Monday, 22 March 2010

ဝက်သားငါးပိချက်




ဝက်သားငါးပိချက်ဟာ ရှမ်းဟင်းလို့ပြောရင်ရပါတယ်..။ လုပ်နည်းကတော့ ၀က်သားကိုနုတ်နုတ်စင်းပြီး ဆားနယ်ထား အသားပိုပြီးနူးညံ့အောင် ပြောင်းမှုန့်နဲနဲ ထည့်နယ်ချင်လဲရတယ်..။ ပြောင်းမှုန်ထည့်ရင်တော့ ကြော်တဲ့အချိန်မှာ မစီးအောင် ၀က်သားနယ်တဲ့အခါမှာ ဆီနဲနဲပါထည့်နယ်ရပါတယ်...။ ဒီနည်းနဲ့ရှုပ်ရင်တာ့ ၀က်သားကို ပေါင်သားထက် မိုးခိုသား(သို့) ဂုတ်သားကိုသုံးရင် ပိုပြီး နူးနှပ်လွယ်ပါတယ်...။

ထည့်ချက်ရမယ့် အစာတွေကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးထောင်းထား၊ ကြက်သွန်နီကိုတော့ ပါးပါးလှီး၊ ခရမ်းချဉ်သီးလဲ ပါးပါးလှီးထားပါ..။ ဒယ်အိုးထဲ ဆီးဆူရင် ကြက်သွန်နီကို အရင်ဦးဆုံးထည့်ကြော်ပါ...။ နီရောင်သန်းလာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူထည့် အရောင်လှအောင်နဲ့ အနံ့မွှေးဖို့ နနွင်းမှုန့်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါ..။ ပြီးရင်တော့ ခရမ်းချဉ်သီးထည့်ကြော်ပြီး ခရမ်းချဉ်သီးလိမ့်လာရင်တော့ ၀က်သားကိုထည့်လို့ရပါပြီ...။ စိတ်ရှည်ရှည်နဲ့ ၀က်သားကိုမွှေပေးပါ အနံ့မွှေးပြီး ဆီပြန်လာရင်တော့ ငရုတ်သီးစိမ်းလေးခပ်ပြီး စားလို့ရပါပြီ...။ ၀က်သားငါးပိချက်ကို အများအားဖြင့် ဆလပ်ရွက်နဲ့ထုပ်ပြီးစားကြပါတယ်...။ နံနံပင်ကြိုက်ရင်လဲ တို့လို့ရပါတယ်..။ ပုံမှာပါတဲ့ ခရမ်းကျွတ်အဖြူသီးကတော့ ကျွတ်ရွပြီး ၀က်သားငါးပိချက်နဲ့ တွဲဖက်စားလို့သိပ်ကောင်းပါတယ်...။

စာကြွင်း။ ။နနွင်းဟာ (အယောင်အရမ်းလျော့စေတဲ့အပြင်အသားအရေကောင်းစေပါတယ်) လူနဲ့တည့်တဲ့အတွက်... နေ့စဉ်စားသောက်နေတဲ့ ဟင်းထဲ ထည့်ခပ်သင့်ပါတယ်...။

မိုးငွေ့

Thursday, 18 March 2010

သောကရုပ်ကြွင်း.....





ဥသြငှက်သံကို နားဆင်ဖို့ 
ရွက်သစ်တွေ တဖျစ်ဖျစ် ဖောက်ထွက်လာချိန်မှာပဲ 
သူမ....အိပ်မက်ခဲ့တယ်...။ 
ဥသြငှက်သံမပါ 
ရွက်သစ်တွေမပါ 
ဗန်းဂိုး....မပါ 
ရှည်မျောမျော ခြေလက်တစ်စုံဆီနဲ့ 
လမင်းလိုလို မျက်လုံးတွေပါတယ်...။ 
တခါတလေ မြက်ခင်းပေါ်လမ်းလျှောက်တယ် 
တခါတလေ ပန်းတွေခူးတယ် 
ကြယ်တွေကိုလည်းမော့ကြည့်တတ်တယ်...။ 

ဒါပေမယ့်....ဖေဖေ မေတ္တာတရားကိုတော့ 
လက်လှမ်းမမီခဲ့ဘူး ကြိုးစားခဲ့ပါတယ်... 
ဖယောင်းတိုင်မီးနဲ့ လမင်းကိုမှိုင်းတိုက်သလိုမျိုးပေါ့...။ 

သုံးရာသီလောက် နောက်ကျမှရောက်လာတဲ့ မျက်ရည်တွေ 
မေတ္တာတရားကို ခြွေချပေးခဲ့တယ်... 
အလဲလဲ အပြိုပြိုနဲ့ ဖမ်းယူလိုက်တော့ အနံ့က ခပ်အဲ့အဲ့...။ 
ဒါဆို...သမီးကျင်းပမယ့် စားတော်ပွဲ အကြောင်း ဖေဖေ ကြားနိုင်ပါ့မလား ... 
ဒီပွဲမှာ Air Hostess တစ်ယောက် 
International TV presenter တစ်ယောက်ရယ်... 
ပြီးတော့ စာရေးဆရာမတစ်ယောက်ရှိတယ်...။ 

