Friday, 29 September 2017

အမုန်းများစွာအတွက်.....





 ငါဟာ ရက်စက်တတ်သူပါ မင်း ခုတော့စိတ်နာသွားပြီး ကောျခိုင်းထားခဲ့ မင်းလေးမလွမ်းနဲ့မေ့ပစ်လိုက်ပါ ငါလှည့်စားခဲ့သူကြီး ခွင့်မလွှတ်လိုက်ပါနဲ့ ငါဟာ စိမ်းကားခဲ့ပါတယ် မင်းလေးမုန်းတတ်ဖို့ပါပဲ... အသည်းကွဲသွားလည်းပဲ ဒီမှာ ဟန်ဆောင်နေမယ် မနာကျင်သလိုပါပဲ အမုန်းများအတွက်ပါကွယ်....

ဒီသီချင်းလေးလဲ ကျွန်မနေ့စဉ်ပုံမှန်နားထောင်နေကျ ကျွန်မ iTune ထဲကတစ်ပုဒ်ပဲ...။ အမုန်းများစွာအတွက်က တကယ်တော့ မြေပဲယိုအဖွဲ့ရဲ့ သီးသန့်အယ်လ်ဘမ်ထဲက သီချင်းမဟုတ်ဘူး...။ အဆိုတော်ပေါင်းစုံပါဝင်တဲ့ အမုန်းများစွာအတွက် အယ်လ်ဘမ်ထဲက မြေပဲယိုအဖွဲ့ရဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်...။ အဲဒီတုန်းက အချစ်များစွာအတွက် အမုန်းများစွာအတွက် အနမ်းများစွာအတွက် ဆိုတဲ့ သီချင်းတွေက မိုင်ဖေးဘရိတ်သီချင်းတွေပါ...:) ဒီအမ်တီဗီထဲမှာ သရုပ်ဆောင်တဲ့ ကောင်မလေးက ကျွန်မနဲ့ ညီမတစ်ဝမ်းကွဲတော်ပါတယ် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ မြတ်ကေသီအောင်ရဲ့ ညီမအငယ်ဆုံးလေးပါ...။ ခုတော့ အိမ်ထောင်ကျပြီး သားလေးနဲ့သမီးလေးနှစ်ယောက်အမေအဖြစ် နယူးယောက်မှာ နေထိုင်နေပါတယ်...။ ဒီအမ်တီဗီက နှစ်တော်တော်ကြာနေပြီ ဆယ်နှစ်တောင်တော်တော် ကျော်နေလောက်ပြီထင်တယ်..။

မိုးငွေ့

Monday, 25 September 2017

Earnings.....




