Showing posts with label တဂ်ပို့စ်. Show all posts
Showing posts with label တဂ်ပို့စ်. Show all posts

Monday, 10 November 2014

အိပ်ပျက်သွားတဲ့ည....





ပစ်ပစ်ကတဂ်လာလို့သာရေးလိုက်ရတာ အမှန်တော့ ကိုယ့်ဘဝတစ်လျှောက်လုံးမှာ အိပ်ပျက်သွားတဲ့ည ဆိုတာ မရှိသလောက်ပါပဲ...ပြန်တွေးကြည့်ရင်တောင် ခပ်ရေးရေးတောင် မထင်တော့ဘူး..။ 

ကိုယ်တို့ခေတ်တွေတုန်းက ခုလို ခုနှစ်တန်း ရှစ်တန်းနဲ့ ရည်စားထားရကောင်းမှန်းလည်း မသိကြသေးဘူး...။ ကျောင်းစာလုပ်မယ် ကစားမယ် အိမ်အလုပ်ကူမယ် ဒါလောက်ပဲ...။ တက်တော့လည်း မိန်းကလေးကျောင်းမှာဆိုတော့ ပိုဆိုးတော့တာပေါ့...။ ကျူရှင်တက်ချိန်လောက်ပဲ ယောကျာ်းလေး သူငယ်ချင်းတွေရှိတာလေ...။ အဲတုန်းကတော့ စာလိုက်ပေးတာတို့ဘာတို့ရှိတာပေါ့...။ ကိုယ်တိုင်ကစိတ်မှမဝင်စားတာ မဝင်စားဆို လာလိုက်တဲ့ တကောင့်သားတွေကလည်း ရုပ်မရှိ မဲမဲသည်းသည်း ပေစုတ်စုတ်တွေဆိုတော့ နဂိုစိတ်မဝင်စားတာကနေ ပိုပိုဆိုးသွားတာပေါ့...။ အဲဒါက ဒီအထက်တန်းကျောင်းမှာတင်မဟုတ်ဘူး ကိုယ်တက္ကသိုလ်မတက်ခင် သင်တန်းတွေတက်နေတဲ့ အချိန်မှာရော ကြည့်မြင်တိုင် RC3 စတက်ချိန်တွေမှာရော လာလိုက်ကြတဲ့ ဘဲတွေက အဲလို ငနာတွေချည်းပဲ တကယ်စိတ်ပျက်ဖွယ်ပါ...။ ကိုယ့်ဘဝမှာ တည်ကြည်သန့်ပြန့် ယောက်ျားပီသမယ့် ယောက်ျား တစ်ယောက်နဲ့တွေ့ဖို့ ကံကိုပါမလာတာ လည်းဖြစ်မယ်...။ ဒီလိုနဲ့ ကိုယ့်ကို အိပ်ပျက်ညတွေဖန်တီးပေးမယ့် ယောက်ျားတစ်ယောက်ဆိုတာ ရှားသထက်ရှားပါးလာတော့တာပေါ့... စဉ်းစားကြည့်လေ...။ အချိန်တန်လို့ အဒေါ်တွေက ပေးစားဖို့ လာကြည့်တယ်ဆိုတဲ့သူကိုလည်း မကြိုက် ကိုယ်ကပဲချေးများသလားမသိတော့ပါဘူးကွယ်...။ အဲ တစ်ယောက်တော့ကြုံဖူးတယ် ကိုယ့်ဘဝမှာ ခုချိန်ထိ ကိုယ်မြင်ဖူးခဲ့သမျှယောက်ျားတွေထဲမှာ ကိုယ်ဆယ်တန်းအောင်ပြီး ရွာခဏပြန်တုန်းက ဆုံဖူးခဲ့တဲ့ အင်းသားအစ်ကိုကြီးတစ်ယောက်ကတော့ အချောဆုံးပဲ...။ ဟုတ်တယ်...။ တကယ်တော့ 2010 တုန်းက ညီမလေးပစ်ပစ်တဂ်ခဲ့ဖူးတဲ့ ပထမဆုံးရင်ခုန်သံ ဆိုတဲ့ပို့စ်နဲ့ ခုတဂ်ပို့စ်က ရေးရတာခပ်ဆင်ဆင်လေးပါ...။

ကိုယ့်ကို ရင်ခုန်စေတဲ့ယောက်ျားဆိုတာ မရှိသလို မွေးလာတော့မှာလည်း မဟုတ်ပါဘူး...။ ဆိုတော့ အိပ်ပျက်ညဆိုတာ ဝေလာဝေးပေါ့ကွယ်....။


မိုးငွေ့

Monday, 1 September 2014

Blog Day အမှတ်တရ....2014




Aug 31 ရက်နေ့ ဘလော့ဒေးကို ကိုယ်ဘလော့မှာစာစရေးလာတဲ့ 2008 ကစပြီး ဒီနေ့ထိကို 2011 တုန်းကတစ်ခု မောင်မျိုးတဂ်လို့ Blog day အမှတ်တရ ဆိုတဲ့ပို့စ်ကို မှတ်မှတ်ရရရေးခဲ့ဖူးတယ်...။ 2013 မှာ Happy Belated Blog day  ဆိုပြီးလဲ တစ်ခါရေးဖူးခဲ့ပါတယ်...။ ပြန်ဖတ်ကြည့်မှပဲ ကိုယ်တော်တော်အရှည်ကြီးရေးခဲ့တာပဲလို ခုတစ်ခါ အဲလောက်ရေးစရာ သိပ်မရှိတော့ဘူး ထင်ပါရဲ့...။ ပြီးတော့ ဘလော့ဂါအသစ်ကလေးတွေကိုလည်း မိတ်ဆက်စရာမရှိဘူးဖြစ်နေတယ်...။ မရှိဘူးဆိုတာက ကိုယ်တိုင်ကိုက သိပ်ပြီး အိမ်မလည်ဖြစ်တော့ ဘယ်သူတွေအသစ်ရေးနေသလဲ မသိတာဖြစ်နိုင်ပါတယ်..။ နောက်ပိုင်းစာလာဖတ်သူတွေကလည်းနည်းသွားသလို ကော်မန့်မှာ ကျွန်တော်ကျွန်မတို့ကတော့ ဘယ်သူပါ စာလာဖတ်လှည့်ပါလို့ အရင်လို ကိုယ့်ကိုယ်ကို လာမိတ်ဆက်သူတွေလည်း သိပ်မတွေ့ရတော့ဘူး...။ စာဖတ်နည်းသွားကြတယ်လို့ပဲဆိုရမလား မပြောတတ်တော့ပါဘူး...။

ဘာရေးရမှန်းမသိလို့ မရေးတော့ဘူးလို့ ကိုယ့်ဘာသာကြိတ်ကြံနေပေမယ့် မနေ့ကပဲ တီတင့်နဲ့ဖုန်းပြောရင်း တီက မိုးငွေ့ရေ အဲပို့စ်လေးတော့ရေးနော်လို့ထပ်ပြီး တိုက်တွန်းလိုက်ပြန်တယ်..။ လူကြီးကတောင်းဆိုတာ မရေးလို့ဘယ်ကောင်းမလဲ ပြီးတော့ စာမရေးတာကြာပြီဖြစ်တဲ့ မနော်ဖော Rose of Sharon..လည်း လင့်ခ်လစ်မှာ တက်လာတာတွေ့တော့ အားတက်သွားတယ် မရေးတော့ဘူးလို့ဆုံးဖြတ်ထားတဲ့ ကိုယ့်စိတ်ကိုနည်းနည်းရှက်မိသလိုလိုတွေ ဘာတွေဖြစ်သွားခဲ့လိုက်သေးတယ် ဟဟ...။ ခု ဖဘမှာ ကိုဇော်ကလည်း ကဗျာရေးမယ်ဆိုလား တက်လာတာတွေ့တော့ မနေ့က တီတင့်ဖုန်းထဲပြောထားတာပဲ ဆိုပြီး သတိရတာနဲ့ ချက်ချင်းကောက်ရေးလိုက်တာ နို့မို့ဆို ပိတ်ရက်ဆို ကိုယ်က နားနားနေနေ စာသိပ်ရေးတာမဟုတ်ဘူး ငပျင်းကျနေတာနဲ့လေ...။

ဒီပို့စ်လေးရေးရတာ အရင် ကိုယ်တွေ စပြီး စာရေးတဲ့ခေတ်ကို သိပ်သတိရတာပဲ...။ အဲတုန်းက ဘလော့ဂ်မောင်နှမတွေ သိပ်ပြီး တက်ညီလက်ညီရှိကြတယ်...။ စာတွေပုံမှန်တင် လှည့်လည်ပြီးတော့ဖတ်ကြတယ် ကော်မန့်တွေပေးကြတယ် ပျော်စရာကြီး...။ ခုနောက်ပိုင်းက စာတွေလည်းပုံမှန်မတင်ဖြစ်သလို ဖဘမှာစုပြီးပဲ ကိုယ်ပြောချင် ဖြစ်ချင် လုပ်ချင်တာလေးတွေကို တင်ဖြစ်နေကြတယ်...။ ဖဘမှာပျော်တာ အပြစ်မပြောလိုပါဘူး..။ ဒါပေမယ့် ဘလော့ဂ်မှာတော့ စာလေးတွေ ပုံမှန်တင်စေ့ချင်ပါတယ်... တကယ်ပါ ရင်ထဲကနေပြီးတော့ကို ချစ်သော ဘလော့ဂါ အစ်မ အစ်ကို ညီမ မောင်ငယ်အားလုံးကို တကယ်တောင်းဆိုတာပါ...။ 

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူတွေစာရေးရေးမရေးရေး တင်တင်မတင်တင် ကိုယ်ကတော့ပုံမှန်လေး ရေးဖြစ်တယ် တင်ဖြစ်တယ်..။ ဘလော့ဂါဘဝလေးကို ကိုယ်ချစ်တယ်...။ ကိုယ်အသက်ရှင်သရွေ့ စာတွေကို ဒီနေရာလေးမှာ ဆက်ရေးဖြစ်နေဦးမှာပါပဲ...။ အဲဒါတော့ အသေချာဆုံးအရာ....:)

Blog Roll မှာ ဘလော့ဂါတွေတော်တော်များများတက်လာတာတွေ့လို့ ဝမ်းသာအားရမိပါတယ်...။ ကိုယ်ပဲနောက်ကျဆုံးတင်တဲ့သူဖြစ်မယ်ထင်တယ်...။ ပိတ်ရက်မှာတင်မယ်ဆိုပြီးရေးထားတာ လိုင်းမတက်လို့ ခုမှပင်တင်ဖြစ်တော့တယ်...။


မိုးငွေ့


Monday, 3 February 2014

Dare to Dream... Dare to Imagine....

 

2014 ရဲ့ ပထမဦးဆုံးတဂ်ပို့စ်ကို ဒီမနက်ဖဘဖွင့်လိုက်တော့ ညီမလေးရွှေဖြူရဲ့ note လေးကို ညီမအေရီရယ်သူက mention ပြန်လုပ်ထားတာတွေ့လို့သွားဖတ်လိုက်တာ... ရွှေဖြူဆိုတော့ ရုတ်တရက်ဘယ်သူမှန်းမသိလိုက်ဘူး...။ နောက်တော့မှ သူ့တိုင်းမ်လိုင်းမှာသွားကြည့်တော့မှပဲ ညီမ sweety snow မှန်းသိရတယ်..တကယ်တမ်းသူ့ဘလော့က My Green Life ပါ..။ ပြီးခဲ့တဲ့ ဘလော့ဂါဒေးတုန်းက ဘလော့ဂါအသစ်ကလေးတွေကိုမိတ်ဆက်တုန်းက ညီမလေး စနိုးပါတယ်...။ ကျေးဇူးပါညီမလေးရေ... တဂ်ပို့စ်လေးရေးခွင့်ရလို့လေ...။

ပထမဦးစွာ ခေါင်းစဉ်ပေးဖြစ်ပုံလေးပြောပြချင်ပါတယ်...။ ညီမစနိုးက 2014မှာ ဖြစ်ချင်တဲ့ အိပ်မက်မို့ Dreams လို့ပေးထားပုံရပါတယ်...။ ကိုယ်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုယ်တို့ရဲ့ ဆရာကြီး လူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာအတန်းတက်ခဲ့တုန်းက နေ့စဉ် ကျောက်သင်ပုန်းပေါ်မှာ ဆရာကြီးရေးထားတဲ့ စာသားတချို့ထဲက ဒီစာသားလေးကို ယနေ့တိုင် မှတ်မှတ်ရရလေးရှိနေတာပဲ..။ လူဆိုတာ အိပ်မက်မက်ရဲရတယ် စိတ်ကူးယဉ်ရဲရတယ်တဲ့...။ ကိုယ်က မိန်ရာသီဖွား အင်မတန် စိတ်ကူးယဉ်ဆန်တဲ့သူတစ်ယောက်...။ တစ်ခုခုလုပ်ရင် အမြဲ ရိုမန့်ဖြစ်မှကြိုက်တတ်တဲ့သူမျိုးပေါ့...။ အဲစိတ်ကူးတိုင်းကိုသာ အကောင်အထည်ဖော်နိုင်ရင် သဌေးဖြစ်လောက်ပါတယ်...။ 2014မှာတော့ ကိုယ့်စိတ်ကူးတွေ အကောင်ထည်ဖော်နိုင်အောင်ကြိုးစားနေပါတယ်..။

ပညာလိုအိုသည်မရှိဆိုသလို ...ကိုယ်တို့အသက်အရွယ်မှာ ပညာရေးနဲ့မသက်ဆိုင်တော့ဘူးလို့တော့ တထစ်ချမပြောစေချင်ပါဘူး..။ သင်တန်းတခုခု ကျောင်းတခုခုမတက်ဖြစ်တော့ပေမယ့်လည်း အွန်လိုင်းကနေ ကိုယ်လိုချင်နေတဲ့ကိုယ်သိချင်တဲ့ ဘာသာရပ်ကိုတော့ အချိန်ရရင်ရသလို လေ့လာဆည်းပူးနေပါတယ် ဒါဟာ ဘယ်တော့မှလည်း ဆုံးခန်းတိုင်မှာမဟုတ်ပါဘူး...။

မိသားစုအရေးကတော့ ပြည့်စုံနေပြီဆိုပေမယ့်လည်း တနေရာမဟုတ် တနေရာတော့လိုအပ်နေတတ်တာ မဟုတ်လား...။ မောင်နှမလေးယောက်မှာ ကိုယ်က အကြီးဆုံးမို့ အငယ်တွေရဲ့လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနေရဦးမှာပဲလေ...။ အဖေမရှိတော့ပေမယ့်လည်း အသက်ရှင်နေသေးတဲ့ အမေ့ကို ပြုစုရင်း မောင်နှမတွေကို ကြည့်ရှုရင်းနဲ့လည်း မိဘကျေးဇူးကိုဆပ်နေပါတယ်...။

စီးပွားရေးအနေနဲ့ကတော့ 2014 အစ ပြီးခဲ့တဲ့လကတည်းက ညီမတစ်ယောက်နဲ့စပ်တူ အသေးလေးတစ်ခုလုပ်ထားတယ်...။ အကျိုးအမြတ်ရဖို့ အချိန်စောင့်ရဦးမယ်...။ အဲဒီကတိုးပွားလာမှပဲ ကိုယ်တကယ်လုပ်ချင်တဲ့ စီးပွားရေးလေးကို လုပ်မယ်လို့ရည်ရွယ်ထားတယ်...။ ကိုယ်တကယ်လုပ်ချင်တာက စာအုပ်ဆိုင်လေးတွဲလျက်နဲ့ ကော်ဖီဆိုင်လေးဖွင့်ချင်တာ ...။ အဲဒီအိပ်မက်က လွန်ခဲ့တဲ့ ဆယ့်ရှစ်နှစ်လောက်ကတည်းကပါ...။ ဒါပေမယ့် အကောင်ထည်ဖော်ဖို့ဆိုတာ အရင်းနှီးကြီးကြီးလိုတယ်လေ...။ ကိုယ်က်ာဖီဆိုင်အတွက်စိတ်ကူးထဲက  အိုင်ဒီယာတွေ အပြင်မှာသူများတွေ တော်တော်များများ ကော်ဖီဆိုင်တွေမှာတွေ့နေရပြီ...။ ခုချိန်ထိ ကိုယ်စိတ်ကူးယဉ်ရဲနေဆဲ အိပ်မက်မက်ရဲနေဆဲဆိုပါတော့...။

လူမှုရေးအနေနဲ့ကတော့ ဒီနှစ်ကစပြီး ဘလော့ဂ်ဂါတွေနဲ့ အပြင်မှာသိပ်မတွေ့တော့ဘူးလားလို့ (((ဟမ်)))..။
နောက်တာပါ...။ အဲလိုအပြင်မှာ ပြောပြောနေကြတာကြားလို့ပါ...။ ဘလော့ဂါတွေပြန်ရောက်တိုင်း ပင်တိုင်လာတွေ့တဲ့အထဲမှာ မိုးငွေ့က ထိပ်ဆုံးကဆိုပဲ... နာမည်ကြီးထမင်းငတ်ပါ...။ ဒါကြောင့် ကိုယ်နဲ့ သိပ်မသိကျွမ်းမခင်မင်တဲ့သူတွေကို မတွေ့တော့ဘူးလို့ဆုံးဖြတ်တာပါ...။ တခါတလေ ကိုယ်နဲ့လိုင်းပေါ်မှာလည်းမသိ အပြင်မှာလည်းမမြင်ဖူးပေမယ့် တခြားဘလော့ဂါ အစ်ကိုအစ်မတွေက ဘယ်သူဘယ်ဝှာရောက်နေပါတယ် ဆုံကြမယ်လို့ခေါ်တတ်တယ်လေ...။ အဲလိုလူမျိုးဆို ကိုယ်မတွေ့တော့ဘူး ကိုယ့်ညီအစ်မအရင်းတွေလိုချစ်ခင်တဲ့ သူတွေလောက်ပဲတွေ့ဖို့ စဉ်းစားထားပါတယ်..။ လူရွေးတယ်လို့မဆိုစေချင်ပါဘူး... တကယ်လို့ ကိုယ်တကယ်မအားလို့ မတွေ့ဖြစ်ခဲ့တဲ့ မောင်နှမများရှိခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့...။ သြော်.... တော်တော်ကြီးကျယ်တဲ့လူမှုရေးကိစ္စလို့ ဆိုကြဦးမလားပဲ..။ တကယ်တမ်း ကိုယ်က တစ်ယောက်တည်းနေရတာကိုနှစ်သက်တဲ့သူ...။ အသိုင်းအ၀ိုင်းအဖွဲ့အစည်းနဲ့ စိမ်းသူပါ...။

ဘာသာရေးဆိုလို့..... ကိုယ်သသေချာချာ မလုပ်ဖြစ်သေးဘူး...။ ဒါကြောင့် အပတ်စဉ် ကြာသပတေးနေ့တိုင်းဆွမ်းမပြတ်လောင်းနိုင်အောင် ကြိုးစားတယ်...။ ဒါတောင်ပြီးခဲ့တဲ့ပတ်က တရုတ်နှစ်ကူး သွားကူနေလို့ မလောင်းလိုက်ရပါဘူး..။ ရုံးကညီမတွေတော့ သစ်သီးလောင်းလှူလိုက်ပါတယ်ပြောတယ်...။ ကိုယ်မလှူနိုင်ပေမယ့် ကိုယ့်ရဲ့လုပ်လက်စအလုပ်ကလေး မပြတ်အောင် လက်ဆင့်ကမ်းလှူပေးတဲ့အတွက် တကယ်ဝမ်းသာပီတိဖြစ်မိပါတယ်...။ ဘာသာရေးကို လေးလေးနက်နက်လိုက်စားဖို့ စိတ်ကူးရှိတယ် ..။ ကိုယ့်မှာ စိတ်စွမ်းအင်တစ်ခုရှိတယ်...။ ရှေ့ကြိုဖြစ်မယ့်အရာကို အိပ်မက်မက်တတ်တယ် ပြီးရင် အိပ်မက်ထဲကအတိုင်း အပြင်မှာ တကယ်ဖြစ်နေတာမျိုး...။ အဲဒီစွမ်းအားတက်လာအောင် ဘာသာရေးကိုသေချာလုပ်မှရမယ်...။ တရားထိုင်ရမယ် ကျင့်ရမယ်ပေါ့..။ ကိုယ်က ဒီလောကီထဲက မရုံးထွက်နိုင်သရွေ့တော့ ဝေးဦးမယ်ထင်တယ်...။ ငယ်တုန်းက ကိုယ့်မှာလေးဖက်နာလိုမျိုးအဆစ်မြစ် ကိုက်တာဖြစ်ဖူးတယ်...။ အဲဒါကို ကိုယ်တရားထိုင်ပြီးစိတ်နဲ့ကုခဲ့တာ ပျောက်သွားတယ်...။ ခုမှသာ တနေ့တနေ့ထိုင်လို့ အညောင်းမိပြီး အဲဒီရောဂါပြန်ဖြစ်ချင်နေတာ...။ ခုနေ အဲဒီတုန်းကလိုမျိုး စိတ်စွမ်းအားနဲ့ ကုလို့ပျောက်ပါဦးမလား...။

ဝါသနာတဲ့.....။ ဘာပြောစရာလိုသေးလဲ စာရေးတာလေ...။ ပြီးတော့ ချက်မယ်ပြုတ်မယ် ဒါကိုယ့်ဝါသနာပဲ။ ဒီမှာပဲကိုယ်စာရေးတော့မလား စာအုပ်မထုတ်တော့ဘူးလားလို့မေးမယ်...။ တကယ်ဆို ကိုယ့်အက်ဆေးတွေကို ကိုယ့်ရဲ့ အိန်ဂျယ်ကိုယ်တိုင် စာအုပ်ထုတ်ပါလားလို့ တောင်းဆိုဖူးခဲ့တယ်...။ ကိုယ်ထုတ်ဖြစ်မှာပါ.... တချိန်ချိန်မှာ အိန်ဂျယ့်အတွက် အမှတ်တရဖြစ်ဖို့ပေါ့....။

အချစ်ရေးတဲ့.......။ 
ကိုယ့်အသက်အရွယ်နဲ့ ဒီအကြောင်းအရာက မအပ်စပ်တော့ပါဘူး....။
ပြီးတော့ ရေးစရာလဲမရှိဘူးလေ...။ ဒါပေမယ့် ကိုယ်ကတော့ အချစ်အကြောင်းနုနုလှလှလေးတွေကို အခွင့်သင့်သလိုတော့ ရေးဖြစ်နေဦးမှာပါ...။

ဒီလောက်ပါပဲ တော်တော်တောင်ရှည်သွားပြီ...။ 2014 ရဲ့ပထမဦးဆုံးတဂ်ပို့စ်လေးကို တဂ်ပေးတဲ့ ညီမလေးစနိုးကို ကျေးဇူးအထူးပဲတင်ပါတယ်...း)  လဆန်းပိုင်းအလုပ်တွေများမလာခင် အမြန်ရေးလိုက်ပါတယ်...။

2014မှာ ကျန်တဲ့ ဘလော့မောင်နှမတွေအားလုံးလည်း ကိုယ်ဖြစ်ချင်သောဆန္ဒများ အကောင်ထည်ဖော်လုပ်နိုင်ပါစေလို့...ဆုမွန်တောင်းပေးလိုက်ပါတယ်...။

မိုးငွေ့



Tuesday, 27 August 2013

အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်.....




