Friday, 22 October 2010

မကုန်ဆုံးချင်သော....ညနေ



အင်းလျားကန်စောင်းရဲ့ နေညိုညို ညနေခင်းလေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက်ဘီယာခွက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်...။

တကယ်ဆို..... ကိုယ့်ကိုသူ ကော်ဖီဆိုင်တစ်ခုမှာ ကော်ဖီတိုက်ဖို့ အစီစဉ်ရှိပြီးသား...။ လေယာဉ်ကွင်းကနေ ကားစမောင်းထွက်လာကတည်းက ကိုယ်စိတ်ပြောင်း လိုက်တာဖြစ်တယ်...။ ခုံနောက်မှီကို လှဲချပြီး လမ်းတစ်လျှောက် သူငေးမောလိုက်ပါလာခဲ့တယ်...။ ညနေခင်းမြင်ကွင်းလေးဟာ ...သူ့အတွက်တော့ မှိန်ပြပြဖြစ်နေပါလိမ့်မယ်...။ သူ့ကို ဘာမှမပြောဘဲ အင်းလျားလမ်းဘက်ကွေ့လိုင်းကိုယူထားတော့.. ကိုယ့်ကို တစ်ချက်လှည့်ကြည့်ပြီး လက်မထောင်ပြတယ်..။ ဆယ်နှစ်ကျော်ကြာသွားပေမယ့် ကိုယ်တို့နှစ်ယောက်အရင်လိုပဲ တစ်ယောက်စိတ်တစ်ယောက် နားလည်တတ်နေကြတုန်း..။ စိမ်းလန်းစိုပြေထဲက မြင်ကွင်းကောင်းပြီး လေလတ်ဆတ်မယ် ထင်တဲ့နေရာကို ရွေးထိုင်လိုက်ကြတယ်...။ ဘီယာတစ်ဂျားစမှာလိုက်တယ်.....။ နောက်....ကိုယ်စားချင်းတာ သုံးလေးမျိုးလောက်ကို မှာချပစ်လိုက်တယ်..။ စားပွဲထိုးထွက်သွားတော့..။ သူကိုယ့်ကိုမျက်ခုံးပင့်ကြည့်ပြီး.... “စိတ်ညစ်ရင်...အစားတွေ ဇွတ်စားတတ်နေတုန်းပဲကိုး” လို့မှတ်ချက်ချပါတယ်..။ ကိုယ်မသိသလို ... အဝေးကိုတစ်ချက်ငေးမောရင်း... ဘီယာတစ်ကျိုက်မော့ လိုက်တယ်...။ “တစ်ခွက်ထက်ပိုမသောက်နဲ့နော်... ပြီးမှ လက်ကိုက်တယ်ဆိုပြီး ကိုယ့်ကိုလာမနှိပ်ခိုင်းနဲ့” တွေ့လား... ဒါ...ကိုယ့်ကို သူနှိပ်ပေးချင်လို့ စိန်ခေါ်လိုက်တဲ့စကား...။ ကိုယ်တစ်ချက်ပြုံးလိုက်ပြီး သူ့ခွက်ကို တိုက်လိုက်တယ်..။ ..မတွေ့ရတဲ့ ဆယ်နှစ်ကျော်အတွင်း သူဘာမှ သိပ်ပြောင်းလဲမသွားပါဘူး...။ ပိုပြီးတောင် ချောမောသန့်ပြန့်လာပါသေးတယ်...။ ကိုယ်တို့ အမြည်းစားလိုက် သောက်လိုက်ကြရင်း သူက သူ့အချစ်တော် ခွေးလေးအကြောင်းစမေးပါတယ်..။ သူ့ခွေးနာမည်လေးက ဘုတ်ဘုတ်တဲ့...။ ခွေးမလေးက သူ့သခင်မရှိတဲ့နောက်ပိုင်း ကိုယ့်ဆီရောက်လာခဲ့တာ..။ ခွေးမချစ်တတ်တဲ့ ကိုယ့်ကို သူက သူ့ကိုယ်စား ကြည့်ရှုစောင့်ရှောက်ပေးပါဆိုလို့... ခွေးတစ်ကောင်နဲ့ နှစ်တော်တော်ကြာကိုယ် အလုပ်ရှုပ်ခဲ့ဖူးသေးတယ်..။ ခုတော့လဲ ခွေးကလေး မရှိရှာတော့ပါဘူး...။ အင်းလေ...သူထွက်သွားတာပဲ တိတိကျကျပြောရရင် ဆယ့်နှစ်နှစ်တောင်ရှိပြီလေ..။

