Tuesday, 27 August 2013

အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်.....




မနေ့က ရေသောက်ဗိုက်မှောက်နှစ်ဆယ့်ခြောက်...။

ဒီနေ့တော့ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်... မမသက်ဝေတဂ်ပို့စ်လေးလိုက်ရေးနေတာ ခုတလော...။ အရင်လို တပျော်တပါးနဲ့ ဘလော့ဂါ မမ ညီမတွေ လိုက်ရေးတာသိပ်မတွေ့ရလို့ အားမရဘူး...။

ကဲကိုယ်နေ့စဉ်လွယ်ပိုးနေတဲ့ အိတ်ကလေးကို စပြီးမှောက်ပါတော့မယ်...။ အိတ်တွေကလည်း ဘာအိတ်လွယ်လွယ် အိတ်ချည်းပဲ အလေးချိန်က ကီလိုဝက်လောက်ရှိတယ်ဆိုတာ ဟုတ်မယ်...ပေါ့ပေါ့းပါးပါးအိတ်ကျတော့ ပစ္စည်းထည့်ရင် အိပျော့ကျတော့ အဆင်မပြေဘူး တောင့်တင်းတဲ့ ပုံစံကျတဲ့အိတ်နဲ့မှ ထည့်ရပစ္စည်းပိုဆန့်တယ်လေ...။

ပိုက်ဆံအိတ်(၁)... 
အဲဒီပိုက်ဆံအိတ်က တော်တော်ဖောင်းကားနေတာ အထဲမှာဘာပါလဲ ဆိုတော့ ဈေးဝယ်တဲ့ ဘောက်ချာတွေ ဆိုင်ကြော်ငြာကပ်ပြားတွေ ဒီစကောင့်ကပ်တွေ ကားမောင်းလိုင်စင်ကပ်ပြား လိုင်စင်ဓါတ်ပုံတချို့နဲ့ ပိုက်ဆံစက္ကူအနည်းငယ်ပါပါတယ် ဖောင်းနေတာကတော့ စက္ကူဘောက်ချာတွေကြောင့်ပါ...း)

ပိုက်ဆံအိတ်(၂)...
ပန်းဆီရောင် စီလီကွန်အပျော့သားနဲ့ပိုက်ဆံအိတ်အသေးလေး ဟိုနားဒီနားသွားအကြမ်းကိုင်ဖို့။

သော့တွဲ...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
အိတ်သော့တွဲမှာ သော့တံငါးချောင်းပါတယ် ရုံးခန်းသော့ နှစ်ချောင်း အံဆွဲသော့တစ်ချောင်းနဲ့ ဗီဒိုသော့ နှစ်ချောင်း

အလှအပ...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
လက်တဝါးစာမရှိတဲ့ မှန်ချပ်ဝိုင်းလေး ကော်ကွာနေတလို့ ကပ်ရဦးမယ်...။ ထိပ်မှာဖုလေးတွေပါတဲ့ ကျန်းမာရေးဘီးလေးတစ်ခု ...။ ခေါင်းသိပ်ရှုပ်လာရင် အဲဒါလေးထုတ်ဖီးလိုက် ခေါင်းကိုက်သက်သာတယ်..။ ဖဲပြားအနက်ရောင် ညှပ်ကလစ်လေးတစ်ခု မဟူရာကျောက်တုံးနဲ့ဖန်စီလက်စွပ်လေးတစ်ခု(သူ့တစ်ခုထဲလဲ အလေးစီးတာပဲ) အပြင်သွားလို့ဝတ်ပြီး ပြန်ချွတ်သိမ်းဖို့မေ့နေလို့ လွယ်အိတ်ထဲသောင်တင်နေတာပေါ့...။ မမသက်ဝေပေးထားတဲ့ clinique နှုတ်ခမ်းဆိုးဆေး တစ်တောင့်..။ wet tissue တစ်ထုပ်...။

hand wash နဲ့ hand cream...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
Magnolia ရနံ့လေးနဲ့ Marks & Spencer ကထုတ်တဲ့လက်ဆေးခရင်မ်ဗူးသေးလေးတစ်ခု..။ L'occitane  hand cream တစ်ဗူး...။