မနေ့က ရေသောက်ဗိုက်မှောက်နှစ်ဆယ့်ခြောက်...။

ဒီနေ့တော့ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်... မမသက်ဝေတဂ်ပို့စ်လေးလိုက်ရေးနေတာ ခုတလော...။ အရင်လို တပျော်တပါးနဲ့ ဘလော့ဂါ မမ ညီမတွေ လိုက်ရေးတာသိပ်မတွေ့ရလို့ အားမရဘူး...။

ကဲကိုယ်နေ့စဉ်လွယ်ပိုးနေတဲ့ အိတ်ကလေးကို စပြီးမှောက်ပါတော့မယ်...။ အိတ်တွေကလည်း ဘာအိတ်လွယ်လွယ် အိတ်ချည်းပဲ အလေးချိန်က ကီလိုဝက်လောက်ရှိတယ်ဆိုတာ ဟုတ်မယ်...ပေါ့ပေါ့းပါးပါးအိတ်ကျတော့ ပစ္စည်းထည့်ရင် အိပျော့ကျတော့ အဆင်မပြေဘူး တောင့်တင်းတဲ့ ပုံစံကျတဲ့အိတ်နဲ့မှ ထည့်ရပစ္စည်းပိုဆန့်တယ်လေ...။

ပိုက်ဆံအိတ်(၁)... 
အဲဒီပိုက်ဆံအိတ်က တော်တော်ဖောင်းကားနေတာ အထဲမှာဘာပါလဲ ဆိုတော့ ဈေးဝယ်တဲ့ ဘောက်ချာတွေ ဆိုင်ကြော်ငြာကပ်ပြားတွေ ဒီစကောင့်ကပ်တွေ ကားမောင်းလိုင်စင်ကပ်ပြား လိုင်စင်ဓါတ်ပုံတချို့နဲ့ ပိုက်ဆံစက္ကူအနည်းငယ်ပါပါတယ် ဖောင်းနေတာကတော့ စက္ကူဘောက်ချာတွေကြောင့်ပါ...း)

ပိုက်ဆံအိတ်(၂)...
ပန်းဆီရောင် စီလီကွန်အပျော့သားနဲ့ပိုက်ဆံအိတ်အသေးလေး ဟိုနားဒီနားသွားအကြမ်းကိုင်ဖို့။

သော့တွဲ...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
အိတ်သော့တွဲမှာ သော့တံငါးချောင်းပါတယ် ရုံးခန်းသော့ နှစ်ချောင်း အံဆွဲသော့တစ်ချောင်းနဲ့ ဗီဒိုသော့ နှစ်ချောင်း

အလှအပ...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
လက်တဝါးစာမရှိတဲ့ မှန်ချပ်ဝိုင်းလေး ကော်ကွာနေတလို့ ကပ်ရဦးမယ်...။ ထိပ်မှာဖုလေးတွေပါတဲ့ ကျန်းမာရေးဘီးလေးတစ်ခု ...။ ခေါင်းသိပ်ရှုပ်လာရင် အဲဒါလေးထုတ်ဖီးလိုက် ခေါင်းကိုက်သက်သာတယ်..။ ဖဲပြားအနက်ရောင် ညှပ်ကလစ်လေးတစ်ခု မဟူရာကျောက်တုံးနဲ့ဖန်စီလက်စွပ်လေးတစ်ခု(သူ့တစ်ခုထဲလဲ အလေးစီးတာပဲ) အပြင်သွားလို့ဝတ်ပြီး ပြန်ချွတ်သိမ်းဖို့မေ့နေလို့ လွယ်အိတ်ထဲသောင်တင်နေတာပေါ့...။ မမသက်ဝေပေးထားတဲ့ clinique နှုတ်ခမ်းဆိုးဆေး တစ်တောင့်..။ wet tissue တစ်ထုပ်...။

hand wash နဲ့ hand cream...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
Magnolia ရနံ့လေးနဲ့ Marks & Spencer ကထုတ်တဲ့လက်ဆေးခရင်မ်ဗူးသေးလေးတစ်ခု..။ L'occitane  hand cream တစ်ဗူး...။

ကွန်ပါဗူးလေး....
မကြီးမငယ်နဲ့ ကွန်ပါဗူးလေးဆောင်ရတယ်လို့မပြောပါနဲ့ လိုအပ်တယ်လေ ဘောလ်ပင်တွေ စာရေးကိရိယာလေးတွေကို အလွယ်တကူရှာရလွယ်အောင် တစ်စုတစ်စည်းထဲထည့်ထားတာ...။ အထဲမှာပါတာက ဆော့ပင်တစ်ချောင်း ဘော်လ်ပင်တစ်ချောင်း ကပ်ကြေးတစ်လက် လက်သည်းညှပ်အသေးလေးတစ်ခု ခဲဆံတစ်ဗူး စတက်ပလာအသေးလေးတစ်ခု သူ့ထဲထည့်တဲ့ ပင်လေးကတစ်ဗူး ဘာမှချိတ်မထားတဲ့ သော့တွဲအလွတ်လေးတစ်ခု note pad သေးသေးလေးတစ်ခု..။ ဒီတစ်ဗူးလည်းလေးတာပါပဲ...ဟင်းးး...။

မျက်မှန်....
ခုက မိုးတွင်းမို့ နေကာမျက်မှန်ဗူးမပါတော့တာ...။ မျက်မှန်ဗူးတွေကလည်း နေရာယူသား...။ ဗူးက အမာ ပုံစံခွက်နဲ့ဆိုတော့လေ...။ ကွန်ပြူတာကြည့်ရင် မျက်မှန်တပ်ရတယ်လေ...စလင်ဒါပါတယ် ..။

ဖုန်း+ thumb drive....(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
ပန်းရောင် ဖုန်းပါးလေးတစ်ခုနဲ့ ဖုန်းကြိုးတစ်ချောင်း...။ thumb drive ကတော့ ကိုယ်အိမ်မှာရေးထားတဲ့စာကြမ်းတွေကိုထည့်သိမ်းတာတွေရယ် ယူကျုက ဒေါင်းထားတဲ့ သီချင်းတွေ ဟင်းချက်နည်းလေးတွေထည့်သိမ်းရာနေရာပေါ့...။

အိုင်ပက်...
ဟုတ်တယ် သူအလေးဆုံးပဲ.....။ ဒါပေမယ့် သူက အားလုံးကိုစုပြီးမှတ်ထားနိုင်တဲ့ စာအုပ်ပေါင်မြှောက်များစွာနဲ့ ညီမျှတော့ လေးလေးပေ့စေတော့ပေါ့...။

ထီး...
နေပူပူ မိုးရွာရွာ သူ့ကိုအသုံးပြုရမယ်လေ....။ ထီးဆောင်းဖို့ပျင်းတဲ့ ကိုယ့်အတွက် မိုးသည်းသည်းမဲမဲနဲ့ နေပြင်းပြင်းကျမှသာ သူ့ကိုထုတ်သုံးပါတယ်...။

စံဇာဏီဘိုစာအုပ်....
ဘာရယ်မဟုတ်ပါဘူး နှစ်တိုင်းဝယ်ပြီးဆောင်ဖြစ်တဲ့ ဗေဒင်စာအုပ်လေး...တစ်ခါတလေမှသာ
ထုတ်ဖတ်ဖြတ်တာ...။

သုံးထားပြီးတဲ့ တစ်ဝက်တစ်ပျက်နဲ့ တစ်ရှူးတစ်ထုတ် ...။ လုံးထွေးထားတဲ့ တစ်ရှူးတစ်ခုရယ် ကားဆီဘောက်ချာတစ်ချို့ထွက်လာတယ်...။ ကိုယ့်ကားဆီထည့်တာမဟုတ်ရပါ..။ ရုံးကိုစားရင်းတင်ဖို့ ဘောက်ချာကိုထုတ်တွဲဖို့ဖြစ်ပါတယ်...။

အိတ်ထဲကပစ္စည်းတွေကကြည့်တော့ သိပ်မများဘူးထင်ပေ့ အတော်တော့လေးသား....။ အမြဲတမ်းလေးတဲ့ အိတ်ကိုလွယ်လို့လားမသိ တခါတလေ ထီးမေ့ကျန်ခဲ့ရင် အိတ်လေးပေါ့နေရင်တခုခုလိုနေတယ်လို့ခံစားရတတ်တယ်... အဲလို အဲလို...ပခုံးနာတာကတော့မပြောနဲ့ အိတ်လွယ်သူ အမျိုးသမီးတိုင်း ဒီဒုက္ခကမလွတ်ကြဘူးဆိုတာ သေချာတယ်မဟုတ်လား...။

နာမည်တပ်ပြီးတဂ်တဂ် မတဂ်တဂ် ကိုယ်ကတော့ မမသက်ဝေတဂ်လာသမျှပို့စ်တွေကို ရေးရတာ ပျော်လို့ ခုချက်ချင်းပဲ မမသက်ဝေပို့စ်ဖတ်ပြီးတာနဲ့ စာမျက်နှာသစ်ဖွင့်ပြီးချရေးလိုက်တော့တာ.....။


မိုးငွေ့

Thursday, 22 August 2013

ဖိနပ်လေးတစ်ရံ.....


ခေါင်းစဉ်က ဖိနပ်လေးတစ်ရံဆိုပြီး ပုံတွေကတော့ တစ်ရံမကဖြစ်သွားတယ်....။ ဒီပို့စ်က ကိုယ်နဲ့မသိတဲ့ ခွန်မြလှိုင်ဆိုတဲ့ ညီမလေးက မသက်ဝေကိုတဂ်ထားတဲ့ပို့စ်ကိုလိုက်ရေးတာပါ...။ ဖိနပ်ဆိုတဲ့ ခေါင်းစဉ်မို့ ဖိနပ်ကို ခရေဇီသိပ်ဖြစ်တဲ့ကိုယ် ရေးချင်စိတ်တွေဖြစ်သွားခဲ့တယ်..။

ဖိနပ်ကို ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့တယ်...။ ဘယ်လိုဖိနပ်မျိုးကြိုက်လည်းဆို ပုံစံအမျိုးမျိုးကိုကြိုက်တယ်လို့ဖြေရမှာပဲ...။ ဖိနပ်အသစ်စီးရင်ခြေထောက်မနာအာင် ကိုက်ပြီးမှစီးတာမျိုး အရွယ်တော်တော်ရောက်တဲ့အထိလုပ်ခဲ့ဖူးတယ်...။ တကယ်ပဲလား စိတ်ကြောင့်လားတော့မသိဘူး အဲလိုမျိုးကိုက်ရင် ခြေထောက်တကယ်မနာဘူး ဖိနပ်မပေါက်ဘူး..။ ကိုယ်က အရပ်ပုတဲ့ထဲမပါသလို အရပ်ရှည်တဲ့သူတစ်ယောက်မဟုတ်ပေမယ့်လည်း ဒေါက်မြင့်တွေစီးလိုက်ရင်ပဲ ကိုယ့်ဘာသာကိုယ် ကလန်ကလားကြီးဖြစ်နေပြီလို့ ထင်မိတယ်...။ ငယ်ငယ်တုန်းက အဒေါ်တွေစီးတဲ့ ဒေါက်ဖိနပ်မျိုးစုံကို စီးပြီးအမြဲဆော့ဖူးခဲ့တယ်...။ အဲဒီခေတ်က ကြိုးသိုင်း ဒေါက်အချွန်လေးတွေ ဘလောက်တုံးနဲ့ဒေါက်တွေခေတ်စားတယ်...။ 

ဖိနပ်ဆို ကြိုးတွေများပြီး ရှုပ်ယှက်ခတ်နေတာတွေနဲ့ ပုံတုံးတုံးဖိနပ်တွေကလွဲရင် အားလုံးကြိုက်တယ် ဝယ်လည်းဝယ်စီးဖြစ်တယ်..။ သူ့ရာသီနဲ့သူ နေရာ အချိန် ဒေသနဲ့လိုက်ပြီး ဖိနပ်ကိုပြောင်းစီးရတာ ကြိုက်တယ်...။ ဒီမှာက လမ်းမကောင်း ဘလက်ဖောင်းမရှိ မြေကြီးအနိမ့်မြင့်မညီတော့ ပင်ဆယ်ဟီးလ်လို ဒေါက်မျိုးတော့ စီးဖို့မစဉ်းစားရဲပါဘူး...။ ဒါကြောင့် ရုံးသွားရုံးပြန်ဆို အပါးလေးတွေ အမြင့်စီးချင်ရင် ဒေါက်တပြေးထဲခွာထူဖိနပ်မျိုးတွေ လေတီရှူး အပါးလေးတွေပဲ စီးဖြစ်တာများတယ်...။ နွေရာသီလိုမျိုးဆို ဗေဒါရိုးနဲ့လုပ်ထားတဲ့ ဖိနပ်မျိုးစီးရတာ ကြိုက်တယ်...။ ပိတ်ရက်မှာ ဟိုဒီသွားရင် ကြိုးမျှင်မျှင်ပါတဲ့ အပါးကလေးတွေ ရှူးလေးတွေလည်းစီးဖြစ်တယ်...။

ကိုယ်ကတော့ အိမ်မှာ ဖိနပ်အဝယ်များဆုံးစာရင်းမှာ ထိပ်ဆုံးကပါ...။ ခုလည်း ရှော့ပင်းမောတွေရောက်တိုင်း ဝယ်ဝယ် မဝယ်ဝယ်ဖိနပ်ဆိုင်ကိုတော့ ရအောင်ဝင်ကြည့်တယ် စီးကြည့်တယ်...။ ဖိနပ်နဲ့ပတ်သက်ပြီး မှတ်မှတ်ရရဆိုလို့ပြောပြဦးမယ်...2007တုန်းက ကိုယ်စကာၤပူ မလေးသွားလည်တော့ genting highland ကိုလည်းရောက်ခဲ့တယ်...။ အဲမှာ ကစားကွင်းမှာ ကစားပြီး ညဖက် ညစာစား ဆိုင်လေးတွေလျှောက်ကြည့်တော့ Vancci ဖိနပ်ဆိုင်လေးထဲ ဝင်ဖြစ်သွားခဲ့တယ်...။ အဲဆိုင်က မိန်းကလေးဖိနပ်တွေရောင်းတယ်ဆိုပေမယ့် အရောင်းဝန်ထမ်း အားလုံးက ယောက်ျားလေးတွေပါ...။ အရမ်းလည်းစိတ်ရှည်ကြပါတယ်...။ ကိုယ်ကြိုက်တဲ့ ဖိနပ်ကိုလက်ညှိုးထိုး ဆိုဒ်နံပါတ်ပြော ပြီးတာနဲ့ အလယ်တန်းမှာ ရှိတဲ့ ဆိုဖာထိုင်ခုံမှာ ထိုင်စောင့်ရုံပဲ...သူတို့က ယောက်ျားလေးတွေဆိုပေမယ့် ဘာမှအယူမရှိဘူး ဖိနပ်ကို သူတို့ကိုယ်တိုင်စီးပေးတယ် ကြိုးချည်ပေးတယ် အဲလောက်ထိစိတ်ရှည်ပြီး ဝယ်သူစိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးတတ် ကြတာပါ...။ အဲဒီဖိနပ်တံဆိပ်နဲ့ဆိုင် ပြည်လမ်းတော်ဝင်စင်တာမှာရှိပါတယ်...။ အရောင်းဝန်ထမ်းတွေက မိန်းကလေးတွေပါ...။ ကိုယ်ခုနကပြောခဲ့သလို မလေးက အရောင်းဝန်ထမ်းကောင်လေးတွေနဲ့ ဘာမှမဆိုင်ပါဘူး...။ ဖိနပ်စီးပေးဖို့နေနေသာသာ ဆိုဒ်မေးရင် ဟိုဟာမရှိ ဒီဟာမရှိ... ဈေးမေးရင်လည်း ကိုယ်ကမဝယ်နိုင်သလိုလို ဒီကတော့ ဘယ်လောက်ဒေါ်လာရှိပါတယ်ဆိုတာ အရင်လာတာ...။ ဒီက အရောင်းဝန်ထမ်းတွေ အများကြီးလိုသေးတယ် ဝယ်သူကို အထင်အမြင်သေးတဲ့ အပြုအမူပြောအဆိုလေးတွေ လုံးဝမလုပ်မိစေဖို့ အင်တာဗျူးှမှာကတည်းက သေသေချာချာစီစစ် သင့်ပါတယ်...။

လူတစ်ယောက်ရဲ့ တကိုယ်ရေသန့်ရှင်းမှုကို သူ့ရဲ့ခြေထောက်မှာကြည့်ရတယ်တဲ့...။ ကိုယ်ကတော့ ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်သူမဟုတ်ပေမယ့်...လူတစ်ယောက်ကိုစတွေ့ရင်တော့ သူ့ခြေထောက်လေးတွေကိုအရင် သတိထားပြီးကြည့်တတ်တာ အကျင့်ပါနေပြီ...။ ခြေထောက်လေးမလှပေမယ့် သန့်သန့်ရှင်းရှင်းကြည်ကြည်လင်လင်နဲ့ဆို ကတ္တီပါအပါးလေးစီးထားရင်တောင် တော်တော်ကြည့်ကောင်းနေပါပြီ...။






ဒီရှူးအပါးလေးကို အရမ်းကြိုက်တာပဲ...။ ကိုယ့်ရဲ့ ဖေးဘရိတ်ကာလာအညိုရောင်ကိုလည်း ကြိုက်သလို စီးရတာလဲ ပျော့ပျောင်းပါးလွင့်လို့ ခြေထောက်ကိုလည်းမနာစေဘူး..။ လှည်းတန်းစိန်ဂေဟာက Shoe Gallery မှာဝယ်ခဲ့တာ...ခုတော့မရှိတော့ဘူး အတွင်းဖက် အရေခွံတွေကွာကုန်လို့ လွှင့်ပစ်လိုက်ရပြီ..။ နှမြောထှာ နောက်တစ်ရံစီးချင်လို့ ပြန်သွားရှာတာ ဆိုဒ်မရှိတော့ဘူး..။ ကိုယ်က 39 40 စီးတာ...။


 




ဒီတစ်ရံက ယိုးဒယားဖိနပ်လေး..အနောက်ဇစ်နဲ့....။ ကြိုးလေးယှက်ထားတဲ့ပုံကို ကြိုက်တာ ဒေါက်ကမခံဘူး လမ်းကြမ်းတော့ နှစ်ခါလောက်ပဲ စီးရတယ် အောက်ခြေတွေ အကုန်စားကုန်တယ် ...။ ဒါကြောင့်ဖိနပ်ကို ဈေးကြီးပြီး တံဆိပ်ကောင်းတာ ခိုင်တာမျိုးပဲဝယ်တာကောင်းတယ်...။







ဒီ flip flop အပွင့်လေးကိုလည်းသိပ်ကြိုက်တာပဲ..။ ရာဘာအသားလေးက သိပ်အမာကြီးမဟုတ်တော့ စီးလို့ကောင်းတယ်...။ Junction Square ကဝယ်ထားတာ နှစ်နှစ်ရှိပြီ ခုထိဘာမှမဖြစ်သေးဘူး...။ ကိုယ်အဲလို ကမ်းခြေသောင်ပြင်မှာစီးရတဲ့ ဖိနပ်အပါးမျိုးတွေ သိပ်ကြိုက်တယ်..။
  






Red Shoe ဆိုတဲ့ ကိုရီးယားကားလေးကြည့်ဖူးကြလား...။ ဒီဖိနပ်နီနီကလေးကိုကြည့်ပြီး သတိရသွားလို့...။ စလုံးကပြန်လာတဲ့ အဒေါ်ပေးတဲ့ ဖိနပ်လေးပါ စီးလို့အရမ်းကောင်းတယ်...တစ်ခါပို့စ်တင်ထားဖူးပါတယ်...။






မြန်မာ့လက်မှု ဗေဒါရိုးဖိနပ်...။ ရေခဏခဏထိရင် ဗေဒါမျှင်လေးတွေပါးသွားတတ်ပါတယ်...။ ဖုန်တွေများတဲ့နေရာမှာလမ်းလျှောက်ဖို့မသင့်ပါဘူး ဖိနပ်ခဏကလေးနဲ့ပေတူးကုန်မယ်...။ ဒါပေမယ့်လည်းစီးလို့ အရမ်းကောင်းပါတယ်...။
စာနည်းနည်းနဲ့ ပုံတွေများသွားတယ်...။ မူရင်းတဂ်ပိုင်ရှင်ကတော့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရေးစေချင်တယ်မသိပေမယ့် ကိုယ်ရေးလိုက်တဲ့ တဂ်ပို့စ်ကတော့ ဖိနပ်ကလေးတွေကို တန်းစီးပြလိုက်တဲ့ ပို့စ်ဖြစ်နေတယ်ကွယ် သီးခံပေးကြပါ...။ ဖိနပ်တွေကိုနှစ်သက်မြတ်နိုးသူ ဘလော့မိတ်ဆွေမောင်နှမတိုင်း ဒီတဂ်ပို့စ်လေးကို ရေးပေးကြပါလို့...။


မိုးငွေ့

Wednesday, 20 March 2013

ခုတလော....

