Friday, 31 October 2014
ချန်ခဲ့.....
ပိတ်ရက်ကလေးတွေမှာ သီချင်းမတင်ဖြစ်တာတောင် တစ်ပတ်နှစ်ပတ်လောက်ရှိပြီထင်တယ်...။ ဒီတစ်ခါတော့ နဲနဲဆူတဲ့ Rock သီချင်းလေးနဲ့ ပေါက်ကွဲကြစို့...။ ကိုညီထွဋ်တို့ ကိုလေးတို့ မျိုးကြီးတို့နောက်ပိုင်းမှာ Idiot တို့ Wanted တို့အဖွဲ့က မဆိုးဘူး သူတို့သီချင်းလေးတွေ စတိုင်လ်လေးတွေကို ကြိုက်တယ်...။ ဘာပဲဖြစ်ဖြစ် Rapတွေ Hip Hopတွေ ပေါပေါလောလော ထွက်လာနေတဲ့အချိန်မှာ ရှော့ခ်ဂီတက ကိုယ်တို့ဆီမှာ ခုလိုထွန်းပေါက်ထွက်လာဖို့က အချိန်တော်တော်ကြာမှ တစ်ဖွဲ့နှစ်ဖွဲ့ထဲ ရှိတာမဟုတ်လား..။ ခု Idiot အဖွဲ့က ရေမွန်ဆိုထားတဲ့ “ချန်ခဲ့” ဆိုတဲ့သီချင်းဟာ အဆိုပြိုင်ပွဲတွေမှာလည်း တော်တော်ယူသုံးနေဖြစ်တဲ့ သီချင်းတစ်ပုဒ်ပေါ့...။
နေပူတလှည့် မိုးထစ်ချုန်းတစ်လှည့် မိုးနှောင်းရက်တွေမှာ ပြင်းရှရှ ရှော့ခ်သီချင်းတစ်ပုဒ်နဲ့ မိုးကိုနှုတ်ဆက်ရင်း ပိတ်ရက်လေးမှာ သာယာအေးချမ်းစွာအနားယူကြပါလေ...:)
မိုးငွေ့
Monday, 27 October 2014
ကျွန်မချက်သောဆွမ်းဟင်းများ(၄).....
 ငါးကြင်းဆီပြန်၊ ဂေါ်ဖီနဲ့ဝက်ပေါင်ခြောက်ကြော်၊ ချဉ်စော်ခါးသီးဟင်းချို
ငါးကြင်းဆီပြန်ကတော့ချက်နေကျအတိုင်းလေးပါပဲ ကြက်သွန်ဖြူနီအနှစ်ထဲကို စပါးလင်တစ်ခုရောထောင်း ထည့်ပါတယ် အနှစ်ကိုဆီသတ် မွှေးလာရင် ခရမ်းချဉ်သီးထည့်မွှေ ခရမ်းချဉ်သီးလိတ်လာရင် အပေါ့အငံထည့် ငါးထည့်လုံးပါ..။ ငါးကြင်းသားတင်းလာရင် ရေနွေးနဲနဲထည့်နှပ်ပြီး ဆီပြန်လာတာနဲ့ ငရုတ်သီး နံနံပင်အုပ်လိုက်ပါလေ...။
ဝက်သားကို ဆား အချိုမှုန့် ပဲငံပြာရည်အနှောက်နယ်ပြီးနှပ်ထား ။ အိုးထဲကို ဆီနဲ့သကြားဆီသတ် သကြားညိုလာရင် ဂျင်းလက်တစ်ဆစ်အပြားရိုက်ထည့်ကြော် ၀က်သားထည့်လုံး ၀က်သားအရေခြောက်လာတဲ့အထိလုံးပြီးရင် ရေနွေးလိုသလိုထည့်ပြီး နာရီဝက်လောက်နှပ်ထား ၀က်သားနူးရင် မုန်လာဥနီနဲ့ ကြက်သွန်နီဥတွေကို ထည့်နှပ်လိုက်ပါ...။ ချိုမွှေးသော ၀က်သားမုန်လာဥအချိုချက်တစ်ခွက်ရပြီပေါ့...။ ချဉ်ပေါင်မျှစ်ချက်နည်းလေးကတော့ လူတိုင်းသိနေတာ မပြောတော့ဘူးနော်...။ 
 ပိန်းဥအလုံးကြီးတစ်လုံးကို အမျှင်ခြစ်တံနဲ့ခြစ်ပြီး ပြောင်းကော်မှုန့် ဆန်မှုန့် ပျဉ်းတော်သိမ်ရွက် ဆားနဲ့နယ်ထားတာ
