Monday, 23 January 2012

ငယ်တုန်းကဈေးထဲကအစိမ်းရောင်နှင့် ကျမအကြိုက်အစားစာတွေ...




ဝေလီဝလင်းရှိသေးပေမယ့် ဈေးတန်းထဲမှာ တောသည်တွေကတန်းစီ ငှက်ပျောဖက်စိမ်းတွေနဲ့ ခင်းပြီး ခူးဆွတ်လာကြတဲ့ အသီးအရွက်လတ်လတ်ဆတ်ဆတ်တွေကို ခင်းကျင်းနေကြပြီ....။ ပိန်းကြာရွက်ထဲမှာ အဖြူရောင် အဝါရောင်ငါးပေါက်ကလေးတွေ .... မဲမဲချွန်ချွန်နဲ့ခွေနေတဲ့ ခရုလေးတွေ.... ကျော်စံကေးတွေကလဲ ခြေလက်ကားယားတွေ အတွဲလိုက်လေး.....။ ဟော ...ဟိုဖက်အသည်ကျတော့ ဖက်ရွက်လေးပေါ်မှာ ဘာအရွက်တွေမှန်းမသိ အစုံရောနှောထားတာ တစ်ပုံကိုငါးကျပ်တဲ့...ဟင်းရည်ချက်သောက်ရင် အလွန်ချိုဆိုပဲ....။ ဒီဘက်ကခေါင်းပေါင်းနဲ့အဒေါ်ကြီးက ဝါးကျည်တောက်တွေကို ငှက်ပျောဖက်နဲ့စို့ပြီး တန်းစီထားတယ်...။ အင်ဖက်ရွက်ထဲမှာက အဖြူရောင်ဥသေးသေးလေးတွေ ခါချဉ်ဥတဲ့....။ ဒါဖြင့် ကျည်တောက်ထဲက ဘာလဲဆိုတော့ ဝါးပိုးကောင်တွေပါတဲ့...။ ဖွင့်ကြည့်လိုက်ရင် လှုပ်ရွရွနဲ့ အသဲယားစရာပါ...။ အဲဒီကောင်တွေကို ရေဆေး ဆီထဲဒီတိုင်းပစ်ထည့်ကြော်ရတာ ငရဲများပါတယ်...။ ဒါပေမယ့်လဲ သူများကြော်ကြွေးတာစားဖူးတယ် ဆိမ့်နေရောပဲ....။ ခါချဉ်ဥတွေကျတော့ ကြက်ဥနဲ့ခေါက်ပြီးကြော်စားရသတဲ့..။ ဇလုံထဲရေနဲ့စိမ်ထားတဲ့ အစိမ်းရောင်ချောကျိကျိတွေက ရေတံခွန်ကျောက်တွေကြားကယူလာတဲ့ ရေညှိတွေ လတ်လတ်ဆတ်ဆတ်ဒီတိုင်းလေး ခရမ်းချဉ်သီးနဲ့ ပဲပုပ်မှုန့်နဲ့သုပ်စားကြတယ် အရည်ရွှဲရွှဲနဲ့ပဲ....။ ဝဥတွေကို တိုဖူးလိုအတုံးလိုက်လုပ်ရောင်းတယ်....။ ပိန်းနှဲသီးပေါ်ချိန်ဆို ပိန္နဲနုလေးတွေကို ဝက်သားနဲ့ဖြစ်ဖြစ် သက်သတ်လွတ်ပဲဖြစ်ဖြစ် ဟင်းရည်ချက်သောက်ကြတယ်...။ အနီအညိုနုရင့်နဲ့ အရောင်လေးပြောင်လက်လက်နဲ့ အရွက်လေးက ညောင်ချဉ်ရွက်တဲ့...။ အနုလေးတွေကိုသင်ပြီး ပေါင်းရတယ်..။ အရွက်လေးနူးလာရင် နုတ်နုတ်စင်းပြီး ပဲပုပ်မှုန့်နဲ့ကြက်သွန်ဖြူဆီသတ်ပြီးကြော်စားကြတယ်...။ ဒါမှမဟုတ်လဲ ဝက်ရိုးနဲ့ အရေသောက်လေး မီးမြေ့မြေ့တနေကုန်တည်ထားရင် မျှစ်ချဉ်ဟင်းလိုပဲ သိပ်ကောင်းတယ်...။ ဝက်လက်အေးရောင်းတဲ့အသည်ကလဲ ဗန်းထဲက ဝက်လက်အေးကို ကြွေခွက်ထဲထည့်ပြီး တစ်ခွက်ကိုတစ်ရာနဲ့ရောင်းတယ် ငှက်ပျောဖက်နဲ့ထည့်ပြီး ဝါးတုတ်ချောင်းလေးနဲ့ထိုးညှပ်ပေးတယ်...။ ဝက်လက်အေးကိုဆောင်းတွင်းမှာပဲလုပ်ရောင်းကြတာ... သူက ဝက်လက်ကို စပါးလင် နနွင်း ငရုတ်သီး ဂျင်းနဲ့ပြုတ်ပြီး... နူးလာရင် ကျောက်ကျောလိုပဲ ဗန်းထဲလောင်းထည့်အအေးခံ မနက်ဆိုရင်ခဲသွားပြီ အဲဒီအသားခဲတွေကို ကောက်ညင်းပေါင်းနဲ့စားကြတယ်...