သူစက်မှုတက္ကသိုလ်ဒုတိယနှစ်တက်တော့ ကိုယ်က ပထမနှစ်ရှိသေးတယ်...။ သူ့ကျောင်းကို သူမသိအောင် တိတ်တိတ်ကလေးသွားလည်ပြီး သြဘာလမ်းမှာ ပွဲစည်အောင်လုပ်ခဲ့လို့ တစ်ပတ်ကျော်ကျော်ထိ ကိုယ့်ကို သူစိတ်ကောက်ပြီး စကားမပြောခဲ့ဘူး...။ ကိုယ်တို့ဘေးခြံကို ပြင်ဦးလွင်ကပြောင်းလာနေတဲ့သူနဲ့ စသိတုန်းက ကိုယ်ဆယ်တန်းစာမေးပွဲဖြေထားတုန်းအချိန်...။ သူက ဝိုင်အိုင်တီမှာ ပထမနှစ်လာတက်တာ..။ ကျောင်းပိတ်ရက်မှာအားနေတော့ စာအုပ်ဖတ်လိုက် ခြံထဲမှာ ကြက်တောင်ရိုက်လိုက်နဲ့ သူငယ်ချင်း သိပ်များများစားစား မရှိတာမို့ အပြင်သိပ်မထွက်ဖြစ်ခဲ့ဘူး...။ ညီမတစ်ဝမ်းကွဲနဲ့ ကြက်တောင်ရိုက်ကြရင်း.. သူ့ခြံထဲကို ကြက်တောင်ကျသွားလို့ ခြံစည်းရိုးကနေလှမ်းပြီး သူ့ကို ကောက်ခိုင်းရာက စခင်သွားကြတာ...။ အဲဒီကတည်းက ကြက်တောင်ရိုက်တာများလို့ လက်ကောက်ဝတ်ကိုက်လာရင် သူက ကိုယ့်ကို ဒိုင်ခံဆေးလိမ်းပေးနေကျလေ..။ ကိုယ့်ထက်တစ်နှစ်ပဲကြီးပေမယ့်... ကိုယ်ကတော့အမြဲတစေ သူ့ညီမအငယ်ဆုံးလေးလိုပဲ ချွဲနွဲ့တတ်တယ်..။ သူကလဲ အဲလို ကလေးဆန်တာလေးကို သဘောကျတယ်..။ သူ့မှာက ညီတစ်ယောက်ဘဲရှိတာကိုး...။ ခုပဲ... လေယာဉ်ကွင်းသွားကြိုတာတောင်... ငယ်ငယ်က အကျင့်မပျက်သေး...သူ့ကို ပြေးပြီး ပွေ့ဖက်ဆီးကြိုလိုက်တယ်...။ ကိုယ်တို့နှစ်ယောက်စလုံး မတွေ့တာကြာပေမယ့် ရှိုးတိုးရှန့်တန့်တော့ မဖြစ်ပါဘူး..။ ခြေကျင်းဝတ်မှာစီးထားတဲ့ ချည်ဘောင်းဘီခပ်ပွပွ T shirt အကျပ်နဲ့ Polo ဦးထုပ်လေး ကိုယ်စောင်းထားတော့ သူက ငယ်ငယ်တုန်းက အတိုင်းပဲ... ဒါပေမယ့် နည်းနည်းဝလာတယ်တဲ့..။ သူ့ကိုယ်ရနံ့လေး အရင်လို မွှေးပျံ့လတ်ဆတ်ဆဲ.... သူ့ရင်ငွေ့တွေလဲနွေးထွေးဆဲပဲ...။ သူဘာမှမပြောင်းလဲပါဘူး...။ ဒါပေမယ့်... ခုတစ်ခေါက်သူ ပြန်လာတာဟာ... သူ့ဘဝအပြောင်းအလဲ တစ်ခုအတွက် ပြန်လာခဲ့တာ...။ သူ့မိဘတွေ အိမ်ထောင်ချပေးမယ့် သတိုးသမီးလောင်းကို လာကြည့်တာ...။ အဆင်ပြေရင် ပြေသလို...တစ်ခါတည်းလက်ထပ်သွားမှာတဲ့...။

ကိုယ့်ရင်ဘတ်က ဆွဲထားတဲ့ လော့ကက်လေးကို သူ..အသာလေးဆွဲယူကြည့်နေတယ်...။ မိန်ကလေးတန်မဲ့ သံကြိုးပုံ 925ကြိုးခပ်ရှည်ရှည်ကိုဆွဲထားတာ...။ တစ်လက်မခွဲလောက်ရှိတဲ့ စိန်ပွင့်တွေစီထားတဲ့ “Y”ဆိုတဲ့ အင်္ဂလိပ်အက္ခရာစလုံးလေး...။ သူနိုင်ငံခြားမထွက်ခင်ကတည်းက ကိုယ့်ကိုပေးထားဖူးတဲ့ မွေးနေ့လက်ဆောင်လေးပါ..။ ကိုယ့်ကိုထူးထူးခြားခြား အမှတ်တရလက်ဆောင် ပေးချင်တယ်ဆိုလို့ ကိုယ်အလိုချင်ဆုံးအရာကို တောင်းခဲ့ဖူးတာပါ...။ ပြီးတော့...သူက သူ့ကုတ်အကျီၤအောက်က နို့စိမ်းရောင်ရှပ်ရဲ့ ဘယ်ဘက်အိပ်ကပ်ထဲကနေ ရွှေရောင်ကြိုးလေးတစ်ခု ဆွဲထုတ်လိုက်တယ်...။ ရွှေရောင်ကြယ်သီးကြိုးလေးရဲ့ အစွန်းမှာ ကိုယ်နှလုံးသည်းပွတ်တွေ ကြွေကျမတတ်ဖြစ်သွားစေတဲ့ အင်္ဂလိပ်အက္ခရာ “N”ဆိုတဲ့စာလုံးလေး သူ့လက်ချောင်းတွေကြားမှာ လက်ခနဲပေါ်လာတယ်..။ ကိုယ်သူ့ကို ဒီပစ္စည်းလေး တစ်ခါမှ မပေးဖူးခဲ့ပါဘူးကွယ်..။ ကိုယ်အံ့အားသင့်နေလို့ သူရှင်းပြပါတယ်...။ သူ... ဟိုမှာ အလုပ်လုပ်ပြီး နှစ်နှစ်နေတော့ သူစုထားတဲ့ငွေနဲ့ အမှတ်တရ လုပ်ထားတာတဲ့...။ ပြီးတော့ သူက အဲလို suit တွေဝတ်တာကြိုက်တော့ ကြယ်သီးကြိုးလေးလုပ်ဖြစ်သွားတာပါတဲ့...။