 ဆီပူပူမှာ အလုံးသေးသေးလေးတွလုပ်ပြီးကြော်လိုက်ပါ
ပိန်းဥဘယာကြော်လုံးလေးတွေကို မကျည်းချဉ်ရည်လေးနဲ့တို့
 ငမြွေထိုးမကျည်းနှစ်ချက်၊ ပိန်းဥဘယာကြော်၊ ကုလားပဲဟင်းရုန်ပသီခတ်၊ ဂွေးသီးငပိချက်
ကိုယ်တို့နေတဲ့ တိုက်က မြေပိုင်ရှင်အဖွားကိုသွားကန်တော့တာ ဓနုဖြူကရတဲ့ အိမ်လုပ် ငါးကျည်းခြောက် ကြပ်မတိုက်ထားဘူး ရိုးရိုးဆားနဲ့နယ်ပြီးအခြောက်ခံထားတဲ့ငါးကျည်းခြောက်ပါ အဲဒါလေးနဲ့ မယ်ဇလီဖူးအစိမ်း အပင်ကနေတခါတည်းလတ်လတ်ဆတ်ဆတ်ခူးထားတာကို ပေးလိုက်တယ် အဲဒါနဲ့အဖွားလည်းကုသိုလ်ရအောင် ကြသပတေးဆွမ်းဟင်းချက်ပေးလိုက်တယ်။
 ငါးကျည်းခြောက်ကိုရေစင်အောင်ဆေးပြီး အတုံးကလေးတွေပိုင်းထားမယ်...။ ဆီဟင်းခတ်ဇွန်းကြီး သုံးဇွန်းထည့်ပြီးပူလာရင် ကြက်သွန်ီအရင်ထည့်ကြော်မယ်...ကြက်သွန်နီရွေှ့ညိုရောင်သန်းလာရင် ကြက်သွန်ဖြူထည့်ကြော်ပြီး ခနဆယ်ထားမယ် ပြီးတာနဲ့ ငါးကျည်းခြောက်ကိုကြွပ်ရွလာတဲ့ အထိကြော်ပြီး ပြန်ဆယ်ထားမယ်..။ မီးပိတ်ပြီး ဆီအပူမှာပဲ ငရုတ်သီးခွဲခြမ်းထည့်ကြော် ဆားနဲနဲထည့် ဆယ်ထားတဲ့ ကြက်သွန်နဲ့ ငါးကျည်းခြောက်လေးထည့်မွှေပြီး အအေးခံ လေလုံပုလင်းထဲထည့်သိမ်းပြီး စားနိုင်ပါပြီ...။
မွှေးပဲစိမ်းမှုန့်တစ်ထုပ်၊ ရေဆန်ချိန်ခွက်ငါးခွက်၊ ဆားနဲနဲ၊ နနွင်းနဲနဲ နဲ့ကျိုထားတဲ့ တိုဟူးကို ကြက်သွန်နှစ် ခရမ်ချဉ်သီးနဲ့ ဆီပြန်လေးပြန်ချက်ထားတာပါ...။
ငါးကျည်းခြောက်ကြက်သွန်ငရုတ်သီးခွဲခြမ်းကြော်၊ မဲဇလီဖူးသုပ်၊ တိုဟူးဆီပြန်ချက်
မယ်ဇလီဖူးကို သုပ်ပြီးသားပဲစားဖူးတာ ပြီးတော့ အစိမ်းထက် ပြုတ်ပြီးသားပဲဈေးထဲ မယ်ရောင်းကြတာလေ...။ ပြုတ်နည်းမသိလို့ အစ်မတစ်ယောက်ကိုမေးလိုက်တော့  သုံးရေလောက် အဖန်ကုန်အောင်ပြုတ်လိုက်ပါတဲ့...။ နောက်ဆုံတရေပြုတ်တော့ အဖူးလေးတွေနူးတဲ့အထိ မီးအေးအေးနဲ့နှပ်ပြုတ်လိုက်တယ်...။ မယ်ဇလီဖူးပြုတ်ပြီးထားတာကို အအေးခံ...။ အေးလာရင်ဇလုံ တစ်ခုထဲ လက်နဲ့ကျေအောင်နဲနဲဖျစ်လိုက်တယ် အဲဒီထဲကို ကြက်သွန်စိမ်း ဆီချက် မြေပဲဆံလှော်ထောင်း ငရုတ်သီးကြော်ထည့် သံပုရာသီးလေးနဲနဲညှစ် ငရုတ်သီးစိမ်းလေး ထည့်သုပ်လိုက် ထမင်းနဲ့နယ်စား ဆိမ့်သက်အရသာလေးနဲ့သိပ်ကောင်းတာပဲ။
မိုးငွေ့
Friday, 24 October 2014
နှုတ်ဆက်မိုး.....
ကြည့်ပါဦး အိန်ဂျယ်.....
