိဘမဲ့ကလေးကျောင်းလေးတစ်ခုမှာ ရံပုံငွေပွဲလေးတစ်ခုလုပ်တာ.... မောင်နှမတွေရဲ့ ဆိုင်ရာဆိုင်ရာသူငယ်ချင်းတွေ အသိမိဆွေတွေအတော်များများလည်း လူအားရော ငွေအားရော လာရောက်ကူညီပေးကြပါတယ်....။ အဲဒါနဲ့ အိမ်ပြန်အဝတ်စားလဲဖို့အချိန်မရတာနဲ့ တန်းလာလိုက်တာ...။

အဲဒီကော်ဖီဆိုင်မှာ ကိုယ်ကြိုက်တာကိုယ်မှာစားပြီး သီချင်းဆိုဖို့ ကာရာအိုကေခန်းတွေယူထားလိုက်သေး... ရေချယ်လ်ကတော့ ယိုးဒယားစာစပ်စပ်ကလေးတွေပဲမှာစားလိုက်တယ်...။ မွေးနေ့ရှင်က ဘလက်သောက်မလား ဗိုကာသောက်မလားဆိုတော့...ဗိုကာကို စပရိုက်နဲ့စပ်ပြီးသောက်လိုက်တယ်...။ သိပ်ပြီး အဝင်မကောင်းလှဘူး...။
ဒါနဲ့စားသောက်ပြီး တစ်ယောက်တစ်ပေါက်ပြောရာကနေ ဒီမှာ သီချင်းမဆိုတော့ဘူး ကလပ်သွားကြမယ် ဖြစ်သွားေ့ရာ...။ မလိုက်တော့ဘူးအတင်းငြင်းလည်း မရ... ခါတိုင်းမောင်နှမတွေနဲ့သွားနေကျ ခုက မောင်လေးတွေလည်းမပါဘူး...။ ပြီးတော့ ထမီနဲ့ ကလပ်သွားရဦးမယ်...။ နောက်ဆုံးငြင်းမရတာနဲ့ လိုက်သွားလိုက်ရတယ်...။ ဟိုရောက်တော့ သူများကတာထိုင်ကြည့်ပေါ့တဲ့...။ တစ်ယောက်ကလည်း သူ့အိမ်ဒီနားမှာပဲ ဘောင်းဘီဝင်လဲမလားတဲ့...။ ဟင့်အင်း...အဲလိုကျတော့လည်း သူများအဝတ်မဝတ်တတ်ဘူး..။ ဒီတိုင်းပဲသွားဖို့ဆုံးဖြတ်လိုက်တယ်...။

ရေချယ်လ်နဲ့ပါလာတဲ့ ညီမကလဲစကပ်ဝတ်ထားမို့ သူက အကသရဲ... အသံကြားတာနဲ့ မီးတွေပြိုးပြိုးပြက်ပြက် တွေ့ဒါနဲ့ လူကမနေနိုင်တော့ဘူး လှုပ်ရွလာရော...။ ဝိုင်းမှာခဏပဲထိုင်ပြီး သူက အကကြမ်းပြင်ပေါ်ရောက်နေပြီ...။ ဆယ်ယောက်တစ်ဖွဲ့လုံးမှာ ရေချယ်လ်တစ်ယောက်ထဲ ဝိုင်းစောင့်ဖြစ်သွားတယ်...။ အင်းလေ...ထမီနဲ့ ဘယ်လိုဝင်ကလို့ဖြစ်မလဲ..။ ပျင်းပျင်းနဲ့ သူတို့ကတာကြည့် သီချင်းတွေလိုက်ညည်း.....ဖွင့်ထားတဲ့ ဝိုင်ပုလင်းထိုင်သောက် အဲဒါပဲလုပ်ရတော့တာပေါ့....။ ဒီညတော့ နိုင်ငံခြားသားတွေများတယ်....။ ခဏနေတော့ ကောင်လေးတွေတစ်စု ရေချယ်လ်တို့ဝိုင်းနားရောက်လာကြတယ် ။ ပထမတော့ သတိမထားမိဘူး...သူတို့ချင်း ကျွတ်စီကျွတ်စီနဲ့ပြောနေကြတာ...။ နောက်တော့ အလျှိုအလျှိုနဲ့ သွားကကြတယ်...။ အမှောင်ထဲမှာ “ကျွတ်”ခနဲ ညည်းသံကြားမှ တစ်ယောက်ကျန်ခဲ့မှန်း သိလိုက်တယ်...။ ရေချယ်လ်ကြည့်လိုက်တာ့... မျက်မှန်သေးသေးနဲ့ ကောင်လေးတစ်ယောက် ...။ ဟားးးး လာတူနေတယ်.....ထူးထူးဆန်းဆန်း...သူကလဲ ရှပ်အကီၤျၤအဖြူနဲ့ အောက်ကလဲ ပုဆိုးဝတ်ထားတယ်...။ အမှောင်ထဲမှာမို့ ဘာအဆင်ဝတ်ထားသလဲ မသိရဘူး...။

