Thursday, 27 June 2013

အိပ်မက်ထဲတောင်ထည့် မမက်ချင်ဘူး....




မေရဲ့ မိုးစက်ပွင့်တွေ တဖျောက်နှစ်ဖျောက်ကျနေတဲ့ နေ့လည်ခင်းတစ်ခုမှာ... “အစ်မ.. ဧည့်သည်ရောက်နေတယ်” ဆိုလို့ ထွက်တွေ့တော့ စတစ်ကော်လာ အဖြူဆွတ်ဆွတ် အကျီၤနဲ့ ရွှေဖလားရောင်ပုဆိုးဝတ်ထားတဲ့
မောင့်အရင် ကုမ္ပဏီတုန်းက လုပ်ဖော်ကိုင်ဖက်ပါ ...။ လက်ထဲမှာလည်း ဖိတ်စာတွေနဲ့ဆိုတော့ ဒီလူပျိုကြီး အစွန်ထုတ်ပွဲအတွက် လာဖိတ်မှန်းသိလိုက်ပါတယ်...။ လူပုံစံကလည်း ခုပဲ စေ့စပ်ပွဲကထလာသလို မင်္ဂလာပဲသွားဆောင်တော့မလို အဆင်အယင်နဲ့မဟုတ်လား...။ ညနေ အိမ်ရောက်လို့ မောင့်ကိုဖိတ်စာ ပြပြီး ပြန်ပြောပြတော့ ဟုတ်တယ် ဒီကောင်က တစ်ခါတစ်လေ ကြောင်တောင်တောင် စတိုလ်သိပ်ဖမ်းတတ်တာတဲ့...။

ကျမကတော့ဖြင့်လေ ဖိတ်စာရတာ ဝမ်းသာလို့ ရုံးက ကလေးမတွေတောင် ရယ်ကြသေးတယ်...။ သူများတွေက ဖိတ်စာရရင် ကုန်ပေါက်လို့မြင်ကြပေမယ့်...ကျမကတော့ ကျမ ကိုယ်တိုင်ဒီဇိုင်းထုတ်ထားတဲ့ အဝတ်အစားတွေကိုတော့ ထုတ်ဝတ်ရချေရဲ့လို့ ဝမ်းသာမဆုံးဖြစ်နေတာ မောင်က အဲမင်္ဂလာဆောင်မသွားဘူး ဆိုတော့ ကျမရဲ့ အိပ်မက်တွေပဲပြိုကျသွားတော့သလိုလို...မောင်ကလည်း လူမှုရေးဆိုတာရှိသေးတာပဲ သွားမှကောင်းမှာပေါ့လို့ မောင်သူတို့နဲ့မတွေ့ချင်ရအောင် ဘာများအပြစ်လုပ်ခဲ့မိလို့လဲလို့ ကျမ မရွံမရဲ ဇောတက တက်မိတယ်..။ မောင်က လူမှုရေးဆိုတာဘာလဲ အပြစ်လုပ်ထားတာမရှိလဲ ဒီလူတွေနဲ့ တွေ့ချင်စိတ်မရှိရတာနဲ့ ဘာဆိုင်လဲလို့ ပြန်ပြီး ဘုတောတောပါတယ်...။ အဲမင်္ဂလာဆောင်ကိုသွားရင် ကိုယ်မမြင်ချင် မတွေ့ချင်တော့တဲ့ အရင်က လူဟောင်းတွေနဲ့ ပြန်တွေ့ရ နှုတ်ဆက်ရ ရယ်ပြရ ပြုံးပြရတဲ့ အလုပ်ကို မလုပ်ချင်ဘူးတဲ့...။ ကျမသိပါတယ် မောင်က အဲလိုနေရာမျိုးမှာ သိပ်ပြီးဝန်လေး တတ်တယ်ဆိုတာ...။

