Friday, 29 July 2011

အိပ်မက်မက်တယ်.....




ကိုယ့်အိပ်မက်ထဲ မင်းရောက်လာခဲ့ရင် ကမ္ဘာကြီးရပ်တန့်သွားမယ်လို့ ကိုယ်ထင်ခဲ့တာ....။

ခုတော့... ကမ္ဘာကြီးလဲရပ်တန့်မသွားဘူး.... ပင်လယ်ရေလဲခမ်းခြောက်မသွားဘူး... ဂီတသံစဉ်တွေလဲ ဆိတ်သုဉ်းမသွားဘူး.... ကောင်းကင်မှာလဲ ငှက်ကလေးတွေပျံဝဲဆဲ.....။

ဒါပေမယ့် အိပ်မက်ထဲမှာ မင်းမျက်လုံးတွေက အမုန်းမီးတွေ တလျှံငြီးငြီးတောက်လောင်နေကြတယ်....။ 
အိန်ဂျယ်ရယ်..........ကိုယ်ဟာ မင်းအတွက် အမုန်းတွေတဲ့လား......
ဝမ်းနည်းစရာကောင်းလိုက်တာ....

ပိုပြီးဝမ်းနည်းစရာကောင်းတာက.... ကိုယ့်စကားလုံးတွေကိုတောင် ပျံသန်းခွင့် ဘုရားသခင်ကခွင့်မပြုဘူးတဲ့...။

ကိုယ်ဖန်တီးခဲ့တဲ့ စကားလုံးတွေကို မျက်ရည်စက်လက်နဲ့ စိုက်ကြည့်နေရမလား.....။ သီချင်းတွေဆိုပြီး ဝုန်းဒိုင်းကြဲ ပေါက်ကွဲလိုက်ရမလား.....။ ကော်ဖီတစ်ခွက်နဲ့ မိုးရေစက်တွေကို ထိုင်ကြည့်ရမလား......။ ကိုယ်ဘာလုပ်ရမလဲ......????

အဖြူရောင်ကြိုက်တဲ့ မင်းအတွက် ကိုယ့်ရဲ့ဖန်တီးမှုတွေက အဖြူရောင်ပန်းပွင့်လေးတွေပါ......။

မိုးရေတွေနဲ့အတူ အဖြူရောင်ပန်းပွင့်လေးတွေသာရွာချလိုက်ရင် လောကကြီးသိပ်လှသွားမှာသေချာတယ်...။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်ပြန်ပြီလို့ အပြစ်မတင်ပါနဲ့....။

ဂီတာတစ်လက်ယူခဲ့ပါ အိန်ဂျယ်.....။ ကိုယ်တို့ အတူသီချင်းဆိုရအောင်လေ.....။ တစ်ချိန်က လှပတဲ့ သံစဉ်ချိုချိုတွေနဲ့ လက်ခုပ်သံတွေ လေထဲ ပေါင်းစည်းခဲ့ဖူးတယ်....။ ကျန်ခဲ့ပါပြီလေ....။ ပြန်မရနိုင်တော့တဲ့ အရာတွေကို လှမ်းလှမ်းကြည့်ရတာ ညောင်းလှပြီ....။

ကိုယ့်ကိုပုန်းနေတာများ.... အိပ်မက်ထဲထိတောင်တဲ့.....။

ဒါပေမယ့် ကိုယ်မြင်လိုက်တယ် အိန်ဂျယ်... အမှောင်ထဲမှာ မင်းမျက်လုံးတွေ လင်းလက်နေကြတယ်...ကြယ်ပွင့်လေးတွေလိုပဲ...။

ကိုယ်စိုးရိမ်နေတာတစ်ခုတော့ရှိတယ်....
မင်း အပြုံးဖြူဖြူတွေကို နောက်ထပ်တစ်ကြိမ်မတွေ့လိုက်ဘဲ လောကထဲကနေ ကိုယ်ထွက်သွားရမှာကိုပဲ.....။

ခေါင်းတွေခဏခဏမူးပြီး အသက်ရှုတွေကြပ်ကြပ်လာတယ်........။ ကြောက်လိုက်တာ အိန်ဂျယ်ရယ်....။ အရင်ကတော့.... ကိုယ်ချစ်တဲ့သူတွေအားလုံးကို တိတ်တဆိတ်နှုတ်ဆက်ထွက်ခွာသွားဖို့ သတ္တိတွေရှိနေခဲ့ပေမယ့် ခု...ဘာကြောင့်မှန်းမသိ ကိုယ်ကြောက်နေမိတယ်.....။

ခဏလေးဖြစ်ဖြစ် ပြန်လာခဲ့ပါ အိန်ဂျယ်....။

ကော်ဖီပူပူတစ်ခွက်သောက်ရင်း ....မင်း ဆိုပြမယ့် သီချင်းကို ကိုယ်နားထောင်ချင်လို့ပါ...။


ချစ်က အနွေးထည်တွေထက် အအေးဓာတ်ကို ပိုလုံစေတယ်။

အချစ်ဆိုတာ ဘယ်တော့မှမငြိမ်းတဲ့ မီးအိမ်တစ်လုံးပါ။

အချစ်ဆိုတာ လိပ်ပြာတစ်ကောင်ပါ။
ပျံသန်းရာနေရာတိုင်းကို ပျော်ရွှင်ခြင်းတွေ သယ်ဆောင်ပေးတယ်။


တကယ်လို့ မင်းကိုလွမ်းတိုင်း ပန်းတစ်ပွင့်ပွင့်မယ်ဆိုရင်
ကိုယ်ဟာ ပန်းခင်းထဲ အမြဲလမ်းလျှောက်နေသူဖြစ်မယ်။



မိုးငွေ့



Thursday, 28 July 2011

သတိရသေးရင် နှုတ်ဆက်ပါ.....




မင်းကို အရမ်းလွမ်းတယ် အိန်ဂျယ်ရယ်.....။

နာကျင်မှန်း...ခါးသီးမှန်းသိလည်း မင်းကို လွမ်းတာ ဘယ်လိုရပ်တန့်ပစ်ရမလဲ....။ ဒီည ကိုယ်အားလုံးကိုမေ့ပစ်ဖို့ ဇာတ်ကားတစ်ကားကိုထိုင်ကြည့်ဖြစ်တယ်...။ အဲဒီဇာတ်လမ်းထဲမှာ မင်းသမီးက မွေးရာပါ ညှို့တတ်တဲ့ အတတ်လေးရှိတယ်....။ သူလိုချင်တာကို ညို့ယူတယ်....။ သူလိုချင်တာကို ဆုတောင်းလိုက်တာနဲ့ တမ်းတလိုက်တာနဲ့ရတယ်...။ အဲဒီဇာတ်ကားလေးကိုကြည့်ပြီး ကိုယ်အဲလိုလေး ဆုတောင်းပြည့်ချင်လိုက်တာလို့ စိတ်ကူးယဉ်မိတယ်...။ နောက်ဆုံးမင်းသမီးက သူအလိုချင်ဆုံးဆုကို အချိန်တော်တော်ကြာစောင့်ဆိုင်းပြီးတော့မှ ရသွားတယ်...။ ဇာတ်ကားလေးကိုကြည့်ပြီး ဘာလို့မှန်းမသိ မင်းကိုတော်တော်လေး သတိရသွားမိတယ်...။

မင်းဘယ်ဆီမှာလဲ အိန်ဂျယ်လို့... ကိုယ်ထပ်ပြီး တမ်းတပါရစေ.....။

ကိုယ်အိပ်လို့မပျော်ဘူး....။ ရင်ထဲမှာ ဝမ်းနည်းဆို့နင့်နေတယ်...။ အမြင်အာရုံတွေ ေ၀ဝါးလာလို့ ကိုယ်ခဏနားပါရစေ...။ သီချင်းတွေနားထောင်ကြည့်တယ်....။ မင်းအသံမဟုတ်တဲ့ မင်းဆိုပြခဲ့ဖူးတဲ့ သီချင်းတွေမဟုတ်လို့ နားထဲမဝင်ဘူး...။ ခုချိန်မှာ မင်းဖျော်တိုက်မယ့် ကော်ဖီတစ်ခွက်လောက်သောက်ရရင် ကောင်းမယ်...။ ခါတိုင်း ဒီချိန်ဆို ကော်ဖီတစ်ခွက်နဲ့ မင်းကိုယ့်ကိုစကားလာပြောနေကျလေ....။ မင်းအလုပ်က ညဉ့်နက်တော့ တခါတခါ မင်းအိပ်ငိုက်ရင် ကိုယ်နဲ့စကားတွေလာလာပြောတယ်လေ...။

ခုတော့....

