Friday, 20 November 2009

အေဘီသွေးအလှူရှင် အားချင်းအကူညီလိုနေလို့ပါ

အလှူရှင်ကို ရှာတွေ့ဖို့တွက် တတ်နိုင်သမျှ ကုသိုလ် ယူလိုက်တဲ့ သဘောပါ please forward this news to your friends အမြန်ဆုံး အကောင်းဆုံးကူညီပေးမယ်လို့မျှော်လင့်ပါတယ်... အေဘီသွေးဖြစ်တဲ့အတွက်အရမ်းကိုရှားနေလို့ပါ.. သင့်သွေးတစက်ဖြင့်အသက်ကယ်ပါ...(သွေးလှူဒါန်းခြင်းဖြင့်ကုသိုလ် ယူပေးကြပါ) We need a blood donor urgently. The blood type is AB. the one who suffering from leukemia is Kit Kit (11 yr old) if you found one .. pls contact Ma Aye Aye Myint (mother) ( 01-586672 ). တကယ်ကိုလိုအပ်နေလို့ပါခင်ဗျ ကူညီပေးကြပါအုံးဗျာနော်
ကျမ သူငယ်ချင်းတစ်ယောက်ဆီက မေးလ်ဝင်လာလို့ အကူအညီတောင်းတာပါ...။ နီးစပ်ရာ ဘလောက်မောင်နှမများ အေဘီသွေးပိုင်ရှင်များ အသိရှိရင် ဒါမဟုတ် ကိုယ်တိုင်လှူချင်ရင် အထက်ပါ ဖုန်းနံပါတ်ကို အမြန်ဆုံးဆက်သွယ် ပေးစေလိုပါတယ်...။ ကျေးဇူးတင်ပါတယ်...။

ငယ်စဉ်တောင်ကျေး ကလေးဘ၀ကို လွမ်းတမိသည်(၃)



ကျွန်မတို့ငယ်ငယ်က ကျောင်းပြေးရတာကို သိပ်ခေတ်စားကြတယ်...။ ရန်ကုန်ကျောင်းလာတက်တော့ ဒီက မြို့ကလေးတွေက ကျောင်းပြေးတာသိပ်မတွေ့ရဘူးဗျ...။ အင်းလေ......ဆယ်တန်းအထိ ကျောင်းတက်တော့လဲ မိဘတွေအကြိုအပို့နဲ့ ကျောင်းကားနဲ့လာတဲ့သူကများတော့ ကျောင်းပြေးဖို့အခွင့်အရေးက နည်းတယ်လေ...။ ကျွန်မတို့တောမှာကျတော့ ဘယ်အဖေအမေကမှ လိုက်ကြည့်တာမဟုတ်ဘူး..။ မနက်ကျောင်းသွားမယ် နေ့လည်ထမင်းစားချိန် အိမ်မှာထမင်းပြန်စားကြမယ်...။ အဲ...အဲဒီမှာအခွင့်အရေးပဲပေါ့ ကျောင်းပြေးဖို့က...။

ငယ်ငယ်တုန်းက ကျွန်မတို့တက်ခဲ့တဲ့ အ.လ.က(၁)ကျောင်းဝင်း ပတ်ပတ်လည်က ၀န်းကျင်လေးကို ပြောပြချင်ပါတယ်...ကျွန်မတို့ကျောင်းကရွာရဲ့ နောက်ဘက်ခြမ်းမှာရှိပါတယ်...။ ကျောင်းရဲ့ညာဘက်မှာ ငါးကန်တွေရှိတယ်.. အဲဒီ ငါးကန်းနောက်မှာက နန်းဖေါင်းတို့အဘိုးရဲ့ မက်မန်းသီးခြံ..။ ကျောင်းဘယ်ဘက်မှာက တာလေးချောင်း ... ချောင်းကမ်းပါးအနီးမှာတော့ ဆရာ၊ ဆရာမတွေနေတဲ့ အိမ်တန်းလျားရှိပါတယ်...။ အနောက်ဘက်ခြမ်းမှာက... လယ်ကွင်းပြင် ...။ အဲဒီပတ်ဝန်းကျင်ရဲ့ဆွဲဆောင်မှုလဲအဓိကပါတာပေါ့ ကျောင်းပြေးရတဲ့အကြောင်းအရင်းက...။ ကျောင်းပြေးပြီး ဘယ်တွေသွား ဘာတွေလုပ်ကြသလဲဆိုတော့...။ ငါးကန်ထဲမှာ ပုဇွန်လေးတွေသွားဖမ်းကြတယ်...။ ကြာပန်းတွေခူးပြီး ဆွဲကြိုးလုပ်ဝတ်ကြတယ်...။ အဲဒီကြာကန်ထဲမှာ ကျွဲခေါင်းသီးလဲသီးတော့ ခူးစားကြပါသေးတယ်...။ နောက် နန်းဖေါင်းတို့အဘိုးခြံမှာ မက်မန်းသီးအစိမ်းတွေခူးပြီး ပဲပုပ်နဲ့ထောင်းစားကြတယ်( သရေတောင်ကျလာပြီးP ) ...။