ဝေလွင်လတ်ဆတ်တဲ့ စားတော်ပွဲကို 
သောကအရောင် မစပ်တတ်ဘဲ 
ဘဝသရုပ်ဖော်တဲ့ ပန်းချီသမားလို့ပြောမလား 
ပလပ်စတစ်ပန်းတွေ ဝတ်မှုံကူးတာကို 
စောင့်နေသူလို့ ပြောမလား 
လိပ်ပြာတွေ သွေးဆာတာကို ကြည့်ချင်သူလို့ပြောမလား...။ 

အတောင်မစုံဆန္ဒတွေနဲ့ 
အနာဂတ်ကို ပျံသန်းချင်သူလို့ ပြောမလား 
သမီး...မသိချင်ဘူး.. 
ဖေဖေကြားနိုင်မလား 
သမီးရင်ဘတ်ထဲ ယောနသံစင်ရော်တွေ 
တောင်ပံ တဖျောင်းဖျောင်းခတ်နေကြပြီ....။ GD(TG)


Note: ဒီတစ်ပုဒ်လဲပဲ ကျမမွေးနေ့အတွက် တောင်ကြီးက သူငယ်ချင်းရေးပေးတာပါပဲ...။ သူကတော့ သူရေးနေကျ ထုံးစံအတိုင်း ကျမရဲ့ငယ်စဉ်ကလေးဘဝကနေ ခုချိန်ထိကို မော်ဒန်ဆန်ဆန်လေးနဲ့ လှပသေသပ်စွာ ပုံဖော်ပေးသွားခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်...။


Wednesday, 17 March 2010

Childhood @ Colorful Dream.....

နွေဦးရဲ့ သာယာလှပတဲ့ 
နံနက်ခင်းလေးတစ်ခုမှာပေါ့ 
ရွှေဝါရောင်ပန်းပွင့်တွေနဲ့အတူ 
ငါ့အိပ်မက်တစ်ခုကို စတင်မက်ခဲ့တယ်...။ 

ငါ့ အိပ်မက်တွေ ချိုမြိန်နေလိုက်ပုံများ 
Monday born is easy life ဆိုတဲ့အတိုင်းပါပဲ...။ 
ကလန်ကလား အရပ်ရယ် 
ဝိုင်းစက်စက် မျက်လုံးတွေနဲ့ 
အဆော့မက်သလို လူကြောက်တတ်တဲ့ ကောင်မလေးဟာ 
ငါ့ ငယ်စဉ်က ပုံရိပ်တစ်ခုပေါ့...။ 

ငါပိုင်ဆိုင်ထားတဲ့ 
နွေးထွေးပြီးကြင်နာတတ်တဲ့ မိသားစုလေးထဲက 
အဖေဆိုတဲ့ လူတစ်ယောက် ပျောက်ရှသွားခဲ့တာ ငါရှစ်နှစ်အရွယ်မှာပေါ့...။ 

ငါဆယ့်နှစ်နှစ်မှာ ပျောက်ဆုံးသွားတဲ့အဖေကို 
ပြန်ရခဲ့ပေမယ့် ရင်မဆိုင်ရဲခဲ့ဘူး...။ 
အဖေ ငါတို့ဆီက အပြီးအပိုင်ထွက်ခွာသွားချိန်မှာ 
ဆွံ့အနေတဲ့ မျက်ဝန်းတွေကဆင့် 
သုံးရာသီ အခါလည်မှာ 
ငါ့ရင်ဘတ်ထဲက ရေခဲပြင်တွေ 
အရည်ပျော်စီးထွက်သွားလိမ့်မယ်ဆိုတာ 
ငါကိုယ်တိုင်တောင် တွေးမထားခဲ့မိတာပါ.. 
အဲဒါ ငါရဲ့ အနက်ရောင်အိပ်မက်တချို့ပါပဲ...။ 

ငါ့ရဲ့ အဝါရောင်အိပ်မက်တွေထဲမှာ 
International TV presenter တစ်ယောက် 
ပြီးတော့... ဝေဟင်မှာ ပျော်မွေ့တဲ့ Air Hostess လဲဖြစ်ချင်ခဲ့လေရဲ့....။ 
ဒါပေမယ့်ပေါ့.... အရောင်ပြောင်းလာတဲ့ ပန်းနုရောင်တွေ 
စိတ်ကူးနဲ့ လက်တွေ့ဘဝအကြောင်း ငါ့ကိုသင်ကြားပေးခဲ့တယ်...။ 

