Friday, 2 February 2024

အကြည့်ရိုင်း.....






သူနဲ့ အကြည့်ချင်းဆုံတိုင်း သူ့မျက်လုံးတွေကို ကျမ သတိထားထားမိနေတာကြာပြီ....။ သူ့အကြည့်စူးရှရှတွေကို ကျမ တစ်ခါမှ အဓိပ္ပါယ်မဖော်ခဲ့ဘဲ ဒီလိုပဲ တမန်ကာရှန်ကာ မေ့မေ့ရော့ရော့ထားလိုက်မိတယ်...။ တကယ် ကျမတို့က မကြာခဏဆုံဖြစ်ကြတဲ့သူတွေတော့မဟုတ်ပါဘူး....။ သူ့အလုပ်ရှိရာဆီ ကျမကိစ္စပေါ်မှရောက်ဖြစ်တာပါ... တစ်လနေမှ တစ်ခါလောက်တောင်မဆုံဖြစ်တဲ့သူတွေမို့ ကျမ သူနဲ့အကြည့်ချင်းဆုံဖြစ်တဲ့အခါမှာပဲ သူ့မျက်လုံးတွေကို မှတ်မိတာ ပြီးတာနဲ့မေ့သွားတာပါပဲ...။ သူနဲ့ဆုံတိုင်းလည်း ကျမက သူအကြည့်ကို မျက်လုံးမလွဲဘဲ ပြန်စိုက်ကြည့်ဖြစ်တာများတယ်....။ ဒီတစ်ခါနောက်ဆုံး သူနဲ့တွေ့ဖြစ်တော့မှ ကျမသူ့အကြည့်တွေကို ပုံဖော်မိတယ်...။ ကျမတို့ဆုံတိုင်းလည်း ကျမဖက်က ကျမလိုချင်တဲ့စာရွက်စာတမ်းကဘာလဲဆိုတဲ့ စကားလေးတစ်ခွန်းပဲသူ့ကိုပြောပြီး သူက ကျမကို တစ်ချက်လှမ်းကြည့်တယ် အဲဒီအကြည့်တစ်ချက်ကလဲ စူးရဲတောက်ပလွန်းတယ်လို့ ဆုံတိုင်း ခံစားရစမြဲပဲ....။  လူတစ်ယောက်ကို သဘောကျချစ်ခင်နှစ်သက်မှုတစ်စလေးမှမတွေ့တဲ့ သူ့အကြည့်တွေက အမုန်းအာဃာတတစ်ခုခုတောင်ပျော်ဝင်နေတဲ့ အရိုင်းဆန်တယ်လို့ ခံစားရစေတယ်....။ ပြီးတော့ သူက ကျမဆီက အကြည့်ကိုလွဲပြီး ကျမလိုချင်တဲ့ စာရွက်တွေကို ထုတ်ပေးဖို့လုပ်တယ် ဒီလောက်ပါပဲ....။ ကျမတို့ အပြန်အလှန်တောင် စကားမပြောဖူးဘူးထင်တာပဲ သေချာတောင်မမှတ်မိဘူး....။ သေချာတာကတော့ သူ ကျမကို ကြည့်နေတာကြီးက ကျမကို တစ်ခုခုမနှစ်မြို့တဲ့ပုံမျိုး .... ကျမတို့ကြားမှာ ဘာမှပတ်သက်မှုမရှိခဲ့တဲ့အတွက် သူဘာကြောင့် ကျမကို ဒီလိုကြီးကြည့်တယ်ဆိုတာကို ကျမ ခုနောက်ဆုံး သူ့အကြည့်ကို သေသေချာချာ ပုံဖော်တော့မှ စူးစမ်းချင်လာခဲ့မိတယ်....။ ဒါကလည်း ကျမ စိတ်ကူးသက်သက်ပါ တကယ်တမ်းက ကျမနဲ့သူက နောက်တစ်ကြိမ်ပြန်ဆုံဖို့ဆိုတာတောင် မသေချာတဲ့သူတွေ.....။

