- “အဖြူရောင်လမ်းကလေး”ဒီဘလော့ဂါအစ်ကို ကိုတော့ အပြင်မှာတခါမှမတွေ့ဖူးပါဘူး...။ ဒါပေမယ့် ကျွန်မတင်ခဲ့တဲ့ 2011 2012 လောက်က ပို့စ်တွေအတော်များများမှာ ကော်မန့်လာပေးပြီး ကျွန်မစာလုံးပေါင်းမှားရင် အမြဲလာပြင်ပေးတတ်တဲ့ ကျွန်မပို့စ်တွေရဲ့ စာပြင်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်...။ အစ်ကို ဆူးသစ်က ကျွန်မတို့လို အွန်လိုင်းမှာ မတတ်တခေါက်နဲ့ စာတွေလျှောက်ရေးနေတဲ့သူမဟုတ်ပါဘူး...။ အစ်ကို့အကြောင်းအကြမ်းဖျင်းကို “ကျွန်တော့်အကြောင်း” မှာ သွားဖတ်ကြည့်လို့ရပါတယ်...။ ကျွန်မတို့ထက် စီနီယာကျတဲ့ စာရေးဆရာ ကဗျာဆရာတစ်ယောက်ဖြစ်ပါတယ်...။ နောက်ပိုင်းတော့ ဘလော့ဂါတော်တော်များများဟာ ဘလော့လောကကနေ ကင်းကွာသွားကြပြီး အရင်လို တစ်ယောက်အိမ်တစ်ယောက်လည်ပတ်ပြီး ကော်မန့်ပေးတာမျိုးသိပ်မလုပ်ကြတော့ဘူး...။ ဒါကြောင့် နောက်ပိုင်းနှစ်တွေမှာ ကျွန်မရဲ့ ပို့စ်တွေမှာ အစ်ကိုဆူးသစ်ရဲ့ ကော်မန့်တွေ သိပ်မတွေ့ရတော့ပါဘူး...။ အစ်ကိုက ဘလော့မှာ လုံးဝအဆက်ပြတ်သွားတာမျိုးမဟုတ်ဘဲ ကြိုကြားတော့ တင်နေတာတွေ့ရပါတယ်..။ အစ်ကိုတင်တဲ့ ပို့စ်တွေမှာ တက္ကသိုလ်ရဲ့ အငွေ့အသက်တွေကို အများကြီးမြင်တွေ့ရမှာပါ...။ အစ်ကိုဆူးသစ်ရဲ့ ချစ်ဇနီးလည်း ဟင်းချက်နည်းပို့စ်တွေကိုတင်နေတဲ့ “ရသာချို” ရဲ့ ဘလော့ပိုင်ရှင် ပါပဲ...။ ကျွန်မပို့စ်တွေမှာ အမှားတွေ့ရင် အမှန်လာလာပြင်ပေးတတ်တဲ့ တချိန်က ကျွန်မရဲ့ အိန်ဂျယ်စာစုတွေကို အများကြီးအားပေးခဲ့ဖူးတဲ့ လေးစားရတဲ့ဆရာတစ်ယောက်ဖြစ်တဲ့ အစ်ကိုဆူးသစ်ကို ဒီပို့စ်နဲ့ ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်...။ကျွန်မရေးခဲ့ဖူးတဲ့ အိန်ဂျယ်စာစုတစ်ပုဒ်ဖြစ်တဲ့ “မိုးညလေပြေ” မှာ အစ်ကိုဆူးသစ်က အောက်က ကဗျာကော်မန့်လေးရေးသွားခဲ့ဖူးတာကို အမှတ်တရတင်ပေးလိုက်ပါတယ်...။ဆူးသစ် said...လေပြေကသူကိုယ်ကမိုးငွေ့အလွမ်းတို့ တိုးဝှေ့တဲ့အခါဟိုးမှာ...ကြည့်စမ်းမိုးညရဲ့လမ်းမှာမျက်ရည်တွေ မခမ်းစတမ်းရွာတယ်။သားလတ်၂၈.၈.