Showing posts with label လူမှုရေး. Show all posts
Showing posts with label လူမှုရေး. Show all posts

Wednesday, 3 November 2021

Lack Vs Abundance Mentality.....



စာရေးဆရာမ မွန်ဟော်စီကို ကျွန်မတစ်ခါတစ်လေ ကြည့်တဲ့ Soulmate ရဲ့ ဖေ့ဘုတ်မှာ friend ဖြစ်နေတဲ့ ညီမတစ်ယောက်က အမြဲလိုလို ဆရာမရဲ့ စာလေးတွေကို ရှယ်ထားတာတွေ့လို့ ဝင်ဝင်ဖတ်ကြည့်ရင်းနဲ့  အခုဆိုသူ့ကို Followed လုပ်ထားလိုက်တယ်....။ ဒီနေ့တွေ့လိုက်တဲ့ ဆရာမစာလေးကိုကြိုက်လို့ ကျွန်မ ဘလော့မှာပြန်မျှဝေချင်တာနဲ့ တင်ပေးလိုက်ပါတယ်...။ ဆရာမရဲ့ "ဆက်၍မပွင့်တော့သောနှင်းဆီများ" စာအုပ်အခုဖတ်နေတယ် ဖတ်ပြီးသွားရင် နဲနဲပါးပါးလာပြန်ပြောပြမယ်....။ 

Giving is the secret source of Abundance ဆိုတဲ့ အဆိုလေးရဲ့အဓိပ္ပါယ်ကိုကြိုက်လို့ ဒီစာလေးကို မျှဝေဖြစ်သွားတာပါ...။ ပြည့်စုံကြွယ်ဝခြင်းရဲ့ လျှို့ဝှက်ချက် အရင်းအမြစ်က ပေးကမ်းလှူဒါန်းခြင်းပါပဲတဲ့.....။ မရှိလို့မလှူ မလှူလို့မရှိဆိုတာ မြန်မာစကားမှာပဲရှိတယ်မှတ်တာ....။ သူတို့မှာလည်း အဲလိုရှိသားပဲ ယုံကြည်ကြသားပဲပေါ့...။ လောကမှာ အရချည်းပဲ လိုချင်တပ်မက်မှုပဲရှိပြီး ပေးကမ်းရမှာ တွန့်တိုတတ်တဲ့သူတွေ ကျွန်မအနီးနား ပတ်ဝန်းကျင်မှာ အများကြီးတွေ့ဖူးတယ်....။ ကျွန်မက ငယ်စဉ်ကလေးဘဝကတည်းက လိုချင်တပ်မက်စိတ်ထက် သူများကိုပေးကမ်းချင်တဲ့စိတ်အမြဲရှိခဲ့တယ်... အဲဒီမွေးရာပါစိတ်ကလေးရှိနေတာအတွက် ကိုယ့်ကိုယ်ကို အမြဲအားရကျေနပ်မိတယ် ခုချိန်ထိပဲ....။  ဒီစိတ်က ကျွန်မရဲ့ အားနည်းချက်မဟုတ်ဘူးနော် တချို့က အဲဒါကိုအားနည်းချက်လို့ထင်ပြီး နင်းချင်ကြတယ်....။ ကျွန်မက အားမနာတတ်ဘူး ကျွန်မတကယ်ပေးချင်တဲ့သူဆို အပြီးအပြတ်ပေးလိုက်တယ် အဲဒီအတွက် သူတို့ဆီက ဘာတပြားတချပ်မှ ပြန်ပြီးမမျှော်လင့်ဘူး...။ ကျွန်မဆီကနေ ချေးငှားတာလဲ လက်မခံပါဘူး ပေးချင်တဲ့စိတ်စေတနာတကယ်ရှိရင်ပေးလိုက်မယ် လှူလိုက်မယ် စိတ်ထဲမပါတဲ့အရာဆို မပေးဘူး မလှူဘူး....။ 

ကျွန်မ သဘောကျတဲ့ အဲဒီမွေးရာပါစိတ်ကလေးဟာ အဖေ့ဆီကရတာလား အမေ့ဆီကရတာလား အဖေက စောစောစီးစီး လူ့လောကထဲကထွက်သွားတော့ သူ့စိတ်နေစိတ်ထားကို သေချာမသိလိုက်ဘူး...။ ဒါပေမယ့် အဖေ့စိတ်ကလေးကိုအမွေရတာပိုဖြစ်နိုင်တယ်...ဘာလို့လဲဆိုတော့ ကျွန်မအမေက ဗီယက်နမ် ကွန်မြူနစ်ဝါဒီ သွေးထဲနဲနဲစီးနေတာမို့ အဲလိုပေးကမ်းလှူဒါန်းတာတွေမှာ မရေက်ရောတတ်ဘူး လက်တွန့်တယ် ဆိုပါစို့....။ ကိုယ့်အမေအတင်းတုတ်လိုက်ဦးမယ် သီတင်းကျွတ်ကန်တော့လို့ မုန့်ဖိုးပေးရင်တောင် ဒီလောက်ပေးတာ များသွားပြီလား ပေးရမလား မပေးရဘူးလား တွေဝေတွက်ချက်သေးတာ....။ ကျွန်မကျတော့ အဲလိုဆို မလိုချင်တော့ဘူးပေးလဲ....။ 

ဒါနဲ့ပြောရဦးမယ် ဒီနှစ် သီတင်းကျွတ်တော့ လူကြီးတွေကို မကန်တော့ခင် ကျွန်မကို ရုံးက နှစ်တိုင်းကန်တော့နေကျ ကလေးမလေးရှိတယ် သံတွဲကရခိုင်မလေး ...ဗိုင်ဘာကနေ လှမ်းကန်တော့တယ်....။ ကိုးဗစ်ဖြစ်တာနှစ်နှစ်ရှိပြီဆိုတော့ ခုကအွန်လိုင်းကပဲကန်တော့ကြတော့တာမဟုတ်လား...။ အဲကလေးမလေးက ခု ကလေးမွေးသွားပြီ သားလေးမွေးတယ် သူလှမ်းကန်တော့တုန်းက မမွေးသေးဘူး... အဲဒါ သူကပထမဆုံးပဲ ကျွန်မကို ကန်တော့တာ Kpay နဲ့ မုန့်ဖိုးပြန်လွှဲပေးလိုက်တယ်....။ နောက်တစ်ယောက်က ကျွန်မကို Series တွေ ကောင်းတာတွေ့ရင် လင့်ပို့ပေးတတ်တဲ့ Mr. Sun Shine လေး သူလဲ Instagram ကနေ လှမ်းကန်တော့လို့  Kpay နဲ့ မုန့်ဖိုးလွှဲပေးတော့ သူကပျော်လို့....။ ဟိုတစ်ခါသူ ကျွန်မကိုမုန့်ဝယ်ကျွေးထားသေးတာလေ....(ချင်းပြည်ထန်တလန်မှာ မီးလောင်လို့ အဲမုန့်ဖိုးတွေ အကုန်လှူလိုက်ပြီတဲ့ သူတို့ကကိုယ်လှူမှစားရမှာ ကျွန်တော်က ကိုယ့်ဘာသာမုန့်ဝယ်စားနိုင်တယ်)တဲ့...။ အို... တော်လိုက်တာ စိတ်ထားလေး ကောင်းလိုက်တာ သူတို့ Generation လေးတွေက စိတ်ဓါတ်ကောင်းလိုက်တာ ပေးကမ်းမျှဝေချင်တဲ့ စိတ်စေတနာတွေ သင်ပေးစရာမလို  ကိန်းအောင်းနေကြတာ တကယ်လေးစားရပါတယ်... ။  

အဲလို အပြန်အလှန် စေတနာ မေတ္တာတွေရဲ့ အကျိုးပေးကောင်းလို့လား မန္တလေးကအဒေါ်တစ်ယောက်ကို လှမ်းကန်တော့တာ သူက အကောင့်ထဲ မုန့်ဖိုးနှစ်သိန်းလွှဲပေးတယ်...။  ကျွန်မ မုန့်ဖိုးလိုချင်လို့ ကန်တော့တာမဟုတ်ဘူး တကယ် ဂါရဝထားလို့ တစ်ချိန်က သူ့အိမ်မှာ ထမင်းစားခဲ့ဖူးလို့ ကျေးဇူးသိတတ်တဲ့အနေနဲ့ ကန်တော့တာ မနှစ်ကတည်းက အဲအဒေါ်က မုန့်ဖိုးပေးချင်နေတာ ကျွန်မက ''ကန်တော့ခံအရွယ်ဖြစ်နေပြီ မုန့်ဖိုးမပေးပါနဲ့ရပါတယ်အန်တီ"လို့ ယဉ်ယဉ်ကျေးကျေးပဲငြင်းဆိုခဲ့တာပါ....။ ဒီနှစ်တော့ မငြင်းတော့ဘဲ လက်ခံလိုက်တယ်....။ အန်တီသက်ရှည်ကျန်းမာပါစေ.....(သီတင်းကျွတ်မဟုတ်လဲ ခါတိုင်း မန္တလေးရောက်တိုင်း အဲအဒေါ်ကို အမြဲဝင်ကန်တော့နေကျ....) သူက ကျွန်မတစ်ယောက်ထဲပေးတာပေမယ့် ကျွန်မက အိမ်မှာမောင်နှမလေးယောက်ရှိတာ တစ်ယောက်ငါးသောင်းဆီပြန်ဝေလိုက်ပါတယ်....။ အဲလိုမျှဝေချင်တဲ့ ကျွန်မရဲ့စိတ်ကလေးကို ကျွန်မချစ်တယ်....။ 

တစ်ခုတော့ရှိတယ် ကျွန်မက ပြတ်သားတယ် အဒေါ်ထဲမှာတောင် ကိုယ်ဂါရဝမထားနိုင်တဲ့ မလေးစားတဲ့သူဆို လုံးဝမကန်တော့ဘူး..... ။  ဉပမာ ဟိုနေကြာပန်းအဖွဲ့ထဲ တစ်သက်လုံးကျွန်ခံနေတဲ့သူတွေပေါ့ နိုးပဲ လုံးဝမကန်တော့ပါ....အဲဒါအပြင် ကိုးဗစ်ကာလမှာ နေကောင်းလား ဘာလား လူမှုရေးအရတောင် မလုပ်တာထိပဲ....။ ကြဉ်တယ်ဆိုတာ အဲလို ပြတ်သားတဲ့စိတ်ရှိမှရမှာ သူက ငါ့အမျိုးပဲ သနားပါတယ်လေဆိုပြီးလဲမရှိဘူးကျွန်မကတော့...။ မောင်နှမထဲ အမျိုးထဲတောင် ကိုယ်က စိတ်မတွေ့ရင် Instagram မှာတောင် unfriend ချက်ချင်းလုပ်ပစ်တာ...။ 

ဒီလောက်ပါပဲ ဆရာမမွန်ဟော်စီ စာလေးအကြောင်းပြုပြီး ကိုယ်ရေးချင်ပြောချင်တာတွေများသွားပြီ.....။


_____________________

Revolution will prevail

မိုးငွေ့



@@@@@@@@@@@@



အိမ်မှာ အလုပ်လာလုပ်ပေးတဲ့ မိန်းကလေးကို ကျွန်မက လစဥ် ဆန်တစ်အိတ် ဆီတစ်ပုံးပါ ပေးပါတယ်..ဆန်တွေ ဆီတွေနဲ့ သူအိမ်ပြန်သွားတဲ့နေ့ဆိုရင် သူ့အိမ်နားဝန်းကျင်က လူတချို့ လာပြီး ဆန်လေးတွေ ဆီလေးတွေ ချေးကြတယ်လို့ ဆိုပါတယ်......။