ညနေခင်းက....အရောင်ရင့်ရင့်လာပြီ...။ မီးတွေ ဟိုဒီမှိတ်တုတ်လင်းပြနေတယ်...။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညင်းက တစ်ချက်တိုးဝေ့လိုက်တယ်...။ ရုတ်တရက် ကိုယ့်ဦးထုပ်ကို သူ ဆွဲချွတ်လိုက်တယ်..။ နဖူးပေါ် ဝဲကျလာတဲ့ ဆံနွယ်ခွေတွေကို သူ့လက်နဲ့ သပ်တင်ပေးနေသေးတယ်...။ ရပါတယ်...လေအဝှေ့မှာ ကိုယ်ဆံနွယ်တွေလွှင့်ပျံနေဦးမှာပဲလေ...။ တစ်ခဏသာ အတွက်နဲ့တော့ ကိုယ့်တစ်ဘဝစာ စိတ်မကောင်းကျန်ရစ်မယ့် အပြုအမူမျိုးဆိုတာ သူ သိနေပါရဲ့လား..။ နောက်...သူ... သူ့အိပ်ထဲက မာဘိုရိုတစ်လိပ်ထုတ်လိုက်တယ်..။ ကိုယ်အလိုက်တသိ အသင့်ဆောင်ထားတဲ့ မီးခြစ်နဲ့လေကွယ်ပြီး မီးညှိပေးလိုက်တယ်..။ အဲဒီမီးခြစ်လေး သူ့ကိုပေးပါလားလို့ ကိုယ့်ကိုသူတောင်းတယ်...။ ကိုယ်ခေါင်းညိတ်ပြီး သူ့လက်ဖဝါးထဲကို မီးခြစ်လေးထည့်ပေးလိုက်တယ်..။ ဒီမီးခြစ်လေး သူ့ဆီရောက်လာတဲ့ အချိန်ကစပြီး သူစီးကရက် မသောက်မိဖို့ကြိုးစားရတော့မယ်တဲ့...။ ဘာလို့လဲဆိုတော့ မီးညှိပေးမယ့်သူမရှိမယ့် စီးကရက်တစ်လိပ်ကို သူမမက်မောချင်တော့ပါဘူးတဲ့လေ...။

ဒါဆို ကိုယ်လဲ စီးကရက်တစ်လိပ်လောက်သောက်ချင်စိတ်ပေါ်သွားပြီ...။ မီးညှိပေးမယ့်သူက သူဖြစ်နေပြီလေ...။ စိတ်ကူးရုံသက်သက်ပါပဲ...။ အငွေ့တွေက လေထဲ ရိပ်ခနဲ ပျောက်ကွယ်သွားကြပြီ..။ ဟိုးးး နားက မြင်နေရတဲ့ စိမ်းမှောင်တဲ့ ကျွန်းစုဆီကို အိပ်တန်းပြန်ငှက်အုပ်တွေ ဆူညံစွာ ပျံသွားနေကြတယ်...။ကောင်းကင်အရောင်က အပြာဖျော့ကနေ အရင့်ဘက်ကူးစပြုနေပြီ..။ ကြယ်တွေ ဟိုတစ်ပွင့်ဒီတစ်ပွင့် ပြိုးပြိုးပြက်ပြက်စထွက်လာကြပြီ..။ ဆန်းသစ်စလခြမ်းကွေးကလည်း... လှနေတယ်...။ ပတ်ဝန်းကျင်အပံံ့အပိုး ကောင်းနေပါလျက်နဲ့ ကိုယ့်ရင်ထဲမှာတော့ မိုးကြိုးမုန်တိုင်းထန်နေသလိုနှယ်...။ အား....တန်ခိုးကတော့ချက်ချင်းပြတာပဲ...။ ဘယ်ဘက်လက်ကောက်ဝတ်က ကိုက်တက်လာပြီ...။ ညာဘက်လက်နဲ့ ဖိနှိပ်လိုက်တာကို သူချက်ချင်းသဘောပေါက်လိုက်တယ်...။ သောက်လက်စစီးကရက်ကို နှှုတ်ခမ်းမှာတေ့ထားရင်း ကိုယ့်လက်ကို လှမ်းယူရင်း အသာနှိပ်နယ်ပေးနေတယ်...။ အဲလိုလေး...သူ...စီးကရက်ကို နှုတ်ခမ်းမှာ မထိတထိလေး တေ့ထားတဲ့ပုံကို ကိုယ်ဖြင့်ချစ်လိုက်တာ...။ သူ့ကို ကိုယခဏငေးမောမိသွားတယ်..။ နေပါစေတော့...........။ နောက်လဲ ဒီလိုအမြဲနှိပ်ပေးနိုင်တာ မဟုတ်ဘဲနဲ့များ ကိုယ့်ကို ပုံပြင်တွေနဲ့ ထပ်ပြီး ထားမသွားပါနဲ့....။ ကိုယ်...လက်ကိုရုန်းပြီး ပြန်ရုတ်လိုက်တယ်..။ “ခုထိ....ကလေးလေး လိုပဲ ညီမလေးကတော့..”တဲ့..။ သူ့လို မသိကျိုးကျွန်စိတ်ကလေး ထားတတ်ချင်လိုက်တာ...။ လေတိုက်လို့ထင်ပါရဲ့... ဘီယာတစ်ခွက်အရှိန်နဲ့ အာရုံတွေက ရိုးတိုးရိတ်တိတ် ခပ်ထွေထွေရှိလာတယ်...။ အိမ်အပြန်..ကားကို သူမောင်းမယ်ချည်း လုပ်နေလို့ မနည်းတားထားရတယ်..။ ဆယ်နှစ်ကျော် ကာလအတွင်းမှာ ဒီကလမ်းကို သူချက်ချင်း အသားကျမှာ မဟုတ်မှန်းသိလို့... ကိုယ်ပဲမောင်းခဲ့လိုက်တယ်..။

ကားထဲမှာ FM ကလွှင့်တဲ့ သီချင်းလေးကလဲ တိုက်တိုက်ဆိုင်ဆိုင် “Now and Forever” သီချင်း... Richard Marx ဆိုထားတဲ့ ဒီသီချင်းကို သူကျောင်းသားဘဝတုန်းက ကိုယ့်ကို ဂီတာတီးပြီး ဆိုပြခဲ့ဖူးတယ်..။ သီချင်းဆံုံးသွားတဲ့အထိ ကိုယ်ခံနိုင်ရည်ရှိပါ့မလားကွယ်....။ ကိုယ့်လက်တွေ ခလုတ်ပေါ်ရောက်သွားတော့... သူချက်ချင်းဖမ်းဆုပ်လိုက်တယ်...။ “သီချင်လေးကောင်းနေတာကို ညီမလေးရယ်...”။ “ဒီသီချင်းလေးကိုတောင် လိုက်မညည်းဖြစ်တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ ကြည့်စမ်း....” လွတ်လပ်ပေ့ါပါးစွာ သူလိုက်ဆိုညည်း နေပေမယ့် ကိုယ်ကတော့ ကားမောင်းရင်း မငိုချမိအောင် မနည်းမြိုသိပ်ထားရတယ်..။ ရင်မှာဆွဲထားတဲ့ Y ကို လက်တစ်ဘက်နဲ့ ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားလိုက်တယ်..။ ပေါက်ခနဲစီးကျလာတဲ့ မျက်ရည်စက်ကို ဆုတ်ကိုင်ထားတဲ့ လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်..။ လမ်းမီးတိုင်တွေက မီးအားနည်းနေလို့လား ဒါမှမဟုတ် ကိုယ့်မြင်ကွင်းတွေပဲေ၀ဝါးနေလု့ိလား အားနည်းဖျော့တော့နေကြတယ်...။

