Tuesday, 21 April 2009

အသည်းကွဲမိုးတိမ်.....







ဝါကျင့်ကျင့်မီးရောင်အောက်က.... အခန်းကျဉ်းလေးထဲမှာ ကျမခေါက်တုန့်ခေါက်ပြန် လျှောက်နေခဲ့မိတယ်...။ ရင်တစ်ခုလုံး ပူလောင်နေတယ်..။ ခေါင်းထဲမီးတောက်နေသလို ခံစားနေရတယ်...။ အခန်းထဲမှာလျှောက်လို့အားမရတာနဲ့ ရေချိုးခန်းထဲက အိမ်သာအိုးဖုံးပေါ်ထိုင်လိုက်တယ်..။ မှန်ထဲမှာပေါ်လာတဲ့ ကျမပုံရိပ်ကို ကြည့်လိုက်တော့ နဖူးမှာချွေးတွေစို့နေတယ်....။ ကျမနှုတ်ခမ်းလေးတွေ ခပ်ဟဟလေး ဖြစ်နေကြတယ်...။ နှာခေါင်းနဲ့အသက်ရှု မဝလို့ ပါးစပ်နဲ့ပါရှုနေရတယ်...။ အိုး...ဆိုးရွားလိုက်တဲ့ဝေဒနာပါလား..။ အာခေါင်တွေခြောက်ကပ်ပြီး မျက်ဝန်းနှစ်ဘက်ဆီကလဲ မျက်ရည်တွေ ရိပ်ခနဲ ပြည့်လျှံ တက်လာတယ်..။ ကျမအားပါးတရ ငိုလိုက်ရမလား...။ ခုချိန်မှာ ကွင်းပြင်ကျယ်ကြီးတစ်ခုဖြစ်ဖြစ် ပင်လယ်ကမ်းစပ်ကို ရောက်နေရင်ပဲ ဖြစ်ဖြစ် အာခေါင်ခြစ်ပြီး အားကုန် အော်ဟစ် ပေါက်ကွဲမိမယ်ထင်ပါရဲ့...။

တကယ်ဆို မိုးနဲ့ပတ်သက်ပြီး အတွေ့အကြုံတွေအများကြီးရှိခဲ့ပါလျက်နဲ့ ကျမဘာကြောင့်ခံနိုင်ရည်မရှိခဲ့တာလဲ...။ လက်ထဲက စာခေါက်ထူထူကို ဘယ်နှစ်ကြိမ်မှန်းမသိဘူး ပြန်ပြန်ဖတ်နေမိတယ်..။ စာထဲကအကြောင်းအရာ တချို့တွေက ကျမကို တကိုယ်ကောင်းဆန်ရာကျတယ်လို့များဇွတ်ဆွဲနေကြမလား..။ မိုးလန်ဒန် မထွက် ခင်တုန်းက ပြောခဲ့တဲ့ ကျမတို့ အနာဂတ်အကြောင်းတွေနဲ့ မိုးနဲ့ ကျမဘယ်လို ပတ်သက်တယ် ဆိုတဲ့အကြောင်း...မိုးကိုကျမ သိပ်ချစ်ရတဲ့အကြောင်း.. ကျမ ဒီစာကိုပို့သင့်သလား ? Amma ဆိုတဲ့ ကောင်မလေးကို မိုးကသူ့ဘ၀ အတွက်ရွေးချယ်လိုက်ပြီဆိုတဲ့အကြောင်း မိုးကိုယ်တိုင် ဖုန်းထဲကတောင် ဝန်ခံခဲ့ပြီးသွားပြီပဲ...။ ဒါဆို ဒီစာကဘယ်မှာသွားပြီး အရာရောက်ပါတော့မလဲ...။ Amma အတွက် ကျမဟာ သိပ်ကိုသနားစရာကောင်းတဲ့ မိန်းမဖြစ်သွားမှာပေါ့..။ ဟုတ်တယ်လေ..သူအဲဒီစာကိုဖတ်ပြီး သူတစ်ခါမှ မမြင်ဖူးတဲ့ ကျမကို အောင်နိုင်သူ အပြုံးမျိုးနဲ့ လှောင်နေမှာ သေချာတယ်...။ ကျမကို သူမြင်ဖူးချင်လဲ မြင်ဖူးလိမ့်မယ်..။ ဘာလို့လဲ ဆိုတော့ ကျမမျက်နှာလေးကို မေ့သွားမှာစိုးလို့ဆိုပြီး အီးမေးလ်ကတဆင့် မိုးတောင်းခဲ့ဖူးလို့ ကျမဓါတ်ပုံသုံးပုံ ပို့ပေးခဲ့ဖူးတယ်..။ အဲဒီတုန်းက ကျမမှာတော့ မိုးရဲ့ အီးမေးလ်ဖိုင်တွေကို အသေချာတွဲပြီး ခဏခဏပြန်ဖတ်ရတာအမောပေါ့...။ မိုးကျမကိုထားသွားခဲ့တာ ကျမကြောင့်လား...။ တကယ်တမ်းကျတော့ ကျမအသုံးမကျခဲ့တာ အများကြီးပါ...။ ကိုယ်သိပ်ချစ်တဲ့ ချစ်သူတစ်ယောက်ကိုတောင်မှ မဆွဲဆောင်ထားနိုင် လောက်အောင် ကျမညံ့ခဲ့တာပါ...။

