Thursday, 27 June 2013

အိပ်မက်ထဲတောင်ထည့် မမက်ချင်ဘူး....




မေရဲ့ မိုးစက်ပွင့်တွေ တဖျောက်နှစ်ဖျောက်ကျနေတဲ့ နေ့လည်ခင်းတစ်ခုမှာ... “အစ်မ.. ဧည့်သည်ရောက်နေတယ်” ဆိုလို့ ထွက်တွေ့တော့ စတစ်ကော်လာ အဖြူဆွတ်ဆွတ် အကျီၤနဲ့ ရွှေဖလားရောင်ပုဆိုးဝတ်ထားတဲ့
မောင့်အရင် ကုမ္ပဏီတုန်းက လုပ်ဖော်ကိုင်ဖက်ပါ ...။ လက်ထဲမှာလည်း ဖိတ်စာတွေနဲ့ဆိုတော့ ဒီလူပျိုကြီး အစွန်ထုတ်ပွဲအတွက် လာဖိတ်မှန်းသိလိုက်ပါတယ်...။ လူပုံစံကလည်း ခုပဲ စေ့စပ်ပွဲကထလာသလို မင်္ဂလာပဲသွားဆောင်တော့မလို အဆင်အယင်နဲ့မဟုတ်လား...။ ညနေ အိမ်ရောက်လို့ မောင့်ကိုဖိတ်စာ ပြပြီး ပြန်ပြောပြတော့ ဟုတ်တယ် ဒီကောင်က တစ်ခါတစ်လေ ကြောင်တောင်တောင် စတိုလ်သိပ်ဖမ်းတတ်တာတဲ့...။

ကျမကတော့ဖြင့်လေ ဖိတ်စာရတာ ဝမ်းသာလို့ ရုံးက ကလေးမတွေတောင် ရယ်ကြသေးတယ်...။ သူများတွေက ဖိတ်စာရရင် ကုန်ပေါက်လို့မြင်ကြပေမယ့်...ကျမကတော့ ကျမ ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ အဝတ်အစားတွေကိုတော့ ထုတ်ဝတ်ရချေရဲ့လို့ ဝမ်းသာမဆုံးဖြစ်နေတာ မောင်က အဲမင်္ဂလာဆောင်မသွားဘူး ဆိုတော့ ကျမရဲ့ အိပ်မက်တွေပဲပြိုကျသွားတော့သလိုလို...မောင်ကလည်း လူမှုရေးဆိုတာရှိသေးတာပဲ သွားမှကောင်းမှာပေါ့လို့ မောင်သူတို့နဲ့မတွေ့ချင်ရအောင် ဘာများအပြစ်လုပ်ခဲ့မိလို့လဲလို့ ကျမ မရွံမရဲ ဇောတက တက်မိတယ်..။ မောင်က လူမှုရေးဆိုတာဘာလဲ အပြစ်လုပ်ထားတာမရှိလဲ ဒီလူတွေနဲ့ တွေ့ချင်စိတ်မရှိရတာနဲ့ ဘာဆိုင်လဲလို့ ပြန်ပြီး ဘုတောတောပါတယ်...။ အဲမင်္ဂလာဆောင်ကိုသွားရင် ကိုယ်မမြင်ချင် မတွေ့ချင်တော့တဲ့ အရင်က လူဟောင်းတွေနဲ့ ပြန်တွေ့ရ နှုတ်ဆက်ရ ရယ်ပြရ ပြုံးပြရတဲ့ အလုပ်ကို မလုပ်ချင်ဘူးတဲ့...။ ကျမသိပါတယ် မောင်က အဲလိုနေရာမျိုးမှာ သိပ်ပြီးဝန်လေး တတ်တယ်ဆိုတာ...။

ညဖက် မောင့်ကို ခြေသလုံးနှိပ်နယ်ပေးရင်း  ကုတင်ခြေရင်းက တီဗီမှာလာနေတဲ့ American Idol မှာ Candice၊ Angie နဲ့ Kree သုံးယောက်ထဲက ကျမကြိုက်တဲ့ Angie အပယ်ခံလိုက်ရပါတယ်...ေ နာက်ဆုံးနှှုတ်ဆက်သီချင်းက ငိုသံပါကြီးနဲ့ဆိုတော့ မျက်ရည်မခိုင်တဲ့ ကျမကပါ မျက်ရည်ကျမိတယ်...။ မောင့်ကိုကြည့်တော့ အိပ်မောကျနေပြီ...။ မနက်က အစောကြီးထရတာရယ် ညည ဘောလုံးပွဲကြည့်နေတာတွေက ရက်ဆက်သွားတော့ မခံနိုင်တော့တာ ခါတိုင်းည ကျမနဲ့အတူကြည့်နေကျ American Idol ကိုတောင်မကြည့်နိုင်တော့လောက်အောင်ပဲ...။ နောက်တစ်ပတ် Grand Finale ကိုစောင့်ကြည့်ရမယ်ဆိုပြီး ကျမလည်း တီဗီပိတ်မီးပိတ်ပြီး အိပ်ယာဝင်လိုက်တော့တယ်...။
မောင်ကတော့ အိပ်မောကျနေလိုက်တာ...။ မောင့်ထွက်သက်နွေးနွေးလေးတွေ ကျမညာဖက်ပါးကိုတိုးတိုး လာထိတယ်...။ ကျမကတော့ဖြင့် Angie အတွက်စိတ်မကောင်းဖြစ်လို့ ဝမ်းနည်းစိတ်နဲ့ နေ့လည်တုန်းက ဖိတ်စာလာပေးတဲ့ မောင့်လုပ်ဖော်ကိုင်ဖက်ဟောင်းကိုသွားတွေးမိပြီး မျက်စိကအိပ်မရဘဲ ကြောင်နေရင်းနဲ့ အတွေးတွေ အရင် မောင်အလုပ်လုပ်တဲ့ဆီရောက်သွားခဲ့တယ်...။ အဲဒီတုန်းက မောင်နဲ့ကျမ လက်မထပ်ရသေးဘူး...။

အဲဒီနေ့တုန်းက ကျမနေတဲ့တိုက်ကို ခေါင်းလောင်းကြိုးလာဆွဲလို့ ဝရံတာထွက်ကြည့်လိုက်တော့...။ အပေါ်ကိုမော့ကြည့်လာတဲ့ မောင်...။ မောင်တစ်ယောက်ထဲမဟုတ်ပါဘူး ကောင်မလေးတစ်ယောက်ပါသေး တယ်..။ မောင်က လက်ဟန်ခြေဟန်နဲ့ ကျမကို ခေါင်းဖီးချင်လို့ ဘီးခဏချပေးပါလားတဲ့...။ ဟင်...မောင့်ဆံပင်ကဖြင့် တိုကပ်ကပ်ကလေးကို ဘာကိစ္စ အရေးတကြီးဆံပင်ဖီးဖို့များ ကျမဆီကို တကူးတကန့် ဘီးလာတောင်းရသလဲလို့ စိတ်ထဲတော့ ဇဝေဇဝါဖြစ်လိုက်တယ်...။ ကျမ ခပ်ကျဲကျဲဘီးတစ်ခု ယူပြီး အောက်ဆင်းသွားလိုက်တယ်..။ အောက်ရောက်သွားတော့မှပဲ ဘီးက မောင့်အတွက် မဟုတ်ဘဲ မောင်နဲ့အတူပါလာတဲ့ ကျောလည်လောက်ဆံပင်အရှည်ရှိတဲ့ ကောင်မလေးအတွက်ဖြစ်နေတယ်။
ထင်တော့ထင်သားပဲ...။ ဒါပေမယ့် ကျမက တော်တော်တုံးအ ပါတယ်..။ အဲဒီအချိန်အထိ မောင်နဲ့ ကုမ္ပဏီမတူတဲ့ မိုးစက်ဖြူဆိုတဲ့ ကောင်မလေးကို ကျမက မောင်နဲ့ နဲနဲကလေးမှကို မရိပ်မိသေးတာ..။ ရိုးရိုး အလုပ်တူလို့ လမ်းကြောင်းတူလို့ သွားလာကြတယ်ပဲမှတ်နေတာ...။

တစ်ခါ အဲကောင်မလေး နေမကောင်းလို့ဆေးရုံတက်တော့ သွားကြည့်မယ်ဆိုပြီး ကျမကို ခေါ်သွားခဲ့သေးတယ်...။ ဟိုရောက်တော့ ကျမက ဧည့်သည်ထိုင်ခုံမှာ မောင်ကတော့ လူနာခုတင်နားမှာ... မေ့ဆေးပြယ်ခါစ လူနာမိန်းကလေးက မောင့်ကိုလဲတွေ့ရော မျက်လုံးတွေ အရောင်တောက်လာလိုက်တာ... မောင့်ဆံပင်ကို ဒင်းက ရာရာစစ သပ်သင်ပေးနေသေးတယ်။ “မောင့် အစ်မကို အားနာစရာ” တဲ့...။ သူက ကျမကို မောင့်အစ်မပါလို့ သဘောပေါက်ထားတာ တဲ့လား...။ မောင်က သူ့ကိုအဲလိုညာထားတာပေါ့ ဒါဖြင့်...။ ကျမလေ အဲဒီမြင်ကွင်းလေးကို ဒေါသထွက်လိုက်သမှ နေရာမှာတင် ကြမ်းပစ်လိုက်ချင်တာ....။ ဘယ်လိုမှ မရတော့ဘူး အပြန်လမ်းမှာ တစ်လမ်းလုံးမောင့်နဲ့ရန်ဖြစ်သွားကြတာ...။ အဲတုန်းက ကျမနဲ့မောင် ဘယ်လိုမှအဆင်မပြေကြတော့ဘူး...။ မောင်သွားမယ့်လမ်းကို လိုက်မယ်ဆို မောင်ပေးမလိုက်ဘူး...။ အဲဒါအရှင်းကြီးပဲ ကျမ မကြိုက်တဲ့ မိုးစက်ဖြူဆိုတဲ့ မိန်းကလေးပါနေလို့ပေါ့...။

