Monday, 19 April 2021

အလင်းနဲ့ အမှောင် …



ကမ္ဘာကြီးမှာ အခု ဖြစ်နေတာတွေ အားလုံးဟာ အချိန်ကျလို့ ဖြစ်နေတဲ့ အရာတွေပဲလို့ ဆက်စပ်တွေးမိလာတယ် ....။

၂၀၁၂ မှာ ကမ္ဘာပျက်မယ်လို့ ကောလဟာလ ပြောခဲ့ကြတာ ကို မှတ်မိကြမယ်ထင်ပါတယ် ရုပ်ရှင်တွေတောင် ရိုက်ကြသေးတယ်လေ .. ...။

Maya ရှေးဟောင်းလူမျိုးတွေ ရဲ့ Mayan Calendar အရ ၂၀၁၂ ဇွန် ၂၁ မှာ ကမ္ဘာပျက်မယ်ဆိုတယ် ...။

ဒီဇင်ဘာ ၂၁ ၂၀၁၂ မှာ အလုံးစုံပျက်သုန်းမယ် လို့ ကောလဟာလတွေ ထွက် ရုပ်ရှင်တွေရိုက်ကြနဲ့ အတော်ဟော့လိုက်သေးတယ် နော် .. ဒါပေမယ့် ၂၀၁၂ မှာ ကမ္ဘာမပျက်ခဲ့ပါဘူး ...။

တကယ်တော့ မာယ တွေက အဲဒီအချိန်မှာ ကမ္ဘာ ပျက် မယ်လို့ ပြောခဲ့တာ မဟုတ်ပါဘူး တဲ့ .....။

ကမ္ဘာဟာ Transformation  အပြောင်းအလဲ တွေ  ဖြစ်မယ် Rebirth ဆိုတဲ့ အသစ်တဖန်ပြန်လည်မွေးဖွားခြင်း တွေ ဖြစ်မယ် လို့ ပဲ ပြောခဲ့တာဖြစ်ပါတယ် လို့ လေ့လာသူတချို့ကလည်းပြောပါတယ် .....။

https://youtu.be/xN6E5AFEb9M

တကယ်တော့  မာယန်ပြက္ခဒိန် ကို ၈ နှစ် ထည့်ပေါင်းမှ အခုခေတ် ပြက္ခဒိန် ရက်များနဲ့ ညီမယ်လို့ တချို့ကလည်း တွက်ပြကြတယ်...။

ဆိုတော့ မာယန်တွေ ပြောခဲ့တဲ့ ၂၀၁၂ ဇွန် ၂၁ က ခုခေတ်ပြက္ခဒိန် နဲ့ ဆို ၂၀၂၀ ဇွန် လ ၂၁ ဖြစ်ပြီး ၂၀၁၂ ခု ဒီဇင်ဘာ ၂၁ ဆိုတာ ၂၀၂၀ ဒီဇင်ဘာ ၂၁ ကို ပြောတာဖြစ်ပါတယ် ...။

စိတ်အလုပ်တွကို လုပ်တဲ့ Spiritual သမားတွေကတော့ ဒါတွေကို ကြိုသိလို့ Transformation process တွေ လုပ်ခဲ့ကြတယ် .. ...ချောက သိလို့တော့ မဟုတ်ပါဘူး ဒါပေမယ့် အကြောင်းတွေဖန်လာလို့ အပြောင်းအလဲ တွေ လုပ်ဖြစ်ခဲ့တယ် ...။

တကယ့်ကို အချိန်မှီဆိုမှ အချိန်မှီလေးပဲ .. ..။၂၀၂၀ ဒီဇင်ဘာ ၂၁ မှာ လုံးဝပြောင်းလဲ တဲ့ process ကို စတင်ခဲ့ပြီး အခု လုပ်ခဲ့တဲ့ ရက် ၉၀က Rebirth process ပါ .. ...။

ဧပြီ ၁၈ က စပြီး အဟောင်းသေဆုံး အသစ်ပြောင်း ဆိုတဲ့ ဖြစ်စဉ်က တကမ္ဘာလုံးမှာ ဖြစ်တော့မယ်လို့  Inner Circle ထဲက လူတွေ တော်တော်များများပြောကြတယ် ...။

စနစ်ဟောင်းတွေ အကျင့်ဟောင်းတွေ နေရာမှာ စနစ်ကောင်းတွေ အကျင့်ကောင်းတွေ မွေးဖွားလာ မယ် တဲ့ ...။

Cultivation ➡️ Transformation ➡️ Rebirth  ဆိုတဲ့ ဖြစ်စဉ်မှာ အခု ကြုံနေကြရတာက Cultivation ဖြစ်စဉ် လို့ ပြောရမယ်ထင်တယ်.....။

လူတွေဟာ မျက်နှာဖုံးတွေ ကွာကျလာမယ် ..

အတွင်းစိတ်တွေကို ဘွားကနဲ မြင်ရမယ် ..

ဟန်ဆောင်လို့ မရတော့ဘူး .....

