
ဟူးးးး.... ညစ်တယ်ဗျာ.......။
တစ်နေ့တစ်နေ့ဘာမှမဟုတ်ဘဲ စိတ်တွေရှုပ်နေတယ်....။ သူငယ်ချင်းတွေဝေဖန်သလိုပဲ ... လောကမှာ ကျွန်တော့်လောက် အမြဲစိတ်ညစ်တတ်မယ့်သူများရှိဦးမလား....။ ခုလဲ ထုံးစံအတိုင်း ကျွန်တော့်ချစ်သူနဲ့ နဲနဲ ကွိုင်တက်လာတယ်...။ သူက သူ့အိမ်ကမိသားစုတွေနဲ့ ခရီးသွားဖို့ရှိတယ်.... ကျွန်တော်ကမလိုက်နဲ့ လို့တားတယ်...။ တကယ်တော့ ကျွန်တော်သူ့ဆန္ဒကို ကျေကျေနပ်နပ်လိုက်လျော ပေးလို့ဖြစ်သားပဲ...။ တမင်သက်သက် သူ့အစ်မအပျိုကြီးကို အမြင်ကတ်လို့ လိုက်မသွားနဲ့ သွားရင် အပြတ်ပဲလို့ပြောပြီး... ထွက်ခဲ့တာ....။ ဒီနေ့မှ ရုံးကို နေမကောင်းတဲ့ကြားကသွားရတာ ခွင့်ရက်တွေယူထားတာ များလို့သာ သွားတာ...လူကနေမကောင်း စိတ်ကမချမ်းသာ...ဟူးးး ။
သူ့အိမ်ကနေထွက်လာပြီး အိမ်ပြန်လမ်းလျှောက်ရင်း စီးကရက်သောက်ချင်လာတာနဲ့ စတိုးဆိုင်တစ်ခုကို ဝင်လိုက်တယ်...။ စီးကရက်ဝယ်ပြီး ဆိုင်ထဲကအထွက် သူငယ်ချင်းတစ်ယောက်နဲ့တွေ့လို့ အတူ လက်ဘက်ရည်ဆိုင်ထိုင်ဖြစ်ကြတယ်...။ ကျွန်တော့် ဖြစ်ကြောင်းကုန်စင်ကို သူ့ပြောပြတော့... မင်း ကိစ္စကပါးပါးလေးပါကွာတဲ့....။ သူက ကျွန်တော့်ကို ပြန်ခါနီး အကြံပေးသွားတယ်...တကယ်အတည်လား နောက်တာလားတော့မသိဘူး...။ စိတ်တအားညစ်ရင် လိမ္မော်ရောင်တွေကို များများကြည့်တဲ့...။ ကျွန်တော်ကတော့ မွေးကတည်းက တစ်ခါမှမကြားဖူးပါဘူးဗျာ...။ ဘယ်လိုမျိုးလဲ ဥပမာလေးတစ်ခုလောက်ပေး ကြည့်ပါလားလို့ပြောတော့....။ ညနေနေဝင်ခါနီး လိမ္မော်ရောင်တောက်နေတဲ့ နေလုံးကြီးကို ကြည့်လိုက်ပါတဲ့........။ အာရုံစူးစိုက်ပြီးကြည့်ရင် ကိုယ့်ရဲ့ ညစ်နေတဲ့စိတ်တွေကို နေလုံးကြီးရဲ့ စွမ်းအားတွေက စုပ်ယူသွားလိမ့်မယ်တဲ့....။ မယုံရင်စမ်းကြည့် ...ငါကတော့ လက်တွေ့ပဲလို့ဆိုတယ်ဗျာ...။
ဒါနဲ့ သူငယ်ချင်းကို နှုတ်ဆက်ပြီး ကျွန်တော့်တိုက်ခန်းကိုပြန်လာတော့ လမ်းထိပ်မှာ သစ်သီးဆိုင်တစ်ဆိုင် ကိုတွေ့တယ် အသီးတွေများစုံနေရောဗျာ... ။ စောစောကသူငယ်ချင်းပြောသွားတဲ့ လိမ္မော်ရောင်ကခေါင်းထဲ ချက်ချင်းပြန်ဝင်လာတယ်။ အဲဒီထဲမှာ ပန်းလိမ္မော် လို့ခေါ်တဲ့ လိမ္မော်သီးသေးသေးလေးတွေကို ပိုက်ဇကာအိတ်ကလေးနဲ့ အထုပ်လိုက်လေးတွေလုပ်ထားတာတွေ့တယ်...