Blogspot ရဲ့ Blogger.com စာမျက်နှာရဲ့ဘယ်ဖက် Roll မှာ Earnings ဆိုတာရှိတယ်...။ ကျွန်မက စက်ပိုင်းဆိုင်ရာကလိရတာ သိပ်မကျွမ်းကျင်ဘူး...။ သိပ်လည်းမစပ်စုဖြစ်ဘူး...။ စာရေးရင် စာမျက်နှာအသစ် ယူရတဲ့ Posts ဆိုတဲ့ခေါင်းစဉ်နဲ့ comment လောက်ပဲသွားကြည့်ဖြစ်တာများတယ်...။ Setting ထဲတောင် ကိုယ့် Page ရဲ့ Theme လေးတွေ အသစ်ပြောင်းချင်မှဝင်ကြည့်တတ်တာ...။ ဒါကလည်း တစ်နှစ်မှာ တစ်ခါ နှစ်ခါလောက်ရယ်...။ သူများဘလော့ဂ်တွေ ဝင်လည်တော့ ဘေးနှစ်ဖက် ဒါမှမဟုတ် အောက်ခြေတွေမှာ ကြော်ငြာလေးတွေ တွေ့ရတယ်..။ ဟင်းချက် မုန့်လုပ်တဲ့ ဘလော့ဂ်တွေမှာဆို မီးဖိုချောင်သုံးပစ္စည်းလေးတွေ ကြော်ငြာတတ်တယ်..။ များသောအားဖြင့် တယ်လီဖုန်း Sim card ကုမ္ပဏီတွေများတယ်...။ Telenor ဆို စာမျက်နှာတိုင်းမှာ တွေ့ရတတ်တယ်..။ ဒါကလည်း မြန်မာနိုင်ငံမှအပ တခြားနိုင်ငံရပ်ခြားက ဘလော့ဂါတွေရဲ့ စာမျက်နှာမှာပဲ တွေ့ရတာပါ...။ အဲဒါတွေ့ရဖန်များတော့ တခါက ကျွန်မ ညီမလေးဝမ်းကွဲတစ်ယောက် ကျွန်မကိုမေးဖူးတယ် ဘလော့ဂ်ရေးနေတာ ကြော်ငြာမထည့်ဘူးလားတဲ့ အဲဒါဝင်ငွေရတယ်တဲ့...။ အဲဒါကို သွားသတိရတော့မှာ Blogger.com မှာ Comment အောက်မှာရှိတဲ့ Earnings ဆိုတဲ့အထဲ ဝင်ကြည့်ဖြစ်သွားခဲ့တယ်..။ တကယ်တမ်း မှတ်ပုံတင်မယ်လုပ်တော့ Country မှာ ကိုယ့်တိုင်းပြည်နာမည်က ပါမလာဘူး...။ တခြား...သူတို့တွေ စီစစ်စရာ ဘာညာသာရကာတွေ အများကြီးပေါ့  နောက် ဘဏ်အကောင့်တွေ ဘာတွေလည်း တောင်းဦးမယ်ထင်တယ်..။ အဲဒါထားပါတော့ ကိုယ့်နိုင်ငံနာမည်ရှာမရတော့ ကျွန်မ ဟိုး...ကမ္ဘာတစ်ဖက်ခြမ်းမှာနေနေတဲ့...ကျွန်မရဲ့ ကဗျာဆရာကို အကူညီတောင်းကြည့်ပါတယ်..။ သူလည်းကူညီပေးမယ်ဆိုပြီး သူ့ I phone နဲ့လုပ်ပေးရှာပါတယ်..။ ကျွန်မက ဒီဖက်မှာ Log out လုပ်မထားတော့ ဖုန်းထဲကို မက်ဆေ့ချ်တွေကဝင်လာပါရော ကျွန်မ မေးလ်ထဲလဲစာပို့လိုပို့ပေါ့..။ မင်းအကောင့်ကို တခြားတစ်ယောက်ခိုးဖွင့်နေတယ်ပေါ့...။ Google က အဲဒါတော့ စိတ်ချရတယ်...သူက တခြားအကောင့်ဖွင့်နေတဲ့သူရဲ့ နေရာကအစ Google Map နဲ့ အတိအကျပို့ပေးတာ...။ အဲဒါ သူတို့က စိတ်မချလို့ Log in ဝင်မရအောင်တားထားပေးပါတယ်တဲ့ ကဲ...။ အဲဒါနဲ့ နောက်နေ့ ကျွန်မ..ကဗျာဆရာနဲ့လိုင်းမှာတွေ့တော့ သူဖွင့်မရဘူးဆိုတာနဲ့ ဒီဖက်မှာ Log out လုပ်ပေးလိုက်တော့မှ သူ ဟိုဖက်ကနေ ပြန်ဝင်လို့ရသွားတယ်...။ လိုအပ်တာတွေအားလုံး Form ကိုသူဖြည့်ပေးပြီးတင်ထားတယ်...။ သူတို့စီစစ်ဦးမယ်ထင်တယ် ဘာမှတော့ မထူးခြားသေးဘူး စာတွေဘာတွေမပို့သေးဘူးလို့ စိတ်ထဲထင်တယ်လို့ရှိသေး ဒီစာရေးရင် မေးလ်စစ်ကြည့်လိုက်တော့ သူတို့ကပို့ထားနေပြီ..။ မင်း ဘလော့ဂ်ကိုလက်ခံလို့မရနိုင်သေးတာ စိတ်မကောင်းပါဘူးတဲ့ ဘာကြောင့်လည်းဆိုတော့ International language မဟုတ်လို့လို့ဖြေထားတာ တွေ့လိုက်တယ်...။ အေးလေ ဟုတ်သားပဲ... ကမ္ဘာမှာ မြန်မာစာဖတ်တတ်တဲ့သူက မြန်မာတစ်နိုင်ငံက လူတွေအားလုံးတောင်မှ မဖတ်တတ်တာလေ ဆိုပြီး သတိချပ်မိတော့တယ်..။ ဒါနဲ့ အော် ငါတော်တော်အရူးထတာပဲလို့ကိုယ့်ကိုယ်ကို မှတ်ချက်ချမိတယ်..။ ကျွန်မရဲ့ ကဗျာဆရာကိုတောင် ဆွယ်လိုက်မိသေးတယ် ...။ ဒီမှာရှင့် တစ်လတစ်ခါကြော်ငြာခရခဲ့ရင် ခင်ဗျားလေး ဘဏ်အကောင့်သုံးထားတဲ့ အတွက်ရော ဆောင်ရွက်ခအနေနဲ့ ရသမျှကြော်ငြာခကို တစ်ဝက်တိတိပေးမယ်လို့ ...း)

သူဘာပြန်ပြောတယ်မှတ်လဲ...

“ဟ..ဟ..တစ်လကို တစ်ဆယ်ရရင်ကံကောင်းတဲ့...”  ကျွန်မကို လှောင်ပြုံးလေသံလေးနဲ့...
“ဟင် ...ဟုတ်လား ကိုယ်ကဖြင့် ကြော်ငြာခလေးများရရင် ကဗျာဆရာမြန်မာပြည်ပြန်တဲ့အခါ မိတ်ကပ်လေး နှုတ်ခမ်းဆိုးဆေးလေးများ မှာမလားလို့ ရည်ရွယ်ချက်ကြီးစွာနဲ့” ဆိုတော့ ...
“ ဘာမိတ်ကပ်မှာချင်လို့လဲ” တဲ့....
“Rihanna ရဲ့  Fenty ” ဆိုတော့...
“ကြားတောင်မကြားဖူးဘူး” တဲ့...


“ဘယ်ကြားဖူးမလဲ ခုမှအသစ်ထွက်တာကို ပြီးတော့မြန်မာပြည်ကိုမရောက်သေးပေမယ့် Sephora ဆိုင်ခွဲတွေရှိတဲ့ နိုင်ငံတိုင်းမှာတော့ ဝယ်လို့ရနေပြီ...”လို့ သူနားမလည်တာတွေကို ကျွန်မက ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်သေးတယ်...။ ပြီးခဲ့တဲ့ တစ်ခေါက် BKK သွားတော့ Sephora မှာ cat eyes ဆွဲဖို့ လိုင်နာရည်လေးဝင်ဝယ်တော့ member card ရထားခဲ့တာမို့ ကျွန်မမေးလ်ကို သူတို့က ဘာပစ္စည်းအသစ်ထွက်ထွက် စာပို့ကြတယ်..။ အဲဒါကြောင့် Fenty ကိုသိနေတာ...။ Fenty beauty by Rihanna ရဲ့ မိတ်ကပ်အသစ် မိတ်ဆက်ပွဲမှာ RiRi ကိုယ်တိုင် မိတ်ကပ်တွေခြယ်ပေးနေတာ သူ့ Instagram မှာတွေ့လိုက်သေးတယ်..။ သူက အသားညိုတော့ သူ့လိုညိုပြာညက်မဒီလေးတွေ အဆင်ပြေအောင် အသားညိုသူတွေအတွက်ကို Foundation makeup တွေ အရောင်အသေးစိပ် စုံစုံလင်လင်ထုတ်ထားတာတွေ့ ရတယ်...။