အဆိုးဆုံးဗျာ...ကျောင်းနောက်ဘက်က လယ်ကွင်းထဲသွားပြီး စပါးမပျိုးရသေးခင် ရေအိုင်လေးတွေရှိရင် ငါးဖမ်းကြတယ် လယ်ပုဇွန်လုံးတွေနှိုက်ကြတယ်...။ ပျော်စရာကြီးဗျ...။ ပြန်လာရင် ဆရာမကိုမျက်နှာလုပ်ပြီး ပါလာတဲ့ငါးတွေကို ဟင်းချက်စားဖို့ပေးခဲ့သေးတယ်...။ အဲဒီတုန်းက ဆရာမဒေါ်ခင်ဖြူဝေမရောက်သေးလို့ ..။ မဟုတ်ရင်တော့ ကြက်ဥကြိမ်စာအမိပဲ...။ အဲဒီလယ်ကွင်းကို နည်းနည်းဆက်သွားရင် ဆင်ပုံစံကျောက်တုံးကြီးတွေရှိတယ်...။ အဲဒီကျောက်တုံးတွေက ဟိုးအရင်ခေတ်ကတည်းက ရှိနေတာ...။ ဟုတ်မဟုတ်တော့မသိဘူး ...ငယ်ငယ်ကတော့ ပြောကြတာပဲ ...အဲဒီဆင်ကျောက်တုံးဘေးက ကျောက်တုံးသေးသေးလေးတွေက သူမွေးထားတဲ့ ကလေးလေးတွေတဲ့...။ နောက်တစ်ခါသွားရင် ထပ်တိုးလာတဲ့ ကျောက်တုံးလေးတွေက ဆင်မကျောက်တုံးကြီးကမွေးတာလို့မှတ်ကြတယ်...။

တစ်ခါက အဲဒီကျောင်းနောက်ဘက် လယ်ကွင်းနဲ့ကျောင်းကြားမှာ တာလေချောင်း ထဲကိုစီးဝင်သွားတဲ့ စမ်းချောင်းအသေးလေးတစ်ခုရှိတယ်...။ အဲဒီချောင်းထဲမှာ ငါးဖမ်းတဲ့ဇကာနဲ့ ငါးတွေဖမ်းပြီး ကုန်းပေါ်တက်လာတော့ ခြေခလည်နဲ့ခြေသူကြွယ်ကြားမှာ ပျော့စိစိနဲ့ဘာပါလိမ့်လို့ကြည့်လိုက်တာ မျှော့ကြီးတော့.... အဲ ဟုတ်ဘူး ...မျှော့မဟုတ်ဘူး...။ ကျွတ်ဖြစ်မယ်နဲ့တူတယ် အကောင်းသိပ်မကြီးဘူး...။ ဘယ်လိုပဲဖြစ်ဖြစ်.....ကျမက အဲလိုပျော့စိစိအကောင်မှန်သမျှ အကုန်ကြောက်တယ်.....။ (အဲ အားနည်းချက်တွေသိကုန်ပြီ)... ။ မျှော့တို့ ကျွတ်တို့ တီကောင်တို့ဆိုတာ ဆားကြောက်တယ်လေ...။ အဲဒီတော့ သူငယ်ချင်းက တံတွေးနဲ့ထွေးလိုက် ပြုတ်ကျသွားလိမ့်မယ်လို့ပြောတော့ လုပ်ကြည့်လိုက်တာ...။ တကယ်ဟုတ်တယ်ဗျ...။ စမ်းချောင်းထဲက ရေစိမ်နေတဲ့ ကျွဲကိုလှမ်းကြည့်လိုက်တော့ ဘုရားရေ...ကျွဲမျှော့ဆိုတာ အဲဒါပဲ... ကျွဲကြီးရဲ့ကျောပြင်မှာ မျှော့တွေများ ဘယ်လောက်တောင် သွေးစုပ်ထားကြလဲတော့မသိဘူး မဲနက်ဖေါင်းကားနေကြတာ အသည်းယားစရာပါပဲ....။

