Monday, 10 November 2014

အိပ်ပျက်သွားတဲ့ည....





ပစ်ပစ်ကတဂ်လာလို့သာရေးလိုက်ရတာ အမှန်တော့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အိပ်ပျက်သွားတဲ့ည ဆိုတာ မရှိသလောက်ပါပဲ...ပြန်တွေးကြည့်ရင်တောင် ခပ်ရေးရေးတောင် မထင်တော့ဘူး..။ 

ကိုယ်တို့ခေတ်တွေတုန်းက ခုလို ခုနှစ်တန်း ရှစ်တန်းနဲ့ ရည်စားထားရကောင်းမှန်းလည်း မသိကြသေးဘူး...။ ကျောင်းစာလုပ်မယ် ကစားမယ် အိမ်အလုပ်ကူမယ် ဒါလောက်ပဲ...။ တက်တော့လည်း မိန်းကလေးကျောင်းမှာဆိုတော့ ပိုဆိုးတော့တာပေါ့...။ ကျူရှင်တက်ချိန်လောက်ပဲ ယောကျာ်းလေး သူငယ်ချင်းတွေရှိတာလေ...။ အဲတုန်းကတော့ စာလိုက်ပေးတာတို့ဘာတို့ရှိတာပေါ့...။ ကိုယ်တိုင်ကစိတ်မှမဝင်စားတာ မဝင်စားဆို လာလိုက်တဲ့ တကောင့်သားတွေကလည်း ရုပ်မရှိ မဲမဲသည်းသည်း ပေစုတ်စုတ်တွေဆိုတော့ နဂိုစိတ်မဝင်စားတာကနေ ပိုပိုဆိုးသွားတာပေါ့...။ အဲဒါက ဒီအထက်တန်းကျောင်းမှာတင်မဟုတ်ဘူး ကိုယ်တက္ကသိုလ်မတက်ခင် သင်တန်းတွေတက်နေတဲ့ အချိန်မှာရော ကြည့်မြင်တိုင် RC3 စတက်ချိန်တွေမှာရော လာလိုက်ကြတဲ့ ဘဲတွေက အဲလို ငနာတွေချည်းပဲ တကယ်စိတ်ပျက်ဖွယ်ပါ...။ ကိုယ့်ဘဝမှာ တည်ကြည်သန့်ပြန့် ယောက်ျားပီသမယ့် ယောက်ျား တစ်ယောက်နဲ့တွေ့ဖို့ ကံကိုပါမလာတာ လည်းဖြစ်မယ်...။ ဒီလိုနဲ့ ကိုယ့်ကို အိပ်ပျက်ညတွေဖန်တီးပေးမယ့် ယောက်ျားတစ်ယောက်ဆိုတာ ရှားသထက်ရှားပါးလာတော့တာပေါ့... စဉ်းစားကြည့်လေ...။ အချိန်တန်လို့ အဒေါ်တွေက ပေးစားဖို့ လာကြည့်တယ်ဆိုတဲ့သူကိုလည်း မကြိုက် ကိုယ်ကပဲချေးများသလားမသိတော့ပါဘူးကွယ်...။ အဲ တစ်ယောက်တော့ကြုံဖူးတယ် ကိုယ့်ဘဝမှာ ခုချိန်ထိ ကိုယ်မြင်ဖူးခဲ့သမျှယောက်ျားတွေထဲမှာ ကိုယ်ဆယ်တန်းအောင်ပြီး ရွာခဏပြန်တုန်းက ဆုံဖူးခဲ့တဲ့ အင်းသားအစ်ကိုကြီးတစ်ယောက်ကတော့ အချောဆုံးပဲ...။ ဟုတ်တယ်...။ တကယ်တော့ 2010 တုန်းက ညီမလေးပစ်ပစ်တဂ်ခဲ့ဖူးတဲ့ ပထမဆုံးရင်ခုန်သံ ဆိုတဲ့ပို့စ်နဲ့ ခုတဂ်ပို့စ်က ရေးရတာခပ်ဆင်ဆင်လေးပါ...။

ကိုယ့်ကို ရင်ခုန်စေတဲ့ယောက်ျားဆိုတာ မရှိသလို မွေးလာတော့မှာလည်း မဟုတ်ပါဘူး...။ ဆိုတော့ အိပ်ပျက်ညဆိုတာ ဝေလာဝေးပေါ့ကွယ်....။


မိုးငွေ့

Saturday, 8 November 2014

ငှက်ပျောပေါင်း.....

 
အစ်မစိုးမာလာဆီကနည်းနဲ့ပေါင်းထားတဲ့ ငှက်ပျောပေါင်းလေးပါရှင့် :)



ငှက်ပျောသီးဆယ်လုံး+အုန်းသီးခြစ်တစ်လုံးရဲ့ သုံးပုံနှစ်ပုံ+သကြားတစ်ခွက်+ပြောင်းကော်မှုန့်တစ်ခွက်





ငှက်ပျောသီးအားလုံးကိုခြေထားပြီးရင် ကြိတ်စက်ထဲကို အုန်းသီးဖတ်နဲ့သကြားထည့်ကြိတ်ပါမယ် အုန်းသီးခြစ်တွေကို မုန့်ပေါ်ဖြူးဖို့ နည်းနည်းချန်ထားပါ...။ ပြောင်းကော်မှုန့်ကိုရေနဲ့ခပ်ပျစ်ပျစ်လေးဖျော် ဆားထည့်ပြီး ကြိတ်ထားတဲ့ အုန်းသီးနဲ့သကြားထည့်ရော ငှက်ပျောသီးထည့်ရောပြီး သမအောင်မွှေ ပေါင်းမယ့်ခွက်လေးတွေကို ဆီသုပ်ပြီး မုန့်နှစ်ကို ခွက်မပြည့်ခင်လေးထိထည့်ပြီး အုန်းသီးခြစ်လေးဖြူ ပေါင်းအိုးထဲကို မိနစ် 20 လောက်ပေါင်း မုန့်ကျက်မကျက်ကို သွားကြားထိုးတံလေးနဲ့ထိုးကြည့် မုန့်နှစ်တွေကပ်ပါမလာရင် ရပါပြီ...။






