1. ကြယ်ကလေးခုန်ဆင်းလာခဲ့တဲ့ည
တကယ်တော့ gmail သာဖွင့်ထားတာ gtalk ဘယ်လိုပြောရမယ် ကိုယ်မသိဘူး...။ " Hi " ဆိုပြီး u ဝင်လာတယ်...။ u ကကိုယ့်ကို 109 110 လား? တဲ့...။ ကိုယ်အဲဒီဂဏန်းတွေကို ရုတ်တရက် ဘာမှန်းမသိခဲ့ဘူး..။
ကိုယ်နားမလည်လို့ အဲဒါ ဘာပြောတာလဲမေးတော့...“ထားလိုက်ပါ” တဲ့..။ ခက်တာက u တို့ ခုခေတ်သုံးနေကြတဲ့ မြန်မာအသံထွက်နဲ့အင်္ဂလိပ်စာကို ကိုယ်ဘယ်လိုမှမရေးတတ်ဘူး...။ ဖတ်ဖို့တောင် တစ်ကြောင်းတစ်ကြောင်းက လူကိုမောသွားတာပဲ...။ ကံကောင်းချင်တော့.. ကိုယ်ကလဲရုံးမှာ မြန်မာ font ရိုက်နေကျ..u လဲ မြန်မာလို ကောင်းကောင်းရိုက်တတ်နေတယ်..။ u ကမှ တကယ် ကျွမ်းကျင်တာ..ပါဠိစာလုံးတောင် တိတိကျကျ မမှားအောင် ရိုက်နိုင်တာ ချီးကျူးစရာပဲ...။ တကယ်ပဲ chatting ဝင်တဲ့သူတွေက အီစီကလီတွေများလား...။ ကိုယ်မှမသိဘဲကိုး..။ u လဲကိုယ့်ကို အဲဒီအမျိုးစားထဲက ထင်နေမှာပေါ့..။ ဟုတ်လား...။
အဲဒီနေ့က ရုံးနေ့တစ်ဝက်တက်ရတဲ့...စနေနေ့..။ ကိုယ်တို့ တတိယအကြိမ် စကားပြောဖြစ်ကြတာဖြစ်မယ်..။ သိပ်ကြာကြာမပြောဖြစ်ပါဘူး..။ signout ခါနီး u က “ သာယာတဲ့နေ့ဖြစ်ပါစေ” လို့နှုတ်ဆက်တဲ့အချိန် computer ကဖွင့်ထားတဲ့ Mariah Carrey ကလဲ "Bye Bye"တဲ့..။ ကိုယ်သိပ်နှစ်သက်တဲ့ သီချင်းပေါ့...။ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတယ်...။ u နှုတ်ဆက်ပြီးထွက်သွားတော့ သီချင်းလေးကို ဆက်နားထောင်ရင်း.. တဖြေးဖြေးဝေးသွားတဲ့ ကြယ်ကလေးတစ်ပွင့်ကို နှမြောတသတဲ့ ခံစားမှုမျိုးကိုယ်ရလိုက်တယ်...။ ကြယ်ကလေးဝေးသွားပြီ...။ သို့သော်...သူဆီက အလင်းတန်းလေးတစ်ခု မသိမသာကျန်ခဲ့တယ်..။ u ကိုယ်တော့ ကိုယ်မမြင်ဖူးပါဘူး...။ ဒါပေမယ့် u ဆီမှာ မျက်စိကျိန်းစပ်လောက်အောင် စူးရှတဲ့ အလင်းတန်းတစ်ခုရှိနေတယ်..။
2. အဖြူရောင်ပန်းတွေပွင့်တဲ့ည
