Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Tuesday, 8 October 2013

အစားသောက်နှင့်ကင်ဆာ......


ညီမ မဒမ်ကိုး ဒီတဂ်ပို့စ်လေးရေးခိုင်းတာကြာပြီ...။ ဒီလို ဆေးပညာပေးစာမျိုးက ရေးနေကျမဟုတ်တော့ အခက်တွေ့နေတာပေါ့...။ ဒါကြောင့် မီးဖိုချောင်နဲ့ပတ်သက်တဲ့ပို့်စ်တွေ ရေးနေတဲ့ ကျွန်မအတွက် အစားအသောက်ပုံလေးနဲ့ ဆောင်းပါးအကိုးအကားလေးနဲ့ပဲ ရေးတတ် သလိုမျိုး ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...။

အရင်ဦးဆုံး ကင်ဆာဖြစ်ပွားရတဲ့ အကြောင်းအရင်းကို ဗဟုသုတအနေနဲ့ ပြောပြချင်ပါတယ်...။ စက်တင်ဘာ ၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာပါတဲ့ ဓါတ်ရောင်ခြည်ဆေးကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ပါမောက္ခဦးစိုးမောင် ရေးသားဖော်ပြထားတဲ့ “ကင်ဆာအကြောင်းသိကောင်းစရာ” ဆိုတဲ့ ဆောင်းပါးလေးကို ပြန်လည်ဖော်ပြချင်တာပါ..။ 

ကင်ဆာဆိုသည်မှာ အဘယ်နည်း-

ခန္ဓာကိုယ်အတွင်းရှိဆဲလ်များ ထိန်းချုပ်မှုကင်းမဲ့စွာ ကြီးထွားလာခြင်း အကြောင်းအရင်းများစွာ၏ အကျိုးတရားတစ်ခုဖြစ်ပြီး တစ်နေရာတွင် စတင်ဖြစ်ပွားကာ ခန္ဓာကိုယ်အရပ်ရပ်သို့ ပျ့ံ့နှံ့ရောက်ရှိနိုင်သည်။ အရပ်အခေါ် မြစ်ပွားနာဟုခေါ်သည်။
ကင်ဆာဖြစ်ရသည့်အကြောင်းအရင်းများ
မျိုးရိုးဗီဇ
နေရာင်ခြည်နှင့်အခြားဓာတ်ရောင်ခြည်များ
ဓာတုဗေဒပစ္စည်းများ
ရောဂါဖြစ်စေသော ပိုးမွှားများ
ဟော်မုန်းဓာတ်ဆေးဝါးများ
နေထိုင်မှုအကျင့်စရိုက်များဖြစ်သော ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင့်နှင့် ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းတို့ကြောင့်ဖြစ်နိုင်သည်။

မျိုးရိုးဗီဇကြောင့်ဖြစ်ပွားလေ့ရှိသော ကင်ဆာများမှာ

ရင်သားကင်ဆာ
အူမကြီးကင်ဆာ
ဆီးကျိတ်ကင်ဆာနှင့်
ကလေးများတွင်ဖြစ်သော မျက်လုံးကင်ဆာတို့ဖြစ်သည်။

ရောင်ခြည်နှင့် အခြားဓာတ်ရောင်ခြည်များကြောင့်ဖြစ်သော ကင်ဆာများမှာ

အရေပြားကင်ဆာများဖြစ်ပြီး ပြင်းထန်သော နေရောင်ခြည်ကြောင့်ဖြစ်ပွားနိုင်သည်။ အရေးပြားကင်ဆာသည် အနောက်နိုင်ငံများတွင် ပိုမိုဖြစ်ပွားသည်။ စောစီးစွာသိရှိပါက ခွဲစိတ်ကုသမှုတစ်ခုတည်းဖြင့် ပျောက်ကင်းအောင်ကုသနိုင်သည်။

ကင်ဆာဖြစ်စေသောဓာတုဗေဒပစ္စည်းများမှာ
အစားအသောက်များတွင် ပါဝင်သော ဆိုဆေးများ
မီးကင်ကြပ်တင်ထားသောအစားအစာများ
ကြာရှည်ခံအောင် ဆားဖြင့်စီမံထားသော အစားအစာများ
ယမ်းစိမ်းဖြင့် ပြုပြင်ထားသော အစားအစာများ 
မှိုတက်နေသော အစားအစာများဖြစ်သည်။

ပိုးမွှားများကြောင့်ဖြစ်သော ကင်ဆာများမှာ
အသည်းရောင်ဘီဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် အသည်းကင်ဆာ
EBV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော နှာခေါင်းနောက်ကင်ဆာ
ခုခံအားကျဆင်းမှုဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် ပြန်ရည်ကျိတ်ကင်ဆာ
HPV ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသည့် သားအိမ်ခေါင်းကင်ဆာတို့ဖြစ်သည်။

ဟော်မုန်းဓာတ်ဆေးဝါးများကြောင့်ဖြစ်သော ကင်ဆာများမှာ
ဆီးကျိတ်ကင်ဆာ
ရင်သားကင်ဆာ
သားအိမ်ကင်ဆာ

နေထိုင်မှုပုံစံများကြောင့်ဖြစ်သောကင်ဆာများ
ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာရောဂါ
ကွမ်းစားခြင့်၊ ဆေးရွက်ကြီးငုံခြင်း၊ အရက်သောက်ခြင်းကြောင့် ခံတွင်းနှင့် အစာမျိုပြွန်ဆိုင်ရာကင်ဆာရောဂါများ
ဆိုးဆေးများ၊ ယမ်းစိမ်းများ၊ ဓာတုဗေဒပစ္စည်းများပါဝင်သော အစားအစာများ စားသုံးခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ကင်ဆာများဖြစ်နိုင်ပါသည်။

ကင်ဆာမဖြစ်အောင်ကာကွယ်၍ ရနိုင်ပါသလား

ကာကွယ်၍ ရနိုင်ပါသည်၊ မျိုးရိုးဗီဇကြောင့် ဖြစ်သော ကင်ဆာများသည် ကင်ဆာအားလုံး၏ သုံးပုံတစ်ပုံသာဖြစ်သည်။ ကျန်သုံးပုံနှစ်ပုံမှာ နေထိုင်မှုအကျင့်စရိုက်ကြောင့် ဖြစ်သောကင်ဆာများဖြစ်ပါသည်..။ 

ကင်ဆာကိုဘယ်လိုကာကွယ်မလဲ

ကင်ဆာဖြစ်စေနိုင်သော အကြောင်းအရင်းများကို ရှောင်ကြဉ်ခြင်းသည် ကင်ဆာရောဂါကို ကာကွယ်ခြင်းဖြစ်ပါသည်။

ဆေးလိပ် ဆေးရွက်ကြီး အရက် ကွမ်းစားခြင်းမှရှောင်ကြဉ်ခြင်း
ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ အဝလွန်ခြင်းမှရှောင်ကြဉ်ခြင်း
ဆားဖြင့်စီမံထားသော အစာများ ကြပ်တင်ထားသောအစာများ ယမ်းစိမ်းဖြင့်ပြုပြင်ထားသော အစားများနှင့် အချဉ် သနှပ်များ အလွန်အကျွံစားခြင်းမှ ရှောင်ကြဉ်ခြင်း
ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများစားသုံးခြင်း
ပြင်းထန်သောနေရောင်ခြည်ကို ကြာရှည်စွာထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း
တစ်လင်တစ်မယာစနစ် ကျင့်သုံးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်လုပ်ခြင်းတို့ဖြစ်ပြီး ကင်ဆာရောဂါလဏ္ခာများကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကိုပြုလုပ်ပါ..။

ကင်ဆာရောဂါဖြစ်ပွားနိုင်သည်ဟု ယူဆရသော လက္ခဏာများ

အချိန်အခါမဟုတ်ဘဲ သွေးဆင်းခြင်း အဖြူဆင်းခြင်း။
လည်ပင်း၊ ချိုင်း၊ သားမြတ်၊ ပေါင်ရင်း စသည်တို့တွင် အလုံးအကျိတ်အခဲတွေ့ရှိခြင်း။
ပျောက်သင့်သည့် အချိန်ကျော်၍ မပျောက်သောအနာများ။
ဝမ်းဖြစ်စေ ဆီးဖြစ်စေသွားလေ့သွားထ ပြောင်းလဲလာခြင်း။
အမြဲအသံဝင်လာခြင်း၊ အမြဲမပြတ် ချောင်းဆိုးလာခြင်း။
အစာမျိုရတာ ခက်ခဲခြင်း အစာမကြေသလို မစားချင်သလို မကြာခဏဖြစ်ပေါ်လာခြင်း။
ကိုယ်ပေါ်ရှိမဲ့ှ(သို့မဟုတ်) ကြွက်နို့၊ မွေးရာပါ အမှတ်များ ကြီးထွားလာခြင်း၊ သွေးထွက်ခြင်း၊ အရောင်ပြောင်းခြင်း။ 

ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသ၍ ရနိုင်ပါသလား

အချို့ ကင်ဆာရောဂါများကို စောစီးစွာ သိရှိ၍ အချိန်မီ ထိရောက်စွာ ကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါသည်။ ရောဂါအဆင့်လွန်မှကုသလျှင် ပျောက်ကင်းရန်မလွယ်ပါသဖြင့် မသိနားမလည်သူများ၏ ပြောစကားကို နားယောင်၍ ဆေးမြီးတိုများနှင့် မကုသင့်ပါ။ ရောဂါမလွန်သင့်ဘဲ လွန်စေတတ်ပြီး အသက်ဆုံးရှုံးရသည့်အဖြစ်ရောက်တတ်ပါသည်။ 

ကင်ဆာရောဂါ မည်သို့ကုသနိုင်ပါသလဲ

ကင်ဆာရောဂါကုသမှုများ၏ အဓိကရည်ရွယ်ချက်များမှာ
ပျောက်ကင်းနိုင်သည့် ကင်ဆာရောဂါများကို အမြစ်ပြတ်ပျောက်ကင်းစေရန်
မပျောက်ကင်းနိုင်သည့် အဆင့်ရှိ ကင်ဆာရောဂါသည်များအား သက်တမ်းပိုမိုကြာရှည်စွာနေထိုင်နိုင်ရန်
ကင်ဆာရောဂါလူနားများခံစားနေရသော ရောဂါဝေဒနာများ သက်သာစေရန်တို့ဖြစ်သည်..။

ဒီဆောင်းပါးလေးက အပြီးသတ်မဟုတ်သေးပါဘူး...။ နောက်နေ့တွေမှာဆက်လက်ဖော်ပြပါမယ်လို့ ရေးသားထားပါတယ်..။ ဒါလောက်နဲ့ဆို ကျွန်မတို့ နေ့စဉ်နေထိုင်မှုစနစ်ကို ကိုယ့်ဘာသာကို စနစ်တကျနေထို်င်စားသောက် သွားမယ်ဆို ကင်ဆာဆိုတဲ့ ရောဂါကနေ ကင်းဝေးသွားမှာပါ...။