  ကျွန်မအသားအရည်နဲ့ဆို Tan 330 နဲ့ကွက်စတိ






နောက်ဆုံးတော့ ကြော်ငြာခလေးမက်လိုက်တာ လောဘလေးတက်လိုက်တာလေးပဲအဖတ်တင်တယ်လို့...။ ကိုယ်ရေးနေတာဖြင့် ဘာမှမဟုတ်တဲ့ ပါချီပါချက်လေးကို...။ ပြန်တွေးပြီး အားငယ်...:( 


မိုးငွေ့


Thursday, 21 September 2017

မိုးရာသီအလွမ်း(၁၅).....








ကိုယ်ဟာလေ...ခုချိန်ထိ အပြင်သွားရင် ထီးယူသွားဖို့ပျင်းတုန်းပဲသိလား...။

အဲဒီနေ့က အပြင်ထွက်တော့နေပူကျဲတောက်နေတာပဲ လမ်းတစ်ဝက်လဲရောက်ရော ရုတ်ချည်း မိုးက သဲကြီးမဲကြီးကိုရွာချလိုက်တာ..လမ်းဘေးပလက်ဖောင်းဈေးသည်ဆီမှာ မိုးခိုလိုက်ရတယ်...။ မိုးစက်တွေတရဟောကျနေတာကိုမြင်ရလို့ ပျော်လည်းပျော်တယ် မင်းကိုလည်း လွမ်းတယ် အိန်ဂျယ်..။

မိုးကိုကြည့်ရတာ မကျေနပ်ချက်တွေသိပ်များနေတဲ့ လမ်းပေါ်လျှောက်သွားပြီးအော်ဟစ်ကျိန်ဆဲနေတဲ့ ဂျစ်စီတစ်ယောက်နဲ့တောင်တူသေးတယ်...။

တစ်ခါက ကိုယ်အိပ်မက်ဖူးခဲ့တဲ့ မိုးရေတွေစိုချွဲနေတဲ့ မင်းမျက်နှာကြည်ကြည်လေးကို မြင်ယောင်မိသွားခဲ့တယ်..။

ဂျစ်စီမိုးပဲဖြစ်ဖြစ်... သိမ်မွေ့မိုးပဲဖြစ်ဖြစ် မိုးရေထဲလျှောက်သွားရင်းလည်း မင်းကိုလွမ်းရတာပဲ အိန်ဂျယ်.....။



မိုးငွေ့


Monday, 18 September 2017

အချစ်များစွာအတွက်.....






တကယ်တော့ “အချစ်များစွာအတွက်”ဆိုတာ ကိုမျိုးကောျ့ရဲ့ “ဘာကိုစတေးရမလဲ”သီချင်းကို မြေပဲယိုအဖွဲ့က သီချင်းထဲက စာသားတစ်ခုဖြစ်တဲ့ အချစ်များစွာအတွက် ကိုယူပြီး သူတို့အယ်လ်ဘမ်ရဲ့ ခေါင်းစီးအဖြစ် ဗားရှင်းပြောင်းဆိုထားတာပါ...။ ကျွန်မကတော့ ကိုမျိုးကျောဆိုတဲ့ ဗားရှင်းရော မြေပဲယိုအဖွဲ့ ပြန်ဆိုထားတဲ့ ဗားရှင်းပါကြိုက်တယ်...။ ဒီသီချင်းလေးဟာ ကျွန်မ နေ့စဉ်ကားစီးရင်း နားထောင်နေကျ ကျွန်မ itune ထဲအမြဲရှိနေတဲ့ သီချင်းတွေထဲက တစ်ပုဒ်ပါ..။


...အဝေးဆိုတဲ့စကားတစ်ခုဖြစ်ဖို့ အဝေးကြီးဆိုတဲ့ခရီးကိုရောက်ဖို့ ရှည်လျားလွန်းတဲ့ လမ်းတွေ စတေးရတယ်
ဒီလိုပဲ စိမ်းလန်းတဲ့ အရိပ်တွေရှိဖို့ သစ်ရွက်လေးတွေများစွာက ပြောင်းလဲတတ်တဲ့ လောကထဲ စတေးရတယ် အမြဲစိမ်းလန်းဖို့....
 ခံစားချက်ဆိုတဲ့ စိတ်တစ်ခုသိဖို့ တွေ့နေတဲ့ ဒီမြင်ကွင်းလေးတစ်ခုဟာ ကိုယ့်ရင်ထဲကို စိမ့်ဝင်စတေးရတယ်... ဒီလိုပဲ လေပြေကြားပြောတဲ့စကားတွေ ကာရံမဲ့ ဒီသီချင်းလေးတစ်ပုဒ်အဖြစ် တစ်ယောက်ထဲပဲ အချိန်တိုင်း ခံစားခဲ့ရတယ် သူဘာ...မှမသိတယ်...

