ဆရာကြီးဒဂုံတာရာရေးသားခဲ့တဲ့ နာမည်ကြီးဝတ္ထု “မေ” နဲ့ “မြိုင်” ကိုဖတ်ဖူးထားပြီးသားမို့ ဆရာကြီးရဲ့ အရေးအသား အဖွဲ့အနွဲ့တွေကို သိပ်မစိမ်းနေဘူးဆိုပါတော့...။ အခုနောက်ဆုံးဖတ်ထားခဲ့တဲ့ ဆရာကြီးရဲ့ “နေ့စဉ်မှတ်တမ်း”စာအုပ်ကိုဖတ်ရတော့ ဆရာကြီးရဲ့ သမားဂုဏ်ကို ပိုပြီး ကြည်ညိုလေးစား ရပါတယ်...။ ခေတ်သုံးခေတ်ရဲ့ နိုင်ငံရေး၊ အနုပညာနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို စာပေနဲ့ လှုံ့ဆော်စည်းရုံးမှုတွေ ဆောင်ရွက်ရာမှာ တာဝန်ကျေပွန်ခဲ့တဲ့ ဆရာကြီး ဒဂုန်တာရာရဲ့ ကျေးဇူးကလည်း ကြီးမားလွန်းလှပါတယ်။ ဒီစာအုပ်ဟာ ဆရာကြီး မကွယ်လွန်မီ အောင်ပန်းနေအိမ်မှာ ရေးသားခဲ့တဲ့ စာအုပ်လေးပါ..။ နေ့စဉ်မှတ်တမ်းအပြင် အခြားနိုင်ငံရေး ငြိမ်းချမ်းရေးဝတ္ထုတိုများလည်းပါဝင်ပါတယ်...။ ဆရာကြီးဟာ အလင်းရောင်ကိုသိပြီး အရာဝတ္ထုတွေကို ရိုးတိုးရိပ်တိတ်မျှသာမြင်ရတော့ပေမယ့် စာတွေကို နှုတ်တိုက်ရေးထားတယ်လို့တောင် မထင်ရပါဘူး...။ လက်နဲ့ကိုယ်တိုင် မရေးနိုင်ပေမယ့် ဆရာကြီးနှလုံးသားကနေ စိမ့်ထွက်လာကြတဲ့ စကားလုံးတွေကတော့ အန်မတန် သိမ်မွေ့လွန်းလှပါတယ်...။
ဆရာကြီး မနက်ခင်း ခြံဝင်းထဲ တုတ်ကောက်လေးနဲ့ စမ်းပြီးလမ်းလျှောက်နေချိန်မှာ ထိတွေ့ခံစားရသမျှ အရာဝတ္ထုတွေကို ဖွဲ့ပြထားတာလေးက တကယ်ကို မျက်မြင်ကိုယ်တွေ့ ဆန်လွန်းပါတယ်...။ ဆရာကြီးက သဘာဝပတ်ဝန်းကျင်ကို အသေးစိပ်ဖွဲ့တဲ့အခါ အသုံးအနှုန်းဝေါဟာရတွေ သိပ်ကြွယ်တယ်...။ ဒီလို ပတ်ဝန်းကျင်ကို နူးညံ့လှပစွာ ဖွဲ့နွဲ့ရေးသားတတ်တာ ကျွန်မဖတ်ဖူးတဲ့ အမျိုးသမီးစာရေး ဆရာမ ထဲမှာဆို ဆရာမကြီးဒေါ်ခင်နှင်းယု စာတွေမှာ တွေ့ခဲ့ရဖူးတယ်..။ လေညှင်းလေးတွေ သစ်ရွက်ကလေးတွေ၊ ကျေးငှက်သံတွေ၊ နွေဦးပေါက်ဥသြသံသာတွေ၊ ပန်းရနံ့လေးတွေ စသဖြင့် ဆရာကြီးရဲ့ စကားလုံးတွေက သိပ်ကိုဖမ်းစားနိုင်လွန်းပါတယ်...။ အမြင်အာရုံမကောင်းလို့ အတွေ့အာရုံကိုရေးသား သွားရာမှာလည်း စကားလုံးအသုံးအနှုန်းတွေက ပန်းပွင့်တွေလို လေမှာယိမ်းနွဲ့ လှုပ်ရှားနေတယ်လို့ ခံစားမိပါတယ်...။ ခြံဝင်းထဲမှာရှိတဲ့ ဆရာကြီးလက်နဲ့ စမ်းမိတဲ့ ဂေါ်ရခါးအရွက်က နူးနူညံ့ညံ့ အထိတွေ့လေးကို ခံစားရတယ် ။ ပင်စိမ်းပင်မှာ ကပ်ပေါက်တဲ့ သစ်ခွပန်း အရွက်ကတော့ ခပ်မာမာလေး ခံစားရတယ်ဆိုတဲ့ နွယ်ပင်၊ သစ်ပင်၊ ပန်းမံတွေအကြောင်း ရေးသားရာမှာ ကဗျာဆန်လှတယ်။