ကွန်ပါဗူးလေး....
မကြီးမငယ်နဲ့ ကွန်ပါဗူးလေးဆောင်ရတယ်လို့မပြောပါနဲ့ လိုအပ်တယ်လေ ဘောလ်ပင်တွေ စာရေးကိရိယာလေးတွေကို အလွယ်တကူရှာရလွယ်အောင် တစ်စုတစ်စည်းထဲထည့်ထားတာ...။ အထဲမှာပါတာက ဆော့ပင်တစ်ချောင်း ဘော်လ်ပင်တစ်ချောင်း ကပ်ကြေးတစ်လက် လက်သည်းညှပ်အသေးလေးတစ်ခု ခဲဆံတစ်ဗူး စတက်ပလာအသေးလေးတစ်ခု သူ့ထဲထည့်တဲ့ ပင်လေးကတစ်ဗူး ဘာမှချိတ်မထားတဲ့ သော့တွဲအလွတ်လေးတစ်ခု note pad သေးသေးလေးတစ်ခု..။ ဒီတစ်ဗူးလည်းလေးတာပါပဲ...ဟင်းးး...။

မျက်မှန်....
ခုက မိုးတွင်းမို့ နေကာမျက်မှန်ဗူးမပါတော့တာ...။ မျက်မှန်ဗူးတွေကလည်း နေရာယူသား...။ ဗူးက အမာ ပုံစံခွက်နဲ့ဆိုတော့လေ...။ ကွန်ပြူတာကြည့်ရင် မျက်မှန်တပ်ရတယ်လေ...စလင်ဒါပါတယ် ..။

ဖုန်း+ thumb drive....(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
ပန်းရောင် ဖုန်းပါးလေးတစ်ခုနဲ့ ဖုန်းကြိုးတစ်ချောင်း...။ thumb drive ကတော့ ကိုယ်အိမ်မှာရေးထားတဲ့စာကြမ်းတွေကိုထည့်သိမ်းတာတွေရယ် ယူကျုက ဒေါင်းထားတဲ့ သီချင်းတွေ ဟင်းချက်နည်းလေးတွေထည့်သိမ်းရာနေရာပေါ့...။

အိုင်ပက်...
ဟုတ်တယ် သူအလေးဆုံးပဲ.....။ ဒါပေမယ့် သူက အားလုံးကိုစုပြီးမှတ်ထားနိုင်တဲ့ စာအုပ်ပေါင်မြှောက်များစွာနဲ့ ညီမျှတော့ လေးလေးပေ့စေတော့ပေါ့...။

ထီး...
နေပူပူ မိုးရွာရွာ သူ့ကိုအသုံးပြုရမယ်လေ....။ ထီးဆောင်းဖို့ပျင်းတဲ့ ကိုယ့်အတွက် မိုးသည်းသည်းမဲမဲနဲ့ နေပြင်းပြင်းကျမှသာ သူ့ကိုထုတ်သုံးပါတယ်...။

စံဇာဏီဘိုစာအုပ်....
ဘာရယ်မဟုတ်ပါဘူး နှစ်တိုင်းဝယ်ပြီးဆောင်ဖြစ်တဲ့ ဗေဒင်စာအုပ်လေး...တစ်ခါတလေမှသာ
ထုတ်ဖတ်ဖြတ်တာ...။