ငါ့ရဲ့ ငယ်စဉ် အိပ်မက်တွေကို အရောင်တင်ဖို့ 
“ပေါ်လီယာနာ”လဲ ငါ့ဘဝရဲ့မီးအိမ်ရှင်တစ်ယောက်ဖြစ်ခဲ့ဖူးတယ်...။ 
ကော်ဖီဆိုင်ပိုင်ရှင်တစ်ယောက် 
ပရဟိတ ဂေဟာထူထောင်နိုင်သူ တစ်ယောက် ဖြစ်ခွင့်ရချင်နေတာ 
ငါ့ရဲ့လတ်တလော အိပ်မက်တွေပါ..။ 

ဘာပဲဖြစ်ဖြစ် ငါဟာ မိုးပြာရောင်အိပ်မက်အသစ်နဲ့ 
dare to dream လို့ အော်ဟစ်နေချင်သေးတယ်...။ 
ရွှေဝါရောင် ပွင့်ချပ်တွေနဲ့ အစပြုခဲ့တဲ့ ငါ့အိပ်မက်တွေ 
အကြိမ်ကြိမ် အရောင်ပြောင်း 
ရောင်စုံအိပ်မက်တွေနဲ့ ငါလျှောက်လှမ်းခဲ့တာ... 
ဘုရားရေ.... အနှစ်သုံးဆယ်တိုင်ခဲ့ပြီတဲ့...။ 
အိုး!!!! “Chocolate” ငါ့ရဲ့အညိုရောင်အိပ်မက်လေးရေ... မင်းကိုလည်း ချန်ထားလို့မဖြစ်ဘူးလေ...။ ။ 

HNS(TG)

Note: ၂၀၀၅ ခုနှစ်တုန်းက ကျမမွေးနေ့အတွက် တောင်ကြီးက သူငယ်ချင်းလေး လက်ဆောင်အဖြစ်ရေးပေးခဲ့တဲ့ ကဗျာလေးဖြစ်ပါတယ်...။

အဖြူရောင်နတ်သမီးရဲ့ မိုးငွေ့အတွက် “ပန်းရောင်မွေးနေ့လက်ဆောင်”

“မဆွဲဘဲရလာတဲ့ ပန်းချီတစ်ချပ်မှာမဆိုးဘဲ ရဲတဲ့နှုတ်ခမ်းနဲ့မပြင်ဘဲ လှတဲ့နတ်သမီးရေ..... ပျော်ရွှင်သောမွေးနေ့တိုင်းကိုဖြတ်ကျော်လို့ ချစ်တဲ့သူနဲ့အမြန်ဆုံး လက်တွဲနိုင်ပါစေနော်”....(မိုးငွေ့) ဆိုပြီး...ကျမရဲ့မွေးနေ့မှာ နတ်သမီးအင်္ကျီလေးနဲ့ ကဗျာလေးကို လက်ဆောင်ပေးခဲ့ဖူးတဲ့ သူငယ်ချင်း မမိုးရဲ့ (17.03.2010 )မှာ ကျရောက်မဲ့ မွေးနေ့ပွဲလေးကို ရောက်လာခဲ့ပါပြီ...။ မမိုးရဲ့မွေးနေ့အမှီ မြန်မာပြည်ကို ပြန်ဖို့စီစဉ်ထားခဲ့ပေမယ့် ဆိုက်ပရပ်စ်နိုင်ငံကိုပြန်ဝင်ခွင့် Visa အခက်အခဲကြောင့် မြန်မာပြည်မှာကျင်းပမယ့် မမိုးရဲ့မွေးနေ့ပွဲလေးကို မတက်ရောက်နိုင်ခဲ့ပေမယ့် ချစ်သူငယ်ချင်းလေး မမိုးအတွက် ဒီနေရာကနေပဲ မွေးနေ့ပွဲလေးကျင်းပပေးလိုက်တယ်နော်... Happy Birthday ပါ....မမိုး..ရေ... ချစ်သူငယ်ချင်းလေး မမိုးအတွက် ကျမနှစ်သက်တဲ့ “ပန်းရောင်”ကိုရွေးပြီး “ပန်းရောင်မွေးနေ့ပွဲလေး”ကို စီစဉ်ထားပါတယ်...တည်ခင်းဧည့်ခံမယ့် အစားအသောက်များကိုလည်း အတတ်နိုင်ဆုံး ပန်းရောင်လေးများ ဖြစ်အောင် စီစဉ်ထားပါတယ်..(ဆိုးဆေးလုံးဝမပါပါ).။
အထူးအစီအစဉ်အနေနဲ့ မမိုးရဲ့ပန်းရောင်မွေးနေ့ပွဲလေးကို တက်ရောက်လာသူများထဲမှ ပန်းရောင်ပါဝင်သော အဝတ်တန်ဆာ ဝတ်ဆင်ထားသူများကို အမှတ်တရ“ပန်းရောင် လက်ဆောင်” ချီးမြှင့်ပေးမှာဖြစ်ပါတယ်..။ပန်းရောင်အဝတ်အစားဝတ်လာသူများအနေဖြင့် အိမ်အပြန်လက်ဆောင်“ပန်းရောင် လက်ဆောင်လက်ဆောင်”လေးများကို ယူသွားကြပါရန်နှင့် တည်ခင်းထားသော စားသောက်ဖွယ်ရာများကို တပျော်တပါး စားသောက်ရင်း မမိုး(မိုးငွေ့)ရဲ့ မွေးနေ့ပွဲလေးကို ပျော်ရွှင်စွာ ဆင်နွှဲကြပါစို့...
မမိုးအတွက် ပန်းစည်း နှင့်ကဗျာ လက်ဆောင်... HAPPY BIRTHDAY ပါ.....မမိုး ရေ...
ပန်းရောင်ဝတ်စုံ ဝတ်ဆင်လာသူများအတွက်..အိမ်အပြန်လက်ဆောင် ခုလို မွေးနေ့ပွဲလေးကို တခမ်းတနားလေး စီစဉ်ပေးတဲ့ နတ်သမီးလေးကို အထူးကျေးဇူးတင်ပါတယ်