အသီးစိမ်းစိမ်းကလေးတွေက ခရမ်းကဆော့သီး ယိုးဒယားအုန်းနို့ဟင်းတွေမှာ အများအားဖြင့် ထည့်သုံးကြပါတယ်...။ အုန်းနို့ဟင်းမို့လို့ သူ့နဲ့တွဲစားရင်အကြောမတက်ပါဘူး...။ အရှေ့က ဒူးရင်းပေါက်လေးနဲ့တူတဲ့အသီးက ခွဲလိုက်ရင် ကင်းမုံသီးနဲ့တူပါတယ် သူ့ကိုတော့ငါးပိချက်ချက်သလိုပဲ ချက်စားရတာပါ အသီးနာမည်ကို မေးခဲ့တာ မေ့သွားလို့...။ ဟင်းခပေါင်သီးတဲ့ ဖဘမှာ Daw Q T ကျေးဇူးကြောင့်သိလိုက်ရလို့ ပြန်လာရေးပေးတာပါ...။



 
ပန်းဂေါ်ဖီစိမ်း ကင်ဆာမဖြစ်ဖို့ ကာကွယ်တဲ့ အစားစာမှာ ထိပ်ဆုံးကပါတာပေါ့...။ ဒါပေမယ့် ဈေးထဲမှာတော့ တရုတ်ပန်းစိမ်းနဲ့ ယိုးဒယားပန်းစိမ်းနှစ်မျိုးလာတယ်...။ ခုပုံမှာပြထားတာကတော့ ယိုးဒယားကလာတာပါ သူကပိုစိမ်းပြီး အပွင့်လေးက ပွပွမွမွလေးရှိတယ်..။ တရုတ်ပန်းကတော့ အရောင်နဲနဲမှိုင်းတယ် တရုတ်ကလာရင်တော့ စားရမှာကြောက်ကြမှာပါ...ဘာဆေးတွေများဖျန်းထားသလဲ ပန်းအစစ်မှဟုတ်ရဲ့လားဆိုတဲ့ သံသယပေါင်းများစွာနဲ့ စားရမှာမဟုတ်လား...။


တန်အိုးလို့ခေါ်တဲ့ ရှမ်းပြည်ကလာတဲ့ ဖတ်ချီဝိုး ဟော့ပေါ့မှာ အများဆုံးသုံးပါတယ်...
အိမ်မှာဆိုရင် အရိုးပြုတ်ရည်လေးမှာ ခပ်သောက်ရတဲ့ အရွက်မျိုးပါ....


 မုန်ညင်းစောလုပ်တဲ့ မုန်ညင်းပါ အရသာခါးသက်သက်ရှိတယ်....





ရွှေပဲညွှန့်... ရှမ်းခေါက်ဆွဲ တိုဟူးနွေးတွေမှာ ထည့်စားလေ့ရှိတဲ့ အညွှန့်လေးတွေကိုသာ စားသုံးရတာပါ...။ တောင်ကြီးမှာတော့ ရှမ်းထမင်းဆိုင်တွေမှာ မြေပဲလှော်ထောင်း ဆီချက်တို့နဲ့သုပ်တဲ့ ဟင်းပွဲမျိုးအပြင် ရွှေပဲညွန့် ဟင်းရည်လည်းရှိပါတယ်...။ ကျွန်မတို့အရှေ့ပိုင်းရှမ်းပြည်မှာတော့ ခေါက်ဆွဲတို့ တိုဟူးနွေးတို့ထဲကို ရေနွေးမဖျောပဲ အစိမ်းတိုင်းလည်းထည့်စားတတ်ကြပါတယ်..။


 မုန်ညင်းချဉ်လုပ်တဲ့မုန်ညင်းထုပ် အရိုးပြုတ်ရည်ထဲခပ်သောက်လည်းသိပ်ကောင်းတယ် 
အရသာခါးသက်သက်ရှိတယ်


 စမုံစပါးရွက် ကြက်ဥနဲ့ခလောက်ပြီးကြော်စားရတယ်... 
အနံ့နဲနဲပြင်းလို့ အန့ံ့ပြင်းမကြိုက်တဲ့သူတွေ အတွက်တော့ စားနိုင်ကြမှာမဟုတ်ပါဘူး...


သရက်ချဉ်... တာရှည်အချဉ်တည်ထားတဲ့ အငံများတဲ့ ဒီလိုအစားအစာမျိုးကိုတော့ မစားသုံးသင့်ပါဘူး..
စားချင်ရင်တောင်မှ ကိုယ့်ဘာသာကိုယ်အိမ်မှာ သန့်သန့်ရှင်းရှင်းနဲ့
အချဉ်တည်(အငံလျှော့ထားတဲ့) တာမျိုးကိုပဲအားပေးပါတယ်...



 ဒီမုန်လာဥနီက သဘာဝအတိုင်းစိုက်ပျိုးထားတာမဟုတ်ပါဘူး... လှလှပပနဲ့ အလုံးအထည်အရောင်အဆင်းကြီးအောင်လှအောင်ဆေးသုံးထားတာမို့ သဘာအတိုင်း မုန်လာဥနီအသေးလေးတွေကိုပဲ
ရွေးချယ်စားသုံးစေလိုပါတယ်...





ဝါးပိုး...။ ကျွန်မဆို့ ရှမ်းပြည်ဖက်မှာဆိုရင်တော့ ဝါးဆစ်ကလေးနဲ့ငှက်ပျောဖက်အဝမှာ စို့ပြီးလာရောင်းတတ်ပါတယ်...။ အရှင်တွေပါ လှှုပ်လှုပ်ရွရွနဲ့မို့ အသည်းတော့ယားစရာပါ...။ ကြော်ရင်လဲ ဆူပူအိုးထဲအရှင်လိုက်ကြီးထည့်ကြော်ရပါတယ်...။ အရသာဆိမ့်တယ်...။ ခုပုံမှာပြထားတဲ့ ဝါးပိုးကတော့ ရေခဲရိုက်ထားတဲ့အသေတွေပါ...။ အသီးအရွက်တွေဓါတ်ပုံလိုက်ရိုက်ရင်း ယူနန်စာတွေရောင်းတဲ့ တရုတ်ဆိုင်မှာတွေ့လို့ရိုက်လာခဲ့တာပါ..။


ဂျပန်သခွား


 ခရမ်းသီးတမျိုးပဲ


ငရုတ်ပွ
 

  ဂျင်းနု




မုန်ညင်းချဉ်ထုပ် ရှမ်းပြည်မှာ ဆန်တိုဖူးထဲထည့်စားလေ့ရှိတဲ့ မုန်ညှင်းချဉ်ပါ...။ ဆန်ဆေးရည်နဲ့လုပ်တဲ့ မုန်ညင်းချဉ်ဆိုရင်တော့ စားရတာ အန္တရာယ်မရှိပေမယ့် ယမ်းစိမ်းတွေ တခြား အချဉ်မြန်အောင်ထည့်တဲ့ ဓါတုဗေဒဆေးတွေပါမပါ စစ်ဆေးနိုင်မှာမဟုတ်တဲ့အတွက် အိမ်လုပ်(ကိုယ်တိုင်လုပ်)မုန်ညင်းချဉ်ကိုသာ စားသုံးစေချင်ပါတယ်..။





ညှီစော်နံမြစ်တဲ့...။ ကင်ဆာဖြစ်နေတဲ့သူတွေ သူ့ကိုထောင်းပြီး အရည်သောက်ရတယ်ပြောတယ်...။ နံမည်နဲ့လိုက်အောင် နမ်းကြည့်တော့ တော်တော်ကို ညှီစော်နံပါတယ်..။ ကြေးနံမြစ်(ကြေးနီမြစ်) သုပ်စားလို့လည်းရတယ် ပဲပုပ်နဲ့လည်းထောင်းစားလို့ရတယ်လို့ Daw Q T လေးက ဖဘမှာကော်မန့် သွားပါတယ်..။







 ဒီအရွက်နာမည်တွေကိုမေ့နေတယ်









ဘိန်းစေ့အရည်လို့ခေါ်တယ် ...။ ဘယ်လိုလုပ်သောက်ရသလဲဆိုတော့ ရောင်းတဲ့သူက မသိဘူးတဲ့..။ ဒီနေ့မှာတဲ့ကုန်ထဲမှာပါလာလို့ရောင်းရတာရယ်တဲ့လေ...။ ကြည့်တော့ နွားနို့လိုလိုဘာလိုလိုပဲ...။ ဘိန်းစေ့အရည်ကို ခေါက်ဆွဲရေခဲတုံး သခွားသီးနဲ့ စိမ်ပြီး နွေရာသီမှာသောက်ရတယ်တဲ့ ကျိုပြီး တိုဟူးလို့ခဲပြီးတော့လဲ စားလို့ရပါသတဲ့...။ ဒါလဲ ဒေါ်ကျူတီလေး ဖဘမှာပြောပြလိုက်လို့ သိရတာပါ...။ ကျေးဇူးအကြီးကြီးပါ ညီမလေး...။



ကြိမ်ဖူး.... ဟင်းချက်စားရတာပဲ...
ငယ်ငယ်တုန်းကတော့ ရှမ်းဟင်းတွေမှာချက်တာတွေ့ဖူးတယ်..
စားလည်းစားဖူးတယ်..မျှစ်နဲ့နဲနဲဆင်တယ်...




ဒညင်းသီး...။ အဆိပ်သီး ...မစားသင့်ပါဘူး...။ ကျွန်မကိုယ်တိုင်တော်တော်ကြိုက်ပါတယ်...။ ဒီပို့စ်ကိုတဂ်တဲ့ တင်သိန်းအေး ...အဲ မဒမ်ကိုးလည်းသိပ်ကြိုက်ပါတယ်...။ မကောင်းဘူးဆိုတဲ့အစာမှ လူတွေကသိပ်ကြိုက်တတ်တာမဟုတ်လား...။ ငယ်ငယ်တုန်းက ရွာမှာ တစ်ခါပြုတ်ရင် အလုံးတစ်ရာနှစ်ရာ အဲလိုစားကြတာ...။ စာကလေးဒညင်းတဲ့ လုံးလုံးသေးသေးနဲ့ စေးပြီးချိုနေရော...ပြုတ်အိုးထဲကချတာနဲ့ ခွာလိုက် ပါးစပ်ထဲကောက်ထည့်လိုက် အဲလိုစားခဲ့တာ...။ ခုပုံမှာပြထားတဲ့အသည်က 18လမ်းဈေးက အဒေါ်ကြီး သူ့ဒညင်းတွေသိပ်ကောင်းတယ် စေးနေရောပဲ...မြစ်ကြီးနားဒညင်းလို့ပြောတယ်...။


ခြံထွက် ဟင်းသီးဟင်းရွက်စစ်စစ်တွေပါ




ပဲတောင့်ရှည် ဂေါ်ရခါးသီး ဗူးသီး ခရမ်းကဆော့သီး ဆူးပုပ် ကင်မွန်းချဉ် ဒီလိုစိမ်းစိမ်းစိုစို အသီးအရွက်များ များများစားပေးပါ...။ ခုခေတ်က ဆေးဖျန်းတတ်ကြလွန်းလို့ အသီးအရွက်များမစားမီ ရေကိုစင်စင်ဆေးပေးပါ...။ စိတ်မချရင် ဆားရည်နဲ့ဆေးပါ...။ ကျွန်မကတော့ အိမ်မှာ ကိုက်လန်တို့ မုန်ညင်းတို့ကို ဆားရည်နဲ့ဆေးပြီးတဲ့အပြင် ရေဆူဆူမှာ ခနဖျောပြီးမှသာ ပြန်ကြော်စားပါတယ်...။




