Wednesday, 13 October 2010

ကိုကြီးကျောက်လို နေလိုက်ကြစမ်းပါ...



ကျမအပါအဝင် ဘလော့ဂါအတော်များများ နေထိုင်မကောင်းဖြစ်ကြရာမှာ စာရေးဝါသနာပါသူဆိုတဲ့အတိုင်းပဲ ကိုယ့်ဝေဒနာ ခံစားချက်တွေကို စာတတန်ပေတတန်နဲ့ ရေးဖွဲ့ရင်ဖွင့်တတ်ကြပါတယ်...။ တိုင်းတပါးမှာ အလုပ်သွားလုပ်သူ မောင်ငယ်နှမငယ်တွေက ပိုပြီးအထီးကျန်တတ်ကြပါတယ် ...။ ကိုယ့်အိမ်ကိုယ့်ယာနဲ့ မိဘရဲ့ အရိပ်အောက်က ကင်းကွာနေလို့ နေထိုင်မကောင်းဖြစ်ချိန်မှာ ပိုပြီးအားငယ်စိတ်ဝင်တတ်ကြတယ်...။ ကိုယ်ချင်းစာမိပါတယ် ဘာလို့လဲဆိုတော့ ကျမကိုယ်တိုင် မိဘနဲ့အတူမနေရတာ အနှစ်နှစ်ဆယ်ကျော် လုံးလုံးပဲလေ..။ အဖေက ငယ်ငယ်ကတည်းကဆုံးသွားတော့ အမေနဲ့အတူပြန်နေရတာ ငါးနှစ်ပဲရှိပါသေးတယ်...။ ပြည်ပမဆိုထားနဲ့ မြန်မာပြည်ထဲမှာတောင် တခြားမြို့ကနေ ရန်ကုန်မှာ အလုပ်လာလုပ်ကြတဲ့ သူတွေလဲ ကိုယ့်အိမ် ကိုယ့်မိဘမောင်နှမတွေနဲ့ဝေးတော့ ဒီလိုပဲ ခံစားကြတာပဲ...။ ကျမရဲ့ ကဗျာစာအုပ်စင်အောက်က ကဗျာဆရာမ ညီမလေးတစ်ယောက်ဆိုရင်လဲဒီလိုပဲ မနေ့က အလုပ်မှာ တစ်ယောက်တည်းဖြစ်နေလို့တဲ့ ကျမဆီဖုန်းဆက်လာတယ် လေသံက သဲ့သဲ့လေးရယ် နေမကောင်းဘူးလားဆိုတော့... သွားကိုက်နေလို့အမတဲ့..။ အံဆုံးပေါက်လို့ နာနေတာ ခွင့်ယူပြီးပြန်ဖို့ကို ရုံးမှာတစ်ယောက်မှပြန်မလာသေးလို့ လာသမျှဖုန်းတွေကို အသံမထွက်ချင်ဘဲ ဖြေဖြေနေရလို့တဲ့လေ...။ အဲလိုလေးပေါ့ဗျာ ဘလော့ဂါမောင်ငယ်ညီမငယ်တွေ တော်တာ်များများ နေမကောင်းဖြစ်ရင် ကျမဆီဖုန်းဆက်သူဆက်... လိုင်းပေါ်မှာရင်ဖွင့်သူဖွင့်ကြပေါ့....။ ကျမဟိုတလောက တော်တော်လေးနေမကောင်းဖြစ်တော့ ပေါက်ကရပို့စ်တွေရေးတင်ဖြစ်သေးတယ်...။ ပေါက်ကရရယ်လို့လဲ ပြောလို့မရပါဘူး...။ တကယ်တော့ နာမကျန်းဖြစ်ပြီဆို ယမမင်းကို တစ်နေ့သုံးခါလောက်က မျက်စောင်းထိုးနေပြီလေ...။ လူဆိုတာမွေးလာကတည်းက သေမျိုးချည်းပဲ...။ သေခြင်းတရားဆိုတာ အဆန်းတကြယ်မှမဟုတ်ဘဲ..။ လူတိုင်းအမြဲသတိချပ်နေရမယ့်အရာလေ...။ သေရမှာကို မကြောက်ပါဘူးလို့ ဟစ်ကြွေးနေပေမယ့်လည်း တကယ်တမ်းသေရတော့မယ်ဆို ကျန်ရစ်ခဲ့မယ့် သံယောဇဉ်တွေမပြတ်နိုင်တာနဲ့ ကိုယ့်အတ္တနဲ့ကိုယ် မသေချင်ကြပြန်ဘူးပဲ....