Aug 31 ရက်နေ့ ဘလော့ဒေးကို ကိုယ်ဘလော့မှာစာစရေးလာတဲ့ 2008 ကစပြီး ဒီနေ့ထိကို 2011 တုန်းကတစ်ခု မောင်မျိုးတဂ်လို့ Blog day အမှတ်တရ ဆိုတဲ့ပို့စ်ကို မှတ်မှတ်ရရရေးခဲ့ဖူးတယ်...။ 2013 မှာ Happy Belated Blog day ဆိုပြီးလဲ တစ်ခါရေးဖူးခဲ့ပါတယ်...။ ပြန်ဖတ်ကြည့်မှပဲ ကိုယ်တော်တော်အရှည်ကြီးရေးခဲ့တာပဲလို ခုတစ်ခါ အဲလောက်ရေးစရာ သိပ်မရှိတော့ဘူး ထင်ပါရဲ့...။ ပြီးတော့ ဘလော့ဂါအသစ်ကလေးတွေကိုလည်း မိတ်ဆက်စရာမရှိဘူးဖြစ်နေတယ်...။ မရှိဘူးဆိုတာက ကိုယ်တိုင်ကိုက သိပ်ပြီး အိမ်မလည်ဖြစ်တော့ ဘယ်သူတွေအသစ်ရေးနေသလဲ မသိတာဖြစ်နိုင်ပါတယ်..။ နောက်ပိုင်းစာလာဖတ်သူတွေကလည်းနည်းသွားသလို ကော်မန့်မှာ ကျွန်တော်ကျွန်မတို့ကတော့ ဘယ်သူပါ စာလာဖတ်လှည့်ပါလို့ အရင်လို ကိုယ့်ကိုယ်ကို လာမိတ်ဆက်သူတွေလည်း သိပ်မတွေ့ရတော့ဘူး...။ စာဖတ်နည်းသွားကြတယ်လို့ပဲဆိုရမလား မပြောတတ်တော့ပါဘူး...။
ဘာရေးရမှန်းမသိလို့ မရေးတော့ဘူးလို့ ကိုယ့်ဘာသာကြိတ်ကြံနေပေမယ့် မနေ့ကပဲ တီတင့်နဲ့ဖုန်းပြောရင်း တီက မိုးငွေ့ရေ အဲပို့စ်လေးတော့ရေးနော်လို့ထပ်ပြီး တိုက်တွန်းလိုက်ပြန်တယ်..။ လူကြီးကတောင်းဆိုတာ မရေးလို့ဘယ်ကောင်းမလဲ ပြီးတော့ စာမရေးတာကြာပြီဖြစ်တဲ့ မနော်ဖော Rose of Sharon..လည်း လင့်ခ်လစ်မှာ တက်လာတာတွေ့တော့ အားတက်သွားတယ် မရေးတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ ကိုယ့်စိတ်ကိုနည်းနည်းရှက်မိသလိုလိုတွေ ဘာတွေဖြစ်သွားခဲ့လိုက်သေးတယ် ဟဟ...။ ခု ဖဘမှာ ကိုဇော်ကလည်း ကဗျာရေးမယ်ဆိုလား တက်လာတာတွေ့တော့ မနေ့က တီတင့်ဖုန်းထဲပြောထားတာပဲ ဆိုပြီး သတိရတာနဲ့ ချက်ချင်းကောက်ရေးလိုက်တာ နို့မို့ဆို ပိတ်ရက်ဆို ကိုယ်က နားနားနေနေ စာသိပ်ရေးတာမဟုတ်ဘူး ငပျင်းကျနေတာနဲ့လေ...။
ဒီပို့စ်လေးရေးရတာ အရင် ကိုယ်တွေ စပြီး စာရေးတဲ့ခေတ်ကို သိပ်သတိရတာပဲ...။ အဲတုန်းက ဘလော့ဂ်မောင်နှမတွေ သိပ်ပြီး တက်ညီလက်ညီရှိကြတယ်...။ စာတွေပုံမှန်တင် လှည့်လည်ပြီးတော့ဖတ်ကြတယ် ကော်မန့်တွေပေးကြတယ် ပျော်စရာကြီး...။ ခုနောက်ပိုင်းက စာတွေလည်းပုံမှန်မတင်ဖြစ်သလို ဖဘမှာစုပြီးပဲ ကိုယ်ပြောချင် ဖြစ်ချင် လုပ်ချင်တာလေးတွေကို တင်ဖြစ်နေကြတယ်...။ ဖဘမှာပျော်တာ အပြစ်မပြောလိုပါဘူး..။ ဒါပေမယ့် ဘလော့ဂ်မှာတော့ စာလေးတွေ ပုံမှန်တင်စေ့ချင်ပါတယ်... တကယ်ပါ ရင်ထဲကနေပြီးတော့ကို ချစ်သော ဘလော့ဂါ အစ်မ အစ်ကို ညီမ မောင်ငယ်အားလုံးကို တကယ်တောင်းဆိုတာပါ...။
ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေစာရေးရေးမရေးရေး တင်တင်မတင်တင် ကိုယ်ကတော့ပုံမှန်လေး ရေးဖြစ်တယ် တင်ဖြစ်တယ်..။ ဘလော့ဂါဘဝလေးကို ကိုယ်ချစ်တယ်...။ ကိုယ်အသက်ရှင်သရွေ့ စာတွေကို ဒီနေရာလေးမှာ ဆက်ရေးဖြစ်နေဦးမှာပါပဲ...။ အဲဒါတော့ အသေချာဆုံးအရာ....:)
Blog Roll မှာ ဘလော့ဂါတွေတော်တော်များများတက်လာတာတွေ့လို့ ဝမ်းသာအားရမိပါတယ်...။ ကိုယ်ပဲနောက်ကျဆုံးတင်တဲ့သူဖြစ်မယ်ထင်တယ်...။ ပိတ်ရက်မှာတင်မယ်ဆိုပြီးရေးထားတာ လိုင်းမတက်လို့ ခုမှပင်တင်ဖြစ်တော့တယ်...။
မိုးငွေ့