ဒီပုံလေးက သံဈေး 17လမ်းဈေးထဲက အဒေါ်ကြီးတစ်ယောက်ရောင်းတဲ့မျှစ်ပါ ...။ လတ်ဆတ်သန့်ရှင်းတယ် ဆိုးဆေးမပါဘူး..။ ကျွန်မဝယ်နေကျအသည်လေးပါ...။ မျှစ်ဝါဝါလေးတွေ သဘာဝအရောင်အတိုင်းလေး နုဖတ်ပြီး ကြော်စား တို့စရာလုပ်လည်းသိပ်ကောင်းပါတယ် ...။ မျှစ်ကို အရောင်လှအောင် အနီရောင် အဝါရောင်ဆိုးပြီးရောင်းတတ်ကြပါတယ်...။ အစာအိမ်နဲ့အူလမ်းကြောင်းကို အန္တရာယ်ဖြစ်စေမယ့် အပေါစားဆိုးဆေးတွေသုံးထားတဲ့အစားအစာများကို မစားသုံးသင့်ပါဘူး...။



ခရမ်းပြုတ်သီး ခရမ်းကြွပ်သီးတို့စရာတွေ




ဒီအဖိုးက စောစောက မျှစ်သည်နားမှာ ဖက်တို့ ငှက်ပျောပင်တို့ ဆွမ်းမွှေးရွက်တို့ရောင်းပါတယ်...။ ဖက်က ပုံမှာပါတဲ့တစ်စည်ကို နှစ်ရာကျပ်နဲ့ရောင်းပါတယ်...။ စေတနာသိပ်ကောင်းတဲ့အဖိုးတစ်ယောက်ပါ...။ ပိုက်ဆံပိုပေးလည်းမယူပါဘူး...။ ဖက်ကိုလည်း အတိုအပျက်တွေ မပါအောင်သေချာရွေးပေးပြီး ရောင်းပါတယ်...။ အိမ်မှာ မုန့်ဖက်ထုပ် ငါးပေါင်းထုပ် အသားဟင်းထုပ်တို့ လုပ်စားရင် ဒီအဖိုးဆီကပဲဖက်ဝယ်တယ်...။ ခုခေတ်က ဘာဝယ်ဝယ် စားစရာတွေကို ကြွပ်ကြွပ်အိတ်တွေ ပလပ်စတစ်အိပ်တွေ ဖေါ့ဗူးတွေနဲ့သာထည့်သုံးလေ့ရှိကြတာ အမှန်တော့ အပူတွေထည့်ရင် ကျန်းမာရေးနဲ့ဘယ်လိုမှမညီညွတ်ပါဘူး...။ ကျွန်မတို့ငယ်ငယ်တုန်းကလို ကောက်ညှင်းပေါင်း ငှက်ပျောသီးမုန့်တွေကို ဖက်နဲ့ထုပ်ပေးတာ မျိုးလေး ပြန်ဖြစ်စေချင်ပါတယ်...။ ကုန်ခြောက်တွေကိုလည်း ပလတ်စတ် ကြွပ်ကြွပ်အိတ်အစား စက္ကူအိတ်လေးပြန်သုံးကြရင်သိပ်ကောင်းမယ်...။


 ငါးစင်ရိုင်းနဲ့လုပ်တဲ့ငါးပိ


ယူရီးယားအကြောင်းတော့ ကိုညီလင်းအသေးစိတ်ရေးပြသွားလို့ တော်တော်ပြည့်စုံပြီး ပညာလဲရ ဗဟုသုတလည်းရပါတယ်...။ ကိုညီလင်းရဲ့ဆောင်းပါးကိုမဖတ်ခင်မှာ ကျွန်မကိုယ်တိုင်တောင်မှ ယူရီးယားကို ဘာမှန်းမသိပါဘူး...။ ငါးပိထဲကိုအရောင်လှအောင် ဘိလပ်မြေထည့်တယ်ပဲ ကြားကြားနေရတာ...။ အမှန်တော့ ယူရီးယားဓါတ်မြေသြဇာထည့်တာကိုပြောတာကိုး...။


ငါးပြေမနဲ့လုပ်တဲ့ငါးပိ




မှိုပါတဲ့အစားအစာတွေဟာ ကင်ဆာဖြစ်စေပါတယ်...။ ကျွန်မတို့နေ့စဉ်စားသောက်နေကြတာ ငရုတ်သီးနဲ့မလွတ်ပါဘူး...။ ချက်တဲ့ဟင်းမှာငရုတ်သီးအရောင်မှုန့်ကိုသုံးရတယ်မဟုတ်လား..။ ဆိုင်က ကြိတ်ပြီးသားငရုတ်သီးတွေမှာ ဖုန်မှုန့်တွေ မှိုတွေက လုံးဝကိုမလွယ်မသွေပါပါတယ်...။ ကြည့်တော့ ငရုတ်သီးခြောက်တွေက အရောင်အဆင်းလှပနေရောတွေ့လား...။ ငရုတ်သီးခြောက်လက်တစ်ဆုပ်စာ ယူပြီး ငရုတ်သီးခြောက်ကြွပ်လှော်စားဖို့လုပ်တာ...။ တတောင့်ခြင်းဆီတစ်ရှူးနဲ့သုပ်တာ ဖုန်တွေမှမည်းနေရော ကပ်ကြေးနဲ့သေချာအညှာကိုညှပ် ခွဲကြည့်တော့ မှိုပါတဲ့ငရုတ်သီးက တစ်ဝက်လောက်ရှိတယ်...။ အဲလို ကိုယ်တိုင်သေချာစမ်းစစ်ပြီးမှာ ငရုတ်သီးတွေကို အိမ်မှာ သန့်စင်ပြီးမှ စားသုံးသင့်ပါတယ်...။



 cp နဲ့ ဗမာကြက်ဆိုပြီးရောရောင်းနေတဲ့ စပ်ကြက်တွေ


 ခြေဆစ်တွေကို သေချာကြည့်ပါ ကြီးပြီးတုတ်နေတာတွေ့လိမ့်မယ်


အပေါ်ပုံက cp ကြက်နဲ့ ဗမာအိမ်ကြက်အတုတွေပါ...။ ဗမာကြက်ဆိုပြီး ဈေးထဲမှာ ရောရောင်း တတ်ကြပါတယ်...။ ခွဲခြားရတာ လွယ်ကူပါတယ် ကြက်ရဲ့ဒူးဆစ်တွေက ဗမာကြက်အစစ်ထက် တုတ်ပါတယ်...။ ချက်စားရင်လည်း အနူးလွယ်တယ် အသားမမာဘူး...။ ဈေးထဲမှာတော့ အဲဒီကြက်ကို စပ်ကြက်(စက်ကြက်) လို့ခေါ်တယ်...။ ဗမာနဲ့ စီပီစပ်ထားလို့ အဲလိုခေါ်တာလည်းဖြစ်နိုင်တယ်...။ ဒါကြောင့် ဗမာကြက်စစ်စစ်စားချင်သူများ လွယ်ကူစွာရွေးချယ် ဝယ်ယူစားသုံးနိုင်ဖို့ ဗဟုသုတအဖြင့်ပုံလေး ရိုက်လာခဲ့တာပါ...။



ဒီပုံက ဗမာကြက်(အိမ်ကြက်)စစ်စစ်ပါ အကောင်းသေးသွယ်တယ်
 ခြေထောင်တွေ ဒူးဆစ်တွေသေးတယ်ချက်ရင် ကြာကြာချက်ရတယ် ...



ငါးပုဏ္ဏား...အရောင်ဝါဝါလေးနဲ့ လှအောင်လို့ ဆေးဆိုးရောင်းတတ်ကြပါတယ်...
 ပုံမှာပါတဲ့ ငါးက အရောင်နဲနဲပါတယ်... ငါးကိုကိုင်ကြည့်လို့ လက်မှာ အဝါရောင်စွန်းသွားရင် ဆိုးဆေးသုံးထားတဲ့ငါးမို့ ဝယ်မစားသင့်ပါဘူး...


ငါးနုတန်း...ငရုတ်သီးစပ်စပ် စပါးလင်လေးနဲ့ အိုးကပ်ချက်စားတာကောင်းတယ်...


ငါးသလဲထိုးလေးလတ်တယ်... တချို့အသည်တွေဆို အရှင်တွေတောင်ရောင်းတယ်...


ကသပေါင်းငါးတဲ့... ရေချိုချက်စားရတယ် .. အသားလေးနုပြီးချိုတယ်ပြောတယ် ..
ကျွန်မတော့ တစ်ခါမှချက်မစားဖူးသေးဘူး...


ခုရာသီစာက ဖါးသားပဲ... ဈေးကတော့မသေးဘူး တစ်သောင်းဈေး... 
သုံးကောင်ဆို တစ်ပိဿာလောက်ရှိတယ်...တခါတည်းအရည်ခွံစုတ်ပေးတယ်...
အူတွေကများတော့ အူမှာတင် အလေးကစီးနေပြီ...။ အကြွပ်ကြော်စား ချက်စား အသားလေးက နူးညံ့တယ်...တစ်ခါ နှစ်ခါတော့စားဖူးတယ်...
သားကြီးငါးကြီးတွေ အထူးအဆန်းတွေစားရတာ တော့ကြောက်တယ်...


ငါးကျည်း ငါးခူတွေကလည်း ဈေးကောင်းတယ် ခုနှစ်ထောင် ရှစ်ထောင်ဈေး...
ငါးကျည်းကတော့ အကြွပ်ကြော်နှပ် အိမ်လုပ်မုန့်ဟင်းခါးအတွက်ကောင်းတယ်...


ငါးနှပ်လို့ခေါ်တဲ့ အာပြဲခြောက်လုပ်တဲ့ငါးအစို... မွန်တွေက အဲဒီငါးကို မရမ်းခြောက်နဲ့ချက်စားတတ်ကြတယ်... ဘေးကအညိုရောင်နဲ့ငါးက ကျောက်ငါး... သူကလတ်မှကောင်းတာ အသားနူူးညံ့ပြီးချိုတယ် ပေါင်းစားလို့သိပ်ကောင်းပါတယ်... ပင်လယ်ကမ်းခြေသွားလည်ဖူးတဲ့ သူတွေဆို ကျောက်ငါးအစိမ်းကိုစားဖူးကြမှာပါ...


ကင်မွန် (ပြည်ကြီးငါး) ရေနွေးဖျောပြီး အသီးရွက်စုံနဲ့ပဲကြော်ကြော် အသား ကောက်ညှင်းအစာသွပ်ပဲလုပ်လုပ်စားကောင်းပါ၏။



အရောင်ဆိုးဆေးလုံးဝမပါတဲ့ ပုစွန်ချဉ်ထုပ်ပါ...။ အချဉ်တည်တာတွေ ဆားများတဲ့အစာတွေ မစားသင့်ဘူးဆိုပေမယ့် ပုစွန်ချဉ်သုပ်ကိုတော့ကြိုက်ကြတာ စားချင်ကြတာပဲမဟုတ်လား...။ ဒါကြောင့် စားမယ်ဆိုရင်တောင်မှ ခုလိုဆိုးဆေးကင်းတဲ့ သဘာဝအရောင်တိုင်း ပန်းနုရောင်လေးဖြစ်နေတဲ့ ပုစွန်ချဉ်ထုပ်ကို ရွေးချယ်ဝယ်ယူစားသုံးကြပါလို့..။

အားလုံးပဲ သန့်ရှင်းလတ်ဆတ် ရောဂါအန္တရာယ်ကင်းသော အစားအစာများကို မှန်ကန်စွာ ရွေးချယ်စားသောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်...။


မိုးငွေ့

Monday, 25 February 2013

ချဉ်ဖတ်အိုး.....