။ သေခြင်းတရားကို တကယ် အချိန်အတိအကျနဲ့ ရင်ဆိုင်ရတော့မယ့် ကိုကြီးကျောက်လိုလူမျိုးကို အတုယူစေချင်ပါတယ်...။ တကယ်တော့ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းကို ကျမခုမှစပြီးရောက်ဖူးတာပါ....။ အမချစ်ကြည်အေးပို့စ်မှာ ကိုကြီးကျောက်ကို ဝိုင်းပြီးဆုတောင်းပေးကြပါဆိုတာ တွေ့လိုက်ပေမယ့် ကိုကြီးကျောက်ဆီကိုမရောက်လိုက်ဘူး...အဲဒီချိန်တုန်းက ကိုယ့်အပူနဲကိုယ်...။ ဒီပို့စ်လေးက ရွှေရတုမှတ်တမ်းကို အလည်အပတ်သွားပြီး နောက်ဆုံးပို့စ်ဖြစ်တဲ့“ဝင်ကစွပ်ကျောက်” “ယမမင်းထံသို့ခြေလှမ်း၁၈၀” အပါအဝင် အခြားပို့စ်အဟောင်းတွေကိုဖတ်ပြီး ကိုကြီးကျောက်ရဲ့ အရေးအသား စိတ်ဓါတ်ကြံ့ခိုင်မှုတွေကို လေးစားဂုဏ်ယူလွန်းလို့ ရေးဖြစ်သွားတာပါ....။ ဒီလိုပဲဖြစ်ရမယ်လေ... သေခြင်းတရားကို တည်ငြိမ်စွာ ဘာဝနာပွားများရင်း သတ္တိရှိရှိရင်ဆိုင်တတ်ရမယ်....။ ကိုကြီးကျောက်ရဲ့ ဟာသယဉာဏ်လေးဖက်ပြီး ရေးသားထားတာလေးကိုဖတ်ရတော့ ကျမ မျက်ရည်ဝဲမိတယ်....။ ကာယကံရှင်ဘယ်လိုနေမလဲမသိပေမယ့် ကျမကတော့ ခံနိုင်ရည်မရှိသေးဘူးပဲ...။ ဘာပဲဖြစ်ဖြစ်နော်... ခုလို အွန်းလိုင်းလေးရှိနေတာအဆင်ပြေတယ်ဗျာ....။ ကိုယ့်ခံစားမှုစိတ်ထွက်ပေါက်ကို စာလုံးတွေအဖြစ်ပြောင်းလဲ ပစ်နိုင်ကြတာဟာလဲ...ပါရမီတမျိုးပါပဲ...။ ဘယ်လိုပဲဖြစ်စေ ကိုကြီးကျောက်ရဲ့ ရွှေရတုမှတ်တမ်းကနေ ကျမတို့ ပို့စ်အသစ်ကလေးတွေ ထပ်ထပ်ပြီး ဖတ်ရဦးမယ်လို့ ယုံကြည်ပါတယ်...။ ကိုကြီးရဲ့ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရေးအသားတွေဟာ... ကျမတို့ ဘလော့ဂ်လောကမှာ မှတ်တိုင်တစ်ခုအဖြစ် မားမားမတ်မတ်ထင်ကျန်ရစ်ခဲ့မှာပါ...။ ဒီပို့စ်လေးအတွက် ရွှေရတုမှတ်တမ်းကနေ ခွင့်ပြုချက်မရဘဲ ပုံကိုယူသုံးထားတဲ့ အတွက် ကိုကြီးကျောက်စိတ်မဆိုး လောက်ဘူးလို့ ယုံကြည်ပါတယ်...။ ကိုကြီးကျောက် စိတ်အေးချမ်းစွာဖြင့် နေ့ရက်တွေကို အောင်မြင်စွာ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...။