ဘေးအိမ်က အဒေါ်ကြီးက ဆန်နှစ်လုံး ချေးသေးတယ်..သူ့သမီးဆီက လခရရင် ပြန်ဝယ်ပေးမယ်တဲ့..အိမ်ရှေ့က အစ်မကြီးက ဆီလေး နှစ်ဇွန်းလောက် ချေးသေးတယ်..စသည်ဖြင့် ကျွန်မကို ပြောပြတတ်တယ်..ဒါပေမဲ့..အေးအေး..ကတော့..ပြန်တောင်းမနေပါဘူး..ပြန်ပေးမနေနဲ့ဒေါ်ကြီး..ဆိုပြီး......လှူလိုက်တယ်... ပေးလိုက်တယ်လို့ ပြောပါတယ်..ကောင်းလိုက်တာ..မအေးလည်း မရှိတဲ့ကြားက လှူဖြစ်နေတာပေါ့..လို့ သာဓု ခေါ်လိုက်ရပါတယ်.....။

သူလည်း အဆင်ပြေတယ်မဟုတ်ဘဲ ရုန်းကန်နေရသူပါပဲ..သူ့အမျိုးသားလည်း အလုပ်မရှိရှာဘူး..ကလေးနှစ်ယောက်နဲ့ အိမ်ဌားခနဲ့ ရွာက မိဘတွေတစ်ခါတလေ ထောက်ပံ့ရတာနဲ့..တစ်ယောက်တည်း ပတ်ချာလည်ရိုက်နေတယ်..ဒီထဲကမှ သူရတာလေးတွေကို လျော့သွားမှာ..ကုန်သွားမှာ မစိုးဘဲ ပေးတယ်..ဝေတယ်ဆိုတာ စိတ်ဓာတ်အားဖြင့် ပြည့်စုံကြွယ်ဝတဲ့ Abundance Mentality ရှိလို့ပဲ ဖြစ်ပါတယ်.....။

မြန်မာစကားမှာတော့ မရှိလို့မလှူ..မလှူလို့မရှိ.. ဆိုပြီး ပြောကြတယ်.. အင်္ဂလိပ်စကားမှာတော့..Giving is the secret source of Abundance လို့ ဆိုကြတယ်.....။ Giving ဆိုတာ ပေးကမ်းခြင်းဖြစ်ပြီး.. Abundance ဆိုတာ ကြွယ်ဝ ပြည့်စုံခြင်းကို ဆိုလိုပါတယ်..ပြည့်စုံ ကြွယ်ဝခြင်းရဲ့ လျှို့ဝှက်ချက်.. အရင်းအမြစ်ဟာ.. ပေးကမ်းလှူဒါန်းခြင်းပဲ ဖြစ်ပါသတဲ့..ပေးလေ..ရလေပါပဲ.....။  Abundance Mentality ဆိုတာက ပြည့်စုံကြွယ်ဝတဲ့ စိတ်ဖြစ်ပါတယ်..တချို့ဆင်းရဲပေမဲ့ ပေးချင်ကမ်းချင်တဲ့စိတ်ရှိတယ်..တချို့ ချမ်းသာပေမဲ့ စေ့ကုပ်စေးနဲနေတဲ့သူရှိတယ်.....။ 

Abundance Mentality ရဲ့ ဆန့်ကျင်ဘက်..Lack Mentality ဆိုတာကိုတော့.. တိုရေရှားရေစိတ်ဓာတ်လို့ ပြောရမယ်ထင်ပါတယ်......။ Lack Mentality ကို Scarcity Mentality လို့လည်း ပြောကြတယ် ..ပါးရှားတဲ့ စိတ်မျိုးပေါ့..တစ်ခုခုကို မပေးချင်ဘူး..ကုန်သွားမှာစိုးတယ်..ငါ့အတွက်မလောက်ငှဘူး..မကျန်တော့မှာ စိုးတယ်.....စသည်ဖြင့် တွေးတောတတ်တဲ့ စိတ်ဟာ..Lack Mentality ပဲ ဖြစ်ပါတယ်..Fear Based ကြောက်ရွံ့ခြင်းမှာ အခြေခံတယ်..Energy တွေ ကျသွားတယ်......။

လှုဒါန်းပေးကမ်းခြင်းနဲ့ ပတ်သက်ရင် ငါ..တော့ သိပ်မလှုတော့ဘူး..လှုတာများသွားပြီ..စုထားတာထဲက လျော့သွားလို့မဖြစ်ဘူး..တော်ပါပြီလေ..တစ်ထောင်မလှုတော့ဘူး..တစ်ရာပဲ လှုတော့မယ်..စသည်ဖြင့် ရည်မှန်းထားတဲ့အတိုင်းမဟုတ်ဘဲ..လျှော့လှုတာ..ကန့်သတ်ချက်တွေနဲ့လှုတာ..သံသယတွေနဲ့လှုတာဟာ..Lack Mentality ပါပဲ.....။

တစ်ခါတလေကျတော့လည်း လူတွေမှာ Lack Mentality ကပိတ်ဆို့ကာဆီးနေတတ်ပါတယ်..ကျွန်မ ကိုယ်တိုင် အလှူနဲ့ ပတ်သက်ပြီး..စိတ်ထဲကပါသလောက် မလုပ်ဖြစ်ဘဲ..လုပ်ခါနီးမှ..လျှော့လိုက်တာမျိုးတွေရှိတယ်..ကိုယ့်ကိုယ်ကိုယ် သိပ်မကျေနပ်ဘူး..Limitation အကန့်အသတ်တွေနဲ့..လှူလိုက်တယ်.. အဲဒီအချိန်တုန်းက ကျွန်မရတဲ့ လာဘ်လာဘတွေဟာလည်း အကန့်အသတ်တွေနဲ့ပဲလာတယ်......။ ပိုက်ဆံဆိုတာ မသေသရွေ့ပြန်ရှာလို့ရပါတယ်..သေသွားရင် ရှာထားသမျှ မလှုလိုက်ရဘူး ဖြစ်နေမယ်ဆိုတဲ့ စိတ်နဲ့လှူလာတဲ့အခါ..ခုတော့..စိတ်ကပါသလောက်.. လက်ကရောက်တဲ့ Abundance Mentality ကို ရလာတယ်.....။

ကားထဲမှာ ဆန်..ဆီ..ခေါက်ဆွဲခြောက်စသည်ဖြင့် အထုပ်လေးတွေထည့်ထားပြီး..သွားလေရာမှာ..လိုအပ်တဲ့သူတွေ လှုပါတယ်..ဒါကိုသိတဲ့..လူတစ်ယောက်က ကျွန်မကို..ဆီလေးတစ်ပုလင်းလောက်ပေးပါ..လို့ ..တစ်ရက်ကအလှုခံလာတယ်.. သူ့ကို ဆီတစ်ပုလင်းသာမက..ဆီတစ်ပုံး ဆန်တစ်အိတ်ပါ ယူသွားပါလို့  ပြည့်စုံအောင်ပေးကမ်းနိုင်တဲ့..အတွက် ဝမ်းသာမိတယ်..စိန်တွေရွှေတွေမလှုနိုင်ပေမဲ့..ဆန်ဆီ..စားစရာလောက်တော့လှုနိုင်တယ်..အမြဲအသင့်ရှိနေတယ်......။ အားရပါးရပဲ လှူလိုက်ချင်တယ်..သူများတွေ အားရပါးရလှူတာတွေ့ရင်လည်း ဝမ်းသာမိတယ်.. .... .  ။

ပိုင်းလော့ဆရာတော်ကြီးကလည်း လှူတဲ့အခါ စလယ်ဆုံး ဖြူဖြူစင်စင် ပျော်ပျော်ရွှင်ရွှင် ဖြစ်ရမယ်လို့ ဆိုတာ နာဖူးတယ်......။ ဒီလိုပေးခွင့်ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လည်း အားရှိလာတယ်....Energy တွေရလာတယ်. မကုန်သွားဘူး..ထပ်ရလာဦးမယ်..ပေးလို့ရသေးတယ်ဆိုတဲ့ ယုံကြည်မှုလည်းပေါ်လာတယ်.... Trust Based ဖြစ်လာပါတယ်.....။ အများကြီး မချမ်းသာပေမဲ့ မခက်ခဲတော့ဘူး..လိုချင်တယ်လို့ စိတ်ကဖြစ်ရင် ပေးတဲ့သူပေါ်လာတာတွေလည်း မကြာခဏကြုံရတာ အမှန်ပါပဲ......။

Lack Mentality က Negative Energy ဖြစ်တယ်..Abundance Mentality ကတော့ Positive Energy ဖြစ်တယ်.....။ Abundance Mentality နဲ့ Lack Mentality ရဲ့ ကွဲပြားခြားနားချက်လေးတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်  Abundance Mentality ပြည့်စုံ ကြွယ်ဝသောစိတ်....။

Grateful ကိုယ့်ဘဝကို ကျေးဇူးတင်တတ်သလို..သူများအပေါ်လည်း ကျေးဇူးတင်တတ်တယ် Knows there is enough for everyone အားလုံးအတွက် လုံလောက်ပါတယ်လို့တွေးတယ်....။  Celebrates/ Recognises other people တခြားသူတွေကို အသိအမှတ်ပြုတယ်..ဝမ်းသာပေးတယ်...။  Focus and notice abundance in current life အခုလက်ရှိဘဝမှာ ရနေတဲ့အရာတွေကို သတိထားမိ မြင်မိတယ် ....။ Trust Based ယုံကြည်မှုကို အခြေခံထားတယ် ...။ Can Nourish your positive energy ကောင်းသော စွမ်းအင်တွေကို ပွားလာစေတယ် ...။


How can I serve others?

ကိုယ် ဘယ်လိုပေးရမလဲ စဥ်းစားနေတယ်..

Lack Mentality  တိုရေရှားရေစိတ်

Ungrateful  ကိုယ့်ဘဝကိုရော..သူများတွေကိုပါ..

ကျေးဇူးမတင်တတ်ဘူး  Knows there is not enough for everyone

ဘယ်သူ့အတွက်မှ လုံလုံလောက်လောက်မရှိဘူးလို့ တွေးတယ် 

Jelous of other people

မနာလိုစိတ်ရှိတယ်

Doesn't focus and notice abundance in current life

အခုလက်ရှိဘဝမှာ ရနေတာတွေကို မမြင်တတ်ဘူး

Feared based

ကြောက်ရွံစိတ်ကိုအခြေခံတယ်

Can deplete positive energy

ကောင်းသောစွမ်းအင်တွေ လျော့ကျသွားစေတယ်

What's in it for me ?

ကိုယ့်အတွက်ဘာရှိလဲပဲ စဥ်းစားတယ်..


ဒါနပါရမီ ဖြည့်ဆည်းတဲ့နေရာမှာ.. ဒီ စိတ်နှစ်မျိုးကြောင့် ဘယ်လို အကျိုး ရလာဒ်တွေရနိုင်သလဲ ဆိုတာ သိစေချင်လို့..Lack Mentalityနဲ့ Abundance Mentality အကြောင်းလေးကို ရေးတင်ပေးလိုက်ပါတယ်..... .။


မွန်ဟော်စီ

အောက်တိုဘာ ၂၀၂၁

Credit: Mon Hosey face book page

#monhalsey

#morningvitamin 

#မနက်စာအာဟာရ

#LackVsAbundanceMentality


Thursday, 9 September 2021

Common Sense …..



