Saturday, 29 October 2011

ငယ်တုန်းက ကစားခဲ့ဖူးတာတွေ...





ရုံးဆင်းတော့ လမ်းထိပ်မှာ သင်တန်းသွားဖို့ကားစောင့်ရင်း ကလေးလေးတစ်ယောက် သုံးဘီးစက်ဘီးလေးစီးတာကိုကြည့်ပြီး ငယ်ငယ်တုန်းက စီးခဲ့ဖူးတဲ့ စက်ဘီးလေးကို သတိရသွားတယ်...။ မှတ်မိသေးတယ် စက်ဘီးလေးက သံကိုယ်ထည်လေး (စောစောက ကလေးစီးတာက ပလပ်စတစ်တွေချည်းနဲ့လုပ်ထားတာ)... ပလပ်စတစ်ဆိုလို့ အနီရောင်လက်ကိုင်လေးနဲ့ ခြေနင်းလေးပဲရှိတယ်...။ နောက်မှီ သံလုံးအခုံးလေတစ်ခုပါတယ် အဲဒါလေးပဲ....။ ကျွန်မတို့အိမ်ရှေ့မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ် အဲဒီပင်နားက မြေကြီးကမူလေးက ကုန်းလေးလိုဖြစ်နေတော့ စက်ဘီးစီးရင် အဲဒီကုန်းလေးကနေ လျှောချပြီးစီးရတာကို သိပ်သဘောကျတယ်...။ အဲဒီတုန်းက ကျွန်မအသက် ခုနှစ်နှစ်လောက်ရှိမယ်ထင်တယ်...။ နဲနဲကြီးလာတော့ ဦးလေးဝယ်ထားတဲ့ အနီရောင်ဘီအမ်အိပ်စ်စက်ဘီးလေးကို ခြေမမီ့တမီနဲ့စီးတယ်...။ ထိုင်ခုံလေးက ဆိုင်ကယ်လိုပဲ အရှည်လိုက်လေး နောက်မီးလုံးတွေဘာတွေအပြည့်အစုံနဲ့ လှလည်းလှတယ်...။ အဲဒီတုန်းကတော့ အဲလို စက်ဘီးမျိုးစီးပြီး စက်ဘီးခေါင်းထောင်တာပြိုင်ကြတယ်...။ ပျော်ဖို့ကောင်းတယ်...။

ငယ်တုန်းက ကစားစရာတွေက ခုခေတ်လို တီဗီဂိမ်းတွေဘာတွေမရှိဘူး... တီဗီတောင်မှ အိမ်ပေါက်စေ့မရှိကြတဲ့ခေတ်...။ ဒါပေမယ့် ကျွန်မတို့မှာ ဆော့စရာတွေက များမှများပဲ....။ ကစားနည်းတွေလည်းများတယ်...။ ညနေကျောင်းဝင်းထဲက အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မတက်မီ ဆရာမထမင်းစားနေချိန်ဆို... ဆရာမက ဘောလီဘောတစ်လုံးပေးထားတယ် အဲဒါပုတ်ကြတယ်...။ ကျွန်မတို့ဆရာမက တောင်ကြီးမှာ ကျောင်းတက်တုန်းက လက်ရွေးစင်တဲ့... ဒါကြောင့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ခန္ဓာကိုယ်ဖြစ်နေတာ....။ ဘောလီဘောကိုလဲ လက်နာပေမယ့် ပုတ်ကြတာပဲ... ဆားဗစ်ပေးရတာစိတ်ဝင်စားဆုံးပဲ...။ နောက် ကြက်တောင်လဲရိုက်တယ်...။ နယ်ကျောင်းဝင်းဆိုပေမယ့် ဘောလုံးကွင်း ကြက်တောင်ကွင်း ဘောလီဘောကွင်း အစုံရှိတယ်....။ နောက်ကစားနည်း တစ်မျိုးရှိသေးတယ်...။ ဘေ့စ်ဘောနဲ့ခပ်ဆင်ဆင်ပဲ...။ တစ်ဘက်က ပင်ပေါင်ဘောလေးကိုပစ်ပေး တစ်ဘက်က ဘတ်တံနဲ့ရိုက်ရတယ်...။ ကျွန်မတို့ကတော့ ဘတ်တံမရှိရင် ဖိနပ်နဲ့လည်းရိုက်တာပါပဲ... ဘောလုံးလေးအဝေးရောက်တာခြင်းတော့ ကွာတာပေါ့...။ အဲဒီဘောလုံးကိုပစ်ပေးသူပြေးကောက်နေတဲ့ချိန်မှာ ရိုက်တဲ့သူက စည်းပတ်ပြီးပြေးရတယ် ကိုယ်ပြေးနိုင်တဲ့အပေါ်မှာ အမှတ်ရတယ်...။ ဘောလုံးကောက်ပြီး ကိုယ့်ကိုပြန်လာမပစ်ခင် ကိုယ့်နေရာကိုပြန်နေရတယ်....။ အဲလိုကစားနည်းမျိုး...။ ပြီးတော့ အဖွဲ့နှစ်ဖွဲ့ ဗြောင်နောင်နောင်ဗေဗေ့ကျိ လုပ်ပြီး ရှုံးတဲ့ အဖွဲ့က နိုင်တဲ့အဖွဲ့ကို ကုန်းပိုးပြီးစည်းအဝိုင်းအတိုင်း ချဲပြီးရပ်ရတယ်...။ ကုန်းပေါ်ကသူတွေက အဝတ်ထုတ်သို့မဟုတ် ဘောလုံးတခုခုပေါ့ အဲဒါကို တစ်ယောက်ကိုတစ်ယောက် ပစ်ပေးရတယ်...စည်းများများပတ်ပြီးလက်ဆင့်ကမ်းနိုင်ရင် အမှတ်ရတာပေါ့...။ အထုပ်ကလေးပြုတ်ကျသွားရင်တော့ ရှုံးပြီ...။ ကစားနည်းတွေက တော်တော်များတာ...။

ညဘက်ဆို လသာတဲ့ညဆို ကျွန်မတို့ကလေးတွေတစ်သိုက်ပိုပြီးပျော်ကြတယ်...။ စည်းဝိုင်းအကြီးကြီးဆွဲပြီး ခွေးရူးကျတဲ့သူက ဝိုင်းအပြင်ဖက်မှာနေ ကျန်တဲ့သူတွေက အတွင်းမှာ စုပြီး In လား out လားလို့ ခွေးရူးကိုမေးရတယ်...။ သူက အတွင်းသူတွေကို ကြည့်ပြီး In လို့အော်ရင် သူက စည်းအတွင်းကိုအဲဒီလူတွေလိုက်ဖမ်းတာ အတွင်းကလူတွေက စည်းအပြင်ဖက်ကိုအမြန်ပြေးထွက်ရတယ် မထွက်ခင်မိသွားရင် အဲဒီတစ်ယောက်ခွေးရူးဖြစ်ပြီ...။ Out ဆိုရင်တော့ သူက စည်းအပြင်ဖက်ကနေ အတွင်းကလူတွေကို ပတ်ပြီး ဖမ်းရတယ်... ။ ဂုံညင်းဒိုးပစ်တမ်း... ဝါးလက်ခုတ်တမ်း အဲလိုတွေ အစုံကစားကြတယ်..။ အိမ်မှာက ဆိုင်ဖွင့်ထားတော့ သရေကွင်းတွေကိုကြိုးသီပြီး ကြိုးခုန်တမ်းကစားတယ်...။ အိုးပုပ်လည်းဆော့တယ်...။ အဝတ်စတွေနဲ့လုပ်တဲ့အရုပ်နဲ့လည်းကစားတယ်...။ မကျည်းစေ့တွေတောက်တယ်..။ တခါတခါ မကျည်းစေ့ပုလင်းကြီးပိုက်ပြီး မြေကြွင်းတူးပြီး ကစားကြတယ်....။

ငယ်တုန်းက ကစားခဲ့တာတွေကို သတိရသွားတယ်.......။ အဲလို ဖြူစင်တဲ့ ကလေးဘဝလေးဟာ ဘယ်တော့မှပြန်မရနိုင်တော့ဘူးလေ.......။ လူကြီးဘဝမှာတော့ အရောင်တွေကစုံလွန်းတယ်... ကလေးတုန်းကလို အဖြူထည်လေးမဟုတ်တော့ဘူး......။ လောကကြီး ပြောင်းလဲသလို အလိုက်သင့်အလျားသင့်နေထိုင်ရင်း အရောင်တွေလည်းစုံခဲ့ပြီပေါ့.......။