အိန်ဂျယ်ရေ....... နေကောင်းလားလို့ နှုတ်ဆက်တာတောင် မင်းဆီက ဘာတုန့်ပြန်မှုမှမရတော့ဘူး...။

ဆုတောင်းလေးပြည့်မယ်ဆိုရင်........ ကိုယ့်ကို“သတိရသေးရင် နှုတ်ဆက်ပါ”လို့ ဆုတောင်းချင်ပါတယ်...။


မိုးငွေ့

Wednesday, 27 July 2011

ရွှေဖရုံသီးကြက်ဥပေါင်း...

ဒါကတော့ အချိုပွဲ.... ဒီနည်းအတိုင်းပဲ ကိုယ်ကြိုက်တဲ့ အသားကို နုတ်နုတ်စင်းပြီး အစာပလာရောနယ် ထည့်ပေါင်းလိုက်ရင် ဟင်းတစ်ခွက်ဖြစ်ပြီပေါ့

အရင်ဦးဆုံး ရွှေဖရုံသီးကို ရေစင်စင်ဆေးပါ...(ရွှေဖရုံသီးကို အလုံးသေးသေးပဲရွေးဝယ်ပါ)..။ အဖုံးပုံစံ ဓါးနဲ့ဖွင့်ပြီး အထဲက အစေ့တွေ အမျှင်တွေကို ဇွန်းနဲ့ အကုန်ကော်ထုတ်ပစ်ပါ...။

ကြက်ဥသုံးလုံးကို နွားနို့ သကြားထည့်ပြီး ခေါက်ထားပါ....။ ဆားအနည်းငယ်ခတ်ပါ...။
ရွှေဖရုံသီးထဲကို ခေါက်ထားတဲ့ ကြက်ဥထည့်ပြီး

နှစ်ထပ်ပေါင်းအိုးနဲ့ 45မိနစ်လောက်ပေါင်းပါ...။ အထဲက ကြက်ဥရမရကို တူနဲ့ ထိုးကြည့်ပါ...။ ကြက်ဥဖတ်တွေ ကပ်ပါမလာရင် ရပါပြီ...။


မိုးငွေ့

Tuesday, 26 July 2011

ခရမ်းချဉ်သီးအစိမ်းနဲ့မုန်လာဥနီ တန်ပူရာ




Blazon မှာ သက်သတ်လွတ်ပဲငပိကြော်ဝယ်ရင်း ခရမ်းချဉ်သီးအစိမ်းလေးတွေတွေ့တော့ တန်ပူရာကြော်စား ကြည့်မယ်စိတ်ကူးမိသွားတယ်...။ အရင်က ခရမ်းချဉ်သီးအစိမ်းတွေကို သုပ်စားရတာပဲ သိတာ..။ တလောက ဘယ်ဘလောက်မှာလဲတော့မသိဘူး လျှောက်သွားရင်းနဲ့တွေ့လိုက်တယ်..။ ဘလော့ဂ်လား စာအုပ်လား တီဗီထဲကပဲလားတော့မသိဘူ မမှတ်မိတော့ဘူး...အဲလို မှတ်ဥာဏ်ကကောင်းတာ..။ အကြော်အလှော်ဆို ကိုယ်ကကြိုက်တော့ ဘာလာလာပဲ...။ တန်ပူရာမှုန့်ကို အချိုအငံထည့် ငရုတ်ကောင်းနည်းနည်းထည့်ပြီး လိုတဲ့ရေနဲ့ ခပ်ပျစ်ပျစ်လေး စပ်ထားလိုက်တယ်...။ ပြီးတော့ခရမ်းချဉ်သီးကိုရေဆေးပြီး အကွင်းလိုက် ပါးပါးလှီးထားတယ်...။ အိမ်မှာ ခါဂျက်ဥနီတွေ့လို့ အဲဒါလေးပါပါးပါးလှီးထားလိုက်တယ်....။ ဆီပူအိုးထဲကို မှုနှ်နှစ်လေးထဲ ခရမ်းချဉ်သီးဝိုင်းလေးတွေနစ်ပြီး တစ်ခုဆီထည့်ထည့်ကြော်...။ ဟော....အောက်ကပုံထဲက အတိုင်းပါပဲ ထွက်လာတော့...။



ဆလပ်သုပ်တဲ့ မိုင်ရောနစ်နဲ့တို့စားရတာပိုကောင်းတယ်....။ ခရမ်းချဉ်သီး တန်ပူရာအရသာက ကြွပ်ကြွပ်ရွရွလေးနဲ့ နဲနဲချဉ်ပြုံးပြုံးအရသာလေး ကောင်း၏...။ ဥနီကတော့ချိုတယ်...။


မိုးငွေ့


Friday, 22 July 2011

အိန်ဂျယ်.....





မိုးညနေခင်းလေးက အေးစိမ့်မနေဘဲ အိုက်စပ်စပ်ရှိလှသည်....။ ကျမတို့စီးလာသော မာစတာဂျစ်ကလေးကတော့ မိုးရေစိုနေသောကတ္တရာလမ်းဝယ် ဘီးလေးလုံးမှ ရေများတဖွားဖွား လွှင့်စင်အောင်... ခပ်ကြမ်းကြမ်းလေး မောင်းနှင်လျက်ရှိသည်...။ ရှေ့ခန်းမှာထိုင်ရသော ကျမကတော့ ဘုရားတ,ကာ လိုက်ရ၏...။ အရှိန်လျှော့ပါလို့ပြောလည်း အပိုပင်...။ ဒင်းတို့က ဘာကားမောင်းမောင်း ဒီနှုန်းနှင့်ကတော့ ပုံသေ...။ အချစ်ဆုံးသူငယ်ချင်းတွေ အတွင်းသိအစင်းသိတွေပေမို့...။ သူငယ်ချင်းတွေဆိုပြီး မိန်းကလေးတွေချည်း မထင်ပါနှင့်။ ကျမတို့အဖွဲ့မှာ ယောက်ကျားလေးသုံးယောက် မိန်းကလေးကနှစ်ယောက်...။ မိန်းကလေးနှစ်ယောက်မှာ ကျမကတော့ ကျန်ယောက်ကျားလေးသုံးယောက်လို ကျားကျားရားရား... ဟန်နီကတော့ ကျမတို့အဖွဲ့မှာ ခန္ဓာကိုယ်သေးညက်သလို စိတ်ကလေးနုနု ကလေးလေးတစ်ယောက်လို ဖြူစင်ပြီး ချစ်စရာကောင်းသည်...။

