Friday, 30 August 2013
မီးဖိုချောင်သုံးတိုလီမုတ်စများ(၂)
 အာလူးနဲ့တခြားအသီးများချေဖို့ နဲ့ မုန့်ကော်တဲ့ ဂေါ်ပြား
 အကြော်ကြော်တဲ့ ယောင်းမများ
ကြော်ပြီးသားမုန့်တွေ အသားတွေကိုဆီစစ်တဲ့ဇကာနဲ့ ဖုတ်ပြီးသားမုန့်တွေအအေးခံတဲ့ ဇကာ
ရောင်စုံကော်ပန်းကန်ပြား၊ ပန်းကန်လုံးနဲ့ ဇွန်းခရင်းဗူး
 စလုံးအပြန်လက်ဆောင်ရထားတဲ့ အိုးတွေ
မုန့်အိုးလေးလုပ်ဖို့ 
 ချာပါတီ ခေါက်မုန့် Tortilla crepe စတဲ့ ခေါက်မုန့်ပေါင်းစုံလုပ်လို့ရတယ်
ဒီပုံကစပြီး အောက်ကပုံတွေအကုန်လုံးက Food & Art  ဖဘကမလာတဲ့ ပုံလေးတွေပါ
ကြက်ဥကိုဒါမျိုးလေးတွေကြော်စားကြည့်ရအောင်
Happy Friday!!!!!!!!
Tuesday, 27 August 2013
အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်.....
မနေ့က ရေသောက်ဗိုက်မှောက်နှစ်ဆယ့်ခြောက်...။
ဒီနေ့တော့ အိတ်မှောက်ဖာသွန် နှစ်ဆယ့်ခွန်... မမသက်ဝေတဂ်ပို့စ်လေးလိုက်ရေးနေတာ ခုတလော...။ အရင်လို တပျော်တပါးနဲ့ ဘလော့ဂါ မမ ညီမတွေ လိုက်ရေးတာသိပ်မတွေ့ရလို့ အားမရဘူး...။
ကဲကိုယ်နေ့စဉ်လွယ်ပိုးနေတဲ့ အိတ်ကလေးကို စပြီးမှောက်ပါတော့မယ်...။ အိတ်တွေကလည်း ဘာအိတ်လွယ်လွယ် အိတ်ချည်းပဲ အလေးချိန်က ကီလိုဝက်လောက်ရှိတယ်ဆိုတာ ဟုတ်မယ်...ပေါ့ပေါ့းပါးပါးအိတ်ကျတော့ ပစ္စည်းထည့်ရင် အိပျော့ကျတော့ အဆင်မပြေဘူး တောင့်တင်းတဲ့ ပုံစံကျတဲ့အိတ်နဲ့မှ ထည့်ရပစ္စည်းပိုဆန့်တယ်လေ...။
ပိုက်ဆံအိတ်(၁)... 
အဲဒီပိုက်ဆံအိတ်က တော်တော်ဖောင်းကားနေတာ အထဲမှာဘာပါလဲ ဆိုတော့ ဈေးဝယ်တဲ့ ဘောက်ချာတွေ ဆိုင်ကြော်ငြာကပ်ပြားတွေ ဒီစကောင့်ကပ်တွေ ကားမောင်းလိုင်စင်ကပ်ပြား လိုင်စင်ဓါတ်ပုံတချို့နဲ့ ပိုက်ဆံစက္ကူအနည်းငယ်ပါပါတယ် ဖောင်းနေတာကတော့ စက္ကူဘောက်ချာတွေကြောင့်ပါ...း)
ပိုက်ဆံအိတ်(၂)...
ပန်းဆီရောင် စီလီကွန်အပျော့သားနဲ့ပိုက်ဆံအိတ်အသေးလေး ဟိုနားဒီနားသွားအကြမ်းကိုင်ဖို့။
သော့တွဲ...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
အိတ်သော့တွဲမှာ သော့တံငါးချောင်းပါတယ် ရုံးခန်းသော့ နှစ်ချောင်း အံဆွဲသော့တစ်ချောင်းနဲ့ ဗီဒိုသော့ နှစ်ချောင်း
အလှအပ...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
လက်တဝါးစာမရှိတဲ့ မှန်ချပ်ဝိုင်းလေး ကော်ကွာနေတလို့ ကပ်ရဦးမယ်...။ ထိပ်မှာဖုလေးတွေပါတဲ့ ကျန်းမာရေးဘီးလေးတစ်ခု ...။ ခေါင်းသိပ်ရှုပ်လာရင် အဲဒါလေးထုတ်ဖီးလိုက် ခေါင်းကိုက်သက်သာတယ်..။ ဖဲပြားအနက်ရောင် ညှပ်ကလစ်လေးတစ်ခု မဟူရာကျောက်တုံးနဲ့ဖန်စီလက်စွပ်လေးတစ်ခု(သူ့တစ်ခုထဲလဲ အလေးစီးတာပဲ) အပြင်သွားလို့ဝတ်ပြီး ပြန်ချွတ်သိမ်းဖို့မေ့နေလို့ လွယ်အိတ်ထဲသောင်တင်နေတာပေါ့...။ မမသက်ဝေပေးထားတဲ့ clinique နှုတ်ခမ်းဆိုးဆေး တစ်တောင့်..။ wet tissue တစ်ထုပ်...။
hand wash နဲ့ hand cream...(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
Magnolia ရနံ့လေးနဲ့ Marks & Spencer ကထုတ်တဲ့လက်ဆေးခရင်မ်ဗူးသေးလေးတစ်ခု..။ L'occitane  hand cream တစ်ဗူး...။
ကွန်ပါဗူးလေး....
မကြီးမငယ်နဲ့ ကွန်ပါဗူးလေးဆောင်ရတယ်လို့မပြောပါနဲ့ လိုအပ်တယ်လေ ဘောလ်ပင်တွေ စာရေးကိရိယာလေးတွေကို အလွယ်တကူရှာရလွယ်အောင် တစ်စုတစ်စည်းထဲထည့်ထားတာ...။ အထဲမှာပါတာက ဆော့ပင်တစ်ချောင်း ဘော်လ်ပင်တစ်ချောင်း ကပ်ကြေးတစ်လက် လက်သည်းညှပ်အသေးလေးတစ်ခု ခဲဆံတစ်ဗူး စတက်ပလာအသေးလေးတစ်ခု သူ့ထဲထည့်တဲ့ ပင်လေးကတစ်ဗူး ဘာမှချိတ်မထားတဲ့ သော့တွဲအလွတ်လေးတစ်ခု note pad သေးသေးလေးတစ်ခု..။ ဒီတစ်ဗူးလည်းလေးတာပါပဲ...ဟင်းးး...။
မျက်မှန်....
ခုက မိုးတွင်းမို့ နေကာမျက်မှန်ဗူးမပါတော့တာ...။ မျက်မှန်ဗူးတွေကလည်း နေရာယူသား...။ ဗူးက အမာ ပုံစံခွက်နဲ့ဆိုတော့လေ...။ ကွန်ပြူတာကြည့်ရင် မျက်မှန်တပ်ရတယ်လေ...စလင်ဒါပါတယ် ..။
ဖုန်း+ thumb drive....(လွယ်အိတ်ထဲက အိတ်အသေးထဲမှာ)
ပန်းရောင် ဖုန်းပါးလေးတစ်ခုနဲ့ ဖုန်းကြိုးတစ်ချောင်း...။ thumb drive ကတော့ ကိုယ်အိမ်မှာရေးထားတဲ့စာကြမ်းတွေကိုထည့်သိမ်းတာတွေရယ် ယူကျုက ဒေါင်းထားတဲ့ သီချင်းတွေ ဟင်းချက်နည်းလေးတွေထည့်သိမ်းရာနေရာပေါ့...။
အိုင်ပက်...