Chorus: ဘယ်လိုလဲ အိုး...ချစ်သူလေးရယ်...မနိုးသေးခင် အိပ်မက်လေးထဲ... သိပ်ချစ်လွန်းတော့လဲ အချစ်များစွာအတွက် ဒီမှာ ကိုယ်ဘာစတေးရမလဲ ........
ဘယ်လိုလဲ အိုး ချစ်သူလေးရယ် မင်းအပြုံးတွေကိုယ်အတွေးထဲ သိပ်ချစ်လွန်းတော့လဲ အချစ်များစွာအတွက် ဒီမှာ ကိုယ်ဘာစတေးရမလဲ........

 အမုန်းဆိုတဲ့ စကားတစ်ခုဖြစ်ဖို့ ရင်ထဲကခံစားချက်များစွာက နားကျည်းချက်တစ်ခုအဖြစ် စတေးရတယ်....
ဒီလိုပဲ အချစ်ဆိုတဲ့အရာ အမြဲခိုင်မြဲဖို့ တုန့်ပြန်ခြင်း သူ့အပြုံးလေးတွေက ကိုယ့်ရဲ့ဘဝမျှော်လင့်ချက်အဖြစ် စတေးရတယ် အချိန်တွေ ကုန်ဆုံးခဲ့ရတယ်....


ဆယ်နှစ်ကျော်လောက် သီချင်းအသစ်မထွက်ဖြစ်ခဲ့တဲ့ မြေပဲယိုအဖွဲ့ဟာ ဟိုတလောက အယ်လ်ဘမ်အသစ် ထွက်မယ်ကြားတယ်..။ အဖွဲ့ဝင်ငါးယောက်နဲ့ဖွဲ့ထားတဲ့ မြေပဲယိုအဖွဲ့က ခုဆို လူဟောင်းသုံးယောက်နဲ့ အဖွဲ့ဝင်အသစ်တစ်ယောက်ဖြစ်သွားပါပြီ...။ ကျော်သူစိုးကတော့ မပါတော့ဘူး...။ မင်းမော်ကွန်းကို ကျွန်မ ရန်ကုန်ကျောင်းလာတက်စ ခုနှစ်တန်းနှစ်ကတည်းက မြင်ဖူးတယ် အဲတုန်းက သူကငါးတန်း ကလေးသရုပ်ဆောင်ဖြစ်နေပြီ....။ ကျွန်မတို့ ညနေ 13လမ်းမှာ ကျူရှင်သွားတက်ရင်  လမ်းထိပ်မှာ ကျောင်းကားနဲ့ အမြဲတွေ့တတ်တယ်..။ ဆံပင်ကောက်ကွေး အသားဖြူဖြူနဲ့ သရုပ်ဆောင်လည်းကောင်းတဲ့ ကလေးတစ်ယောက်..။ ခုတော့ သူက သားပျို သမီးပျို အဖေတစ်ယောက်တောင်ဖြစ်လို့....:) သူ့ကို ဗီဒီယိုခေတ်က “နတ်သမီးပုံပြင်” ဆိုတဲ့ဇာတ်ကားလေးမှာကတည်းက အားပေးလာတာ သရုပ်ဆောင်ပိုင်းရော သီချင်းဆိုတာရော ကြိုက်တယ်..။


မိုးငွေ့

Wednesday, 13 September 2017

သူငယ်ချင်းတစ်ယောက်အကြောင်း.....




ဆရာကြီးဦးသာဓုရဲ့ မိသားစုဝင်တွေရေးတဲ့ စာအုပ်တွေထဲမှာ ဆရာဦးသုမောင်ပြီးရင် ကျွန်မအကြိုက်ဆုံးက ဆရာမင်းလူစာအုပ်တွေပဲ...။ ဆရာတို့ ညီအစ်ကိုတွေရဲ့ စကားပြေရေးဟန်တွေက ရှင်းလင်းတယ် ရိုးသားတယ် ဇဝနဉာဉ်လေးတွေပါတယ်ဆိုပေမယ့် လုံးဝအသံထွက်ရယ်လိုက်ရတယ်မဟုတ်ဘဲ ဖတ်နေရင်းနဲ့ ပြုံးပျော်ကြည်နူးစေတယ်...။ ခုကျွန်မဖတ်ပြီးသွားတဲ့ ဆရာမင်းလူရဲ့ “သူငယ်ချင်းတစ်ယောက်အကြောင်း”ဆိုတဲ့ စာအုပ်က အပြင်မှာ တကယ်ရှိတဲ့ ဆရာ့ရဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို အထုပ္ပတ္တိဆန်ဆန်မဟုတ်ဘဲ ဝတ္ထုတစ်ပုဒ်ပုံစံမျိုး ရေးထားတာပါ...။ သူငယ်ချင်းတစ်ယောက်ရဲ့ သရုပ်ကို ပီပီပြင်ပြင်နဲ့ ရုပ်လုံးပေါ်အောင် စာဖတ်သူကို ဆွဲခေါ်သွားပါတယ်..။ ဒီစာအုပ်က City Mart မှာ ရောင်းရအကောင်းဆုံးထဲမှာပါပါတယ်..။