ကားမောင်းသူက မိုးယံ... ဒီကောင်က ကျမတို့အဖွဲ့မှာ ဒရိုင်ဘာ... ကားမောင်းစရာရှိရင် သူ့သာလှမ်းခေါ်လိုက် အချိန်မရွေးအပြေး ရောက်လာတတ်တယ်...။ ကျန်ယောက်ကျားလေးနှစ်ယောက်က သီဟနဲ့သားသား.... ရယ်စရာတွေအမြဲပြောပြီး ပျော်ပျော်နေတတ်တဲ့ သီဟနားအမြဲကပ်နေပေမယ့် ဟန်နီ့မောင်လေး သားသားကတော့ စကားနှစ်လုံးပင် မကွဲသူ...။ ကဲ အားလုံးနဲ့လည်းမိတ်ဆက်ပေးပြီးသကာလမှာ.... ကျမတို့စားသောက်ဖို့ အဲဒီဥယျဉ်ခြံစားသောက်ဆိုင်ကို ဆက်သွားကြမယ်နော်...။ ကျမတို့၏ ကားလေး လမ်းဘယ်ဘက်ကို ချိုးကွေ့ဝင်သွားပြီး ကားရပ်နားစခန်းကို အကျအနနေရာယူလိုက်သည်...။

ညသည် ကြယ်တွေပျောက်နေသည့် ကောင်းကင်ကြီးအုပ်မိုးထားသည်မို့ လောကကြီး အေးချမ်းတိတ်ဆိတ် နေသယောင်ယောင်ရှိပေမယ့်... ဆိုင်အတွင်းခန်းမမှ တေးဂီတသံ ညိမ့်ညိမ့်ကလေး ပေါ်ထွက်လာလို့ အသက်ဝင်လှပနေသည်...။ အမှန်တော့ဘာရယ်မဟုတ်.... နေ့ဘက် တကုတ်ကုတ်အလုပ်လုပ်ပြီး ညဘက် အညောင်းညာဆန့်သည့် သဘောနှင့် ကျမတို့တွေ ဒီလိုအပြင်ထွက်ထွက်ပြီး မုန့်စားလေ့ရှိပါသည်....။ တစ်ယောက်အလုပ်တစ်ယောက် ဖလှယ်ရင်း...။ အလ္လာပသလ္လာပတွေပြောရင်းပေါ့....။ ဆိုင်ရှင်နှင့်လည်း ရင်းနှီးတာကြောင့် ဒီဆိုင်ရဲ့ Unplugged ဆိုဖို့ခွင့်ပြုချက်ကို အော်တိုရထားပြီးသား....။ ငါးယောက်ထဲမှာမှ ကျမတစ်ယောက်တည်းချွန်းပြီး သီချင်းအဆိုသရဲဖြစ်သူ...။ မိုက်ခဲဂျက်ဆင်ညီမတော့မဟုတ်ပါဘူးရယ်....။ ဒါပေမယ့် မိုက်တွေ့ရင်ပဲ ခဲခဲချင်နေတာကတော့ ပိုးမသတ်နိုင်သေး...။ စားစရာ ဟင်းမှာနေတုန်းရှိသေး ကျမကတော့ ဒီဂျေကိုလက်ကုတ်ပြီး ဟိုသီချင်းဆိုမယ် ဒီသီချင်းဆိုမယ်လုပ်နေပြီ...။

“နေစမ်းပါဦး ပျို...ရယ်... နင်ကလည်း စားဖြင့်မစားရသေး”

မိုးယံက ကျမဆံပင်တွေကိုလိုက်ဖွရင်း ပြောသည်...။ သူက အဲသလိုပဲ ကျမဆံပင်ခွေခွေတွေကို အသည်းယားလို့ ငယ်ငယ်ကတည်းက ကိုင်ကြည့်လိုက် လက်ညိုးနဲ့ ခွေကြည့်လိုက်နဲ့ လုပ်နေကျ...။ အစက ကျောလည်လောက်ထိရှည်လျားပြီး အခွေလေးတွေနှင့် အိတွဲကျနေသည် ကျမဆံပင်များကို မြင်သူတိုင်း အားကျ သဘောကျလေ့ရှိသည်...။ ခုအတိုညှပ်ပစ်တော့.... ကျမဆံပင်ကိုခွေနေကျ မိုးယံတစ်ယောက် အတည်ပေါက်နှင့် ဆူသေးသည်...။ ဘယ်သူမှမတိုင်ပင်ဘဲ ညှပ်ရကောင်းလားတဲ့...။ ခပ်မြန်မြန်စားပြီး ကျမအလှည့် မကျမည်စိုးသဖြင့် တစ်ယောက်မှမတားလိုက်ခင်မှာ စင်ပေါ်အသာလေး ပြေးတက်သွားလိုက်သည်...။

ဒီဆိုင်က ဒီဂျေနဲ့ ကျမက ကီးကိုက်ပြီးသား...။ ...မိုးကလဲ ခပ်ဖွဲဖွဲရွာတော့ ပထမဦးဆုံး...ကိုမျိုးကျော့ရဲ့ မိုးလေးဖွဲတုန်းသီချင်းလေးစဆိုလိုက်သည်....။ အင်ထရိုလေးဝင်တော့ ဆိုင်ထဲက စားသောက်နေတဲ့ ပရိတ်သတ်တွေဆီက လက်ခုပ်သံလေးထွက်လာသည်...။ ကျမ၏ သီချင်းဆွဲဆောင်မှုကြောင့် စားသောက်ခန်းမထဲတွင်အားလုံး အေးဆေးဆိတ်ငြိမ်လျက်စိတ်ဝင်တစားနားထောင်နေကြ၏...။ သီဟနဲ့ သားသားက ပန်းစည်းကုံးလေး လာစွပ်ပေးသည်...။ သီချင်းလေးပြီးခါနီးတော့ ကောင်လေးတစ်ယောက် ကျမလက်ထဲ စက္ကူပိုင်းစလေး လာထည့်သွားသည်...။

စက္ကူလေးကိုဖြေကြည့်တော့..... “ကိုအောင်ရင်ဆိုပြီး ကိုငှက်ရေးထားတဲ့ “မိုး”သီချင်းကို ဆိုပေးစေချင်ပါတယ်” တဲ့....။ သဘောက မဆိုရင်လဲ ဖြစ်တယ် အဲလိုလား...။ ကျမကလည်း ဒီညကို မိုးသီချင်းတွေချည်းရွေးဆိုဖို့ ကိုယ့်ဘာသာကိုယ် ကျိတ်ပြီးစိတ်ကူးထားပြီးသား...။ ဒီလောက်တော့ အိုကေတယ်... ဆိုမယ်ကွယ်....။ မောင်လေးတွေဖြစ်မှာပါ...။ ကျမထက်တော့တော်တော်ငယ်ကြဦးမည်....။ စင်နှင့် ခပ်လှမ်းလှမ်းဒေါင့် တစ်နေရာက ခုနှစ်ယောက် ရှစ်ယောက်လောက်ရှိမည့် လူငယ်ကောင်ကလေးတွေ....။ ကျမကို ဒီဆိုင်က မူပိုင်အဆိုရှင်နှင့်မှားပြီး သီချင်းတောင်းခြင်းလည်းဖြင့်နိုင်၏။

ကျမက အဲဒီမိုးသီချင်းကို ကိုအောင်ရင်ဆိုခဲ့တဲ့ old version နှင့်မဆိုဘဲ ဒီဂျေကိုအကူညီတောင်းပြီး ဆယ့်နှစ်ရာသီ အမ်ဘမ်ထဲက Rဇာနည်နဲ့ ကျော်သူစိုး ဆိုတဲ့ version ဆိုမည် ...။ အိုကေ ဒီဂျေက ကျော်သူစိုးနေရက rapping လိုက်ပေးမည် ။ ပွဲကတော့ ကြည့်ကောင်းပြီ....။ ဘယ်ရမလဲ ပျိုပဲလေ.... ပိုးကမသေးဘူး....။ မရရအောင်ဆိုမယ်...။ ဇာတ်မတိုက်ထားပေမယ့် အဆင်ပြေပြေနှင့် သီချင်းလေး ပြီးသွားသည်...။ လူငယ်လေးတွေဆီက လက်ခုပ်သံက ပိုကျယ်နေသည်...။


“ကျေးဇူးတင်ပါတယ် ပျို့ကို ခုလိုအားပေးတဲ့အတွက်ပါ နောက်များကြုံကြိုက်ရင်လည်း ခုလိုဆိုပါဦးမယ်ရှင်..”