ဟုတ်တယ် သူအလေးဆုံးပဲ.....။ ဒါပေမယ့် သူက အားလုံးကိုစုပြီးမှတ်ထားနိုင်တဲ့ စာအုပ်ပေါင်မြှောက်များစွာနဲ့ ညီမျှတော့ လေးလေးပေ့စေတော့ပေါ့...။
ထီး...
နေပူပူ မိုးရွာရွာ သူ့ကိုအသုံးပြုရမယ်လေ....။ ထီးဆောင်းဖို့ပျင်းတဲ့ ကိုယ့်အတွက် မိုးသည်းသည်းမဲမဲနဲ့ နေပြင်းပြင်းကျမှသာ သူ့ကိုထုတ်သုံးပါတယ်...။
စံဇာဏီဘိုစာအုပ်....
ဘာရယ်မဟုတ်ပါဘူး နှစ်တိုင်းဝယ်ပြီးဆောင်ဖြစ်တဲ့ ဗေဒင်စာအုပ်လေး...တစ်ခါတလေမှသာ
ထုတ်ဖတ်ဖြတ်တာ...။
သုံးထားပြီးတဲ့ တစ်ဝက်တစ်ပျက်နဲ့ တစ်ရှူးတစ်ထုတ် ...။ လုံးထွေးထားတဲ့ တစ်ရှူးတစ်ခုရယ် ကားဆီဘောက်ချာတစ်ချို့ထွက်လာတယ်...။ ကိုယ့်ကားဆီထည့်တာမဟုတ်ရပါ..။ ရုံးကိုစားရင်းတင်ဖို့ ဘောက်ချာကိုထုတ်တွဲဖို့ဖြစ်ပါတယ်...။
အိတ်ထဲကပစ္စည်းတွေကကြည့်တော့ သိပ်မများဘူးထင်ပေ့ အတော်တော့လေးသား....။ အမြဲတမ်းလေးတဲ့ အိတ်ကိုလွယ်လို့လားမသိ တခါတလေ ထီးမေ့ကျန်ခဲ့ရင် အိတ်လေးပေါ့နေရင်တခုခုလိုနေတယ်လို့ခံစားရတတ်တယ်... အဲလို အဲလို...ပခုံးနာတာကတော့မပြောနဲ့ အိတ်လွယ်သူ အမျိုးသမီးတိုင်း ဒီဒုက္ခကမလွတ်ကြဘူးဆိုတာ သေချာတယ်မဟုတ်လား...။
နာမည်တပ်ပြီးတဂ်တဂ် မတဂ်တဂ် ကိုယ်ကတော့ မမသက်ဝေတဂ်လာသမျှပို့စ်တွေကို ရေးရတာ ပျော်လို့ ခုချက်ချင်းပဲ မမသက်ဝေပို့စ်ဖတ်ပြီးတာနဲ့ စာမျက်နှာသစ်ဖွင့်ပြီးချရေးလိုက်တော့တာ.....။
မိုးငွေ့
Monday, 26 August 2013
သမုဒယ(အစ)
ဘ၀မှာ သူစိမ်းယောက်ျားတစ်ယောက်နဲ့ ရင်းနှီးကျွမ်းဝင်ပတ်သက်မှုမရှိခဲ့တာ ဆယ့်ငါးနှစ်ကျော်ကြာခဲ့ပြီ။ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းကပတ်သက်မှုဆိုတာ သူငယ်ချင်းလည်းဖြစ် ရည်းစားလည်းဖြစ်ခဲ့ဖူးတဲ့ယောင်္ကျား တစ်ယောက်ပါ...။ နောက်တော့ သူလဲ နိုင်ငံခြားထွက်သွား ဟိုမှာ အိမ်ထောင်ကျသွားတော့ ဇာတ်လမ်းက အဲမှာတင်ပြီးသွားခဲ့တယ်...။
ကျွန်မနဲ့ဆယ်နှစ်လောက်ကွာတဲ့ အသက်အစိတ်အရွယ် ကျွန်မနဘေးက ကောင်လေး ...။ သူလဲ ကျွန်မလိုပဲခံစားနေရမလား...။ ခရီးအတူသာထွက်လာရတာ စိတ်ထဲတော့တစ်မျိုးပဲ.... ရှိုးတိုးရှန့်တန့်ပဲဖြစ်နေမလား...။ ဒါမှမဟုတ် ဒီဖက်သူတို့ခေတ်တွေမှာ ဒီလိုကိစ္စမျိုးဟာ လောကနိယာမတရားထဲက တစ်ခုလို့ပဲ စိတ်ပေါ့ပါးစွာတွက်ထားမလားမပြောတတ်....။ ကျွန်မကတော့ သူစိမ်းယောကျားတစ်ယောက် အရေးတွေးပူမိပေမယ့်လည်း ဘာမှန်းမသိသေးတဲ့ ကျွန်မရင်သွေးလေး အတွက်ပြေးမြင်မိပြန်တော့လည်း ကျန်တာအားလုံးဖွဲနဲ့ဆန်ကွဲဖြစ်ဖြစ် သွားတယ်...။
တကယ်တော့ ကျွန်မရဲ့ ရူးသွပ်မှုကို ဘယ်သူကမှ တားဆီးပိတ်ပင်မရတော့လို့ ကျွန်မကိုပြောမရ ဆိုမရတော့လို ဒီခရီးကိုလွှတ်လိုက်ကြတာပါ.....။ ကျွန်မရဲ့ လုပ်ရပ်ကိုမှန်တယ်လို့ တစ်ယောက်မှ မထောက်ခံကြပေမယ့် ကျွန်မကတော့ ကျွန်မဆီရောက်လာမယ့် အနာဂတ်ရင်သွေးကလေးကို မြင်ယောင်ပြီး ကိုယ့်ဘာသာတစ်ယောက်တည်း ကိုယ့်ယုံကြည်ချက်နဲ့ ခရီးဆက်ခဲ့တယ်....။ ကျွန်မဆုံးဖြတ်ချက်ဟာ အမှားတစ်ခုဖြစ်နေရင်တောင်မှ  ဒီကလေးလေးအတွက် လောကကြီးထဲမှာ ဘာမဆို ကျွန်မရင်ဆိုင်နိုင်တယ်......။
ကျွန်မအစ်မတစ်ဝမ်းကွဲကပြောတယ် “ဒါနဲ့များအေ...ညည်းကလဲ ယောက်ျားတစ်ယောက်ယူလိုက်ပေါ့ အလွယ်လေးကို”တဲ့....။ ဟင့်အင်း ကျွန်မက အိမ်ထောင်ပြုချင်တာမှမဟုတ်တာ ... ယောင်္ကျားတစ်ယောက်ရဲ့ ဝေယျာဝိစ္စအသေးစိပ်ကို အချိန်ကုန်ခံပြီး ကျွန်မမလုပ်ပေးနိုင်ဘူး...။ ကျွန်မဘ၀ကို သူတို့လက်ထဲ လက်တိုလက်တောင်းလုပ်ပေးဖို့ပုံအပ်မထားနိုင်ဘူး...။ ကဲကျွန်မအတွေးအခေါ်တွေဘယ်လောက် ဂွကျလိုက်သလဲ ....။ ခက်တာက ယောကျာင်္တစ်ယောက်ဟာ မိန်းမတစ်ယောက်အတွက် သူ့ဘ၀အတွက် ကာကွယ်အုပ်မိုးပေးနိုင်တဲ့ အလုံခြုံဆုံးနေရာတစ်ခုလို့ ကျွန်မလုံးဝလက်မခံနိုင်တာပါပဲ...။ တွေ့ဖူးခဲ့သမျှတွေကလဲ တကယ့်အာဂတွေ ခြံခုန်တတ်တဲ့ သစ္စာမရှိတဲ့သူချည်းဆိုတော့ ကျွန်မအားလုံးကို ၀ါးလုံးနဲ့ရမ်းတယ် ထင်ချင်လဲထင်ပါ... မိန်းမ၀ါဒီတစ်ယောက်လို့လဲ စွပ်စွဲနိုင်ပါတယ်....။
