Sunday, 31 October 2021

The Beginning of Light......

 



တစ်ခါတုန်းက ကျွန်မ ဗုဒ္ဓဘာသာဝင် (၅)မျိုးအကြောင်း ပို့စ်တင်ခဲ့ဖူးတာကို မှတ်မိကြမယ်ထင်ပါတယ်....။ ဒီလိုတင်ဖြစ်ရင်း အဲဒီတုန်းကတည်းက ကိုယ့်ကိုယ်ကို ဘယ်ဗုဒ္ဓဘာသာဝင်ထဲမှာပါလဲလို့ စမ်းစစ်ခဲ့ဖူးတယ်...။ 

၁) ကုလဗုဒ္ဓဘာသာ (မိရိုးဖလာဗုဒ္ဓဘာသာ)

၂) လာဘဗုဒ္ဓဘာသာ (လာဘ်လာဘလိုလို့ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၃) ဘယဗုဒ္ဓဘာသာ (ကြောက်လို့ ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၄) သဒ္ဒါဓိကဗုဒ္ဓဘာသာ (ယုံကြည်လို့ကိုးကွယ်သော ဗုဒ္ဓဘာသာ)

၅) ပညာဓိကဗုဒ္ဓဘာသာ (သစ္စာတရားကိုသေချာသိသော ဗုဒ္ဓဘာသာ)


နံပါတ်(၂) နဲ့ (၃) မှာနှစ်တော်တော်ကြာဖြစ်ဖူးခဲ့လိမ့်မယ်လို့ ထင်ပေမယ့် နံပါတ်(၁) မိရိုးဖလာဗုဒ္ဓဘာသာ မဟုတ်ခဲ့တာတော့သေချာတယ်....။ ဘာကြောင့်လဲဆိုတော့ ကျွန်မကြီးပြင်းခဲ့ရတဲ့ အမေဖက်က အဖိုးအဖွားတွေဟာ ဗီယက်နမ်လူမျိုး ကွန်မြူနစ်လက်အောက်ခံကနေ ဆင်းသက်လာခဲ့ကြသူတွေဖြစ်နေလို့ပါပဲ....။ ဆိုတော့ သူတို့ရဲ့ထုံးတမ်းစဉ်ဆက် ကိုးကွယ်တာတော့ တရုတ်လူမျိုးတွေနဲ့တော်တော်ဆင်တူပါတယ်...။ တရုတ်နှစ်ကူးလုပ်တာ ဘိုးဘွားကန်တော့တာတွေပေါ့....။ အဖွားက စစ်ဖြစ်တဲ့ခေတ်က ဟောင်ကောင်မှာ နေခဲ့ဖူးတော့ အဲကတရုတ်ထုံးစံတွေလုပ်တာများတယ် ငယ်ငယ်တုန်းက အိမ်အလယ်ခေါင် တိုင်အောက်ခြေနားမှာ မုတ်ဆိတ်မွှေးနဲ့တောင်ဝှေးနဲ့ မြေစောင့်နတ်ရုပ်နတ်ကွန်းလေးထားထားတာ မှတ်မိတယ်....။ နေ့တိုင်းရေနွေးကြမ်းကပ် အမွှေးတိုင်ထွန်း သစ်သီးကပ်ပေးတာလုပ်တယ်...။ သီတင်းကျွတ်ခါနီး လကန်တော့တာတွေလုပ်တယ်...။ ငယ်ငယ်က လကန်တော့ပြီးရင် လမုန့်တွေ ဆန်မုန့်တွေအစုံစားရတာ အဲလိုချိန်ဆို သိပ်ပျော်တယ် တစ်နှစ်မှတစ်ခါစားရတာကိုး....။ 

အိမ်မှာ ဘုရားကျောင်းဆောင်ထားတာ ဘယ်ချိန်ကစထားမှန်းသေချာမသိပေမယ့် ကျွန်မလူမှန်းသိခါစအရွယ်မှာတော့ အိမ့်အပေါ်ထပ်မှာ ရှေးဟောင်းအရောင်မဲမဲနဲ့ ဘုရားဆင်းတုတော်တွေအစုံ ပူဇော်ထားတဲ့ ဘုရားစင်တော့ရှိတယ်....။ အဖိုးက ရှေးဟောင်းပစ္စည်းစုဆောင်းရောင်းဝယ်တာ ဝါသနာပါတဲ့သူ...။ ဘုရားဆင်းတုတော် ရုပ်ပွားတော်တစ်ဆူဟာ သူတို့အတွက်တော့ ဗုဒ္ဓရဲ့တရားဒေတနာတော်ကို နားလည်လို့  ယုံကြည်ဆည်းကပ်ကိုးကွယ်ခဲ့တာမျိုးထက် ရုပ်တုတစ်ရုပ်အဖြစ်က ဘာမှမပိုခဲ့ဘူးလို့ ကျွန်မထင်မြင်ယူဆမိတယ်...။ 

ဆိုတော့ အခုပစ္စုပ္ပန်မှာ ဗုဒ္ဓရဲ့ ဂုဏ်တော် တရားဒေတနာတော်ကို ယုံကြည်စွာ ဆည်းကပ်လိုက်နာကျင့်ကြံခဲ့တာမှာ မိရိုးဖလာကနေ ဆင်းသက်လာခဲ့တဲ့ ကိုးကွယ်မှုတစ်ခုမဟုတ်ဘူးလို့ ကျွန်မမှတ်ယူပါတယ်...။ ဗုဒ္ဓမြတ်စွာဘုရားကို ကြည်ညိုအားထား ယုံကြည်ကိုးစားခဲ့တာတွေဟာ ရှေးဘဝအဆက်ဆက်က ကုသိုလ်ပါရမီကံကြောင့်ဖြစ်လာရတယ်လို့ ကျွန်မယုံကြည်တယ်....။ ငယ်စဉ်က ကျွန်မတို့တက်ခဲ့ရတဲ့ မူလတန်း အလယ်တန်းကျောင်းမှာ ဘယ်ဆရာ ဆရာမကမှ ဘုရားရှိခိုးမသင်ပေးခဲ့ဘူး....။ ကျွန်မမှတ်မိသလောက်တော့ ကျွန်မရဲ့အဒေါ်အမွှာအငယ်တစ်ယောက်က မြန်မာလိုဘုရားရှိခိုး စသင်ပေးခဲ့တာ....။ ကျွန်မပထမဆုံးတတ်ခဲ့တဲ့ ဘုရားရှိခိုးက "ဗုဒ္ဓဂုဏော အနန္တော   ဓမ္မဂုဏောအနန္တော သံဃဂုဏောအနန္တော" ဆိုတဲ့ ရတနာသုံးပါး ဂုဏ်တော်အတိုလေးပါပဲ....။ အဒေါ်က ညအိပ်ရာဝင်ရင် ဒါလေးရွတ်ပြီး ဘုရားကန်တော့ ဦးချပြီးမှအိပ်နော်လို့ သင်ပေးခဲ့ဖူးတာ.....။ ဒီနေ့ ဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်လာဖို့ အဦးဆုံးတွန်းအားပေးခဲ့တဲ့ အစ စပေးခဲ့တဲ့ အဒေါ်ရဲ့ ကျေးဇူးကိုမမေ့ပါဘူး....အခွင့်သာတိုင်းလဲဆပ်ပါတယ်....။ 