ချဉ်ဖတ်အိုးဆိုလို့ တခြားမတွေးနဲ့ဦး... တကယ့်အချဉ်ဖတ်အိုးအကြောင်းပြောပြချင်လို့ပါ...။ တီတင့်အိမ်က For You ကင်မ်ချီလုပ်တာကိုတွေ့ပြီး ဒီပို့စ်လေးရေးဖြစ်သွားတာဆိုပါတော့...။






ငယ်တုန်းက အိမ်မှာ ဆောင်းဦးရာသီလောက်ဆို အဖွားက သူ့စဉ့်အိုးတွေထဲထည့်သိပ်ဖို့ အချဉ်ဖတ်ကုန်ကြမ်းတွေကို စဝယ်ပြီး စုပြီ....။ မုန်လာဥ မုန်ညင်းထုပ် ဂျူးမြစ်နဲ့ ကြက်သွနီပေါက်ကလေးတွေပါ...။ တော်တော်ငယ်သေးတယ်ဆိုပေမယ့် အဖွားလုပ်တဲ့နည်းလေးကို ကြည့်ထားဖူးတာ ခုထိမှတ်မိနေပါသေးတယ်...။ အချဉ်တည်ဖို့ ထည့်မယ့် အစာပလာတွေက အားလုံးအတူတူပါပဲ...။ ငရုတ်သီးအကြမ်းမှုန့် ကြသကာ ဆား နဲ့ ပါကောရှောက်ကော အမှုန့်တို့ပဲဖြစ်တယ်...။ အဖွားက ရွာထိပ်ကဆိုင်မှာ ပါကောရှောက်ကော(တရုတ်မဆလာ) သွားသွားဝယ်ခိုင်းဖူးတာ မှတ်မိသေးတယ်..။ မုန်လာဥကို အခွံသင် လေးငါးခြောက်စိပ်လောက်အလုံးမပျက်မြှောင်းပြီး သတ္တုဇလုံးကြီးထဲ ဆားနဲ့နာနာနယ်ပြီးနေပူလှန်းရတာကော...။ ကျန်တဲ့ချဉ်ဖတ်လုပ်မယ့် ဂျူးမြစ်တို့ ဘာတို့လည်း ဒီတိုင်းပဲ ဆားနယ် နေလှန်းရတယ်..။ သုံးလေးနေလောက်ပြပြီး အစိုဓါတ်တော်တော်လျော့သွားမှ အထက်မှာရေးထားတဲ့ အစာတွေနဲ့ ဇလုံထဲမယ် အားပါးတရနယ်ဖတ်ရပြန်ရော....။ အဲလိုနှံ့စပ်အောင်နယ်ပြီးရင် လူတစ်ဝင်စာလောက်ကြီးတဲ့ စဉ့်အိုးကြီးတွေထဲ ထည့်သိပ်ရတာ...။ ငါးရက်တစ်ပတ်ဆို ချဉ်ဖတ်ဖြစ်ပြီ စားလို့ရပြီ...။ အိမ်မှာ အဖွားက အိမ်မှာစားဖို့ရော စီးပွားဖြစ်ရောင်းဖို့ပါလုပ်တော့ ချဉ်ဖတ်အိုးတွေ ကျမတို့မီးဖိုဆောင်နံရံမှာ အလုံးနှစ်ဆယ်လောက်အစီအရီနဲ့ပေါ့...။ လူကြီးတွေပြောတာကြားဖူးတာ ကျမတို့မမွေးခင် ပြည်သူပိုင်သိမ်းတုန်းက အဖွားရဲ့ ချဉ်ဖတ်အိုးတွေလဲ အသိမ်းခံရတဲ့အထဲပါသွားဖူးသတဲ့..။ အဲဒါသူတို့သိမ်းပြီး ဘာလုပ်ပစ်သလဲ သိချင်မိတယ် ဒီလောက်များတဲ့ချဉ်ဖတ်အိုးတွေ...။ 

ရွာမှာ အဖွားရဲ့ ဂျူးမျှစ်ချဉ် မုန်လာဥချဉ်တွေက နည်မည်ကြီးပဲ လာလာဝယ်ကြတယ်...။ အဖွားအချဉ်တည်တဲ့နည်းက တရုတ်နည်းဖြစ်မယ်ထင်တယ်...။ အဖွားက ဗီယက်နမ်ပေမယ့် တရုတ်ပြည်မှာတော်တော်ကြာကြာနေခဲ့ဖူးတယ်ပြောတာ...။ စစ်ကြီးမှာ နယ်စပ်ကတဆင့် မြန်မာပြည်ထဲရောက်လာတာကိုးး...။ ချဉ်ဖတ်ဆိုတာ လူမျိုးတိုင်းမှာ တနည်းနည်းတဖုံဖုံနဲ့တော့ သူ့နည်းသူ့ဟန်လေးနဲ့ရိုးရာစာလေးတွေရှိတတ်ကြတာပဲ..။ အိန္ဒယမှာဆို သရက်သီးသနပ်ပေါ့ သူကတော့ သူ့တို့သုံးတဲ့ အဓိက ဟင်းခတ် မဆလာကနေလုပ်တာ...။ တခြားလူမျိုးတွေလည်းစားကြတာတွေ့ဖူးတယ်...။ အီတလီဆိုလည်း မုန်လာဥနီ သခွားချဉ်တွေစား တယ်လေ...။ ကိုရီးယားကျတော့ ကင်မ်ချီပေါ့...။ ရှမ်းပြည်ဖက်မှာတော့ မုန်ညင်းပေါ်တဲ့အချိန်ဆို ဆန်ဆေးရည်နဲ့အချဉ်စိမ်တဲ့ မုန်ညင်းချဉ်တွေလုပ်ရောင်းတတ်ကြတယ် ကတက်ချဉ်လည်းရှိတယ်...။ မုန်ညင်းချဉ်ကို ဆန်တိုးဖူးထဲထည့်စားတတ်ကြသလို ဒီတိုင်း ကြက်သွန်နီးပါးပါး ကြက်သွန်ဖြူအပြားရိုက်နဲ့ မိုးမျှော်သီးခြောက်အတောင့်ကို မီးကင်ပြီး သုပ်စားကြတယ်...။ ကတက်ချဉ်ကိုလည်း ထိုနည်းတူလုပ်စားကြတယ်...။ မြန်မာတွေ ငါးပိတို့စရာ ချဉ်ဖတ်တည်နည်းနဲ့ အတူတူပါပဲ...။ သခွားသီးကိုလည်း အလုံးမပြတ် လေးစိပ်စိပ်ပြီး ချဉ်ရည်စိမ်ရောင်းတတ်ကြသေးတယ်...။ သခွားသီးက ကျွတ်တော့ တဂျွမ်းဂျွမ်းနဲ့ ဒီတိုင်းစားလိုက် အချဉ်ရည်လေးသောက်လိုက်နဲ့ ဟုတ်နေရောပဲ...။

တကယ်တော့ ချဉ်ဖတ်စားခြင်းဟာ တခါတရံအတွက်ပဲကောင်းပါတယ်...။ ကျန်းမရေးရှုဒေါင့်ကကြည့်ရင် ဘာအဟာရဓါတ်မှမရတဲ့အပြင် အငံများခြင်း တာရှည်ခံထားတဲ့အချဉ်ဖြစ်ခြင်းတို့ကြောင့် တခါတလေ ဟင်းရံအဖြစ်ပဲစားကောင်းတဲ့အစာလို့တော့ ကျမမြင်တယ်...။ အအီစာတွေနဲ့တွဲဖက်စားသုံးလို့ကောင်းတဲ့ ဟင်းရံတစ်ခွက်ပေါ့...။ တလောက TLC ရုပ်သံလိုင်းမှာ တရုတ်မစားဖိုမှူးတစ်ယောက် ပဲလိတ်အစားသွတ်လုပ်နည်းလေးလုပ်ပြတာ မှတ်ထားသေးတယ် အဲဒီမှာ ပဲလိတ်အစာသွတ်ကြော်လုံးလေးတွေနဲ့တွဲဖက်စားဖို့ မုန်လာဥနီနဲ့သခွားသီးချဉ်ဖတ်လေးတွေ့လိုက်တယ်..။ ဒီဖက်ပိုင်းတွေမှာ ချဉ်ဖတ်လုပ်နည်းက ဆားလျှော့ပြီး အသီးတွေနဲ့လုပ်တဲ့(ဥပမာ ပန်းသီး ရှာလကာရည်)  ရှာလကာရည်အကောင်းစားတွေနဲ့ အချဉ်တည်ကြတာတွေ့ရတယ်...။ အငံဓာတ်နည်းပြီး အစာကြေလွယ်ကူစေမယ့် အစာလို့ဆိုပြန်တယ်...။ ဒါကြောင့် ဘာမဆို ဆိုင်ကရယ်ဒီမိတ်ရောင်းတမ်းတွေထက် မိသားစုလည်းများ ခဏခဏလည်းစားဖြစ်မယ်ဆို အိမ်မှာ ကိုယ်တိုင်လုပ်စားတာအကောင်းဆုံးပါလို့ အကြံပေးချင်ပါတယ်....။



မိုးငွေ့

Wednesday, 16 January 2013

ဆောင်းရနံ့.....





ဆောင်းမနက်ခင်းရဲ့ နေခြည်နုနုအောက်မှာ ပန်းတွေ … ပန်းတွေ လှလိုက်တာ… အရောင်စုံအသွေးစုံ အပွင့်အခက်တွေနဲ့ လှချင်တိုင်းလှနေကြတယ်…..။ ပန်းတွေအများစုက ရှမ်းပြည်ကနေ သယ်လာရောင်းကြတာ… တချို့တွေက တိုက်ကြီး မှော်ဘီ ပဲခူး စတဲ့မြို့တွေက ခြံထွက်တွေကို ခူးယူလာရောင်းကြတယ်…။ နှင်းဆီပွင့်ကြီးတွေများ အပွင့်ကြီးကို စွံကားနေတာပဲ အပွင့်လေးကို ဇကာလေးနဲ့စွပ်ထားလိုက်သေးတယ်…။ ဘာအနံ့မှမရှိတဲ့  တရုတ်ပြည်ကလာတဲ့နှင်းဆီ… တစ်ပွင့်ကိုသုံးရာကျပ်တဲ့…။ အရိုးတုတ်တုတ်ခိုင်ခိုင်နဲ့ သုံးလေးရက် အသာလေးခံတယ်…။ ဆောင်းရာသီမှာပန်းတွေက အမျိုးပိုစုံပြီးရောက်လာကြတယ်…။ စက္ကူပန်းလို့အတွန့်လေးနဲ့ အပွင့်သေးသေးနုတ်နုတ် အရိုးပွပွကြီးကြီးတွေနဲ့ အရောင်ကနှစ်မျိုးရှိတယ် ခရမ်းပြာရောင်နဲ့ ပန်းနုရောင် ဘာပန်းခေါ်သလဲတော့မသိဘူး…ဒါလဲ တရုတ်ကလာတာနေမယ်…။ ပန်းအစစ်ပေမယ့် ပန်းခြောက်နဲ့ပိုတူနေတယ်…အရိုင်းစည်းတစ်စည်းကို လေးထောင်ကျပ်တဲ့…။ အဖြူရောင်အပွင့်သေးသေးလေးတွေနဲ့က စိန်မှုန်ပန်းတဲ့ နာမည်လေးနဲ့လိုက်အောင် ပန်းစည်းလေးကကြည့်လိုက်ရင် စိန်မှုန်လေးတွေလိုပဲလက်နေတယ်… အပွင့်ဖြူဖြူသေးသေးတွေကြားမှာ ခရမ်းရောင်အပွင့်သေးသေးတွေက ကြိုကြားကြိုကြားပွင့်နေကြတယ်….။ 