ဒါဖြင့် ကျွန်မရင်သွေးလေးကို မိစုံဖစုံကလေးတစ်ယောက်ဘ၀မဖြစ်အောင်လုပ်နေတာလို့မြင်ကြမယ် ...။ ပတ်ဝန်းကျင်က ကဲ့ရဲ့ရှုံ့ချကြမယ်....။ အဖေမဖော်နိုင်တဲ့ကလေးကိုမွေးတယ်လို့ပြောကြဆိုကြမယ်...။ ရတယ် ကြိုက်သလိုပြောပါ ကျွန်မခံနိုင်ရည်ရှိတယ်...။ ဖြစ်လာမယ့် ပြသနာ အစစအရာရာကို ကျွန်မခါးစည်းခံနိုင်လို့ ကျွန်မဒီလမ်းကိုရွေးလိုက်တာ....။ ဒါပေမယ့် ကလေးတစ်ယောက်ဖြစ်လာဖို့ ရင်သွေးကလေးဖြစ်လာဖို့ဆိုတာ ကျွန်မတစ်ယောက်တည်းနဲ့တော့မရဘူးဆိုတာ သိတာပေါ့...။ ကျွန်မ သူငယ်ချင်းမိတ်ဆွေတွေကို ဒီကိစ္စအမြဲပြောပြောတတ်တယ် ...။ “ငါ ဆင်ဂယ်မားသားလုပ်ချင်တယ်” သူတို့က အစကတော့ ကျွန်မကို အပြောင်အပျက်ပြောတယ်ပဲမှတ်ကြတာ....။ နောက်တဖြေးဖြေးနဲ့မှ ကျွန်မကို စီးရီးယက်ဖြစ်မှန်း သူတို့သိလိုက်တော့ ကျွန်မကို မဖြစ်နိုင်တာမလုပ်ချင်စမ်းပါနဲ့လို့ တားကြတယ်...။
ကျွန်မနဲ့ အရမ်းရင်းနှီးချစ်ခင်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်က သူ့မောင်လေးရဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ပေးပါတယ်....။ အဲဒီကောင်လေးက ညီအစ်ကိုသုံးယောက်ထဲက အငယ်ဆုံးတဲ့...။ သူ့အစ်ကိုတွေကတော့ အိမ်ထောင်ကျကုန်ပြီ...။ အသက်က နှစ်ဆယ့်ငါးနှစ် မျိုးရိုးကောင်းတယ် ပညာတတ်တယ် ဥာဏ်ကောင်းတယ် စိတ်ကောင်းရှိတယ် လိမ္မာယဉ်ကျေးတယ်.... လောလောဆယ် နိုင်ငံခြားမှာ ကျောင်းတက်ပြီးခဏပြန်လာတာတဲ့...။ သူတို့ပြောပြတဲ့ အချက်အလက်အရတော့ စိတ်ဝင်စားစရာပါ....။ ကျွန်မတွေ့ကြည့်လိုက်တယ်...။ ကျွန်မရဲ့ ရည်ရွယ်ချက်ကိုပြောပြထားတော့ သူသိပြီးသားတဲ့...။
“တို့ကို ဘယ်လိုမိန်းမမျိုးလို့ မင်းထင်လဲ?? ဘာကြောင့် တို့ဖြစ်ချင်တာကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်သလဲ??”
“ရိုးရိုးလေးပါ.... အစ်မကို လောကထဲရာက်လာမယ့် လူသားတစ်ယောက်အတွက် ရာခိုင်နှုန်းပြည့် မိခင်ကောင်းတစ်ယောက်ဖြစ်မယ်ဆိုတာ ယုံကြည်လို့ ကျွန်တော်ကူညီလိုက်တာပါ...”
ကျွန်မမေးတဲ့ မေးခွန်းနှစ်ခုကို သူကအဲလိုလေး ပေါင်းဖြေသွားတယ်...။ မဆိုးပါဘူး...။ ဒါပေမယ့် ကျွန်မတို့ ကြားမှာ သဘောတူညီမှုတွေ ကတိက၀တ်တွေလိုအပ်သေးတယ်....။
ကျွန်မတို့ဆီမှာ တိုးတက်ခေတ်မှီတဲ့နိုင်ငံတွေလို ဆင်ဂယ်မားသားဖြစ်ချင်တိုင်း Sperm Bank မှာကိုယ့်စိတ်ကြိုက် မျိုးဗီဇကို ရွေးချယ်ဝယ်ယူလို့မရပါဘူး....။ သူက သူ့မျိုးဗီဇကို စေတနာသက်သက်နဲ့လှူမှာတဲ့...။ ဒါကြောင့် ကျွန်မတို့ရဲ့ သဘောတူညီမှု စာချုပ်ထဲမှာ ငွေကြေးကိစ္စမပါပါဘူး...။
အစကတော့ ဒီကိစ္စကို မေမေနဲ့တိုင်ပင်မလို့ပဲ ဒါပေမယ့် ဘယ်လိုမှသဘောတူမှာ မဟုတ်တဲ့အတွက် နောက်ဆုံး....ကျွန်မငရဲကြီးခံပြီးမေမေ့ကို လိမ်ညာရတော့တာပေါ့....။ ကျွန်မအလုပ်က နိုင်ငံခြားမှာ နှစ်နှစ်လောက် သင်တန်းသွားတက်ဖို့လွတ်တယ်ဆိုပြီးတော့လေ...။
~~~~~~~~~~~~~~~~~~~~~~