အားလုံးဂရုစိုက်ကြဖို့ အရေးကြီးစကား
ဆရာကြီးဦးဝင်းမောင်(သာကီနွယ်)

 

ကိုမျိုးကျော့ရဲ့ Common Sense ဆိုတဲ့ Page,  face book မှာရှိတာ တော်တော်များများသိကြမယ်ထင်တယ်...။ ကျွန်မက Common Sense ကို You Tube မှာ Subscribed လုပ်ထားတယ်....။ Telegram မှာလဲ သုခိတာချောရဲ့  Spiritual Friends မှာ Join ထားတော့ ချောက  ကိုမျိုးကျော့ သူ့ကို မေးခွန်းမေးချင်ရင် မက်ဆေ့ပို့ထားပေးလို့ ပြောလာလို့ အခု 3.9.2021 မှာ Common Sense You Tube မှာ ချောမေးထားတဲ့မေးခွန်းလေးတွေ့လို့ နားထောင်ဖြစ်ခဲ့တယ်....။ တခြားညီမလေးတွေမေးတဲ့ မေးခွန်းတွေပါ နားထောင်ဖြစ်တယ်....။ ချောဆိုတာ မလေးရှား ကိုတာဘာရူးမှာနေတဲ့ ကျွန်မသူငယ်ချင်းပါ....။ အမှတ်မမှားဘူးဆိုရင် ကျွန်မဘလော့ကို အမြဲလာဖတ်တဲ့ USA က မမစံထားခိုင်လည်း ချောရဲ့  face book friend တစ်ယောက်ပဲ....။ ဆရာဝင်းနဲ့အမေးအဖြေတွေကို Common Sense ရဲ့ Face Book သို့မဟုတ် You Tube တွေမှာ သွားနားထောင်လို့ရပါတယ်....။ ရောဂါကပ်ကြီးက နောက်လေးငါးလလောက်ဆိုရင် မှေးမှိန်သွားတော့မှာပါ နောက်ဆက်တွဲ စစ်ဘေးကပ်နဲ့ အစာရေစာငတ်မွတ်ခေါင်းပါးကပ်ကတော့ ဒီရောဂါကပ်လောက်မဆိုးနိုင်ဘူးတဲ့....။ ဒါ့ပြင် ကမ္ဘာမှာ ငလျင်လှုပ် ရေကြီးတာတွေ ဖြစ်ဦးမှာ....။ ပင်လယ်ရေလှိုင်းမြင့်တက်ပြီး မိုင်၂၀ လောက်ထိ ရေလွှမ်းတာတို့ တနည်းအားဖြင့် လူဦးရေတွေကို လျှော့ချပစ်တဲ့သဘောပါပဲ.....။ အဲချိန်တွေကို အကုန်ကျော်လွန်ပြီးသွားရင်တော့ မေတ္တာတရားတွေပြည့်ဝတဲ့ လူတွေပဲရှင်ကျန်ရစ်မယ် ကမ္ဘာဟာ ကောင်းတဲ့လူတွေနဲ့ အသစ်တဖန်ပြန်လာမယ် အဲလိုပေါ့....။ အဲအချိန်ကလဲ ခန့်မှန်းထားတာ 2028 April နောက်ပိုင်းမှ.....။ 



















ဆရာကြီးကတော့ ခုချိန်မှာ  မေတ္တာသုတ်တွေရွတ်ခိုင်းတယ် ပြီးတော့ ဉုံ ကိုရွတ်ခိုင်းတယ်....။ အဲဒါလေးပြောပြချင်တယ်....။ ဂေါတမမြတ်စွာဘုရားရဲ့ ပရိတ်ကြီး ၁၁ သုတ်ထဲက မေတ္တာသုတ်ကို ကျွန်မအသက် ၂၅နှစ်တုန်းကစပြီး အလွတ်ကျက်ခဲ့ဖူးလို့ ခုချိန်ထိ နှုတ်တိုက်ဘယ်ချိန်မဆို ရွတ်နိုင်ခဲ့တယ်....။  အဓိပ္ပါယ်ကိုတစ်ခါထဲသိနားလည်ရင်းနဲ့ ရွတ်ဆိုပူဇော်ပါတယ်....။ ကျွန်မ အဲချိန်တုန်းက တက္ကသိုလ်တွေ ဖွင့်လိုက်ပိတ်လိုက်နဲ့ အလုပ်စလုပ်နေတဲ့အချိန်လဲဖြစ်တယ်.....။ အလုပ်ထဲမယ် အလုပ်အကိုင်အပြောအဆို အဆင်ပြေအောင်လို့ဆိုပြီး အကူလာလုပ်ပေးတဲ့ မတင်တင်မြင့်ဆိုတဲ့ အစ်မတစ်ယောက်က ကျွန်မကို ပရိတ်ကြီး ၁၁ သုပ်စာအုပ်လေး လက်ဆောင်ပေးခဲ့ဖူးတယ်....။ အဲထဲမယ် မေတ္တာသုတ်ကို အရင်အလွတ်ကျက်ခဲ့တာ ခုချိန်ထိ ကြည်ညိုစွာရွတ်ဖတ် ပူဇော်နေမြဲပါပဲ....။ အလုပ်တစ်ခုခုအဆင်မပြေတိုင်း လူတွေနဲ့တွေ့ဆုံပြောဆိုစရာရှိတိုင်း ရွတ်ဖြစ်ခဲ့တယ်....။ တကယ်လဲ အစွမ်းထက်ပါတယ်....။ ဒေါသထွက်နေတဲ့သူ မျက်နှာကို သေချာမြင်ယောင်ကြည့်ပြီးရွတ်ပေးရင်တောင်မှ အဲလူတဖြေးဖြေးအေးချမ်းမှုရသွားတယ်...။ ယုံယုံကြည်ကြည်နဲ့ အားကိုးရှိတိုင်းလည်း ရွတ်ဆိုပူဇော်ဖြစ်တယ်...။ ယုတ်စွအဆုံး ရုံးက မီးခံသေတ္တာနံပါတ်လေးလွဲသွားလို့ ဖွင့်ရခက်တဲ့အချိန်တောင် ခလုတ်လေးလှည့်ရင်း မေတ္တာသုတ်ရွတ်တာ ချက်ချင်းပွင့်သွားတဲ့အခါမျိုး .....။ တကယ်တော့ မီးခံသေတ္တာ ဖွင့်မရတာနဲ့ မေတ္တာသုတ်နဲ့တော့ ဘာမှမဆိုင်ဘူး ကျွန်မက ယုံကြည်ကိုးစားမှုအပြည့်နဲ့ ရွတ်ဆိုလိုက်လို့ အကျိုးပြန်ပေးတာ ချက်ချင်း....။ အဲဒါမျိုးက တစ်ခါနှစ်ခါမဟုတ်ဘူး အမြဲသတိထားမိနေခဲ့တာ.....။ 

ဝါတွင်း သုံးလဆို ကျွန်မက အရင်နှစ်တွေဆို ဂုဏ်တော်ကိုးပါး ပုတီးစိပ်အဓိဌာန်ဝင်ဖြစ်တာများတယ်....။ ဒီနှစ်တော့ ဘယ်သူမှမတိုက်တွန်းဘဲ ကိုယ့်ဘာသာကိုယ် အဲအဓိဌာန်ကိုမဝင်တော့ဘဲ ဘုရားရှိခိုးနေကျအတိုင်း ဩကာသသုံးကြိမ်ရွတ် ငါးပါးသီလခံယူဆောက်တည် ခင်ပွန်းကြီးဆယ်ပါးကန်တော့ပြီးတာနဲ့ စင်္ကြာဝဠာတိုက်တစ်သောင်းမှာနေထိုင်ကြတဲ့ လူ နတ် ဗြဟ္မာ သတ္တဝါနဲ့ ဝေနေယျ အပေါင်းတို့အတွက် မေတ္တာသုတ် ကိုးကြိမ်ရွတ်ဖတ်ပူဇော်ပါရစေဘုရားလို့ တိုင်တည်ပြီး နတ်ပင့်ပြီး ကိုးခေါက်ရွတ်ဆို မေတ္တာပို့ အမျှဝေ နတ်ပို့ အဲဒါတွေကို အခုနှစ် ဝါတွင်းသုံးလမှာလုပ်ဖြစ်နေတယ်....။ အခု ဆရာဝင်းက မေတ္တာသုတ်ရွတ်ပေးပါလို့ ပြောမှ ကိုယ်လဲ ဝါဝင်ကတည်းက ရွတ်ဖတ်ပူဇော်ဖြစ်နေပါလားလို့ ယှဉ်တွဲသတိထားမိလိုက်တယ်....။ ကိုယ့်ရဲ့ Guardian Angel (ချောသုံးနေကျစကားနဲ့ဆို ကိုယ့်ရဲ့ Higher Self) ကိုယ့်ကို မသိမသာလေး လမ်းညွှန်ပြသနေပါလားလို့လဲ အံ့ဩမှင်တက်မိတယ်....။ 

အရင်ကဆို Face Book မှာ တင်တာတွေ အမြင်မတော်တာတွေဆို SS ယူပြီး IG Story မှာ ပြန်ပြန်တင်ပြီး နဲနဲဆဲစရာရှိတာ ဆဲဖြစ်တယ်....။ ခုတော့ အဲအလုပ်မလုပ်တော့ဘူး လိမ္မာနေပြီလို့ပြောရမလား....။ ကောင်းတဲ့အလုပ်ကိုရွေးလုပ်ဖြစ်သွားတဲ့နောက်ပိုင်း စိတ်ကိုအနှောက်ယှက်ဖြစ်မယ့်ဟာတွေ အညစ်အကြေးတွေကို ဖယ်ထုတ်ပစ်တတ်သွားတယ်.....။ တစ်ခါတစ်လေ မနေနိုင်လို့ IG မှာ ကောက်ရေးနေပြီ ပြီးမှပြန်ဖျက်ပစ်တာမျိုးပေါ့....။ သူတစ်ပါးကိုရော ကိုယ့်ကိုယ်ကိုရော စိတ်ကိုညစ်နွမ်းစေမယ့် အရာတွေ ရှောင်တတ်လာတယ်....။ တနည်းအားဖြင့် အကုသိုလ်အလုပ်ကိုနည်းတထက်နည်းအောင်လုပ်ဆောင်ဖြစ်လာတယ်....။ ကိုယ့်ကိုယ်ကို သတိနဲ့စောင့်ကြည့်နေတာ ကိုယ်စောင့်နတ်ကောင်းနဲ့နတ်ဆိုးအားပြိုင်ချိန်တွေကိုလဲ ကြုံရတတ်တယ်...။ ကောင်းတဲ့အလုပ်ကိုလုပ်ရတာ ခက်သလောက် မကောင်းတာကျတော့ အလွယ်ကလေး စက္ကန့်ပိုင်း မိနစ်ပိုင်းမှာလုပ်တတ်တာကိုလဲ သတိချပ်မိလာတယ်...။ တကယ်တွေးကြည့်တော့ ခုမှသေမှာကြောက်လို့ ထလုပ်တာလဲမဟုတ်ဘူး.....။ လူဖြစ်လာတဲ့ တစ်လျှောက်မှာ ခုချိန်ထိ ဘယ်သူ့အပေါ်မှာမှ စိတ်ပုတ်စိတ်ယုတ်မထားခဲ့ဖူးဘူး.....။ ရင်ဆိုင်ရတာချင်းအတူတူ ကပ်သုံးပါးကို အောင်မြင်စွာ တည်ငြိမ်စွာ ကျော်လွှားချင်တယ် အားလုံးပြီးဆုံးသွားတဲ့အခါ မေတ္တာတရားပြည့်ဝတဲ့ သူတွေနဲ့ဆုံတွေ့ချင်သေးတယ် သက်တမ်းစေ့မသေခင်လေးမှာပေါ့ ဒါပါပဲ....။ 






PS: မနက်က ကော်ဖီသောက်ရင်း NUG page က ဒုသမ္မတကြီး Live နဲ့ မိန့်ခွန်းပြောသွားတာ နားထောင်ဖြစ်တယ်....။ D-Day စကြေငြာတဲ့နေ့ စွမ်းအားပြည့်တဲ့ New Moon စတဲ့နေ့ ကံကောင်းခြင်းတွေ ကျွန်မတို့ မြန်မာနိုင်ငံအတွက် သယ်ဆောင်လာတော့မှာပါ မကြာခင်မှာပဲ စောင့်မျှော်ကြပါစို့...........။


_____________________
Revolution will prevail
မိုးငွေ့ (7.9.2021)


Tuesday, 13 July 2021

ကူနိုင်သလောက်ပါ.....