တဂ်ပို့စ်မရေးရတာကြာပါပြီကောလား....။ အရင်ချိန်ခါတုန်းက မသက်ဝေတဂ်တဲ့ပို့စ်တွေကို ဘလော့ဂ်ဂါတွေ တပျော်တပါးကြီး လိုက်ရေးကြတာကိုလွမ်းမိပါရဲ့...။ ခုပို့စ်ကို မနော်(မနောဟရီ)က မသက်ဝေကိုတဂ်ထားတဲ့ပို့စ်လေး...။ မသက်ဝေက ဘလော့ဂ်ဂါတိုင်းအတွက် တဂ်ပို့စ်ပါဆိုတော့ ကိုယ်လည်း အားရဝမ်းသာစွာနဲ့ရေးတော့တာပဲ...။ တကယ့်မူလရင်းမြစ်က မခဥမဆီကလာတာ ဖြစ်ပါလိမ့်မယ်.....။ ဘာလို့လဲဆိုတော့ မနေ့တုန်းကမှ ခုတလော(ကိုယ့်ဘာသာကိုယ်တဂ်သည်) ဆိုတဲ့ ခင်ရဲ့ပို့စ်ကိုသွား ဖတ်လာခဲ့ရတာကိုး...။ ဒီနေ့တော့ ကိုယ့်ဘလော့ရိုးလ်မှာ မသက်ေ၀ နဲ့ မအိန္ဒြာ တို့ရေးထားတာတက်လာတယ်....။ ဖဘမှာလဲ မကေသွယ်နှုတ်စ်ရေးထားတာတွေ့လိုက်တယ်...။ မသက်ဝေဆီက မေးခွန်းလေးတွေကိုပဲ ပြန်ကူးပြီး ဖြေထားတာပါ...။

ခုတလော....

တွေးနေမိတာက -
(၁)ဘယ်တော့လောက်မှ မုန့်ဖုတ်ခြင်းအလုပ်ကိုစတင်ရမလဲလို့...(ပစ္စည်း ကိရိယာသံဇာပလာတွေကို ဝယ်စုဆောင်းနေတာ ခုထိမပြည့်စုံသေးဘူး)

(၂)Small Business လေးတစ်ခုလောက်ဘာလုပ်ရင်ကောင်းမလဲလို့ (ဥပမာ မုန့်ဆိုင် အလှပြုပြင်ဆိုင်,
ဒေါ်စောယုနွယ်ကတော့ ဟောထားတယ် ညည်းကိုယ်ပိုင်နာမည်နဲ့မုန့်လုပ်ရင် အောင်မြင်မယ်တဲ့...ဟိ ခုထိတော့ မုန့်တွေကအကောင်းတိုင်းမဖြစ်သေး ပျက်နေတာချည်းပဲ)

ကိုယ့်ကိုယ်ကိုပြန်ဆင်ခြင်မိတာက -
ကိုယ်အသက်ကြီးပြီ.... လုပ်ချင်ဖြစ်ချင်တာဘာမှရေရာရာရာမလုပ်ဖြစ်သေးဘူး

ကျန်းမာရေး -
ဒီလိုပဲအကောင်းဆုံးဖြစ်အောင် ဂရုစိုက်ရတာပဲ ဘာမှကြီးကြီးမားမားတွေမဖြစ်ချင်ဘူး မခံစားချင်ဘူး...ခုခေတ်ကသိတယ်မှုတ်လား...ဆရာဝန်တွေရဲ့အစမ်းသပ်ခံဖြစ်ရမှာတော့ ကြောက်တယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေက -
Real Life Real Story ဆိုတဲ့ တစ်နှစ်မှာ ခြောက်အုပ်ပဲထွက်တဲ့ မဂ္ဂဇင်းဖတ်ဖြစ်တယ်...
မွေးနေ့တုန်းက ကိုယ့်မိတ်ဆွေလည်းဟုတ် ကိုယ့်အလုပ်မှာလဲ လင့်ခ်ရှိတဲ့ ကိုယ့်ဘလော့စာဖတ်သူလဲဖြစ်တဲ့ အစ်မတစ်ယောက်ဆီက လက်ဆောင်ရထားတဲ့ ခင်နှင်းယုရဲ့ မဂ္ဂဇင်းဝတ္ထုရှည်စာအုပ်ကိုဖတ်နေတယ် မပြီးသေးဘူး.. တော်တော်ကောင်းတယ်...။

ရောက်ဖြစ်နေတာက -
ဘယ်မှသိပ်မရောက်ဖြစ် မွေးနေ့တောင် ဘုရားမရောက်ဖြစ်တာလေ...ပိတ်ရက်နှစ်ရက်ဆက်တာရှိတယ် သွားချင်တဲ့နေရာကတော့စုံနေတာ...

နားထောင်ဖြစ်နေတာက -
ချမ်းချမ်းဆိုထားတဲ့ “အိန်ဂျယ်တွေစောင့်ရှောက်တဲ့အချစ်”

ရွတ်နေဖြစ်တဲ့ကဗျာက -
စာရေးဖြစ်နေပေမယ့် ကဗျာကတော့ ကိုယ်နဲ့ဝေးပါတယ်...

ဖြစ်ချင်နေတာက -
ပန်းကလေးတစ်ပွင့်ဖြစ်ချင်မိတာပါပဲ....

စားဖြစ်နေတတ်တာက -
ပိန္နဲသီးဟင်း ညောင်ချဉ်ဖူး စွယ်တော်ရွက် ခေါပုတ် (ရှမ်းပြည်ကအစားတွေကို သံဈေးထဲလျှောက်ဝယ်ပြီး စားဖြစ်နေတယ်)
ဟိုတလောက လက်ဆောင်ရထားတဲ့ မွှေးပြီး ဆိမ့်သက်နေတဲ့ ကော်ဖီ

သနားနေမိတာက -
အသက်အရွယ်ကြီးရင့်လာပေမယ့် (တချို့ဆိုနောက်ဆုံးအချိန်ရောက်တဲ့အထိ) ကိုယ်ကိုယ်ကို ရှာဖွေမတွေ့တဲ့သူတွေ

လွမ်းနေမိတာက -
ပြောနေစရာလိုသေးလားကွယ်....

မေ့လျော့ပစ်နေရတာက -
စကားပြောရင် “ဒုက္ခပဲ”လို့ ထည့်မပြောမိအောင်

ခါးသက်နေမိတာက -
ကိုယ်ကိုယ်ကိုပဲထင်တယ် တွေဝေလွန်းလို့ မပြတ်သားလွန်းလို့လေ...

တမ်းတနေမိတာက -
အမြဲတမ်းစိတ်ချမ်းသာ ကြည်လင်လန်းဆန်းနေဖို့ကိုပဲ....

ကြိတ်ပြီးချီးကျူးနေမိတာက -
ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကို စိတ်ရောကိုယ်ပါ ပင်ပင်ပန်းပန်း တကုပ်ကုပ်ကြိုးစားလုပ်နေတဲ့ကိုယ်နဲ့မွေးနေ့တူတဲ့ အချစ်ဆုံးညီမလေးတစ်ယောက်ကိုပဲ...

ကြိတ်ပြီးအထင်သေးနေမိတာက -
မရှိဘူးထင်တာပဲ...လူတိုင်းမှာ အကောင်းဆုံးအရည်အချင်းကိုယ်ဆီရှိကြတာပဲ

ဆန္ဒမရှိတဲ့နေရာ -
လူအုပ်ကြီးကိုကြောက်တယ် အသက်ရှူကြပ်လို့ (လာမယ့် 23 th March လေးဖြူ +++ ဆီးဂိမ်းရံပုံငွေရှိူးကိုသွားကြည့်ချင်တာ ခုံနဲ့ဘာနဲ့ဆို သွားမယ်စိတ်ကူးမိတယ် ခုတော့ မတ်တပ်တဲ့)

ဆန္ဒရှိနေတဲ့ကိစ္စ -
အကောင်အထည်ဖော်ဖို့ အချိန်+ငွေ++ 

မုန်းတီးနေမိတာက -
လူဖြစ်ရတဲ့ဒုက္ခ

ချစ်နေတာက -
မနှစ်ကတည်းက လက်ဆောင်ရထားတဲ့ ကြောင်ရုပ်သော့တွဲလေး (ဟိုတလောက အံဆွဲသော့ခတ်ပြီး အိတ်ထဲပြန်အထည့်မှာ အိတ်ထဲမရောက်ဘဲ ကွန်ပြူတာစားပွဲလေးအောက်ကျသွားလို့ ကိုယ့်မှာ နှစ်ရက်လောက် အိမ်မှာရော အိတ်တွေအကုန်လုံးထဲမှာပါ ရှာလိုက်ရတာ)

စိတ်ပျက်နေမိတာက -
ဟန်ဆောင်မှုတွေ...အပိုစကားတွေ...

စွဲလန်းနေမိတာက -
ရေပြင်လှိုင်းလုံးကြီးပေါ်မှာ ပက်လက်ကလေးနဲ့ ကောင်းကင်ကိုမျက်နှာမော့ပြီး နေဝင်ချိန်ကို လိမ္မော်ရောင်နေလုံးကြီးနဲ့အတူ လိုက်ပါစီးမျောရတဲ့အချိန်

လိုအပ်နေတာက -
ကိုက်နေတဲ့ခေါင်းကို အသာအယာ shampoo လုပ်ပြီး နှိပ်နယ်ပေးမယ့်သူ (ဆိုင်မသွားချင်ဘူး ပျင်းတယ်)

ရောက်နေတဲ့နေရာက -
ခုထက်ထိ နေရာမှာရပ်နေတုန်းပဲလေ..

နက်နက်နဲနဲပြန်စဉ်းစားနေမိတာက -
ကိုယ့်ကိုယ်ကို အချိန်တွေဖြုန်းတီးနေတယ်လို့...

နိဂုံးချူပ်လိုက်တော့ -
တဂ်ပို့မရေးဖြစ်တာကြာလို့ ခုလို မမသက်ဝေနဲ့မနော် တဂ်လာတာကို ရေးရတာ ပျော်နေတယ်...

ချစ်ခင်ရပါသော ဘလော့ဂ်ဂါ အစ်ကိုကြီး အစ်မကြီး မောင်ငယ် ညီမငယ်များလည်း ဆန္ဒရှိရင် ရေးပေးကြပါလို့.....။



မိုးငွေ့



Monday, 31 December 2012

ဂွတ်ဘိုင် 2012 လို့နှုတ်ဆက်ရင်း....(ပစ်ပစ်ရဲ့တဂ်ပို့စ်)




2012 က ကိုယ့်အတွက်အကောင်းဆုံးနှစ်မဟုတ်ခဲ့သလို အဆိုးနှစ်လဲမဟုတ်ပါဘူး...။ နေ့စဉ်မှတ်တမ်းရေးလေ့မရှိလို့ တိတိကျကျမမှတ်မိပေမယ့် မှတ်မှတ်ရရတော့ သုံးလပိုင်းလောက်တုန်းက ရှမ်းပြည်ဖက်ကို ခရီးထွက်ဖြစ်ခဲ့တယ်...။ မွေးနေ့တုန်းက အိုင်ပက်တစ်ခုလက်ဆောင်ရတယ်...။ ပြီးတော့ ချစ်သော ဘလော့ဂ်မာင်နှမတွေဆီက လက်ဆောင်အများဆုံးရတဲ့နှစ်ကလေးပေါ့....သူတို့တွေနဲ့လဲ အများဆုံးဆုံတွေ့ဖြစ်တဲ့နှစ်လေ.....။ ဟုတ်တယ် ဒီနှစ်ထဲမှာ ဖြိုး(ဖြိုးမောင်မောင်)၊ အိကု(ကိုညိမ်းနိုင်)၊ ကိုရဲ(ရဲထွန်းဇော်)၊ ကိုတူး(ညလင်းအိမ်)၊ တီတင့်၊ ကိုဇော်၊ သက်တန့်ချို၊ မမြသွေး၊ မချစ်ကြည်အေး၊ မဝါဝါခိုင်မင်း၊ ကိုကြီး၊ မေညို(ကြည်ကြည်ဒိုင်ယာရီ)၊ မောင်ဘကြိုင်(ချဉ်ပေါင်ခြံ)၊ ကိုကိုစိန်နဲ့ ခုဒီဇင်ဘာလမှာနောက်ဆုံး ဆုံဖြစ်တဲ့သူကတော့ ညီရဲသစ်ပါ....။ အလုပ်တွေပုံမှန်လုပ်တယ်... စာတွေပုံမှန်ရေးဖြစ်နေတယ်...။ ခါတိုင်းနှစ်ထက် ဟင်းပိုချက်ဖြစ်သလားပဲ...။ စာအုပ်တွေလဲများများပိုပြီးဝယ်ဖတ်မိတယ်...။ ဟင်းချက်မဂ္ဂဇင်းတွေကိုလစဉ်ဝယ်ဖတ်ဖြစ်တယ်...။ အက်ဆေးလေးတွေပိုရေးဖြစ်လာတယ်...။ ခံစားမှုပြင်းလာတာတော့မဟုတ်ပါဘူး....။ ဒါပေမယ့် ကိုယ်ပိုပြီးရင့်ကျက်လာသလားဆို မရင့်ကျက်ပါဘူး....။ ဒါပေမယ့် လစဉ်လတိုင်းတော့ အကျိုးပြုအလှူလေးတွေကို တတ်နိုင်သလောက်ပုံမှန်လုပ်ဖြစ်တယ်....။ စိတ်ကိုရှင်းရှင်းထားတယ်...။ အော်...ပြီးတော့ ဒီနှစ်ထူးခြားတာကိုကိုယ့်ကိုချစ်တဲ့သူတွေပိုများလာတယ်...။ မိတ်ဆွေသူငယ်ချင်းပြောပါတယ်ကွယ်...။ ကိုယ်ကချစ်တဲ့သူကတော့ ကိုယ့်ကိုချစ်တဲ့သူထဲမပါတာလေးပဲ အဆိုးတစ်ခုရှိတာပါ....။ ဘလော့ဂါတစ်ယောက်ကတော့ပြောတယ် ဒီနှစ်က ဘလော့ဂါတွေအသည်းကွဲတဲ့နှစ်တဲ့....။ ကိုယ်လား အဲဒီထဲမှာမပါပါဘူး...။ ကိုယ့်မှာကွဲစရာအသည်းတောင်မရှိပါဘူး...။ ကိုယ့်အက်ဆေးတွေ စာစုတွေလာဖတ်ရင်း စာဖတ်သူတိုင်းက ကိုယ်နဲ့ကိုယ့်ဇာတ်ကောင်ကိုရောကြတာ ကိုယ့်ရဲ့သက်ဝင်ခံစားမှုအားကောင်းလို့လို့ထင်ပါတယ်...။ အင်းး...အပျိုကြီးးးးလုပ်တော့မှာလားလို့ ဂျေညီညီသီချင်းလေးနဲ့ မေးကြတာခဏခဏခံရတယ်...။ လုပ်မယ်လို့ပြောပြီး မလုပ်ဖြစ်ရင် စကားမတည်ရာကြမယ်လေနော်...။ အူးလေးအိကုပြောသလိုပဲ....ဒီတိုင်းနေတာပဲကောင်းပါတယ်...။

ဒီနှစ် ဒီဇင်ဘာ21ကို ကမ္ဘာပျက်မယ်ဆိုတဲ့ သတင်းကြီးက တစ်ကမ္ဘာလုံးက လူတွေကို တုန်လှုပ်ခြောက်ခြားစေခဲ့တာမဟုတ်လား....။ ကမ္ဘာပျက်မယ်ဆိုတာ ရုပ်ရှင်ထဲကလိုတော့ ဝုန်းဒိုင်းကြီးမပျက်လောက်ဘူးထင်တာပဲ...။ ခုလဲ ဟိုနေရာမှာ ဟိုဟာဖြစ်ဒီဟာဖြစ်နဲ့ မသိမသာ လူဦးရေကိုလျှော့နေတာတွေ ရာသီဥတုတွေဖေါက်ပြန်ပြောင်းလဲလာတာတွေ မိုးခေါင်လာတာတွေ အပူချိန်မြင့်လာတာ လူတွေအကျင့်စရိုက်ဖေါက်ပြန်လာကြတာ ယောကျာၤးစစ်စစ်တွေရှားပြီး ဂေးတွေများလာတာ (ရန်ကုန်မှာပိုဆိုးလာတယ် မြန်မာပြည်ပြန်ပြီး ကြင်ဖော်ရှာမယ့်သူများ သတိထားဖို့ပါ) စတဲ့လက္ခဏာတွေဆိုတာကလဲ ကမ္ဘာပျက်တာပဲပေါ့....။ အိုကေ...ဒီနှစ်မှာလုပ်ချင်တာတွေကိုမလုပ်ဖြစ်ခဲ့ရတာတွေ လာမယ့်နှစ်သစ်မှာ ဖြစ်မြောက်အောင်မြင်စွာလုပ်ဖြစ်အောင်လုပ်ကြပါလို့ ပြောရင်း ဘိုင့်ဘိုင် 2012 လို့နှုတ်ဆက်ခဲ့ပါတယ်....။ လာမယ့် 2013နှစ်သစ်မှာ အသစ်အသစ်တွေနဲ့ အကောင်းဆုံးဖြစ်အောင်အတူ ကြိုးစားလုပ်ဆောင်ကြစို့လား.....။

သတိတရနဲ့ တဂ်လာတဲ့ ညီမပစ်ပစ်ကို ကျေးဇူးအထူးတင်ပါတယ်လို့ပြောချင်ပါတယ်...။

မိုးငွေ့



Thursday, 1 March 2012

ငါးထောင်တန်ဖုန်းပေါ် ဘလော့ဂါတစ်ယောက်ရဲ့အမြင်(တဂ်ပို့စ်)