ကျမလေ မောင်အဲလို နောက်ကောင်မလေးဆီစိတ်ရောက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတာ...။ ကျမဘဝမှာ ခံနိုင်ရည်မရှိဆုံးစိတ်ခံစားမှုတစ်ခုပဲ...။ ခါတိုင်းကျမအားရင် မောင့်နောက်လိုက်နေကျ အဲနေ့ကျတော့ မောင်ကမလိုက်ရဘူးဆိုလို့ ကျမ သကာၤမကင်းရှိတာနဲ့ နောက်ကနေလိုက်ချောင်းတာ တကယ်ပဲ... မောင်တို့သွားနေက ပရိုမိုးရှင်းသွားလုပ်တဲ့ ဆေးခန်းထဲကနေ မောင်နဲ့အဲဒီကောင်မလေးလက်ချင်းတွဲလို့ ထွက်လာကြတာမြင်တော့

ကျမ အမြင်အာရုံတွေ ရုတ်ချည်း မူးနှောက်မဲမှောင်သွားခဲ့တယ်...။ ပြီးတော့ သူတို့ကားငှားကြတယ် သူတို့နောက်ကို ကျမဆက်လိုက်ရမလား မလိုက်ရဘူးလား..ကျမ မဆုံးဖြတ်နိုင်ခဲ့ဘူး...။ ကျမ အဲဒီနေရာမှာတင် သေဆုံးသွားခဲ့တယ်ဆိုပါတော့...။ ကျမဟာ မောင်နောက်တစ်ယောက်ကို စိတ်ယိုင်သွားလောက်အောင် မောင့်ကိုမဆွဲဆောင်နိုင်တော့ဘူးလား...။ ကျမ အဲဒီကောင်မလေးလောက် မငယ်လို့လား မချောလှတော့လို့လား..။

အဲဒီကာလတလျှောက်လုံးကျမစိတ်ဆင်းရဲရလွန်းလို့ တော်တော်လေးတောင်အိုစာသွားတယ်လို့ထင်ရတယ် ..။ ကိုယ့်ကိုယ်ကိုလည်း မှန်တောင်မကြည့်ချင်တော့ဘူး..။ အပူသည်ရုပ်ပေါက်နေတာကို မမြင်ချင်တော့လို့။ ဒီလိုနဲ့ ကျမမှာ တိုင်ပင်စရာသူငယ်ချင်းလည်းမရှိ တစ်ယောက်တည်း ကျိတ်ခံစားရင် တစ်ခုခုတော့ ဆုံးဖြတ်ဖို့စဉ်းစားလိုက်တယ်...။ ဒီကြားထဲ ချစ်သူများနေ့ကရောက်တော့ မောင်နဲ့ကော်ဖီဆိုင် တစ်ဆိုင်မှာချိန်းလိုက်တယ်...ညခုနှစ်နာရီခွဲချိန်းထားပေမယ့် မောင်တော်တော်နောက်ကျမှရောက်
လာခဲ့တာပါ..။ မောင့်ကိုပေးတဲ့ ချစ်သူများနေ့လက်ဆောင်တဲ့ ကျမတော်တော်ညံ့ဖျင်းတုံးအတာပါ ..။ ဖေမြင့်ရဲ့ ကြီးပွားတိုးတက်ဒသနစာအုပ်တစ်အုပ်တဲ့...။ တကယ်ဆို အချစ်ကဗျာလှလှကလေးတစ်အုပ် ဒါမှမဟုတ် ချစ်သူများနေ့သီချင်းတွေစုစည်းထားတဲ့ စီဒီတစ်ချပ်မဖြစ်သင့်ဘူးလား..။ မောင်စာဖတ်ပျင်းတာ သိလျက်နဲ့ မောင်သီချင်းတွေကြိုက်တတ်တယ်ဆိုတာသိသိကြီးနဲ့ ကျမပေးလိုက်တဲ့ လက်ဆောင်က တော်တော် ကမောက်ကမနိုင်ပါတယ်...။

နောက်ဆုံးတော့ မောင်နဲ့အဲကောင်မလေးနဲ့ ကျမတို့ သုံးယောက်ဆုံပေးဖို့ ပြောတော့ ပထမ မောင်ကငြင်းသေးတယ် မဆုံပေးနိုင်ဘူး သူနဲ့လည်း ဘာမှမပတ်သက်ကြဘူးဆိုတော့လေ...။ မောင်ကျမကို ခုထိလိမ်ထားတုန်းကိုးး..။ ကျမတို့ ဆိုင်တစ်ခုမှာဆုံဖြစ်ပါတယ်...။ ကောင်မလေးက အရင်လိုဆံပင်ပုံမဟုတ်တော့ဘူး ခေတ်ဆန်ဆန်ပုံလေး ညှပ်ထားတာတွေ့လိုက်တော့ ကျမသတင်းရထားတဲ့ ကျမတို့ညှပ်နေကျဆိုင်ကို မောင်က အဲကောင်မလေးကို ဆံပင်ခေါ်သွားညှပ်တယ်ဆိုတာမှန်သွားပြီပေါ့...။ ညီမလေးဆံပင်ပုံလေး ပြောင်းထားတာပဲ ဘယ်မှာသွားညှပ်တာလဲလို့ စကားအစ်ကြည့်တော့..။ သူတို့လမ်းထိပ်ကဆိုင်မှာ သွားညှပ်တာ ခေါင်းလျှော်တာကြာသွားလို့ဇက်တောင်နာနေတဲ့အကြောင်း သူက လိမ်ဆင်လှလှလေးနဲ့ပြောသွားသေးတယ်..။

ကျမတည့်ပဲမေးလိုက်တော့တယ် မောင်နဲ့ကဘယ်လိုပတ်သက်တာလည်း ဘာတွေလည်းလို့..။ ဘာမှမဟုတ်ဘူး သူငယ်ချင်းတွေ မိတ်ဆွေတွေပါပဲတဲ့...။ သူက ဆက်ပြီးလိမ်နေသေးတယ်..။ ကျမကို ဘာမှမသိ ဘာမှမမြင်တဲ့ ခပ်တုံးတုံးမိန်းမတစ်ယောက်လို့ သူတို့က လျှော့တွက်ထားခဲ့ကြတာလား...။ ဒါဖြင့် မောင်နဲ့ကျမဘယ်လိုပတ်သက်တယ်ဆိုတာရောသိလား..မောင်နဲ့သေချာတကယ်ကင်းရှင်းတယ်ဆိုတာ ဘုရားမှာသစ္စာဆိုရဲလားလို့ ကျမကလေးဆန်စွာမေးလိုက်တယ်...။ ကျမအဲလိုပြောတော့ မောင်က ချက်ချင်းထပြီး တားပါတယ်...အဓိပ္ပါယ်မရှိတာတဲ့...။ မောင်ကသာ အဓိပ္ပါယ်မရှိတာ အဲကလေးမကတော့ သစ္စာဆိုရဲပါသတဲ့...။ မောင်က သူမဟုတ်တာလုပ်လို့မိသွားလို့ ကျမကို စိတ်လဲဆိုးချင် ဆိုးလဲမဆိုးဝံ့ဖြစ်ပြီး အဲနောက်ပိုင်း ကောင်မလေးနဲ့ အဆက်သွယ်ပြတ်သွားတော့တယ်.....။

နောက်တစ်နှစ်ကျော်တော့ မောင်လည်းအလုပ်သစ်ကိုပြောင်းသွားခဲ့ပြီလေ...။ မောင်အလုပ်သစ် မပြောင်းခင် ကလေးမှာပဲ ကျမတို့လက်ထပ်လိုက်ကြတယ်..။ လောကမှာ မောင့်အပေါ်အနားလည်နိုင်ဆုံး  မိန်းမတစ်ယောက် မောင့်ဘဝအတွက် အသင့်လျော်ဆုံးလက်တွဲဖော် မောင့်အတွက်ရဲဘော်ရဲဖက် တစ်ယောက်အဖြစ် ကျမကို မောင်ရွေးချယ်လိုက်ပါတယ်..။ ကျမအတွက်ကတော့ ဘဝအတွက် မှုန်မှုန်ကလေးသာ အရေးပါတယ်လို့ဆိုကြတဲ့ ချစ်စိတ်တစ်ခုတည်းနဲ့တင် မောင့်ကို ခွင့်လွတ်နားလည်နိုင်ခဲ့တယ်...။

တဖက်ကိုလှည့်အိပ်နေတဲ့ကျမနောက်ကျောကို မောင့်လက်နဲ့လာထိတော့မှပဲ နာရီကိုကြည့်မိတယ် မနက် တစ်ချက်ခွဲရှိနေပြီ...။ အိပ်မပျော်ခင် အိပ်မက်ထဲတောင်ထည့်မမက်ချင်တဲ့ အတိတ်ကအကြောင်းအရာမျိုး ထပ်မမက်ပါရစေနဲ့တော့လို့ ဆုတောင်းမိတော့တယ်...။

သူတို့နှစ်ယောက်အကြောင်းကို ဒီမှာ နဲ့ ဒီမှာ ရေးဖူးခဲ့ပါတယ်....။


မိုးငွေ့

Monday, 24 June 2013

အီတလီခရုခေါက်ဆွဲသုပ်.....



ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အရောင်စုံဟင်းသီးဟင်းရွက် အသုပ်လေးတစ်ပွဲကို ဘယ်လိုသုပ်လဲဆိုတာ ပြောပြချင်ပါတယ်..။ လုပ်ရတာလေးက လွယ်ကူလျင်မြန်လွန်းလို့ပါ...။ အချိန်ပေးရမှာက Pasta Shell လို့ခေါ်တဲ့ အီတလီခရုခေါက်ဆွဲလေးပြုတ်ရမယ့်အချိန်ဆယ်မိနစ်ပါပဲ...။ ဆားနဲ့ သံလွင်ဆီခတ်ထာတဲ့ ရေဆူအိုးတစ်လုံးမှာ ခရုခေါက်ဆွဲလေး လက်နှစ်ဆုပ်စာလောက် ထည့်ပြုတ်နေချိန်မှာ..။ ကျန်တဲ့ကိုယ်ထည့်ချင်တဲ့အမယ်လေးတွေကို အဆင်သင့်လုပ်ထားမယ်..။ မုန်လာဥနီလေးတောင့်တုံးလေးတွေလှီးထားတာကို ရေနွေးခဏဖျောပေးထားရမယ်..။ အစိပ်လေးတွေလှီးထားရမှာက ခရမ်းချဉ်သီး တစ်လုံး သခွားသီး အူတိုင်ထုတ်ပြီးတစ်လုံး ငရုတ်ပွအစိမ်းတောင့်တစ်တောင့် သံလွင်ဆီနဲ့ငရုတ်သီးနှစ်နဲ့နှပ်ထားတဲ့ Feta cheese အတုံးလေးတွေကို ချေထားမယ်...။ ဒါ့ပြင် ကိုယ်နှစ်သက်ရာ အာလူးတို့ ဆလပ်တို့ ခရမ်းရောင်ဂေါ်ဖီတို့ကိုလည်း ထည့်လို့ရပါသေးတယ်...။ ခရုခေါက်ဆွဲကျက်ရင် ရေအေးဆေး စစ်ပြီး လှီးထားတာလေးတွေနဲ့တစ်ဇလုံထဲရောပြီး သံလွင်ဆီ(Feta cheese စိမ်ထားတဲ့ ပုလင်းထဲက သံလွင်ဆီကိုပဲ ပြန်ယူသုံးပါတယ်) ငရုတ်ကောင်း ဆား  ပန်းသီးရှာလကာရည်လေး ထည့်ပြီး နယ်လိုက်ရုံပဲ...။ ကြည့် ဘယ်လောက်လွယ်ကူတဲ့ အသုပ်လေးလဲ..။


 ခရုခေါက်ဆွဲသီးစုံသုပ်နဲ့ ကြက်ဥကို ကြက်သွန်ပင်+ကြက်သွန်နီနဲ့မွှေကြော်ထားတာ


မိုးငွေ့


Thursday, 20 June 2013

အကြည့်......




မီးရောင်ဝါဝါအောက်မှာ.... မျက်နှာကြည်ကြည်လေးနဲ့ မျက်ခုံးနက်နက်အောက်က မင်းအကြည့်တွေက သေနိုင်လောက်တယ်....။

ယောကျာ်းဆို ကိုယ်ကတော့ မျက်ဆံအနက်ရောင်ပိုင်ဆိုင်တဲ့သူကိုပဲနှစ်သက်တယ်...။ အညိုရောင်နဲ့ စိမ်းပြာရောင်ထက် မျက်ဆံအနက်ရောင်က ပိုပြီးတည်ကြည်အင်အားကောင်းသလားလို့...။

ပကတိကြည်စင်သန့်ရှင်းနေတဲ့ မျက်နှာလေးမှာ မင်းအကြည့်တွေက ကြည်လင်လို့ရယ်......။ မင်းကိုမြင်တွေ့ခွင့်ရဖို့အတွက် မင်းပုံလေးတွေကို တင်ထားပေးတဲ့ မင်းသူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်လို့ပြောပေးပါ....။ 

မင်းနဲ့ကိုယ်ဟာ unfriend ဆိုပေမယ့် မင်းကို မကြာခဏတော့ သွားချောင်းကြည့်ခွင့်ရပါသေးတယ် အိန်ဂျယ်...။
 
ခုဆို... ပတ်ဝန်းကျင်တစ်ခုလုံး မီးခိုးရောင် ခပ်မှိုင်းမှိုင်းတွေ အုပ်ဆိုင်းလို့... ကိုယ်သိပ်နှစ်သက်တဲ့ အရောင်အောက်မှာ မိုးအေးအေးနဲ့ ကိုယ့်ချစ်တဲ့မင်းနဲ့အတူ ကော်ဖီသောက်ခွင့်ရချင်သေးတယ်....။

မိုးအေးအေးနဲ့ ကိုယ်ဟိုးး...အရင်တုန်းကဖတ်ဖူးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ကို သတိရသွားတယ်...။ မင်းအပေါ်ထားတဲ့ ကိုယ့်ချစ်ခြင်းတွေက ပိုင်ဆိုင်ရယူလိုခြင်း ဘာဆိုဘာမှမပါတဲ့အဖြူသက်သက်ပါ...။

ဝေးသွားတဲ့အခါ.... 
ပိုင်ဆိုင်လိုခြင်းကင်းမဲ့ပေမယ့်
အရာအားလုံးဆုံးရှုံးသွားတဲ့အခါ
ရင်ခွင်မှာလစ်ဟာသွားသလိုပဲ....

ပေးဆပ်ခြင်းနဲ့ချစ်ခဲ့ပေမယ့်
ရုတ်တရက် အရှုံးပေးလိုက်ရတဲ့အခါ..
နှလုံးသားမှာ စည်းချက်မရှိတော့သလိုပဲ.....

မဆုံနိုင်မှန်းလည်းသိပေမယ့်
တကယ်တမ်း ဝေးရတဲ့အခါ
အိပ်မပျော်တဲ့ ညတွေဟာ ပိုမှောင်သွားသလိုပဲ..

ဒဏ်ရာဆိုတာ နာကျင်မှန်းသိခဲ့ပေမယ့်
ကိုယ်တိုင်ရင်ဆိုင်လိုက်ရတဲ့အခါ
အလွမ်းတွေဟာ သိပ်ခါးသွားသလိုပဲ....။     ။ (အမည်မသိကဗျာဆရာ)


မိုးငွေ့

Tuesday, 18 June 2013

ငါးကြင်းဆီပြန်+ပုစွန်ဆိတ်ကင်မွန်းချဉ်ဟင်းရည်


ငါးကိုများသောအားဖြင့် အညှီနံ့ကြောက်ပြီး ကြော်ပြီးမှ ချက်စားလေ့ရှိတယ်... ။ ခုတစ်ခါကတော့ ၀ယ်လာတဲ့ငါးကြင်းသားလတ်တယ်..  ရောင်းတဲ့အစ်မက သေချာဒိုက်စော်မနံ့တာကိုရွေးပေးလိုက်တာဆိုတာ့ ဒီတိုင်းလေးအစိမ်းတိုင်းချက်စားကြည့်မယ်လို့ စိတ်ကူးရသွားတယ်..။ ကိုယ်ချက်တဲ့နည်းလေးပြောပြမယ်..။
ဝယ်လာတဲ့ငါးကြင်းတုံး(25ကျပ်သား) ကိုရေသေချာစင်အောင်ဆေးပြီး ဆား နနွင်းနယ်ထားမယ်...။ အနှစ်အတွက် ကြက်သွန်နီဥအသေး လေးလုံး ကြက်သွန်ဖြူ ငါးမွှာကိုထောင်းထားမယ်... ခရမ်းချဉ်သီး သုံးလုံး ပါးပါးလှီး ငရုတ်သီးစိမ်း(အနီ) သုံးထောင့် မကျည်းသီး ကွမ်းသီးလုံးခန့်ကိုရေနွေးစိမ်ထား.. နံနံပင်နဲနဲ။ ဆီဟင်းခတ်ဇွန်းကြီးနှစ်ဇွန်းထည့်ပြီး ဆီဆူလာရင် အနှစ်ထည့်ကြော်.. ကြက်သွန်တွေမွှေးပြီး ရွှေဝါရောင်သန်းလာရင် နနွင်းလက်ဖက်ရည်ဇွန်းဖျားနဲ့ ငရုတ်သီးအရောင်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးနဲနဲမွှေပြီးတာနဲ့ ခရမ်းချဉ်သီးထည့်မယ်...။ ခရမ်းချဉ်သီးလိတ်လာရင် ငါးကြင်းတုံးတွေထည့်ပြီး အသာအယာအိုးလုပ်ပြီးချက်မယ် မီးနည်းနည်းလျှော့မယ်...။ အရသာမှုန့်နဲ့ အငံလိုသေးရင် ငံပြာရည်ထည့်ပြီး မကျည်းရည်လောင်း ဆီပြန်လာရင် ငရုတ်သီးနဲ့နံနံအုပ်လိုက်ရပြီ...။ ငါးသားလေးက ကျစ်ကျစ်နဲ့ မကျည်းနှစ် ခရမ်းချဉ်သီးနှစ်ကြောင့် ချဉ်ပြုံးပြုံးလေး ငါးမကြိုက်တဲ့ ကိုယ်တောင် အရမ်းကြိုက်တယ်...။ ဟိ...ကိုယ်ချက်တဲ့ဟင်းကို ကွကိုယ်အားပေးနေတာ...။



ကြက်သွန်နီပါးပါးလှီး အဖြူလေးထောင်းပြီး ဆီသတ် မွှေးလာရင် ပုစွန်ဆိတ်ကလေးတွေ ထည့်ကြော်..ကင်မွန်းချဉ်ရွက်ထည့်ကြော်...။ ကင်မွန်းချဉ်နွမ်းလာရင် လိုတဲ့ရေလေးထည့် ဆူလာရင် အပေါ့အငန်မြည်းပြီးရင်ရပြီ..။ ငါးပိကြိုက်ရင် နဲနဲထည့်လည်းပိုကောင်းပါတယ်...။


အချိုပွဲအတွက် ရယ်ဒီမိတ်အထုပ် ကော်ဖီနဲ့ အုန်းနို့ကျောက်ကျောကို အလွှာလိုက်လေးလုပ်ထားတာ


မိုးငွေ့

Friday, 14 June 2013

အဖြူရောင်ချစ်ခြင်းတရား.....