ကျမခံစားချက်ကို ဖွင့်ဟဖို့ ကျမမှာ သူငယ်ချင်းများများစားစားမရှိပါဘူး...။ ကျမရဲ့စာအုပ်ကပဲ ကျမရင်ဖွင့်ဖော်ပါ..။ ကျမမှာ ချစ်သူရှိတယ်လို့ ဘာကြောင့် လူကြီးတွေကို ဖွင့်မပြောရဲ့ခဲ့တာလဲ...။ အဲဒီတုန်းက မိုးကပြောခဲ့ပါသေးတယ်..။

“ ကိုယ်တို့ လူကြီးတွေကို ဖွင့်ပြောပြီး တစ်အိမ်နဲ့တစ်အိမ် ဝင်ထွက်သွားလာကြရင် မကောင်းဘူးလား...ညို...” တဲ့....။

ကျမဘာမှ မတုန့်ဘဲ ပြုံးနေခဲ့တာကို ဘေးနားမှာ ကားမောင်းနေတဲ့မိုး ကျမကို စောင်းငဲ့ကြည့်ခဲ့ပါလိမ့်မယ်..။ ပြီးတော့ကျမဟာသူ့ကို အထင်မကြီးတဲ့ မာနခပ်ကြီးကြီးမိန်းမတစ်ယောက်လို့ ကျောင်းတုန်းကတည်းက မိုးအထင်လွဲခဲ့တာလေ..။ တကယ်တမ်းကျတော့ မိုးအပေါ် ဘာမာနမှမထားခဲ့ပါဘူး...။ ရှက်ကြောက်တတ်တဲ့ မရဲတင်းတဲ့ ကျမအမူအကျင့်တွေကြောင့်ပါ..။ ကျမမိုးကိုဘယ်လောက်ချစ်တယ်ဆိုတာ မိုးသိဖို့ကောင်းပါတယ်..။ ကျမမျက်လုံးတွေကို မိုး ကောင်းကောင်းဖတ်တတ်ပါတယ်..။ အဲဒါကိုတော့ မိုးမညာပါနဲ့...။