အဲဒီတုန်းက ဩကာသရွတ်ရတာတွေဘာတွေလည်း နားမလည်သေးဘူး ရှမ်းပြည်မှာဆိုတော့ ရှမ်းဘုန်းကြီးကျောင်းမှာ ဉပုသ်နေ့တိုင်း ကျောင်းမှာသီလယူတဲ့ အဖိုးအဖွားတွေကို ဆွမ်းဟင်းတွေပို့ကြတဲ့ ထုံးဓလေ့လေးရှိတယ်...။ အဲလိုနေ့မျိုးဆို ကျွန်မ သူငယ်ချင်းနန်းဖေါင်းက သူ့အဖိုးနဲ့အဖွားအတွက် မွန်းမတည့်ခင် ထမင်းဟင်းအစုံပါတဲ့ ဗန်းနဲ့သွားပို့ပေးတဲ့အခါ သူနဲ့အမြဲလိုက်နေကျမို့ ရှမ်းဘုရားရှိခိုးနည်းတော့အဲတုန်းက ရွတ်ဖူးခဲ့တယ်....။ ခုတော့ မမှတ်မိတော့ပါဘူး....။ ကျွန်မ ခုနှစ်တန်းနှစ်ကစပြီး ရန်ကုန်ရောက်လာခဲ့တာကိုး....။ ရန်ကုန်ကျောင်းရောက်တော့မှ ကျွန်မတက်ခဲ့တဲ့ လသာ(၂)မိန်းကလေးကျောင်းမှာ နေ့စဉ်ဘုရားရှိခိုးရတယ်...။ ဉပုသ်နေ့မတိုင်ခင် အဖိတ်နေ့ဆို ကျွန်မတို့အတန်းရဲ့ ဘုရားခန်းမှာ ဓမ္မစကြာရွတ်ရတယ်...။ အဲခါကျမှ မြန်မာဘုရားရှိခိုးနည်းကို စသိခဲ့ရတာ...။ ဒါပေမယ့် ဗုဒ္ဓရဲ့အနှစ်သာရကို ကျွန်မသေချာမသိခဲ့သေးဘူး....။ ပတ်ဝန်းကျင်မှာလည်း ဘယ်သူကမှ လမ်းညွှန်ပေးတဲ့သူမရှိခဲ့ဘူး...။ ကိုယ်တိုင်လည်း လေ့လာရကောင်းမှန်းမသိခဲ့ဘူး...။ ဘုရားကို သတိရရင် ရှိခိုးတယ် သတိမရရင် မရှိခိုးဖြစ်ဘူး...။ သတိရတဲ့အချိန်က ကြောက်နေတဲ့အချိန် (အဲဒါဘယဗုဒ္ဓဘာသာ) ...။   ဘာသာတရားကိုလေးလေးနက်နက်လဲမရှိခဲ့ဘူး...။ ဒီလိုနဲ့ ကျောင်းပြီးတဲ့နှစ်မှာပဲ(၂၀၀၂ လို့မှတ်မိတယ်)သူငယ်ချင်းနဲ့အတူ ကမ္ဘာအေးဘုရားလမ်းပေါ်က မဟာစည်သာသနာ့ရိပ်သာမှာ သင်္ကြန်တွင်းကိုးရက် သီလရှင်ဝတ်ခဲ့ဖူးတယ်...။ ဒီတော့မှ ဗုဒ္ဓရဲ့ ဩဝါဒတွေ တရားတော်တွေကို နည်းနည်းစပြီးနားလည်လာခဲ့ရတယ်...။ 

အဲဒီနှစ်မှာပဲ ကျွန်မအလုပ်စလုပ်ခဲ့တယ်...။ အလုပ်လုပ်ရင်း မှတ်မှတ်ရရ အလုပ်မှာ လာကူပေးတဲ့ အစ်မတစ်ယောက်ဆီကနေ ပရိတ်ကြီး(၁၁)သုတ်စာအုပ် လက်ဆောင်ရခဲ့ဖူးတယ်....။ အဲတုန်းက ညောင်ပင်လေးဈေးမှာ ကျွန်မတို့ ကုမ္ပဏီက Down နို့ဆီ Import သွင်းတော့ ဈေးထဲမှာ ဖြန့်ချီတဲ့ ဒိုင်အနေနဲ့ ဆိုင်ခန်းတစ်ခုငှားပြီး ကျွန်မက အဲဒီမှာ တာဝန်ကျတာ....။ တစ်လကို လစာစရတာ နှစ်သောင်းကျပ်တိတိ...။ ဈေးရောင်းကောင်းအောင်ဆိုပြီး ဘုရားစာတွေဘာတွေရွတ်ဖို့အကြံပေးတော့(လာဘဗုဒ္ဓဘာသာ) ပြီးတော့ ကျွန်မတို့ သဌေးကလဲ စိတ်တိုအအော်အဟောက်ကြမ်းတော့ 2 in 1 ဈေးလဲရောင်းကောင်း သဌေးအအော်လဲမခံရအောင် ပရိတ်ကြီး(၁၁)သုတ်ထဲက မေတ္တာသုတ်ရွတ်လို့ အကူအစ်မက အကြံပေးတာနဲ့ မေတ္တသုတ်တရားတော်ကို အဲတုန်းကစပြီး နှုတ်တိုက်အလွတ်ရွတ်ဆိုနိုင်ခဲ့တယ်...။ အဓိပ္ပါယ်ကို ခုချိန်လို အဲတုန်းက လေးလေးနက်နက်မသိသေးဘူး....။  မေတ္တာသုတ်တရားတော်ကို ရွတ်ဖတ်ရာမှာ အခုသိသလို အပြည့်အစုံဘုရားရှိခိုး ငါးပါးသီလခံယူ နတ်ပင့် မေတ္တာပို့ အမျှဝေ နတ်ပို့ ဒါတွေအသေးစိပ်မသိသေးဘူး...။ မေတ္တာသုတ်ရွတ်ဆို ဒီတိုင်းပဲ ကိုယ်အဆင်ပြေချင်တဲ့သူ မြင်ယောင်ပြီး ရွတ်လိုက်တာပဲရှိတာ...။ ယုံယုံကြည်ကြည်နဲ့ရွတ်တော့ တကယ်အစွမ်းထက်ပါတယ်...။ အဲလိုချိန်ဆို အရာအရာအဆင်ပြေချောမွေ့နေရော....။ ဒီလိုနဲ့ ကျွန်မကို ထေရဝါဒဗုဒ္ဓဘာသာဝင်စစ်စစ်တစ်ယောက်ဖြစ်လာစေဖို့ တွန်းအားပေးစေခဲ့တာပဲ....။ ပရိတ်ကြီး(၁၁)သုတ်စာအုပ်ကို လက်ဆောင်ပေးခဲ့တဲ့ အစ်မကိုလဲ မှတ်မိသတိရနေသေးတယ်...။ ဒီပို့စ်ကနေ ကျေးဇူးတင်ပါတယ်... အစ်မ ကိုယ်ကျန်းမာ စိတ်ချမ်းသာရှိပါစေ....။ 

တပည့်တော်မဟာ ခုဆိုရင် ယုံယုံကြည်ကြည်နဲ့ (သဒ္ဓါဓိကဗုဒ္ဓဘာသာ) , သစ္စာတရားလေးပါးကို သေသေချာချာ လေ့လာဆည်းပူးသိမြင်ခဲ့ရတဲ့(ပညာဓိကဗုဒ္ဓဘာသာ) ထေရဝါဒဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်အဖြစ်ခံယူရင်း အရှင်ဘုရားကျင့်ကြံအားထုတ်လမ်းညွှန် ဟောပြောပြသပေးခဲ့တဲ့အတိုင်း ကြိုးစားလေ့လာသင်ယူကျင့်ကြံရင်း နိဗ္ဗာန်ကိုမြတ်မှောက်ပြုမယ့် တပည့်တော်ကောင်းတစ်ယောက်အဖြစ် ဒီပို့စ်တစ်ပုဒ်နဲ့ ကျေးဇူးတော်ဆပ်ပါရစေ အရှင်မြတ်ဘုရား.......🙏🙏🙏

ပြီးခဲ့တဲ့ အဘိဓမ္မာအခါတော်နေ့ သီတင်းကျွတ်လပြည့်နေမှာ ဉပုသ်သီလဆောက်တည်ရင်း ဒီပို့စ်ကိုရေးဖြစ်ခဲ့ပါတယ်...။


________________________

Revolution will prevail

မိုးငွေ့


Wednesday, 27 October 2021

အစိမ်းရောင်ကဒ်.....