အားနည်းချက်ကို သိလက်စနဲ့တော့ တစ်ခုလောက်ပြောပြရဦးမယ်...။ ကျွန်မတို့ရွာက လမ်းတစ်လျှောက်ဟိုဘက် ဒီဘက် ကုက္ကိုပင်တန်းကြီးရှိတယ်လေ...။ နွေဦးပေါက်ဆိုရင် သစ်ပင်ကနေ ခူယားကောင်တွေ တွဲလောင်းကျနေတာ မနည်းရှောင်သွားရတယ်...။ ခူယားအမွေးအသားနဲ့ထိရင် အနီပြင်ကြီးတွေဖြစ်ပြီး ယားလာရင် ဆန်စေ့ကိုဝါးပြီးလိမ်းရတယ်တယ်...။ ဒါကတော့ တောဓလေ့ဆေးမြီးတိုလေးပေါ့...။ မယားတဲ့ခူကောင်တွေလည်းရှိသေးတယ် ..။ သူက အကောင်နည်းနည်းကြီးပြီး အမွေးထူထူနဲ့ မဲနက်နေတာ ..အဖြူရောင်ဆွတ်ဆွတ်လည်း ရှိတတ်သေးတယ်...။ အတန်းထဲမှာ ကျောင်းသားတချို့ အဲဒီခူကောင်က ကိုင်လာဆော့လို့ကတော့ ကျွန်မအတန်းထဲကိုလုံးဝမ၀င်တော့ဘူး... အဲဒီလိုကြောက်တာ...။ ကျွန်မတို့ အိမ်နောက်ဖေး ရေအိမ်ရှေ့က အဘွားစိုက်ထားတဲ့ သရက်ပင်ကမရှင်နိုင်တော့လို့ တစ်ပင်လုံးလဲ ခူးယားကောင်တွေ မြင်ရက်စရာမရှိအပြည့်ပေါ့...။ အဲဒီအပင်က ခူကောင်တွေက အိမ်သာထဲရော အိမ်သာတံခါးမှာရော လက်ကိုင်မှာရော...နေရာအပြည့်ယူထားလိုက်ကြတာ...။ ကျွန်မလုံးဝအိမ်မှာ အိမ်သာမတက်တော့ဘူး...။ ရွာထိပ်မှာရှိတဲ့ နန်းဖေါင်းတို့အိမ်ကို စက်ဘီးနဲ့ အိမ်သာသွားတက်ရတယ်...။ တကယ်ပါပဲ...။

ကျွန်မတို့ငယ်ငယ်က ဆော့ခဲ့ကြ ကဲခဲ့ကြတာ တော်တော်ပါပဲ...။ တာလေချောင်းဆိုလဲ နေ့တိုင်းလိုလိုကို ရေသွားကူးကြတာ...။ အဲလို နေပူမရှောင် မိုးရွာမရှောင် ရေသွားသွားကူးလွန်းလို့ ငယ်ငယ်ကဆို အသားမည်းနေရောပဲ.... ရုပ်က ကုလားဆင်ဆိုတော့ ကျွန်မကိုဆို ကုလားမ...(အီကုလား) လို့ရှမ်းလိုခေါ်ခေါ်ကြတယ်...။ ချောင်းထဲမှာ လုံချည်တွေကိုပူပေါင်းလုပ်ပြီး ရေးစီးအတိုင်းမျောပါပြီး ဆော့ကြတယ်...။ ကမ်းပါးကနေ ဒိုင်ပင်ထိုးချတယ်...။ ရေထဲမျောလာတဲ့ သဖန်းသီးတွေလဲ လုကောက်ကြတယ်...။ အင်း...သဖန်းသီးဆိုလို့ ကျွန်မတို့ တာလေရွာရဲ့အဓိပ္ပါယ်ကို ပြောပြချင်သေးတယ်...။ “တာ” ဆိုတာက ဆိပ်ကိုခေါ်တာ “လေ”ကတော့သဖန်းသီး ကိုပြောတာ...။ အဲဒီချောင်းရဲ့အရင်းမြစ်အစမှာ သဖန်းပင်တွေသိပ်ပေါတာတဲ့...။ အဲဒါကြောင့် “သဖန်းဆိပ်”ချောင်းလို့ ခေါ်ကြတာ...။ သဖန်းပင်ကနေ အသီးတွေကြွေပြီး မျောမျောလာတတ်တာပေါ့...။