ကျွန်မ ဘလော့ကို လာဖတ်တဲ့သူတွေထဲမှာ ဒီစာအုပ်ကို ဖတ်ဖူးပြီးလည်းဖြစ်ချင်ဖြစ်မယ်...။ ဘာလို့လဲဆိုတော့ ဒီတစ်အုပ်က ငါးကြိမ်မြောက် ရိုက်နှိပ်ထုတ်ဝေတဲ့ စာအုပ်ပါ..။ စာအုပ်မှာပါတဲ့ အဓိကဇာတ်ဆောင် ဆရာမင်းလူရဲ့သူငယ်ချင်းနာမည်က စိန်ကြောင်တဲ့...။ စိန်ကြောင်က စီးပွားရေးကိုသာစိတ်ဝင်စားပြီး မိန်းမကို ပုံနှိပ်စက်တစ်လုံးလောက်တောင် စိတ်မဝင်စားတဲ့ သူတစ်ယောက်ပါ...။ ငွေရဖို့ကို ဘယ်လိုလုပ်ရမလဲဆိုတာပဲ အမြဲတမ်းတွေးနေတတ်တဲ့ သူ...။ နယ်ကနေရန်ကုန်တက်လာပြီး ဆရာမင်းလူနဲ့ စတိတ်ကျောင်းကတည်းက သူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်...။ ကျောင်းမှာကတည်းက ဘာလုပ်လုပ် စီးပွားတွက် တွက်တတ်နေပြီ...။ စိန်ကြောင်တို့မိသားစုက နယ်ကနေလယ်တွေရောင်းပြီး ရန်ကုန်မှာ မြေတစ်ကွက်ဝယ် တဲဆောက် ပါလာတဲ့ နွားဆီက နွားနို့ညှစ်ရောင်းတဲ့ အလုပ်ကိုစလုပ်ခဲ့တယ်...။ နွားနို့ပို့ရင်း အဆင်ပြေအောင် စက်ဘီးတစ်စီး ဖန်တီးရယူပုံ... မြို့ထဲ နွားနို့ပို့ရင်းကနေ တခြားလုပ်ကွက်တွေမြင်လာရင်းနဲ့ ပုံနှိပ်စက်လောက စက္ကူ မှင် စတာတွေကောက်ပြီး တခြားမြို့တွေကို ပို့တဲ့အလုပ်ကနေ စီးပွားရေးလောကရဲ့ ကလိန်ဂျစ်ကျ ဖျံကျ အမြတ်ကြီးစား စတာတွေကို ရေလည်အောင်ကျွမ်းကျင်ပြီးသကာလ နောက်ဆုံးမှာ မိန်းမကိုစိတ်မဝင်စားတဲ့ စိန်ကြောင်တစ်ယောက် သမီးချောချောလေးတစ်ယောက်ရှိတဲ့ မုဆိုးမတစ်ယောက်နဲ့ လက်ထပ်လိုက်တာနဲ့ ဇာတ်သိမ်းထားပါတယ်...။ ဒီစာအုပ်မှာ စာရေးဆရာဟာ သူငယ်ချင်းဖြစ်သူရဲ့ စီးပွားရေးလုပ်ကွက်တွေကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် စာဖတ်သူမငြီးငွေ့အောင် အသေးစိပ်ရေးသားထားပါတယ်...။

တကယ်ဆို စိတ်ဝင်စားစရာသိပ်မရှိတဲ့ ရိုးရိုးရှင်းရှင်းအကြောင်းအရာကို အခြေခံပြီး ဖတ်လို့ကောင်းတဲ့ ဝတ္ထုစာအုပ်တစ်အုပ်ဖြစ်အောင်ရေးသားနိုင်တဲ့ ဆရာမင်းလူရဲ့ ရိုးသားပွင့်လင်းမှုပါတဲ့ အရေးအသားတွေကို ကျွန်မသိပ်သဘောကျတယ်...။ အားလုံးကိုဖတ်စေချင်တယ်....:)  အခက်ခဲဖြစ်သူများ online မှာရှာဖတ်လို့ရမယ်ထင်တယ်...။ ကျွန်မအတွက်ကတော့ စာကို စာအုပ်နဲ့ကိုင်ဖတ်ရတာလောက် ပိုမက်မော ပိုအရသာရှိတာမရှိဘူး..။ ကျွန်မဆီမှာ ပိုဝယ်ထားမိတဲ့ တစ်အုပ်ကို လိပ်စာမပေးကြတော့ ပို့မပေးနိုင်ဘူးဖြစ်နေတယ်..။

မိုးငွေ့


Thursday, 7 September 2017

စာမျိုးစုံလင်.....




ဒီဖက်နှစ်မှာ ကျွန်မ ဖတ်ဖြစ်ခဲ့သမျှစာအုပ်တွေအတွက် ခံစားမှုတွေပြန်မျှဝေတဲ့ ပိုစ့်မရေးဖြစ်တာကြာပေါ့...။ တကယ်တော့ 2017 ဟာ ဆရာကြီးဒဂုန်တာရာစာအုပ်တွေကိုချည်းပဲ ဖတ်မယ်လို့အားခဲထားခဲ့တာပါ..။ ဆရာကြီးရဲ့ စာအုပ်တွေကိုလည်း တော်တော်များများ ဝယ်စုဖြစ်ခဲ့တယ်..။ ဒီကြားထဲ စာအုပ်ဈေးရောင်းပွဲမှာ ကိုယ့််ဖေးဘရိတ်စာရေးဆရာတွေရဲ့ စာအုပ်ကိုတွေ့ရင် မဝယ်ဘဲမနေနိုင်လို့ ဝယ်ထားဖြစ်ခဲ့တာတွေက ဆယ့်သုံးလေးအုပ်ရှိနေပြီ..။ ဒီ2017 မှာ  အလုပ်တစ်ဖက်နဲ့မအားတဲ့ကြားထဲကနေ စာအုပ်ဖတ်ဖို့အချိန်ကိုပေးရ အချိန်ပိုင်းအလုပ်ပြေးရ ဘလော့ကိုလည်း ပုံမှန်စာလေးတွေတင်နိုင်ဖို့ ရေးရနဲ့ တစ်ပတ်စာအိမ်အလုပ်တွေကို သိမ်းကျုံးရနဲ့ လုံးချာလိုက်နေတဲ့ နှစ်ဆိုပါတော့..။ ဒါပေမယ့် ကိုယ်ချစ်မြတ်နိုးတဲ့ အလုပ်နဲ့ အချိန်ကုန်ရလို့ ပင်ပန်းတယ်မထင်ပါဘူး..။ လူရောစိတ်ရော အဟာရပြည့်ဝတဲ့ ကျေနပ်စရာဘဝတစ်ခုပါ..။










