
အင်းလျားကန်စောင်းရဲ့ နေညိုညို ညနေခင်းလေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက်ဘီယာခွက်ကိုယ်စီနဲ့ မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်...။
တကယ်ဆို..... ကိုယ့်ကိုသူ ကော်ဖီဆိုင်တစ်ခုမှာ ကော်ဖီတိုက်ဖို့ အစီစဉ်ရှိပြီးသား...။ လေယာဉ်ကွင်းကနေ ကားစမောင်းထွက်လာကတည်းက ကိုယ်စိတ်ပြောင်း လိုက်တာဖြစ်တယ်...။ ခုံနောက်မှီကို လှဲချပြီး လမ်းတစ်လျှောက် သူငေးမောလိုက်ပါလာခဲ့တယ်...။ ညနေခင်းမြင်ကွင်းလေးဟာ ...သူ့အတွက်တော့ မှိန်ပြပြဖြစ်နေပါလိမ့်မယ်...။ သူ့ကို ဘာမှမပြောဘဲ အင်းလျားလမ်းဘက်ကွေ့လိုင်းကိုယူထားတော့.. ကိုယ့်ကို တစ်ချက်လှည့်ကြည့်ပြီး လက်မထောင်ပြတယ်..။ ဆယ်နှစ်ကျော်ကြာသွားပေမယ့် ကိုယ်တို့နှစ်ယောက်အရင်လိုပဲ တစ်ယောက်စိတ်တစ်ယောက် နားလည်တတ်နေကြတုန်း..။ စိမ်းလန်းစိုပြေထဲက မြင်ကွင်းကောင်းပြီး လေလတ်ဆတ်မယ် ထင်တဲ့နေရာကို ရွေးထိုင်လိုက်ကြတယ်...။ ဘီယာတစ်ဂျားစမှာလိုက်တယ်.....။ နောက်....ကိုယ်စားချင်းတာ သုံးလေးမျိုးလောက်ကို မှာချပစ်လိုက်တယ်..။ စားပွဲထိုးထွက်သွားတော့..။ သူကိုယ့်ကိုမျက်ခုံးပင့်ကြည့်ပြီး.... “စိတ်ညစ်ရင်...အစားတွေ ဇွတ်စားတတ်နေတုန်းပဲကိုး” လို့မှတ်ချက်ချပါတယ်..။ ကိုယ်မသိသလို ... အဝေးကိုတစ်ချက်ငေးမောရင်း... ဘီယာတစ်ကျိုက်မော့ လိုက်တယ်...။ “တစ်ခွက်ထက်ပိုမသောက်နဲ့နော်... ပြီးမှ လက်ကိုက်တယ်ဆိုပြီး ကိုယ့်ကိုလာမနှိပ်ခိုင်းနဲ့” တွေ့လား... ဒါ...ကိုယ့်ကို သူနှိပ်ပေးချင်လို့ စိန်ခေါ်လိုက်တဲ့စကား...။ ကိုယ်တစ်ချက်ပြုံးလိုက်ပြီး သူ့ခွက်ကို တိုက်လိုက်တယ်..။ ..မတွေ့ရတဲ့ ဆယ်နှစ်ကျော်အတွင်း သူဘာမှ သိပ်ပြောင်းလဲမသွားပါဘူး...။ ပိုပြီးတောင် ချောမောသန့်ပြန့်လာပါသေးတယ်...။ ကိုယ်တို့ အမြည်းစားလိုက် သောက်လိုက်ကြရင်း သူက သူ့အချစ်တော် ခွေးလေးအကြောင်းစမေးပါတယ်..။ သူ့ခွေးနာမည်လေးက ဘုတ်ဘုတ်တဲ့...