မြို့ပြရဲ့ အဆိပ်ခိုးငွေ့တွေကြားမှာ လသာညဆိုတာ ရှူရှိုက်ဖို့တောင် ခက်ခဲလှတယ်.....။
မင်းသိပ်ကြိုက်တဲ့ အဖြူရောင်နှင်းပွင့်ရာသီဆိကို တဖြေးဖြေးချင်းနင်းဝင်ရောက်လာနေပြီ...။ တုန်ခိုက်အေးချမ်းမှုတွေ လျော့ပါးပျောက်ကွယ်လုနေပြီဖြစ်တဲ့ ဆောင်းရာသီမှာ နွေးထွေးတဲ့ ပွေ့ဖက်မှုဆိုတာ လိုအပ်နေပါဦးမလား....။
တခါတခါ နှုတ်ဆက်မိုးတွေကတော့ ရုတ်တရက်ရွာချနေတုန်းပဲ အိန်ဂျယ်.....။
အဲခါမှာ မိုးရေထဲ အရင်လို မင်းဘောလုံးကန်ဖြစ်သေးလား....:)
မင်းနဲ့ပတ်သက်သမျှ အကြောင်းအရာတွေဟာ များများစားစားသိပ်မရှိလှပေမယ့် ကိုယ်ကတော့ မင်းအတွက် အမှတ်တရလက်ဆောင်အဖြစ် စာစုလေးတွေကို ဒီနေ့ထိ မြောက်များစွာဆက်တိုက်ဖန်တီးနေတုန်းပဲ...။ အင်းလေ ကိုယ်တို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုဆိုတာ လက်ချိုးရေတွက်လို့တောင်ရခဲ့တာကိုး....။ ဒါနဲ့တောင် မင်းအတွက် မကုန်ဆုံးနိုင်သော အမှတ်ရမှုစကားလုံးတွေက ပန်းပွင့်ကလေးတွေလိုပဲ ပွင့်လန်းဆဲ(မြဲ)ပါပဲ....။
အောက်တိုဘာရဲ့ နှုတ်ဆက်မိုးတွေ ဝုန်းဒိုင်းကျဲချိန် ကိုယ်... မိုးရေထဲရောက်မနေခဲ့ဘူး...။ 
မွန်းကျပ်လှောင်ပိတ်မှု‌ အောက်မှာ မိုးသံကိုနားထောင်ရင်း မိုးကိုတောင်ကိုယ်ငေးမောခွင့်မရလိုက်ဘူး...။ မိုးပွင့်မိုးစက်တွေကို အဖော်လုပ်ပြီးလည်း ကော်ဖီပူပူတစ်ခွက်ကို မသောက်ရတာလဲ ဘယ်လောက်ကြာပြီလဲ...။
ဘာပဲဖြစ်ဖြစ် လွမ်းတယ် အိန်ဂျယ်......
မိုးငွေ့
Wednesday, 22 October 2014
ကြက်ဟင်းခါးသီးပုစွန်ဆိတ်ကလေးနှပ်....
ကြက်ဟင်းပုစွန်ဆိတ်ကလေးနှပ်
ခုဈေးထဲမယ် ပုစွတ်ဆိတ်ပိကျိကလေးတွေ သိပ်ပေါတယ်...အဲဒါလေးကို ပုစွန်ပဲကြော်လုပ်စားမလား ကြက်သွန်ကြော်များများနဲ့ ငရုတ်သီးခွဲခြမ်းလေးနဲ့ပဲ အကြွပ်ကြော်ပြီး ပုလင်းထဲသိမ်းပြီးစားမလား ဒါမှမဟုတ် ငံပြာရည်ကြော် လုပ်စားမလား အကုန်ကောင်းတယ်..။ ကိုယ်ကတော့ မြန်မာကြက်ဟင်းခါးသီးလေးတွေ့လို့ ဈေးသည်က ခေါင်းရွက်ပြီးရောင်းနေတာ စည်ပင်လိုက်ဖမ်းလို့ ငါးရာဖိုး ဆယ့်တစ်လုံးနဲ့ယူတဲ့ အဲဒါနဲ့ငါးရာဖိုးဝယ်လိုက်တယ်...။ ပုစွတ်ဆိတ်ကလေး အစိပ်သားနဲ့ရောချက်တယ်။ 
ခါတိုင်း ယိုးဒယားသီးလိုအလုံးရှည်ရှည်နဲ့မဟုတ်ဘဲ မြန်မာသီးကဒီလို လုံးတုံးတုံးလေးတွေ ချစ်စရာလေး...။ အရင်က အခါးသိပ်မစားဘူး အသက်ကြီးလာလို့လားမသိ ခါးသက်တဲ့အရသာကို ခုံမင်တတ်လာတယ်...။ ကိုယ်ချက်တဲ့ Recipe လေးရေးပေးပါ့မယ်..။ ခရမ်းသီးနှပ်နဲ့ခပ်ဆင်ဆင်တူပါတယ်...။