၁၂၂၂:၅၀ နာရီဘာရယ်မဟုတ်ဘူး။ ဒီပို့စ်ကိုခံစားပြီးရေးလိုက်တာ။ ကဗျာရေးရင်ကျွန်တော်ကသားလတ်ဆိုတဲ့ကလောင်နဲ့ရေးလို့ ဒီကဗျာကိုမိုးငွေ့ကိုအမှတ်တရရေးပေးလိုက်ပါတယ်။28 August 2012 at 10:52လွင်ပြင်လှိုင်းငယ်ဒီနာမည်ကိုဖတ်မိရင် သူနဲ့တွဲလျက် သူ့ရဲ့ ချစ်ဇနီး မစံပယ်ချိုကိုလည်း သိကြမှာပါ...။ သိမ်မွေ့နူးညံ့လှတဲ့ ကဗျာများစွာကို ဖန်ဆင်းတဲ့ ကဗျာမောင်နှံတွေပေါ့...။ သူတို့မှာ သားသမီးမရှိပေမယ့် တချိန်က သူတို့မောင်နံှတွေ မလေးမှာရှိနေတုန်းက ကျွန်မကို ဖဘမှာတွေ့ရင် သူတို့ဆီမှာ မွေးစားသားတွေများတော့ ကျီစယ်ပြီး ချွေးမလို့ခေါ်ခဲ့ဖူးတယ်...။ ခုချိန်ထိလည်း ဒယ်ဒီ မာမီတို့က အွန်လိုင်းမှာ ကျွန်မနဲ့ဆုံတိုင်း ချွေးမလို့ခေါ်ဖြစ်နေသေးတုန်း...။ အရမ်းချစ်ဖို့ကောင်းတဲ့ ဇနီးမောင်နှံတွေပါ...။ သူတို့ကို အပြင်မှာမဆုံဖူးပေမယ့် ဖုန်းစကားတော့ပြောဖူးခဲ့တယ်...။ ကဗျာရေးကောင်းတဲ့အပြင် မာမီဂျက်ဆို ဟင်းချက်သိပ်တော်ပြီး ဒယ်ဒီကတော့ သီချင်းဆိုကောင်းသူပေါ့...။ သူတို့ရဲ့ ချစ်စရာကောင်းတဲ့ ကဗျာလေးတွေကို သွားဖတ်စေချင်ပါတယ်..။ တခါထဲလည်း ဘလော့လောကကို အပြီးတိုင် စွန့်မသွားပါနဲ့လို့ ကဗျာအသစ်လေးတွေတင်ကြပါဦးလို့ တောင်းဆိုချင်ပါတယ်..။ဒယ်ဒီတို့ မာမီတို့အကြောင်းပြောရင် ဒီလူကြီးကိုတော့ ချန်ထားလို့မရနိုင်ဘူး...။ ကဗျာဆရာကြီး ကိုမင်းဧရာသူ့ကို ကဗျာဆရာကြီးလို့ခေါ်လို့ ဒီပို့စ်ဖတ်ပြီးရင် ကျွန်မကို စိတ်ဆိုးလောက်ပြီ...း)...။ “ဘ”ကို မလေးကပြန်ရောက်ပြီး ရန်ကုန်မှာတစ်ခါဆုံဖူးခဲ့ပါတယ်...။ တချိန်က ဖဘမှာ ဖလန်းဖလန်းထခဲ့တုန်းက ကိုမင်းဧရာနဲ့ စကားတွေတော်တော်ပြောခဲ့ဖူးပါတယ် အများအားဖြင့် ကဗျာတွေအကြောင်း ကျွန်မရဲ့ အိန်ဂျယ်စာစုနဲ့ အက်ဆေးတွေအကြောင်းပေါ့ သူက ကျွန်မကို ဘိုဆန်လို့ဆိုပြီး ဘိုမလို့ခေါ်တတ်တယ် သူကတော့ အဲတုန်းကတည်းက ဖဘမှာ လူတိုင်းက “ဘ”လို့ခေါ်ခံရတဲ့သူ..။ ကျွန်မရဲ့ အိန်ဂျယ်စာစုအတော်များများမှာ ကော်မန့်လာပေးတတ်သော ကျွန်မစာတွေကို အဲဒီအချိန်တွေတုန်းက အားပေးတတ်သော ကဗျာသည်တစ်ယောက်ဖြစ်ပါတယ်...