အရင်က အဖြူ လို့ ကိုယ်ထင်တဲ့ သူက အတွင်းက အမည်းဖြစ် နေတယ်ဆိုရင်လည်း အမည်းကို မြင်ရမယ် ...။

အရင်က ကိုယ်က အမည်းလို့ ထင်ထားတဲ့ သူက လည်း အဖြူ ဖြစ်နေနိုင်တာကိုအံ့ဩစွာတွေ့ကြရမယ် ....။

မိတ်ဆွေဟန်ဆောင်ထားတဲ့ ရန်သူ ကို မြင်လာရသလို ...ရန်သူလို့ ကိုယ်ထင်ထားတဲ့ သူက မိတ်ဆွေဖြစ်လာနိုင် တယ်တဲ့ ...။

ကိုယ်လုံးဝ ထင်မထားတဲ့ အရာတွေကို မျက်ဝါးထင်ထင် မြင်နေရမယ်တဲ့ .....။ လုံးဝ surprise တိုက်တဲ့ အချိန် ပဲ ...။

ဒီကာလဟာ အကောင်းအဆိုး ခွဲခြားပြမယ် 

အမှောင်နဲ့ အလင်းဟာ ကွဲပြားသွားမယ် 

အစုန်လမ်း နဲ့ အဆန်လမ်း လမ်းချင်းမတူရင် 

နှုတ်ဆက်ကြရမယ့် အချိန်ဖြစ်ပါတယ် ...

မျက်လုံးထဲ မြင်အောင် ပြောရရင် အရင်က စီးလာတဲ့ ရထား က ဘူတာကြီး ကို ဆိုက်လို့ အားလုံး ရထားပေါ်က ဆင်းပြီး ရှေ့ဆက်မယ့် ခရီး အသီးသီး အတွက် ကိုယ့်ရထား ကိုယ်ရှာပြီး ပြောင်းစီးကြရသလိုပေါ့  ...။

ကိုယ်သွားမယ့်လမ်း မှာ တူရာခရီးသည်တွေ စု ပြီး ကိုယ့် ရထား ကိုယ် ပြောင်းစီးရမယ့် အချိန် ဆိုတော့ ....။

တချို့ကလည်း ရထားလက်မှတ်လည်း ရပြီ စီးရမယ့် ရထားနဲ့ ပလက်ဖောင်းလည်း တွေ့ပြီ ..။

တချို့ကတော့ ဘယ်ရထား စီးရမှန်းမသိသေးလို့ လိုက် ရှာနေတုန်း.. ..။

တချို့ကလည်း လက်မှတ်ရဖို့ တိုးနေတုန်း .. 

တချို့ကလည်း စီးလာတဲ့ ရထားကြီး ဆက်ထွက်မယ် အထင်နဲ့ ရထားပေါ်ထိုင်နေကြတုန်း....

တချို့ကလည်း ကိုယ့်အုပ်စု နဲ့ ခရီးချင်းမတူ လို့ ဘာလုပ်ရမှန်းမသိ ဖြစ်နေတုန်း ....။

animation လေး လုပ်တတ်ရင် ကိုယ်မြင်တာတွေ ဖန်တီး ပြီး ပြချင်မိတယ် ...။

လူတွေက သတိမထားမိကြလို့ ပါ .. ၂၀၂၀ မှာ ကိုဗစ်စ ပြီဆိုကတည်းက ဘဝမှာ အပြောင်း အလဲ တွေ အများကြီး ကြုံခဲ့ကြမှာပါ ....။

ချစ်သူတချို့ ကွဲကွာသွားတယ် .. 

လင်မယားတွေ ကွဲကြတယ် ....

မိတ်ဆွေတွေ အဟောင်းတွေ နဲ့ လမ်းခွဲပြီး အသစ်တွေ တွေ့ရတယ် ....။

သွားနေတဲ့ လမ်းကြောင်းကနေ အပြောင်းအလဲ တွေ စိတ်ရော ကိုယ်မှာပါ ဖြစ်လာတာ သတိထားကြည့် ရင်တွေ့ကြရမှာပါ...။

လက်ရှိဘဝကို စိတ်ကုန်ပြီး အပြောင်းအလဲ အတွက် စိတ်အလုပ်လုပ်နေတဲ့ သူတွေ အများကြီးဖြစ်လာတယ် .. ..။

တယောက်ပါပါ သွားခေါ်ပါလို့ ဆရာတော် မိန့်လို့ ရက်၄၀ အပြောင်းအလဲ လုပ်ဖို့ ဖေ့စ်ဘွတ် ပြန်လာတဲ့ အချိန် မှာ တချို့ ကလည်းသူတို့ စိတ်အခံကြောင့် ချောကို ကြည့်မရဖြစ်ပြီး ဂရု တကာမှာ အတင်းပတ်ပြောနေပေမယ့်  ချော မက်ဆေ့ ဘောက်စ် ထဲမှာတော့ စတင်ပြောင်းလဲ လာပြီး သွားရမယ့် လမ်းတွေ့ပြီ စီးရမယ့် ရထား တွေ့ပြီ တချို့လည်း လက်မှတ်ရပြီ နဲ့ ဝမ်းသာအားရ လာပြောကြတဲ့ သူတွေ အများကြီးပဲ ☺️

သာသနာသက်တမ်း တဝက်ကျိုးရင် သောတပန် တွေကောင်းကင်က ကြယ်တွေလို များလာအုံးမယ် လို့ ဆရာတော်က တရားထဲ ထည့်ဟောတော့ Spiritual လမ်းကြောင်းမှာ တွေ့လိုက်ရဖူးတဲ့ လင်းလက်တဲ့ ကြယ်လေး တချို့ ကို ခရီးသွားရင်း မြင်လာပါတယ်...။

အခုတလော ဖြုတ် ထုတ် သတ် တွေ အားလုံးလုပ်ပြီး ရင် ၂၀၂၂ နောက်ပိုင်း လူမျိုးဘာသာ ခွဲခြားခြင်းတွေ မရှိ တဲ့ တယောက်နဲ့ တယောက် စာနာတတ်တဲ့ မေတ္တာတရားနဲ့ သာယာနေပျော်တဲ့ ကမ္ဘာကြီး ပြန်လည်ဖြစ်လာအုံးမှာပါ  ..။