မိုးငွေ့

Monday, 24 October 2011

ကြက်သားငြုတ်သီးကြော် နဲ့ ငွေနှင်းမှိုကြော်


ကြက်သားငြုတ်သီးကြော်


ဟင်းမချက်ဖြစ်တာကြာပြီဆိုတော့ လက်ရည်ကျသွားမှာစိုးရတယ်...။ မဖြစ်ပေဘူး ဒီပိတ်ရက်တော့ တစ်ခုခုချက်မယ်ကွယ်ဆိုပြီး ၀ယ်ထားတဲ့ mini cook Chinese dishes ကိုဖတ်တော့ ဒီကြက်သားကြော်လေးကိုတွေ့သွားတယ်...။ အဲဒါနဲ့ Market Place မှာ ဈေးဝယ်ထွက်ဖြစ်သွားတယ်...မရောက်ဖြစ်တာလဲ ကြာပြီ...ပြီးတော့အဲဒီက အီတာလျံမုန့်ဆိုင်(Sharky) ကရောင်းတဲ့ ရေခဲမုန့်စားချင်တဲ့ အာသီသကြောင့်လဲပါတယ်...။ ကျမရဲ့ မကြိုက်တဲ့ အစားစာထဲမှာ ရေခဲမုန့်လည်းပါတယ်...။ ဒါပေမယ့် အဲဒီဆိုင်ကရေခဲမုန့်ကိုတော့ တော်တော်လေးကြိုက်နေမိတယ်...။ ဒူးရင်းရေခဲမုန့်ကိုကြိုက်တာ အဲဒီနေ့ကမရဘူး..။

ကြက်သားဟင်းချက်ဖို့ပြောရင်း ချော်ထွက်ကုန်ပြီ...။ အဲဒီက ကြက်ရင်အုံသားတစ်စုံ ငရုတ်သီးခြောက် ငွေနှင်းမှိုတွေ့လို့ တစ်ကဒ်ဝယ်ခဲ့တယ် 666ကျပ်တဲ့ မဆိုးပါဘူး...။ နောက် ငရုတ်ပွ ဥနီ အဲဒါလေးတွေပါဝယ်ခဲ့တယ်....။ အီတာလျံစာနဲ့ ပင်လယ်စာတန်းကိုလဲ ငေးမောခဲ့ပါရဲ့ ...မချက်တတ်သေးတော့ ဘာမှမ၀ယ်ဖြစ်ဘူး...။ ချိစ်မျိုးစုံလင်နေအောင်တွေ့တယ်..စားချင်စရာ ဘယ်ချိစ်က ဘယ်နေရာမှာ သုံးရတယ်ဆိုတာ သိသွားတော့မှပဲ အီတာလျံစာချက်ပြတော့မယ်...။

ကြက်ရင်အုံသားကို လေးတောင့်တုံးလေးတွေလှီးပြီးရင် နယ်ပြီးနှပ်ရမယ့် အစာများကိုပြောပါမယ်...။

1.ပြောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
2.ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းနှစ်ဇွန်း
3.ဆန်အရက် စားပွဲတင်ဇွန်းနှစ်ဇွန်း
4.နှမ်းဆီမွှေး စားပွဲတင်ဇွန်းတစ်ဇွန်း
5.သကြားစာပွဲတင်ဇွန်းနှစ်ဇွန်း
6.ကြက်သွန်ဖြူ ငါးမွှာ (အပြားရိုက်ပြီးစင်းထား)
7.ဂျင်း လက်တစ်ဆစ် ( အချောင်းလေးတွေလှီးပြီးစင်းထား)

အထက်ကဖော်ပြထားတဲ့ အစာပလာတွေကို ကြက်သားထဲထည့်နယ်ပြီး ရေခဲသေတ္တာထဲ မိနစ်နှစ်ဆယ်လောက်နှပ်ထားရပါမယ်...။ ငရုတ်သီးခြောက်ဆယ်တောင့်လောက်ကို ကပ်ကြေးနဲ့ခွဲပြီး အစေ့တွေအကြောတွေအကုန်ထုတ်ပြီး သန့်စင်ထား...။

ကြက်သားကြော်ထဲထည့်ဖို့ ဆော့စ်လုပ်တဲ့နည်း

1.ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်းနှစ်ဇွန်း
2.ဆန်အရက် စားပွဲတင်ဇွန်းနှစ်ဇွန်း
3.ရေစားပွဲတင်ဇွန်းနှစ်ဇွန်း
4.ဆား လက်ဖက်ရည်တစ်ဇွန်း

အဲဒီလေးမျိုးကို ပန်းကန်တစ်လုံးထဲ ရောသမထားမယ်....။

ကြက်သားစကြော်တော့မယ်နော်....။ ဒယ်ထဲက ဆီပူလာရင် ငရုတ်သီးခြောက်ကို ကြွပ်အောင်ကြော်ပြီး ဖယ်ထားပါ...။ နှပ်ထားတဲ့ ကြက်သားကို ဆီပူမှာထဲ့ကြော်ပါ နှစ်မိနစ်သုံးမိနစ်လောက်ဆက်တိုက်မွှေပေးပါ... ကြက်သားရရင် ဆော့စ်လောင်းထည့်ပါ...။ ငရုတ်သီးကြော်ထည့်ပါ...။ ပါးပါးလှီးထားတဲ့ ကြက်သွန်မှိတ်ထည့်ပါ...။ ပုံထဲမှာတော့ ကြက်သွန်မှိတ်ထည့်ဖို့မေ့သွားလို့ မပါလိုက်ဘူး...။ တကယ့် receipt ထဲမှာတော့ ငရုတ်ဆီထည့်ရသေးတယ် ကျမက အရမ်းစပ်သွားမှာစိုးလို့ မထည့်လိုက်ဘူး...။ ငရုတ်ဆီဆိုတာ ငရုတ်သီးကြော်ထားတဲ့အဆီပါ အရောင်လဲလှတာပေါ့...။ ဆန်အရက်နဲ့နှပ်ထားတဲ့ အရသာနဲ့ နှမ်းဆီနံ့မွှေးမွှေးရယ် ငရုတ်သီးပါကိုက်စားတော့ ရှူးရှူးရှဲရှဲနဲ့ အရသာကောင်းမှကောင်းပဲ...။ စီရွှမ်ကြက်သားကြော်နဲ့ ကွာသွားတာက စီရွှမ်ဆော့စ်လေးမထည့်ထားတာပဲရှိတာ...။


ငွေနှင်းမှိုကြော်


မှိုလေးတွေကို တစ်ဖတ်ချင်းခွာ ရေသေချာဆေးပြီးစစ်ထား..။ ငရုတ်ပွနှစ်လုံးကို အစေ့ထုတ်ပြီး လေးတောင့်လေးတွေလှီးထား ။ ဥနီတစ်လုံးကိုအပြားလိုက်တစောင့်လှီးထား။ ဆီပူဒယ်ထဲကို အပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့် ကြက်သွန်မွှေးလာရင် ဥနီနဲ့ ငရုတ်ပွထည့် တစ်ချက်နှစ်ချက်မွှေပြီး မှိုထည့် ခရုဆီထည့် ကြက်မှုန့်နဲနဲ ပဲငံပြာရည်အကြည်ထည့်ပြီး အိုးချခါနီး နှမ်းဆီမွှေးလေးတစ်စက်နှစ်စက်ထည့်လိုက်ရင် ဟင်းသီးဟင်းရွက်အရသာ မှိုရဲ့အချိုနဲ့ မွှေးပြီး ပူပူလေးစားသုံးရင်ပိုကောင်းပါတယ်...။


မိုးငွေ့


Friday, 21 October 2011

ဘဝပကျြယတွာ......