ကိုယ်ဆိုတဲ့ မိန်းမဟာ….မင်းအတွက် ဘာသာပြန်ရခက်ခဲတဲ့ စာမျက်နှာတစ်ခုတဲ့လား အိန်ဂျယ်……။

ကိုယ့်စာတွေလာဖတ်ရင်း ကိုယ့်ကို သတိတရရှိလို့ မင်းဖုန်းဆက်လာခဲ့တာတဲ့…။ 
“မမကတော့ဗျာ… တော်တော်နေစိမ့်နိုင်တယ် ကျွန်တော့်ဆီ ဖုန်းကလေးတစ်ချက်တောင်ဆက်ဖော်မရဘူး” ကိုယ်လေ အဲလိုလေးပြောလိုက်တဲ့ မင်းလေသံလေးကို စက္ကန့်ပိုင်းလောက် မတုန့်ပြန်ဘဲ ငြိမ်ငြိမ်ကလေး နားထောင်နေရင်း… မင်းဆီက မမြင်နိုင်တဲ့ အမျှင်ပါးပါးလေးတစ်ခုကို ခံစားမိနေခဲ့တယ်…။ ဟုတ်တယ် မင်းပြောမှပဲ ကိုယ့်ကိုယ်ကိုပိုမြင်လာတယ်…ကိုယ်ဟာ အတ္တကြီးတဲ့မိန်းမ တစ်ဖက်သားရဲ့ ခံစားမှုကို မငှဲ့ကွက် ကိုယ်ချင်းမစာတတ်တဲ့သူတစ်ယောက်ဆိုတာ…။ ပြီးတော့ မင်းကို တစ်ယောက်တည်း အဆက်အသွယ်မလုပ် မင်းပြောတဲ့ စကားကိုပဲ တသွေမသိမ်း နားထောင်သလိုလိုနဲ့ ဖုန်းမဆက်ဘဲ မင်းကိုပစ်ထားခဲ့တာ ဘယ်လောက်ကြာနေခဲ့သလဲ….။ ဒီနေ့နဲ့ဆို ခြောက်လပြည့်ဖို့လေးရက် အလိုတောင်ရှိပြီ…။ ပြန်တွေးကြည့်ပြီး မင်းအတွက် ကိုယ်တော်တော်လေးစိတ်မကောင်းဖြစ်သွားခဲ့တယ်..။

ဖုန်းပြောရင်းနဲ့ ဘယ်ချိန်ရှိနေပြီလဲတဲ့… ။ ည ကိုးနာရီခွဲ… မင်းဆက်နေကျအချိန်လေးပဲလေ…။ အချိန်ကိုကြည့်ပြီး မင်းကိုယ့်ကိုလာတွေ့ဖို့ တိတ်တိတ်ကလေးစဉ်းစားနေတာမဟုတ်လား…။ မင်းပြောတော့ ကိုယ့်ကိုဘယ်တော့မှမတွေ့တော့ပါဘူးဆို… ဖုန်းလည်းဘယ်တော့မှမဆက်တော့ဘူးဆို အိန်ဂျယ်…..။ မင်းနှှုတ်က တွေ့ဆုံဖို့ဖွင့်ပြောလာခဲ့ပေမယ့် ကိုယ်မင်းနဲ့တွေ့ဖို့ကိုငြင်းခဲ့လိုက်တယ်….။ မင်းကိုယ့်ကို ဟားတိုက်ရယ်မောချင်လည်းရယ်ပါ..။ အက်ဆေးထဲမှာတော့ ကိုယ်မင်းနဲ့ တစ်ခါလောက်ဆုံချင်သေးတယ်လို့ မကြာခဏကြွေးကြော်နေပေမယ့်လည်း တကယ့်လက်တွေ့မှာ ကိုယ်မင်းနဲ့ထပ်မဆုံချင်တော့ဘူး…။ ဘာလို့လည်းဆိုတော့ မင်းကို ကိုယ်နောက်ထပ် စိတ်ဒဏ်ရာတွေမပေးချင်တော့လို့ပါ….။ ဘယ်လိုပဲဖြစ်ဖြစ်အပြင်မှာ ကိုယ်ဆိုတဲ့ မိန်းမတစ်ယောက်ဟာ စာတွေထဲကလို ဘယ်လိုမှ မင်းအတွက် နူးညံ့ပြေပြစ်မှာ မဟုတ်လို့ပါ…။

အပြင်မှာမဆုံတွေ့ပေမယ့် ကိုယ်တို့နှစ်ယောက်ကြားမှာ အဖြူရောင်ချစ်ခြင်းတရားတစ်ခု တည်မြဲနေတုန်းဆိုတာ မင်းအသံကို ကိုယ်နားထောင်ကြည့်တာနဲ့ သိလိုက်ရပါတယ်…။ အစစအရာအရာအတွက် ကျေးဇူးအများကြီးတင်ပါတယ် အိန်ဂျယ်… ကိုယ့်ကို သတိတရနဲ့ ဖုန်းဆက်လာခဲ့တဲ့အတွက်ရောပေါ့..။ 






မိုးငွေ့

Wednesday, 12 June 2013

မီးဖိုချောင်သုံး...တိုလီမုတ်စများ.....

 စပါ့ဂတီအတွက်နဲ့ အချိုပွဲအတွက် ဇွန်းခရင်း 
(အချိုပွဲအတွက်က တော်ဝင်စင်တာ Orange မှာဝယ်တာ)

Junction Square 1800တန် ဆိုင်က၀ယ်ခဲ့တာလေးတွေပါ....။ အဲကိုရောက်တိုင်း သူ့ဆိုင်ကို ၀င်မွှေရတာလောက်ပျော်တာမရှိဘူး...။ ဒါတောင် ဖိနပ်ထည့်တဲ့ဗူးလေးဟိုတပတ်ကတွေ့ခဲ့တာ ခုထပ်သွားတော့မရှိတော့ဘူး...။ ကော်ဗူးအကြည်ရောင်နဲ့ဆိုတော့ ကိုယ်ဘာဖိနပ် ထည့်ထားလဲဆိုတာ မြင်နေရတော့ မရှာရတော့ဘူးလေ အဆင်ပြေတယ် အဲဒါမျိုး ဆယ်ဗူးလောက် ၀ယ်မယ်ကြံထားတာ ခုတော့မရှိတော့ဘူး ဟင့်ဟင့်...။


ကြက်သွန် ဂျင်းတို့ သပယိုသီးခွံတို့ကိုခြစ်ဖို့ ဂျစ်နဲ့ စွန်ကြိုး 
 ဟိ.. စွန်လွှတ်ဖို့ဟုတ်ဖူး ဟင်းချက်တဲ့နေရာမှာ တခါတလေ ချီရတာမျိုးရှိတတ်တယ် အိုးထဲထည့်ပေါင်းရပြုတ်ရအဆင်ပြေတဲ့ ချည်မို့ဝယ်ထားတာ


ကော်နဲ့လုပ်ထားတဲ့အအေးခွက်နဲ့ ရာဘာယောက်ချို
ဖန်မဟုတ်တော့ ကျကွဲရမှာမပူတော့ဘူး..အအေးပဲထည့်သောက်တော့ ဘာအန္တရယ်မှမရှိဘူး

ဆနွင်းမကင်းတို့ ကျောက်ကျောတို့ကို ဖြတ်ရကော်ရတဲ့ ဂေါ်ပြား အမှုန့်စစ်တဲ့ဇကာ ယောက်ချို ကြက်ဥမွှေတံ ဆီသုပ်ဘရှပ်ခ်ျ ကိတ်မုန့် Fold လုပ်တဲ့ ကော်ယောက်မ

လက်သုပ်ပုဝါ အသဲပုံကြွေခွက် မုန့်တို့ ကြက်ဥပေါင်းတို့ ဂျယ်လီတို့ထည့်ဖို့

အချိုပွဲအတွက် ဖန်အကြည်သား ပန်းကန်ပြား

စပါ့ဂတီထည့်ဖို့ ခုမှသူ့ပန်းကန်အမှန်ရတော့တယ်....

အိန်ဂျယ်ဆံမျှင်ပါစတာ ဒိုးနတ်ဖြက်တဲ့ကွင်း နဲ့ စာရိုက်ရင် လက်ဖနောက်မညိုအောင်ခုဖို့ အရိုးပုံလက်ခုခေါ်မလား ခေါင်းဦးအသေးလေးလို့ခေါ်မလား တကယ်တော့အဲဒါခွေးကလေးတွေဆော့တဲ့အရုပ်လေး ညှစ်လိုက်ရင်အသံမြည်တယ်

မိုးငွေ့


Monday, 10 June 2013

မိုးထဲလထေဲ.....