အပိုတွေမရေးတတ်တော့လို့ မေးခွန်းလေးတွေကိုပဲဖြေပေးမယ်နော်....။ (၁)ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား?
နိုင်ငံတကာနဲ့ယှဉ်ကြည့်ရင်တော့ တန်ဖိုးနည်းဖုန်းလို့ မဆိုနိုင်ပါဘူး....။ ဒါပေမယ့်တို့များနိုင်ငံမှာ တစ်သက်လုံး လက်ကိုင်ဖုန်းကို သိန်းဆယ်ဂဏန်းနဲ့ဝယ်သုံးလာရသူများအတွက်တော့ တော်တော်တန်တယ်လို့ပြောကြမှာပါ ...။ လက်လုပ်လက်စားတွေအတွက်တော့ နှစ်သိန်းတန်ဖုန်းဆိုတာ ဈေးကြီးနေပါသေးတယ်...။
(၂) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်းနဲ့ တီရှပ်များပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ? ဒါလုပ်သင့်ပါတယ်....ခုလိုလွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိချိန်မှာ ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ဆန္ဒကို တောင်းဆိုပိုင်ခွင့်အပြည့်ဝရှိပါတယ်....။ (၃) ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင် မိပါသလဲ? တောင်းဆိုဖို့က ကိုယ်ရဲ့တာဝန်ပဲလေ။ လွှတ်တော်ထဲကလူတွေဘယ်လိုတုန့်ပြန်မလဲဘဲ စောင့်ကြည့်တာပေါ့..။ (၄) ငါးထောင်တန်ဖုန်းများပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား? ကြိုဆိုတာပေါ့....။ လူတန်းစေ့ကိုင်နိုင်မယ့် တန်ဖိုးနဲ့ ၀မ်းသာစရာမဟုတ်လား...။ နဲနဲကြောက်ရတာက သများတို့ဆီမှာ အဲလို ပေါပေါပဲပဲဆို ကွာလတီက စကားပြောတတ်တယ်...။ စေတနာပါပါနဲ့ လိုင်းကြည်ကြည် ဖုန်းဟမ်းဆက် မရွေးဘဲရရင်တော့အကောင်းဆုံးပေါ့ကွယ်...။ ဒေါက်တာသက်တန့်ချိုရဲ့ တဂ်ပို့စ်လေးပါ....။ နောက်တစ်ခါ ဘလော့ဂါများဆုံရင် အရင်ဦးဆုံးလာခေါ်ပါ့မယ်လို့ ဖားထားလို့ ရေးပေးလိုက်တယ်....း) မိုးငွေ့

Monday, 9 January 2012

တစ်နေ့တာ...(ပစ်ပစ်လေးရဲ့ တဂ်ပို့စ်)





ဟုတ်ပါ့ ပစ်ပစ်ရေ....2012 ရဲ့ ပထမဆုံး tag post လေးပါပဲ..... အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ နှိုးစက်ထမြည်တဲ့ မနက်ရှစ်နာရီနိုးနိုးချင်း ဆေးသောက်တယ်..... မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ ဘိတ်မုန့်ဟင်းခါးနဲ့ ထမင်းနဲ့စားရတာကြိုက်တယ်...ဒါမှမဟုတ် လက်ဖက်ရည်နဲ့ အီကြာကွေး.... လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ... ထမင်းကြမ်းနဲ့ဟင်း...... နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ ဖြစ်နိုင်ရင်အိမ်မှာပေါ့.... အလုပ်သွားတော့ရုံးမှာချက်စားကြတယ်.... အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ ရှမ်းဝက်လက်အေးဟင်းနဲ့ ကောက်ညှင်းပေါင်းပူပူလေး.... အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ မိုးငွေ့ကြိုက်တဲ့ ကော်ဖီခါးခါးတခွက်....(မသောက်ဖြစ်တာများပါတယ်) ညနေစာကိုဘယ်မှာစားတတ်ပါလဲ အိမ်မှာပဲအစားများပါတယ် တခါတလေတရုတ်တန်းက ဆူရှီဝယ်စားတယ်..... ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ ဒီညအင်တာနက်လိုင်းကောင်းပါ့မလား ဘာစာရေးရင်ကောင်းမလဲ ဆိုတာပါ အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.. ပထမဆုံးခံစားမိတာက တနေ့တော့ပြီးသွားပြီဆိုတာပါ ဒုတိယခံစားမိတာက ပင်ပန်းတယ်ဆိုတာပါ တတိယခံစားမိတာက ဘဝရဲ့အလုပ် လုပ်ရမဲ့နေ့ရက်တွေကထဲက တရက်တော့လျော့သွားပြီလို့ (ပစ်ပစ်နဲ့တူတူပဲ) အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ လွယ်အိတ်ကိုခုံပေါ်ပစ်တင်ပြီး ညနေစာဘာချက်လဲလို့ နောက်ဖေးပြေးပြီး အုပ်ဆောင်းအရင်ဆုံးဖွင့်ကြည့်တယ်....။ အိမ်ကချက်တဲ့ဟင်းဆို ငရုတ်သီးထောင်းနဲ့ပဲဖြစ်ဖြစ် ကြက်ဥကြော်နဲ့ပဲဖြစ်ဖြစ်စားမြိန်တယ်.... ဒုတိယလုပ်မိတာလေး.. နက်ဖြန်ရုံးတက်ရင်ဝတ်ဖို့ ဝတ်စုံကိုမီးပူတိုက်တယ်..... ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား.. သောက်တတ်တယ်တခါတလေမှပါ....အရမ်းသောက်ချင်တဲ့အခါမျိုးမှ ပုံမှန်တော့ နို့တစ်ခွက်အမြဲသောက်တယ်... ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ... ကိုယ့်ရဲ့ Mp4 နားထဲထည့် သီချင်းလေးနဲ့အိပ်စက်တယ်.. အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ သီချင်းပဲနားထောင်ဖြစ်တယ် ....တခါတလေ ခေါက်ဆွဲပြုတ်ထသောက်တယ် စာရေးဖြစ်တယ်ဒါပါပဲ...။ တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ ငိုပလိုက်တယ်.... အစားတွေအများကြီးစားပလိုက်တယ်....ဟင်းတွေချက်တယ်......ရှော့ပင်တွေထွက်ပလိုက်တယ် အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း အိမ်သော့...ဖုန်း...ပိုက်ဆံအိတ်...နေကာမျက်မှန် မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ ကိုယ့်ကိုယ်ကို အချစ်ဆုံး ပြီးမှအမေကိုချစ်တယ်.....။ တော်တော်အသက်ကြီးတဲ့အထိတစ်ဦးတည်းသောသမီးဖြစ်ချင်ခဲ့တယ်...။ သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ မရှိသေးဘူးခုထိ... အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ အားလုံးကိုခင်ပါတယ်....... ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.. ကြိုက်တာတွေက သိပ်များနေတယ်ကွယ်.... လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု သော့ချိတ်ကလေးတစ်ခုပါ ခုထိတော့ လက်ထဲမရောက်သေးဘူး အဲဒီလက်ဆောင်လေးက.... ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ ကိုယ့်ရဲ့ချစ်သူ...ထင်တာပဲ ....(ဘယ်တစ်ယောက်လဲမသိဘူး မေးကြည့်ဦးမယ် ကိုကြီးအောင်သာငယ် ညီမပီသအောင်လို့ပါ) အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ ကိုယ့်မွေးနေ့မတိုင်ခင် ကိတ်မုန့်လှလှလေးတစ်လုံးလောက်လုပ်တတ်ချင်တယ်(ခုထိသင်တန်းမတက်ရသေး) .... ကဲ ဂျယ်လီပစ်ပစ်လေးရေ.... သာမီးတဂ်လိုက်တဲ့ တစ်နေ့တာကို မမရေးပေးလိုက်ပီနော်.....။ ကျေနပ်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်.....။ တခြားဘလော့ဂါတွေကိုဆက်မတဂ်တော့ပါဘူး ကျမတဂ်ရင် မအောင်မြင်တတ်လို့ပါ... ဟ ဟ ကိုယ့်အရည်ချင်းကိုယ်သိနေတယ်.....။ 


မိုးငွေ့

Saturday, 24 December 2011

ကျမ၏ဒီဇင်ဘာ.....




ဒီဇင်ဘာဆိုတာ နှင်းပွင့်တွေလှိုင်ဝေတဲ့ ဆောင်းလတစ်လတဲ့လား.....။ ငယ်ငယ်တုန်းက နယ်မှာ အတန်းထဲက သူငယ်ချင်းတချို့က တိုင်းရင်းသူ ခေရစ်ယာန်ဘာသာတွေဆိုတော့ ခရစ္စမတ်ဆို သူတို့ရွာမှာ ထမင်းဖိတ်ကျွေးကြတယ်....။ ခေါပုတ်ပူပူနွေးနွေးတွေထောင်းကျွေးကြတယ်...။ ညဘက်ဆို ကိုယ်တို့ရွာဘက် Carol Singing လာဆိုကြတယ်....။ သီချင်းလာဆိုတဲ့သူတွေကို ကော်ဖီ မုန့် သကြားလုံးစတာတွေနဲ့ ဧည့်ခံကြတယ်...။ ပျော်စရာလေးပဲ....။ ခရစ်ယာန်မဟုတ်ပေမယ့် ခရစ္စမတ်နဲ့တော့ ငယ်ကတည်းက သိပ်မစိမ်းခဲ့ဘူး...။ ဒီဇင်ဘာဟာ ပွဲတော်တွေနဲ့ နှင်းပွင့်ဇာပုဝါအောက်မှာ အမြဲလှပနေတတ်တယ်....ဘယ်အချိန်မဆိုဘဲ...။ ပြီးတော့ နောက်တစ်နှစ်ကူးဖို့ နှုတ်ဆက်ပွဲလေးတွေတပျော်တပါး ကျင်းပကြတယ်....။ ချမ်းအေးပြီး လူတိုင်းကို ပျော်ရွှင်ကြည်နူးမှုတွေ သယ်ဆောင်လာပေးတတ်တဲ့ ဒီဇင်ဘာကို မနှစ်မြို့တဲ့သူ မရှိသလောက်ရှားမယ်လို့ ကိုယ်ထင်ပါတယ်...။ အအေးကဲတဲ့ ရှမ်းပြည်မှာနေဖူးသူမို့....တခါတခါဆောင်းကို ကိုယ်ကြောက်မိတယ်...။ သိပ်အေးခဲလာရင် အဆစ်တွေကိုက်တတ်တဲ့အခါ.... မွေးရာပါနှာခေါင်းပေါက်တစ်ဖက်ကျဉ်းတဲ့သူမို့ အဲလို အရိုးထဲထိအေးခိုက်တဲ့ချိန်မှာ ညည နှာခေါင်းပိတ်ပြီး အိပ်မရလို့ ထထထိုင်နေခဲ့ရတဲ့အခါကျရင်ပေါ့...။ ရန်ကုန်ရောက်လာတော့ ဒီဇင်ဘာနဲ့ ကိုယ်နဲနဲစိမ်းသွားတယ်..........တော်တော်ကြာတဲ့ အထိပါပဲ...။ ကိုယ့်ဘဝမှာ မှတ်မှတ်ရရ ဒီဇင်ဘာကတော့ ကိုယ်တက္ကသိုလ်ဒုတိယနှစ်တက်တုန်းကပေါ့...။ မနက်စောစောစီးစီးတက်ကြွစွာ နှင်းအအေးဒဏ်ကို အန်တုလို့ ကိုယ့်မေဂျာကမဟုတ်ဘဲ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ဘောလုံးကွင်းတစ်ခုဆီကို မေဂျာအလိုက်ပြိုင်ပွဲလေးတစ်ခုအတွက် အားပေးဖို့ ရောက်သွားခဲ့ဖူးတယ်...။ ကိုယ်အားပေးချင်တဲ့သူက ကိုယ့်ထက်ဂျူနီယာကျတဲ့ ပထဝီမေဂျာက အသားညိုညိုနဲ့ ကောင်လေးကိုပါ...။ အဲဒီနေ့က ပထဝီနဲ့ ရုက္ခဗေဒ မေဂျာတို့ကန်တဲ့ပွဲ...။ ကိုယ့်နဲ့သိတဲ့ သူငယ်ချင်းတချို့က ကိုယ့်မေဂျာမဟုတ်ဘဲ ဘယ်သူ့ကိုလာအားပေးသလဲဆိုပြီး စပ်စုကြတယ်....။ နောက်တော့ အဲဒီအသားညိုညိုကောင်လေးနဲ့ ကိုယ်တို့အဖွဲ့ သူငယ်ချင်းတွေဖြစ်သွားကြတယ်...။ သူက ခရစ်ယာန်ဆိုတော့ ခရစ္စမတ်ဆို သူ့အိမ်မှာ ဆုတောင်းပွဲလုပ် ထမင်းဖိတ်ကျွေး သူ X'mas Carol သွားဆိုရင်လိုက်ဖူးတယ်...။ အဲဒီကျမှာ ဒီဇင်ဘာနဲ့ ခရစ္စမတ် ကိုယ်နဲ့ ပြန်နီးလာခဲ့တယ်...။ ရန်ကုန်ရဲ့ ဆောင်းက အအေးပေ့ါတတ်လို့ ကိုယ့်အတွက်နေလို့ကောင်းတယ်...။ RC3မှာ ခရစ်ယာန်သူငယ်ချင်းသုံးယောက်ရှိတယ်...။ သူတို့ အားလုံးအဆိုကောင်းကြတယ်....။ တစ်ယောက်ကအဆိုကျွမ်းကျင်တယ် ...တစ်ယောက်က ဂီတာတီးကောင်းတယ် နောက်တစ်ယောက်က ပီယာနိုရတယ်....။ အဲတုန်းကအချိန်ကို ခုပြန်တွေးကြည့်တော့ လွမ်းစရာပါပဲ...။ ကျောင်းပိတ်ရက်ရှည်တွေနဲ့ ကျောင်းပြီးတော့ သူငယ်ချင်းတွေနဲ့ သိပ်အဆက်အသွယ်မရှိတော့ဘူး...။ ခရစ္စမတ်လဲ ကိုယ်နဲ့ ထပ်ဝေးသွားပြန်တယ်....။ ခု ကိုယ်နေတဲ့ ရပ်ကွက်မှာ ကချင်တွေ ချင်းတွေများတယ်...။ ကချင်ဘုရားကျောင်း ချင်းနှစ်ခြင်းဘုရားကျောင်းတွေရှိတော့ ခုလို ဒီဇင်ဘာလမှာ ညည သီချင်းဆိုတဲ့အဖွ့ဲတွေက တစ်ဖွဲ့ပြီးတစ်ဖွဲ့ပါပဲ...။ သူတို့တွေ “Marry Christmas” လို့အော်သံကြားရင်.... ဟိုးးး လွန်ခဲ့တဲ့ အတိတ်ဆီက ဒီဇင်ဘာကိုရောက်ရောက်သွားသလိုပဲ....။ ကိုယ်တို့အခန်းဘေးက မိသားစုလဲ RC ပဲ ခရစ္စမတ်ဆို ကိုယ်တို့ကို နှစ်တိုင်း ထမင်းဖိတ်ကျွေးလေ့ရှိကြတယ်....။ ကိုယ့်ဘဝမှာ ဒီဇင်ဘာနဲ့ ပတ်သက်တဲ့ အမှတ်တရတွေအများကြီးရှိခဲ့ဖူးပါတယ်...။ ဒီနှစ်တော့ ဒီဇင်ဘာရဲ့ မြူနှင်းငွေ့တွေကြားမှာ “ဧဝ” ကပေးတဲ့ အစိမ်းရောင်ပန်းသီးလေးတစ်လုံး ကိုယ်လက်ဆောင်ရထားတယ်...။ အဲဒီပန်းသီးလေးကို ကိုယ်ကိုက်စားသင့်သလား စဉ်းစားနေတယ်....။ 

ချစ်ခင်စွာတဂ်လာပေးသော ညီမလေးရို့စ်နဲ့ ကန်ဒီတို့ကို အထူးကျေးဇူးတင်ပါတယ်....။ ဒီတဂ်ပို့စ်ကို ဘလော့ဂါအစ်ကိုအစ်မ မောင်ငယ်ညီမငယ်တွေတော်တော်များများရေးပြီးတင်နေကြတာတွေ့ရပါတယ်..။ ခုလို အားလုံးရဲ့ ရင်ထဲက ဒီဇင်ဘာကို လှပစွာ ဖွင့်ဆိုခင်းကျင်းပြသထားတာကိုတွေ့ရလို့လဲ ဒီတဂ်ပို့စ်လေးကို စတင်တဂ်လာတဲ့ညီမရို့စ်ကိုထပ်ပြီးကျေးဇူးတင်မိပါတယ်...။ ရို့စ်ရဲ့မေးခွန်းတွေကို မဖြေဘဲ ကိုယ်သန်ရာအရေးလေးနဲ့ပဲရေးလိုက်တာမို့ ကျေနပ်နှစ်သိပ်လိမ့်မယ်လို့ ယုံကြည်ပါတယ်...။

စာလာဖတ်သူအားလုံးနဲ့ ဘလော့မောင်နှမအားလုံး Merry Christmas & Happy New Year.....


မိုးငွေ့

Friday, 9 September 2011

“ဘလော့ဂါဆိုတာဘာလဲ”






နတ်ဆိုးလေးတဂ်တဲ့ပို့စ်လေးပါ.....။ ကျေးဇူး...နတ်.... ကုန်ကြမ်းပြတ်တုန်းလာတဂ်လို့.....။ အတဂ်ခံရတဲ့ ဘလော့ဂါအတော်များများ ရေးပြီးတင်နေကြပါပြီ....။ ဘလော့ဂါဆိုတာဘာလဲ ဆိုတဲ့ အဓိပ္ပါယ်ကို အကျယ်တဝင့်ဖွင့်မပြတော့ပါဘူးလေ....။ ရှေ့က အတဂ်ခံရတဲ့ ပုဂ္ဂိုလ်များရှင်းလင်းပြီးသားဆိုတော့....။

ကျမရဲ့ ဘလော့ဂါကို ဖွင့်ဆိုပုံတွေက နည်းနည်း စိတ်ကူးယဉ်ဆန်နေမလားလို့.....။ ရေးမယ့်သာရေးရတာ ဒီခေါင်းစဉ်က နည်းနည်းတော့စားတယ်ဗျ....။

ဘလော့ဂါ...ဆိုတာဘာလဲတဲ့...အလွယ်ကလေး လူတစ်ယောက်ပဲပေါ့....။ အဲဒီလူရဲ့ စိတ်ထဲက ခံစားသမျှတွေကို ဖွင့်ချထားရာ....မှတ်တမ်း မှတ်စု.... လူတစ်ယောက်ရဲ့ ဒိုင်ယာရီ... လူတစ်ယောက်ရဲ့ ဘဝတစ်စိတ်တဒေသ တစ်ခါတစ်ခါ လူတစ်ယောက်ရဲ့ ဝိဉာဉ်လည်းဖြစ်ချင်ဖြစ်နေမှာ....။ အဲဒီဘလော့ဂါဆိုတဲ့လူတွေက သူတို့ထက်သန်ရာ အကြောင်းအရာ... သူတို့ဝါသနာတချို့ သူတို့ရင်ဖွင့်စရာ... သူတို့နားခိုရာအဖြစ် ဘလော့ကိုမှီခိုအားထားကြတယ်....။ အဲဒီဘလော့ကိုမှီခိုအားထားပြီး ပြောချင်ရာပြော တင်ချင်ရာတင်တဲ့သူကို ဘလော့ဂါလို့ခေါ်တယ်....။

လူအမျိုးမျိုး စိတ်အဖုံဖုံရှိကြတဲ့အထဲမှာ ဘလော့ဂါတွေရဲ့ ရင်ဖွင့်သံအသီးသီးက ပြခန်းကြီးတစ်ခုထဲက ပန်းချီကားချပ်တွေလိုပါပဲ.....။ တချို့က ပန်းပွင့်ပုံတွေချည်းဆွဲကြတယ်....။ တချို့က ဟင်းသီးဟင်းရွက်ပုံတွေ ဆွဲတယ်...။ တိရစ္ဆာန်ပုံတွေ.... စိတ္တဇဆန်ဆန်ကားတွေ....ဘာသာတရားနဲ့ပတ်သက်တာတွေ ဒဏ္ဍာရီထဲကပုံပြင်တွေ အတောင်ပံနဲ့ နတ်သမီးလေးတွေ....ရာဇဝင်ထဲကပုံရိပ်တွေ မျဉ်းဖြောင့်တွေ မျဉ်းကွေးတွေ စက်ဝိုင်းရောင်စုံတွေ.....တကယ့်ကို ခမ်းခမ်းနားနားတွေ့ရပါလိမ့်မယ်....။ ဒါတွေအားလုံးဟာ ဘလော့ဂါတွေကိုယ်တိုင်ဖန်ဆင်းထားကြတာပါ....။ တနည်းအားဖြင့် အွန်လိုင်း စာပေအဝိုင်းအစုလေးပါပဲ.....။

အွန်လိုင်းက ဘလော့ဂါတွေနဲ့ အပြင်လောက စာရေးသူတွေ ဘာကွာသလဲဆိုတော့ ဘလော့ဂါတွေကတော့ အချင်းချင်းတစ်ယောက်အိမ် တစ်ယောက်အဝင်အထွက် များတော့ ပိုပြီး ချစ်ခင်ကြတယ်...ရင်းနှီးကြတယ် နွေးထွေးကြတယ်.... မောင်နှမအရင်းချာလို ကူညီရိုင်းပင်းကြတယ်....။ ပြောရဦးမယ် ဘလော့ဂါတွေက ဘလော့မှာတင်မဟုတ်ဘူး မျက်နှာစာမျက်နှာမှာတောင် အစုအဖွဲ့နဲ့ ကြီးစိုးနေကြပုံများ....။ ချစ်စရာကောင်းပါတယ်....။ တစ်ယောက်နဲ့တစ်ယောက် မိုင်ရာချီ ထောင်ချီဝေးနေကြပေမယ့် တကယ့်အရင်းအချာလိုချစ်ခင် တွယ်တာတတ်ကြတာ...။ အပြင်မှာတစ်ခါမှမဆုံဖူးကြပေမယ့် တကယ် တွေ့ဆုံဖြစ်ကြတဲ့အခါလည်း ထူးဆန်းစွာ တစ်ယောက်ကိုတစ်ယောက် စိမ်းမနေဘဲ.... ဟိုးးးနှစ်ပရိစ္တေကတည်းက ရင်းနှီးကျွမ်းဝင်လာကြတဲ့ မိတ်တွေသဖွယ်...ရှိကြတာပါပဲ...။ အဲဒါဟာ အွန်လိုင်းက ဘလော့ကရတဲ့ ဘလော့ဂါတွေရဲ့ အဖြူရောင် ကြိုးမျှင်တွေပါပဲ......။

ဤသည်မှာ အကျွန်ုပ်၏ ဘလော့ဂါဖွင့်ဆိုချက်ပြီး၏....။ ((ဟမ်))....ဒါလေးပဲလားလို့ မမေးနဲ့ ဒါလေးပဲ ရေးလို့ထွက်တယ်ကွယ်....။

ကဲ... နတ်ရေ.... တဂ်ပို့စ်လေးအတွက် ကျေနပ်လိမ့်မယ်ထင်ပါတယ်......။ နတ်ကိုယ်တိုင်တဂ်ထားတဲ့ လူတွေလဲစုံနေပြီဆိုတော့ တခြားဘလော့ဂါတွေကို နာမည်တပ်ပြီးဆက်မတဂ်တော့ပေမယ့် မရေးရသေးတဲ့ ဘလော့ဂါတွေနဲ့ အတဂ်မခံရသေးတဲ့ ဘလော့ဂါများလည်း ဝမ်းသာပျော်ရွှင်စွာ ရေးတင်ပေးကြပါလို့ မေတ္တာဖြင့်တောင်းဆိုပါ၏။ ဒီပို့စ်လေးမတင်ခင်မှာ လင်းခေတ်ဒီနိုရဲ့ “ဘလော့ဂါဆိုတာ”ပို့စ်ကို ခပ်မိုက်မိုက်လေး ဒီလိုဖတ်ရလိမ့်မယ်...။



မိုးငွေ့

Wednesday, 24 August 2011

Blog Day အမှတ်တရ.....