ဒီနှစ်ထဲမယ် ကျွန်မရဲ့ ကိုယ်ပိုင်စာအုပ်ဖတ်နည်းဖတ်ဟန်လေးကို စည်းကမ်းချိုးဖောက်မိတယ်...။ ဆရာကြီးဒဂုန်တာရာစာအုပ်တွေကိုချည်းပဲဖတ်မယ့်နှစ်လို့ ကိုယ့်ဘာသာကိုယ်သတ်မှတ်ထားပေမယ့် စာအုပ်အများဆုံးဝယ်ဖြစ်တဲ့ နှစ်လို့လည်းပြောချင်ပါတယ်..။ ဆရာကြီးဒဂုန်တာရာရဲ့ စာအုပ်တွေအပြင် ဆရာကြီးဇော်ဂျီ ဆရာကြီးမင်းသုဝဏ် ဆရာပါရဂူ ဆရာသုမောင် ဆရာမင်းလူ ဆရာလကာင်္ရည်ကျော် ဆရာမသန်းမြင့်အောင် ဆရာမောင်သာချို ဆရာမ မသီတာ(စမ်းချောင်း) စတဲ့ ဆရာတွေရဲ့ စာအုပ်တွေကိုပါ ဝယ်ဖတ်ဖြစ်နေတယ်..။ ဆရာမင်းလူရဲ့ “သူငယ်ချင်းတစ်ယောက်အကြောင်း” ဆိုတဲ့ စာအုပ်ဆို နှစ်ခါပြန်တောင်ဝယ်မိသွားခဲ့တယ်...။ တစ်ယောက်ယောက်ကို မဲပြန်ဖောက်ပေးမယ် လိုချင်သူများ ပထမဆုံးကော်မန့်လာပေးတဲ့သူကို စာတိုက်ကတဆင့်ပို့ပေးပါ့မယ်လို့...တကယ်ပြောတာနော် မနောက်ဘူး...။ ပို့ပေးရမယ့် လိပ်စာအပြည့်အစုံကို coralnyo@gmail.com နဲ့ပို့လို့ရပါတယ်...။ အဲဒီစာအုပ်လေး အရမ်းကောင်းတယ် ကျွန်မ ဖတ်လက်စလေးပဲရှိသေးတာ...။ ညအိပ်ယာဝင်ခါနီးကို တစ်ခန်းတစ်ခန်းစီပဲ ဖတ်ဖြစ်နေတယ် တစ်အုပ်ခုထိမပြီးသေးဘူး...။

ဖတ်ပြီးသွားတဲ့ စာအုပ်တစ်အုပ်ချင်းဆီကနေရလာတဲ့ ကျွန်မရဲ့ ကိုယ်ပိုင် အသိအမြင် ခံစားမှုရသတွေကို ခါတိုင်းလိုပဲ ရေးပြချင်ပါသေးတယ်..။  အတတ်နိုင်ဆုံး တစ်လတစ်ခါရေးနိုင်အောင်ကြိုးစားပါမယ်..။ ကိုယ့်ကိုယ်ကိုလည်း စာဖတ်ဖြစ်သွားတောင် motivate လုပ်နေတာ .... :)


မိုးငွေ့


Tuesday, 5 September 2017

Black Sugar.....


Black Sugar နား ဖြတ်သွားရင်း ဖျတ်ခနဲရိုက်လိုက်တဲ့ပုံ


ကျွန်မ ဘန်ကောက်ရောက်တော့ တစ်ရက်မှာ စိတ်အထင် Central world မှာလို့ထင်တာပဲ Uniqilo မှာ စိတ်ကြိုက်ဝင်မွှေပြီးသကာလ နောက်တစ်နေရာဆက်သွားကြမယ်ဆိုတော့ လမ်းလျှောက်ထွက်လာရင်း တွေ့လိုက်မိတဲ့ ဖက်ရှင်ဆိုင်လေး တစ်ဆိုင်ပါပဲ..။ နာမည်က Black Sugar တဲ့...။ ကျွန်မရဲ့ Lucky color က အနက်ရောင်..။ ဒါကြောင့် Black sugar ကို ကျွန်မပိုပြီးစိတ်ဝင်စားသွားမိခဲ့တယ်..။ မူလ သူက ဥရောပတိုက် သြစတီးယားနိုင်ငံကထုတ်တဲ့ ဖက်ရှင် Brand....။ ဘန်ကောက်မှာတော့ ဖက်ရှင် ဒီဇိုင်နာဘယ်သူ ဘယ်ဝါဆိုတာတော့ ကျွန်မ ကဃနဏမသိဘူး..။ အေးဆေးကျမှ ရှာဖတ်ဦးမယ် ခုလောလောဆယ် သူတို့ ဆိုဒ်ကို သွားရှာတော့ အောက်ကပုံတွေရလာတယ်..။




သူတို့ဖက်ရှင် ဒီဇိုင်းကို ကျွန်မသိပ်သဘောကျတာပဲ...။ အနက်တွေကိုချည်းသုံးထားပြီး Gothic ဆန်တယ်..။ ကျွန်မက အ၀တ်စားဆို ဒီဇိုင်းစုံဝတ်တဲ့သူ...။ မြန်မာဆန်ဆန်ဝတ်ရတာကြိုက်သလို တီရှပ်နဲ့ ဂျင်းဘောင်းဘီတို့ ချည်သားဘောင်းဘီနဲ့ရှပ်တို့လိုလည်း လွတ်လွတ်လပ်လပ် ၀တ်ရတာကြိုက်တယ်...။ 