မဖြစ်နိုင်မှန်းသိလျက်နဲ့လဲ.......ဒီညနေခင်းလေး ကုန်ဆုံးသွားမှာကို ကိုယ်ကြောက်နေမိတယ်...။


မိုးငွေ့

ပန်းမြို့တော်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေ...

အင်ကြင်းကျောက်
ဂဏန်းတွေ
အညိုစင်းနဲ့က ဘောက်ဖတ်တွေတဲ့ဗျား
ဆင်ရိုင်းစွယ်
လိပ်
ဆင်အံသွား

Wednesday, 20 October 2010

မိုးရွာချိန်...အတွေး

ဘာရယ်မှန်းမသိ... မိုးတွေအုံ့မှိုင်းလာလို့ လယ်ကွင်းပြင်စိမ်းစိမ်းတွေကို လှမ်းကြည့်မိရင်ပဲ... ရင်ထဲလွမ်းသလိုလိုနဲ့.. ။ ဓါတ်ခံက နဂိုထဲက ပါလာပြီးသားထင်ရဲ့။ ကိုယ်မှတ်မိသလောက်တော့ ရာသီဥတုထဲမှာဆို ဆောင်းရာသီလေးမှာ နေလို့ကောင်းတယ်ဆိုပြီး ဆောင်းရာသီလေးကိုပိုနှစ်သက်ခဲ့မိတယ်..။ မိုးကိုတော့ ဘယ်တုန်းကစချစ်သွားသလဲ သေချာမမှတ်မိပေမယ့် ကိုယ့်မွေးလကတော့ နွေဦးရာသီလေးမှာဖြစ်တယ်....။ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာတော့ မိုးနဲ့ပတ်သက်ပြီး အမှတ်တရတွေတော့ တော်တော်များခဲ့တယ်....။ မိုးက ကိုယ့်ကို အချစ်တွေ အမုန်းတွေ နာကျည်းမှုတွေ ရသပေါင်းစုံ ပေးစွမ်းနိုင်ခဲ့လို့များလား....တစတစနဲ့ မိုးကို ကိုယ်စွဲလန်းလာခဲ့တယ်....။ ခုလို မိုးရွာချိန်လေးမှာ ကိုယ့်အတွက် Americano ပူပူတစ်ခွက်နဲ့ အတွေးစတွေကိုဆွဲထုတ်မိမယ်ဆိုရင်....ဟိုးးး ငယ်ငယ်ကလေးဘ၀တုန်းက မိုးရွာချိန်မှာရေတံလျှောက်ကကျလာတဲ့... မိုးရေကိုချိုးခဲ့ဖူးတဲ့ အရသာလေး ပြန်လွမ်းမိတယ်....။ မိုးတွေအရမ်းကြီးလို့ ဟိုဘက်ကမ်းပြန်မယ့် ကျောင်းသားတွေကို အိမ်စောစောပြန်လွတ်ရင် အိမ်ပြန်ရေမိုးချိုးပြီး အနွေးထည်လေးဝတ် မိုးကာလေးရုံပြီး မေမေ၀ယ်ပေးတဲ့ မိုးစီး လည်ရှည်ဘွတ်ဖိနပ် အ၀ါရောင်လေးနဲ့ ရေရှိန်ကြောင့် ပုခက်လိုယိမ်းနေတဲ့ တံတားဆီ လူအုပ်တွေကြားထဲ သွားစပ်စုတတ်ခဲ့ဖူးတဲ့ ပုံရိပ်တွေကိုလဲ လွမ်းမိတယ်...။ တောင်ကရေတွေအားကြီးလာလို့ အိမ်ထဲရေတွေ ဒူးဆစ်လောက်ဝင်တဲ့ အခါမျိုးမှာဆို တစ်ညလုံး အိပ်မရဘဲ.... ရေအကျကို ထိုင်စောင့် ရေကျသွားရင် ကျန်ခဲ့တဲ့ ရွံ့တွေကိုခပ်ထုတ်ပစ်ရမယ့် ဒုက္ခတွေကလဲကြုံခဲ့ဖူးသေးတော့....