Aug 31 မှာကျရောက်မယ့် blog day အတွက် အမှတ်တရလေးရေးပေးဖို့ ကြောင်ကလေးမောင်မျိုးက တဂ်လိုက်ပါတယ်...။ ဒီလောကထဲ ကိုယ်ရောက်လာတာ လာမယ့် ဒီဇင်ဘာဆို သုံးနှစ်ပြည့်ပြီ.....။ ဘယ်လောက်ပဲ သက်တမ်းရှိရှိ ခုထိတော့ ကိုယ့်ကိုယ်ကို အသစ်တစ်ယောက်လိုပဲမြင်နေတုန်း စီဘောက်တွေကို အပြေးဖတ်ချင်တုန်း ဒီနေ့ဘယ်နှစ်ယောက် လာဖတ်သွားသလဲ စောင့်ကြည့်နေမိတုန်း....။ ပို့စ်အသစ်တင်ပြီးတိုင်း ကော်မန့်ဘယ်နှစ်ခုရသလဲ ရင်ခုန်မိတုန်း....။ သုံးနှစ်ပြည့်အမှတ်တရအတွက် တလောကပဲစာလေးကြိုရေးထားတာ သတိရသလောက် ရေးစရာရှိတာလေး ကောက်ကောက်ရေးထားတာ....။ ခုတော့.....ဘလော့ဒေးအတွက်ရေးဖို့ သွေးပူလေ့ကျင့်ခန်းယူပြီးသားဖြစ်သွားတာပေါ့....။ မောင်မျိုးက ၂၀၀၇ ကတည်းကစရေးတာဆိုတော့ သူကကိုယ့်ထက်ဝါပိုရင့်တယ်....။ ရေးစရာ သိပ်ပြီးရှည်ရှည်ဝေးဝေးရှိမှာမဟုတ်တဲ့ အတွက် အပိုင်းတစ်တွေနှစ်တွေလည်း မခွဲတော့ပါဘူး...။ တစ်ခါတည်းတစ်ကားပြီးပဲကောင်းတယ်...။ တကယ်တော့ စာရေးချင်လွန်းလို့သာ ဘလော့လောကထဲရောက်နေတာ... စာရေးတာကလွဲလို့ နည်းပညာဆိုင်ရာ ဘာဆိုဘာမှမသိသူပါ....။ စိတ်ထဲခံစားရတဲ့ အတိုင်းရေးသည်....။ ရုပ်ရှင်စကားနဲ့ပြောရရင် ခုချိန်ထိ အကယ်ဒမီမှန်းပြီးရိုက်တဲ့ကားမရှိသေး.... အဲ ဘာဆု ညာဆုရဖို့ ပြိုင်ပွဲလည်းမဝင်ဖူး... ဘယ်မဂ္ဂဇင်း ဘာစာအုပ်ထဲမှာမှ မရေးဖူးသေး အဲဒီလိုထည့်ဖို့ရာလည်း ကိုယ့်စာတွေက အဆင့်မမီသေး....။ အဲဒါကြောင့်....။

၂၀၀၈မှာ မောင်လေးတစ်ယောက်က ဘလော့လေးတစ်ခုလုပ်ပေးခဲ့တယ်....။ မိုးငွေ့နှင့်အတူဖြစ်လာရခြင်းကို ဒီမှာရေးထားဖူးတယ်...။ ဘလော့စရေးတော့ စာရေးခပ်ကျဲကျဲပါပဲ ဘယ်သူနဲ့မှလည်း သိပ်မသိဘူး....။ ဘလော့လုပ်ပေးတဲ့မောင်လေး ချိပ်ပေးထားတဲ့ လင့်ခ်တွေကိုပဲ လျှောက်သွားပြီးစာဖတ်တယ်...။ ကိုကလိုစေးထူးရှိတယ် ကိုရင်ညိမ်းရှိတယ် မလေး(အိမ့်ချမ်းမြေ့)ရှိတယ်... ညခင်းရဲ့လမင်း ကိုရင်နော်ခင်လေးငယ်...။ ကျန်တာသိပ်မမှတ်မိတော့ဘူး အိမ်အသစ်ပြန်ပြောင်းတော့ လင့်ခ်တွေကျန်ခဲ့တာ....။ ပထမဦးဆုံး ကိုယ်နဲ့ အိမ်ခေါ်နာမည်ချင်းတူတဲ့ မီးမီးခေါ်နိုင်းနိုင်းစနေ ဆီကို နေ့တိုင်းရောက်ဖြစ်တယ်...။ သူတင်တဲ့ပို့စ်တိုင်း လိုက်ဖတ်တာ ဒီနေ့ထိပါပဲ....။ သူ့ရဲ့ ဗဟုသုတရစရာစာတွေ ရသတွေ ဘဝသင်ခန်းစာတွေကို ဘာသာပြန်ထားတာကြိုက်တယ်...။ ကိုယ်က ရှမ်းပြည်ကလာတော့ သူတာချီလိတ်ရောက်တုန်း တင်တဲ့ ရှမ်းအစားအစာတွေကို သိပ်သဘောကျတယ်....။ နောက်တစ်ယောက်က သက်တန့်ချို သူ့ကိုတော့အစက မိန်းကလေးပဲထင်ခဲ့တာ သူ့ကို ကိုယ်နဲ့တစ်ရုံးတည်းအလုပ်လုပ်တဲ့ ညီမလေးပန်းခင်းလေး ဘလော့သွားလည်ရင်းနဲသိခဲ့တာ...။ သူ့ဘလော့ကိုဖတ်ရတာ သုတစွယ်စုံတစ်အုပ်တစ်အုပ်ကို ဖတ်နေသလို့ပဲ ကိုယ်မသိသေးတဲ့ ကမ္ဘာပေါ်က အထူးအဆန်းတွေအကုန်လုံးတင်ထားတယ်... ဒါ့အပြင် ကျန်းမာရေးအကြောင်းလေးတွေကိုလဲ ဗဟုသုတရစရာရေးတတ်ပါတယ်...။

အဲဒီကနေ အသည်းကွဲကဗျာတွေချည်းရေးကြတဲ့ ညလင်းအိမ် အနှိုင်းမဲ့ နတ်ဆိုးရေးတဲ့အလွမ်းပုရပိုဒ်တို့နဲ့ အွန်လိုင်းသူငယ်ချင်းတွေလည်းဖြစ် အရမ်းလည်းခင်ခဲ့တယ်....။ ခုချိန်ထိလဲ ဖဘမှာ မခွဲအတူရှိနေကြဆဲ..။ စကားလုံးအားသန်တဲ့ ကိုယ့်ကိုမိုးကြီးလို့ခေါ်တတ်တဲ့ ကဗျာဆရာမိုးစက်အိမ်....။ စာတော်တော်စုံစုံရေးဖြစ်တဲ့ ကျမကြိုက်၏မကြိုက်၏တဂ်ပို့စ်ကိုတဂ်ပြီး ခုထိလာမဖတ်သွားသေးတဲ့ ဆိုင်းပရက်စ်က အဖြူရောင်နတ်သမီး ကိုလည်း ညီအစ်မအရင်းလိုခင်မင်ခဲ့တယ်....။ သူတို့ စီဘောက်မှာ ဟိုဟာရေးဒီဟာရေး စနောက်နေကျပေါ့...။ အလွမ်းစာတွေရေးတတ်တဲ့ ညီမလေးနှင်းဆီနက် ....။ ရွှေဝတ္ထုတိုဆုရထားတာ မကြာသေးတဲ့မြတ်မွန်....။ ခုနောက်ပိုင်းစာရေးကျဲနေတဲ့ ညီမသဒ္ဒါလှိုင်း။ ဝတ္ထုတိုကောင်းကောင်းလေးတွေ ကဗျာလှလှလေးတွေကို ရေးတတ်တဲ့ ကိုဏီလင်းညို.... မသိဂါၤ....။ ဟင်းကောင်းကောင်းတွေချက်တတ်တဲ့ အထူးအဆန်းပို့စ်လေးတွေ တင်တတ်တဲ့ မချော...သူတို့တွေအားလုံးနဲ့လည်းအရမ်းခင်တယ်....။

အထက်က ကဗျာ ကဗျာဆရာမတွေ စာရေးစိပ်တဲ့ အချိန်ထိတော့ မိုးငွေ့က သူတို့ဆီမှာပဲ တဝဲလည်လည်ရှိသေး...။ တခြား ဘလော့လည်ပြီးစာဖတ်တာ သိပ်မလုပ်ဖြစ်ဘူးဗျ....။ ၂၀၀၉ တစ်နှစ်လုံးဆိုပါတော့......။ ကဗျာဆိုလို့ ကိုယ့်ရဲ့ ချစ်ညီမလေး ခေါင်ခေါင်ကိုတော့ ဘယ်ထားခဲ့လို့ရပါ့မလဲ..။ သူ့ကိုလည်း ပန်းခင်းလေးဘလော့ကနေတွေ့လို့ စာသွားဖတ်ရင်း သိခဲ့တာပဲ...။ ကိုယ်စာသွားဖတ်တဲ့ အချိန် သူက ဘလော့လောကနေ ကိုယ်ယောက်ဖျောက်ခါစလေး....။ သူစာတွေဆက်မရေးရင် သူ့ကဗျာကောင်းလေးတွေ ပျောက်ကုန်မှာဆိုးလို့ သူ့ကဗျာတွေကိုခေါင်ခေါင်ရဲ့ကဗျာများ ဆိုတဲ့လေဘယ်နဲ့ သီးသန့်လုပ်ထားတယ်....။

၂၀၁၀ လောက်မှ ဘလော့အိမ်လည်ခြင်းကို ကျယ်ကျယ်ပြန့်ပြန့်လေးလုပ်လာခဲ့တယ်....။ အဲဒီမှာ မပန်ဒိုရာကိုသိလာတယ်...။ သူရေးတဲ့ Avator ရုပ်ရှင်ခံစားမှုစာလေးကိုစဖတ်ရင်းပေါ့...။ ပြီးတော့ သူ့ဘဲငန်းဇာတ်လမ်းလေးလည်း ဘလော့မှာ အင်မတန်ပွဲစည်ခဲ့တဲ့ ပို့စ်အတွဲလေးပဲ....။ ရယ်စရာဟာသစာရေးဆရာ မဟုတ်ပေမယ့် စာရေးရင် ပြုံးချင်စရာအရေးအသားလေးတွေနဲ့ စွဲဆောင်တတ်တဲ့ မချစ်ကြည်အေး ...။ အက်ဆေးလှလှလေးတွေကို စီးမျောလိုက်ပါလာအောင်ရေးတတ်တဲ့ မသက်ဝေတို့ကိုခင်လာတယ်....။ ဖဘသုံးကတည်းက တော်တော်လေးရင်းနှီးသွားကြတာ......။ ဓါတ်ပုံဝါးဝါးလေးတွေကိုတင်တတ်တဲ့ စလုံးပေါင်းအမှားတွေကို ဒီအတိုင်းအမြဲတင်တတ်တဲ့ တိမ်တွေကိုချစ်တတ်တဲ့ မမခင်ဦးမေ......။ ရသကောင်းကောင်းနဲ့ တခါတလေမော်ဒန်ဆန်တဲ့ စာတွေရေးတဲ့ မနော်(မနော်ဟရီ)။ ကျနော် ကျနော်လို့အမြဲပြောတတ်တဲ့ မန်းသူ မကြီးရွှေစင်။ ဘယ်တော့မှမရိုးအီနိုင်တဲ့ သူ့စာဖတ်တိုင်းအမြဲရယ်ရတဲ့အမြဲရှင်သန်နေဆဲ ကျမတို့ရဲ့ ကိုကြီးကျောက်...။ ကိုယ့်ထက်အသက်ကြီးတဲ့ အစ်ကိုတွေအစ်မတွေနဲ့ သိကျွမ်းရတာသိပ်ကောင်းတာပဲ...။ ကိုယ်မသိသေးတာက အများကြီးပဲလေ...။ ကိုယ်မသိသေးတာကို သူတို့ဆီကသိရတယ်...။ ကျောင်းသားဘဝထဲက သူငယ်ချင်းအပေါင်းအသင်းတွေက ကိုယ့်ထက်ငယ်တဲ့သူတွေများတယ်...။ အိမ်မှာလည်းအကြီးဆုံးဆိုတော့ အစ်ကိုအစ်မတွေမရှိတော့ အစ်မတွေနဲ့ ခင်မင်ရတာ သိပ်ကိုဝမ်းသာတယ်....။ အထက်မှာပြောပြထားတဲ့ ဘလော့ဂါတွေနဲ့ အပြင်မှာ အားလုံးလိုလို မြင်ဖူးထားတယ်...။ ဂျင်းစုတ်လေးဆိုတဲ့ အင်ကြင်းသန့်ကိုတော့ မချစ်တို့ မသက်ဝေတို့ဆီမှာ ကော်မန့်သွားပေးရင်းသိခဲ့တာ...။

ဘလော့လောကထဲက မောင်နှမတွေဆီ တစ်ဆင့်တစ်ဆင့်သွားလည်ရင်းက ခုနောက်ပိုင်းမှသိလာရတဲ့ ဘလော့ဂါတွေကတော့ ထိုင်းအစားအစာတွေ သဘာဝရှုခင်းတွေ ဖက်ရှင်ရှိုးတွေ ရိုက်ကွင်းတွေကိုတင်ပေးတတ်တဲ့ မွန် အေးချမ်းတဲ့အားကျစရာ မိသားစုလေးနဲ့ စာရေးကောင်းတဲ့ ကိုညီလင်းသစ်၊ ကိုယ်ကအစားမက်တော့ ဟင်းချက်တဲ့ အိမ်ရှင်မဘလော့တွေ ဆီကိုလည်း တော်တော်ရောက်ဖြစ်တယ်...။ တစ်ယောက်ချင်းမရေးပြတော့ပါဘူး.......။ မအိမ်သူ မရို့စ် မဒမ်ကိုး မိုးပန်းချီတို့ Jasmine တို့တွေကဘလော့ ညီအစ်မအသစ်တွေပေါ့...။ မိုးပန်းချီကိုတော့ ဖဘမှာကတည်းက သိတာ နာမည်လေးကို သဘောကျလို့ သူ့ဘလော့ကိုသွားလည်ဖြစ်သွားတယ်...။ ဦးဟန်ကြည် အန်တီတင့် ကိုညိမ်းနိုင် ကြယ်လွမ်းသူနဲ့ နတ်ဆိုးလေးတို့ကိုတော့ ကော်မန့်လာရေးတာတွေ့ရင်းနဲ့ သိသွားတာ....။ ဒီတော့မှ အော်.. အသင်တို့ ဘလော့လောက အတော်ကျယ်ပြန့်သကိုးလို့ သုံးသပ်မိတယ်.....။ ဒါတောင်ကိုယ်သိနေတဲ့ ကိုယ့်ပတ်ဝန်းကျင်က သေးသေးလေးရှိသေးတာ...။ အသစ်မောင်ငယ် ညီမငယ်တွေလည်း အားမလျှော့ပါနဲ့ ရေးကြပါလို့... အားပေးတိုက်တွန်းချင်ပါတယ်....။ ဘာပဲဖြစ်ဖြစ် ကိုယ့်အစ်ကိုတွေ အစ်မတွေအများကြီးဆီကနေ ပညာရတယ် အားတွေရတယ်မဟုတ်လား...။

မောင်မျိုးပြောသလိုပဲ ဘလော့ဂါဖြစ်ရတာပျော်တယ်....။ ကိုယ်နဲ့ မမြင်ဖူးတဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေတွေလည်းတိုးပွားတယ်....။ စာရေးရတာလည်းပျော်သကိုး ဘယ်တော့မှမသေနိုင်တဲ့ပိုး....။ တကယ်တော့ ဒီတဂ်ဂိမ်းရဲ့ မူလပင်ရင်းကတော့ ကိုအောင်(ပျူနိုင်ငံ)ပါ ...။ ဘလော့လောကအကြောင်းအရာ အစအဆုံးနီးပါးကို အပိုင်းသုံးပိုင်းခွဲပြီးတင်ထားတဲ့ ကိုအောင့်ဘလော့မှာ စုံစုံလင်လင်သွားဖတ်ဖြစ်ကြမှာပါ....။ သူ့ကိုတော့ မသိပါဘူး... မသက်ဝေတို့ဆီမှာတော့ ခဏခဏတွေ့ဖူးပါတယ်....။ ကိုအောင်တဂ်လို့ မောင်မျိုးရေးသည်...။ ယခုတစ်ခါ မောင်မျိုးတဂ်လို့ မိုးငွေ့ရေးသော... ဘလော့ဒေး၏အမှတ်တရပို့စ်လေးတစ်ပုဒ် ဒီမှာတင်တစ်ခန်းရပ်လိုက်ပါသည်..။ ဆက်ပြီးမတဂ်တော့ပါဘူး ချစ်သော ဘလော့မောင်နှမများ ဘလော့ဒေးအတွက် အမှတ်တရရေးတင်ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်...။

စကားချပ်။ ။ မောင်မျိုးနဲ့သိတာ သိပ်မကြာသေးဘူး....။ မိုးငွေ့ရဲ့ နောက်ဆုံးသူငယ်ချင်း အသစ်စက်စက်လေး ဆိုပါတော့...။ ဖဘမှာတော့ ကြောင်ရုပ်ကလေးနဲ့ အမြဲမြင်နေကျပါ....။



မိုးငွေ့

Tuesday, 2 August 2011

ကျွန်မကြိုက်၏ မကြိုက်၏.....