ကျွန်မ..ဥာဏ်မင်းခဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ တောင်ပေါ်မြို့ကလေးတစ်မြို့ကို baby making အတွက် ခရီးအတူထွက်လာကြတယ်....။ စိတ်ထဲမှာ ပျားရည်ဆမ်းခရီးတစ်ခုကို ကိုယ့်ချစ်သူနဲ့အတူထွက်လာတာလို့ သွင်းထားရမယ်လို့ ကျွန်မသူငယ်ချင်းက သေချာမှာလိုက်သေး...။ အင်းလေ လောလောဆယ်တော့ တရားဥပဒေအရ ကျွန်မနဲ့သူက တရားဝင်လင်မယားအဖြစ် စာရွက်ပေါ်မှာ အသိသက်သေတွေနဲ့ လက်မှတ်ထိုးထားပြီးခဲ့ပြီလေ....။ ဒါပေမယ့် ကျွန်မတို့နှစ်ယောက်တည်း ချုပ်ဆိုကြတဲ့ စာရွက်တစ်ခုပေါ်မှာတော့ ကျွန်မလိုချင်တဲ့ ကတိအချက်အလက်တွေ ထည့်ထားတယ်...သူကိုယ်တိုင်လဲ လက်ခံသဘောတူလို့ လက်မှတ်ထိုးထားပါတယ်...။ သူကျောင်းပြန်သွားမတက်ခင် ခြောက်လအတွင်းမှာ ကျွန်မတို့ ရင်သွေးလေးတစ်ယောက်ရဖို့ကြိုးစားရမယ်....။ ကျွန်မဆီမှာရင်သွေးတကယ်ရပြီဆိုမှ သူနဲ့ကျွန်မကွာရှင်းစာချုပ်မှာ လက်မှတ်ပြန်ထိုးကြမယ်....။ အဲဒီနောက်ပိုင်း ကျမနဲ့လုံးဝပတ်သက်မှုမရှိရ....။ ဒီခြောက်လမှာတော့ သူနဲ့ကျွန်မ သိပ်ကိုချစ်ကြတဲ့ ချစ်သူလင်မယားတွေလိုနေရမှာလေ....။ တကယ်စိတ်ထဲမပါဘဲ အချစ်ကိုဖန်တီးယူရမှာ သိပ်ကို စွန့်စားရာကျမှန်းလည်းသိပါတယ်...။
ကျွန်မတို့စီးလာတဲ့ကားက ညနေစာကို ထမင်းဆိုင်တန်းမှာခဏရပ်နားဖို့ရောက်နေပြီ....။ ခရီးသွားယာဉ်တွေက တသီတတန်းကြီး....ပါကင်မှာ အစီအရီရပ်လို့...။ ခရီးသည်တွေ အလျှိုအလျှိုကားပေါ်ကဆင်းကြတယ်...။ ကျွန်မတို့က နောက်ဆုံးမှဆင်းတယ်...။ ကားပေါ်ကအဆင်း.... သူက အရင်အောက်ရောက်ပြီး ကျွန်မကိုလက်ကမ်းပေးတော့ ကျွန်မကြောင်အမ်းအမ်းဖြစ်သွားရတယ်...။ ကျွန်မသူ့ကိုလှမ်းကြည့်တော့ သူက ပခုံးလေးတွ့န်ပြီး လက်ကိုရှေ့တိုးပြီး ကမ်းတယ်...။ အမျိုးသမီးတွေကို ပထမဦးစားပေး lady first ဆိုတဲ့ အနောက်တိုင်းရဲ့ကောင်းတဲ့ အမူအကျင့်လေးတစ်ခု...။ ကျွန်မသူ့ရဲ့ ကျယ်ပြန့်တဲ့ လက်ဖ၀ါးထဲကို လက်ပြန်ကမ်းပေးလိုက်တယ်...။ ထမင်းဆိုင်တန်းလေးထဲဝင်သွားတဲ့အထိ ကျွန်မလက်ကို သူဆုတ်ကိုင်ထားဆဲ...။ ပထမ..... ကျမ သူ့လက်ဆီက နွေးထွေးမှုကို ခံစားလိုက်ရတယ်...နောက်တော့ ဘာမှန်းခွဲခြားမရတဲ့ အားအင်တစ်ခု ကျွန်မခန္ဓာကိုယ်ထဲကို စီးဝင်သွားတယ်....။ အရပ် ခြောက်ပေရှိတဲ့ သူ့ဘေးမှာ ကျွန်မခေါင်းလေးက သူ့ပခုံးနဲ့တပြေးညီမှာ....။
“အစ်မ toilet အရင်သွားကြမလား...”
“အင်း...ကောင်းသားပဲ...တို့လက်ဆေးချင်သေးတယ်” ကျွန်မအဲလိုပြောလိုက်တာကို သူအဓိပ္ပါယ်ကောက်လွဲ သွားပုံရပါတယ်...။ တွဲထားတဲ့ ကျွန်မလက်ဆီကို ခဏအကြည့်ရောက်ပြီး လွှတ်ပေးလိုက်တယ်...။ ကျွန်မတို့ ထမင်းဆိုင်ရဲ့ အနောက်ဖက်ကိုဝင်သွားလိုက်တယ်...။ အနောက်မှာခရီးသည်တွေများလို့ တန်းစီနေရသေးတယ်။ ကျွန်မပြန်ထွက်လာတော့ အပြင်ဖက်မှာ သူရပ်စောင့်နေတာတွေ့လိုက်တယ်...။
ကျွန်မတို့ ညနေစာကို မြန်မာစာပဲမှာစားလိုက်တယ်.....။ ကျွန်မအကြိုက်ကိုပဲ သူလိုက်စားတာလား ဒါမှမဟုတ် ကျွန်မနဲ့ပဲ အကြိုက်တူလို့လားဆိုတာ သူကိုယ်တိုင်ပဲသိလိမ့်မယ်...။ ကျွန်မတို့ ကြက်ကြော် ချဉ်ဘောင်ကြော်နဲ့ ဟင်းခါးရယ် အခြားအရံဟင်းတွေ အတို့အမြှုပ်တွေကတော့ သူတို့လာချပေးတာစားကြတယ်...။ ပြီးတော့ ကျွန်မကိုဦးစားပေးပြီး ဟင်းတွေကို ခတ်ထည့်ပေးသေးတယ်... ကျွန်မက သူ့ထက်အသက်ပိုကြီးလို့ ဦးချတာလား...။ အို...ကျွန်မ ဘာလို့ အပိုတွေကို သိချင်နေမလဲ...။ သူနဲ့ကျွန်မဆိုတာ တချိန်ချိန်မှာ အတူရှိမနေရတော့မယ့် သူတွေဆိုတာ ကျွန်မကိုယ်ကျွန်မ အမြဲသတိပေးနေရမယ်လေ...။ သံယောဇဉ် မတွယ်မိဖို့ သူ့အပြုအမူတွေပေါ်မှာ မသာယာမိစေဖို့ပေါ့..။
ထမင်းစားပြီး ခရီးဆက်ဖို့ ကားတာဝန်ကျသူက ထမင်းဆိုင်ထဲကခရီးသည်တွေကို ကားနံပါတ်နဲ့ လာမခေါ်ခင် ကျွန်မတို့ ဆိုင်အပြင်ဖက်မှာ လမ်းလျှောက်ရင်းစကားပြောဖြစ်ကြတယ်...။
“ဒါနဲ့ မင်းက အိမ်ကိုဒီခရီးထွက်ဖို့ ဘယ်လိုပြောခဲ့လဲ”
“ကျောင်းက စာတမ်းအတွက် ခရီးထွက်ရမယ်ဆိုပြီးလစ်လာတာဗျ”