1.ကြက်ဟင်းခါးသီးဆယ်လုံး
2.ကြက်သွန်နီဥကြီး 3လုံး
3.ကြက်သွန်ဖြူ 1လုံး
4.ခရမ်းချဉ်သီး 3လုံး
5.ပုစွန်ဆိတ် အစိပ်သား
6.ဆားလက်ဖက်ရည်နှစ်ဇွန်း
7.ငံပြာရည်စားပွဲတင်ဇွန်းတစ်ဇွန်း(မိမိလိုသလို)
8.နနွင်းနဲနဲ
9.ငရုတ်သီးမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်း
10.ဆီဟင်းခတ်ဇွန်းကြီးနှစ်ဇွန်း
ကြက်ဟင်းခါးသီးတွေကိုအစေ့ထုတ်ပြီးခပ်ထူထူလေးပိုင်း ဆားရေနဲ့သုံးရေဆေးပြီးစစ်ထားပါ..။ ပုစွန်ဆိတ်ကလေးတွေကိုလည်း အမှိုက်သန့်ရေဆေးပြီးစစ်ထားပါ..။ ကြက်သွန်ဖြူနီထောင်းထားတာကို ဆီသတ်ပါ ...နီရောင်သန်းလာရင် နနွင်း ငရုတ်သီးအရောင်မှုန့်ထည့် ဆားထည့် အစေ့ထုတ်ပြီး ခရမ်းချဉ်သီးသေးသေးနုတ်နုတ်လှီးထား တာကိုထည့်ကြော်ပါ...။ ခရမ်းချဉ်သီးအရေခြောက်ရင် ပုစွန်ဆိတ်ထည့်ကြော် ပုစွန်မွှေးလာတာနဲ့ ကြက်ဟင်းခါးသီးထည့် ငံပြာရည်ထည့် သေချာမွှေပေးပြီးရင် မီးလျှော့ပြီး အဖုံးအုပ် 15မိနစ်လောက်နှပ်ထားပါ...။ ဆီပြန်လာရင် အပေါ့ငံမြည်းပြီးတာနဲ့ရပါပြီရှင့်...။ ထမင်းပူပူလေးနဲ့နယ်စားကောင်းမှကောင်းပဲ...း))
မိုးငွေ့
Monday, 20 October 2014
ကျိန်စာ.....
ကျွန်မကျွေးတဲ့ ပန်းသီးတစ်ဝက်ကို သူစားရတဲ့နေ့က သူ့နှလုံးသားဗုံသံတွေကို ကျွန်မကြားလိုက်ရတယ်…။ အဲဒီညက ဒီဇင်ဘာရဲ့ နောက်ဆုံးညလေးမှာပေါ့…။ ကျွန်မကောင်းကင်မှာ မီးရှူးမီးပန်းတွေရောင်စုံ ဖွားခနဲပေါက်ကုန်ကြတယ်…။ အဲဒီဆောင်းဟာ ကျွန်မ ဘဝမှာ မမြင်ဖူးတဲ့ နှင်းပွင့်တွေကို ဝေစေခဲ့တဲ့ ရာသီပေါ့…။
သူ့ဆံပင်ကောက်ကွေးကွေးလေးတွေကို ကျွန်မ စိတ်ကူးထဲ လက်ချောင်းနဲ့ခွေကြည့်နေမိခဲ့တယ်…။ သူ့အပါးအမြဲပါတတ်တဲ့ ကင်မရာထဲမှာ ကျွန်မနေရာယူချင်ခဲ့မိတယ်…။ ကျွန်မဘဝထဲကို တိတ်တဆိတ်စီးဆင်းနေခဲ့ဖူးတဲ့ အသံတိတ်ရေတံခွန်လေးဟာ သူပေါ့…။
ကျွန်မကို နှင်းဆီပန်းခင်းကြီးတစ်ခု သူဖန်းဆင်းပေးခဲ့တုန်းက ကျွန်မကိုယ်ကျွန်မ အိပ်မက်ထဲ ရောက်သွားခဲ့သလား အောက်မေ့ရတယ်…။ ကျွန်မဟာ သူ့ကဗျာတွေထဲက နှင်းဆီပွင့်တွေလည်း ဖြစ်တယ်တဲ့…။ သူမဝန်ခံခင်ကတည်းက ကျွန်မရိပ်မိခဲ့တာပါ…။ မတူညီတဲ့ ကောင်းကင်အောက်ကနေ ဖြတ်သန်းသွားတဲ့ တိမ်တိုက်တွေမှာ ကျွန်မတို့ အလွမ်းတွေကို ချိပ်တွယ်ပေးခဲ့ဖူးကြတယ်…။
ဒီညမှ ကောင်းကင်က ပိုပြီးကြည်စင်သလိုပဲ…
ဒီညမှ လမင်းဝါဝါဟာ ပိုပြီးထိန်လင်းသလိုပဲ…