ပိတ်ရက်ကလေးမှာ နေ့ခင်းစာ အစာပြေပဲဖြစ်ဖြစ် ထမင်းစားပြီးအချိုတည်းဖို့ပဲဖြစ်ဖြစ် အလွယ်တကူလုပ်စားနိုင်ဖို့ ငှက်ပျောပေါင်းပူပူလေးကို မျှဝေပေးလိုက်ပါတယ်ရှင့်....။




ပျော်ရွှင်အေးချမ်းသော ပိတ်ရက်ကလေးဖြစ်ပါစေ....:)


မိုးငွေ့

Monday, 3 November 2014

ငါးခူမုန့်ဟင်းခါး.....

 အိမ်ဖြစ်ငါးခူးမုန့်ဟင်းခါး

ဒီမုန့်ဟင်းခါးကို ရန်ကုန်မုန့်ဟင်းခါးလို့ပဲ အလွယ်တကူမှတ်ကြပါစို့...။ ဘာလို့လဲဆိုတော့ ဧရာဝတီတိုင်းမြို့တွေကချက်တဲ့နည်းနဲ့မတူလို့ပါ...။ အဲကမုန့်ဟင်းခါးက အရောင်မပါဘဲ ငရုတ်ကောင်းနိုင်နိုင်သုံးပါတယ်...။ ခုကျွန်မချက်တဲ့ မုန့်ဟင်းခါးကတော့ ကုလားပဲနှစ်နဲ့ငါးခူနဲ့ချက်မှာပါ အရသာက စိန်ဥ ရွှေဥမုန့်ဟင်းရည်လိုအရသာမျိုးလို့ အနီးစပ်ဆုံးပြောလို့ရပါတယ်..။



ခြောက်ယောက်စာအတွက် လိုအပ်တာတွေက ငါးခူနှစ်ကောင် ငှက်ပျောအူတပိုင်း ကြက်သွန်နီဥကြီးနှစ်ဥ နဲ့ကြက်သွန်ဖြူငါးတက်(အနှစ်လုပ်ဖို့) ကြက်သွန်နီဥသေးဆယ်လုံး (ဟင်းရည်ထဲခတ်ဖို့)၊ ဂျင်း၊ စပါးလင်နှစ်ပင်၊ ဆန်လှော်အတွက် ရေဆေးထားတဲ့ဆန်လက်တစ်ဆုတ်စာ ကုလားပဲဗူးတစ်ဝက်၊ မုန့်ဖတ်ငါးဆယ်သားနဲ့ နံနံပင် သံပုရာသီးတို့ဖြစ်တယ်...။ ရွှေလိပ်ပြာမုန့်နှစ်နဲ့ ဗူးသီးတစ်စိပ်ကို ဗူးသီးကြော်လုပ်ဖို့...။


ထုံးစံအတိုင်းငါးခူကိုဆေးပြီး နနွင်းနဲနဲ ငံပြာရည် စပါးလင်းနဲ့ပြုတ်ထားမယ်...။ ဆန်ကိုလှော်ပြီးထောင်းထား..။ ကုလားပဲကိုလဲပြုတ်ပြီးထောင်းထား...။ အနှစ်တွေထောင်းပြီးပြီဆိုရင် ဆီသတ် အနှစ်ဝါရောင်သန်းလာရင် ငရုတ်သီးအရောင်တို့ နနွင်းတို့ထည့် ငါးခူပြုတ်နွင်ထားတာ ထည့်ကြော်..။ အနံ့မွှေးလာရင် စောစောက အဖတ်တွေအားလုံးစစ်ထားတဲ့ ငါးပြုတ်ရည်အိုးထဲထည့်ပြီး တည်ထား ဆူလာရင် ဆန်လှော်မှုန့်ဖျော်ထည့် ပဲထည့် ငပျောအူထည့် အပေါ့ငံထည့်ပြီး ဆက်တည် ဆူလာရင် ကြက်သွန်ဥထည့်ပြီး ကြက်သွန်ကျက်ရင် မုန့်ဟင်းရည်ရပါပြီ...။ ငါးခူအရသာလေးချိုပြီး ပဲအရသာဆိမ့်တဲ့ အိမ်လုပ်ရန်ကုန်မုန့်ဟင်းခါးလေးပေါ့...။ မိမိနှစ်သက်သလို ပဲသီး နံနံပင် ငါးဖယ် ဘဲဥ သံပုရာသီး ငရုတ်သီးမုန့် လိုရာထည့်ပြီးသုံးဆောင်နိုင်ပါတယ်...။ ကျွန်မကတော့ ကောက်ညင်းပေါင်း ထည့်စားရတာကြိုက်တယ်...။ ဗူးသီးကြော် ပဲကြော် ကိုယ့်ဘာသာကိုယ်ကြော်ပါတယ်...။ ဗူးသီးကြော်ကဖြစ်မြောက်ပေမယ့် ပဲကြော်ကတော့ ဂွမ်းသွားပါတယ်...အချပ်မဖြစ်ဘဲ ပဲအကျေကြော်ဖြစ်သွားပါတယ် လက်နဲ့ချေစရာမလို အော်တိုကျေပြီးသား မိုးငွေ့ရဲ့ပဲကြော်ပေါ့...။

မိုးငွေ့