Monday, 2 January 2012

ကျွန်မ၏ကဗျာဆရာ.......




စာတွေ.... ကဗျာတွေ ရူးသွပ်ခဲ့ဖူးပေမယ့် ကိုယ့်ဘဝမှာ ကိုယ်ပိုင် ကဗျာဆရာတစ်ယောက်ရှိလာလိမ့်မယ်လို့ တခါမှမတွေးခဲ့ဖူးဘူး.......။ ပျော်လိုက်တာ....:) ခုခေတ်ပိုင်း မောဒယ်လ်တွေ မင်းသမီးတွေ ကိုယ်ပိုင်ဒီဇိုင်နာတွေထားကြသလိုပေ့ါ..... ကိုယ်လဲ အားကျမခံ ကိုယ်ပိုင်ကဗျာဆရာထားတယ်...။ကိုယ့်ခံစားမှုတိုင်း ကိုယ့်လှုပ်ရှားမှုတိုင်းဟာ သူ့ရဲ့ ကဗျာတွေဖြစ်ဖြစ်လို့သွားတယ်......။ ကိုယ့်ရဲ့ ဝမ်းနည်းမှု ကိုယ့်ရဲ့ မျက်ရည်စက်တွေဟာလည်း ကိုယ့်ရဲ့ ကဗျာဆရာက ကဗျာတစ်ပုဒ်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ်....။ အလွမ်းတွေလည်း ကဗျာဖြစ်ကုန်တယ်....။ ကျမကဗျာဆရာရဲ့ကိုယ်ပိုင်ဥယျာဉ်လေးထဲမှာ အလွမ်းကဗျာပန်းခင်းတွေလည်း ဝေနေခဲ့ဖူးတယ်......။

ကိုယ်တို့စဆုံဖြစ်တုန်းက ကဗျာတစ်ပုဒ်နဲ့ကတောက်ကဆဖြစ်ရင်းနဲ့ပါ........။ ကဗျာတစ်ပုဒ်အတွက် စတင်ဆုံးဆည်းတဲ့သူတစ်ယောက် ကိုယ့်ဘဝထဲကို နူးညံ့ညင်သာစွာ ချင်းနင်းဝင်ရောက်လာလိမ့်မယ်လို့ ဘယ်လိုထင်ထားမိမလဲ....။

နေ့စဉ်နှင့်အမျှ သူရေးစပ်တဲ့ ကဗျာလေးတွဟာ နူးညံ့သိမ်မွေ့လို့ လူတကာစိတ်ဝင်စားလေ့ရှိတယ်.....။ ဒါကြောင့် သူ့ကဗျာထဲပျော်ဝင်ခံစားသွားတာကိုယ့်အပြစ်မဟုတ်ပါဘူးနော်...။ ကိုယ်တို့ဆုံဖြစ်ကြတဲ့အချိန်ဆို သူနဲ့ကိုယ် ကဗျာတွေစာတွေအပြန်အလှန်ဖလှယ်ကြတယ်.......။ တခါတလေ ရေးတဲ့အချိန်တွေတောင်တူတဲ့အပြင် အကြောင်းအရာ စကားလုံးကအစ တိုက်တိုက်ဆိုင်ဆိုင်တူနေတတ်သေးတယ်.......။ ဒါဟာ...တကယ်တော့ ဝါသနာတူ ရင်ခုန်သံချင်းတူ ခံစားချက်ချင်းတူလို့ဖြစ်လာတာပါ....။

ကိုယ့်ရဲ့ ကဗျာဆရာဟာ တစ်သက်လုံး ကိုယ့်အတွက် ကဗျာဆရာဖြစ်နိုင်ပါ့မလားလို့ တခါတခါအတွေးခေါင်မိတယ်။... တကယ်တော့ အဲဒီအတွေးဟာ အဖြူရောင်အတ္တပါ....။ လောကမှာ ပိုင်ဆိုင်မှုဆိုတာ ဘာမှမရှိပါဘူး........။ ပိုင်ဆိုင်မှုဆိုတာ သတ်မှတ်ချက်သက်သက်ပါ........။ ဘယ်ချိန်ဘယ်ခါမှာ ကိုယ့်နားက ပျောက်ကွယ်သွားမလဲမသိပေမယ့်.....လောလောဆယ်တော့ ကိုယ်ပိုင်ကဗျာဆရာတစ်ယောက်ရထားတဲ့အတွက် ကြည်နူးပီတိဖြစ်နေမိတော့တယ်......။


မိုးငွေ့


 

9 comments:

Anonymous said...

ကဗျာဆရာမ တယောက်လောက်တောင်လိုချင်လာပီနော်
မမငွေ့ .... ဖတ်ရင်းနဲ့ ရင်တောင်တုန်တယ်

San San Htun said...

ကဗျာဆရာတယောက်တောင် လိုချင်သွားပြီ..အဲဒါ မိုးငွေ့ ကြောင့် :P

မဒမ်ကိုး said...

ကဲ အကုန်အားကျကုန်ပြီမိုးရေ
ဘယ်လိုလုပ်ပါ့း)

ချစ်တဲ့
မဒိုးကန်

စံပယ်ချို said...

ကဗျာတွေမရေးချင်တော့ဘူး
မိုးငွေ့လိုပဲ ရင်ခုန်စရာကောင်းတဲ့စာတွေရေး တတ်ချင်ပါတယ်

အမ်တီအန် said...

ကဗျာရေးတတ်သူအားလုံးကို ချစ်ခင်လေးစားတယ်...။
အားကျမိတယ်ကွယ်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေကို စကားလုံးလေးတွေအဖြစ် အသက်သွင်းပေးမဲ့ ကိုယ်ပိုင်ကဗျာဆရာရှိတာ ဝမ်းသာစရာပေါ့
အားတောင်ကျသွားတယ်။
နှစ်သစ်မှာ ပျော်ရွှင်ပါစေမိုးရေ..
ကဗျာဆရာလေးကိုလည်း အမြဲတမ်း ပိုင်ဆိုင်ရပါစေနော်.

blackroze said...

မကြီးရေ
ရှိသေးရင်နဲနဲပေးပါ :P

Candy said...

အော်... လတ်စသတ်တော့ ဒီလိုကိုး.. ဒီပိုစ့်ကို အရင်ဖတ်ရမှာ ဟီးဟီး :P

ဆူးသစ် said...

ကျွန်တော်ကတော့ ကိုယ်တိုင်ကဗျာရေးသူပဲဖြစ်ချင်ပါတယ်။ ကျွန်တော်ထိတွေ့ခံစားရတဲ့အပေါ် ကျွန်တော့်နှလုံးသားနဲ့ မွေးဖွားနိုင်ခွင့်ရတယ်လို့မြင်ပါတယ်။ ဒါပေမဲ့ မိုးငွေ့အတွက် အဆင်ပြေတယ်ဆိုတော့ ကိုယ့်လိုရေးဖော်တစ်ယောက်အဆင်ပြေတာ ၀မ်းသာပါတယ်ဗျာ။