ဒီလိုပွင့်လင်းရာသီမှာ ပွဲလမ်းသဘင်တွေကလဲများသလို အလှူမင်္ဂလာပွဲတွေလည်းများတော့ ပန်းဈေးကွက်ကပိုကောင်းနေတာပေါ့…။ ကိုယ်လိုချင်တဲ့ ပန်းအမျိုးအစား အရောင်တွေကို စိတ်ကြိုက်ရွေးချယ်သုံးလို့ရတယ်လေ…။ ဂန္ဓာမာပန်းတွေကလည်း အပွင့်အရွယ်စုံ အရောင်သွေးစုံ။ ကာနေရှင်းဆိုလဲ ရောင်စုံ… လီလီ လက်ထပ်ပန်း…မြေမြို့ပန်း ဒေစီပန်း…သစ္စာပန်း…အို..အစုံအစုံပါပဲ…။

ဟိုအရင် ငယ်စဉ်တုန်းက တောင်ပေါ်ဒေသမှာနေခဲ့ဖူးတော့ ဆောင်းရာသီရဲ့ ချမ်းခိုက်တုန်အေးမှုကို ညမအိပ်နိုင်လောက်အောင် အန်တုခဲ့ရဖူးတယ်…။ ပြီးတော့ မွေးရာပါ နှာခေါင်းပေါက်တစ်ဖက်ကပုံမှန်ထက်သေးနေလို့ အသက်ရှူရတာ ပိုအားစိုက်ရတယ်… နှာခေါင်းနဲ့မလုံလောက်တဲ့အခါ ပါးစပ်နဲ့ပါရှူရတဲ့ အခါမျိုးရှိခဲ့တယ်…။ အထူးသဖြင့် ဆောင်းရာသီလိုအချိန်မျိုး နှင်းတွေပိန်းပိတ်နေအောင်ကျ နေရောင်ကိုတောင် တနေလုံးနေမှမမြင်ရတဲ့ နေ့မျိုးကို ဖြတ်သန်းရတဲ့အခါမျိုးဆို ညအိပ်ယာဝင်ဖို့တောင်ကြောက်ခဲ့ဖူးတယ်…။ အေးလွန်းလို့ နှာစေးတယ် နှာစေးတော့ နှာခေါင်းပိတ်ရော... ဒီတော့ အသက်ရှူလို့မရတော့ဘူး… ခေါင်းအုံးကို မြင့်မြင့်ခုအိပ်ရတယ်…ညသန်ခေါင်း အိပ်မောကျတော့မယ်ဆို အသက်ရှူမရလို့ ထထိုင်နေရတဲ့ညမျိုးတွေကို ဖြတ်သန်းခဲ့ရတော့ ဆောင်းရာသီကို ကိုယ်ကြောက်တတ်လာခဲ့တယ်…။ ကိုယ်အရွယ်ရောက်လာတော့ တောင်ပေါ်ဒေသကိုစွန့်ခွာပြီး မျှတတဲ့ရာသီဥတုရှိတဲ့ မြေပြန့်အရပ်ကိုလာနေရတော့ ကိုယ့်ရဲ့ ညမအိပ်ရတော့တဲ့ နှာခေါင်းပိတ်တဲ့ ဒုက္ခတော်တော်လေးကိုဝေးသွားတယ်….။ ဒီရာသီဥတုလေးနဲ့ ကိုယ်နဲ့တော်တော်အစဉ်ပြေနေတယ်… ဒီနေ့အချိန်ထိဆိုပါတော့..။ ဆောင်းရာသီကို သဘောကျမိတာက ခုလိုပန်းပွင့်ကလေးတွေ ကြွားကြွားနဲ့ဖူးပွင့်ခွင့်ရှိတာတခုထဲကိုပါပဲ…။ အေးတာကိုတော့ ကိုယ်ကကြောက်နေမိတာလေ….။


အရောင်စုံလှပကြွရွနေတဲ့ ပန်းစည်းသေးငယ်အသွယ်သွယ်ကို ကြည့်ရင်း… လွန်ခဲ့သော နှစ်နှစ်ဆယ်ကျော်တုန်းက ဆောင်းနံနက်ခင်းတွေကို သတိရမိသွားတယ်….။ ကိုယ်နေခဲ့ဖူးတဲ့ တောင်ပေါ်ဒေသမြို့ကလေးက တကယ်တော့ တောင်တွေပတ်လည်ဝိုင်းနေတဲ့ ချိုင့်ဝှမ်းဒေသလေးပါ…။ အဲဒီဒေသမှာ တောင်ပေါ်ဒေသမှာရှိတတ်တဲ့ ချယ်ရီပန်းတို့လိုပန်းမျိုးတွေ မပွင့်ပါဘူး…။ ကိုယ်မှတ်မိသလောက်တော့ စိန်ပန်းနီ စိန်ပန်းပြာပင်တွေကတော့ ကိုယ်တို့ရဲ့ အလယ်တန်းကျောင်းဝင်းထဲမှာ တော်တော်များများရှိတယ်…။ နောက်… ကိုယ်မမွေးခင်ကတည်းက ရှိနေခဲ့တဲ့ လမ်းမရဲ့ ဟိုဖက်ဒီဖက်မှာ စီတန်းနေတဲ့ လုံးပတ်ကြီးကြီး ကုက္ကိုပင်ကြီးတွေ…အဲဒီကုက္ကိုပင်ကြီးမှာ သဘာဝအလျှောက်ကပ်ပြီးပေါက်တဲ့ အဝါရောင် ခရမ်းရောင် သစ်ခွပန်းတွေ တွဲလောင်းလေးတွေ ပွင့်လို့ရယ်…  ။ အဲဒီဒေသမှာ ဆောင်းတွင်းဖက်ဘာပန်းတွေပွင့်သလဲ ကိုယ်သေချာမမှတ်တော့…။ ပြီးတော့ ပန်းပင်တွေ ပန်းပွင့်တွေကို စီးပွားဖြတ်စိုက်ပျိုးသူတွေလဲမရှိကြဘူး…။ 

ကိုယ်မှတ်မိတာတော့ ကိုယ်တို့အိမ်နောက်ဖေး ရေတွင်းနားမှာ… နှင်းဆီပင်တွေရှိတယ်… ပြီးတော့ ဇော်စိမ်းပန်းပင်တွေ ဒီလောက်ပဲ…။ သြော်….ပြီးတော့ အရွက်ဖားဖားနဲ့ ပိန်းရွက်ပင်တွေ ဟုတ်တယ် ဒါလောက်ပဲ…။ ဈေးထဲမှာ ဘုရားပန်းအိုးထိုးဖို့ ပန်းမရတဲ့နေ့မျိုးမှာဆို အဖွားက ဇော်စိမ်းပန်းတွေကိုပဲ ခူးဖြတ်ပြီး ကပ်လေ့ရှိတယ်…။ အဲဒီပန်းက ရေမှန်မှန်လဲပေးရင် တစ်ပတ်ဆယ်ရက်မကခံတယ်တဲ့…။ နှင်းဆီပန်းပင်တွေက ပိုးကျတယ်…။ ကိုယ်က ပိုးကောင်လေးတွေကိုကြောက်တတ်တော့… အဲအပင်နားကိုမကပ်တော့…။ မှတ်မှတ်ရရ ၂၀၀၀ခုနှစ်တုန်းက ဗယ်လင်တိုင်းနေ့ကို ပန်းစည်းရဖူးတယ်…တော်တော်လည်းလှတဲ့ ပန်းစည်းလေးပါ…။ ပန်းစည်းလေးကိုဖြေ ပန်းအိုးထိုးမယ်လုပ်တော့…လားလား… ပိုးကောင်ကြီးက တုတ်တုန်ခဲခဲကြီးနဲ့ ရိုးတံမှာကပ်နေတာစိမ်းနေတာပဲ…အဲလို…အဲလို…ကြောက်တယ်ဆို ပိုကြုံရတတ်တယ်…။

 မနက်စောစော ဈေးသွားတဲ့လမ်းတောက်လျှောက် လမ်းဘေးခြုံပင်မှာ အလေ့ကျပေါက်တတ်တဲ့ တောစံပါယ်ပန်းတွေကိုတော့ ငယ်တုန်းက ဈေးသွားတိုင်း ခူးခူးတတ်တယ်…လက်ဖဝါးထဲ အပြည့်အလျှံရတဲ့အထိ ခူးသွားတယ်… ဈေးထဲရောက်တော့ ဈေးသည်အဒေါ်ကြီးတွေဆီက နှီးတစ်ခုတောင်းပြီး အမျှင်သေးတောင်ခွာယူ ခူးလာခဲ့တဲ့ တောစံပါယ်ပန်းလေးတွေကိုသီလိုက်တယ်….။ အိမ်ပြန်ရောက်တော့ ဘုရားပူဇော်တယ်…။ အဲဒီပန်းလေးကိုတော့ချစ်တယ်…။ ရိုးစင်းတဲ့ဘဝနဲ့ လုံးဝအဖြူသက်သက် ဘာပကာသနမှာမပါတဲ့ပန်းကလေး…။ သူ့ကိုဘယ်သူကမှ ပွဲလမ်းသဘင်မှာသုံးဖို့တကူးတကန့်လာပြီး မခူးယူကြဘူး….။ သူ့ဘဝလေးကတခြားပန်းတွေနဲ့စာရင် ပိုပြီးလွတ်လပ်တယ်…။ အပင်မှာဖူးတယ် ငုံတယ် ပွင့်တယ် ဝေတယ်…အချိန်တန်တော့ကြွေတယ်…။ ပြန်တွေးမိရင်း လွမ်းမိပါတယ်လေ….။ ကိုယ်တောစံပါယ်လေးကို မြင်ခွင့်မရတာ နှစ်ပေါင်းနှစ်ဆယ်ကျော်လာခဲ့ပြီ…။ ခုဆို ရာသီတွေပြောင်း နှစ်လတွေဟောင်းသွားတော့ တောစံပါယ်လေးပေါက်ခဲ့ဖူးတဲ့ ခြုံပင်လေးတွေလည်း မရှိလောက်တော့ပါဘူး…။ လမ်းတွေလည်း အရင်လိုဖုန်တလုံးလုံးနဲ့မြေလမ်း ခဲလမ်းမဟုတ်တော့… ကတ္တရာစေးတွေမဲနက်နေတဲ့ လမ်းမကြီးဘေးက တောစံပယ်ခြုံပင်လေးလည်း လူတွေခုတ်ထွင်ရှင်းလင်းတဲ့အထဲပါသွားရောပေါ့…..။

ဒီမနက်တရုတ်တန်းဈေးက တွေ့ခဲ့တဲ့ပန်းရောင်စုံတွေကြောင့် ကလေးဘဝတုန်းက ဆောင်းမနက်ခင်းဆီကိုခေါ်ဆောင်သွားခဲ့တဲ့ အတွေးစတွေကို စာတပုဒ်ရေးလိုက်ခြင်းဖြစ်ပါတယ်….။


မိုးငွေ့

Wednesday, 2 January 2013

အတောက်ပဆုံးကြယ် (သို့) နီကီမီနာ့ဂျ် .....