ရွာမှာမွေးပြီးကြီးပြင်းခဲ့တာကို ကျွန်မတော့ သိပ်သဘောကျတယ်...။ ဆော့စရာတွေက မကုန်ခမ်းနိုင်ဘူး...။ မြို့မှာလို အိမ်ထဲပဲနေပြီး အရုပ်တွေ ဂိမ်းတွေနဲ့ မကြီးပြင်းခဲ့ရတာကိုပဲကျေးဇူးတင်တယ်...အဖေနဲ့အမေကို..။ မြေကြီးတွေ သဲတွေနဲ့ သဘာဝကျကျ ကစားရတော့... ပထ၀ီဓါတ်ချို့တဲ့မှု လည်းမရှိတော့ဘူးပေါ့...။ သင်္ကြန်နားနီးရင်လဲ ပုစဉ်းရင်ကွဲတွေကို အပြိုင်အဆိုင်ဖမ်းကြသေးတယ်...။ ၀ါးလုံးပိန်ပိန်ရှည်ရှည်ထိပ်ဖျားမှာ ပိန္နဲစေးတွေသုတ်ပြီး ပုစဉ်းတွေကို လိုက်ကပ်ကြတယ်....။ ဒီနေ့တော့ဖြင့် ဘယ်သူအကောင် ဘယ်နှစ်ဆယ်ရလဲဆိုပြီး ပြန်လာရင် ပြောကြသေးတယ်...။ ပုစဉ်းရင်ကွဲအော်တဲ့ အသံကိုတော့ ကြားဖူးကြမှာပါ...။ အဲဒီချိန်မှာဆို ကျွန်မတို့အိမ်နောက်ဘက်က သရက်ခြံထဲမှာတင် ဆူညံနေရော...။ ပုစဉ်းရင်ကွဲမှာအူမပါပါဘူး...။ အူမရှိရတဲ့အကြောင်းကိုတော့ငယ်ငယ်က ကျောင်းမှာ ပုံပြင်တစ်ပုဒ်အနေနဲ့ သင်ခဲ့ဖူး ကြမှာပါ...။ အိမ်ပြန်ရောက်ရင် ပုစဉ်းတွေကို အတောင်ဖြုတ်ပြီး ဖင်ကြားထဲ အချောင်းချောင်းလေးတွေ လှီးထားတဲ့ ဂျင်းချောင်းထိုးထည့်ပြီး ကြော်စားကြတယ်....။ တော်တော်တော့ ငရဲကြီးတဲ့လုပ်ရပ်ပဲဗျ...။ ငယ်ငယ်ကတော့မသိဘူးလေ...။ အပျော်အနေနဲ့ လုပ်ကြတာစုံလို့ပေါ့....။ ခုနောက်ပိုင်းကလေးတွေတော့အဲလို ဖမ်းမဖမ်းမသိတော့ဘူး...။


မိုးငွေ့

အဖြူရောင်နတ်သမီး

ဖန်ဆင်းတတ်မြောက်ခြင်းနဲ့ အရောင်တွေမရှိခြင်း ဖြူစင်သောအမည်နာမတစ်ခုနဲ့ အေးချမ်းစွာရောက်ရှိလာတဲ့... အဖြူရောင် နတ်သမီး အမည်လေးက ဖြူစင်ရိုးစင်းလွန်းပေမယ့် အရောင်သွေးစုံတဲ့ အနုပညာတစ်ချို့ကို ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့တဲ့ အဖြူရောင်နတ်သမီး လောကဓံအလယ် ကြုံလာသမျှအခက်ခဲတိုင်း တစ်ကိုယ်တည်းသာ လျှောက်လှမ်းရင်းနဲ့ ရင်ဆိုင်အံတု ထိုးခွင်းလှဲမယ့် အဖြူရောင် နတ်သမီး ကဗျာကိုချစ်တဲ့ နှလုံးသား စာပေကို ခံစားတတ်တဲ့ အဖြူရောင်နှလုံးသားတစ်စုံ '' အတွက် '' မင်းကိုယ်ပိုင်ဖန်ဆင်းထားတဲ့ ထက်မြတ်တဲ့ အတောင်ပံတစ်စုံနဲ့ နောက်နှစ်များစွာတိုင်အောင် မင်းချစ်တဲ့(မသေဆုံးနိုင်တဲ့) ကဗျာတွေများစွာ...များစွာကို အသက်သွင်းနိုင်ပါစေလို့ဆန္ဒပြုပါတယ်..။
နတ်သမီးရေ...လိုင်းမရလို့ တစ်ရက်နောက်ကျသွားတယ် ခွင့်လွှတ်ပါနော်....။ တကယ်တော့ ဒီကဗျာက မိုးငွေ့ကိုယ်တိုင် ရေးတာမဟုတ်ပါဘူး...အမည်မဖော်လိုသူ ကဗျာဆရာတစ်ဦးက နတ်သမီးအတွက် ရေးပေးလိုက်တာပါ...။ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ.....။