ကောင်းကင်ကြည်ကြည်လင်လင် လေညှင်းလေးအေးမြမြပေမယ့် မနှင်းဆီရင်ထဲက အပူကတော့ လောင်ကျွမ်းနေတုန်း....။ လသာဆောင်မှာ မနှင်းဆီတစ်ယောက်တည်း ရပ်နေတာတော်တော်ကြာသွားပြီ...။ ခုနလေးကမှ မနှင်းဆီအဒေါ်က ကောင်မလေးကိုအခေါ် လွှတ်လိုက်သေးသည်...။ ခေါင်းမာသောမနှင်းဆီကတော့ ဒါဆိုဒါပဲ... ခြေလှမ်းတောင် တစ်လှမ်းမှမရွေ့.... ဗူးဆိုဖရုံမသီးဘူးဆိုသည့် လူစားမျိုး...။

မနှင်းဆီ...ဘဝအတွက် ကိုယ်မနှစ်သက်မချစ်ခင်တဲ့သူနဲ့ လက်ထပ်ရမယ်ဆိုတာ အိပ်မက်ထဲတောင် ထည့်မမက်ခဲ့...။ ခု... အဒေါ်တို့ပေးစားမယ့်သူဆိုတာရောက်နေသည် အောက်ထပ်မှာ...။ အဲဒီလူကို စိတ်လဲမဝင်စားပါဘူး... အိမ်ကိုခဏ ခဏလာပေမယ့် တစ်ခါမှထွက်မတွေ့လို့ မနှင်းဆီ ထိုလူကိုလဲ တစ်ခါမှမတွေ့မမြင်ဖူးသေးဘူး...။ မနှင်းဆီ တွေ့လဲမတွေ့ချင်ပါဘူး...။ မနှင်းဆီကိုင်သည့် ဖုန်းနံပါတ်ကိုဆက်လာသေးသည်...။ ဖုန်းမှားတယ်ချည်းပြောလွှတ်လိုက်သည်...။

အရမ်းစိတ်ညစ်နေသည့် မနှင်းဆီကို သူငယ်ချင်းတစ်ယောက်က စိတ်ပြေလက်ပျောက် ဗေဒင်သွားကြည့်မလား အညံ့လေးဘာလေးရှိရင် ယတြာချေတာပေါ့...ဟု အကြံပေးသဖြင့် မနှင်းဆီလည်း ဗေဒင်ယုံသည် ဝါသနာပါသည်မဟုတ်ဘဲ ...တစ်ခုခုထူးခြားသွားလည်း အမြတ်ပဲလေဟုတွေးကာ သူငယ်ချင်းအကြံကို လက်ခံလိုက်လေသည်....။ ဗေဒင်ဆရာမက နာမည်ကြီးဗေဒင်ဆရာကြီးရဲ့ တပည့်... ယတြာကောင်းသည်ဟု နာမည်ကျော်ဇောသူတစ်ဦးဖြစ်ပေသည်...။ ထိုနေ့က ဗေဒင်ကြည့်တော့ မနှင်းဆီမှာ အန္တရာယ်ရှိနေကြောင်း တစ်စုံတစ်ယောက်၏ ခိုးပြေးခြင်းကို ခံရလိမ့်မည်ဟု ဆရာမကဟောလေသည်...။ နောက် မနှင်းဆီက အိမ်ကပေးစားမယ့် ယောက်ကျားကို မနှစ်သက် လက်မထပ်လိုသည်ကို ပြောပြတော့ ဆရာမက ယတြာတစ်ခုတော့ရှိတယ် ဘဝပျက်ယတြာတဲ့...။ အဲဒီယတြာချေပြီးရင် အိမ်ထောင်ပြုရဖို့က သိပ်မဖြစ်နိုင်တော့ကြောင်း သေချာစဉ်းစားပြီးမှ ချေစေလိုကြောင်းဆရာမကပြောပါတယ်...။ မနှင်းဆီကတော့ ရင်ထဲကအပူအေးရင်ပြီးရောဆိုပြီး ချေမယ်လို့ ဆုံးဖြတ်လိုက်သည်...။

ထိုယတြာမှာ ဘုန်းကြီးကျောင်းတစ်ခုကိုသွား ကျောင်းထိုင်ဘုန်းကြီးထံ ခွင့်ပန်ပြီး ဘုန်းကြီးကျောင်းမှာ တစ်ညအိပ် ဘုန်းဘုန်းရဲ့ ဝေယျာဝိစ္စတွေကို မိုးလင်းတဲ့အထိလုပ်.... ထွေးခံဆေးပေးတာတို့ ရေအေးကပ်တာတို့ အိမ်သာဆေးပေးတာတို့ကို ကုသိုလ်ရအောင်လုပ်ပေးရမည်...။ ပြီးတော့ အဲညမှာ ဝတ်အိပ်တဲ့ လုံချည်ကို အနီးက အမှိုက်ပုံမှာ စွန့်ပစ်ပြီး အညံ့အားလုံးပျောက်ပါစေလို့ ဆုတောင်းရမည်တည်း...။

အဆင်ပြေချင်တော့ သူငယ်ချင်းရဲ့ အိမ်ဟိုဘက်လမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ တစ်ညတည်းခိုခွင့်ရသွားသည်။ မနှင်းဆီရဲ့ သူငယ်ချင်းပါ အဖော်လိုက်အိပ်ပေးသည်...။ အဓိပ္ပါယ်ကတော့ ဘဝပျက်ပြီး နေစရာမရှိ ဘုန်းကြီးကျောင်းမှာလာကပ်နေရသည်ဆိုသည့်သဘောမျိုးသက်ရောက်စေသည်...။ မနှင်းဆီသူငယ်ချင်းကတော့ မနှင်းဆီနှင့် တစ်ခြင်ထောင်ထဲ မအိပ်ရပါ...။ ဘာကြောင့်လဲဆိုတော့ မနှင်းဆီတစ်ယောက် နေစရာမရှိဘဝပျက်လာသည် ဆိုသည့် ပုံစံမျိုးနှင့် ယတြာချေရမည်ကိုး...။

မနှင်းဆီ၏ ယတြာလည်း အဆင်ပြေပြေနှင့် ပြီးဆုံးသွားပါသည်...။ ဆရာမ၏ယတြာစွမ်းလို့လားမသိ ထိုလူလဲ မနှင်းဆီကိုလက်လျှော့ကာ သူ့မြို့ကိုပြန်သွားသည်...။ လူကြီးတွေလည်း ထိုနေ့မှစ၍ မနှင်းဆီကို အိမ်ထောင်ချပေးဖို့ စကားမစကြတော့ပါ...။ မနှင်းဆီ ယတြာချေတုန်းက အဖော်လိုက်ပေးသော သူငယ်ချင်းက ယနေ့ထိတိုင် ကြုံတိုင်းပြောတတ်သည်မှာ မနှင်းဆီယတြာသူ့အဖျားခတ်သွားလို့လားမသိ ခုထိယောင်္ကျားမရတာကိုလေတဲ့...။

ဘဝပျက်ယတြာရဲ့ ဂယက်ကြောင့်လား မနှင်းဆီသည် ရုပ်ရည်ချောမောလှပပါသည်...။ သို့သော် ဘယ်ပူရိသယောကျာၤးတစ်ဦးတစ်ယောက်မျှ မနှင်းဆီကို စိတ်မဝင်စားကြတော့ပါ...။ ထိုအတွက်လည်း မနှင်းဆီဝမ်းမနည်းပါ...။ ယနေ့ အသက်လေးဆယ်နားနီးသည့်တိုင် မနှင်းဆီကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည် ကိုယ်လုပ်စရာရှိတာ လုပ်ကိုင်ရင်း နှလုံးသားတံခါးပိတ်ကာ ကျေနပ်စွာ တစ်ယောက်တည်း နေထိုင်သွားလေတော့သတည်း...။

မှတ်ချက်။ ။ မနှင်းဆီမူပိုင် ဖြိုးမောင်မောင်(CTM)၏ မနှင်းဆီကို သည်ဝတ္ထုတိုလေးမှာ သုံးခွင့်တောင်းထားပါကြောင်း.....။ ကျေးဇူးပါ ....ဖြိုး....။


မိုးငွေ့


Thursday, 20 October 2011

About Love.....





“အချစ်သစ်တဖန်မွေးဖွားခဲ့ပြီ”တဲ့...ဦးထီးကအဲလိုဆိုထားခဲ့တယ်...။

တကယ်ပဲ အချစ်ဆိုတာ အသစ် အသစ် အဖန်တလဲလဲ မွေးနိုင်ပါသလား....။ လူတိုင်း လူတိုင်း အချစ်ကိုခံစားဖူးတတ်ကြမှာပါ...။ ဒါပေမယ့် အချိန်တွေ ရွေ့လျားပြောင်းလဲလာတာနဲ့အမျှ အချစ်အပေါ်ခံစားမှုတွေက ပြောင်းလဲလာတယ်....။

အချစ်ကို ကိုယ့်ခံစားမှုနဲ့ကိုယ် အဓိပ္ပါယ်အမျိုးမျိုးဖွင့်ကြတယ်....။ ကိုယ့်အတွက်တော့ အချစ်ဆိုတာ အငွေ့ဆန်ပါတယ်...။ အချစ်ဟာ ဘဝအတွက် အစိတ်အပိုင်းသေးသေးကလေးသာပါဝင်တယ်ဆိုပေမယ့်လည်း သူကလူတစ်ယောက်အတွက် မရှိမဖြစ်လေးပါ...။ ဝမ်းနည်းအားငယ်နေချိန်ကလေးမှာ အချစ်ဟာ လူတစ်ယောက်အတွက်တော့ အားဆေးတစ်ခွက်ပါပဲ....။ လူတစ်ယောက်ရဲ့ နှလုံးသားအတွက် ဝိဉာဉ်အတွက် အားဆေးတစ်ခွက်ပဲ...။ အချစ်အကြောင်းကို မသက်ဝေတဂ်လို့ ဒီမှာ ရေးဖူးပါတယ်...။