အရာအားလုံးက ပြောင်းပြန်လှန်ပြီး သကာလ ...အရင်က သူများကို ဖြတ်ခုတ် ကလိန်ကျပြီး ချမ်းသာနေတဲ့ ဝိသမလောဘ သမားတွေ  မွဲ သွားပြီး ...။

သမ္မာအာဇီဝ နဲ့ စီးပွားရှာသူတွေ သီလ သိက္ခာ သမာဓိ ရှိသူတွေ ချမ်းသာလာအုံးမယ် ...။

ကမ္ဘာသစ်မှာ လူဆိုးတွေ ဆီက ငွေတွေကို လူကောင်းတွေ လက်ထဲ ထည့်လိမ့်မယ် တဲ့ ....။

၂၀၂၀ ဒီဇင်ဘာ ၂၁ က စ ပြီး Transformed ဖြစ်သွားတဲ့ ကမ္ဘာကြီးမှာ သစ္စာတရား သာလျင်အနိုင် ရလိမ့်မယ် ...။

Embodiment မရှိရင် .. မမှန်မကန် လုပ်ရင် သွားမှာပဲ တဲ့ .. ...။

သိကြားသာသနာ ဆိုတော့ ကိုယ်မမှန်လည်း ကိုယ်ခံရမယ် သူမမှန်လည်း သူခံရမယ် ..။

ဟုတ်မဟုတ်ကိုတော့ အသက်မသေသေးသရွေ့ ဖာတလုံးခေါင်းကျားလို မှတ်တမ်းတင်ပြီး စောင့်ကြည့် ကြပေါ့ .. ..။

အဲဒီအခါကျရင် သင့်ရဲ့ မှတ်တမ်းစာအုပ်မှာ အို အသင်လောက လောကမှာ ဒါမျိုးတွေ ရှိတယ်ဆိုတာ ကျွန်ုပ် ကောင်းကောင်းကြီးသိလိုက်ပါပြီ  ဆိုပြီး မှတ်တမ်းတင်ရမယ့် အကြောင်းအရာတွေ အများကြီးဖြစ်လာမှာပါ ☺️

တကယ်လို့ တချို့မိတ်ဆွေများနဲ့  ဒီဘူတာမှာ လမ်းခွဲ ရမယ် ဆိုရင်လည်း အရင်လို ဘယ်တော့မှ ပြန်မဖြစ်တော့မယ့် ကမ္ဘာကြီးမှာ ပျော်ရွှင်စွာ နေထိုင် ရှင်သန်သွားနိုင်ပါစေလို့ ဒီပို့စ်လေးနဲ့ နှုတ်ဆက်လိုက်ပါတယ် ...။

ချောရွေးထားတဲ့ ရထားလက်မှတ်ကတော့ အဆန်လမ်းမို့ ဈေးနဲနဲ ကြီးပါတယ် .. 🙂 

လမ်းချင်း တူ မတူ တိုက်ကြည့်ရအောင်နော် ....

ချောက နိုင်ငံရေးမှာ ညီညွတ်ပြီး တရားမျှတမှု့ ရှိတဲ့ အစိုးရအုပ်ချုပ်တာကို ရွေးပါတယ် ...။

ဘာသာရေးမှာ Spiritual ဆိုတဲ့ စိတ်အလုပ်ကို အားသန်လို့ Religion နဲ့  Spiritual ဆို Spiritual ကို ရွေးပါတယ် ...။

ဘုရားပွင့်လာတာ ဘာသာတခု တည်ထောင်ဖို့ ပွင့်လာတာမဟုတ်ဘူး .. ဘုရားသာသနာက ဘဝနေနေနည်းက စလို့ လွတ်မြောက် ခြင်းအတွက် အကုန်ပြည့်စုံပြီးသားမို့ ကိုယ့်လမ်းကို ရွေးရုံသာလို့ ယုံကြည်တာကြောင့်ပါ .. ။

ဒါကြောင့် စိတ်ကို စင်ကြယ်အောင် အနာကင်းအောင် အရင်လုပ်ရင်း ဘုရားပြတဲ့ လမ်းကို Truthfulness ရှိရှိနဲ့ လျှောက်ဖို့ ပဲ ကြိုးစားပါမယ် .. ။

( အဲဒါကြောင့် ဘာသာရေး ပေတံ ကြီးနဲ့ လာလာတိုင်း ရင်တော့ အဆင်ပြေချင်မှ ပြေလိမ့်မယ် ..ချောကိုလည်း ယောဂီဝတ်စုံကြီးနဲ့ တွေ့ချင်မှ တွေ့ရ မှာနော် 🙂 .. ) 

လူမှု့ရေး မှာ ကိုယ့်ကို လုပ်ရင် ကိုယ်မကြိုက်တဲ့ အလုပ် မျိုး သူများကို လည်း ဘယ်တော့မှ မလုပ် ဘူးဆိုတဲ့ လမ်းကို ရွေးပါတယ် ...။

Do No Harm  Take No Shit ဆိုတဲ့ အတိုင်းပဲ ..ဘယ်သူ့ ကိုမှလည်း ဒုက္ခမပေးဘူး သူများပေးတဲ့ ဒုက္ခကိုလည်း မယူဘူး လို့ ခံယူထားပါတယ် ...။

ဘက်လိုက်မှု့ Bias တွေ မရှိပဲ တယောက်နဲ့ တယောက် စာနာ နားလည်ပေးတဲ့ ဖြည့်တွေးပေးတဲ့ Unity ..Empathy ..Compassion အပြည့်အဝ ရှိတဲ့ အသိုင်းအဝိုင်း ကို ချဉ်းကပ် ချင်ပါတယ် ...။ လမ်းချင်းတူရင် ရထားပေါ်မှာ တွေ့မယ်နော် .. ☺️


Crd to Chaw Sukhita

Saturday, 17 April 2021

ဓမ္မအထွေထွေမှတ်စုများ(၁၄).....



နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား....



ဒီနေ့နှစ်ဆန်းတစ်ရက်နေ့ အိမ်မှာကိုးကွယ်ဆည်းကပ်ပူဇော်ထားတဲ့ မြတ်စွာဘုရားရုပ်ပွားတော်များကို စံပါယ်ပန်းနံ့သာရေနဲ့ ရေသပ္ပါယ် ကုသိုလ်ကောင်းမှုပြုပါတယ်.....



တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွား နေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။

မကောင်းတဲ့အတွေးဟာ ဘာလဲဆိုရင် သူများပစ္စည်း ကိုယ့်ပစ္စည်း ဖြစ်ချင်တဲ့အတွေး၊ဒါကို အဘိဇ္စျာ လို့ခေါ်တယ်။

သူများပစ္စည်းကို ကိုယ်ပိုင်ဆိုင်ချင်တဲ့အတွေးဟာ ဘာကို ဖြစ်စေတတ်တဲ့အတွေးလဲသူခိုး ဓားပြ ဖြစ်စေတဲ့အတွေး မဖြစ်ဘူးလား။

အဲဒီအတွေးဟာ အန္တရာယ်ရှိတဲ့အတွေး၊အကုသိုလ် အတွေး၊ မနောဒုစရိုက်လို့ ခေါ်တယ် ။

နောက်....ဗျာပါဒ.. ဘာလဲဆိုရင် ကိုယ်နဲ့မတည့်တဲ့ လူတစ်ယောက်စိတ်ထဲပေါ်လာရင် " ဟာ .... ဒီကောင်သေသွားရင် ကောင်းမှာပဲ၊ ဒီကောင်

စီးပွားတွေ ပျက်သွားရင် ကောင်းမှာပဲ၊

ဒီကောင် ဒုက္ခရောက် ထောင်ကျသွားရင်

ကောင်းမှာပဲ " ဆိုတဲ့ အတွေး၊အဲဒီအတွေးကို ဗျာပါဒအတွေးလို့ ခေါ်တယ် ။

နောက်တစ်ခုက_မိစ္ဆာဒိဌိ

မိစ္ဆာဒိဌိဆိုတာ ကိုယ်လုပ်တာ ကိုယ်နဲ့ဆိုင်တယ်လို့မတွေးဘူး။

ကောင်းတာလုပ်လည်း ကောင်းတာ မဖြစ်ပါဘူး။မကောင်းတာလုပ်လည်း ကောင်းတာဖြစ်တာပဲ။

မကောင်းတဲ့လူတွေ ကြီးပွားနေတာ ရှိတာပဲ။

ကောင်းတဲ့လူတွေ ဒုက္ခရောက်နေကြတယ်

စသည်ဖြင့် ကံကို မျက်စိလည်နေကြတယ် ။

တကယ်တော့ မကောင်းတာလုပ်ပြီး ကြီးပွား နေတာတွေဟာ တစ်ချိန်တုန်းက ကောင်းတာလုပ်ခဲ့လို့ ကောင်းကျိုးကို ခံစားနေရတယ်လို့ ဒီလိုတွက်ရမယ်။

ကိုယ်က အခုမှ ကောင်းတာတွေ လုပ်တာ။အကျိုးမပေးသေးဘူး။

အခုမှ သရက်ပင်စိုက်တာ။သရက်သီး စားရပါ့မလား မစားရပါဘူး။ကောင်းတာ အခုမှ လုပ်တာ မကောင်းတာတွေ ကြုံနေရတယ်။အတိတ်က မကောင်းတာတွေဘယ် လောက် လုပ်ခဲ့မှန်းမှ မသိတာ ။အဲဒါကြောင့် မှန်ကန်တဲ့အတွေးမှာ ကံဆိုတာ ရှိတယ်။

ကံကို ငြင်းပယ်တာ " အကိရိယဒိဌိ " လို့ ခေါ်တယ် ။

ကုသိုလ်ဆိုတာ မရှိပါဘူး။

အကုသိုလ်ဆိုတာ မရှိပါဘူး ဆိုတဲ့

ငြင်းပယ်တဲ့ ဝါဒကို " အကိရိယဝါဒ " လို့ ခေါ်တယ်။

အကိရိယဒိဌိဆိုတာ ကံကို လုံးဝ မယုံဘူးလေ။

နောက် " နတ္ထိကဒိဌိ "ဆိုတာကံရဲ့အကျိုးတရားကို လက်မခံဘူး။

မကောင်းတာလုပ်လည်း မကောင်းကျိုး မဖြစ်ဘူး။ကောင်းတာလုပ်လည်း ကောင်းကျိုး မဖြစ်ဘူးလို့အကျိုးတရားကို ငြင်းပယ်တဲ ဝါဒ။

နောက်တစ်ခုက"အဟေတုကဒိဌိ"အကြောင်း တရား ကို ငြင်းပယ်တာ၊ပေါင်းလိုက်လို့ရှိရင် ကံနှင် ကံအကျိုးကိုငြင်းပယ်တဲ့ပုဂ္ဂိုလ်ဟာ မိစ္ဆာဒိဌိ အမြင်ရှိသူသာ ဖြစ်တယ် ။

အဲဒီလို မိစ္ဆာဒိဌိအယူဝါဒရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ကောင်းရာသုဂတိတောင်မရောက်နိုင်ဘူးတဲ့။

သူသွားရမယ့်လမ်းကတော့အပါယ်လေးဘုံပဲ။

ဘာလို့တုန်းဆိုတော့ ....