။ ဘေးနားက ဗန်းထဲမှာတော့ အဲလိုလိမ္မော်သီးမျိုးကိုပဲ အရွက်ကလေးတွေပါ တွဲလျက်အပုံလိုက်ရှိတယ်...။ တစ်ပိဿာသုံးထောင်တဲ့..။ ကျွန်တော်တစ်ပိဿာဝယ်ပစ်လိုက်တယ်...။ အိမ်ရောက်တော့ လိမ္မော်သီးလေးတွေကို အာရုံစိုက်ထိုင်ကြည့်ရင်း တစ်လုံးပြီးတစ်လုံးခွာစားလိုက်တယ်...။ အင်းဗျ...စိတ်ထင်သလား ဘာလားတော့မသိဘူး... နည်းနည်းတော့ နေသာထိုင်သာရှိသွားတယ်... စိတ်လဲနည်းနည်းကြည်လာတယ်...။
ဟိုအရင်တွေတုန်းက ကျွန်တော်စိတ်ညစ်ရင် သီချင်းနားထောင်တယ် ဂီတာတီးတယ်...။ တလောက ဂီတာကို စိတ်ပေါက်ပေါက်နဲ့ ပစ်ခွဲလိုက်တာ ထွက်ပေါက်လေးတစ်ခုလျော့သွားတယ်...။ စီးကရက် ဘီယာ ကာရာအိုကေ အကခန်းမ ဆိုတဲ့ ကျွန်တော်သုံးနေကျထွက်ပေါက်တွေကို ကြာလာတော့ ငြီးငွေ့လာတယ်...။ ခု...ဒီလိမ္မော်သီးလေးကတော့ မဆိုးပါဘူး...။ ငွေကုန်လဲသက်သာတယ် လူလဲ ကျန်းမာရေးမထိခိုက်ဘူး....။ နောက်နေ့တွေ ရုံးပြန်ချိန်ကို ကန်စောင်းမှာ ဝင်လုဆဲဆဲ လိမ္မော်ရောင်တောက်တောက်နေလုံးကြီးတွေကို သွားသွားထိုင်ကြည့်ပစ် လိုက်တယ်...။ သူ့ကိုလဲ ကျွန်တော်အဲဒီညကပဲ ဖုန်းဆက်ပြောလိုက်တယ် လိုက်သွားချင်လဲ စိတ်ဖြောင့်ဖြောင့်နဲ့သာလိုက်သွားပါလို့...။ ကျွန်တော့်ချစ်သူ သဝန်တိုတတ်ပုံနဲ့ ကန်စောင်း ရောက်ရောက်နေတယ်သာသိရင် မလွယ်ကျောပဲ...။
အဲဒီနေ့က လိမ္မော်ဝါရောင်စပို့စ်ရှပ်ကို ကော်လံထောင်ပြီး ဝတ်လာတော့ ချစ်သူက ကျွန်တော့်ကို မျက်မှောင်ချီပြီး ကြည့်ပါတယ်...။ ခုတလော လန်းနေပါလားတဲ့....အရင်လို မျက်မှောင်ကျုံ့ပြီး လောကကြီးကို စိတ်ကုန်နေတဲ့ ရုပ်မဟုတ်တော့ဘူးတဲ့ဗျာ....။ အဟဲ...လိမ္မော်ရောင်ရဲ့အစွမ်းများလား... ကျွန်တော်ပဲ စိတ်ထားတတ်သွားသလား မခွဲခြားတတ်တော့ပါဘူး...။ ကဲ....မကောင်းလား...ခုတော့ ချစ်သူနဲ့လဲ အဆင်ပြေပြေဖြစ်သွားပြီ....
ခုတော့...ညနေချိန်လေးမှာ ကန်စောင်းကနေဝင်ချိန်ကို ချစ်သူနဲ့အတူတွဲပြီး ကြည်ကြည်နူးနူးလေး ကြည့်ခွင့်ရသွားပြီ...။ လိမ္မော်ရောင်လေးရေ... မင်းကို ကျေးဇူးအများကြီးတင်ပါတယ်...။
မိုးငွေ့