 


အမေရိကား DV form လျှောက်ကြမလို့ မနေ့ကပဲ ညီမတို့လင်မယားက လျှောက်ဦးမလားပြောလို့ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ကျွန်မတက္ကသိုလ်တက်တဲ့အချိန်က တစ်ခါလျှောက်ဖူးတာကို သွားအမှတ်ရမိတယ်....။ အဲခေတ်တုန်းက DV form လျှောက်တာပဲခေတ်စားတာလား နောက်ပိုင်း အဲလိုလျှောက်တဲ့အသံသိပ်မကြားရတာကြာခဲ့ပြီ ကိုယ်တိုင်ပဲမလျှောက်ဖြစ်လို့ မကြားတာဖြစ်နိုင်ပါတယ်....။ ဒီကြားထဲနှစ်တိုင်း တောက်တောက်လဲလျှောက်ကြမယ့်သူတွေရှိနေမှာပဲ ဒီနိုင်ငံကနေ အလွတ်ရုန်းထွက်ချင်ကြသူက အများသားကိုး....။ ကျွန်မရဲ့ ဇာတိမြေ တာလေမြို့မှာ(ရှမ်းပြည်အရှေ့ပိုင်းတာချီလိတ်ခရိုင်) ဟိုအရင်ခေတ်ကဆို သုံးလေးယောက်ပေါက်ကြတာအဲလိုတွေ ကံကောင်းကြတာ အဲသူငယ်ချင်းတွေဆို ခု ဟိုမှာနေနေတာကြာလှပေါ့....။

ကိုယ်တွေကတော့ တစ်သက်လုံးမှာ မဲတို့ထီတို့ပေါက်မယ့်ကံကိုမပါခဲ့တာ အရိုင်းဆုံးပြောရရင် နွားဖြစ်ဖို့ကံကပါလာတာ ကိုယ့်လုပ်အားနဲ့မဟုတ်ဘဲ အလကားဘာမှမရဘူး....။ ကျွန်မဘလော့ကိုအမြဲလာဖတ်တဲ့ မမခိုင်ကလဲ DV မလျှောက်ဘူးလားသမီးတဲ့....။ ဟုတ်ကဲ့လျှောက်ကြည့်ပါ့မယ်လို့ အစ်မကိုဖြေလိုက်ပါတယ်...။ အေးလေလျှောက်ကြည့်တာပေါ့ ဒီအရွယ် အဲကိုသွားရင် ဘာလုပ်လို့ရလဲလို့ စပ်စုကြည့်တော့ ဆူရှီလိတ်လို့ရတယ်တဲ့....။ ရထားတဲ့ဘွဲ့ကလဲ ဘာမှလုပ်စားမရ....။ ကိုယ်တွေမျိုးဆက်က တကယ်ကြီး ဘူပါတယ်ကွာ....သိလား....။ ဆူရှီဆိုင်ပိုင်ရှင်ကလေးကိုမေးတော့ ဆူရှီမလိတ်နဲ့ပင်ပန်းတယ် ခေတ်မရှိတော့ဘူးတဲ့... သူ့ကိုနောက်ချင်တာနဲ့ ဒါဆို ဆူရှီဆိုင်ပိုင်ရှင်ရဲ့လုပ်စာလာထိုင်စားရမလား ဆိုတော့ အဲဒါလဲဖြစ်တာပဲတဲ့ အမလေး မလုပ်ပါနဲ့ ကိုယ်တွေက သူများလုပ်စာထိုင်စားရတဲ့ ကံလဲမပါလာပါဘူး.....။ ကိုယ့်လုပ်အားနဲ့ ကိုယ့်အားကိုယ်ကိုးတာဟာ အလွတ်ကင်းဆုံးနဲ့ အလွတ်လပ်ဆုံးပဲ.....။ မမခိုင်ကတော့ပြောပါတယ် သမီး Passport နဲ့ ဓါတ်ပုံလေးပဲ မေးလ်ပို့ပေးလိုက်တဲ့ ဒီမှာတော့ ညီမလင်မယားက Agent နဲ့လုပ်တာ တစ်စောင်ကို တစ်သောင်းပေးရမယ်တဲ့....။ အွန်လိုင်းနဲ့ ကိုယ့်ဘာသာကိုယ်လျှောက်တဲ့ကိစ္စမှာ အေးဂျင့်လိုသေးတာလား.....။ ဒီမြန်မာပြည်ရဲ့ လုပ်စားခေတ်ကြီး ဂွင်ခေတ်ကြီး ပြန်ရောက်နေတာ စိတ်ပျက်စရာပါ....။

အော်.... မမခိုင်ကပြောသေးတယ် လျှောက်ရင်းနဲ့ Boy friend ကိုပါထည့်လျှောက်ပေါ့တဲ့ ပေါက်ရင်နှစ်ယောက်လုံးလာလို့ရတာပေါ့တဲ့....။ ကိုယ့်အစ်မတွေ အထင်ကြီးတာကြီးတာ....။ စမီးမှာ Boy friend မရှိပါဘူးပြောတာ ဒီလောက်ချောချောလေးကို မရှိဘူးဆိုတာ မယုံပါဘူးတဲ့ ကဲ.......။ ချောချောလေးလို့ပြောတာတော့ သဘောကျတယ်လေ တကယ်ကြီးမရှိတာပါ မမခိုင်ရယ်.....။ Boy friend တွေ Husband တွေမလိုချင်လို့ တစ်ယောက်ထဲနေရတာကြိုက်လို့ ဒီချိန်ထိနေလာခဲ့တာကို.....။ ကိုယ့်ကို ဘယ်သူမှ လာချုပ်နှောင်တာမကြိုက်တာ ကိုယ့်ကမ္ဘာမှာ ကိုယ်သာလျှင် ဘုရင်မ အဲလိုနေချင်တဲ့သူပါ ကျွန်မက....။

ကဲ.... State မှာနေထိုင်နေကြသော စာဖတ်သူအပေါင်းတို့ မိုးငွေ့  DV ပေါက်လို့ Green Card ရရင် ဘယ်သူ့ဆီအရင်လာရမလဲ ပြောကြပါ.....။



My all time CRUSH လေး မိုင်အောတိုင်းမ် အသဲတုံးလေး သူလဲ State ရောက်နေ


ပြောပြချင်တာက အာကာကျော်လဲ အမေရိကားမှာရောက်နေ ကျောင်းတက်နေတယ်ထင်ပါ့....။ သူ့အကြောင်းပို့စ်မရေးဖြစ်တာကြာပေါ့...။ နောက်မှ သူ Art တွေတင်ပေးပါဦးမယ်....။ ကျော့်ကို အကြောင်းပြုပြီး ကိုယ့်ပုံလေးတစ်ပုံလောက်တင်မယ် ၂၀၁၁ ကပုံလေးပါ....။ 




အပေါ်က ဆံပင်ကောက်ကွေးနဲ့ကောင်မလေးကာတွန်းပုံကို Pintrest ထဲက သွားယူရင်း 
ကျွန်မဆံပင်အရှည်ထားရင် စက်နဲ့လိတ်ထားသလို ကောက်ကွေးနေတဲ့ ဒီပုံလေးကို သတိရသွားလို့ လာပြတာ






____________________
Revolution will prevail
မိုးငွေ့



Thursday, 21 October 2021

ဝတ်ရည်.....


 



"မိုးတွေရွာနေချိန်ခဏ" ထဲမှာ ကိုမျိုးကျော့ ဖန်တီးထားခဲ့တဲ့ "ဝတ်ရည်" ဟာ Piano သံစဉ်ထည့်ထားတဲ့ ကဗျာတစ်ပုဒ် သို့မဟုတ် ချစ်သူကောင်မလေးအကြောင်းကိုရေးထားတဲ့ အက်ဆေးတစ်ပုဒ်နဲ့တူတယ်.....။ "ဝတ်ရည်" လို့တစ်ခွန်းခေါ်ပြီး အပြီးသတ် အဆုံးပိုဒ်လေးမှာ မြူးဆစ်လေး ဝိုင်းဒိုင်းကြဲထွက်လာတာလေးလဲ သိပ်ကြိုက်တယ်...။ 

မသိဘူးကွယ်........ အိပ်မက်ဆန် ပုံပြင်ဆန်တာတွေကိုကြိုက်တတ်လို့လား.... ကိုမျိုးကျော့ သီချင်းတွေဆို အကုန်နီးပါးကြိုက်နေတော့လဲ.................... ။





🎵♬ နာမည်လေးကို ဘယ်သူ့မှမကြားအောင် ခေါ်နေမိတယ် တိုးတိုးလေး..........🎵♬ "ဝတ်ရည်"......🎵♬