Sunday, 14 March 2010

အိပ်မက်မိုင် အဝေး.....


အမြဲတစေ ဝမ်းနည်းတတ်တဲ့ ကျမအတွက် မွေးကတည်းကနေ....ခုချိန်ထိ သူများတွေထက် မျက်ရည်ပိုကျခဲ့ဖူးသူ ဖြစ်နေသလား????



အနက်ရောင်ဂျက်ကက် ဝတ်ထားတဲ့ မောင့်ရဲ့ ကျောပြင်ကို ပြည့်အိုင်နေတဲ့ မျက်ရည်များအောက်က ဝိုးတဝါး ငေးကြည့်ရင်း မောင့်နောက်ကျောကို ပါးအပ်ပြီး တင်းကျပ်စွာ ဖက်ထားချင်ပေမယ့် တကယ်လက်တွေ့မှာတော့ ကျွန်မခြေလှမ်းတွေက ခဲဆွဲခံထားရသလို လေးလံထုံထိုင်းနေကြတယ်..။ မောင် ကျွန်မကို တချက်ငဲ့ကြည့်တဲ့ အစိမ်းရောင် မျက်လုံးတွေကို ကျွန်မဖြင့်ကြောက်လိုက်တာ...။ ဟင့်အင်း....အဲဒီလိုကြီး ကျွန်မကို မကြည့်ပါနဲ့ ကျွန်မခံနိုင်ရည်တကယ် မရှိလို့ပါ..။ နေရာမှာတင် ကျွန်မအရည်ပျော်ကျသွားလိမ့်မယ်...။ ကျွန်မရဲ့ တိုးလျှိုးတောင်းပန်သံကို မောင်ကြားရပါ့မလား? ကျွန်မအကျယ်ကြီး အော်ဟစ်ပြောလိုက်ရမလား..။ စိတ်ထဲက ဖြစ်ချင်တဲ့ဆန္ဒကို မျက်ရည်တွေက ဆွဲငင်ထားခံရလို့လား နှုတ်ကစကားလုံးထွက်လာဖို့မပြောနဲ့ လှုပ်ရွဖို့တောင် အားအင်တွေရုတ်လျော့နေခဲ့တယ်..။ ဘုရား...ဘုရား ...ကျွန်မကို မလှုပ်ရှားနိုင်တဲ့ ကျောက်ရုပ်တစ်ရုပ်အဖြစ်တော့ မောင် ကျိန်စာမတိုက်လောက်ပါဘူးနော်...။ ဘာကြောင့် ကျွန်မကို အဲဒီလောက် စိမ်းကားရက်စက်တဲ့ သတ္တိမျိုးရှိနေသလဲ...။ ဘယ်လို အင်အားနဲ့များ မောင်သိပ်ချစ်ခဲ့ပါတယ်ဆိုတဲ့ ကျွန်မကို အဲဒီလို မျက်လုံးမျိုးနဲ့ ကြည့်နေနိုင်သလဲ...။