 

🔴 COVID Positive ဆိုရင် (COVID ရောဂါကုသခြင်း)


1.  C-Vion ( Vitamin C 500g )တစ်နေ့  ၁ လုံး

(မည်သည့် Vitamin C ပါဆေးမဆို)

Vitamin C 1000 ဖြစ်အောင် ၂ ခါ သောက်ချင်လည်းရပါတယ် မနက် ၁ ည ၁ 


2.ImunActiv

တစ်နေ့ ၁ လုံး

ဒီကောင် က အနံ့ပြန်ရပြီးနေတာတောင် မှ ဆက်သောက်ရပါမယ် ကုသဖို့ နဲ့ ပြန်ကာကွယ်ဖို့ပါ

3.Becozinc (Zinc + Vitamin C)

တစ်နေ့ ၁ လုံး 

4.Alerday 120 

သူကတော့ ညဘက် ၁ လုံးသောက်ပါ 

5. Afrin (နှာခေါင်း အစက်ချဆေး) 

တစ်နေ့ကို ၃ကြိမ် သုံးနိုင်ပါတယ် 

နှာခေါင်းပေါက် တစ်ဖက်ဆီကို ၂စက်လောက်ချပေးပါ

6. ငှက်သိုက် တစ်နေ့ ၁ လုံးသောက်ပါ။

(သို့မဟုတ် BRANDS ကြက်ပေါင်းရည်) 

2လုံး သောက်ရန် မလို ဆီးချို တက်တတ် သည်။ 

7. ခြင် ကိုက် မခံရအောင်နေပါ။ 

8.ချွေးအရမ်း ထွက်တတ်ပါတယ် ဓာတ်ဆားရေ သောက်ပါ။

9. ကြက်ဥ တစ်နေ့ ၄ လုံးစားပါ။

အရေးအကြီးဆုံးအချက်က တော့ အစားကို ဝင်အောင်စားပါ တစ်နေ့ ထမင်း ၃နှပ် (မနက် / နေ့လည် / ည) ဝင်အောင်စားပါ အနံ့ပျောက်နေတော့ ဘာစားစားဝင်မှာ မဟုတ်ပါဘူး။ 

ကြက်စွတ်ပြုတ်ရည် လုပ်နိုင်လျှင်ကောင်းပါသည်၊ ဂျင်း၊ စပလင်ထည့်ပြုတ်ပီး ပူပူလေးသောက်ပေးပါ။


ကြိတ်မှိတ် စားပါ ကိုယ်ခံအားနဲ့ ပြန်တိုက်ထုတ်ရတာ မို့လို့ အားရှိတာမှန်သမျှ အကုန်စားပါ...။


အသက်ရှု ကြပ်လာရင် အဓိက က မလန့်ဖို့ပါ

စိတ်ကို စုစည်းပါ ငြိမ်ငြိမ်လေး ထိုင်နေပါ အသက်ကို ပုံမှန်လေး ရှူသွင်းရှုထုတ် လုပ်ပါ....။

(ဖြစ်စဉ် တစ်ခုလုံး လန့်နေတုန်းလုပ်ရင် 50% လောက်သေဖို့ သေချာနေပါပြီ) မလန့်ပါနဲ့ 

Oxygen တွေ ရှားနေပြီ မို့ အတတ်နိုင်ဆုံး Oxygen မပါပဲ ဖြတ်သန်းရမှာပါ Oxygen ပဲ ကြပ်တိုင်း ရှုနေရင် Oxygen ဝယ်မရတဲ့ အခါကျ မတွေးရဲ စရာပါ။

🔻 မနက်ခင်း လေကောင်းလေသန့် ရူပေးပါ 

မနက်ခင်းနေရောင်ခံပေးပါ (၁၅ မိနစ်လောက်)

🔻 ရေသန့်များများသောက်ပါ၊ အဆုတ်ရောဂါကင်းစေဖို့ ရေများများသောက်ခြင်းဟာလည်းထိရောက်တဲ့လက္ခာတစ်ရပ်ပါ။ 

🔻 AirCon၊ ပန်ကာလေ၊ လေစိမ်းခံခြင်းမျိုး ရှောင်ကျဉ်ရန်။(အေးနေခြင်းသည် ရောဂါပိုးကိုအားပေးသည်။) 

🔻အိမ်တွင်းသီးသန့်နေထိုင်ပါ၊ သန့်ရှင်းမူရှိပါ၊လေ၀င်လေထွက်ကောင်းအောင် ပြတင်းပေါက်များဖွင့်ထားပါ။

🔻အိပ်ရေး၀၀အိပ်ပါ၊ တတ်နိုင်သမျှ မှောက်လျက်သာအိပ်ပါ၊ ဘေးစောင်းလှဲအိပ်ပါ၊ 

🔻 စိတ်ကျ၊ စိတ်ဖိစီးမှုကင်းဝေးပါစေ၊  Covid တစ်ခုလိုမခံစားပဲ သာမန်ဖျားနာခြင်းသာဟုတွေးပီး စိတ်နဲ့ကုသပေးပါ၊ ပျော်စရာများတွေးပါ။

🔻 အစားအသောက်မှန်အောင်စားပါ၊ ချိုလွန်းသော၊အရာများ ချောင်းဆိုးခြင်း၊‌ချွဲထခြင်းကိုအားပေးသောအစားအသောက်များ မစားရ။

🔻 တတ်နိုင်လျှင် အိမ်နေရင်းလည်း mask တပ်ထားပါ၊(မိသားစု၀င်များကူးစက်မခံရအောင်ပါ) မတပ်နိုင်ရင်တောင် ချောင်းချိုးလျှင်လက်ကိုင်ပဝါအုပ်ပါ။ 

(Covid စည်းကမ်းနဲ့အညီပြုမူနေထိုင်ပါ) 

နောက်ဆုံးအချက်ကတော့ စိတ်ပိုင်းဆိုင်ရာပါပဲ အများစုဟာ ဖြစ်လာပီဆိုရင် အားမလိုအားမရ စိတ်ပျက်၊ စိတ်ညစ်လာပီး ဘာမှမလုပ်ချင်မကိုင်ချင်၊ မစားချင်စိတ်တွေနဲ့ ဖြစ်လာမှာပါ။

ထိုသို့ဖြစ်နေရင်လည်းအနားက လူတွေကလည်း ပြောပြ၊ အားပေးပါ ခံစားနေရတဲ့ရောဂါကို အလေးမထားပဲ စိတ်နဲ့အနိုင်ယူပါ၊ ဒီရောဂါဟာ စိတ်နဲ့လည်းဆိုင်ပါတယ်။


စိတ်ဓာတ်ကျလာရင် ခန္တာကိုယ်ခုခံနိုင်မူတွေလည်းထိုးကျလာပီး မပျောက်နိုင်ပဲ တအိအိနဲ့သွားနေမှာပါ၊ ဒါကြောင့် စိတ်ဓာတ်မကျပါစေနဲ့ ကိုယ်စားစရာရှိတာစား၊ ဆေးသောက်မယ်၊ ကျန်းမာရေးစည်းကမ်းတွေနဲ့နေထိုင်မယ်၊ ဒါဆိုရင်တော့ အချိန်တစ်ခုဆိုရင်ပြန်ထူနိုင်ဖို့ သေချာနေပါပီ။

ဒါကြောင့် အနိုင်ယူတိုက်ကြပါစို့ 🙏🧡




🔴 လတ်တလော oxygen (အောက်စီဂျင်) ပြတ်တောက်မူများရှိနေသဖြင့် အလွယ်ကူဆုံး oxygen အနည်းငယ်ရလာအောင် နေထိုင်နည်းတွေကိုဖော်ပြလိုက်ရပါတယ်။ 

ဒီနေရာသို့၀င်ကြည့်ပါ။

https://www.facebook.com/100220108751687/posts/179186770855020/


COVID နဲ့ ပတ်သက်ပြီး volunteer ဆရာဝန်တွေ လိုင်းပေါ်က အခမဲ့ ကုသပေးနေတဲ့ Page တွေပါ။ 

သိရှိနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေကို အလွယ်တကူ မေးမြန်းနိုင်လို့ရပါတယ်။ 

လက်လှမ်းမှီသလောက် တင်ပေးလိုက်ပါတယ်။

🙏🙏🙏


မေတ္တာဖြင့် အခမဲ့ ကုသပေးတဲ့ဆရာ၀န်အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

အမြန်ကျန်းမာကြပါစေ


🎁Charity C19 Call Center

https://www.facebook.com/CharityC19CallCenter/


🎁 ကိုယ်စိတ်ကျန်းမာ

https://www.facebook.com/ကိုယ်စိတ်ကျန်းမာ-354766471877471/


🎁 EZ Care

https://www.facebook.com/EZ-Care-101710902113175/


🎁 Online အခမဲ့ ဆေးခန်း

https://www.facebook.com/Online-%E1%80%A1%E1%80%81%E1%80%99%E1%80%B2%E1%80%B7-%E1%80%86%E1%80%B1%E1%80%B8%E1%80%81%E1%80%94%E1%80%BA%E1%80%B8-101495368869803/


🎁အသက်ရှု လေ့ကျင့်ခန်း သင်ပေးဖို့

https://www.facebook.com/thethninmoe.exercisephysiologist/


🎁တယ်လီကျန်းမာ - MoH, NUG of Myanmar 

https://m.facebook.com/telehealthmm/ 


🎁Yangon Medical Network 

https://www.facebook.com/yangonmedicalnetwork/ 


🎁 MFM_Covid_Telemed

https://t.me/MFM_Covid_Telemed 


🎁Healthy Tele Myanmar

https://www.facebook.com/Healthy-Tele-Myanmar-104697665227614/ 


🎁Teleclinic Mandalay 

https://www.facebook.com/Teleclinic-Mandalay-109108614778764/ 


🎁OnHealth - မေးလိုရာမေးကျန်းမာရေး

https://www.facebook.com/onhealth21/ 


🎁DR.Nay - GP - Home Visit

https://www.facebook.com/Dr-Nay-GP-Home-Visit-105741875089235/ 


🎁 University of Medicine - 2 12/2007 Alumni 

https://www.facebook.com/122007um2socialpunishment/ 


🎁O2 Myanmar

ဒါကတော့ အောက်စီဂျင် ကူရှာပေးတဲ့ Page ပါ ။

https://www.facebook.com/O2-Myanmar-104076671957275/ 


🎁Online အခမဲ့ဆေးခန်းတွေ စုစည်းမှု

https://m.facebook.com/story.php?story_fbid=260650352087306&id=100044270294535 


🎁သွားနှင့်ခံတွင်းရောဂါဝေဒနာများနဲ့ ပတ်သက်ပြီးတော့

Your MYOE - Your Dentist 

https://www.facebook.com/yourmyoe 


🎁 Better Health 

https://www.facebook.com/Better-Health-100797408886064/


🎁 Dr P Free Medical Consultation

https://www.facebook.com/Dr.PFreeMedConsultation/


Crd

#COVID19


Thursday, 18 February 2021

ယုံသွားကြပြီလား.....

 



ကဲ GZ လေးတို့ရေ

စစ်တပ်ကို နိုင်ငံရေးထဲ မပါစေရခြင်း အကြောင်းတရားကို သိသွားပြီလား။

လွှတ်တော်ထဲက အစိတ်သားဟာ ပြည်သူအတွက် ထည့်ပေးထားတာ မဟုတ်တဲ့ အကြောင်း သိသွားပြီလား။

ညပိုင်းသောင်းကြမ်းတဲ့ သူခိုးထဲမှာ သင်္ကန်းခြုံပါ ထည့်ပေးပြီး သာသနာညှိုးနွမ်းအောင် လုပ်ခဲ့တယ်ဆိုတာ သိသွားပြီလား။

လူထုအပေါ် နောက်ဆုံးထွက်သက်အထိ ယုတ်မာတယ်ဆိုတာ ယုံသွားပြီလား။

ပြည်သူဟာ ဒေါသတွေ ထွက်နေကြပေမယ့် မရက်စက်ဘူးဆိုတာ ယုံသွားပြီလား။

ရှစ်ဆယ့်ရှစ် အရေးအခင်းမှာ ဂိုဒေါင်ဖောက်တာ၊လူသတ်ခေါင်းဖြတ်၊မီးရှို့တာတွေကို စစ်တပ်က ခိုင်းစေတယ်ဆိုတာ ယုံသွားပြီလား။

နိုင်ငံရေးသမားစစ်စစ်တွေရယ်၊ပြည်သူတွေရယ်၊ပညာတတ်တွေရယ်ဟာ တစ်ဖက်တည်းဆိုတာ ယုံသွားပြီလား။

စစ်တပ်ရယ်၊လူယုတ်မာတွေရယ်၊သူခိုးဂျပိုးတွေရယ်၊စစ်ထွက်ပါတီဝင်တွေရယ်၊စစ်တပ်ကိုအာဏာသိမ်းစေချင်သူတွေရယ် ဟာ တစ်ဖက်တည်းဆိုတာ ယုံသွားပြီလား။

စစ်တပ်နဲ့က တိုက်နေကြတဲ့ တိုက်ပွဲတွေဟာ ပြည်သူအတွက်မဟုတ်ပဲ လုပ်ပွဲတွေ ဆိုတာ ယုံသွားပြီလား။

အမျိုးဘာသာ အော်နေသူတွေဟာ အမျိုးဘာသာအပေါ် ရက်စက်ယုပ်မာနေကြတယ်ဆိုတာ ယုံသွားပြီလား။

တိုင်းရင်းသား လက်နက်ကိုင်တွေ တိုက်နေကြတဲ့ တိုက်ပွဲတွေဟာ တိုင်းရင်းသားတွေ အရေးအတွက်

မဟုတ်ပဲ လုပ်ပွဲတွေဆိုတာ ယုံသွားပြီလား။


မိုးမှောင်(IR)

14.2.2021

6:05(a.m)

Wednesday, 17 February 2021

Generation Y တွေရဲ့ ကြွေးကြော်သံ.....

