Thursday, 13 October 2011

သီတင်းကျွတ်ကန်တော့....

အဖွားနဲ့ညီမလေး


ဒီနေ့သီတင်းကျွတ်လပြည့်....။

ရုံးပိတ်ရက်ဆိုတော့ ရှစ်နာရီခွဲကျော်ထိအိပ်ပလိုက်တယ်....။ အိပ်ယာထတော့ မျက်နှာသစ်.. မနေ့ကတည်းက အမေချက်ထားတဲ့ ရှမ်းခေါက်ဆွဲပွဲကြီးကြီးတီးပြီး... ရေမိုးချိုးတယ်...။ အဖွားကိုသွားကန်တော့ဖို့ရှိတယ်....။ ရေမိုးချိုးပြီးတော့ အမေကိုအရင်ကန်တော့ကြတယ်...။ မနေ့က ကြည့်မြင်တိုင် အုန်းပင်လမ်းမှာ ချီးစ်ကိတ်သွားဝယ်ထားတယ်...။ အဲမုန့်တစ်လုံးနဲ့ အမေကိုကန်တော့... တစ်နှစ်ပတ်လုံး ကာယကံ ၀စီကံ မနှောကံနဲ့ ပြစ်မှားသမျှကို ခွင့်လွတ်ပေးပါပေါ့...။ အမေကဆုတွေပေး... ထုံးစံအတိုင်းလင်ကောင်းသားကောင်းရပါစေဆိုတဲ့ ဆုကတော့မပါမဖြစ်ပေါ့...။ ပြည့်မှာလည်းမဟုတ်တဲ့ဆုလေ..။ ပြီးတော့ အဖွားကိုကန်တော့ဖို့သွားတယ်...။ ဗားကရာလမ်းပေါ်က Aldorado မုန့်ဆိုင်မှာ အဖွားကြိုက်တဲ့ ပေါင်မုန့်ကြွပ်ဝင်ဝယ်ပြီး ရှင်စောပုလမ်းကိုမောင်းတာ မြေနီကုန်းမီးပွိုင့်က အခြေနေမကောင်းဘူး...။ ရာသီဥတုကလဲ ဒီနေ့နေပူတာကြီးကကြောက်စရာ သွေးတိုးသမားများ လမ်းထွက်ရင် မူးလဲနိုင်တယ်...။ မြေနီကုန်းလမ်းကျပ်ရခြင်းအကြောင်းကတော့ ရွှေတိဂုံဘုရားကိုသွားတဲ့ကားတွေများလို့ပါတဲ့...။ ဘုရားရင်ပြင်ပေါ်မှာ နေပူကျဲတောက်နဲ့ ခြေချစရာနေရာတောင်ကျန်မယ်မထင်ဘူး...။ ညဘက် ဆီမီးထိန်ထိန်ညီးချိန်တော့ တော်တော်ကောင်းမယ်...။ ခြံထဲရောက်တော့ အဖွားကိုကန်တော့တယ်....။ အဖွားကအသက်ရှစ်ဆယ်ကျော် ကိုးဆယ်နားနီးနေပြီ... အမေရဲ့ အမေပါ...။ သတိကသိပ်မကောင်းတော့ဘူး သားသမီးတွေ မြေးတွေကိုလည်း သိပ်မမှတ်မိတော့ဘူး...။ ကျမတို့မောင်နှမတွေထိုင်ကန်တော့တော့ အဖွားကဆုပေးရှာတယ်...။ ၀မ်းနည်းဝမ်းသာမျက်ရည်လေးစမ်းစမ်းနဲ့ အသံတွေတောင်တုန်တယ်.......။ အဖွားနဲ့အဖိုးတို့ ဗီယက်နမ်ကနေဘယ်လိုစစ်ပြေးလာခဲ့သလဲဆိုတာ ကျမသိသလောက် ပို့စ်ရေးပါဖြစ်ပါဦးမယ်...။ အဖွားကိုကန်တော့ပြီးတော့ တော်ဝင်စင်တာမှာ ဆရာမကိုကန်တော့ဖို့ ပစ္စည်းဝင်ဝယ်ပြီး...မြို့ထဲပြန်ဆင်းတယ်..။ ဆရာမဆိုတာ ဆရာဝန်မကိုပြောတာပါ ကျမကိုဆေးကုပေးတဲ့ ကျေးဇူးရှင် ပိုက်ပိုက်မယူဘဲ FOC ကုပေးတာ...။ သူ့အိမ်ရောက်တော့ သူက ပဲခူးသွားတယ်တဲ့...။ အဲဒါနဲ့ ကန်တော့ဖို့ပါလာတဲ့ပစ္စည်းနဲ့မုန့်ကိုထားခဲ့လိုက်တော့တယ်...။ ဘုရားတော့လူများလို့ မသွားတော့ဘူး........။ အပြင်မှာ နေတအားပူတယ်... သွေးတိုးသမားတွေအပြင်ထွက်ရင် မူးလဲနိုင်တယ်.....။ ရာသီဥတုက မိုးမရွာရင် နေဇွတ်ပူလိုက်မယ် ဒီလိုဖြစ်သွားပြီ...။ ဒါလောက်ပါပဲ သီတင်းကျွတ်ပိတ်ရက်မှာ ကျမလုပ်ဖြစ်တာတွေကတော့....။

 မိုးငွေ့


13 comments:

မဒမ်ကိုး said...