ရေချယ်လ်ထိုင်တဲ့ခုံနဲ့ သူထိုင်တဲ့ခုံက နံရံကပ်တစ်တန်းတည်း... လူနှစ်ယောက်ထိုင်စာအကွာပဲဝေးကြတယ်...။
သူက သူ့ရှေ့က ရေသန့်ကို ခွက်ထဲထည့်ပြီး ရေချယ်လ်သူ့ကိုကြည့်လိုက်တာကို ခြေမကိုင်မိလက်မကိုင်မ ိဖြစ်နေတယ်..။ သူကတော့ ရေချယ်လ်ထမီဝတ်ထားတာကို သတိထားမိမယ်မထင်ဘူး..။ ရှက်ရှက်နဲ့ခေါင်းငုံ့ နေတယ်...။ စိတ်ထဲ နည်းနည်းတော့ ရယ်ချင်မိသွားတယ် ကြံကြံဖန်ဖန် ဒီလိုလဲ ကြုံတတ် သေးတယ်...။ သူတို့နှစ်ယောက်က ဘဝတူတွေ... ကြည့်ရတာသူလဲ သူငယ်ချင်းတစ်ယောက်ယောက် ချောက်တွန်းတာ ခံလာရပုံပဲ...။

“ရှင်နဲ့ ကျမ ဘဝတူနေပြီ”


ရေချယ်လ်ဝိုင်တစ်ငုံသောက်ပြီး လှမ်းပြောတော့ သူက သူ့ကိုပြောသလားဘာလားမသေချာသေး... မျက်မှန်အောက်ကနေပြူးကြည့်နေသေးတယ်...။ ဝိုင်ခွက်နဲ့သူ့ကိုထိုးပြတော့မှ....။


“ဟုတ်တယ်ဗျ...သူငယ်ချင်းတွေဇွတ်ခေါ်လာလို့... ကျနော်က ဒီလိုနေရာမျိုးသိပ်ကြိုက်တာမဟုတ်ဘူး...
ပြီးတော့ မိန်းကလေးတွေ ယမကာသောက်တာလဲ ကြည့်မရဘူး”


ခုမှတွေ့တဲ့သူစိမ်းယောက်ကျားတစ်ယောက် သူမကို ဒဲ့ပြောတာခံရတော့ ရေချယ့်လ်ခင်ဗျာ ဘာပြန်ပြောရမှန်းမသိ... ပါးစပ်အဟောင်းသားဖြစ်သွားတယ်...။ ဟွန်းးး ဘယ်လို ဘုကလန့်ကောင်လေးပါလိမ့် စကားပြောပုံကိုက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကလေသံနဲ့...။ ရေချယ်လ် အောင့်သက်သက်နဲ့ စကား ဆက်မပြောတော့ဘဲ... သူငယ်ချင်းတွေကရာဆီကြည့်နေလိုက်တယ်...။


“နေပါဦး ခင်ဗျားဝတ်စားဆင်ယင်ပုံက ရိုးပုံရိုးအနဲ့ ဘယ့်နှယ့် ဒီလိုနေရာမျိုးရောက်နေတာလဲ”


ဟောကြည့်...သူနဲ့စကားမပြောချင်ပါဘူးဆိုမှ ကိုယ်တော်ချောက စကားလာဆက်နေတယ်...။


“ရှင်နဲ့ အတူတူပဲဆိုပါတော့...”