သူ့အသံလေးရွှင်ပျနေတာကိုကြားရရုံနဲ့ ကျွန်မဘေးက သူ့ကိုလှည့်မကြည့်ဖြစ်ပေမယ့် သူ့မျက်နှာလေးပြုံးနေ လိမ့်မယ်လို့ ကျွန်မခန့်မှန်းမိလိုက်တယ်...။ သူက သူ့အိတ်ထဲက chewing gum တစ်ခု ကျွန်မကိုပေးတယ်....။
နွေဦးလေက အေးလိုက်ပူလိုက်နဲ့ တိုက်ခတ်နေတယ်....။ ကျွန်မတို့ သွားနေမယ့် တောင်ပေါ်မြို့လေးက ဒီရာသီနဲ့ဆို သိပ်နေလို့ကောင်းမှာ...ပူလဲမပူ အေးလဲမအေးဘူးလေ...။ သူငယ်ချင်းက အဲဒီမြို့က သူ့အိမ်ခြံမှာသွားနေဖို့အထိကို ကူညီထားတာ...။
ညသန်းခေါင်ကျော်တော့ ကားလေအေးစက်ကပိုပိုအေးလာတယ်...။ ကျွန်မကလဲနွေဆိုပြီး အနွေးထည်ကို အပြင်ထုတ်မထားမိဘူး...။ ပါလာတဲ့ ချည်ပုဝါပါးလေးကိုပဲ ခြုံထားလိုက်တော့တယ်...။ ကျွန်မက ပြူတင်းပေါက်ဖက်မှာထိုင်တာ သူက လမ်းလျှောက်တန်းဖက်မှာ...။ သူ့ကိုလှည့်ကြည့်တော့ ဂျာကင်အပါးလေးဝတ်ပြီး လက်ပိုက်မျက်စိမှိတ်ထားတယ် ...။ သူအိပ်ပျော်နေရောပေါ့...။ ကျွန်မနားကျပ်ကို နားထဲထည့်ပြီး ပြူတင်းပေါက်ဖက်လှည့်ပြီးမျက်စိမှိတ်ထားလိုက်တယ်...။
ကျွန်မမှေးခနဲအိပ်ပျော်သွားသလား.... ကိုယ်ပေါ်ကိုတခုခုလာထိတယ်ခံစားမိလို့ မျက်စိဖွင့်ကြည့်တော့ သူက ကျွန်မကို သူ့ဂျာကင်နဲ့လာခြုံပေးနေတာ...။
“ရပါတယ်...မင်းခရဲ့ မင်းပဲဝတ်ထားလိုက်ပါ”
“အစ်မ အရမ်းချမ်းနေတာကျွန်တော်သိပါတယ် ခြုံထားလိုက်ပါ ကျွန်တော်က ဒီအအေးလောက်တော့ ရတယ် အေးဆေးပဲ.... ကျွန်တော်ကျောင်းသွားတက်တဲ့မြို့ဆို ရေတွေဘာတွေတောင်ခဲတာဗျ”
“တို့တကိုယ်ကောင်းမဆန်ချင်ပါဘူး....မင်းပဲပြန်ဝတ်ထားလိုက်ပါ”
“ဟဟ အစ်မက အဲဒီစကားလုံးကိုနားလည်သားပဲ”
သူ့စကားတွေက ကျွန်မကို လှောင်သလိုလို ကျွန်မကို သူဘာအဓိပ္ပါယ်နဲ့ပြောနေသလဲဆိုတာ ကျွန်မသိတယ်....။ အမှောင်ထဲမှာ ကျွန်မသူ့ကို ခပ်စူးစူးတစ်ချက်ကြည့်လိုက်မိတယ်...။
“ကဲပါ.... သူများတွေအိပ်ကုန်ကြပြီ ကျွန်တော့်ကို ရန်တွေ့ချင်ရင် မိုးလင်းမှတွေ့တော့ ဒီလိုလုပ် မျှမျှတတဖြစ်သွားအောင် အစ်မကတ၀က်ခြုံ ကျွန်တော်လဲတစ်ဝက်ခြုံထားမယ် အိုကေလား...”
ကျွန်မစိတ်တိုတိုနဲ့ သူ့ကိုမျက်စောင်းတချက်ထိုးပြီး ပြူတင်းပေါက်ဖက်ပြန်လှည့်နေလိုက်တယ်...။ အနွေးထည်နဲ့ကျွန်မကိုလာခြုံပေးပြီး သူခပ်တိုးတိုးရယ်လိုက်လို့ သူ့ရဲ့ Chewing Gum သစ်သီးရနံ့ ၀င်လေထွက်လေ နွေးနွေးလေး ကျွန်မပါးပြင်ကိုလာထိတယ်....။ ကျွန်မအိပ်ပျော်ဖို့ ကြိုးစားနေချိန်မှာပဲ သူ့ဂျာကင်ဆီက Vick ပရုတ်ဆီနံ့ရှိန်းမြမြလေးကိုရလိုက်သေးတယ်....။ ကလေးပရုတ်ဆီလေးကို သုံးနေတတ်သေးတဲ့ သူ့ကိုသဘောကျမိသွားတယ်...။
မနက်မိုးလင်းကားဂိတ်ကိုဆိုက်တော့ .... ကျွန်မတို့သွားရမယ့် တောင်ပေါ်မြို့ကလေးကို ကားတစ်ဆင့်ထပ်စီးရတယ်...။ သွားရမယ့်ခြံကို ချက်ချင်းအရောက်သွားဖို့  သီးသန့်ကားတစ်စီးကိုပဲ ငှားလိုက်တယ်....။ တောင်ပတ်လမ်းအကွေ့အကောက်တွေကို သူများတွေလို မမူးတတ်တာပဲ ကျေးဇူးတင်ရမယ်...။
သွားရမယ့်ခြံရောက်ဖို့ ထင်းရှူးပင်ကြီးကြီးတွေကို အများကြီးဖြတ်သွားရသေးတယ်....။ စတော်ဗယ်ရီစိုက်ခင်းတွေနဲ့နီးတယ်လို့ ကျွန်မသူငယ်ချင်း ပြောလိုက်သေးတယ်။ ဆယ်မိနစ်လောက်မောင်းပြီးတော့ ကျွန်မတို့သွားရမယ့် ခြံကိုရောက်ပါတယ်....။ ခြံလေးက အကျယ်ကြီးမဟုတ်ပေမယ့် အတော်အသင့် သစ်ပင်ပန်းပင်တွေနဲ့ တစ်ထပ်တိုက်ပုလေးနဲ့ နေချင့်စရာလေးပါ...။ ခြံရဲ့ မျက်စောင်းထိုးလောက်မှာ ရေကန်လေးရှိသေးတယ်...။ ကားပေါ်ကဆင်းပြီး လတ်ဆတ်တဲ့လေတွေကို တ၀ရှူလိုက်တယ်....။ ရင်ထဲကိုအေးသွားတာပဲ....။
အသင့်စောင့်နေတဲ့ ခြံစောင့်က အိမ်တံခါးလာဖွင့်ပြီး သန့်ရှင်းရေးလုပ်ပေးထားပြီးသားတဲ့...။သူက သူ့သေတ္တာရော ကျွန်မသေတ္တာပါခပ်သွက်သွက်ဆွဲပြီး အိမ်ထဲဝင်သွားတယ်....။
“မင်းခ ကိုယ့်အထုပ်ထားခဲ့ပါ .... အားနာစရာ...”