မိုးအတွက်ကြောင့်နဲ့ အကောင်းအဆိုးတွေဒွန်တွဲ ခံစားအမှတ်ရနေမိတယ်....။ မြို့ရောက်ပြီးကျောင်းတက်တော့လဲ မိုးရေကြီးလို့ ကိုယ်အိပ်တဲ့မွေ့ယာတွေ ရေထဲပေါလောမျောနေတာကိုတောင် မနိုးဘဲ အိပ်နေခဲ့ဖူးသေးတယ်...ဆိုးပါ့...။ 1999 အလုပ်လုပ်တော့ ဟမ်းဖုန်းလေးတစ်ခုစကိုင်ဖူးတယ်... ဆယ်လူလာဖုန်းလေး... အဟဲ...အဲဒီဖုန်းလေးနဲ့ မိုးဖွဲဖွဲထဲမှာ တစ်ကောင့်သားလေးတစ်ယောက်နဲ့လဲ ကျူခဲ့ဖူးတယ်...။ မိုး...မိုး....မိုး..... အင်း.... အချစ်က မိုးရေစိုစိုထဲမှာ...ကိုယ့်ရဲ့ ၀မ်းနည်းမှုတွေကို အားပေးနှစ်သိမ့်ဖူးသလို.... ကိုယ့်ရင်ကို အစိပ်စိပ်အမွှာမွှာကွဲကြေစေမယ့် စကားလုံးတွေကိုလဲ ရွာချပေးခဲ့ဖူးသေးတယ်...။ ဒီလိုနဲ့ မိုးနဲ့ပတ်သက်တဲ့ သီချင်းတွေ ကဗျာတွေစုဆောင်းတတ်လာတယ်.....။ Gun & Roses ရဲ့ Novenber Rain ကိုအရမ်းကြိုက်ခဲ့ဖူးသလို... ခုလောလောလတ်လတ် ဖမ်းစားခြင်းကိုခံရတဲ့သီချင်း ကတော့ မျိုးကြီးရဲ့ “မိုး”။ ကိုယ့်ရဲ့အတွေးစတွေ ဟိုတစ်စ ဒီတစ်စရောက်နေလိမ့်မယ်....။ နွေးထွေးတဲ့ ကော်ဖီခွက်လေးနဲ့အတူ ကိုယ့်အတွေးတွေ လွတ်လပ်စွာ ပျံသန်းနေပစေ...။ ခုလိုချိန်ခါမှာ ငှက်ကလေးတွေ ဘယ်လိုမိုးခိုပုန်းရှောင် နေမလဲ သိချင်နေမိတယ်... ကိုယ်ကသာနွေးနွေးထွေးထွေးရှိချိန်မှာ သူတို့လေးတွေ အေးခိုက်တုန်ယင်နေရှာမှာ... ။ ထိုနည်းတူ ကမ္ဘာဖျက်မိုးတွေကြောင့် သက်ရှိတွေသေကြေပျက်စီးပေါင်း မနည်းဘူး။ မကြာသေးခင်က ဖြစ်သွားတဲ့ ကိုယ်တို့ရွာက အကြောင်းလေးပြန်မြင်ယောင်ရင်း...မျိုချလိုက်တဲ့ ကော်ဖီတွေက လည်ချောင်းကို ရှပြီးဝင်သွားတယ်....အခါးတွေနဲ့အတူ...။ ၀မ်းနည်းခြင်း မျက်ရည်ခါးခါးတွေပါ...။ မိုးရွာချိန်လေးမှာ တွေးမိသလောက်လေးတွေပါ....။ မမသက်ဝေတဂ်လာလို့ ညီမလေး ရေးတတ်သလောက်လေး ရေးပေးလိုက်ပါတယ်...။ သေချာတာကတော့ ငါ့အမလက်ရာတွေလို ရသမြောက်မှာမဟုတ်ဘူး....။ အရင်တုန်းက တဂ်ပို့စ်လေးတွေကို ရေးရမှာအရမ်းကြောက်မိပါတယ်...ခုတော့ ....။ ပြောမယ့်သာပြောတာခုနဲ့မှသုံးပုဒ်ထဲ ရေးဖူးသေးတာပါ...။ မိုးငွေ့