။ နောက်တမျိုးက လက်ပံပွင့်အခြောက်တွေ ရှမ်းခေါက်ဆွဲထဲ ရေနွေးဖျောထည့် စားကောင်း၏။ ဒီဘက်ရှမ်းတွေက ရှမ်းခေါက်ဆွဲထဲကို အရွက်တွေစုံစိနေအောင်ထည့်စားတတ်ကြတယ်....။ ရွှေပဲရွက် ပဲပင်ပေါက် လက်ပံပွင့်ခြောက် ဂေါ်ဖီပါးပါးလှီး နံနံပင် ကြက်သွန်မှိတ် ရှမ်းနံနံအပြင် ရေပူစမ်းထဲမှာ အစည်းလိုက်လေးပြုတ်ပြီး လာရောင်းတဲ့ မျှစ်နုနုလေးတွေကိုပါ အမျှင်လိုက်ဆိတ်ထည့်ပြီးစားတတ်ကြတယ်...။ ရှမ်းခေါက်ဆွဲပန်းကန်ကြည့်လိုက်ရင် အစိမ်းရောင်တွေဝေဆာလို့ စားချင်စရာ...။ ရှမ်းမုန့်အချိုပွဲတွေထဲမှာ ကောက်ညင်းကင်လည်းစားကောင်းတယ် ငှက်ပျောဖက်ကို ကန်တော့ပုံလုပ် ကောက်ညင်းကို သကြားအုန်းနို့နဲ့ဆားနဲနဲထည့်ပြီး ကန်တတော့ထဲထည့် ဝါးတုတ်တံလေးနဲ့ထိုးပြီး မီးနဲနဲနဲ့ကင်ရတာ ဖက်နံ့လေးမွှေးပြီး စားလို့သိပ်ကောင်းတယ် ဒီမှာတော့ ဘိတ်အစားစာတွေမှာ ခပ်ဆင်ဆင်ကောက်ညင်းကင်မျိုးတွေ့ဖူးတယ်....။ နောက် ရောင်စုံဆန်ကျောက်ကျောတွေ အနီအစိမ်းအဖြူသုံးထပ်ပါတယ်...။ အညိုရောင်ဆန်ကျောက်ကျောမုန့် (မုန့်ကျွဲသဲလိုမျိုး)၊ ငှက်ပျောသီးကောက်ညင်း၊ ရွှေထမင်း (ရွှေထမင်းကျတော့ ကောက်ညင်းပေါင်းလိုပဲ ကြံသကာကြောင့်အညိုရောင်လေး ဖြစ်သွားတာပဲကွာတယ် အုန်းသီးဖတ်လေးဖြူးစားရတယ်) ရန်ကုန်မှာလို့ အတုံးလေးတွေမဟုတ်ဘူး...။ အချဉ်ရောင်းတဲ့အတန်းမှာဆိုရင် နာမည်အကြီးဆုံးက အမဲကျောကိုအချဉ်တည်ထားတာပဲ အကျောတွေက ကြည်ကြည်လေးတွေနဲ့ နှစ်လက်မအရှည်လေးတွေတုံးထားတယ် ငရုတ်သီးကြမ်းနဲ့အချဉ်တည်ထားတာ စားကောင်းတယ်...။ နောက် ကတက်ချဉ်ရွက်ဆို နုဖတ်နေတာများ အိမ်ရောက်ရင် ရေနဲနဲဆေး ရိတ်ရိတ်လှီးပြီး ကြက်သွန်ဖြူဓါးပြားရိုက်ထည့် ကြက်သွန်နီးပါးပါးလှီးထည့် ပီနံငရုတ်သီးခြောက်ကိုမီးကင်ပြီး ချိုးထည့် ဆားအချိုမှုန့်လေးထည့်နယ်ပြီး နံနံပင်လေးဖြူးလိုက် အောင်မလေးဗျာ...ဆွေမျိုးမေ့ပဲ...။ ရေးရင် သရေကျတယ် တကယ်ပါ...။ ကောက်ညှင်းဆန်ကိုအချဉ်ဖေါက်ထားတာ ကစော်ခေါ်တယ်... စားဖူးကြမှာပါ...။ ငယ်တုန်းကတော့ လူကြီးတွေက များများမစားရဘူး မူးတတ်တယ်ပြောတယ်...။ အင်းပေါ့ သူက ဆန်အရက်နီးနီးဖြစ်နေတာကိုးး...။ အဲဒါလေးကို သကြားလေးထည့်ပြီးသောက်တာ အရသာကချဉ်စုတ်စုတ်နဲ့ ...။ ဆီတိုဖူးအတုံးလေးတွေက ငရုတ်သီးရောင်လေးတွေတင်ထားတော့ ရဲရဲလေးတွေ ဝါးတောင်းလေးဒေါင့်ထဲ ဖက်ခံပြီးစီထည့်ထားတာ... ဆီတိုဖူးသည်ဆို နနွင်းမှုန့်နဲ့ အရောင်တင်ငရုတ်သီးမှုန့်တွဲရောင်းလေ့ရှိတယ်....