သူ့အကြည့်ရိုင်းတွေနဲ့ပတ်သက်ပြီး ကျမရဲ့ စူးစမ်းချင်စိတ်ကို မေ့မေ့လျော့လျော့ရှိခဲ့တာ တစ်နေ့မှာတော့ သူနဲ့ပက်ပင်းတွေ့ဖို့ အလုပ်အပြန်ကို ဘတ်စ်ကားစီးရတာနဲ့ စတာပဲ....။ ကျမအလုပ်မှာ ကျမက Ferry အကြိုအပို့ ရုံးကလုပ်ထားပေးပြီးသား ဒီနေ့မှ ကားစက်ပျက်လို့ ကျမ တက်စီမငှားစီးရဲတာနဲ့ ဘတ်စ်စီးဖို့ ကားမှတ်တိုင်မှာ ရက်စောင့်နေခဲ့တယ်...။ ပြောဖို့မေ့နေတယ် ကျမတို့က မဆုံမယ့်သာ မဆုံဖြစ်ကြတာ သူ့ရုံးနဲ့ ကျမတို့ရုံးက မျက်နှာချင်းဆိုင်မှာပဲ ဟိုဖက်ဒီဖက်ကားလမ်းကူးရုံလေးပဲ...။ ကျမက ဘတ်စ်ကားစီးနေကျမဟုတ်တော့ သူဒီမှတ်တိုင်ကနေ အိမ်ပြန်တယ်ဆိုတာ မသိခဲ့ဘူးလေ...။ ကားစောင့်နေတုန်း ကျမဘေးနား ကျမထက် ခေါင်းတစ်လုံးစာမြင့်တဲ့သူတစ်ယောက်လာရပ်လို့ လှည့်ကြည့်တော့ သူဖြစ်နေတယ်...။ သူ့ကိုပြုံးပြနှုတ်ဆက်ဖို့အားယူနေဆဲ ကျမကို သူက သာမန်ပဲ တစ်ချက်ကြည့်ပြီး ကားအလာဖက်ကို အကြည့်ပို့လိုက်တယ်...။ တိုက်ဆိုင်ချင်တော့ စီးမယ့်ကားနံပါတ်ချင်းလာတူနေတယ်....။ ကားရောက်လာတော့ သူက အရင်တက်သွားခဲ့တယ်...။ ကျမ သူ့နားရပ်ရမှာစိုးလို့ သူ့နောက်က ကပ်မလိုက်သွားဘဲ  နှစ်ယောက်လောက်ခြားပြီးမှတက်သွားလိုက်တယ်....။ ရုံးဆင်းချိန်မို့ ကားထဲမှာ လူတိုးကြိတ်ကျပ်ညှပ်နေတာ...။ ဆင်းဖို့မှတ်တိုင်က လိုသေးတာမို့ အထဲကိုတိုးဝင်သွားလိုက်တယ်....။ သူဘယ်နေရာရောက်သွားလဲဆိုတာကို စပ်စုဖို့နေနေသာသာ ဘယ်နေရာမှာ ရပ်ရင်အဆင်ပြေမလဲ တိုးရင်းရှာရသေးတယ်...။ ကားအလယ်ပိုင်းလောက်ကျမှ ကျမလက်ထဲက ခြင်းတောင်းကို လာဆွဲပြီး "ဒီမှာလာထိုင်" ဆိုပြီး သူက ကျမကို နေရာဖယ်ပေးတယ် သူက ဒီမှာ နေရာရနေတာကိုး....။ ကျမ ထိုင်ခုံနားမှာ သူ့ရုံးလွယ်အိတ်ကို လက်တစ်ဖက်က ကိုင်ပြီး တစ်ဖက်က တန်းကိုကိုင်ထားတယ်...။ ကျမသူ့ကိုမော့ကြည့်ပြီး "ကျေးဇူး" လို့ ခပ်တိုးတိုးပြောလိုက်တယ် ပြီးတော့ သူ့လက်ထဲက အနက်ရောင် သရေလွယ်အိတ်ကို ယူပြီး ပေါင်ပေါ်တင်ထားလိုက်တယ်...။ ကျမ သူ့ဆီက လစ်ခနဲပြုံးလိုက်တာမြင်လိုက်တယ် ခနလေးမှခနကလေး စက္ကန့်ပိုင်းလေး နှုတ်ခမ်းတွန့်ကွေးသွားလောက်တဲ့ မျက်နှာအသားစိုင်တွေရွေ့လျားသွားလောက်တဲ့ အပြုံးမျိုးတောင်မဟုတ်ဘူး သူ့မျက်လုံးတွေဆီက လာတဲ့ အလင်းတန်းလေးတစ်ခု အပြုံးလေးတစ်ခုကို ကျမဖျတ်ခနဲ မြင်လိုက်တာပါ...မျက်စိတစ်မှိတ်လေးပါပဲ....။ ကင်မရာရှိရင် ကျမရိုက်ထားမိမယ်ထင်တယ် သူ့ဆီက မြင်ရခဲတဲ့ ရှားရှားပါးပါးလေး....။ ဒါပေမယ့် ကျမ Memory မှာတော့ အဲဒီပုံရိပ်လေး က ဖျက်ပစ်လို့မရအောင် ထင်ဟပ်သွားခဲ့ပြီဆိုတာ ကျမ အချိန်နောက်ကျမှသိခဲ့ရတာ...။ ကျမ‌ပေါင်ပေါ်က သူ့သားရေလွယ်အိမ်လေးပေါ်မှာ ပင်အပ်စိုက် အင်္ဂလိပ်အက္ခရာတွေနဲ့တစ်လုံးချင်း စီထားတဲ့ နာမည်တစ်ခုကို ကျမဖတ်လိုက်ရတယ်... "ဉာဏ်မင်းခ" တဲ့....။ သူ့ရဲ့ Client တစ်ယောက်အနေနဲ့ ကျမ နာမည်ကို ကောင်းကောင်းသိနေပေမယ့် ကျမကတော့ သူ့ နာမည်ကို အခုမှသိရတာ....။ ငါးမှတ်တိုင်မြောက်မှာပဲ ကျမဆင်းရတော့မှာမို့ မှတ်တိုင်မရောက်ခင် ကျမနေရာကနေမထခင်သူ့ကို အိတ်လှမ်းပေးလိုက်ပြီး ကျမနေရာမှာထိုင်ဖို့ပါသူ့ကိုဖယ်ပေးလိုက်တယ်...။ သူက အိတ်ယူပြီး ကျမထွက်ဖို့ အနောက်ကိုဆုတ်ပေးလိုက်တယ်....။ ကျမနဲ့သူ ဘာစကားတစ်ခွန်းမှ အပိုနှုတ်မဆက်ကြပါဘူး ကျမလည်း အပေါက်ဝနားတိုးသွားလိုက်တယ်....။ အဆင်းပေါက်ရောက်ပြီး ခနလေးပဲ မှတ်တိုင်ရောက်လို့ ကားရပ်တော့ ကျမကားပေါ်ကအဆင်း ယိုင်ကျသွားသလိုဖြစ်လို့ အနောက်ကနေ တစ်ယောက်ယောက်လှမ်းဆွဲတာခံလိုက်ရတယ်...။

