Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts

Wednesday, 11 February 2026

မြူမှုန်ဝေ.....

 



မြူတွေဝိုးဝါး နေခြည်ပါးပါးနဲ့ ဆောင်းပီတဲ့ မနက်ခင်းတစ်ခုကို ဒီဇင်ဘာမှာတွေ့ရတယ်.....။

ဟိုးခေတ်က မြန်မာသီချင်းတစ်ပုဒ်ကို သွားအမှတ်ရမိတယ် "ဆောင်းအမီ" ဆိုတဲ့ သီချင်းလေး....။ ငယ်စဉ်တုန်းက ကက်ဆက်တို့ ရေဒီယိုတို့ကို နားထောင်ခဲ့ရတဲ့ခေတ်က မနက်ခင်း မေမေ ဟင်းချက်ရင် မြန်မာသံရေဒီယိုဖွင့်ဖွင့်ထားတတ်တယ်....။ အဲဒီတုန်းက ဆောင်းအမီကို နားထောင်ဖူးခဲ့မယ်ထင်တယ် သေချာမမှတ်မိတော့ဘူး.....။ မူရင်းအဆိုတော် မေလှမြိုင် ပြီးတော့ လက်ဆင့်ကမ်းပြီး ခင်ညွန့်ရီ ဟေမာနေဝင်း စိုးစန္ဒာထွန်း စသဖြင့် ပြန်လည်သီဆိုခဲ့ကြတယ်....။ 

အေးမြတဲ့ရာသီမှာ လူငွေ့က ပိုနွေးလို့ အဝေးရပ်ရောက်နေသူ ချစ်သူ အိမ်ထောင်ဖက်တွေကို မျှော်ရ တမ်းတရတဲ့ ဖွင့်ဆိုချက် မြန်မာသံသီချင်းတစ်ပုဒ်....။ 

ချစ်သူတစ်ယောက်ရဲ့ ရင်ခွင်ဟာ ဘယ်လောက်နွေးထွေးလဲဆိုတာ သိဖို့ မကြိုးစားချင်တော့ဘူး....။  

"မြူက ကိုယ့်ကိုယ်ကိုဆီကနေ အမြဲထွက်ပြေးနေတဲ့ မိန်းကလေး တစ်ယောက်ပဲ" လို့ သူခဏခဏ မှတ်ချက်ချတာကို ပြန်ကြားယောင်မိတယ်.....။

တကယ်တော့ ဘောင်ခတ်တာကို မကြိုက်ဘူးပြောပြီး အကြိမ်ကြိမ်ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားမိနေသူက  မြူမှုန်ဝေ......

မြူ့ကို မေမေက ဆောင်းရာသီမှာမွေးခဲ့တာမဟုတ်ဘဲ နွေဦးရာသီ မြူတွေဆိုင်း မှိုင်းဝေနေတဲ့ မနက်ခင်းမှာမွေးခဲ့လို့ မြူမှုန်ဝေလို့ နာမည်မှည့်တွင်ပေးခဲ့တယ်...။ 

ဒီနေ့ မြူ့ဆီကို သူရောက်လာရမယ့်နေ့ပဲ......။ အိမ်အပြင်ဖက် မြက်ခင်းပြင်ပေါ်  စားပွဲတစ်လုံး ခုံနှစ်လုံးနဲ့ စားပွဲခင်းအဖြူရောင်ပေါ်မှာ ကော်ဖီထည့်ထားတဲ့ ကြွေအိုးနဲ့ ကော်ဖီပန်းကန်နှစ်စုံ.....။ မနီးမဝေးက  မြူတွေရစ်သိုင်းနေတဲ့ ထင်းရှူးပင်ချွန်ချွန်တွေက စီစီရီရီလှလှပပ....။  ခြံစည်းရိုးနားမှာ လူတစ်ယောက်ရပ်နေတယ်....။ တော်တော်လှမ်းနေပေမယ့်   အရပ်ရှည်ကိုင်းတဲ့ ပုံနဲ့ ဟန်ပန်တွေက သူဆိုတာ သိသာထင်ရှားစေတယ်....။ အဖြူရောင် သစ်သားဝင်းခြံတံခါးကို သူတွန်းဖွင့်ဝင်လာရင်း  မြူ့ကို လက်ဝှေ့ရမ်းပြ နှုတ်ဆက်လိုက်တယ်...။  ဂျင်းဘောင်ဘီအပြာဖျော့နဲ့ အနက်ရောင်သိုးမွှေးခေါင်းစွပ် ဆွယ်တာ အနွေးထည်လေး ဝတ်ထားတယ်....။ 

သူအနားရောက်လာတော့  ခါတိုင်းလိုပဲ မြူ့ကို သူပွေ့ဖက်နှုတ်ဆက်တယ်....။ သူ့ ကိုယ်ငွေ့က အရင်လို နွေးထွေးဆဲလို့ ခံစားရတယ်....။ သူဆွတ်ထားတဲ့ ပရုတ်နံ့ပါတဲ့ ရေမွှေးကလဲ မြူ့ကို ရင်ခုန်လှုပ်ရှား လန်းဆန်းသွားစေခဲ့တယ်....။

"မြူက လွန်ခဲ့တဲ့ ဆယ်နှစ်ကနဲ့ ဘာမှသိပ်မပြောင်းလဲသွားဘူး လှနေတုန်း" လို့ သူက အနီညိုရောင်ဆိုးထားတဲ့ မြူ့နှုတ်ခမ်းကို ကြည့်ပြီးပြောတယ်....။ ပြီးတော့ မဲနက်ကော့ပျံနေတဲ့မျက်တောင်တွေနဲ့ ဝန်းရံထားတဲ့ မျက်ဝန်းတစ်စုံကို သူစိုက်ကြည့်တယ်....။

" ကော်ဖီသောက်ကြမယ်လေ ပူနေတုန်းလေး.... အချိန်အကြာကြီး ဝေးသွားခဲ့တာ အခု ကော်ဖီခါးခါး သောက်တတ်နေပြီလား" လို့ မြူမေးတော့ သူက သွားစွယ်တွေပေါ်အောင် ပြုံးပြီး....

"မြူပြောလဲ ကိုယ်ခံရမှာပဲ ဆယ်နှစ်လုံးလုံးကျင့်ခဲ့ပေမယ့် ခုထိမအောင်မြင်သေးဘူးလေ...."လို့ပြောပြီး သူ့ဘာသာသူ သဘောကျနေတယ်...။

မြူတစ်ချက်ပြုံးလိုက်ရင်း သူ့ကော်ဖီခွက်ထဲ သကြားညိုနှစ်ခဲသုံးခဲလောက်ထည့်ပေးလိုက်တယ်....။ အငွေ့ထောင်းထောင်းထဆဲ ကော်ဖီအနက်ရောင်ရည်တွေကို သူ့ရှေ့မှာရှိတဲ့  နှင်းဆီပန်းခက်လေးတွေနဲ့ဒီဇိုင်းဖော်ထားတဲ့ အဖြူရောင်ကြွေခွက်ထဲ ငှဲ့ထည့်ပေးလိုက်တယ်....။ အဲချိန်မှာပဲ အသက်၅၀ ကျော်ဝန်းကျင် တိုင်းရင်းသားအမျိုးသားကြီးတစ်ယောက်က တိုဟူးနွေးနဲ့ ရှမ်းခေါက်ဆွဲထည့်ထားတဲ့..... စားစရာဗန်းတစ်ခုလာချတယ်....။  မြူသူ့ရှေ့ကို ရှမ်းခေါက်ဆွဲပန်းကန်ကမ်းပေးလိုက်တယ်....။

"နှစ်တွေကြာသွားပေမယ့် အကြိုက်တွေမပြောင်းသေးဘူးပဲ....." လို့သူပြောပြီး "တိုဟူးနွေးလေ" လို့ဆက်ပြောတယ်....။

"ဟုတ်တယ် အကြိုက်တွေ ခုထိမပြောင်းသေးဘူး...." လို့မြူသူ့ကို သေသေချာချာကြည့်ပြီး ပြန်ပြောတော့ သူက ကော်ဖီငုံ့သောက်နေရင်း လှမ်းကြည့်တယ်....။ မြူအဲလို နှုတ်ခမ်းစေ့ပြီး မျက်နှာတည်တည်နဲ့ပုံကို သူသိပ်သဘောကျတာ...။

"မြူ ကိုယ်နဲ့ ဘယ်တော့မှ အတူလိုက်မနေတော့ဘူးလား..." သူက ခုထိ ဘာမှမစားသေးဘဲ သိချင်တာတွေ မေးနေတယ်...။

"ခေါက်ဆွဲအရင်စားလိုက်ဦးလေ အေးပြီးထွေးကုန်လိမ့်မယ်..." လို့ မြူစကားလမ်းလွှဲရင်း သူ့ခေါက်ဆွဲပန်းကန်ကို တူနဲ့ မွှေပေးလိုက်တယ်....။

"ကိုယ်တို့ ဆယ်နှစ်လောက်အချိန်ယူလာခဲ့တာ အချိန်ဖြုန်းလာခဲ့ကြတဲ့ ရလဒ်က ဘာမှမဟုတ်ဘူးလား...."

တိုဟူးနွေးစားရင်း မြူသူ့ကို စကားဆက်မပြောဖို့ လက်ကာပြလိုက်တော့ သူ သောက်လက်စ ကော်ဖီခွက်ကို ပြန်ချပြီး အိတ်ထဲပါလာတဲ့ စီးကရက်ကို မီးညှိလိုက်တယ်.....။ 

"ခုချိန်ထိ ဘာမှမပြောင်းလဲသေးဘူးပဲ ဇွတ်တရွတ်လုပ်တာတွေ စိတ်လောကြီးတာတွေ စည်းကမ်းမရှိတာတွေ ဒါတွေဘာတစ်ခုမှမပြောင်းလဲသေးဘူးပဲ...." လို့ မြူလေသံအေးလေးနဲ့ မှတ်ချက်ချလိုက်တယ်....။ တကယ်ဆို အကြာကြီးကွဲကွာနေတဲ့ သူနှစ်ယောက်ရဲ့ ပြန်လည်ဆုံတွေ့ပုံလေးက အေးချမ်းကြည်နူးမှုတွေနဲ့ရှိနေရမှာမဟုတ်လား....။

သူက မြူ့ကို တစ်ချက်လှမ်းကြည့်ပြီး စီးကရင်မီးခိုးတွေကို အရှည်ကြီး မှုတ်ထုတ်လိုက်တယ်.....။ သူ့မျက်လုံးတွေမှာ မကျေနပ်ချက်တွေက ထင်းခနဲ....။ မြူတို့ ပြန်ဆုံကြတယ်ဆိုတာ မြူတို့နှစ်ယောက် ပြန်ပေါင်းစည်းဖို့လို့ သူဘာလို့ထင်ထားတာလဲ....။ ဒီတစ်ခါပြန်ဆုံခွင့်ဟာ တစ်သက်တာထာဝရ ဝေးကွာရဖို့လဲ ဖြစ်နိုင်တာပဲ....။

"မြူဘာတွေတွေးနေလဲ ဘာတွေလုပ်နေလဲဆိုတာ ကိုယ်တော့ နားမလည်နိုင်တော့ဘူး.... ကိုယ်သိတာ မြူ့ကို ကိုယ်ချစ်တယ် မြူနဲ့နှစ်ယောက်အတူနေချင်တယ် ဒီလောက်ပဲ .........."

ရာသီဥတုအေးအေးနဲ့ သူရှေ့က ရှမ်းခေါက်ဆွဲက အေးခဲကုန်ပြီ သူကတော့ မြူ့ကို အားမလိုအားမရဖြစ်ပြီး ရင်ပူနေပုံရတယ်....။ 

"တစ်ယောက်ထဲထင်ရာပြော တစ်ယောက်ထဲဆုံးဖြတ်ချက်တွေချနေတာ ခုထိဘာမှမပြောရသေးဘူးနော် ဘာလို့ စိတ်တွေလောတကြီးဖြစ်နေတာလဲ....."

သူပူလောင်နေသလောက်  မြူကတော့ နာမည်နဲ့လိုက်အောင် တည်ငြိမ်အေးစက် မထုံတက်သေးနဲ့ သူ မြူ့ပခုံးကို ဆွဲလှုပ်ရမ်းပစ်ချင်စိတ်ပေါက်သွားခဲ့တယ်....။

"ကိုယ်ကတော့ ဆယ်နှစ်ပြည့်လို့ ပြန်ဆုံတဲ့အခါ ပျော်စရာကောင်းမယ်လို့ ထင်ထားခဲ့တာ ကိုယ်တို့နှစ်ယောက်အတူ မလုပ်ဖူး မသွားဖူးတဲ့နေရာတွေ သွားကြမယ်လို့ စိတ်ကူးထားတာ..." သူ ပေါက်ကွဲလွင့်စင်ပြတော့  မြူက သူစွဲလန်းတဲ့ အပြုံးမျိုးနဲ့ သူ့ကို ညှို့ငင်တယ်....။ 

"ပြောပါဦး.......... ဘာတွေလုပ်ပြီး ဘယ်တွေသွားမယ်စိတ်ကူးထားခဲ့လဲ...." တဲ့.... မြူ့အသံတွေက နှင်းတွေလိုပဲ အေးစက်စက်နဲ့ ရယ်သံလေးဆွတ်ပြီး အရှေ့ပိုင်းကလိုမဟုတ်ဘဲ ခပ်ချွဲချွဲလေသံမျိုး သူသဘောကျတဲ့ စကားပြောသံမျိုးကြောင့် စောစောက ပူလောင်နေတာတွေ ချက်ချင်းအရည်ပျော်ဆင်းကျသွားရ....။ အဲလို ခံစားမှုပေါင်းစုံရောစပ်ထားတဲ့ လေသံမျိုးနဲ့ ပြောတတ်တာလဲ မြူပဲရှိ....။

"မြူနဲ့ရုပ်ရှင်အတူကြည့်မယ် ညသန်းခေါင်ရောင်းတဲ့ ထမင်းကြော်သွားစားကြမယ် လက်ဖက်ရည်ဆိုင်ထိုင်မယ် ကိုယ်တွေ့ထားတဲ့ တစ်ဆိုင်လုံးအဖြူရောင်တွေနဲ့အလှဆင်ထားတဲ့ ကော်ဖီဆိုင်ကိုလည်းသွားထိုင်မယ် မြူကြိုက်တဲ့ ပင်လယ်ကမ်းခြေကိုသွားကြမယ် မြူစားချင်တာ အကုန်ကျွေးမယ် မြူရေကစားတာ ရေကူးတာကြည့်မယ် ညတစ်ညလုံးမအိပ်ဘဲ မြူ့ကို ရင်ခွင်ထဲသိပ်ထားပြီး မြူအိပ်ပျော်နေတာကို ကြည့်ချင်တယ်....ပြီးတော့ မြူ့ပါးပြင်ကို ခပ်ဖွဖွနမ်းမယ်.... ဒီလောက်ပါပဲ...."

မြူကသူပြောနေတာကို ခပ်အေးအေးနားထောင်ရင်း စားပြီးသားပန်းကန်နဲ့ သူမစားရသေးတဲ့ ခေါက်ဆွဲပန်းကန်တွေကို ဗန်းထဲကောက်သိမ်းနေတယ်.....။ 

"အဲဒီလို လုပ်ကြတာပေါ့.... ထမင်းကြော်နဲ့ကြက်ဥကြော်စားမလား သွားကြော်ပေးမယ်..."

"စားမယ် ခုနက မင်းနဲ့ဒေါသထွက်လိုက်ရတာ ခုဗိုက်ဆာပြီ ခေါက်ဆွဲတွေကလဲ စားလို့မရတော့ဘူး...."

"သင်ခန်းစာယူလေ စိတ်လောပြီးဒေါသထွက်တော့ အစာပါငတ် စိတ်အေးအေးထားတဲ့သူက ဗိုက်ပြည့်သွားပြီ တွေ့လား...."

မြူက ခေါက်ဆွဲပန်းကန်ဗန်းကိုလက်တစ်ဖက်က ကိုင်ရင်း သူ့ဘေးနားမှာလာရပ်ပြီး သူ့ဆံပင်တွေကို ဖွပြီးပြောလိုက်တော့ သူသဘောကျစွာ အသံထွက်ရယ်မောလိုက်တယ်....။ သူ့ဘဝမှာ သူ့ကို ခုပဲစိတ်ဆိုးအောင် ခုပဲပျော်အောင်လုပ်နိုင်တာ မြူတစ်ယောက်ထဲရှိတယ်....။

"မြူက အမြဲတမ်း လွတ်လပ်စွာပြေးနေရတာကိုကြိုက်ခဲ့တယ်မဟုတ်လား ဘာလို့အခုရပ်နေရတာလဲ" ... လို့ သူစိတ်ထဲတွေးလိုက်မိတယ် ...။

"အရာရာဟာ တချိန်ချိန်မှာရပ်တန့်ရမယ်ဆိုတာ သိသွားတဲ့အခါ အမြဲတမ်းဆိုတာလည်း အမြဲတမ်းမရှိဘူး....   အဲဒါ ဘယ်တော့မှ မမေ့နဲ့ " သူ့အတွေးကို ကြားလိုက်သလို မြူပြောလိုက်တယ် ပြီးတော့ သူ့အတွက် ထမင်းကြော်ပေးဖို့ အိမ်ထဲ ပြန်ဝင်သွားတယ်...။




နေခြည်နုတွေ တဖြေးဖြေးဖြာကျလာတဲ့အခါ မြူငွေ့တွေ ဟာ ပါးလျားလွင့်ပြယ်ကုန်တယ်.......။ မြူက မြူခိုးငွေ့တွေဆိုရင် သူက နေရောင်ခြည်အလင်းတန်းတစ်ခု ဘယ်လိုမှပေါင်းစပ်လို့မရဘူးဆိုတဲ့အဓိပ္ပါယ်ပဲ.....။  မြူရှိနေရင် နေရောင်ခြည်ရှိလို့မဖြစ်ဘူး နေရောင်ရောက်လာရင်လဲ မြူမှုန်တွေက ပျောက်ကွယ်သွားရစမြဲမဟုတ်လား.....။ အဲလိုပဲ "မြူမှုန်ဝေ" နဲ့ "လင်းရောင်နီ" ဘယ်လိုမှပေါင်းဆုံလို့မရတဲ့ သူတွေအဖြစ် နားလည်ထားတယ်...။ 


  


သူ့ကို လိပ်ပြာဖမ်းသူလို့ အမြဲတမ်းယိုးစွပ်ခဲ့ဖူးတာ ခုတော့ သူက မြူ့လက်ဖဝါးထဲမှာ 
ဘယ်ဆီကိုမှ မပျံသန်းချင်တော့တဲ့ အဝါရောင်လိပ်ပြာတစ်ကောင်ဖြစ်လို့....



__________________
Revolution will prevail
မိုးငွေ့

Monday, 27 May 2024

နိုဝင်ဘာမိုး......




မိုးက ဒီညနေ တိတ်ဖို့အခြေအနေမမြင်တော့ဘူး.....။ ကားဂိတ်က ဒီနားလေးမို့ ပါလာတဲ့ သရေလွယ်အိတ်ကို ခေါင်းပေါ်မိုးပြီး တစ်နာရီကျော်ကြာထိုင်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကနေထပြီး အိမ်ပြန်ဖို့ဆုံးဖြတ်လိုက်တယ်....။  မိုးရေထဲ ခပ်သုတ်သုတ်ထွက်လာရင်းက ကျွန်မအင်္ကျီစကို နောက်ကနေ တစ်ယောက်ယောက်လှမ်းဆွဲထားလို့ လှည့်ကြည့်လိုက်တော့ ကြီးမားကျယ်ပြန့်တဲ့ အနက်ရောင်ထီးတစ်ခုရဲ့ အမိုးအောက်ကို ကျွန်မရောက်သွားခဲ့တယ်....။ 

"ကိုကို" ..........

ကျွန်မ သူနဲ့ ထီးတစ်မိုးထဲအောက်မှာ နီးနီးကပ်ကပ်ဆုံလိုက်ရတယ်.....။ အမှတ်မထင်ဆုံလိုက်ရတာမို့  မှင်သက်အံ့ဩမှုတွေ စိတ်လှုပ်ရှားမှုတွေနဲ့ တစ်ယောက်ကိုတစ်ယောက် စကားမပြောနိုင်ကြ.....။ 

"ခုထိ မိုးရွာရင်ထီးယူဖို့ပျင်းတုန်းလား....." လို့ သူစမေးချိန် မိုးခြိမ်းလိုက်တာကြောင့် သတိပြန်ဝင်လာခဲ့တယ်.....။

"အင်း အိမ်ပြန်တော့မလို့လေ မိုးကတိတ်မယ့်ပုံမပေါ်တော့တာနဲ့ ...."