။ ကိုမင်းဧရာရဲ့ ကော်မန့်တွေကို သဘောကျတယ်ဆိုတာ သူက ကော်မန့်ပေးရင် သူများတကာနဲ့မတူဘဲ ကဗျာတိုလေးတွေ စပ်ပြီးပေးသွားတတ်လို့ပါ...။ အဲဒီကဗျာကော်မန့်လေးတွေအတွက် ကျေးဇူးပါ ကိုမင်းဧရာ..။ ဘလော့လေးကိုလည်း တစ်ချက်လောက်ငှဲ့ကြည့်ပါဦးလို့ ထပ်ဆင့်သတိပေးပါတယ်...။“ အောက်တိုဘာရဲ့ နောက်ဆုံးမှာသာတဲ့လ”မြူနှင်းတွေကြားကသာနေတဲ့လမင်းအိန်ဂျယ်ရဲ့ ရင်တွင်းမှာလည်းလင်းနေမှာပါ“မိုးထဲလေထဲ”သွားလိုက်ပါ လှော်ခတ်ပြီးတော့အေးဖြော့ဖြော့ နှုတ်ခမ်း သူ့အနမ်းနဲ့နွေးပါစေ။အပေါ်ကတစ်ယောက်ကိုလည်းအီကြာကွေးပုပုလေး ကြွေးလိုက်ပါလေ း)။ကျွန်မ ဘေဘီအီကြာကွေးလုပ်နည်းလေးတင်ထားတာကို ဖတ်ပြီး သူက အဲလိုကော်မန့်ပေးသွားခဲ့ဖူးတာ..။ ကျေးဇူးပါ ဘရေ...။မှတ်ချက်။ ။ တရံရောအခါက ဘလော့ဂါတွေကို ရေးရတဲ့ ရည်ရွယ်ချက်က ဘလော့လောက ကနေ အတန်ကြာပျောက်ကွယ် ပုံးလျှိုးနေကြတဲ့ ဘလော့ဂါတွေကို ပြန်နှိုးလိုက်တာပါပဲ...။ ပြီးတော့ အွန်လိုင်းပေါ်အသစ်ရောက်လာတဲ့ စာဖတ်သူတချို့နဲ့လည်း ပြန်မိတ်ဆက်ပေးချင်တာရယ်.. အဲဒီဘလော့ဂါပုဂ္ဂိုလ်များ အားလုံးကို စာပြန်ရေးစေချင်တဲ့ ရည်ရွယ်ချက်က အဓိကပါပဲ...။မိုးငွေ့
Monday, 30 April 2018
Monday, 9 April 2018
BKK Tour.....(3)
သုံးရက်မြှောက်နေ့က မနက်စာစားပြီး မြဘုရားသွားဖူးကြတယ်...။ မြဘုရားနဲ့တ၀င်းထဲ ဘုရင့်နန်းတော်လည်း တွဲလျက်ပါတာပေါ့...။ ဘန်ကောက်မှာ ကျွန်မတို့အဖွဲ့ကို Metro Resort မှာထားပါတယ်...။ Platinum Mall တို့ Platunum ဈေးတို့နဲ့နည်းတယ် ဆယ်မိနစ်လောက် လမ်းလျှောက်ရင်ရောက်ပြီ...။ ညဈေးနဲ့ Big C ကိုလည်း ဘတ်စ်ကား နှစ်မှတ်တိုင်လောက်စီးရင် ရောက်ပြီ...။
သူတို့ဆီက ဘတ်စ်ကားတော်တော်စုတ်နေတာ တခြမ်းတောင်စောင်းနေပြီ