တစ်ညမှာ အဲသီချင်းနားထောင်ရင်း ကိုမျိုးကျော့သီချင်းတွေကို စနားထောင်ဖူးခဲ့တဲ့ အချိန်တုန်းကအကြောင်းကို သတိရသွားမိတယ်....။ အဲတုန်းက ကျွန်မ တက္ကသိုလ်မတက်ခင်တစ်နှစ်အလို 1995 လောက်ဖြစ်မယ်...။ ကျွန်မက တရုတ်တန်းဖက်က အဒေါ်တို့မိသားစုနဲ့အတူနေကြတာ ....။ ကျွန်မနဲ့ဝမ်းကွဲညီအစ်မတွေက ကျွန်မတို့နေတဲ့အိမ်ရဲ့ မျက်နှာချင်းဆိုင်တိုက်က  ကျွန်မထက်နှစ်နှစ်ကြီးတဲ့ အစ်မတစ်ယောက်နဲ့သိပ်ခင်ကြတယ်...။ အဲအစ်မက အဲချိန်တုန်းက တက္ကသိုလ်ကျောင်းသူ  သူတို့အိမ်က ငါးဆီပေါင်းလုပ်တာ သူ့မှာအစ်ကိုသုံးယောက်ရှိတယ် သူကအငယ်ဆုံး သူဌေးသမီး အဲခေတ်တုန်းက ဟော့ရှော့ စတိုင်လ်မိမိုက် ကျောင်းတက်တော့လဲ  ကိုယ်ပိုင်ကားမောင်းပြီးတက်တော့ ကျောင်းမှာရော လမ်းထဲမှာရော ပေါ်ပြူလာတွေဖြစ်....။ သူ့အစ်ကိုတွေကလဲ သုံးယောက်စလုံးချော ကိုယ်တွေက အဲအိမ်သွားရင်း ငမ်းရ.... ခုတော့လဲ အသက်ငါးဆယ်ကျော် ထိပ်ပြောင် ဗိုက်ရွှဲတွေဖြစ်ကုန်နေပါပြီ....။ ဇရာကိုဘယ်သူအန်တုနိုင်မလဲ....။ အဲအစ်မအိမ်က သုံးထပ်တိုက် သူကနှစ်ထပ်မှာအိပ်တယ် သူ့အိပ်ခန်းကို ကျွန်မတို့ခနခနရောက်ဖူးတယ် အိပ်ရာထဲမှာ အရုပ်တွေအပြည့်နဲ့အိပ်တာ မိချောင်းရုပ် ဖက်ခေါင်းအုံးတို့ ဝက်ဝံရုပ်ကြီးတွေတို့ မီးကီးမောက် မီးနီမောက်တို့ အစုံပါပဲ....။ ကိုယ်တွေက သူ့ကိုအားကျပေါ့ တစ်နေ့ကျရင် ငါ့အိပ်ရာလေးမှာလဲ အဲလိုအရုပ်တွေထားအိပ်မယ်လို့ စိတ်ကူးယဉ်လိုက်သေးတယ်....။ ပြောချင်တာက ကိုမျိုးကျော့ပထမဆုံးခွေအချောမထွက်ခင် New Year Night မှာ ခွေကြမ်းတွေကို အသိမိတ်ဆွေတချို့ဝေပေးခဲ့တယ်....။ ဒီမှာ အဲအစ်မက တစ်ခွေရလာတယ် သူ့ဆီကနေ ကျွန်မတို့က ပြန်ပွားပြီးနားထောင်ရတာ....။ အဲဒီတုန်းက ကျွန်မအမေ အဒေါ်တွေရဲ့သမီး စင်္ကာပူမှာ ကျောင်းတက်တော့ အုပ်ထိန်းသူသွားလုပ်ပေးရတာ ဆယ်နှစ်ကြာတယ် အမေက စလုံးကနေ ကျွန်မအတွက် Sony Walkman လေးဝယ်ပို့ပေးထားတာရှိတယ် အဲဒါလေးနဲ့ ကိုမျိုးကျော့ သီချင်းခွေလေးကို နားထောင်ခဲ့ရတာ... အမှတ်တရပါပဲ...။ အဲဒီအခွေကတော့ "မိုးတွေရွာနေချိန်ခဏ" ပဲဖြစ်ပါတယ်....။



စမီးရဲ့ အန်းတစ်ဝေါ့မန်းလေး



_____________________
Revolution will Prevail
မိုးငွေ့



Sunday, 17 October 2021

My Angel Challenge…..


အမြဲတမ်း လမ်းပြကူညီဖေးမ ကာကွယ်ပေးတတ်သော
 မိုင်အိန်ဂျယ်


ဒီလထဲမှာ ဂြိုလ်သုံးလုံးအလှည့်အပြောင်းဖြစ်သွားခဲ့တာမှာ 7th Oct မှာ Pluto ဟာ အရိပ်ယောင်ထင်ထင်ရှားရှားပြသသွားခဲ့တယ်....။ 12th Oct  Saturn 🪐 ရဲ့အလှည့်မှာ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတစ်ခု မထင်မှတ်ထားဘဲ ရောက်လာခဲ့တယ်....။ ဒီဂြိုလ်ဟာ ဘောင်ဒရီတွေ သတ်မှတ်ဖို့ အစိုးရဖို့အားပေးတဲ့ဂြိုလ်လို့ Spiritual Friend မှာ ပြောပြထားတယ်...။ ပရမ်းပတာနေချင်တဲ့ ကိုယ့်ရဲ့စိတ်ကို ဆုံးမဖို့ သိက္ခာ သမာဓိရှိဖို့လိုတဲ့ အချိန်ပါ....။ ဒီလိုအချိန်ကြီးမှာ ကျွန်မလုံးဝမထင်မှတ်ထားတဲ့ မျှော်လင့်မထားတဲ့ Challenge နဲ့  ကျွန်မ Angel ရဲ့အစမ်းသပ်ကို ခံရတယ်...။ အတိုက်အခိုက်အနှောက်ယှက်တွေက လွတ်မြောက်ဖို့ Count Down လုပ်ထားရမယ်...။ ဒီရက်ပိုင်း ဘာပဲကြုံလာလာ အရာရာကိုမှန်ကန်သောနှလုံးသွင်းခြင်းနဲ့ သည်းခံခွင့်လွှတ်ပြီး ရင်ဆိုင်ကျော်လွှားမယ်ဆိုရင် စင်္ကြာဝဠာက ဆယ်ဆဆုတွေပေးတယ်လို့ တင်စားပြောထားကြတယ်...။ 

ရှုပ်ထွေးနေတဲ့ ချည်လုံးတစ်ခုကို အစရှာဖြည်ရတာ စိတ်အညစ်အကြေးအမှိုက်သရိုက်တွေကို ရှင်းထုတ်ရတာ    စိတ်ပင်ပန်းရသလိုပဲ......

စေတန်အလှည့်ပြောင်း သုံးရက်မြှောက်မှာတော့ .....

“ Your own soul is your guru, quite the mind and listen to your higher self " တဲ့....Spiritual Friend ကနေတက်လာတာဟာ Angel က ကျွန်မကို ဒီမက်ဆေ့လေး အလင်းလာပြပေးခဲ့တာပဲ....။

သုံးရက်လုံး ခေါင်းထဲမှာ လေးလံစွာထမ်းထားရတဲ့ အရာတွေ ချက်ချင်းဆိုသလို ပေါ့ပါးလွင့်မျောသွားခဲ့တယ်...။ 

ကြည့်စမ်း... စေတန်ဟာ ကျွန်မကို အမှောင်ကမ္ဘာဆီလက်ဆွဲခေါ်ဖို့ ကြိုးစားနေတာပါလားလို့ သတိဝင်လာခဲ့တယ်...။ အလင်းရောင်ခြည်တချို့ ကျွန်မဆီ Sparkle ✨ ရောက်လာခဲ့တယ်...။ 👏 YES!!! This is my Angel ….

ကိုယ့်စိတ်ကိုယုံကြည်ဖို့ ကိုယ့်ကိုယ်ကိုချစ်ဖို့ သတိအမြဲရှိနေဖို့ ပိုသိလာစေခဲ့လို့ ကျေးဇူးတင်ပါတယ် မိုင်အိန်ဂျယ်ရေ....။

18th Oct ဂျူပီတာအလှည့်ပြီးရင်တော့ ကောင်းတာလုပ်နေတဲ့ သူတွေ ကိုယ်နှုတ်နှလုံးထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ သူတွေအားလုံးအတွက် ကောင်းတာတွေလာတော့မှာပါ....။ စိတ်တည်ငြိမ်ပြီး ကောင်းတာတွေကိုလည်း ပိုလုပ်လာချင်မယ်...။

မိစ္ဆာဒိဋ္ဌိတွေလည်း အမြင်မှန် လမ်းမှန်ရောက်ပါစေလို့ ဆုတောင်းပါတယ်....။

ကြုံလို့တစ်ခုပြောချင်တာ wave တွေကိုပို့တဲ့အခါမှာ ပေးပို့သူနဲ့ လက်ခံသူဟာ စည်းချက်ညီနေမှ ရတာ...။ မဟုတ်ရင် မေတ္တာဓါတ်တွေကို Sender က ဘယ်လောက်ပို့ပေးပေး Receiver ကလက်မခံရင် သက်ရောက်မှုမရှိတော့ဘူး အဲလိုပဲ Sender ကိုယ်တိုင်ကလဲ မေတ္တာဓါတ်ပြည့်နေဖို့ ကိုယ့်ကိုယ်ကို အရင် မေတ္တာပို့ရတယ်....။ ကျွန်မ ပို့ပေးတဲ့ မိတ်ဆွေတွေထဲမှာ လက်ခံနိုင်စွမ်းအားနည်းတဲ့သူတွေ တချို့တွေ့ရတယ်....။ အထူးသဖြင့် သီလအားနည်းတဲ့သူတွေဖြစ်ကြတာ သိရတယ်...။