ကျမဝိုင်းဆီကို ပြန်လျှောက်လာတော့ စောစောက လူငယ်လေးတွေဝိုင်းက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြသည်...။


“ပျို ဆိုတာသိပ်ကောင်းတယ်”

ဟန်နီက ကျမ မထိုင်ခင် ထလာပြီး ကျမကို ပွေ့ဖက်ပြီး ဂုဏ်ပြုပါသည်...။ မိုးယံက ကျမလက်ကိုလှမ်းဆွဲပြီး....။ “အပျိုမ နင့်ကို ကောင်လေးတွေ စိတ်ဝင်စားနေတယ်နော်....” လို့သတိပေးသလိုပြောသည်..။ မိုးယံနှာခေါင်းကိုဆွဲပြီး ကျမလျှာထုတ်ပြလိုက်သည်...။ သိပ်မကြာလိုက် အသားညိုညို အရပ်မြင့်မြင့်နှင့် လူငယ်တစ်ယောက် ကျမတို့ဝိုင်းဆီလှမ်းလာနေသည်...။

“ကဲ...ပျိုမ နင့်ဆီကို အရှုပ်ထုပ်လာနေပြီ ကိုယ့်ဟာကိုယ်ရှင်းနော်...”

“အေးပါ မိုးရာ... နင်သိပ်စကားများတယ်...ငါ့ဇာတ်ငါနိုင်ပါတယ်..”

ကျမတို့ဝိုင်းက ငါးယောက်စလုံး သူ့ကိုဝိုင်းကြည့်တော့ ကိုယ်တော်က နည်းနည်း ရှိုးတိုးရှန့်တန့်လေးဖြစ်နေသည်။ ကျမနားရောက်တော့ လက်ထဲက စက္ကူလေးကိုလှမ်းပေးပါသည်....။

“ဒီက အမ သီချင်းဆိုတာကောင်းလို့ ကျနော်တို့ထဲက သူငယ်ချင်းတစ်ယောက် နောက်တစ်ပုဒ်လောက် ထပ်တောင်းဆိုတာပါ”

ကျမက သူ့ကိုမကြည့်ဘဲ စာရွက်ခေါက်လေးကို ဖြန့်ကြည့်ရင်း သူပြောတာကိုနားထောင်နေလိုက်သည်..။ ကျမမျက်ခုံးတစ်ချက်ပင့်မိသွားသည် ...။ ချမ်းချမ်းရဲ့“အဝေးကချစ်မယ့်သူ”တဲ့.....။ ကံကကောင်းချင်တော့လည်း သူတို့တောင်းတဲ့ သီချင်းတွေက ကျမဆိုနေကျသီချင်းလေးတွေဖြစ်ဖြစ်နေခြင်းပင်...။

“ဆိုပေးမယ်နော်.... ဒါပေမယ့် ဒီသီချင်းကိုတကယ်နားထောင်ချင်လို့တောင်းတဲ့သူကို ကျမသိချင်တယ် ရမလား”

ကျမအဲလိုပြန်မေးတော့ ကောင်လေးက တစ်ချက်ခေါင်းကုတ်လိုက်ပြီး သူ့ဝိုင်းဆီလှမ်းကြည့်နေသည်....။

“ဘာလဲ ပြောလို့မရလို့လား” “မဟုတ်ပါဘူး... ရ...ရပါတယ်... ကျနော်တို့ဝိုင်းထဲမှာ အဖြူရောင်ရှပ်ဝတ်ထားတဲ့ အသားဖြူဖြူနဲ့ တစ်ယောက်ပါ”

ကျမလှမ်းကြည့်လိုက်တော့ သူတို့ဝိုင်းကလည်းဒီဘက်ကို အကုန်လုံးကြည့်နေကြသည်...။ ရှပ်အဖြူနဲ့တစ်ယောက် ဆိုလို့ ကျမနည်းနည်း စိတ်လှုပ်ရှားသွားမိသည်...။ သူမဟုတ်ပါစေနဲ့လို့ လှမ်းမကြည့်ခင် ဆုတောင်းနေမိသည်...။ အင်းလေ... တလောကလုံးမှာ ရှပ်အဖြူရောင်ဝတ်သည့် ယောက်ကျားတွေ အများကြီးရယ်...။ ဒါပေမယ့် ကျမဆုတောင်းမပြည့်ခဲ့ပါဘူး....။ သူတို့ဝိုင်းထဲကမှာ တစ်ယောက်တည်းအဖြူရောင် ဝတ်ထားတဲ့သူက ကျမထင်သလိုပဲ တိုက်တိုက်ဆိုင်ဆိုင် ကျမရဲ့ အဖြူရောင်လေးဖြစ်နေပါသည်...။ ဒီလိုဆို ကျမ သူတို့တောင်းသည့် သီချင်းကို မဆိုတော့ဘူးဟု ငြင်းလိုက်ရမလား...။ တကယ်တော့ကျမကသာ သူ့ကိုသိတာပါ...။ သူကတော့ဖြင့် ကျမကို ဘယ်သူဘယ်ဝါမှန်း သိလိမ့်မည်မဟုတ်ပါ...။

ဘုရားရေ.... ကျမဘယ်တုန်းကမှ အိပ်မက်မမက်ခဲ့ဖူးသည့် အဖြစ်လေးပဲ....။ လွန်ခဲ့သည့် လအနည်းငယ်က ကျမနှင့် အန်မတန် ရင်းနှီးကျွမ်းဝင်သော ကျမရုပ်ကို မမြင်ဖူးသော(ကျမကတော့ social network တစ်ခုမှာ သူ့ပုံတင်ထားလို့ သူ့ကိုမြင်ဖူးထားပြီးသား)ကျမကို ညအိပ်ယာဝင်တိုင်း သီချင်းတွေဆိုဆိုပြတတ်သော လူငယ်ကလေးတစ်ယောက်ကို ခုလို အပြင်မှာ တကယ်လက်တွေ့ကျကျ အရှင်လတ်လတ်တွေ့ပြီး ကျမက သီချင်းပြန်ဆိုပြရမည်ဆိုသည့်အဖြစ်...။ လောကကြီးသည် တခါတလေ အင်မတန် အံ့သြဆန်းကြယ်လှသည့် အဖြစ်ပျက်မျိုးကိုလည်း ဖန်တီးပေးတတ်သေး၏...။

“ပျို... မဆိုချင်ရင်လည်းငြင်းလိုက်လေ.... စောင့်နေတဲ့ သူကို အားနားစရာ”

ကျမဘယ်ထိတောင်တွေနေမိသလဲမသိ... ဟန်နီကလက်တို့ပြီး သတိပေးရသည်....။

“အင်း အင်း ရတယ် ဆိုပေးမယ်နော်....”