"ဂရုစိုက်မှပေါ့" တဲ့.... သူ့ဆီက ထွက်လာတဲ့အသံက ကျမကို ဂရုဏာသက်တာထက် အပြစ်တင်သံပိုပေါက်နေတယ်...။ ကျမကို သေချာဂရုတစိုက်မဆင်းရကောင်းလားဆိုပြီးတော့လေ...။ နေပါဦး သူကလည်း ဒီမှတ်တိုင်ကဆင်းမယ့်သူပဲလား....။ ကျမက သူဆွဲထားလို့ ဟန်ချက်ပျက်မသွားတာကို ကျေးဇူးတင်စကားပြောရမယ့်အစား သူ့ရဲ့ "ဂရုစိုက်မှပေါ့" ဆိုတဲ့ စကားသံကို ပြန်ကြားယောင်ပြီး သူ့ကို မျက်စောင်းထိုးလိုက်မိတယ်...။ ကားပေါ်ကနေ ပလက်ဖောင်းပေါ်သေသေချာချာရောက်မှ သူက ကျမနားရပ်နေသေးတာကို သတိထားမိတယ်...။ ကျမ သူ့ကိုမော့ကြည့်တော့ သူက မျက်မှောင်ကျုံ့ကြီးနဲ့ ကျမကိုကြည့်နေတယ်...။ သူ့ဘာသာသူ ဘာတွေ စိတ်ရှုပ်နေမှန်းမသိ ကျမ သူ့ကို နှုတ်မဆက်ဘဲ လှည့်ထွက်လာလိုက်တယ်...။ အိမ်တန်းမပြန်သေးဘဲ လမ်းထိပ်က ကော်ဖီဆိုင်လေးမှာထိုင်ဖို့ စိတ်ကူးရှိပြီးသားမို့ ကော်ဖီဆိုင် မှန်တံခါးကိုတွန်းဖွင့်ပြီး ဝင်သွားလိုက်တယ်...။