စင်ပေါ်မှာ “နီကီမီနာ့ဂျ်”လို့ ကျော်ကြားတဲ့ သူ့နာမည်အရင်းက “အိုနီကာ တန်ညာမရာ့ဂျ်” ၁၉၈၄ခုနှစ် ဒီဇင်ဘာလ (၈)ရက်နေ့ဟာ သူ့မွေးနေ့။ သူက ထရီနီဒက်ဇာတိ အမေရိကန်ရက်ပါအဆိုရှင်၊ တေးရေး၊ အကသမား၊ အသံသရုပ်ဆောင်နဲ့ ရုပ်သံစတား။ မိဘတွေဖြစ်တဲ့ ကာရိုးလ်နဲ့ ရောဘတ်မရာ့ဂျ် တို့ဟာ အိန္ဒိယသွေးပါတဲ့ ထရီနီဒက်တွေ။ နီကီက အကိုနဲ့မောင်ရဲ့ကြားက ဘွားအေရဲ့ အသည်းကျော် အိမ့်ဆည်းလည်း။ သူ့အသက်ငါးနှစ်မှာ ထရီနီဒက်ကနေ နယူးယောက်ကိုရွှေ့ခဲ့တယ်။ “အလစ်ဇဘတ်ဘလက်ဝဲလ်”အလယ်တန်းကျောင်းကို တက်တယ်။ အဲဒီမှာ“ကလယ်ရ်နက်”အမှုတ်သမားဖြစ်လာတယ်...။ ဂီတ၊ အမြင်ဆိုင်ရာ အနုပညာနဲ့ ပါဖောမန့်ဦးစားပေး“လာဂါးဒီးယား”ကျောင်းကနေအထက်တန်းကျောင်းအောင်တယ်။ ကျောင်းဆင်းပွဲဒရမ်မာမှာ ဝင်ကပြီး သီချင်းဆိုဖို့လုပ်တာ တကယ့်ရက်မှာအအေးမိပြီး အသံပျောက်သွားတယ်။ အစက သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တယ်။ စစချင်း သူကျတဲ့ ဇာတ်ရုပ်ကို ဘယ်လိုမှ အံမဝင်နိုင်ခဲ့ဘူး။ (၁၉)နှစ်သမီးမှာ ဘရွှန့်ဇ်ရပ်ကွက်က Red Lobsters ဆိုင်မှာ စားပွဲထိုးဝင်လုပ်တယ်..။
ကြိုးစားတယ်။ ခြစ်ခြုပ်တယ်။ အဲဒီအလုပ်နဲ့တင် BMWရအောင်ဝယ်စီးတယ်။ ဒါပေမယ့် စားသုံးသူတွေအပေါ် ဆက်ဆံရေးကျဲလိုက်မိလို့ အလုပ်ထုတ်ခံရတယ်။ Wall Street ရဲ့ စီးပွားရေး လုပ်ငန်းတစ်ခုမှာ စားသုံးသူဝန်ဆောင်မှုဆိုင်ရာ လက်ထောက်အုပ်ချုပ်ရေး အရာရှိ ဝင်လုပ်တယ်။ နောက်ပိုင်း ရုံးပိုင်းဆိုင်ရာမန်နေဂျာဖြစ်လာတယ်...။

နောက်ပိုင်းနာမည်ကျော် Hoodstars အနုပညာအဖွဲ့ထဲမှာ “ရက်ပါ”ဝင်လုပ်တယ်။ ဒါပေမယ့် ထင်တိုင်းမပေါက်တာတွေ၊ ညှိလို့မရတာတွေကြောင့် မချင့်မရဲဖြစ်ရခြင်းတွေနဲ့ အတူ သူထွက်ပစ်လိုက်တယ်။ သူ့ရဲ့ Myspace မှာ ကိုယ်ပိုင်သီချင်းလေးတွေတင်တယ်။ နာမည်ကျော်ရက်ပါ“ဂရေဗီ”ကို မွေးထုတ်ပေးခဲ့တဲ့ Dirty Money Entertainment ရဲ့ CEO “ဖရန်ဒီ” က သတိပြုမိသွားတယ်။ သူ့ကိုအရလိုက်ချိတ်တယ်။ ကောက်မွေးလိုက်တယ်။ နယူးယောက် မြေအောက်ရက်ပါတွေအကြောင်း ဒီဗီဒီထုတ်ဖြစ်တယ်..။ 

ပထမဆုံး Mixtape Playtime Is Over ကို ၂၀၀၇ ခုနှစ်မှာထုတ်တယ်။ ဒုတိယတစ်ခု Sucka Free ကို ၂၀၀၈ခုနှစ်၊ ဇူလိုင်လမှာထုတ်တယ်။ Underground Music Award ရဲ့ ၂၀၀၈ ခုနှစ်ကောင်းဆုံးအမျိုးသမီး အနုပညာရှင်ဆုရတယ်။ Beam Me up Scotty ဆိုတဲ့ တတိယ အယ်လဘမ်ကို အဲဒီနှစ်ထဲမှာပဲ အရထုတ်တယ်။ XXL မဂ္ဂဇင်းမှာ ဝင်သရုပ်ဆောင်လိုက်သေးတယ်။ ၂၀၀၉ ခုနှစ်မှာ Young Money Entertainment နဲ့စာချုပ်ချုပ်တယ်။ နာမည်ကျော်ရက်ပါ Lil Wayne က သူ့ကိုရှာတွေ့သွားတယ် ။ 5 Stars Chick ဗီဒီယိုနဲ့သူ တအားပေါက်သွားတယ်။ တခြားသူရဲ့ အခွေတစ်ခွေမှာ လူလုံးဝင်ပြပြီးနောက် Bed Rock ဆိုတဲ့ Singleမှာ တစ်ယောက်တည်း ရက်ပ်ဝင်ဆွဲတယ်။ သောင်းသောင်းသည်းသည်းဖြစ်သွားတယ်။ Billboard  100 နံပါတ်(၂)ချိတ်တယ်။ အဲဒီနှစ် ဒီဇင်ဘာမှာ We are the money အယ်လ်ဘမ်ထွက်တယ်။ Billboard 200 မှာ Top 10 ဝင်တယ်..။

၂၀၁၀ နိုဝင်ဘာမှာ သူ့အယ်လ်ဘမ် Pink Friday ထုတ်လိုက်တော့ Us Billboard 200 မှာ ထိပ်ဆုံးရောက်သွားတယ်။ Recording Industry Association of America (RIAA) မှ ပလက်တီနမ်အဆင့် မှတ်တမ်းဝင်သွားတယ်။ သူလည်း Us Billboard 100 မှာ ပထမဆုံးသော Single(၇)ချပ်ရ အမျိုးသမီးအနုပညာရှင်အဖြစ်မှတ်တမ်းဝင်သွားတယ်။ အဲဒီထဲက(၇)ပုဒ်မြှောက် Super Bass သီချင်းဟာ တစ်လအတွင်း ချပ်ရေ(၄)သန်းကျော်ရောင်းရတယ်။ RIAA ရဲ့“ပလက်တီနမ်(၄)ဆ”မှတ်တမ်းဝင်သွားတယ်။ အမေရိကန်ရဲ့ အကောင်းဆုံး Single ဖြစ်သွားတယ်။
၂၀၁၂ ဧပြီမှာ ဒုတိယမြှောက်အယ်လ်ဘမ် Pink Friday: Roman Reloaded ထွက်လာတယ်။ တစ်ကမ္ဘာလုံးမှာ ချပ်ရေတစ်သန်းကျော်ရောင်းလိုက်ရတယ်။ ၂၀၁၂ခုနှစ်ရဲ့ နိုင်ငံတကာအဆင့် အရောင်းရဆုံး အယ်လ်ဘမ်ဖြစ်သွားတယ်။ အဲဒီအထဲက Star Ship နဲ့ Pound the Alarm သီချင်းတွေဟာလည်း နိုင်ငံတကာအဆင့် Top 10 မှာဝင်သွားတယ်။ ဒီနှစ်ထဲမှာ နီကီမီနာ့ဂျ်တို့ Pink Friday Tour နဲ့ Pink Friday Reloaded Tour ဆိုတဲ့ ဖျော်ဖြေပွဲအစီအစဉ်နှစ်ခုရအောင်လုပ်သွားတယ်..။

အဝတ်အစားဖက်မှာ သူကိုယ်တိုင်တွေးဖက်ရှင်တွေကိုမက်တယ်။ “ကောက်ခနေ” ဆိုတဲ့ ဗြိတိသျှ အလယ်ပိုင်းသားတို့ရဲ့ ဝတ်စားဆင်ယဉ်မှုကို အခြေခံထားပြီး ရှေးရိုးတွေကို ဆန်းအောင်ထွင်ဝတ်တတ်တယ်..။ အရောင်စုံအရောင်ပြေးအရောင်ပျောက်တွေဝတ်တတ်တယ်။ ဆံတု ခေါင်းဆောင်းစုံအောင်သုံးတယ်။ ဖက်ရှင်စံပြဖြစ်လာတယ်။ Ice Age 4:Continental Drift မှာ အသံနဲ့သရုပ်ဆောင်တယ်။ အင်မတန်အစဉ်အလာကြီးတဲ့ American Idol အစီအစဉ်ရဲ့ ဒိုင်တစ်ဦးအဖြစ်ကနေ ဂျနီဖာလို့ပါဇ်အနားယူတော့ ဟောဒီလူသစ်တန်းကလေး နီကီကို တန်းနေအောင် အစားထိုးလိုက်တယ်။ Addidas MAC Comsmetic နဲ့ Pepsi တို့ရဲ့ Main Feature ဖြစ်လာတယ်။  BET Award (၆)ခုရတယ်။ American Music Award(၂)ခုရတယ်။ MTV Music Award (၂)ခုရတယ်။ Billboard ရဲ့ ၂၀၁၁ ခုနှစ်အတွက် အတောက်ပဆုံးကြယ် ဆုရတယ်။ MTV ရဲ့တစ်နှစ်တာအတွင်း “Hot”အဖြစ်ဆုံးအနုပညာရှင်အဖြစ် မှတ်တမ်းအတင်ခံရသလို ဒီလိုမှတ်တမ်းဝင်တဲ့ ပထမဦးဆုံးအမျိုးသမီး အနုပညာရှင်လည်းဖြစ်သွားပြန်တယ်။ ဒါကြောင့် နယူးယောက်တိုင်းမ်စ်က အလွှမ်းမိုးနိုင်ဆုံးအမျိုးသမီးလို့ ကင်မွန်းတပ်တယ်။ 

တချို့က သူ့ကို ယောက်ျားသားတွေနဲ့သာမက မိန်းမသားချင်းပါ ချစ်ခန်းဖွင့်တတ်သူလို့ ယိုးကြတယ်။ သူက “ကျွန်မ ဘယ်မိန်းမနဲ့မှဒိတ်မလုပ်တတ်ဘူး”လို့အပြတ်ပြောတယ်..။ “ အင်း..ဘယ်ယောကျ်ားနဲ့မှလည်း ဒိတ်မလုပ်တတ်ဘူး” တဲ့ မှတ်ကရော။ “ကျွန်မ လူတိုင်းကို ရင်းရင်းနှီးနှီး ဆက်ဆံတယ် ဘယ်တော့မှ မကောင်းမပြောဘူး။ ဒါပေမယ့် ကျွန်မကို လူတွေက သီးသီးသန့်သန့်ကြီး သဘောထားနေကြတယ်။ ကျွန်မ သီးသီးသန့်သန့်ကြီးမဖြစ်ချင်ဘူး” တဲ့ သူကတော့ စိတ်ရှင်းရှင်း လူတင်းတင်းနဲ့ အလုပ်ကိုပြင်းပြင်းထန်ထန် လုပ်တတ်သူတစ်ဦးပါပဲ...။

People Magazine : Issue 11.05/ December 2012 မှပြန်လည်ကူးယူဖော်ပြပါသည်။

မိုးငွေ့

Tuesday, 17 July 2012

ဆရာကြီးလူထုစိန်ဝင်းတစ်လပြည့်အမှတ်တရ.....