ကျွန်မက အ၀တ်စားဒီဇိုင်းဆို သူများနဲ့မတူတာ ၀တ်ရတာကိုကြိုက်တယ် (လေဒီဂါဂါးလိုတော့မဟုတ်ဘူးပေါ့)..။ မြန်မာရင်ဖုံးဆိုရင် ဘာမှအတွန့်အတက်မပါတဲ့ Plain ဒီဇိုင်းမျိုးကြိုက်တယ်..။ ဒီပုံတွေထဲက ဘွားတော်ကြီးတွေဆို ၀တ်ထားတာ သိပ်ဖက်ရှင်ကျတာပဲ ..။ ကျွန်မတို့နိုင်ငံရဲ့ မျက်စိနဲ့ဆိုရင်တော့ အသက်အရွယ်နဲ့မလိုက်တာဝတ်တယ်လို့ ဝေဖန်ကဲ့ရဲ့ရှုံ့ချကြမှမလွဲပဲ...။ ဒါပေမယ့် ကျွန်မကတော့ သူတို့ကို သဘောကျတယ်..။  တခါတလေ ဒီလိုအသက်ရွယ်မှာ ဒီလိုလေးလဲ ၀တ်လို့စားလို့ရပါလားလို့ ကျွန်မဒီတစ်ခေါက် ဘန်ကောက်ရောက်လို့ လမ်းမှာ အသက် ငါးဆယ်ကျော် ခြောက်ဆယ်အဖွားကြီးတွေကိုတွေ့တော့ အံ့အားသင့်မိတယ်..။ သူတို့ကို ခြေဆုံးခေါင်းဆုံးကြည့်တော့လည်း ကြည့်ကောင်းနေတယ် အမြင်မရိုင်းဘူး ပိုလို့တောင် တက်ကြွနုပျိုလန်းဆန်းနေတယ်လို့မြင်တယ်..။ အဓိကက ကိုယ်နဲ့လိုက်ဖက်မှု ကိုယ်ဝတ်ဆင်လိုက်တဲ့ အ၀တ်အစားရဲ့ဖက်ရှင်ကျမှု ကိုယ်ရဲ့ ဖက်ရှင်ဥာဉ်ရှိမှုပါပဲ...။ ဒါဆိုရင် ဒီပုံတွေထဲက ဘွားတော်တွေလို အမြဲလန်းနေမှာ..။ ကိုယ့်အသက်အရွယ်နဲ့ကိုယ် အတိုအပျက်တွေ အဟိုက်တွေ ၀တ်ရမယ်လို့မဆိုလိုပါဘူး...။ ကိုယ်နဲ့လိုက်ဖက်တင့်တယ်မယ့် ဖက်ရှင်မျိုးကို ဘယ်အရွယ်မဆို တီထွင်ဖန်တီးပြီး ဖက်ရှင်ကျကျ ၀တ်စားဆင်ယင်နိုင်ပါတယ်လို့ ပြောချင်တာပါ..။





မြန်မာပြည်မှာ အသက်အရွယ်လေးဆယ်ကျော်ရင် ပါတိတ်ဝမ်းဆက်တွေသိပ်ဝတ်ကြတယ်..။ ကျွန်မက ပါတိတ်ဆို စိတ်ကိုမ၀င်စားတာ..။ ဒါပေမယ့် ပြီးခဲ့တဲ့ အခေါက် မလေးသွားတော့ MH လေယာဉ်မယ်လေးတွေ ၀တ်ထားတဲ့ ပါတိတ်ဝမ်းဆက်လေးတွေလှလိုက်တာ..။ သပ်ရပ်ချပ်ရပ်နေတာပဲ...။ ဒီဇိုင်းနဲ့ cutting ကစကားပြောသွားတာ..။ သြော် ပါတိတ်ကို  ဒါမျိုးလေးချုပ်ဝတ်လည်း လှတာပါပဲလားလို့ အတွေးဝင်မိခဲ့တယ်..။ ဖက်ရှင်တစ်ခုမှာ အရိုးရှင်းဆုံးဒီဇိုင်းဟာ အဆန်းဆုံးဖြစ်သွားတတ်တယ်..။ ကျွန်မတို့မြန်မာပြည်မှာတော့ ပါတိတ်ဆို အဆန်းထွင်ပြီး သိပ်ချုပ်တတ်ကြတယ်...။ တကယ်တမ်း ရိုးရိုးလေးပဲချုပ်ဝတ်ရင်ပိုကြည့်ကောင်းတယ် ပါတိတ်အဆင်လေးတွေကိုလည်းပိုပေါ်စေတယ်ဆိုတာ အချုပ်သမားတွေသတိထားမိဟန်မတူဘူးထင်ပါရဲ့...။ ပါတိတ်ဝမ်းဆက်ကိုတော့ အသက်ငါးဆယ်ကျော်မှ ချုပ်ဝတ်မလားလို့စဉ်းစားမိတယ်..း)  အသက်လေးဆယ်မကျော်ခင်ကတော့ ငါ အသက်လေးဆယ်ကျော်ရင် ရင်ဖုံးနဲ့လုံချည်ပဲအမြဲဝတ်မယ်လို့ စိတ်ကူးခဲ့ဖူးတယ်..။ ၀တ်လည်းဝတ်ဖြစ်ပါတယ်..။ ကျွန်မက ရုံးတက်ရင် မြန်မာဝတ်စုံအ၀တ်များတယ်...။ စနေလိုနေ့မျိုးမှာသာ ကိုယ်ကြိုက်တာ လွတ်လွတ်လပ်လပ်ဝတ်လေ့ရှိတယ်..။ ဒါပေမယ့် ပါတိတ်စတွေ ချုပ်ဝတ်မယ်လို့တော့ စိတ်မကူးခဲ့ဖူးဘူး..။ ဒီလိုစိတ်မကူးတာကလည်း ကျွန်မက လူအများဝတ်တတ်စားတတ်တာတွေကို သိပ်ပြီးစိတ်မ၀င်စားလို့ပဲ..။ လူအများသိပ်စိတ်မ၀င်စားတဲ့ မ၀တ်တတ်တဲ့ ဖက်ရှင်မျိုးကိုပဲ ကျွန်မက စိတ်ဝင်စားတယ်..။  အစစအရာရာမှာပါပဲ ဖုန်းတို့ အသုံးအဆောင်ပစ္စည်းတို့ကအစပေါ့..။