ဒီညမှ ကြယ်စင်တွေဟာ ပိုပြီးလင်းလက်သလိုပဲ…လို့ထင်မှတ်မှားစေတာဟာ… စွမ်းအားတရပ်ကြောင့်လို့ပြောရင် ရှင်တို့ယုံမလား…။ ဟုတ်တယ် အဲလိုစွမ်းအားမျိုး ကျွန်မကို သူပေးခဲ့ဖူးတယ်…။
ဝါးပင်တွေအောက်က လရောင်တွေပျောက်တိပျောက်ကျား သူ့လက်တွေပေါ်ဖြာကျနေချိန်မှာ ကျွန်မဟာ သူ့ကင်မရာထဲက ပုံလေးတွေကို စိတ်ဝင်တစားကြည့်နေ ခဲ့မိတယ်…။ သော့တွဲကလေးက ကြောင်ရုပ်ကလေးဟာ ကျွန်မရှေ့မှာ ပေကပ်ကပ်နဲ့ကြည့်နေတယ်…။ သူ့ကို ကျွန်မ ခုမှအပြင်မှာ တကယ်တွေ့ဖူးတော့တာ…။ သူကတကယ်ချစ်ဖို့ကောင်းတာပဲ..။
ကျွန်မသူ့ကို ထောပတ်သီးဖျော်ရည်တိုက်ခဲ့တဲ့ နေ့ခင်းတစ်ခုတုန်းက ကျွန်မရောက်ဖူးချင်ခဲ့တဲ့ သူ့ကင်မရာထဲကို ပထမဆုံးရောက်ခဲ့ရတယ်….။ အဲဒီနွေနေ့ခင်းဟာ ကျွန်မတို့နှစ်ယောက်အတွက်တော့ လေပြေအေးတွေတိုက်ခတ် ကျွန်မရင်ဖုံးအင်္ကျီက ခြူကြယ်သီးလေးတွေ လှုပ်ခတ်သွားခဲ့တဲ့နေ့ပေါ့…။
တခါတလေ ကျွန်မဟာ လူတစ်ယောက်အတွက်သိပ်လှပြီး စွဲလန်းနှစ်သက်မက်မောစရာ မိန်းမတစ်ယောက်ဖြစ်ချင်ဖြစ်ခဲ့မယ်…။ ဒါပေမယ့် လူတစ်ယောက်ဟာ ကျွန်မခံစားချက်တွေကို တစ်သက်တာလုံး ခိုးယူသိမ်းပိုက်သူဖြစ်မလာတာဟာ ကျွန်မအတွက် ကျိန်စာတစ်ခုလား…။
အဲခါမျိုးမှာ ကျွန်မဟာ သူ့အတွက် မထိုက်တန်တော့ဘူးလို့ကိုယ့်ကိုယ်ကိုမြင်လာခဲ့တယ်…။ ကျွန်မကိုယ်ကျွန်မ စုန်းကဝေတစ်ယောက်လို့ မြင်လာခဲ့မိတယ်…။ ကျွန်မကိုခွင့်လွှတ်ပါ…။ အရင်ဘဝတွေတုန်းက ကျွန်မဟာ ချစ်သူတွေကို ခွဲခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးလို့လား…။ ကျွန်မ..ဒီကျိန်စာက လွန်မြောက်ချင်လှပြီ…။ ဒါပေမယ့်လည်း ကျွန်မ နေသားတကျပျော်ပိုက်တတ်ခဲ့ပြီ…။
မိုးငွေ့
Saturday, 18 October 2014
ငါ့အကြောင်းနဲ့ငါ့ကံ.....
“ငါ့အကြောင်းနဲ့ ငါ့ကံ” အဲသီချင်းလေးကို မီးမီးခဲဆိုကတည်းကအရမ်းကြိုက်တယ်...။ ခဏခဏနားထောင်ဖြစ်တယ် စာသားလေးရော သံစဉ်ကိုရောကြိုက်တာ...။ FM မှာ ဟဲလေးပြန်ဆိုတာလေးကို နားထောင်ရတော့လည်းကြိုက်တယ် ယောက်ျားလေးဆိုတာစာသားနဲ့ ပိုလိုက်တယ်လို့ထင်တယ်...။ Nine One featuring ဆိုထားတဲ့ “ငါ့အကြောင်းငါ့ကံ” ကို သူငယ်ချင်း စာဖတ်သူ အားလုံးအတွက် မျှဝေချင်တာပါ...။ တစ်ပတ်တစ်ခါ ကိုယ်နားထောင်ဖြစ်တဲ့ သီချင်းသစ်ကလေးတွေကို ပုံမှန်တင်ပေးမယ်လို့ စိတ်ကူးထားတယ်...။
မိုးငွေ့
Thursday, 16 October 2014
အောက်တိုဘာဇာပဝါ.....