ကျမတစ်ခုခု မှာဖို့မီနူးကြည့်နေတုန်း ကျမအနောက်ကနေ အသံတစ်ခုထွက်လာတယ်...။ 

"Americano အပူနှစ်ခွက်" 

ပြီးတော့ ကျမဘေးနားရောက်လာတာ သူ....။

"ခင်ဗျားအတွက် ကော်ဖီပိုမှာလိုက်ပြီ ကျန်တာ ခင်ဗျားစားချင်တာပဲမှာလိုက်တော့" တဲ့ သူ့လေသံက သူနဲ့ ရင်းနီးပြီးသားလူတစ်ယောက် ကော်ဖီဆိုင်အတူထိုင်နေကျ မိတ်ဆွေတစ်ယောက်ကို ပြောလိုက်သလိုမျိုး...။ ဟာ ဘာကြီးလဲပေါ့....။ ဘေးနားကသူ့ကို နားမလည်စွာနဲ့ ကျမ ထပ်မော့ကြည့်ရပြန်တယ် ဘာလဲပေါ့...။ ဒီနေ့ သူ့ကိုမော့ကြည့်ရတာ သုံးကြိမ်မြောက်....။ သူက ကျမကိုမကြည့်ဘဲ သူစားမယ့်မုန့်တစ်ခုခုကို မီးနူးမှာရွေးနေတာ အေးအေးဆေးဆေးနဲ့...။

ကျမ စပါ့ဂတီနာပိုလီတစ်ပွဲမှာပြီး မှန်ပြူတင်းနားက စကားပွဲဝိုင်းမှာ နေရာယူလိုက်တယ်....။ ဒီဆိုင်က စားပြီးမှ ဘေလ်ရှင်းရမှာမို့ ကျမက ရှင်းခါနီးကျ American system နဲ့ရှင်းဖို့ စိတ်ကူးထားပြီးသား...။ ခနနေတော့ သူရောက်လာတယ်....။

"အပြင်မှာမထိုင်ဘူးလား.... တစ်နေကုန် လေအေးပေးစက်ခန်းထဲနေနေရတာ အပြင်လေလေးဘာလေးမရှူချင်ဘူးလား"

"မထိုင်ချင်ပါဘူး အပြင်မှာက ကားဆီငွေ့တွေ ဖုန်တွေနဲ့...."