အရင်ချိန်တွေတုန်းက နူးညံ့ခဲ့ဖူးတဲ့ နှုတ်ခမ်းတွေကလဲ ကျောက်သားပြင်တွေလို မာကျောလို့...။ ထားမသွားပါနဲ့မောင်.... ကျွန်မကို...အဲဒီလို မထားခဲ့ပါနဲ့..........။ နေဝင်ချိန်လေးမို့... မောင့်ပုံရိပ်လေးက... တရွေ့ရွေ့နဲ့ အရိပ်သာသာပဲ မြင်ရတော့တယ်..။ ကျွန်မလက်ထဲမှာ အမွေးပွပွ အပြာရောင် တဘက်စောင် တစ်ထည်ကို ပွေ့ထားသေးတယ်...။ အဝေးပြေးလမ်းမပေါ်မှာ အစက်မဲမဲသေးသေးကလေး... တဖြေးဖြေး ဝေး....ဝေး....ဝေးသွားနေပြီ...။ ကျမခြေလှမ်းတွေ ခုချိန်ထိ နေရာမှာရပ်တန့်နေကြတုန်း...။ ကျမကို အိပ်မက်ဆန်ဆန်ကြီးမထားခဲ့ပါနဲ့...ကျမတောင်းပန်ပါတယ်...။ စိတ်ထဲက အသံတွေ ကျယ်လောင်သလောက် ခုနေ ကျွန်မအသံကုန် ဟစ်ထွက်လာရင်တောင်.. မောင်မကြားနိုင်လောက်တော့ဘူး...။ ပြတ်သားစိမ်းကားတဲ့ မောင့်ခြေလှမ်းတွေက ကျွန်မရှိရာဆီကနေ ဆန့်ကျင်နေကြတယ်....ဟို.... အဝေးကို..။ တဘက်စောင်ကလေးကို တင်းတင်းကျပ်ကျပ်ရင်ခွင်မှာ အပ်ထားရင်း ကျွန်မတစ်ချက်အသံထွက် ရှိုက်ငင်လိုက်မိတယ်...။ မျက်လုံးတွေပွင့်လာတော့ ပါးပြင်ပေါ်မှာ ပူနွေးနေတယ်...။ အို...ဒါ ...ကျွန်မ...ကျွန်မ အိပ်မက်မက်နေတာပဲ...။ ရင်ဘတ်ပေါ်မှာ နီညိုရောင် တဘက်စောင်ကိုဖက်ထားလျက်...။ ဒါဆို အိပ်မက်ထဲက အပြာရောင်တဘက်ဟာ အိပ်မပျော်စဉ်က ကျွန်မရင်ဘတ်ပေါ်တင်ပြီးအိပ်ခဲ့တဲ့ ကျွန်မခြုံနေကျစောင်ကလေးကိုး...။

ကျွန်မဆီကို အိပ်မက်နတ်သမီးက ဒီလိုအိပ်မက်မျိုး သယ်ဆောင်လာပေးပြန်ပြီ...။ အထူးသဖြင့် မောင် အဝေးရောက်နေချိန်မှာ...ကျွန်မမက်နေကျအိပ်မက်မျိုး...။ ကျွန်မအရမ်းချစ်တဲ့ မောင့်ကို စိတ်မချမှုတွေ... စိုးရိမ်ကြောင့်ကျမှုတွေက ကျွန်မအတွက်တော့ အသည်းနှလုံးကို မီးမြှိုက်ခံရသလိုပဲ ပူလောင်လှပါတယ်..။ မောင့် အလုပ်ကို ကြိုးစားလုပ်ကိုင်နေချိန်...ပင်ပန်းနေချိန်မှာ... ကျွန်မရဲ့သံသယတွေနဲ့ မောင့်အချစ်တွေ... သံယောဇဉ်တွေကို မပြစ်မှားသင့်ဘူး...။ ခေါင်းရင်းဘေး စာကြည့်စားပွဲက ဓါတ်ပုံဘောင်ကလေး... ပိတ်ချင်းမြောင်ဂူရှေ့က စမ်းချောင်းထဲမှာ ကျွန်မတို့နှစ်ဦးပြုံးပျော်စွာရိုက်ထားတဲ့ပုံ...။ အဝါရောင် ညမီးအိမ် အောက်မှာ မောင့်အပြုံးက ထင်းခနဲပဲ...။ စောစောက အိပ်မက်ထဲကလို မျက်နှာကတင်းမာမနေပါဘူး..။ နူးညံ့သိမ်မွေ့လို့ ချိုရွှင်လို့ပါပဲ...။