မိုးနဲ့ အပြီးတိုင်ခွဲခွာကြရပြီလို့ ကျမကိုယ်ကျမ သေချာသွားတဲ့နေ့မှာ ကျမ အသဲကွဲဝေဒနာကို စတင်ခံစား လိုက်ရတယ်...။ မိုးကြောင့်ရလာတဲ့ ဒီဝေဒနာဟာ ချိုမြိန်စွာအသဲကွဲခြင်းလား...ခါးသီးစွာအသဲကွဲခြင်းလား..? မိုးကို ဘယ်တော့မဆိုအပြစ် မမြင်တတ်တဲ့ ကျမအတွက်တော့ ချိုုမြိန်စွာအသဲကွဲခြင်းပဲဖြစ်ပါလိမ့်မယ်...။ ပြောရရင် ရယ်စရာများဖြစ်နေမလား...ကျမလို ချစ်သူတစ်ယောက်တည်းအတွက် မရိုးအီနိုင်အောင် ခံစားတတ်တဲ့ သူများလောကမှာ ရှိပါဦးမလား...။ မိုး Amma ကိုရွေးချယ်လိုက်ပြီလို့ ဝန်ခံခဲ့တဲ့နေ့..။ မိုးတို့ လန်ဒန်မှာ လက်ထပ်သွားပြီလို့ သိလိုက်ရတဲ့နေ့...။ ပြီးတော့ မိုးရန်ကုန်ပြန်လာပြီး မင်္ဂလာဧည့်ခံပွဲလုပ်တဲ့နေ့...။ မိုးရဲ့ မင်္ဂလာဆောင်ဖိတ်စာကို ခဏခဏထုတ်ကြည့်လိုက်...မိုးနဲ့ပတ်သက်ခဲ့တဲ့ အကြောင်းတွေကိုရေးထားတဲ့ စာအုပ်ကို ပြန်ဖတ်လိုက်နဲ့...။ ကျမသူငယ်ချင်းကပြောတယ်..။ ဘာလို့ ဒီလောက် ခံစားနေမလဲ...။ မတန်ပါဘူး ။...မေ့ပစ်လိုက်စမ်းပါတဲ့...။ ပြီးတော့ အဲဒီစာအုပ်ကိုလဲ မီးရှို့ ပစ်လိုက်တော့..တဲ့..။ အိုး!.... ဒီစာအုပ်ကိုမီးရှို့ ပစ်လိုက်တာဟာ ကျမအသဲနှလုံးကို အရှင်လတ်လတ် မီးရှို့ ပစ်တာနဲ့အတူတူပဲ..။ ကျမခံနိုင်ရည်မဲ့စွာ ငိုချလိုက်တော့... ကျမသူငယ်ချင်းက ပြာပြာသလဲဖြစ်သွားခဲ့တယ်..။ နင် အဲဒီမင်္ဂလာဆောင်ကို မသွားစမ်းပါနဲ့ဟာ.. လူအများကြီးရှေ့မှာ နင်မထိန်းနိုင်ပဲ ငိုချလိုက်ရင် အရှက်တွေကွဲကုန်မှာ... တဲ့..။ ဒါပေမယ့် မိုးရဲ့မင်္ဂလာပွဲကို ရအောင်တက်ခဲ့တယ်...။ Church Wedding ကိုတောင်မှကျမရအောင်သွားခဲ့တယ်..။ ဟုတ်တယ်လေ..။ ကျမသိပ်ချစ်တဲ့ မိုးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့နေ့တွေကို ကျမလဲပါဝင်ခွင့်ရချင်တာပေါ့ ....။

တော်ပါသေးရဲ့ Church Wedding မှာရော ယုဇနဂါးဒင်း မှာပါ ကျမဘာမှမဖြစ်ခဲ့ဘူး...။ ကျမခံနိုင်ရည်ရှိပါသေးတယ်နော်...။ ဧည့်ခံပွဲပြီးတော့ မနီးမဝေးတစ်နေရာကနေ မိုးတို့ဓါတ်ပုံ အရိုက်ခံနေတာကို ရပ်ကြည့်နေခဲ့မိတယ်..။ တခဏမှာတော့... မိုးကျမကို လှမ်းမြင်လိုက်တယ်...။ ကျမပြုံးပြတာကိုတောင် ပြန်မပြုံးနိုင်ဘဲ...မိုးမျက်နှာပျက်သွားလိုက်တာ...။ မိုးက ကျမ မလာနိုင်လောက်ဘူးလို့များ တွက်ဆ ထားခဲ့သလား...။ မိုးရယ်...ရှင့်ဘဝအတွက် အရေးကြီးဆုံးနေ့တွေ အတော်များများကို ကျမပါဝင် ပတ်သက် ခဲ့ဖူးပါတယ်...။ မိုးမှတ်မိမှာပါ...။ မိုးအရမ်း ခရေဇီဖြစ်တဲ့ Hollow Guitar ကို အင်းစိန်မှာသွားရွေးကြတဲ့နေ့..။ မိုးနဲ့စခင်တုန်းက Valentine's Day မှာ RC3က ကျောင်းကန်တင်းမှာ မိုးတိုက်တဲ့အအေးကို အတူသွားသောက်ကြတဲ့နေ့..။ မိုးနေမကောင်းလို့ဆေးရုံတက်တုန်းက မိုးအနားမှာ အမြဲလာအားပေးခဲ့ ရတဲ့နေ့ရက်တွေ...။ မိုးဘွဲ့ယူဖို့ ဝတ်စုံလိုက်ရွေးပေးခဲ့တဲ့နေ့...(အဲဒီတုန်းက မိုးဘွဲ့ယူတဲ့နေ့ကို ရုံးဖွင့်ရက်မို့ ကျမ မလိုက်ပေးနိုင်ခဲ့ဘူး)...။ ကျမတို့မြို့ ပြင်ဘက်ကားမောင်းပြီး Sun Set အတူကြည့်ခဲ့ကြတဲ့နေ့...။ Christmas မှာ မိုးနဲ့အတူ အမျိုးတွေအိမ်မှာ မုန့်လိုက်စားခဲ့တဲ့နေ့....။ မိုးဟာလေ ကျမဘဝကို အဲဒီလောက်လွှမ်းမိုးနိုင်ခဲ့သူပါ...။ မိုးတိမ်လွှာတွေ ကမ္ဘာမြေကို လွှမ်းခြုံထားနိုင်သလို မိုးကလဲ ကျမဘဝကို လွှမ်းထားနိုင်ခဲ့သူမို့ ကျမက တိတ်တိတ်ကလေး..“ မိုး ” လို့ချစ်စနိုးပေးခဲ့တာပါ...။

