Tuesday, 29 January 2019

စာအုပ်စင်ရှင်း.....

 စာအုပ်စင်ထဲက ထွက်လာတဲ့ Cook Book တွေ


ကျွန်မအိပ်ခန်းထဲက ခြေရင်းနံရံကပ်ဗီဒိုထဲက စာအုပ်တွေရှင်းဖြစ်တယ် ရည်ရွယ်ချက်ကတော့ ကိုယ်လည်းဖတ်ပြီးသား သိမ်းလည်းမထားချင်တော့တဲ့ စာအုပ်တချို့ကို စာကြည့်တိုက်လှူဖို့ပါ..။ ကျွန်မတို့ ရုံးမှာ ပန်းတနော်သူတစ်ယောက်ရှိတယ်... သူတို့ပန်းတနော်မှာ “ဦးသန့်စာကြည့်တိုက်”ဆောက်နေလို့ စာအုပ်လှူချင်ရင်ပြောပါတဲ့ လှူချင်တဲ့စာအုပ်ရှိရင် စုထားပေးပါဆိုလို့ အခန်းထဲက ဗီဒိုလေးမှာထည့်ထားတဲ့ စာအုပ်တွေကို အကုန်ချပြီးရွေးထားလိုက်တယ်..။ လွတ်သွားတဲ့နေရာကို ပိုက်ဆံအိတ်တွေ လက်ပွေ့အိတ်တွေ ထားဖို့နေရာရသွားတယ်...။ ပြန်သိမ်းထားချင်တဲ့ စာအုပ်တွေကို ဧည့်ခန်းထဲက စာအုပ်ဗီဒိုထဲပြောင်းထည့်လိုက်တော့ စာကြည့်တိုက်လှူမယ့် စာအုပ်တွေတစ်ထုပ်ရတယ်...။ နောက်တစ်ဗီဒိုရှင်းဖို့ရှိသေးတယ် အဲဒီစာအုပ်တွေက နောက်တစ်အိမ်မှာမို့ မရှင်းအားသေး...။



 ဘလော့ဂါမောင်နှမတွေထုတ်ကြတဲ့ စာအုပ်တွေ


အက်ဆေးပုံစံနဲ့ဖတ်ရမယ့် ရှိတ်စပီးယားရဲ့ ကမ္ဘာကျော် ရိုမီယိုနဲ့ဂျူးလီးယက်


ဆရာမဂျူးအစအဆုံးဝယ်သိမ်းတဲ့အထဲ ဒီတစ်အုပ်က ဒီထဲရောက်နေတယ်




စာအုပ်လှန်လိုက်တော့မှ ပထမစာမျက်နှာမှာ ဒါလေးတွေ့တယ်... တခါက ဘလော့ဂါ ကဗျာဆရာမ “အနှိုင်းမဲ့”  ကို မြက်ခင်းသစ်အဖွဲ့က ကဗျာပြိုင်ပွဲမှာ“ပရိတ်သတ်အကြိုက်ဆုံးကဗျာဆု” ပေးထားတဲ့ စာအုပ်..။ မယ်နှိုင်းက ကျွန်မကို ဂျူးစာအုပ်စုဆောင်းသူမှန်းသိလို့ လက်ဆောင်ပြန်ပေးထားတာ..။





ဒီစာအုပ်လေးကို သိပ်ကြိုက်တယ်...။ ဒေါက်တာခင်မောင်ဝင်းက ငယ်စဉ်က သူတို့မောင်နှမတွေကို အမေလုပ်သူက ဘယ်လိုဟင်းချက်ကျွေးခဲ့တယ်ဆိုတဲ့အကြောင်းလေးနဲ့ အညာဒေသရဲ့ အစားအသောက် အခေါ်အဝေါ်တွေကို စိတ်ဝင်စားစရာကောင်းအောင် ဖွဲ့နွဲ့ရေးသားထားတာပါ...။ ဒေါက်တာရဲ့ မွေးရပ်ဌာနေက လူမှုရေး စီးပွားနေရေး နေထိုင်စားသောက်မှု စတာတွေကို မြင်ယောင်လာအောင် ဆွဲခေါ်ရေးသားထားတဲ့အတွက် ဖတ်ဖို့မငြီးငွေ့ရမယ့် ဆေးပညာပေးစာအုပ်လည်းဖြစ်တယ်...။