သူက ကံကိုငြင်းပယ်ထားတော့ သူလုပ်ချင်ရာ လုပ်တော့မှာလေ ။

လူဆိုတာ အထိန်းအကွပ်ကလေးနဲ့ နေရတယ်။

အထိန်းအကွပ် မရှိဘဲ လုပ်ချင်တာ လုပ်ဆိုရင်

မကောင်းတာပဲ လုပ်ကြတော့မယ်။

ကောင်းတာဆိုတာ ရေဆန် လှော်ခတ်ရတာနဲ့တူတယ်။ မကောင်းတာလုပ်တယ်ဆိုတာ ရေစုန်နဲ့တူတယ် လွယ်တယ်၊ မျှောချရုံပဲ ။

ဒါကြောင့်မို့ အတွေးနဲ့ ပတ်သက်လာရင်

ခုနပြောတဲ့ အတွေးတွေ မတွေးနဲ့တဲ့...။


ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ

Ashin Nandamãlãbhivamsa - အရှင်နန္ဒမာလာဘိဝံသ

Warmly Welcome NUG.....

 



နားထောင်ကြည့်....။ နောက်ဆုံး စစ်မြေပြင်က ကလေးတယောက်က သူနဲ့ရွယ်တူ ရန်ကုန်ကနေ အနွေးထည်အင်္ကျီလှုပေးလိုက်တဲ့ ကလေးရဲ့စာတစ်စောင်ကို ဘယ်လိုပြန်ရေးလိုက်လဲဆိုတာ နားထောင်ပြီး မျက်ရည်ကျမိတယ်....။ ကျွန်မတို့အမှောင်ကြီးစိုးတဲ့နေ့ရက်တွေ အမြန်ဆုံးကုန်လွန်ပါစေ....။ ခုဆိုရင် ရောင်နီသန်းလာဖို့ သတင်းတစ်ခုကိုမနေ့ကပဲ နှစ်သစ်မှာ ကျွန်မတို့ ကြားသိရပါပြီ....။ နွေးထွေးလှိုက်လှဲ အားကိုးစွာဖြင့် NUG (National Unity Government) ကိုကြိုဆိုပါတယ်...။ အဓမ္မကို ဓမ္မကပဲ အနိုင်ရမှာပါ....။


Tuesday, 13 April 2021

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် နှင့် အတာအိုး အကြောင်းသိကောင်းစရာ.....




 သင်္ကြန်ပုံပြင်

 တခါက သိကြားမင်းနှင့် ဗြဟ္မာမင်းတို့ ( ၂ ) ယောက် စကားလက်ဆုံပြောကြရာ ‘ကဿပဘုရားရှင်လက်ထက် မတိုင်ခင်က လူ့ပြည်၌ တစ်ပတ်လျှင် ( ၈ ) ရက် ရှိခဲ့ပြီး ယခုအခါ ( ၇ ) ရက်သို့ ပြောင်းသွားပြီ ဖြစ်ကြောင်း’ သိကြားမင်းက ပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ဘူး ဆိုကာ ငြင်းခုံကြပါတော့တယ်...။

 ထို့နောက် ရှူံးတဲ့သူ ခေါင်းဖြတ်ခံကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ဆင်းပြီး ထိုအချိန်က သီလ၊ သမာဓိနှင့် ပြည့်စုံသည့် ရသေ့ထံတွင် အဆုံးအဖြတ်ခံယူကြတော့တယ်။ အဘိဉာဏ်ရ ရသေ့က ယခုအခါတွင် လူ့ပြည်တွင် တနင်္ဂနွေအစ စနေအဆုံး ( ၇ ) ရက်သာ ရှိတော့သည်ဟု အဆုံးအဖြတ် ပေးခဲ့ပါတယ်။

 ဗြဟ္မာမင်းလည်း သူ့ကတိအတိုင်း သူ၏ဦးခေါင်းကို အဓိဋ္ဌာန်ဖြင့် ဖြတ်ပြီး သိကြားမင်းလက်သို့ ပေးအပ်လိုက်ပါတယ်။

 ထိုဗြဟ္မာဦးခေါင်းပြတ်ကြီး သိကြားမင်းလက်ထဲသို့ ရောက်သည့်အခါ ဒီဗြဟ္မာဦးခေါင်းပြတ်ကြီးကို မြေပေါ်ချထားလျှင် ၇-နှစ် ကမ္ဘာမီးလောင်ပြီး မိုးခေါင်လိမ့်မည်၊ ရေတွင်ထားပါကလည်း သမုဒ္ဒရာ ၇-စင်းမှရေများ ခန်းခြောက် သွားလိမ့်မည်လို့ သိကြားမင်းက စဉ်းစားမိသွားတယ်...။

 ဒါနဲ့ မြေမှာလည်း မထား၊ ရေသို့လည်း မပို့တော့ဘဲ နတ်သမီး ၇-ယောက်ကို တစ်ဦးလျှင် တစ်နှစ်စီ ဗြဟ္မာဦးခေါင်းကို ကိုင်ထားရန် တာဝန်ပေးလိုက်ပါတယ်...။