။ စစ်တပ်ထဲကအဒေါ်ကြီးတွေလာရောင်းလေ့ရှိတဲ့ ပဲကပ်ကြော်.. မုန့်လုံးကြီးကြော် ဘိန်းမုန့်.... မုန့်လက်ကောက်...။ မုန့်လုံးကြီးဆို အထဲမှာဌာပနာထားတဲ့ အုန်းသီးကချိုမွှေးနေရောပဲ.. ကောက်ညင်းဆန်ကကောင်းတော့ ဗယ်ရီးဂွတ်ပေါ့ဗျာ....။ အဲဒီကဘိန်းမုန့်ကို ခုထိရန်ကုန်မှာ မတွေ့သေးဘူး ...။ ဒီမှာက ဘိန်းမုန့်ဆို အချပ်သေးသေးလေးတွေ ..။ ငယ်တုန်းက စားဖူးတာ သူတို့က ဘန်းလိုက်လုပ်ပြီး ကပ်ကြေးနဲ့ဖြတ်ဖြတ်ရောင်းတာ....။ ဘိုစာထဲကဆို ဟန်းနီးကိတ်နဲ့ခပ်ဆင်ဆင်ရယ်....။ ဒါကြောင့်တခါတလေ ငယ်တုန်းကဘိန်းမုန့်အလွမ်းပြေလေး ပျားရည်ကိတ်လေးကိုဝယ်ဝယ်စားဖြစ်တယ်.....။ မုန့်လေပွေကိုလည်းလွမ်းတယ် ... ပူပူနွေးနွေးဆုံထဲကထွက်လာတဲ့ ခေါပုတ်ကိုလဲလွမ်းတယ်....။ ဒီဈေးထဲမှာ ကျမအကြိုက်ဆုံးက တိုဖူးဦးနှောက်အချိုပွဲလေးပဲ...။ ပဲပိစပ်ကို ကြိတ်ပြီးလုပ်ထားတာ စားခါနီးဇွန်းလေးနဲ့ခတ်ပြီး ကြံသကာကိုဂျင်းနဲ့ကြိုထားတာကိုဆမ်း အုန်းနို့ဆမ်း အိုးး ဂွတ်မှဂွတ်ပဲ....။ အုပ်ကျင်းရွာထဲက အဒေါ်တစ်ယောက်ရောင်းတဲ့ ပဲတိုဖူးသုပ်ကိုလည်းသိပ်ကြိုက်တာပဲ....။ မုန့်ဟင်းခါးဆို ဒေါ်အေးမြင့်ဆိုင်က မုန့်ဟင်းခါးကြိုက်တယ်...။ ငါးရှားပေမယ့် တခါတလေ ငါးမပါပဲ စပါးလင်မွှေးမွှေး ငှက်ပျောအူနုနု ပဲရည်လေးနဲ့လဲသိပ်ကောင်းတယ်.....။ ဖြစ်နိုင်ရင် ခုရေးထားတဲ့ အစားအစာတွေကို ပုံလေးတွေနဲ့တင်ချင်ပါတယ်....။ တကယ်တမ်းကိုယ်စားခဲ့ဖူးတဲ့ အဲဒီအစားစာတွေဟာ ခုနေပြန်သွားရင်တောင်မှ ဈေးထဲမှာ အဲလိုတွေသဘာဝကျကျလေး စုံလင်အောင်တွေ့နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး.....။ လူတွေဟာ တနေ့တခြား သဘာဝအစားသောက်တွေနဲ့ ဝေးဝေးသွားတယ် အလွယ်တကူ ရယ်ဒီမိတ်ကို အားပေးလာကြတယ်....။ ရယ်ဒီမိတ်ဆိုတာ တာရှည်ခံဆေးတွေ ဓါတုဆေးဝါးတွေထည့်သုံးထားတော့ ကျန်းမာရေးအတွက်တယ်ပြီး မကောင်းလှပါဘူး....။ ဖြစ်နိုင်ရင် စားစရာမုန့်ပဲသရေစားတွေကိုတောင် သဘာဝငှက်ပျောဖက်လေးနဲ့ပဲ ထည့်ရောင်းစေချင်ပါတယ်...။ ပလတ်စတစ်အိတ်တွေ ကြွပ်ကြွပ်အိတ်တွေအစား ဖက်တွေ စက္ကူတွေကို ပြန်သုံးစေချင်ပါတယ်...။ ဒီပို့စ်ကိုစရေးတော့ ကျမငယ်ငယ်တုန်းက အဖွားတစ်ယောက်လိုချစ်ခင်ရတဲ့ အဖွားလုံရဲ့ မီးဖိုချောင်အကြောင်းကိုရေးမလို့ပါပဲ ရေးရင်းနဲ့ ဈေးထဲကအစားအစာတွေက ကိုယ့်ကိုဆွဲဆောင်လိုက်တယ်....။ အဖွားလုံအကြောင်းကို နောက်တစ်ပို့စ်ကျမှရေးမယ်ကွယ်...။