 ကျွန်မက စာအုပ်တွေကို လူပုဂ္ဂ်ိုလ်အကြောင်းရေးသားထားတာတွေကိုကြိုက်တယ်... ကိုယ်ရေးအထုပ္ပတ္တိဆိုပေမယ့် ဘိုင်အိုဂရပ်ဖီလည်းသိပ်မဆန်တဲ့ စာအုပ်မျိုးပေါ့ 



 မနော်ရဲ့စာအုပ်တွေ အဟောင်းတန်းကတွေ့လို့ ဝယ်ထားခဲ့တာ...



 အဖိုးမဖြတ်နိုင်သောစာအုပ်တစ်အုပ် အဟောင်းပုံထဲကပဲ



ရွှေဥဒေါင်းကိုစာအုပ်တွေက တချိန်က ကျွန်မကို အကြာကြီးလွှမ်းမိုးခဲ့ဖူးတာ
ရူပနန္ဒီ ရူပကလျာဏီတို့လိုစာအုပ်ကစပြီးတော့



  ဆရာဖေမြင့်စာအုပ်ထဲမှာအကြိုက်ဆုံးက “စာဖတ်သမား၏မှတ်စု”



 ရှင်းထုတ်လိုက်တဲ့ နံရံကပ်စာအုပ်ဗီဒိုလေး 



 ခုတော့ အိတ်တွေအတွက်နေရာဖြစ်သွားပြီ



ဒီသံသေတ္တာတွေ အော်ဒါသွားပေးတုန်းက စာအုပ်ထည့်သိမ်းဖို့ 
ခုတော့ အနွေးထည်သေတ္တာဖြစ်



 My current Book Shelves 


မိုးငွေ့


Friday, 18 January 2019

နွေဦးနှင့် နှင်းခဲပန်း




ဆရာကြီးဒဂုန်တာရာရဲ့စာအုပ်တွေ အသစ်ပြန်ထုတ်တိုင်း ဝယ်စုဖြစ်နေတုန်း ဖတ်ပြီးသားစာအုပ်တွေကို မပြောပြဖြစ်တာကြာပြီ...။ ကျွန်မက ခုလိုမျိုးဝါရင့်ဆရာကြီးတွေရဲ့ စာအုပ်တစ်အုပ်ကို Reveiw ဘယ်တော့မှမရေးပါဘူး ...။ မရေးတတ်တာလည်းပါတာပေါ့လေ...။ ကိုယ်ဖတ်ပြီးသားစာအုပ်ကို ကိုယ့်ရဲ့ စာဖတ်မိတ်ဆွေတွေကို ဝေမျှချင်တဲ့ စေတနာသက်သက်နဲ့ပဲ ကိုယ်တိုင်ဖတ်ပြီး ခံစားရတာလေးတွေနဲ့ စာအုပ်မှာပါတဲ့ အကြောင်းအရာအကြမ်းဖျင်းလောက်ကိုပဲ ရေးချပြတာပါ...။ ဒီစာအုပ်လေးက ဆရာကြီးခရီးသွားခဲ့တာလေးတွေ အဲဒီဖက်ခေတ်က စာရေးဆရာ သတင်းစာဆရာ သဘင် ဂီတသမားတွေနဲ့ တွေ့ဆုံခဲ့ပုံလေးတွေကို ထုံးစံအတိုင်း အဖွဲ့အနွဲ့လေးတွေ ခပ်ဆန်းဆန်းနဲ့ ရေးသားထားတဲ့ နိုင်ငံရေးအနှောစာတွေဖြစ်ပါတယ်..။ ပြီးတော့ ဆရာကြီး ရှမ်းပြည်ဖက်ရောက်တုန်း ဆွဲဖြစ်ခဲ့တဲ့ ပန်းချီတွေအကြောင်း နားထောင်ဖြစ်ခဲ့တဲ့ 1936ခုနှစ်က နာမည်ကြီးခဲ့တဲ့ အမေရိကန်လူမည်းအဆိုတော် Paul Robinson ရဲ့  သီချင်းအကြောင်းတွေပါပါတယ်..။ တနည်းအားဖြင့် တောတောင်ရေမြေ သသာဝအလှတွေ အရောင်အဆင်းတွေကို ခံစားရေးသားထားတဲ့ ခရီးသွားမှတ်တမ်း တစ်ခုလည်းဖြစ်ပါတယ်...။ ဘာပဲဖြစ်ဖြစ် ဆရာကြီး ဒဂုန်တာရာရဲ့ အရေးအသားတွေက ဘယ်တော့မှ ရိုးအီမသွားအောင် ကျွန်မကို ဆွဲဆောင်နေတုန်း.....။