မိုးထဲလေထဲ ထီးလဲမဆောင်းပဲနဲ့ မိန်းကလေးဘယ်သွားမလို့လဲကွယ်..

 ဦးထီးနဲ့အေးသီခိုင်(မီမီဝင်းဖေ)သီချင်းလေးကို သတိရမိသွားတယ် မိုးတွေလေတွေကိုမြင်တော့လေ.....။

ဒီနေရာလေးကို ဘယ်လိုဆွဲဆောင်မှုအာရုံမျိုးနဲ့ ကိုယ်ရောက်နေခဲ့သလဲ ကိုယ်မသိချင်တော့....။

ဟိုးးးး ကန်ရေပြင်အလည်က အစိမ်းရင့်ရင့်ကျွန်းစုလေးတွေ မိုးသဲသဲကြောင့် အစိမ်းဖျော့ရောင်မှုံမှိုင်းလို့ ခပ်ရေးရေးသာရှိတော့တယ်....။

တည်ငြိမ်တဲ့ကန်ရေပြင်ကျယ်ကြီးဟာ ကိုယ့်ကို ကိုယ်စားပြုတယ်ဆိုရင် ရေပြင်ကြီးကို ဘောင်ဘင်ရိုက်ခတ်သွားနိုင်အောင်စွမ်းတဲ့ မိုးစက်မိုးပေါက်ရိုင်းလေးတွေက မင်းပေါ့ ဟုတ်လား အိန်ဂျယ်..။

အနက်ခံမှာ ငွေမှင်ရောင်နှင်းဆီပွင့်တွေနဲ့ ဖဲထီးက ကိုယ့်ကိုယ်အပေါ်ပိုင်းကိုသာ မိုးလုံစေခဲ့တာ...။ မိုးပြာရောင်ဂျင်းပင်တွေက ဒူးနားလောက်ထိစိုနေပြီ...။ ဒီနေ့မင်းသိပ်ကြိုက်တဲ့ အဖြူဆွတ်ဆွတ် အင်္ကျီလေး ကိုယ်ဝတ်ထားတယ်....။

မိုးသည်းရတဲ့ကြား လေတွေကလည်း ပြင်းလိုက်တာကွယ်.....။
လေနဲ့အတူပါလာတဲ့ မိုးစက်မှုန်မွှားတွေက အညှိုးနဲ့များကိုယ့်မျက်နှာဆီကို ခုန်ပေါက်လာကြသလား...။

လှေတစ်စင်းတွေ့တယ်......။
မင်းဆီကို ကိုယ်လှော်ခဲ့ရမလား......။

ဟိုးး မှုန်မှိုင်းအုံ့ဆိုင်းနေတဲ့ တောအုပ်တွေကြားမှာ မင်းရှိနေမလား.......

ကိုယ့်ကို ကော်ဖီပူပူတစ်ခွက်နဲ့ မင်းစောင့်နေမလား.......

ကိုယ့်နှုတ်ခမ်းတစ်စုံလည်း ပြာနှမ်းသွားကြပြီ...။
မိုးစက်ရိုင်းလေးတွေကြောင့် တစ်ကိုယ်လုံး ချမ်းအေးခိုက်တုန်နေပေမယ့် ခံစားမှုတွေကတော့ လတ်ဆတ်နွေးထွေးဆဲပါ....။


မိုးငွေ့

Friday, 7 June 2013

မျှစ်ကြော်.....




တစ်နေ့က သူငယ်ချင်းတစ်ယောက် ပိတ်ရက်ကြီးမှာ ဖုန်းဆက်လာတယ် မျှစ်ကို ရခိုင်လို ဘယ်လိုချက်သလဲတဲ့...။ ဒွတ်ခ... ကိုယ်မှ ရခိုင်ဟင်းမချက်တတ်တာ...။ ရှမ်းဟင်းဆို ဟုတ်တုတ်တုတ် ဒါနဲ့ ရှမ်းလိုကြော်တဲ့နည်းလေးပေးလိုက်တယ်...။ ရခိုင်လည်း ဒီနည်းအတိုင်းခပ်ဆင်ဆင်ပါပဲလို့ထင်ပါတယ် ငါးပိထည့်တာနဲ့ ပဲပုပ်ထည့်တာပဲကွာသွားမယ်...။ ကိုယ်က မျှစ်ဝယ်ရင် ခြစ်ပြီးသားမျှင်ပြီးသားမ၀ယ်ဘူး အရောင်ဆိုးထားတာမ၀ယ်ဘူး။ အမျှင်မလုပ်ရသေးတဲ့မျှစ်စို့နုနုလေးတွေကိုရွေးဝယ်တယ်...။ အိမ်ကျရင် တရေပြုတ်ပြီးသွန်ပစ်တယ်...။ မျှစ်အချိန်မဟုတ်ရင် တစ်နှစ်ပတ်လုံးခံအောင်ပြုတ်ပြီးဆေးစိမ်ထား တာမျိုးလည်း ရှိသတဲ့...။ ပြုတ်ပြီးရလာတဲ့မျှစ်ကို ရေအေးဆေးပြီးစစ်ထားမယ်...။ မျှစ်ကြော်ထဲထည့်ထောင်းဖို့ ကြက်သွန်နီအနေတော်တစ်ဥ ကြက်သွန်ဖြူငါးမွှာနဲ့ ငရုတ်သီးစိမ်း(အစိမ်းရော အနီရော) စပ်စပ်ကြိုက်ရင် ခုနှစ်တောင့်လောက်ထည့်ထောင်း...ကိုယ်ဘာသာကိုယ်ခရင်းနဲ့မျှင်ထားတဲ့ မျှစ်ထဲကို အနှစ်ထည့်ပြီး ဆား+ဟင်းခတ်မှုန့်လေးထည့်နယ်ပြီးနှပ်ထား...။ ရှမ်းလိုကြော်ချင်ရင် ပဲပုပ်မှုန့်လေး ထည့်နယ် ရခိုင်လိုဆို ငါးပိထည့်နယ် ဒါပဲကွာပါတယ်..။ နယ်နှပ်ထားတဲ့ မျှစ်ကို ဆီဟင်းခတ်ဇွန်း တစ်ဇွန်းထည့်ထားတဲ့ ဒယ်ထဲကြော်ပါလေ့...။ မျှစ်ခြောက်ပြီး အနှစ်လေးတွေမွှေးလာတဲ့အထိ မွှေကြော်ပေးရင် ရပါပြီ...။





မိုးငွေ့


Wednesday, 5 June 2013

ငါးပုတ်သင်ပဲငပိချက်......




ကိုယ်က တောင်ပေါ်သူဆိုတော့ ငါးတို့ပုစွန်တို့ရှားတဲ့နေရာမို့ ငယ်ကတည်းက ငါးသိပ်မစားဖြစ်ဘူး...။ ငါးမကြိုက်တာလည်းပါပါတယ်...။ ငါးဆို ညှီတယ်ဆိုပြီးမစားဘူး အဲလိုပေါ့...။ ရွာမှာ မြစ်ချောင်းကရတဲ့ ငါးတန်လို ငါးကြီးကြီးမျိုးတော့ မိုးကျချိန်ဆို လာလာရောင်းတတ်တယ်..။ ကန်ငါးတွေကတော့ တီလားဗီးယားကတော့ပေါတယ်...။ အဲဒီမှာ ငါးခူနဲ့တီလားဗီးယားအစားများကြတယ်...။ ငါးသိပ်မကြိုက်လို့ ကိုယ်တိုင်လည်း ငါးဟင်းကိုသိပ်မချက်ဖြစ်ခဲ့ဘူး...။ ကိုယ်သိပ်မကြိုက်တဲ့ငါးမှာ ငါးပုတ်သင်ကိုတော့ ကိုယ်ကြိုက်နေမိတယ်...။ 

ငါးပုတ်သင်ရဲ့အသားက နူးညံ့တယ် ခေါင်းထဲမှာ ကျောက်ခဲလို ဖြူဖြူကြည်ကြည်လေးတွေနှစ်ခုပါတယ်...။ 
မော်လမြိုင်မှာတော့ ငါးပြတ်ဆိုပြီး မရမ်းသီးခြောက်တွေနဲ့ ရေကျန်လေးချက်စား တတ်ကြတယ်ပြောတယ်..။ ကိုယ်ကတော့ ငါးပုတ်သင်ကို ပဲငါးပိနဲ့ချက်စားရတာကြိုက်တယ်...။ ငါးအသားလေးကအိပြီး ညှီနံ့လဲမနံဘူး...။ ခုက မွေးငါးတွေက ငါးစာတွေကျွေးတော့ ဒိုက်စော် ငါးစာစော်နံတယ် စားမကောင်းဘူး...။ ဒါကြောင့်ငါးသိပ်မကြိုက်တဲ့ကိုယ် ငါးပိုပြီးမစားဖြစ်တော့တာ...။ သူငယ်ချင်းတွေအိမ်ကချက်တဲ့ ငါးဟင်းတွေတော့စားတတ်နေတယ်...။ ငါးစင်ရိုင်းအိုးကပ် ငါးဘဲဖြူအိုးကပ် သူတို့ချက်တာ ရိုးရိုးလေးပဲ ကြက်သွန်နှစ်လေးနဲ့ငရုတ်သီးလေးနဲ့ပဲ တခြားဘာဟင်းခတ်အရွက်မှထည့်တာ မဟုတ်ဘူး..။ 