"ကိုယ်နေတဲ့ ကွန်ဒိုဒီနားလေးမှာပဲ မိုးစိုနေတာ နေမကောင်းဖြစ်ဦးမယ် အဝတ်ခဏလဲထားလိုက် ပြီးရင် ကိုယ်အိမ်ပြန်ပို့ပေးမယ်...."

ကျွန်မ သူပြောတာကို ပြန်မဖြေသေးဘဲ ကောင်းကင်ပေါ်က ခဲသားတိမ်တွေလိုပဲ အုံ့မှိုင်းနေတဲ့ သူ့မျက်လုံးတွေကို သေချာစိုက်ငေးကြည့်နေမိတယ်....။ သူအရင်လို ဆံပင်အရှည်မထားတော့ဘဲ အတိုညှပ်ပြီး အညိုဖျော့ရောင်ဆိုးထားတယ် နားဆွဲတွဲလဲ တဖက်ထဲမဝတ်တော့ဘဲ နှစ်ဖက်စလုံးနှစ်ကွင်းတပ်ထားတယ်...။

"ကိုယ်နဲ့လိုက်ခဲ့ဖို့ အဆင်မပြေလို့လား...."

"ဟုတ် ....ပြေပါတယ် လိုက်ခဲ့မယ်လေ အိမ်ကျရင် ကိုကို့လက်ရာ ကော်ဖီဖျော်တိုက်နော်..." လို့ ကျွန်မ အရင်လိုပဲ ပေါ့ပါးစွာပြန်ဖြေလိုက်တယ်.....။

တိုက်တိုက်ဆိုင်ဆိုင် သူထိုင်နေတဲ့ ကော်ဖီဆိုင်နဲ့ ကျွန်မမိုးခိုတဲ့ လက်ဖက်ရည်ဆိုင်က တစ်ဆိုင်ကျော်ထဲရယ်....။ အဲလက်ဖက်ရည်ဆိုင်ကို ကျွန်မနဲ့ လမ်းခွဲပြီးနောက်ပိုင်းကတည်းက သူမထိုင်ဖြစ်တော့တာတဲ့...။ ကျွန်မတို့ ဆုံတဲ့နေရာကနေ နှစ်ပြလောက်လမ်းလျှောက်တော့ သူပြောတဲ့ ကွန်ဒိုဝင်းထဲကိုရောက်တယ်....။ ဆယ့်တစ်ထပ်ကို ကျွန်မတို့ ဓါတ်လှေခါးစီးပြီးတက်သွားကြတယ်....။ 

သူ့အခန်းက နှစ်ယောက် သုံးယောက်လောက်တော့ ကောင်းကောင်းနေလို့ရတဲ့ အကျယ်အဝန်းမျိုး .....။ သူက ကျွန်မကို မွှေးပွပဝါရယ် လက်ရှည်တီရှပ်တစ်ထည်နဲ့ ဘောင်းဘီထုတ်ပေးတယ်....။ ကျွန်မ သူ့အခန်းထဲမှာ အဝတ်လဲပြီးပြန်ထွက်လာတော့ ဧည့်ခန်းကနေအပြင်ဖက်ရှုခင်းကို လှမ်းမြင်နေရတဲ့ မှန်နားမှာ ကော်ဖီပူပူတစ်ခွက်နဲ့ ကျွန်မကိုနေရာချပေးထားတယ်....။





"လာ..... ဒီနားမှာလာထိုင် မိုးရွာတာကိုကြည့်ပြီး ကော်ဖီသောက်ရတာကို ကြိုက်တယ်မဟုတ်လား..." တဲ့  လေးနှစ်ကျော်သွားပေမယ့် ကျွန်မအကြိုက်ကို သူမှတ်မိနေတုန်းပဲ....။ 

သူလှမ်းပေးတဲ့ အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်ကိုယူ သူပြောတဲ့နေရာမှာထိုင်ပြီး အပြင်ဖက်က မိုးရေစက်တွေကို  ငေးကြည့်ရတာ အရသာရှိ....။ 

" ကိုယ်ဒီအခန်းကို စဝယ်ကတည်းက အဲဒီနေရာလေးကို မင်းအတွက် မိုးရွာရင်ထိုင်ကြည့်ဖို့ လုပ်ထားပေးတာ တစ်နေ့နေ့ မင်းကိုယ့်ဆီ ပြန်ရောက်လာခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့.... ဒီနေ့ မင်းရောက်လာပေးတဲ့အတွက် တကယ် ကျေးဇူးတင်တယ်...." တဲ့.....။  ကျွန်မ သောက်လက်စကော်ဖီခွက်ကို စားပွဲပေါ်တင်လိုက်ပြီး သူ့ဆီလျှောက်သွားလိုက်တယ်....။ 

"ကျွန်မတို့လမ်းခွဲကြပြီးနောက်ပိုင်း ကိုကိုရည်စားတစ်ယောက်မှထပ်မထားခဲ့တာလား တကယ်ကြီး....???"  ကျွန်မ သူ့ကို အံ့အားသင့်တဲ့အကြည့်နဲ့ကြည့်တော့ သူက ဆိုဖာလက်တမ်းပေါ်ထိုင်ပြီး လက်ပိုက်ထားလျက် တစ်ချက်ပြုံးလိုက်တယ်....။

"ကိုယ့်ကို ရည်စားပွေတဲ့သူအောက်မေ့နေလား ....မင်းရော မင်းရည်စားနဲ့ အဆင်ပြေလား ခုဘာလို့တစ်ယောက်ထဲထွက်လာတာလဲ " တဲ့ .... အိုး!!!  

ကျွန်မနဲ့တွဲတုန်းက သူဘယ်ကောင်မလေးနဲ့မှမရှုပ်ဖူးခဲ့ဘူး နားလည်မှုတွေယူလို့မရကြလို့သာ လမ်းခွဲလိုက်ကြတာ....။ အဲတုန်းက ကျွန်မကသာ အသစ်နောက်ထပ်တစ်ယောက်ရသွားပေမယ့် သူကတော့.......မသိဘူးနော် သူပြောတာပဲ ယုံရမှာ....။ ဒါပေမယ့် သူဘ ယ်တုန်းကမှ မလိမ်ညာတတ်တာတော့ ကျွန်မသိတယ်....။


"ကိုကို တကယ်ကြီးဘာမှမသိတာလား အဲတစ်ယောက်နဲ့က သုံးလလောက်ပဲတွဲလိုက်တာ ပြတ်သွားကြတာကြာပေါ့ သုံးနှစ်လောက်ရှိနေပြီ...." လို့ပြောတော့ သူက ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားနဲ့....။ 

ကျစ်....ခနဲ သူစုတ်သပ်လိုက်ရင်း "ဒါနဲ့များကွာ ဘာလို့ ကိုယ်တို့ အွန်လိုင်းကနေတောင် အဆက်အသွယ်မရှိကြတာလဲ ကိုယ်တော်တော်အသုံးမကျတာပဲ..." လို့ သူ့ကိုယ်သူ အားမလို အားမရညည်းလိုက်တယ်...။ 

" ဒီကြားထဲ အချိန်တွေအကြာကြီး ကိုယ့်ကိုမင်းသတိတောင်မရဘူးလား.... ကိုယ်ကတော့ မင်းကိုတစ်ရက်မှတောင်မမေ့နိုင်ခဲ့ဘူး တော်တော်ဆိုးတာ...."

"တော်ပြီ တော်ပြီ အဲအကြောင်းတွေ မပြောနဲ့ဦး  ဒီမှာ မိုးရွာတာ ထိုင်ကြည့်ပြီး ကော်ဖီလေးနဲ့ ဇိမ်ခံလိုက်ဦးမယ်.." လို့ပြောပြီး သူ့နားကနေ ကျွန်မ မှန်နားလေး သွားပြန်ထိုင်လိုက်တယ်....။ သူက ကျွန်မကို ကြည့်ပြီး သဘောကျစွာပြုံးလိုက်ချိန် ကျွန်မပြန်လှမ်းကြည့်တော့ သူ့ပါးချိုင့်သေးသေးလေးကို မြင်လိုက်ရတယ်....။ အဲပါးချိုင့်ခွက်လေးထဲကို ကျွန်မလက်သည်းချွန်နဲ့ အရင်လို ဖွဖွလေးခြစ်ကြည့်ချင်မိသွားတယ်...။

"အဲနေရာလေးက မင်းအတွက် ကိုယ်လုပ်ပေးထားတာ တစ်သက်စာလာထိုင်လို့ရတယ်..." တဲ့....

"အင်း အင်း စဉ်းစားဦးမယ်..."







အဲဒီညနေက ကျွန်မကို သူခေါက်ဆွဲပြုတ်ကျွေးပြီး အိမ်ပြန်လိုက်ပို့တယ်..... အိမ်ရောက်တော့ ည ၇နာရီထိုးနေပြီ....။ မိုးတိတ်နေပြီဖြစ်ပေမယ့် မိုးရေစိုစိမ့်နေတဲ့ လမ်းနဲ့ ရာသီဉတုက အေးမြနေတယ်....။ ဆိတ်ငြိမ်ရပ်ကွက်မို့ တိတ်ဆိတ်ပြီး ဖားအော်သံတစ်ချက်တစ်ချက်ကြားရတယ်.....။ ခြံစည်းရိုးနားက ဇီဇဝါပန်းနံ့တွေ လေအဝေ့မှာ သင်းပျံ့မွှေးလို့ရယ်.....။ သူကားထဲပြန်မဝင်သေးဘဲ ကျွန်မ အိမ်ထဲအဝင်ကို ရပ်စောင့်ကြည့်နေသေးတယ်....။ တံခါးနားရောက်တော့ ကျွန်မ သူ့ဆီ ခပ်သွက်သွက်လှည့်ပြန်လာပြီး ဟန်မဆောင်နိုင်တော့ဘဲ ခြေဖျားထောက်ပြီး သူ့လည်ဂုတ်ကို တင်းတင်းကျပ်ကျပ် တွယ်ဖက်လိုက်မိတယ်....။ သူလဲ ကျွန်မ ကျောပြင်ကို ပြန်ပွေ့ဖက်ထားတယ်....။ 

"အဲဒါဘာဖြစ်သွားတာလဲ....." လို့ သူတိုးတိုးမေးလိုက်တယ် ကျွန်မကို.....။

"လွမ်းလို့လေ ကို့ ကို အဲလိုမဖက်ထားရတာ ဘယ်လောက်တောင်ကြာခဲ့ပြီလဲ..." လို့ ကျွန်မက သူ့ဆံပင်နဲ့ CK Escape ရေမွှေးနံ့ဆွတ်ထားတဲ့ သူ့လည်ပင်းကို နမ်းမွှေးရင်း ပြန်ဖြေတော့ သူက ကျွန်မခေါင်းကို လက်ဖဝါးနဲ့အုပ်ကိုင် ဆံပင်တွေကိုပွတ်သပ်ပြီး အသံထွက်ရယ်လိုက်တယ်....။ 

"ငချွဲမလေး ....." တဲ့.....။

လမ်းခွဲပြီးသား ရည်းစားဟောင်းတွေဆိုတာ ပြန်တွဲဖို့ တစ်ရာမှာ ကိုးဆယ်ကိုးလောက်က မဖြစ်နိုင်ကြဘူး.....အဲဒီမဖြစ်နိုင်တဲ့ တစ်တွဲမှာ ကျွန်မတို့ပါတယ်....😍🥰😘👩‍❤️‍👨




Three Man Down ရဲ့ "မိုးရွာနေလား" သီချင်းကို 
Thai The wall song Ep-8 မှာ 
Oat Pramote နဲ့ Yardpirun တို့က R&B Version နဲ့ ပြန်ဆိုထားတာလည်း 
နားထောင်လို့ကောင်းတယ်....




Three Man Down ရဲ့ "မိုးရွာနေလား" The Wall Song Ep- 58 



Krit ရဲ့ "မိုးရွာနေလား" ကို အရှေ့မှာ အက်ဆေးနှစ်ပုဒ်ရေးခဲ့ပြီးပြီ  အခု အဲဒီအက်ဆေးနှစ်ပုဒ်ရဲ့ အဆက် ဝတ္ထုတိုလေးပါ ရေးဖြစ်သွားခဲ့ပြန်ပြီ....OMG‼️🎶♥️🌻😊🌹💞💝💛🧡


မှတ်ချက်။    ။ 2021 မှာတင်ဖူးခဲ့ပြီးသား အရှေ့မှာပြန် Update ထားတဲ့ အက်ဆေးနှစ်ပုဒ်ရဲ့ အဆက် ဝတ္ထုတိုလေးပါ အားလုံးတစ်ဆက်ထဲ ပြန်ပြီး Update တင်လိုက်ပါတယ် ဒီမိုးရာသီအတွက်....:)


__________________
Revolution will prevail
မိုးငွေ့

Friday, 2 February 2024

အကြည့်ရိုင်း.....






သူနဲ့ အကြည့်ချင်းဆုံတိုင်း သူ့မျက်လုံးတွေကို ကျမ သတိထားထားမိနေတာကြာပြီ....။ သူ့အကြည့်စူးရှရှတွေကို ကျမ တစ်ခါမှ အဓိပ္ပါယ်မဖော်ခဲ့ဘဲ ဒီလိုပဲ တမန်ကာရှန်ကာ မေ့မေ့ရော့ရော့ထားလိုက်မိတယ်...။ တကယ် ကျမတို့က မကြာခဏဆုံဖြစ်ကြတဲ့သူတွေတော့မဟုတ်ပါဘူး....။ သူ့အလုပ်ရှိရာဆီ ကျမကိစ္စပေါ်မှရောက်ဖြစ်တာပါ... တစ်လနေမှ တစ်ခါလောက်တောင်မဆုံဖြစ်တဲ့သူတွေမို့ ကျမ သူနဲ့အကြည့်ချင်းဆုံဖြစ်တဲ့အခါမှာပဲ သူ့မျက်လုံးတွေကို မှတ်မိတာ ပြီးတာနဲ့မေ့သွားတာပါပဲ...။ သူနဲ့ဆုံတိုင်းလည်း ကျမက သူအကြည့်ကို မျက်လုံးမလွဲဘဲ ပြန်စိုက်ကြည့်ဖြစ်တာများတယ်....။ ဒီတစ်ခါနောက်ဆုံး သူနဲ့တွေ့ဖြစ်တော့မှ ကျမသူ့အကြည့်တွေကို ပုံဖော်မိတယ်...။ ကျမတို့ဆုံတိုင်းလည်း ကျမဖက်က ကျမလိုချင်တဲ့စာရွက်စာတမ်းကဘာလဲဆိုတဲ့ စကားလေးတစ်ခွန်းပဲသူ့ကိုပြောပြီး သူက ကျမကို တစ်ချက်လှမ်းကြည့်တယ် အဲဒီအကြည့်တစ်ချက်ကလဲ စူးရဲတောက်ပလွန်းတယ်လို့ ဆုံတိုင်း ခံစားရစမြဲပဲ....။  လူတစ်ယောက်ကို သဘောကျချစ်ခင်နှစ်သက်မှုတစ်စလေးမှမတွေ့တဲ့ သူ့အကြည့်တွေက အမုန်းအာဃာတတစ်ခုခုတောင်ပျော်ဝင်နေတဲ့ အရိုင်းဆန်တယ်လို့ ခံစားရစေတယ်....။ ပြီးတော့ သူက ကျမဆီက အကြည့်ကိုလွဲပြီး ကျမလိုချင်တဲ့ စာရွက်တွေကို ထုတ်ပေးဖို့လုပ်တယ် ဒီလောက်ပါပဲ....။ ကျမတို့ အပြန်အလှန်တောင် စကားမပြောဖူးဘူးထင်တာပဲ သေချာတောင်မမှတ်မိဘူး....။ သေချာတာကတော့ သူ ကျမကို ကြည့်နေတာကြီးက ကျမကို တစ်ခုခုမနှစ်မြို့တဲ့ပုံမျိုး .... ကျမတို့ကြားမှာ ဘာမှပတ်သက်မှုမရှိခဲ့တဲ့အတွက် သူဘာကြောင့် ကျမကို ဒီလိုကြီးကြည့်တယ်ဆိုတာကို ကျမ ခုနောက်ဆုံး သူ့အကြည့်ကို သေသေချာချာ ပုံဖော်တော့မှ စူးစမ်းချင်လာခဲ့မိတယ်....။ ဒါကလည်း ကျမ စိတ်ကူးသက်သက်ပါ တကယ်တမ်းက ကျမနဲ့သူက နောက်တစ်ကြိမ်ပြန်ဆုံဖို့ဆိုတာတောင် မသေချာတဲ့သူတွေ.....။

သူ့အကြည့်ရိုင်းတွေနဲ့ပတ်သက်ပြီး ကျမရဲ့ စူးစမ်းချင်စိတ်ကို မေ့မေ့လျော့လျော့ရှိခဲ့တာ တစ်နေ့မှာတော့ သူနဲ့ပက်ပင်းတွေ့ဖို့ အလုပ်အပြန်ကို ဘတ်စ်ကားစီးရတာနဲ့ စတာပဲ....။ ကျမအလုပ်မှာ ကျမက Ferry အကြိုအပို့ ရုံးကလုပ်ထားပေးပြီးသား ဒီနေ့မှ ကားစက်ပျက်လို့ ကျမ တက်စီမငှားစီးရဲတာနဲ့ ဘတ်စ်စီးဖို့ ကားမှတ်တိုင်မှာ ရက်စောင့်နေခဲ့တယ်...။ ပြောဖို့မေ့နေတယ် ကျမတို့က မဆုံမယ့်သာ မဆုံဖြစ်ကြတာ သူ့ရုံးနဲ့ ကျမတို့ရုံးက မျက်နှာချင်းဆိုင်မှာပဲ ဟိုဖက်ဒီဖက်ကားလမ်းကူးရုံလေးပဲ...။ ကျမက ဘတ်စ်ကားစီးနေကျမဟုတ်တော့ သူဒီမှတ်တိုင်ကနေ အိမ်ပြန်တယ်ဆိုတာ မသိခဲ့ဘူးလေ...။ ကားစောင့်နေတုန်း ကျမဘေးနား ကျမထက် ခေါင်းတစ်လုံးစာမြင့်တဲ့သူတစ်ယောက်လာရပ်လို့ လှည့်ကြည့်တော့ သူဖြစ်နေတယ်...။ သူ့ကိုပြုံးပြနှုတ်ဆက်ဖို့အားယူနေဆဲ ကျမကို သူက သာမန်ပဲ တစ်ချက်ကြည့်ပြီး ကားအလာဖက်ကို အကြည့်ပို့လိုက်တယ်...။ တိုက်ဆိုင်ချင်တော့ စီးမယ့်ကားနံပါတ်ချင်းလာတူနေတယ်....။ ကားရောက်လာတော့ သူက အရင်တက်သွားခဲ့တယ်...။ ကျမ သူ့နားရပ်ရမှာစိုးလို့ သူ့နောက်က ကပ်မလိုက်သွားဘဲ  နှစ်ယောက်လောက်ခြားပြီးမှတက်သွားလိုက်တယ်....။ ရုံးဆင်းချိန်မို့ ကားထဲမှာ လူတိုးကြိတ်ကျပ်ညှပ်နေတာ...။ ဆင်းဖို့မှတ်တိုင်က လိုသေးတာမို့ အထဲကိုတိုးဝင်သွားလိုက်တယ်....။ သူဘယ်နေရာရောက်သွားလဲဆိုတာကို စပ်စုဖို့နေနေသာသာ ဘယ်နေရာမှာ ရပ်ရင်အဆင်ပြေမလဲ တိုးရင်းရှာရသေးတယ်...။ ကားအလယ်ပိုင်းလောက်ကျမှ ကျမလက်ထဲက ခြင်းတောင်းကို လာဆွဲပြီး "ဒီမှာလာထိုင်" ဆိုပြီး သူက ကျမကို နေရာဖယ်ပေးတယ် သူက ဒီမှာ နေရာရနေတာကိုး....။ ကျမ ထိုင်ခုံနားမှာ သူ့ရုံးလွယ်အိတ်ကို လက်တစ်ဖက်က ကိုင်ပြီး တစ်ဖက်က တန်းကိုကိုင်ထားတယ်...။ ကျမသူ့ကိုမော့ကြည့်ပြီး "ကျေးဇူး" လို့ ခပ်တိုးတိုးပြောလိုက်တယ် ပြီးတော့ သူ့လက်ထဲက အနက်ရောင် သရေလွယ်အိတ်ကို ယူပြီး ပေါင်ပေါ်တင်ထားလိုက်တယ်...။ ကျမ သူ့ဆီက လစ်ခနဲပြုံးလိုက်တာမြင်လိုက်တယ် ခနလေးမှခနကလေး စက္ကန့်ပိုင်းလေး နှုတ်ခမ်းတွန့်ကွေးသွားလောက်တဲ့ မျက်နှာအသားစိုင်တွေရွေ့လျားသွားလောက်တဲ့ အပြုံးမျိုးတောင်မဟုတ်ဘူး သူ့မျက်လုံးတွေဆီက လာတဲ့ အလင်းတန်းလေးတစ်ခု အပြုံးလေးတစ်ခုကို ကျမဖျတ်ခနဲ မြင်လိုက်တာပါ...မျက်စိတစ်မှိတ်လေးပါပဲ....။ ကင်မရာရှိရင် ကျမရိုက်ထားမိမယ်ထင်တယ် သူ့ဆီက မြင်ရခဲတဲ့ ရှားရှားပါးပါးလေး....။ ဒါပေမယ့် ကျမ Memory မှာတော့ အဲဒီပုံရိပ်လေး က ဖျက်ပစ်လို့မရအောင် ထင်ဟပ်သွားခဲ့ပြီဆိုတာ ကျမ အချိန်နောက်ကျမှသိခဲ့ရတာ...။ ကျမ‌ပေါင်ပေါ်က သူ့သားရေလွယ်အိမ်လေးပေါ်မှာ ပင်အပ်စိုက် အင်္ဂလိပ်အက္ခရာတွေနဲ့တစ်လုံးချင်း စီထားတဲ့ နာမည်တစ်ခုကို ကျမဖတ်လိုက်ရတယ်... "ဉာဏ်မင်းခ" တဲ့....။ သူ့ရဲ့ Client တစ်ယောက်အနေနဲ့ ကျမ နာမည်ကို ကောင်းကောင်းသိနေပေမယ့် ကျမကတော့ သူ့ နာမည်ကို အခုမှသိရတာ....။ ငါးမှတ်တိုင်မြောက်မှာပဲ ကျမဆင်းရတော့မှာမို့ မှတ်တိုင်မရောက်ခင် ကျမနေရာကနေမထခင်သူ့ကို အိတ်လှမ်းပေးလိုက်ပြီး ကျမနေရာမှာထိုင်ဖို့ပါသူ့ကိုဖယ်ပေးလိုက်တယ်...။ သူက အိတ်ယူပြီး ကျမထွက်ဖို့ အနောက်ကိုဆုတ်ပေးလိုက်တယ်....။ ကျမနဲ့သူ ဘာစကားတစ်ခွန်းမှ အပိုနှုတ်မဆက်ကြပါဘူး ကျမလည်း အပေါက်ဝနားတိုးသွားလိုက်တယ်....။ အဆင်းပေါက်ရောက်ပြီး ခနလေးပဲ မှတ်တိုင်ရောက်လို့ ကားရပ်တော့ ကျမကားပေါ်ကအဆင်း ယိုင်ကျသွားသလိုဖြစ်လို့ အနောက်ကနေ တစ်ယောက်ယောက်လှမ်းဆွဲတာခံလိုက်ရတယ်...။