ညဖက် မောင့်ကို ခြေသလုံးနှိပ်နယ်ပေးရင်း  ကုတင်ခြေရင်းက တီဗီမှာလာနေတဲ့ American Idol မှာ Candice၊ Angie နဲ့ Kree သုံးယောက်ထဲက ကျမကြိုက်တဲ့ Angie အပယ်ခံလိုက်ရပါတယ်...ေ နာက်ဆုံးနှှုတ်ဆက်သီချင်းက ငိုသံပါကြီးနဲ့ဆိုတော့ မျက်ရည်မခိုင်တဲ့ ကျမကပါ မျက်ရည်ကျမိတယ်...။ မောင့်ကိုကြည့်တော့ အိပ်မောကျနေပြီ...။ မနက်က အစောကြီးထရတာရယ် ညည ဘောလုံးပွဲကြည့်နေတာတွေက ရက်ဆက်သွားတော့ မခံနိုင်တော့တာ ခါတိုင်းည ကျမနဲ့အတူကြည့်နေကျ American Idol ကိုတောင်မကြည့်နိုင်တော့လောက်အောင်ပဲ...။ နောက်တစ်ပတ် Grand Finale ကိုစောင့်ကြည့်ရမယ်ဆိုပြီး ကျမလည်း တီဗီပိတ်မီးပိတ်ပြီး အိပ်ယာဝင်လိုက်တော့တယ်...။
မောင်ကတော့ အိပ်မောကျနေလိုက်တာ...။ မောင့်ထွက်သက်နွေးနွေးလေးတွေ ကျမညာဖက်ပါးကိုတိုးတိုး လာထိတယ်...။ ကျမကတော့ဖြင့် Angie အတွက်စိတ်မကောင်းဖြစ်လို့ ဝမ်းနည်းစိတ်နဲ့ နေ့လည်တုန်းက ဖိတ်စာလာပေးတဲ့ မောင့်လုပ်ဖော်ကိုင်ဖက်ဟောင်းကိုသွားတွေးမိပြီး မျက်စိကအိပ်မရဘဲ ကြောင်နေရင်းနဲ့ အတွေးတွေ အရင် မောင်အလုပ်လုပ်တဲ့ဆီရောက်သွားခဲ့တယ်...။ အဲဒီတုန်းက မောင်နဲ့ကျမ လက်မထပ်ရသေးဘူး...။

အဲဒီနေ့တုန်းက ကျမနေတဲ့တိုက်ကို ခေါင်းလောင်းကြိုးလာဆွဲလို့ ဝရံတာထွက်ကြည့်လိုက်တော့...။ အပေါ်ကိုမော့ကြည့်လာတဲ့ မောင်...။ မောင်တစ်ယောက်ထဲမဟုတ်ပါဘူး ကောင်မလေးတစ်ယောက်ပါသေး တယ်..။ မောင်က လက်ဟန်ခြေဟန်နဲ့ ကျမကို ခေါင်းဖီးချင်လို့ ဘီးခဏချပေးပါလားတဲ့...။ ဟင်...မောင့်ဆံပင်ကဖြင့် တိုကပ်ကပ်ကလေးကို ဘာကိစ္စ အရေးတကြီးဆံပင်ဖီးဖို့များ ကျမဆီကို တကူးတကန့် ဘီးလာတောင်းရသလဲလို့ စိတ်ထဲတော့ ဇဝေဇဝါဖြစ်လိုက်တယ်...။ ကျမ ခပ်ကျဲကျဲဘီးတစ်ခု ယူပြီး အောက်ဆင်းသွားလိုက်တယ်..။ အောက်ရောက်သွားတော့မှပဲ ဘီးက မောင့်အတွက် မဟုတ်ဘဲ မောင်နဲ့အတူပါလာတဲ့ ကျောလည်လောက်ဆံပင်အရှည်ရှိတဲ့ ကောင်မလေးအတွက်ဖြစ်နေတယ်။
ထင်တော့ထင်သားပဲ...။ ဒါပေမယ့် ကျမက တော်တော်တုံးအ ပါတယ်..။ အဲဒီအချိန်အထိ မောင်နဲ့ ကုမ္ပဏီမတူတဲ့ မိုးစက်ဖြူဆိုတဲ့ ကောင်မလေးကို ကျမက မောင်နဲ့ နဲနဲကလေးမှကို မရိပ်မိသေးတာ..။ ရိုးရိုး အလုပ်တူလို့ လမ်းကြောင်းတူလို့ သွားလာကြတယ်ပဲမှတ်နေတာ...။

တစ်ခါ အဲကောင်မလေး နေမကောင်းလို့ဆေးရုံတက်တော့ သွားကြည့်မယ်ဆိုပြီး ကျမကို ခေါ်သွားခဲ့သေးတယ်...။ ဟိုရောက်တော့ ကျမက ဧည့်သည်ထိုင်ခုံမှာ မောင်ကတော့ လူနာခုတင်နားမှာ... မေ့ဆေးပြယ်ခါစ လူနာမိန်းကလေးက မောင့်ကိုလဲတွေ့ရော မျက်လုံးတွေ အရောင်တောက်လာလိုက်တာ... မောင့်ဆံပင်ကို ဒင်းက ရာရာစစ သပ်သင်ပေးနေသေးတယ်။ “မောင့် အစ်မကို အားနာစရာ” တဲ့...။ သူက ကျမကို မောင့်အစ်မပါလို့ သဘောပေါက်ထားတာ တဲ့လား...။ မောင်က သူ့ကိုအဲလိုညာထားတာပေါ့ ဒါဖြင့်...။ ကျမလေ အဲဒီမြင်ကွင်းလေးကို ဒေါသထွက်လိုက်သမှ နေရာမှာတင် ကြမ်းပစ်လိုက်ချင်တာ....။ ဘယ်လိုမှ မရတော့ဘူး အပြန်လမ်းမှာ တစ်လမ်းလုံးမောင့်နဲ့ရန်ဖြစ်သွားကြတာ...။ အဲတုန်းက ကျမနဲ့မောင် ဘယ်လိုမှအဆင်မပြေကြတော့ဘူး...။ မောင်သွားမယ့်လမ်းကို လိုက်မယ်ဆို မောင်ပေးမလိုက်ဘူး...။ အဲဒါအရှင်းကြီးပဲ ကျမ မကြိုက်တဲ့ မိုးစက်ဖြူဆိုတဲ့ မိန်းကလေးပါနေလို့ပေါ့...။

ကျမလေ မောင်အဲလို နောက်ကောင်မလေးဆီစိတ်ရောက်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တော်တော်လေးကို စိတ်ဆင်းရဲခဲ့ရတာ...။ ကျမဘဝမှာ ခံနိုင်ရည်မရှိဆုံးစိတ်ခံစားမှုတစ်ခုပဲ...။ ခါတိုင်းကျမအားရင် မောင့်နောက်လိုက်နေကျ အဲနေ့ကျတော့ မောင်ကမလိုက်ရဘူးဆိုလို့ ကျမ သကာၤမကင်းရှိတာနဲ့ နောက်ကနေလိုက်ချောင်းတာ တကယ်ပဲ... မောင်တို့သွားနေက ပရိုမိုးရှင်းသွားလုပ်တဲ့ ဆေးခန်းထဲကနေ မောင်နဲ့အဲဒီကောင်မလေးလက်ချင်းတွဲလို့ ထွက်လာကြတာမြင်တော့

ကျမ အမြင်အာရုံတွေ ရုတ်ချည်း မူးနှောက်မဲမှောင်သွားခဲ့တယ်...။ ပြီးတော့ သူတို့ကားငှားကြတယ် သူတို့နောက်ကို ကျမဆက်လိုက်ရမလား မလိုက်ရဘူးလား..ကျမ မဆုံးဖြတ်နိုင်ခဲ့ဘူး...။ ကျမ အဲဒီနေရာမှာတင် သေဆုံးသွားခဲ့တယ်ဆိုပါတော့...။ ကျမဟာ မောင်နောက်တစ်ယောက်ကို စိတ်ယိုင်သွားလောက်အောင် မောင့်ကိုမဆွဲဆောင်နိုင်တော့ဘူးလား...။ ကျမ အဲဒီကောင်မလေးလောက် မငယ်လို့လား မချောလှတော့လို့လား..။

အဲဒီကာလတလျှောက်လုံးကျမစိတ်ဆင်းရဲရလွန်းလို့ တော်တော်လေးတောင်အိုစာသွားတယ်လို့ထင်ရတယ် ..။ ကိုယ့်ကိုယ်ကိုလည်း မှန်တောင်မကြည့်ချင်တော့ဘူး..။ အပူသည်ရုပ်ပေါက်နေတာကို မမြင်ချင်တော့လို့။ ဒီလိုနဲ့ ကျမမှာ တိုင်ပင်စရာသူငယ်ချင်းလည်းမရှိ တစ်ယောက်တည်း ကျိတ်ခံစားရင် တစ်ခုခုတော့ ဆုံးဖြတ်ဖို့စဉ်းစားလိုက်တယ်...။ ဒီကြားထဲ ချစ်သူများနေ့ကရောက်တော့ မောင်နဲ့ကော်ဖီဆိုင် တစ်ဆိုင်မှာချိန်းလိုက်တယ်...ညခုနှစ်နာရီခွဲချိန်းထားပေမယ့် မောင်တော်တော်နောက်ကျမှရောက်
လာခဲ့တာပါ..။ မောင့်ကိုပေးတဲ့ ချစ်သူများနေ့လက်ဆောင်တဲ့ ကျမတော်တော်ညံ့ဖျင်းတုံးအတာပါ ..။ ဖေမြင့်ရဲ့ ကြီးပွားတိုးတက်ဒသနစာအုပ်တစ်အုပ်တဲ့...။ တကယ်ဆို အချစ်ကဗျာလှလှကလေးတစ်အုပ် ဒါမှမဟုတ် ချစ်သူများနေ့သီချင်းတွေစုစည်းထားတဲ့ စီဒီတစ်ချပ်မဖြစ်သင့်ဘူးလား..။ မောင်စာဖတ်ပျင်းတာ သိလျက်နဲ့ မောင်သီချင်းတွေကြိုက်တတ်တယ်ဆိုတာသိသိကြီးနဲ့ ကျမပေးလိုက်တဲ့ လက်ဆောင်က တော်တော် ကမောက်ကမနိုင်ပါတယ်...။

နောက်ဆုံးတော့ မောင်နဲ့အဲကောင်မလေးနဲ့ ကျမတို့ သုံးယောက်ဆုံပေးဖို့ ပြောတော့ ပထမ မောင်ကငြင်းသေးတယ် မဆုံပေးနိုင်ဘူး သူနဲ့လည်း ဘာမှမပတ်သက်ကြဘူးဆိုတော့လေ...။ မောင်ကျမကို ခုထိလိမ်ထားတုန်းကိုးး..။ ကျမတို့ ဆိုင်တစ်ခုမှာဆုံဖြစ်ပါတယ်...။ ကောင်မလေးက အရင်လိုဆံပင်ပုံမဟုတ်တော့ဘူး ခေတ်ဆန်ဆန်ပုံလေး ညှပ်ထားတာတွေ့လိုက်တော့ ကျမသတင်းရထားတဲ့ ကျမတို့ညှပ်နေကျဆိုင်ကို မောင်က အဲကောင်မလေးကို ဆံပင်ခေါ်သွားညှပ်တယ်ဆိုတာမှန်သွားပြီပေါ့...။ ညီမလေးဆံပင်ပုံလေး ပြောင်းထားတာပဲ ဘယ်မှာသွားညှပ်တာလဲလို့ စကားအစ်ကြည့်တော့..။ သူတို့လမ်းထိပ်ကဆိုင်မှာ သွားညှပ်တာ ခေါင်းလျှော်တာကြာသွားလို့ဇက်တောင်နာနေတဲ့အကြောင်း သူက လိမ်ဆင်လှလှလေးနဲ့ပြောသွားသေးတယ်..။

ကျမတည့်ပဲမေးလိုက်တော့တယ် မောင်နဲ့ကဘယ်လိုပတ်သက်တာလည်း ဘာတွေလည်းလို့..။ ဘာမှမဟုတ်ဘူး သူငယ်ချင်းတွေ မိတ်ဆွေတွေပါပဲတဲ့...။ သူက ဆက်ပြီးလိမ်နေသေးတယ်..။ ကျမကို ဘာမှမသိ ဘာမှမမြင်တဲ့ ခပ်တုံးတုံးမိန်းမတစ်ယောက်လို့ သူတို့က လျှော့တွက်ထားခဲ့ကြတာလား...။ ဒါဖြင့် မောင်နဲ့ကျမဘယ်လိုပတ်သက်တယ်ဆိုတာရောသိလား..မောင်နဲ့သေချာတကယ်ကင်းရှင်းတယ်ဆိုတာ ဘုရားမှာသစ္စာဆိုရဲလားလို့ ကျမကလေးဆန်စွာမေးလိုက်တယ်...။ ကျမအဲလိုပြောတော့ မောင်က ချက်ချင်းထပြီး တားပါတယ်...အဓိပ္ပါယ်မရှိတာတဲ့...။ မောင်ကသာ အဓိပ္ပါယ်မရှိတာ အဲကလေးမကတော့ သစ္စာဆိုရဲပါသတဲ့...။ မောင်က သူမဟုတ်တာလုပ်လို့မိသွားလို့ ကျမကို စိတ်လဲဆိုးချင် ဆိုးလဲမဆိုးဝံ့ဖြစ်ပြီး အဲနောက်ပိုင်း ကောင်မလေးနဲ့ အဆက်သွယ်ပြတ်သွားတော့တယ်.....။

နောက်တစ်နှစ်ကျော်တော့ မောင်လည်းအလုပ်သစ်ကိုပြောင်းသွားခဲ့ပြီလေ...။ မောင်အလုပ်သစ် မပြောင်းခင် ကလေးမှာပဲ ကျမတို့လက်ထပ်လိုက်ကြတယ်..။ လောကမှာ မောင့်အပေါ်အနားလည်နိုင်ဆုံး  မိန်းမတစ်ယောက် မောင့်ဘဝအတွက် အသင့်လျော်ဆုံးလက်တွဲဖော် မောင့်အတွက်ရဲဘော်ရဲဖက် တစ်ယောက်အဖြစ် ကျမကို မောင်ရွေးချယ်လိုက်ပါတယ်..။ ကျမအတွက်ကတော့ ဘဝအတွက် မှုန်မှုန်ကလေးသာ အရေးပါတယ်လို့ဆိုကြတဲ့ ချစ်စိတ်တစ်ခုတည်းနဲ့တင် မောင့်ကို ခွင့်လွတ်နားလည်နိုင်ခဲ့တယ်...။

တဖက်ကိုလှည့်အိပ်နေတဲ့ကျမနောက်ကျောကို မောင့်လက်နဲ့လာထိတော့မှပဲ နာရီကိုကြည့်မိတယ် မနက် တစ်ချက်ခွဲရှိနေပြီ...။ အိပ်မပျော်ခင် အိပ်မက်ထဲတောင်ထည့်မမက်ချင်တဲ့ အတိတ်ကအကြောင်းအရာမျိုး ထပ်မမက်ပါရစေနဲ့တော့လို့ ဆုတောင်းမိတော့တယ်...။

သူတို့နှစ်ယောက်အကြောင်းကို ဒီမှာ နဲ့ ဒီမှာ ရေးဖူးခဲ့ပါတယ်....။


မိုးငွေ့

6 comments:

သဒ္ဓါလှိုင်း said...

ဝတ္တုတိုလေးဖတ်ပြီး ကျင့်ဝတ်ဆိုတာကို စဉ်းစားမိနေတယ်...။
မရောက်တာကြာလို့ မေ့နေပြီလားမပြောတတ် မမိုးး)
ချမ်းမြေ့ပါစေ မမိုး
ချစ်တဲ့
သဒ္ဓါ

Phyu Lwin said...

ဒီဝတ္ထုတိုလေးဖတ်ရင်း စိတ်ဝင်စားလာတာနဲ့ ညွှန်းထားတဲ့ အရင် ၂ ပုဒ်လဲ တခါတည်းဖတ်သွားတယ် မမ။ တမျိုးတော့တမျိုးပဲနော်.. ယောက်ျားတချို့က မိန်းမတွေရဲ့ မှတ်မှတ်ထင်ထင်ရှိတတ်တာတွေ. တခြားမိန်းကလေးနဲ့ပတ်သက်ရင် သေးသေးမွှားမွှားလေးကအစ sensitive ဖြစ်တတ်တာတွေကို လျစ်လျူရှုတာပဲလား. တကယ်ပဲ မသိကြတာလား.. သူတို့အတွက်တော့ ဒါတွေဟာ အရေးမပါဘူးလို့ ထင်ထားကြတာများလားးးးးး

Yoemyaykya said...

ဖတ်ပီးရင်ထဲ တမျိုးပဲ။ ယောက်ျားတွေအများစုက အဲလိုပဲလားသိဘူးနော်။ ဘလော့တွေလဲ မရောက်ဖြစ်တာနည်းနည်းကြာသွားတယ်မမ။ နေ့လည်ထမင်းစားချိန်မီးမလာလို့လေ။

မောင်သီဟ said...

အင်းး ယောက်ျားလေးတိုင်းမဟုတ်လောက်ပါဖူး
ဒါပေမယ့် ယောက်ျားတွေရဲ့ မိန်းကလေးတွေနဲ့ မတူညီတဲ့အချက်တွေက အများသားဆိုတော့

မိုးနတ်ကြယ်စင် said...

အရင်ပို့စ်တွေကိုတော့ ဖတ်ပြီးသားပါ အမ
အခု အဆက်လေးကို ဆက်ဖတ်ရတော့
နောက်ထပ်ရော ဆက်ရန်ကျန်သေးလားလို့
စောဒကတက်ချင်မိတယ် ...အားရင်လေ
သူတို့နှစ်ယောက်အကြောင်းလေး ဆက်ရေး
ပေးအုံးနော် မ ....ယောကျာ်းတွေက
လုံးဝမယုံရဘူး မ ရေ...အဲဒါအမှန်ပဲ :(

Han Kyi said...

ဟိုက် အပေါ်က ကွန်မန့်ပေးထားတာတွေက မဒမ်တွေချည်းပါပဲလား...ဦးဟန်ကြည် အင်အားနည်းနေတော့ အားငယ်လှချေရဲ့း) အင်း ပြောရရင်တော့ လူချင်းတူပေမယ့် အသက်ရှူပုံချင်း ကွဲကောင်းကွဲမယ်ထင်ပါရဲ့ ကိုယ့်လူရေ...