 

ကျွန်မ မေတ္တာသုတ်တရားတော်ရွတ်ဖတ်ပူဇော်တိုင်း   
တရားထိုင်တိုင်း ဝတ်ဖြူစင်ကြယ်နဲ့ အမြဲအတူလာထိုင်တဲ့ ကျွန်မရဲ့(Plitchoke) အိန်ဂျယ်ကိုလည်း ကျေးဇူးတင်ပါတယ်


🌟Spiritual Friend မှ အချက်လက်အများအတွက် လေးစားစွာ Credit ပေးပါတယ်....။


______________________
Revolution will prevail 
မိုးငွေ့

Tuesday, 12 October 2021

ဓမ္မအထွေထွေမှတ်စုများ(၂၀).....


နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ



💐 တရား ဘယ်လိုထိုင်ရမလဲ ❓

  🍂     🌿     🍂     🌿     🍂


အချို့တရားထိုင်ချင်တယ် ။ တရားမှတ်ချင်တယ် ။ နည်းစနစ်မသိလေတော့ ဆန္ဒရှိသော်လည်း အထမမြောက်ဘဲ ဖြစ်နေသောသူများနဲ့ စာပေနည်းကျကျရှုမှတ်ပွါးလိုသောသူများအတွက်ရည်ရွယ်ပါတယ်။

တရားဆိုတာ •••ထိုင်၍ဖြစ်စေ သွားရင်းဖြစ်စေ ရပ်လျက်ဖြစ်စေ လဲလျောင်း၍ဖြစ်စေ ရှုမှတ်နိုင်ပါတယ် ။ အများနားလည်လောက်ပြီး အဆင်‌ပြေနိုင်လောက်မယ့်ထိုင်၍ရှုမှတ်နည်းလေးကိုပြောပြပါမယ် ။

ဦးစွာ ကိုယ်လက်သန့်စင်ပါ ။ ဘုရားကို ဆီမီးရေချမ်း ပန်းစသည်ဖြင့်ကပ်လှူပါ ။ မိမိရတဲ့ဘုရားရှိခိုးနဲ့ဘုရားကန်တော့မေတ္တာပို့ပါ ဘုရားကန်တော့ပြီးလျှင်ဘယ်‌ ခြေထောက်ပေါ်ကိုညာ ခြေထောက်တင်ပါ ။ ဘယ်လက်ပေါ်ကို ညာလက်တင်ပြီးလက်မထိပ်ခြင်းထိထားပါ ။ ခါးကို ဆန့်ပြီးဖြောင့်ထားပြီးလျင်စိတ်ကို နှာသီးဝမှာထားကထွက်လေ  ဝင်လေ ရှု့ပါ ။ ထွက်လေ ဝင်လေ ရှု့နေရင်း ...........

(၁) ထွက်လေ ဝင်လေ လေးကို ရှု့နေတာက ( ကာယာနုပဿနာ )

(၂) ဝမ်းနည်းတယ် ၊ ဝမ်းသာတယ် ၊ ချမ်းသာတယ်၊ ဆင်းရဲတယ် ဆိုတဲ့ ခံစားချက်လေးကို ရှု့နေတာက  ( ဝေဒနာနုပဿနာ )

(၃) ကိုယ့်သန္တာန်မှာ ဖြစ်တဲ့လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊ ဒေါသနဲ့  ယှဉ်တွဲလာတဲ့စိတ်၊ မောဟနဲ့  ယှဉ်တွဲလာတဲ့စိတ် ဒီစိတ်ကလေးကို ရှု့နေတာက   ( စိတ္တာနုပဿနာ )

(၄) ကြံတွေးမှု ၊ ကြံစည်မှုတွေ၊ ရုပ် ခန္ဓာ ဓာတ်သဘောတွေကို ရှုနေတာက ( ဓမ္မာနုပဿနာ )

အဲ့ဒီလို မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို အမှန်မြင်အောင်ကြည့်တတ်ဖို့လိုအပ်တယ် ။


၁။ အဲ့ဒီ အမှန်မြင်အောင် ကြည့်တာကိုပဲ ( သမ္မာဒိဋ္ဌိ ) လို့ ခေါ်ပါတယ် ။ သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်နိုင်ဖို့အတွက်...

၂။  ( သမ္မာသင်္ကပ္ပ ) ဆိုတဲ့ မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ လိုတယ်။

၃။ အဲ့ဒီလို မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက် ( သမ္မာဝါယာမ ) ဆိုတဲ့ကြိုးစားဖို့ လိုအပ်တယ် ။

၄။ အဲ့ဒီလို ကြိုးစားဖို့ အတွက် ( သမ္မာသတိ ) ဆိုတဲ့  စိတ်စိုက်ဖို့ လိုတယ် ။

၅။ အဲ့ဒီ သမ္မာသတိ ခေါ်တဲ့ အာရုံ တစ်ခုထဲမှာ စိတ်ကိုငြိမ်အောင်ထားတာက ( သမ္မာသမာဓိ ) ပါ။ ဒီလိုပေါင်းစပ်လိုက်တဲ့ မဂ္ဂင် ( ၅ ) ပါး ကို " ကာရာပကမဂ္ဂင် ( သို့ ) ကာရကမဂ္ဂင်"လို့ ခေါ်တယ်။

တရားဓမ္မ ကျင့်ကြံ ကြိုးကုတ် အားထုတ်တဲ့အခါ ဒီ မဂ္ဂင် ( ၅ ) ခုဟာ ဟန်ချက်ညီညီနဲ့ အလုပ်လုပ်သွားပြီ ဆိုရင်ဖြင့် သဘာဝတွေကို အမှန်အတိုင်း   သိနိုင်မှာဖြစ်တယ် ။ 

ဆိုကြပါစို့၊ ထွက်လေ ဝင်လေလေးကို ရှုမှတ်နေတယ် ဆိုရင် ထွက်လေ ဝင်လေလေးကို သူ့သဘာဝလေး အတိုင်း မသိသိအောင် ကြိုးစားတာဟာ (သမ္မာဝါယာမ )အဲ့ဒီ ထွက်လေ ဝင်လေလေးကို အမြဲတမ်း သတိကပ်ထားတာက ( သမ္မာသတိ ) ထို ထွက်လေ ဝင်လေ အာရုံ တစ်ခုထဲပေါ်မှာ စိတ်ကိုငြိမ်အောင်ထားတာက( သမ္မာသမာဓိ )ထွက်လေ ဝင်လေလေးရဲ့သဘာဝကို စဉ်းစားတွေးခေါ်နေတာက ( သမ္မာသင်္ကပ္ပ ) ဟော... အဲ့ဒီလို လေးခု ပေါင်းစပ်လိုက်တဲ့အခါ ဘာပေါ်လာတုန်း ဆိုရင် ထွက်လေ ဝင်လေလေး ရဲ့သဘာဝတရားကို အမှန်မြင်လိုက်တဲ့ ( သမ္မာဒိဋ္ဌိ ) ဆိုတာ ပေါ်လာတော့တာပါပဲ ။ 

ဘာကို_အမှန်မြင်သလဲ ဆိုတော့ ထွက်လေ ဝင်လေလေးဟာ သူ့သဘာဝ ထွက်လေ ဝင်လေပဲ၊ " ငါမဟုတ်ပါလား "ဆိုတဲ့ အယူမှန်သွားတာကို ( သမ္မာဒိဋ္ဌိ ) အမှန်မြင်ခြင်းလို့ ခေါ်တယ်။ ငါမဟုတ်ဘူး ဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့ ။

အဲ့ဒီ_အမှန်မြင်လိုက်တဲ့အခါ ရုပ် နာမ် ဓမ္မ သင်္ခါရတွေနဲ့ ပတ်သက်ပြီး " ငြီးမွေ့မှု "ဆိုတာ ပေါ်လာတယ် ။ ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်တည်း " တွယ်တာမှု "ဆိုတာ မရှိတော့ဘူး ။ တွယ်တာမှုမရှိတာနဲ့ တစ်ပြိုင်နက် " လွတ်မြောက် "သွားတာပဲ ။ 

