ရုံးဆင်းတော့ လမ်းထိပ်မှာ သင်တန်းသွားဖို့ကားစောင့်ရင်း ကလေးလေးတစ်ယောက် သုံးဘီးစက်ဘီးလေးစီးတာကိုကြည့်ပြီး ငယ်ငယ်တုန်းက စီးခဲ့ဖူးတဲ့ စက်ဘီးလေးကို သတိရသွားတယ်...။ မှတ်မိသေးတယ် စက်ဘီးလေးက သံကိုယ်ထည်လေး (စောစောက ကလေးစီးတာက ပလပ်စတစ်တွေချည်းနဲ့လုပ်ထားတာ)... ပလပ်စတစ်ဆိုလို့ အနီရောင်လက်ကိုင်လေးနဲ့ ခြေနင်းလေးပဲရှိတယ်...။ နောက်မှီ သံလုံးအခုံးလေတစ်ခုပါတယ် အဲဒါလေးပဲ....။ ကျွန်မတို့အိမ်ရှေ့မှာ ကုက္ကိုပင်ကြီးတစ်ပင်ရှိတယ် အဲဒီပင်နားက မြေကြီးကမူလေးက ကုန်းလေးလိုဖြစ်နေတော့ စက်ဘီးစီးရင် အဲဒီကုန်းလေးကနေ လျှောချပြီးစီးရတာကို သိပ်သဘောကျတယ်...။ အဲဒီတုန်းက ကျွန်မအသက် ခုနှစ်နှစ်လောက်ရှိမယ်ထင်တယ်...။ နဲနဲကြီးလာတော့ ဦးလေးဝယ်ထားတဲ့ အနီရောင်ဘီအမ်အိပ်စ်စက်ဘီးလေးကို ခြေမမီ့တမီနဲ့စီးတယ်...။ ထိုင်ခုံလေးက ဆိုင်ကယ်လိုပဲ အရှည်လိုက်လေး နောက်မီးလုံးတွေဘာတွေအပြည့်အစုံနဲ့ လှလည်းလှတယ်...။ အဲဒီတုန်းကတော့ အဲလို စက်ဘီးမျိုးစီးပြီး စက်ဘီးခေါင်းထောင်တာပြိုင်ကြတယ်...။ ပျော်ဖို့ကောင်းတယ်...။
ငယ်တုန်းက ကစားစရာတွေက ခုခေတ်လို တီဗီဂိမ်းတွေဘာတွေမရှိဘူး... တီဗီတောင်မှ အိမ်ပေါက်စေ့မရှိကြတဲ့ခေတ်...။ ဒါပေမယ့် ကျွန်မတို့မှာ ဆော့စရာတွေက များမှများပဲ....။ ကစားနည်းတွေလည်းများတယ်...။ ညနေကျောင်းဝင်းထဲက အတန်းပိုင်ဆရာမဆီမှာ ကျူရှင်မတက်မီ ဆရာမထမင်းစားနေချိန်ဆို... ဆရာမက ဘောလီဘောတစ်လုံးပေးထားတယ် အဲဒါပုတ်ကြတယ်...။ ကျွန်မတို့ဆရာမက တောင်ကြီးမှာ ကျောင်းတက်တုန်းက လက်ရွေးစင်တဲ့... ဒါကြောင့် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနဲ့ ခန္ဓာကိုယ်ဖြစ်နေတာ....။ ဘောလီဘောကိုလဲ လက်နာပေမယ့် ပုတ်ကြတာပဲ... ဆားဗစ်ပေးရတာစိတ်ဝင်စားဆုံးပဲ...။ နောက် ကြက်တောင်လဲရိုက်တယ်...။ နယ်ကျောင်းဝင်းဆိုပေမယ့် ဘောလုံးကွင်း ကြက်တောင်ကွင်း ဘောလီဘောကွင်း အစုံရှိတယ်....။ နောက်ကစားနည်း တစ်မျိုးရှိသေးတယ်...။ ဘေ့စ်ဘောနဲ့ခပ်ဆင်ဆင်ပဲ...။ တစ်ဘက်က ပင်ပေါင်ဘောလေးကိုပစ်ပေး တစ်ဘက်က ဘတ်တံနဲ့ရိုက်ရတယ်...