မိုးငွေ့

6 comments:

မိုးယံ said...

ကျွန်တော်လဲ ကြားကြားချင်းစိတ်မကောင်းဖြစ်မိတယ်။ ၀င်ကစွပ်ကျောက် မတင်ခင်ညက စကားပြောဖြစ်သေးတယ် အရင်တိုင်းပဲ ပုံမှန်အသံတိုးတိုးပဲ သေချာတာက သူတည်ငြိမ်နေတယ်ဆိုတာပဲ။ ရယ်ရယ်မောမော ပဲ။ ထုံးစံအတိုင်း စကားပြောရင်းတောင် သူဟာသ ပြောတုန်းပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်တို့ ယုံကြည်သလို စာတွေ ဆက်ရေးနိုင်မှာပါ။

TYZ said...

မမိုးငွေ့ရေ ဘကျောက်ရဲ့ သတ္တိကို မချီးကျူးဘဲ မနေနိုင်ပါဘူး။ တကယ့် သတ္တိခဲပါ... ။

အဖြူရောင်နတ်သမီး said...

ဘကျောက်ဟာ နတ်သမီးရဲ့ Favourate Blogger တယောက်ဖြစ်ပါတယ်။
ဘကျောက်ရေးခဲ့တဲ့ အတွေ့အကြုံနဲ့ တကယ့် အဖြစ်အပျက်တွေကို အရမ်းစိတ်ဝင်စားတယ်။
အထူးသဖြင့် သရဲအကြောင်း၊ မှော်အကြောင်း၊ အဲဒါမျိုးတွေပေါ့...။

နောက်တခုက...
ဖြစ်နိုင်ရင် ဘကျောက်ကို (နေမကောင်းတဲ့အကြောင်း) Attention မပေးမိကြဖို့ ၊ ဘကျောက်အနေနဲ့ အဲဒီဝေဒနာကြီးကို မေ့မေ့ပျောက်ပျောက်နေနိုင်စေဖို့ ၊လူမမာတယောက်လို မဆက်ဆံကြဖို့ နဲ့ ပျော်ရွှင်စရာအကြောင်းတွေပဲ ရေးကြ ပြောကြရအောင်လား...။
ဘကျောက်နေကောင်းပါစေလို့ ဆုတောင်းရင်း..

ရွှေရတုမှတ်တမ်း said...

အကုန်လုံးက စိတ်ပူကြတာ ကျေးဇူးတင်ပါတယ်..မိုးငွေ့ရေ... ဘကျောက်ကတော့ ခုထိ လူကောင်းတယောက်လို စားသောက်နေထိုင် သွာလာ နိုင်တုန်းမို့..ဆရာဝန်ပြောတာ သိတ်အယုံအကြည်မရှိပါ..
သူပြောတဲ့အတိုင်းဖြစ်တော့လဲ..ဘာဖြစ်လဲ..အရေးမစိုက်ပေါင် ဆိုပြီးနေလိုက်တာပဲ..၊ဘဝမှာ တစ်ကနေပြန်ပြန်စရတာတွေက များနေခဲ့ပြီမို့.. ခုလဲ တစ် က ပြန်စရမှာ မတုန်လှုပ်တော့ဘူး..င့ါတူမရေ့

Nge Naing said...

ကျွန်မ တခါမှ မရောက်ဖူးပေမဲ့ ကိုကြီးကျောက်အကြောင်း ရေးထားတာတွေ့လို့ လာဖတ်သွားပါတယ်။ ကိုကြီးကျောက်အတွက် အတူတကွ ဆုတောင်းပေးသွားပါတယ်။

ကိုကိုးအိမ်(မန္တလေး) said...

အမရေ သေခြင်းတရားကို ကျန်းမာရေးကောင်းတဲ့ လူတွေတောင်မှ တနေ့သုံးခါလောက် ဆင်ခြင်တာ အ၇မ်းကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်ရင် ဆိုင်လာရတဲ့အခါမှာ စိတ်သက်သာရာရတာပေါ့။ ထုတ်ပြောလို့ သေမယ်လို့ သိနေတဲ့လူတွေ ၇ှိသလို ထုတ်မပြောပေမယ့် သေဖို့စောင့်ဆိုင်းနေကြသူတွေ လည်းရှိပါတယ်။အဲတော့ အားလုံးကိုမေတ္တာပို့လိုက်ကြ ရအောင်လား

ခင်မင်လျှက်
ကိုကိုးအိမ်(မန္တလေး)