။ ခွေးမလေးက သူ့သခင်မရှိတဲ့နောက်ပိုင်း ကိုယ့်ဆီရောက်လာခဲ့တာ..။ ခွေးမချစ်တတ်တဲ့ ကိုယ့်ကို သူက သူ့ကိုယ်စား ကြည့်ရှုစောင့်ရှောက်ပေးပါဆိုလို့... ခွေးတစ်ကောင်နဲ့ နှစ်တော်တော်ကြာကိုယ် အလုပ်ရှုပ်ခဲ့ဖူးသေးတယ်..။ ခုတော့လဲ ခွေးကလေး မရှိရှာတော့ပါဘူး...။ အင်းလေ...သူထွက်သွားတာပဲ တိတိကျကျပြောရရင် ဆယ့်နှစ်နှစ်တောင်ရှိပြီလေ..။
သူစက်မှုတက္ကသိုလ်ဒုတိယနှစ်တက်တော့ ကိုယ်က ပထမနှစ်ရှိသေးတယ်...။ သူ့ကျောင်းကို သူမသိအောင် တိတ်တိတ်ကလေးသွားလည်ပြီး သြဘာလမ်းမှာ ပွဲစည်အောင်လုပ်ခဲ့လို့ တစ်ပတ်ကျော်ကျော်ထိ ကိုယ့်ကို သူစိတ်ကောက်ပြီး စကားမပြောခဲ့ဘူး...။ ကိုယ်တို့ဘေးခြံကို ပြင်ဦးလွင်ကပြောင်းလာနေတဲ့သူနဲ့ စသိတုန်းက ကိုယ်ဆယ်တန်းစာမေးပွဲဖြေထားတုန်းအချိန်...။ သူက ဝိုင်အိုင်တီမှာ ပထမနှစ်လာတက်တာ..။ ကျောင်းပိတ်ရက်မှာအားနေတော့ စာအုပ်ဖတ်လိုက် ခြံထဲမှာ ကြက်တောင်ရိုက်လိုက်နဲ့ သူငယ်ချင်း သိပ်များများစားစား မရှိတာမို့ အပြင်သိပ်မထွက်ဖြစ်ခဲ့ဘူး...။ ညီမတစ်ဝမ်းကွဲနဲ့ ကြက်တောင်ရိုက်ကြရင်း.. သူ့ခြံထဲကို ကြက်တောင်ကျသွားလို့ ခြံစည်းရိုးကနေလှမ်းပြီး သူ့ကို ကောက်ခိုင်းရာက စခင်သွားကြတာ...။ အဲဒီကတည်းက ကြက်တောင်ရိုက်တာများလို့ လက်ကောက်ဝတ်ကိုက်လာရင် သူက ကိုယ့်ကို ဒိုင်ခံဆေးလိမ်းပေးနေကျလေ..။ ကိုယ့်ထက်တစ်နှစ်ပဲကြီးပေမယ့်... ကိုယ်ကတော့အမြဲတစေ သူ့ညီမအငယ်ဆုံးလေးလိုပဲ ချွဲနွဲ့တတ်တယ်..။ သူကလဲ အဲလို ကလေးဆန်တာလေးကို သဘောကျတယ်..။ သူ့မှာက ညီတစ်ယောက်ဘဲရှိတာကိုး...။ ခုပဲ... လေယာဉ်ကွင်းသွားကြိုတာတောင်... ငယ်ငယ်က အကျင့်မပျက်သေး...သူ့ကို ပြေးပြီး ပွေ့ဖက်ဆီးကြိုလိုက်တယ်...။ ကိုယ်တို့နှစ်ယောက်စလုံး မတွေ့တာကြာပေမယ့် ရှိုးတိုးရှန့်တန့်တော့ မဖြစ်ပါဘူး..။ ခြေကျင်းဝတ်မှာစီးထားတဲ့ ချည်ဘောင်းဘီခပ်ပွပွ T shirt အကျပ်နဲ့ Polo ဦးထုပ်လေး ကိုယ်စောင်းထားတော့ သူက ငယ်ငယ်တုန်းက အတိုင်းပဲ... ဒါပေမယ့် နည်းနည်းဝလာတယ်တဲ့..