သူက အထုပ်ဆွဲရင်း ကျွန်မကိုနောက်လှည့်ကြည့်ပြီး....
“ရပါတယ် အစ်မကလဲ ....အစ်မသာ ဘယ်အခန်းမှာအိပ်မလဲ လာကြည့်ဦး”
အိမ်ထဲဝင်ဝင်ခြင်း ဘယ်ဖက်မှာ ဧည့်ခန်းလေး ....ညာဖက်က စာအုပ်စင်တွေနဲ့ စာကြည့်စားပွဲလေးတစ်ခု....။ အနောက်ဖက်မှာ အိပ်ခန်းနှစ်ခန်း ပြီးတော့ မီးဖိုချောင်နဲ့ ထမင်စားခန်း....။ ကျွန်မ မာစတာဘတ်ရွန်းကိုပဲယူလိုက်တယ်...။ သူက အိတ်တွေကို အခန်းထဲထည့်ပြီး တခါတည်းဗီဒိုတွေကိုဖွင့်ကြည့်ပြီး ပါလာတဲ့ အ၀တ်တွေကိုစီထည့်ဖို့ လုပ်နေတယ်...။
“မင်းခ နားဦးလေ အဲဒါတွေက ခနမှလုပ်လဲရသားနဲ့”
“တခါတည်းပဲလုပ်လိုက်မယ် အစ်မ ကျွန်တော်က ကျောင်းအဆောင်မှာနေကတည်းက အကျင့်ရနေပြီ”
“ဒါဆို တို့တစ်ခုခုသောက်စရာသွားရှာလိုက်ဦးမယ်”
အ၀တ်တွေခေါက်ရင်း သူက ကျွန်မကိုလှည့်ပြီး ခေါင်းညိတ်ပြတယ်....။ မီးဖိုချောင်ဖက်ဝင်သွားတော့ နို့စိမ်းရောင် ရေခဲသေတ္တာလေးတစ်လုံးကိုတွေ့လိုက်လို့ ဖွင့်ကြည့်လိုက်တယ်..။ အထဲမှာ နွားနို့နှစ်ဗူး ကြက်ဥတွေနဲ့ သစ်သီးတချို့တွေ့ရတယ်....။ မီးဖိုကိုကြည့်လိုက်တော့ လျှပ်စစ်မီဖိုလေးတစ်လုံးတွေ့တယ် ပြီးတော့ မိုက်ခရိုဝေ့တစ်လုံး...။့ တစ်ဗူးထုတ်ပြီး ဖန်ခွက်နှစ်လုံးထဲငှဲ့ထည့်လိုက်တယ်....ပြီး မိုင်ခရိုဝေ့ထဲ နှစ်မိနစ်လောက် လှည့်လိုက်တယ်....။
နွားနို့နွေးနွေးလေးနှစ်ခွက်နဲ့ ကျွန်မ ဧည့်ခန်းဖက်ထွက်လာတော့.... သူက တီရှပ်အဖြူဆွတ်ဆွတ်လေးနဲ့ အနီနဲ့အနက်ကွက် သရီးကွာတားဘောင်းဘီလေးလဲဝတ်ပြီး သူ့ အိုက်ပက်လေးကိုကလိနေတယ်...။ တကယ့်လူငယ်တစ်ယောက်ပီပီ လန်းဆန်းနေတယ်...။ ကျွန်မကိုတွေ့တော့ သူ့လက်ထဲက အိုက်ပက်လေးကိုဘေးချပြီး ချက်ချင်းထလာတယ်...။
“အစ်မကလဲ ကျွန်တော့်ကိုခေါ်လိုက်ရောပေါ့ ...ဘာလို့နှစ်ခွက်လုံးသယ်လာတာလဲ မတော်တဆမှောက်ကျမှဖြင့် အပူလောင်ကုန်မယ်”
“မင်းဆက်ဆံတာကလဲ တို့ကိုများကလေးကျနေတာပဲ...”
“မဟုတ်ပါဘူး ကျွန်တော်ကစိတ်ပူတတ်လို့လေ မေမေက ငယ်ငယ်ကတည်းက အမြဲဆုံးမတတ်တာ လူအချင်းချင်း ကူညီရိုင်းပင်းဖို့ ကိုယ်ချင်းစာနာတတ်ဖို့ မုတိတာတရားပွားများတတ်ဖို့”
“မင်းအမေက သိပ်တော်တဲ့ မိခင်တစ်ယောက်ပေါ့....တစ်ခါတော့မြင်ဖူးချင်သေးတယ်..”
“ကျွန်တော့်အိုင်ပက်ထဲမှာရှိတယ်လေ ပြမယ် ခနလေး...”
သူ့အိုင်ပက်ကို လက်ချောင်းလေးတွေနဲ့ တို့ထိပြီး ပုံတွေရွေးလိုက်တယ် ...။ သူက ယောကျာ်းတန်မဲ့ လက်ချောင်းရှည်ရှည်သွယ်သွယ်လေးတွေကို ပိုင်ဆိုင်ထားတယ်...။ အနုပညာဆန်တဲ့လက်တွေ....။ ဒီလိုလက်ချောင်းပိုင်ရှင်တွေက စိတ်ထားနူးညံ့သိမ်မွေ့တတ်ကြတယ်လို့တော့ ကြားဖူးတယ်...။ သူကရော....။
“ဒီမှာလေ အစ်မ ရော့ကြည့်ကြည့်”
အဖြူရောင်ရင်ဖုံးဝတ်ထားတဲ့ သူ့မေမေဆိုသူ အမျိုးသမီးက ... တကယ်ခန့်ချောပြီး မျက်ဝန်းတွေက မိခင်တစ်ယောက်ရဲ့ အကြင်နာရိပ်တွေကိုမြင်နေရတယ်....ဘေးနားက ဆယ့်ငါးနှစ်အရွယ်ကောင်လေးက သူဖြစ်မယ်ထင်တယ်...။ ကျွန်မစိတ်ထဲ ဒီအမျိုးသမီးကြီးကို ရင်းရင်းနှီးနှီးမြင်ဖူးနေသလိုလို ....နောက်ကောင်လေးကိုရောပဲ...ဒါပေမယ့် ဘယ်မှာမြင်ဖူးသိကျွမ်းသလဲဆိုတာ စဉ်းစားမရဖြစ်နေတယ်...။ သူ့ကိုတော့မမေးကြည့်မိတော့.....။
“ဘေးနားက မင်းခလား....”
“ဟုတ်တယ် အစ်မ အဲဒါ ကျနော် ဆယ်တန်းအောင်ပြီး နိုင်ငံခြားကို ကျောင်းသွားတက်ခါနီး မေမေနဲ့ လေဆိပ်မှာရိုက်ထားတာ”
ကျွန်မခွင့်မတောင်းမိဘဲ နောက်တစ်ပုံထပ်ကြည့်ဖို့ စခရင်ကို လက်နဲ့ရွှေ့မယ်လုပ်တော့ သူကချက်ချင်းပဲ ကျွန်မလက်ထဲက အိုက်ပက်လေးကို ယူလိုက်တယ်...။
“နောက်မှအေးဆေးကြည့်တော့လေ အစ်မ အခုနွားနို့သောက်လိုက်ဦးနော်...ရော့” ဆိုပြီး ကျွန်မကို နွားနို့ခွက် အတင်းထိုးပေးတယ်...။
ကျွန်မလဲ ယောင်နနနဲ့ သူပေးတဲ့ နွားနို့ခွက်လေးယူသောက်ရင်း သူ့မျက်နှာကိုကြည့်လိုက်တော့ ..ကျွန်မကို မချိုမချဉ်ပုံလေးနဲ့ သူရယ်ကျဲကျဲလုပ်ပြနေတယ်...။ သူ့အိုင်ပက်ထဲက ကျွန်မကြည့်ဖို့ မသင့်တော်မယ့် ပုံတွေများရှိနေလို့လားလို့ တွေးမိပြီး ရယ်ချင်သွားတယ်...။
“အစ်မက ဘာရယ်တာလဲဗျ...”