 



💡မီးမလာလို့ 🕯️ဖယောင်းတိုင်နဲ့စာကျက်ပြီး ၊ မီးလာရင်"ဟေး"လို့ အော်ရတဲ့ခေတ် ၊

🚽ကျောင်းမှာ ကျောင်းသားချင်းအတူတူတောင် ၊ တိုင်းမှူးသားအိမ်သာဆိုပြီး သီးသန့်ရှိတဲ့ခေတ် ၊

🚙လူကြီးကားတွေလာရင် ၊ ဘာမဆိုင်ညာမဆိုင် မတ်တပ်ရပ်ငြိမ်ငြိမ်နေပေးရတဲ့ခေတ် ၊

🧍ကျောင်းကို လူကြီးအဘတွေလာရင် ၊ မနက်စောစော ကျောင်းသွားပြီးမတ်တပ်ရပ်စောင့်ရတဲ့ခေတ် ၊

📡Internet ဆိုတာ တစ်နာရီကို လေးရာပေးပြီး ၊ အဝိုင်းလည်တာကြည့်ခဲ့ရတဲ့ခေတ် ၊

📱Mobile ဖုန်းဆိုတာ Sim Cardချည်းပဲ ၊ ၁၅ သိန်းပေးကာ

ဇိမ်ခံပစ္စည်းတစ်ခုလို သုံးခဲ့ရတဲ့ ခေတ် ၊

📺Entertainment နဲ့ TV Channel ဆိုတာ မြဝတီနဲ့ မြန်မာ့အသံပဲရှိတာပဲလို့ ထင်ရတဲ့ခေတ် ၊

📗ပညာရေးဆိုတာ အတန်းပိုင်ဆီမှာ

ကျူရှင်ယူမှ ၊ အဆင့်ကောင်းတဲ့ ခေတ် ၊

✈️လေယာဉ်လက်မှတ်ရဖို့ဆိုတာ တစ်နေကုန် အပေါက်ဝက ထိုင်စောင့်ရတဲ့ခေတ် ၊

🚗ကားထဲထည့်ဖို့ဆီကို မနက် ၄ နာရီတည်းက တန်းစီရတဲ့ခေတ် ၊

💵ဒေါ်လာဆိုတာ ဘဏ်မှာ တစ်စျေး ၊ ဘားလမ်းမှာ တစ်စျေး ၊ တရုတ်မဆီမှာ တစ်စျေးပေါက်တဲ့ခေတ် ၊

💰ကိုယ့်ရတဲ့ပိုက်ဆံကို ပေါ်တင် ပြန်မရောင်းရဲတဲ့ခေတ် ၊

🌚အိပ်မောကျချိန်ဆို ဧည့်စာရင်းစစ်တာပါဆိုပြီး ၊ အမူးသမားတွေ ခြင်ထောင်လှန်တာခံရတဲ့ ခေတ် ၊

🏅ပညာတော်သင်ဆုဆိုတာ လူကြီးသားသမီးတွေနဲ့ပဲဆိုင်တယ်ဆိုတာ auto နားလည်ရတဲ့ခေတ် ၊

🤐လူကြီးဆိုတာနဲ့ဘာမှပြန်မမေးရဲတဲ့ခေတ် ၊

🚕နည်းပညာဆိုတာ ကြက်ဆူပင်ကနေ ဒီဇယ်အင်ဂျင်အတွက် လောင်စာဆီထုတ်လို့ရတယ်လို့ ဂျင်းထည့်ခံရတဲ့ခေတ် ၊

⛔သူများနိုင်ငံသွားလို့ စာအုပ်အနီဆို ဘေးကပ်ထားပြီး အလှည့်ကျော်ပေးတာ ခဏခဏခံရတဲ့ခေတ် ၊

🚫ပညာမတတ်တဲ့ကောင်လို့ သတ်မှတ်ထားတဲ့မျက်လုံးတွေနဲ့ အကြည့်ခံရတဲ့ခေတ် ၊

💸ကိုယ့်ပိုက်ဆံနဲ့ကိုယ် အလှူလုပ်ရင်တောင် ဘယ်ကပိုက်ဆံနဲ့လဲ ၊ နိုင်ငံတကာ အထောက်အပံ့နဲ့လှူတာထင်တယ်ဆိုပြီး ၊ စစ်ကြောရေး ခဏလိုက်ရတဲ့ခေတ် ၊

🎴မေးစရာလေးရှိလို့ ခဏပါဆိုပြီး ၊ အနှစ် ၂၀ ကြာတဲ့ခေတ် ၊


❌အဲ့လိုခေတ်ကိုတော့ ပြန်မရောက်ချင်ဘူး ။


နင်တို့ပဲ ပြန်သွား ၊ ငါတို့တော့ လုံးဝ (လုံးဝ)ကို ပြန်မသွားတော့ဘူးဟေ့ ။

Crd 

#CivilDisobedience

#JusticeForMyanmar

#SaveMyanmar

#RejectTheMilitary

Wednesday, 10 February 2021

Generation Z တွေရဲ့ရင်ဖွင့်သံ .....

 












တကယ်ဘဲ GEN Z ကိုချီးမွမ်းပါတယ်အရမ်း​တော်ကြပါတယ်....။

တကယ်တော်တဲ့ကလေးတွေပါ။ သူတို့တောင်းဆိုချက်ကလည်းအားလုံးအကျိုးအတွက်ပါ။

(ကူးယူလာတာပါ ပြန်လည်ကူးယူနိုင်ပါတယ်)


GEN Z လေးရဲ့ ရင်ဖွင့်သံ

==================

ဆန္ဒပြတာ ၃ ရက်ရှိပါပြီ။

ဆန္ဒပြတဲ့သူတွေ ကိုကြည့်လိုက်မယ်ဆိုရင်

အသက် ၁၈ နဲ့ ၃၀ ကြား လူငယ်တွေဟာ ၉၀ ရာခိုင်နှုန်းလောက် ဖြစ်ပါတယ်။ 

ကျွန်တော်တို့ လူငယ်တွေ အားနေလွန်းလို့ လမ်းပေါ်တက်နေတာ မဟုတ်ပါဘူး။ 

ကျွန်တော်တို့မှာ...

အိမ်မက်တွေ ရှိပါတယ်။

ဘဝတွေ ရှိပါတယ်။

ရည်မှန်းချက်တွေ ရှိပါတယ်။

ပန်းတိုင်တွေ ရှိပါတယ်။

ဆေးလိပ်သောက်တတ်တဲ့ ကောင်ပါချင်ပါမယ်

အရက် ဘီယာကြိုက်တဲ့ ကောင်ပါချင်ပါမယ်

Game ဘဲဆော့ နေတဲ့ ကောင်ပါချင်ပါမယ်

ဒါပေမယ့် ကျွန်တော်တို့ဟာ သိမ်ဖျင်းနေတဲ့ မျိုးဆက်မဟုတ်ဘူး။

Social Media တွေက တစ်ဆင့် ကမ္ဘာက သိအောင် လုပ်နိုင်ခဲ့တယ်။

အင်တာနက်မရှိတဲ့ ကြားက လူပေါင်း ထောင်ချီ သောင်းချီ ပါဝင် လာအောင် ဆက်သွယ်နိုင်ခဲ့တယ်။

ကျွန်တော်တို့ နားထောင်တဲ့ သီချင်းတွေမှာ နားမခံနိုင်တဲ့ ဟာတွေ ပါချင်ပါမယ်။

ဒါပေမယ့် ဆန္ဒပြတဲ့ တစ်လျှောက်လုံး ထူးအိမ်သင်းရေးပြီး မွန်းအောင်သီဆိုခဲ့တဲ့ အရေးကြီးပြီ သီချင်း၊ ကမ္ဘာမကြေဘူး သီချင်းတွေ လမ်းတစ်လျှောက်လုံး သီဆိုဟစ်ကြွေးခဲ့ကြတယ်။

ကျွန်တော်တို့မှာ-

အမှိုက်ကောက်တဲ့ အဖွဲ့ရှိတယ်။ 

ဆေးအဖွဲ့ရှိတယ်။ 

လမ်းရှင်းတဲ့ အဖွဲ့ရှိတယ်။ 

ကြွေးကြော်တဲ့ အဖွဲ့ရှိတယ်။ 

ထောက်ပို့အဖွဲ့ ရှိတယ်။

တစ်မြို့လုံးပတ်ဖို့ အားအင်တွေ ရှိတယ်။

တောင်းဆိုချက်တွေ ဟစ်ကြွေးဖို့ အသံတွေ ရှိတယ်။

ဒါပေမယ့် ကျွန်တော်တို့မှာ တစ်ခုမရှိပါဘူး။

အဲ့ဒါက အစိုးရ ယန္တရားကို ရပ်အောင် လုပ်နိုင်စွမ်းမရှိပါဘူး။

ကျွန်တော်တို့မှာ အစိုးရကို ယိမ်းယိုင်သွားစေမယ့် ဘာရာထူး အာဏာမှ ရှိမနေကြသေးပါဘူး။

အဲ့ဒီ အစွမ်းက အကိုတို့ အမတို့ ဦးလေးတို့ အဒေါ်တို့ ဆီမှာဘဲ ရှိပါတယ်။

ကျေးဇူးပြုပြီး ကျွန်တော်တို့အိမ်မက်လေးတွေ ဆက်မက်ခွင့် အတွက် 

#CDM မှာ ပါဝင်ပေးကြပါ။

Covid ကာလကြီးမှာ လူကြီးတွေ အနေနဲ့ အန္တရာယ်များပါတယ်ခင်ဗျာ။

အိမ်မှာဘဲ နေပြီး CDMလုပ်ပေးကြပါ။

လမ်းပေါ်က တာဝန် ကျွန်တော်တို့ တာဝန်ထားပါ။ 

#crd

#CivilDisobedience 

#CivilDisobedienceMovement


 Generation X။ မပြေးနိုင် မလွှားနိုင်၊ ပုန်းလဲ မလုံတဲ့ ခန္တာကိုယ်ပိုင်ရှင်များ ဖြစ်တဲ့အတွက် အိမ်တွင်းကနေ online တိုက်ပွဲဝင်နေကြတဲ့ Keyboard warriors များ။ 👵🧓👴💻💻⌨️⌨️🖱🖱


Generation Y။ သင်တို့ရဲ့ လက်ဖျားမှာ နိုင်ငံတော်ရဲ့ ယန္တယားရှိတယ်။ စစ်အာဏာရှင်များ သက်ဆိုးမရှည်အောင်၊ လုပ်ပေးကြမယ့် CDM  Warriors များ။ 👨🧑👩‍🦱🧑‍🧑‍👨‍🏫‍👨‍🔬🕴🕴


Generation Z။ ထွင်နိုင်တယ်၊ Technology ကို နားလည်တယ်၊ အသုံးချနိုင်တယ်။ ပြေးနိုင် လွှားနိုင်တယ်။ အော်နိုင်တယ်။ စည်းကမ်းဆိုတာကိုနားလည်တဲ့ လမ်းပေါ်ကနေ ကမ္ဘာကို စစ်အာဏာရှင်များရဲ့ ယုတ်မာမှု့ကို တိုင်တည်ပြသနေတဲ့ Protester Warriors များ။👦👩👧💁‍♀️💁‍♂️🚶🚶‍♂️🏃‍♂️🏃‍♀️

Generations ၃ခု စုပေါင်း ညီညွတ်ကြရင် ငါတို့ မကြာမီအောင်မြင်ရမည်။


Fighting guys!!!