"ဂရုစိုက်မှပေါ့" တဲ့.... သူ့ဆီက ထွက်လာတဲ့အသံက ကျမကို ဂရုဏာသက်တာထက် အပြစ်တင်သံပိုပေါက်နေတယ်...။ ကျမကို သေချာဂရုတစိုက်မဆင်းရကောင်းလားဆိုပြီးတော့လေ...။ နေပါဦး သူကလည်း ဒီမှတ်တိုင်ကဆင်းမယ့်သူပဲလား....။ ကျမက သူဆွဲထားလို့ ဟန်ချက်ပျက်မသွားတာကို ကျေးဇူးတင်စကားပြောရမယ့်အစား သူ့ရဲ့ "ဂရုစိုက်မှပေါ့" ဆိုတဲ့ စကားသံကို ပြန်ကြားယောင်ပြီး သူ့ကို မျက်စောင်းထိုးလိုက်မိတယ်...။ ကားပေါ်ကနေ ပလက်ဖောင်းပေါ်သေသေချာချာရောက်မှ သူက ကျမနားရပ်နေသေးတာကို သတိထားမိတယ်...။ ကျမ သူ့ကိုမော့ကြည့်တော့ သူက မျက်မှောင်ကျုံ့ကြီးနဲ့ ကျမကိုကြည့်နေတယ်...။ သူ့ဘာသာသူ ဘာတွေ စိတ်ရှုပ်နေမှန်းမသိ ကျမ သူ့ကို နှုတ်မဆက်ဘဲ လှည့်ထွက်လာလိုက်တယ်...။ အိမ်တန်းမပြန်သေးဘဲ လမ်းထိပ်က ကော်ဖီဆိုင်လေးမှာထိုင်ဖို့ စိတ်ကူးရှိပြီးသားမို့ ကော်ဖီဆိုင် မှန်တံခါးကိုတွန်းဖွင့်ပြီး ဝင်သွားလိုက်တယ်...။

ကျမတစ်ခုခု မှာဖို့မီနူးကြည့်နေတုန်း ကျမအနောက်ကနေ အသံတစ်ခုထွက်လာတယ်...။ 

"Americano အပူနှစ်ခွက်" 

ပြီးတော့ ကျမဘေးနားရောက်လာတာ သူ....။

"ခင်ဗျားအတွက် ကော်ဖီပိုမှာလိုက်ပြီ ကျန်တာ ခင်ဗျားစားချင်တာပဲမှာလိုက်တော့" တဲ့ သူ့လေသံက သူနဲ့ ရင်းနီးပြီးသားလူတစ်ယောက် ကော်ဖီဆိုင်အတူထိုင်နေကျ မိတ်ဆွေတစ်ယောက်ကို ပြောလိုက်သလိုမျိုး...။ ဟာ ဘာကြီးလဲပေါ့....။ ဘေးနားကသူ့ကို နားမလည်စွာနဲ့ ကျမ ထပ်မော့ကြည့်ရပြန်တယ် ဘာလဲပေါ့...။ ဒီနေ့ သူ့ကိုမော့ကြည့်ရတာ သုံးကြိမ်မြောက်....။ သူက ကျမကိုမကြည့်ဘဲ သူစားမယ့်မုန့်တစ်ခုခုကို မီးနူးမှာရွေးနေတာ အေးအေးဆေးဆေးနဲ့...။

ကျမ စပါ့ဂတီနာပိုလီတစ်ပွဲမှာပြီး မှန်ပြူတင်းနားက စကားပွဲဝိုင်းမှာ နေရာယူလိုက်တယ်....။ ဒီဆိုင်က စားပြီးမှ ဘေလ်ရှင်းရမှာမို့ ကျမက ရှင်းခါနီးကျ American system နဲ့ရှင်းဖို့ စိတ်ကူးထားပြီးသား...။ ခနနေတော့ သူရောက်လာတယ်....။

"အပြင်မှာမထိုင်ဘူးလား.... တစ်နေကုန် လေအေးပေးစက်ခန်းထဲနေနေရတာ အပြင်လေလေးဘာလေးမရှူချင်ဘူးလား"

"မထိုင်ချင်ပါဘူး အပြင်မှာက ကားဆီငွေ့တွေ ဖုန်တွေနဲ့...."

သူက ကျမပြောတာကို ခေါင်းညိတ်ပြီး သူ့အိတ်ထဲက တစ်ခုခုကို ရှာနေတယ်...။ နောက်တော့ စီးကရက်ဗူးနဲ့ မီးခြစ်လေးထုတ်လိုက်တာတွေ့တယ်...။

"ခနလေးနော် ကျနော် အပြင်မှာ ဒါလေး သွားဖွာလိုက်ဦးမယ်..." ကျမ သူ့ကို သွားသွားဆိုပြီးမေးဆတ်ပြလိုက်တယ်...။ သူက ကျမပုံစံကို သဘောကျသွားလို့လား ဘာလားမသိ ကျမကိုရယ်ပြသွားတယ်...။ ကျမသူ့ ရဲ့ အပြုံးကို ပထမဆုံးအကြိမ် ပီပီပြင်ပြင်မြင်ဖူးလိုက်ခြင်းပေါ့....။ အပြင်မှာ စီးကရက်ဖွာနေတဲ့ သူ့ကို ကျမငေးကြည့်မိတယ်...။ စိမ်းမြနေအောင်ရိတ်ထားတဲ့ သူ့ပါးမြိုင်းမွှေးတွေက သူ့မေးရိုးမှာ ယောကျားပိုပီသစေတယ်...။ သူ့မျက်ခုံးထူထူနဲ့ သူ့အကြည့်ရိုင်းတွေက အတွဲညီညီ....။ စီးကရက်ကြောင့်လား အညိုဖက်သန်းနေတဲ့ သူ့နှုတ်ခမ်းထူထူတစ်စုံက သူပြုံးလိုက်တဲ့အခါ ဘေးဖက်ကို ပါးလျားကျယ်ဝန်းသွားတာလေးကြည့်ကောင်းတယ်...။ ရုံးဝတ်စုံ ရှပ်လက်ရှည်အဖြူရောင်ကို လည်ပင်းနားထိစေ့အောင်ကြယ်သီးတပ်ထားတာ ပုဆိုးကို ညီညီညာညာသေသေသပ်သပ်ဝတ်ဆင်ထားတာလေး သဘောကျမိတယ်...။ ပုံမှန်ကျမတို့ဆုံဖြစ်ရင် သူကထိုင်လျက်မို့ သူ့ကိုယ်တစ်ပိုင်းကိုပဲ ကျမကမြင်ဖူးခဲ့တာလေ...။

သူစီးကရက်တစ်လိပ်ကုန်သွားတော့ အထဲပြန်ဝင်လာတယ်...။ စားပွဲမှာ သူမှာပေးတဲ့ ကော်ဖီနှစ်ခွက်က ရောက်နှင့်နေပြီ....။ 

"ဆောရီး ကျနော် ခံတွင်းချဉ်လို့ စီးကရက်ထွက်ဖွာလိုက်တာ..."

"ကျမဘာသာ ကျမ ဒီဆိုင်လာထိုင်တာလေ ရှင်က ဘာကိစ္စလိုက်လာရတာလဲ"

"ကျနော်လည်း အိမ်ပြန်တာလေ ပြီးတော့ ဒီဆိုင်ကလည်း ကျနော်ထိုင်နေကျဆိုင်"

ကျမ မျက်ခုံးပင့် ပခုံးတွန့်မိတော့ သူတစ်ချက်အသံထွက်အောင် ရယ်လိုက်သေးတယ်...။

"ကျမ အမေရိကန်နိုသောက်တာရော ဘယ်လိုသိ..." 

"ဒါလည်း ခင်ဗျား ဒီဆိုင်လာရင်မှာနေကျ ကျနော်ခနခနတွေ့နေလို့ပဲ...ခင်ဗျားက ကျနော့်ဘယ်မြင်မလဲ စာအုပ်ပဲငုံ့ဖတ်နေတာ... ကျနော်နဲ့ခင်ဗျားတစ်ရပ်ကွက်ထဲနေတာ မသိဘူးမဟုတ်လား ခင်ဗျားက ကားအကြိုပို့နဲ့ဆိုတော့ ကျနော်နဲ့ခုမှဘတ်စ်ကားစီးကြုံတာကိုး... "

"အော်..." ကျမဇာတ်ရည်လည်သွားတဲ့ချိန်မှာပဲ ကျမမှာထားတဲ့ အီတလီခေါက်ဆွဲရောက်လာတယ်...။ သူကအသားညှပ်ပေါင်မုန့်မှာထားတယ်...။ ကျမမှာတဲ့ နာပိုလီကို သူကကျမထည့်စားနေကျ အစာပလာတွေကိုထည့်ပြီးမွှေပေးနေသေးတယ်....တားချိန်တောင်မရလိုက်...။

"ရပါတယ် ရှင်ကလည်း ကျမကို ကလေးကျနေတာပဲ ကိုယ့်ဘာသာ ကိုယ်မွှေလိုက်မယ် ပေးပေး..."

"ခင်ဗျားက ကလေးလေးပဲလေ စောစောက ကားပေါ်ကပြုတ်ကျတော့မလို့ ကျနော်လှမ်းဖမ်းထားတာ..."

သူ့စကားကိုသဘောကျလို့ ဒီတစ်ခါ ကျမရယ်လိုက်မိတယ်...။ 

"ရှင်တို့လို့ ဝန်ဆောင်မှုလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်ရဲ့မျက်နှာမှာ အပြုံးကအမြဲတွဲနေရမှာမဟုတ်လား ကျမကတော့ ရှင်ပြုံးတာ ခုမှမြင်ဖူးတာ...သိပ်ထူးဆန်းတာပဲ..."

"ဘာလည်း ကျနော်က ခင်ဗျားတွေ့တိုင်း တခါမှမပြုံးပြလို့လား ခင်ဗျားကိုမို့လို့ သက်သက်မပြုံးပြတာ အမြင်ကပ်လို့လေ..."

"ဟာ...ဘလိုင်းကြီးပါလား..."

"ဟဟ... နောက်တာ တကယ်လည်းအမြင်ကပ်တယ် ခင်ဗျားအကြည့်တွေကို ဒါနဲ့ခင်ဗျားကို တစ်ခုလောက် တောင်းဆိုလို့ရမလား..."

"ဟင် ဘာလို့လဲ ဘာကိုအမြင်ကပ်ပြီး ဘာကိုတောင်းဆိုမလို့လဲ..."

ကျမတို့ရဲ့ ပထမဆုံးအတူထိုင်ဖြစ်တဲ့ ညနေစာကော်ဖီစားပွဲလေးမှာ ကျမတို့နှစ်ယောက်ရဲ့ အခုပုံစံက တော်တော်ရင်းနှီးနေတဲ့ မိတ်ဆွေတွေပုံပေါက်မနေဘူးလား......။

သူက တံတောင်နှစ်ဖက်ကို စားပွဲပေါ်ကျကျနနထောက် သူ့လက်ဖမိုးနှစ်ဖက်ပေါ် မေးတင် ကျမကို သေသေချာချာစိုက်ကြည့်ပြီး....

"ခုနလို အပြုံးမျိုး .... ပြီးတော့ ကျနော့်ကို အမြဲကြည့်တတ်တဲ့ အကြည့်မျိုး ဟုတ်တယ် ဟုတ်တယ် အခုလိုအကြည့်မျိုးပဲ...." သူက စကားတောင်မဆုံးသေးဘဲ သူ့ကိုပြန်ကြည့်တဲ့ကျမအကြည့်ကို ချက်ချင်း အတည်ပြုပြီးပြောနေတယ်...။ ကျမက နားမလည်စွာနဲ့ သူ့ကိုဆက်ပြောလေဆိုပြီး အကြည့်နဲ့ဆက်ပြောဖို့ ကြည့်လိုက်တယ်...။

"တခြား ဘယ်ယောကျာ်းကိုမှ အဲလိုမျိုးမကြည့်နဲ့ မပြုံးပြနဲ့လို့ ပြောတာ အဲဒါပြောချင်တာ"

"အင်း...အဲဒီတော့ဘာဖြစ်လဲ ဘာလို့ ကျမက ရှင်ပြောတဲ့အတိုင်းလိုက်လုပ်ရမလဲ..."

"ဟာဗျာ..... ခင်ဗျားကို ကျနော် သဘောကျလို့ပေါ့ တခြားသူတွေကို အဲလိုမကြည့်စေချင်လို့ပေါ့ ကျနော်မကြိုက်ဘူးဗျာ အဲဒါပဲ..."

"ဟင်....."

ဒါ... သူ ကျမကို ရည်းစားစကားပြောလိုက်တာပဲလို့ သဘောပေါက်ချိန်မှာ ကျမ လက်ထဲက ခရင်းကိုပန်းကန်ထဲပြန်ချပြီး ရယ်လိုက်မိတယ်...။

"ဘာရယ်တာလဲ.... ခင်ဗျားက ကျနော့်ကိုလှောင်တာလား..."

"မဟုတ်ပါဘူး... ကျမကိုယ်ကျမ ရယ်တာပါ... ရည်စားစကားပြောခံလိုက်ရတာကို ခုမှသိလိုက်ရလို့"

ကျမစကားကြောင့် သူက ရှက်ကိုးရှက်ကန်းနဲ့ ထိုင်ခုံနောက်ကျောကို မှီချလိုက်ပြီး ကုတ်ပိုးကိုပွတ်လိုက်တယ်...။ သူရှက်ရင်လုပ်နေကျ အပြုမူလို့ ကျမမှတ်ချက်ချလိုက်တယ်...။

နောက်တော့မှသေချာသိလိုက်ရတာ သူက ကျမသူ့ဆီစာရွတ်စာတမ်းတွေသွားထုတ်တိုင်း သူ့အလိုမကျအကြည့်တွေက ကျမကိုသူက အူတိုလို့ဖြစ်တာလို့ သူပြောပြမှ... တခြား သူ့ဘေးနားက ဝန်ထမ်းတွေကိုပါ ကျမက အဲလိုကြည့်မှာ ကြည့်လိုက်မှာ သူကစိုးရိမ်စိတ်နဲ့တဲ့...။ ကျမသူ့ကို ဒီကော်ဖီဆိုင်လေးမှာပဲ တစ်လတိတိပြည့်တဲ့နေ့မှာ အဖြေပေးလိုက်တာ...အဲချိန်မှ ကျမတို့ တရားဝင်ချစ်သူရည်းစားဖြစ်သွားကြတာ...။ တကယ်တမ်းကျတော့ ကျမတို့နှစ်ယောက်က အကြိုက်တူတာဆိုလို့ ကော်ဖီဆိုင်ထိုင်တာနဲ့သီချင်းနားထောင်တာပဲရှိတာ ကျန်တာ တော်တော်များများကျမတို့ ညှိယူရမှာ....။ သူက စီးကရက်ကြိုက်တယ်ကျမက အနံ့တောင်မခံနိုင်တဲ့သူ....။ ကျမနဲ့လာတွေ့ရင် ကျမနဲ့စကားပြောရင် စီးကရက်မသောက်ရဘူးလို့ အဲလိုတော့ သူလိုက်နာပါတယ်...။ ကျမနဲ့အတူလမ်းသွားရင် တခြားဘယ်ယောကျားကိုမှ ကြည့်တာ မျက်လုံးချင်းဆိုင်တာတောင်သူက မကြိုက်ဘူး အဲတော့ ကျမက သူနဲ့အပြင်သွားရင် စိတ်ကျဉ်းကြပ်ရတယ်...။ တခါတလေကျမတောင်မသိလိုက်ဘဲ စိတ်ထဲပါတာမဟုတ်ဘဲ ကြည့်မိသွားရင် သူက ပြဿနာရှာတတ်တာ ...အဲခါမျိုးဆို ရန်ဖြစ်စကားမပြောဖြစ်ကြတော့ နှစ်ရက်သုံးရက်လောက်က...။ ပြီးတော့ သူပဲ ကျမကို စပြီး ပြန်ချော့ရတာပါပဲ...။

ကျမနဲ့သူ ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျမက ရုံးကဖယ်ရီမစီးဖြစ်တော့ဘဲ သူနဲ့အတူကားလိုက်တိုးစီးဖြစ်တယ်....။

"လဝန်းရေ....ကိုယ်တို့ ဒီညနေ ရုပ်ရှင်သွားကြည့်ရအောင်" လို့သူမက်ဆေ့ချ်ပို့လာတော့ ကျမအံ့ဩမိ...။ ကျမနဲ့သူ ချစ်သူသက်တမ်း ၃လမှာ ဒါပထမဆုံးအကြိမ် ရုပ်ရှင်အတူကြည့်ဖူးခြင်းပဲ...။ သမ္မတရုံမှာကျမတို့ "Last Christmas" ကြည့်ကြတယ်....။ ရုပ်ရှင်ကားပြီးတဲ့အထိ ကျမငိုနေရလို့ သူက ဘေးနားကနေ ကျမကို စက္ကူလက်ကိုင်ပဝါတစ်ရွက်ပြီးတစ်ရွက်ထုတ်ပေးရတယ်...။ 

"ကြည့်ဦး ငိုထားလိုက်တာ မျက်ခွံတွေကို မို့ဖောင်းလို့ လဝန်းရယ် ကလေးကျနေတာပဲ ဒီလိုပုံနဲ့ အိမ်ပြန်ရမှာ"

"ဘာဖြစ်လဲ ကိုကိုက ရှက်လို့လား ..."