ဒီနေ့မနက်နေရောင်ဟာ ခါတိုင်းလို ပူပြင်းရှတမနေဘဲ ခပ်ဖျော့ဖျော့ ပါးပါးလွှင့်လွှင့်နဲ့ လေအေးကြားမှာ ယိမ်းထိုးကခုန်နေလေရဲ့....။ ဒါဟာ မိုးကုန်ခါနီး ဆောင်းဦးကို ကူးဖို့ လက္ခဏာများလား......။ အခါတိုင်း ဒီလမ်းကြားလေးဆီကို လျှောက်လာတာနဲ့ နဖူးမှာ ချွေးစို့နေပေမယ့် ဒီနေ့တော့ လေအေးနဲ့ နေလို့ကောင်းနေတယ်...။
မင်းဘယ်ဆီမှာလဲ အိန်ဂျယ်.........လို့  မင်းကိုမတဖြစ်တာ ဘယ်လောက်ကြာပြီလဲ... ရက်ပေါင်း ခြောက်ဆယ်ကျော်ရောပေါ့...။ မင်းကို အားလုံးမေ့ပျောက်ကုန်ကြပြီလားလို့ ကိုယ်စိုးရိမ်တကြီးရှိလိုက်ရတာ... သူတို့တွေက မင်းကို မမေ့ကြသေးဘူးတဲ့..။
မင်းကတော့ တိတ်တဆိတ်စာဖတ်သူတစ်ယောက်အနေနဲ့လာပြီး ကိုယ့်ကို စိတ်ထဲကနေ
“ဒီတစ်ခါလဲ အိန်ဂျယ်သေသွားပြီနော်”လို့ ရွတ်ဆိုသွားခဲ့ဦးမလားပဲ...။
မင်းသိလား ဒီမနက် ကိုယ်အဲဒီလမ်းကြားလေးထဲကဖြတ်လာတော့ နေရောင်တွေက လဲပင်ရွက်ကြားထဲကနေ ပျောက်တိပျောက်ကြားထိုးတော့ မင်းကို သတိရပြန်တယ်...။ မင်းနဲ့အတူ ဒီလမ်းထဲကိုလျှောက်ဖူးခဲ့ကြတုန်းက နေရောင်အစားလရောင်တွေဖြစ်ခဲ့တာပေါ့...။
အိန်ဂျယ်..မင်းရော ခုဘယ်တွေရောက်လို့ ဘာတွေလုပ်နေလဲ...။ ကိုယ့်ဖုန်းထဲမှာသိမ်းထားတဲ့ အိန်ဂျယ်ပုံနဲ့ မင်းနံပါတ်ကို တလောက ဖွင့်ကြည့်ဖြစ်နေသေးတယ်...။ ခု ကိုယ်မင်းဆီကို ဖုန်းခေါ်ရင် မင်းကိုယ့်ကိုတောင် မှတ်မိနေသေးပ့ါမလား.....။ ရက်ပေါင်း တစ်ထောင့်သုံးရာရှစ်ဆယ်ကျော် လပေါင်းလေးဆယ်ကျော်သွားခဲ့ပြီပဲ....။
မင်းကတော့ ကိုယ့်ဆီမှာ အမြဲတမ်းပျောက်ပြယ်သွားခြင်းမရှိတဲ့....... အိန်ဂျယ်တစ်ပါး...။
အောက်တိုဘာဟာ ဇာပဝါပါလေး လစ်ဟဖွင့်ပြီးကြိုဆိုနေပြီ...။ သိပ်မကြာခင်မှာပဲ မင်းကိုယ့်ကို ထားသွားခဲ့တဲ့ နိုဝင်ဘာ....ပြီးတော့ မင်းအတွက် ချိုမြိန်တဲ့စကားလုံးတွေနဲ့လက်ဆောင်ပေးဦးမယ့် ဒီဇင်ဘာရောက်လာကြတော့မှာ.......။
နှစ်လရာသီတွေအလီလီပြောင်း ကိုယ်ကတော့မပြောင်းမလဲ မင်းကို တမ်းတလွမ်းဆွတ်ဆဲပေါ့ အိန်ဂျယ်..။
မိုးငွေ့
Wednesday, 15 October 2014
အနီရောင်ရာဇဝင်......