မိုးငွေ့


Monday, 14 January 2019

ဆေး.....






ဒီ MV လေးကို တင်ပေးတာနောက်ကျနေလောက်ပြီ။ ပြီးခဲ့တဲ့ နှစ်ကုန်လေးမှာ တော်တော်ကလေး Hit ဖြစ်သွားခဲ့တဲ့ တေးရေးဝေကြီးရေးတဲ့ သီချင်းတစ်ပုဒ်..။ မကော်က ဝေကြီးဆီမှာ နောက်ထွက်မယ့် အယ်လ်ဘမ်အတွက် သီချင်းတွေသွားရွေးရင်း နောက်ဆုံး ဒီတစ်ပုဒ်ကို အကြိုက်တေ့ွပြီး အယ်လ်ဘမ်အသစ် မထွက်ခင်မှာ YOU Tube မှာ အရင်တင်တော့ ပေါက်သွားခဲ့တယ်...။ မကော်ပြောပြတာတော့ ဒီသီချင်းကို တခြားအဆိုတော်တစ်ယောက်ယောက်သာ ဆိုခဲ့မယ်ဆိုရင်တော့ ခပ်လွမ်းလွမ်းဆွေးဆွေးလေးနဲ့ ဆိုဖြစ်ကြမယ်ထင်တယ်တဲ့ မကော်ကတော့ သူ့အသံနဲ့လိုက်မယ့် နာနာကျည်းကျည်း ပေါက်ကွဲသံနဲ့ဆိုထားပါတယ်...။ စာသားရော melodyရော တော်တော်လေး အဆင်ပြေပြီး နားထောင်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ်ပါ...။ ဒီသီချင်းကို ကာဗာတွေရော စာသားဖျက်ဆိုထားတာရော နှင်းဆီပုဝါခြုံတဲ့လက် အငြိမ့်မှာ သံချပ်ပုံနဲ့ပြတ်ထားကြတာကိုပါ တွေ့ရပါတယ်...။ ဒါဟာ ဝေကြီးရဲ့အောင်မြင်မှု မကော်ရဲ့ပါရမီနဲ့ကြိုးစားအားထုတ်မှုတို့ရဲ့ စုပေါင်းရလဒ် တစ်ခုပါပဲ...။ ခုနောက်ပိုင်းမှာ ဒီလိုတေးရေးဆရာကောင်း တစ်ယောက်ပေါ်ထွန်းလာတဲ့အတွက် တကယ်ဝမ်းသာဂုဏ်ယူ မိတယ်...။ ကိုယ်ပိုင်တေးရေးဆရာဆိုတာလည်း  ပျောက်ကွယ်လုလုဖြစ်နေကြပြီမဟုတ်လား...။ 

မိုးငွေ့

Tuesday, 8 January 2019

My Instagram Photo (4).....