u ကပြောတယ်... နောက်ဆိုရင် တွေ့ရမှာမဟုတ်တော့ဘူးတဲ့..။ အထူးသဖြင့် “မ”နဲ့တွေ့ရမှာမဟုတ်ဘူးတဲ့..။ ဒီလကုန်ရင် ကျောင်းပြန်ဖွင့်တော့မှာမို့ ကျောင်းတက်ရင် စာတွေနဲ့ပဲနပန်းလုံးရတော့မယ်တဲ့..။ ဒါပေါ့ ကျောင်းပြန်ဖွင့်ရင် u စာကြိုးစားဖတ်ရမယ်နော်..။ ဒါကြောင့် ကျောင်းမဖွင့်ခင်ပဲ စကားပြောရမှာမို့ တွေ့တုန်း စကားကောင်းကောင်း ပြောရအောင်တဲ့..။ ကိုယ့် သူငယ်ချင်းလေးအတွက် ဒီလောက်တော့ ကိုယ်လုပ်ပေးနိုင်ပါတယ်...။ စကားတော်တော်ကောင်းသွားလို့ ည 9:30 သွားတာတောင်..မသိလိုက်ဘူး...။ u Voice Call ခေါ်လာလို့ u အသံကိုကြားလိုက်ရသေးတယ်..။ u အသံက ဂီတာ အပေါ်ဆုံးကြိုးနှစ်ချောင်းကို တစ်ပြိုင်နက်တည်းတီးလိုက်တဲ့ အသံမျိုးလိုပဲ ကိုယ့်အကြားအာရုံထဲကို လှိုင်းခတ်ဝင်ရောက်သွားတယ်...။ လိုင်းမကောင်းလို့ ကိုယ်ပြန်ထူးတဲ့ အသံကို u မကြားလိုက်ဘူး..။ မကျေမနပ်နဲ့ ကို်ယ့်ကိုလူလည်ကျသွားတယ်လို့ ပြန်စွာနေသေးတယ်...။ ကျောင်းပြန်ဖွင့်ရင် တစ်ပတ်လုံးမအားတော့မှာမို့ တနင်္ဂနွေ တစ်ရက်တော့ စကားလာပြောပေးပါလားတဲ့..။ u ကိုယ်နဲ့ တကယ်စကားပြောချင်တယ်ဆိုရင် ကိုယ်လာခဲ့မှာပေါ့...။
ဒီညတော့ အကြောင်းအရာတော်တော်များများပြောဖြစ်တဲ့ညပဲ..။ u ကိုနှုတ်ဆက်ပြီး အိမ်ပြန်လာတဲ့ချိန်မှာတော့ ခြေလှမ်းတွေက ပေါ့ပါးနေတယ်..။ ည 9:30 ဆိုတဲ့အချိန်ဟာ အေးစိမ့်တဲ့ မိုးရာသီမှာတော့ လူခြေ တိတ်စပြုတဲ့အချိန်ဖြစ်တယ်လေ..။ အဲဒီညက ကိုယ်တို့ တိုက်ခန်းမရောက်ခင် လမ်းတစ်ခုက ခြံဝင်းရှေ့မှာ အဖြူရောင်ပန်းတွေ ပွင့်တဲ့ခြုံပင်တစ်ခုက တစ်ပြိုင်တည်း ပင်လုံးကျွတ်ပွင့်ကြတယ်..။ မိုးငွေ့လွှမ်းနေတဲ့လေကလဲ အေးစက်ချမ်းမြနေတယ်..။ ကောင်းကင်မှာ ကြယ်မှုန်ကလေးတွေများရှိနေမလားလို့ မော့ကြည့်မိတော့..မိုးတွင်းမှာ တိမ်လိတ်တွေပဲ ရှိတော့မှာပေါ့...။