ဟိုးငယ်ငယ် ဆယ်ကျော်သက်အရွယ်တုန်းက ချစ်ခဲ့ဖူးတဲ့ အချစ်...။ ပြီးတော့ အရွယ်ရောက်လာလို့ ရည်းစားတွေဘာတွေရတော့ ချစ်ဖူးခဲ့တဲ့အချစ်...။ တူတော့မတူဘူးဗျ...။ ကွဲပြားတယ်... အသက်အရွယ်အလိုက် အချိန်အခါအလိုက် ခံစားမှုတွေ အတွေးတွေပြောင်းလဲသွားတယ်....။ အခုလက်ရှိအချိန်မှာတော့ အချစ်ဆိုတာကို ဘဝအတွက်ပိုပြီးလိုအပ်လာတယ်လို့ မြင်လာတယ်...။ အချစ်ကိုလဲ လွတ်လပ်စွာချစ်ခွင့်ရှိလာတယ်လို့ခံစားရတယ်....။ အသက်ကြီးရင့်လာသည်နှင့်အမျှ အချစ်အကြောင်းရေးရတာပိုပြီး အဓိပ္ပါယ်ရှိလာတယ်....။ လူတစ်ယောက်ရဲ့ စိတ်အဟာရအတွက် အချစ်ဟာ ဘယ်အချိန်မဆို လိုကိုလိုအပ်တယ်...။

အချစ်ဟာ ပျားရည်လိုချိုမြတယ်... အချစ်ဟာ လေပြေလေညှင်းလေးလိုပဲ.... အချစ်ဟာဝိုင်တစ်ခွက်... အချစ်ဟာ ဘာညာဘာညာလို့ အမျိုးစုံတင်စားကြပေမယ့်....တကယ်တမ်းကျတော့ အချစ်ဟာ...အင်မတန်ရိုးစင်းလှတဲ့ အချစ်ပါပဲ...။ လူတွေကသာသူတို့ ပူရင်ပူတယ် အေးရင်အေးတယ်နဲ့ အပြစ်ပုံချနေကြတာ...။ အချစ်ဟာ အချစ်ပါပဲ...ဘယ်တော့မှပျောက်ပျက်မသွားမယ့်အရာ....။

ကြားဖူးကြမလားတော့မသိဘူး စက်ဝိုင်းသီအိုရီတစ်ခုအကြောင်းပါ... စက်ဝိုင်းတစ်ခုပေါ်မှာ လူနှစ်ယောက်ဟာ မရပ်မနားဆက်သွားနေမယ်ဆိုရင် အဲဒီနှစ်ယောက် ဘယ်တော့မှပြန်ဆုံမှာမဟုတ်ဘူး...။ နှစ်ယောက်ထဲက တစ်ယောက်ယောက်သာ တစ်နေရာမှာ ရပ်စောင့်နေရင်တော့ တစ်ချိန်မှာ ပြန်ကိုဆုံဖြစ်ကြမှာ အသေအချာပဲ....။ လူတွေသဘာဝက လိုက်ရင်ပြေးတတ်ကြတယ်လေ... ဒီတော့ မလိုက်ဘဲ တစ်နေရာမှာ ရပ်စောင့်နေလိုက်ပါ...။

ကိုယ့်အတွက်တော့ အချစ်ဆိုတာ... ဘယ်တော့မှ လန့်နိုးမလာမယ့် အိပ်မက်ထဲက ကိုယ့်ရဲ့ အိန်ဂျယ်လေးပါပဲ....။ ဒါနဲ့စကားမစပ်... ကိုယ့် အိန်ဂျယ်လေးကို ဂုဏ်ပြုတဲ့အနေနဲ့ အိန်ဂျယ့်ကိုချစ်တဲ့ အချစ်အကြောင်းလေးကို နိဒါန်းရှည်ရှည်ပျိုးပြီးရေးလိုက်ပါတယ်.........။


မိုးငွေ့

Saturday, 15 October 2011

နွေဦး.....




ကိုယ်တို့စတွေ့ကြတုန်းက နွေဦးပေါက် မရောက်တရောက်အချိန်တုန်းကပေါ့.....။

နွေဦးဆိုပေမယ့်လည်း ညနေခင်းလေညှင်းလေးကတော့အေးမြမြပါပဲ.....။ ချိုမြတဲ့သံစဉ်တေးသွားတွေ လေထဲက တဆင့်ဝေ့ကာဝိုက်ကာနဲ့ ကိုယ်တို့ရဲ့ လက်ဖက်ဝိုင်းဆီကို ပျံ့လွင့်လာတယ်.....။ ဘာလို့လဲမသိဘူး... အဲဒီသီချင်းအဆိုရှင်ရဲ့အသံကို ကိုယ်မမေ့နိုင်ခဲ့ဘူး...။ ပြီးတော့ ခေါင်းစဉ်မသိ ဘယ်သူဆိုထားမှန်းမသိတဲ့ သီချင်းကိုလည်း စွဲလန်းနေခဲ့မိတယ်....။ (အဲဒီသီချင်းလေးကိုလည်း ကိုယ်အသည်းအသန်ရှာနေမိတယ်... အချိန်တော်တော်ကြာတဲ့အထိမတွေ့ဘူး....။ နောက်တော့ သီချင်းလေးကကိုယ့် ကွန်ပျူတာထဲက ဖိုတာအထပ်ထပ်နဲ့သိမ်းထားတဲ့ အထဲမှာ ထူးထူးဆန်းဆန်းတစ်ပုဒ်တည်း သီးသန့်ရှိနေခဲ့တယ်.....။ ကိုယ့်မှာနေ့နေ့ညည အဲသီချင်းလေးကို မရိုးနိုင်အောင်နားထောင်တယ်......။ လေပြေနုနဲ့အတူသီဆိုခဲ့ဖူးတဲ့ အဲဒီညချမ်းက အဆိုရှင်ကို သတိရလွမ်းဆွတ်ရင်းနဲ့ပေါ့.....)

နောက်နေ့မနက်လင်းမှသာ ကိုယ်နှစ်သက်တဲ့အဆိုရှင်ဟာ မနေ့ညကမမြင်ဖူးလိုက်ပေမယ့် ဘယ်သူလဲဆိုတာ မနက်စာစားရင်းက ကိုယ်ခန့်မှန်းနိုင်ခဲ့တယ်.....။ ဒီလိုဆိုတော့လဲ ကိုယ့်ရဲ့မှန်းချက်က ဒက်ခနဲမှန်တာပဲလားလို့ ကိုယ့်ကိုယ်ကိုအထင်ကြီးမိတာထက်....ဖန်ဆင်းရှင်ရဲ့ လှည့်ကွက်တစ်ခုကြောင့်လို့ ကိုယ်ယုံကြည်မိတယ်...။ သောင်ပြင်ဖွေးဖွေးမှာ နေပူထဲတပင်တပန်းအလုပ်လုပ်နေတဲ့ ကလေးငယ်တွေ အမျိုးသမီးငယ်လေးတွေကို စာနာသနားစိတ်နဲ့ သူတို့ရောင်းတဲ့ ခရုတွေ ငါးတွေ ဂဏန်းတွေကို ဒိုင်ခံဝယ်နေချိန်မှာတော့ ကိုယ်အနောက်ယွန်းယွန်းဆီက အဖြူရောင်လေးလေထဲလွင့်ပါးနေတာကို သတိထားမိလိုက်တယ်.......။ နွေနေမှာ အုန်းရေရှိန်းမြမြကိုသောက်ရင်း ကိုယ့်လုပ်ရပ်တွေကို ထိုင်ကြည့်နေတာပါ....။