ဆရာကြီးဟာ သူနေ့စဉ်ပြုနေရတဲ့ လုပ်ငန်းစဉ်လေးကို ရေးပြရာမှာ နေ့စဉ်မပြတ် ရေဒီယို နားထောင်တာလေးကို ကျွန်မသိပ်သဘောကျ မိတယ်...။ အသက်အရွယ်ကြီးလာသူတွေဟာ လုပ်စရာအလုပ်မရှိတော့ရင် စိတ်ကျရောဂါအလိုလို ဝင်လာတတ်ကြပါတယ်။ သို့မဟုတ်လည်း မှတ်ဉာဏ်ချို့ယွင်းတဲ့လက္ခဏာ သူငယ်ပြန်ရောဂါ စသဖြင့် အဖြစ်များကြတယ်..။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်း အသေးစိပ်ကို သိပ်မသိပေမယ့် လူတစ်ယောက်ဟာ အသက်ကြီးလာရင် ဘုရားတရားအလုပ်အပြင် ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုခုလုပ်သင့်တယ်လို့ ထင်ပါတယ်...။ ကျွန်မဆို ခဏခဏတွေးဖူးတယ်... တွေးဖူးတယ်ဆိုတာက ကိုယ့်ရှေ့မှာ မြင်နေတွေ့နေတဲ့ အဖိုးအဖွားတွေကို ကြည့်ပြီး တွေးမိတာလေးပါ..။ ကိုယ်တိုင်ရော အသက်ကြီးလာရင် ဘာလုပ်မလဲဆိုတာပါ..။ ဥပမာ စာဖတ်တာတို့ ပန်းချီဆွဲတာတို့ စန္ဒရားတီးတာတို့ အပင်စိုက်တာတို့ သိုးမွှေးထိုးတာတို့ပေါ့...။ အဲလို ဝါသနာတစ်ခုခုကို လုပ်ကိုင်နေရတာဟာ ကိုယ့်ရဲ့ ကျန်ရှိနေသေးတဲ့ အချိန်ကို သူများကိုလည်း အနှောက်အယှက်မပေး အကျိုးရှိရှိလည်းအသုံးချရာရောက်တယ်လို့ မြင်ပါတယ်..။ ဒီအတွေးကို ဆရာကြီးရဲ့ ဒီနေ့စဉ်မှတ်တမ်းစာအုပ်လေး ဖတ်ပြီး ပြန်ပြောပြချင်လာခဲ့တာပါ...။
ကျွန်မဆို အသက်ကြီးလာရင် အဓိကတော့ စာတွေရေးမယ် စာအုပ်တွေ ဖတ်ဖြစ်နေမယ်ထင်ပါတယ်...။ ဒါကလည်း မျက်စိအမြင်အာရုံကောင်းနေသေးရင်ပေါ့...။ ခြေလက်ကောင်းမွန်နေသေးရင်လည်း အိမ်လုပ်မုန့်တွေဖုတ်ပြီး ကိုယ့်ပတ်ဝန်းကျင်ကသူတွေ ကိုယ်ချစ်ခင်ရတဲ့ မိတ်ဆွေတွေကို ဝေမျှပေးချင်တယ်...။ မဟုတ်ရင်တော့ ရေဒီယိုတော့နားထောင်ရလိမ့်မယ်...။ ကျွန်မ အသက်ကြီးလာရင်လုပ်ဖို့ အလုပ်တွေကို စဉ်းစားရာမှာ ရေဒီယိုနားထောင်ဖို့ကို မစဉ်းစားမိခဲ့ဘူး...။ ဆရာကြီးရဲ့ နေ့စဉ်မှတ်တမ်းစာအုပ် ဖတ်မိသွားလို့သာ ရေဒီယိုနားထောင်ဖို့ သိလာရတာပါ...။ ဟုတ်တယ် စာအုပ်ဖတ်မရတဲ့အချိန်မှာ ဒါမှမဟုတ်စာအုပ်ဖတ်ဖို့ အာရုံမဝင်စားတဲ့ အချိန်မှာ ရေဒီယိုတော့ နားထောင်ရမယ် ရေဒီယိုနဲ့စာဖတ်မယ်ပေါ့...