အုပ်မှိုင်းညိုမှောင်နေတဲ့ တိမ်တိုက်တွေကိုမော့ကြည့်ရင်း...signout ခါနီး u နှုတ်ဆက်သွားတဲ့ “ကောင်းသောညပါ ”ဆိုတာကို ပြန်တွေးမိချိန်မှာတော့.. လောကကြီးတစ်ခုလုံး တိတ်ဆိတ်အေးချမ်းနေပြီ...။ “ဆုံဖို့မဖြစ်နိုင်တော့ဘူးဆိုရင်လဲ ဘလောက်လိုက်ပါ” ဆိုတဲ့ စာသားပြောင်းလိုက်ဦး တဲ့...။ ( ဟိုနေ့တွေက u နဲ့ ရန်ဖြစ်ထားလို့ နစ်မှာတင်ထားတဲ့စာသားလေးပါ )
3. အဖြူရောင် မျက်ရည်ည
u နဲ့ဖုန်းပြောတော့ u ကညနေလားခဲ့ဦးမလားတဲ့..။ u သေချာရှိနေမယ်ဆိုရင် ကိုယ်လာခဲ့မှာပေါ့..။ cyber ဆိုင်နဲ့ ကိုယ့်အိမ်ကနဲနဲ လှမ်းတယ်လေ...။ ညဘက်ကိုယ်တော်တော် လမ်းလျှောက်သွားရမှာ...။
ညနေရောက်တော့ သူငယ်ချင်းတစ်ယောက်ကိစ္စနဲ့ နောက်ကျနေလို့ ကိုုယ်အိမ်တောင်မပြန်တော့ဘဲ...Istream ကိုတန်းသွားလိုက်တာ...။ ည 7:30 နေပြီ..။ u စောင့်နေမှာပဲဆိုပြီး...ဗိုက်ဆာလွန်းတောင် ပေါင်မုန့်ကို လမ်းလျှောက်ရင်းစားသွားတာ..။ Istream ရောက်တော့ u ကအွန်လိုင်းပေါ်မှာရှိမနေဘူး..။ ခါတိုင်းကိုယ်ဝင်လာတာနဲ့ ခဏဆို u ရောက်လာတာပဲ..။ ဒီညတော့ဘယ်လိုဖြစ်လဲမသိဘူး...။ u နာမည်ဘေးနားက မီးစိမ်းလေးက လင်းမလာဘူး...။ ကိုုယ်လဲ ဘာလုပ်ရမှန်းမသိတာနဲ့ သူများဘလော့ဂ်တွေကို ဖွင့်ဖတ်နေလိုက်တယ်..။. ဖတ်သာနေရတာ...စိတ်က u ဆီရောက်နေတယ်..။ ဒါနဲ့ ဘလော့ဂ်တွေကို ပြန်ပိတ်ပြီး u နဲ့ chat ထားပြီးသားအဟောင်းတွေကို ပြန်ဖတ်နေလိုက်တယ်..။ ဒီထိလဲ u ကရောက်မလာသေးဘူး..။ ရုတ်တရက် ဝမ်းနည်းမိလာတယ်...။ ဆာလွန်းလို့ ဗိုက်ကအောင့်နေပြီ...ဒေါသကလဲထွက်နဲ့ မျက်ရည်တွေက အလိုလိုနေရင်းဝဲလာတယ်...။ အိမ်ရောက်တော့ ထမင်းတွေအများကြီး စားပစ်လိုက်တယ်...။
တကယ်ဆို u ရောက်မလာနိုင်ဘူးဆိုရင်လဲ message လေးတော့ ထားခဲ့သင့်တာပေါ့...။ ဒါတောင် ဖုန်းထဲမှာ ကိုယ်သေချာမေးထားတာ..။ u တကယ်ရှိနေမလားဆိုတာ...။ ခုတော့..u ကပုံပြောသွားပြီပေါ့..။
4. အဲဒီညကကြယ်ကလေးတွေလင်းလက်သွားကြတယ်