သူကတော့ ခုတလော ကိုယ့်ရဲ့ဘလော့မှာ နာမည်ကြီးနေတဲ့ ကိုယ့်ရဲ့ ဇာတ်လိုက်လေး(အိန်ဂျယ်) ပါပဲ......။ နောက်တစ်နေ့ဆို ကိုယ်တို့ပြန်ကြရတော့မှာ... သူတို့လည်းပြန်ကြမယ်... ဒါကြောင့် ကမ်းခြေရဲ့ ထုံးတမ်းစဉ်လာအတိုင်းမီးပုံပွဲလေး လုပ်ကြတယ်.....။ မီးပုံပွဲလေးကို (သူကိုယ်တိုင်လာခဲ့ပါနော်လို့ နှစ်ခါသုံးခါလာခေါ်တယ်) ဖိတ်ခေါ်ခံရပေမယ့် ကိုယ်မသွားခဲ့လိုက်ပါဘူး.....။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့သူက အရွယ်လည်းမတူဘူးလေ.... ပြီးတော့ခုမှစသိကြတဲ့ သူစိမ်းတွေ.... .ပြီးတော့ ကိုယ်ကမိန်းကလေးတစ်ယောက်.... အဲလိုတွေ စာနာထောက်ထား ငဲ့ကွက်စရာတွေနဲ့ပြည့်နှက်နေလို့ ကိုယ်မသွားခဲ့လိုက်ဘူး... ။ နောက်နေ့မနက် ပြန်ခါနီး မနက်စာစားပြီး lobby မှာ ကားထိုင်စောင့်ကြတော့မှ.... ကိုယ့်အဖွဲ့ထဲက အစ်မတစ်ယောက်ကို သူ့အီးမေးလ်တွေ ဖဘလိပ်စာတွေကို ပြောတော့ မှတ်ရတာလွယ်တဲ့ သူ့ဖဘလေးကို ကိုယ်မှတ်ထားလိုက်မိတယ်။

ကမ်းခြေ...ကမ်းခြေ
အလွမ်းတွေဝေခဲ့

အပန်းဖြေ အပန်းဖြေ
ချစ်တဲ့ အိန်ဂျယ်နဲ့

လမ်းတွေလမ်းတွေ
အတူလျှောက်ချင်ခဲ့

စိတ်ကူးတွေ စိတ်ကူးတွေ
နွေဦးနဲ့အတူပျော်ခဲ့

ခုတော့...
အလွမ်းတွေ အလွမ်းတွေ
ရစ်ခွေကျန်ခဲ့...။

ပြန်ရောက်တာနဲ့ ဖဘမှာ ပုံတွေတင်ပြီး သူ့လိပ်စာလေးကို ရှာကြည့်လိုက်တယ်...။ ပိုသေချာသွားတာကတော့ ကမ်းခြေကသူတို့ပုံတွေကို တင်ထားတော့ ကိုယ်ကစပြီးအက်လိုက်တယ်.....။ အဲဒီကစပြီး....ကိုယ်တို့ အွန်လိုင်းမှာစဆုံဖြစ်တယ်..... စကားတွေအများကြီးပြောဖြစ်တယ်...။ အစပိုင်းကလေးမှာပဲ ကိုယ်တို့ စကားပြောဖြစ်တာပါလေ....။ နောက်တော့ အိန်ဂျယ်ကစပြီး အဝေးကို ပျံသန်းသွားသူပါ......။ အိန်ဂျယ်ပျံသန်းရာနောက်ကို ကိုယ်လိုက်နိုင်ပိုင်စွမ်းမရှိပါဘူး...။ ကိုယ့်မှာ အတောင်ပံတစ်စုံမှမပိုင်ပဲလေ.......။ ဒီလိုနဲ့ အိန်ဂျယ်ဟာ အဝေးကိုထွက်သွားလိုက် ကိုယ့်ဆီခဏလာနှုတ်ဆက်လိုက်နဲ့ လပေါင်းများစွာ အလွမ်းပင်လယ်ထဲ ကိုယ်မျောလာခဲ့လိုက်တာ.... တစ်နေ့က သူကိုယ်ယောင်ထင်ပြတယ်......။ တစ်ရက်လောက်သီချင်း အတူသွားဆိုရအောင်တဲ့....။ ဘုရား!!!!!!!!!! ထူးထူးဆန်းဆန်းစကားတွေပါလား......။ အဲဒါလေးပြောနေတုန်းလိုင်းကျသွားတယ်.......။ ဒါနဲ့ ညဘက်ပြန်တွေ့ဖြစ်တယ်....။ သူကအိန်ဂျယ်ဆိုတော့ သူ့ကို ကိုယ်မမြင်ရပါဘူး.....။ ကိုယ်ယောင်ဖျောက်ထားတဲ့သူရှိမရှိကို ကိုယ့်နစ်မှာ ဒီလိုလေးတင်ထားလိုက်တယ်...။ “ဂီတာတစ်လက်ယူခဲ့ပါ အိန်ဂျယ် ကိုယ်တို့သီချင်းအတူတူဆိုရအောင်” လို့လေ..။ သိပ်မကြာဘူး သူလှမ်းပြောတယ်...။ “ကျွန်တော်မှ ဂီတာမတီးတတ်တာ သီချင်းတော့ ဆိုတတ်တယ်”တဲ့။ ကိုယ်လည်းပြန်ပြောလိုက်ပါတယ်...“ဒါဖြင့်လဲ မင်းဆိုပြမယ့်သီချင်းတွေကို ကိုယ်နားထောင်မှာပေါ့”လို့...။

ညဉ့်လဲနက်ပြီ ဆယ့်နှစ်နာရီထိုးဖို့ နှစ်မိနစ်ပဲလိုတော့တယ်.....။ နက်ဖြန်အလုပ်ဆင်းရဦးမယ်လေ.....။ ဒါလည်း အက်ဆေးတစ်ပုဒ်ဖြစ်သွားတာပဲလားလို့ ကိုယ့်ကိုမပြောပါနဲ့... ကုန်ကြမ်းယူတယ်လို့လဲ ကိုယ့်ကိုအထင်မလွဲပါနဲ့။ အိန်ဂျယ့်ကိုချစ်တဲ့စိတ်နဲ့ ကိုယ့်နှလုံးသားတွေ ကိုယ့်လက်အစုံတွေက သူ့အလိုလိုဖန်တီးဖြစ်ပေါ်လာခဲ့တာပါ...။

မိုးငွေ့

Friday, 14 October 2011

ကြောင်တစ်ကောင်ကိုချစ်မိခြင်း.....

ရုပ်ကိုကပေစောင်းစောင်းနဲ့ ဂိုက်ပေးကလဲ ကြမ်းသေး




ခေါင်းစဉ်ကိုမြင်ပြီး ကြောင်ဂိုဏ်းအဖွဲ့က မင်းသားချောများ ခေါင်ရောအမြီးရော ထောင်မလာကြပါနဲ့...။ တကယ့်ကြောင်အစစ်တစ်ကောင်အကြောင်းပြောချင်တာပါ...။

ကြောင်တစ်ကောင် တညောင်ညောင်အော်သံကြားလို့ ဘယ်ကနေဘယ်လို အိမ်ထဲရောက်နေမှန်းမသိ.... အဝါမဲစပ်ကျားပေမယ့် အဖြူကပိုများတယ်...။ ခန္ဓာကိုယ်က တုတ်တုတ်ခိုင်ခိုင်.....။ ဒုက္ခပဲ ကိုယ်က အကောင်တွေကိုမချစ်တတ်... ဒီတော့ ဒီကြောင်ကိုပြန်ထွက်သွားအောင်ဘယ်လိုလုပ်ရပါ့...။ ကိုင်လဲမကိုင်ရဲ...။ ငယ်ငယ်တုန်းက အဖွားအိမ်မှာ ကြောင်တွေအများကြီးမွေးဖူးတယ် အဲဒီကြောင်တွေက ကုတ်တတ်တော့ သူတို့ကို မချီရဲဘူး..။ ကိုယ်ကလဲ အကောင်ပလောင်တွေ မကြိုက်တတ်တော့ ကြောင်ဆိုတာလဲချစ်ရကောင်းမှန်း မသိခဲ့ပါဘူး...။ အင်း...ဆက်ပါဦးမယ်...အဲဒါနဲ့ သူအော်နေပုံက ဗိုက်ဆာလို့နေလိမ့်မယ်ဆိုပြီး.. .နောက်ဖေးကိုခေါ်ပြီး ထမင်းကျွေးလိုက်ပါတယ်...။ ကိုယ်က အကောင်တွေမကြိုက်ဘူးဆိုပေမယ့်လည်း ကြင်နာတတ်ပါသေးတယ်....။