Thursday, 19 November 2009

အရေးပေါ်သတင်း

ဒီနေ့မနက်ဘဲ ကျမတို့ထိုက်ချိ လေ့ကျင့်ခန်းမှာ ဆရာဦးအောင်ဇေယျက သတင်းတစ်ခုကြေငြာပါတယ်...။ ခုတလော ဒလတစ်ဘက်ကမ်းမှာဖြစ်နေတဲ့ ရောဂါတစ်မျိုးတဲ့ဗျ...။ ဒလတုပ်ကွေးလို့တော့ပြောနေကြတယ် ...။ ခုချိန်ထိတော့ ရောဂါနာမည်မရှိသေးပါဘူး..။ လက္ခဏာ မျက်စိတွေအရမ်းယားယံလာရင် လက်နဲ့မပွတ်ပါနဲ့..။ လက်ကိုင်ပုဝါ သို့မဟုတ် စက္ကူလက်ကိုင်ပုဝါသန့်သန့်တွေနဲ့သုတ်ပါ...။ ကိုယ်လက်တွေမှာ အနီဖုတွေပေါက်ပြီး ယားလာတတ်ပါတယ်...။ ဒါကြောင့်မို့ အပြင်စာတွေသိပ်မစားပါနဲ့...။ အပြင်ကပြန်လာတိုင်းလဲ လက်ကိုသေချာသန့်စင်အောင် ဆေးကြောကြပါ...လို့ ဆရာက လေ့ကျင့်ခန်းလာလုပ်သူတွေ အားလုံးကို သတိပေးလိုက်ပါတယ်..။ ဒီသတင်းကို UN မှာအလုပ်လုပ်နေတဲ့ ဆရာ့ညီမကတဆင့်သိရတာပါ...။
အဲဒီကတဆင့် ကျမက ဘလောက်မောင်နှမတွေအားလုံးနဲ့ စာလာဝင်ဖတ်သူတွေအားလုံးကို ဖြန့်ဝေအသိပေးလိုက်ခြင်းဖြစ်ပါတယ်...
မိုးငွေ့

Friday, 13 November 2009

ထိုက်ချိလေရှူလေ့ကျင့်ခန်း.....