Wednesday, 13 October 2010

ကိုကြီးကျောက်လို နေလိုက်ကြစမ်းပါ...



ကျမအပါအဝင် ဘလော့ဂါအတော်များများ နေထိုင်မကောင်းဖြစ်ကြရာမှာ စာရေးဝါသနာပါသူဆိုတဲ့အတိုင်းပဲ ကိုယ့်ဝေဒနာ ခံစားချက်တွေကို စာတတန်ပေတတန်နဲ့ ရေးဖွဲ့ရင်ဖွင့်တတ်ကြပါတယ်...။ တိုင်းတပါးမှာ အလုပ်သွားလုပ်သူ မောင်ငယ်နှမငယ်တွေက ပိုပြီးအထီးကျန်တတ်ကြပါတယ် ...။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ မိဘရဲ့ အရိပ်အောက်က ကင်းကွာနေလို့ နေထိုင်မကောင်းဖြစ်ချိန်မှာ ပိုပြီးအားငယ်စိတ်ဝင်တတ်ကြတယ်...။ ကိုယ်ချင်းစာမိပါတယ် ဘာလို့လဲဆိုတော့ ကျမကိုယ်တိုင် မိဘနဲ့အတူမနေရတာ အနှစ်နှစ်ဆယ်ကျော် လုံးလုံးပဲလေ..။ အဖေက ငယ်ငယ်ကတည်းကဆုံးသွားတော့ အမေနဲ့အတူပြန်နေရတာ ငါးနှစ်ပဲရှိပါသေးတယ်...။ ပြည်ပမဆိုထားနဲ့ မြန်မာပြည်ထဲမှာတောင် တခြားမြို့ကနေ ရန်ကုန်မှာ အလုပ်လာလုပ်ကြတဲ့ သူတွေလဲ ကိုယ့်အိမ် ကိုယ့်မိဘမောင်နှမတွေနဲ့ဝေးတော့ ဒီလိုပဲ ခံစားကြတာပဲ...။ ကျမရဲ့ ကဗျာစာအုပ်စင်အောက်က ကဗျာဆရာမ ညီမလေးတစ်ယောက်ဆိုရင်လဲဒီလိုပဲ မနေ့က အလုပ်မှာ တစ်ယောက်တည်းဖြစ်နေလို့တဲ့ ကျမဆီဖုန်းဆက်လာတယ် လေသံက သဲ့သဲ့လေးရယ် နေမကောင်းဘူးလားဆိုတော့... သွားကိုက်နေလို့အမတဲ့..။ အံဆုံးပေါက်လို့ နာနေတာ ခွင့်ယူပြီးပြန်ဖို့ကို ရုံးမှာတစ်ယောက်မှပြန်မလာသေးလို့ လာသမျှဖုန်းတွေကို အသံမထွက်ချင်ဘဲ ဖြေဖြေနေရလို့တဲ့လေ...။ အဲလိုလေးပေါ့ဗျာ ဘလော့ဂါမောင်ငယ်ညီမငယ်တွေ တော်တာ်များများ နေမကောင်းဖြစ်ရင် ကျမဆီဖုန်းဆက်သူဆက်... လိုင်းပေါ်မှာရင်ဖွင့်သူဖွင့်ကြပေါ့....။ ကျမဟိုတလောက တော်တော်လေးနေမကောင်းဖြစ်တော့ ပေါက်ကရပို့စ်တွေရေးတင်ဖြစ်သေးတယ်...။ ပေါက်ကရရယ်လို့လဲ ပြောလို့မရပါဘူး...။ တကယ်တော့ နာမကျန်းဖြစ်ပြီဆို ယမမင်းကို တစ်နေ့သုံးခါလောက်က မျက်စောင်းထိုးနေပြီလေ...။ လူဆိုတာမွေးလာကတည်းက သေမျိုးချည်းပဲ...။ သေခြင်းတရားဆိုတာ အဆန်းတကြယ်မှမဟုတ်ဘဲ..။ လူတိုင်းအမြဲသတိချပ်နေရမယ့်အရာလေ...။ သေရမှာကို မကြောက်ပါဘူးလို့ ဟစ်ကြွေးနေပေမယ့်လည်း တကယ်တမ်းသေရတော့မယ်ဆို ကျန်ရစ်ခဲ့မယ့် သံယောဇဉ်တွေမပြတ်နိုင်တာနဲ့ ကိုယ့်အတ္တနဲ့ကိုယ် မသေချင်ကြပြန်ဘူးပဲ....။ သေခြင်းတရားကို တကယ် အချိန်အတိအကျနဲ့ ရင်ဆိုင်ရတော့မယ့် ကိုကြီးကျောက်လိုလူမျိုးကို အတုယူစေချင်ပါတယ်...။ တကယ်တော့ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းကို ကျမခုမှစပြီးရောက်ဖူးတာပါ....။ အမချစ်ကြည်အေးပို့စ်မှာ ကိုကြီးကျောက်ကို ဝိုင်းပြီးဆုတောင်းပေးကြပါဆိုတာ တွေ့လိုက်ပေမယ့် ကိုကြီးကျောက်ဆီကိုမရောက်လိုက်ဘူး...အဲဒီချိန်တုန်းက ကိုယ့်အပူနဲကိုယ်...။ ဒီပို့စ်လေးက ရွှေရတုမှတ်တမ်းကို အလည်အပတ်သွားပြီး နောက်ဆုံးပို့စ်ဖြစ်တဲ့“ဝင်ကစွပ်ကျောက်” “ယမမင်းထံသို့ခြေလှမ်း၁၈၀” အပါအဝင် အခြားပို့စ်အဟောင်းတွေကိုဖတ်ပြီး ကိုကြီးကျောက်ရဲ့ အရေးအသား စိတ်ဓါတ်ကြံ့ခိုင်မှုတွေကို လေးစားဂုဏ်ယူလွန်းလို့ ရေးဖြစ်သွားတာပါ....။ ဒီလိုပဲဖြစ်ရမယ်လေ... သေခြင်းတရားကို တည်ငြိမ်စွာ ဘာဝနာပွားများရင်း သတ္တိရှိရှိရင်ဆိုင်တတ်ရမယ်....။ ကိုကြီးကျောက်ရဲ့ ဟာသယဉာဏ်လေးဖက်ပြီး ရေးသားထားတာလေးကိုဖတ်ရတော့ ကျမ မျက်ရည်ဝဲမိတယ်....။ ကာယကံရှင်ဘယ်လိုနေမလဲမသိပေမယ့် ကျမကတော့ ခံနိုင်ရည်မရှိသေးဘူးပဲ...။ ဘာပဲဖြစ်ဖြစ်နော်... ခုလို အွန်းလိုင်းလေးရှိနေတာအဆင်ပြေတယ်ဗျာ....။ ကိုယ့်ခံစားမှုစိတ်ထွက်ပေါက်ကို စာလုံးတွေအဖြစ်ပြောင်းလဲ ပစ်နိုင်ကြတာဟာလဲ...ပါရမီတမျိုးပါပဲ...။ ဘယ်လိုပဲဖြစ်စေ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းကနေ ကျမတို့ ပို့စ်အသစ်ကလေးတွေ ထပ်ထပ်ပြီး ဖတ်ရဦးမယ်လို့ ယုံကြည်ပါတယ်...။ ကိုကြီးရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရေးအသားတွေဟာ... ကျမတို့ ဘလော့ဂ်လောကမှာ မှတ်တိုင်တစ်ခုအဖြစ် မားမားမတ်မတ်ထင်ကျန်ရစ်ခဲ့မှာပါ...။ ဒီပို့စ်လေးအတွက် ရွှေရတုမှတ်တမ်းကနေ ခွင့်ပြုချက်မရဘဲ ပုံကိုယူသုံးထားတဲ့ အတွက် ကိုကြီးကျောက်စိတ်မဆိုး လောက်ဘူးလို့ ယုံကြည်ပါတယ်...။ ကိုကြီးကျောက် စိတ်အေးချမ်းစွာဖြင့် နေ့ရက်တွေကို အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...။