 ထိုနတ်သမီးတွေရဲ့ တစ်ဦးမှတစ်ဦးသို့ ဗြဟ္မာဦးခေါင်းကိုင်ရန် အလွှဲအပြောင်းကို သင်္ကန္တလို့ ခေါ်ပြီး ထိုမှရွေ့လျော ဆင်းသက်ကာ သင်္ကြန်ဆိုတာ ဖြစ်လာခြင်းလို့ ဆိုပါတယ်။  

မြန်မာပြည်မှာ တစ်နှစ်တစ်ခါထုတ်ဝေတဲ့ သင်္ကြန်စာများမှာလည်း ဗြဟ္မာမင်းကြီးရဲ့ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

 ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ်မှတ်ယူနိုင်ပါတယ်...။


 သင်္ကြန်ချိန်ခါ ပြုဖွယ်ရာများ

 မဟာသင်္ကြန်နှင့် တွဲဖက်၍ အတာ၊ အတာစားဟူသော ဝေါဟာရ တို့ကို ပြောဆိုသုံးစွဲကြတာကို တွေ့ရပါတယ်။

 အတာ ဟူသည် လောကီအလို ဒဏ်သင့်ခြင်း ဖြစ်သည်။ တနည်းအားဖြင့် အန္တ-အဆုံးဟူသော ပါဠိပုဒ်မှ အတာ ဖြစ်လာသည် ဟုလည်း ကြံဆကြပါတယ် ။

 ယင်းအလိုအားဖြင့်အတာ ဟူသည် ‘နောက်ဆုံးကာလ၊ အကျပိုင်းကာလ’ကို ဆိုလိုပါတယ်...။

 အတာရက်ဆိုသည်မှာ သင်္ကြန်အတက်ရက် ဖြစ်၏။ နှစ်တစ်နှစ်၏ နောက်ဆုံးရက်ပင် ဖြစ်တယ် သင်္ကြန်အတက်ရက်နှင့် မွေးနေ့တိုက်ဆိုင်သူများသည် `` အတာသင့်  သူများ ဖြစ်လာပါတယ်။ ဒါကိုပင် အတာစားသည်ဟု ပြောဆိုသုံးစွဲ နေကြပါသေးတယ် ။

 အတာစားသည့် နေ့နံသားသမီး တို့သည် အတာတက်မည့်အချိန် အတိအကျတွင်  ``အတာစား ရပါတယ်

အတာစားဟူသည် အတာတက်ချိန်မှာ ကောင်းမွန်သန့်ရှင်းစွာ ဝတ်စားဆင်ယင်လျက် အရှေ့တောင်အရပ်သို့ မျက်နှာမူကာ ပူဇော် ရိုသေထိုက်သူများကို လှူဖွယ်ပစ္စည်းတို့ဖြင့် ဆက်ကပ်ခြင်း လှူဒါန်းပူဇော်ခြင်း ပြုကြရတယ်လို့ ဖော်ပြထားတာတွေတွေ့ရပါတယ် 

 အတာစားခြင်း၏ အကျိုးကား … အတာပုည၊ ကုသလကို၊ ပြုကြကုန်သော၊ အမျိုးသား အမျိုးသမီးတို့သည် “အတာကမ္မံ ကရောန္တဿ မဟာဘောဂံ မဟာသုခံ မဟပ္ဖလံ စတုဒ္ဒိသံ ဝေရီဇေယျသုမင်္ဂလံ”ဟု ရှေးပညာရှိတို့ ရေးဖွဲ့ခဲ့သည်နှင့်အညီ ထိုကဲ့သို့ ရတနာသုံးပါး စသည်တို့အား လှူဒါန်း ပူဇော်ကြသော သူတို့သည် ကောင်းကျိုးချမ်းသာ မင်္ဂလာတရား ပြန့်ပွားတိုးတက် ပြည့်စုံကုန်ရာသည် … ဟု မှတ်သားရဖူးပါတယ် ။

 အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းကလူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုကြလေ့ရှိပါတယ်...။

 အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှုကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့အတူ အတာပန်း ဆိုတာရှိတယ်။ အတာပန်းတွေကတော့ 


 တနင်္ဂနွေ - အုန်းရွက်၊ သြဇာရွက်

 တနင်္လာ - ကန့်ကော်ပန်း၊ ခရေ

 အင်္ဂၤါ - ဇီးရွက်

 ဗုဒ္ဓဟူး - ရွက်လှ၊ ရေတမာ

 ကြာသပတေး - မြေဇာ၊ မာလကာရွက်

 သောကြာ - သပြေပန်း

 စနေ - တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့် နေ့ ၇ နေ့ကို ကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။


 တစ်ချို့ကလဲ ပတ်ဝန်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့်ထည့်ကြပါတယ် 

 သင်္ကြန် ၄ရက်လုံး အတာအိုးနဲ့ကြိုပီး နှစ်ဆန်းတစ်ရက်နေ့ရောက်တော့ သဲဖြူ၊ ချည်ကြိုးတွေထပ်ဖြည့်ပီး အန္တရာယ်ကင်း ပရိတ်ရွတ်ကြတဲ့အခါ အတာအိုး နဲ့ အတာပန်း ကနေ ပရိတ်အိုး နဲ့ ပရိတ်ပန်း အဖြစ် အသွင်ကူးပြောင်းပီး မိမိတို့အိမ် ပတ်ပတ်လည်မှာ ပရိတ်ပန်း ပရိတ်သဲ တွေနဲ့ ကာရံပီး အန္တရာယ်ကင်းအောင် လုပ်တယ်လို့ အယူဓလေ့ရှိကြပါတယ်....။

Crd

နှစ်သစ်မှာ ကျန်းမာရွှင်လန်း ချမ်းမြေ့ကြပါစေ



Monday, 12 April 2021

သင်္ကြန်မှာပိတ်ရက်မှာဖတ်ဖို့.....