အိမ်အပြန်သူက ကျမကို ကားပေါ်မှာ ပွေ့ဖက်ထားပြီး ကျမ မျက်ခွံဖောင်းအစ်အစ်တွေကို သူ့နှုတ်ခမ်းထူထူနဲ့နမ်းပြီး ကျပ်ပူလုပ်ပေးတာတဲ့....လူလည်ကြီး...။


__________________________________________


အကြည့်ရိုင်းတစ်ခုနဲ့ ကျမတို့ စတွေ့ကြတယ်.... အကြည့်ရိုင်းနဲ့ပဲ ကျမတို့ဆုံဆည်းကြတယ်...အချိန်တစ်ခုရောက်တော့လည်း အဲဒီအကြည့်ရိုင်းတစ်ခုကြောင့်နဲ့ပဲ ကျမတို့ခွဲခွာသွားကြရတယ်...။ တဒင်္ဂအကြည့်ရိုင်းတစ်ခုက ကျမတို့နှစ်ယောက်ဆီကို အချိန်ကာလတစ်ခုအနေနဲ့ တစ်သက်တာအမှတ်တရတွေ ချစ်ခြင်းတွေ မွတ်သိပ်မှုတွေ ကတောက်ကဆတွေ မပြေလည်မှုတွေ...စတဲ့ ရသစုံစုံလင်လင်နဲ့ ဝင်ရောက်လည်ပတ်သွားခဲ့တယ်....။ အဆုံးသတ်မှာတော့ အကြည့်ရိုင်းကြောင့် ကျမတို့ကွဲကွာသွားကြရတယ်...။ သေချာတာကတော့ အကြည့်ရိုင်းကို အသက်ရှင်သရွေ့ ကျမတို့နှစ်ယောက်စလုံး ဘယ်အချိန်ရောက်ရောက် နှလုံးအိမ်ထဲစွဲမြဲ အမှတ်ရနေကြဦးမှာပဲ......။


မှတ်ချက်။    ။ ရေးထားတာကြာပြီး မတင်ဖြစ်တဲ့ စာတစ်ပုဒ် နိုင်ငံခြား ဝတ္ထုတိုလေးတစ်ပုဒ်ကို သဘောကျလို့ Inspiration ယူပြီး ဆီလျော်သလိုပြန်ရေးထားတာပါ...။



__________________
Revolution will prevail
မိုးငွေ့


Sunday, 2 June 2019

Wave.....







ယူက ကိုယ့်ပထမဆုံးဖွင့်တဲ့ gmail ထဲမှာ ဘယ်တုန်းကမှန်းမသိလိုက်ဘဲ ကိုယ့်သူငယ်ချင်း ဖြစ်နေနှင့်ပြီးသား သူတစ်ယောက်ပါ...။ 

တကယ်တော့ gmail သာဖွင့်ထားခဲ့ပြီး gtalk ဘယ်လိုပြောရလည်း ကိုယ်တကယ်မသိခဲ့ဘူး...။ ယူက “Hi” လို့ စနှုတ်ဆက်ပြီး ဝင်လာခဲ့တယ်..။ အဲဒီချိန်ကစပြီး ကိုယ်တို့ gtalk မှာ စကားပြောကြရင်း ခင်မင်ရင်းနှီးသွားကြတယ်...။ ယူက ကိုယ့်ကို မြန်မာစာလက်ကွက်တွေ အချိန်တိုအတွင်း မြန်မြန်ရိုက်တတ်သွားအောင် လေ့ကျင့်ပေးတဲ့ ကိုယ့်ရဲ့ဆရာတစ်ယောက်လည်းဖြစ်တယ်..။ ကိုယ့်ကို ယူပထမဆုံး နှုတ်ဆက်လိုက်တဲ့ စကားလုံးက 109 110 လားတဲ့ ကိုယ့်ကို ....။ ကိုယ်ကဖြင့် အဲဒါဘာပြောတာလည်း နားမလည်လို့ မေးလိုက်တော့ ယူက ထားလိုက်ပါတဲ့...။ တကယ်ပဲ Chatting ဝင်တဲ့သူတွေက အီစီကလီတွေများတာလား ကိုယ်မှမသိဘဲကိုး... ယူလည်း ကိုယ့်ကို အဲဒီလို ယူပြောဖူးနေကျ သူတွေလို့ထင်နေမှာပေါ့ ဟုတ်လား “ခေါင်”...။ ကိုယ်တို့ရင်းနှီးသွားတော့ .ယူ့ကို ယူ့နားမည်သုံးလုံးထဲက နောက်ဆုံးတစ်လုံးကို ကိုယ်ကအဖျားဆွတ်ခေါ်ခဲ့တယ်...။ ကိုယ်က ယူ့ထက် အသက်ပိုကြီးလို့ ယူက ကိုယ့်ကို “မ”လို့ခေါ်တယ်...။ 

နောက်ပိုင်း ကိုယ်တို့ Ciberဆိုင်မှာ ပုံမှန်စကားပြောဖြစ်ကြတယ်..။ ကိုယ်နဲ့ယူစကားပြောကြတဲ့အခါ ယူ့ကျောင်းကိစ္စနဲ့ ယူနေတဲ့ နေရာက ရာသီဥတုအကြောင်းတွေ ပြောဖြစ်တာများပါတယ်...။ ယူ ကျောင်းကပြန်ရောက်တဲ့အချိန်တို့ ကျောင်းပိတ်ရက်တွေတို့မှာ စကားပြောဖြစ်တယ် ယူ စာမေးပွဲရှိတဲ့လဆို ကိုယ်တို့ တစ်လလုံးနီးပါး မပြောဖြစ်ကြဘူး...။ ဒါပေမယ့် ကိုယ်တို့တွေ gtalk nick တွေမှာ ပြောချင်တဲ့ စာလေးတွေ တင်ထားလေ့ရှိကြတယ်...။ တခါတလေ ယူချိန်းထားတဲ့အချိန် ကိုယ်ရောက်မလာနိုင်ခဲ့ရင် ပျက်ကွက်ခဲ့ရင် ကိုယ့်ကိုယူက စိတ်ကောက်ပြီး Nick မှာဒီလိုလေးရေးတတ်တယ် “ပြန်ဆုံဖို့မဖြစ်နိုင်တော့ရင်လည်း block လိုက်ပါ” တဲ့..။ ကိုယ်လည်း ယူ့ကို မကြည်တဲ့နေ့ဆိုရင် ကိုယ့်နစ်မှာ အဲဒီစာသားလေးတင်လိုက်တယ်...။ အဲခါကျတော့ ယူက ကိုယ့်ကို စကားလာပြောပြီး ပြန်ခါနီးနှုတ်ဆက်ရင် မသိမသာလေးနဲ့ ပြောတတ်သေးတယ် “ဆုံဖို့မဖြစ်နိုင်တော့ဘူးဆိုရင်လဲ Block လိုက်ပါ အဲဒီစာသား ပြောင်းလိုက်ဦး”တဲ့...။

ကိုယ်တို့ အပြန်အလှန် ဓါတ်ပုံတွေပို့ကြတော့ ကိုယ့်ပုံက ဧည့်ခံပွဲတစ်ခုမှာ ရိုက်ထားတဲ့ပုံ လက်ထဲမှာ ဝီစကီခွက်လေးကိုင်ြမှောက်ထားတဲ့ပုံ...။ အဲပုံကိုမြင်တော့ ယူကပြောတယ် “ခေါင်က အရက်သောက်တတ်တဲ့ မိန်းမဆို သိပ်မုန်းတာ အရင်ထားဖူးတဲ့ ရည်းစားတောင် ဘီယာသောက်တတ်လို့ ဖျက်လိုက်တာ”တဲ့လေ...။ ဒါဆို ယူက ကိုယ့်ကို သူငယ်ချင်းအဖြစ်က စွန့်လွှတ်ပစ်တော့မှာလား...? ယူကပြောတယ် “မ က သူငယ်ချင်းပဲလေ ခွင့်လွှတ်ရမှာပေါ့”တဲ့ “နောက်မသောက်ပါနဲ့”တဲ့...။ ကိုယ်ကတော့ ဘယ်တုန်းကမှ ဘယ်သူ့အတွက်မှ ကိုယ့်ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုဖဲ့မပေးခဲ့ဖူးဘူး...။ ဒါဖြင့် အီးမေးလ်ထဲက အဲဒီပုံကို ဖျက်ပစ်လိုက်တော့လို့ ကိုယ်ပြောတော့ ယူက “အဲဒီပုံကို ခေါင်က ဒေါင်းလုတ်တောင်မလုပ်ထားဘူး သူငယ်ချင်းတွေကြည့်မှာစိုးလို့ မေးလ်ထဲပဲသိမ်းထားတာ”တဲ့...။ “မ ဘာသိလို့လဲ ယောကျ်ားတွေက တော်ကြာ မ ပုံကိုခိုးနမ်းရင်ဘယ်လိုလုပ်မလဲ”တဲ့...။ ယူ ကိုယ့်ကိုစိတ်ပူလို့ ပြောနေမှန်းသိသားပဲ ဒါပေမယ့်ယူ့ကိုစချင်လို့ တမင်ပြောလိုက်တော့... “ဒါဖြင့်လဲ နောက်နေ့ Net လာထိုင်တဲ့သူတွေကို ဓါတ်ပုံတွေဝေပေးလိုက်မယ်လေ အဲဒီလိုလုပ်ရင် အဆင်ပြေမလား ကဲ...ပြော” ယူနဲ့စကားပြောလို့ ယူစိတ်တိုလာတဲ့အချိန် ယူ့ရဲ့ ခပ်စွာစွာလေသံနဲ့ “ကဲ...ပြော”ဆိုတဲ့ အသုံးအနှုန်းကို ကိုယ်သဘောအကျေဆုံးပဲ...။

ကိုယ်တို့ စာနဲ့ပဲပြောဖြစ်လာတာ အဲဒီနေ့က ယူ Voice call ခေါ်ပြီး အသံနဲ့ စကားပြောဖြစ်ကြတယ်...။ ယူ့အသံက အသံလုံးကြီးတယ် ဂီတာရဲ့အပေါ်ဆုံးကြိုးနှစ်ချောင်းတည်း တီးခတ်လိုက်တဲ့အသံမျိုး ယောကျ်ားပီသတဲ့အသံမျိုး...။ လိုင်းမကောင်းလို့ ကိုယ်ပြန်ထူးတဲ့အသံကို ယူမကြားလိုက်ရဘူး...။ အဲဒီနေ့က ယူကိုယ့်အသံမကြားလိုက်ရလို့ မကျေမနပ်နဲ့ ဖုန်းချသွားလိုက်ရတယ်..။ ယူနဲ့ကိုယ့်ကြားမှာ မမြင်နိုင်တဲ့ ကြိုးတစ်ချောင်းရှိနေပြီလား...။ တကယ်တော့ လူနှစ်ယောက်ကြားမှာ ကြိုးတစ်ချောင်းဖြစ်လာဖို့ အချိန်အကန့်အသတ် မလိုအပ်ပါဘူး...။ 

ဘာလို့လည်းမသိဘူး အဲဒီနေ့က ယူဖုန်းဆက်လာလိမ့်မယ်လို့ စိတ်ထဲကြိုသိနေသလိုပဲ...။ တကယ်လည်း ယူ့အသံကို ဒုတိယအကြိမ်ကြားလိုက်ရတယ်...။ ကိုယ့်အသံကို ယူက ခုမှသာကြားဖူးတာ...။ voice call နဲ့မဟုတ်ဘူး ကြိုးဖုန်းနဲ့ဆက်လာတာ...။ 4မိနစ်လောက် ကိုယ်တို့ ဖုန်းပြောဖြစ်ခဲ့ကြတယ်..။ ယူ့အသံကြားလိုက်ရတာ ကိုယ့်သွေးကြောထဲကို စီးမျောဝင်ရောက်သွားသလို ရင်ဘတ်တစ်ခုလုံး နှုန်းခွေသွားတယ် သိလားခေါင်...။ ကိုယ့်အသံကတော့ ယူ့လောက်ဆွဲဆောင်မှုမရှိပါဘူး...။ တခါတခါ ယူ typing မရိုက်အားတဲ့အချိန် Voice call နဲ့ပြောချင်တဲ့အခါ ကိုယ်ငြင်းခဲ့ရင် ယူကပြောသေးတယ်..“ခေါင်က ပြောမယ် မ ကနားထောင်လေ Net ကနေ ခေါင်က မကို ဘာမှလုပ်လို့မရပါဘူး မရယ်...ခေါင့်ကို ကြောက်ရအောင် ခေါင်က မကိုဘာလုပ်မှာမို့လဲ”လို့ ရန်ပြန်စွာတတ်တယ်...။ 

ကိုယ်တို့ စကားပြောတဲ့ နေ့ ကိုယ်လာစောင့်လို့ ယူရောက်မလာခဲ့ရင် နောက်နေ့ မေးလ်ထဲမှာ ယူစာပို့ထားတတ်တယ်..။ “ မ စိတ်မဆိုးပါနဲ့ နက်ဖန် စာမေးပွဲရှိနေလို့ စာကျက်နေရလို့ပါ”တဲ့..။ ကိုယ်က အဲဒီလောက်အထနကောက်တတ်တဲ့ သူမဟုတ်မှန်း ယူသိလျက်နဲ့...။  ကျောင်းစတက်ရပြီမို့ ခါတိုင်းလို ပုံမှန် စကားမပြောနိုင်တော့လို့ ယူက ကိုယ့်ကို မှာတမ်းတွေချွေတတ်သေးတာ..။ “ ခေါင်တို့ စကားမပြောဖြစ်တဲ့ ရက်တွေမှာ ခေါင့်ကို သတိရနေနော် မ နေကောင်းအောင်နေနော်” စသဖြင့်ပေါ့..။ တကယ်တော့ ယူဟာ ကိုယ့်ရဲ့ ကွန်ပျူတာထဲက တကယ့် ဗိုင်းရပ်စ်ပိုးကောင်လေးပါပဲ ခေါင်...။ ဒါပေမယ့်လည်း ကျွမ်းကျင်သူတွေနဲ့တော့ ကိုယ် Format ပြန်မချတော့ပါဘူး...။ ပိုးကောင်ကလေး ကိုယ့်ကွန်ပျူတာကို ဘယ်လောက်ကိုက်နိုင်မလဲ ကိုယ်စောင့်ကြည့်လိုက်ဦးမယ်...။ “ကျောင်းပြန်တက်တဲ့ အချိန်ဆို တစ်ပတ်မှ တနင်္ဂနွေတစ်ရက်ထဲ စကားပြောရမှာမို့ ခေါင်နဲ့စကားလာပြောပေးမယ် မဟုတ်လား” လို့ မှန်ကြောင်ကလေး စာဂျပိုးယူက ကိုယ့်ကို လှိုက်လှိုက်လှဲလဲှ တောင်းဆိုတတ်လာတယ်..။ 

အဲနေ့က ကိုယ်စာစစ်နေတုန်း ယူရောက်လာခဲ့တယ်...။ ကျောင်းက 11:30မှသွားရမှာတဲ့...။ “မ နေကောင်းလား ဘာလုပ်နေလဲ” “ခုမှ စာဝင်စစ်တာ ခေါင့်ဆီက စာတစ်စောင်မှလည်းမတွေ့ဘူး”လို့ ပြောတော့..“ခေါင်မှမအားတာ မကလည်း ကျောင်းကပြန်ရင်စာလုပ်ရတယ် စာနဲ့ကျောင်း ကျောင်းနဲ့စာ ပတ်ချာကိုလည်နေတာပဲ မနေ့ကဆိုအေးကအေးနဲ့ စောစောထပြီး အဝတ်လျှော်ရသေးတာ..”လို့ ညည်းညူပြတတ်တယ်...။ “ခေါင်သိပ်ပင်ပန်းနေပြီ စာလုပ်ရဦးမယ် နောက်မှ တွေ့မယ်”ဆိုပြီး ဆိုင်းအောက်လုပ်ပြီး ပြန်ထွက်သွားတယ်...။ ဆိုင်းအောက်ခါနီး ပြောသွားသေးတယ် “မ သတိရနေနော် ခေါင့်ကို” တဲ့..။ ခေါင်သာ ကိုယ့်ကို သတိမရအားရင်ရှိမယ် ကိုယ်က ခေါင့်ကို အမြဲသတိရနေပါတယ်...။

ကိုယ်အလုပ်တွေရှုပ်ပြီး ယူနဲ့စကားမပြောဖြစ်တဲ့အခါ နှုတ်မဆက်ဖြစ်တဲ့အခါ ယူက အလိမ္မာနဲ့ နစ်မှာ “သတိရသေးရင်နှုတ်ဆက်ပါ”လို့ ရေးတင်ထားတတ်တယ်...။ “ခေါင် နေကောင်းလား” လို့ ကိုယ်နှုတ်ဆက်လိုက်တော့ “ ခေါင် နေမကောင်းတာ လေးရက်ရှိပြီး ခေါင်မရှိတုန်း ဘယ်ကောင်လေးတွေနဲ့ စကားပြောသေးလဲ”လို့ နေမကောင်းတဲ့ကြားထဲက ယူက ကိုယ့်ကို တရားခံစစ်စစ်နေသေးတာ...။ အဲဒီနေ့က စကားမစပ်ဘဲ တစ်ဦးတည်းသောသား ယူကပြောသွားသေးတယ် “ခေါင်ပြန်ရောက်တဲ့အခါ မကို မေမေနဲ့မိတ်ဆက်ပေးမယ်” တဲ့ ...။

နွေရာသီမှာ လူတွေအတွက် အရိပ်ရတဲ့ သစ်ပင်တစ်ပင်တော့ဖြစ်ချင်တယ်လို့ ယူပြောဖူးတယ်လေ..။ ကိုယ်ကတော့ ယူ့ရဲ့အရိပ်ရတဲ့ သစ်ပင်အောက်ကစောင့်နေမယ်...။ ယူ အွန်လိုင်းတော့ဖွင့်ထားတယ် ဒါပေမယ့် ကွန်ပျူတာနားမှာမရှိဘူး...။ ယူ့ရဲ့ Custom Massage မှာ “ခမ်းနားမှုတွေမရှိလည်း နူးညံ့စွာ ငါ့အနားမှာနေပေးပါ” လို့တင်ထားတယ်...။ “ခေါင် နေကောင်းလား”လို့ ကိုယ်နှုတ်ဆက်တော့ ယူရောက်မလာသေးဘူး...“သတိရရင်နှုတ်ဆက်ပါ”လို့ ကိုယ်ရေးထားတော့ နောက်ငါးမိနစ်မှာ ယူရောက်လာတယ်...။ “ဟိုဖက်ဆောင်ကို ရောက်နေလို့ မရောက်လာတာမသိလိုက်ဘူး ဆောရီးနော်”တဲ့..။ ယူကိုယ့်ကို စောင့်နေတဲ့အတွက် ကျေးဇူးပါခေါင်...။ ကိုယ်တို့ VC ပြောဖြစ်ကြတယ်...။ အဆောင်ကို လူကြီးတွေရောက်လာလို့ ထုံးစံအတိုင်း “မ နေကောင်းအောင်နေနော် ကျန်းမာရေး ဂရုစိုက်နော်” လို့ မှာတမ်းတွေနဲ့ နှုတ်ဆက်ပြီး ထွက်သွားတယ်...။

“ခုထိတော့ ခေါင် မချစ်တတ်သေးဘူး” တဲ့...။ လူတစ်ယောက်မှာ အချစ်နဲ့အစာအိမ်မရှိရင် သိပ်ကောင်းမှာပဲလို့ ကိုယ်တွေးဖူးတယ်...။ တကယ်တော့ မချစ်တတ်တာပဲ ခပ်ကောင်းကောင်းရယ်...။ ဒါပေမယ့် တချိန်ချိန်မှာတော့ ယူအချစ်ရဲ့အရသာကို ခံစားဖူးတတ်လာမှာပါ..။ ကိုယ်ကတော့ ကိုယ့်ဘဝမှာ အချစ်ဘယ်မှာရှိသလဲဆိုတာ တွေ့လိုက်သိလိုက်ပါလျက်နဲ့ လက်လွှ့တ်ဆုံးရှုံးသွားခဲ့ရဖူးတယ်လေ..။ အဲအချိန်ကစပြီး ကိုယ် လူတစ်ယောက်ကို ချစ်ဖို့ဝန်လေးသွားပြီ..။ တကယ်လို့ ရွေးချယ်ယူလို့မရတဲ့ အချစ်တစ်ခု ကိုယ့်ဆီကို အသစ်တဖန်ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ရင်တောင် ကိုယ်မမျှော်လင့်ချင်တော့ပါဘူး...။

တစ်နေ့ ယူ နစ်မှာ ဘာစာတွေလည်းမသိ ကိုယ်မသိတဲ့ ယူတို့နိုင်ငံက ဘာသာစကားနဲ့ရေးထားတာ ကိုယ်နားမလည်လို့မေးကြည့်တော့ ယူ “အဲဒါ ဂြိုလ်သားစာတွေလေ” တဲ့....။ “ဘယ်လိုမှ မင်းကိုမေ့လို့ မရပါဘူး မှော်ဆရာမလေးရယ်... ငါအိမ်ပြန်လာခဲ့သလို မင်းကိုလည်း အိမ်ပြန်လာစေချင်တယ်”လို့ ယူက ဘာသာပြန်ပြတယ်...။ သူကဘယ်သွားလို့ အိမ်ပြန်လာစေချင်တာလဲလိ့ု ကိုယ်မေးတော့ ယူက “အရင်ဘဝတုန်းကလဲ ခေါင့်ချစ်သူဖြစ်ခဲ့ဖူးတဲ့ အဲဒီတစ်ယောက်ကို ခုဘဝမှာလဲ ပြန်လာစေချင်တာ”တဲ့...။ ယူ့မှာ အဲလိုစိတ်ကူးယဉ်အတွေးလည်း ရှိသားပဲ...။