။ ဆရာကြီးက ဘာသာစကားတွေ များများနားလည်ထားတော့ ကမ္ဘာ့ ရေဒီယိုလိုင်းတော်တော်များများကို နားထောင်နိုင်ခဲ့တယ်..။ တကယ်ချီးကျူး အားကျစရာပါပဲ...။ အသက်ကြီးလာရင် ဘာလုပ်မယ် ညာလုပ်မယ်လို့ ခုကတည်းကစိတ်ကူးယဉ်နေတာ။ တကယ်တော့ လူတစ်ယောက်ဘယ်အချိန်သေရမယ်ဆိုတာ ဘယ်သူမှကြိုသိနိုင်တာမှမဟုတ်ဘဲ အသက်ရှည်ရှည်နေချင် မှလည်းနေရမှာမဟုတ်လား...။
အသက်အရွယ်ကြီးရင့်လာလေ ဦးနှောက်လေ့ကျင့်ခန်းများများ ပိုလုပ်ပေးဖို့ကောင်းလေပါပဲ...။ သိပ်ခက်ခက်ခဲခဲလုပ်စရာမလိုပါဘူး...။ ကိုယ်မနေ့မနက်တုန်းက မနက်စာကိုဘာနဲ့ စားခဲ့သလဲ နေ့လည်ဘာတွေ လုပ်ခဲ့သလဲ ညနေဖက်ဘယ်သူတွေနဲ့ စကားပြောခဲ့လဲ တီဗီကလာတဲ့ ဇာတ်လမ်း ဘာပြသွားခဲ့သလဲ ဒါတွေ ပြန်ပြန်စဉ်းစားပေးရင် ဦးနှောက်လေ့ကျင့်ခန်း လုပ်ပြီးသားဖြစ်သွားတယ်လို့ ကြားဖူးပါတယ်...။
ဆရာကြီးဒဂုန်တာရာကို ၁၉၁၉ မေလ ၁၀ ရက်မှာ မွေးဖွားခဲ့ပြီး ၂၀၁၃ သြဂုတ် ၁၉ ရက် အောင်ပန်းမြို့နေအိမ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ဆရာကြီးဒဂုန်တာရာဟာ ကလောင်အမျိုးမျိုးနဲ့ စာပေ၊ ရုပ်ရှင်၊ ပန်းချီ၊ ဂီတ၊ အနုပညာ၊ နိုင်ငံရေး၊ ဝေဖန်ရေးဆိုင်ရာဆောင်းပါးများ၊ ဝတ္ထုများ၊ ဝတ္ထုတိုများကို ရေးသားခဲ့ပြီး ၁၉၆၁ ခုနစ်မှာ “စံပယ်ဦး”နဲ့ စာပေဗိမာန်ဝတ္ထုတိုပေါင်းချုပ်ဆု၊ ၂၀၁၂ ခုနှစ်မှာ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု ရရှိခဲ့ပါတယ်။
ကျွန်မရဲ့ စာဖတ်စဉ်နည်းအတိုင်း 2017ခုနှစ်အတွက် ဖတ်စရာစာအုပ်ကို ဆရာကြီးဒဂုန်တာရာရဲ့ စာအုပ်တွေရွေးထားပါတယ်..။ ခုလောလောဆယ် ကျွန်မဆရာကြီးရဲ့ စာအုပ်တွေကို လိုက်ရှာဝယ်နေတာ သုံးအုပ်တော့ရနေပြီ...။ ပထမဆုံးတစ်အုပ်က “မေ” ဖတ်ပြီးသားပေမယ့် ပြန်ဖတ်ဦးမယ်..။ နောက်တစ်အုပ်က ဆရာကြီးမွေးတဲ့နှစ်ဖြစ်တဲ့ ၁၉၁၉ခုနှစ် ကနေ ကွယ်လွန်တဲ့နှစ် ၂၀၁၃ခုနှစ် အထိ ရေးသားထုတ်ဝေခဲ့တဲ့ ဆရာကြီးကိုယ်တိုင် စိတ်ကြိုက်ရွေးထားခဲ့တဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ရယ်၊ “ရုပ်ပုံလွှာ”ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်လေးရယ်ပါ...။
မိုးငွေ့