မလွမ်းတတ်အောင်သင်ပေးပါနဲ့...စံ  ဆိုတာ ၂၀၂၁ မှာ ပထမဆုံးဝယ်ဖတ်ဖြစ်တဲ့စာအုပ်နှစ်အုပ်ရဲ့ နာမည်တွေပါ ...။ ဆရာဇဏ်ခီရဲ့ ဒုတိယမြှောက်စာအုပ် "စံ" ဆိုတဲ့ Standard  နဲ့ ကျွန်မတစ်ခါမှမသိသေးတဲ့ လူငယ်စာရေးဆရာ ကောင်းမြတ်ပိုင်ပိုင်ရဲ့ မလွမ်းတတ်အောင်သင်ပေးပါဆိုတဲ့ ကဗျာမကျ အက်ဆေးမကျ စာစုတွေနဲ့ ဝတ္ထုတိုတွေပါတဲ့ စာအုပ်ပါးလေးပါ....။



သင်္ကြန်အကြိုကနေ နှစ်ဆန်းတစ်ရက်ထိ ဥပုသ်သီလဆောက်တည်မယ်....။ ကုသိုလ်များများလုပ်ဖို့လိုနေတဲ့အချိန်ပါ ခါတိုင်းလို သင်္ကြန်ကိုအပြင်ထွက်ရေကစားရမယ့်ချိန်မဟုတ်ပါဘူး....။ တိုင်းပြည်ကြီး ကပ်ဆိုးကျရောက်နေချိန် ကျွန်မတို့ ကုသိုလ်ကောင်းမှု တတ်နိုင်သလောက်လုပ်ပေးရမယ်...။ စိတ်နဲ့တောင်မှ အကုသိုလ်မလုပ်မိဖို့ သတိလေးနဲ့ဆင်ခြင်သင့်ပါပြီ....။ မကျေနပ်လို့ဆဲဆိုကျိန်တိုက်မှုတွေလုပ်လေလေ အကုသိုလ်ကြောင့် ကောင်းလာမယ့်အချိန် နှောင့်နှေးလေလေပါပဲ....။ စိတ်ရှည်ရမယ် သီးခံရမယ် ဗြဟ္မစိုရ်တရား လေးပါး လက်ကိုင်ထားနိုင်ရမယ်....။

ကျွန်မတို့ အိမ်မှာနေရင်း တိုင်းပြည်အတွက်လုပ်နိုင်တာ ကူပေးနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်...။ တစ်ခုချင်းစီချမရေးပြတော့ဘူးနော် ဝိနည်းလွတ်အောင်လို့...။ အိမ်မှာ ကုသိုလ်လေးလုပ်ပြီး ကိုယ့်ဘာသာကို နှစ်ကူးကြပါ ....။ စာဖတ်ပါ အစားကောင်းကောင်းစားပါ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ အားရှိအောင်နေပါ ခန္ဓာကိုယ်ကျန်းမာမှ ကျွန်မတို့ လုပ်ချင်တာ ဖြစ်ချင်တာကို လုပ်လို့ရမှာ....။ 

မြန်မာ နှစ်ကူးအခါသမယမှာ ကောင်းမှုကုသိုလ်များများလုပ်ပြီး လတ်တလောကျရောက်နေတဲ့ ကပ်ဆိုးကြီးကိုအမြန်ဆုံး ကျော်လွှားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်....။


မိုးငွေ့

Sunday, 11 April 2021

ရှမ်းသခွားသီးသုပ်.....






ရှမ်းနဲ့မြန်မာ သခွားသီးသုပ်တာ ဘာကွာလဲဆိုတော့ ဆီချက်နဲ့ငံပြာရည်ထည့်မထည့်ပဲကွာမှာပါ.....။ ရှမ်းသုပ်ကရိုးရှင်းတယ်  ခုလိုရာသီဥတုပူတဲ့အချိန်နဲ့ အကြောင်းကြောင်းကြောင့် ထမင်းစားမကောင်းတဲ့သူများအတွက် ခံတွင်းမိန်စေမယ့် သတ်သတ်လွတ်လည်းဖြစ်တဲ့ အရံဟင်းလေးတစ်ခွက်ပါပဲ...။ သခွားသီးသုပ်ကို စားခါနီးမှ သုပ်တာအကောင်းဆုံးပါ မဟုတ်ရင်   အရည်တွေထွက်လာလိမ့်မယ်...။ နွေရာသီမှာ ဝမ်းအေးစားမြိန်စေမယ့် ရှမ်းသခွားသီးသုပ်ကို ဘယ်လိုပြင်ဆင်ရမလဲ ကြည့်ရအောင်...။


ပါဝင်ပစ္စည်းများ

သခွားသီးအနေတော် ၃လုံး
ကြက်သွန်ဖြူ ၄မွှာ
မြေပဲဆံလှော်ထောင်း ထမင်းစားဇွန်းတစ်ဇွန်း
ငရုတ်သီးစိမ်း မိမိကြိုက်သလောက်
သံပရာသီး တစ်စိပ် (ရှမ်းရှာလကာရည်တစ်ဇွန်း)
ဆား အချိုမှုန့် (လိုသလို)