ကျမကြောင့် မိုးဒီလောက်မျက်နှာပျက်သွားတာမျိုး ကျမအဖြစ်မခံနိုင်ပါဘူး...။ ကျမအလိုက်တသိနဲ့ အကြည့်လွှဲ ခဲ့လိုက်ပါတယ်..။ ဘာပဲဖြစ်ဖြစ်..ကျမဟာ မိုးနဲ့အတူ ဘဝလမ်းတွေကို လျှောက်လှမ်းခွင့် ဘယ်တော့မှ မရနိုင်တော့မှန်း သိနေခဲ့တယ်...။ မိုးမပါလဲ... ကျမတစ်ယောက်ထဲ.. ရဲရဲဝံ့ဝံ့ရှေ့ဆက်ဖို့ ပြင်ဆင်ထားပြီးသားပါ...။ ဒါနဲ့များတော့ ကျမစိတ်ကပျော့ညံ့လွန်းပါတယ်..။ ကျမတို့က ခုတော့...သူငယ်ချင်းတွေလို တစ်ချိန်က တစ်ခါမှ မပတ်သက်ခဲ့ဖူးတဲ့ သူတွေလိုပုံစံမျိုးနဲ့ နှုတ်ဆက်ခဲ့ကြရပြီပေါ့...။

အခု.....မိုးတွေ သဲသဲမဲမဲရွာချနေတယ်....။
ငယ်ငယ်တုန်းက မိုးရွာထဲမှာ မိုးရေချိုုးပြီး ဆော့ကစားခဲ့တာကို ပြန်မြင်ယောင်နေမိတယ်...။ ငယ်ငယ်ကလို မိုးရေထဲလျှောက်သွားလိုက်ချင်တယ်..။ မိုးကောင်းကင်ကြီးကို မျက်နှာမော့ထားပြီး မျက်စိစုံမှိတ်ထားမယ်...။ မျက်နှာပေါ် ကျရောက်လာမယ့် မိုးရေစက်တွေကို ခံယူလိုက်ရရင် ဘယ်လောက် လတ်ဆတ်လန်းဆန်းပြီး ကြည်နူးအေးမြ လိုက်မလဲ...။ ပြီးတော့ ပူနွေးတဲ့ မျက်ရည်စက် တချို့ပါ ရောပါကောင်းရောပါနေလိမ့်မယ်..။ ကျမမြင်နေရတဲ့ မိုးတိမ်တိုက်တွေ လေအရှိန်နဲ့ရွေ့ လျားနေကြတယ်..။ အဲဒီတိမ်ငွေ့တွေဟာ ကမ္ဘာကြီးကိုတစ်ပတ်မပတ်မိဘူးလို့ ဘယ်သူပြောနိုင်မလဲ..။

ဘာပဲဖြစ်ဖြစ် ကျမကတော့ မိုးတွေ အုပ်ဆိုင်းပြီး ရွာချလိုက်ရင်ပဲ....အဲဒီမိုးတွေကို ကြည့်ပြီး လွမ်းတတ်နေခဲ့ပါပြီလေ.......။ တခါတလေ...မိုးရွာနေတာကိုကြည့်ရင်း မိုး..ကျမကိုလွမ်းဖူးသလား....? ကျမသိချင်လိုက်တာ....။ 



 မိုးငွေ့