အဖြူရောင်နတ်သမီးဆီသွားလည်ရင်း အတဂ်ခံလာရတာ......။ အစအဆုံးလည်းဖတ်ပြီးရော.... ဒီလူဒီလူတွေကို တဂ်ပါတယ်တဲ့...။ အမှန်က ဒီပို့စ်ကလည်း နတ်သမီးစခဲ့တာမဟုတ်ဘူး.... ။ သူလဲ အတဂ်ခံရတာပါပဲ....။ ဖဘက ကြောင်အဖွဲ့ တဂ်လိုက်တာတဲ့လေ....။ အလိုလိုနေ.... ကိုယ်လဲ ကြောင်အဖွဲ့ထဲရောက်သွားပြီလား....။ third party ဆိုတော့ နည်းနည်းတော့ဝေးပါတယ်.....။ ကြောင်တော့မချစ်တတ်ဘူးနော်...။ ကြောင်မှမဟုတ်ပါဘူး.... ဘာအကောင်မှမချစ်တတ်တာ....။ ဟိုးး တလောက မသက်ဝေရဲ့ ဒေးလီးလိုက်ခ်နဲ့ ဒစ်လိုက်ခ်မှာတုန်းက ဒေးလီးဒစ်လိုက်မှာ ရေးဖူးပါတယ်.... ကိုယ်မကြိုက်ဆုံးအရာတွေကိုပေါ့....။ ခုတော့ ကြိုက်တာရော မကြိုက်တာတွေရော အတူရေးပေးရမယ်တဲ့...။ သူများ ဘလော့ဂ်တွေမှာ သွားချောင်းလာခဲ့ပြီးပြီ......သူတို့တွေဘယ်လိုရေးသလဲ.......။ မိုးငွေ့ရဲ့ အကြိုက်တွေ ရေးရမယ်ဆိုရင်တော့ များမှာ... အတိုပဲချုံ့ပေးလိုက်တော့ကောင်းမယ်...။ ကိုယ်က အရပ်အရှည်ထဲမှာမပါသလို အရပ်နိမ့်သူလည်းမဟုတ်ဘူး....။ ငါးပေလေးလက်မ ဆိုတာ မြန်မာအမျိုးသမီးတစ်ယောက်အတွက် အနေတော်လောက်ဖြစ်မယ်ထင်ပါတယ်....။ ကိုယ့်အကြိုက်ထဲမှာ ကိုယ့်ဆံပင်ခွေခွေတွေပါတယ်.......။ အသားအရေ(ညိုနေတာကိုကြိုက်တာ)....။ ခြေဖမိုးနဲ့ခြေချောင်းလေးတွေကို ကြိုက်တယ်....။ ဒါပေမယ့် ခြေတံတွေကိုတော့မကြိုက်ဘူး ...။ အဝတ်အစားဆို အစုံဝတ်ရတာကိုကြိုက်တယ် ဒီဟာမှ ဒီလိုမျိုးရယ်မှမဟုတ်ဘူး... ကိုယ်က ဖက်ရှင်ကြိုက်တော့ ဖက်ရှင်ကျမယ့်ဘယ်အဝတ်မျိုးမဆို ဝတ်တယ်...။ (စာရီမဝတ်ဖူးသေးဘူး ဝတ်ကြည့်ချင်တယ်)....။

သူ့နေရာ ဒေသ အခြေအနေကိုလိုက်ပြီး သင့်လျော်တဲ့ အဝတ်မျိုးဝတ်တယ်.....။ အကြိုက်ဆုံးလို့လာမပေးနဲ့ ခေါင်းကစ ခြေထောက်ထိအကုန ်ကြိုက်တယ်...။ ဦးထုပ်ဆိုလဲ ဦးထုပ် ...။ မျက်မှန် လက်ပွေ့အိတ်.... ဖိနပ်.... ဖန်စီ ပိစိပိစိတွေပါမကျန် အကုန်ကြိုက်တယ်ကွယ်..။ ညနေရေချိုးပြီးရင် ရွှေဘိုသနပ်ခါးစစ်စစ်ကို ခပ်ပါးပါးလေးလိမ်းရတာကြိုက်တယ်...။ ကိုယ့်မျက်နှာက မိတ်ကပ်နဲ့မလိုက်ဘူး....။ ဒီအတိုင်းပြောင်သလင်းခါလေးနဲ့ ပိုကြည့်ကောင်းတယ်....။ အစားအသောက်ကတော့ ခေါက်ဆွဲဆို မျိုးစုံကြိုက်တယ်....။ ဂျီးမများဘူး အကုန်စားတယ်....။ ဘယ်နယ် ဘယ်နေရာကိုရောက်ရောက် ဒေသခံအစားအစာတွေကို မြည်းစမ်းရတာကြိုက်တယ်....။ အသားဆို စစ်သားနဲ့ သစ်သားပဲရှောင်တယ်........လို့ မပြောပါဘူး....။ မြွေတို့ ဘာတို့ တောက်တဲ့တို့လို အကောင်မျိုးတော့ မစားဘူးပေါ့..။ ငါးပိချက် ငံပြာရည်ချက်တွေကြိုက်တယ်....။ မန်းမှာနေတုန်းကဆို သူတို့ထမင်းစားရင် ငံပြာရည်ဖျော်အမြဲပါတယ်... ငရုတ်သီးကြော်နဲ့ ငံပြာရည်ဖျော်ထားတာကြိုက်တယ်...။ 

ခုတလော...အစားချင်ဆုံးက အုန်းထမင်းနဲ့ ကြက်သားဆီပြန်... အမဲကြော်... ကင်မွန်းချဉ်ဟင်းရည် ကောင်းကောင်း ငံပြာရည်ချက်ကောင်းကောင်းနဲ့လေ...။ ရေးရင်းနဲ့တောင် စိတ်မထိန်းနိုင်တော့ဘူး...။ ဒါပေမယ့် အားရပါးရကပြချင်ပါသော်လည်း ကျန်းမာရေးကမကောင်း..... ဆိုသလို...။ ဆရာဝန်က အဆီအဆိမ့်တွေ ရှောင်ရမယ်တဲ့... (ငတ်ရောပဲ)....။ ဒါတောင် နေ့လည်က မကြီးရွှေစင်ရဲ့ မစားလိုက်ရတဲ့ ဝက်စတူးဟင်းကို သွားငမ်းခဲ့သေး....။ မကြိုက်တဲ့ ဟင်းတွေလည်းပြောဦးမှပါ တော်နေကြာ အကုန်ကြိုက်တယ်ထင်နေမစိုးလို့...။ အိုင်ဒုန့်လိုက်ခ်... ငါးကျည်းခြောက်ဟင်း....။ ငါးကျည်းခြောက်ရဲ့ ကြပ်တိုက်ထားတဲ့အနံ့ကိုမကြိုက်တာ....။ ငါးဟင်းတွေ သိပ်မကြိုက်ဘူး ညှီလို့....။ ငါးကြင်း ငါးမြင်း ငါးခူ နဲ့ ပင်လယ်ငါးတချို့တော့စားတယ်....။ ငါးပြေမမကြိုက်တာ ဒိုက်စော်နံလို့ရယ်....။ အသီးနှံထဲမှာတော့ တော်တော်များများကြိုက်ပါတယ်....။ ကြက်မောက်သီးမကြိုက်ဘူး...။ အမွှေးတွေနဲ့မို့လို့...။ ပြီးတော့ စားရင်အသားက အစေ့ကိုကပ်နေတာမျိုးကိုမကြိုက်လို့...။ အဟဲ ကြက်မောက်သီးဗူးတော့ စားတယ်...။ ရာသီပေါ်သီးတွေအတော်စုံစုံလင်လင်စားဖြစ်ပါတယ်....။ အကြိုက်ဆုံးလို့မမေးနဲ့ အကုန်ကြိုက် အကုန်ကြိုက်ပဲ..။

မိုးငွေ့...သီချင်းတွေကိုသိပ်ရူးသွပ်တယ်........။ အဆိုတော်မဖြစ်မယ့်သာမဖြစ်တာ... အတော်တော့ဆိုတယ် (ဘဘဘိုကလေးတင့်အောင်က ဆရာချစ်ဦးညိုကိုပြောသလိုပေါ့)။ Pop နဲ့ R&B ကိုကြိုက်တယ်........။ တခါတလေ hip hop နားထောင်ရတာလည်းကောင်းတယ်....။ Mariah Carrey တို့ Beyonce တို့ကို သိပ်အားကျတယ်....။ ရုပ်ရှင်ဆို drama .... fancy ... တို့ စွန့်စားခန်းတွေ အက်ရှင်တွေလည်းကြိုက်တယ်.....။ စစ်ကားတော့မကြိုက်ဘူး........။ 

စာအုပ်ဖတ်ရတာလည်းကြိုက်တယ်....။ အင်း...ဘယ်လိုစာအုပ်မျိုး ကြိုက်သလဲဆိုရင် Biography လိုမျိုးကိုပိုကြိုက်တယ်....။ ဒီလူ ဘာကြောင့် သမိုင်းမှာ နာမည်သွင် ကျန်ရစ်သလဲ.... သူဘာတွေလုပ်ခဲ့သလဲဆိုတာမျိုးကို စိတ်ဝင်စားတယ်...။ အထူးသဖြင့် မြန်မာ့သမိုင်းထဲက ထင်ရှားခဲ့တဲ့ သူရဲကောင်းတွေ မဟေသီတွေကို စိတ်ဝင်စားတယ်....။ နောက်ပြီး ရသစာအုပ်တွေကြိုက်တယ်.... ဝတ္ထုစာအုပ်မှာဆို ဂျူးကိုကြိုက်တယ်.... ဆရာချစ်ဦးညိုကျတော့ သမိုင်းနောက်ခံရေးလို့ ကြိုက်တယ်...။ နိုင်ငံခြားဖက်ရှင်မဂ္ဂဇင်းတွေကြိုက်တယ်....။ ငယ်ငယ်တုန်းကဖတ်ခဲ့ဖူးတဲ့ ကာတွန်းစာအုပ်ကောင်းကောင်းတွေ ပြန်ဖတ်ချင်တယ်....။ တွတ်ပီ ကိုရွှေထူး(ပြည်) ရက်စ်ဘော့စ်လို့ အမြဲပြန်ထူးတတ်တဲ့ တိုက်ဂါးဆိုတဲ့ တပည့်တစ်ယောက်ရှိတဲ့ ဦးကပ်စေးကာတွန်း(ဆွဲတဲ့သူကိုမေ့နေတယ်) သူရဲ့တူ ခင်မောင်သိန်းထွန်းဝင်း လူတွေကိုအမြဲကူညီရိုင်းပင်းတတ်တဲ့ အရိုင်း....။ ရုပ်ပြထဲမှာဆို ရာမ စံရွှေမြင့် စိုင်းလားရှိုး....ကျော်အောင်မော်။ ခုနောက်ပိုင်း အဲဒီစာအုပ်တွေ ထွက်မထွက်မသိတော့ဘူး စာအုပ်အငှားဆိုင် မရောက်ဖြစ်တော့တာ ကြာပေါ့...။ မှတ်မိပါသေးတယ်...ငယ်ငယ်တုန်းက ဇီးတော်ဖီဝယ်စားရင် ပြာကလောင် ပြာကချောင်ကာတွန်းစာအုပ် သေးသေးလေးတွေပါတယ်...။ ကာတွန်းဖတ်ချင်တော့ ဇီးတော်ဖီကိုတစ်ခုပြီးတစ်ခု ဝယ်ဝယ်စားဖြစ်တယ်...။ ခုရေးသွားတဲ့အထဲမှာ အကြိုက်တွေကများနေတယ်နော်....။ ကိုယ် မကြိုက်တာတွေကိုတော့ ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်....။ ဒီလောက်ဆိုရပြီထင်တယ်... အတိုချုံးမယ်ပြောပြီး နည်းနည်းတောင်ရှည်သွားပြီ...။ ဆက်လည်းမတဂ်တော့ပါဘူး... ဘလောဂ်ဂါတွေတော်တော်စုံနေပါပြီရေးကြတာ.....။ အထူးသဖြင့် အငယ်ပိုင်းတွေပေါ့...။ အကြီးပိုင်းဆိုလို့ ကိုယ်တစ်ယောက်တည်းဖြစ်မယ်ထင်တယ်... ။ 


မိုးငွေ့

Friday, 8 April 2011

Daily Dislikes

မမသက်ဝေတို့ ခုတလော တော်တော် တဂ်ဖြစ်နေတာ....။ ဒေလီးလိုက်ခ်စ်တုန်းကတော့ လိုက်မရေးဖြစ်ပါဘူး...။ ကိုယ်ရဲ့ တစ်နေ့တာအကြိုက်တွေက သိပ်များလွန်းလို့ စာမျက်နှာဆန့်မယ်မထင်...။ ခုတစ်ခါ မကြိုက်ဆုံးများကိုတော့ ရေးမယ်....ရေးမယ် ရေးချင်တယ်.ကွယ်...။ ကိုယ်ဘာတွေမကြိုက်လဲဆိုတာကို လူသိစေချင်နေတယ်.. အဟဲ...။
  • မနက်မိုးလင်းလာလို့ အိပ်ယာကနေချက်ချင်းထရတာကို မကြိုက်....
  • အိပ်ယာကနိုးလာချိန်မှာ အိုက်စပ်စပ်ဖြစ်နေတာကို မကြိုက်....
  • ရုံးသွားခါနီး မနက်စာကို ဘိုစာနဲ့စားရတာမကြိုက်....
  • ရုံးကိုဖက်ရှင်ကျကျဝတ်မသွားနိုင်တဲ့ နေ့တွေဆို ကိုယ့်ကိုယ်ကိုမကြိုက်...
  • အိမ်ကအထွက် ညကမပြင်ဆင်ထားမိလို့ တွေ့တဲ့ ဖိနပ်ပါးကိုကောက်စီးလိုက်ရတာမကြိုက်...
  • အိမ်ပေါ်ကဆင်းလာလို့ အိမ်ရှေ့မှာ ဓါတ်ဆီကားတွေတန်းစီနေတာကိုတွေ့ရင်မကြိုက်.....
  • ရုံးရောက်လို့ အလုပ်စလုပ်တာနဲ့ အချိန်တိုင်း....ဖုန်းမြည်နေတာကိုမကြိုက်.....(လာသမျှဖုန်းက ကိုယ့်ဖုန်းပဲဖြစ်နေတော့ ကြာလာ ကိုင်ပေါက်ချင်လာတယ်)
  • အလုပ်အားတုန်း မျက်နှာစာအုပ်နဲ့ ကိုယ့်ဘလော့တွေကိုဝင်ကြည့်ဖို့ လိုင်းတွေအမြဲကျနေတာကိုမကြိုက်...
  • ဘလော့ထဲရောက်သွားလို့ ကိုယ့်ပို့စ်တွေမှာ ကွန်မန့်တွေလာရေးကြတာကို မတွေ့ရင်မကြိုက်...(တိတ်တိတ်ကလေး လာဖတ်ပြီး မမန့်သွားတာကို မကြိုက်... မကြိုက် လုံးဝမကြိုက်....)
  • မီးပူတိုက်၊ ပန်းကန်ဆေးရတာကိုလဲ မကြိုက်....
  • ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရိစ္ဆာန်တွေကို မကြိုက်....
  • ချောကလက်မကြိုက်.... ကြက်မောက်သီးမကြိုက်....
  • ငါးကျည်းကြပ်တိုက်ဟင်း လုံးဝမကြိုက်...
  • ပွင့်ပွင့်လင်းလင်းမရှိဘဲ မြုံစိစိလုပ်တတ်တဲ့သူတွေကိုမကြိုက်...
  • မနာလိုဝန်တိုစိတ် စာနာစိတ်မရှိသူကိုမကြိုက်....
  • ဆူညံပူညံ ပွစိပွစိသံတွေကို မကြိုက်....
  • ကိုယ့်ကို pressure လာပေးတာကိုမကြိုက်....
  • ရုံးဆင်း အိမ်ပြန်ချိန် စားပြီးသားထမင်းဗူးတွေကို ပြန်သယ်ရတာမကြိုက်....
  • ညနေ...ကားတိုးစီးရရင် ကားထဲက လူနံ့တွေကိုမကြိုက်.... (အဲဒါကတော့ ငယ်ငယ်ကတည်းက တကယ့်အလာဂျီပဲ လုံးဝမရဘူး ဟန်ကိုမဆောင်နိုင်တာ)
  • အိမ်ရောက်လို့... ရေမချိုးခင် အ၀တ်တောင်းထဲက အ၀တ်တွေပုံနေတာကိုတွေ့ရင်မကြိုက်...
  • ညဘက်တီဗီကြည့်တဲ့အချိန် စကားလာပြောတာကိုမကြိုက်....
  • ညအရမ်းအိပ်ငိုက်နေတဲ့အချိန်မှာ ဇာတ်ကားသိပ်ကောင်းတယ်ဆိုပြီး လာနိုးတာကို မကြိုက်...
  • အိပ်မပျော်ခင် သီချင်းတစ်ပုဒ်နှစ်ပုဒ်နားမထောင်လိုက်ရတာကို မကြိုက်.....(တခါတလေ mp4လေး ဘက်ထရီကုန်နေတဲ့အချိန်)
  • အိပ်မပျော်တဲ့ ညတွေမှာ ဟိုတွေး ဒီတွေး အချိန်ကုန်ပြီး ပို့စ်တစ်ပုဒ်တောင်မရလိုက်တာကို မကြိုက်...
အဲ...အဲ...ရေးရင်း ရေးရင်း....မကြိုက်တာတွေသိပ်များသွားပြီလား...။ ချစ်ခင်စွာတဂ်လာတဲ့ မမသက်ဝေရေ.... ရေးပြီးပါပြီ... ။ ပထမဦးဆုံးလာမန့်ပါ...။ ကွန်မန့်မပေးတာကို မကြိုက်ဆုံးလို့ပြောထားတယ်နော်...း) မိုးငွေ့

Wednesday, 23 March 2011

အချစ်အကြောင်းပြောရအောင်တဲ့....




အချစ်ဆိုတာ သိပ်ဆန်းကြယ်တယ်.....။ မယုံနိုင်စရာကောင်းလောက်အောင်ဆန်းကြယ်တယ်...။ လူတစ်ယောက်က သူ့အချစ်ဘယ်မှာရှိတယ်ဆိုတာ ကိုယ်တိုင်သိဖို့ မလွယ်ဘူးလေ...။ ဟောဒီ....မိုးကောင်းကင်အောက်မှာ....ရွေးချယ်မှုနဲ့ ရလာနိုင်သမျှအရာအားလုံးထဲမှာ အချစ်မပါဘူး...။ အချစ်ဆိုတာ ရွေးချယ်ယူလို့မရဘူး...။ တစ်ချိန်မှာ... ချစ်တတ်လာတဲ့ တစ်ချိန်ချိန်မှာတော့ ရိပ်မိသိရှိလာကြမှာပါ..။



@@@@@@@@@@@@@@@@@@@@



တဂ်ပို့စ်တွေမရေးရတာကြာပြီပဲ...။ ကိုယ့်ကိုတဂ်မယ့်သူကလဲ မသက်ဝေပဲလေ....။ ခုတစ်ခါ ခေါင်းစဉ်ကတော့ နည်းနည်း ဦးစားပြီ....။ အချစ်အကြောင်းရေးပေးပါတဲ့...။ ကျွန်မက ရိုမန့်ဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းလေးတွေရေးရတာကို ကြိုက်တတ်တယ်။ ပြီးတော့... ကျွန်မရေးတဲ့စာတွေက တကယ့်လက်တွေ့ဘဝမှာ သိပ်ပြီးအကျုံးမဝင်တဲ့ စိတ္တဇဆန်ဆန်လိုဟာမျိုး...။ ခုလို လက်တွေ့ကျကျ အချစ်အကြောင်းရေးရမယ် ဆိုတော့ နည်းနည်းကြောက်မိတယ်...။ ဘယ်လိုပဲဖြစ်ဖြစ် ရေးတော့ရေးကြည့်မယ်ကွယ်...ပေါ့....။ ကိုယ့်အစ်မတဂ်လာသမျှကို ဘာခေါင်းစဉ်မဆို ရေးချင်နေမိတာကိုး...။ ခုလဲ ဆရာမမေငြိမ်းနဲ့ မသက်ဝေဘလော့ဂ် အခြားအခြားသောအတဂ်ခံထားတဲ့ ဘလော့ဂ်တွေဆီ သွားလေ့လာကြည့်တယ် သူတို့ဘာတွေရေးသလဲ ...။ ဘယ်လိုရေးကြသလဲပေါ့...။ သေချာတာကတော့ အချစ်အကြောင်းရေးရာမှာ အတွေးအမြင်တွေက လူအယောက်တစ်ရာမှာတောင် တစ်ယောက်နဲ့တစ်ယောက်တူဖို့က မဖြစ်နိုင်ဘူးလေ....။ ခေတ်အဆက်ဆက် အချစ်ဆိုတဲ့ ဝေါဟာရကိုဘယ်လို ဒဿနာပညာရှင်တွေကမှ တိတိကျကျ အဓိပ္ပါယ်မဖွင့်နိုင်ခဲ့တာပဲလေ...။ ဒီတော့ ကျမတို့တစ်ဦးချင်းတွေမှာ ခံစားနားလည်ထားတဲ့ အချစ်ကို ခုလိုမျှဝေခွင့်ရတာ ပျော်စရာတော့ ကောင်းပါတယ်....။