ဆရာကြီးကို ရေဝေးမှာ သဂြိုဟ်မယ့်နေ့တုန်းကကိုယ်တိုင်သွားရိုက်ထားတဲ့ပုံ


ဒီနေ့ ဆရာကြီးလူထုစိန်ဝင်းရဲ့ တစ်လပြည့်အမှတ်တရအဖြစ် ဆရာကြီးရဲ့ ကိုယ်ရေးအကျဉ်းနဲ့ သူနောက်ဆုံးရေးသားခဲ့တဲ့ အဆုံးမသတ်လိုက်ရတဲ့ဆောင်းပါးတစ်ပုဒ်နဲ့ ကန်တော့ချင်ပါတယ်...။ ဆရာကြီးဆုံးတဲ့နေ့က အဖေများနေ့ ဇွန်လ(၁၇)ရက်နေ့ တနင်္ဂနွေနေ့ဖြစ်ပြီး ဆရာကြီးသဂြိုဟ်တဲ့နေ့က အန်တီစုရဲ့မွေးနေ့ (၁၉) ရက်နေ့မှာမို့ မှတ်မှတ်ရရလေးဖြစ်နေပါတယ်..။ လာမယ့် သြဂုတ် ၁၃ ရက်နေ့ ဆရာကြီးမွေးနေ့ကျရင် သွားကန်တော့မယ်လို့တောင် သူငယ်ချင်းတွေနဲ့တိုင်ပင်ထားသေးတာ....ခုတော့....။ ဘာပဲဖြစ်ဖြစ် ဆရာကြီးရဲ့တပည့်ဖြစ်ခဲ့ဖူးတဲ့ကျမက တစ်လပြည့်အမှတ်တရအနေနဲ့ ဒီပို့စ်လေးကိုတင် လိုက်ပါတယ်...။ ရောက်ရာဘုံဘဝကနေ သာဓုခေါ်ပေးပါနော် ဆရာကြီးရေ အမျှ အမျှ အမျှ...။ ဆရာကြီးကောင်းမွန်သော မြတ်သောနေရာကိုရောက်ပါစေဟု ချစ်သောသမီးတပည့်မှ ဆုတောင်းလိုက်ပါသည်....။
မှတ်ချက်။ ။ အောက်ပါဆာင်းပါးနှင့်ကိုယ်ရေးအကျဉ်းကို ဆရာကြီးအားလိုက်ပို့သည့်နေ့တွင်ဝေသော လက်ကမ်းစာဆောင်မှပြန်လည် ကူးယူဖော်ပြခြင်းဖြစ်ပါသည်..။


အမေစုပေးတဲ့ ပန်းခြင်း


အဲဒီနေ့က မမြသွေးနီနဲ့အတူ လူအုပ်ကြီးကြားတိုးဝှေ့ပြီးရိုက်လာတဲ့ပန်းခြင်းတွေပေါ့




လူထုစိန်ဝင်း(၁၉၄၀-၂၀၁၂)
ဆရာလူထုစိန်ဝင်းကို ၁၉၄၀ ပြည့်နှစ် သြဂုတ် ၁၃ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး မန္တလေး လဖုန်းအထိမ်းအမှတ်ကျောင်း(Lafon Memorial High School) မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သည်။ ထို့နောက် ၁၉၄၆ ခုနှစ်တွင် လူထုသတင်းစာ၌ ဂျာနယ်လစ်တစ်ဦးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ၁၉၆၇ခုနှစ်တွင် လူထုသတင်းစာပိတ်သိမ်းခြင်းခံရပြီး ဆရာလူထုစိန်ဝင်းနှင့် အယ်ဒီတာ ၅ ဦး ဖမ်းဆီးခံခဲ့ရသည်။ ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားများသာ ထားရှိသော ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရကာ ၁၉၇၁ ခုနှစ်တွင် အင်းစိန်ထောင်သို့ ပြန်လည် ပြောင်းရွှေ့ခံခဲ့ရသည်။ ၁၉၇၆ခုနှစ်တွင် အကျဉ်းထောင်မှာ ပြန်လည်လွတ်မြောက်ခဲ့ပြီး မကြာမီမှာပင် နောက်တစ်ကြိမ်ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရပြန်သည်။ အင်းစိန် အကျဉ်းထောင်တွင် ၃ နှစ်ကြာသီးခြားထားရှိခြင်းခံခဲ့ရပြီးနောက် လေဖြတ်ရောဂါခံစားရပြီး ၁၉၈၀ပြည့်နှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည် ။ ပြန်လည်လွတ်မြောက်ချိန်တွင် လေဖြတ်ပြီး ညာဘက်ကိုယ်တစ်ခြမ်း သောသွားရာမှ ဘယ်လက်ဖြင့် စာရေးကျင့်ပြီး စာပေများကို ဆက်လက်ရေးသားခဲ့သည်။ ထို့နေညက် နေအိမ်၌ပင် အင်္ဂလိပ်စကားပြောသင်တန်းဖွင်လှစ်ခဲ့ပြီး စာပေရေးသားခြင်းနှင့် စာသင်ကြားခြင်းတို့ကို တွဲဖက်လုပ်ဆောင်ခဲ့ပါသည်။ မကွယ်လွန်မီအချိန်အထိ ကလောင်ခွဲ ၁၅ခုဖြင့် ဆောင်းပါးများကို ရေးသားခဲ့သည်။ အထင်ရှားဆုံး ကလောင်ခွဲတစ်ခုမှာ ဝင်းဇော်ဖြစ်ပါသည်။

စာပေဖြတ်သန်းမှုအနေဖြင့် ၁၉၆၄ ခုနှစ်တွင် စောမိုခမ်း ပင်ကိုရေးအချစ်ဝတ္ထု ထွက်ရှိခဲ့ပါသည်။ အဆိုပါ ခုနှစ်၌ပင် “တောင်ဗီယက်နမ်မှ ငရဲခန်းများ” စာအုပ်ကို ဝင်းဇော်ကလောင်ဖြင့် ဘာသာပြန်ဆို ထုတ်ဝေခဲ့ပါသည်။ ၁၉၆၅ ခုနှစ်တွင် “အလံမလှဲစတမ်း” ဘာသာပြန်စာအုပ်ကို ဝင်းဇော်ကလောင်ဖြင့် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး ထိုစာအုပ်သည် ဆရာလူထုစိန်ဝင်း၏ အထင်ရှားဆုံစာအုပ်ဖြစ်ခဲ့ပါသည်။ “အလံမလှဲစတမ်း”စာအုပ်ကို ၁၉၇၅ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၂ခုနှစ်တွင် တစ်ကြိမ် ထပ်မံထုတ်ဝေခဲ့ကြပါသည်။ ၁၉၉၆ ခုနှစ်တွင် ဝင်းဇော်အမည်ဖြင့်ပင် “အဖြူအဝါ” ဘာသာပြန်စာအုပ်ထွက်ရှိခဲ့သည်။ ၁၉၉၈ ခုနှစ်တွင်“ရှက်စိတ်” ဆောင်းပါးပေါင်းချုပ်စာအုပ် ထွက်ရှိခဲ့ပါသည်။ ၁၉၉၉ နောက်ပိုင်းထွက်ရှိခဲ့သည့် စာအုပ်များမှာ လူထုစိန်ဝင်း ကလောင်အမည်ဖြင့် ရေးသားသောစာအုပ်များဖြစ်ခဲ့ပြီး မော်ဒန်လဖက်ရည်ပန်းကန်ထဲမှ မုန်တိုင်းငယ်နှင့် အခြားဆောင်းပါးများ၊ လူငယ်နဲ့အချစ်၊ အရှက်နဲ့တန်ခိုး၊ စာနယ်ဇင်းအရေးအသားပုံစံသစ်” အစရှိသောိစာအုပ်များ ထွက်ရှိခဲ့ပါသည် ၂၀၀၃ ခုနှစ်တွင် “သတင်းစာပညာသောင်းပြောင်းထွေလာ” စာအုပ်ထွက်ရှိခဲ့ပါသည်။ ၂၀၁၁ ခုနှစ်တွင် “အစိုးရကမိဘလား ပြည်သူက မိဘလား”စာအုပ်သည် ရောင်းအကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ခဲ့သည်။

ဆရာလူထုစိန်ဝင်းသည် မျက်မှောက်ခေတ်မြန်မာစာပေလောကတွင် စာအရေးနိုင်ဆုံးပုဂ္ဂိုလ် တစ်ဦးအဖြစ် ထင်ရှားသူဖြစ်သည်။ မည်သည့် အကြောင်းအရာကို မဆိုနိုင်ငံရေးအသိကို အခြေခံထားပြီး စဉ်းစာသုံးသပ်ရန် တိုက်တွန်းပြောဆိုလေ့ရှိသည့် ဆရာလူထုစိန်ဝင်း၏ စာများမှာလည်း နိုင်ငံရေးအသိ အခြေခံဖြင့်ချဉ်းကပ်ရေးသားခဲ့သောစာပေများဖြစ်ခဲ့သည်။ ထို့ပြင်မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်၍ သာမက လူမှုရေးနယ်ပယ်တွင် မှားယွင်းလွဲချော်နေသည့်အချက်များကို စာနယ်ဇင်းကျင့်ဝတ်နှင့် အညီ အမှန်တရားဘက်မှ ရပ်တည်၍ အစဉ်တစိုက် ရေးသားခဲ့သူဖြစ်ပါသည်။

ဆရာလူထုစိန်ဝင်းသည် ပုံမှန်အားဖြင့် တစ်ရက်လျှင် ဆောင်းပါး နှစ်ပုဒ်နှုန်းဖြင့် ဆောင်းပါးများ နေ့စဉ်ရေးသားခဲ့သည့် ဝါရင့်သတင်းစာဆရာကြီးဖြစ်ပါသည်။ အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဆောင်းပါးများပုံမှန်ရေးသားလျက်ရှိနေသော ဆရာလူထုစိန်ဝင်းသည် ကျန်းမာရေးအခြေအနေကြောင့် ဆောင်းပါးရေးသားများကို ၂၀၁၂ခုနှစ် ဧပြီလအတွင်းမှ စတင်ရပ်နားထားခဲ့ရပါသည်။

ဆရာလူထုစိန်ဝင်း(အသက်၇၂နှစ်)သည် ဇွန်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွှေဂုံတိုင် အထူးကုဆေးရုံကြီး သို့ ကျန်းမာရေး အခြေအနေကြောင့် တက်ရောက်ကုသမှုခံယူပြီး ည ၁၁ နာရီ မိနစ် ၃၀ အချိန်တွင် နာတာရှည် အဆုတ်ရောဂါ ဖြင့် ကွယ်လွန်ခဲ့ပါသည်။