အိမ်မှာက ငါးသိပ်မစားတော့ ရှိတဲ့ဟင်းနဲ့ကျွေးလိုက်တာ ကိုတော်ချောကြောင်က မစားဘူးတော့...။ အဲဒါနဲ့ ပုဇွန်ခြောက်လေးထောင်းပြီး ထမင်းနဲ့နယ်ကျွေးမှ စားရှာတယ်...။ ကောင်းကြိုက်တတ်တာများ.....။ ဒီကြောင်ကလေးပြန်သွားမလားနဲ့စောင့်ကြည့်နေတာ....ဘယ်မှလည်းမပြန်ဘဲနဲ့ သူ့ကိုထမင်းကျွေးတဲ့ကိုယ့်နားပဲ အဝဲလည်လည်ကပ်နေတော့တာ...။ ကြောင်တို့ထုံးစံ ပွတ်တီးပွတ်သပ်ကလဲလုပ်သေးတယ်...။ ဘယ်အိမ်ကကြောင်မှန်းမသိတော့လဲ ဘယ်ပို့လို့ပို့ရမှန်းမသိပေါ့...။ အဲဒါနဲ့ ညဘက်သူအိပ်ဖို့ ဧည့်ခန်းက ဆိုဖာမှာ ခင်းပေးလိုက်တယ်....။ ညဘက် ကိုယ်တို့ တီဗီကြည့်ရင်သူကလဲ လိုက်ကြည့်ပေါ့...။ ဖြူဖြူတုတ်တုတ်နဲ့မို့ သူ့ကိုလောလောဆယ် ဖြူတုတ်လို့ နာမည်ပေးလိုက်တယ်...။ သူကဉာဏ်တော့ကောင်းသား သူ့နာမည်ကိုတစ်ခါ နှစ်ခါခေါ်တာနဲ့ မှတ်မိတယ်..။ ဒီလိုနဲ့ ဖြူတုတ်လည်း ကိုယ်တို့အိမ်မှာ သုံးလေးရက်ကြာသွားတယ်...။ နောက်နေ့တွေသူ့ကို အိမ်မှာ ငါးဘတ်မွှေစပါးလင်နံ့မွှေးမွှေးလေးနဲ့ ချက်ထားတာကို ထမင်းနဲ့နယ်ကျွေးတော့ စားလိုက်တာများ အားပါးတရနဲ့..။ အင်း...ကြောင်တို့ထုံးစံ ငါးဆို ဘာလာလာဆိုသလိုပဲ စားပါ့...။ ပလာတူးငါးကြော်ကျွေးလိုက်... ငါးပါးနီကျွေးလိုက်နဲ့ သူက အိမ်မှာဇိမ်ကျနေတာ။

နောက်တော့ တိုက်ပိုင်ရှင်ကပြောတယ် ဟိုဘက်တိုက်က ကြောင်တစ်ကောင် ပျောက်နေလို့တဲ့ အဲဒါတွေ့မိလားဆိုတော့မှ ဖြူတုတ်လေးဖြစ်နေတယ်...။ မူပိုင်ရှင်မမပြန်လာခေါ်သွားမှ.... အိမ်မှာ တစ်ပတ်နီးပါးနေသွားတဲ့ ကြောင်ကလေးအပေါ် သံယောဇဉ်တွယ်နေမိမှန်း မသိသိတော့မယ်...။ ဖြူတုတ်လေးမရှိတော့တဲ့ နေ့တွေမှာ ဟာတာတာနဲ့ နေရတာတမျိုးလိုနေတယ်....။ အခါတိုင်းသူက အနားမှာ လာပွတ်သပ်နေတာကိုး...။ သူကအချွဲအနွဲ့လည်းတော်တယ်....။ အဲဒါကြောင့်သူ့ကိုချစ်သွားတာဖြစ်မယ်....။ ဒါပေမယ့် သူ့ကိုတော့ပေါင်ပေါ်မှာ တစ်ခါမှပွေ့မတင်ထားဖူးဘူး...။ အင်း...တိရိစ္ဆာန်မွေးရင်အဲလိုပဲ သံယောဇဉ်ဖြစ်တတ်ကြတယ်ပြောတာ... ကိုယ်ကတစ်ခါမှမမွေးဖူးတော့ မသိဘူး ...။ ခုဖြူတုတ်ခဏတဖြုတ်ကလေး လာနေသွားတာတောင် ဒီလိုဖြစ်နေပြီ...။ ငယ်တုန်းကတည်းကများမွေးထားမိရင် ပိုဆိုးမယ်နော်...။ ကြောင်ဂိုဏ်းက ကိုညိမ်းနိုင်တော့ ကြောင်ပို့စ်စရေးနေပြီပြောတယ်...။ သူ့ပို့စ်မတင်ခင် ကိုယ့်ကြောင်ပို့စ်အရင် တင်ပလိုက်တယ်...။


မိုးငွေ့

Thursday, 13 October 2011

ပုံပြောကောင်းသောအိန်ဂျယ်.....




အခါခါသေဖူးလဲ ပျဉ်ဖိုးနားမလည်သူပါ.......။

အဲလို....ကိုယ့်ကိုဝိုင်းပြီးအပြစ်တင်တော့လဲ ကိုယ်ခံရမှာပါ...။

မင်းဘယ်ဆီမှာလည်း အိန်ဂျယ်လို့ ခဏခဏတဖို့ မကွန်ကိုအားနာမိတယ်....။
ထားလိုက်ပါလေ....

နွယ်ကြိုးမျှင်နဲ့ ဒန်းလုပ်စီးနေတုန်း....အိန်ဂျယ်က ကိုယ့်ကို ကြိုးတစ်မျှင်လှမ်းတောင်းတယ်...။ကိုယ်ကြိုးတစ်ချောင်းပေးလိုက်တယ်...။ အဲဒီကြိုးလေးနဲ့ ကိုယ့်ဆီကို လာခဲ့မယ်တဲ့....။

သီချင်းတူတူဆိုကြမယ်တဲ့...။

ပြီးတော့ ပျောက်ခြင်းမလှပျောက်သွားတယ် ဒီနေ့ထိပါဘဲ...။

အိန်ဂျယ်ပုံပြောသွားတယ်.........................။

ပျောက်ဆုံးနေသော အိန်ဂျယ်.....

ပုံပြောကောင်းသောအိန်ဂျယ်...........  

“ ပုံပြောမကောင်းပါဘူး

အားမှ မအားသေးတာ”
 
ကိုယ်ယောင်ဖျောက်တတ်သောအိန်ဂျယ်......

“ဒါက မဖျောက်လည်း ပျောက်နေတာ

ကိုယ်ယောင်က
သူ့ရဲ့ ကိုယ်ပိုင် တန်ခိုးပဲ လေ
ဟဲဟဲ”


 မိုးငွေ့
 

သီတင်းကျွတ်ကန်တော့....