တကယ်တော့ငါးစားတာ တခြားကုန်းတွင်းသားတွေထက်အများကြီးကောင်းပါတယ်...။ ငါးဆိုပေမယ့် သဘာဝအတိုင်းမြစ်ချောင်းက ဖမ်းလို့ရတဲ့ငါးဆို ပိုကောင်းပါတယ်...။ ကဲ..စကားဦးသန်းနေတာရှည်နေပြီ..။
ကိုယ်ချက်စားဖြစ်တဲ့ ငါးပုတ်သင်ပဲငါးပိချက်လေး ဘယ်လိုချက်သလဲပြောပြမယ်...။ ငါးကို အကြေးထိုး အူထုတ်သေချာသန့်စင်ဆေးကျောပြီးရင် ရေခြောက်အောင်ခဏစစ်ထားမယ်...။ ရေစစ်ပြီဆိုမှ ဆား နနွင်းနယ်ပြီး ရွှေဝါရောင်သန်းလာတဲ့အထိ ဆီများများနဲ့ကြော်ထားမယ်...။ ကျွတ်နေအောင်တော့ မကြော်ဘူး...။ ငါးအသားလေးပျော့အိနေတာမှပိုစားကောင်းတာ..။ ငါးနှပ်ဖို့အစာပလာလေးတွေပြင်ဆင်မယ်...။

  • ကြက်သွန်ဖြူ နှစ်မွှာ ဓါးပြားရိုက်ထား
  • ကြက်သွန်နီဥကြီးတစ်လုံး ရှစ်စိပ်စိပ်ထား
  • ဂျင်းလက်တစ်ဆစ် အချောင်းလေးတွေလှီးထား
  • ခရမ်းချဉ်သီးတစ်လုံး စိပ်ထား
  • ငရုတ်နီနှစ်လုံး အစောင်းလိုက်လေးတွေလှီးထား
  • ပဲငါးပိ စားပွဲတင်ဇွန်းနှစ်ဇွန်း
  • ပဲငံပြာရည်ကြည် လက်ဖက်ရည်နှစ်ဇွန်း
  • သကြားနဲနဲ                   

ပဲဆီ သို့မဟုတ် ဟင်းရွက်ဆီ ဟင်းခတ်ဇွန်းကြီးတစ်ဇွန်းထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူ နီ ဂျင်း ငရုတ်နီ ခရမ်းချဉ်သီးစတာတွေ ကိုအစဉ်လိုက်ထည့်ကြော်မယ်...။ မွှေးလာတဲ့အထိကြော်ပြီးတာနဲ့ ပဲငါးပိ ပဲငံပြာရည်အကြည်နဲ့ သကြားထည့်မွှေပြီး ရေနွေးလေးနဲနဲထည့် ဆူလာရင် ငါးကြော်လေးထည့် နှစ်မိနစ်လောက်နှပ်ထားပြီးရင် အိုးချလို့ရပါပြီ...။ နံနံတို့ ကြက်သွန်မှိတ်တို့ကြိုက်ရင်လည်း အိုးချခါနီး အုပ်လို့ရပါတယ်..။ ပဲငါးပိနံ့လေးမွှေးနေတဲ့ ငါးပုတ်သင်လေးကို တစ်ခါလောက်ချက်စားကြည့်စေချင်ပါတယ် လွယ်လည်းလွယ်တယ်လေ...။

 မိုးငွေ့


Monday, 3 June 2013

ညမိုးညို (အလယ်).....







ပူပြင်းတဲ့နေရောင်အောက်ကို သူမ မထွက်ဖြစ်တာ ဘယ်လောက်ကြာပြီလဲ……။ တစ်နေ့တစ်နေ့ အခန်းထဲပဲ တကုပ်ကုပ်နဲ့ သီချင်းတွေရေးဖြစ်နေတာ….။ မထွက်ဖြစ်တာကလည်း ကားလမ်းကြပ်လွန်းအားကြီးလို့ ကားမောင်းရမှာကို စိတ်မရှည်တာလည်းပါတယ်…။ ခုပဲကြည့်လေ မြို့ထဲနဲ့သိပ်မလှမ်းတဲ့ သူမနေထိုင်ရာ ကွန်ဒိုဝင်းကနေမောင်းလာတာ ဆယ်မိနစ်နှင့်ရောက်မယ့်ခရီးက နာရီဝက်နီးနီးမောင်းနေရတာလေ…။ ဒီကြားထဲ ကိုယ်သွားမယ့်နေရာ ကားပါကင်မရရင်လည်း ကားက တဝဲလည်လည်ဖြစ်နေပြန်ရော … နေကပူ ကားကများနဲ့ ကားမောင်းရတာ တော်တော်တော့ စိတ်ပျက်စရာကောင်းတယ်….။ သူမ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ကွန်ပြူတာဆားဗစ်ဆိုင်ကလေးတစ်ခုကို လက်တော့ပ်လေး အပ်ဒိတ်လုပ်ဖို့နဲ့ အင်တီဗိုင်းရပ်စ်ထည့်ဖို့ အတွက် မဖြစ်မနေလာရလို့သာ စိတ်ကိုရှည်ထားရတယ်…။ ပြီးတော့ စက်ကသုံးတာကြာပြီဆိုတော့ ခဏခဏဟန်းချင်နေပြီ….။

တော်သေးတယ် ဆိုင်ရှေ့တည့်တည့်ဘလက်ဖောင်းမှာ ကားပါကင်လေးလွတ်နေလို့….။ ပထမထပ်မှာရှိတဲ့ ကွန်ပြူတာဒေါက်တာ ဆိုတဲ့ ဆားဗစ်ဆိုင်လေးဆီကို သူမတက်သွားလိုက်တယ်..။ အညိုရောင်မှန်တံခါးရှေ့မှာ ဖိနပ်တွေ လေးငါးခြောက်ရံလောက်တွေ့ရတယ်… ဧည့်သည်တွေသိပ်များနေရင် သူမ ထိုင်စောင့်ရဦးမယ်… အပ်လဲမထားခဲ့ချင် နောက်တခေါက်ပြန်လာယူဖို့လဲမလုပ်ချင် ခက်ပါတယ်…။ ဒီတော့ ကြာရင်လည်းကြာပါစေတော့ ထိုင်စောင့်ပြီးယူသွားဖို့ပဲ သူမတခါတည်းစိတ်ဆုံးဖြတ်လိုက်တော့တယ်…။

မှန်တံခါးလေးတွန်းဝင်သွားလိုက်တော့ လေအေးစက်က စိမ့်ခနဲစီးကြိုပါတယ်….။ ခုမှပဲနေလို့ကောင်း သွားတော့တယ်….။ ဒါပေမယ့် ခုလိုပူလိုက်အေးလိုက်နဲ့ဆို သူမနှာမွှန်တတ်နေတာကိုတော့ သတိထားရသေးတယ်…။ အထဲမှာ စားပွဲခုံရှည်မှာ ကွန်ပြူတာတစ်ယောက်တစ်လုံးနဲ့ ရှပ်အင်္ကျီအဖြူနဲ့ကောင်လေးတွေ လေးငါးယောက်တွေ့ရတယ်..။ သူမဝင်လာတော့ ကောင်တာမှာထိုင်တဲ့ ကောင်လေးက ထွက်လာပြီးမေးပါတယ်…။

“အစ်မ ဘာကူညီရမလဲခင်ဗျာ…”

“တို့ လက်တော့ပ်လေးကို အင်တီဗိုင်းရပ်စ်လေး အပ်ဒိတ်လုပ်ချင်တယ် ပြီးတော့ စက်က ခဏခဏဟန်းနေလို့ အဲဒါလေးစစ်ချင်တယ်မောင်လေး…”

“ဟုတ်ကဲ့… အစ်မ ပစ္စည်းအပ်ခဲ့မလား စောင့်ယူမလားဗျ”

“စောင့်ယူမယ်..”   ကောင်လေးက သူမလက်ထဲက စက်ကိုယူပြီး  စောစောက စားပွဲခုံတန်းရှည်မှာရှိတဲ့ ဆားဗစ်ကောင်လေးတစ်ယောက်ကိုပေးလိုက်တယ်….။ 

ဧည့်သည်ထိုင်ခုံမှာ သူမလိုပဲ ထိုင်စောင့်တဲ့ ဧည့်သည် သုံးယောက်ရှိတယ်…..။ သူမကို ရေခဲရေတစ်ခွက်လာတိုက်လို့ နေပူပူထဲကလာတာ ရေခဲရေသောက်လို့ကတော့ လည်ချောင်းတွေနာမှာကြောက်လို့ မသောက်တော့ဘူး ငြင်းလိုက်တော့တယ်…။ သူမစောင့်နေတုန်း… နံရံကပ်ဗီဒိုတွေထဲက ကွန်ပြူတာအပိုပစ္စည်းနဲ့ အလှဆင်အရုပ်တွေကို လိုက်ကြည့်နေလိုက်တယ်….။ မောက်စ်ပက်တွေထည့်ထားတဲ့ ဗီဒိုထဲက ဝမ်းလျားမှောက်နေတဲ့ ခါးလျားခပ်ရှည်ရှည် နားရွက်ဖားဖားနဲ့ အညိုရောင်အသားမွမွအိအိခွေးရုပ်ကလေးကို သူမအရမ်းသဘောကျသွားတယ်…။ လက်တော့ပ်သုံးနေတဲ့ သူမအတွက်အသုံးလည်းဝင်တဲ့ လက်ဖနောင့်ခုတဲ့အရုပ်ကလေး….။ ခွေးရုပ်လေးကိုမြင်တော့မှ သူမကိုယ့်လက်ဖနောင့်ကိုပြန်ကြည့်မိတော့တယ်…။ သူများတွေလို လက်ကောက်ဝတ်ဖနောင့်မှာ အညိုအမည်းမထင်သေးဘူးပဲ…။ ဘာပဲဖြစ်ဖြစ် အရုပ်ကလေးကိုတော့ ချစ်စရာကောင်းလွန်းလို့ သူမဝယ်လိုက်တော့မယ်….။