“ဒါပေမယ့်လည်း ရိုးတယ်လို့လဲ မဆိုသာဘူး ခင်ဗျားက မိန်းကလေးတန်မဲ့ ဝိုင်လဲသောက်တတ်သေး”


ရော်....ခက်ပြီ.....။ အဲဒီတော့ ဘာဖြစ်လဲ မိန်ကလေး ဝိုင်သောက်တာဘာဆန်းလဲ ဒီခေတ်ထဲမှာ...။ ဒီကောင်လေး ဘယ်ခေတ်ကလာသလဲ မေးချင်စမ်းရဲ့...။ ကလပ်မှာလာထိုင်သေး ...မိန်ကလေးဝိုင်သောက်တာ သူ့အတွက် အထူးအဆန်းဖြစ်နေသလား...။ ပုံစံကြည့်တော့ ရေချယ်လ်နဲ့ ရွယ်တူလောက်ပါပဲ...အလွန်ဆုံးကြီးလဲ လပိုင်းပေါ့...။ ရေချယ်လ်ခပ်မဲ့မဲ့လေး လက်ပိုက်နေလိုက်တယ်....။ ဒီတော့ သူက အသံထွက်အောင် ရယ်လိုက်သေး...။ မသိရင် ရေချယ်လ်နဲ့သူ ငယ်ငယ်ကပေါင်းလာတဲ့ သူငယ်ချင်းကျနေတာပဲ...။


“ ဘာလဲ ခင်ဗျားက ကျနော် အမှန်တိုင်းပြောတာကို စိတ်ခုသွားတာလား”...တဲ့


ဒီလူငယ်လေး မှုန်ကုတ်ကုတ်နဲ့ စတတ်နောက်တတ်သေးတာပဲ...။


“ကျနော့်နာမည် နေမျိုးဇော်ပါ...ခင်ဗျားကရော”


ရေချယ်လ်သူ့ကိုလှည့်ကြည့်တော့ သူကလက်ကမ်းပေးနေတယ်...။ အလဲ့...ဒီလိုကျတော့ သူကလူမှုရေး မညံ့ဘူးပဲ။ တခဏအတွင်းမှာ ရေချယ်လ်နဲ့သူ အချင်းချင်းအကဲခတ်မိနေကြတယ်..။ ရေချယ်လ် ပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်တယ်...။

“ မေဦးပါ... သူငယ်ချင်းတွေတော့ ရေချယ်လ်လို့ခေါ်တာများတယ်”


မိုးငွေ့

Thursday, 3 February 2011

ညရောင်ရဲ့ ကကွက် အပိုင်း(၁)




အက ကြမ်းပြင်ပေါ်မှာ လေးလက်မလောက်မြင့်တဲ့ pencil heel ဖိနပ်က ရေချယ်လ် ကိုယ်ခန္ဓာနွ့ဲ့နွဲ့ကို လှလှပပ ထိန်းပေးနေတယ်...။ မောင်လေးက ခဏနားရအောင်ဆိုပြီး ရေချယ်လ်ကို လာခေါ်သွားတယ်...။ စောစောက စပေါ့လိုက် နီယွန်မီးအစိမ်းတွေ အနီတွေက တီးလုံးနဲ့အလိုက် စည်းချက်ညီညီ အကကြမ်းပြင်ပေါ် ရှုပ်ရှက်ခတ်နေတာတောင်မှ မူးနောက်မနေဘဲ.... ထိုင်ခုံရှိရာဆီသွားတော့မှ ခြေလှမ်းတွေယိမ်းယိုင်နေတယ်..။ သေချာတယ် ရေချယ်လ်သောက်လိုက်တာ ငါးခွက်ထက်မနည်းဘူးဆိုတာ...။

အမှန်တော့ ဒီညက အမျိုးတစ်ယောက်လက်ထပ်ပွဲ ညနေဒင်နာကျွေးတာပါ...။ အမျိုးဆိုပေမယ့် နည်းနည်းတော့ ဝေးပါတယ်... ဒါပေမယ့် လူချင်းတော့ ရင်းရင်းနီးနီးရှိပါတယ်...။ ပွဲတစ်ခုလုံးမှာရေချယ်လ်တို့ အဒေါ်နဲ့ မောင်နှမတွေရှိတဲ့ ဝိုင်းနှစ်ဝိုင်းပဲ...စည်ကားဆူညံနေတယ်...။ တခြားဝိုင်းကလူတွေတောင် ကွက်ကြည့် ကွက်ကြည့် လုပ်နေကြတယ်..။ ကြည့်ပါပြီကော...ပွဲစလို့ ဟင်းပွဲတွေမလာသေးဘူး ငါးမုန့်ကြော်နဲ့ သီဟိုစေ့လှော် နဲ့မြည်းလိုက်ကြတာ...လာချပေးတဲ့ Black Label ပုလင်းက တစ်ဝက်ကျိုးချင်နေပြီ..။ ဒင်နာပြီးတော့ ကလပ်ဆက်သွားကြမယ်ဆိုပြီး ကလပ်ကိုဘယ်လိုရောက်လို့ရောက်သွားမှန်း ရေချယ်လ် သတိရတချက် မရတချက်ပါပဲ...။ မှတ်မိလိုက်တာတော့ ကလပ်ဝင်ဝင်ချင်း ဆိုဖာပေါ်မှာ ပစ်လှဲထိုင်ချ လိုက်တာပဲ...။ နောက်တော့ အကဝိုင်းထဲရောက်သွားကြတယ်... ဒီလိုကျတော့လဲ ယိုင်နဲ့နဲ့ ခြေထောက်တွေက စည်းချက်နဲ့အတူ ကကွက်ထဲနစ်ဝင်လို့...။