ဒီဆိုင်နာမည်လေးက Central Sweets ကမ္ဘာအေးဘုရားလမ်းမကြီး ကန်ဘဲ့လမ်းဒေါင့်က အချိုပွဲတွေချည်းရောင်းတဲ့ ဆိုင်ကလေး အပြင်အဆင်လေးက ချစ်စရာကောင်းတယ် Vantage Fancy ပုံစံလေး အဲမှာ ကောင်တာတွေ လေးငါးခုလောက်ရှိတယ် တင့်တင့်မြန်မာမုန့်ဆိုင် ရေခဲမုန့်ဆိုင် နသုဒ္ဒါသာကူပြင်ဆိုင် အသီးစစ်စစ်ပဲရတဲ့ သစ်သီးဖျော်ရည်ဆိုင် စသဖြင့်ပေါ့...။ မုန့်တွေကို ကဒ်နဲ့ဝယ်စားရတယ် ငွေဖြည့်ကဒ်လေးအရင်လုပ်ပြီးမှာဝယ်ရတာ အပေါ်ထပ်မှာ ထိုင်စားချင်လည်း ရတယ်..။



ငယ်ကတည်းက သိပ်ကြိုက်ခဲ့တဲ့ ထောပတ်ကိတ်လေး 15လမ်းအလယ်လမ်းက Hobby Cake ပါ မွှေးပြီးဆိမ့် လက်ဖက်ရည်ကြမ်းလေးနဲ့ သိပ်ကိုကောင်း 



 ပဲပြုတ် နံပြား အီကြာကွေးနဲ့ မေမြို့ထွက် နှပ်ကော်ဖီမွှေးမွှေးလေး



Diet ညနေစာလေးပေါ့ ထမင်းလွှတ် ၀က်သားချဉ်ကြက်ဥကြော် ပန်းစိမ်းရေနွေးဖျော ပဲကြီးဟင်းချို


 တိုဖူးကြော် တိုဖူးနွေး ရွှေပဲရွက်များများ မုန်ညင်းချဉ်နဲ့ မနက်စာလေးက မမေ့နိုင်စရာ



 365က ကော်ဖီချိန်လေးတစ်ခု


 
 အသားအရည်အတွက် ကျန်းမာရေး ဒိန်ချဉ်



ဒါလေးက ကိုရီးယားကိုအလည်သွားပြီးပြန်လာတဲ့ ညီမတစ်ယောက်ဆီက လက်ဆောင် မိတ်ကပ်ဖျက်ဘမ်း



 အတွင်းကဗူးလေးက ဒီလိုပန်းနုရောင်လေး



 အုန်းဆီပါပဲ အနံ့မပါတာဘဲရှိတာ အဆီနဲ့ဆိုတော့ အိုင်းရှယ်ဒိုးမဲမဲတွေ 
စွဲနေတဲ့နှုတ်ခမ်းနီတွေအတွက် တော်တော်အဆင်ပြေတယ်



စမီးဟာ ခုထိ ဒီလိုအရုပ်ဘောလ်ပင်တွေကြိုက်တုန်း 



 တူကလေးတစ်ယောက်ကိုမွေးနေ့လက်ဆောင်ပေးဖို့ ညီမလေးထိုးထားတဲ့ ဒိုင်နိုဆောလေး


မိုးငွေ့

Wednesday, 2 January 2019

Midnight Rose.....