အဲ့ဒီလို အဆင့်ဆင့်အကျိုးရှိသွားအောင်မြတ်စွာဘုရားက ကာယ ၊ စိတ္တ ၊ ဝေဒနာ ၊ ဓမ္မ လို့ဆိုတဲ့ သတိပဋ္ဌာန် အာရုံ လေးပါး ပေါ်မှာ လူတိုင်း  လူတိုင်းဟာ ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် မိမိတို့ အားလပ်တဲ့ အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် ခုနကပြောတဲ့ အသိဥာဏ်တွေ အားလုံး ပေါ်လာကြမှာပါတဲ့။ 

အဲ့ဒီလို_ပေါ်လာတဲ့အခါမှာ     ဝိမုတ္တိ " လွတ်မြောက်မှု " ဆိုတာကို ရလာမှာဖြစ်ပါတယ်။


ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး


Credit >>    Original uploader 

,မေတ္တာဖြင့် Ashin Thu Mingala

ဣမိနာ ပုည ကမ်မနေ သဗ်ဗ အန်တရာယောဝိနဿတု ။

 💘#Credit to HTET OO HLAING .


Friday, 8 October 2021

Mr. Sunshine ဇာတ်သိမ်း.....






















 

ဇာတ်သိမ်းဆိုလို့ ဘယ်လို ဇာတ်သိမ်းသွားတဲ့အကြောင်း ရေးပြမှာမဟုတ်ပါဘူး ကြည့်လို့ပြီးသွားကြောင်း လာအကြောင်းကြား....။ Mr. Sunshine K series ၂၄ပိုင်းကို ခြောက်ရက်လောက်ကြည့်ရတယ်...။ နောက်ဆုံးနေ့ကို မနက် ၂:၃၀ ထိမအိပ်ဘဲ အပြီးသတ်ကြည့်လိုက်တယ်...။ မင်းသားသုံးယောက်လုံးသေ ...အမလေးငိုရတာ မျက်လုံးတွေမို့အစ် မျက်နှာသုပ်ပုဝါ တစ်ထည်လုံးနီးပါးရွှဲ....။ ဇာတ်လမ်းလင့်ပို့ပေးသူလေးကို မနက်သုံးနာရီထိုးခါနီးကြီး ကျေးဇူးတင်စကားပါးရတယ်...။ နောက်တကား "Squid Games” ဆက်ကြည့်ပါဦးမယ်...။ Thrillers အမျိုးစားပေမယ့် ကြိုးစားကြည့်ပါမယ်....။ မနက်ကျတော့ သူမက်ဆေ့ပြန်ပို့ထားတယ် "ဇာတ်သိမ်းကတော့ သိပ်မကောင်းဘူး မဟုတ်လား"တဲ့....။ 

တကယ်တော့ .... အမွှေးရနံ့ရလိုက်တာ ... တေးသံသာတစ်ခုကိုနားဆင်လိုက်ရတာ.... အရသာရှိတဲ့အစားစာ စားလိုက်ရတာ ... အမှတ်ရစရာမြင်ကွင်းတစ်ခုကိုတွေ့လိုက်ရတာ... စာအုပ်တစ်အုပ်ဖတ်လိုက်ရတာ... ရုပ်ရှင်တစ်ကားကြည့်လိုက်ရတာ.... စတာတွေဟာ တိုက်ဆိုင်မှုသက်သက်မဟုတ်ဘူး... ထို့အတူ Mr. Sunshine နဲ့ဆုံတွေ့ရတာ ကိုယ်ကို ရုပ်ရှင်ကားတွေ စီးရီးစ်တွေကြည့်ဖို့ ပို့ပေးခဲ့တာတွေလည်း တိုက်ဆိုင်မှုမဟုတ်ဘူး...သူ့အချိန်အခါနဲ့သူ ကျိုးကြောင်းသင့် ရောက်လာခဲ့တာချည်းပဲ...။

ဥပမာ စာရေးဆရာခက်ဇော်ရဲ့ ရန်ကုန်နဲ့ မန္တလေး စာအုပ်နှစ်အုပ်ထွက်ပြီး  မကြာခင်ပဲ ကျွန်မတို့ဟာ အမှန်တရားအတွက် အဓမ္မထက် ဓမ္မကိုရွေးချယ်ပြီး တော်လှန်နေကြချိန်ဖြစ်တယ်.....။ ကျွန်မတို့နိုင်ငံ မတရားအာဏာသိမ်းခံပြီး ရှစ်လအကြာမှာ ဒီဇာတ်လမ်းတွဲကိုကြည့်ခွင့်ရတာဟာ စိတ်ဓါတ်မြှင့်တင်ဖို့ လှုံ့ဆော်တဲ့အနေနဲ့ Guardian Angel ကပို့ပေးတဲ့ မက်ဆေ့ချ်တစ်ခုလို့ပဲမှတ်တယ်....။ သမိုင်းနောက်ခံ Historical Romance Drama ကားအမျိုးအစား အနေနဲ့တကယ်ပြီးပြည့်စုံပါတယ်....။ မကြည့်ရသေးသူတွေအတွက် spoil မလုပ်တော့ဘူးနော်...။ 

ကျွန်မကြိုက်မယ်ထင်တဲ့    ဇာတ်ကားကောင်းတွေကို ရွေးပို့ပေးတတ်တဲ့ Mr. Sunshine လေးကိုလဲ ကျေးဇူးထပ်တင်ပါတယ်....☺️


________________________

Revolution will prevail 

မိုးငွေ့


Tuesday, 5 October 2021

ဓမ္မအထွေထွေမှတ်စုများ(၁၉).....

 

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောတသ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

  


ကုသိုလ်တကာ့ ကုသိုလ်ထဲတွင်

🏵🍂🏵🍂🏵🍂🏵🍂🏵


နတ်တွေဟာနေ့စဉ် အစည်းအဝေးလုပ်တဲ့အခါ လူ့ပြည်မှာ လူတွေ ဘာတွေလုပ်လဲဆိုတာ မိမိရဲ့ကိုယ်စောင့်နတ်က တင်ပြပေးရတယ် ။

အဲထဲမှာ ကုသိုလ်တကာ့ ကုသိုလ်ထဲတွင်အမြင့်ဆုံးဖြစ်သော ဝိပဿနာကျင့်ကြံ့အားထုတ်သူကိုမြေစောင့်နတ် ရေစောင့်နတ် တောစောင့်နတ်နတ်အမျိုးမျိုးက အင်မတန်စောင့် ရှောက်ပေးရတယ်။ စောင့်ရှောက်မပေးရင် အထက်က နတ်မင်းကြီးတွေက အပြစ်ပေး ဒဏ်ခံရတယ်။

အရင်ကလည်းပြောဖူးတယ် မနက်ဖြန်မှာ ကမ္ဘာကြီးနဲ့ ဂြိုလ်တခုခုဝင်တိုက်ပြီး ပျက်စီးမယ်ဆိုပါစို့... လူတယောက်ယောက်ကများ အရိယာပုဂ္ဂိုလ်ဖြစ်ရမယ်ဟုတရားတွေကျင့်ကြံ့နေရင် ကမ္ဘာပျက်မဲ့နေ့ကို နတ်တွေဗြဟ္မာတွေက ရက်ရွေ့ပေးရတယ်။ အဲလူဟာ အရိယာဖြစ်မှပဲ ကမ္ဘာကြီးက ပျက်ပေးရတယ်။

ဘုရားရှင်ခေတ်တုန်းကလည်း သံဃာတပါးက ဝိပဿနာအားထုတ်နေရင်း မကြာခင် ရဟန္တာဖြစ်တော့မယ့်အချိန်အခါဖြစ်လေသည်။ မွန်းလွဲပြီးမှ ရဟန္တာဖြစ်ရင်ဆွမ်းမစားလိုက်ရမှာဆိုးလို့ နေနတ်သားကြီးကနေကို ရပ်တန့်ပေးထားပြီး ရဟန္တာဖြစ်မှပဲ မွန်းလွဲပေးရတဲ့အထိ့ စောင့်ရှောက်ပေးကြတယ်။ ယနေ့ခေတ်မှာလည်း တကယ်တရားကျင့်နေတဲ့ မဟာဗောဓိမြိုင်ဆရာတော်ကြီးဆိုရင်နတ်သားနတ်သမီးတွေက လာလာဖူးကြသတဲ့။