အာခေါင်တွေခြောက်ကပ်လာလို့ ရေချိုင့်ထဲက ရေတစ်ဖန်ခွက်ကို သောက်လိုက်တယ်... ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို လျှာနဲ့သပ်ရင်း ဆွဲအံထဲက ဓါတ်ပုံစာအုပ်ကို ဆွဲထုတ်ကြည့်လိုက်တယ်..။ ကျွန်မတို့ကမ်းခြေမှာ အတူသွားလည်တုန်းကပုံတွေ..။ ဒီကမ်းခြေကို ကျွန်မတို့နှစ်ယောက် အကြိမ်ကြိမ်ရောက်ခဲ့ဖူးလို့ သောင်ပြင်မှာ ခြေရာတွေထပ်နေပါပြီ..။ အနောက်ဘက်.. မိုးကုတ်စက်ဝိုင်း အစပ်ဆီက ဝင်လုဆဲဆဲ နေလုံးကြီးနောက်ခံနဲ့ အတူ ကျွန်မကို မောင်ကိုယ်တိုင် ရိုက်ပေးခဲ့ဖူးတဲ့ပုံလေး..။ မျက်လုံးတွေက အချစ်တွေပြည့်လျှံနေလို့ လင်းလက်တောက်ပ နေကြတယ်...။ ခုနေများ ကျမမှန်တစ်ချပ်ရှေ့မှာ သွားရပ်မိရင်... ကျွန်မမျက်ဝန်းတွေဟာ တောက်ပနေမယ် မထင်ဘူး...။ ဝိုးတိုးဝါးတားနဲ့ မှိန်ဖျော့နေမှာသေချာတယ်..။ အဲဒီမျက်ဝန်းတစ်စုံနဲ့အတူူ ပူပန်နေတဲ့ နှုတ်ခမ်းနဲ့ ဆံနွယ်ခွေတွေပါ... အသပ်မရပ်ပွယောင်းနေကြမယ်...။ တော်ပါပြီ... ဒီလိုအပူရုပ်မျိုးကို ကျွန်မ မကြည့်ချင်ဘူး..။

ဖုန်းတစ်ချက်မြည်သံကြောင့် ဓါတ်ပုံစာအုပ်လေး ကျွန်မလက်ကလွှတ်ခနဲလျှောကျသွားခဲ့တယ်...။ ဖုန်းခွက်ကို ကြည့်ရင်း မကိုင်သေးဘဲ ကျွန်မငေးစိုက်နေမိတယ်...။ ဖုန်းသံ အဆက်မပြတ် ထွက်လာနေသေးတယ်..။ တုန်ယင်နေတဲ့ လက်ချောင်းတွေ ဖုန်းလက်ကိုင်ခွက်ပေါ် ရောက်သွားတယ်..။ ကျွန်မပြန်ထူးတဲ့ “ဟဲလို” ဆိုတဲ့ အသံလဲ တုန်ယင်နေမှာမလွဲပဲ...။ တဘက်လိုင်းဆီက ကြည်လင်ဝါညက်တဲ့ အသံတစ်ခု နားစည်ကိုရိုက်ခတ်သွားချိန်မှာ ကျွန်မမျက်လုံးတွေ ကြယ်ပွင့်တွေလို တောက်ပသွားကြတယ်...။ ခြောက်ကပ်တဲ့ နှုတ်ခမ်းတစ်စုံ တွန့်ကွေးသွားကြတယ်..။ အေးစက်တောင့်တင်းနေတဲ့ ခန္ဓာကိုယ်လေး ပျော့ပျောင်းနွေးထွေး သွားတယ်...။ ခေတ္တရပ်ဆိုင်းသွားခဲ့တဲ့ နှလုံးသားလေး ပြန်လည်ခုန်စပြုလာချိန်မှာ... အဝါရောင်မီးအောက်က အခန်းကျဉ်းလေး ချက်ချင်း အသက်ဝင်သွားတယ်။

အိပ်မက်နတ်သမီးရယ်... ဒီလိုအိပ်မက်မျိုးကို ကျွန်မဆီကနေ...ဟိုး.... မိုင်အဝေးကို အပြီးသယ်ဆောင် သွားပါတော့...။ ကျွန်မကို အဲဒါလေးတော့ ကူညီပေးပါနော်..။


စာကြွင်း ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလေးအတွင်းမှ အစ်မ မနော်ဟရီရဲ့“နွေကိုဖွဲ့တဲ့တိမ်”ဝတ္ထုတိုကို print ထုတ်ပြီး အိမ်မှာဖတ်တော့ ငါလဲ ဒီလို အိပ်မက်ဆန်ဆန်စာမျိုး ရေးတတ်ချင်လိုက်တာလို့ မချင့်မရဲတွေးမိခဲ့တယ်...။ အစ်မ မနော်ရဲ့ရိုးစင်းလှတဲ့ အရေးအသားနဲ့ လှပတဲ့နာမဝိသေသနတွေကိုလဲ လေးစားအားကျမိပါတယ်....။ တကယ်တမ်းတော့ စာရေးချင်တဲ့ ပိုးပါလာပြီးသား ကျွန်မတို့ဟာ စာတစ်ပုဒ်ရေးချဖို့ ခံစားမှုကောင်းကောင်း တစ်ခုသာ လိုအပ်တယ်ဆိုတာ ဒီမနက် အိပ်မက်က လန့်နိုးလာတော့မှ ကျွန်မပီပီပြင်ပြင် သဘောပေါက်လာတယ်..။ ငါဒီလိုလေးရေးရင် ကောင်းမှာပဲလို့ စိတ်ကူးမိတာထက် ခံစားမှုလေးရှိနေတုန်း လောလောလတ်လတ်အချိန်လောက် ရေးသားမှုတွေ ဈာန်ဝင်တာ မရှိပါဘူး...။ အဲဒီဈာန်ရဲ့ဆွဲဆောင်ရာနောက် အလိုက်သင့်ကလေး ကလောင်တွေလိုက်ပါ စီးမျောတတ်ဖို့ပဲလိုပါတယ်..။ ဒါဆိုရင်တော့ ကောင်းမွန်သပ်ရပ်တဲ့ စာအစစ်အမှန်မျိုး ဖတ်ရမှာပါ...။ ဒါကြောင့် အိပ်မက်တစ်ခုရဲ့ခံစားမှုကို ကျွန်မ လက်မလွတ်ခင် အငွေ့ပျံပျောက်ကွယ် မသွားခင်လေးမှာ မိမိရရလေး မျက်နှာမသစ်နိုင်သေးဘဲ အိပ်ယာထဲမှာ ချက်ချင်း ပုံဖော်ရေးချခဲ့ပါတယ်....။ အစ်မ မနော်နဲ့ကျွန်မ အိပ်မက်ကို အခြေခံပြီးရေးသားကြတာချင်း တူပေမယ့် အစ်မကအိပ်မက်ဆန်ဆန် ဇာတ်လမ်းလေးကိုရေးတာဖြစ်ပြီး ကျွန်မကတော့ အိပ်မက်ကို ပြန်လည်ပုံဖော်ခြင်း သာဖြစ်ပါတယ်....။ အစ်မ မနော်ကိုလဲ ကျေးှဇူးတင်ပါတယ်...။