u သိလား မထင်မှတ်ဘဲ u နဲ့တွေ့လိုက်ရလို့ ကိုယ်ဘယ်လောက်ဝမ်းသာသွားလိုက်သလဲ...။ ဟုတ်တယ်လေ..ခါတိုင်းဆို ဒီချိန် u မှပြန်မရောက်သေးတာ...။ “သထိရသေးရင်နှုတ်ဆက်ပါ”တဲ့ နေ့လည်ကစာသားလေးပါ...။ အစကတော့ u ဝင်လာပါစေလို့ စောင့်ဦးမလို့ပဲ...။ ဒါပေမယ့် u ကို ကိုယ်တကယ်သတိရနေတယ် ဆိုတာကို သက်သေပြချင်တာနဲ့ “ဒီနေ့ကျောင်းကပြန်ရောက်တာ စောလှချေလား” လို့ နှုတ်ဆက်လိုက်တယ်...။ u က ဒီနေ့ လေ့လာရေးထွက်ရတာတဲ့ ..။ ကစားကွင်းလဲ ရောက်ခဲ့တယ်ပြောတယ်...။ အာကာသယာဉ်သွားစီးတာ...တကယ့်အာကာသထဲကို ရောက်သွားတဲ့အတိုင်းပဲတဲ့...။ ဒါပေမယ့် ပျင်းစရာကြီးပါ..ကလေးကစားကွင်းကြီး.တဲ့လေ..။ ဘာဖြစ်လဲ ...u က ခုမှကလေးရှိသေးတာ စိတ်လွတ်ကိုယ်လွတ် ကစားပေါ့...။ ကိုယ်တို့ Voice call နဲ့ တစ်နာရီကျော်ကျော်လောက်ပြောဖြစ်ကြတယ်...။ u အသံက ဒီညကတော့ base guitar နဲ့ တယောပေါင်းစပ်ထားတဲ့ အသံမျိုး...။ u ကမေးသေးတယ်...u နဲ့မတွေ့တုန်း ဘယ်ကောင်လေးတွေနဲ့စကားပြောသေးလဲတဲ့...။ ကိုယ့်မှာ u ကိုပဲ ပြောစရာရှိတာ...။ u မယုံတဲ့အတွက်တော့ ဝမ်းနည်းမိတယ်...။ အင်းလေ... u နဲ့ ကိုယ်က အပြင်မှာ တစ်ခါမှမမြင်ဖူးကြသေးတာနော်...။ u ပြောသလိုပဲပေါ့...။ “ မ ပြောတာကိုပဲကျွန်တော်က သိရတာလေ ” တဲ့...။ တနင်္ဂနွေနေ့ကျရင် စောင့်နေမယ်..။ ဒီတစ်ခါတော့..u ချိန်းထားပြီး ပုံပြောမသွားနဲ့ဦးနော် ..ဆိုတော့...“ ကျွန်တော်ပုံပြောတာ နားထောင်လို့ကောင်းလား” တဲ့...။ မနောက်နဲ့နော်...။ ကိုယ့်ကိုစိတ်မတိုစေချင်ရင်ပေါ့...။ အဲဒီညက အိမ်ပြန်တော့...ကောင်းကင်မှာတိမ်ညိုတွေ အုပ်မှိုင်းနေတဲ့ကြားက ကြယ်ကလေးတွေ လင်းလက်သွားကြတယ်...။
5. အိပ်မက်ည
မနေ့ညက u ကိုယ်န့ဲ နှုတ်ဆက်ရင်း... “ မ အပ်မက်ထဲကိုလာခဲ့မယ်နော်..ကျွန်တော်...” လို့ ပြောသွားတယ်..။ တကယ်လဲ နောက်နေ့မိုးလင်းတော့ u နဲ့ကိုယ် အိပ်မက်မက်တာ နိုးနိုးချင်း သတိရလိုက်တယ်...။ ထူးဆန်းလိုက်တာ u ရယ်...။ u တကယ်ပဲ ကိုယ့်အိပ်မက်ထဲကို ရောက်အောင်လာခဲ့တယ်..။ အိပ်မက်ထဲမှာ u နဲ့ကိုယ် ပုဂံခေတ်က အုတ်ခွက်ဘုရားလို နံရံမှာ ထွင်းထားတဲ့ ဆင်းတုတော်သေးသေးလေးတွေ အများကြီးကို ဖူးနေကြရတာတဲ့...