မိုးငွေ့

19 comments:

အမ်တီအန် said...

ဒီလို အတွေ့အကြုံလေးတွေကို အရမ်းစိတ်ဝင်စားတယ်။ ကိုယ်မသိဘူးတာတွေ သိရတော့ ဗဟုသုတရတယ်။ ဒါမျိုးလေးတွေ ဆက်ရေးပေးပါ။ အဖွားလုံအကြောင်း စောင့်နေပါ့မယ်နော်..။

အမ်တီအန် said...

ဒီလို အတွေ့အကြုံလေးတွေကို အရမ်းစိတ်ဝင်စားတယ်။ ကိုယ်မသိဘူးတာတွေ သိရတော့ ဗဟုသုတရတယ်။ ဒါမျိုးလေးတွေ ဆက်ရေးပေးပါ။ အဖွားလုံအကြောင်း စောင့်နေပါ့မယ်နော်..။

blackroze said...

မကြီးမိုးငွေ့
အခုလိုလေးရေးထားတာဖတ်ရတာ
မကြီးမိုးငွေ့ရေးထားတဲ့ဈေးတန်းလေးထဲ
ကိုယ်တိုင်ရောက်သွားသလိုပါဘဲ...
စားစရာတွေလည်းမျက်စိထဲမြင်ယောင်လာတယ်
အမ..အဖွားလုံအကြောင်းရေးပါအမ
စောင့်နေပါ့မယ်..

စံပယ်ချို said...

ဈေးတန်းထဲကိုဝင်မိလိုက်တယ် ဒါပေမယ့်ဘာမှ မစားခဲ့ရဘူး
စားချင်လိုက်တာ ဖတ်ပြီးဗိုက်ဆာလာတယ်

Evy said...