မြဘုရားဝင်းထဲဝင်ဖို့ ကျွန်မတို့ကိုပို့တဲ့ လေအိတ်ကားကြီးက အဝေးကြီးမှာရပ်ထားရတော့ ၀င်းထဲကိုရောက်ဖို့ ဆယ့်ငါးမိနစ်လောက် လမ်းလျှောက်ရတယ် နေကပူပူနဲ့တော့ တွေ့ကြတာပေါ့...။ မြဘုရားဝင်းထဲ လက်မှတ်ဖြတ်ပြီးဝင်လိုက်တာနဲ့ ဓါတ်ပုံဆရာတွေက Group ပုံရိုက်ဖို့ တခါတည်းပြေးလာပြီး မေးတာ အဲမှာ ဓါတ်ပုံတွေရိုက်ပြီး အထဲဝင်ဖို့ တန်းစီစောင့်ရတယ်...။ အပြန်ထွက်လာရင် ဓါတ်ပုံတွေကို တစ်ပုံ ဘတ်တစ်ရာနဲ့ ဘယ်နှစ်ယောက်ယူမှာလည်းတစ်ခါတည်း စာရင်းကောက်ထားတယ်...။ သူတို့ဆီမှာ ဘာဝယ်ဝယ် ဘတ်တစ်ရာဆိုတာချည်းပဲ...။ တန်းစီးစောင့်နေတဲ့ ဧည့်သည်တွေထဲမှာ တရုတ်နဲ့ ကိုးရီးယားက အများဆုံး သူတို့အသံတွေချည်းပဲ ဆူညံနေတာ...။
မြဘုရားဝင်ဖူးတော့ ဓါတ်ပုံမရိုက်ရဘူးလေ...။ ဥာဏ်တော် 26 လက်မပဲရှိပါတယ်...။ ခပ်ဝေးဝေးကပဲဖူးရတော့ ဟိုးအမြင့်မှာ ပူဇော်ခံထားရတဲ့ ရုပ်ပွားတော်ကို သေချာမမြင်ရပါဘူး မျက်စိတွေကလည်း မှုံနေပြီလေ...။
မှန်စီရွှေချ တိုင်လုံးတွေက တကယ်လက်ရာမြောက်
ရွှေစေတီ
ကျွန်မရဲ့ ထာဝရမော်ဒယ်လေးတွေ
မြဘုရားနဲ့ ဘုရင့်နန်းတော်ပြီးတော့ နေ့လည် 12 ကျော်နေပြီ ကားရပ်ထားတဲ့နေရာကို တခါ ပြန်လျှောက်..။ နေ့လည်စာထမင်းကတော့ ထုံးစံအတိုင်း ဘူဖေး...။ အလွယ်တကူရှိတယ်လေ...။ ဒီတခါ ဘူဖေးကတော့ မဆိုးပါဘူး စားကောင်းတယ် ယိုးဒယားစာတွေမို့လို့လည်းဖြစ်မယ်... ။ မနေ့ညတုန်းကတော့ ဘူဖေးပဲ ဒါပေမယ့် ဟာလာတွေစားနဲ့ ဘူဖေးမို့ CP ကြက်သားဆိုတော်တော်မုန်းနေပြီ...။ အစိမ်းရောင်ကြက်သားဟင်းကလည်း မပါမဖြစ်လေ...။
Body shop က၀ယ်လာတဲ့ ဆပ်ပြာခဲ စတော်ဘယ်ရီ သံလွင် ဇီဇ၀ါ
အပေါ်က သစ်သီးဆပ်ပြာတွေက အ၀တ်ဘီဒိုထဲထည့်ဖို့
နေ့လည်စာစားပြီး MBK ပို့ပေးတယ်...။ ဈေးဝယ်ပြီး ညနေစာစားဖို့ ပြန်လာခေါ်မယ်ပြောလို့ ငါတို့ကိုတော့ ဘူဖေးပဲထပ်ကျွေးမှာပဲဆိုတဲ့သတိချပ်မှုနဲ့ အားလုံးတက်ညီလက်ညီ ငါတို့ဈေးဝယ်ပြီးရင် ဒီMBK မှာပဲ Food Court မှာ ရှိတာစားကြမယ်ဆိုတော့ ဂိုက်က တစ်ယောက်ကို ဘတ်200တန် ကပ်တစ်ကပ်ဆီ လုပ်ပေးပါတယ်...။ ဒီမုန့်ဈေးတန်းမှာစားတာကမှ ဟုတ်တုတ်တုတ်...။ ကိုယ်တွေအကြိုက်ချည်းပဲ...။ အချိုပွဲတွေကအစကောင်းတယ်...။ ဒါနဲ့ ဘတ်နှစ်ရာကို အကုန်မသုံးဘဲ 65ဘတ်ဖိုးလောက်စားပြီး ပိုတာကို ကောင်တာကပြန်ထုတ်ယူပြီး ညကျ ညဈေးမှာ တိုလီမိုလီလေးတွေဝယ်ဖို့ရတယ်လေ...။ သူတို့ဆီမှာ ပိုက်ဆံအသုံးခံတယ် အစားသောက်ဈေးမကြီးဘူး သန့်ရှင်းလတ်ဆတ်တယ် စားချင်စဖွယ်လေးတွေ လုပ်ရောင်းတတ်တယ်...။ ၀တ်သားကြော် ကြက်ကြော်နဲ့ ကောက်ညှင်းပေါင်းတွေဝယ်စားဖြစ်တယ်...။ ဒီတခါ အစားအသောက်ပုံတွေ မရိုက်ဖြစ်ခဲ့ရ...။