မိုးငွေ့

Tuesday, 12 October 2010

အမုန်းဖွဲ့...အိန်ဂျယ်




ဒီညတော့ တောင်ကျချောင်းလို ငါရွာချလိုက်ပြီ... ။ အိန်ဂျယ်..ရေ..မင်းဟာ ရတနာတွေ လျှို့ဝှက်မြုပ်နှံရာ ကျွန်းတစ်ကျွန်းပေါ့။ တစ်စစီ ဆုတ်ဖြဲကြေမွနေတဲ့ လမ်းပြမြေပုံက ငါ့လက်ရှိဘဝပါ။ ငါ့ဘဝကို တစ်ရွာဝင် တစ်ရွာထွက် ရွက်လွင့် ရှာဖွေနေဆဲ။ သတိရတိုင်း ကောင်းကင်ကိုပဲ မော့မော့ ကြည့်မိတယ်။ တစ်ကယ်တော့ ကောင်းကင်တစ်ခုတည်း အောက်မှာ အတူရှိနေခြင်းကပဲ ငါ့အတွက် အခွင့်အရေး..။ ငါတို့အတူ စီးဆင်းဖူးတဲ့ မြစ်တစ်စင်းကလဲ လူမသိသူမသိ ဆက်လက်စီးဆင်း နေဆဲ..။ မြေပုံထဲမှာ ရှာလို့ကတော့ မင်းဘယ်လိုမှ မတွေ့နိုင်ဘူး .. အိန်ဂျယ်.။ မြေအောက်မြစ်တစ်စင်း သယ်ဆောင်လာတဲ့ သယံဇာတ တွေကို နှင်းဆီပန်းပွင့်တွေထဲ တိတ်တဆိတ် ငါဝှက်ထားခဲ့တယ်။ လမင်းတစ်စင်း ဆီမှာတိုင်တည်ရင်း နှစ်ပေါင်းများစွာ ဝေးကွာတတ်တဲ့ လေးထောင့်သေတ္တာထဲမှာ မီးတောက်လေး တစ်ခုကို ငါ့အသက်နဲ့ လဲပြီး စောင့်ရှောက်ခဲ့တယ်။ ငါတို့ရဲ ပွဲတော်ရာသီပြန်ရောက်ရင် မီးကူးပြီး ပွဲတစ်ခင်းလုံး လင်းစေရမယ်..။ ဒီမီးတောက်လေးကို မင်းအမုန်းနဲ့ ထွန်းညှိခဲ့ တာပါ..။ မင်းအမုန်းနဲ့ ငါ့မှာလင်းလို့လေ...။ ငါတစ်ယောက်ထဲ ကျန်ခဲ့တဲ့ နယ်မြေအဟောင်းထဲမှာတော့ ငါ့မှာ အလွမ်းတွေ ရွှဲရွှဲစိုရင်း....။ မနက်မနက် ရောက်တိုင်း မင်းရှိတဲ့ အရပ်ဆီဦးညွတ်ရင်း....ဟို.. မိုးကုပ်စက်ဝိုင်းပေါ်မှာ .. ငါ့နှလုံးသား .. နှင်းဆီပွင့်တွေ ...ထိုးစိုက်ပေးခဲ့တယ်...။ မင်းရောက်လာချိန်မှာတော့.. ဒေါသတကြီး ရိုက်နှက်ချွေချလိုက်တဲ့ နှင်းဆီပွင့်ဖတ်တွေ.... ငါ့ကမ္ဘာမြေအနှံ့ ပြန့်ကျဲလို့ပေါ့...........။ ဒါဟာလည်း ငါနေ့စဉ်ကပြနေတဲ့ အက်ကြောင်းထပ် ပြဇတ်တစ်ပုဒ်ပါပဲ.....။ ဒီလိုနဲ့ ငါလဲ မင်းအမုန်းကို ဘိန်းစွဲသလိုစွဲခဲ့ရတယ်...။ နှင်းဆီတွေ မပွင့်ပဲ မနေနိုင် ကြသလိုပဲ... မင်းအတွက်တော့ ငါဟာ အမုန်းဖွဲ့..တဲ့ ကဗျာတစ်ပုဒ်ပဲ.. ဖြစ်ခဲ့တယ်...။ ...........လွမ်းတယ်...........အိန်ဂျယ်...ရယ်....။


ခေါင်ခေါင်

Thursday, 7 October 2010

တာချီလိတ်ရှမ်းခေါက်ဆွဲ...

ဝက်သားကို စက်နဲ့ကြိတ်ထားတာ


ပဲနီနဲ့လုပ်ထားတဲ့ ပဲသွေး



ကြိတ်ထားတဲ့ခရမ်းချဉ်သီးနဲ့ ပဲပုပ်ပြုတ်ထားတာ



လက်ပံပွင့်ခြောက်ပြုတ်



ပဲပင်ပေါက်



ရန်ကုန်အခေါ်ညှပ်ခေါက်ဆွဲ(သို့) မန်းအခေါ် ဆန်ပြား



ဝက်သားခရမ်းချဉ်သီးနဲ့ ပဲပုဒ်ချက်ထားတဲ့ဟင်းအနှစ်




အသင့်စားလို့ရပြီဖြစ်တဲ့ တာချီလိတ်ရှမ်းခေါက်ဆွဲအရည်



ပါဝင်သည့် ပစ္စည်းများ(လူဆယ်ယောက်စာ)

၁) ကြက်သား(သို့)၀က်သား ခုနှစ်ဆယ့်ငါးကျပ်သား
၂) ခရမ်းချဉ်သီး တစ်ပိဿာ
၃) ကြက်သွန်နီ ဆယ်နှစ်လုံး
၎) ကြက်သွန်ဖြူ တစ်လုံး
၅) ရှမ်းပဲပုဒ် သုံးချပ်
၆) အရောင်ငရုတ်သီးမုန့်
ရ) နနွင်းမုန့် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း

ဟင်းအနှစ်ချက်နည်း

ဒယ်ထဲကို ဆီ နှစ်ဆယ်သားလောက်ထည့်ပြီး ဆီပူပူဖြစ်လာရင် ထောင်းထားတဲ့ ကြက်သွန်ဖြူကို ဆီသတ် နည်းနည်းအ၀ါရောင်သန်းလာတာနဲ့ ပါးပါးလှီးထားတဲ့ ကြက်သွန်နီတွေကို အကုန်ထည့်လိုက်ပါ...။ ကြက်သွန်တွေ ရွှေရောင်သန်းလာရင် ငရုတ်သီးအရောင်မှုန့်နဲ့ နနွင်းမုန့်ထည့်လိုက်ပါ....ပြီးရင် ကြိတ်ထားတဲ့ ၀က်သားထည့် ဆားထည့်ပြီး ၀က်သားအရေခန်းပြီး မွှေးလာတဲ့အထိမွှေပေးနေပါ...။ ၀က်သားမွှေးလာရင် ခရမ်းချဉ်သီးနဲ့ပဲပုဒ်ပြုတ်ထားတာကို ထည့်လိုက်ပါ....။ အတုံးကလေးတွေလှီးထားတဲ့ ပဲသွေးကိုထည့်ပြီး ဟင်းအိုးကို မီးဖြေးဖြေးနဲ့ ကြာကြာလေးနှပ်ပေးပြီး ဆီပြန်လာရင် ရပါပြီ...။