စာဖတ်ရတာနဲ့ကို ချက်ချင်းစားကြည့်ချင်စိတ်ပေါက်လာတယ်။

Han Kyi said...

ကွယ် ဒီရက်ပတ်ကတော့ ဦးဟန်ကြည် ကံဆိုးသော ရက်ပတ်ပဲထင်ပါ့...ဘလော့တကာ ပတ်သွားလိုက်တိုင်း အစားအသောက်အကြောင်းတွေချည်းပဲ တွေ့နေရတော့တာပဲ...အိမ်ရှင်မကို လွမ်းအောင်များ ဖန်နေကြရော့သလား မသိတော့ပါဘူး...

အညာဈေးတန်းလေးကိုတောင် ပြန်လွမ်းမိပါပေါ့လား မိုးငွေ့ရေ...

Angelhlaing(May everybody be happy and healthy! said...

မမပို့စ်လေး ဖတ်ပြိး ဗိုက်ဆာ သွားတယ် :):)

ညိမ်းနိုင် said...

ဟင့်....ဗိုက်ဆာသွားပြီ....ဝက်လက်အေးစားချင်တာနော်...

မောင်သီဟ said...

း) အတိတ်ဆီပြန်တွေးမိသွားပြီ

mstint said...

မိုးငွေ့ရေ ဒီကနေ့ဖတ်ရတဲ့ မိုးငွေ့ရဲ့ အစားအစာတွေ
အားလုံးလိုလိုအဆန်းချည်းပဲမို့ ဗဟုသုတတွေရသွားပြီ။
နောင်အဆင်ပြေတဲ့အခါပုံလေးတွေပါတင်နော်
စိတ်ဝင်စားစရာကောင်းလို့ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘိုဖြူ said...

ရှမ်းခေါက်ဆွဲကို ရွှေပဲရွက်နဲ့ပဲစားဖူးတာ
တခြားအရွက်နဲ့မစားဖူးသေးဘူး
အမိုးငွေ့ရေ
ဆက်ရေးပါ
လာပြီးသွားရေကျပါ့မယ်
ခင်မင်တဲ့
ဘိုဖြူ

မီးမီးငယျ said...

ကဲ...။
တာလေဈေးထဲခဏရောက်သွားပြီ။
မတ်လလောက်မှာအလည်ပြန်အုံးမယ်။
အခွင့်သာရင်အဲဒီကမုန့် မျိုးစုံရောင်းတာတွေ။
ဓါတ်ပုံရိုက်လာအုံးမယ်။
ကျမလည်းခဏခဏလွှမ်းမိတယ်..မိုးငွေ့ မီးလေးရယ်။

ဆူးသစ် said...

ကြသံကာလို့တော့မဟုတ်ဘူးထင်တယ်မိုးငွေ့ရေ။ ကြံသကာဖြစ်ပါလိမ့်မယ်။ ကြံကနေရတာကိုး။ မုန့်လုံးကြီးထဲကို ဋ္ဌာပနာတယ်ဆိုတဲ့အသုံးကတော့ နည်းနည်းထူးဆန်းနေတယ်။ ကျွန်တော်ကတော့ ဘုရားမှာ ဋ္ဌာပနာတယ်ပဲကြားဖူးတာကိုး။ ဈေးထဲကအတွေ့အကြုံကိုရေးထားတာ တော်တော်ကောင်းတယ်။ အနုစိတ်တယ်။ ကျော်စံကေးဆိုတဲ့အသုံးကိုတွေ့လို့ ဒါဟာ တမင်ဖန်တီးလို့မရတဲ့အတွေ့အကြုံဆိုတာပိုသေချာသွားတယ်။ ကျော်စံကေးဆိုတာ နယ်မှာထဲထဲဝင်ဝင်နေဖူးတဲ့လူတွေမှသိတာကိုး။ ကျွန်တော့်မိဘတွေနယ်မှာလည်း အဲဒီကျော်စံကေးကို အဲဒီလိုပဲသုံးကြတယ်။ တချို့မသိကြဘူး။ ဒါနဲ့မိုးငွေ့တို့က ဘယ်နယ်အကြောင်းကိုရေးတာပါလဲ။ အဲဒါလေးပြောပြနိုင်ရင်မျက်စိထဲကနေ ဪ-ဒီဒေသက ဒီလိုပါလားလို့ မြင်ယောင်နိုင်မလားလို့ပါ။

Cameron said...