ကျွန်မလွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က Lancome' ရေမွှေးကို လက်ဆောင်ရလို့ သုံးခဲ့ဖူးတယ် ...။ အဲဒီတုန်းက ပုလင်းလေးကလုံးလုံးရှည်ရှည်လေး ပုံတော့သိပ်မမှတ်မိတော့ဘူး မွှေးတယ်..။ Lancome ကို အဲဒီတစ်ခါပဲသုံးခဲ့ဖူးတာပါ...။ ရှေ့မှာ ကျွန်မပြောခဲ့ဖူးပါတယ် ကျွန်မရေမွှေးကို Clinique Happy တစ်မျိုးကို ပဲ စွဲစွဲမြဲမြဲသုံးခဲ့တာ...။ အပြောင်းအလဲလေးလည်း ဖြစ်အောင်လို့ ကျွန်မတခြားရေမွှေးတွေကိုပဲ သုံးနေခဲ့တာ...။ ခုလဲ လတ်ဆတ်မွှေးပျံ့လွန်းတဲ့ Dior Spray ရေမွှေးလေးကုန်ခါနီးလို့ အွန်လိုင်းမှာ လိုက်ရှာရင်း ဒီ Midnight Rose လေးကိုတွေ့တော့ စိတ်ထဲ နှင်းဆီရနံ့လေးများဖြစ်မလားဆိုပြီး အနံ့မသိဘဲ မှာလိုက်မိတာ မှားသွားတယ်...။ အနံ့က တော်တော်ဆိုးနေတာ လုံးဝမခံနိုင်လို့ မဆွတ်ဖြစ်တော့ဘူး...။ ပြီးတော့ ကျွန်မရဲ့အနံ့ခံမှုက ပုံမှန်မဟုတ်သေးဘူး...။ အချိန်တိုင်းအမျိုးမျိုးပြောင်းလဲနေတာကို သတိထားမိတယ်...။ ဟိုးတလောက နံနံပင်အနံ့ကို အလာဂျီဖြစ်တယ် စားစရာထဲတောင်ထည့်မစားနိုင်ဘူး နှာခေါင်းထဲမှာ တော်တော်ဆိုးဆိုးရွားရွား နံနေတယ်လို့ခံစားမိတယ်...။ သူ့အရင်ကတော့ ချင်းနဲ့ ငရုတ်သီးစိမ်းစားရင် အရသာနဲ့အနံ့က ဆိုးနေတာ...။ ခုကျတော့ အဲလိုမဟုတ်တော့ဘူး အုန်းနို့နဲ့လုပ်တဲ့ စားစရာမုန့်တွေဆို အနံ့အရသာက တမျိုးဖြစ်နေတယ် နောက်ပြီးထောပတ်နဲ့လုပ်တဲ့ မုန့်တွေလည်း အဲလိုပဲ..။

မှတ်မှတ်ရရ ကျွန်မအနံ့ခံအာရုံစပြီးမကောင်းချင်တာ မေလလောက်က ကျွန်မတို့အိမ်သစ် ပြောင်းတော့ အိမ်ကထမင်းကို စားရင် ထမင်းကထွက်တဲ့ မွှေးတဲ့အငွေ့ကို ကျွန်မက ပလပ်စတစ်အနံ့လိုလို ဘာလိုလို ရနေတယ်...။ အဲဒါ ထမင်းအိုးအသစ်ကြောင့်လို့ပဲ ထင်နေမိခဲ့တာ...။ ငှက်သိုက်ပြန်ဝယ်သောက်ဦးမှ ပါလေ...။ အရင်လို အိမ်တွင်းနည်း ဂျင်းလက်ဖက်ရည်လည်း မသောက်ဖြစ်တာကြာပြီ အဲတုန်းက ဆက်တိုက်သောက်လို့ အပူများပြီး နှာခေါင်းသွေးလျှံတာတွေ ဘာတွေဖြစ်သေးတယ်...။ ငှက်သိုက်ကတော့ ကိုယ်တွင်းအေးစေတယ် အသက်ရှူလမ်းကြောင်းကို ကောင်းစေတယ်ဆိုတော့ အဲဒါပြန်ဝယ်သောက်ရမယ်...။

ရေမွှေးလေးက တကယ်ပဲအနံ့မကောင်းတာလား ကျွန်မရဲ့အနံ့ခံအာရုံကြောင့်လားဆိုတာ မခွဲခြားတတ်တော့ပါဘူး...။ ဒါပေမယ့် တခြားရေမွှေးတွေကို အနံ့ခံကြည့်တာတော့မွှေးနေတာပဲ ဆိုတော့ ဒီ Midnight Rose ပဲအနံ့ပြင်းတာဖြစ်မှာပါလို့ ကိုယ့်ဘာသာကို ဖြေသိမ့်လိုက်တယ်..။ ဒါနဲ့ စကားမစပ် စာဖတ်သူအားလုံးကို မင်္ဂလာနှစ်သစ်ပါနော်....း)


 ဒီစာအုပ်လေးတွေစသုံးနေပြီ

မိုးငွေ့