++++++++++++++++++++


ဆရာကြီးလူထုစိန်ဝင်း နောက်ဆုံးရေးသားခဲ့သောဆောင်းပါး ၆၊၆၊၂၀၁၂
ပြန်လာပြီဗျို့
မြို့ကြီးသားတွေ နားဝင်ချိုအောင် ကိုရီးကားကားတွေထဲက တစ်နေ့လုံးအိမ်ပြင်ထွက်ပြီး အလုပ်သွား ကျောင်းသွားလုပ်ကြတဲ့သူတွေ အိမ်ပြန်ရောက်ကြတဲ့အခါ အိမ်ထဲရောက်တာနဲ့ လူတွေ့တွေ့၊ မတွေ့တွေ့“ပြန်လာပြီ”လို့ နှုတ်ဆက်လေ့ရှိကြတယ်။ အဲဒီလိုနှုတ်ဆက်ဖို့ပါးစပ်က ရွတ်ကြည့်တယ်..။ ပါးစပ်ဖျားက ဝတ္တရားအရ ထွက်လာတဲ့ အသံမို့ ပေါ့ရွှတ်ရွှတ်နဲ့ အားမရှိဘူး။ အဲဒါကြောင့် အညာသားပီပီအားရှိပါးရှိလှိုက်လှိုက်လှဲလဲှ နွေးနွေးထွေးထွေး“ပြန်လာပြီဗျို့”လို့ပဲ ပွဲဦးထွက်နှုတ်ဆက် လိုက်ပါရစေ…။

ကိုကိုးကျွန်းကပြန်ရောက်စ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က “အလံမလှဲစတမ်း”ဆိုတဲ့ စာအုပ် ဒုတိယအကြိမ် ပြန်လည် ထုတ်ဝေခွင့်ရတော့ “ဝင်းဇော် ပြန်လာပြီ၊ ချောအိမာန် ပြန်လာပြီ”လို့ သတင်းစာမှာ ကြော်ငြာခဲ့တယ်..။ နှစ်ပေါင်း နှစ်ဆယ်လုံးလုံးထုတ်ဝေခွင့်မရခဲ့တဲ့ “အလံမလှဲစတမ်း” တတိယအကြိမ်ပြန်လည်ထုတ်ဝေခွင့် ရတာနဲ့ မရှေးမနှောင်း လူထုစိန်ဝင်းလည်း နာလန်ထူစပြုလာပြီမို့ တိုက်ဆိုင်စွာ“ပြန်လာပြီဗျို့”လို့ နှုတ်ဆက်လိုက်ရတာဖြစ်ပါတယ်..။

စောင့်မျှော်အားပေး မေတ္တာထားကြတဲ့စာဖတ်သူများအပေါ် တာဝန်မကျေ ဖြစ်ခဲ့ရတာ ဒီတစ်ခါအကြာဆုံးပါပဲ..။ မတ်လနောက်ဆုံးပတ်ကစပြီး မိုးကမရွာ အပူက လွန်ကဲ၊ မီးက ဖြတ်ဆိုတော့ မရှူသာမကယ်သာ အလူးအလဲခံရပြီး အိပ်ရာထဲ လဲပါတော့တယ်..။ အပတ်စဉ်လာကြည့်ပေးနေကျ ဆရာဝန်လေး ဒေါက်တာစံဦးနဲ့ ပဲ ခါတိုင်းလို ပြန်ကောင်းသွားမယ်ထင်တာ။ ကောင်းမလာဘူး ဧပြီ ၁ရက် ရွေးကောက်ပွဲ ဝန်းကျင်မှာတော့ လူက တုံးပဲ။ ဘာမှမသိဘူး။ သင်္ကြန်ကျတော့ ဆရာလေးက နှစ်စဉ်သွားနေကျ ရှမ်းပြည်နယ်က ကျေးရွာတွေကို အခမဲ့ ဆေးကုထွက်သွားတယ်။ ဒီမှာ ကယ်တင်ရှင်အဖြစ် ရောက်လာတာက “အလဲဗင်း မီဒီယာဂရု” (EMG)ရဲ့ ဒေါက်တာသိန်းမြင့်ဖြစ်တယ်။ ဆရာက သင်္ကြန်တွင်းကြီးတောင် ရောက်အောင်လာပြီး စောင့်ရှောက်ကုသပေးရှာတယ်။ ကျေးဇူး အင်မတန် တင်မိပါတယ်။ အဲဒီနောက် နိုင်ငံခြားရောက် သမီး သမားတော်လေးက ထုံးစံအတိုင်း ဖုန်းဆက်ပြီး ကျန်းမာရေးအကြောင်းမေးတော့ အိမ်က သမီးက ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်..။ အဝေးကလူ မမြင်ရတော့ ပိုစိတ်ပူပြီး ရန်ကုန်က သူ့မိတ်ဆွေ သမားတော်တစ်ယောက်ကို လွှတ်ပေးပြီး ကြည့်စေတယ်။ ဓာတ်မှန်ရိုက်တာ၊ သွေးစစ် သလိပ်စစ်တာ အားလုံးကို အီးမေးလ်နဲ့ သူ့ဆီပို့ခိုင်းတယ်..။စစ်ချက်တွေကြည့်ပြီး ရန်ကုန်က သူ့မိတ်ဆွေ ဆရာဝန်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး သောက်ဆေး၊ ထိုးဆေး၊ ရှူဆေးတွေ ပေးကြတယ်။ မနက် ည ဆေးထိုးဖို့လည်းပူစရာမလိုဘူး။ ရန်ကုန်က သမားတော်ရဲ့ အဆက်နဲ့ အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်အဖွဲ့(H.M.S)က ဆရာဝန်လေးတစ်ယောက်နဲ့ ဆရာမနှစ်ယောက်က နေ့စဉ်မပျက်မကွက် လာလုပ်ပေးကြတယ်..။ ဒီကြားထဲ အဖျားတက်လို့ နှလုံးခုန်နှုန်း ၁၄၀ ရောက်နေလို့ ဖုန်းဆက်ခေါ်လိုက်ရင်လည်း ဖုန်းထဲက ဘာဆေးဘာဆေးတိုက်ထားလိုက်ပါလို့ ညွှန်ကြားပြီး ခဏကြာတော့ လူကိုယ်တိုင် လာရောက်ကြည့်ရှုပေးကြတယ်။ သူတို့လေးတွေလည်း ကျေးဇူးတင်ရပါတယ်။

အရင်နွေတွေလို ခဏပဲထင်ခဲ့ပေမယ့် ဒီတစ်ခေါက် တော်တော်ကြာသွားတယ်။ သုံးလလုံးလုံး ဘုန်းဘုန်းလဲနေတော့တာပဲ။ ကိုယ့်အစာကိုယ်မစားနိုင်လို့ ခွံ့ကျွေးရတယ်။ အစာစားရတာလည်း ဒုက္ခတော်တော်ကြီးတယ်။ အောက်စီဂျင်နဲ့ နှလုံးခုန်နှုန်းပြ ကိရိယာကို လက်မှာ စွပ်ထားပြီး အရိပ်တကြည့်ကြည့် စားရတာ။ အစာကတစ်လုတ် ဝါးလိုက်မျိုလိုက်တာနဲ့ နှလုံးကဒိုင်းဒိုင်းနဲ့ ခုန်တက်သွားတယ်။ အစာတစ်လုတ်ကို နှလုံးက ခြောက်မှတ်၊ ခုနှစ်မှတ် တက်သွားတာ။ နေက ပြင်းပြင်းမီးကမလာတဲ့ အချိန်မျိုးဆိုရင် စိုးရိမ်မှတ် ၁၄၀ လောက်ထိတောင် ရောက်သွားတတ်တယ်။ သိပ်သတိထားပြီး စားရသောက်ရလို့ ထမင်းဖြစ်စေ၊ ဆန်ပြုတ်ဖြစ်စေ ၁၅ဇွန်း စားရင် အချိန်တစ်နာရီကြာတယ်။

လွန်ခဲ့တဲ့ သုံးလေးနှစ်က အထူးကုဆေးရုံကြီးတစ်ခုမှာ ဆေးစစ်ဖို့လုပ်နေတုန်း ရုတ်တရက် အဆုတ်ထဲက လေအိတ်ပေါက်သွားလို့ အသက်ရှူမရတော့ဘဲ သေမလိုဖြစ်ခဲ့ဖူးတယ်။ ဆေးရုံမှာ ဖြစ်တာမို့ မသေတာ။ ဆရာဝန်က ချက်ချင်းခွဲပြီး အဆုတ်ထဲက လေတွေကို ထုတ်ပစ်လိုက်တယ်။ နောက်တော့ အဆုတ်ထဲအထိ ပိုက်ထိုးထည့်ပြီး အထဲက အရိအရွဲတွေကုန်အောင် ထုတ်ပစ်ဖို့ ပုလင်းတန်းလန်းနဲ့ နှစ်ပတ်လောက် ဆေးရုံမှာနေခဲ့ရတယ်။ ဒါတောင် စာရေးပျက်တာ တစ်လလောက်ပဲ။ ဒီတစ်ကြိမ်တော့ ရာသီပြေငာ်းဖြစ်နကျ အာဂန္တုဖျားပဲ၊ ခဏနေရင်ကောင်းသွားမှာပဲထင်ခဲ့ပေမယ့် သုံးလလောက်ကြာသွားတယ်။ တော်တော်လည်းခံလိုက်ရတယ်။
ဒီကာလ တစ်လျှောက်လုံး မေတ္တာ၊ စေတနာထားကြတဲ့ စာဖတ်ပရိတ်သတ်များက တစ်နေ့တစ်နေ့ ဆယ့်လေးငါးဦးထက် မနည်းဖုန်းဆက်မေးကြ မေတ္တာပို့ကြတယ်။ နှစ်ရက်ခြားတစ်ခါ မှန်မှန်ဆက်ပြီး အကြိမ်ပေါင်းနှစ်ဆယ်၊ အစိတ် မေးသူလည်းရှိတယ်။ ဒီလိုမေတ္တာတွေကြောင့် အားတင်းပြီးနာလန်မြန်မြန်ထအောင် ကြိုးစားရတယ်။ လုပ်စရာတွေက အများကြီး ရှိသေးတယ်။ စာဖတ်ပရိတ်သတ်အပေါ် တာဝန်မကျေသေးဘူး။ သူတို့ရင်ထဲက အသံတွေကို နားထောင်ပြီးသူတို့ပြောချင်တာတွေကို တိုင်းသိပြည်သိပြောပေးရဦးမယ်။ အဲဒီလိုဆိုတော့ “ကမ္ဘာတုန်အောင် ကုန်အော်ရလွန်းလို့ အမောဆို့ပြီး ဖျားတာ”လို့ ဂရုဏာဒေါသောနဲ့ မှတ်ချက်ချခဲ့တဲ့ မန္တလေးက တူမချောက ဘာပြောဦးမလဲမသိဘူး။ … … …

မှတ်ချက်။ ။ ဤဆောင်းပါးအား အဆုံးသတ်အထိ ရေးသားသွားနိုင်ခြင်းမရှိခဲ့ပါ…။

မေတ္တာအားဖြင့်
မိုးငွေ့