အဖွားနဲ့ညီမလေး


ဒီနေ့သီတင်းကျွတ်လပြည့်....။

ရုံးပိတ်ရက်ဆိုတော့ ရှစ်နာရီခွဲကျော်ထိအိပ်ပလိုက်တယ်....။ အိပ်ယာထတော့ မျက်နှာသစ်.. မနေ့ကတည်းက အမေချက်ထားတဲ့ ရှမ်းခေါက်ဆွဲပွဲကြီးကြီးတီးပြီး... ရေမိုးချိုးတယ်...။ အဖွားကိုသွားကန်တော့ဖို့ရှိတယ်....။ ရေမိုးချိုးပြီးတော့ အမေကိုအရင်ကန်တော့ကြတယ်...။ မနေ့က ကြည့်မြင်တိုင် အုန်းပင်လမ်းမှာ ချီးစ်ကိတ်သွားဝယ်ထားတယ်...။ အဲမုန့်တစ်လုံးနဲ့ အမေကိုကန်တော့... တစ်နှစ်ပတ်လုံး ကာယကံ ၀စီကံ မနှောကံနဲ့ ပြစ်မှားသမျှကို ခွင့်လွတ်ပေးပါပေါ့...။ အမေကဆုတွေပေး... ထုံးစံအတိုင်းလင်ကောင်းသားကောင်းရပါစေဆိုတဲ့ ဆုကတော့မပါမဖြစ်ပေါ့...။ ပြည့်မှာလည်းမဟုတ်တဲ့ဆုလေ..။ ပြီးတော့ အဖွားကိုကန်တော့ဖို့သွားတယ်...။ ဗားကရာလမ်းပေါ်က Aldorado မုန့်ဆိုင်မှာ အဖွားကြိုက်တဲ့ ပေါင်မုန့်ကြွပ်ဝင်ဝယ်ပြီး ရှင်စောပုလမ်းကိုမောင်းတာ မြေနီကုန်းမီးပွိုင့်က အခြေနေမကောင်းဘူး...။ ရာသီဥတုကလဲ ဒီနေ့နေပူတာကြီးကကြောက်စရာ သွေးတိုးသမားများ လမ်းထွက်ရင် မူးလဲနိုင်တယ်...။ မြေနီကုန်းလမ်းကျပ်ရခြင်းအကြောင်းကတော့ ရွှေတိဂုံဘုရားကိုသွားတဲ့ကားတွေများလို့ပါတဲ့...။ ဘုရားရင်ပြင်ပေါ်မှာ နေပူကျဲတောက်နဲ့ ခြေချစရာနေရာတောင်ကျန်မယ်မထင်ဘူး...။ ညဘက် ဆီမီးထိန်ထိန်ညီးချိန်တော့ တော်တော်ကောင်းမယ်...။ ခြံထဲရောက်တော့ အဖွားကိုကန်တော့တယ်....။ အဖွားကအသက်ရှစ်ဆယ်ကျော် ကိုးဆယ်နားနီးနေပြီ... အမေရဲ့ အမေပါ...။ သတိကသိပ်မကောင်းတော့ဘူး သားသမီးတွေ မြေးတွေကိုလည်း သိပ်မမှတ်မိတော့ဘူး...။ ကျမတို့မောင်နှမတွေထိုင်ကန်တော့တော့ အဖွားကဆုပေးရှာတယ်...။ ၀မ်းနည်းဝမ်းသာမျက်ရည်လေးစမ်းစမ်းနဲ့ အသံတွေတောင်တုန်တယ်.......။ အဖွားနဲ့အဖိုးတို့ ဗီယက်နမ်ကနေဘယ်လိုစစ်ပြေးလာခဲ့သလဲဆိုတာ ကျမသိသလောက် ပို့စ်ရေးပါဖြစ်ပါဦးမယ်...။ အဖွားကိုကန်တော့ပြီးတော့ တော်ဝင်စင်တာမှာ ဆရာမကိုကန်တော့ဖို့ ပစ္စည်းဝင်ဝယ်ပြီး...မြို့ထဲပြန်ဆင်းတယ်..။ ဆရာမဆိုတာ ဆရာဝန်မကိုပြောတာပါ ကျမကိုဆေးကုပေးတဲ့ ကျေးဇူးရှင် ပိုက်ပိုက်မယူဘဲ FOC ကုပေးတာ...။ သူ့အိမ်ရောက်တော့ သူက ပဲခူးသွားတယ်တဲ့...။ အဲဒါနဲ့ ကန်တော့ဖို့ပါလာတဲ့ပစ္စည်းနဲ့မုန့်ကိုထားခဲ့လိုက်တော့တယ်...။ ဘုရားတော့လူများလို့ မသွားတော့ဘူး........။ အပြင်မှာ နေတအားပူတယ်... သွေးတိုးသမားတွေအပြင်ထွက်ရင် မူးလဲနိုင်တယ်.....။ ရာသီဥတုက မိုးမရွာရင် နေဇွတ်ပူလိုက်မယ် ဒီလိုဖြစ်သွားပြီ...။ ဒါလောက်ပါပဲ သီတင်းကျွတ်ပိတ်ရက်မှာ ကျမလုပ်ဖြစ်တာတွေကတော့....။

 မိုးငွေ့


Saturday, 8 October 2011

သူနှင့်ကိုယ်တို့၏ရည်းစားဟောင်း




သူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်း ... ဟိုအကြောင်းလေးဒီအကြောင်းလေးပြောကြရင်း ဟိုတစ်ယောက်ရော ဘာတွေလုပ်နေလဲ အဆင်ပြေလား... ဘာလားပေါ့....မေးကြမြန်းကြရင်း အတင်းပြောတဲ့ အဆင့်ထိ နည်းနည်းရောက်သွားတယ်....။ မကောင်းပြောတာတော့ မဟုတ်ပါဘူးလေ.... အမှန်တော့ ကိုယ်သိချင်တဲ့ အကြောင်းအရာလေးကို နည်းနည်းနှိုက်လိုက်တာပါပဲ...။

သူလား လိုင်းပေါ်မှာရှိလဲ တစ်ခါမှကိုယ်ထင်မပြဘူး... ဘယ်ပြမလဲ သူ့အရင်ရည်းစားဟောင်းကို ပုန်းနေရတာလဲ တစ်ဒုက္ခတဲ့....။ ကိုယ်တောက်လိုက်တယ်ဆိုတာ ဘာကြောင့် သူအမြဲဂျီပုန်း ဖြစ်နေသလဲဆိုတာကိုပါ...။ အမှန်တော့ ဒီကိစ္စကို ကာယကံရှင်ကိုယ်တိုင် ကိုယ့်ကိုတစ်ခါက ပြောပြထားဖူးပြီးသား... မနေနိုင်မထိုင်နိုင် ကိုယ်ထပ်ပြီးစပ်စုလိုက်တာ...။

ဒါများကွယ် လွယ်လွယ်ကလေး.... အွန်လိုင်းမှာကိုယ်စကားမေပြာချင်တော့ရင် ငြီးငွေ့လာရင် ဘလောက်(block)လုပ်လိုက် စာရင်းထဲကနေဖြုတ်ပစ်လိုက် ဒီလိ(delete)လုပ်ပလိုက် ဒါပဲပေါ့ အရှင်းကလေးကို အမျှင်မဖြတ်နိုင်ကြတာ....။ ဒါကတော့ ကိုယ်လုပ်နေကျကို ကိုယ်စိတ်နဲ့ကိုယ်နှိုင်းပြီး ပြောတော့ လွယ်တာပေါ့လေ။ တစ်ဘက်သားကတော့ အမှောင်ထဲကနေပြီး မီးလင်းနေတဲ့ ရည်းစားဟောင်းလေးကို အလွမ်းပြေကြည့်ချင်နေသလား ဘာလားမှမသိဘဲလေ...။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့... ဒီလိုအကွက်မျိုးတွေက ငယ်ငယ်က ကိုယ်လုပ်ထားဖူးတော့ ကိုယ်ချင်းစာမိပါတယ်...။ စတုန်းကစပြီး... ကိုယ်ကငြီးငွေ့လာရင် အကြောင်းမရှိဘဲ အစိမ်းလိုက်ဖြတ်ပစ် ဒီတော့ တစ်ဘက်ကခံပြင်း တွေ့တဲ့နေရာမှာ နုတ်နုတ်စင်း ချင်နေလိမ့်မယ်လေ...။

ကိုယ်ကတော့ ခံစားလွယ် ကြေကွဲလွယ်သလို ငြီးငွေ့လဲလွယ်သေး....။ ပြောရမယ်ဆိုရင် ဖြတ်သန်းခဲ့ဖူးတဲ့ အတိတ်က ရည်းစားဟောင်းတွေကို ဒီလိုပဲ ဘလောက်(block)လိုက်တာပဲ ဒီလိ(delete)လုပ်လိုက်တာပဲ...။ ကိုယ့်ကြောင့် မျက်ရည်စက်လက်နဲ့ အသဲကွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းလည်း ရှိသေးတယ်...။ အဲတုန်းက ကိုယ်ကတော့ ကိုယ်တစ်ခါမှမမြင်ဖူးခဲ့တဲ့ ယောက်ကျားတစ်ယောက်ရဲ့ မျက်ရည်ကို ထိုင်ကြည့်ခဲ့ဖူးတယ်...။ တအံ့တသြနဲ့ပါ.....။ ကိုယ်ထင်ထားတာ ယောက်ကျားတွေက မိန်းမတွေလောက်နှလုံးသားရေးရာကို တန်ဖိုးမထား အရေးမထားတဲ့သူတွေလို့ပဲလို့ တွက်ထားတာလေ..(အများစုရှိကြမှာပါ)...။ ဘာလို့လဲဆိုတော့ ယောက်ကျားတွေ အတွက်က အချစ်ဆိုတာ သူတို့ဘဝရဲ့ အစိတ်အပိုင်းသေးသေးလေး တစ်ခုပဲလေ....။

တကယ်တော့လဲ လူတွေဟာ... အဲလိုတွေးမြင်ကြရင်း ကိုယ့်နှလုံးသားကိုယ် ကာဗာလုပ်ရင်းက အသည်းမာသူ စာရင်းဝင်သွားတတ်ကြတာပါပဲ...။ ဒီလူတွေက အခွံမာအကောင်မျိုးတွေ အတွင်းကတော့ ပျော့ဖတ်ပေါ့...။ ကိုယ်စိတ်ပျော့တာကို အပြင်ရုပ်နဲ့ကာကွယ်ရင်းက လူကြမ်းဖြစ်သွားတတ်တာမျိုးကိုး...။ အသဲကွဲတော့လဲ အသဲကွဲလူကြမ်းဖြစ်ဖြစ်သွားတာပေါ့...ဟ..ဟ..။