။ သူ့ကိုယ်ရနံ့လေး အရင်လို မွှေးပျံ့လတ်ဆတ်ဆဲ.... သူ့ရင်ငွေ့တွေလဲနွေးထွေးဆဲပဲ...။ သူဘာမှမပြောင်းလဲပါဘူး...။ ဒါပေမယ့်... ခုတစ်ခေါက်သူ ပြန်လာတာဟာ... သူ့ဘဝအပြောင်းအလဲ တစ်ခုအတွက် ပြန်လာခဲ့တာ...။ သူ့မိဘတွေ အိမ်ထောင်ချပေးမယ့် သတိုးသမီးလောင်းကို လာကြည့်တာ...။ အဆင်ပြေရင် ပြေသလို...တစ်ခါတည်းလက်ထပ်သွားမှာတဲ့...။
ကိုယ့်ရင်ဘတ်က ဆွဲထားတဲ့ လော့ကက်လေးကို သူ..အသာလေးဆွဲယူကြည့်နေတယ်...။ မိန်ကလေးတန်မဲ့ သံကြိုးပုံ 925ကြိုးခပ်ရှည်ရှည်ကိုဆွဲထားတာ...။ တစ်လက်မခွဲလောက်ရှိတဲ့ စိန်ပွင့်တွေစီထားတဲ့ “Y”ဆိုတဲ့ အင်္ဂလိပ်အက္ခရာစလုံးလေး...။ သူနိုင်ငံခြားမထွက်ခင်ကတည်းက ကိုယ့်ကိုပေးထားဖူးတဲ့ မွေးနေ့လက်ဆောင်လေးပါ..။ ကိုယ့်ကိုထူးထူးခြားခြား အမှတ်တရလက်ဆောင် ပေးချင်တယ်ဆိုလို့ ကိုယ်အလိုချင်ဆုံးအရာကို တောင်းခဲ့ဖူးတာပါ...။ ပြီးတော့...သူက သူ့ကုတ်အကျီၤအောက်က နို့စိမ်းရောင်ရှပ်ရဲ့ ဘယ်ဘက်အိပ်ကပ်ထဲကနေ ရွှေရောင်ကြိုးလေးတစ်ခု ဆွဲထုတ်လိုက်တယ်...။ ရွှေရောင်ကြယ်သီးကြိုးလေးရဲ့ အစွန်းမှာ ကိုယ်နှလုံးသည်းပွတ်တွေ ကြွေကျမတတ်ဖြစ်သွားစေတဲ့ အင်္ဂလိပ်အက္ခရာ “N”ဆိုတဲ့စာလုံးလေး သူ့လက်ချောင်းတွေကြားမှာ လက်ခနဲပေါ်လာတယ်..။ ကိုယ်သူ့ကို ဒီပစ္စည်းလေး တစ်ခါမှ မပေးဖူးခဲ့ပါဘူးကွယ်..။ ကိုယ်အံ့အားသင့်နေလို့ သူရှင်းပြပါတယ်...။ သူ... ဟိုမှာ အလုပ်လုပ်ပြီး နှစ်နှစ်နေတော့ သူစုထားတဲ့ငွေနဲ့ အမှတ်တရ လုပ်ထားတာတဲ့...။ ပြီးတော့ သူက အဲလို suit တွေဝတ်တာကြိုက်တော့ ကြယ်သီးကြိုးလေးလုပ်ဖြစ်သွားတာပါတဲ့...။
ညနေခင်းက....အရောင်ရင့်ရင့်လာပြီ...။ မီးတွေ ဟိုဒီမှိတ်တုတ်လင်းပြနေတယ်...။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညင်းက တစ်ချက်တိုးဝေ့လိုက်တယ်...။ ရုတ်တရက် ကိုယ့်ဦးထုပ်ကို သူ ဆွဲချွတ်လိုက်တယ်..