ကောင်းလေးက ခေါင်းညိတ်ပြပြီး “ကျေးဇူး” ဟုပြောကာ သူ့ဝိုင်းဆီပြန်သွားသည်...။

“ပျို တစ်ခုခုဖြစ်သွားသလိုပဲ ဆိုလို့ဖြစ်ရဲ့လား”

ဟန်နီကအဲလိုပဲ ကျမမျက်နှာရိပ်ကို အမြဲအကဲခတ်ပြီး အလွတ်ဖတ်တတ်နေသူ....။ မိုးယံကလဲ....

“ပျို တကယ်ရတယ်နော်....”

“အင်းပါ အေးဆေးပါ နင်တို့ကလဲ ငါဘာဖြစ်နေလို့လဲ”

“သားကတော့ မကြီးတစ်ခုခုဖြစ်နေတယ်လို့မြင်နေတယ်” စကားနည်းသည့် သားသားကပင် အသံထွက်လာသည်...။ ကျမတကယ်ပဲ ရုပ်ပျက်သွားလို့လား...။

“ ဟယ်...ကလေးလိုနေစမ်းပါ ငါဘာမှမဖြစ်ဘူး သွားဆိုမယ် ဒါပဲ...”

ကျမ စတိတ်စင်ဆီကို ခြေလှမ်းရုံရှိသေး ... လူငယ်တွေဝိုင်းက လက်ခုပ်သံတွေထွက်လာတော့ လန့်တောင်သွားသည်...။ အိုကေ... ကျမစိတ်တွေလွှင့်နေလို့ဖြစ်မည်...။ စိတ်တွေကို နည်းနည်းပြန်စုရမည်...။ ကျမမှတ်မိနေပါသေးသည်...။ အဲဒီသီချင်းအမ်ဘမ်စထွက်တုန်းကအချိန်။ သူခေါင်းမူးလို့ အနားယူတုန်း သူ့ကိုသီချင်းလေးတွေပို့ပေးခဲ့ဖူးသည်...။ အဲဒီထဲက ချမ်းချမ်းသီချင်းကို အကြိုက်ဆုံးလို့ သူပြောခဲ့ဖူးသည်..။ တကယ်တော့..... သူကမှ ကျမထက်အများကြီးအဆိုကောင်းသူပါ....။ ကျမအသံတွေမတုန်အောင် မနည်းစုစည်းရဦးမည်....။ ကျမသီချင်းလေးကိုစဆိုတော့ ဘယ်ကိုမှမကြည့်တော့....။ သီချင်းထဲကိုပဲ အာရုံစူးစိုက်ထားလိုက်သည်...။ တော်ပါသေးရဲ့... သီချင်းက အေးအေးဆေးဆေး ပြီးဆုံးသွားပါသည်...။ သီချင်းပြီးခါနီး သူကိုယ်တိုင်ကျမကို အဖြူရောင်နှင်းဆီတစ်ပွင့်လာပေးသွားသည်.... ပြီးတော့ စာရွက်ခေါက်လေးတစ်ခု...။

“အမကို ခင်ချင်ပါတယ်.... ကျနော့် ဖဘ နဲ့မေးလ်ကို အက်ပေးပါခင်ဗျာ” တဲ့....။ ကျမတစ်ချက်ပြုံးမိသွားသည်....။ တကယ်တော့ ကျမက သူ့ ဖဘနဲ့ ဂျီမေးလ်မှာ ရှိနေနှင့်ပြီးသားပဲလေ.......။ ကျမ ဘယ်သူဆိုတာကို သိသွားရင် ကျမကို ခုလိုသီချင်းတောင်းပါ့မလား......။ ကျောက်တောင်နံရံတစ်ခုကို အမုန်းမီးလျှံလို့ သူသတ်မှတ်ထားခဲ့တဲ့ ကျမက ဖောက်ခွဲပစ်ဖို့ မစွမ်းလောက်ပါဘူး....သေချာပါတယ်...။


မိုးငွေ့


Thursday, 21 July 2011

မှိုဆန်ပြုတ်

 

ဆန် ပဲ ဥနီ သုံးမျိုးကို ဆားထည့်ပြီး တစ်ခါတည်းပေါင်းပြုတ်ထားလိုက်တယ်....။ အားလုံးနူးနှပ်ပြီး အိုးချခါနီး သက်သတ်လွတ်ဟင်းခတ်မှုန့်တစ်ဇွန်းထည့်တယ် ပြီးတော့ မှိုအမျှင်လေးတွေကို ရေဆေးပြီးထည့်လိုက်တယ်...။



 

ဘာမှိုခေါ်သလဲတော့မသိဘူး ...။ ဂျပန်ကလာတာထင်တယ် ဂျပန်စာနဲ့ဆိုတော့ တစ်ထုပ်ကိုးရာကျပ်တဲ့ စီးတီးမတ်က၀ယ်တာ...။ ဟိုတစ်ခါ ဟော့ပေါ့လုပ်စားတုန်းက ထည့်စားဖူးလို့ ကြိုက်နေတာ အဲဒါလေးတွေ့တော့ထပ်ဝယ်ပြီး ဆန်ပြုတ်ပြုတ်ဖြစ်တာနဲ့ ထည့်ကြည့်လိုက်တာ...။ ခေါက်ဆွဲလိုပဲ စားလို့ကောင်းတယ်....။


မိုးငွေ့

Thursday, 14 July 2011

နှုတ်ဆက်ပါတယ်.....




အဲဒီညက ပြောခဲ့တဲ့ ကိုယ့်နှုတ်ဆက်စကားတွေက ကိုယ်တို့နှစ်ယောက်ကို ဘယ်တော့မှ မဆုံဖြစ်တော့မယ့် နိမိတ်တစ်ခုဖြစ်သွားခဲ့ပြီလား....အိန်ဂျယ်....။