ပြည်သူ့ရင်ပြင်မှ မနက်၆နာရီအချိန် ကျန်းမာရေးလိုက်စားသူအချို့


ကျမတို့ရဲ့ ထိုက်ချိနည်းပြဆရာ ဦးအောင်ဇေယျ @ Mr. Johny


ထိုက်ချိကစားသူနေကြသူများ


ကျမ ဒီထိုက်ချိလေရှူ လေ့ကျင့်ခန်းကို မနှစ်ကတည်းက စပြီး ရင်ပြင်မှာကစားခဲ့ပါတယ်...။ ကျမတို့နေတဲ့ ကျွန်းတောလမ်းကနေ မနက် 4း45 အိမ်ကနေ ကျမမေမေနဲ့ လမ်းအတူလျှောက်ကြတယ်...။ ရင်ပြင်ကို အမြန်လျှောက်ရင် မိနစ် 20 လောက်လျှောက်ရပါတယ်...။ ကျမ လမ်းလျှောက်ဖြစ်တာတော့ လေးနှစ်လောက်ရှိပါပြီ...။ မနှစ်ကမှ ဆရာမဒေါ်မေမေအေး နည်းပြတဲ့ ထိုက်ချိလေ့ကျင့်ခန်းကအဖွဲ့ထဲ ကို စဝင်ပြီးကစားခဲ့ပါတယ်...။ အရင်နှစ်တွေတုန်းက ဆရာဦးအောင်ဇေယျနဲ့ အဖွဲ့တွေ ကစားနေတာ တွေ့ဖူးခဲ့ပါတယ်..။ အဲဒီတုန်းက ကျမတို့အိမ်ကနေ လမ်းလျှောက် ရင်ပြင်ရှေ့ရောက်ရင် အရင်ဦးဆုံး ရွှေတိဂုံဘုရားရှိခိုးပြီး သွေးပူလေ့ကျင့်ခန်းလေး စလုပ်တယ် ပြီးမှ ရင်ပြင်ကို တစ်ပတ်ပတ်ပြီး လမ်းလျှောက်ကြပါတယ်...။ ခုနောက်ပိုင်းနှစ်နှစ်မှ ရင်ပြင်တံခါးဖွင့်ပေးတော့ အထဲဝင်လျှောက်ကြပါတယ်...။ ကျမတို့မြန်မာပြည်မှာ ခုလိုကျန်းမာရေး ဗဟုသုတကြွဝလာပြီး ကိုယ်တိုင်လဲ လိုက်စားတာတွေ့ရတော့ ဝမ်းသာစရာပါ...။ “အာရောကျံပရမံလာဘံ...ကျန်းမာခြင်းသည်လာဘ်တစ်ပါး”လို့ ဆိုရိုးရှိခဲ့တယ်မဟုတ်လား...။ ဒီထိုက်ချိလေ့ကျင့်ခန်းဆိုတာ ဖြေးဖြေးချင်းကစားရတဲ့ လေရှူလေ့ကျင့်ခန်းပါပဲ...။ ဖြေးဖြေးကစား ရတယ်ဆိုပေမယ့် အတွင်းအားကို စိုက်ထုတ်ရလို့ ချွေးထွက်ပါတယ်..။ ဒီကစားနည်းဟာ တရုတ်ပြည်ကနေ စပြီးဆင်းသက်လာတာပါ...။ လက်ဦးဆရာ ဘယ်သူလဲဆိုတာ သေချာမသိရပေမယ့်..။ အလွန်ရှေးကျတဲ့ ကစားနည်း တစ်ခုလည်းဖြစ်ပါတယ်..။ သူ့ကို ချိကုန်းကစားနည်းလို့လဲ တစ်မျိုးခေါ်နိုင်ပါတယ်..။ တရုတ်လို “ချိ” ဆိုတာ “အသက်ရှူ”တာကိုပြောတာပါ “ကုန်း” ဆိုတာကတော့ “အလုပ်”ပေါ့...။ လေရှူတဲ့အလုပ်ကိုလုပ်ရတဲ့ လေ့ကျင့်ခန်းလို့ အဓိပ္ပါယ်ရပါတယ်...။ ဒီလေ့ကျင့်ခန်းကို ယုံကြည်မှု အပြည့်အဝနဲ့ ပုံမှန် ကစားသွားမယ်ဆိုရင်... အသက်ရှူချောင်ပါတယ်...ပန်းနာရင်ကျပ်သမား၊ နှလုံး၊ သွေးတိုး၊ ဆီးချို၊ ဂေါက်၊ ကျီးပေါင်း၊ ကျောက်ကပ် စတဲ့ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်...။ တချို့ နှလုံးစက်တပ်ထားတဲ့ လူနာတွေတောင် ဒီလေ့ကျင့်ခန်းလုပ်ပြီး စက်ပြင်ဖြုတ်လိုက်ရတဲ့အထိ အခြေအနေ ပြန်ကောင်းသွား ကြပါတယ်...။ အဆုတ်ထဲကို ရေဝင်တတ်လို့ ဒီလေ့ကျင့်ခန်းကို နှင်းတွေအရမ်းကျတဲ့အချိန်နဲ့ မိုးရွာတဲ့အချိန်တွေမှာ မလုပ်ရပါဘူး ..။ အဝလွန်သူတွေကိုလဲ အဆီကျစေပြီး ကျန်းမာလန်းဆန်းစေပါတယ်...။ ပိန်သူတွေလဲ မှန်မှန်ကစားရင် စားဝင်အိပ်ပျော်စေပါတယ်...။ တတ်နိုင်ရင် ညစာကို အရွက်များများစားပြီး ထမင်းကိုမစားရင် ပိုကောင်းပါတယ်...