ဘန်ကောက်မှာ ရှော့ပင်းမောတိုင်း အနက်ရောင်တွေချည်းရောင်းတဲ့ဆိုင်တွေရှိတယ်..။ သူတို့ဘုရင် နတ်ရွာစံတော့ ၀မ်းနည်းတဲ့အထိန်းအမှတ်အနေနဲ့ တစ်နိုင်ငံလုံးအနက်တွေချည်း နှစ်ပေါက်တဲ့အထိ ၀တ်ဆင်ကြတာကိုး..။ တစ်ချို့ဆို ခုချိန်ထိဝတ်တုန်း...။ အဲဒီအနက်ရောင်တွေချည်းရောင်းတဲ့ဆိုင်မှာ ဒီဇိုင်းတွေက အစုံ ကိုယ်ကြိုက်တဲ့ ကိုယ်နဲ့လိုက်ဖက်မယ့်ပုံစံတွေမျိုးစုံ...။







Keep Old and Stay Cool တဲ့ စာသားလေးသိပ်မိုက်တယ်..။ ဘယ်သူပြောလည်း အသက်ကြီးလာရင် အဖွားကြီးဖြစ်ရင် အိုစာနေအောင် ၀တ်စားပြီးနေရမယ်လို့..။ ဒီဘွားတော်တွေပဲကြည့်ကြည့်... ဘယ်လောက်လန်းလဲ..။








သူတို့တွေကို ကြည့်ပြီး ကျွန်မအသက်ငါးဆယ်ေကျာ်ရင် ပါတိတ်ဝမ်းဆက်ချုပ်ဝတ်မယ်လို့ စဉ်းစားထားတာအပြင် ဒါမျိုးGothic ဒီဇိုင်းခပ်မိုက်မိုက်နဲ့လည်း လန်းဦးမယ်လို့စိတ်ကူးတယ်...ဟ..ဟ...။




ရန်ကုန်မှာ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ပထမဆုံးအကြိမ်စလုပ်တဲ့ MFDG (Myanmar Fashion Designer Group) ဆိုတဲ့ အကြီးဆုံးဖက်ရှင်ပွဲကြီးကို MCC Hall မှာ ကြည့်ခဲ့ဖူးတယ်..။ မြန်မာပြည်မှရှိတဲ့ ဖက်ရှင် ဂုရုကြီးတွေအစုံပါဝင်တဲ့ပွဲကြီးပေါ့ ...။ အဲဒီတုန်းက ဒီလိုအနက်ရောင်ချည်သားတွေချည်းသုံးထားတဲ့ Gothic ဆန်ဆန် ဒီဇိုင်မျိုးနဲ့ အမျိုးသမီးဒီဇိုင်နာ တစ်ယောက်ရဲ့ လက်ရာကို ကြည့်ခဲ့ရဖူးတယ်..။ ဒီဇိုင်နာ ညိုမာသန့်...။ သူ့ လက်ရာကို အဲကတည်းက သဘောကျခဲ့ဖူးတယ်..။ သူ့ဒီဇိုင်းတွေက ဆန်းသစ်တယ် တီထွင်မှုရှိတယ် ဘယ်အခါဝတ်ဝတ်ရိုးမသွားဘူး အမြဲတမ်း ခေတ်ရေစီးကြောင်းပေါ်မှာရှိတယ်...။




လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က  Shayi ဖက်ရှင်ရဲ့ ဒီဇိုင်နာ ဆန်းဘောက်ရာရဲ့ လက်ရာ ချည်သားအနက်ရောင် အကျီင်္တစ်ထည်ဝယ်ဝတ်ခဲ့ဖူးတယ်...။ ခက်တာက သူ့အနက်ရောင်က ရေလျှော်လေ အရောင်တွေ ကျကျသွားလေဖြစ်နေတယ်..။ ကျွန်မတို့ဆီမှာ အနက်ကို အရောင်မွဲမသွားအောင်လုပ်တဲ့ နည်းပညာက တော်တော်လိုသေးတယ်..။ ဒီဇိုင်းဖန်တီးမှုအားကောင်းတယ် သူ့လက်ရာကိုလည်း ကျွန်မသဘောကျတယ်..။ သူက ချည်ထည်နဲ့ဖျင်ထည်ကို အဓိကထားချုပ်တယ်...။ ဟိုတစ်ခါက သူ့ဆီက နှစ်စုံ သုံးစုံလောက်ဝယ်ဖူးတော့ Member card တောင်ရထားသေးတယ်..။




မိုးငွေ့