နှုတ်ဆက်ခဲ့ပါတယ်(တစ်သက်သာအတွက်) ဆိုပြီး ကိုယ်ပြောခဲ့တယ်...။ အဲဒီတုန်းက ကိုယ့်လက်ချောင်းတွေကသာ အဲဒီစကားလုံးတွေကို ရိုက်နေပေမယ့် ကိုယ့်ရင်ဘတ်တွေက နာကျင်နေတာပါ..။ ဘယ်သူမှမသိပါဘူး.... မင်းလည်းမသိပါဘူး...။ တပြိုင်ထဲ မျက်ရည်စက်တွေ လိမ့်ဆင်းလာလိုက်တာ.... ကိုယ့်မှတ်စုတွေတောင် စွန်းထင်းကုန်တယ်....။ အမှတ်တရပေါ့ကွယ်....။ ကိုယ်အဲဒီလိုနှုတ်ဆက်တော့ မင်းက ဒါဆိုလည်းပြီးရောလို့ပြောပြီး ခဏပျောက်သွားတယ်...။ အင်းလေ.... ပျောက်သွားတယ်လို့လည်း မဆိုနိုင်ပါဘူး..။ မင်းက နဂိုကတည်းက ကိုယ်ယောင်ဖျောက်ထားသူပဲ...။ မင်းခဏငြိမ်ပြီးကြည့်နေတာပဲဖြစ်မှာပါ....။ အဲဒီညနောက်ဆုံးပါပဲ....။ အဲဒီနောက် ကိုယ်တို့မတွေ့ဖြစ်ကြတော့ဘူး...။ မင်းနေကောင်းရဲ့လား .... အိန်ဂျယ်...။ နေကောင်းအောင် နေပါ...။ အလုပ်ကြိုးစားပါ....။ အစားမှန်မှန်စားပါနော်....။ စိတ်တွေအရမ်းမွှန်းကျပ်လာတဲ့အခါ သီချင်းတွေဆိုပါနော်.... ။ ဟိုတုန်းကလို မျက်နှာချင်းဆိုင်ပြောခွင့်မရှိတော့ပေမယ့် ... မင်းကို ဒီကနေ ကိုယ်မှာချင်ပါတယ်....။ ကိုယ့်ကိုတော့ မင်း သတိရချင်မှရပါ....။ ဒါကတော့ မင်းအပိုင်း မင်းလွတ်လပ်ခွင့်ဖြစ်သွားပြီလေ...။ ပြီးတော့ ကိုယ်ဟာ မင်းအသဲနှလုံးကို လှုပ်ခါပစ်နိုင်သူ ဟုတ်ချင်မှဟုတ်ခဲ့မယ်...။ မင်းအတွက် အမှတ်တရတွေအများကြီးပေးထားနိုင်ခဲ့တဲ့ သူဖြစ်ချင်မှဖြစ်မယ်...။ ကိုယ်ကတော့ မင်းကို အရမ်း သတိရလွမ်းဆွတ်တဲ့အခါ မင်းနဲ့ပတ်သက်တဲ့ စာတွေကို ဖတ်ဖြစ်တယ်... မင်းဆိုခဲ့ဖူးတဲ့ သီချင်းတွေနားထောင်ဖြစ်တယ်...။ အရွယ်ဆိုတဲ့ ကန့်သတ်မှုက ကိုယ့်ကို လွတ်လပ်စွာ ပေါက်ကွဲခွင့်မပြုတော့ပါဘူး...။ တခါတခါကျတော့ အဲဒီကန့်သတ်ချက်တွေကို မုန်းမိတယ်....။ အလိုလိုရင်းလဲ လူဟာ စက်ရုပ်တစ်ရုပ်ဖြစ်ဖြစ်သွားတယ်လို့ ခံစားမိပြန်တယ်...။ တကယ်တမ်းကျတော့ ရင့်ကျက်တည်ငြိမ်မှုဆိုတာကလည်း နှလုံးသားရေးရာမှာ အသုံးမဝင်ပါဘူး...။

ရင်မောတယ် အိန်ဂျယ်ရယ်....
ခုတော့ ကိုယ့်နဘေးနားမှာ မှတ်စုစာအုပ်တစ်အုပ်ရယ်.... ခဲတံတစ်ချောင်းရယ်.... သောက်လက်စကော်ဖီခွက်ရယ်... mp4လေးရယ်ပဲရှိတော့တယ်။ (နှုတ်ဆက်ပါတယ်... ထားခဲ့ပါတော့....နောက်ထပ်ကွဲဖို့အသည်း ရှိမှမရှိတော့ဘဲ....) ဖြိုးကြီးသီချင်းကိုညည်းမိသွားတယ်....။


မိုးငွေ့

Tuesday, 12 July 2011

မေမြို့ည.....



အမှောင်ထဲမှာ သူစီးကရက်သောက်နေတာ တစ်ဗူးနီးပါးဖြစ်နေပြီ…..။ စီးကရက်ကို ရှိုက်ဖွာရင်း လက်တစ်ဖက်က မီးခြစ်လေးကို ဖွင့်ချည်ပိတ်ချည်လုပ်နေမိသည်...။ သူ့စိတ်တွေ မငြိမ်မသက်ဖြစ်နေမှန်း သိသာထင်ရှားနေသည်။ ရင်ထဲက အပူတွေကို စီးကရက်မီးခိုးနှင့်အတူ မှုတ်ထုတ်ကြည့်မိသည်….။ မအောင်မြင်။ စီးကရက်တစ်ဗူးသာကုန်လို့သွားသည်…။ မွေးကတည်းက ငြင်းဆန်ခြင်းကို နားမလည်ခဲ့သည့် သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေမိသည်…။ ခုတော့… သူ့နှလုံးသားကို အရှင်လတ်လတ်သတ်ပစ်ရတော့မည်…။ မဟုတ်ဘူး….။ တစ်စုံတစ်ယောက်ဆီမှာ အပြီးအပိုင်ထားခဲ့မှန်း သူခုမှနားလည်သဘောပေါက်တာပါ….။ ဟုတ်တယ်….။ သူ… ဒီမြို့ကိုပြန်ရောက်ကတည်းက လူက ခံစားချက်မဲ့ ဟာလာဟင်းလင်းကြီး….။ လူကြီးတွေ စိတ်တိုင်းကျစီစဉ်တာကို စက်ရုပ်တစ်ရုပ်လို လိုက်နာခေါင်းညိတ်နေမိတာကလွဲလို့ သူစိတ်ပါလက်ပါ ဆောင်ရွက်သည့် ကိစ္စတစ်ခုမှမပါ….။

ခုချိန်မှာ သူ့ရင်ဘတ်အပြည့်နေရာယူထားသည့် မျက်ဝန်းနက်နက်နှင့် ဖော်ရွေသွက်လက်သော နှုတ်ခမ်းတစ်စုံပိုင်ရှင်ကိုသာ တမ်းတနေမိတော့သည်….။ ဘာကြောင့် သူ့ဘဝကို ကြာရှည်သည့် အချိန်ပိုင်းခြားတစ်ခုအထိ စိုးမိုးထားခဲ့ဖူးသော မိန်းကလေးကိုမရွေးချယ်ခဲ့မိသလဲ….။ တကယ်တော့ သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ့်နှလုံးသားကိုယ်သေဒဏ်ပြန်ပေးသည်နှင့်တူပါသည်….။ ဒီလိုပဲ ရင်ထဲကအပူကို ငြှိမ်းဖို့ ညည သူခြံထဲ ညဉ့်နက်သည်အထိ ထွက်ထွက်ထိုင်ဖြစ်တာကြာပြီ….။ သူ့မှာ ရင်ဖွင့်ဖော်ဆို၍ စီးကရက်ရယ် လမိုက်ညရယ် တခါတလေ လပြည့်ညနဲ့ ကြယ်ကလေးတွေရယ်…. အေးစိမ့်တဲ့လေပြေတွေရယ်ပဲရှိတာပါ….။ သူ့ကျောပြင်ကို တင်းကျပ်စွာဖက်လို့ ရင်ခွင်မှာ ပါးအပ်ထားသည့် ကောင်မလေးကို သူလွမ်းလွမ်းဆွေးဆွေးရှိလာသည့်အခါ သူ့ပါးပြင်ပေါ် မျက်ရည်တွေအလိုလိုစီးကျလာတတ်သည်….။

မြို့ပြန်ရောက်လာကတည်းက ငယ်သူငယ်ချင်းတွေနှင့် ဆိုင်ကယ်အတူထွက်စီးဖြစ်သည့်ရက်…. လျှောက်လည်သည့်ရက်တွေကနည်းပါသည်…။ သူမဆီဖုန်းဆက်ဖို့ သူအကြိမ်ကြိမ်ကြိုးစားမိသေးသည်…။ ဖုန်းခွက်ကိုကိုင်ပြီး သူဘာပြောရမှန်းမသိ ပြန်ပြန်ချဖြစ်တာကများနေသည်…။ တစ်ဘက်က “ဟဲလို”လို့ ပြန်ထူးသည့် သူ့နတ်သမီးလေးအသံက ရင်ဘတ်ကို နှုံးခွေသွားစေတော့သည်….။ သူ ဒီကိုပြန်တော့ လေယာဉ်ကွင်းမှာ ငိုမဲ့မဲ့နှင့် ကျန်ရစ်ခဲ့သော သူမမျက်နှာလေး သူ့မျက်လုံးထဲကမထွက်….။ သူ့လုပ်ရပ်တွေ သူ့ဆုံးဖြတ်ချက်တွေက သူမအပေါ်ရက်စက်ရာကျသွားပြီလားဟု မချင့်မရဲတွေးမိသည့်အခါတိုင်း မိဘတွေ၏ ဆန္ဒကို မလွန်ဆန်ချင်သည့် စိတ်က စိုးမိုးသွားပြန်သည်….။