သူက ကျမပြောတာကို ခေါင်းညိတ်ပြီး သူ့အိတ်ထဲက တစ်ခုခုကို ရှာနေတယ်...။ နောက်တော့ စီးကရက်ဗူးနဲ့ မီးခြစ်လေးထုတ်လိုက်တာတွေ့တယ်...။

"ခနလေးနော် ကျနော် အပြင်မှာ ဒါလေး သွားဖွာလိုက်ဦးမယ်..." ကျမ သူ့ကို သွားသွားဆိုပြီးမေးဆတ်ပြလိုက်တယ်...။ သူက ကျမပုံစံကို သဘောကျသွားလို့လား ဘာလားမသိ ကျမကိုရယ်ပြသွားတယ်...။ ကျမသူ့ ရဲ့ အပြုံးကို ပထမဆုံးအကြိမ် ပီပီပြင်ပြင်မြင်ဖူးလိုက်ခြင်းပေါ့....။ အပြင်မှာ စီးကရက်ဖွာနေတဲ့ သူ့ကို ကျမငေးကြည့်မိတယ်...။ စိမ်းမြနေအောင်ရိတ်ထားတဲ့ သူ့ပါးမြိုင်းမွှေးတွေက သူ့မေးရိုးမှာ ယောကျားပိုပီသစေတယ်...။ သူ့မျက်ခုံးထူထူနဲ့ သူ့အကြည့်ရိုင်းတွေက အတွဲညီညီ....။ စီးကရက်ကြောင့်လား အညိုဖက်သန်းနေတဲ့ သူ့နှုတ်ခမ်းထူထူတစ်စုံက သူပြုံးလိုက်တဲ့အခါ ဘေးဖက်ကို ပါးလျားကျယ်ဝန်းသွားတာလေးကြည့်ကောင်းတယ်...။ ရုံးဝတ်စုံ ရှပ်လက်ရှည်အဖြူရောင်ကို လည်ပင်းနားထိစေ့အောင်ကြယ်သီးတပ်ထားတာ ပုဆိုးကို ညီညီညာညာသေသေသပ်သပ်ဝတ်ဆင်ထားတာလေး သဘောကျမိတယ်...။ ပုံမှန်ကျမတို့ဆုံဖြစ်ရင် သူကထိုင်လျက်မို့ သူ့ကိုယ်တစ်ပိုင်းကိုပဲ ကျမကမြင်ဖူးခဲ့တာလေ...။

သူစီးကရက်တစ်လိပ်ကုန်သွားတော့ အထဲပြန်ဝင်လာတယ်...။ စားပွဲမှာ သူမှာပေးတဲ့ ကော်ဖီနှစ်ခွက်က ရောက်နှင့်နေပြီ....။ 

"ဆောရီး ကျနော် ခံတွင်းချဉ်လို့ စီးကရက်ထွက်ဖွာလိုက်တာ..."

"ကျမဘာသာ ကျမ ဒီဆိုင်လာထိုင်တာလေ ရှင်က ဘာကိစ္စလိုက်လာရတာလဲ"

"ကျနော်လည်း အိမ်ပြန်တာလေ ပြီးတော့ ဒီဆိုင်ကလည်း ကျနော်ထိုင်နေကျဆိုင်"

ကျမ မျက်ခုံးပင့် ပခုံးတွန့်မိတော့ သူတစ်ချက်အသံထွက်အောင် ရယ်လိုက်သေးတယ်...။

"ကျမ အမေရိကန်နိုသောက်တာရော ဘယ်လိုသိ..." 

"ဒါလည်း ခင်ဗျား ဒီဆိုင်လာရင်မှာနေကျ ကျနော်ခနခနတွေ့နေလို့ပဲ...ခင်ဗျားက ကျနော့်ဘယ်မြင်မလဲ စာအုပ်ပဲငုံ့ဖတ်နေတာ... ကျနော်နဲ့ခင်ဗျားတစ်ရပ်ကွက်ထဲနေတာ မသိဘူးမဟုတ်လား ခင်ဗျားက ကားအကြိုပို့နဲ့ဆိုတော့ ကျနော်နဲ့ခုမှဘတ်စ်ကားစီးကြုံတာကိုး... "