ခုတလော ကိုယ်အနီရောင်ကို တော်တော်လေးရေဇီဖြစ်နေတယ်...။ ကိုယ့်မှာ အနီရောင်နဲ့ပတ်သက်လို့ အသုံးအဆောင်ပစ္စည်းများများစားစားမရှိခဲ့ဖူးဘူး...။ ကိုယ်ခပ်ငယ်ငယ် ကလေးမလေးအရွယ်တုန်းက မှတ်မှတ်ရရဝတ်ဖူးတဲ့ အနီရောင်ဝတ်စုံနဲ့ ကိုယ့်အဖေကိုယ်တိုင်ရိုက်ပေးဖူးတဲ့ ဓါတ်ပုံလေးရှိတယ်...အဲပုံလေးကို မီးမီး ဆိုတဲ့အက်ဆေးမှာတင်ခဲ့ဖူးပါတယ်...။ ဒါက ကိုယ့်ငယ်ဘဝက အနီရောင်အကြောင်း... ။ နောက်ပိုင်း ကြီးပြင်းလာတဲ့အထိ ကိုယ့်ပိုင်ဆိုင်မှှုထဲမှာ အနီရောင်တွေသိပ်မရှိခဲ့ဘူး......။ ပြီးခဲ့တဲ့နှစ်ကတော့ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်ဆီကို အနီရောင်တွေစုပြုံရောက်လာခဲ့တယ်....။ အနီရောင်ဖိနပ်သုံးရံလက်ဆောင်ရခဲ့တယ်...။ တစ်ရံက စလုံးကနေအဒေါ်ဝယ်ပေးခဲ့တဲ့ အနီရဲရဲလေဒီရှူးအပါးလေး နောက်တစ်ရံက ချစ်သူငယ်ချင်းတစ်ယောက် အော်ဇီကနေပြန်လာတော့ ဝယ်ခဲ့တဲ့ ကြိုးသိုင်းနီရဲရဲဖိနပ်လေး... နောက်ဆုံးတစ်ရံကတော့ အနီချည်းပဲမဟုတ်ပေမယ့် အသားရောင်အခံမှာ အနီသည်းကြိုးနဲ့ စိန်ပွင့်ကလေးတွေပါတဲ့ ဖိနပ်။
ကိုယ်ပိုင်ဆိုင်ခဲ့သမျှ အနီရောင်လေးတွေကို အောက်ကပုံလေးတွေမှာ ကြည့်ပါနော်...း)
တလောက MK Fashion (ဒဂုံစင်တာ) မှာ အပြင်ကဖြတ်လျှောက်ရင်း အရုပ်မှာဝတ်ဆင်ထားတဲ့ အနီရဲရဲဂါဝန်အကြပ်လေးတစ်ထည်ကို ကိုယ်သိပ်သဘောကျနေခဲ့မိတယ်...။ ဈေးတော့တော်တော်ကြီးမှာပဲ...။ အဲဒါမကျေနပ်လို့ ကိုယ်တိုင် တံဆိပ်ကိုသွားချောင်းခဲ့တယ် ဈေးနှုန်းက Baht 2990 တဲ့ မြန်မာငွေ ကိုးသောင်းကျပ်နီးပါး ဘုရားရေ.... အဲအနီရောင်ဝတ်စုံလေးမျက်စိထဲကမထွက်ဘူးဖြစ်နေတယ်...:))
ဖဘက မဂ္ဂဇင်းတစ်ခုမှာ Katy Perry ဝတ်တဲ့အနီရဲရဲဝတ်စုံသုံးစုံကိုလည်း ကြည့်ပြီးပြီးချင်း ရူးသွပ်သွားခဲ့မိတယ်...။ မျက်နှာသစ်ဆပ်ပြာလေးကုန်လို့ သွားဝယ်ရင်း Maybellin(Newyork) ရဲ့ Red Matte ဆိုတဲ့ နှုတ်ခမ်းနီရဲရဲလေးတစ်ထောင့်ဝယ်ဖြစ်ခဲ့သေးတယ်...။
  ဒီဝတ်စုံလေးသိပ်ခိုက်နေတယ် ချုပ်ပေးပါ မိုင်ဒီဇိုင်နာရေ....
တခါက အခက်ခဲလေးကြုံရင် သွားဟောနေကျ ဗေဒင်ဆရာမကြီးက ကိုယ့်ကိုယ် အဆိုတော်စာရေးဆရာရုပ်ရှင်မင်းသားကြီး ဦးဝင်းဦးနဲ့ ဇာတာတူတယ်လို့ပြောခဲ့ဖူးတယ်...။ အရောင်ထဲမှာ အနက်နဲ့အကျိုးပေးတယ်တဲ့...။ အဲကျမှ သတိထားကြည့်မိတာ ကိုယ့်အဝတ်အစားထဲမှာ အများဆုံးက အနက်ရောင်ဖြစ်နေခဲ့တယ်...(စကားချပ်)
တခါတလေ ကိုယ်ဟာ မျက်နှာမှာဘာမှမလိမ်းဘဲ မျက်တောင်မှာ မက်စကာရာ ခပ်ထူထူလေးကော့ပြီး နှုတ်ခမ်းနီရဲရဲဆိုးလို့ ခပ်ဆိုးဆိုးသွမ်းသွမ်း ကောင်မလေးငယ်ငယ်တစ်ယောက်လို လမ်းထွက်ကြည့်ချင်တယ်...။
ဘာရယ်မဟုတ် အနီရောင်ကို ဓါတ်ကျနေလို့ရေးမိသွားတာလေးပါ...။
မိုးငွေ့
Sunday, 12 October 2014
My Instagram Pics.....