အင်း မုန့်လုပ်ပြီးဝေဦး
စောင့်နေတယ်ဒီိမှာ စားဖို့ ..
သီတင်းကျွတ်ဆိုတဲ့အရသာကိုဝေးနေခဲ့တာကြာပြီး)

မုန့်လုပ်ဖို့မမေ့နဲ့နော်
ချစ်တဲ့
မဒိုးကန်

TZH1985 said...

အဖွားက ဗီယက်နမ်လား စိတ်ဝင်စားမိတယ်...
Happy သီတင်းကျွတ်

Anonymous said...

သီတင်းကျွတ်မှာ လူကြီးမိဘ ဆရာသမားတွေကို ကန်တော့ရသောအကျိုးကြောင့် သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ။ လာမယ့်ဘေး ဝေးပါစေ၊ ထိမယ့်ခလုပ် ဆုတ်ပါစေ၊ လိုရာဆန္ဒ မှန်သမျှနဲ့ ပြည့်စုံပါစေဟု....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ပန်းချီ said...

မမိုးရေ..
ကောင်းမြတ်သောနေ့မှာ ကောင်းသောအလုပ်တွေကို ကာယကံမြောက်လုပ်နိုင်တာ သိပ်ကံကောင်းတာပေါ့ရှင်..။ ဒီမှာတော့ မနေ့ကအမေ့ကို အဝေးကနေ ကန်တော့ဖို့ဖုန်းဆက်တာတောင် မရဘူးရယ်။

စကားမစပ်။ မမိုးပုံတော့ မပါဘူးးD

mstint said...

အဖွားနဲ့ညီမလေးကိုပုံ ကြည့်သွားတယ်။ အဖွားနဲ့ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်နေတဲ့ မိသားစုမို့ လိမ္မာယဉ်ကျေးတဲ့ မိသားစုလေးလို့ မြင်တယ် ညီမလေးကို ကြည့်ပြီး မိုးငွေ့လည်း ချစ်စရာကောင်းမှာပဲလို့ တွေးမိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Cameron said...

ဟင် တီတင့်ကလည်း ဖဘမှာ မီးမီးပုံတွေမတွေ့ဖူးဘူးလား...။

Aunty Oo said...

ကေင်းမြတ်တဲ့အစဉ်အလာလေးကိုလိုက်နာတဲ့မိုးငွေ.တို.
မိသားစုတွေအတွက်သာဓုခေါ်မိပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမိုးရေ
သီတင်းကျွတ်မှာ အဖိုးအဖွား အဖေအမေနဲ့ ဆွေမျိုးထဲက အသက်ကြီးသူတွေကို တစ်အိမ်တက်ဆင်း လိုက်ကန်တော့ကြတာ ကျွန်မတို့မိသားစုမှာလည်း ထုံးစံတစ်ခုလို ရှိပါတယ်
ခုတော့လည်း အဝေးကနေ ရည်မှန်းလို့ ကန်တော့ရတာပေါ့နော်
သီတင်းကျွတ်မှာ စိတ်လက်ကြည်သာ ချမ်းသာပါစေ မမိုးရေ

blackroze said...

မကြီးရေ

ပျော်စရာသီတင်းကျွတ်ပါနော်..
နောက်နှစ်တော့သတင်းထူးလေးစောင့်နေမယ်နော်..

Sonata Cantata said...

ဟဲ့.. ဘယ့်နဲ့ ပြည့်မှာလည်းမဟုတ်တဲ့ဆု.. တဲ့လဲ...ဒီကောင်မလေး
ကိုယ့်အမေပေးတဲ့ ဆုကို ယုံကြည်ချက် ထားစမ်းပါ။
(မိုးငွေ့ မေမေ့ကိုယ်စား ဆူပေးတာ...။ မြှောက်ပေးတာ မဟုတ် :P)

ညီလင်းသစ် said...

သတိ သိပ်မကောင်းတော့ဘူး ဆိုပေမယ့် သက်ရှိထင်ရှား အဖွားတစ်ယောက်ကို ကန်တော့ခွင့် ရသေးတာ ကံကောင်းတာပေါ့ဗျာ၊ နေက ခြစ်ခြစ်တောက် ပူနေသည့်တိုင် ကန်တော့တဲ့ သူနဲ့ ကန်တော့ခံရသူ တွေရဲ့ ရင်ထဲမှာတော့ ပီတိတွေနဲ့ ချမ်းမြေ့အေးမြ နေမယ် ထင်ပါတယ်...။

အမ်တီအန် said...

သီတင်းကျွတ်ပြီ...။
မွန်မြတ်တဲ့ ဓလေ့အရ မိဘဆွေမျိုးဆရာများကို ကန်တော့ကြတာ ကြည်နူးစရာနော်..။ အစ်မတော့ တူ၊ တူမတွေ မုန့်ဘိုးပေးတာနဲ့ အတော်ထိနေပြီ။ အသက်ကြီးလာတာကို သူတို့က တပ်လှန့်နေသလိုပဲ...။ :)

ဆူးသစ် said...

ရန်ကုန်သီတင်းကျွတ်တော့လွမ်းလိုက်တာမပြောပါနဲ့တော့။
အရင်ကဆို ရှမ်းလမ်းမှာ တိုးမပေါက်အောင်စည်ခဲ့တာလေ။ သံတံတားလမ်းမှာဆို ဇာဇာရတနာလို့ခေါ်ကြတဲ့ အလှဖန်တီးရှင်တွေရဲ့ မိုးကြိုးငှက်ငယ်လေးများအဖွဲ့က လူတို့မပေါက်အောင်ဘဲ။ ပြောရရင်တော့ အများကြီးပဲ။ ဒီနှစ်တော့ သီတင်းကျွတ်အကြောင်းမရေးဖြစ်တော့ဘူး။