စာလုံးပေါင်းအမှားလေးထောက်ပေးတာကျေးဇူးပါ...။ ဆူးသစ်က မိုးငွေ့ရဲ့ တခါတုန်းကတို့ရွာမှာ ရဲ့ လေဘယ်အောက်က ပို့စ်တွေအစုံမဖတ်ထားလို့ထင်ပါတယ်...အဲဒါ ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နားက တာလေဖြစ်ပါတယ်...။

Cameron said...

အော် တစ်ခုပြောဖို့မေ့သွားတယ် ဆူးသစ်က စာတစ်ပုဒ်ကိုဖတ်တာ နဲနဲ negative sense လေးပါနေသလားလို့ပါ ... ရန်စတာမဟုတ်ဘူးနော်....ဝေဖန်ကြည့်တာ :P

ဆူးသစ် said...

စာတွေအစုံမဖတ်ထားလို့ဆိုတာတော့ဟုတ်ပါတယ်။ ကျွန်တော်မသိခဲ့တာပါ။ Negative Sense နဲ့ဖတ်တာတော့ မဟုတ်ပါဘူး။ ကိုယ်ရေးတဲ့စာနဲ့တော့ ကိုယ့်ဘာသာ ဘယ်လာအမုန်းခံပါ့မလဲဗျာ။ ဝေဖန်တာကို မကြိုက်ဘူးဆိုရင်တော့ တစ်မျိုးပေါ့။ ကျွန်တော်က စာလုံးပေါင်းသတ်ပုံတွေပြင်ပေးရတဲ့အလုပ်မျိုး၊ (စာပြင်ဆရာစစ်စစ်လည်းမဟုတ်ခဲ့ပါဘူး။) လုပ်ခဲ့ဖူးလို့ပါ။ ကျွန်တော့်ရဲ့ဘယ်စကားလုံးကများ အဲဒီလိုအမြင်ပေါက်စေပါလိမ့်။ တကယ်လို့ အယူအဆလွဲသွားစေတယ်ဆိုရင်တော့ ဆောရီးပါ။ ကျွန်တော့်ရဲ့လွဲမှားသွားတဲ့စေတနာလို့ပဲ နားလည်ပေးပါ။ ကျွန်တော်တို့က အင်တာနက်မှာရေးနေတယ်ဆိုပေမယ့် ကျွန်တော်တို့ရဲ့မြန်မာစာကို ကျွန်တော်တို့ပဲ ထိန်းမှရမှာလေ။ ဘာဖြစ်လို့လဲဆိုတော့ စာအုပ်လိုမထုတ်ပေမယ့် ကမ္ဘာအနှံ့က ဖတ်နေတာဆိုတော့ ပိုတောင်သတိထားမိနိုင်ပါတယ်။ တစ်ယောက်ရေးတာကနေ နောက်တစ်ယောက်ကပါ အဲဒီစာလုံးတွေကို အမှန်တွေထင်နေရင် ကြာရင်ပိုဆိုးသွားမယ်လို့ ကျွန်တော်ယူဆလို့ပါ။ မကြိုက်ရင်တော့ နောက်မပြောတော့ပါဘူး။

SHWE ZIN U said...

ညီမ ရဲ့ ငယ်တုံးက အစားအစာ တွေကို စားချင်လိုက်တာ
စားချင်အောင် ရေးလည်းရေးတတ်ပါပေတယ်

ချစ်အမကြီး
ရွှေစင်ဦး

မဒမ်ကိုး said...

တို့ဖူး ဦးနှောက်ဆိုတာ ကရဖွန်းကိုပြောတာမလား
ပြန်တောင်သတိရသွားတယ်မမိုးရေး)

နွေတေးရှင် (မင်းဧရာ) said...

အဲဒီနေရာလေးကိုသာ
အရောက်သွားချင်စမ်းတော့တယ် ။

ရှမ်းပြည်ရှမ်းတောင်ဆိုတာကို ငယ်ငယ်က ရောက်ဖူးပေမင့်
ဒီလောက်အထိ ဗဟုသုတ မရခဲ့ဘူးရယ်
အခုတစ်ခေါက်ပြန်သွားချင်လာမိတယ် ဗျာ ။