ကိုယ့်ဆီမှာ ကင်မရာကောင်းကောင်းတစ်လုံးလိုတယ်ဆိုတာ သိတယ် မ၀ယ်ဖြစ်ဘူး။ ပြီးတော့ ဘယ်လိုအမျိုးစား ၀ယ်ရမယ် ဘာညာကလဲရှိသေးတယ်..။ ဒီတစ်ခါ အီလက်ထရောနစ်ပြပွဲရှိရင် Nikon တစ်လုံးလောက် ၀ယ်မယ်စဉ်းစားထားတယ်...။ အဲလို သဘာဝကျကျပုံလေးတွေရိုက်ရတာကြိုက်တယ်...။ ရိုးသလိုလိုနဲ့ ခရီရေးရှင်းလေးကို ခပ်ရေးရေးထုတ်ပြရတာကို သဘောကျတယ်...။ ဒါလေးတွေက ကိုယ်Instagram နဲ့ရိုက်ထားတဲ့ပုံကလေးတွေပါ...။
 ကိုယ့်ရဲ့ မိုးရာသီဖိနပ်လေး
 Lee Jean Pants ကို အဲလိုအပေါက်တွေဖေါက်ပစ်လိုက်တယ် ဒူးကိုစုတ်ဖြဲဖို့ကျန်သေးတယ်...း)
တစ်နေရာမှာ တစ်စုံတစ်ယောက်ကို နှစ်နာရီကျော်ကြာအောင်စောင့်လိုက်ရတဲ့နေ့က ပျင်းလို့ရိုက်ထားတဲ့ပုံ
 MAB(Myanmar Apex Bank) သိမ်ဖြူဘဏ်ခွဲမှာ Cheque သွားထုတ်ရင်း ကိုယ့်အလှည့်ကိုထိုင်စောင့်
 ဘ၀မှာ စောင့်စားခြင်းတွေများစွာထဲက တစ်ခု
 ဟဟဟ..Daisy သုံးပွင့်ကို ဗိုကာပုလင်းနဲ့ထိုးထားလို့တဲ့ ပြောကြတယ်... ဒါမယ့်လှတယ်ဟုတ်
ကိုယ့်အလုပ်စားပွဲပေါ်က ပန်းအိုးကလေး
 @Parkson // Mooncakefestival ##beautifullight ##mooncakelight ##mooncakefestivalsales
@Bar Boon// beside Bogyoke Market ##Ice Lemon Tea ##Cold Latte ##Honey Puff ##Supersunday ##dayouteating ##foodlover ##foodporn ##coffeelover ##coffeecazy
ဒီဝက်ကလေးကို အရင်ကတင်ဖူးပါတယ်..ခုသူကိုယ့်အလုပ်စားပွဲနားရောက်လာပြီလေ...း)
အသားကပ်ပွင့်ရိုက်... ကိုယ်က အဲလိုပွင့်ရိုက်ဆင်(Flora Print)တွေကို သိပ်သဘောကျတာ
မိုးငွေ့
Monday, 6 October 2014
မိုးငွေ့နှင့် သူ၏မနက်စာများ.....
  အိမ်နားက မင်းသီဟသူ လက်ဖက်ရည်ဆိုင်က ဘေဘီအီကြာကွေးနဲ့ပေါ့ဆိမ့်... အဲနေ့က သူငယ်ချင်းတွေပိုက်ဆံရှင်းသွားလို့ ဖရီးစားလိုက်ရတဲ့ မနက်စာ
Home Made ကော်ဖီဂျယ်လီ နို့စိမ်းဆမ်း
 ကြက်ကင်ဆီချက် ကိုယ်တိုင်လုပ်ပါသည်
 Cafe Amora ဒဂုံစင်တာ(၂) ရှေ့က တရုတ်ထမင်းကြော်
Ya Kun  Ham+Cheese sandwiches
 Ya Kun က လက်ဖက်ရည်ပူတစ်ခွက်
 Junction Square က Ya Kun မှာစားဖြစ်တဲ့ Nasi Lamek နဲ့ မလေးကြက်သားအုန်းနို့ခေါက်ဆွဲ
 Ya Kun Hot tea and Strawberry Toast အဲပေါင်မုန့်ကြက်ဥကြော်သိပ်ကောင်းတယ်
 ညတစ်ညထဲက ကော်ဖီခါးခါးတစ်ခွက်
 Ice Berry လှည်းတန်းက ချစ်သူနဲ့အတူမနက်စာ ဂျုံဆီချက်
 တရုတ်တန်းက ကာဖီကျွိပူပူတစ်ခွက်
အချစ်နဲ့အတူ တစ်ခုသော တနင်္ဂနွေမနက်စာ Nutella Bread ကြက်ဥနှစ်လုံး နဲ့ ကွေကာအုပ်
လှည်းတန်း Ice Berry ငှက်ပျောသီးမုန့်
လှည်းတန်း Ice Berry ကမုန့်လက်ချောင်း အရမ်းကြိုက်
လှည်းတန်း Ice Berry က အီတာလျံပုစွန်ခေါက်ဆွဲ
လမုန့်သိပ်စားချင်လွန်းလို့ ဝယ်စားလိုက်ပါတယ် စားလို့မကောင်းပါ...
Aldorado Red Bean and Honey paste Bun
 တစ်ခုသော သာယာတဲ့ဆန်းဒေး မနက်စာ ဇကာကြီးမွင်းဂါး 
Nutella သုတ်ထားတဲ့ ပေါင်မုန့်နဲ့ ကာဖီခါးခါး
ဝပေ့စေတော့ စားမှာပဲ စားမှာပဲ...
ညဖက် စားပြီးသောက်ပြီး အချိုတည်း... ဆန်းကစ်သီးနဲ့ ချယ်ရီပန်းသီးလေးတွေ
ကျန်းမာစားဝင်အိပ်ပျော်လို့ အားလုံးပျော်ရွှင်ကြပါစေ....
မိုးငွေ့