“ဘာမှမဟုတ်ဘူး...ဘာမှမဟုတ်ဘူး...”
“ဟာဗျာ...” သူကရှက်သွားသလားဘာလားတော့မပြောတတ် သူ့နားရွက်နှစ်ဖက်စလုံး သိသိသာသာ နီရဲသွားတာတော့ တွေ့လိုက်တယ်...။ ပြီးတော့ သူ့ရုပ်ကို ကျွန်မရင်းရင်းနှီးနှီး တစ်နေရာရာမှာ မြင်ဖူးသလိုပဲလို့ ခံစားလိုက်မိတယ်...။
ကျွန်မ ကိုယ်လက်သန့်ရှင်းပြီး တရေးအိပ်လိုက်တယ်...။ ကျွန်မက အခန်းထဲမှာ အိပ်မောကျနေချိန်သူက အပြင်ဧည့်ခန်းမှာ ဂိမ်းဆော့နေတယ်..။ ခရီးတလျှောက် ကားပေါ်မှာ အိပ်မရခဲ့လို့ထင်ရဲ့ အိပ်ပျော်သွားလိုက်တာ ညနေလေးနာရီမှပဲ နိုးတော့တယ်...။
ကျွန်မနိုးလာတော့ ခြံထဲထွက်ပြီး လေတွေတ၀ကြီးရှူလိုက်တယ်...။ လတ်ဆတ်လိုက်တဲ့ လေအေးတွေ....။ ဒီလိုစိမ်းမြတဲ့ လေတွေ မရှူရတာ ဘယ်လောက်ကြာနေပြီလဲ...။ သူ့ကိုမတွေ့မိလို့ ကျွန်မခြံတစ်ပတ်ပတ်ကြည့်လိုက်တယ်..။ နောက်တော့သူက မီးဖိုချောင်ထဲမှာ ညနေစာအတွက်ပြင်ဆင်နေလေရဲ့။
“မင်းခ ဘာတွေလုပ်နေတာလဲ”
“နိုးလာပြီလားအစ်မ... အိပ်လို့တော်တော်မှကောင်းရဲ့လား”
“အင်း...ကားပေါ်မှာ အိပ်မရတာတွေစုပြီး အိပ်ကောင်းလိုက်တာ တုံးခနဲပဲ ...”
သူက တကယ့်စားဖိုမှူးကြီးတစ်ယောက်လို ကိုယ်မှာလဲ အဖြူအနက်စင်းလေးနဲ့ ဟင်းချက်ဝတ်စုံကို ပတ်ထားသေးတယ်...။
ရေခဲသေတ္တာထဲတံခါးကိုဖွင့်ပြီး ...“ရော့ အစ်မရေမချိုးခင်... လိမ္မော်ရည်လေးသောက်လိုက်.. ခဏနားပြီးမှချိုး”
“ဟင်...ဘယ်ကရတာလဲ ..”
“ခြံထဲမှာစက်ဘီးလေးတစ်စီးတွေ့တယ်လေ...အဲဒါနဲ့ ဈေးထဲကနေသွားဝယ်လာတာ လုံးဝအသီးစစ်စစ် အရသာ သောက်ကြည့် သကြားမပါဘူး ကျွန်တော်ကိုယ်တိုင်ညှစ်ထားတာ”
“ဈေးဘယ်လိုသွားရလဲ သိတယ်...”
“ဟုတ်...သိတာပေါ့ ငယ်ငယ်တုန်းက ဒီမှာ နေဖူးသေးတယ်လေ...”
“အော်....”
ကျွန်မကတော့ သူပြောပြတာကိုနားထောင်ရင်း သူ့လက်ရာ လိမ္မော်ရည်ဖျော်ရည်ကိုလည်းသောက်ရင်းပေါ့...။
“သိပ်ကောင်းတာပဲ မင်းခက တော်တယ်.... ခုဘာချက်ဖို့ပြင်နေတာတုန်း တို့လုပ်ပါ့မယ်... မင်းအိမ်ရှေ့မှာ သွားထိုင်နေပါ...”
“ရပါတယ် အစ်မက ဘေးနားက နဲနဲကူပေးပေါ့... ခု ကိုက်လန်ရွက်တွေအရမ်းနုတာရခဲ့တယ် အဲဒါကိုကြော်မယ် ခရုဆီလေးနဲ့... တိုဖူးဖြူကို ဟင်းချိုချက်မယ်လေ ၀က်ကျောရိုးနဲနဲဝယ်လာတယ် အဲဒီအရိုးပြုတ်ရည်ထဲကို တိုဖူးခပ်ပြီး တရုတ်နံနံလေးအုပ်လိုက်မယ်... ကြက်သားကုန်းဘောင်ကြော်မယ်..”
“ကောင်းလိုက်တဲ့ဟင်းတွေ...မင်းက ဘယ်လိုချက်တတ်နေလဲ နိုင်ငံခြားမှာ စားဖိုမှူးသင်တန်း တက်ခဲ့သလား”
“ဟာ...ကျွန်တော်က အာခီပါ... ဒါတွေက အိမ်မှာ မေမေလုပ်တာကူရင်းတတ်တာ..”
ဒီညနေတော့ ကျွန်မက စားဖိုမှူးအကူတစ်ယောက်ဖြစ်သွားတယ်...။ ကန်လန်ရွက်သင်ပေး...ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်းတွေခွာပေး လှီးပေးနဲ့ သူချက်ဖို့အဆင်သင့်ဖြစ်သွားတယ်...။ သူချက်ပြုတ်ကြော်လှော်နေတဲ့ အချိန် ကျွန်မရေသွားချိုးလိုက်တယ်....။ ကျွန်မရေချိုးပြီးထွက်လာတော့ ကုတင်ပေါ်မှာ ညအိပ်ဝတ်စုံတစ်စုံတင်ထားတာတွေ့လိုက်တယ်...။
“မင်းခ...မင်းခ ရေးမချိုးသေးဘူးလား...” ကျွန်မ မီးဖိုဖက်ကို လှမ်းပြီးအသံပေးလိုက်တယ်....။
“အစ်မ ကျွန်တော်က အိမ်ရှေ့မှာ... ချိုးမယ်လေ အစ်မပြန်ထွက်လာတာကို စောင့်နေတာ...”
“တို့ကို ညအိပ်ဝတ်စုံမင်းထုတ်ထားပေးတာလား...”
“ဟုတ်ကဲ့ အစ်မထွက်လာရင် အဆင်သင့်ဝတ်အောင်လို့လေ...”