"အော်..." ကျမဇာတ်ရည်လည်သွားတဲ့ချိန်မှာပဲ ကျမမှာထားတဲ့ အီတလီခေါက်ဆွဲရောက်လာတယ်...။ သူကအသားညှပ်ပေါင်မုန့်မှာထားတယ်...။ ကျမမှာတဲ့ နာပိုလီကို သူကကျမထည့်စားနေကျ အစာပလာတွေကိုထည့်ပြီးမွှေပေးနေသေးတယ်....တားချိန်တောင်မရလိုက်...။

"ရပါတယ် ရှင်ကလည်း ကျမကို ကလေးကျနေတာပဲ ကိုယ့်ဘာသာ ကိုယ်မွှေလိုက်မယ် ပေးပေး..."

"ခင်ဗျားက ကလေးလေးပဲလေ စောစောက ကားပေါ်ကပြုတ်ကျတော့မလို့ ကျနော်လှမ်းဖမ်းထားတာ..."

သူ့စကားကိုသဘောကျလို့ ဒီတစ်ခါ ကျမရယ်လိုက်မိတယ်...။ 

"ရှင်တို့လို့ ဝန်ဆောင်မှုလုပ်ငန်းလုပ်နေတဲ့သူတစ်ယောက်ရဲ့မျက်နှာမှာ အပြုံးကအမြဲတွဲနေရမှာမဟုတ်လား ကျမကတော့ ရှင်ပြုံးတာ ခုမှမြင်ဖူးတာ...သိပ်ထူးဆန်းတာပဲ..."

"ဘာလည်း ကျနော်က ခင်ဗျားတွေ့တိုင်း တခါမှမပြုံးပြလို့လား ခင်ဗျားကိုမို့လို့ သက်သက်မပြုံးပြတာ အမြင်ကပ်လို့လေ..."

"ဟာ...ဘလိုင်းကြီးပါလား..."

"ဟဟ... နောက်တာ တကယ်လည်းအမြင်ကပ်တယ် ခင်ဗျားအကြည့်တွေကို ဒါနဲ့ခင်ဗျားကို တစ်ခုလောက် တောင်းဆိုလို့ရမလား..."

"ဟင် ဘာလို့လဲ ဘာကိုအမြင်ကပ်ပြီး ဘာကိုတောင်းဆိုမလို့လဲ..."

ကျမတို့ရဲ့ ပထမဆုံးအတူထိုင်ဖြစ်တဲ့ ညနေစာကော်ဖီစားပွဲလေးမှာ ကျမတို့နှစ်ယောက်ရဲ့ အခုပုံစံက တော်တော်ရင်းနှီးနေတဲ့ မိတ်ဆွေတွေပုံပေါက်မနေဘူးလား......။

သူက တံတောင်နှစ်ဖက်ကို စားပွဲပေါ်ကျကျနနထောက် သူ့လက်ဖမိုးနှစ်ဖက်ပေါ် မေးတင် ကျမကို သေသေချာချာစိုက်ကြည့်ပြီး....

"ခုနလို အပြုံးမျိုး .... ပြီးတော့ ကျနော့်ကို အမြဲကြည့်တတ်တဲ့ အကြည့်မျိုး ဟုတ်တယ် ဟုတ်တယ် အခုလိုအကြည့်မျိုးပဲ...." သူက စကားတောင်မဆုံးသေးဘဲ သူ့ကိုပြန်ကြည့်တဲ့ကျမအကြည့်ကို ချက်ချင်း အတည်ပြုပြီးပြောနေတယ်...။ ကျမက နားမလည်စွာနဲ့ သူ့ကိုဆက်ပြောလေဆိုပြီး အကြည့်နဲ့ဆက်ပြောဖို့ ကြည့်လိုက်တယ်...။

"တခြား ဘယ်ယောကျာ်းကိုမှ အဲလိုမျိုးမကြည့်နဲ့ မပြုံးပြနဲ့လို့ ပြောတာ အဲဒါပြောချင်တာ"

"အင်း...အဲဒီတော့ဘာဖြစ်လဲ ဘာလို့ ကျမက ရှင်ပြောတဲ့အတိုင်းလိုက်လုပ်ရမလဲ..."