ကောင်တာက ကောင်လေးကို လှမ်းကြည့်ပြီး…

“မောင်လေး အစ်မကို ဒီခွေးရုပ်ကလေးတစ်ရုပ်ပါထည့်ပေးနော်… ဆားဗစ်စင်လုပ်မယ့် ဘောက်ချာထဲထည့်တွက်လိုက် ရတယ်…”
ကောင်လေးက ခေါင်းညိတ်ပြလိုက်တယ်…….။

မိနစ်နှစ်ဆယ်ပဲစောင့်လိုက်ရတယ်….သူမရှေ့ကို လက်တော့ပ်လေးရောက်လာတယ်….။

“ရပါပြီခင်ဗျ…”

“ကျေးဇူး…”

ခွေးရုပ်ကလေးနှင့် လက်တော့ကို ဆိုင်နာမည်ပါတဲ့ရီဆိုင်ကယ်အိတ်လေးကို လှမ်းယူရင်းမော့ကြည့်ဖြစ်တော့..။

“ဟင်…. ညီစေမင်း…”

သူက အခါတိုင်းလိုပါပဲ စတစ်ကော်လံ အဖြူဆွတ်ဆွတ်ရှပ်လက်ရှည်ကို ကချင်ပုဆိုးလေးနဲ့ တွဲဝတ်ထားတယ်….။ 

“ဟုတ်ကဲ့ ညမိုးညို ဝင်လာကတည်းက တွေ့တယ်…တမင် အံ့အားသင့်သွားအောင် နှုတ်မဆက်သေးတာ”

 “ညီက ဒီမှာလုပ်နေတာလား….”

“ဟုတ်တယ်ဗျ…. ဒီဆိုင်က ကျွန်တော့်သူငယ်ချင်းဆိုင်လေ… ရန်ကုန်စရောက်ကတည်းက ဒီမှာပဲဝင်လုပ်နေတာ…”

“အော…. ကောင်းပါလေ့… အိုခေ တို့စက်အတွက် ဘောက်ချာရှင်းမယ်နော်…...”

သူမကတော့ ထုံးစံအတိုင်း လိုရင်းတိုရှင်း စကားစဖြတ်လိုက်တယ်…….။ သူမရဲ့ မျက်နှာရိပ်မျက်နှာကဲကို သူနားလည်ပေးလိမ့်မယ်လို့ ထင်ပါတယ်…။ လူမှုရေးတွေ ဘာတွေနဲ့ စကားရှည်ရှည်လည်းမဆိုချင်ဘူးလေ….။ ဒါတောင် သူက ညမိုးညိုဆိုပြီး စကားထဲထည့်ပြောလို့ ကွန်ပြူတာကိုင်နေတဲ့ ကောင်လေးတွေက ခေါင်းထောင်ပြီး လှမ်းကြည့်ကြသေးတယ်…။ သူမ ဆားဗစ်ခလေးရှင်းပြီးပြန်ထွက်လာမယ်လုပ်တော့ သူက သူမလက်ထဲက လက်တော့ပ်အိတ်ကို လာဆွဲယူလိုက်တယ်…။ သူမလှည့်ကြည့်လိုက်တော့…. သူရင်ဘတ်နဲ့တည့်တည့်တိုးမိသွားတယ်….။ သူမနဲ့သူ တစ်ပေခွဲလောက်အကွာမှာပဲ….။ သူ့အရပ်က သူမထက်ခေါင်းတလုံးစာလောက်မြင့်နေတော့ သူမနဲနဲတော့မော့ကြည့်ရတာပေါ့…။ သူ့မျက်ဆံနက်နက်တွေက တွေ့နေကျထက် ပိုပြီး တောက်ပနေသလားပဲ…။ နှုတ်ခမ်းညိုညိုတစ်စုံမှာ တွန့်ကွေးသွားကြသေးတယ်…။

“ကားပေါ်ထိလိုက်ပို့ပေးမယ်…”

သူမက ငြင်းရမလား ဘာပြောရမှန်းမသိဖြစ်နေချိန်မှာ သူက သူ့မျက်ခုံးတစ်ဖက်ကို ဘယ်လိုလဲဆိုပြီး ပင့်လိုက်တယ်…။ သူမမေးကို ဆတ်ပြပြီး ချာခနဲလှည့်ထွက်လာခဲ့တယ်…။ သူက အိတ်ကလေးဆွဲပြီး လိုက်ဆင်းလာခဲ့တယ်…။ သူမကားတံခါးကို ရီမုနဲ့လှမ်းဖွင့်လိုက်တယ်…။ ပြီးတော့ သူ့လက်ထဲက အိတ်ကိုဆွဲယူလိုက်ပြီး…။

“ကျေးဇူး…” လို့သာပြောလိုက်ပေမယ့် သူမအသံက အေးစက်စက် တောင့်တင်းတင်းကြီးထွက်လာခဲ့တယ်…။

“ရပါတယ်… ဘာလို့ မပြောချင်တဲ့စကားကို ဇွတ်အတင်းပြောနေတာလဲ ခင်ဗျားက ဟန်မဆောင်တတ်တာ အသိသာကြီး…”

“ဆောရီး ညီ…တို့က အဲလို ဦးစားပေးတာကို မခံဖူးတော့ တမျိုးဖြစ်နေလို့ပါ….သွားပြီနော်…”

ကားပေါ်တက်ပြီး တံခါးဂျိန်းခနဲပိတ်လိုက်တဲ့ ဘယ်လိုနားလည်ရမှန်းမသိသော ကျွတ်ဆတ်ဆတ်သူမပုံစံကို သူနားလည်သလိုလိုရှိပြီး ပြုံးမိသွားတယ်….။


@@@@@@@@@


ညနေစာကို ဘာချက်ရမှန်းမစဉ်းစားချင်တာနဲ့ ရေခဲသေတ္တာထဲမှာရှိတဲ့ ရောင်စုံအသီးတွေနဲ့ သီးစုံကြက်ဥ ထမင်းတစ်ပွဲကြော်ထားတယ်…..။ ပြီးတော့ ရေမိုးချိုးပြီး ထမင်းကြော်လေးကို အခါးရည်ပူပူနဲ့ ဇိမ်ပြေနပြေစားမယ်……။ ရေချိုးပြီး ထမင်းစားပွဲမှာ ကျကျနနထိုင် ဇွန်းခရင်းလဲစကိုင်ရော လူခေါ်ဘဲလ်က အသံမြည်လာတယ်…။ သူမအခန်းတံခါးကို ဖွားဖွားမရှိတော့တဲ့ နောက်ပိုင်း ဘဲလ်လာတီးမယ့်သူမရှိတာ ဘယ်လောက်ကြာနေပြီလဲ… ။ အံ့အားသင့်စိတ်မဲ့စွာ သူမ တံခါးရဲ့မှန်ဘီလူးပေါက်ကနေ ချောင်းကြည့်လိုက်တယ်…။ “ညီစေမင်း”  သူမ နောက်ဆုတ်ပြီး တခဏစဉ်းစားလိုက်မိတယ်…။ ဘာအတွက် သူက တံခါးလာခေါ်ရသလဲ…။ ပြီးတော့ တံခါးချိတ်ကလေးကိုမဖြုတ်ဘဲ ဖွင့်ပြီးကြည့်လိုက်တယ်…။

“ညီ… ဘာကိစ္စလဲ…”

တံခါးကို ချက်ချင်းမဖွင့်သေးဘဲ အပေါက်ကျဉ်းကျဉ်းကလေးကနေ လှမ်းပြောနေတဲ့ သူမကို သူကလက်နောက်ပစ်ပြီး ပြုံးစေ့စေ့နဲ့ ပြန်မဖြေဘဲ ကြည့်နေတယ်…။

“ဟောတော်… တို့မေးတာမဖြေဘဲ ဘာတွေသဘောကျနေတာလဲ…”

“ခင်ဗျားက တကယ် တံခါးမဖွင့်ဘဲ ကျွန်တော့်ကို အဲလိုပဲ ဧည့်ခံတော့မှာလား…”

“တို့ အခန်းကို ဘယ်သူစိမ်းမှလက်မခံဘူး…မင်းကိုလည်း တို့မှသေချာမသိသေးတာလေ…ပြောဘာကိစ္စလဲ…”

“ဟုတ်ကဲ့ပါခင်ဗျာ…. ကျွန်တော်က ခင်ဗျားအတွက် အရုပ်လာပေးတာပါ…”

သူက အရုပ်ဆိုလို့ သူမမျက်ခုံးလေးပင့်ပြီး အံ့အားသင့်သွားရတယ်…။

“ဘာအရုပ်လဲ …”

“ခင်ဗျား နေ့လည်တုန်းက ဝယ်လာတဲ့ အညိုရောင်ခွေးရုပ်ကလေးနဲ့ဆင်တူ နောက်ထပ်တစ်ရုပ်လေ အဖြူရောင်လေး ခင်ဗျား အရုပ်ကိုကြည့်နေတုန်းက ကျွန်တော်မြင်လိုက်တယ် ဒီအရုပ်ကို ခင်ဗျားတော်တော်နှစ်သက်တယ်ဆိုတာ ခင်ဗျားမျက်လုံးတွေကပြောနေကြတယ်လေ…”