ဝိုင်းရှိရာဆီရောက်တော့ ခုံအမြင့်အဝိုင်းပေါ်ထိုင်ချတာ ယိုင်နဲ့နဲ့ဖြစ်နေလို့ မောင်လေးကလှမ်းထိန်းပေး လိုက်တယ်...။ ရေချယ်လ်တို့ကလပ်လာတာ ဘာအနှောက်အယှက်မှ ကြောက်စရာမလို တစ်ဝမ်းကွဲမောင်တွေက လေးယောက်ပါတယ်... ညီမကသုံးယောက် အန်ကယ်က နှစ်ယောက် အန်တီက တစ်တယောက်... လူအင်အားကတောင့်ပြီးသား ဘေးမှာ ထိန်းပေးမယ့်သူတွေက အဆင်သင့်........။ ရေချယ်လ်တို့ စကတော့ လူတွေသိပ်တောင်မရှိသေးဘူး.... တဖြေးဖြေးညဉ့်နက်လာမှ ကောင်လေးတွေ ကောင်မလေးတွေ တဖွဲဖွဲရောက်လာကြတာ...။ သီချင်းဆိုတာ ကတာတော့ ရေချယ်လ်တို့မောင်နှမတွေက ဝါသနာပါပြီးသား အင်း....ပါရမီလည်းပါတယ် ပြောရမယ်...။ အဲဒါတွေတတ်တာ ဘယ်မှာမှသင်ခဲ့လို့မဟုတ်ဘူး...။ ဒီလိုပဲ အိမ်မှာ ခွေတွေငှားကြည့်ရင်းနဲ့တတ်တာ...။ ရေချယ်လ့်အကြိုက်ဆုံးအကခွေကတော့ ဂျက်ဆီကာ အယ်လ်ဘာ သရုပ်ဆောင်ထားတဲ့ “Honey” ဆိုတဲ့ဇာတ်လမ်းလေးပဲ...။ အဲဒီကားထဲက ကကွက်တွေကို အိမ်မှာဖွင့်ကြည့်ရင်းနဲ့လည်း လိုက်ကလိုက်တာပဲ...။ “Honey” ထဲက ဂျက်ဆီကာရဲ့ စတိုင်လ်ကိုလဲ ရေချယ်လ်သိပ်သဘောကျတယ်...။ ပြီးတော့ ရေချယ်လ်အမြဲကြည့်ဖြစ်တဲ့ကားထဲမှာ “Shall We Dance” လဲပါတယ်...။

အာခေါင်ခြောက်လာလို့ ရေသန့်ဗူးကိုမော့ချလိုက်တယ်...။ မောင်လေးက လာဖက်ထားပြီး ရသေးရဲ့လားလို့ မေးတယ်... ရေချယ်လ်လက်ကာပြလိုက်တော့ အကကြမ်းပြင်ဆီသူပြန်သွားလိုက်တယ်... ။ အန်ကယ်လေးတို့က ဝိုင်သောက်ပြီး အကဝိုင်းတွေဆီ ကြည့်နေကြတယ်...။ ခဏလောက်မှေးလိုက်ရင်ကောင်းမယ်...။ နံရံကိုမှီရင်း ရေချယ်လ် ကနေတဲ့သူတွေကိုကြည့်လိုက်တယ်...။ စကပ်တိုတို မြီးကောင်ပေါက်မလေးတွေ မြူးထူးစွာ ကခုန်နေကြတယ်...ဒီကလပ်က Class တော့ရှိတယ်...တေလေဂျပိုးတွေ သိပ်လာလေ့မရှိဘူး...။ ပြီးတော့ ဝိုင်းတိုင်းမှာ ဘောဒီခပ်တောင့်တောင့်နဲ့ ဝိတ်တာတွေကိုထားပေးတယ်...။ ပြဿနာဖြစ်ရင် လူထိန်းနိုင်လောက်တဲ့ ကိုယ်ခံပညာကျွမ်းကျင်သူတွေကို လက်ရွေးစင်ခန့်ထားပုံရပါတယ်...။ များသောအားဖြင့် Stress သိပ်များသူတွေ ထွက်ပေါက်လာရှာတဲ့ သီးသန့်နေရာလေးလည်းဖြစ်တယ်...။ ကခုန်ပြီး ထွက်ပေါက်ရှာလိုသူတွေအတွက်ပေါ့...။ ရေချယ်လ်တို့မောင်နှမတွေက သီချင်းလည်းအဆိုကောင်းတာ့ တခါတလေဆို ကာရာအိုကေမှာသွားသွားဟစ်တတ်ကြတယ်...။