"ဘာဗျာ..... ခင်ဗျားကို ကျနော် သဘောကျလို့ပေါ့ တခြားသူတွေကို အဲလိုမကြည့်စေချင်လို့ပေါ့ ကျနော်မကြိုက်ဘူးဗျာ အဲဒါပဲ..."

"ဟင်....."

ဒါ... သူ ကျမကို ရည်းစားစကားပြောလိုက်တာပဲလို့ သဘောပေါက်ချိန်မှာ ကျမ လက်ထဲက ခရင်းကိုပန်းကန်ထဲပြန်ချပြီး ရယ်လိုက်မိတယ်...။

"ဘာရယ်တာလဲ.... ခင်ဗျားက ကျနော့်ကိုလှောင်တာလား..."

"မဟုတ်ပါဘူး... ကျမကိုယ်ကျမ ရယ်တာပါ... ရည်စားစကားပြောခံလိုက်ရတာကို ခုမှသိလိုက်ရလို့"

ကျမစကားကြောင့် သူက ရှက်ကိုးရှက်ကန်းနဲ့ ထိုင်ခုံနောက်ကျောကို မှီချလိုက်ပြီး ကုတ်ပိုးကိုပွတ်လိုက်တယ်...။ သူရှက်ရင်လုပ်နေကျ အပြုမူလို့ ကျမမှတ်ချက်ချလိုက်တယ်...။

နောက်တော့မှသေချာသိလိုက်ရတာ သူက ကျမသူ့ဆီစာရွတ်စာတမ်းတွေသွားထုတ်တိုင်း သူ့အလိုမကျအကြည့်တွေက ကျမကိုသူက အူတိုလို့ဖြစ်တာလို့ သူပြောပြမှ... တခြား သူ့ဘေးနားက ဝန်ထမ်းတွေကိုပါ ကျမက အဲလိုကြည့်မှာ ကြည့်လိုက်မှာ သူကစိုးရိမ်စိတ်နဲ့တဲ့...။ ကျမသူ့ကို ဒီကော်ဖီဆိုင်လေးမှာပဲ တစ်လတိတိပြည့်တဲ့နေ့မှာ အဖြေပေးလိုက်တာ...အဲချိန်မှ ကျမတို့ တရားဝင်ချစ်သူရည်းစားဖြစ်သွားကြတာ...။ တကယ်တမ်းကျတော့ ကျမတို့နှစ်ယောက်က အကြိုက်တူတာဆိုလို့ ကော်ဖီဆိုင်ထိုင်တာနဲ့သီချင်းနားထောင်တာပဲရှိတာ ကျန်တာ တော်တော်များများကျမတို့ ညှိယူရမှာ....။ သူက စီးကရက်ကြိုက်တယ်ကျမက အနံ့တောင်မခံနိုင်တဲ့သူ....။ ကျမနဲ့လာတွေ့ရင် ကျမနဲ့စကားပြောရင် စီးကရက်မသောက်ရဘူးလို့ အဲလိုတော့ သူလိုက်နာပါတယ်...။ ကျမနဲ့အတူလမ်းသွားရင် တခြားဘယ်ယောကျားကိုမှ ကြည့်တာ မျက်လုံးချင်းဆိုင်တာတောင်သူက မကြိုက်ဘူး အဲတော့ ကျမက သူနဲ့အပြင်သွားရင် စိတ်ကျဉ်းကြပ်ရတယ်...။ တခါတလေကျမတောင်မသိလိုက်ဘဲ စိတ်ထဲပါတာမဟုတ်ဘဲ ကြည့်မိသွားရင် သူက ပြဿနာရှာတတ်တာ ...အဲခါမျိုးဆို ရန်ဖြစ်စကားမပြောဖြစ်ကြတော့ နှစ်ရက်သုံးရက်လောက်က...။ ပြီးတော့ သူပဲ ကျမကို စပြီး ပြန်ချော့ရတာပါပဲ...။