ဒီတော့မှာ သူက နောက်မှာပစ်ထားတဲ့လက်ထဲကနေ အဖြူရောင်ဆွတ်ဆွတ်အရုပ်ကလေးကို သူမကိုပြလိုက်တယ်…။ အရုပ်ကလေးကိုကြည့်ပြီး သူမပြောဖို့ နှုတ်ခမ်းပြင်တုန်းရှိသေး…။

“ကျွန်တော်သိပါတယ် အဖြူရောင်ကအပေမခံဘူးလေ… ဒါပေမယ့် ခင်ဗျား လက်ဖြူဖြူတွေနဲ့ လိုက်မယ်ထင်လို့ ယူလာခဲ့တာ…”

ဒီတစ်ခါတော့ သူမက သူ့စကားကို သဘောကျသွားခဲ့တယ်…။ သူမအသားဖြူတာ… မေမေ့ဆီက အမွေရထားတာလေလို့ သူမကြားအောင် စိတ်ထဲက လှမ်းကြွားလိုက်သေး…။

“အိုခေ…. ကျေးဇူးအကြီးကြီးပါ… ဒီတခါတော့ တကယ်ကျေးဇူးတင်တာနော်…”

သူမက သံတံခါးကြားထဲကနေ သူ့လက်ထဲက အရုပ်ကို ဆတ်ခနဲလှမ်းဆွဲယူလိုက်တယ်…။

“ကျွန်တော်ကလည်း ကျေးဇူးပြန်တင်ပါတယ် အရုပ်ကလေးကိုလက်ခံပေးတဲ့အတွက်… ဧည့်သည်ကို ကော်ဖီတစ်ခွက် ဒါမှမဟုတ် ညနေစာလေးတောင်မကျွေးတော့မယ့်ပုံပေါက်နေလို့ ခွင့်ပြုပါဦးခင်ဗျာ…”

သူက ပြောလဲပြောရင်း ဓါတ်လှေကားရှိတဲ့ဖက်ထွက်သွားတော့တယ်….။ ဒီတော့မှာ သူမက တံခါးကိုဖွင့်ပြီး ခေါင်းလေးပြူပြီး သူ့ကိုလှမ်းပြောလိုက်တယ်…။

“တို့ကို မင်းနားလည်ပေးတဲ့အတွက် ကျေးဇူးထပ်တင်ပါတယ် ညီ…”

“ ဟားး ဟားး ရပါတယ်ခင်ဗျာ…..”  သူက သူ့ဆံပင်ပျော့ပျော့နက်နက်တွေ ယိမ်းခါနေအောင်ရယ်ပြီး နောက်လှည့်မကြည့်ဘဲ ပြန်ပြောတယ်….။ 



@@@@@@@@



ဒီညတော့ သူက သူမရဲ့ လသာပြင်မှာရောက်နှင့်နေခဲ့တယ်…….။ အုတ်လက်တန်းပေါ်လက်နှစ်ဖက်တင်ရင်း စီးကရက်ကိုရှိုက်ဖွာနေလေရဲ့….။ သူမကပါလာတဲ့ ကော်ဖီမက်ခွက်ကို စားပွဲဝိုင်းသေးပေါ်တင်လိုက်ပြီး သူမရဲ့ ကြိမ်ခုံဝိုင်းထဲကိုဝင်ထိုင်ရင်း ဂီတာကိုဘေးမှာခဏချထားလိုက်တယ်….။ ကောင်းကင်ကို မျက်နှာအပ်လိုက်တော့ ကောင်းကင်က လပြည့်လကြောင့် မိုးသားတွေက ခပ်ဖျော့ဖျော့ရှိပြီး တိမ်စိုင်တချို့ ညိမ့်ညိမ့်ကလေး ရွေ့လျားနေကြတယ်….။ ကြယ်ရံကလေးတွေက လရောင်ကြောင့်ပဲမှိန်နေကြသလား…။ ပုန်းကွယ်နေကြလို့လားမသိ သိပ်မတွေ့ရဘူး….။ လေပြေအေးအေးကို တချက်ရှူရှိုက်ရင်း သူမထောင်ထားတဲ့ ဂီတာလေးကိုယူလိုက်တယ်….။ ကိုငှက်ရဲ့ ချစ်တိုင်းလည်းမညား သီချင်းကို Blues ပုံစံကလေးနဲ့ ဗားရှင်းပြောင်းပြီး သူမခပ်တိုးတိုး ဆိုညည်းတော့.....  ကျောပေးပြီး စီးကရက်ဖွာနေတဲ့ သူက သူမဖက်လှည့်လာပြီး ကြမ်းပြင်မှာ ဒူးပိုက်ပြီး ထိုင်ချလိုက်တယ်…။ လက်ထဲက သောက်လက်စ စီးကရက်တိုလေးကို လက်တစ်ဖက်က ထိုးချေငြိမ်းသတ်လိုက်တယ်…။ သူ့မျက်လုံးတွေက သူမဆီမှာ သူမရဲ့ တီးခတ်မှုလက်ချောင်းတွေဆီမှာ မမှိတ်မသုန်ရှိနေကြတယ်…။

သူမက ဂီတာလက်ကွက်တွေကိုသာ ငုံ့ကြည့်ပြီးဆိုနေတယ်….။ သူကလည်း သူမဆိုတဲ့သီချင်းမှာ မျောပြီး ပိုက်ထားတဲ့ ဒူးပေါ်မျက်နှာအပ်ပြီး သူမကို ကြည့်နေမိတယ်….။ သူ့တစ်သက်မှာ ဒီလောက် တီးခတ်မှုရော သီဆိုမှုကောင်းသော မိန်းမတစ်ယောက်ကို ခုလို အရှင်လတ်လတ်မမြင်ဖူး မကြည့်ဖူးခဲ့ပေ..။ သူမကို သူ မချီးကျူးဘဲ မနေနိုင်တော့….။ သီချင်းလေးဆုံးသွားတော့………။

“ညမိုးညို…. ခင်ဗျားက တကယ့်ပါရမီရှင်ဘဲ… ထူးအိမ်သင်သာ မဆုံးသေးရင် သူ့သီချင်းကို ခုလို သိပ်လှတဲ့ ဗားရှင်းလေးနဲ့ဆိုတတ်တဲ့ မိန်းမတစ်ယောက်ရှိနေတယ်ဆိုတာ သိရင် တော်တော်ဝမ်းသာမှာဗျ…”

“ညီ…ကြိုက်လို့လား….”

“ကြိုက်တာထက်ကိုပိုတာ…. ခုနေ ခင်ဗျားကို concert ပွဲတစ်ခုမှာပေးဆိုရင် ပရိတ်သတ်တွေ တမေ့တမျော ဖြစ်ကုန်မှာ သေချာတယ်…”

“ဟာာ ဒါကတော့လွန်သွားပြီ တို့က သီချင်းရေးတာကိုပဲကြိုက်တာ ဆိုတာက တခါတလေပဲကိုယ်ကြိုက်တဲ့ သီချင်းတွေကို ဗားရှင်းပြောင်းကြည့်မိရင်းက ဆိုဖြစ်သွားတာမျိုးပဲရှိတာ….. ဒီသီချင်းကို တို့ဗားရှင်းပြောင်းတီးထားတာ ကြာပြီ… ဒါပေမယ့် ဆိုကြည့်တာကတော့ ခုပထမဦးဆုံးပဲ…. အရုပ်လက်ဆောင်ပေးတဲ့ ညီ့ကို ကျေးဇူးဆပ်တဲ့အနေနဲ့လေ…”

သူမအဲလိုပြောလိုက်လို့ သူချက်ချင်းထပြီး သူမနားက ခုံပုကလေးမှာလာထိုင်လိုက်တယ်…။

“ဗျာ…တကယ်ပဲ ခင်ဗျားက ဒီသီချင်းကို ပထမဦးဆုံး ကျွန်တော့်ကို ဆိုပြတာလား… ဟဟ… ဒီလိုဆိုတော့လဲ ခင်ဗျားက သဘောမနှောကောင်းနေပါရော…”

သူ့စကားကို သူမက သဘောကျစွာ တချက်ရယ်ရင်း ဂီတာကို ဘေးချထားလိုက်တယ်…။ သွားလေးတွေပေါ်အောင် ရယ်လိုက်တဲ့ သူမကို သူငေးကြည့်မိသွားတယ်…။

“ဘာလဲ တို့က အဲလောက်တောင်ပဲ သဘောဆိုးတဲ့သူဖြစ်နေပြီလား မင်းအတွက်..”

“အဲလိုလဲမဟုတ်ဘူးလေဗျာ…. ခင်ဗျားက အရမ်းကို သီးသီးသန့်သန့်နေတဲ့သူလေ… သူများတွေနဲ့ရောရ စကားပြောရတာကို အန်မတန်ဝန်လေးတဲ့ သူတစ်ယောက်က ခုလို တခါမှမတီးမဆိုပြဖူးတဲ့ သီချင်းကိုဆိုပြတဲ့တွက် အံ့အားသင့်ဝမ်းသာသွားလို့ပါ…”

“တို့ဒီလိုသီးသန့်နေဖြစ်အောင်… တို့ဘဝက သူ့အလိုလိုဖန်တီးပေးခဲ့တာလေ… တနေ့နေ့တော့ တို့အကြောင်းမင်းကို ပြောပြပါ့မယ်…. အဲဒီအခါကျရင် တို့ဘာကြောင့်ဒီလိုဖြစ်နေသလဲဆိုတာ နားလည်လာလိမ့်မယ်…”

“အိုကေပါ… ခင်ဗျားပြောချင်တဲ့ နေ့ကို ကျွန်တော်မျှော်နေပါ့မယ်….”



မိုးငွေ့