အရိယာပုဂ္ဂိုလ်ဖြစ်မဖြစ်ကို အသာထားဦး ဝိပဿနာတကယ်ကျင့်နေလျင်ပင်သင့်အနီးအနားမှရှိတဲ့ ဘုမ္မစိုး ရုက္ခစိုးရွာစောင့်နတ်တွေ နယ်စောင့်နတ် နတ်အမျိုးမျိုးတွေကသင့်ကို စောင့်ရှောက် ကယ်တင်ပေးရတယ်။ သင်ဒုက္ခရောက်ရင် လာကူညီပေးရတယ်။

အခြားကုသိုလ်တွေ လုပ်ရင်လည်း စောင့်ရှောက်ပါတယ်။ သို့သော် သင်ဟာ နတ်တွေကို အမျှပေးဝေဦးမှအမျှဝေလည်း နတ်တွေဟာ သာဓုခေါ်နိုင်ဦးမှဖြစ်သည်။ နတ်တပါးက ကြားရင် သင့်ကို တပါး စောင့်ရှောက်.မယ်သို့သော် အဲ့နတ်က သင်ဘယ်သွားသွားအမြဲတမ်းတော့ စောင့်ရှောက်နိုင်မှာ မဟုတ်။

ဝိပဿနာအားထုတ်သူကြတော့ တလောက လုံးမှာရှိတဲ့နတ်တွေက သင်ဘယ်သွားသွား စောင့်ရှောက်ပေးရတယ်။ သင်မနောစိတ်က ဘာလိုချင်လဲ ဥပမာ အစားအစာဖို့ အခက်အခဲဖြစ်နေလျင်ပင်နတ်တွေက လူရောင်ဖန်ဆင်းပြီး ဆွမ်းလာကပ်တဲ့အထိ အင်မတန်စောင့်ရှောက်ကြတယ်။


ပါမောက္ခချုပ်ဆရာတော်ကြီး

#ဒေါက်တာနန္ဒမာလာဘိဝံသ ၏ တရားတော်များမှ🙏🙏🙏

Credit...

မေတ္တာဖြင့်ပြန်လည်မျှဝေသည်။



Friday, 1 October 2021

Reflection……





နှစ်စပိုင်း ဖေဖော်ဝါရီလမှာ တင်ထားတဲ့ Give Away for my beloved readers ပို့စ်မှာ လက်ဆောင်ပေးရမယ့် စာဖတ်သူ US ကအစ်မတစ်ယောက် စလုံးက ညီမလေးတစ်ယောက်နဲ့ NPD ကညီမတစ်ယောက်ကို The Guys of Rangoon နဲ့ Guys From Mandalay စာအုပ်နှစ်အုပ်ကို ခုမှပို့ဖြစ်သွားတယ် ကြားထဲမှာ အင်းဝက စာအုပ်ကုန်သွားလို့ ပြန်မရိုက်ရသေးတာနဲ့ အခြေအနေအရပ်ရပ်ကြောင့် လတွေအများကြီးကြာသွားခဲ့တယ်...။ ဒါနဲ့ September ထဲမှာ သုံးနေရာစလုံးကို ပို့တာ အောင်မြင်သွားခဲ့တယ်....။ ကျေးဇူးတင်ပါတယ် စာလာဖတ်တဲ့ အစ်မတွေ ညီမတွေ အစ်ကိုတွေ မောင်တွေ အားလုံးကို.....။ သူတို့တွေအတွက် ကျွန်မရဲ့ Reflection တစ်ခု....။














ကျွန်မလက်ရှိကိုင်နေတဲ့ ခေါက်ထီးလေးအကြောင်းပြောပြဦးမယ် .....။ ဒီခေါက်ထီးကို လက်ဆောင်ရထားတာ သုံးနှစ်လောက်ရှိပြီ.....။ ဆေးကုမ္ပဏီတစ်ခုကလက်ဆောင်ရတဲ့ထီးပါ အပြင်မှာဘယ်နေရာမှာမှဝယ်လို့မရတဲ့ Limited Edition  အရည်အသွေးကောင်းတယ် သုံးမိုးရှိပြီ သုံးနေတာ အထဲက ထီးရိုးတံတွေက ဘာမှမဖြစ်ဘူး ခလုတ်နဲ့ဖွင့်ရတဲ့ထီးမို့ ဆောင်းရတာအဆင်ပြေတယ်....။ ကျစ်လစ်ခိုင်ခန့်မှုရှိတယ် အရွယ်အစားကလဲ အနေတော်ပဲ သိပ်မသေးလွန်း မကြီးလွန်းဘူး....။ တစ်နေ့မှာ ကျွန်မအိမ်ကထွက်တော့ မိုးရွာလို့ အဲထီးထုတ်ဆောင်းရတယ်....။ ကျွန်မတို့နေတဲ့ တာဝါရဲ့ ဘေးကပ်ရပ်က Tower A ဖက်မှာ ညီမဝမ်းကွဲနှစ်ယောက်ရဲ့အခန်းတွေကို တစ်ပတ်တစ်ခါ နှစ်ပတ်တစ်ခါ သွားကြည့်ပေးရတယ် သူတို့ကစလုံးရောက်နေကြတော့ ကျွန်မကို သော့အပ်ထားကြတယ်....။ ပထမအခန်းသွားစစ်တော့ ထီးကိုကျန်ခဲ့မှာစိုးလို့ မှတ်မှတ်ရရ အဲအခန်းရဲ့ ထမင်းစားပွဲပေါ်ကိုတောင်မတင်ဘဲ ကိုင်ထားခဲ့တယ်....။ ပထမတော့ စားပွဲပေါ်တင်မလို့ ပြန်ထွက်ရင်မေ့ကျန်ခဲ့မှာစိုးတယ်ဆိုတဲ့ သတိနဲ့ကိုင်ထားခဲ့တာ.....။ နောက်တစ်ခန်းရဲ့တံခါးသွားဖွင့်တော့ ပုံမှာပါတဲ့အတိုင်း အခန်းအဝင်ဝ ဖိနပ်စင်မှာ ကျွန်မတင်ထားပြီး မေ့ကျန်ခဲ့တဲ့ ခေါက်ထီးလေးကိုပြန်တွေ့ရတော့ ကိုယ့်ကိုယ်ကို အံ့အားသင့်ခဲ့ရတယ်........။

နောက်နေ့တွေကျ ထီးပျောက်လို့လိုက်ရှာတာ နှစ်ပတ်လောက်ကြာတယ်.....။ အဲအခန်းထဲဝင်စစ်ခဲ့တာကို လုံးဝမေ့သွားခဲ့တယ် ပထမခန်းကိုသွားပြန်ကြည့်သေးတယ်....။ ဒုတိယအခန်းက တစ်လနေမှတစ်ခါစစ်တော့ သူ့ကိုမေ့သွားတယ်...။ ကိုယ်ထိုင်တဲ့ရုံးခန်း Showroom ကားထဲ ရှာတာ ရှာတာ အော် ဉစ္စာပျောက်ငရဲရောက်ဆိုတဲ့အတိုင်းပဲ ဟိုထင်ဒီထင် ဈေးဝယ်ရင်းပဲကျန်ခဲ့တာလားနဲ့ အတွေးတွေများပြီး နောက်ဆုံးစိတ်လျှော့လိုက်တယ်...။ ကျွန်မက တော်ရုံပစ္စည်းလောက်ကို အဲလောက်အစွဲလန်းမထားဘူး ခုထီးလေးက ရှားပါးလေးမို့ Soul Mate ကပေးထားတာမို့ နှမြောနေမိတယ်....။ နှစ်ပတ်ကျော် မေ့လိုက်ပြီးတော့မှ တစ်ညမှာ ဘုရားရှိခိုးပြီး တရားထိုင်မှာစလုပ်တော့ အာရုံထဲအဲဒီအခန်းလေးဖျတ်ခနဲပေါ်လာတယ်...။ ကာတွန်းတွေထဲမှာရေးသလို အတွေးထဲ မီးသီးလေးလင်းသွားတယ်....။ နောက်နေ့သွားကြည့်တော့ ခေါက်ထီးလေးကို ဖိနပ်စင်လေးမှာပြန်တွေ့တယ်....။ 
 



 