လူရယ်လို့ဖြစ်လာရင် မွေးကင်းစကလေးကနေ သေဆုံးသွားသည့်တိုင် အချစ်ဆိုတာကိုတော့ ခံစားဖူးခဲ့ကြတာချည်းပါပဲ...။ မွေးကတည်းကနွေးထွေးတဲ့ မိခင်ရဲ့အချစ်မေတ္တာကို စပြီးရကြတယ်....။ နောက်တော့ ကိုယ်ဖြတ်သန်းရတဲ့ ဘဝတစ်လျှောက်မှာလည်း... အချစ်ကိုတော့ ကြုံဆုံရတာပါပဲလေ....။ ငယ်ရွယ်စဉ်မြီးကောင်ပေါက်အရွယ်မှာ စိတ်လှုပ်ရှားလို့ဖြစ်ပေါ်လာတဲ့ ခံစားမှုမျိုးနဲ့..... တကယ်နက်နက်နဲနဲ အချစ်ကိုသိလာရတဲ့အရွယ်.... ပြီးတော့ အဲဒီအရွယ်ကို ကျော်လွန်ပြီးချိန်မှာတော့ အချစ်ကို ပုံစံသဏ္ဍန်အမျိုးမျိုးနဲ့ ပိုပြီးလွတ်လပ်စွာခံစားသိမြင်လာရတယ်...။ ကျွန်မအနေနဲ့ပြောတာပါလေ.... ကျွန်မက စိတ်ကူးအင်မတန် ယဉ်တတ်သူမျိုးကိုး...။

ကျွန်မကြုံခဲ့ဖူးတဲ့ အချစ်ကို အရောင်လေးတွေနဲ့တင်စားရမယ်ဆိုရင်.... ဟိုးးး ငယ်ရွယ်စဉ်က တွေ့ခဲ့ဖူးတဲ့အချစ်ဟာ ပန်းနုရောင်လေးနဲ့တူတယ်....။ သူက အပူပင်ကင်းတယ် တက်ကြွလန်းဆန်းတယ်... ဘာအစွန်းထင်းမှမပါဘူး...။ လွတ်လပ်ပေါ့ပါးတယ်.....။ အသက်နှစ်ဆယ်ကျော်ကျော်မှာ တွေ့ရတဲ့ အချစ်ကျတော့ အညိုရောင်နဲ့တူတယ်....။ သူက သဘာဝဆန်တယ်.... လက်တွေ့ကျတယ်....တည်ကြည်တယ်......။ အသက်ရွယ်ရွယ်အချိန်မှာတော့ ကျွန်မက အချစ်ကို အဖြူရောင်လေးနဲ့ နှိုင်းယှဉ်ချင်ပါတယ်.....။ ဟုတ်တယ်..... အဖြူရောင်ဖွေးဖွေးနဲ့ ဘာမှအပြစ်မရှိတဲ့ အသန့်ရှင်းဆုံးအရောင်ကလေး......။ ရင့်ကျက်တည်ငြိမ်တဲ့ တောအုပ်စိမ်းညို့ညို့ အရောင်မှာ အဖြူရောင်လေးဟာ ဘယ်ချိန်ကြည့်ကြည့်အမြဲတမ်း ပေါ်လွင်နေတာပါ.....။ အချစ်ဟာ.... အမြဲပြုံးပျော်မြူးတတ်တဲ့ အဖြူရောင်ကလေး.....။ အချစ်မှာတောက်ပတဲ့ အကြည့်တွေလဲရှိတယ်..။ ဖြူစင်တဲ့ စိတ်ကလေးလဲပိုင်ဆိုင်ထားတယ်...။ အချစ်ဟာ အမြဲအလုပ်ရှုပ်နေတတ်လို့ သူနဲ့ ဆုံဖို့ဆိုတာ သိပ်မလွယ်လှဘူး...။ အချစ်ဟာ အဖြူရောင်ပဝါစလေးလိုပဲ လေထဲလွတ်လပ်စွာ ဝဲလွင့်နေတယ်....။ တစ်ခါတစ်ခါ အချစ်ဟာနီးနီးလေးလို့တွေးမိတဲ့အခါ ချိုမြမြပျားရည်စက်လိုပဲ အဝေးကြီးလို့တွေးမိချိန်တော့ နာနားကျည်းကျည်းခါးသီးလှတယ်...။ အချစ်ကို ဒီလောက်လေးပဲ ကျွန်မချပြနိုင်ခဲ့တယ်.....။ တကယ်တော့ အချစ်ဆိုတာ ခံစားသိရှိရတာမျိုးလေ... ရေးပြဖို့ကျ စကားလုံးတွေ မလုံလောက်ဘူးထင်ပါတယ်....။

အချစ်ဟာ နွားနို့တစ်ခွက်မဟုတ်တဲ့ အတွက် ချဉ်သွားမှာ သိုးသွားမှာကို မစိုးရိမ်ရပါဘူး...။ အချစ်ယောင်ဆောင်တဲ့ မက်မောတွယ်တာမှုတွေတော့ အချိန်လွန်ရင် သိုးကုန်လိမ့်မယ်...။ အချစ်ကို တစ်ယောက်ကိုတစ်ယောက်ပေးလို့ယူလို့လဲမရဘူး.... တစ်ယောက်ကိုတစ်ယောက်ခံစားလို့သာရတယ်...။ န်ီးလဲသပ်နီးမလာခဲ့ဘူး...။ ဒါကြောင့်ဝေးသွားမှာကိုလဲ မပူပင်ရဘူး...။ အချစ်မှာ အချစ်ပဲပါတယ်...။ လိုက်လျောမှုတွေပါဝင်ပေမယ့် အဲဒါဟာ တာဝန်ကြောင့် လိုက်လျောတာမဟုတ်ဘူး.... အချစ်စိတ် သက်သက်နဲ့ လိုက်လျောတာဖြစ်တယ်...။ မြတ်နိုးခြင်းသက်သက်နဲ့ လိုက်လျောတာဖြစ်တယ်...။ စောင့်ရှောက်မှု ပါဝင်ပေမယ့်လဲ အဲဒါဟာ တာဝန်ကြောင့် မဟုတ်ဘဲ အချစ်စိတ်သက်သက်၊ ယုယစိတ်သက်သက်ကြောင့် စောင့်ရှောက်တာပဲ...(ဆရာမဂျူးရဲ့ စာပိုဒ်လေးပါ)


မိုးငွေ့



Wednesday, 20 October 2010

မိုးရွာချိန်...အတွေး

ဘာရယ်မှန်းမသိ... မိုးတွေအုံ့မှိုင်းလာလို့ လယ်ကွင်းပြင်စိမ်းစိမ်းတွေကို လှမ်းကြည့်မိရင်ပဲ... ရင်ထဲလွမ်းသလိုလိုနဲ့.. ။ ဓါတ်ခံက နဂိုထဲက ပါလာပြီးသားထင်ရဲ့။ ကိုယ်မှတ်မိသလောက်တော့ ရာသီဥတုထဲမှာဆို ဆောင်းရာသီလေးမှာ နေလို့ကောင်းတယ်ဆိုပြီး ဆောင်းရာသီလေးကိုပိုနှစ်သက်ခဲ့မိတယ်..။ မိုးကိုတော့ ဘယ်တုန်းကစချစ်သွားသလဲ သေချာမမှတ်မိပေမယ့် ကိုယ့်မွေးလကတော့ နွေဦးရာသီလေးမှာဖြစ်တယ်....။ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာတော့ မိုးနဲ့ပတ်သက်ပြီး အမှတ်တရတွေတော့ တော်တော်များခဲ့တယ်....။ မိုးက ကိုယ့်ကို အချစ်တွေ အမုန်းတွေ နာကျည်းမှုတွေ ရသပေါင်းစုံ ပေးစွမ်းနိုင်ခဲ့လို့များလား....တစတစနဲ့ မိုးကို ကိုယ်စွဲလန်းလာခဲ့တယ်....။ ခုလို မိုးရွာချိန်လေးမှာ ကိုယ့်အတွက် Americano ပူပူတစ်ခွက်နဲ့ အတွေးစတွေကိုဆွဲထုတ်မိမယ်ဆိုရင်....ဟိုးးး ငယ်ငယ်ကလေးဘ၀တုန်းက မိုးရွာချိန်မှာရေတံလျှောက်ကကျလာတဲ့... မိုးရေကိုချိုးခဲ့ဖူးတဲ့ အရသာလေး ပြန်လွမ်းမိတယ်....။ မိုးတွေအရမ်းကြီးလို့ ဟိုဘက်ကမ်းပြန်မယ့် ကျောင်းသားတွေကို အိမ်စောစောပြန်လွတ်ရင် အိမ်ပြန်ရေမိုးချိုးပြီး အနွေးထည်လေးဝတ် မိုးကာလေးရုံပြီး မေမေ၀ယ်ပေးတဲ့ မိုးစီး လည်ရှည်ဘွတ်ဖိနပ် အ၀ါရောင်လေးနဲ့ ရေရှိန်ကြောင့် ပုခက်လိုယိမ်းနေတဲ့ တံတားဆီ လူအုပ်တွေကြားထဲ သွားစပ်စုတတ်ခဲ့ဖူးတဲ့ ပုံရိပ်တွေကိုလဲ လွမ်းမိတယ်...။ တောင်ကရေတွေအားကြီးလာလို့ အိမ်ထဲရေတွေ ဒူးဆစ်လောက်ဝင်တဲ့ အခါမျိုးမှာဆို တစ်ညလုံး အိပ်မရဘဲ.... ရေအကျကို ထိုင်စောင့် ရေကျသွားရင် ကျန်ခဲ့တဲ့ ရွံ့တွေကိုခပ်ထုတ်ပစ်ရမယ့် ဒုက္ခတွေကလဲကြုံခဲ့ဖူးသေးတော့....မိုးအတွက်ကြောင့်နဲ့ အကောင်းအဆိုးတွေဒွန်တွဲ ခံစားအမှတ်ရနေမိတယ်....။ မြို့ရောက်ပြီးကျောင်းတက်တော့လဲ မိုးရေကြီးလို့ ကိုယ်အိပ်တဲ့မွေ့ယာတွေ ရေထဲပေါလောမျောနေတာကိုတောင် မနိုးဘဲ အိပ်နေခဲ့ဖူးသေးတယ်...ဆိုးပါ့...။ 1999 အလုပ်လုပ်တော့ ဟမ်းဖုန်းလေးတစ်ခုစကိုင်ဖူးတယ်... ဆယ်လူလာဖုန်းလေး... အဟဲ...အဲဒီဖုန်းလေးနဲ့ မိုးဖွဲဖွဲထဲမှာ တစ်ကောင့်သားလေးတစ်ယောက်နဲ့လဲ ကျူခဲ့ဖူးတယ်...။ မိုး...မိုး....မိုး..... အင်း.... အချစ်က မိုးရေစိုစိုထဲမှာ...ကိုယ့်ရဲ့ ၀မ်းနည်းမှုတွေကို အားပေးနှစ်သိမ့်ဖူးသလို.... ကိုယ့်ရင်ကို အစိပ်စိပ်အမွှာမွှာကွဲကြေစေမယ့် စကားလုံးတွေကိုလဲ ရွာချပေးခဲ့ဖူးသေးတယ်...။ ဒီလိုနဲ့ မိုးနဲ့ပတ်သက်တဲ့ သီချင်းတွေ ကဗျာတွေစုဆောင်းတတ်လာတယ်.....။ Gun & Roses ရဲ့ Novenber Rain ကိုအရမ်းကြိုက်ခဲ့ဖူးသလို... ခုလောလောလတ်လတ် ဖမ်းစားခြင်းကိုခံရတဲ့သီချင်း ကတော့ မျိုးကြီးရဲ့ “မိုး”။ ကိုယ့်ရဲ့အတွေးစတွေ ဟိုတစ်စ ဒီတစ်စရောက်နေလိမ့်မယ်....။ နွေးထွေးတဲ့ ကော်ဖီခွက်လေးနဲ့အတူ ကိုယ့်အတွေးတွေ လွတ်လပ်စွာ ပျံသန်းနေပစေ...။ ခုလိုချိန်ခါမှာ ငှက်ကလေးတွေ ဘယ်လိုမိုးခိုပုန်းရှောင် နေမလဲ သိချင်နေမိတယ်... ကိုယ်ကသာနွေးနွေးထွေးထွေးရှိချိန်မှာ သူတို့လေးတွေ အေးခိုက်တုန်ယင်နေရှာမှာ... ။ ထိုနည်းတူ ကမ္ဘာဖျက်မိုးတွေကြောင့် သက်ရှိတွေသေကြေပျက်စီးပေါင်း မနည်းဘူး။ မကြာသေးခင်က ဖြစ်သွားတဲ့ ကိုယ်တို့ရွာက အကြောင်းလေးပြန်မြင်ယောင်ရင်း...မျိုချလိုက်တဲ့ ကော်ဖီတွေက လည်ချောင်းကို ရှပြီးဝင်သွားတယ်....အခါးတွေနဲ့အတူ...။ ၀မ်းနည်းခြင်း မျက်ရည်ခါးခါးတွေပါ...။ မိုးရွာချိန်လေးမှာ တွေးမိသလောက်လေးတွေပါ....။ မမသက်ဝေတဂ်လာလို့ ညီမလေး ရေးတတ်သလောက်လေး ရေးပေးလိုက်ပါတယ်...။ သေချာတာကတော့ ငါ့အမလက်ရာတွေလို ရသမြောက်မှာမဟုတ်ဘူး....။ အရင်တုန်းက တဂ်ပို့စ်လေးတွေကို ရေးရမှာအရမ်းကြောက်မိပါတယ်...ခုတော့ ....။ ပြောမယ့်သာပြောတာခုနဲ့မှသုံးပုဒ်ထဲ ရေးဖူးသေးတာပါ...။ မိုးငွေ့

Friday, 16 July 2010

အသွင်တူ၏ မတူ၏...




တကယ်စုံဖက်တဲ့ ဇနီးမောင်နှံတွေဟာ ရုပ်ရည်ချင်းတူတတ်ကြတယ်တဲ့...။ တော်တော်များများစုံတွဲတွေကိုတော့ သတိထားကြည့်မိတယ်...။ တစ်ချို့ဆို မောင်နှမလို့တောင်ထင်ရတယ်...။ ကျမတို့ကရော...ရုပ်အသွင် ဘယ်နေရာမှာတူကြလဲ....။ ဘာမှမတူကြဘူး...သူက ကျမထက်အသားပိုညိုတယ်... ဒါကြောင့် သူ့ကို ကျမက ချောကလက်လို့ ချစ်စနိုးလေးနာမည်ပေးထားတာ..။ တစ်ခုတော့ရှိတယ်... ကျမတို့နှစ်ယောက်ပြုံးလိုက်ရင် နှုတ်ခမ်းဒေါင့်မှာ အချိုင့်ကလေးတွေ ပါတာချင်းတော့တူတယ်..။ ရာသီခွင်မှာဆို သူက Aries ဖွား ကျမက Pisces.... ရာသီခွင်ရဲ့ ဟိုဘက်အစွန်နဲ့ ဒီဘက်အစွန်မှာ...။ လပိုင်းအနေနဲ့တွက်ကြည့်ရင် လချင်းကပ်လျက်ကျတယ်...။ ကျမက မတ် သူက ဧပြီ....။ သူက တနင်္ဂနွေသား ကျမက တနလာၤ... အကောင်ကြီးတွေချင်းတူတယ်...။ ကျမထက် သူနှစ်နှစ်ငယ်ပေမယ့် မသိတဲ့လူတွေက သူ့ကိုကျမထက် ငါးနှစ်လောက်ကြီးတယ်လို့ ထင်တတ်ကြတယ်...။ ကျမတစ်ယောက်ထဲ အပြင်ထွက်ရင် ဘယ်သူမှ ကလေးအမေဆိုတာ မယုံကြဘူး ...ခုထိ(အဟဲ...အဲလိုလန်းတာ)။

တူတာလေးတွေကြည့်မယ်ဆိုရင်တော့...လူတွေကို တတက်တအား အကူအညီပေးတတ်တာ... သနားတတ်တာချင်းတူတယ်...။ ကလေးလေးတွေကို ချစ်တတ်ကြတယ်တယ်...။ ပေါင်းအသင်းခုံမင် တတ်ကြတယ်..။ ဒါကတော့ လူမှုရေးအပိုင်းပေါ့။ ဝါသနာပိုင်းမှာတော့ ဂီတကိုချစ်မြတ်နိုးတတ်ကြတယ်...။ သူက သီချင်းဆိုသိပ်တော်တယ် ဂီတာတီးလဲကျွမ်းကျင်တယ်... ကျမကို စည်သူလွင်ရဲ့ “မျက်ဝန်း”သီချင်း ဆိုပြတတ်တယ်။ ခရီးထွက်တာ ဝါသနာပါတယ် အထူးသဖြင့် ပင်လယ်ကမ်းခြေမှာ သွားအနားယူတာမျိုး ကြိုက်ကြတယ်...။ သူကအငယ်ဆုံး ကျမက အကြီးဆုံးဆိုပေမယ့် မိသားစု မောင်နှမတွေကို ဦးစားပေးချစ်တတ်ကြတာချင်းတူတယ်...။ သူကအိမ်မှာအငယ်ဆုံးပေမယ့် လူကြီးဆန်တယ်... အကြီးဆုံးဖြစ်တဲ့ ကျမကတော့ သူနဲ့တွေ့ရင် ကလေးပဲ...။ အော်...တစ်ခုရှိသေးရဲ့... ကျမတို့ အကလဲ ကျွမ်းကျင်ကြတယ်... ကျမကို ကတတ်အောင် သူပဲ သင်ပေးခဲ့တာ...။ ဝါသနာတူတော့ ညှိနှိုင်းရတာ သိပ်မခက်တော့ဘူးပေါ့...။ အလုပ်ကိုချစ်ကြတာလဲတူတယ်...။ အလုပ်ခွင်ထဲရောက်သွားရင်တော့ အားလုံးကိုမေ့ပဲ...။ ဘဝကို အေးအေးချမ်းချမ်းနဲ့ ကိုယ့်အတွက်ချည်းမဟုတ်ဘဲ လူတွေအတွက်အကျိုးရှိတာလေးတွေလုပ်ရင်းနဲ့ပဲ ကုန်ဆုံးချင်ကြပါတယ်...။

အဓိကအရေးအကြီးဆုံးပဲ....ဘာသာရေး...။ သူက ခရစ်ယာန် ကျမကိုးကွယ်တာက ဗုဒ္ဓဘာသာ....။ ဘာသာမတူသူနှစ်ယောက်ပေါင်းဖက်ရတာ လူမှုရေးဘက်မှာရော ရှုပ်ထွေးမှုတွေ မကြာခဏရှိတတ်ပါတယ်...။ သူ့အဖေနဲ့အမေလဲ ဒီလိုပဲ....။ အဖေက ဗုဒ္ဓဘာသာ အမေက ခရစ်ယာန်...။ ကျမတို့နှစ်ယောက်လည်း အဖေနဲ့အမေတို့လိုပဲ သီးခံခွင့်လွှတ်နားလည်ခြင်းဆိုတာကို အမြဲလက်ဆွဲကျင့်သုံးခဲ့လို့... တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုလေးတွေ အမြဲညှိယူထားတော့ ပြဿနာကြီးကြီးမားမားတွေ သိပ်မရှိတော့ဘူးပေါ့...။ သူဘုရားကျောင်းတက်ရင် ကျမလိုက်ပေးသလို ကျမ ဘုရားသွားရင်လဲ သူကြည်ကြည်ဖြူဖြူ လိုက်ပေးပါတယ်။ ကျန်းမာရေးအနေနဲ့တော့ သူက သူ့အမေရဲ့အမွေ ရင်ကျပ်တာရထားတော့ ကျန်မာရေးကိုအမြဲ ဂရုတစိုက်ပိုရှိတယ်...။ ကျမကတော့ ပေပေတေတေ.... အပ်နဲ့ထွင်းရမယ့်ဟာကို ပဆိန်နဲ့ထွင်းရတဲ့ အထိထားတယ်...။ သူက အိမ်သန့်ရှင်းရေးလုပ်သလောက် ကျမအတွက်တော့ အိမ်ရှင်းတဲ့အလုပ်က ပျင်းစရာအကောင်းဆုံး...။ မီးဖိုချောင်ဝင်ပြီး ဟိုဟာလေးချက်စား ဒီဟာလေးချက်စားမယ်ဆိုရင်တော့ ကျမကရတယ်...။ ကျမကရေချိုးပျင်းတယ်.... ရေချိုးခါနီးဟိုဟာလုပ်နိုးနိုး ဒီဟာလုပ်နိုးနိုးနဲ့ လုပ်နေတတ်ရင် သူက ခုချက်ချင်းသွားမချိုးဘူးလား တစ်ကနေ တစ်ဆယ်ထိရေလို့မှ သွားမချိုးရင် ဘယ်လိုဒဏ်ခတ်မယ်နဲ့ ခြိမ်းခြောက်တော့မှ ရေချိုးဖြစ်တာမျိုး....။ ကိုယ်ကသာရေချိုးပျင်းတာ...သူ့ကိုတော့ အမြဲသန့်ပြန့်မွှေးကြိုင်စေချင်တယ်...။