MBK က အိတ်လေးဝယ်လာတယ် ဘတ်၂၀၀ တဲ့... ကျွန်မက ပိုက်ဆံအိတ်ဆို Clutch ကြိုက်တယ်... ရုံးလွယ်ဖို့ အညိုရောင်နဲ့အနက်ရောင် သရေလွယ်အိတ်အကြီးနှစ်လုံးလည်းဝယ်ခဲ့သေးတယ် တဆိုင်လုံးဘာအိတ်ယူယူ ဘတ်၂၀၀လေ.. အသားလည်းကောင်းတယ်ဈေးကလည်း မတရားတန်တယ်
ပိတ်သားအိတ်ကလေးတွေ အကြီးအသေးနှစ်လုံးတွဲကို ဘတ် ၁၀၀ကျတယ်
အဲလိုမျိုး ငါးလုံးယူရင် တစ်လုံးအပိုလက်ဆောင်ရသေးတယ်...
ညဈေးမှာ (Platinum Mall ရှေ့) အောက်မှခင်းရောင်းတဲ့ ဘတ်၂၀တန် ဖန်စီနားကပ်လေးတွေလည်း မိုက်တယ် ခုံပုလေးတွေနဲ့ တောင်းလေးနဲ့အေးဆေးထိုင်ပြီး ကိုယ်ကြိုက်တာရွေးယူလို့ရတယ်...။ ဖုန်းကာဗာတွေ ဖိနပ်တွေ ပိုက်ဆံအိတ် ခါးပတ် အ၀တ်အစားတွေမှ ပေါ့ခြင်းသောခြင်း ၀ယ်လို့သိပ်ကောင်း..။
မိုးငွေ့
Monday, 2 April 2018
လတ်တလောဓါတ်ကျနေတဲ့စာ.....
ဒီနှစ်ထဲ ကျွန်မဝယ်ဖတ်ဖြစ်ခဲ့တဲ့စာအုပ်က အမှတ်မထင် ဆရာမင်းလူစာအုပ်တွေများနေတယ်...။ “သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့” စာအုပ်ကို ကျွန်မမွေးနေ့တုန်းက ဝယ်ဖြစ်ခဲ့တာ...။ အရင်ဦးဆုံး စာအုပ်နာမည်လေးကိုရော မျက်နှာဖုံးကိုရောကြိုက်လို့ အတွင်းက စကားလုံးတွေ အကြောင်းအရာတွေကိုတော့ ဆရာမင်းလူလို့ဆိုတာနဲ့ စိတ်ချပြီးသားလေ...။ ဇာတ်အိမ်ခပ်ပါးပါး အရေးအသားတွေက သဘာဝကျကျနဲ့ တစ်ခေတ်တစ်ခါရဲ့ နိုင်ငံရေး ပညာရေး လူနေမှုစနစ် ကံ့ကော်တောထဲကအချစ်အကြောင်း စသဖြင့် ခပ်ရိုးရိုးလေးပဲ ရေးဖွဲ့သွားတာ...။ ဆရာမင်းလူရဲ့ ဝတ္ထုတွေတစ်ခါဖတ်ပြီးရင် စွဲစွဲမြဲမြဲနဲ့ ရင်ထဲခပ်ဆွတ်ဆွတ်လေးထင်ကျန်ရစ်တတ်တယ်...။ မွေးနေ့မှာ အမှတ်တရလည်းဖြစ်သွားခဲ့တယ်...။ လွန်ခဲ့တဲ့ 19 နှစ် 1999 ကျွန်မ အသက်24နှစ်ပြည့် မွေးနေ့တုန်းက ရန်ကုန်မျက်စိနားနှာခေါင်းဆေးရုံကြီးမှာ မျက်ကြည်လွှာလှူခဲ့ဖူးတယ်...