Monday, 1 July 2019

ACA(Against Child Abuse).....




ပွင့်လင်းမြင်သာတဲ့ ဒီဖက်ခေတ်မှာ လူတွေ ဘာလုပ်လုပ်ဘာဖြစ်ဖြစ် နေ့ချင်းညချင်း သိနိုင်နေကြတာနဲ့ အမျှ မကောင်းမှုကျူးလွန်တဲ့သူတွေကလည်း ပိုပိုများလာတယ်...။ အဆိုးဆုံးက မုဒိန်းမှု အဲဒီထက် အဆမတန်ပိုဆိုးတာက သက်ငယ်မုဒိန်းမှု ကျွန်မ ဒီစကားလုံးကို မရေးချင်ဘူး ဖြစ်နိုင်ရင် ကျွန်မရဲ့ စာမျက်နှာမှာ ဒီစကားလုံးမပါစေချင်ဘူး...။ ဒါပေမယ့် သမီးလေး Victoria အတွက် မြန်မာပြည်မှာ ကမ္ဘာမှာရှိတဲ့ သမီးလေးတွေအားလုံးအတွက် တတ်နိုင်သလောက် ရပ်တည်ပေးချင်တယ်...။ ကျွန်မ Facebook မသုံးပါဘူး ဒီသတင်းကို ကျွန်မ Youtube ကတဆင့်သိရတာ...။ အဆိုတော် လင်းလင်းနဲ့ ချစ်သုဝေတို့ကစလို့ အနုပညာရှင်တွေတော်တော်များများ ဒီကိစ္စမှာ တတ်နိုင်သလောက် ပါဝင်ရပ်တည်ပေးနေတာ အမှန်တရားထွက်ပေါ်လာဖို့ ကြိုးစားတိုက်တွန်းနေတာတွေတွေ့ရလို့ မျက်ရည်လည်မိတယ်... ၀မ်းသာအားရမိတယ်...။ ပြီးတော့ ဒီပို့စ်လေးကို ကလေးချစ်တတ်တဲ့ သူတစ်ယောက် ကိုယ့်ရဲ့ ကလေးဘ၀ ငယ်ဘ၀ကို အလေးထားမြတ်နိုးတဲ့သူတစ်ယောက်အနေနဲ့ ရေးသင့်တယ်ထင်လို့ ရေးလိုက်တာပါ...။ 

သမီးလေး Victoria ရဲ့ အမှုဖြစ်စဉ်ကို လူတိုင်းနည်းပါး သိလောက်ပြီထင်လို့ ကျွန်မမရေးပြတော့ပါဘူး...။ အဓိကပြောချင်တာ ကျောင်းမှာအုပ်ထိန်းတဲ့ဆရာမပဲ.... အဲဒီဆရာမ အသုံးမကျတော့မှ ကလေးတွေကို ကျောင်းမှာ ဘယ်လိုမိဘမျိုးက စိတ်ချလက်ချအပ်ထားဖို့ ယုံကြည်မှုရှိကြတော့မှာလည်း...။ ဒီအမှုမှာလည်း ဆရာမကိုယ်တိုင်ပါ ဒီကလေးပိစိလေးဖက်က မရပ်တည်ဘဲ ဘာကြောင့်...တရားခံဖက်က ဖုံးကွယ်ထွက်ဆိုတာလည်း...။ ဆရာမဆိုတာ အမျိုးသမီးနော် အဲဒီဆရာမက အိမ်ထောင်ရှိလားမရှိသလား ကျွန်မမသိဘူး ..။ အိုကေ အိမ်ထောင်မရှိ သားသမီးမရှိလို့ သားသမီးချင်းကိုယ်ချင်းမစာတတ်ရင်တောင် သူကိုယ်တိုင်က မိန်းမတစ်ယောက်လေး အမျိုးသမီးတစ်ယောက်လေ... အဲဒီကလေးလေးနေရာမှာ သူငယ်ငယ်တုန်းကသာဖြစ်ခဲ့ရင် သူ့ညီမလေးသာဖြစ်ခဲ့ရင် သူ့တူမလေးသာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးထက် သူ့ခေါင်းထဲမှာက ဘာရှိနေတာလဲ ငွေတွေလား ကန်တော့ပါရဲ့ ချီးတွေပဲရှိနေတာလား ...။ ဆောရီးပါ ကျွန်မရေးနေရင်း ဒေါသနည်းနည်းပါသွားတယ်...။ ဘာကြောင့်အမှန်တရားဖက်က ရပ်တည်ရမှာကို ကြောက်နေတာလည်း ဒါဟာ တဖို့တည်းကြည့်တာ တကိုယ်ကောင်းဆန်တာပဲ...။ ဘာလဲ အလုပ်ပြုတ်မှာ ကြောက်လို့လား ဒီကျောင်းမှာဆရာမလုပ်ပြီး ၀င်ငွေမရှိရင် ထမင်းငတ်တော့မှာလား ... ဆရာတစ်ယောက်ရဲ့ စိတ်ဓါတ်မရှိဘဲ ဆရာမလုပ်နေသေးတယ် တော်တော်ရွံဖို့ကောင်းတယ်...။ ခုကိစ္စမှာ တရားခံဘယ်သူဆိုတာ ထင်ရှားနေပြီး အမှုက ဝေ့နေတာ ရှည်နေတာ အင်းအားကြီးရင် ကျောထောက်နောက်ခံကောင်းရင် အမှန်တရားကို အလွယ်ကလေး ဖုံးဖိထားနိုင်ကြပြီလား...။ တရားခံမိပြီဆိုရင်တောင် အဲဒီမျက်မြင်သက်သေ ဆရာမကို လုံးဝ လစ်လျူရှုဖို့မကောင်းဘူး သူ့ကိုပါ ကြီးလေးတဲ့ ပြစ်ဒဏ်ပေးသင့်တယ်...။ ကလေးတွေအပြစ်ကျူးလွန်တာကို ဆရာမတစ်ယောက်က မဆုံးမတဲ့အပြင် ဖုံးဖိပေးထားတယ် ဆိုမှတော့ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်တော့ဘူး..။

You Tube မှာ Face Book မှာ ကိုယ့်ကိုယ်ကို Popular ဖြစ်ချင်လို့ လူတွေရဲ့ Attention ကိုလိုချင်လို့ ဗီဒီယိုတင်နေကြတဲ့ သူတွေကိုလည်း နှိုးဆော်ချင်ပါတယ် ဒီကိစ္စကို ထိထိရောက်ရောက်လေး ပြောပေးသင့်တယ် တရားလိုရဲ့မိဘတွေရဲ့ စိတ်ဓါတ်မကျအောင် လဲပြိုမသွားအောင် ငွေအင်အား အာဏာပါဝါတွေနဲ့ ပိမသွားအောင် ရပ်တည်ပေးပါ လုပ်ဆောင်ပေးကြပါလို့...။ ပြီးတော့ ကလေးတွေကို ကျောင်းမှာ Sex education သင်ပေးသင့်နေပါပြီ ဘယ်ခေတ်ရောက်နေလို့လဲ...။  ကလေးတွေရဲ့ ခန္ဓာအစိပ်အပိုင်း ဘယ်နေရာက လူအများကို ပြသင့်တယ် မပြသင့်ဘူး အဲလိုတွေပေါ့...။ ကမ္ဘာက ရွာဖြစ်နေပြီ... ဘာလို့ ဘောင်ကျဉ်းကျဉ်းလေးထဲမှာ နေနေဦးမှာလည်း...။ မျက်စိပွင့်ကြပါတော့ နားစွင့်ထားကြပါတော့...။

တစ်ခုပြောပြချင်တယ် မိန်းကလေးဖြစ်ရတာ အင်မတန် အန္တရာယ်ကြီးပါတယ်...။ မိန်းကလေးမွေးထားရင် စိတ်ချလက်ချမထားခဲ့ကြပါနဲ့...။ ကိုယ့်ရဲ့ ဦးလေးတွေ အစ်ကိုတွေ  မောင်တွေ ဆွေမျိုးသားချင်း ဘယ်သူ့ကိုမှ မယုံကြည်သင့်ပါဘူး ...။ သူတို့ ဘယ်ချိန် စိတ်ဖောက်ပြန်လာကြမလဲဆိုတာ ဘယ်လိုမှကြိုမသိနိုင်ဘူး..။ ဒါကြောင့် မဖြစ်သင့်တာမဖြစ်ဖို့ ကြိုတင်ကာကွယ်မှုယူကြဖို့ ဘယ်တော့မှ မမေ့စေချင်ဘူး...။ မနေ့တုန်း က ဒီအမှုနဲ့ ပတ်သက်ပြီး နေခြည်ဦးရဲ့ အင်တာဗျူးတစ်ခုကို ကြည့်လိုက်ရတယ်...။ သူအသက် ၁၃ ၁၄ နှစ်အရွယ်လောက်တုန်းက သင်္ကြန်မှာ ယောက်ျားတစ်ယောက် အနောက်ကနေ သူ့တင်ပါးကို ကိုင်ခဲ့ဖူးတဲ့ အကြောင်းပြောပါတယ်...။ အဲဒီတုန်းက သူအရမ်းကြောက်လို့ အနောက်က ဘယ်သူလည်းဆိုတာ လှည့်မကြည့်ခဲ့ဘူးတဲ့...။ ပြီးတော့ အိမ်ကို တန်းပြေးသွားလိုက်တာ မိဘကိုလည်း ဘယ်လိုပြောပြရမှန်းမသိလို့ မပြောခဲ့မိဘူးဆိုပြီး ပြောပြထားတယ်...။ အဲဒါလေးပြောချင်တာ ကိုယ့်မှာ သမီးကလေးတွေရှိရင် သေချာမှာထား သင်ထားပေးကြပါ ဘယ်နေရာကိုလာထိရင် လာကိုင်ရင် ကိုယ့်မိဘ အုပ်ထိန်းသူ လူကြီးတစ်ယောက်ယောက်ကို ချက်ချင်းပြောပြရမယ်ဆိုတာပါ...။ အဲလိုပြောပြဖို့ မကြောက်ဖို့ သေချာသင်ပေးကြပါ...။