။ အဲဒီဘုရားက ဆုတောင်းလည်းပြည့်တယ်တဲ့...။ ကိုယ်တို့နှစ်ယောက်ဘုရားအတူဖူးရင်း... ကိုယ်စီဆုတောင်းကြတယ်လို့ အိပ်မက် မက်တယ်...။ အိပ်မက်ထဲ မှာ u ကို သဲသဲ ကွဲကွဲမမြင်ရပေမယ့်... u ဆိုတာကိုတော့ သေချာတယ်...။ အပ်မက်ဆိုတာ စွဲလန်းလို့မက်တတ်ကြတာလား...။အိပ်ယာဝင်ခါနီး...တွေးမိတဲ့ အကြောင်းအရာတွေကိုမက်တတ် ကြတယ်လို့တော့ ပြောကြတယ်...။ ဒီလိုဆိုဖြင့် ကိုယ်တော့ u ကိုယ် ညတိုင်းအိပ်မက် မက်နေတော့မှာပဲ...။ ဒါလဲ မမှန်သေးပါဘူးနော်..။
6. တယ်လီဖုန်းလေးမြည်တဲ့ည
ခေါင်းရင်းက ဖုနု်းမြည်သံကြားတော့...မနက်မိုးလင်း Alarm မြည်တယ်ပဲ မှတ်နေတာ...။ နောက်တော့ ဒီအသံက Alarm မဟုတ်ပါဘူးဆိုပြီးထ ကိုင်လိုက်တော့ Number is not available ဆိုတာ ပေါ်ကတည်းက u ဖုန်းဆိုတာ ကိုယ်ကသိပြီးသား...။ အိပ်ချင်မူးတူးနဲ့ ကိုယ်ပြန်ထူးတော့... u က“ခုပြောတာ ဘယ်သူလဲ သိလို့လား ”တဲ့...။ u အသံကို မကြားခင်ကတည်းက u ဆက်တယ်ဆိုတာ အလိုလို သိပြီးသားပါ..။ u အသံကို နှစ်ခါ သုံးခါလောက်ပဲကြားဖူးပေမယ့်... ကိုယ်တရေးနိုးတာတောင်မှတ်မိနေပါတယ်နော်...။ အချန်ကမနက် 2:06 u တို့ဆီမှာတော့ 11နာရီလောက်ပဲရှိဦးမယ်..။ ဘာရယ်မဟုတ်ပါဘူး...ညတုန်းက ကိုယ် ဘုရားရှိခိုးပြီးအိပ်ရဲ့လား ဆိုပြီး စစ်ချင်လို့ဆက်လာတာဖြစ်မှာပေါ့...။မနေ့ညက သီတင်းကျွတ်နောက်ဆုံးညလေ...။ ကိုယ်တို့ရဲ့ မြတ်ဆရာ အရှင်ဂေါတမ တာဝတိံသာမှာ ဓမ္မစင်္ကြာတရားဟောကြားပြီးပြန်ကြွတဲ့ အခါမို့လို့ တစ်အိမ်လုံး ဆီမီးထွန်းပြီးပူဇော်ကြတယ်လေ....။ u တို့ဆီမှာတော့ဒါမျိုးဘယ်ရှိပါ့မလဲ..။
7. u ရောက်မလာတော့တဲ့ နိုဝင်ဘာညတွေ