သုံးထားပြီးတဲ့ တစ်ဝက်တစ်ပျက်နဲ့ တစ်ရှူးတစ်ထုတ် ...။ လုံးထွေးထားတဲ့ တစ်ရှူးတစ်ခုရယ် ကားဆီဘောက်ချာတစ်ချို့ထွက်လာတယ်...။ ကိုယ့်ကားဆီထည့်တာမဟုတ်ရပါ..။ ရုံးကိုစားရင်းတင်ဖို့ ဘောက်ချာကိုထုတ်တွဲဖို့ဖြစ်ပါတယ်...။

အိတ်ထဲကပစ္စည်းတွေကကြည့်တော့ သိပ်မများဘူးထင်ပေ့ အတော်တော့လေးသား....။ အမြဲတမ်းလေးတဲ့ အိတ်ကိုလွယ်လို့လားမသိ တခါတလေ ထီးမေ့ကျန်ခဲ့ရင် အိတ်လေးပေါ့နေရင်တခုခုလိုနေတယ်လို့ခံစားရတတ်တယ်... အဲလို အဲလို...ပခုံးနာတာကတော့မပြောနဲ့ အိတ်လွယ်သူ အမျိုးသမီးတိုင်း ဒီဒုက္ခကမလွတ်ကြဘူးဆိုတာ သေချာတယ်မဟုတ်လား...။

နာမည်တပ်ပြီးတဂ်တဂ် မတဂ်တဂ် ကိုယ်ကတော့ မမသက်ဝေတဂ်လာသမျှပို့စ်တွေကို ရေးရတာ ပျော်လို့ ခုချက်ချင်းပဲ မမသက်ဝေပို့စ်ဖတ်ပြီးတာနဲ့ စာမျက်နှာသစ်ဖွင့်ပြီးချရေးလိုက်တော့တာ.....။


မိုးငွေ့

17 comments:

ညီလင်းသစ် said...

အိတ်ထဲမှာ thumb drive လေးတွေ ဆောင်ထားကြတာရယ်၊ သုံးပြီးသား တစ်ရှူးစက္ကူ လုံးလေးတွေရယ် ရှိကြတာချင်း တူနေကြလို့ ကျနော်က ဖတ်ပြီး သဘောတွေ ကျနေမိတယ်၊း) ပိုက်ဆံအိတ်တောင်မှ ၁ နဲ့ ၂ နှစ်ခု ရှိတာရယ်၊ ကွန်ပါဗူးလေးရယ် ကိုလည်း ဖတ်ပြီး အံ့သြရပြန်တယ်၊

ညီမမိုးရဲ့ “လျှို့ဝှက်ဆန်းကြယ် ဝတ္ထုလေး” ကလည်း စိတ်ဝင်တစားနဲ့ ဖတ်ရတာ ပျော်ဖို့ကောင်းတယ်..။း))

သက်ဝေ said...

ကွန်ပါဘူး ဆောင်ထားတယ်ဆိုလို့ သိပ်သဘောကျသွားတယ်... အိတ်ထဲ ပါတဲ့ ပစ္စည်းတွေထဲမှာ ထီးကလွဲရင် ကျန်တာတွေ တော်တော်များများ တူတယ်နော်... တူဆို ညီအမတွေကိုး... ဟုတ်တယ် ဟုတ်...

Tag Post လေး ရေးပေးတဲ့အတွက် အမကလည်း ကျေးဇူးတင်ပါတယ်... <3

ညိုလေးနေ said...

သွန်ထားတာလေးတွေ လာကြည့်သွားပါတယ် :)

ချစ်ကြည်အေး said...

ညီမမိုးရဲ့ အိတ်မှောက်တာကို မနေ့ကတည်းက လာဖတ်ကြည့်ပြီးသားပါ။ ကွန်ပါဘူးလေးထဲ သီးသန့်ထည့်ထားတာကို သဘောကျသွားတယ် သိလားး)

အမ်တီအန် said...