ကျွန်မတို့ ငယ်ငယ်တုန်းက အိမ်မှာ ဗီဒီယိုရုံဖွင့်ထားတယ်..။ အဲမှာ မီးစက်နှိုးဖို့ ဗီဒီယိုတွေလာပြပေးဖို့ ဦးလေးတစ်ယောက်ကို ငှားထားတယ် ..။ ကျွန်မတို့ မိသားစုနဲ့လည်း သိပ်ရင်းနှီးပါတယ်...။ အဲခေတ်က ဗီဒီယိုပြရင် ပို့စတာကို White Board မှာ ပုံဆွဲပြီး လူစိတ်ဝင်စားမယ့် စာတွေဘာတွေ ကြော်ငြာပြီးရေးရတာပေါ့...။ ဟောင်ကောင်အက်ရှင်ကားတွေဆို ခေတ်ပေါ်တရုတ်ကား အဲလိုတွေ ရေးတယ်...။ ရေးပေးတဲ့ ပန်းချီဆရာဦးလေးကြီးက“ခေတ်”ကို ခခွေးနဲ့ တ၀မ်းပူကပ်ရေးတော့ “ဆော်”လို့နောက်ပြီး အသံထွက်ကြရာက .. ဆော်ပေါ်ကားဖြစ်သွားရော...။ ဟောင်ကောင်အက်ရှင်တွေက ဟိုအခန်းဒီအခန်းတွေ ပါတော့ အဲလိုဇာတ်ကားမျိုးဆို ဆော်ပေါ်ကားဆိုပြီး နာမည်သွင်သွားတယ်...။ အဲတုန်းက ကျွန်မအသက် ခုနှစ်နှစ် ရှစ်နှစ် ဘောင်းဘီတိုလေးနဲ့ ရေတွင်းမှာ ရေချိုးတော့ အဲဒီဦးလေးက နောက်ဖေးမှာ မီးစက်လာနှိုးရင်း ကျွန်မရေချိုးနေတာကို ကြည့်ပြီး ဆော်ပေါ်လေး ဆော်ပေါ်လေးလို့ နောက်တယ်...။ အဲဒီအရွယ်မှာ သူဘာကို ရည်ရွယ်ပြီး အဲလိုပြောလည်းဆိုတာ ကျွန်မကောင်းကောင်းသိနေပြီ...။ Sense လည်းရနေတယ်...။ ဒါငါ့ကို နှာဘူးကျနေတာပဲဆိုတာပေါ့...။ အဲတုန်းက ဗီဒီယိုလာကြည့်ကြတဲ့ တပ်ထဲက စစ်သားတွေဆိုလည်း ကျွန်မကို ပါးလာဆွဲပြီး ချစ်စရာလေးတို့ ဘာတို့လာလုပ်ရင် သိပ်ရွံတာပဲ သူတို့က ကလေးလေးဆိုပြီး တကယ်ချစ်စရာကောင်းလို့ လုပ်တာမှမဟုတ်ဘဲ...။ သူတို့ရဲ့ အမူအရာ အသံ အပြောအဆေိုတွေဆီကနေ ကျွန်မက Sense ရနေပြီးသား...။

တနေ့မှာ ဗီဒီယိုရုံဘေးပေါက်ကနေ ဇာတ်ကားကောင်းလို့ နေရာမရှိတာနဲ့ ခုံတစ်လုံးပေါ်တက်ပြီး အရှေ့ကပိတ်နေတဲ့သူတွေကို ကျော်ကြည့်နေတုန်း လူတစ်ယောက် ကျွန်မအနောက်ကနေ တင်ပါးကို လက်နဲ့လာကိုင်တယ်...။ အဲတုန်းက ကျွန်မက နေခြည်ဦးလို လှည့်မကြည့်ရဲလို့ ထွက်မပြေးခဲ့ဘူး ကျွန်မ ချက်ချင်းလှည့်ကြည့်လိုက်တယ်..။ အဲလူက စစ်တပ်ထဲက စစ်သားပဲ ကုလားကြီး အရပ်ရှည်ရှည် အသားမဲမဲ မျက်လုံးပြူးပြူးနဲ့ ကျွန်မသူ့နာမည်ကိုမသိပေမယ့် သူ့ကို မျက်မှန်းတန်းမိနေတယ်..။ ကျွန်မ ချက်ချင်း ကျွန်မအမေကိုပြောပြတော့ အမေက တပ်ထဲက RP ဘာရာထူးလည်းတော့မသိဘူး စစ်သားတွေထဲမှာတော့ တပ်ကြပ်ကြီး အကြီးထဲကပဲ အဲဒီဦးလေးကြီးကို တိုင်လိုက်တာ နောက်အဲလူ အိမ်ကို မလာရတော့ဘူး...။ အဲဒီတုန်းက ကျွန်မက ရှစ်နှစ်လောက်ဆိုပေမယ့် အရပ်ရှည်တယ် ထွားတယ် စကပ်တို့ ဘောင်းဘီတို့ဝတ်ပေမယ့် အဲနေ့က ၀တ်ထားတဲ့ အ၀ါနဲ့လိမ္မော်စပ်ပွင့်ရိုက် ချည်သားလုံချည်လေးကို... ကျွန်မခုထိမှတ်မိနေတယ်...။ အဲဒီလူ အဲလိုကိုင်သွားတဲ့ နေ့ကစပြီး ကျွန်မ အဲဒီလုံချည်ကို လုံးဝမ၀တ်တော့ဘူး ...ထိကိုမထိတော့တာ ..။ အဲဒါမျိုးက စိတ်မှာ ဒဏ်ရာဖြစ်တာ နှစ်ပေါင်းကြာတတ်တယ်..။ တော်တော်နဲ့ မမေ့နိုင်ဘဲ တွေးမိတိုင်း စက်ဆုတ်ရွံရှာနေတာမျိုး..။

ဆိုတော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာ ဒီခေတ်မှမဟုတ်ပါဘူး ခေတ်အဆက်ဆက် ရှိခဲ့ကြတယ် ရှိခဲ့ကြမယ်...။ ရာခိုင်နှုန်းနည်းတာနဲ့ များတာပဲကွာခြားမယ်....။ ခုလို မြင်သာထင်သာလာတယ် ဆိုတာလည်း အင်တာနက်ကိုလူတိုင်းသုံးနိုင်နေကြလို့ပါပဲ..။ ဘယ်လိုပဲဖြစ်ဖြစ် သမီးလေး Victoria အတွက် အမှန်တရားတစ်ခုကို အမြင်ဆုံး ဖော်ထုတ်ပေးစေချင်တယ် ပေါ်ထွက်လာစေချင်တယ်...။ အမြင်ဆုံးလည်း ဖော်ထုတ်နိုင်ပါစေလို့လည်း ဆုတောင်းပါတယ်...။ ဒီကိစ္စက ဒီတစ်ခုကျမှ သည်းသည်းလှုပ်တာ မဟုတ်ပါဘူး...။ ဒီလိုပဲ ငွေများငွေနိုင်နဲ့ ပြီးဆုံးသွားကြတဲ့ လူမသိ သူမသိ အမှုတွေ အများကြီးရှိခဲ့မှာပဲ....။ အဲလိုတွေထပ်မဖြစ်အောင် ဒီအမှုကိုတော့ပေါ်စေချင်တယ် သင်ခန်းစာကြီးကြီး ပေးချင်တယ်...။ ဒီလိုအမှုကို ကျူးလွန်တဲ့ တရားခံကိုလည်း နိုင်ငံတကာကလို ထိရောက်ကြီးလေးတဲ့ ပြစ်ဒဏ်ပုဒ်မတစ်ခု သပ်သပ်မတ်မတ် ထုတ်စေချင်တယ်....။  

သမီးလေး Victoria သာ ငါဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့သမီးဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့ညီမလေးဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့တူမလေးဖြစ်ခဲ့ရင်..... 
သမီးလေး Victoria သာ ငါ့ဆွေမျိုးသားချင်းဖြစ်ခဲ့ရင်.....ဆိုတဲ့ မိန်းမချင်း လူသားချင်း ကိုယ်ချင်းစာနာထောက်ထားတဲ့ အတွေးတစ်ခုနဲ့ပဲ တတ်နိုင်သလောက် ပါဝင်ရပ်တည် ကူညီပေးစေချင်ပါတယ်....။


မိုးငွေ့

Thursday, 31 May 2018

သကမိဘမဲ့စုပေါင်းအလှူ.....(၂)





ကျွန်မတို့ ရုံးက စုပေါင်းအလှူနောက်တစ်ခုက ရွှေပြည်သာမြို့နယ်မှာရှိတဲ့ ကမ်းဇေယျာ ပရဟိတသီလရှင်စာသင်တိုက်ပဲဖြစ်ပါတယ်...။ အဲနေ့က စနေနေ့မို့ နေ့တစ်ဝက်ရုံးပိတ်ပြီး ကိုယ်နီးစပ်ရာကားဂိတ်ကနေ YBS စီးပြီးသွားကြတယ်...။ YBS 39 နဲ့ 65 ကားစီးရင်ရောက်တယ်...။ ဂိတ်ဆုံးပဲစီးရတာ...။ မနက်စောစော 7နာရီခွဲလောက်ထသွားတော့ အဲနေ့က နေသာပေမယ့် ကျွန်မစီးတဲ့ 65ကားရဲ့ လေအေးပေးစက်ကတော့ စပါယ်ရှယ်အေးလွန်းလို့ အနွေးထည်တို့ ပ၀ါတို့ကို သတိရမိတယ်..။ ဂိတ်ဆုံးတော့ သီလရှင်ကျောင်းမ၀င်ခင် လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ မရောက်လာသေးတဲ့ သူတွေကို ထိုင်စောင့်..။ ကမ်းဇေယျာက သီလရှင်ဆရာကြီးက ကားနဲ့အကြိုမလွှတ်ခင် ကျွန်မတို့ အထဲကို လိုင်းကားမီနီဘတ်လေးရောက်တာနဲ့ တစ်ယောက်200နဲ့ သွားလိုက်ကြတယ်...။ ကျောင်းကိုရောက်ဖို့တော့ လမ်းနည်းနည်းထပ်လျှောက်ရသေးတယ်...။ ကားအသေးတွေဆိုရင်တော့ အထဲဝင်ဖို့သိပ်မဖြစ်နိုင်ဘူး မြေလမ်းမို့ အညီညာဘူး ကားကြီးပြီး အောက်ပိုင်းလွတ်မှရမယ်..။












 
ကျောင်းဆောင်အလှူရှင်တွေရဲ့ ဓါတ်ပုံကိုပြန်ရိုက်လာတာ


ကျွန်မတို့အဖွဲ့ကို ခရီးဦးကြို နေကြာစေ့ ဖီးကြမ်း လက်ဖက်နဲ့ အကြမ်းရည် ချကျွေးပါတယ်














ဒီကျောင်းကိုမရောက်ဖူးခင် လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက သီလရှင်လေးတွေအတွက် ဖိနပ်လိုတယ်ဆိုလို့ ကျွန်မက ဖိနပ်အရံ ခုနှစ်ဆယ်လောက်ကို တစ်ဦးတည်းအလှူရှင်ယူလိုက်တယ်...။ သင်္ကန်းကလည်း ကျွန်မတို့ ကုမ္ပဏီရဲ့ MD ကလှူတာ..။ ကျန်တဲ့ စားစရာတွေကိုတော့ ရုံးကအဖွဲ့သားတွေ စုပေါင်းလှူကြတာပါ...။ ထီးကတော့ ကိုယ်ဘယ်နှစ်လက်လှူချင်လဲတစ်လက်ကို 5500/-နဲ့  အလှူငွေကောက်ပြီး စုလှူလိုက်ကြတယ်။ အိုကေပူတင်းပေါင်မုန့်အလုံးတစ်ရာကလည်း အလှူရှင်တစ်ယောက်ပါ..။ နောင်နှစ်များလည်း ဖိနပ်အသစ်လဲတဲ့အခါကျရင် တစ်ဦးတည်းအလှူရှင်အဖြစ် လှူပါ့မယ်လို့ သီလရှင်ဆရာကြီးကိုလျှောက်ထားခဲ့တယ်...။ ထာဝရအလှူရှင် ရတာမို့ စာသင်သားသီလရှင်ကလေးတွေအတွက် ၀မ်းသာမဆုံးဘူးတဲ့...။






 ဣဒံ မေ ပုညံ အာသဝက္ခယာ ဝဟံ ဟောတု ၊ ဣဒံ မေ ဒါနံ နိဗ္ဗာနဿ ပစ္စယော ဟောတု




ဆရာကြီးသုံးပါးမှာ အလည်ကဆရာကြီးက ကျောင်းထိုင် ဘယ်ဖက်က ဆရာကြီးက စာချ တခါတလေ အပြင်ဆွမ်းခံကြွရင် ကလေးတွေကို ဦးဆောင်ပေးတယ် ညာဖက်က ဆရာကြီးကတော့ ဆွမ်းချက်ဖို့ကိစ္စနဲ့ ကျောင်းက ဝေယျာဝိစ္စတွေကို ဦးစီးရတယ်...။ ဆရာကြီးသုံးပါးက သူငယ်ချင်းတွေ ပအိုးဝ်လူမျိုးတွေပါ...။