ခေါင်းရင်းနားကနေ ဖုန်းသံမြည်လာတော့ Alarm မြည်တယ်ပဲထင်နေခဲ့တာ...။ Alarm က ဒီအသံမဟုတ်ပါဘူးလို့ အသိဝင်လာပြီး ကိုင်လိုက်တော့ Number is not available လို့ပေါ်နေတာကို မြင်တာနဲ့ ခေါင်လို့ တန်းပြီးသိလိုက်တယ်...။ အိပ်ချင်မူးတူးအသံနဲ့ ကိုယ်ပြန်ထူးတော့ “ခုပြောနေတာ ဘယ်သူလဲ သိလို့လား”တဲ့...။ ယူ့အသံမကြားခင်ကတည်းက ယူဆက်တယ်ဆိုတာ သိပြီးသားပါ..။ ယူ့အသံကို ကိုယ်တရေးနိုးတောင် မှတ်မိပါတယ်နော်...အချိန်က 2:06Am ခေါင်တို့ဆီမှာက ည 11နာရီခွဲ...။ ဘာရယ်မဟုတ်  ညက ဘုရားရှိခိုးပြီး အိပ်ရဲ့လားလို့ ကိုယ့်ကိုစစ်ချင်တာနဲ့ ဖုန်းဆက်လိုက်တာဖြစ်မှာပေါ့...။ မနေ့ညက သီတင်းကျွတ်နောက်ဆုံးညလေ...ကိုယ်တို့ရဲ့ မြတ်စွာဘုရား ဂေါတမအရှင် တာဝတိၤသာမှာ ဓမ္မစကြာတရားဟောပြီး ပြန်ကြွတဲ့ညမို့ တစ်အိမ်လုံးဆီမီးထွန်းပြီး ပူဇော်ကြတယ်လေ...။ ညဉ့်သန်းခေါင်မှာမှ နေဝင်တဲ့ ခေါင်တို့ဆီမှာတော့ ဒီလိုဓလေ့မျိုးဘယ်ရှိပါ့မလဲ....။

ယူပြန်မလာခင် ခြောက်လလောက်အလိုကတည်းက ယူနဲ့ကိုယ် အဆက်သွယ်က အရင်လိုမဟုတ်ဘဲ ပြတ်တောင်းနေခဲ့ပြီ...။ တကယ်တမ်းယူပြန်ရောက်လာတော့ ကိုယ့်ကိုအကြောင်းမကြားဘဲ ယူတကယ်အလုပ်လုပ်တဲ့ နေရာကိုရောက်မှ ကိုယ့်ဆီ ဖုန်းဆက်လာခဲ့တယ်...။ ကိုယ့်ကို အံ့အားသင့်စေချင်လို့ ဆက်လိုက်တာ မဟုတ်မှန်း ကိုယ်သိပါတယ်...။ ဒါပေမယ့် ဘယ်အရာ ဘယ်လိုအတွေးမျိုးက ယူ့ကို ကိုယ့်ဆီဖုန်းဆက်ဖြစ်အောင် တိုက်တွန်းလိုက်သလဲ ဆိုတာ ကိုယ်တကယ်မသိချင်တော့ပါဘူး...။ ကိုယ်တို့ကြားက အစိမ်းရောင်ကာလတွေက ရှည်လျားခဲ့ပြီပဲ သူငယ်ချင်းဆိုတဲ့ ခင်မင်မှုကလဲ မှေးမှိန်နေခဲ့တာကြာပြီပဲ...။

နိဂုံးချုပ်တော့ ကိုယ့်ဆီကို ရုပ်ရှင်ဆန်ဆန် မင်္ဂလာဖိတ်စာတစ်စောင်ရောက်လာခဲ့တယ်...။ ယူပြန်ရောက်ပြီး သိပ်မကြာခင်မှာပဲ အမေပေးစားတဲ့ ကောင်မလေးနဲ့လက်ထပ်လိုက်တယ်တဲ့...။ ရုပ်ရှင်ဆန်တော့လည်း တချိန်မှာ စာတန်းထိုးပြီး ရပ်သွားမယ်ဆိုတာ ......။


@@@@@@@


လှိုင်းတွေ တကယ်ရှိတယ်ဆိုတာ ယုံလား.....

‌လေလှိုင်းထဲကတဆင့် စဆုံခဲ့ကြလို့ တစ်နေ့ မမြင်နိုင်တဲ့ လှိုင်းကနေပဲ ပျောက်ကွယ် သွားရမယ်ဆိုတာ ကိုယ်ကြိုတင်တွက်ဆ နားလည်ခဲ့ပြီးသားပါ...။


မိုးငွေ့



Monday, 30 June 2014

မိုးရေထဲက အဝါရောင်ထီးကလေး.....





ဒီနေ့လဲ ကိုယ်ထီးမပါလာခဲ့ပြန်ဘူး….။ မလုံ့တလုံကားဂိတ်အမိုးလေးကနေ တစက်စက်ကျနေတဲ့ မိုးရေတွေကို ထိုင်ကြည့်ရင်း စီးရမယ့် ဘတ်စ်ကိုထိုင်စောင့်နေခဲ့တာ…။ မိုးရာသီစိုစွတ်စွတ်ကြီးကို သွားရလာရခက်လို့ သူများတွေ ငြီးငြူနေကြပေမယ့် ကိုယ်ကတော့ မိုးထဲလမ်းလျှောက်ရတာကိုပျော်တာ…။ ထီးမပါလဲ… မိုးရေထဲသွားရတာ မိုးရေစက်တွေကျနေတာကိုမြင်ရတာကို ပျော်တာပါပဲ…။ နဲနဲမိုးချုပ်နေပြီမို့… ကားစောင့်မယ့်သူတွေ သိပ်မရှိတော့ဘူး…။ ကျန်တဲ့ ကားစောင့်နေသူတွေက ထီးတွေကိုယ်စီနဲ့မို့ ကိုယ့်လို ကားဂိတ်အမိုးအောက်မှာ လာမခိုကြဘူး…။ ထိုင်ခုံရှိပေမယ့် ခုံတွေကစိုနေပြီ ပြီးတော့ ထိုင်နေလည်း မိုးကမှမလုံတာလေ…။ ကိုယ်ကတော့မသိဘူး မိုးစိုလဲထိုင်တာပဲ…။ ခနနေတော့ ကိုယ့်ဘေးကို ထီးအဝါရောင်လေးနဲ့ ကောင်လေးတစ်ယောက်ရောက်လာတယ်…။ ယောကျ်ားတစ်ယောက်ဖြစ်ပြီး ငုဝါလိုအဝါမျိုးနဲ့ ထီးကိုကိုင်လို့ ကိုယ်နဲနဲအံ့အားသင့်သွားခဲ့တယ်…။ တလောက ကိုယ်ကြည့်ခဲ့ဖူးတဲ့ “အချစ်မိုး”ဆိုတဲ့ ဒရမ်မာအချစ်ကားလေးထဲက မင်းသားလေးကိုင်တဲ့ ထီးနဲ့တရောင်ထဲပဲ…။ ဟုတ်တယ် ဂျန်ဂန်ဆော့ ကိုင်တဲ့ထီးမျိုးလေးပါပဲ…။ ကိုယ်တော်ရုံ ကိုရီးကားတွေကို သိပ်မကြည့်တတ်ဘူး…။ ယူကျုမှာ သီချင်းတွေလျှောက်ရှာရင်းနဲ့ တွေ့မိသွားလို့ အဲဇာတ်လမ်းတွဲလေးကို ဝယ်ကြည့်လိုက်မိတာ…။ ဇာတ်ကားထဲက အဆွေးသီချင်းတွေကလဲ သိပ်ကောင်းတာပဲ…။ အဲမင်းသားမျက်နှာကို မြင်ယောင်မိပြီး… ဘေးနားက ကောင်လေးကို မသိမသာလေးစောင်းငဲ့ကြည့်လိုက်တော့ နားသယ်စပ်မှာ ဒေါက်ရှည်ရှည်ထားပြီး တခြမ်းကိုခပ်ပါးပါးညှပ် ကျန်ဆံပင်တွေကို ထိပ်မှာ ခပ်မြင့်မြင့်စုချည်ထားတယ်… ။ ဟုတ်ပါတယ် Love Rain ထဲက ဂျန်ဂန်ဆော့ပုံစံပဲ တထေရာထဲကို…။  ဧကန္တ သူလည်း အဲကားလေးကိုကြည့်ပြီး မင်းသားစတိုင်လ်ကိုကြိုက်လို့ အတုခိုးထားပုံရတယ်…။ မျက်နှာကျကလည်း သွယ်ရှည်ရှည်နဲ့ မျက်ခုံးနက်နက်ထူထူလေး… နှာတံဖြောင့်ဖြောင့်… ရှပ်ခါးရှည်ကို ကြိုးချည်ပြီး ဘောင်းဘီကို အကျပ်ဝတ်တာလည်း တူတယ်…။ ကိုယ်သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ဒီဖက်လှည့်ပြီးတစ်ချက်ပြုံး လိုက်မိသွားတယ်…။ မျက်နှာက ခပ်တည်တည်ဆူပုပ်ပုပ်နဲ့…။ တစ်ခုခုကိုစိတ်တိုနေပုံရပါတယ်…။ လက်ထဲကိုင်ထားတဲ့ ထီးကို ဖွင့်လိုက်တော့…ဟား..ဟား… သူ့ထီးက ကျိုးနေတာကိုး…။ သူက ထီးကိုဖွင့်ကြည့်ပြီး ပြန်ပိတ် ကျွတ်ခနဲစုတ်သတ်လိုက်ပြန်တယ်…။ (တိုက်ဆိုင်လိုက်တာ သူ့ထီးက အချစ်မိုးဇာတ်ကားထဲက မင်းသားကိုင်တဲ့ ထီးလိုပဲ အရိုးကျိုးပြီး တစ်ဖက်ကို အိကျနေတာ… အဲကားထဲကအတိုင်းများ စတိုင်လ်ထွင်လာသလားမပြောတတ်ပါဘူး..) အေးလေ မိုးထဲလေထဲ ထီးကပျက် စတိုင်လ်ပဲ့နေတာပေါ့…။ ယောကျ်ားလေးပဲ ထီးပျက်လဲဘာအရေးလဲ မိုးရေထဲလျှောက်လိုက် ပျော်စရာကြီး…။ ကိုယ့်လိုမိုးချစ်တဲ့သူလို့ လူတိုင်းကိုဘယ်လိုလုပ် ကိုယ့်စိတ်နဲ့နှိုင်းလို့ရမလဲလေ…။ သူ့ထီးကို ပြန်ပိတ်ပြီး အလည်နေရာကနေကိုင်ပြီး ဒေါသမျက်လုံးတွေနဲ့ ကားအလာကိုမျှော်ကြည့်ရင်း ကိုယ့်ကို သူလှမ်းကြည့်မိသွားတယ်…။ 






ကိုယ်ကလည်းသူ့အဖြစ်ကို ကြည့်ရင်း ရယ်ချင်နေတာနဲ့ သူလှမ်းအကြည့်မှာ ကိုယ့်မျက်နှာက ပြုံးလက်စဖြစ်နေခဲ့တယ်…။ သူက သူ့အဖြစ်ကို အစအဆုံးထိုင်ကြည့်ပြီး ရယ်နေတဲ့ ကိုယ့်ကို မျက်မှောင်ကြီးကျုတ်ကြည့်ပြီး လမ်းမဘက်ကို အကြည့်လွှဲပစ်လိုက်တယ်..။ ဟဟဟ…တကယ်ဆို ကိုယ်က ဂျန်ဂန်ဆော့ပုံစံတထေရာထဲကို ကော်ပီယူထားတဲ့သူနဲ့ ထီးအရောင်ကော အဖြစ်ပါတူနေလို့ ရယ်ချင်မိသွားခဲ့တာပါ…။ ကိုးရီးယားလိုနှုတ်ဆက်လိုက်ရမလား…“အညာဇေယိုဂျန်ဂန်ဆော့” ဆိုပြီးတော့လေ…။ ဟော…ဘတ်စ်ရောက်လာပြီ …။ မိုးကတော့ သိပ်မသည်းပေမယ့် ရွာနေတုန်းပဲ…။ ကိုယ်လွယ်အိတ်ကို ပြန်ပြင်လွယ်ပြီး ကားပေါ်ပြေးတက်လိုက်တယ်…။ ကားပေါ်မှာ ထိုင်စရာတွေအများကြီး…။ အရှေ့ဖက် ဒရိုင်ဘာနောက်ကျော တစ်ခုံကျော်မှာ ကိုယ်ဝင်ထိုင်လိုက်တယ်…။ ကိုယ့်ဘယ်ဖက်မျက်လုံးဒေါင့်မှာ အဝါရောင်ဝင်လာခဲ့တယ်…။ ခုနက ကောင်လေးပါ သူက ကိုယ့်ထိုင်ခုံအရှေ့ မျက်စောင်းထိုးနေရာမှာ နေရာယူလိုက်တယ်…။ ကားစထွက်တော့ သူက ကျောပိုးအိတ်ထဲက နားကျပ်လေးထုတ်ပြီး နားထဲထည့်လိုက်တယ်…။ ခုက နေရာတိုင်းကားကျပ်တော့ လူငယ်တွေတော်တော်များများ ကားပေါ်မှာ အပျင်းပြေ နားကျပ်တပ်ပြီး သီချင်းနားထောင်လေ့ရှိတာကိုး…။ ကိုယ်ကတော့ စီးရမယ့်မှတ်တိုင်က ငါးမှတ်တိုင်ထဲရယ် ကားမကျပ်ရင် ငါးမိနစ်နဲ့ရောက်ပြီ… ။ ကားက ဂိတ်တိုင်းလူသိပ်မတင်တော့ဘဲ ဆက်တိုက်မောင်းလိုက်တာ… ကိုယ်ဆင်းမယ့် မှတ်တိုင်ရောက်ခါနီး မီးပွိုင့်မှာပဲ နဲနဲကြာသွားခဲ့တာ…။ မီးပွိုင့်ကျော်တာနဲ့ ဆင်းရတော့မှာမို့ အပေါက်ဝမှာ အဆင်သင့်နေရာယူရပ်နေလိုက်တယ်…။ ကိုယ့်မျက်လုံးညာဖက်ဒေါင့်ကို အဝါရောင်လေး ထပ်ရောက်လာပြန်တယ်…။ ဟင်… သူလည်းကိုယ်ဆင်းမယ့် မှတ်တိုင်မှာ ဆင်းမှာပဲလား…။ မှတ်တိုင်ရောက်တော့ ကိုယ်အရင်ဆင်းလာခဲ့တယ်…။ 




လမ်းကူးဖို့မျဉ်းကျားမှာ ရပ်စောင့်တော့လဲ အဝါရောင်လေးက ထပ်ရောက်လာပြန်တယ်…။ မဟုတ်ပါဘူး…သူပြန်မယ့်လမ်းနဲ့ ကိုယ်နဲ့ ဒီလောက်တောင်ပဲ တိုက်တိုက်ဆိုင်ဆိုင်တူရလား…။ ကားမီးရောင်တွေအောက်မှာ မိုးကတော့ သူ့အရှိန်လေးအတိုင်း ရွာမြဲရွာဆဲ…။ တော်သေးတယ် လွယ်အိတ်က သရေအိတ်မို့ မိုးစိုလည်း အထဲထိမစိုနိုင်…။ အဝါရောင်ကလေးကတော့ သူ့ထီးအကျိုးကိုဖွင့်ပြီး အိကျနေတဲ့ထီးရွက်ကို ထိန်းတဲ့အနေနဲ့ ထီးရိုးကို အလည်ကနေကိုင်ပြီး စောင်းတာတွေ့လိုက်တယ်…။ ထီးကပြန့်ကားမနေဘဲ ခပ်အုပ်အုပ်လေး ကျနေတယ်…။ ကားလမ်းကူးပြီး အိမ်ပြန်ဖို့ လမ်းမတစ်ခုကိုဖြတ်ဝင်ပြန်တော့လဲ သူနဲ့လမ်းထပ်တူပြန်တယ်…။ ရော်..မခက်လား…။ မိုးစိုမခံချင်လို့ သူကတော့ ထီးအကျိုးကို ရအောင်စောင်းရှာတယ်…။ သူ့ကေလေးပျက်သွားမှာလည်း စိုးရိမ်ပုံရပါတယ်..။ ကိုယ်ကတော့ မိန်းမတန်မဲ့ မိုးရေစိုခံပြီး ဒီတိုင်းလျှောက်တယ်…။ ကိုယ်သူ့ကို ကျော်တက်ပြီး ခပ်သွက်သွက် လျှောက်လိုက်တယ်…။ ဆိုက်ကားဂိတ်ကျော်တော့…ခြေသံကြားလို့ ကိုယ်လှည့်ကြည့်မိလိုက်တယ်…။ အဝါရောင်ကောင်လေးပဲ…။ ဒီလမ်းက မီးနဲနဲမှောင်တော့ အိမ်ပြန်ရင် ကိုယ့်ရှေ့နောက်လူတွေကို သတိနဲ့ကြည့်ထားရသေးတယ်…။ ရုတ်တရက် သူက ခြေလှမ်းကျဲကြီးနဲ့ ကိုယ့်ဘေးကို လွှားခနဲရောက်လာခဲ့တယ်…။ ကိုယ်လန့်ဖျတ်ပြီး သူ့ကို မျက်လုံးပြူးကြည့်လိုက်မိတယ်…။ တချိန်ထဲမှာ ကိုယ်က သူ့ထီးကျိုးအမိုးအောက်ထဲရောက်နေခဲ့ပြီ…။







“ဒီမှာ… ကျွန်တော်နဲ့အိမ်ပြန်လမ်း တူတူလောက်ကျမယ်ထင်တယ်… မိန်းကလေးဖြစ်ပြီး မိုးရေထဲ လျှောက်နေတာ မကောင်းပါဘူး ကျွန်တော့်ထီးနဲ့ အတူလိုက်ပြန်ပါ…လာပါ..” သူက လာပါတွေဘာတွေပြောပေမယ့် သူ့ထီးက ကိုယ့်ကိုမိုးပြီးသားဖြစ်နေပြီ…။ ကျိုးနေတဲ့ထီးအောက်မှာ မိုးလည်းလုံမှာမဟုတ်ဘဲနဲ့များ အပိုတွေလုပ်ပြီလို့ ကိုယ်တွေးပြီး ရယ်ချင်မိသွားပြန်တယ်…။ တကယ်ပါပဲ အချစ်မိုးကြည့်ပြီး ဒီကောင်လေး စိတ်ကူးယဉ်လွန်နေတာ…အသိသာကြီး…။ ကိုယ်သူ့ကို တစ်ချက်ပြန်ကြည့်ပြီး “နေပါစေ တို့ဒီတိုင်းပဲပြန်ပါ့မယ် မိုးစိုခံချင်လို့ကို သက်သက်ထီး မစောင်းဘဲပြန်တာ… ဒီမှာတွေ့လား တို့မှာထီးပါတယ်… မင်းထီးအကျိုးကိုပိတ်လိုက်ပါ ကြည့်မကောင်းဘူး… ရော့... ဒီထီးငှားပေးလိုက်မယ်…” တကယ်တော့ ကိုယ်အိတ်ထဲကနေ စွဲထုတ်ပြလိုက်တာက နွေရာသီစောင်း ထီးအသေးလေး… မိုးလဲမလုံဘူး… ပြီးတော့ ဇာအနားတွန့်တွေနဲ့ ဂျန်ပန်ခေါက်ထီး….။
“မယူတော့ပါဘူး ကျေးဇူးတင်ပါတယ်… ” တဲ့…။ ကျိုးနေတဲ့သူ့ထီးအဝါရောင် အမိုးအောက်မှာ အတူတူဆိုတော့ သူမျက်နှာနဲ့ ကိုယ့်မျက်နှာက တစ်ပေခွဲလောက်ပဲဝေးတာ…။ ခပ်ဝေးဝေးက လမ်းမီးရောင်ကြောင့် ဗာဒံစေ့ပုံ ရှည်မျောမျော မျက်အိမ်ကျဉ်းကျဉ်းနဲ့သူ့မျက်လုံးတွေထဲက ရှက်ရိပ်လေးဖြတ်ပြေးသွားတာကို မြင်ဖြစ်အောင် မြင်လိုက်သေးတယ်…။ သူ့ထီးအကျိုးနဲ့ သူဇာတ်လမ်း လာလုပ်တာကို ပြန်ရှက်သွားတာ မတတ်နိုင်ဘူး..။ ကိုယ်…သူ့မျက်လုံးတည့်တည့် စိုက်ကြည့် ပြုံးပြပြီး လှည့်ထွက်လာခဲ့တော့…….
“ခင်ဗျားက ရုပ်လေးချောလျက်နဲ့ ယွန်ဟီးလိုမျိုး မိန်းမ..မဆန်လိုက်တာ”တဲ့…။ သူပြောတာကို ကြားလိုက်သေးတယ်…။ နောက်ဆို သွယ်သွယ်နွဲ့နွဲ့ ယွန်ဟီးလို ဂါဝန်တိုလေးတွေ ဝတ်တတ်တဲ့ ကောင်မလေးတွေကိုပဲ ထီးလိုက်မိုးပေးနော်လို့ ကိုယ်မပြောလိုက်တော့ပါဘူး…။ အပြာစင်းရှပ်လက်ရှည်ကို ဂျင်းဘောင်းဘီထဲ ထည့်ဝတ်ပြီး အဖြူရောင်သရေခါးပတ်ခပ်ကြီးကြီး ဝတ်ထားတဲ့ ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စုထုံးထားတဲ့ ကိုယ့်ကို သူက မိန်းမမဆန်ဘူးပြောတာ မဆန်းပါဘူးလေ…။ ဒါပေမယ့် ကိုယ့်ကို ရုပ်ချောတယ်လို့ အမှန်တိုင်းဝန်ခံသွားတာလေးကိုတော့ သဘောအကျကြီး ကျလိုက်ပါတယ်… အဝါရောင်လေးရယ်.....:) 


မိုးငွေ့

Friday, 20 June 2014

မန္တလေးည.....