။ နဖူးပေါ် ဝဲကျလာတဲ့ ဆံနွယ်ခွေတွေကို သူ့လက်နဲ့ သပ်တင်ပေးနေသေးတယ်...။ ရပါတယ်...လေအဝှေ့မှာ ကိုယ်ဆံနွယ်တွေလွှင့်ပျံနေဦးမှာပဲလေ...။ တစ်ခဏသာ အတွက်နဲ့တော့ ကိုယ့်တစ်ဘဝစာ စိတ်မကောင်းကျန်ရစ်မယ့် အပြုအမူမျိုးဆိုတာ သူ သိနေပါရဲ့လား..။ နောက်...သူ... သူ့အိပ်ထဲက မာဘိုရိုတစ်လိပ်ထုတ်လိုက်တယ်..။ ကိုယ်အလိုက်တသိ အသင့်ဆောင်ထားတဲ့ မီးခြစ်နဲ့လေကွယ်ပြီး မီးညှိပေးလိုက်တယ်..။ အဲဒီမီးခြစ်လေး သူ့ကိုပေးပါလားလို့ ကိုယ့်ကိုသူတောင်းတယ်...။ ကိုယ်ခေါင်းညိတ်ပြီး သူ့လက်ဖဝါးထဲကို မီးခြစ်လေးထည့်ပေးလိုက်တယ်..။ ဒီမီးခြစ်လေး သူ့ဆီရောက်လာတဲ့ အချိန်ကစပြီး သူစီးကရက် မသောက်မိဖို့ကြိုးစားရတော့မယ်တဲ့...။ ဘာလို့လဲဆိုတော့ မီးညှိပေးမယ့်သူမရှိမယ့် စီးကရက်တစ်လိပ်ကို သူမမက်မောချင်တော့ပါဘူးတဲ့လေ...။
ဒါဆို ကိုယ်လဲ စီးကရက်တစ်လိပ်လောက်သောက်ချင်စိတ်ပေါ်သွားပြီ...။ မီးညှိပေးမယ့်သူက သူဖြစ်နေပြီလေ...။ စိတ်ကူးရုံသက်သက်ပါပဲ...။ အငွေ့တွေက လေထဲ ရိပ်ခနဲ ပျောက်ကွယ်သွားကြပြီ..။ ဟိုးးး နားက မြင်နေရတဲ့ စိမ်းမှောင်တဲ့ ကျွန်းစုဆီကို အိပ်တန်းပြန်ငှက်အုပ်တွေ ဆူညံစွာ ပျံသွားနေကြတယ်...။ကောင်းကင်အရောင်က အပြာဖျော့ကနေ အရင့်ဘက်ကူးစပြုနေပြီ..။ ကြယ်တွေ ဟိုတစ်ပွင့်ဒီတစ်ပွင့် ပြိုးပြိုးပြက်ပြက်စထွက်လာကြပြီ..။ ဆန်းသစ်စလခြမ်းကွေးကလည်း... လှနေတယ်...။ ပတ်ဝန်းကျင်အပံံ့အပိုး ကောင်းနေပါလျက်နဲ့ ကိုယ့်ရင်ထဲမှာတော့ မိုးကြိုးမုန်တိုင်းထန်နေသလိုနှယ်...။ အား....တန်ခိုးကတော့ချက်ချင်းပြတာပဲ...။ ဘယ်ဘက်လက်ကောက်ဝတ်က ကိုက်တက်လာပြီ...။ ညာဘက်လက်နဲ့ ဖိနှိပ်လိုက်တာကို သူချက်ချင်းသဘောပေါက်လိုက်တယ်...။ သောက်လက်စစီးကရက်ကို နှှုတ်ခမ်းမှာတေ့ထားရင်း ကိုယ့်လက်ကို လှမ်းယူရင်း အသာနှိပ်နယ်ပေးနေတယ်...။ အဲလိုလေး...သူ...စီးကရက်ကို နှုတ်ခမ်းမှာ မထိတထိလေး တေ့ထားတဲ့ပုံကို ကိုယ်ဖြင့်ချစ်လိုက်တာ...။ သူ့ကို ကိုယခဏငေးမောမိသွားတယ်..