လက်ပတ်နာရီက မီးစုန်းကိုဖွင့်ကြည့်တော့ ည၁၂နာရီ သန်းခေါင်ကျော်နေပြီ…..။ သူဒီလို ညအမှောင်ထဲထိုင်ဖြစ်နေတာ ရက်ဆက်လာလို့ဖြစ်မည် အိပ်ရေးပျက်သည့် ဒဏ်နှင့် သူခေါင်းတွေအုံခဲပြီး ကိုက်နေတတ်သည်….။ သူ့ခြေထောက်ကို တစ်စုံတစ်ရာလာပွတ်သပ်နေသည်…။ အမှောင်ထဲမှာ သူစမ်းပြီး ပွေ့ယူလိုက်၏….။ သူ့အချစ်တော်ခွေးကလေး မရှိတော့သည့်နောက် အိမ်မှာ မွေးဖြစ်သည့် ကြောင်ကလေးတစ်ကောင်ပါ…။ အမှောင်ထဲမှာ ကြောင်ကလေး၏ မျက်လုံးများက လင်းနေသည်…။ ကြောင်ကလေးက “ညောင်”ဟုအော်ပြီး သူ့ရင်ခွင်ထဲ အတင်းတိုးခွေ့ဝင်သည်….။ သောက်လက်စ စီးကရက်ကို နှုတ်ခမ်းမှာတေ့ထားရင်း ကြောင်ကလေးကို သူပွေ့ဖက်လိုက်သည်…။ ဒီညတော့ သူ့အဖော်အဖြစ် ကြောင်ကလေးတစ်ကောင်တိုးလာပြီပေါ့…။

သူ့အိတ်ကပ်ထဲက ဖုန်းကလေး တုန်ခါသွားတော့ ကြောင်ကလေးလန့်ပြီး ပြေးဆင်းသွားသည်…။ သူ...ဖုန်းကိုထုတ်ပြီး နံပါတ်ကြည့်လိုက်တော့…“ဘုရားရေ…” သူ့နတ်သမီးလေးဆီကဖုန်းပါလား…။ ဒီအချိန်ကြီး ဘာအရေးတကြီးနဲ့ ဆက်လာတာပါလိမ့် သူအံ့အားသင့်စွာ တုန်လှုပ်စွာနားထောင်လိုက်သည်…။ “ကိုကိုလား….. ကိုကိုလားဟင်…. ခုချိန်ထိမအိပ်သေးဘူးလား”တဲ့….။ သူမေးမည့် မေးခွန်းများကို သူမက ဦးအောင်မေးလိုက်ခြင်းပင်….။ “ညီမလေးအိပ်မပျော်လို့ ကိုကို့ကို သတိရတာနဲ့ ဆက်ကြည့်တာ … ဆက်သာဆက်ရတယ် ကိုကိုများအိပ်နေပြီလားလို့ အားလဲနာမိတယ်…” သူမအသံကိုကြားတော့ နှုံးခွေချိနဲ့နေသည့် ရင်ဘတ်ကြီးတစ်ခုလုံး အားအင်တွေပြည့်လာသလိုလို….။ သူမနှင့် သူတော်တော်ကြာသည်အထိ စကားပြောဖြစ်ကြသည်…။ သူတို့ပြောဖြစ်သောအကြောင်းအရာမှာ များသောအားဖြင့် ငယ်ငယ်တုန်းက အကြောင်းတွေဖြစ်ပြီး တကယ်တမ်း တစ်ယောက်ရင်မှာ တစ်ယောက်ခံစားနေရသည်ကိုတော့ ကြိတ်မှိတ်မြိုသိပ် ဖုံးလွှမ်းထားကြသည်…။ အရွယ်နှင့် ရင့်ကျက်မှုတွေက သူတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက် ကိုယ့်စိတ်ကိုယ်အလိုလိုက်မှုတွေကို တံတိုင်းတစ်ခုလိုခြားလိုက်ပြီ…။ ဖုန်းချခါနီး သူမနှုတ်ဆက်သွားပါသည်….။ သူမအသံတွေက တည်ငြိမ်ရင့်ကျက်မှုတွေအပြည့်ပျော်ဝင်နေသည်…။ ဝမ်းနည်းဆို့နင့် တုန်ယင်မနေပါဘူး…။ ဒီအတွက်လဲ သူကျေးဇူးတင်ရမှာပါ….။ သူကတော့ ယောက်ကျားတန်မဲ့ သူမ ဖုန်းချသွားတာတောင် ဖုန်းကိုင်ထားဆဲ ပါးပြင်ပေါ်က စိုစွတ်နွေးထွေးသွားသည့် မျက်ရည်ကိုလဲ သုတ်ဖို့မေ့လျော့ ...။ လည်ချောင်းထဲက ခါးသီးမှုတစ်ခုနဲ့အတူ နာနာကျင်ကျင်သူ မြိုချလိုက်သည်….။

သူ....ခုံကျောမှီကို ခေါင်းလန်ပြီးမှီချလိုက်သည်….။ အမှောင်ထုထဲမှာ ကောင်းကင်က လင်းခနဲအရာတစ်ခု ကိုတွေ့လိုက်သည်…။ ကြယ်ကြွေသွားတာပါ….။ ကြယ်ကြွေတာကိုမြင်ရင် ဆုတောင်းပြည့်သည်ဟု သူကြားဖူးပေမယ့် သူ့ဘဝမှာတော့ ဒီတစ်ခါသာ ကြယ်ကြွေတာကို ပထမဦးဆုံးအကြိမ် ဆုတောင်းမိခြင်းဖြစ်သည်…။ သူမရော ကြယ်ကြွေတာကို မြင်ရင် ဘယ်လိုဆုမျိုးတောင်းမလဲသူ သိချင်နေမိသည်…။ မေမြို့ည… လမိုက်ညတစ်ညမှာ ကြယ်ကြွေနဲ့အတူ သူ့နှလုံးသားသည်လဲ ကြွေခသွားခဲ့ပါပြီ….။ 

ကြေကွဲစွာ…. နာကျင်စွာ…. သိုသိပ်စွာဖြင့်ပေါ့………


မိုးငွေ့

Monday, 11 July 2011

ဂွေးသီးငပိချက်နှင့် ဒညင်းသီးပြုတ်...