နိုဝင်ဘာတစ်လလုံး u မလာတော့ဘူးလို့.. off line message ပေးသွားခဲ့တယ်..။ u ကတော့ ကျောင်းစာတွေနဲ့ အလုပ်ရှုပ်လို့ ကိုယ့်ကိုတောင် မေ့နေလောက်ပြီ..။ နှင်းတွေ ဝေနေမယ့် u တို့ကျောင်းအဆောက်အအုံနောက်ခံနဲ့ u ဓါတ်ပုံ တစ်ပုံလောက်တော့ ကြည့်ချင်စမ်းပါရဲ့...။ u နဲ့စကားမပြောရတာကြာလို့ လမြန်မြန်ကုန်ပါစေလို့ ဆုတောင်းနေမိတယ်...။ ဒီလကုန်မှ ကိုယ် gmail ပြန်ဖွင့်မယ်..။ အဲဒီအခါမှ u နဲ့ ပြန်တွေ့ရမှလေ...။ u ကကျောင်း တဖက်နဲ့ ကိုယ်အွန်လိုင်းကိုလာရင် အနှောက်အယှက် ဖြစ်မှာစိုးလို့ ဒီတစ်လလုံးမလာ တော့ဘူးလို့ပြောတာမဟုတ်လား..။ ရပါတယ်..။ ကိုယ်အလိုက်သိပါတယ်နော်...။ ကိုယ်တကယ် တစ်လလုံးလုံးဖွင့်မကြည့်ပါဘူး... gmail. ကို...။ မတော်တဆ u နဲ့တိုးရင် အားနာပါးနာနဲ့ u ကိုယ့်ကို နှုတ်ဆက်နေရမှာစိုးလို့ပါ...။
8. အသံလေးကိုမျှော်လင့်ခဲ့တဲ့ညက
အဲဒီညနေက ကိုယ်ရုံးဆင်းဆင်းချင်း cyber ဆိုင်တစ်ခုကို ဝင်လိုက်တယ်..။ u ဆီကို New Year Card လေး ပို့မလို့လေ...။ New Year Eve ကို သူငယ်ချင်းတစ်ယောက်အိမ်မှာ ကြာဇံကြော်နဲ့ အကင်တွေလုပ်စားကြတယ်...။ ည 12နာရီထိုးပြီး စက္ကန့်လေးကူးတာနဲ့ တစ်ယောက်ကိုတစ်ယောက် လက်ဆွဲနှုတ်ဆက်ပြီး Wish လုပ်ကြတယ်...။ အိပ်ယာဝင်တော့လဲ u ဆီက ဖုန်းများလာမလားလို့ တိတ်တိတ်ကလေးမျှော်နေမိတယ်..။ ဖုန်းကို ခေါင်းရင်းမှာ ထားပြီးတော့လေ..။ ဘယ်သူ့ဆီက New Year Wish ဝင်လာမလဲလို့ ကိုယ်မမျှော်ပါဘူး...။ u အသံလေးကို ကြားချင်နေခဲ့မိတာပါ..။. ဒါပေမယ့် u ဆီကဖုန်းမပြောနဲ့ နောက်နေ့ မနက် မေးလ်ဖွင့်ကြည့်တော့ message လေးတောင် ပို့မထားပါဘူး...။ u တကယ်နေနိုင်တယ်နော်..။ အင်းလေ... စာမေးပွဲတွေနဲ့ ခေါင်းရှုပ်နေလို့ဖြစ်မှာပါလို့ ကိုယ်ဖြည့်တွေးပေးလိုက်ပါ့မယ်...။ u ဆီကို ဖုန်းဆက်ရင်ကောင်းမလားလို့ တွေးမိပါသေးတယ်..။ u ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ u အသံကြားချင်ရုံသက်သက်နဲ့တော့ u ကို ကိုယ်မနှောက်ယှက်တော့ပါဘူး..။
မှတ်ချက်။ ။ ချစ်သူအဝေးရောက်နေတဲ့ မိုးစက်ဖြူ ၊ ချောငယ် နဲ့ chatting အမြဲထိုင်တတ်တဲ့ ညီမလေး သဲသဲတို့ အတွက် အမှတ်တရရေးသားပါသည်..။
မိုးငွေ့