။ ကြာဇံပြုတ်နဲ့ အသီးအရွက်များများစားနိုင်လေ ပိုကောင်းလေပါပဲ..။ဆရာဦးအောင်ဇေယျ ပြောပြချက်အရ...သူအမေရိကားမှာ နေထိုင်စဉ်က အမေရိကန်လူမျိုးတွေဟာ ည ၁နာရီ ၂နာရီ အချိန်မှာတောင် ထပြေးကြတဲ့သူတွေ အများကြီးတဲ့...။ ကျန်းမာရေးလိုက်စားကြတာပေါ့ဗျာ...။ အဲဒီချိန်က ဆရာက အရမ်းဝတာတဲ့ဗျ...။ နောက်တော့ ထိုက်ချိကစားရင်း ခုလိုအပေါ်က ဓါတ်ပုံထဲကလောက် ကိုယ်ရည်စစ်သွားတာလို့ပြောပြပါတယ်...။ ဆရာကိုယ်တိုင် ဒီကစားနည်းကို ၁၉၉၈ က စကစားလာခဲ့ပြီး ဆရာ့ရဲ့ နည်းပြကတော့ ဦးမြင့်လွင်လို့သိရပါတယ်...။ ခုချိန်ထိလည်း ရင်ပြင်မှာ ဆရာကစားခဲ့တဲ့အဖွဲ့က ဆက်လက်ရှိနေဆဲပါပဲ...။ ဒီလေ့ကျင့်ခန်းကို မြန်မာပြည်မှာ ကစားလာကြတာ ၁၅နှစ် နှစ်၂၀ လောက်ရှိပြီးလို့ပြောပါတယ်...။ မြန်မာပြည်ကို ယိုးဒယားက တရုတ်တစ်ယောက်က မီလပ်စနိုးပိုင်ရှင်ကို လာပြီးပြရာက ဒီကစားနည်း မြန်မာပြည်မှာ စခဲ့တယ်လို့သိရပါတယ်..။ အရင်ဦးစွာ ကန်တော်ကြီးမှာ ကစားကြပါတယ်..။ ကန်တော်ကြီးမှာလဲ ခုလို ဆောင်းအဝင်မှာ ထိုက်ချိကစားသူတွေရှိသလို၊ Yoga ကစားသူတွေရော၊ လမ်းလျှောက်ကြသူတွေ၊ ပြေးကြတဲ့သူတွေနဲ့...စည်ကားလို့ပါပဲ....။ ဆရာဦးအောင်ဇေယျကိုယ်တိုင် နည်းပြပြီးကစားတဲ့ “ထိုက်ချိ”မှာ ပထမလေရှူနည်း ၁၈ကွက် နဲ့ ဒုတိယလေရှူနည်း ၁၈ကွက် စုစုပေါင်း ၃၆ကွက်အပြင် ကြိုက်သလိုကစားနိုင်တဲ့ ယိုပိနည်းပါ ပါသေးတယ်...။ ၃၆ကွက်လေရှူကစားနည်းဟာ ဖြေးဖြေးလေးကစားရပါတယ် ...။ ယိုပိကတော့ ကြိုက်သလို မြန်မြန်ကစားရပါတယ်...။ ပြီးတော့ ဆရာက UN က အသိတစ်ယောက်ဆီမှာရခဲ့တဲ့ တစ်မျိုးကို ၃၆ခါလုပ်ရတဲ့ မျက်စိရေတိမ် မဖြစ်စေတဲ့လေ့ကျင့်ခန်းကိုပါ ထပ်ဆောင်းဖြည့်စွက်ပြီးကစားပါသေးတယ်...။ နောက်ဆုံးကတော့ သီချင်းဖွင့်ပြီး သုံးကျော့ပြန် ကစားရတဲ့ လေ့ကျင့်ခန်းနဲ့ အဆုံးသတ်ပါတယ်...။ ခုဒီနှစ်မှာဆိုရင် ထိုက်ချိလေ့ကျင့်ခန်းနှစ်ဖွဲ့အပြင်...အင်္ဂလိပ်သီချင်းဖွင့်ပြီး ခပ်မြူးမြူးကကြတဲ့ လေ့ကျင့်သူတွေပါ တစ်ဖွဲ့တိုးလာပါတယ်...။ ကျမဒီပို့စ်ကိုရေးဖို့ ဆရာဦးအောင်ဇေယျကို တစ်ရက်ကြိုတင် ခွင့်တောင်းထားပြီး နောက်နေ့မနက်မှာ ကင်မရာနဲ့ ကျမတို့အဖွဲ့ နောက်ဆုံးသီချင်းနဲ့ ကတဲ့အချိန်မှ... ဓါတ်ပုံရိုက်ယူပြီး...ရင်ပြင်တစ်နေရာမှာ ဆရာဦးအောင်ဇေယျနဲ့ ကျမသိချင်တာလေးကို မေးမြန်းဖြစ်ခဲ့ပြီး ...ခုလိုကျန်းမာရေး ဆောင်းပါးလေးတစ်ပုဒ်ရေးဖြစ်ခဲ့ပါတယ်...။ ဆရာကနောက်ဆုံး ဒီကစားနည်းကို လက်ဆင့်ကမ်းသွားကြပါ လို့ပြောပြီး ကျမကိုလည်း နောင်တစ်ချိန်မှာ နည်းပြဆရာမလုပ်ဖို့ တိုက်တွန်း သွားပါသေးတယ်...။ အခြေအနေအရပေါ့ ဆရာ...။ ကျမကြိုးစားပါ့မယ်...။ ခုလို ထိုက်ချိအကြောင်း သိချင်တာလေးကို စိတ်ရှည်စွာ အချိန်ပေးပြီးဖြေဆိုပေးခဲ့တဲ့ ဆရာဦးအောင်ဇေယျ ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်...။ 