ညနေခင်းဆည်းဆာအလှကို မမြင်ရတာဘယ်လောက်ကြာပြီလဲ…..။ တရိပ်ရိပ်ဖြတ်ကျော်သွားတဲ့ သစ်ပင်တွေ ကားတွေ အရောင်တောက်နေတဲ့တိမ်တွေ… အိပ်တန်းပြန်ဖို့ အုပ်စုလိုက်ပျံသန်းနေတဲ့ ငှက်အုပ်တွေ…။ ဒီလိုမြင်ကွင်းမျိုးကို ကြည့်ချင်လို့လက်မှတ်ဝယ်ကတည်းက ပြူတင်းပေါက်နေရာကို တမင်ရွေးဝယ်ခိုင်းထားတာ….။ သူဌေးက လေယာဉ်နဲ့သွားဖို့စီစဉ်ပေးတာကိုတောင် ငြင်းပယ်ခဲ့တာ ခုလိုရှုခင်းမျိုး…အရောင်မျိုးကိုခံစားချင်လို့…ပြီးတော့ ဖြတ်သွားမယ့်မြို့တိုင်းရဲ့ မြင်ကွင်းတွေ ပြောင်းလဲမှုတွေကို လည်းကြည့်ချင်သေးတယ်လေ…။ အမှန်တော့ ဒီခရီးက အလုပ်မအားတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက်အတွက် အစားသွားပေးတဲ့ခရီးပါ…။ ပုံမှန်အားဖြင့်တော့ ကိုယ်က ရုံးထိုင်သက်သက်ပဲလေ…။ ဒီလုပ်ငန်းကိုစပြောင်းကိုင်လိုက်တုန်းကတစ်ကြိမ်ပဲ စာရင်းဇယား သွင်းပုံသွင်းနည်းကို ထရိန်နင်သဘောမျိုးတစ်ခါတော့ သွားပြဖူးခဲ့တဲ့ အတွေ့အကြုံလေးရှိထားလို့ ကိုယ်သာ အစားထိုးလုပ်ပေးနိုင်ဖို့ အဆင်ပြေဆုံးလူဆိုပြီး သဌေးကဆုံးဖြတ်လိုက်တာတဲ့…။ ပြီးတော့ အဲဒီမြို့က ဝန်ထမ်းလုပ်ဖော်ကိုင်ဖက်တွေကလဲ ကိုယ်နဲ့ဖုန်းဆက်သွယ်နေကျသူတွေ စာရင်းတွေဆက်နွယ်နေတဲ့ သူတွေဆိုတော့ ကိုယ့်ကိုပဲလာစေချင်ကြတယ်….။

အဝေးပြေးလမ်းမကြီးက ဟိုအရင်လို ကြမ်းတမ်းကျဉ်းမြောင်းမနေတော့ပါ….။ လမ်းကောင်းလို့ထင်တယ် ဘာမှသိပ်မကြာလိုက်ဘူး ညနေစာစားဖို့ ၁၁၅မိုင်ကိုရောက်တော့ ညရနာရီပဲရှိသေးတယ်……။ ကိုယ်ထိုင်တဲ့နေရာက ဒရိုင်ဘာနောက်ဖက် တစ်ခုံကျော်လေးမှာမို့… အောက်ဆင်းဖို့က အဆင်ပြေနေတယ်…။ ထုံးစံအတိုင်း ခရီးသွားတွေလုပ်နေကျ ထမင်းမစားခင် သန့်စင်ခန်းအပေါ့အပါးသွား ခြေလက်သန့်စင်တယ်…။  မြန်မာဟင်းက feel မှာပဲအဆင်ပြေဆုံးမို့ အဲဒီဆိုင်ကိုပဲရွေးလိုက်တယ်…။ ဒီလိုပူပူအိုက်အိုက်ရာသီမှာ ဆီပြန်ဟင်းတွေထက် အရည်သောက်နဲ့အကြော်တစ်မျိုးမျိုးပဲ စားဖို့ကောင်းတာလေ….။ ထမင်းဆီဆမ်းကို မြေပဲဆန်လှော်ဖြူးပြီး ကြက်ကြော်မှာလိုက်တယ် အချဉ်ရည်ဟင်းတစ်ခွက်ပါလာချပေးတယ်…။ ရန်ကုန်မှာသာ ပူအိုက်နေတာပါလေ… တကယ်ဆို ဒီရာသီက ဆောင်ဦးပေါက် ရာသီ… မြန်မာပြည်အထက်ပိုင်းမှာ မနက်စောစောမြူတွေနှင်းတွေကျလို့ အနွေးထည်တောင်ဝတ်နေရပြီလို့ ဆိုတယ်…။ မေမေက အနွေးထည်ခပ်ပါးပါးတွေ  ထည့်ပေးလိုက်သေးတယ်…။ ဟိုရောက်ရင်အေးလိမ့်မယ်သမီးတဲ့… မေမေ့ဘယ်သူပြောလဲဆိုတော့… ကိုကို့မေမေနဲ့ဖုန်းပြောထားလို့ ဟိုရောက်ရင်တောင် ကိုကိုတို့အိမ်မှာပဲတည်းရမယ်လို့ စီစဉ်ထားကြလို့ ကိုယ့်မှာ ရုံးကလုပ်ပေးထားတဲ့ နေရာမှာမတည်းဖြစ်တဲ့အကြောင်း ဖျက်ခိုင်းရသေးတယ်…။ လွတ်လွတ်လပ်လပ် ရုံးကစီစဉ်ပေးတဲ့နေရာကိုပဲ ကိုယ်တည်းချင်တဲ့ဆန္ဒရှိတာ…။ ဒါပေမယ့် လူကြီးတွေပြောထားပြီးသားမို့ မငြင်းသာတော့ဘူးလေ…။ ပြီးတော့…ကားဂိတ်ကို ကိုကို ကိုယ်တိုင်လာကြိုဦးမယ်တဲ့….။ မေမေကပြောသေးတယ် ညည်းပဲ ညည်းငယ်ငယ်ကနဲ့တူတဲ့ ကလေးမလေးနဲ့တွေ့ချင်တယ်ဆိုတဲ့…။ ဟုတ်တယ် ကိုကို့သမီးလေး မျက်နှာကိုမြင်ယောင်မိပြီး အသည်းယားယားနဲ့ အဲဒီကလေးမလေးပါးကိုဆွဲလိမ်ချင်တော့တာ ..။ 

အပြင်မှာပူပေမယ့်…ကားထဲမှာတော့ လေအေးစက်က အော်တိုတင်ထားလို့ လျှော့မရပြုမရနဲ့
တော်တော်ကိုအေးစိမ့်တာ…။အတွေ့အကြုံရှိထားလို့ ခရီးသွားဂွမ်းဆောင်ခပ်ပါးပါးတစ်ထည်ကို ယူထားလို့သာ အအေးဒဏ်ကို  ခံနိုင်တော့တယ်…။ ကားထဲကပြတဲ့ ဗီဒီယိုကို စိတ်ဝင်စားသူကနဲနဲရယ်… တချို့က ထမင်းစားပြီးတော့ မှိန်းနေကြပြီ….။ ကိုယ်ကတော့ ပြူတင်းပေါက်ကနေ ဘယ်မြို့ကိုရောက်နေပြီလဲ မြို့ရဲ့ အလင်းမီးပွင့်မှိတ်တုတ်မှိတ်တုတ်တွေကိုသာ စိတ်ဝင်တစား ကြည့်နေတော့တယ်….။ ကောင်းကင်က ကြည်စင်ပြီး ကြယ်မှုန်ကြယ်မွှားတွေ ကလည်း မြို့ပြမဟုတ်လို့ထင်ရဲ့ ခါတိုင်းမြင်နေကျထက်ပိုများနေ တယ်လို့ထင်တယ်…။ သီတင်းကျွတ်လဆုတ် လခြမ်းက ကောင်းကင်မှာ တည်တည်ငြိမ်ငြိမ်ရှိလှတယ်….။ ကားသွားရာနောက်ကို လိုက်လိုက်လာနေတဲ့ လကိုငေးမောလိုက် အရှေ့ရိုးမတောင်စွယ်တချို့ကို ကြည့်လိုက်နဲ့…. ညသန်းခေါင်းတော်တော်ကျော်မှ ကိုယ်အိပ်ပျော်သွားတယ်…..။ မနက်ငါးနာရီပဲရှိသေးတယ် မိတ္ထီလာမှာ မနက်စာစားဖို့ရပ်နားတယ်…။ မျက်နှာသစ်ပြီး ပဲပြုတ်ထမင်းကြော်နဲ့ နွားနို့ပူပူတစ်ခွက်သောက်တယ်….။ အပြင်မှာဆောင်းလေအေးတွေတိုက်လို့ ခပ်ပါးပါးဂျာကင်လေး ထပ်ထားလို့ တော်သေးတယ်….။ ကားပြန်ထွက်တော့ အိပ်လို့မရတော့ဘူးလေ….။ ခြောက်နာရီမထိုးမချင်း မိုးမလင်းသေးဘူး…။ ရန်ကုန်မှာငါးခွဲလောက်ဆို အလင်းရောင်ကလာချင်နေပြီ…။ ဒီမှာတော့ လမ်းတလျှောက်မြူတွေမှုန်မှုန်မှိုင်းမှိုင်းနဲ့…..။ မြစ်ငယ်မြစ်သား ပလိတ်မြို့တောက်လျှောက်က လမ်းမကြီးအသစ်ဖက်ကသွားလို့ အရင်ကနဲ့ မတူတော့ဘူး တော်တော်တော့ ပြောင်းလဲနေပြီ….။ လမ်းအသစ်မို့လို့ အရင်ထက်လဲပိုနီးပြီးမြန်လာတယ်လို့ပြောကြတယ်…။

ကျွဲဆည်ကန်ရောက်တော့ မနက်ခြောက်ခွဲပဲရှိသေးတယ်……။ ကားကြီးဝင်းကတော့ အရင်လိုမပြောင်းလဲသေးဘူး…. ကားတွေကြပ်တတ်နေတုန်း ဈေးရောင်းဈေးဝယ်တွေနဲ့စည်ကား ရှုပ်ရှက်ခတ်နေတုန်း ကားဝင်းအဝင်လမ်းတွေ ချိုင့်ခွက်တွေဖြစ်နေတုန်းပဲ…။
ကိုယ်စီးလာတဲ့ ကားဂိတ်တည့်တည့်ကိုရောက်တော့ သူ့ကိုတခါတည်းတန်းမြင်လိုက်တယ်…။ သူ့ရဲ့ CRV ခဲရောင်ကားရှေ့မှာ မတ်တပ်ရပ်လို့….။ ကိုယ်ကပါလာတဲ့ သေတ္တာခပ်သေးသေးမို့ ကားဗိုက်ထဲမထည့်တော့ ပစ္စည်းရွေးစရာလဲမရှိဘူးလေ…။ တခါတည်းဆင်းရုံပဲ…။ ကိုယ်ကားပေါ်ကဆင်းတာနဲ့ သူချက်ချင်းရောက်လာတယ်…။

“အားနာလိုက်တာ ကိုကို ကိုယ်တိုင်ဘာလို့လာကြိုရတာလဲ ရုံးကလဲ စီစဉ်ပေးထားတာကို”

“ကိုယ့်ညီမလေးတခါတလေမှလာတာကို ကိုယ်ကိုယ်တိုင်လာကြိုရမှာပေါ့…ဘယ်လိုလဲ ကားစီးရတာ အဆင်ပြေရဲ့လား နဲနဲတော့ပင်ပန်းမှာ…”

“ဟုတ်…ပြေပါတယ်…ညီမလေးက ကားစီးရတာပိုကြိုက်တယ်…”

“ညီမလေးပင်ပန်းမှာစိုးလို့ အပြန်လက်မှတ်ကိုတောင် ကိုယ်လေယာဉ်နဲ့ကြိုလုပ်ထားပေးတယ်”

“ဟာာ… ကိုကိုကလဲရပါတယ် ကားနဲ့ပဲပြန်မယ်…”

“ရတယ်လုပ်မနေနဲ့လေ ခုပဲတညလုံးကားစီးလာတာပင်ပန်းနေပြီး ပြီးရင်ကိုးနာရီကျ ရုံးတက်ရမယ်မဟုတ်လား… ဒီတော့ အပြန်ကိုတော့ သက်တောင့်သက်သာနဲ့ပြန်စေချင်တယ်…”

ကားမောင်းရင်း ကိုယ့်ကိုကလေးတစ်ယောက်လိုစိတ်တိုင်းကျစီစဉ်ပေးနေတဲ့ သူ့မျက်နှာကို တစ်ချက်စောင်းငဲ့ ကြည့်လိုက်မိတယ်….။ သူအမြဲတစေကိုယ့်ကို ဟိုးး ငယ်ငယ်တုန်းကလိုမျိုး စိုးရိမ်တကြီးရှိတတ်နေတုန်းပဲ…. ဂရုတစိုက်ရှိတတ်နေတုန်းပဲ….။ ကိုယ်ကသာ သူ့ရဲ့ ယုယကြင်နာမှုတွေကို အခွင့်ပြည့်ယူလို့ မသင့်လျော်တော့တာ…။ ကိုကို့တို့နေတဲ့ သိပ္ပံလမ်းကအိမ်နဲ့ ကျွဲဆည်ကန်ကားကြီးဝင်းနဲ့က သိပ်မမောင်းရဘူး… ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်ဆိုရောက်ပြီ…..။ ကိုကိုတို့အိမ်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာ….။ သိပ္ပံလမ်းမကြီးပေါ်မှာပဲ ခြံအကျယ်ကြီးနဲ့ တိုက်ကြီးကဟီးနေရောပဲ….။ ဆင်ဝင်အောက်မှာ ကားထိုးရပ်လိုက်တာနဲ့ အိမ်ထဲကနေ အဝါဖျော့ရောင်ချည်ဘလောက်စ်နဲ့ ချည်အချိတ်လိုင်းလေးတွေပါတဲ့လုံချည်ကိုဝတ်ဆင်ထားတဲ့ အသားဖြူဝင်းဝင်းအမျိုးသမီးလေးတစ်ယောက် ပြေးထွက်လာတယ်…။ ကားပေါ်ကဆင်းလာတဲ့ ကိုယ့်လက်ထဲကသေတ္တာကို အတင်းလာကူဆွဲနေတယ်…။

“ရတယ်အစ်မ…နေပါစေ ညီမကိုယ့်ဘာသာသယ်ပါ့မယ်… ကိုကိုအမျိုးသမီးလာဟင်..”

“ဟုတ်တယ်လေ…ညီမကိုတော့ ကိုကြီးပြောပြောနေလို့သိနေတာ လူကိုတော့ ခုမှပဲမြင်ဖူးတော့တာ..”

“ဟုတ်ကဲ့…ကိုကို့အမျိုးသမီးက တကယ်ချောလှတဲ့သူပဲ….ကိုကိုကံကောင်းတယ်သိလား…”

“ကဲ…နန်းရေ ကိုယ့်ညီမကိုတော့ ဟင်းကောင်းကောင်းချက်ကျွေးတော့…”

မိတ္ထီလာမှာ မနက်စာကိုစားလာပြီးသားမို့မစားတော့ဘူးလို့ငြင်းတာဘယ်လိုမှမရ… မနက်စောစော ကတည်းက ကိုယ်ကြိုက်တတ်တယ်ဆိုလို့ မန်းမုန့်တီသုပ်ကိုလုပ်ထားပြီးသားတဲ့….။ အဲဒါနဲ့ ကိုကို့အမျိုးသမီးလက်ရာ မုန့်တီသုပ်တစ်ပွဲကိုစားလိုက်ရသေးတယ်..။ အမယ် …သူက ကိုယ်တိုင်ကိုယ့်ကို ကော်ဖီဖျော်တိုက်တယ်…။ ရှမ်းပြည်မှာစိုက်တဲ့ သူ့ကော်ဖီစိုက်ခင်း ထဲက ကော်ဖီစေ့တွေကို ကိုယ့်ဘာသာလှော်ပြီးကြိတ်ထားတဲ့ ကော်ဖီစစ်စစ်ပါတဲ့…။
နွားနို့စစ်စစ်နဲ့ဖျော်လို့ ကော်ဖီလေးကအရသာကောင်းမှကောင်းပဲ…။ 

“ကိုကို့သမီးလေးရောဟင်… သူနဲ့တွေ့ချင်တယ်…မနိုးသေးဘူးလား…”

“မနက်က အစ်မနိုးတော့ မျက်လုံးလေးဖွင့်ပြီး မေမေဘာလု့ိအစောကြီးနိုးသလဲတဲ့မေးသေးတယ်…ပြီးတော့ မီးအိပ်ဦးမယ်နော်တဲ့ ပြန်အိပ်သွားတယ်…”

“သူ့ကိုခဏကြည့်ချင်တယ်အစ်မရလား…”

“ရတာပေါ့..လာညီမ အခန်းထဲလိုက်ပြမယ်…”

သူတို့မိသားစုအိပ်ခန်းရှိတဲ့ အပေါ်ထပ်ကိုလိုက်သွားလိုက်တယ်…။ လှေကားကြီးက အကွေ့အလိမ်ပုံဖော်ထားတာ အိမ်ရဲ့ဧည့်ခန်းကြိကည့်ရင် လှပကျက်သရေရှိလှတဲ့ လှေကားကြီး…။ ဘုရားခန်းနဲ့ကပ်လျက်အခန်းကျယ်ကြီးကို တံခါးဖွင့်ဝင်လိုက်တော့ ကုတင်ကြီးရဲ့ဘေးက နံရံကြီးမှာ ကလေးနှစ်ယောက်ဓါတ်ပုံကိုယှဉ်လျက်လေးချိတ်ဆွဲထားတယ်…။ ကလေးနှစ်ယောက်ဆိုတာ တစ်ယောက်က ကိုယ်ငယ်ငယ်တုန်းကပုံလေးပါ…။ ဟုတ်ပါ့…ကိုယ့်ငယ်ရုပ်နဲ့ ဒီကလေးမကတော်တော်ကိုတူတာ..။ ရပ်နေတဲ့ အနေအထားတောင်တူအောင်ပို့စ်လုပ်ခိုင်းပြီး ရိုက်ထားတာ…။ ကုတင်ပေါ်မှာ အိပ်မောကျနေတဲ့ ကလေးမလေးက ပါးလေးဖေါင်းပြည့်လို့ ဆံနွယ်ခွေခွေပျော့ပျော့တွေက နဖူးမှာကပိုကရိုလေးကျလို့…။ မျက်တောင်လေးတွေလည်းကော့စင်းလို့…။ ကိုယ်သူ့ပါးဖေါင်းဖေါင်းလေးကိုတစ်ချက်ငုံ့နမ်းလိုက်တယ်….။ အအိပ်ဆတ်ပုံရတယ် အီခနဲသူလူးလွန့်ပြီး မျက်လုံးလေးကိုမှေးမှေးကလေးဖွင့်ပြီးချောင်းကြည့်တယ်…။

“မီးလေး ချစ်သည်း…ဘယ်သူလဲသိလား..ဒီတီတီ့ကိုသိလား…”

“သိတယ်..” အသံသေးသေးလေးနဲ့ သိတယ်တဲ့သူကကိုယ့်ကို… ချစ်ဖို့ကောင်းလိုက်တာ…။ ကိုယ်အံ့အားသင့်စွာနဲ့ သူ့အမေကိုလှည့်ကြည့်တော့…။ ကလေးမလေးဆီကိုမေးဆတ်ပြလို့ ကလေးလေးကိုကိုယ်ပြန်လှည့်ကြည့်တော့….။ နံရံပေါ်ကပုံလေးကိုလက်ညိုးထိုးပြတယ်…။

“ဟဟ…တကယ်..အဲဒီပုံလေးထဲက ကလေးလေးက တီတီပဲဆိုတာ သမီးသိတယ်…တော်လိုက်တာ…”

“ဟုတ်တယ် ခုခေတ်ကလေးတွေ အတတ်သိပ်မြန်တာ မှတ်ဉာဏ်လဲကောင်းသလားမမေးနဲ့ ခဏလေးသင်ပေးတာနဲ့ အကုန်မှတ်မိတယ်.. အဲဒါ မနေ့ညတုန်းကပဲပြောထားတာ အဲဒီဓါတ်ပုံထဲက တီတီလာမှာလို့… သူက မီးလိုမျိုးပဲလားတဲ့ မေးသေးတယ် သူနဲ့ရွယ်တူလို့ထင်နေတာလေ…”

“ချစ်လိုက်တာ… လာပါဦး တီတီ့ကို အာဘွားလာပေးပါဦး…”

“ဟင့်အင်း…မီးသွားတိုက်လိုက်ဦးမယ်…”တဲ့…ကြည့်ဦး… ကိုယ်ဖြင့် အဲဒီကလေးမလေးနားကကို မခွာချင်တော့တာ…ကဲ…။

“အစောကြီးရှိသေးတယ် မီးအိပ်ဦးနော်…တီတီရေသွားချိုးဦးမယ် ပြီးမှပြန်လာခဲ့မယ်နော် ဟုတ်ပြီလား..”
  