တွဲဖက်စားသုံးရမယ့်အရွက်တွေ

၁) ပဲပင်ပေါက်
၂) လက်ပံပွင့်ခြောက် ( ညကတည်းက ရေစိမ်ထားပြီး မနက်ကျ ပြုတ်ရပါမယ် )
၃) ရှမ်းနံနံပင်
၎) နံနံပင်
၅) ကြက်သွန်မှိတ်

ခေါက်ဆွဲဘယ်လိုပြင်မလဲ

များသောအားဖြင့် ဒီကရှမ်းခေါက်ဆွဲတွေက မြောက်ပိုင်းရှမ်းခေါက်ဆွဲတွေမို့ ရေစိမ်တို့ ဆန်စီးတို့နဲ့ အသုပ်စားကြတာများတယ်...။ ကျမတို့ တာချီလိတ်ရှမ်းခေါက်ဆွဲကတော့ ညှပ်ခေါက်ဆွဲကိုပဲ အဓိက သုံးပါတယ်..။ ရေနွေးဆူဆူမှာ ခေါက်ဆွဲဖတ်နဲ့ ပဲပင်ပေါက်ရယ် လက်ပံပွင့်ရယ်ကို ဖျောလိုက်ပါ...။ ဟင်းအနှစ်ကိုလိုသလိုထည့် ပြီးရင် ကြက်ပြုတ်ရည် သို့မဟုတ် ၀က်နံရိုးပြုတ်ရည်ထည့်ပြီး သံပုရာသီးတစ်စိတ်ညှစ် ကျန်အရွက်တွေကို ကြိုက်သလိုထည့်စား အိုကေ ဒါဆို တူနဲ့မွှေပြီး ၀က်ခေါက်ကြော်၊မုန်ညင်းချဉ်ဖတ်တို့နဲ့ အဆင်သင့်စားလို့ရပြီ... ဂွတ်ရှယ်ပဲ...။ မိုးငွေ့တို့ ငယ်ငယ်တုန်းက ရှမ်းပြည်မှာဆို မနက်တိုင်း အဲဒီခေါက်ဆွဲကို မရိုးတမ်းစားတယ် အရည်လေးကျန်ရင် ကောက်ညင်းပေါင်းပါ ထည့်စားလိုက်သေး..။


မိုးငွေ့

Wednesday, 6 October 2010

ရွှေဖရုံသီးနှပ်၊ ၀က်သားပဲပြားချက်နှင့် ငါးပိထောင်းစပ်စပ်လေး


မမမိုးငွေ့ရဲ့ ဂန္ဓ၀င်အိုးတော့မဟုတ်လေဘူးး) ။ ကြက်သွန်ဖြူလေးကို ဆီနည်းနည်းနဲ့သတ် နနွင်းလေးထည့်ပြီး တုံးထားတဲ့ ရွှေဖရုံသီးလေးကိုထည့် အချိုကြိုက်ရင် သကြားနည်းနည်းထည့်.. .ရေလေးနဲ့အုပ်ထားလိုက်... နူးလာရင်...အရည်လည်းနည်းနည်းချန်ပြီး အိုးချလို့ရပြီ....။ ချိုစိမ့်စိမ့်အရသာလေးနဲ့ ဆီလည်းနည်းတော့ ကောင်းတယ် ပြီးတော့ ရွှေဖရုံသီးက ဗီတာမင်စီဓါတ်ပါတယ် အင်ဒီအောက်စီးဒင့်ဖြစ်တယ်...။


ရွှေဖရုံသီးအချိုချက်လေး ဘာမှမပါတော့
သတ်သက်လွတ်အတွက်လဲ စားလို့ရတယ်



ဝက်သားပဲပြားချက်


ငါးပိထောင်းတို့စရာ


ဒီဟင်းကတော့ ရိုးစင်းပါတယ်...အခါတိုင်း အာလူးထည့်ရမယ့်အစား ခပ်ပျော့ပျော့ ကြော်ထားတဲ့ ပဲပြားတုံးလေးတွေထည့်လိုက်တာ...။ ၀က်သားကို ပဲငံပြာရည်၊ တရုတ်မဆလာ(အနံ့ကြိုက်ရင် ထည့်ပါ)နဲ့ ဆားနဲ့နယ်ပြီး နာရီဝက်နှပ်ထားပါ...။ ဒယ်ပူပူထဲကို ဆီလိုသလောက်ထည့် ဂျင်းအပြားသုံးလေးပြားနဲ့ သကြားကို ရွှေအိုရောင်သန်းလာတဲ့အထိဆီမွှေးသတ်ပါ..။ နှပ်ထားတဲ့ဝက်သားကိုထည့် ၀က်သားဆီပြန်တဲ့အထိထား ရေနွေးထည့်ပြီး အသားနူးခါနီးမှ ပဲပြားတုံးလေးတွေထည့်ပြီး မီးမျှင်းမျှင်းလေးနဲ့ ခပ်ကြာကြာနှပ်ပေးပါ ဒါမှ ၀က်သားအချိုတွေ ပဲပြားထဲစိမ့်ဝင်ပြီး ဟင်းအရသာကဂွတ်သွားမှာလေ....။ ဟင်းအိုးစောင့်ရင်းလဲ mp4 လေးနားထောင်ရင်း တခြားတင်စရာပို့စ်လေးတွေကို ရေးလို့ရသေးတယ်....။ ပို့စ်အသစ်လဲရေးအပြီး ဗိုက်က ဂွီဂွီဂွမ်ဂွမ်ဖြစ်လာပြီ.... ငါးပိထောင်းစပ်စပ်လေးကို ၀က်သားလေးနဲ့ လက်နဲ့ အားရပါးရနယ်စား ပစ်မယ်.... ...။ စပ်ရင် ရွှေဖရုံသီးလေးနဲ့ ပြန်နယ်စား...ဟုတ်နေတာပဲ... မုန့်လုံးတော့စက္ကူကပ်တော့မယ်...။


မိုးငွေ့