မိုးငွေ့

Thursday, 12 November 2009

မိုးစက်တွေရိပ်သိမ်းလို့ နှင်းမှုန်တွေပျိုးကျဲတော့မယ်.....






အချိန်ကာလတွေ ရွေ့လျားရင်း 
မင်းပြောတဲ့ တဝက်တပြတ်နဲ့ 
မပြီးဆုံးသေးတဲ့ပုံပြင်ဟာ 
ငါ့အလွမ်းကို ရှင်သန်စေတယ် 
ရှေ့ဆက်မရတဲ့ ငါ့အိပ်မက်တွေ 
မင်းခိုးယူသွားတဲ့ ငါ့နေ့ရက်တွေ 
ရူးလောက်အောင်လွမ်းတတ်တဲ့ 
ကောင်မလေး...တစ်ယောက်အကြောင်း 
ပုံပြင်လေးတစ်ပုဒ် အဆုံးမသတ်ခင် မင်းကိုငါပြောပြချင်တယ်...။ ။ (ပန်းခင်လေး)

Tuesday, 3 November 2009

ရှမ်းအမဲသားစင်းကောဟင်း

ရှမ်းအမဲသားစင်းကောမွှေးမွှေးလေး 


ရှမ်းငရုတ်ကောင်းစေ့ထောင်းထားတာနဲ့ ပင်စိမ်းရွက် ရှမ်းနံနံ


ပါဝင်တဲ့ ပစ္စည်းတွေကတော့ နုတ်နုတ်စင်းထားတဲ့အမဲသား၊ ပဒဲကော၊ ဂျင်း၊ ရှမ်းငရုတ်ကောင်းစေ့လှော်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ပူစီနံ၊ နံနံပင် (ဟင်းခတ်အမွှေးအကြိုင်တွေလဲ စုံနေပြီ)။

အရင်ဦးဆုံး စင်းထားတဲ့အမဲသားထဲကို ထောင်းထားတဲ့ ပဒဲကော၊ ဂျင်း၊ ရှမ်းငရုတ်ကောင်း ဆား ဟင်းခတ်မှုန့်ထည့်ုနယ်ပြီး နှပ်ထားလိုက်ပါ...မိနစ်20လောက်ပေါ့...။

ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာရင် ခုနက နှပ်ထားတဲ့ အမဲသားကို ထည့်ကြော်လိုက်ပါ...။ အသားနူးပြီး မွှေးလာတဲ့အထိကြော်ပြီးရင် ပန်းကန်မှာပြင်ပြီး ပူစီနံရွက်နဲ့ နံနံပင် ရယ်ဂေါ်ဖီထုပ်ကြိုက်ရင် ရေနွေးလေးဖျောပြီး အမဲသားနဲ့စားလို့ရပါတယ် ...။ ဆလပ်ရွက်နဲ့လဲ စားသုံးလို့ရနိုင်ပါသေးတယ်...။

အားလပ်ရက်ကလေးမှာ လုပ်စားကြည့်ကြပါနော်...။ လုပ်ရတာလွယ်ကူပါတယ် ကျမတို့ရှမ်းပြည်မှာ ဆိုရင် ကောက်ညင်းပေါင်းပူပူလေးနဲ့စားကြတယ်....။ အစားအသောက် မတင်ဖြစ်တာကြာပြီ...။ ပိတ်ရက်တုန်းက အိမ်မှာ လုပ်စားဖြစ်တာလေးကို တင်ပေးလိုက်တာပါ..။ အမဲသားမစားသူများ ကြက် သို့မဟုတ် ၀က်သားနဲ့လဲ ကြော်စားနိုင်ပါတယ်...။

မှတ်ချက်။ ။ ရှမ်းငရုတ်ကောင်းကိုတော့ ရှမ်းပြည်မှာ မှာယူမှရနိုင်မှာပါ...။ ဒီမှာ မရောင်းပါဘူး...။


မိုးငွေ့