။ ဒီနှစ် YGH ရန်ကုန်ပြည်သူ့ဆးရုံကြီးမှာ ခန္ဓာကိုယ်တစ်ခုလုံးကို လှူဖို့စိတ်ကူးရှိပေမယ့် မလှူဖြစ်ခဲ့ဘူး...။ ဘယ်လိုသွားလှူရမယ်ဆိုတာ သေချာမစုံစမ်းရသေးတာလဲပါတယ်...။ နောက်နှစ်တော့သေချာလှူမယ်လို့ ဆုံးဖြတ်ထားတယ်...။ မျက်ကြည်လွှာလှူပြီး နှစ်နှစ်ဆယ်မြောက်အမှတ်တရလည်းဖြစ်သွားအောင်ပေါ့...။
ဆရာမင်းလူရဲ့ စာအုပ်အကြောင်းပြောရင်းနဲ့ အာလူးနည်းနည်းဖုတ်ဦးမယ်...။ မျက်ကြည်လွှာလှူတာဆိုလို့ တလောက အဒေါ်တစ်ယောက်ဆေးရုံတက်လို့ သူ့စောင့်တဲ့နပ်စ်ကို စကားကြုံလို့ မျက်ကြည်လွှာလှူခဲ့ဖူးတာကိုပြောပြမိပါတယ်...။ သူက ရုတ်တရက် “အစ်မ မျက်ကြည်လွှာလှူတော့ ဘယ်လိုနေလဲ မျက်လုံးတွေအရင်ကထက်ပိုကြည်လာလား”တဲ့... အဲလိုမေးတော့ ကျွန်မ ကြောင်တက်တက်ဖြစ်သွားခဲ့တယ်...။ နောက်တော့မှသဘောပေါက်ပြီး “အဲ ညီမလေး မျက်ကြည်လွှာလှူတယ်ဆိုတာ အသက်ရှင်တုန်းခွာယူလို့မရသေးဘူးလေ ကန်းသွားမှာပေါ့ (စိတ်နည်းနည်းမရှည်တော့တဲ့လေသံနဲ့) Expire ဖြစ်သွားတော့မှ နာရီပိုင်းအတွင်း ခွာယူပြီး လိုအပ်တဲ့ မျက်စိကွယ်သူတွေကို လှူရတာမျိုး”လို့ ရှင်းပြရသေးတယ် ဆေးပညာနဲ့မဝေးတဲ့ နပ်စ်တစ်ယောက်ဖြစ်လျက်နဲ့ မျက်ကြည်လွှာလှူတာကို သေချာမသိတာတော့ တကယ်ဝမ်းနည်းဖို့ကောင်းတယ်...။ ကျွန်မတို့နိုင်ငံမှာ ဒေသန္တရဗဟုသုတတွေ သိပ်နည်းနေပါလားလို့တွေးလိုက်မိလို့လေ...။ ဒါကလည်း စာဖတ်ခြင်းအကျိုးကျေးဇူးတွေ အများကြီးပါတယ်..။ စာများများဖတ်ကြပါ...။ ကိုယ်သန်ရည်ရာစာတွေဖတ်ကြပါ ...။ စာကောင်းပေမွန်တွေကိုလည်း ရွေးချယ်ဖတ်နိုင်ကြပါစေလို့ပဲ ဆုတောင်းနိုင်တော့တယ်...။
ခုလောလောဆယ် “ရင်ခုန်သူများ” စာအုပ်ကို ဖတ်နေတယ်...။ ဆရာမင်းလူစာအုပ်တွေကို 2018 မှာ တော်တော်များများဖတ်ဖြစ်နေဦးမယ်ထင်တယ်...။ ဆရာ့ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အထူကြီးကို စာအုပ်ဆိုင်ရောက်တိုင်း ကျွန်မမျက်စောင်းထိုးဖြစ်နေတယ် ဘယ်နေ့ဝယ်ဖြစ်မလဲမသိဘူး...။ ဝယ်ဖြစ်သွားရင် လာကြွားဦးမယ်...။
မိုးငွေ့
Subscribe to:
Posts (Atom)