။ နေပါစေတော့...........။ နောက်လဲ ဒီလိုအမြဲနှိပ်ပေးနိုင်တာ မဟုတ်ဘဲနဲ့များ ကိုယ့်ကို ပုံပြင်တွေနဲ့ ထပ်ပြီး ထားမသွားပါနဲ့....။ ကိုယ်...လက်ကိုရုန်းပြီး ပြန်ရုတ်လိုက်တယ်..။ “ခုထိ....ကလေးလေး လိုပဲ ညီမလေးကတော့..”တဲ့..။ သူ့လို မသိကျိုးကျွန်စိတ်ကလေး ထားတတ်ချင်လိုက်တာ...။ လေတိုက်လို့ထင်ပါရဲ့... ဘီယာတစ်ခွက်အရှိန်နဲ့ အာရုံတွေက ရိုးတိုးရိတ်တိတ် ခပ်ထွေထွေရှိလာတယ်...။ အိမ်အပြန်..ကားကို သူမောင်းမယ်ချည်း လုပ်နေလို့ မနည်းတားထားရတယ်..။ ဆယ်နှစ်ကျော် ကာလအတွင်းမှာ ဒီကလမ်းကို သူချက်ချင်း အသားကျမှာ မဟုတ်မှန်းသိလို့... ကိုယ်ပဲမောင်းခဲ့လိုက်တယ်..။
ကားထဲမှာ FM ကလွှင့်တဲ့ သီချင်းလေးကလဲ တိုက်တိုက်ဆိုင်ဆိုင် “Now and Forever” သီချင်း... Richard Marx ဆိုထားတဲ့ ဒီသီချင်းကို သူကျောင်းသားဘဝတုန်းက ကိုယ့်ကို ဂီတာတီးပြီး ဆိုပြခဲ့ဖူးတယ်..။ သီချင်းဆံုံးသွားတဲ့အထိ ကိုယ်ခံနိုင်ရည်ရှိပါ့မလားကွယ်....။ ကိုယ့်လက်တွေ ခလုတ်ပေါ်ရောက်သွားတော့... သူချက်ချင်းဖမ်းဆုပ်လိုက်တယ်...။ “သီချင်လေးကောင်းနေတာကို ညီမလေးရယ်...”။ “ဒီသီချင်းလေးကိုတောင် လိုက်မညည်းဖြစ်တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ ကြည့်စမ်း....” လွတ်လပ်ပေ့ါပါးစွာ သူလိုက်ဆိုညည်း နေပေမယ့် ကိုယ်ကတော့ ကားမောင်းရင်း မငိုချမိအောင် မနည်းမြိုသိပ်ထားရတယ်..။ ရင်မှာဆွဲထားတဲ့ Y ကို လက်တစ်ဘက်နဲ့ ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားလိုက်တယ်..။ ပေါက်ခနဲစီးကျလာတဲ့ မျက်ရည်စက်ကို ဆုတ်ကိုင်ထားတဲ့ လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်..။ လမ်းမီးတိုင်တွေက မီးအားနည်းနေလို့လား ဒါမှမဟုတ် ကိုယ့်မြင်ကွင်းတွေပဲေ၀ဝါးနေလု့ိလား အားနည်းဖျော့တော့နေကြတယ်...။
မဖြစ်နိုင်မှန်းသိလျက်နဲ့လဲ.......ဒီညနေခင်းလေး ကုန်ဆုံးသွားမှာကို ကိုယ်ကြောက်နေမိတယ်...။
မိုးငွေ့