။ ကျွန်မတို့ကတော့ ဘတ်တံမရှိရင် ဖိနပ်နဲ့လည်းရိုက်တာပါပဲ... ဘောလုံးလေးအဝေးရောက်တာခြင်းတော့ ကွာတာပေါ့...။ အဲဒီဘောလုံးကိုပစ်ပေးသူပြေးကောက်နေတဲ့ချိန်မှာ ရိုက်တဲ့သူက စည်းပတ်ပြီးပြေးရတယ် ကိုယ်ပြေးနိုင်တဲ့အပေါ်မှာ အမှတ်ရတယ်...။ ဘောလုံးကောက်ပြီး ကိုယ့်ကိုပြန်လာမပစ်ခင် ကိုယ့်နေရာကိုပြန်နေရတယ်....။ အဲလိုကစားနည်းမျိုး...။ ပြီးတော့ အဖွဲ့နှစ်ဖွဲ့ ဗြောင်နောင်နောင်ဗေဗေ့ကျိ လုပ်ပြီး ရှုံးတဲ့ အဖွဲ့က နိုင်တဲ့အဖွဲ့ကို ကုန်းပိုးပြီးစည်းအဝိုင်းအတိုင်း ချဲပြီးရပ်ရတယ်...။ ကုန်းပေါ်ကသူတွေက အဝတ်ထုတ်သို့မဟုတ် ဘောလုံးတခုခုပေါ့ အဲဒါကို တစ်ယောက်ကိုတစ်ယောက် ပစ်ပေးရတယ်...စည်းများများပတ်ပြီးလက်ဆင့်ကမ်းနိုင်ရင် အမှတ်ရတာပေါ့...။ အထုပ်ကလေးပြုတ်ကျသွားရင်တော့ ရှုံးပြီ...။ ကစားနည်းတွေက တော်တော်များတာ...။
ညဘက်ဆို လသာတဲ့ညဆို ကျွန်မတို့ကလေးတွေတစ်သိုက်ပိုပြီးပျော်ကြတယ်...။ စည်းဝိုင်းအကြီးကြီးဆွဲပြီး ခွေးရူးကျတဲ့သူက ဝိုင်းအပြင်ဖက်မှာနေ ကျန်တဲ့သူတွေက အတွင်းမှာ စုပြီး In လား out လားလို့ ခွေးရူးကိုမေးရတယ်...။ သူက အတွင်းသူတွေကို ကြည့်ပြီး In လို့အော်ရင် သူက စည်းအတွင်းကိုအဲဒီလူတွေလိုက်ဖမ်းတာ အတွင်းကလူတွေက စည်းအပြင်ဖက်ကိုအမြန်ပြေးထွက်ရတယ် မထွက်ခင်မိသွားရင် အဲဒီတစ်ယောက်ခွေးရူးဖြစ်ပြီ...။ Out ဆိုရင်တော့ သူက စည်းအပြင်ဖက်ကနေ အတွင်းကလူတွေကို ပတ်ပြီး ဖမ်းရတယ်... ။ ဂုံညင်းဒိုးပစ်တမ်း... ဝါးလက်ခုတ်တမ်း အဲလိုတွေ အစုံကစားကြတယ်..။ အိမ်မှာက ဆိုင်ဖွင့်ထားတော့ သရေကွင်းတွေကိုကြိုးသီပြီး ကြိုးခုန်တမ်းကစားတယ်...။ အိုးပုပ်လည်းဆော့တယ်...။ အဝတ်စတွေနဲ့လုပ်တဲ့အရုပ်နဲ့လည်းကစားတယ်...။ မကျည်းစေ့တွေတောက်တယ်..။ တခါတခါ မကျည်းစေ့ပုလင်းကြီးပိုက်ပြီး မြေကြွင်းတူးပြီး ကစားကြတယ်....။
ငယ်တုန်းက ကစားခဲ့တာတွေကို သတိရသွားတယ်.......။ အဲလို ဖြူစင်တဲ့ ကလေးဘဝလေးဟာ ဘယ်တော့မှပြန်မရနိုင်တော့ဘူးလေ.......။ လူကြီးဘဝမှာတော့ အရောင်တွေကစုံလွန်းတယ်... ကလေးတုန်းကလို အဖြူထည်လေးမဟုတ်တော့ဘူး......။ လောကကြီး ပြောင်းလဲသလို အလိုက်သင့်အလျားသင့်နေထိုင်ရင်း အရောင်တွေလည်းစုံခဲ့ပြီပေါ့.......။
မိုးငွေ့