ကျွန်မသောက်နေကျ အုန်းသီးဂျယ်လီဖတ်လေးတွေပါတဲ့ VeVe မဟုတ်တဲ့ တခြားတံဆိပ် အုန်းရေဘူးလေးရှိတယ် ....။ ကျွန်မတို့တိုက်ရှေ့က စတိုးဆိုင်လေးမှာရောင်းတယ် တစ်ကပ်ကို ၃၅၀၀/-....။ အဲလိုပဲ ကိုယ်ကြိုက်ပြီဆိုတဲ့ ပစ္စည်းတွေက ဝယ်တော့မယ်ဆို ပြတ်ပြီ....။ အဲဒါနဲ့သောက်ချင်နေပေမယ့် မရှိလို့ မသောက်ရဘူး....။ မရှိလဲမသောက်ဘူး ရှိရင်ဝယ်သောက်မယ် ဆန္ဒ အာသီသက ပြင်းပြတယ်လည်းမဟုတ်ဘူး.....။ ဒါပေမယ့် နောက်တစ်ရက်နှစ်ရက်နေတော့ ရေခဲသေတ္တာထဲ အုန်းရေပုလင်းလေးနှစ်လုံးတွေ့လိုက်တယ်....။ ကျွန်မမောင်လေးက ကျွန်မအတွက်ဝယ်ထည့်ထားပေးတာ....။ ဖဘမှာလည်း ကျွန်မတို့ မြို့နယ် Group အဖွဲ့ရှိတယ်...။ အဲမှာ ဈေးရောင်းတဲ့သူတွေ စားစရာရောင်းတဲ့သူတွေအများကြီးပဲ....။ မီတာရုံးရှေ့မှာ ရောင်းနေကျ စမူစာသုပ်သည် နေ့လည်၂နာရီကစပြီး ဖုန်းနဲ့မှာစားနိုင်ပါပြီ အိမ်တိုင်ရာရောက်ပို့ပေးပါတယ်တဲ့....။ အဲဒါလေးစားချင်လိုက်တာလို့ စိတ်ကဖြစ်မိတယ် တစ်ရက်လောက်မှာစားဦးမယ်လို့တေးထားပြီး မမှာဖြစ်ဘူး....။ အဲလိုစိတ်ထဲဖြစ်ပြီး တစ်ပတ်လောက်ကျတော့ ကျွန်မမောင်လေးကညနေအလုပ်ကပြန်လာလို့ သူဖြတ်လာတဲ့လမ်းမှာ လူကြိတ်ကြိတ်တိုးဝယ်နေကြလို့ ကောင်းမယ်ထင်ပြီး ကျွန်မအတွက် စမူဆာသုပ်တစ်ပွဲဝယ်လာပေးတယ် ပဲရည်လေးနဲ့....။ အဲလိုကိုယ်တောင်းတမိတာလေးတွေ ရက်ပိုင်းမှာဆန္ဒပြည့်လာတတ်တာကို သတိထားမိတယ်...။

မေတ္တာတရားဟာ တန်ခိုးရှင်လိုပါပဲလားလို့ အောက်မေ့မိတယ်....။ အရင်ကတော့တွေးမိတာ ငါလုပ်ပေးသလောက်ပြန်မရဘူး ရောင်ပြန်ဟတ်တယ်ဆိုတာ တကယ်မရှိဘူးလို့ထင်ထားခဲ့တာ....။ တကယ်တော့ ကိုယ်ဘာလုပ်လုပ် တစ်ခုခုပြန်ရရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်တာထက် စိတ်စေတနာအပြည့်အဝနဲ့လုပ်တဲ့အလုပ်မှန်သမျှဟာ ကိုယ်ဆီ Reflection ပြန်လာတယ်ဆိုတာကို ခုချိန်မှသေချာ ဦးနှောက်နဲ့ နှလုံးသားနဲ့ချိတ်ဆက်ပြီး ခန္ဓာသိနဲ့သိသွားခဲ့တာ....။ တခြားအရာကိုခဏထားဦး ကိုယ့်ခန္ဓာကိုယ်ကိုပဲ ခေါင်းစခြေဆုံး သတိလေးနဲ့သိအောင်နေကြည့်ကြည့် ထူးခြားတာတွေကို တစ်ခုမဟုတ်တစ်ခုတွေ့ရတတ်တယ်...။ Miracle ဆိုတာတကယ်ရှိတယ်ဆိုတာ ပိုသတိထားမိလာတယ်....။ 

တလောက တရားထိုင်ရင်း မမဝသုန်ကို ဆံထုံးမှာ တရုတ်စကားပန်းအနီရောင်လေးတစ်ပွင့်ပန်ထားတာမြင်လိုက်တယ်....။ ကျွန်မ အရေးကြီးတဲ့သူတွေ တစ်ယောက်ချင်းဆီကို တရားထိုင်ပြီး မေတ္တာလှိုင်းပို့တဲ့အလုပ်ကို ဒီဝါတွင်းမှာစလုပ်ခဲ့တာ အရင်ပို့စ်တွေမှာရေးဖူးခဲ့ပါတယ်....။ မမကို ပြန်ပြောပြတော့ သူတကယ်ပဲ စကားပန်းအနီလေးပန်ထားခဲ့တာတဲ့ စိတ်စွမ်းအင်တွေတော်တော်တက်နေပြီပဲလို့ ကျွန်မကိုသူပြောတယ်...။ တကယ်တော့ ကျွန်မက ခုမှ လမ်းအစကိုရှာနေတုန်း မူကြိုအဆင့်တောင်မရှိသေးပါဘူး....။ နောက်တစ်ရက် မမဝသုန်ကို အရင်မြင်နေကျ အပြုံးလှလှနဲ့ အနက်ရောင်ဇာလက်ပြတ်လေးဝတ်ထားတာတွေ့တယ်....။ ဇာပန်းအကွေးလေးမှာ ကတ္တီပါဖောင်းကြွလေးတောင်ပါတယ်လို့ အသေးစိပ်မြင်တယ်....။ မမကိုအဲလိုဝတ်ထားတာဟုတ်လားလို့ ကျွန်မ ခုထိမမေးကြည့်ရသေးဘူး....။ ဒီပုံရိပ်ကို တရားမထိုင်မီ ဘုရားစာရွတ်နေတုန်းမြင်လိုက်တာပါ...။ အပြုံးတွေကြည့်ရတာတော့ စိတ်ချမ်းသာစရာတစ်ခုခုကြုံရလို့ ဒီလိုနှစ်နှစ်ကာကာအပြုံးမျိုးကိုဖော်ပြတာလို့ ယူဆမိပါတယ်....။ ဘာပဲဖြစ်ဖြစ် ခက်ခဲတဲ့ စိတ်ဆင်းရဲစရာ ဒီလိုကာလမျိုးမှာ တစ်နေ့တာအတွက် အပြုံးတစ်ခုရဖို့ဆိုတာ လွယ်တာမဟုတ်ဘူး....။ 

ကျွန်မ တရားထိုင်တာ တစ်နေ့ကို ၁၅မိနစ်ပဲရတယ်....။ ဟိုတစ်လက ညာဖက်ပေါင် တင်ပါးဆုံအဆစ်နာတာ တင်ပလ္လင်ခွေထိုင်လို့မရဘူး အဲဒါနဲ့ လွန်ခဲ့သောနှစ်များက ဒူးနာဖူးလို့သောက်ခဲ့ရတဲ့ Mega ကထုတ်တဲ့ Joint Ace ဆေးတစ်ဘူးဝယ်သောက်ဖြစ်တယ် အလုံးသုံးဆယ်ပါတာ တစ်ရက်နှစ်လုံး ၁၅ရက်ဆက်တိုက်သောက်လိုက်တာ ခုလမ်းလျှောက်လဲမနာတော့ဘူး အဲမတိုင်ခင်က လမ်းလျှောက်ရင်ကြာကြာရပ်ရင်တောင်နာတာ...။ အဲဆေးသောက်ပြီးသွားတော့ မနာတော့ပေမယ့်လဲ တရားထိုင်ရင် အကြာကြီးမရတော့ဘူး.....။ လူဆိုတာ အို နာ သေ ဘေးမလွတ်ဘူးဆိုတာပဲ....။ တရားတွေရပြီးရင်းရ.....။ တရားစထိုင်ရင်ဘယ်လိုထိုင်ရတယ် ဘာတွေမှတ်ရတယ်ဆိုတဲ့ ပါချုပ်ဆရာတော်ကြီးရဲ့ နည်းလေး ပို့စ်တင်ပေးပါဦးမယ်.....။ 



______________________
Revolution will prevail
မိုးငွေ့