ကွန်ပါဗူးဆောင်တဲ့ လူကြီးတွေ ခနခနတွေ့ဘူးတယ်။ အိတ်ထဲက ပစ္စည်းတွေ ကြည့်ရတာ စံနစ်တကျရှိသူလို့ ယူဆတယ်..။ တိုလီမုတ်စလေးတွေ ဖတ်ရတာ ပျော်စရာ..။

မဒမ်ကိုး said...

စုံစီနဖာပါလားမမရယ်း))

rose of sharon said...

ကွန်ပါဗူးလေးဖေ့ဘွတ်မှာတွေ့လိုက်တယ်... ကတ်ကျေးလေးပါပါသေးတာနော် :)

Adora etc. said...

မမိုးငွေ့ရဲ့ အိတ်အညိုလေးကိုထဲကို လာချောင်းကြည့်သွားတယ်။ ကွန်ပါဘူးဆောင်တော့မယ်ကွ။းD

Yoemyaykya said...

တဂ်ပို့လေးတွေ အကြွေးတင်နေပီမမရေ။ ၀ိုင်းရေးကြတာ ပျော်စရာကြီးနော်။ ဒီရုံးပိတ်ရက်ဖြစ်ဖြစ် အားတဲ့အချိန်ဖြစ်ဖြစ် ရေးဖြစ်အောင်ရေးဦးမယ်။ အဲ အနော်ကတော့ စံဇာဏီဘို ဗေဒင်စာအုပ်ပျောက်နေတာကြာပီ။

Maung Myo said...

အပိုပြောတာတော့မဟုတ် အိတ်ပုံစံရယ် အရောင်ရယ်က အစ်မ နဲ့ တော်တော်လိုက်ဖတ်သလိုကို တွဲမြင်ယောင်မိသွားတယ်း) ဒါပေမယ့် လေးလိုက်တာကြီးးဗျာာာ ။

ရွှေအိမ်စည်မေ said...

မမိုး လည်း အတော်စုံတာပါပဲလား :D

ညိမ်းနိုင် said...

အောင်မလေးဗျာ....အဲ့လောက်ပစ္စည်းစုံတဲ့အိတ်ကို
မမိုးဘယ်လိုများလွယ်သလဲဗျဟင်...။လေးလိုက်မယ့်
ဖြစ်ခြင်း...၊

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်ကို မထင်မိဘူး တော်တော်စုံတာပဲ ...စေ့စပ်သေချာသူတို့ရဲ့ အိတ်တွေလို့... သတ်မှတ်ရမယ်...မမ :)

လရိပ်အိမ် said...

ဘယ်လောက်အလေးချိန်ရှိလဲ :D

blackroze said...

မကြီးမိုးငွေ့ အိတ် ကိုလည်း
ပစ်ပစ် လာချောင်းကြည့်သွားတယ်

San San Htun said...

တော်တော်စုံတာပဲ မမိုး..ကွန်ပါဘူးကို ဓာတ်ပုံရိုက်ဘူး တင်ပါလား...မမြင်ရတာ အတော်ကြာပြီ...

လရိပ်အိမ် said...

အိတ်မှောက်ကြောင်းTag postတင်နေတာကို ဘလော့က ဂဂျိုးဂဂျောင်လုပ်နေတယ်။ post အသစ်တက်တာ မမြင်ရဘူး။ ခုမြင်ရတော့ နှိပ်ကြည့်တော့လဲ ဆောရီးတဲ့။ သူကမတက်လာတော့ လရိပ်က ဖျက်လိုက်ပြန်တင်လိုက်လုပ်နေတော့ ဘာတွေမှန်းကို မသိဘူး ဖြစ်ရော။ လင့်အမှန်က ဒီမှာ
http://moonlithouse.blogspot.tw/2013/08/tag-post_1676.html
Ma Moe Ngwe ရဲ့ဖဘအကောင့်ညီမမသိဘူး ၊ အဲဒါကြောင့် ဖဘမှာ မတဂ်ထားဘူး။ ဒီမှာဘဲ လာအော်လိုက်တယ်။ :D