သခွားသီးကိုရေစင်စင်ဆေးပြီး အခွံခွာပါ အမျှင်လိုက်ခြစ်ထားပါ မဟုတ်ရင်လဲ ပါးပါးရှည်ရှည်လေးတွေလှီးထားပါ အလည်အူတိုင်နုရင် မပစ်ပါနဲ့ ပါးပါးလှီးယူထားပါ...။ ကြက်သွန်ဖြူဓါးပြားရိုက်ထည့်ပါ ကျန်ပါဝင်ပစ္စည်းများထည့်နယ်ပြီးရင် နံနံပင်ကြိုက်ရင် နဲနဲထည့်ပါ...။ မြေပဲဆံထောင်းရဲ့ဆိမ့်တဲအရသာနဲ့ အရည်ရွှန်းတဲ့သခွားသီးချဉ်ချဉ်လေး ရပါပြီ....။







Friday, 2 April 2021

နွေဦးတော်လှန်ရေး(၁၈).....



Flower 🌹 Strike 

#FollenHeroesOfMyanmar 

#April2ndCoup 

#WhatsHappenInMyanmar



 




















Thursday, 1 April 2021

နွေဦးတော်လှန်ရေး(၁၇).....




ကြေညာချက် အမှတ် ( ၁၉/၂၀၂၁ )

၁၃၈၂ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက်

မတ်လ (၃၁)ရက်၊ ၂၀၂၁ခုနှစ်။

================

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် ထုတ်ပြန်ကြေညာခြင်း


၁။ ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ၊ အရင်းခံပြဿနာများကို အပြီးသတ်ချုပ်ငြိမ်းစေရန်၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ရန်၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန်၊ ပြည်ထောင်စု၏ လူမျိုးများအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့ဖြင့် ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ရန် ခိုင်မာသော သန္နိဋ္ဌာန်ချမှတ်လျက် ဤ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်   (Federal Democracy Charter ) ကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။


၂။ ခေတ္တ ဒုတိယသမ္မတမန်းဝင်းခိုင်သန်း ဦးဆောင်လျက် ခေတ္တ ပြည်ထောင်စုဝန်ကြီးများ ပါဝင်သော ပြည်သူ့အစိုးရအဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ မဖွဲ့စည်းမီ ကာလတွင် နိုင်ငံတော်၏ အုပ်ချုပ်ရေးတာဝန် များကို ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ပါသည်။


၃။ ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်သော အာဏာကို ကိုင်စွဲလျက် ၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစု အားလုံးနှင့် လက်တွဲကာ ဤ ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်များနှင့် နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်အား စုပေါင်းခေါင်းဆောင်မှု စုပေါင်းအင်အားဖြင့် လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်....။


~~~~~~~~~~~~~~~~~~~


မနက်မိုးလင်းလာတာနဲ့ ငါတို့ပြည်သူတွေ စစ်အကြမ်းဖက်သမားတွေ လက်ကလွတ်မြောက်ဖို့ အသက်နဲ့စတေးပြီး တော်လှန်နေရတုန်းပါလားလို့ အရင်ဆုံးတွေးမိတော့တာပဲ....။ တနည်းအားဖြင့် သောကတွေမငြိမ်းသေးဘူး...။ ဒင်းတို့ကိုတိုက်ထုတ်ချေမှုန်းပစ်ဖို့  နောက်ကျောမလုံဘဲ ထမင်းစားရတယ်... ညကိုလဲ ဘယ်ချိန်လာပစ်မလဲနဲ့ ကျောမလုံဘဲ အိပ်ရတယ်....။ နွေဦးတော်လှန်ရေးလရဲ့နောက်ဆုံးရက် (၃၁)ရက်နေ့မှာ ကျွန်မတို့ မျှော်လင့်ချက်ရောင်ခြည်ကတော့ အထက်မှာပြထားတဲ့အတိုင်းပဲ CRPH က အတည်ပြုလိုက်ပါပြီ....။

မတ်လ (၂)ရက်နေ့ကနေ (၃၁)နေ့ထိ အဓိဌာန်ဝင်ထားတဲ့ တောင်းဆုတွေ တခုပြီးတခုပြည့်လာပြီ....။ ကိုယ်တိုင် တတ်နိုင်တဲ့နည်းလမ်းနဲ့ ဖယ်ဒရယ်ဒီမိုကရေစီအကောင်ထည်ပေါ်လာဖို့ တဒေါင့်တနေရာကနေ ပါဝင်နေပါတယ်...။ ဘာသာရေးအားဖြင့်တနည်း စာပေအားဖြင့်တဖုံပေါ့....။ ကျွန်မတို့ တော်လှန်ရေးအောင်နိုင်ဖို့ လက်တကမ်းပဲလိုပါတော့တယ်...အားတင်းထားပါ...💪💪💪....။












သူတို့လေးတွေအရွယ်နဲ့မမျှ စစ်ဘေးဒဏ်တွေကိုခံစားနေကြရတာ ကမ္ဘာကသိအောင် လက်ဆင့်ကမ်းအသိပေး ပေးကြပါလို့....။ ပုံတွေကိုမြင်တော့ စိတ်မကောင်းလိုက်တာ ကလေးလေးတွေက ဘာမှနားမလည်သေးတဲ့ ဂရုဏာသက်စရာလေးတွေပါ....။ ကျွန်မတို့တတ်နိုင်တဲ့ဘက်ကနေ သူတို့လေးတွေကို ကူညီရအောင်စို့....။