သက်ရှိသတ္တဝါတွေဟာ အောက်ဆီဂျင်မရှိရင် အသက်ဆုံးရှုံးသွားရသလို.... ခံစားမှုမပါတဲ့ စာတွေဟာလဲ သေဆုံးသွားကြရမှာမလွဲမသွေပါပဲ...။


မိုးငွေ့

Friday, 12 March 2010

မိုးငွေ့နဲ့အတူ မုန့်လျှောက်စားရအောင်



မိုးငွေ့ ဒီနေ့တော့ စကော့ဈေးကို မြန်မာပြည်အဝေးရောက်သူငယ်ချင်းတွေ အားလုံးအတွက် မုန့်ကျွေးချင်လို့ကိုထွက်ခဲ့တာ...။ ဈေးရှေ့ရောက်တော့ မုန့်သည်တွေက တန်းစီလို့...။ ကျမမုန့်တွေကို ဓါတ်ပုံရိုက်ချင်လို့ ဈေးသည်တွေဆီက တစ်သည်ကို ငါးရာဖိုးဝယ်လိုက်တယ်...။ ပုံတွေကို အင်တာနက်ပေါ်တင်မယ်ပြောတော့ အဒေါ်ကြီးတစ်ယောက်ကလှမ်းပြောပါတယ် တံခါးပိတ်ထားတာလေးပါ ပါအောင်ရိုက်ပေးပါတဲ့...။ စိန့်မေရီဘုရားကျောင်းရှေ့ အုတ်တံတိုင်းမှာ ဈေးဝင်တဲ့ဘေးပေါက်လေးကို ဈေးလူကြီးတွေကပိတ်ထားတော့ ဈေးလာဝယ်တဲ့ ဧည့်သည်တချို့က အဲဒီဘက်ကို တကူးတက ထွက်မ၀ယ်တော့ သိပ်မရောင်းရတော့ဘူးပေါ့..။ သူငယ်ချင်းတို့ မုန့်စားပြီး အအီပြေအောင် ဇီးယိုလေးပါပါသေးတယ်ဗျာ...။ ငါးဖယ်အစာသွတ်ကို ငရုတ်သီးစိမ်းများများနဲ့စားပြီး စပ်ရင် ငှက်ပျော်ပေါင်းရှိသေးတယ်နော်....။ အဲ အားလုံးစားပြီးရင်တော့ အိမ်အတွက် ဟင်းရွက်ကလေးတွေဝယ်ပြန်ကြဦးနော်...။ အစိမ်းများများစား ဒါမှ ကျန်မာရေးနဲ့ညီညွှတ်မှာ...။ ဟင်းရွက်စိမ်းလတ်လတ်ဆတ်ဆတ်တွေကိုပြောတာနော်...။ ကျမတို့ငယ်ငယ်ကဆိုရင် ရန်ကုန်မှာ ဒီလို ဟင်းရွက်လတ်လတ်ဆတ်ဆတ်က စားရခဲတယ်...။ တောင်ကြီးတို့ မေမြို့တို့ဘက်က ပို့မှစားရတာလေ...။ လမ်းခရီးကဝေးတော့ ရန်ကုန်ရောက်ရင်ပဲ အရွက်တွေက မလတ်တော့ဘူး...။ ခုတော့ ထောက်ကြံ့ဘက်ကစိုက်ခင်းတွေ ပဲခူးဘက်မှာလဲစိုက်ခင်းတွေပေါများလာတော့ ဟင်းသီးဟင်းရွက်တွေဆိုရင် လတ်ဆတ်တာလေးစားနိုင်ကြပြီ...။ ရေမုန်ညင်းရွက်ဆိုရင် သိပ်ပြီးတောင်ကြားဖူး မြင်ဖူးကြမှာမဟုတ်ဘူး...။ သူ့အရသာက မုန်ညင်းဖူးလိုပါပဲ ...။ ဟင်းရည်ထဲခတ်သောက်တာကောင်းတယ်...။ ကြော်စားလို့လဲရပါတယ်..။ ရွှေပဲညွှန့်ကတော့ ကျမတို့ရှမ်းပြည်မှာဆို ရှမ်းခေါက်ဆွဲထဲထည့်စားကြတယ် ကောင်းမှကောင်းပဲ...။ ရန်ကုန်မှာတော့ ဟော့ပေါ့ဆိုင်တွေမှာသုံးတာများတယ်..။ ရှမ်းပြည်အခေါ်စူကာညွှန့် ရန်ကုန်အခေါ် ဂေါ်ရခါးညွှန့် ကိုတော့ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီးနဲ့အရေရွှဲရွှဲလေး ကြော်စားရင် သိပ်ကောင်းပါတယ်..။ ကိုက်လန်ကတော့ ခရုဆီနဲ့ကြော် ကိုက်လန်ရိုးတွေများ နုဖတ်နေတာ လွှင့်ပစ်စရာကိုမရှိတာ..။