ကျမနဲ့သူ ချစ်သူဖြစ်ပြီးနောက်ပိုင်း ကျမက ရုံးကဖယ်ရီမစီးဖြစ်တော့ဘဲ သူနဲ့အတူကားလိုက်တိုးစီးဖြစ်တယ်....။

"လဝန်းရေ....ကိုယ်တို့ ဒီညနေ ရုပ်ရှင်သွားကြည့်ရအောင်" လို့သူမက်ဆေ့ချ်ပို့လာတော့ ကျမအံ့ဩမိ...။ ကျမနဲ့သူ ချစ်သူသက်တမ်း ၃လမှာ ဒါပထမဆုံးအကြိမ် ရုပ်ရှင်အတူကြည့်ဖူးခြင်းပဲ...။ သမ္မတရုံမှာကျမတို့ "Last Christmas" ကြည့်ကြတယ်....။ ရုပ်ရှင်ကားပြီးတဲ့အထိ ကျမငိုနေရလို့ သူက ဘေးနားကနေ ကျမကို စက္ကူလက်ကိုင်ပဝါတစ်ရွက်ပြီးတစ်ရွက်ထုတ်ပေးရတယ်...။ 

"ကြည့်ဦး ငိုထားလိုက်တာ မျက်ခွံတွေကို မို့ဖောင်းလို့ လဝန်းရယ် ကလေးကျနေတာပဲ ဒီလိုပုံနဲ့ အိမ်ပြန်ရမှာ"

"ဘာဖြစ်လဲ ကိုကိုက ရှက်လို့လား ..."

အိမ်အပြန်သူက ကျမကို ကားပေါ်မှာ ပွေ့ဖက်ထားပြီး ကျမ မျက်ခွံဖောင်းအစ်အစ်တွေကို သူ့နှုတ်ခမ်းထူထူနဲ့နမ်းပြီး ကျပ်ပူလုပ်ပေးတာတဲ့....လူလည်ကြီး...။


__________________________________________


အကြည့်ရိုင်းတစ်ခုနဲ့ ကျမတို့ စတွေ့ကြတယ်.... အကြည့်ရိုင်းနဲ့ပဲ ကျမတို့ဆုံဆည်းကြတယ်...အချိန်တစ်ခုရောက်တော့လည်း အဲဒီအကြည့်ရိုင်းတစ်ခုကြောင့်နဲ့ပဲ ကျမတို့ခွဲခွာသွားကြရတယ်...။ တဒင်္ဂအကြည့်ရိုင်းတစ်ခုက ကျမတို့နှစ်ယောက်ဆီကို အချိန်ကာလတစ်ခုအနေနဲ့ တစ်သက်တာအမှတ်တရတွေ ချစ်ခြင်းတွေ မွတ်သိပ်မှုတွေ ကတောက်ကဆတွေ မပြေလည်မှုတွေ...စတဲ့ ရသစုံစုံလင်လင်နဲ့ ဝင်ရောက်လည်ပတ်သွားခဲ့တယ်....။ အဆုံးသတ်မှာတော့ အကြည့်ရိုင်းကြောင့် ကျမတို့ကွဲကွာသွားကြရတယ်...။ သေချာတာကတော့ အကြည့်ရိုင်းကို အသက်ရှင်သရွေ့ ကျမတို့နှစ်ယောက်စလုံး ဘယ်အချိန်ရောက်ရောက် နှလုံးအိမ်ထဲစွဲမြဲ အမှတ်ရနေကြဦးမှာပဲ......။


မှတ်ချက်။    ။ ရေးထားတာကြာပြီး မတင်ဖြစ်တဲ့ စာတစ်ပုဒ် နိုင်ငံခြား ဝတ္ထုတိုလေးတစ်ပုဒ်ကို သဘောကျလို့ Inspiration ယူပြီး ဆီလျော်သလိုပြန်ရေးထားတာပါ...။



__________________
Revolution will prevail
မိုးငွေ့


No comments: