Tuesday, 27 September 2016

ကျေနပ်တယ်.....



ကျေနပ်တယ်...ဆိုလို့ ခုခေတ်အခြောက်တွေလက်သုံးစကားယူသုံးတာမဟုတ်ပါဘူး...။ ခုရောက်နေတဲ့ ကိုယ့်ဘဝအနေအထားကို ကျေနပ်တယ်လို့ပြောတာပါ...။

ကလေးဘဝတုန်းကတော့ အပူပင်ကင်းမဲ့တလှည့် မိသားစုကျိုးဒဏ်ကိုခံစားရတလှည့်နဲ့ပဲ ဘဝဟာပြီးပြည့်စုံခဲ့တယ် မဟုတ်ပေမယ့် သင်ခန်းစာလေးတွေ လူတိုင်းမကြုံနိုင်မယ့် အတွေ့အကြုံခံစားမှုသေးသေးလေးတွေရခဲ့တယ်...။ ဆယ်ကျော်သက် လူလတ်ပိုင်းရွယ်ရောက်တဲ့အထိ ဆိုပါတော့...။ ကျွန်မကတော့ လက်ရှိအခြေအနေကို အကျေနပ်ဆုံးပဲ...။ အပူအပင်မရှိဘူးရယ်လို့တော့ ဘယ်ဟုတ်မလဲ လူတစ်ယောက်ပဲ အပူတော့ရှိတာပေါ့...။ ဒါပေမယ့် ဝမ်းစာအတွက် ခိုင်မာတဲ့ အလုပ်အကိုင်တစ်ခုရယ် ဝါသနာအရ စာရေးနေရတာရယ်... အင်မတန်ခုံမင်မြတ်နိုးလွန်းတဲ့ မီးဖိုချောင်ဟင်းချက်ခြင်းအနုပညာအပြင် မုန့်ဖုတ်ခြင်းအနုပညာနဲ့ ကော်ဖီဖျော်ခြင်းအနုပညာကိုပါ သင်ယူလေ့လာရတာ ကျေနပ်လို့မဆုံးပါဘူး...။ ပြီးတော့ တစ်ခု အရေးအကြီးဆုံးက ကိုယ်ချစ်တဲ့သူကို လွတ်လပ်စွာ“I Love You”လို့ ဘယ်သူ့ကိုမှ အားနာထောက်ထားနေစရာမလိုပဲ လွတ်လပ်စွာပြောနိုင်တဲ့ အခွင့်ပါပဲ...။ ဟုတ်တယ်လေ ...ခုနေကျွန်မသာ အသက် ၁၇ ၁၈ အရွယ်မြီးကောင်ပေါက်မလေးဆို ကောင်လေးတစ်ယောက်ကို I Love You လို့သွားပြောကြည့်ပါလား မိန်းကလေးဖြစ်ပြီး သူကစရသလားလို့ ပြောခံရမယ် မိဘတွေက မဆုံးမထားဘူးလားဆိုတဲ့အထိ ကဲ့ရဲ့ခံရမယ်...။ ခုနေခါတော့ ကိုယ်ကြိုက်တဲ့ ဘယ်ကောင်လေး ကောင်မလေးကိုမဆို၊ ဘယ်အစ်ကိုကြီး အစ်မကြီးကိုမဆို၊ ဘယ်ဦးလေးကြီး အဒေါ်ကြီးတွေကိုမဆို “ချစ်လိုက်တာ”လို့ ပြောဆိုပိုင်ခွင့်ရှိနေပြီ...။ ကဲ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းသလဲ...။

ကျွန်မ စာရေးသက်လက်ရှိချိန်မရောက်ခင် လမ်းတစ်ဝက်ခရီးလောက်တုန်းက မသက်ဝေ တဂ်ဖူးတဲ့ ပို့စ်တစ်ပုဒ်ကိုရေးခဲ့ဖူးပါတယ်...။ ခေါင်းစဉ်က “အချစ်အကြောင်းပြောရအောင်”တဲ့..။ အဲဒီတုန်းက အချစ်ကို ကျွန်မက အရောင်လေးတွေနဲ့ ခိုင်းနှိုင်းပြီး ရေးခဲ့ဖူးပါတယ်..။ ခုလက်ရှိရောက်နေတဲ့အချိန်က အရောင်သုံးရောင်ထဲက အဖြူရောင်ပေါ့။ အဖြူရောင်အချစ်မို့ ဘယ်သူ့ကိုမဆို လွတ်လပ်ပွင့်လင်းစွာ ချစ်တယ်လို့ပြောပိုင်ခွင့်ရှိတယ်လေ..။ နေ့စဉ် စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ အသက်မွေးဝမ်းကျောင်းနေထိုင်ကြရတဲ့ လူသားတိုင်းအတွက် စိတ်၏ခွန်အား ဝိညာဉ်၏အဟာရအတွက် အချစ်ဆိုတဲ့ အားဆေးလိုအပ်ပါတယ်...။ အချစ်ကို ပိုက်ဆံနဲ့ဝယ်လို့မရဘူး...။ ဒါကြောင့် နောက်မကျခင် ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောပေးပါလို့...:)

ကျွန်မကို စိတ်ဓါတ်ခွန်အားစကားတွေကြုံကြိုက်တိုင်းအမြဲပြောတတ်တဲ့ ကျွန်မရဲ့ကဗျာဆရာကပြောတယ် ဘဝဆိုတာ တိုတိုလေးပါ စိတ်ချမ်းသာအောင်နေ သွားချင်တဲ့နေရာသွား စားချင်တာစား ဘာမှတွေးတော ပူပင်ကြောင့်ကျမနေနဲ့တဲ့...။ သူ့စကားနားထောင်ပြီး ကျွန်တော့ အစားတွေစားမိတာ ဝိတ်ကိုတက်လို့ပါပဲ..။ များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာမြင်နေ တွေ့နေ ကြားနေရတယ် လူငယ်တွေကို လူကြီးတွေက ဟိုဟာမလုပ်နဲ့ ဒီကိုမသွားနဲ့ စသဖြင့် ပိတ်ပင်တားမြစ်ချုပ်ချယ်ချင်ကြတယ်...။ ကျွန်မကတော့ လူငယ်လေးတွေကို ယုံကြည်မှုအပြည့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချစေချင်တယ် မိဘက ကြိုးဆွဲကကြရတဲ့ အရုပ်တစ်ရုပ် မဖြစ်စေချင်ဘူး...။ ကျွန်မတို့မြန်မာလူမျိုးတွေ တော်တော်များများ မိဘအရိပ်ကနေ အသက်ကြီး အိမ်ထောင်ကျတဲ့အထိ မလွတ်ကြဘူး...။ တကယ်တော့ မိဘတွေဟာ အနောက်ကနေ ပဲ့ကိုင်ပေးရုံဆို လုံလောက်ပါပြီ ဒါမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အားကိုးမှုတွေ တိုးမှာပေါ့...။  နောက်တစ်ခုပြောချင်တာက အလုပ်တစ်ခုခု လုပ်စရာရှိရင် အခွင့်အရေးဆိုတာ အချိန်တိုင်းမရှိနေပါဘူး..။ ကိုယ်လုပ်ကိုင်ရမယ့် အရာဟာ အသက်အရွယ်ကန့်သတ်မှု ရှိနေတာမျိုးဆို သူ့အသက်အရွယ်နဲ့ သူ့အချိန်အခါမှာပေးလုပ်လိုက်ပါ...။ အရွယ်လွန်တော့မှ ဟဲ့ အဲလိုလုပ်လိုက်လေ ဟိုကိုသွားလိုက်လေလို့ လွယ်လွယ်ကလေးပြောလို့မရတော့ဘူး...။ သူတို့လုပ်ခိုင်း သွားခိုင်းမယ့်နေရာတွေဟာ သူ့အရွယ်မှာ မသင့်တော်တော့တာတွေ ရှိတယ်ဆိုတာ လူကြီးများ မတွေးမိကြဘူး ထင်ပါရဲ့...။

ဥပမာတစ်ခုပြောပြမယ် ကျွန်မ ခုနှစ်တန်း ရှစ်တန်းအရွယ်တုန်းက ဦးလေးတွေ အဒေါ်တွေမိသားစုနဲ့ မန္တလေးသင်္ကြန်သွားလည်ခဲ့ဖူးတယ်...။ တည်းတော့ မန္တလေးဟိုတယ်မှာ...။ အဲမှာ မင်းသားစိုးသူက မန်းသင်္ကြန်သီချင်းဆိုဖို့နဲ့ ရုပ်ရှင်လာရိုက်တာ ကျွန်မတို့တည်းတဲ့ ဟိုတည်မှာတည်းပါတယ်..။ ကျွန်မတို့ ကလေးတွေတအုပ် စိုးသူ အခန်းကိုလိုက်ရှာပြီး အော်တိုရေးခိုင်းမလို့ တံခါးသွားခေါက်ကြတယ်...။ ဘယ်သူမှလာမဖွင့်ဘူး ...။ ဒါနဲ့ စိုးသူကို နေ့လည်လောက်တော့ ဟိုတယ်တစ်နေရာမှာ ရိုက်ကွင်းရိုက်နေတော့ သွားထိုင်ကြည့်ကြတယ်...။ အဲဒါ ဦးလေးက မိန်းကလေးတွေဖြစ်ပြီး အရှက်မရှိ မင်းသားကို လာထိုင်ကြည့်ရသလားဆိုပြီး ရစရာမရှိအောင်ဆူပါတယ်..။ ကျွန်မတို့ကလေးတွေ အဲမှာ မင်းသားရုပ်ရှင်ရိုက်တာငမ်းနေရာကနေ ဖီးလ်အောက်သွားခဲ့ကြတာပေါ့...။ လွန်ခဲ့တဲ့ နှစ်မကြာခင်က ကျွန်မတို့ဝမ်းကွဲညီမလေးတစ်ယောက် သူ့သမီး တစ်နှစ်ပြည့်မွေးနေ့ကို မန္တလေး Novotel မှာလုပ်ပါတယ်...။ စတိတ်ရှိုးစင်လည်းပါတယ်...။ စိုင်းစိုင်းခမ်းလှိုင်ကို သီချင်းဆိုဖို့ဖိတ်ထားတယ်..။ အဲချိန်တုန်းက စိုင်းစိုင်းရဲ့ တောဂေါ်လီ အိုးလေးလှုပ်ပါဦး သီချင်း Hit ဖြစ်နေတဲ့ အချိန်ပေါ့...။ စိုင်းစိုင်းလည်းသီချင်းဆိုရော စင်ပေါ်ကို ဆုငွေတွေတက်ပေးသူပေး တက်ကသူက လုပ်ကြတာပေါ့...။ အဲချိန်မှာ အထက်မှာပြောထားတဲ့ ကျွန်မတို့ စိုးသူကိုသွားငေးလို့ အကြီးကျယ် ဆူထားခဲ့တဲ့ ဦးလေးက လူကြားသူကြားထဲ ကျွန်မနာမည်ကိုခေါ်ပြီး  စိုင်းစိုင်းနဲ့စင်ပေါ်မှာတက်က ခိုင်းပါတယ်...။ အဲဒါပြောချင်တာပါ...အဲချိန်မှာ ကျွန်မအသက်က သုံးဆယ်တော်တော်ကျော်နေပြီ...။ ကလေးတွေအရွယ်လုပ်ရမယ့်အလုပ်ကို ခုချိန်ကျမှ သူက ကြည်ကြည်ဖြူဖြူ  ခွင့်ပြုပါတယ်...။ အချိန်လွန်သွားပါပြီ...။ မသင့်တော်တော့ဘူးဆိုတာ သူမသိတော့ဘူး...။ တကယ်တော့ စိုင်းစိုင်းက ကျွန်မတို့နဲ့ သုံးလေးနှစ်ထဲငယ်တာပါ...။ ဒါပေမယ့် ဒီအရွယ်ကြီးမှာ ကလက်တက်တက်နဲ့ ဆယ်လီတွေနဲ့ စင်ပေါ်တက်ကစရာလား...။ စိုင်းစိုင်းကို အရမ်း crush နေတဲ့ ကလေးမလေး အရွယ်လည်းမဟုတ်နဲ့ ..။ ဟုတ်ကဲ့ ...သူ့အရွယ်သူ့အချိန်မှာ သူ့လွတ်လပ်ခွင့် သူ့လုပ်ပိုင်ခွင့်ကို ခွင့်ပြု ကြပါလို့..။

တစ်ခုဖြတ်ပြောရဦးမယ်  လသာ(၂)ကောျင်းသူဟောင်းများ ဆရာကန်တော့ပွဲလုပ်တော့ စိုင်းစိုင်းကို ဖိတ်ကြသတဲ့..။ ကျွန်မလည်း ကျောင်းသူဟောင်းပေမယ့် တစ်ခါမှမသွားဖူးပါဘူး...။ စိုင်းစိုင်းက စင်ပေါ်ကနေပြောသတဲ့ “ခုဆိုမယ့် သီချင်းက ကောင်မလေးတွေကို ရည်ရွယ်ပြီး ရေးထားတာပါ ဒါပေမယ့် အခုရှေ့မှာက အန်တီကြီးတွေချည်းပဲဆိုတော့”လို့ပြောပြီး သီချင်းလဲဆိုရော သူ“အန်တီကြီး”လို့ ပြောတာ ခံလိုက်ရတဲ့ သုံးဆယ်ကျော် လေးဆယ်အရွယ် ကျောင်းသူဟောင်းတွေက တန်းစီပြီး စင်ပေါ်တက် စိုင်းစိုင်းကို နမ်းကြရောတဲ့ (ခုလိုဆို သူကိုယ်တိုင် ထုတ်လုပ်ရောင်းချနေတဲ့  SAI တံဆိပ်နဲ့ sexy and intellegent နှုတ်ခမ်းနီဆိုးပြီး တက်နမ်းရမှာ) ..။ အဲဒါမှတ်ကရောဖြစ်သွားတယ် ထင်တယ် နောင်နှစ်များကြရင် လသာ(၂)ဆိုဘယ်တော့မှ လာမဆိုတော့ဘူးဖြစ်သွားတယ်တဲ့ ...။ ရီစရာအဖြစ်ပြောပြတာပါ...။ ကျွန်မသာဆို အမြင်ကတ်လို့ ရွဲ့ပြီးလည်း စိုင်းစိုင်းကို မနမ်းပါဘူး...။ ကိုယ့်ရဲ့ Crush ဆိုရင်တော့ တစ်မျိုးစဉ်းစားမယ်လေ...:P

ကျွန်မ သူငယ်ချင်းတချို့တွေ့ဖူးတယ် လူကြီးမိဘတွေအသက်ရှင်ချိန်က ချုပ်ချယ်ကန့်သတ်ထားတော့ ဘာမှလုပ်ပိုင်ခွင့် သွားပိုင်ခွင့် သိပိုင်ခွင့်မရှိခဲ့ဘူး...။ လွတ်လပ်မှုအရသာကို မသိခဲ့ကြဘူး အသက်ငယ်နေစဉ်အခါမှာပေါ့...။ အိမ်ထဲအိမ်ပြင်မထွက်ဘဲနေလာခဲ့ရာက ခု မိဘများလည်း မရှိရော ခေတ်ရေစီးကြောင်းကိုလိုက်ပြီး အရင်မလုပ်ဖူးခဲ့တာတွေ မသွားဖူးခဲ့တာတွေ အကုန်လုပ် အကုန်သွားတော့တာပဲ...။ ဒါပေမယ့် သူတို့အသက်အရွယ်က သူတို့လုပ်ချင်တဲ့အရာတွေ သူတို့သွားချင်တဲ့နေရာတွေနဲ့ မအပ်စပ် မသင့်လျှော်တော့ဘူးဆိုတာ သူတို့မတွေးမိကြဘူး...။ ဥပမာ အဝတ်အစားဆိုရင်လည်း လေးဆယ်ကျော် ငါးဆယ်အရွယ်ကြီးမှာ နှစ်ဆယ်ကျော် အဝတ်အစားတွေ ဝတ်နေတာမျိုးတွေပေါ့... အိန္ဒြေရရ မြန်မာဆန်ဆန်လေး ဝတ်စားနေရမယ့်အချိန်မှာ ကိုယ်နဲ့လိုက်၏ မလိုက်၏မသိတော့ဘူး ကလေးတွေလို ဘောင်းဘီတွေ စကပ်တွေ ဂါဝန်ကြီးတွေဝတ်လိုဝတ် အဲသလိုမျိုးပေါ့...။ (ကိုယ့်နိုင်ငံမှာပြောပါတယ် ...တခြားနိုင်ငံရပ်ခြားသွားလည်လို့ ဝတ်စားရင်တော့ တစ်မျိုးပေါ့..။ ကာလံဒေသံဆိုတာရှိတယ်မဟုတ်လား..) ဒါလည်း လူကြီးသူမများနဲ့ အများကြီးဆိုင်ခဲ့တာပါ...။ သူ့အသက်အရွယ် သူ့ခေတ် သူ့အချိန်အခါကြည့်ပြီး လူငယ်များကို လွတ်လပ်ခွင်ေ့ပးခဲ့ရမှာလေ...။ ပြောသာပြောရတယ် ခုခေတ် လူငယ်ကလေးတွေ ကိုယ်တွေ ကလေးဘဝတုန်းကထက် အဆတစ်ရာသာပါတယ်...။

ပြောချင်တာက ခုလက်ရှိဘဝအနေအထားကို “ကျေနပ်တယ်” ဆိုတာပဲ ကျန်သောအကြောင်းအရာများ ပြောရင်းဘေးချော်သွားတယ် မှတ်ပေးပါ...။


မိုးငွေ့

Thursday, 22 September 2016

ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်းခဲ့သော စာရေးဆရာ....




ခေါင်းစီးကိုဖတ်လိုက်တာနဲ့ ကျွန်မ ဘယ်သူ့ကိုညွှန်းတာလည်းဆိုတာ သိနေလောက်ပါပြီ။ ဟုတ်ကဲ့ ကျွန်မ ဦးသာဓုနဲ့သားများရေးတဲ့ စာအုပ်တွေဖတ်လာရာမှာ အကြီးဆုံးသား စာရေးဆရာ ဒါရိုက်တာမောင်ဝဏ္ဏရေးခဲ့တဲ့ စာတွေကို တခါဖူးမျှမဖတ်ခဲ့ဖူးပါဘူး...။ ကံအားလျော်စွာ စာအုပ်ပြပွဲတစ်ခုကနေ “ပန်းတွေနဲ့ဝေ” လုံးချင်းစာအုပ် လက်ဆောင်ဝယ်ပေးခဲ့တဲ့ ကျွန်မရဲ့စာဖတ်သူမဟုတ်သော သူတစ်ယောက်ကို နောက်တစ်ကြိမ် ဒီကနေကျေးဇူးတင်ပါရစေ..။ 

ဆရာမောင်ဝဏ္ဏဟာ ဖခင်ကြီးဆီမှာ အနီးကပ်ရုပ်ရှင်ပညာတွေကို အသေးစိပ်လေ့လာသင်ယူပြီး စာပေလောကထဲကို ၁၉၇၄ မှာ ပထမဆုံးရေးသားခဲ့တဲ့ “လေထဲကအိမ်ကလေး”ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ်နဲ့ ရှုမဝမဂ္ဂဇင်းမှာဖော်ပြခံခဲ့ရပါတယ်...။ ဝတ္ထုကိုအနေနဲ့ပဲထားပါ ရုပ်ရှင်အဖြစ်ပြန်သရုပ်မဖော်ပါနဲ့လို့ စာရေးသူကိုယ်တိုင်ပြောခဲ့တဲ့ ဆရာမောင်သာရ ရဲ့ နာမည်ကြီး ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ “ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း”(မင်းသားမြတ်လေး၊ မင်းသမီးမြတ်မွန်တို့အဓိကပါဝင်သရုပ်ဆောင်ထား) ကို ပြန်လည်ရိုက်ကူးပြီး ၁၉၇၁ ခုနှစ်မှာ ပထမဆုံးကားမှာပဲ ဒါရိုက်တာဆုရရှိခဲ့ပါတယ်...။ အဲဒီနောက် ဇာခန်းဆီးနောက်ကွယ်မှာ၊ ခြေဖဝါးတော်နုနု၊ နှောင်းတမြေ့မြေ့၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ ၊ ခုနစ်စဉ်အလွမ်း၊ ရယ်စရာ မောစရာ၊ ရင်ထဲက ဆောင်းရာသီ စတဲ့ နာမည်ကြီး ဇာတ်ကားများကို ဆက်လက် ရိုက်ကူး ခဲ့တယ်။  

၁၉၉၀ ခုနှစ်မှာ ခုနစ်စဉ်အလွမ်း ဇာတ်ကားနဲ့ ဒုတိယ အကြိမ် အကောင်းဆုံး ဒါရိုက်တာ အကယ်ဒမီဆုကို ရခဲ့တယ် ။ ခြေဖဝါးတော်နုနုမှာ စာရေးဆရာ အောင်လင်းရဲ့ ဝတ္တုတပုဒ်ဖြစ်ပြီး အရင်က ရှုမ၀ ဦးကျော်ကနေ ရုပ်ရှင်ရိုက်ဖို့ စီစဉ်ထားတဲ့ ဇာတ်ကား တကားဖြစ်တယ်လို့ သိရပါတယ်...။ ဆရာကိုယ်တိုင်ရေးသားခဲ့တဲ့ ပန်းတွေနဲ့ဝေ ဇာတ်ကားဟာ ရန်ကုန်တက္ကသိုလ် နောက်ခံ အချစ်ဇာတ်လမ်း ဝတ္တုတပုဒ်ဖြစ်ပြီး အဲဒီခေတ်က လူငယ်ထု အပေါ်သြဇာတော်တော် သက်ရောက်ခဲ့တဲ့ဇတ်ကား တစ်ကားဖြစ်ခဲ့ပါတယ် ။ ပန်းတွေနဲ့ဝေက အချစ်ကို နူးနူးညံ့ညံ့လေးဖွဲ့ပြီး တက္ကသိုလ်ကျောင်းကြီးရဲ့ အငွေ့အသက်ကို အများကြီးခံစားရစေတဲ့ ရုပ်ရှင်တကားပါ။ အနုပညာအပေါ် ရိုးသားပြီး သဘာဝနဲ့ ပတ်သက်တဲ့ ရသမြောက်စွာ ထိထိမိမိ သရုပ်ဖော်နိုင်ခဲ့တဲ့ စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ တယောက်ဖြစ်ခဲ့ပါတယ် ။ ပန်းတွေနဲ့ ဝေ သီချင်းကို နာမည်ကြီးအဆိုတော် စန္ဒာရားလှထွဋ်က ဇာတ်ဝင်သီချင်းအဖြစ် ဖန်တီးခဲ့ရာမှာ လူအများကြိုက်နှစ်သက်တဲ့ သီချင်းတပုဒ်ဖြစ် ခဲ့ရပါတယ် ။ စာရေးဆရာဒါရိုက်တာမောင်ဝဏ္ဏဟာ မောင်စိန်သောင်းနှင့် မနှင်းရည် ဝတ္တုတိုများ၊ ပန်းတွေနဲ့ဝေ၊ ချစ်တဲ့သူငယ်လေ၊ အိပ်မက်စိမ်း၊ အရွယ်လွန်၊ တွေဝေနေသည်၊ ချစ်စခင်စမှော်ရုံမှာလေ၊ မောင့်အပြင်မောင့်ညီကိုတွေ့ မေ့အလွမ်းပြေ အစ ရှိတဲ့ လုံးချင်း ဝတ္ထုပေါင်း များစွာကိုလည်း ရေးသား ခဲ့ပါတယ်...။ ဆရာမောင်ဝဏ္ဏဟာ မကွယ်လွန်မီ ၆လခန့်အထိ ချင်းတွင်း မဂ္ဂဇင်းမှာ “သူလို ကိုယ်လို” အခန်းဆက် ဆောင်းပါးများကို ရေးသားခဲ့ပါတယ်။ အဲဒီအခန်းဆက်ဆောင်းပါးမှာ   ၁၉၆၂ ခုနှစ် ပြည်သူပိုင်မသိမ်းခင် စာသင်ကျောင်းနှင့် ပညာရေးစနစ် အကြောင်း၊ တက္ကသိုလ် ကျောင်းသားဘ၀ ၁၉၇၄ ခုနှစ် နောက်ပိုင်း နိုင်ငံရေးနှင့် ပတ်သက်၍ ခေတ္တ အထိန်းသိမ်းခံရပုံ၊ အဲဒီနောက် ဖခင် ဦးသာဓု ဆီမှာ ရုပ်ရှင်ပညာကို သင်ကြားရင်း စာပေနှင့်ရုပ်ရှင်လောကထဲ ဝင်ရောက်ခဲ့ပုံများကို ရေးသားထားခဲ့ပါတယ်...။

ဆရာရေးခဲ့တဲ့စာအုပ်တွေထဲက “ပန်းတွေနဲ့ဝေ” တစ်အုပ်ပဲဖတ်ဖူးသေးတယ် ကျန်စာအုပ်များကို လိုက်ရှာဖတ်လိုက်ပါဦးမယ်..။  “ပန်းတွေနဲ့ဝေ”မှာ တက္ကသိုလ်နောက်ခံ အချစ်ဇာတ်လမ်း ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ်ပါ..။ ဆရာ့အရေးသားတွေက ရှင်းလင်းတယ် အဲဒီဝတ္ထုမှာ ဇာတ်ကောင်မင်းသမီးကို ဖွဲ့နွဲ့ရေးသားရာမှာ မိန်းမတစ်ယောက်မှာရှိတဲ့ ခန္ဓာဖွဲ့စည်းပုံ ရှိုက်ဖိုကြီးငယ် အမို့အမောက် ကောက်ကြောင်းတွေကို ဖတ်ရတာ မရိုင်းဘဲ သဘာဝကျကျ ယောက်ျားတစ်ယောက်ရဲ့ အမြင်နဲ့မကွယ်မဝှက်ရေးထားတာကိုတွေ့ရတယ်...။ လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်ကျော်လောက်က ကျွန်မ စာရေးဆရာရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးရဲ့ ရှားရှားပါးပါးစာအုပ် တစ်အုပ်ကို ဖတ်ခဲ့ဖူးပါတယ်...။ ဇာတ်လမ်းနောက်ခံက သြစတေးရီးယားနောက်ခံရေးထားတာပါ ကျွန်မတို့မမွေးခင်ကတည်းက ထွက်ခဲ့တဲ့ စာအုပ်ဆိုပေမယ့် အရေးအသား အသုံးအနှုန်း ပတ်ဝန်ကျင် အနေအထားတွေက တော်တော်ခေတ်မီပါတယ်..။ ဆရာဦးဝင်းဦးလည်း မိန်းမတစ်ယောက်ရဲ့ အလှကိုဖော်ကျူးရာမှာ အလွန်အနုစိပ်ပြီး နာမဝိသေသနအသုံးတွေသိပ်ကိုလှပပါတယ်...။ ဖတ်ဖူးသူများသိမှာပါ...။ ဒါကြောင့် ဆရာမောင်ဝဏ္ဏ ရဲ့ “ပန်းတွေနဲ့ဝေ” အရေးအသားတွေကို ကျွန်မ သိပ်ပြီး မှင်သက်မှုမရှိခဲ့တာပါ..။ အဲဒီဖက်ခေတ်က စာပေစီစစ်ရေးအဖွဲ့တွေ ဘယ်လို စီစစ်မှုတွေရှိခဲ့သလဲ ကျွန်မမသိပါဘူး...။ ကျွန်မတို့ခေတ်ကျမှ “အမှတ်တရ”မှာ ဆရာမဂျူးတစ်ယောက် ပုရိသစာရေးဆရာများရဲ့ အဝေဖန်ကို တော်တော်ခံခဲ့ရရှာတာပါ...။ “အမှတ်တရ”မှာ အရှင်းဆုံးနဲ့ အဆုံးစွန်ထိပြောရမယ်ဆိုရင် ညစ်ညမ်းစကားလုံးတစ်လုံးမှ မပါပါဘူး...။ စာဖတ်သူကို မြူဆွယ်စိတ်ကြွစေမယ့် စကားလုံးလည်းတစ်လုံးမှ မပါခဲ့ပါဘူး...။ “living together”ဆိုတဲ့ လက်မထပ်ဘဲ အတူနေတဲ့ ပုံစံကို ဂျူးက စတင်မိတ်ဆက်ပေးခဲ့သလိုလို အဲလိုတွေပြောခံခဲ့ရတာပေါ့...။ ဒါပေမယ့် အဲဒီခေတ်တုန်းက အမြင်ကျဉ်းမြောင်းခဲ့ကြလို့လား..။ ပြောကြမယ်ဆိုရင် ခုခေတ်ထိလည်း မျက်စိတွေ နားတွေ စိတ်တွေ မကျယ်ကြသေးဘူးလို့ပြောရင် ကျွန်မကို စိတ်ဆိုးကြမလားဘဲ...။ တခါက အစ်မချစ်ကြည်အေး သူ့ဝတ္ထုတိုလေးတွေ စုစည်းထားတဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ပါတယ်...။ စာအုပ်နာမည်က “ချစ်ကြည်အေးရဲ့ ချစ်ကြည်အေး” အဲဒီစာအုပ်ထဲက ဝတ္ထုတိုတစ်ပုဒ်(ခေါင်းစဉ်မမှတ်မိတော့ပါ)မှာ အစ်မက ကြယ်သီးတွေကို တစ်လုံး နှစ်လုံး သုံးလုံးဆိုပြီး ရေတွက်ပြတဲ့ အခန်းလေးတစ်ခန်း ထည့်ရေးထားပါတယ်...။ ဇာတ်လမ်းအစလေးမှာ ဗူးကလေးတစ်ခုထဲက ကြယ်သီးလေးကိုပြန်ထုတ်ကြည့်ရင်း အတိတ်ဇာတ်ကြောင်းလေးကို ပြန်တွေးတာနဲ့ စပါတယ်...။ အစ်မချစ်ကြည် စာအုပ်မိတ်ဆက်ပွဲမှာ စာရေးဆရာ ဆရာမတွေ စင်ပေါ်တက်ပြီး အားပေးစကား အမှတ်တရစကားပြောကြားရာမှာ.. ဆရာမ မိချမ်းဝေက  ဒီစာအုပ်ထဲမှာ ဇာတ်အိမ်ဇာတ်လမ်းနဲ့အရေးအသားကောင်းကြောင်း  ဒါပေမယ့် နောင်များမှာ စာရေးရင် ညစ်ညမ်းစကားလုံးတွေကို ရှောင်ရေးစေချင်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားမျိုးပြောသွားခဲ့ပါတယ်...။ သူ အဲဒီတစ်ပုဒ်ကို ရည်စူးပြီးပြောသွားတာ အစ်မချစ်ကြည်ရဲ့ စာကိုအကုန်ဖတ်ဖူးထားတော့ ဒက်ခနဲသိလိုက်ပါတယ်...။ ဆိုလိုတာက ဒီဖက်ခေတ်မှာ ကြယ်သီး တစ်လုံး နှစ်လုံး သုံးလုံး ဖြုတ်တာကို လှလှပပနဲ့ (မရိုင်းဘဲ)ရိုမန့်ဆန်ဆန်ရေးသားထားတာကို ခွင့်လွတ်သင့်တယ်လို့ထင်ပါတယ်..။ စာဖတ်သူများရော ဝေဖန်သူများပါ သဘောထားကျယ်ပြန့်သင့်တယ်လို့ ထင်ပါတယ်...။ အဓိက ပြောချင်တာက ဟိုဖက်ခေတ်တုန်းက စာရေးဆရာများရဲ့ စာအရေးအသားပေါ်မှာ လွတ်လပ်ခွင့်ရှိတာကိုပြောချင်တာပါ။ ဒါကြောင့် ကျွန်မရဲ့သဘောထားအမြင်လေးကို နည်းနည်းလေး ဥပမာရှည်ရှည်ဝေးဝေးရေးလိုက်ရတာပါ။
 
ဆရာမောင်ဝဏ္ဏဟာ ၂၀၁၁ ဇန်နဝါရီလ (၁၁)ရက်နေ့၊ အသက်(၆၄) နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်...။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ချိုရီနဲ့ သမီးကြီးစာရေးဆရာမ ဝါနု၊ သား သရုပ်ဆောင်ပြေဇင်၊ ဥက္ကာနဲ့ မြေးဖြစ်သူ ပန်းနုတို့ ကျန်ရစ်ခဲ့ပါတယ်..။ ပြေဇင်ရိုက်တဲ့ ဇာတ်ကားတွေတော့ တော်တော်များများကြည့်ဖူးပါတယ်..။ ဆရာ့သားတွေထဲက သားအငယ် ဥက္ကာ(ဓါတ်ခဲ)တော့ ဆရာ့ခြေရာလိုက်မယ်ထင်ပါရဲ့ သူက ဂျပန်မှာ ရုပ်ရှင်နဲ့ ဒါရိုက်တာသင်တန်းတက်ရင်း ဖခင်ဖြစ်သူပထမဆုံး ရိုက်ကူးပြီး ဒါရိုက်တာဆုရခဲ့ဖူးတဲ့ “ကတ္တီပါဖိနပ်စီးရွှေထီးဆောင်း”ဇာတ်ကားကို ဂျပန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့ပါတယ်...။ ဂုဏ်ယူစရာပါပဲ...။

စာရေးဆရာဒါရိုက်တာမောင်ဝဏ္ဏရဲ့ အလွမ်းဖြေအကြောင်းကို အရေးအသားကောင်းကောင်းနဲ့ “လွမ်းအောင်ရယ်တတ်သူ” ဆိုတဲ့ ဒီလင့်မှာ သွားဖတ်ကြည့်စေချင်ပါတယ်...။

မှတ်ချက်။    ။ ဧရာဝတီကိုမှီးပါသည်။

မိုးငွေ့

Tuesday, 20 September 2016

တစ်ယောက်တည်း..... မိုးထဲ






ကိုညီထွဋ်ရဲ့ 2010တုန်းကထွက်ခဲ့တဲ့ Emperor Unplugged ထဲက ပထမဆုံးတပုဒ် “တစ်ယောက်တည်း” သူ့သမီးလေး ချံချံ Featuring ဆိုထားတယ်...။ 2013မှာ  နောက်ဆုံး ထွက်သွားခဲ့တဲ့ “လူ” Album ရဲ့ အရှေ့ကပါ ..။ 2009တုန်းက ထွက်ခဲ့တဲ့ “မိုးထဲ” စီရီးကိုတော့ လူသိပ်မသိဘူးထင်ပါတယ်.. ကိုညီထွဋ် ခရေဇီတွေကလွဲလို့ပေါ့...။ ကျွန်မခုတလော “မိုးထဲ” နဲ့ “တစ်ယောက်တည်း”ဆိုတဲ့ သီချင်းလေးတွေကို နားထောင်ဖြစ်နေတယ်...။








ဆရာကြီး ရွှေတိုင်ညွန့်ကနေဆင်းသက်လာလိုက်တာ မြန်မာသံအဆိုတော် “ထား”(ဇော်ဝင်းထွဋ်မိခင်) ကနေ ကိုဇော်မျိုးထွဋ်တို့ ကိုဇော်ဝင်းထွဋ်တို့ညီအစ်ကိုတွေအထိ ဂီတအမွေကို ဆက်လက်ထိန်းသိမ်း လာခဲ့ကြတာ...သူတို့သားသမီးတွေကိုလည်း ဂီတမျိုးဆက် လက်ဆင့်အမွေဆက်ခံစေချင်တယ်...။ ရှားရှားပါးပါး ကိုညီထွဋ်သမီးလေး ချံချံ Featuring လေးဝင်ဆိုထားခဲ့ဖူးတဲ့ တစ်ပုဒ်တည်းသော သီချင်းကို ခဏ ခဏနားထောင်နေဖြစ်လို့ ကျွန်မဘလော့ကိုလာလည်တဲ့ စာဖတ်သူများကိုလည်း နားထောင်စေချင်တာနဲ့ တင်ပေးလိုက်တာပါ...။ ဒီသီချင်းဟာ စာသားလေးလည်းကောင်းသလို မယ်လိုဒီ အလိုက်လေးလည်းကောင်းတယ်...။

နားထောင်ပြီးသားလည်းဖြစ်ချင်ဖြစ်နေပေမယ့်... သီချင်းဟောင်းလေးတွေကို မွှေနှောက်နားထောင်တတ် သူများရော နားမထောင်ရသေးတဲ့ လူငယ် လုံမငယ်များအတွက်ပါ တင်ပေးလိုက်ပါတယ်...:)


မိုးငွေ့

Wednesday, 14 September 2016

သုံးသပ်ခြင်း.....

 


         

အသက်ကြီးလာလို့လားမသိ စိတ်ကူးယဉ်တဲ့ဖက် အားနည်းနည်းလာတယ်...။ ဆိုလိုချင်တာက အက်ဆေးလေးတွေ စာစုလေးတွေကို ကလေးအကြိုက်(လူငယ်ကြိုက်) စိတ်ကူးယဉ်ပြီး ရေးလို့ မရနိုင်တော့တာကိုပြောတာပါ...။ ဟိုကလေးမလေးတော့ သဘောကျနေဦးမယ်...။ ကျွန်မဘလော့ကို လာဖတ်နေကျ ကောင်မလေးတစ်ယောက်ပါ။ တခါကသူအကြံပေးဖူးခဲ့တယ် (ဝေဖန်ဖူးတယ်ဆိုပါတော့) ။ အဲဒီအချိန်တုန်းက ကျွန်မက အိန်ဂျယ်စာစုတွေကို  လက်သွက်သွက်နဲ့ရေး ဆက်တိုက်တင်နေတဲ့ အချိန်ပေါ့...။ ကျွန်မကို သူက အိန်ဂျယ်စာစုတွေရေးတာ မပြီးသေးဘူးလား  အန်တီတဲ့(သူ့အဒေါ်အရွယ်မို့)။ တခြားစာတွေပြောင်းမရေးတော့ဘူးလား အိန်ဂျယ်စာစုတွေ ဖတ်ရတာ အီလာပြီ အဲသလို လာဂျီကျသွားခဲ့ဖူးပါတယ်..။ ခုတော့ အဲဒီ ကလေးမလေး ဆုတောင်းပြည့်ပြီပေါ့..။ ကျွန်မ အိန်ဂျယ်စာစုကို ဆက်မရေးတော့ဘူးလို့ မဆိုလိုပါဘူး...။ စိတ်ကူးထွက်ရင်ထွက်လာသလို ခံစားမှုရှိရင် ရှိသလို ပြောက်ကျား(ဦးသုမောင်ရဲ့စကားလုံးကိုအငှားသုံးထား)တော့ ရေးဖြစ်နေဦးမှာပါ...။ ခုတော့ အချစ်အကြောင်း စိတ်ကူးယဉ်စာတွေအကြောင်းတော့ ဦးနှောက်ထဲ ဗလာနတ္ထိဖြစ်နေတယ်...။ ရေးဖော်ရေးဖက် ဘလော့ဂါတစ်ယောက်တော့ လာပြောဖူးပါတယ် စာအနုအရွလေးတွေ ရေးတာ အသက်နဲ့မဆိုင်ပါဘူး...။ ဆရာမောင်သာရတို့ဆို  ခြောက်ဆယ်ကေ်ျာ အရွယ်ရောက်တဲ့ထိ အနုလေးတွေရေးတုန်းတဲ့... အားပေးရှာပါတယ်...(ဆရာကြီးတွေကို ကိုယ်နဲ့မနှိုင်းယဉ်သာပါဘူး.. ကိုယ်တွေက စာရူးပေရူး ဝါသနာရှင်အဆင့်သာသာရယ်)...။ ဒါပေမယ့် အချိန်တန်တော့လည်း ဦးနှောက်က သူဘာသာသူ အလိုလိုကန့်သတ် လိုက်တယ်ထင်ပါတယ်...။ ‌ရေးချင်စိတ်ရှိနေရင်တောင် စကားလုံးတွေက ထွက်ကျမလာတော့ဘူး....။ 

‌ရေးပြီးသား စာအဟောင်းတွေ ပြန်သွားဖတ်တဲ့အခါ တချို့စာတွေ သိပ်ကလေးဆန်တာပဲလို့  မြင်တတ်လာတယ်..။ ကိုယ့်ကိုယ်ကိုလည်း ရေးတဲ့စာနဲ့အရွယ်နဲ့ မလိုက်ဖက်ဘူးလို့ ထင်လာတယ်...။ တကယ်တမ်းကျတော့ အနုပညာဆိုတာ ဘယ်အရွယ်က ဘာစာရေးဆိုပြီး ကန့်သတ်ထားတာမှ မဟုတ်ဘဲ...။ ဒါပေမယ့် စာရေးသူတစ်ယောက်ရဲ့ စိတ်ဟာ သူရေးတဲ့စကားလုံးတွေပေါ်မှာ တစိတ်တဒေသ ထင်ဟပ်လေ့ရှိတတ်တယ်လေ..။ Project တစ်ခုအတွက် ကျွန်မ အလုပ်တွေပိနေလို့ စာရေးတာကို လတော်တော်ကြာရပ်ထားခဲ့ဖူးတယ်...။ အချိန်ပြန်ရလို့  စာပြန်ရေးမယ်လုပ်တော့ လက်ရည်ကျနေသလိုလို စိတ်ကသာ စာတွေ အမျိုးစုံရေးချင်နေပေမယ့် စိတ်ကူးကထွက်မလာဘူူး...။ အဲလိုချိန်မှာ နေမထိထိုင်မသာနဲ့ စိတ်ကျသလိုလို ခံစားခဲ့ရဖူးသေးတယ်...။ စာရေးချင်တဲ့ရောဂါက သေးတော့မသေးဘူးဘဲ...ကုစရာဆေးမရှိ...။ ဒါနဲ့ စာရေးလို့မရတော့ စာဖတ်မယ်ကွယ်ဆိုပြီး တစ်လတစ်လ စာအုပ်တွေ တော်တော်များများ ဝယ်ဝယ်ဖတ်ဖြစ်ခဲ့တယ်...။ စာရေးခြင်း အကျင့်ကို (စိတ်ကူးပြန်ရစေတာ) စာဖတ်ခြင်းပါပဲ...။ စာတွေဖတ်ရင်းနဲ့ပဲ ကိုယ်ရေးချင် ပြောချင်တာတွေ စိတ်ကူးပြန်ရလာခဲ့တယ်...။ တချို့စာရေးသူတွေကတော့ စာမရေးနိုင်ရင် သီချင်းပါနားထောင်တတ်ကြပါသေးတယ်..။ ကျွန်မက စိတ်နုတယ် စာရေးဆရာတစ်ယောက်ယောက်ရဲ့ စာအုပ်ဖတ်ဖန်များလာရင် သူ့အရိပ်ငွေ့တွေ ကိုယ်ရေးတဲ့စာထဲပါပါလာတတ်တယ်..။ ဒါကြောင့် အဲဒီလို မဖြစ်အောင် သတိထားပြီးရေးပါတယ်...။

ကျွန်မစာဖတ်တဲ့ ပုံစံလေးကို ပြောပြဖူးလား‌တော့မသိဘူး...။ ကျွန်မက စာအုပ်တစ်အုပ်ဖတ်ရင် ကြာတတ်တယ် တစ်လုံးချင်းစီဖတ်တယ်...။ ပြီးရင် စာရေးဆရာတစ်ယောက်ရဲ့စာအုပ်တစ်အုပ်ကိုဖတ်မိရင် သူရေးတဲ့ စာအုပ်တွေချည်းပဲ ရသမျှ အကုန်ရှာဖွေ ဝယ်ဖတ်တယ်...။ သူ့စာအုပ်တွေကုန်တော့မှသာ တခြားစာအုပ်ပြောင်းဖတ်တတ်ပါတယ်...။ ဟိုအရင်တစ်ချိန်တုန်းကတော့ ဆရာမဂျူးတို့ စာအုပ်ကို စွဲစွဲမြဲမြဲဖတ်ဖြစ်ခဲ့တယ် သူ့စာအုပ်တွေအစအဆုံး အကုန်ဝယ်တယ်...။ ကျန်စာရေးဆရာများရဲ့ ရသစာပေနဲ့ ဘလော့ဂါမောင်နှမတွေ စုပေါင်း ထုတ်ဖြစ်ကြတဲ့ ရသစာများကိုလည်း ကြိုကြားဖတ်ဖြစ်ခဲ့ပါတယ်...။ ဒီမှာလည်း အသက်ကစကားပြောပြန်ပါတယ် စာအုပ်အဟောင်းတွေကိုပဲဖတ်ချင်ပါတယ်တဲ့..။ ခုတလော ဆရာ့ဆရာကြီးများစာအုပ်တွေကို ဝယ်ဝယ်ဖတ်ဖြစ်နေပါတယ်..။

2013 တုန်းက ခင်ခင်ထူးဖတ်တယ်...။ 2014 မှာ ခင်နှင်းယုဖတ်တယ်...။ 2015 ကတော့ ဟိုယောင်ယောင် ဒီယောင်ယောင် အလုပ်များသယောင် (တကယ်လည်းအလုပ်များနေခဲ့ပါတယ်)နဲ့ စာအုပ်တွေ သိပ်မဖတ်ဖြစ်ခဲ့ဘူး...။ အဲဒါပေမယ့် ဆရာဦးသာဓုတို့ မိသားစုအကြောင်းကိုတော့ 2015 အဆုံးပိုင်းလောက်မှာ စဖတ်နေခဲ့ပြီ...။ အခု..2016 သည် ဦးသာဓု Family အလှည့်ကျတယ်ဆိုပါတော့...။ စာရေးဆရာဒါရိုက်တာမောင်ဝဏ္ဏရေးခဲ့တဲ့စာအုပ် စာအုပ်ပြပွဲတစ်ခုကနေ ကျွန်မမဖတ်ရသေးဘူးဆိုလို့ တစ်ယောက်သောသူက (ကျွန်မ ဦးသုမောင်တို့ ညီအစ်ကိုရေးတဲ့ စာအုပ်တွေကို ဖတ်နေတာ ဘယ်လိုသိသွားတယ်မသိ၊ သူက ကျွန်မစာဖတ်ပရိတ်သတ် မဟုတ်ပါဘူး) လက်ဆောင် ဝယ်ပေးခဲ့ပါတယ်...။ ဝမ်းသာလို့မဆုံးပါဘူး...။ အဲလိုစာအုပ်မျိုးက အဟောင်းတန်းမှာပဲသွားရှာရမယ့် စာအုပ်တွေမဟုတ်လား...။ မောင်ဝဏ္ဏရေးတဲ့ သူကိုယ်တိုင်လည်းဒါရိုက်တာလုပ်ပြီး ရုပ်ရှင်ရိုက်ခဲ့ဖူးတဲ့ “ပန်းတွေနဲ့ဝေ”ဆိုတဲ့ တက္ကသိုလ်နောက်ခံ ဝတ္ထုစာအုပ်လေးပါ...။

လက်ရှိ ဆရာဦးသုမောင်ရဲ့ (မူလစာအုပ်(၉)တွဲရှိတာကို နှစ်ပိုင်းခွဲပြီး အတွဲ(၁) ၊(၂) ပြန်ထုတ်ထားတာ) စာမျိုးစုံလင်စာသဘင် အတွဲ(၂)ကိုဖတ်နေပါတယ်...။ အတွဲ(၁)က ဝယ်မရသေးလို့...။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ ကျွန်မနည်းနည်းသိထားတာလေးတွေ များများသိထားတာလေးတွေကို  မသိသေးတဲ့စာလာဖတ်သူတွေကိုရော သိပြီးသား စာလာဖတ်သူတွေကိုပါ မျှဝေပေးချင်တာ သက်သက်ပါပဲ..။   စာဖတ်သူနည်းနည်း များများမဆိုပါဘူး ကျွန်မစာကိုတစ်ယောက်တည်း လာဖတ်သွားလည်း ကျွန်မအတွက်တော့ စာထပ်ရေးဖို့ ခွန်အားရနေပါပြီ...။ အစဉ်အဆက်မပျက် ကျွန်မစာတွေကို လာဖတ်တဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအကြီးကြီးပါလို့....:)


 မိုးငွေ့


Friday, 9 September 2016

My Crush.....

 
ကမ္ဘာကိုကိုင်လှုပ်နိုင်မယ့်လက်



ခုတလော ခေတ်လူငယ်တွေဟာ Crush ဆိုတဲ့ စကားလုံးသိပ်သုံးနေကြတာတွေ့ရတယ်…။ အဘိဓာန်အရတော့ ပိချေသည် ကြိတ်ချေသည် ချေမှုန်းသည်လို့ အဓိပ္ပါယ်ရပေမယ့် ဘမ်းစကားအရတော့ ရူးသွပ်စွဲလန်းခြင်းလို့ယူမယ်ထင်တယ်။ ကျွန်မတို့ငယ်စဉ်ကတော့ ရုပ်ရှင်မင်းသား မင်းသမီးတွေကို crush သိပ်ဖြစ်ခဲ့ကြတာပေါ့…။အချိန်တိုင်းမှာ ကိုယ့်ရင်ထဲမှာ Crush တစ်ယောက်တော့ ရှိခဲ့ဖူးကြမှာပဲ(ရှိနေဦးမှာပဲ)…။ ကျွန်မ ဆယ်ကျော်သက်အရွယ်တုန်းက ကျွန်မရဲ့ Crush က ဇင်မာဦး...ရှင့်..။ အိမ်မှာ ဗီဒီယိုရုံပြတော့ အဲခေတ်က မြန်မာဗီဒီယိုခေတ်ဦး မင်းသမီး ဇင်မာဦးကို သိပ်ကြိုက်ခဲ့တာ..။ ကျောင်းသွားရင်လည်း ကျောင်းရှေ့မှာ ခင်းရောင်းတဲ့ ဇင်မာဦးရဲ့ ပို့စ်စကဒ်တွေ ပိုစတာတွေ ဝယ်စုဝယ်သိမ်းရတာ အမောပေါ့...။ ဇင်မာဦးဖက်ရှင်တွေလဲလိုက်ဝတ် အဲလိုတွေ ရူးခဲ့ဖူးတာ..။ လက်ရှိကတော့ Riri (Rihhana)ကို Crush တယ်...။ ကျွန်မက R&B ဂီတကို နှစ်သက်စွဲလန်းသူ...။ 

မြန်မာပြည်မှာ ခုလောလောဆယ် ကျွန်မရဲ့ Crush ကတော့ Graffiti ပန်းချီဆရာ အာကာကျော်ပါပဲ…။ ပန်းချီတွေကို သိပ်နားမလည်ပေမယ့် ကျွန်မသူ့အနုပညာကိုလေးစားတယ်။ သူ့ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုတယ်။ သူ့ရဲ့ပညာပါရမီကို ချီးမြှောက်ဂုဏ်ပြုမိတယ်…။ သူ့ဘဝတစ်စိတ်တစ်ပိုင်းလေးကို ကျွန်မသိသလောက်လေး မျှဝေပေးချင်ပါတယ်…ပြီးတော့ ကျွန်မ သူ့ခွင့်ပြုချက်ကိုမရယူဘဲ သူ့ Instagram ကနေပုံတွေကိုယူထားပါတယ်..။ ဖဘသုံးစဉ်ကာလက သူ့စာမျက်နှာကို liked လုပ်ထားခဲ့ပေမယ့် မသုံးဖြစ်တော့လို့  အာကာကျော့်စာမျာက်နှာမှာ ဘာတွေ up date တက်တယ်မသိတော့ဘူး...။  လူတစ်ယောက်အတွက် စိတ်အပန်းဖြေစရာ နေရာဆိုတာထက် မနာလိုဝန်တိုမှုတွေ၊ အမုန်းပွားမှုတွေ၊ မတရားမှုတွေ၊ အနိုင်ကျင့်မှုတွေ၊ သွေးသံရဲရဲတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သားကောင်ရှာသူတွေ၊ မုဒိတာမပွားနိုင်တဲ့သူတွေနဲ့ ပြည့်နှက်နေတဲ့ ဖဘကို ကျွန်မက “I don’t find facebook useful” လို့ မြင်ပါတယ်…(မည်သူမဆိုသဘောထားခြင်းကွဲလွဲနိုင်ပါသည်)။ ဖဘပေါ်မှာပဲ အချိန်ကုန်ခံပြီး စာမရေးဖြစ်ကြတဲ့ စီနီယာ ဂျူနီယာ အစ်မ အစ်ကို ညီမလေး မောင်လေးတွေလည်း စာရေးကြပါလို့ တိုက်တွန်းချင်ပါတယ်...(စကားချပ်)..။


   Performance Art ပြပွဲတစ်ခုမှ










ကြုံကြိုက်ခဲ့ရင် အာကာကျော်ရဲ့ အမှတ်တရလက်မှတ်တစ်ခုတော့လိုချင်သားပဲ


 ဦးကျော်သူရဲ့ ပုံတူဆွဲနေပုံ



 ကမ္ဘာကိုကိုင်လှုပ်မယ့် အနုပညာလက်ချောင်းသွယ်သွယ်လေးတွေ


အိုဘာမား မြန်မာပြည်လာတုန်း ဂုဏ်ပြုထားခဲ့တဲ့ အာကာကျော့်လက်ရာတစ်ခု
ဒီပုံကြောင့် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အဆောက်အအုံမှာ ကျင်းပခဲ့တဲ့
အိုဘားမား မိန့်ခွန်းပြောပွဲကို ဘယ်လိုမှ မျှော်လင့်မထားဘဲ တက်ရောက်ခွင့် ရခဲ့


 နံရံတွေပေါ်မှာ ပုံဆွဲဖို့ ဆေးဗူးဖိုးတောင်မတတ်နိုင်ခဲ့တဲ့ ဘဝကနေ ခုတော့ 
တစ်လကို ဒေါ်လာသောင်းချီဝင်ငွေရနေပြီလို့ကြားရတယ် ဝမ်းသာပါတယ် အာကာကျော်.. 
ကျွန်မတို့နိုင်ငံမှာ ဒီလိုလူငယ်လေးတွေ များများပေါ်ထွန်းလာပါစေလို့ ဆုတောင်းမိတယ်



တစ်ခါလောက်တော့ သူ့ပန်းချီပြပွဲက ကျွန်မကြိုက်တဲ့ကားတစ်ကားဝယ်ပြီး အိမ့်ဧည့်ခန်းမှာ ခန့်ခန့်ညားညားကြီး ချိတ်ဆွဲထားချင်ပါသေးတယ်



အမေစုပုံကိုခြယ်မှုန်းနေပုံ



မိဘမဲ့ကလေးတွေကို ပန်းချီပညာမျှဝေ... သာဓု သာဓု သာဓုပါ



 မန္တလေး FM မှာ ညီတစ်ကိုနှစ်ယောက် အသံသွင်းစဉ်က

ပန်းချီဆရာတစ်ယောက်ရဲ့ အခန်းဆိုတာ...
မူလတန်းကျောင်းတစ်ကျောင်းရဲ့ ပထဝီဝင်သင်ခန်းစာအတွက် 
သက်ထောက်ကူပစ္စည်းလုပ်ပေးနေတာပါ



 
 ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတဲ့ပုံ



ချစ်ခြင်းအားဖြင့်



တစ်ခုပဲ တောင်းဆိုချင်ပါတယ် အာကာကျော်... 
Instagram မှာပုံတွေတင်ရင် caption လေးရေးစေချင် ပါတယ်...ဟုတ်ကဲ့..


အာကာကျော်ဟာ G-Shock ရဲ့ ခုနောက်ပိုင်း brand ambassador လေးယောက်ထဲက တစ်ယောက်.. ကနဦးအစကတော့ G-shock brand ambassador တွေက ဦးအောင်ကိုလတ်နဲ့ သူ့သား ဂျေမီပါ


ဇာတိမြို့ ထားဝယ်ကိုပြန်တုန်း ကျွန်းစုတွေဆီကိုသွားခဲ့ပြီး ရလာတဲ့ အိုင်ဒီယာနဲ့ အမှတ်တရဆွဲဖြစ်တဲ့ အာကာကျော်ရဲ့ ရေအောက်ပုံလက်ရာတစ်ခု










Two Iron Man...


စာသားလေးကြိုက်တယ်






 woody wears hoodie










နိုင်ငံတကာက ချီးမြှောက်တာခံရပေမယ့် ကိုယ်နိုင်ငံက လူတစ်ချို့ကတော့ အာကာကျော်ဟာ ပန်းချီဆရာသက်သက်ပဲဖြစ်တယ် Street Artist တစ်ယောက်အနေနဲ့ လက်မခံနိုင်ဘူးဆိုတာမျိုးတွေပြောကြတာတဲ့ ။ ကျွန်မတို့နိုင်ငံကလူအများစုဟာ မုဒိတာပွားဖို့ခဲရင်းကြတာပဲ လူသစ်တစ်ယောက်ကို လက်တွဲခေါ်ဖို့ တော်တော်တွန့်ဆုတ်ကြတယ်။ ဗုဒ္ဓဘာသာတွေဖြစ်ပြီး မတည်မြဲခြင်းတရားကို နားမလည်ကြတာ နေရာဆိုတာ အချိန်တန်ရင် ဖယ်ပေးကြရမှာပဲ....။ လူကြီးတွေ ကျေးဇူးပြုပြီး လူငယ်တွေကို လက်ကမ်းပါ ကြိုဆိုပါ ဖေးမပါ အားပေးချီးမြှောက်ပါ ဆုံးမပါ သွန်သင်ပါ မျှဝေပါ ပညာအမွေအနှစ်ဆက်ခံစေပါလို့ပဲ ရိုးရိုးလေးပြောချင်ပါတယ်...။











 " Education Is Powerful Weapon.. 
It Can Change The World "
- Nelson Mandela







ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတော့ ပါရမီပါပြီးသား ဝါသနာအရင်းခံနဲ့ ကြိုးစားအားထုတ်မှု ဇွဲမာန်ကြီးမှုတို့ကြောင့် အာကာကျော်ဟာ မြန်မာနိုင်ငံတင်မကဘဲ နိုင်ငံရပ်ခြားက ဖိတ်ခေါ်မှုတော်တော်များများကို သွားရောက်နေရပါပြီ...။



“ဂုဏ်ယူပါတယ် အာကာကျော်”

မိုးငွေ့

Thursday, 1 September 2016

ယမကာလုလင်.....



ဆရာဦးသုမောင် စာအုပ်တွေဖတ်ပြီး သူ့စာတွေအကြောင်း တစေ့တစောင်း ကျွန်မ ခံစားမိတာလေးရေးချင်ပါတယ်..။ ခေါင်းစဉ်ကိုခုလိုတပ်ရတာ မသင့်တော်ဘူးလို့ ထင်စရာရှိပေမယ့် ဒီခေါင်းစဉ်နဲ့က ဆရာနဲ့ပိုလိုက်ဖက်နေတာရယ်...  ဆရာ့ကို လေးစားတာရော ချစ်ခင်မိတာရောကြောင့် (အသက်ရှင်လျက်မရှိတော့ပေမယ့်)ချစ်စနိုးကျီစယ်လိုတဲ့ သဘောနဲ့ ယမကာလုလင်လို့ပေးလိုက်မိတာပါ..။ ဒီလိုရေးလိုက်ခြင်းအားဖြင့် ဆရာ့ကို ဂုဏ်ဖော်လိုက်တယ်လို့ မယူဆစေချင်ပါဘူး..။ ဆရာကိုယ်တိုင်လည်း ဒါကို ဂုဏ်ဖော်တယ်လို့ မြင်မယ့်သူမဟုတ်ဘူးဆိုတာ ဆရာ့စာစုများကို ဖတ်ဖူးသူတိုင်းသိလိမ့်မှာပါ..။ အကယ်၍များ ခုနေခါ ဆရာ အသက်ရှင်လျက်ရှိခဲ့ရင်တောင် သူ့အကြောင်း သူ့စာတွေကိုဖတ်ပြီး မတတ်တခေါက်နဲ့ သေးသေးကလေးဝေဖန်ချင်နေတဲ့ ကျွန်မဘလော့ကိုလာဖတ်ပြီး ရယ်ကျဲကျဲနဲ့ သဘောကျနေလိမ့်မှာပါ...။

ကျွန်မ ခုလောလောဆယ် ဖတ်နေသမျှ ဆရာ့စာအုပ်တွေထဲက အနှစ်သက်သဘောကျဆုံးကတော့ “ပြည်ပသွားလွမ်းစကား”ဆိုတဲ့ ခရီးသွားအမှတ်တရစာတွေပါ..။ ဆရာက တခြားစာရေးဆရာတွေ ရေးလေ့ရှိတဲ့ ခရီးသွားစာမျိုးတွေရေးတာမဟုတ်ဘူး...။ ဆိုလိုတာက ခရီးသွားဆောင်းပါးတွေ အက်ဆေးတွေဆိုတာ များသောအားဖြင့် နေရာဒေသ လူနေမှုအဆင့် တိုက်တာအဆောက်အအုံ ထူးဆန်းထွေလာ တိုးတက်မှုတွေကို အဓိကားထားဖော်ကျူးတတ်ကြတာ  နေရာ အချိန် စကားအပြောအဆို အတိအကျကို စာအုပ်နဲ့မှတ်သားထားပြီးမှသာ စာတစ်ပုဒ်ပြန်စီတတ်ကြတာ မဟုတ်လား...။ ဆရာကတော့ အဲလိုမဟုတ်ဘဲ ခရီးစဉ်တစ်လျှောက်လုံး သူ့ရေးချင်တဲ့ အပိုင်းကိုသာဖြတ်ရေးပါတယ်..။ ပြီးတော့ သူကြုံတွေ့တာလေးတွေကိုပဲ ဘွင်းဘွင်းကြီး အားမနာတမ်းရေးပြပါတယ်...။ တခါတခါ ဆရာ့စာတွေဖတ်ရတာ ဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်ပေမယ့် နောက်ဆုံး နိဂုံးချုပ်ကိုတော့ ပြန်ပြီး စုစည်းမိအောင် ဆွဲယူ အဆုံးသတ် တတ်ပါတယ်..။ ဒီနေရာမှာတော့ ဆရာမင်းလူ သူ့အစ်ကို ကို ဝေဖန်ဖူးတာကို ထောက်ခံမိတယ်...။ “အစ်ကို့စာတွေဖတ်ရတာ အရက်မူးပြီးရေးနေသလိုပဲ ဟိုရောက်လိုက် ဒီရောက်လိုက် ရေးရာက အဆုံးသတ်ကိုတော့ လှတပတနဲ့ ပြန်ပြီး ခြုံငုံ သုံးသပ် ထားတတ်ပြန်တယ်တဲ့..” စိတ်မဆိုးပါနဲ့ဆရာ... ။  “သာဓု....သာဓု...သာဓု”ဆိုတဲ့ စာစုမှာပိုပြီး ထင်သာတယ်...။ စာပိုဒ်တွေ ခနခနထပ်နေတာတွေ့ရတယ်..။ ပထမတော့ စာစီစာရိုက်ပဲမှားရိုက်တာလို့ ထင်ပေမယ့် မဟုတ်ဘူး ဝါကျတည်ဆောက်ပုံနည်းနည်းဆီကွဲတဲ့ အကြောင်းအရာတစ်ခုတည်းကို ထပ်ခါထပ်ခါရေးမိတာပါ..။ ဒါပေမယ့် ကျွန်မတော့ ဆရာ့အပြစ်လို့ မမြင်မိပါဘူး..။ ဖခင်ကြီး ဦးသာဓုရဲ့ ငယ်ဘဝကို ပြန်မှီးထားတာမှာ ဖခင်ရဲ့ ငယ်စဉ်က ဒုက္ခရောက်ခဲ့ရတဲ့အကြောင်း ဆင်းရဲ့မွဲတေခဲ့ပေမယ့် အောင်မြင်ကျော်ကြားတဲ့အထိ ကြိုးစားအားထုတ်ခဲ့တဲ့ အကြောင်းကို နောင်လာနောက်သားတွေ လေ့လာသိမြင်စေဖို့ ဆရာက စေတနာ ဂရုဏာနဲ့ရေးသားထားတယ်ဆိုတာ ဖတ်ကြည့်ရုံနဲ့ သိသာစေပါတယ်...။ ဖခင်ကြီးကိုလေးစား အားကျနေတဲ့ ဂုဏ်ယူနေတဲ့ သားတစ်ယောက်အဖြစ် ကျွန်မခံစားမိနေတယ်...။ တခါတခါ ဆရာ့စာတွေဖတ်ရင်း ခပ်ဆိုးဆိုးသွမ်းသွမ်းကောင်လေးတစ်ယောက် ရေးထားသလိုလည်း ခံစားမိပါသေးတယ်..။ တကယ်တော့ ဆရာဦးသုမောင် ဝန်ခံထားတာကို သူ့စာစုတွေမှာ ဖတ်ဖူးခဲ့ပါတယ် ဆရာတစ်နေ့တာ စာဘယ်လိုရေးလည်းဆိုတာ...။ မနက်လင်းတာနဲ့ စားပွဲမှာ စာထိုင်ရေးနိုင်အောင် အလေ့အကျင့်လုပ်ပါလို့ ဆရာဦးသော်တာဆွေရဲ့နည်းကို ဆရာက လိုက်နာခဲ့ပါတယ်..။ မနက်စောစော စိတ်ကြည်လင်နေတဲ့အချိန် စာသန့်တွေရနိုင်ပါတယ်တဲ့...။ သောက်ပြီးမှစာရေးရင် ဒေါသတွေပါတတ်တာမို့ ဆရာက စာရေးပြီးမှသာ သောက်လေ့ရှိတယ်လို့ ဝန်ခံထားပါတယ်..။

ကျွန်မတို့ မြန်မာပြည်မှာရော ကမ္ဘာမှာရော စာရေးဆရာအများစုဟာ ချစ်ခြင်းဖွဲ့ ရသ သုတ ဇဝန လျှို့ဝှက်သဲဖို ဘာသာရေး ဘာသာပြန် စသဖြင့်သာရေးသား ထုတ်ဝေတတ်ကြပေမယ့် ဆရာဦးသုမောင်ကတော့ မိသားစုအကြောင်းကိုသာ အဓိက ဖွဲ့တယ်...။ သူ့မိသားစုအသိုင်းဝိုင်းအားလုံးရဲ့ အကြောင်းအရာတွေကို မကွယ်ဝှက်ပဲ အရှိတိုင်းရေးပြပါတယ်... “ဆွေမျိုးထဲက ဆိုးပေကြီးများ”ဆိုတဲ့ စာအုပ်မှာမြင်သာပါတယ်...။ ဒါကြောင့် တခါက ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ဒီလိုပြောဖူးသတဲ့..။ “ မောင်သုလိုရေးပုံမျိုးက Family Saga လို့ခေါ်တယ် မိသားစုအကြောင်းပင်တိုင်ရေးတာ ကမ္ဘာမှာတောင်ရှားတယ်ကွယ့်” တဲ့...။  ဆရာ့အတွက် ကုန်ကြမ်းကဘယ်ရှားမလည်း ဖခင်ကြီးဦးသာဓုအကြောင်း ညီအစ်ကိုတွေအကြောင်း အဖေ့ဖက်ကအမျိုး အမေ့ဖက်ကအမျိုးနဲ့တင်မကဘဲ သူ့ဇနီးဒေါ်အေးဘုံကိုပါမချန် “အေးဘုံကပြောပါသည်” ဆိုပြီး မဂ္ဂဇင်းမှာ ရေးသေးတာ မဟုတ်လား...။ ရေးစရာကုန်ကြမ်းရှိတယ်ဆိုပေမယ့်လည်း ဒီလို ရေးတတ်ဖို့ဆိုတာ ပါရမီပါမှဖြစ်တာလေ..။

ဆရာဦးသုမောင်ရဲ့ ရေးဟန်ကိုကြိုက်တယ် စကားလုံးတွေကရိုးသားမှုအပြည့်အဝရှိတယ် အနုအရွ အလှအပစကားလုံးတွေအစား သဘာဝကျကျရေးသားတတ်တယ်...။ ဒါပေမယ့် ဆရာငယ်ရွယ်စဉ် အသက်နှစ်ဆယ်ကျော်တုန်းက ရေးထားခဲ့တဲ့ အချစ်လုံးချင်းဝတ္ထုတွေကို ကျွန်မသေချာ မဖတ်ဖူးသေးဘူး...။ ဆရာ အသက်(၅၀)ပြည့်တဲ့ ၂၀၀၁ခုနှစ်မှာပဲ အမေရိကားကို စာတမ်းဖတ်ဖို့ ဖိတ်ခေါ်ခံရပါတယ်...။ ဆရာဖတ်ခဲ့တဲ့ “THU MAUNG NIGHT”ဆိုတဲ့ စာတမ်းလေးကိုအကျဉ်းချုပ်လေး ပြန်ရေးပြချင်ပါတယ်..။

“ကျွန်တော်က ငယ်ငယ် မူလတန်းကျောင်းမှာ စာသင်တော့ လက်ရေးသေးတဲ့ ဆရာတွေရဲ့ စာလုံးအရေအတွက်က ကျောက်သင်ပုန်းပေါ်နေရာပိုဆံ့တယ်..။ လက်ရေးကြီးတဲ့ ဆရာတွေရဲ့ စာလုံးအရေအတွက်က ကျောက်သင်ပုန်းပေါ် နေရာနည်းနည်းပဲ ဆံ့တယ်..။ ဒါကိုကြည့်ပြီး သေးလေသေးလေ နေရာများများယူလေ၊ ကြီးလေ ကြီးလေ နေရာနည်းနည်းပဲယူလေ ဆိုတဲ့ အတွေးလေး ခေါင်းထဲ ဝင်လာတယ်...။ လောကကြီးမှာ အသေးငယ်ဆုံးရာတွေကို ရှာဖွေတင်ပြတာဟာ ဝတ္ထုပဲလို့ နောင်တစ်ချိန်မှာ ကျွန်တော်သဘောပေါက်လာတယ်။ ဥပမာအနေနဲ့ ဝတ္ထုတစ်ပုဒ် ထုတ်ပြမယ်..။ ကျွန်တော့်ဖခင်ဟာ အိမ်ထောင် နှစ်ဆက်ကျခဲ့တယ်..။ ဒါပေမယ့် သူဟာ အိမ်ထောင်ရေး ပြုပြင်ရေး စာပေရေးတယ်..။ ဒါ ဘာကြောင့်လဲလို့ ကျွန်တော်သိချင်လို့ အဖေ့ဆီသွားတယ်..။ ဒီမေးခွန်းကို မေးဖို့ပါ။ ဒါပေမယ့် အဖေမရှိဘူး..။ ဆံပင်သွားညှပ်နေတယ်..။ ကျွန်တော်ထိုင်စောင့်နေတယ်..။ အဖေပြန်လာတော့ ဆံပင်ညှပ်မလာရဘူး..။

“အဖေဆံပင်သွားညှပ်တယ်ဆို”
“အေးကွ၊ ဆံပင်ညှပ်ဆရာ ဆံပင်သွားညှပ်နေလို့ ငါ့ဆံပင် မညှပ်ခဲ့ရဘူး”

ကျွန်တော်မေးစရာ မလိုတော့ပါဘူး..။ ဆံပင်ညှပ်ဆရာဟာ သူ့ဆံပင်သူညှပ်လို့ မရပါဘူး..။ ဒါဟာ ကျွန်တော်မေးချင်တဲ့ အဖြေပါပဲ။  ဒါလေး ဥပမာပြပြီး ဆရာက စာတမ်းဖတ်တော့ သူတို့တွေသိပ်သဘောကျသွားကြတယ်..။ ချက်ချင်းပဲ ဆရာ့စာတမ်းကို ဂြိုဟ်တုပေါ်တင်လိုက်တယ်..။  အဲမှာ ထူးခြားတာက ဆရာက စာတမ်းဖတ်ဖို့လာကြတဲ့ နိုင်ငံစုံက စာရေးဆရာတွေကို ဘာမေးခွန်းများမေးစရာရှိပါသလဲလို့မေးတဲ့အခါ အားလုံးက တပြိုင်နက်ပဲထွက်လာတာက “သီချင်းဆိုပြပါ”တဲ့.။ ဆရာက မြန်မာသီချင်း မြနန္ဒာကို ဆိုပြတော့ ဆရာမမြနှောင်းညိုက ကတယ်...။ စာရေးဆရာတွေက လက်ခုပ်တီးတယ်...။ စာရေးဆရာမတွေက ဂါဝန်ကြီးတွေနဲ့ ကကြတယ်တဲ့...။

ဆရာက မြန်မာသံအဆိုရှင်...။ မြန်မာသံကို နားထောင်ခဲတာမို့... ဆရာ့သီချင်းဆို “ချစ်မိုးစွေ”တို့ “ဂုဏ်ကြီးရှင်”တို့ “နဂါးနီ”တို့လောက်ပဲသိတယ်...။ ဆရာမင်းသားလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ ဒါရိုက်တာကြီးဦးသာဓု ကိုယ်တိုင်သူ့သားကို မင်းသားစတင်တဲ့ကား “အကြင်တို့လင်မယား”၊ ဗိုလ်မှူးဟောင်းစာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆရာမြတ်ထန်ရဲ့ ဝတ္ထုကို ဆရာဒါရိုက်တာမောင်ဝဏ္ဏ ရိုက်ကူးခဲ့တဲ့ စစ်တပ်အခြေခံသုံးပွင့်ဆိုင်ဇာတ်လမ်းလေး “နှောင်းတမြေ့မြေ့” ဆိုတဲ့ အဖြူအမဲကားတွေကြိုက်တယ်...။ ၁၉၈၉ “ခုနှစ်စဉ်အလွမ်း” မှာ ဝတ္ထုမင်းလူ၊ ဒါရိုက်တာမောင်ဝဏ္ဏ၊ မင်းသားသုမောင်၊ ဇာတ်ပို့  မောင်ရူပ ၊ ဇာတ်လမ်းမှတ်တမ်း အာယု (မောင်)တို့ ရှားပါးစွာ တစ်ကားတည်းမှာပဲ ညီအစ်ကို ငါးယောက်ဆုံဖြစ်ကြဖူးသလို  မောင်ဝဏ္ဏ၊ သုမောင် နဲ့ ခင်သန်းနုတို့ အကယ်ဒမီ ရကြတယ်...။

ကျွန်မဖတ်ပြီးခဲ့သမျှ ဆရာ့စာအုပ်တွေထဲက  ကျန်ရှိသေးတဲ့ စာစုပေါင်းချုပ်စာအုပ်များကိုလည်း အလျဉ်းသင့်သလို ကျွန်မခံစားမိတာများကို ရေးပါဦးမယ်။


မိုးငွေ့