ရေချယ်လ်ခုလိုမူးနေချိန်မှာ တစ်ယောက်သောသူကိုတော့ သတိရမိပါရဲ့...။ သူကတော့ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာရောက်နေတဲ့ မိန်းကလေးတွေ အရက်၊ ဘီယာသောက်တာကို လုံးဝမနှစ်သက်လက်မခံနိုင်တဲ့ ကောင်လေးတစ်ယောက်ပေါ့...။ ခုခေတ်မှာတော့ ခပ်ရှားရှား လူငယ်လေးတစ်ယောက်ပေါ့..။ ခုချိန်ဆို သူကင်မရာတစ်လုံးနဲ့ မြို့အနှံ့ဓါတ်ပုံတွေ လျှောက်ရိုက်ပြီး အိမ်ပြန်ရောက်ချိန်ပေါ့...။ ကွန်ပျူတာဖွင့်ထားပြီး အနားမှာမရှိဘဲ ဟင်းချက်ချင်ချက်နေမယ် ဒါမှမဟုတ် သူ အိပ်ယာခင်းတွေလဲချင်လဲနေမယ်...။ အမှောင်ထဲ မျက်လုံးမှိတ်ထားလျက်က ရေချယ်လ်ပြုံးမိလိုက်သေး...။ ခုချိန်...ရေချယ်လ်သူ့ဆီဖုန်းခေါ်လိုက်ရင် သူဒေါကန်မှာ သေချာတယ်...။ ဘယ်လိုဖြစ်ပြီး ဆူညံနေတဲ့ ကလပ်ထဲကို ဒီချိန်ထိရှိနေသလဲ.... မိန်းကလေးဖြစ်ပြီး မိန်းမ...မပီသတာလောက်ကိုယ်မကြိုက်တာမရှိဘူး...စသဖြင့် သူ တစ်ဗစ်တောက်တောက်ပြောမှာ အမှန်ပင်..။ လူငယ်တစ်ယောက်ဖြစ်ပါလျက် ဒီကောင်လေးဟာ... အဖိုးအိုပေါက်စလိုပဲ... လူငယ်လုံးဝမဆန်ဘူး...။ တစ်ခါလောက်တော့ ဒီလူငယ်လေးနဲ့ တွဲကချင်သေးရဲ့...။

ဘာလို့ ကလပ်တက်ရင် ပျက်စီးပြီလို့ အသေတွက်ချက်ထားကြသလဲ... အင်းလေ...ယေဘူယျအားဖြင့်တော့ မှန်ပါတယ်...။ ဒါပေမယ့် အားလုံးကို ဝါးလုံးရှည်နဲ့တော့ မရမ်းသင့်ဘူးလို့ ရေချယ်လ်တော့ယူဆတယ်..။ တချို့ မိန်းကလေးတွေ အရက်သောက်၊ စီးကရက်သောက်ပြီး မူးရူးနေသောင်းကျန်းနေတာတွေ၊ စားဝတ်နေရေး အတွက် ခန္ဓာကိုယ်ကိုရင်းပြီး လှုပ်ရှားနေရသူတွေ၊ ဝါသနာအရရူးသွပ်လို့ လာပြီးကကြတာတွေ၊ စိတ်ထွက်ပေါက် လာရှာကြသူတွေ အမျိုးမျိုးအဖုံဖုံရှိကြပါတယ်...။ ရေချယ်လ်တို့မောင်နှမတစ်စုကတော့ ပျော်ချင်လို့ အကကို ဝါသနာပါလို့ကို လာလာဖြစ်နေကြတာပါ.....။