လှူဖွယ်ပစ္စည်းတွေကပ်ပြီး တရားနာ ရေစက်ချ





ဆွမ်းစားချိန် တန်းစီ



အဲနေ့က ကြက်ဗူးသီးဟင်းနဲ့...။ နေ့စဉ်ဆွမ်းဟင်းကို လာကူချက်ပေးတဲ့ ဦးလေးကြီးတစ်ယောက် ရှိတယ်တဲ့..။ ပရဟိတသက်သက်လာပြီး ကူညီချက်ပေးတာဖြစ်တယ်လို့ပြောတယ်...။ ကျွန်မလည်း အသက်ကြီးလာရင် အဲလို ဘုန်းကြီးကျောင်းတွေ သီလရှင်ကျောင်းတွေမှာ ဝေယျာဝိစ္စ ဆွမ်းဟင်းတွေ သွားချက်ပေးချင်တယ်...။


သီလရှင်လေးတွေနဲ့ ရှမ်းပြည်က စစ်ဘေးရှောင် ကျောင်းလာတဲ့ ကလေးတွေ လူဦးရေတော့ သိပ်မများဘူး













ထုံးစံအတိုင်း သီလရှင်တွေဘုန်းပေးပြီးတာနဲ့ အလှူရှင်တွေအတွက် နို့စိမ်းခေါက်ဆွဲပြင်ပေးထားပါတယ်..။ ကလေးတွေထဲက တစ်ယောက်ရဲ့ မွေးနေ့မို့ ဆရာကြီးက ကိုယ်တိုင်ချက်ထားတာတဲ့..။ ဗိုက်ဆာဆာနဲ့ အကုန်စားကောင်းတာပဲ...။ အပြန်တော့ မွန်းတည့်ချိန်ကော်ျပြီမို့ နေသိပ်ပြင်းနေပြီ...။ ဆရာကြီးတွေကို နှုတ်ဆက်ပြီး ကျောင်းက ဒိုင်နာကားနဲ့ ကားဂိတ်အစထိလိုက်ပို့ပေးပါတယ်...။ ကျောင်းနောက်ဖက်မှာ ချောင်းရှိတယ်တဲ့ စိုက်ခင်းတွေလည်းရှိတယ် မကြည့်ခဲ့ရဘူး...။ နေပြင်းလာတော့ အိမ်ပြန်ချင်နေကြပြီ...။ နောက်နှစ်တစ်ရုံးလုံး သီလရှင်လာဝတ်ကြမယ်လို့ နောက်သလိုနဲ့ ဆရာကြီးကို ကျွန်မပြောတော့ ကတုံးမရိတ်ချင်တဲ့ တချို့က ထအော်ကြတယ်..။ ဆံပင်တောင်မစွန့်နိုင်သေးရင် ကျန်တာတော့ အဝေးကြီးဖြစ်နေဦးမှာ...။ လောကမှာ ဘာကိုမှ အစွဲလန်းသိပ်မကြီးတာအကောင်းဆုံးပဲ...။


 


ဒီပုလ္လင်က မှန်စီရွှေချဖို့ ပန်းခက်တွေပုံဖော်ဖို့ အလှူငွေမရှိတော့တာနဲ့ တန်းလန်းဖြစ်နေတာ ကျွန်မက ဓါတ်ပုံရိုက်ယူလာပြီး ကျွန်မတို့ MDဆီမှာ အလှူခံလိုက်တာ သူလှူမယ်ဆိုလို့ အဆင်ပြေသွားတယ် ...။ ပန်းတမော့ဆရာရဲ့လက်ခ ကျပ်ငါးသိန်းတိတိပါ... ။ ကျန်တဲ့ အုတ်သဲကျောက် ဘိလပ်မြေကတော့ ကျောင်းမှာရှိပြီးသားတဲ့...။  MD က နိုင်ငံခြားခရီးရောက်နေလို့ သူ့ကို ဗိုင်ဘာနဲ့ အလှူရေစက်ချတဲ့ ပုံတွေပို့ပေးပြီး..“Say Sardu three times for your donation”လို့ ပြောလိုက်တော့ သူက ချက်ချင်းပဲ သာဓု သုံးကြိမ်ခေါ်ပါတယ်...။ 

အပြန်အိမ်တန်းမပြန်သေးဘဲ စံရိပ်ငြိမ် ဂမုန်းပွင့်ရှေ့မှာဆင်းပြီး Marry Brown ကြက်ကြော်ဝင်ဝယ်တယ် ဟိုဒီလျှောက်ကြည့်တယ်...။ သုံးထပ်မှာရှိတဲ့ WTC မှာ ဆရာတွေကိုတောင်သွားမနှုတ်ဆက်လိုက်ရ...။ မိုးက သည်းကြီးမဲကြီးရွာလို့ မိုးခိုရသေးတယ်...။ ဟိုတစ်ပတ်  အာစိဏကံကျောင်းသွားလှူတုန်းကလည်း အပြန်မိုးတွေကြီးလို့...။ အေးချမ်းလိုက်တာ...။ မိုးကိုချစ်သော ကျွန်မအတွက် ကောင်းမှုကုသိုလ်ပြုအပြီးမှာ ချစ်သောမိုးက ထောပနာပြုတယ်လို့ပဲမှတ်တယ်...း)


မိုးငွေ့
 

Monday, 28 May 2018

သကမိဘမဲ့စုပေါင်းအလှူ.....(၁)

 


ပြီးခဲ့တဲ့ ဧပြီလက ကျွန်မတို့ ရုံးကအဖွဲ့သားတွေ ကိုယ်ကုသိုလ်ပါနိုင်သမျှလေးစုပြီး သင်္ကန်းကျွန်းကြီးရွာ မင်္ဂလာဒုံမြို့နယ်မှာရှိတဲ့ အာစိဏကံကျောင်းကို အလှူပစ္စည်းတွေသွားပို့ရင်း ရေစက်ချအလှူပြုခဲ့ကြတယ်...။ ဒီကျောင်းက သီလရှင်ကျောင်းထိုင်ဦးစီးပြီး သီလရှင်လေးတွေနဲ့ မိဘမဲ့ကလေးတွေ မိဘရှိလျက်နဲ့ စွန့်ပစ်ခံရတဲ့ ကလေးတွေကို ထိန်းကျောင်းစောင့်ရှောက်တဲ့ သီလရှင်စာသင်တိုက်ကျောင်းတစ်ကျောင်းပါ...။




ဆောက်လက်စကျောင်းဆောင်တစ်ဆောင်ကို ကုသိုလ်ပါဝင်ချင်သူတွေ အပေါ်ဆုံးမှာတင်ထားတဲ့ပုံပါအတိုင်း ကိုယ်တတ်နိုင်သလောက် သဒ္ဒါတရားရှိသလောက် လှူဒါန်းထည့်ဝင်နိုင်ပါတယ်


လက်ရှိကျောင်းဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့တဲ့ အလှူရှင်






ကျောင်းထိုင်သီလရှင်ဆရာကြီးက သီလပေး တရားဟောဖို့ ဦးဇင်းတစ်ပါးကို ပင့်ဖိတ်ထားပေးပါတယ်


 
သီလရှင်ကလေးတွေနဲ့ မိဘမဲ့ကလေးငယ်တွေ


ဘုန်းဘုန်းဆီက သီလယူ တရားနာပြီး ဆွမ်းကပ်ပါတယ်


ထောပတ်ထမင်းဘုန်းပေးနေကြတာ






























သီလရှင်ကလေးတွေဆွမ်းစားပြီးတော့ အလှူရှင်တွေက ဗိုက်ဆာဆာနဲ့ တစ်ယောက်ကို နှစ်ပွဲလောက်တွယ်ပလိုက်ကြတယ်


ဗူးသီး ဒန့်သလွန်ချဉ်ဟင်းနဲ့ ငါးကျည်းကြော်ကြွပ်ကြွပ်လေး သိပ်ကောင်းပဲ







အဲဒီမှာ သုံးလ ခြောက်လ ကိုးလနဲ့ ဆယ့်တစ်လသားကလေးငယ်လေး လေးယောက်ရှိတယ်... ကျွန်မတို့ကို ကလေးထိန်းတွေက ဒီကလေးတွေရောက်လာတဲ့ ရာဇ၀င်ကိုရှင်းပြပါတယ်... ဘယ်မြို့က ဘော်ဒါဆောင်က ဆရာနဲ့ကျောင်းသူနဲ့ရတဲ့ကလေး၊ သဌေးကခြေတော်တင်လို့ အိမ်ဖော်ကကိုယ်ဝန်ရသွားလို့ လာအပ်သွားတာ စသဖြင့် ရင့်နင့်စရာသူတို့အကြောင်းတွေကို ကြားရတော့ တကယ်စိတ်မကောင်းဘူး...။ သူတို့ကိုမွေးထုတ်ပြီး တာဝန်မယူတဲ့ မိဘတွေကိုစိတ်လည်းဆိုးမိတယ်..။ ပြီးတော့ ကလေးထိန်းတွေကိုလည်း လာသမျှလူတွေကို ဒီကလေးတွေရဲ့ မကောင်းတဲ့ ရာဇ၀င်အကြောင်းတွေကို လျို့ဝှက်ပေးသင့်တယ်လို့ ထင်တယ်...။ ကလေးတွေကြီးလာရင် ပတ်ဝန်းကျင်က ကလေးတွေအချင်းချင်း နင်ကဘယ်မိဘကမွေးတယ် ဘယ်ကလာတယ်ဆိုပြီး Bully လုပ်ခံရမှာ သူတို့ကလေးတွေ စိတ်ဒဏ်ရာရသွားကြမှာကို မဖြစ်စေချင်ဘူး... အဲလိုလေးတွေးမိသွားတာပါ...။ ဧပြီလထဲမှာ အလှူနှစ်ခု ရေစက်ချရလို့တကယ်စိတ်ချမ်းမြေ့ရတယ်...။ နောက်တစ်ခုက ရွှေပြည်သာဖက်မှာ နောက်တပို့စ်ကျပုံတွေတင်ပေးပါ့မယ်...။






























ကျွန်မတို့အသွားရော အပြန်ရော YBS စီးသွားကြတယ်....။ အသွားတုန်းကတော့ မနက်ရှစ်နာရီ စထွက်ပေမယ့် အဝေးပြေးဂိတ်မှာပိတ်ပြီး ကျောင်းရှိတဲ့ လမ်းထိပ်ရောက်တော့ ကိုးနာရီခွဲနေပြီ..။ ကျောင်းကိုရောက်ဖို့ ဆိုင်ကယ်ကယ်ရီစီးရတယ်...။ ဆိုင်ကယ်ဆို ချောင်းသာ ငွေဆောင်တွေသွားကတည်းက စီးရမှာကိုသိပ်ကြောက်တာ...။ အဲဒါနဲ့ ပစ္စည်းတင်တဲ့ကားနဲ့ ပြန်လာကြိုခိုင်းလိုက်တယ်...။ အပြန်ကျတော့ ကားမရှိလို့ ဆိုင်ကယ်ကယ်ရီပဲစီးရတာပါပဲ... ဘောင်းဘီရှည်ဝတ်သွားလို့ တော်သေးတယ်...။ အဲဒီနေ့က ကုသိုလ်ကောင်းမှုလုပ်ရလို့ စိတ်အေးချမ်းရတဲ့အပြင် ကားစီးပြန်တော့ မိုးလေနဲ့ရာသီဥတုက အေးစိမ့်စိမ့်...။ တံတားဖြူဂိတ်မှာဆင်းပြီး ကုံးကျော်တံတားဖြတ် ကန်ဘောင်မှာ ရခိုင်မုန့်တီဝင်စားကြတယ်...။ မိုးဒဏ်လေဒဏ်ကြောင့် ကန်ဘောင်တလျှောက်ချိပ်ဆွဲထားတဲ့ ရောင်စုံထီးတွေလည်း ပိုးလိုးပက်လက်တွေဖြစ်လို့ ....။ လေတဖြူးဖြူးနဲ့  ပတ်ဝန်းကျင်တစ်ခုလုံးလည်း မီးခိုးမှိုင်းရောင်တွေလွှမ်းလို့...။

မိုးငွေ့