ကိုယ်သူ့ခန္ဓာကိုယ်သေးသေးပြည့်ပြည့်လေးကို တစ်ချက်ထွေးပိုက်လိုက်ပြီး ဆံပင်လေးကိုသပ်ပေးတော့ ကိုယ့်ပါးပြင်ကို သူ့လက်သေးသေးလေးနဲ့လာပွတ်သပ်နေတယ်…။

“မီးစောင့်နေမယ်နော်…”တဲ့…။ 


ကိုယ်လေ အဲဒီကလေးလေးကိုယ်ကိုထွေးပိုက်နေရင်းနဲ့ကို ကြည်နူးလွန်းလို့ မျက်ရည်တွေတောင် ကျရတယ်…။ တော်သေးတယ် သူ့အမျိုးသမီးက အောက်ဆင်းသွားပြီ..အခန်းထဲမှာ ကိုယ်နဲ့ချစ်သည်းလေးနဲ့နှစ်ယောက်တည်း….။ 

“တီတီရေချိုးပြီးရင် မီးလေးကိုမနက်စာခွံကျွေးမယ်နော်…”

“ကဲ…အလွမ်းသည်နေကြတယ်ဟုတ်လား ခုမှတွေ့ဖူးတာကို…” ဘယ်ချိန်တုန်းကရောက်နေမှန်းမသိတဲ့ သူ့အသံထွက်လာတော့မှလှည့်ကြည့်မိတယ်…။

“ဟောဗျာ…ဘာကြောင့်မျက်ရည်တွေကစို့နေရတာတုန်းဗျ”

“ကိုကို့သမီးလေးပေါ့ အရမ်းချစ်ဖို့ကောင်းတာကို စကားကလည်းတတ်တယ်…သူ့ကိုချစ်လွန်းလို့ ပီတိမျက်ရည်ကျတာ..”

“ဖြစ်ရမယ်…အလုပ်သွားရဦးမယ်မဟုတ်လား ကိုယ်လဲ ရေမိုးချိုးပြင်ဆင်တော့မယ် ပြီးရင်တစ်ခါတည်း အလုပ်လိုက်ပို့ပေးမယ်”

“ရပါတယ် ညီမလေးရုံးကကားကိုလာကြိုခိုင်းလိုက်မယ်”

“ကိုယ်ရုံးကိုဖုန်းဆက်ထားပြီးသား လာကြိုစရာမလိုတော့ဘူးလို့ ပြီးတော့ ညီမလေးရုံးနဲ့ ကိုယ့်အလုပ်က နီးနီးလေးကို…”

“ ဟုတ်…”

ကလေးမလေးခေါင်းကိုတချက်ဖွပြီး ရေမိုးချိုးဖို့အောက်ဆင်းသွားလိုက်တော့တယ်….။


***************************

မန္တလေးမြို့က အရင်ကထက် ကားတွေပိုများလာတယ် ဆိုင်ကယ်တွေနဂိုတည်းကများရတဲ့ကြား ကားအကောင်းစားမျိုးစုံနဲ့ ရှုပ်ယှက်ကိုခတ်လို့ပေါ့….။ လမ်းမကြီးတွေက အမှိုက်သရိုက်ကင်းစင် သန့်ရှင်းလို့…။ လမ်းဘေးတစ်လျှောက်လဲ ကြော်ငြာဘုတ်ကြီးတွေပိုများလာသလိုပဲ….။ အများကြီးတိုးတက်လှပလာတဲ့ မြို့ပေါ့…။ ကိုယ်တို့ငယ်စဉ်တုန်းကလို စက်ဘီးတွေ ဆိုင်ကယ်တွေ သုံးဘီးကားတွေချည်းမဟုတ်တော့ဘူးလေ။ ဈေးချိုနာရီစဉ်နဲ့သိပ်မဝေးတဲ့ ကိုယ်တို့ရုံးခန်းရှေ့ထိ သူပို့ပေးခဲ့တယ်…။ ရုံးခန်းထဲက ကိုယ်နဲ့သိတဲ့ စာရင်းကိုင်ညီမတစ်ယောက် ပြေးထွက်လာကြိုတယ်…။

“ညနေကျ ကိုယ်လာကြိုမယ်နော် ဒီမှာပဲစောင့်နေလိုက်…” ကိုယ်ခေါင်းညိတ်ပြလိုက်တော့ သူက တစ်ချက်ပြုံးပြရင်း နေကာမျက်မှန်ပြန်တပ်ကာ…ကားမှန်တင်ပြီး မောင်းထွက်သွားလိုက်တော့တယ်…။
ဝန်ထမ်းအသစ်ငါးယောက်ကို အပေါ်ထပ်အခန်းမှာစုပြီး သူတို့စာရင်းသွင်းရမယ့် ပုံစံတွေကို အသေးစိပ်ပြောပြ ရှင်းပြပြီး… ဒီနေ့လုပ်ရမယ့် အရောင်းဘောက်ချာတွေကို တစ်ခါတည်းလက်တွေ့လုပ်ခိုင်းလိုက်တယ်….။ သုံးလေးရက်လောက် တစ်ခါထဲ လက်တွေ့လုပ်ပြလိုက်ရင် သူတို့ကျွမ်းကျင်သွားမှာပါ အားလုံးရဲ့ ပညာအရည်ချင်းကိုမေးလိုက်တော့ LCCI Level 2 က အနိမ့်ဆုံးဆိုတော့ သူတို့အတွက် သိပ်မခက်ခဲလောက်ဘူးလို့ ကိုယ်ယုံကြည်လိုက်တယ်…။ ပြီးတော့ အားလုံးက သွက်လက်ချက်ချာနေတော့ လက်ဆင့်ကမ်းသင်ပေးရတာ ပြောဆိုရတာ သိပ်ပြီးမခက်ခဲလှတော့…။ ဆိုင်ကယ်နဲ့ထွက်တဲ့အရောင်းဝန်ထမ်းကလေးတွေနဲ့ အရောင်းကားတွေကို အပြီးစောင့်ရတော့ သူတို့အလုပ်က ညနေတော်တော်စောင်းမှပြီးတယ်။ ည(၇)နာရီအထိ ကတော့ ငွေစာရင်းကိုင်တွေကမပြန်ရသေးဘူးပေါ့…။ 

သူက ကိုယ်ကြိုက်တတ်တဲ့ ဗထူးကွင်းနားကမန်းမြီးရှည်ကိုနေ့လည် တစ်နာရီခွဲလောက်မှာ လာပို့ရင်း  ညနေငါးနာရီခွဲလာခေါ်မယ်လို့ ပြောသွားတယ်…။ သူ့ကိုလာမခေါ်နဲ့လို့ပြောလဲ လာမှာမို့မပြောသာတော့…။ တကယ်ဆို ကလေးမလေးတွေကို လက်တွေ့စာရင်းသွင်းရမယ့်အချိန်က ခုလိုညနေ အရောင်းကားတွေ ဝင်လာချိန်မှာပါလာမယ့် အရောင်းစာရင်းပဲလေ…။ သူရောက်လာရင် အနည်းဆုံးကိုယ့်ကို တစ်နာရီတော့စောင့်ရလိမ့်မယ်… မတတ်နိုင်ဘူး…။ 

တကယ်လည်း ညနေငါးနာရီခွဲမှာ သူရောက်လာခဲ့တယ်….။ မန်နေဂျာက ကိုယ့်ကို အားနာပြီး အတင်းပြန်ခိုင်းပါတယ်…။ ကိုယ်လည်း ကလေးမလေးတွေကို ပြရမယ့်စာရင်းတွေ လုပ်နေရင်းတန်းလန်းလေ…။ သူကတော့ကားပေါ်ကစောင့်ပါမယ် အေးဆေးလုပ်ပါတဲ့…။ သူစိတ်ရှည်တတ်မှန်းကိုယ်သိပေမယ့် ခုလို ကိုယ့်အတွက်နဲ့တကူးတကန့်အချိန်ကုန်ခံရတာတော့ ကိုယ်လည်းအားနာတယ်လေ…ပြီးတော့ သူ့မိသားစုရှိသေးတယ်လေ…။ သူတို့မိသားစု စုံလင် ညနေစာကိုဘယ်လိုချိန်မျိုးမှာစားတတ်ကြသလဲ အဲဒါလဲရှိသေးတယ်လေ…။ ကောင်မလေးတွေကတော့ သူတို့ကိုထားခဲ့ပါ သူတို့စာရင်းကိုသွင်းထားပါ့မယ့် မနက်ဖန်ကျမှပြန်စစ်ပေးပါ… အစ်မပြန်သွားလည်း ကိုယ့်ဘာသာကိုယ်လုပ်ရမှာပဲလေတဲ့ ကိုယ့်ကိုအားနာလို့ထင်ပါ့ အတင်းကာရောပြန်ခိုင်းကြတာနဲ့ နောက်ဆုံးညနေခြောက်နာရီကို ကိုယ်သူနဲ့ပြန်ခဲ့ လိုက်တော့တယ်…။ နောက်နေ့တွေကျ သူ့ကိုလာမခေါ်ဖို့ပြောထားရင်ကောင်းမယ်လို့ စဉ်းစားထားလိုက်တယ်…။ ရုံးက အသွားအပြန်ကားကို အစကတည်းက စဉ်စီထားပြီးသားပါ…။

“ကိုကို့ကိုအားနာတယ် နက်ဖန်ကျရင်တော့ ညီမလေးအပြန်ကို ရုံးကားနဲ့ပဲပြန်ပို့ခိုင်းမယ် လာမခေါ်တော့နဲ့နော်”

“ညီမလေး ဒီနေ့ကိုယ့်ကို အားနာတယ်လို့ပြောတာ နှစ်ခါရှိပြီနော် မောင်နှမချင်းကို ဘာတွေအားနာနေသလဲ ပြီးတော့ ကိုယ်က အဝေးကြီးတကူးတကန့် လာခေါ်ရတာလဲမဟုတ်ဘူး ကိုယ့်ရုံးခန်းနဲ့လဲနီးနီးလေး ညနေအိမ်ပြန်လမ်းလဲကြုံနေတာလေ … ကိုယ့်ညီမတစ်ခါတစ်လေလာတာကို ဒီလောက်တော့ လုပ်ပေးရမှာပေါ့”

“ကိုကို့ကိုတော့မနိုင်ဘူး သဘောပဲဗျာ..ဒါဆိုလဲ…”

ပြောမရမှန်းသိလျက်နဲ့ ပြောကြည့်တာပါ တကယ်လဲမရပါဘူး …။ ခါးပါတ်ကိုဆွဲပတ်ရင်း ထိုင်ခုံနောက်မှီကို အနောက်ဖက်နဲနဲချလိုက်တယ်…။

“တနေကုန် စားရင်းပြရလို့ တော်တော်အညောင်းမိသွားပြီလား”

“မညောင်းပါဘူး အကျင့်ရပြီးသားပဲလေ… ကိုကိုမောင်းတဲ့ကားကိုဇိမ်ခံစီးချင်လို့…” ကိုယ်အဲလိုပြောတော့ သူက ကိုယ့်ကိုလှည့်ကြည့်ပြီး ကိုယ့်ခေါင်းကို ခပ်ဖွဖွထုလိုက်သေးတယ်…။ သူ့ကားက ၇၃လမ်းဖက်ကိုမချိုးဘဲ ၂၆ဘီလမ်းတည့်တည့်အရှေ့ဖက်ကိုဆက်မောင်းနေတယ်….။

“ကိုကို အိမ်မပြန်ဘဲဘယ်သွားမလို့လဲ ”

“မန်းတောင်ပေါ်တက်မယ်လေ… ညီမလေးနဲ့ဘုရားဖူးရင်း ညနေခင်းဆည်းဆာ မကြည့်ရတာကြာပြီ… ပြီးရင် ကျောက်တော်ကြီးဘုရားပွဲရှိတယ် အဲဒီမှာ ညီမလေးကြိုက်တဲ့ မုန့်ပစ်သလက်ဝယ်ကျွေးမယ်…”

“ဟေးးး တကယ်…. အားးးး ပျော်လိုက်တာ… ဒီနေ့မစားရတာကြာတဲ့မုန့်တွေကို ကိုကို့ကျေးဇူးကြောင့်နဲ့ စားရပြီ ကျေးဇူးအကြီးကြီးပါ….”

“ငါ့ညီမလေး အဲလိုပျော်ရွှင်နေတာ ကိုယ်မမြင်ရတာဘယ်လောက်ကြာပြီလဲ….”

ဟုတ်တယ် သူပြောမှလဲ ကိုယ့်ကိုယ်ကိုသတိထားမိသွားတယ်။ ဒီလို လျှောက်မသွားရတာ မုန့်တွေလျှောက်မစားရတာ ဘယ်လောက်ကြာပြီလဲ… တစ်နေ့တစ်နေ့ အလုပ်သွားလိုက်ပြန်လိုက်နဲ့ ခေါက်ရိုးကျိုးနေတဲ့ နေ့ရက်တွေဘယ်လောက်ရှည်လျားနေခဲ့ပြီလဲ…။ အထူးသဖြင့် သူနဲ့ဒီလိုလျှောက်မသွားတာ ဘယ်လောက်ကြာပြီလဲ…..။ ကျေးဇူးပါ… ကိုယ့်ကိုဒီလိုအခွင့်ရေးပေးလို့….။ ခုချိန်မှာ သူဟာ ကိုယ့်ရဲ့အစ်ကိုတစ်ယောက် ကိုယ်ဟာလဲ သူ့ရဲ့ညီမလေးတစ်ယောက်…။ ဒီထက်ဘာမှမပိုဘူး….။ စည်းတစ်ဖက်ခြားပြီးသား ဘဝမှာ ကိုယ်နေသားကျနေခဲ့တာကြာပါပြီ…နေတတ်နေခဲ့ပါပြီလေ…။

“ဒါနဲ့ ညီမလေးတို့ ခုလိုလျှောက်သွားနေတော့ ကိုကို့အမျိုးသမီးလေး ထမင်းစားစောင့်နေဦးမယ်… အားနာစရာ”

“လာပြန်ပြီ ဒီအားနာတယ်ဆိုတဲ့စကား… နန်းကို ကိုယ်ဖုန်းဆက်ပြောထားပြီးသား ကိုယ်တို့တောင်ပေါ်တက်မယ် ဘုရားပွဲလဲဝင်ဦးမယ်လို့ ”

“အော်…….”
သူ့ကားက တောင်ခြေမှာရှိတဲ့ ကျောက်တော်ကြီးဘုရားပွဲဈေးကို ဖြတ်ကျော်ပြီး တောင်ပတ်လမ်းအတိုင်းတက်လာခဲ့တော့တယ်…။ တောင်တက်လမ်းတစ်လျှောက် ကျန်းမာရေးအတွက် လမ်းလျှောက်တဲ့သူတွေ အတော်များများတွေ့ရတယ်….။ တောင်ပေါ်ရောက်တော့ ခြောက်နာရီဆယ့်ငါးမိနစ်…။ လိမ္မော်ရောင်ရင့်ရင့် တိမ်တိုက်တွေ ကြားမှာ တအိအိဝင်နေတဲ့ နေလုံးကြီးဘေးမှာ အိပ်တန်းငှက်တွေက ပျံသန်းရစ်ဝဲလို့ ….။ ဘုရားရင်ပြင်မှာတိုက်ခတ်လာတဲ့ လေတဖြူးဖြူးကို တဝကြီးရှူလိုက်တယ်…။  လတ်ဆတ်တဲ့ဆောင်းလေပြေ ညနေဆည်းဆာလှလှကို ခံစားရတာ…ပေါ့ပါးလတ်ဆတ်လို့ တလောကလုံး ကိုယ်တစ်ယောက်တည်းလို့တောင် မှတ်ယူလိုက်ချင်တော့တယ်…။ ခြောက်နာရီလေးဆယ့်ငါး ထိတောင်ပေါ်မှာ နေလုံး၀၀င်ပြီး ကြယ်ကလေးတွေတလက်လက် ထွက်လာတာကို စောင့်ကြည့်ပြီးမှ ကိုယ်တို့တောင်ပေါ်က ဆင်းခဲ့တော့တယ်…။

ကျောက်တော်ကြီးဘုရားပွဲဈေးမှာ မုန့်ပစ်သလက်အသည်တွေ မုန့်လုပ်တာကိုစောင့်ရင်း အချဉ်ပေါင်းစားချင်လို့ ကိုကိုက ဝမ်းပျက်မှာစိုးတာနဲ့ ပေးမဝယ်လို့မစားလိုက်ရဘူး…။ အပြန်လည်း နန်းရှေ့ကျုံးပတ်လမ်း အတိုင်းပြန်မောင်းခဲ့တယ်….။ အရင်လို ကံျုးဘေးမှာ လှည်းလေးတွေနဲ့ အအေးရောင်းတဲ့သူတွေ မရှိတော့ဘူး…။ အဲဒီအသည်တွေဆီက ပင်မှည့်သီးဖျော်ရည်ကိုအကြိုက်ဆုံး ပြီးတော့ အုန်းသီးဖတ်နုနုကလေးတွေ ထည့်ထားတဲ့ ထောပတ်သီးဖျော်ရည် စတော်ဗယ်ရီဖျော်ရည်တွေ သိပ်ကောင်းတာ။ သူ့ကို မပူဆာချင်တော့ မဟုတ်ရင် အိမ်ပြန်နောက်ကျလိမ့်မယ်လေ….။ ညအအေးကနဲနဲကဲရတဲ့အထဲ သူ့ကားလေအေးစက်က လည်းတော်တော်အေးတာ….။ ကိုယ့်ကိုသူတချက်ကြည့်ပြီး ကားမောင်နေရင်း အနောက်ဖက်ကို တခုခုလှမ်းယူလိုက်တယ်…။

“ရော့… အဲဒါလေးခြုံထားလိုက်…အေးနေပြီမဟုတ်လား…” 

ကိုယ့်ပေါ်ကိုအညိုဖျော့ရောင်ပုဝါတစ်ထည် တင်ပေးလိုက်တာပါ….။

“ကျေးဇူးကိုကို…”

အိမ်အပြန်လမ်းတလျှောက် ကိုယ်တို့စကားသိပ်မပြောဖြစ်တော့ဘူး….။ ကိုယ်လည်း မမြင်တာကြာပြီဖြစ်တဲ့ လမ်းတလျှောက်ဟိုဒီလျှောက်ငေး သူကလည်း သူ့ကားကိုသူအာရုံစိုက်မောင်းရင်း အလုပ်ကိစ္စတချို့ တွေးချင်တွေးနေလိမ့်မပေါ့…။ လေအေးစက်နဲ့အတူ သူသုံးနေကျရေမွှေးနံ့လေးကို တချက်တချက်ရနေခဲ့တယ်…။ ဒီရေမွှေးတွေခေါ်ဆောင်ရာဆီကို အတွေးတွေလိုက်မသွားမိဖို့ ကိုယ့်ကိုယ်ကို အကြိမ်ကြိမ်သတိပေးရင်း သူ့ကားကိုလိုက်စီးလာလိုက်တာ သူ့အိမ်ရောက်တဲ့အထိပဲ….။ အတိတ်က အကြောင်းအရာဆီကို အတွေးကအစ ပြန်မသွားသင့်တော့ဘူးလို့ ကိုယ်ထင်တယ်လေ….။ မေ့လိုက်စို့ရဲ့နော်….။ 