ပြောချင်တာက ကိုယ်တစ်ခါမှမမြင်ဖူးခဲ့တဲ့သူ့ရည်းစားဟောင်း သူလဲမမြင်ဖူးမသိဖူးခဲ့တဲ့ ကိုယ့်ရည်းစားဟောင်း။ အသစ်ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ဆိုတဲ့ စကားကလည်း ရှိသေးတယ်...။ ကိုယ့်လို သူ့လိုငြီးငွေ့လွယ်တဲ့ သူတွေအတွက်တော့ အဲဒီစကားမှန်မယ် မထင်ဘူး....။

သူကတော့ သူ့ငယ်ချစ်ကိုယနေ့တိုင်မမေ့နိုင်သေးဘူးပြောဖူးတယ်....။ တာရာသီချင်းထဲကလို “ရင်ခွင်သစ်ကိုသွားတဲ့ မိန်းကလေးရယ် ပြန်လာမယ်ဆိုလာခဲ့ပါ” ဆိုပြီး တမ်းတမျှော်မှန်းနေတုန်းတဲ့..။ မင်းငယ်သေးလို့ပါ ကောင်လေးရယ်လို့ ပြောလိုက်ရင်လဲ မကြိုက်လို့....။ ကျနော်မငယ်တော့ပါဘူးလို့ ပက်ခနဲပြန်ပြောဦးမယ်.....။ ကိုယ်လဲ ငယ်တုန်းက အဲလိုပဲထင်ယောင်ထင်မှားခဲ့တာပါပဲ အို... ငါ့ရည်းစား... မိန်းမယူသွားတောင် ငါမေ့နိုင်မယ်မထင်ဘူးပေါ့...။ ဘယ်ကလာ... မနှစ်က အင်္ဂလန်ကပြန်လာတဲ့ ရည်းစားဟောင်းကို ပြန်တွေ့တယ်ဖဘမှာ .. ဝတုတ်ကြီး အယ်စတုန်ကြီးဖြစ်နေတယ်...။ ငယ်တုန်းကလို ဘယ်လိုမှ ရင်မခုန်နိုင်တော့ဘူး...။

ကဲ... အဲလက်စ်သီချင်းလိုပဲ အော်ဆိုလိုက်ချင်ရဲ့....“ဝတုတ်ကြီး....ဝတုတ်ကြီး..ဟ..”...။ ဟိုတုန်းကတော့ ကိုယ့်ရည်းစား တခြားမိန်းမနဲ့လက်ထပ်သွားလို့ အသဲကွဲရ ငိုကြွေးရနဲ့ပေါ့...။ အမလေး ငါမယူခဲ့တာပဲ ကံကောင်းလို့တောင် ကျိတ်တွေးလိုက်မိသေး...သူသာကြားရင် သတ်ချင်မယ်......။ ခုပြန်တွေးကြည့်တော့လဲ ဘာမှမဟုတ်တော့သလို..။ အော်...လူတွေ..လူတွေ အပြောင်းလဲတယ်မြန်ကြသကိုး....။

ကောင်လေး...မင်းငယ်ပါသေးတယ်...လို့သူ့ကိုပြောချင်ထှာ.....။ ပြောရမယ်ဆို သူ့လိုကိုယ်ခံစားရတုန်းက အခုသူ့အသက်ထက်တောင် ကိုယ်ငယ်သေးတယ်....။ မပူနဲ့ ကိုယ်နဲ့ပေါင်းရင် ဆရာကြီးဖြစ်စေရမယ်.... ကြာလာရင် မိန်းမတွေကိုတောင် စိတ်နာပြီး လူပျိုကြီးစာရင်းပါဝင်သွားနိုင်သေးတယ်...ဟဲ ဟဲ...။ ကိုယ်သိသလောက်တော့ အိန်ဂျယ်ဆိုတဲ့အမျိုးဟာ မိန်းမ မယူဘူးဆိုဘဲ....။ မျိုးဆက်တော့တုံးပီမှတ်...။

နေမကောင်းလို့ လူတော့နားနားနေနေ နေပါတယ်...။ မျက်လုံးနဲ့လက်ကိုတော့ အနားမပေးနိုင်လို့.... အွန်လိုင်းမှာ တွေ့သမျှလူတွေကိုစကားလိုက်ပြော ကုန်ကြမ်းယူတယ်မဟုတ်ပါဘူး ပို့စ်တစ်ခုတော့ ရသွားတယ်...။


မိုးငွေ့

Thursday, 6 October 2011

ဆားချက်ခြင်း.....

ဝက်အူချောင်းကြက်ဥထမင်းကြော်

ဗီယက်နမ်ကော်ပြန့်လိတ်ကြော်

မောင်တစ်ဝမ်းကွဲတစ်ယောက်ဗီယက်နမ်ကအပြန် လက်ဆောင်ဝယ်လာပေးတဲ့ ကော်ပြန့်ရွက်

အစာပလာတွေထည့်လိတ်ထားတဲ့ မကြော်ခင်ကော်ပြန့်လိတ်တွေ

ကော်ပြန့်ထဲထည့်ဖို့ မနယ်ခင် အစာပလာတွေ (နုတ်နုတ်စင်းထားတဲ့ ကြက်သား၊ မှိုခြောက်မျှင်မျှင်လေးညှပ်ထားတာ၊ ခရမ်းရောင်ဂေါ်ဖီ၊ ကြက်ဥနဲ့ ငရုတ်ကောင်းမှုန့်၊ ဟင်းခတ်မှုန့် )


ဗီယက်နမ်ကော်ပြန့်လုပ်နည်းကို ဒီမှာ တစ်ခါတင်ခဲ့ဖူးပြီးပါပြီ....။ ကျမအဖိုးက ဗီယက်နမ်ဆိုတော့ သူတို့ အစားအစာနဲ့ပတ်သက်ပြီး ကော်ပြန့်ကြော်နည်းကိုတော့ အိပ်စ်ပတ်ဖြစ်နေပြီ....။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အဖိုး ဗီယက်နမ်ပြန်လည်ပြီး အဲဒီကော်ပြန့်ရွက်ကြည်ကြည်လေးတွေပါလာတော့ အဖိုးကိုယ်တိုင်ဘယ်လို အစာထည့်ပြီး ကြော်ရမယ်ဆိုတာကို ပြထားတော့ အဲဒီကတည်းက လုပ်တတ်ထားတာ..။ အဖိုးဆီကရထားတဲ့ အမွေပေါ့လေ....။

အရင်တစ်ခေါက်ကတော့ တရုတ်တန်းက ကော်ပြန့်ရွက်နဲ့ပဲလုပ်တာ...။ အခုဗီယက်နမ်ကလာတဲ့ ကော်ပြန့်ရွက်ကတော့ ကြည်ပြီးပါးတယ် မာတယ်... ။ လိတ်ခါနီးကျ ရေလေးနည်းနည်းဆွတ်ပေးရတယ် အဲဒါမှ အစာထည့်ပြီး လိတ်လို့လွယ်ကူသွားတာ...။ အထဲက အစာကတော့ ထုံးစံအတိုင်းဆို ပဲပင်ပေါက် ပဲကြာဇံ အသား မှိုခြောက်နဲ့ ကြက်ဥတို့ထည့်ရတာပါ...။ ဒီတစ်ခါတော့ ခရမ်းရောင်ဂေါ်ဖီလေးရလာတာနဲ့ ပဲပင်ပေါက်အစားထည့်ကြည့်တာ...။ အဖိုးလုပ်တဲ့ကော်ပြန့်ဆို စားလိုက်ရင် အထဲက အသားကအိပြီး ငရုတ်ကောင်းနံ့မွှေးနေတာ..။ ကိုက်စားလိုက်ရင် နူးအိသွားရခြင်းကတော့ ကြက်ဥများများထည့်လို့ပါပဲ....။ ငရုတ်ကောင်းကတော့ ဗီယက်နမ်အစားအစာမှာ အဓိက ဟင်းခတ်တစ်မျိုးပါပဲ။

သူနဲ့တွဲဖက်စားရမယ့် အချဉ်ရည်ကို ဓါတ်ပုံမရိုက်လိုက်မိဘူး....။ အချဉ်ရည်လုပ်နည်းက ကြက်သွန်ဖြူနဲ့ ငရုတ်သီးနုတ်နုတ်စင်း ပုဇွန်ငံပြာရည်ထည့် သံပုရာသီးညှစ် သကြားနဲနဲထည့် အဲဒါပဲ...။ ဂျင်းကြိုက်တတ်ရင် ပါးပါး အချောင်းချောင်းလေးတွေလှီးထည့်လည်း စားကောင်းတယ်...။ ထမင်းကြော်နည်းတော့မပြောတော့ပါဘူး ရိုးစင်းပါတယ် လူတိုင်းကြော်စားတတ်တာလေးပါ...။


မိုးငွေ့