ရုံးဆင်းတော့ တရုတ်တန်းပတ်ရင်း သံဈေးနားမှာ ခရမ်းချဉ်သီးဝယ်ရင်းနဲ့ ဂွေးသီးအစိမ်းတွေ ဗန်းလိုက်ပဲတွေ့လိုက်တာ လေးလုံးလောက်ဝယ်ခဲ့လိုက်တယ်....။ အိမ်ရောက်တော့ ထမင်းစားသောက်ပြီး အိမ်မှာရှိနေတဲ့ ဒညင်းသီးဆယ်လုံးကိုမီးဖိုပေါ်တင်ထားရင်း ဂွေးသီးလေးလုံးကိုရေဆေးပြီး အခွံစနွှာလိုက်တယ်...။ ဆုံထဲထည့်ထောင်းရင် အရည်ထွက်မစိုးလို့ သဘောင်္သီးခြစ်နဲ့ အမျှင်လိုက်ခြစ်ပြီး သေးသေးလေးတွေဖြစ်အောင် ပြန်စင်းလိုက်တယ်....။ ကြက်သွန်နီလေးလုံးကို ပါးပါးလှီး ကြက်ဖြူဥတစ်လုံး လေးလုံးလောက်ကို ညက်ညက်ထောင်းထား၊ ခရမ်းချဉ်သီးသုံးလုံး ပါးပါးလှီးထား၊ ပုဇွန်ခြောက်လက်တစ်ဆုပ် နီးနီးကို ထောင်းထားတယ်....။ ဆီပူအိုးထဲကို ကြက်သွန်နီအရင်ထည့်ကြော်ပါတယ်.... နီရောင်သန်းခါနီးကျ အဖြူထည့်ကြော် နနွင်းမှုန့်နည်းနည်းနဲ့ ငရုတ်သီးအရောင်ထည့်ကြော်... ခရမ်းချဉ်သီးကို လိတ်တဲ့အထိကြော်ပြီးရင် ပုဇွန်ခြောက်ထည့် ဂွေးသီးထည့်ပြီး မွှေပါလေရော့....။ ပြီးမှ ငါးပိလက်ဖက်ရည်ဇွန်းနှစ်ကော်စာကို ရေနွေးဖျော်ပြီးထည့်.... အချို အငံ အပေါ့ အကုန်ထည့်ပြီး....ဆီပြန်လာရင် အိုကေပြီ....။ ငါးပိနံ့မွှေးမွှေးလေးနဲ့ ဂွေးသီး ငါးပိကြော်တစ်ခွက်ရပြီပေါ့ကွယ်....။ အော်....မေ့လို့ မေ့လို့ ငရုတ်သီးစိမ်းတောင့်လေးတွေအုပ်လိုက်ပါဦး...။ ထမင်းနဲ့နယ်စားတဲ့အခါ ငရုတ်သီးလေးပါကိုက်ရတော့ ပိုကောင်းပေါ့...။


ရင်ခွဲထားတဲ့ ဒညင်းသီးပြုတ်....။ မြစ်ကြီးနားဒညင်းထင်ပါ့....။ အနံ့မနံဘူး စေးပြီး တော်တော် စားကောင်းတယ်...။ တကယ်တော့ ငပိချက်ဆို သခွားသီး မုန်ညင်းရွက်ပြုတ် စတာတွေနဲ့ တို့စားတာများတယ်လေ...။ ဒီတစ်ခါတော့ ဒညင်းသီးအချိန်ဆိုတော့ တွဲပေးလိုက်တာ....။


မိုးငွေ့

Tuesday, 5 July 2011

ခုတလောစားဖြစ်တာလေး....

အဆီထုတ်ထားပြီးသား Dutch Lady Fresh Milk
ညစာထမင်းလျှော့စားပြီး သောက်ဖြစ်တဲ့ နို့တစ်ခွက်

ပြီးတော့ သဘောင်္သီးတစ်ခြမ်းစားပစ်တယ်...


Monday, 4 July 2011

အဝါရောင်ငှက်ကလေး...






မနက်ခင်းလေးကလှလိုက်တာ…..။
မိုးချစ်တတ်တဲ့ကိုယ့်လိုလူမှ ဒီလိုမနက်ခင်းမျိုးကိုှ လှတယ်လို့ပြောမယ်ထင်တယ်…..။ မိုးရာသီကိုမုန်းတဲ့ သူတွေအတွက်တော့ ပါမယ်မထင်ဘူး….။ နေရောင်ဖျော့တော့တော့အောက်မှာ မိုးပွင့် မိုးစက်တွေက အပြာဖျော့ရောင် ကောင်းကင်ကနေမြေပြင်ကို ရွှေခြည်ငွေခြည်မျှင်ကလေးတွေနဲ့ ယှက်တွယ်ထားသလိုပါပဲ…..။ ကော်ဖီတစ်ခွက်ထိုင်သောက်ရင်း ကိုယ့်ကိုကြိုဆိုလိုက်တဲ့ မနက်ခင်းလှလှလေးကို ကြည့်ရတာ အားရှိလိုက်တာ….။
အညိုနုမှာ အဝါစက်ကြားလေးတွေပါနေတဲ့ ငှက်ကလေးတစ်ကောင် ကိုယ်ကော်ဖီထိုင်သောက်တဲ့ ပြူတင်းပေါက်ဘောင်မှာလာနားနေတယ်….။ မိုးဖွဲဖွဲမှာ အစာရှာထွက်ရတဲ့ ငှက်ကလေး ဗိုက်ဆာနေမှာဘဲလို့ဆိုပြီး… ကော်ဖီစားပွဲအပေါ်ဘက် ဘောင်ပေါ်က ဖန်ပုလင်းလေးကို ကိုယ်လှမ်းယူလိုက်တယ်….။ ဖန်ပုလင်းထဲက အဝါရောင်ပဲစေ့လေးနည်းနည်းကို ပြူတင်းပေါက်ဘောင်ပေါ် တင်ပေးတော့ ငှက်ကလေးက လန့်ပြီး ထပျံသွားတယ်….။ ပဲစေ့လေးတွေကိုတွေ့ရင် သူပြန်လာမှာပါလေဆိုပြီး ကိုယ်….လက်ကျန်ကော်ဖီလေးကို ဆက်သောက်နေလိုက်တယ်….။ ကော်ဖီတွေကုန်ပြီး တော်တော်ကြာသွားတဲ့အထိ ငှက်ကလေးရောက်မလာပါဘူး…..။
ပတ်နေကျမဟုတ်တဲ့ ရွှေရောင်လက်ပတ်နာရီကိုကြည့်လိုက်တော့ အလုပ်သွားဖို့အချိန်က နီးနေပြီ။ ကော်ဖီခွက်ဆေးရင်း ပြူတင်းပေါက်ကနေ ငှက်ကလေးကိုလှမ်းမျှော်ကြည့်မိသေး….။ မနက်စာအတွက် မိုးရေထဲမှာ အတောင်ညောင်းခံပြီး ဘယ်ဆီကိုများ ပျံသန်းနေသလဲ….ငှက်ကလေးရယ်…..။ တကယ်တော့ သက်ရှိတွေအားလုံးဟာ အစာအိမ်အတွက် တစ်နေ့တစ်နေ့ မနေမနား ရှာဖွေစားသောက်ရတာချင်း အတူတူပါပဲ….။ အသိဉာဏ်မြင့်တာနဲ့ နိမ့်တာပဲကွာသွားကြတာပါ…..။
လက်ကိုသေချာဆေး သုတ်သင်ပြီး… ရုံးလွယ်အိတ်ကိုလွယ် အနက်ရောင်ချာလီထီး အကြီးကြီးကို ယူပြီးထွက်ခဲ့တော့တယ်..။ (အဲဒီထီးက အသက်နှစ်ဆယ်နဲ့ မနှစ်က နှလုံးရောဂါနဲ့ ဆုံးသွားရှာတဲ့ ကိုယ့်မောင်တစ်ဝမ်းကွဲထားခဲ့တဲ့ထီး….။ သူရှိစဉ်ကအမြဲပြောပါတယ်… ဘာတဲ့… ရီဟားနားရဲ့ Umbrella MTV ထဲကထီးတဲ့…..။)

မိုးငွေ့