က်ြက်ဥပူတင်း၊ ငွေထမင်း၊ ငါးဖယ်အစာသွတ်နဲ့ ထမင်းနှဲ


ငှက်ပျောသီးအုန်းနို့ပေါင်း


ဒညင်းသီးအုန်းနို့ဆမ်းနဲ့ ပဲမြစ်ပြုတ်


မုန့်ဗိုင်းနှောက်


ဒီဗန်းထဲကမုန့်ကပိုစုံတယ်ဗျ...။ မုန့်လုံးကြီး၊ ကန်တော့ပုံဖက်နဲ့ထုတ်ထားတာက မုန့်စလူ၊ ဖက်ထုပ်ပြီးမီးကင်ထားတာကတော့ ကောက်ညှင်းကင်၊ မုန့်ဖက်ထုပ်၊ နှမ်းဖြူးထားတာ ခေါပြင်၊ မုန့်ကျွဲသဲနဲ့ ငှက်ပျောသီးကောက်ညှင်းထုပ်တို့ဖြစ်တယ်...။ သူငယ်ချင်းတို့ ကြိုက်ရာသုံးဆောင်ကြပါ...။


မုန့်အိုးလေး


ဇီးယိုအချို


ဇီးယိုအစပ်


ကိုက်လန်ရွက်နဲ့ ရွှေပဲညွှန့်


စူကာညွန့်နဲ့ အနောက်ဘက်က ရေမုန်ညင်း


သရက်သီးတို့စရာနဲ့ တမာချဉ်


ကျမ အထူးဧည့်ခံချင်တာကတော့ ဒီဘလောက်လေးကိုလုပ်ပေးခဲ့တဲ့ မုန့်အိုးလေးကိုသိပ်ကြိုက်တဲ့ ရုရှားကမောင်လေးခေါင်၊ မလေးရောက်နေတဲ့ နာလန်ထခါစဏီဏီ၊ စကာင်္ပူမှာ အိမ်ပြောင်းခါစ ခေါက်ဆွဲပဲပြုတ်စားနေရတဲ့ မောင်လေးကိုတူး...၊ မြန်မာပြည်ပြန်လာပြီး မြန်မာစာတွေကို တ၀ကြီးစားမယ်လို့ပြောပြီး ခုထိပြန်မလာရသေးတဲ့ အဖြူရောင်နတ်သမီး၊ နတ်ဆိုးကြီး အစ်ကိုဗညား ၊ ဘလောက်မှာ တစ်နှစ်ကျော်လောက်ပျောက်နေတဲ့ ညီမလေးခေါင်ခေါင်၊ အစ်မပန်ဒိုရာ တို့အတွက်နဲ့ ကျန်တဲ့ ကျမ မသိဘဲ ကျမစာတွေကိုလာလာဖတ်တတ်တဲ့ အဝေးရောက်သူငယ်ချင်းများ အားလုံးအတွက် ရည်ရွယ်ပါတယ်...။ မိုးငွေ့

Wednesday, 3 March 2010

သစ်စာ.....




အမြင်အာရုံနဲ့
လက်လှမ်းမမှီရာ 
စကားလုံးနဲ့ လက်လှမ်းမမှီရာ 
အဲဒီမှာ အစစ်အမှန်ရှိတယ် 
ငါတို့ မြင်ရက်နဲ့ကန်း 
ပြောရင်းနဲ့ဆွံ့အကုန်ကြပြီ.....။ 
GD(TG)