ကျမက ဘိုစာကြိုက်သလောက် သူကတော့ မြန်မာထမင်းဟင်း ငပိရည်တို့စရာတွေကိုကြိုက်တတ်တယ်...။ ကျမကော်ဖီခါးခါးသောက်ရင် သူက လတ်လတ်ဆတ်ဆတ် အသီးဖျော်ရည်တွေ သောက်တတ်တယ်...။ ညဘက်သူက အိပ်ယာဝင်တာနဲ့ အိပ်ပျော်တာမြန်တယ်....။ ကျမကတော့ အိပ်ခါနီးဆို အတွေးပိုရှုပ်တယ် မနက်ဖြန်လုပ်ရမယ့်အလုပ်၊ သားလေးအတွက် ဘာလေးလုပ်ရမယ်၊ ဘလော့ဂ်ဘာရေးပြီးတင်ရင်ကောင်းမလဲ... တစ်ခုခုကို အမြဲစဉ်းစားပြီးမှ အိပ်တတ်တယ်....။ ကျမက စာအုပ်စာပေကိုချစ်ပေမယ့် သူကတော့စာဖတ်ပျင်းတယ်... သူ့အလုပ်နဲ့ပတ်တက်တဲ့စာလောက်ပဲသူစိတ်ဝင်စားတယ်...။ ကျမနားသူရှိချိန်မှာ ကျမ ကွန်ပျူတာရှေ့ရောက်ရင် ဒါမှမဟုတ် စာအုပ်တစ်အုပ်ဖတ်နေရင်... သူမနာလိုဖြစ်တတ်တယ်... သူရှိနေလျက်နဲ့ သူ့ကိုဂရုမစိုက်လို့တဲ့....။ ဒါလည်းဟုတ်ပါတယ် သူက ခရီးသွားရတာများတယ်လေ..။ ဒါပေမယ့်လည်း ကွန်ပျူတာခလုတ်တွေ နှိပ်ရတာများလို့ လက်ချောင်းတွေ လက်ကောက်ဝတ်တွေ နာနေရင်တော့ သူက ဆေးလိမ်းပြီးနှိပ်ပေးတတ်သေးတယ်... အဲလိုလေး...။ ကျမဘလောက်ကို သူတစ်ခါမှ လာမလည်ဖူးဘူးဆိုရင် ရှင်တို့ယုံကြမလား...။ သူ့အကြောင်းလေးကိုဘယ်လိုလေးရေးထားပါတယ် သူပေးတဲ့ လက်ဆောင်တွေကို ဘယ်လိုလေးတင်လို့ ဘယ်သူတွေက ကွန်မန့်ဘယ်လိုလာပေးပါတယ်လို့ ပြောပြရင်တော့ တပြုံးပြုံးနဲ့ပေါ့ သူက...။ ကျမတို့နှစ်ယောက်ဟာ ဇစ်တစ်ချောင်းရဲ့ အသွားတွေလိုပဲ တစ်ယောက်ကွပ်လပ် တစ်ယောက်ဖြည့်ပေးနေကြတာပါ။ အားကစားဘက်မှာဆို သူကဘောလုံးကန်တာဝါသနာပါတယ် ကျောင်းတုန်းက သူ့မေဂျာအသင်းမှာ သူက ဂိုးသမား..။ အိမ်ဝင်းထဲမှာဆို ညနေဘက် သူ့ညီဝမ်းကွဲတွေနဲ့ ဘော်လီဘောပုတ်တယ်...။ ကျမကတော့ ငယ်ငယ်က တိုက်ကွမ်ဒိုတက်ဖူးတယ်....ရေကူးတယ်...။ ခုတော့ ကြွက်တက်တတ်လွန်းလို့ ရေမကူးဖြစ်တာကြာပြီ...။

ကျမတို့နှစ်ယောက် ခုလိုအေးအေးချမ်းချမ်းနဲ့ မိသားစုဘဝလေးဖြစ်လာဖို့ ရှေ့ပိုင်းမှာ လူမှုရေး အခက်ခဲပြဿနာတွေပေါင်းစုံကို နှစ်နဲ့ချီပြီး ရင်ဆိုင်ဖြတ်သန်းလာခဲ့ကြရတာပါ...။ ခုလို ခိုင်မြဲစွာ နားလည်မှုတွေရှိလာဖို့ ရင်နှီးယူခဲ့ရတာတွေ အများကြီးပါပဲ...။ ကျမတို့အိမ်ထောင်သက်လေးနှစ်ရှိသွားပြီ သိပ်ကိုချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူပေါ့....။ ကျမဘဝမှာ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်တစ်ခုကို ပြောပြပါဆိုရင်တော့ သူ့ကိုဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တာကိုပဲပြောပါရစေ...။

ဒီတဂ်ပို့စ်ကို မသက်ဝေဆီမှာအရင်ဆုံး သွားဖတ်တာပါ...။ မသက်ဝေရေးပြီဆိုရင်တော့ အဆုံးမှာဖတ်ကြည့်စရာမလိုဘူး အမချစ်ကို တဂ်ပြီးသားပဲ....။ အခုလဲ အမချစ်ဆီသွားဖတ်ရင်းနဲ့ အဆုံးနား မရောက်ခင်ကတည်းက ကျမကိုအမတော့ တဂ်တော့မှာပဲလို့ ရင်တထိတ်ထိတ်ရှိလာရင်းနဲ့ တကယ်လဲ အဆုံးပိုဒ်မှာ ကျမနာမည်ကိုတွေ့လိုက်တော့ ကိုယ့်ကိုယ်ကိုတောင်အံ့သြသွားတယ် ဒီလောက်ခန့်မှန်းတာ မှန်ရသလားလို့ ...။ အမချစ်ရေ.... အမတဂ်တဲ့ပို့စ်လေးကို သိပ်မစဉ်းစားတော့ဘဲ အမရေးတဲ့ ဖလိုးလေးအတိုင်း လိုက်ရေးလိုက်တယ်...။ ကျေနပ်ပါတယ်နော်...။ တဂ်ပို့စ်ကိုကြောက်တယ်သာ ပြောတာ ညတွင်းချင်းရေးချင်နေတာ ...အဟီးး...။

မိုးငွေ့

Wednesday, 12 May 2010

ပထမဦးဆုံးရင်ခုန်သံ.....





ညီမလေး နှင်းဆီနက်က စီဘောက်မှာလာအော်သွားတယ်.... ညီမရဲ့ ပထမဆုံးရင်ခုန်သံကို နားထောင်ပြီးရင် အစ်မမိုးငွေ့ရဲ့ ရင်ခုန်သံကိုလဲ နားထောင်ချင်ပါတယ်တဲ့....။ လကုန်ရက်ဆိုတော့ ရုံးမှာ အလုပ်ရှုပ်တယ်... စာတွေမရေးအားလို့.... မနေနိုင်တဲ့အဆုံး ဘလောက်တွေကို ဖွင့်ထားတယ်.... ဘယ်သူတွေကွန်မန့်လာပေးလဲ.... အလုပ်လုပ်ရင်း ချောင်းချောင်းကြည့်ရတာ အမော....။ နဲနဲအားတော့မှ..... သူငယ်ချင်းတွေအိမ်တွေဆီ လိုက်လည်တော့မှ.... ဘလက်ရို့စ်က...သူ့ရဲ့ ပထမဦးဆုံးရင်ခုန်သံကို ရေးပြီး.... ပို့စ်လာဖတ်သူအားလုံးကိုလဲ ပြန်တဂ်ထားသေးတယ်ဗျာ....ကဲ....။ ကျွန်မအရမ်းကြောက်တဲ့ တဂ်ပို့စ်ကို စရေးရတော့မှာဆိုတော့ နည်းနည်းတော့ ရင်တုန်တယ်....။ ဒီခေါင်းစဉ်လေးနဲ့ ကိုယ်ရေးမယ့်အကြောင်းအရာကို တာဝန်မယူနိုင်မှာစိုးလို့ပါ....။ ဒါပေမယ့်လည်း တော်ပါသေးရဲ့.... ညီမ နှင်းဆီနက် တဂ်တဲ့ အကြောင်းအရာက ကျမရေးဖို့ စဉ်းစားထားပြီးသားမို့ နည်းနည်းတော့ အသက်ရှုချောင်သွားတယ်....။


ညီမနှင်းဆီနက်နဲ့ တိုက်ဆိုင်တာ ညီမရဲ့ ပထမဆုံးရင်ခုန်သံနဲ့ ကျမရဲ့ ပထမဆုံးရင်ခုန်သံဟာ ခုနှစ်ချင်းသွားတူနေတာပဲ.......။ ကျမလဲ 1993 ဆယ်တန်းအောင်တော့ အိမ်ပြန်တုန်းက စတွေ့ခဲ့တာပဲ....။ ကျမတာချီလိတ်မှာခဏနေနေတုန်း သူငယ်ချင်းမီးမီးဆိုတဲ့ကောင်မလေးက ကျမတို့ကို ညဘက် မယ်ခေါင်ဂိတ်နားက ရွှေဝါထွန်းပန်းခြံဆိုလား....ကျမ သိပ်မမှတ်မတော့ဘူး..... အင်း အဲဒီပန်းခြံထဲက စားသောက်ဆိုင်မှာ ထမင်းခေါ်ကျွေးတယ်...။ အဲဒီခေတ်အခါတုန်းက စာသောက်ဆိုင်တွေမှာ စင်တင်တေးဂီတ စပြီး ခေတ်စားတဲ့ အချိန်ပေါ့....။ အဲဒီမှာ သီချင်းဆိုတဲ့ အစ်ကိုကြီးကို စတွေ့တော့...... ကျမသိပ်ကို သဘောကျသွားခဲ့ပါတယ်...။ ညီမဘလက်ရို့စ်တွေ့ခဲ့ဖူးတဲ့ အစ်ကိုကြီးလိုပဲ.... သူ့မျက်နှာလေးက တည်ငြိမ်အေးချမ်းလိုက်တာ.......။ သီချင်းဆိုလဲ သိပ်ကောင်းတယ်....။ အဲဒီတုန်းက ကိုညီထွဋ်သီချင်းတွေ ဟစ်ဖြစ်တဲ့အချိန်ပေါ့...။ ကျမတို့ သူ့ကိုသီချင်းတစ်ပုဒ်တောင်းလိုက်တယ်....။ “Every Time You Go A Way” ဆိုတဲ့သီချင်းလေးပါ ကိုညီထွဋ်ပြန်ဆိုထားတဲ့ သီချင်းလေး....ခေါင်းစဉ်ကို ကျမ မမှတ်မိတော့ဘူး.... စာသားလေးတော့ရသေးတယ်... “ကြယ်တံခွန်အချစ်လေးရေ....ဟိုးအဝေး.....ပြန်ဆုံရန်လမ်းဝေး....ဝေးပြီ..... အဲဒီသီချင်းလေး....။ ကျမတို့တောင်းတဲ့သီချင်းကို သူဆိုပေးပါတယ်....။ သူငယ်ချင်းက သူသီချင်းဆိုပြီးရင် မိတ်ဆက်ပေးဖို့ ကျမတို့ဝိုင်းကို ခေါ်ထားပါတယ်....။ သီချင်းဆိုပြီတော့သူ ရောက်လာပါတယ်....။ အဲဒီချိန်တုန်းက ကိုလေးဖြူစပေါ်တဲ့ခေတ် ကိုညီထွဋ်တို့ ဟစ်ဖြစ်တဲ့ခေတ်.... Rocker တွေစတိုင်လ် ဆံပင်ရှည်ထားကြတဲ့ခေတ်မှာ အဲဒီအစ်ကိုကြီးဆံပင်ကလည်း ကျောလည်လောက်ထိရှည်တယ်...။ ကျမဘဝမှာ ဒီလိုအေးချမ်းပြီး ဆွဲဆောင်မှုရှိတဲ့ ယောက်ကျားမျိုး ပထမဦးဆုံးရင်ခုန်သံနဲ့ အတူ ဆုံဖူးခဲ့တာပါ...။ မျက်ခုံးကောင်းကောင်းနဲ့ မျက်လုံးတွေမဲနက်လို့ နှာတံစင်းစင်း.... အို...... မျက်နှာတစ်ခုလုံးဘာမှ အပြစ်ပြောစရာမရှိဘူး။ ဆံပင်ရှည်ထားပေမယ့် ဂျစ်ပ်စီမဆန်ဘူး....။ သူက တောင်ကြီးသားတဲ့... အင်းလူမျိုးလို့ပြောတယ်....။ အင်းသားစစ်စစ်တွေက သိပ်ချောကြတယ်ကြားဖူးတာ... ခုမှလက်တွေ့ မြင်ဖူးတာ...။ အဲဒီတုန်းက ဆယ်ရှစ်နှစ်အရွယ်ဆိုတော့ ရင်ခုန်လို့အကောင်းဆုံးအရွယ်လေ.....။ အဲဒီအစ်ကိုကြီးနဲ့ ပတ်သက်လို့လဲ စိတ်ကူးတွေယဉ်ရတာအမောပေါ့....။ သူက ကျမထက် ငါးနှစ်ကြီးတယ်....။ ကျမအဲဒီအစ်ကိုကြီးနဲ့ ခင်သွားပြီး ရန်ကုန်ပြန်ရောက်တဲ့ အထိ အဆက်သွယ်ရှိသေးတယ်....။ သူက စီးရီးထုတ်ဖို့ကြိုးစားနေတဲ့သူပေါ့....။ ကျမကသာရန်ခုန်ပြီး တဘက်သတ်စိတ်ကူူးယဉ်ခဲ့တာ.... သူကတော့ ကျမကို ညီမလေးတစ်ယောက်ထက် မပိုခဲ့ပါဘူူး....။ အဲဒီတုန်းက ကလေးအတွေးနဲ့ အော်....သူဟာ အဖြူထည်ယောက်ကျား တစ်ယောက်ပါလားလို့ သတ်မှတ်ခဲ့တယ်...။ တကယ်လည်း ကျမအပေါ်လုံးဝဖြူစင်ခဲ့တဲ့သူပါ....။

ကျမရန်ကုန်ပြန်ရောက်တော့ပြီး သင်တန်းတွေဘာတွေတက်ရင်းနဲ့ အစ်ကိုကြီးကိုမေ့မရခဲ့ပါဘူး....။ သူရန်ကုန်လာမယ်လို့စာရတော့ ဝမ်းသာမဆုံးဖြစ်ခဲ့တယ်....။ ကျမက အဒေါ်နဲ့မှီခိုနေတဲ့ အချိန် အဖေကလည်းမရှိတော့ဘူး.... အဖေမရှိလို့ငါဒီလို သူများနဲ့နေနေရတာဆိုပြီး ဝမ်းနည်းစိတ်ဝင်နေတဲ့အချိန်ပေါ့။ ကျမဘဝဖြစ်ပျက်ဝမ်းနည်းသမျှကို သူ့ဆီစာရေးရေးတတ်နေတော့... ကျမကို အမြဲအားငယ်တတ်သ ူတစ်ဦးအဖြစ် သူမြင်ပြီး.... စိတ်မကောင်းသွားပုံရပါတယ်...။ ကျမကို “မီးအိမ်ရှင်မလေးပေါ်လီယာနာ” စာအုပ်ကို သူကို်ယ်တိုင် လက်မှတ်ထိုးပြီး အမှတ်တရပေးခဲ့တယ်....။ ကျမကလဲ အဲဒီချိန်တုန်းက တစ်ခုခုခံစားရရင် စာအုပ်ထဲချရေးရင်ဖွင့်ဖြစ်တဲ့ အကျင့်ကရှိနေပြီလေ....။ ဒီတော့ သူလဲ ကျမကို စာနဲ့ပြန်နှစ်သိမ့်ပေးခဲ့တာဖြစ်မှာပါ....။ ကျေးဇူးတင်ပါတယ် အစ်ကို ....ညီမလေးဘဝမှာ.... ပထမဦးဆုံးသော ရင်ခုန်သံနဲ့ဆုံတွေ့လိုက်ရတဲ့သူဟာ.... ညီမလေးအပေါ်သိပ်ကို စိတ်ကောင်းစေတနာထားတဲ့ ဖြူစင်ရိုးသားတဲ့ ယောက်ကျားတစ်ယောက်ဖြစ်နေလို့ပါပဲ......။ ပြီးတော့ ညီမလေးရဲ့စိတ်ဓါတ်ကို မြှင့်တင်ပေးခဲ့တဲ့ စာအုပ်မျိုးကို လမ်းညွှန်ပေးခဲ့တဲ့ အတွက်လဲ ကျေးဇူးတင်ပါတယ်....။ သူ စီးရီးမသွင်းဖြစ်ဘဲ.... တာချီလိတ်ကိုပြန်သွားပါတယ်....။ ကျမတို့ အဆက်အသွယ်မရှိကြတော့ပါဘူး.... ။ ကျမလဲ ကျမဘဝတက်လမ်းအတွက် တက္ကသိုလ်တွေမဖွင့်ခင် သင်တန်းတွေတက်ရတယ်....။

နောက်ခြောက်နှစ်အကြာမှာ.... 1999ခုနှစ် ကျမတို့ မန္တလေးမှာ ဖက်ရှင်ဆိုင်သွားဖွင့်တော့....ဆိုင်အတွက် ပစ္စည်းဝယ်ဖို့ တာချီလိတ်ကို ကျမတစ်ခေါက်ပြန်ရောက်ဖြစ်ခဲ့တယ်....။ ကျမသူ့ကိုတော့ သိပ်ပြီး သတိတရမရှိတော့ပါဘူး....။ ဒါပေမယ့်လည်း တာချီလိတ်ပြန်တုန်း သူနဲ့ ဆုံဦးမလားလို့အတွေးတော့ ရောက်မိတယ်...။ ဆုံတော့ ဆုံဖြစ်တယ်ဗျ....။ ကျမ မယ်ဆိုင်ဘက်ကမ်းအသွား ဂိတ်မှာလက်မှတ်ဖြတ်တော့ သူက ဟိုဘက်ကမ်းကနေပြန်လာတာ...။ ဆံပင်တော့ အရင်လို မရှည်တော့ပါဘူး...။ မျက်နှာလေးကတော့ ပိုပြီး ရင့်ကျက်တည်ငြိမ်လာပါတယ်....။ သူက ကျမကို မမှတ်မိတာပဲလား.... မမြင်လိုက်တာပဲလားတော့မသိဘူး.... ကျမသူ့ကို မြင်လိုက်ပေမယ့် သွားနှုတ်ဆက်ဖို့ ချည်တုံချတုံဖြစ်နေတဲ့ အချိန်မှာပဲ.... သူကကျမရှိရာဆီကနေ ကျော်သွားနေပြီ...။ နောက်တော့ သူငယ်ချင်းကပြောပြတယ်.... သူအိမ်ထောင်ကျသွားပြီတဲ့....။ အင်းလေ..... ကျမသူ့ကို စသိတုန်းက သူက 23နှစ်အရွယ်....။ အခု 29နှစ်ဆိုတာ ယောက်ကျားတစ်ယောက်အတွက် အိမ်ထောင်ကျသင့်တဲ့ အရွယ်ပဲလေ....နော်။ ခုကျမစာရေးနေတဲ့ အချိန်မှာဆိုရင်တော့ သူအသက်လေးဆယ်အရွယ်ကို ရောက်နေပါပြီ....။ သားသမီးတွေတောင်ဘယ်နှစ်ယောက်ရလို့ ဘယ်အရွယ်ရောက်ကုန်ပြီလဲဆိုတာမသိတော့ပါဘူး...။ ပြီးတော့ သူတာချီလိတ်မှာ ရှိချင်မှလည်းရှိတော့မှာပါ.....။

လူတိုင်းလူတိုင်းရင်ထဲမှာ.... ကိုယ့်ရဲ့ ပထမဆုံးရင်ခုန်သံကိုတော့ သတိထားမိခဲ့မှတ်မှတ်ရရ သိမ်းထားတတ်ခဲ့ ကြမှာပါ....။ ဒါဟာ...ဘဝမှာ ဘယ်တော့မှမေ့မရနိုင်တဲ့..... သိပ်ကိုနူးညံ့ကြည်စင်တဲ့ သော့ခတ်သိမ်းဆည်း ထားရမယ့် ခံစားမှုမျိုးလေးပါပဲ...။

ကဲ...မမနှင်းဆီနက်လေး....ရေးပြီးပြီနော်.... ။

မိုးငွေ