မိုးငွေ့

မှတ်ချက်။ ဒီဝတ္ထုတိုလေးဟာ ကျမရဲ့ “မိုးငွေ့နှင့်အတူ” ဘလော့ဂ်ကို အစအဆုံးဖန်တီးပေးခဲ့တဲ့ “ခေါင်”ရဲ့ အကြိုက်ဆုံး ဝတ္ထုတိုလေးဖြစ်လို့ ခုလိုမြန်မာပြည်ပြန်ရောက်လာတဲ့ Welcoming အမှတ်တရအနေနဲ့ ပြန်တင်လိုက်ခြင်းဖြစ်ပါတယ်...။

Tuesday, 1 February 2011

မိုးငွေ့ပြန်လာပြီ...


မိုးငွေ့ပြန်လာပြီဆိုပြီး....ဘယ်ကပြန်လာသလဲ မေးစရာရှိနေမယ်...။ မိုးငွေ့ဘယ်မှမသွားရကြောင်းပါ...။ ပြီးခဲ့တဲ့တစ်လလုံး အလုပ်တွေတော်တော်ရှုပ်နေတာနဲ့ အိမ်မှာ ချက်စားဖြစ်တဲ့ ဟင်းလေးတွေနဲ့ပဲ တင်ဖြစ်နေတာ...။ လာဖတ်တဲ့ သူငယ်ချင်းတွေတောင် အမမိုးငွေ့လိုင်းပြောင်းသွားပြီလားလို့မေးနေကြပြီ....။ ကိုယ်က ခရီးထွက်တာနဲ့ ကုမ္ပဏီကပစ္စည်းသစ်မိတ်ဆက်ပွဲအတွက် ဖက်ရှင်ရှိုးအတွက်အလုပ်ရှုပ် နေရတာနဲ့ တော်တော်မအားဘူး ဖြစ်သွားတယ်ကွယ်...။ Facebook ရဲ့ A21 Nex မှာသွားကြည့်လို့ရပါတယ်..။ အဟဲ တစ်ခါတည်းကြော်ငြာဝင်တာ...။

မောင်ဗညားကလဲ ရသစာလေးတွေရေးပါဦး.....မမိုးလို့ တောင်းဆိုတယ်...။ ကျမအကြမ်းရေးထားတာလေး တွေရှိပါတယ် အချောမသတ်ရသေးတာနဲ့ မတင်ဖြစ်တာပါ...။ ပြီးတော့ ကိုယ်က အက်ဆေးဖြစ်ဖြစ် ဝတ္ထုတိုဖြစ်ဖြစ်တင်ရင် ပုံကလေးတွေပါမှ ကြိုက်တာကိုး...။ ဒီတော့ ပုံတွေရှာရတာလဲ အချိန်ပေးရသေးတယ် ...။ ဒီကြားထဲ လိုင်းမကောင်းတာနဲ့ ဘာနဲ့ဆိုတော့ အကြောင်းကြောင်းကြောင့် ဟင်းခွက်တွေပဲ ကိုယ့်ဘလော့ဂ်မှာ ပြည့်သွားတယ်...။ ဒီလတော့ ချစ်သူများနေ့အတွက် အချစ်နဲ့ပတ်သက်တဲ့ လူငယ်ဆန်ဆန် ဝတ္ထုတိုလေးတွေ အက်ဆေးလေးတွေ ပိုရေးဖြစ်မယ်ထင်တယ်...။ အဲလိုတော့ စိတ်ကူးထားပါတယ်...။



Red Sexy ဆပ်ပြာရေမွှေးကောင်တာ


White Flora ဆပ်ပြာရေမွှေးကောင်တာ


Blu Jean ဆပ်ပြာရေမွှေးကောင်တာ


Pink Candy ဆပ်ပြာရေမွှေးကောင်တာ





ရှေ့ဆုံးက Brand Angel တွေဖြစ်ကြတဲ့ ပန်းရောင်အိချစ်၊ ဂျင်းအပြာ ခင်နန်းထိုက်၊ အနီရောင် အောန်ဆိုင်းနဲ့ အဖြူရောင် ဝင့်ဒါလီ အသိပေးပြီးလာရောက်အားပေးသူတွေရော တိတ်တဆိတ်နဲ့စာလာဖတ်သွားသူတွေကိုပါ ကျေးဇူးတင်ပါတယ်.....။

မိုးငွေ့