မှန်းထားတာထက်စောပြီး ကိုယ့်အလုပ်တွေကပြီးသွားခဲ့တာ… ဉာဏ်ကောင်းတဲ့ ကလေးမတွေကို ကျေးဇူးတင်ရမှာပါပဲ… ကိုယ်နှစ်ရက်လောက်စာရင်းကို လက်တွေ့ပြတာနဲ့သူတို့တော်တော်ရသွားတယ်…။ ရန်ကုန်မှာလဲ ဘော့စ်ကနိုင်ငံခြားခရီး ရုတ်တရက် ထွက်ရမယ်ဆိုလို့ ကိုယ့်မပြန်လို့မဖြစ်တော့…။ ဒါနဲ့မန်းမှာ သုံးရက်ပဲနေလိုက်ရတယ် ဆိုပါတော့…။ ဘော့စ်ကအစကတော့ တပတ်လောက်နေခဲ့ ပြင်ဦးလွင်တွေ ဘာတွေလဲ လျှောက်လည်ခဲ့ဖို့ခွင့်ပေးလိုက်သေးတာ သဘောကောင်းကောင်းနဲ့…. ခုတော့…။ အပြန်ကို သူကပြောထားတဲ့အတိုင်း လေယာဉ်လက်မှတ်ကို အားချင်းစီစဉ်ပေးခဲ့တယ်….။ မနက်စောစော ကွင်းဆင်းတော့ သူပဲ ကိုယ်တိုင်ကားမောင်းလိုက်ပို့ပေးခဲ့တယ်….။

“လေယာဉ်စီးရင်မူးတတ်လား… ပရုတ်ဆီတို့ ရှူဆေးဗူးတို့ဆောင်ထားတတ်လား မရှိရင် ကိုယ်ဝယ်ထည့်ပေးလိုက်မယ်…”

ကိုယ်ကတော့ ဘေးနားကနေကိုယ့်ကို ကလေးတစ်ယောက်လိုလိုက်ပြီးစိတ်ပူနေတဲ့ သူ့ကိုကြည့်ရင်း ပြုံးပဲနေလိုက်တော့တယ်…။

“ကိုကိုကလဲ ညီမလေးမမူးတတ်ဘူးအေးဆေး ဘာမှစိတ်ပူမနေနဲ့…. ကိုကိုက ကလေးအဖေလဲဖြစ်ရော ညီမလေးကိုလဲ သူ့သမီးအောက်မေ့နေလားမသိဘူး လိုက်ပူနေတယ်”

“အေးပါ… ညည်းက အိမ်မှာ  စိတ်ပူရမယ့်အငယ်မရှိတော့ ဘယ်သိပါ့မလဲ”

*******************************

တိမ်တိုက်ထဲပျံဝဲခရီးနှင်နေချိန်မှာတော့ မျက်စိကိုစုံမှိတ်ပြီး ကိုယ်လိုက်လာခဲ့တယ်… အတွေးစတွေကတော့…. ပြန်မရနိုင်တော့တဲ့ မန္တလေးညဆီကို ရစ်ဝဲလို့….။ ကိုယ့်ငယ်ရုပ်နဲ့တူတဲ့ ကလေးမလေးကိုပြန်မြင်ယောင်မိတော့ ကိုယ်နှုတ်ခမ်းတွေတွန့်ကွေးသွားခဲ့မိမယ်ထင်တယ်….။

သူတို့နှစ်ယောက်အကြောင်းကိုအောက်ကပို့စ်တွေမှာရေးခဲ့ဖူးပါတယ်...။
1.မကုန်ဆုံးချင်သော...ညနေ
2.တိမ်တွေငိုတဲ့နေ့
3. မေမြို့ည
4.ချစ်သူရဲ့သမီး
5.ဟိုးတုန်းက နွေရက်လေးဆီ


မိုးငွေ့

Wednesday, 18 June 2014

တခါက ကျွန်တော့်ရဲ့.....



သူ ကျွန်တော့်ထက်ဆယ်နှစ်ကျော်လောက် အသက်ကြီးတယ်လ့ို ဘယ်သူယုံမှာလဲ….။ သူ့ပုံစုံကိုကြည့်ဦးလေ….။ ဘာမှလိမ်းမထားသည့် ပျားရည်ရောင်ကြည်စင်နေသည့် မျက်နှာ မဲနက်နေသောမျက်တောင်ကော့ကော့နှင့် မျက်လုံးတောက်တောက်တစ်စုံတို့မှာ ဆွဲဆောင်အား အကောင်းဆုံးလည်းဖြစ်နေသည်…။

သူစိမ်းယောက်ျားရှေ့မှာထိုင်နေသည်ဆိုပေမယ့် အမူအရာတွေက မိန်းကလေးတစ်ယောက်လို ရှက်ရွံ မူနွဲ့မနေဘဲ မတွေ့တာကြာပြီဖြစ်သည့် ငယ်သူငယ်ချင်း တစ်ယောက်နှင့် ပြန်လည်တွေ့ဆုံ   နေပုံတောင် ပေါက်နေသေးသည်…။ ပြီးတော့ ယောက်ျားလေးတွေ အထိုင်များသော လက်ဖက်ရည်ဆိုင် ကိုလည်း သူကထိုင်နေကျဖြစ်ပုံရသည် ကြည့်ရသည်မှာ အေးဆေးပင်..။ ကျွန်တော်တို့ ခရီးတစ်ခုမှာ ဆုံကြရင်းကခင်ခဲ့သည် ဆိုပေမယ့်လည်း ယခုဆုံတွေ့ခြင်းမှာ ဒုတိယအကြိမ်သာဖြစ်သည်။

ပေါ့ဆိမ့်လက်ဖက်ရည်ခွက်ကို တစ်ငုံသောက်ပြီးတိုင်း ကျွန်တော့်ကို မော့ကြည့်လာတတ်သည့် သူ့အကြည့်တွေက တစ်ယောက်ယောက် ကျွန်တော့်ကို ကင်မရာမီးနှင့် ဖျတ်ခနဲလာလာရိုက်သလို ထင်ဟတ်သွားစေသည်…။ ထိုအခါ ကျွန်တော်အသက်ရှူ ဖို့ မေ့မေ့သွားတတ်သည်…။

နေ့လယ်တုန်းက ဖဘမှာတွေ့ရင်း ညနေ မုန့်လိုက်ကျွေးချင်သည်ဟု သူပြောလာ၍ ကျွန်တော်သ့ူဆီကို ရောက်လာခဲ့ခြင်းဖြစ်သည်….။ ကျွန်တော်တို့ ဒီဗာဒံပင်အုပ်အုပ်နဲ့ လက်ဖက်ရည်ဆိုင်ကို မရောက်လာခင် ဘိတ်ကော်ရည်ခေါက်ဆွဲဆိုင်တွင်ထိုင်ခဲ့ကြသေးသည်…။

“မင်း..ဘာစားမလဲ… ဒီဆိုင်က ကော်ရည်ခေါက်ဆွဲက နာမည်ကြီးပဲ ကပ်ကြေးကိုက်ကြော်လည်း ကောင်းတယ်…”  သူက မီနူးစာရွက်ကိုကြည့်ကာ ဆိုင်၏အကောင်းဆုံး အစားစာများကို ညွှန်းနေသေးသည်…။ ကျွန်တော်က ကော်ရည်ခေါက်ဆွဲ သူကပင်လယ်စာကပ်ကြေးကိုက် မှာသည်။  ကျွန်တော်တို့မှာထားသည်များ ရောက်မလာခင် သူက ကျွန်တော်..ဘာမေဂျာနှင့် ကျောင်းတက်နေသလဲ အလုပ်အကြောင်းစသဖြင့် စကားဖေါင်ဖွဲ့ပြောနေခဲ့သည်…။ ကျွန်တော်ကတော့ သူ့ကို ကျွန်တော့်ထက်အသက်တော်တော်ကြီးသော မိန်းမတစ်ယောက်လို့မထင်ဘဲ ကျွန်တော်နှင့်ရွယ်တူ ကောင်မလေးတစ်ယောက်လို့သာမြင်သည်။ တခါတခါ စကားစပြတ်သွားခဲ့လျှင် သူကျွန်တော့်ကိုလှမ်းကြည့်ပြီး ကျွန်တော်နှင့်အကြည့်ချင်း ဆုံသွားသည့်အခါ ကျွန်တော်ပြန်ပြုံးပြသော အပြုံးတွေဟာ မရွံ့မရဲဖြစ်ချင်ဖြစ်သွားလိမ့်မည်…။ သို့သော် သူ့အပြုံးတွေကတော့ အလင်းတန်းတစ်ခုလို ကျွန်တော့်မျက်စိတွေကိုကျိန်းစပ်စေခဲ့သည်..။

ကျွန်တော်တို့ ကော်ရည်ခေါက်ဆွဲစားပြီးတော့ လက်ဖက်ရည်ဆိုင်ပြောင်းထိုင်ကြမည်ဆိုပြီး သူဦးဆောင်ရာနောက်ကျွန်တော်လိုက်သွားခဲ့သည်…။ နွေရာသီစီး ရာဘာခြေညှပ်အဖြူဆွတ်ဆွတ်နှင့် ဖိုးကွာတားချည်သား အညိုရင့်ရောင်ဘောင်းဘီဝတ်ထားသောသူက ကျွန်တော့်အရှေ့ကနေ လျှောက်ရင်း လှည့်လှည့်စကားပြောနေဟန်တွေဟာ ကျွန်တော်ထက်အသက် ဆယ်နှစ်ကျော်ကြီးသော မိန်းမတစ်ယောက်လို့ ကျွန်တော်ဘယ်လိုမှ မယုံနိုင်ခဲ့ပါ…။ လက်ဖက်ရည်ဆိုင်ရောက်တော့ ကျွန်တော့်ကို သူက ပိုက်ဆံအိတ်ထဲမှ သူ့မှတ်ပုံတင်ကို ထုတ်ပြခဲ့သည်…။ တကယ်… သူကျွန်တော့်ထက် အသက်ဆယ့်တစ်နှစ်နှင့် နှစ်လကြီးပါသည်။

ကျွန်တော်တို့တော်တော်ရင်းနှီးသွားတော့မှ သူပြောပြလို့သိလိုက်ရသည်…။ ကျွန်တော်တို့ ထိုညက ဗာဒံပင်အောက်လက်ဖက်ရည်ဆိုင် အတူထိုင်ခဲ့စဉ် သူက ကျွန်တော့်ကို ပေါ့ဆိမ့်ကြိုက်မည်အထင်နှင့် မှာသောက်ခဲ့သည်တဲ့...။

တကယ်တော့ သူဟာ ကျွန်တော့်လိုပင် ကော်ဖီခါးခါးကို နှစ်သက်စွဲလန်းသူဖြစ်သည်…။

ကျွန်တော်တို့နှစ်ယောက် ဂီတကိုချစ်မြတ်နိုးကြတာခြင်းတူသည်…။ ကျွန်တော်က ကဗျာတွေကို ချစ်သည်…။ သို့သော် သူ့လိုတော့ ကဗျာမရေးတတ်ပါ…။ တခါတခါ ကျွန်တော်နှင့် အွန်လိုင်းပေါ်ဆုံလျှင် ကျွန်တော့်ကို သူလက်တန်းရေးစပ်ပေးတတ်သော သူ့ကဗျာတိုလေးတွေကို ကျွန်တော်မြတ်နိုးမိသည်…။ ကျွန်တော့်မေးလ်ဘောက်စ်ထဲမှာ သူရေးပေးတတ်သည့် ကဗျာတိုကလေးများကို သိမ်းဆည်းထားဖို့ သူ့နာမည်လေးနှင့် သီးသန့်လေးလုပ်ထားခဲ့သည်…။

တခါက ကျွန်တော်တို့လိုင်းပေါ်မှာ ဆုံကြရင်းတစ်နေ့လောက် သီချင်းသွားဆိုရအောင်ဟု ကျွန်တော်ပြောခဲ့ဖူးပြီး အလုပ်ရှုပ်နေလို့ လတော်တော်ကြာသည့်အထိ အကောင်ထည်မဖော်ဖြစ်ခဲ့..။ သူက ကျွန်တော့်စကားကိုမှတ်ထားခဲ့ပြီး တစ်ရက်တော့ ကျွန်တော်တို့အတူသီချင်းသွားဆိုခဲ့ပါသည်…။ ထိုနေ့က ကျွန်တော်အလုပ်ကိစ္စတစ်ခုကြောင့် စိတ်ညစ်ကာ ညတော်တော်မိုးချုပ်မှ သူ့ဆီဖုန်းဆက်ကာ သီချင်းသွားဆိုဖို့ပြောတော့ သူက ဘာမှမငြင်းဘဲ ကျွန်တော်နှင့်အတူ အဖော်လိုက်ပေးခဲ့သည်…။

သီချင်းဆိုရင်း ကျွန်တော်ဘီယာမှာသောက်တော့လဲ သူဘာမှမငြိုငြင်ခဲ့ပါ…။ ကျွန်တော်ပေါက်ကွဲတော့ ကျွန်တော့်ဘေးမှာ တိတ်တဆိတ်နှင့်ပင် သီချင်းနားထောင်နေခဲ့သည်…။ ကျွန်တော့်ဘယ်ဖက် တောင့်နေရာမှာ ခြေထောက်လေးပိုက်ပြီး ကျွန်တော်ဆိုသမျှ သီချင်းကို ငြိမ်နားထောင်နေခဲ့သော သူ့ကို ကျွန်တော်အားလည်း နာနေခဲ့သည်…။ ပြီးတော့ မီးရောက်မှိန်မှိန်အောက်က သူ့ပါးပြင်တွေကို ကျွန်တော်နမ်းမွှေးချင်စိတ်ပေါက်သွားခဲ့သည်…။ ကျွန်တော့်ကို ယုံကြည်လို့လိုက်လာသည့် သူ့ကို အိန္ဒြေ သိက္ခာမဲ့စေမည့်လုပ်ရပ်မျိုး မလုပ်မည့်ဖို့ ဘီယာသောက်ထားပေမယ့် အသိတရားတွေနဲ့ ထိန်းချုပ်လိုက်မိ၏…။

“မမ ပျင်းနေပြီလား သီချင်းတစ်ပုဒ်လောက်ဆိုဗျာ…လာပါ…”
တောင့်မှာထိုင်နေသည့်သူက ကျွန်တော့်နားကိုတိုးလာခဲ့သည်…။

“မင်းဆိုတာပဲနားထောင်မယ်နော်… ကိုယ်မှမဆိုတတ်တာ…”

သီချင်းသံတွေပဲ ကျယ်နေလို့လား သူ့အသံတွေကခါတိုင်းထက်ပိုပြီး တိုးညက်နေသည်လို့ ထင်သည် ပြီးတော့ သူ့အမူအရာတွေက ဆယ်ကျော်သက်ကောင်မလေး တစ်ယောက်လို မခို့တရို့ ရှက်ကိုးရှက်ကန်းဖြစ်နေသည်…။ အခါတိုင်းလို သွက်လက် လွတ်လပ်ပွင့်လင်းသော အမူအရာတွေ ဒီညသူ့ဆီမှာ ကျွန်တော်မတွေ့ခဲ့ရ…။

“ဒါဆို မမဘာသီချင်းနားထောင်မလဲ ရွေးလေ ရော့ ကျွန်တော်ဆိုပြမယ်…”

ကျွန်တော်သူ့လက်ထဲ သီချင်းစာအုပ်ထည့်ပေးလိုက်တော့ သူသီချင်းတွေရွေးနေသည်…။ အာဇာနည် အဲလက်စ် သူနားထောင်ချင်သည့် သီချင်းများကို ကျွန်တော်ဆိုင်မပိတ်မချင်း ဆိုပြဖို့ဆုံးဖြတ်လိုက်သည်။ သူသီချင်းရွေးတော့ သူ့လက်ဖျံတွေက ကျွန်တော့်လက်ကို သူ့လက်မောင်းတွေ ကျွန်တော့်လက်မောင်းကို လာထိမိတိုင်း ကျွန်တော့်ရင်တွေ ဗလောင်ဆူသွားကြသည်…။ ကြည်စင်သည့်ပါးပြင် စိုတောက်နေသည့် နှုတ်ခမ်းပြည့်ပြည့်တို့က ကျွန်တော်နဲ့နီးနီးကလေးမှာ…။ အာရုံတွေကို သီချင်းတွေဆီမနည်းပို့လွှတ်ထားခဲ့ရသည်…..။ ဘီယာသောက်ထားသည့် အရှိန်ရိုးတိုးရိတ်တိတ်တို့က ဘယ်လိုလွင့်ပြယ်သွားကြမှန်းမသိ…။

နောက်ဆုံးကျွန်တော့်ဘယ်လိုမှမထိန်းနိုင်တော့လို့ သီချင်းဆိုရင်း သူ့ညာဖက်လက်ကလေးကို မသိမသာဆုတ်ကိုင်ထားလိုက်မိသည်…။ သူလည်းပဲ ကျွန်တော့်လက်ကို ခပ်တင်းတင်း ပြန်လည်ဆုတ်ကိုင် ထားခဲ့သည်…။ ကျွန်တော့်သွေးကြောထဲ အားအင်တစ်ခု လတ်ဆတ်စွာ စီးမျောစိမ့်ဝင်သွားခဲ့သလို ခံစားလိုက်မိသည်…။ စိတ်ထဲက အဆင်မပြေသည့်အကျိတ်အခဲတွေ ပြေပျောက် သွားခဲ့ကြသည်….။ ကျွန်တော်နားလည်လိုက်တာက သူကျွန်တော်နဘေးမှာရှိရင် ကျွန်တော်ကြည်နူးရသည် ပျော်ရွှင်ရသည်…..။ သူ့ဆီက ဖြားယောင်သွေးဆောင်မှု တစ်စုံတစ်ရာမပါဘဲနဲ့ ကျွန်တော့ဘေးနားမှာ တိတ်တိတ်ကလေး ထိုင်ပေးနေရုံနှင့် ကျွန်တော့်ကိုပျော်ရွှင်မှုတွေ သူပေးနေခဲ့တယ်..။ ဒါဟာ ဘာလို့ခေါ်နိုင်သလဲ…. တဆိတ်လောက်ကျွန်တော့်ကို ရှင်းပြနိုင်မလား…။

ကျွန်တော်သူ့ကို အိမ်ပြန်ပို့တော့ ညတော်တော်နက်နေပြီ…..။ သူတိုက်ခန်းရှေ့မှာ ကျွန်တော့်ကို သူက ကားပြန်ငှားပေးခဲ့သည်…။

“ဂရုစိုက်ပြန်နော်… ပြန်ရောက်ရင် ကိုယ့်ဆီဖုန်းမက်ဆေ့ချ်ပို့လိုက်ဦး …”

“ဂွတ်နိုက် မမ…အပေါ်တက်တော့…”

ကျွန်တော်သူ့ကိုလက်ပြပြီး သူလှေကားထဲဝင်သွားသည့်အထိစောင့်ပြီးမှ ထွက်ခဲ့လိုက်သည်…။

အိမ်မရောက်ခင် လမ်းတစ်ဝက်မှာပဲ ကျွန်တော်သူ့ဆီမက်ဆေ့ချ်ပို့လိုက်သည်..။

“ အိပ်တော့ မမ ကျွန်တော့်ကို စိတ်မပူနဲ့… ဂွတ်နိုက် fly kiss…”

ကျွန်တော့်မက်ဆေ့ချ်ထွက်သွားပြီး နှစ်မိနှစ်အတွင်းပဲ သူပြန်ပို့လာသည်။

“ ဟင်… အိမ်ပြန်ရောက်ပြီလား မြန်လိုက်တာ….ဂွတ်နိုက် တိတ်ခဲနော်…” တဲ့။

အိပ်ယာပေါ်မှာ နဖူးပေါ်လက်တင်ရင်း တချိန်က သူနဲ့ပတ်သက်ခဲ့ဖူးတာကို ကျွန်တော်စဉ်းစားခန်းပြန်ဝင်နေမိသည်...။ ခုချိန်ဆိုသူဘာလုပ်နေမလဲ.. တစ်ယောက်ထဲ အတွေးနယ်ချဲ့ရင်း စာတွေရေးနေမလား...။ အွန်လိုင်းဖွင့်ပြီး ဘယ်တော့မှမီးမလင်းသည့် ကျွန်တော့်ချက်ဘောက်စ်လေးမှာ “နေကောင်းလား အိန်ဂျယ်..” လို့ လာနှုတ်ဆက်နေမလား...။

မိုးငွေ့