“နောက်ဆို မလုပ်ပါနဲ့....တို့ကိုယ်ဘာသာကိုယ်လုပ်ပါ့မယ်...”
“ရပါတယ်...အိမ်မှာ မေမေ့ကိုလဲ လုပ်ပေးနေကျလေ အကျင့်ရနေပါပြီ...”
ဟင်...ဘယ်လိုကောင်လေးလည်း ...သူက မေမေ့သားလား...။ Mommy boy လား....။
သမုဒယ(အဆုံး)ဆက်ဖတ်ရန်.....
မိုးငွေ့
Thursday, 22 August 2013
ဖိနပ်လေးတစ်ရံ.....
ခေါင်းစဉ်က ဖိနပ်လေးတစ်ရံဆိုပြီး ပုံတွေကတော့ တစ်ရံမကဖြစ်သွားတယ်....။ ဒီပို့စ်က ကိုယ်နဲ့မသိတဲ့ ခွန်မြလှိုင်ဆိုတဲ့ ညီမလေးက မသက်ဝေကိုတဂ်ထားတဲ့ပို့စ်ကိုလိုက်ရေးတာပါ...။ ဖိနပ်ဆိုတဲ့ ခေါင်းစဉ်မို့ ဖိနပ်ကို ခရေဇီသိပ်ဖြစ်တဲ့ကိုယ် ရေးချင်စိတ်တွေဖြစ်သွားခဲ့တယ်..။
ဖိနပ်ကို ငယ်ငယ်လေးကတည်းက ကြိုက်ခဲ့တယ်...။ ဘယ်လိုဖိနပ်မျိုးကြိုက်လည်းဆို ပုံစံအမျိုးမျိုးကိုကြိုက်တယ်လို့ဖြေရမှာပဲ...။ ဖိနပ်အသစ်စီးရင်ခြေထောက်မနာအာင် ကိုက်ပြီးမှစီးတာမျိုး အရွယ်တော်တော်ရောက်တဲ့အထိလုပ်ခဲ့ဖူးတယ်...။ တကယ်ပဲလား စိတ်ကြောင့်လားတော့မသိဘူး အဲလိုမျိုးကိုက်ရင် ခြေထောက်တကယ်မနာဘူး ဖိနပ်မပေါက်ဘူး..။ ကိုယ်က အရပ်ပုတဲ့ထဲမပါသလို အရပ်ရှည်တဲ့သူတစ်ယောက်မဟုတ်ပေမယ့်လည်း ဒေါက်မြင့်တွေစီးလိုက်ရင်ပဲ ကိုယ့်ဘာသာကိုယ် ကလန်ကလားကြီးဖြစ်နေပြီလို့ ထင်မိတယ်...။ ငယ်ငယ်တုန်းက အဒေါ်တွေစီးတဲ့ ဒေါက်ဖိနပ်မျိုးစုံကို စီးပြီးအမြဲဆော့ဖူးခဲ့တယ်...။ အဲဒီခေတ်က ကြိုးသိုင်း ဒေါက်အချွန်လေးတွေ ဘလောက်တုံးနဲ့ဒေါက်တွေခေတ်စားတယ်...။ 
ဖိနပ်ဆို ကြိုးတွေများပြီး ရှုပ်ယှက်ခတ်နေတာတွေနဲ့ ပုံတုံးတုံးဖိနပ်တွေကလွဲရင် အားလုံးကြိုက်တယ် ဝယ်လည်းဝယ်စီးဖြစ်တယ်..။ သူ့ရာသီနဲ့သူ နေရာ အချိန် ဒေသနဲ့လိုက်ပြီး ဖိနပ်ကိုပြောင်းစီးရတာ ကြိုက်တယ်...။ ဒီမှာက လမ်းမကောင်း ဘလက်ဖောင်းမရှိ မြေကြီးအနိမ့်မြင့်မညီတော့ ပင်ဆယ်ဟီးလ်လို ဒေါက်မျိုးတော့ စီးဖို့မစဉ်းစားရဲပါဘူး...။ ဒါကြောင့် ရုံးသွားရုံးပြန်ဆို အပါးလေးတွေ အမြင့်စီးချင်ရင် ဒေါက်တပြေးထဲခွာထူဖိနပ်မျိုးတွေ လေတီရှူး အပါးလေးတွေပဲ စီးဖြစ်တာများတယ်...။ နွေရာသီလိုမျိုးဆို ဗေဒါရိုးနဲ့လုပ်ထားတဲ့ ဖိနပ်မျိုးစီးရတာ ကြိုက်တယ်...။ ပိတ်ရက်မှာ ဟိုဒီသွားရင် ကြိုးမျှင်မျှင်ပါတဲ့ အပါးကလေးတွေ ရှူးလေးတွေလည်းစီးဖြစ်တယ်...။
ကိုယ်ကတော့ အိမ်မှာ ဖိနပ်အဝယ်များဆုံးစာရင်းမှာ ထိပ်ဆုံးကပါ...။ ခုလည်း ရှော့ပင်းမောတွေရောက်တိုင်း ဝယ်ဝယ် မဝယ်ဝယ်ဖိနပ်ဆိုင်ကိုတော့ ရအောင်ဝင်ကြည့်တယ် စီးကြည့်တယ်...။ ဖိနပ်နဲ့ပတ်သက်ပြီး မှတ်မှတ်ရရဆိုလို့ပြောပြဦးမယ်...2007တုန်းက ကိုယ်စကာၤပူ မလေးသွားလည်တော့ genting highland ကိုလည်းရောက်ခဲ့တယ်...။ အဲမှာ ကစားကွင်းမှာ ကစားပြီး ညဖက် ညစာစား ဆိုင်လေးတွေလျှောက်ကြည့်တော့ Vancci ဖိနပ်ဆိုင်လေးထဲ ဝင်ဖြစ်သွားခဲ့တယ်...။ အဲဆိုင်က မိန်းကလေးဖိနပ်တွေရောင်းတယ်ဆိုပေမယ့် အရောင်းဝန်ထမ်း အားလုံးက ယောက်ျားလေးတွေပါ...။ အရမ်းလည်းစိတ်ရှည်ကြပါတယ်...။ ကိုယ်ကြိုက်တဲ့ ဖိနပ်ကိုလက်ညှိုးထိုး ဆိုဒ်နံပါတ်ပြော ပြီးတာနဲ့ အလယ်တန်းမှာ ရှိတဲ့ ဆိုဖာထိုင်ခုံမှာ ထိုင်စောင့်ရုံပဲ...သူတို့က ယောက်ျားလေးတွေဆိုပေမယ့် ဘာမှအယူမရှိဘူး ဖိနပ်ကို သူတို့ကိုယ်တိုင်စီးပေးတယ် ကြိုးချည်ပေးတယ် အဲလောက်ထိစိတ်ရှည်ပြီး ဝယ်သူစိတ်ချမ်းသာအောင် ဝန်ဆောင်မှုပေးတတ် ကြတာပါ...။ အဲဒီဖိနပ်တံဆိပ်နဲ့ဆိုင် ပြည်လမ်းတော်ဝင်စင်တာမှာရှိပါတယ်...။ အရောင်းဝန်ထမ်းတွေက မိန်းကလေးတွေပါ...။ ကိုယ်ခုနကပြောခဲ့သလို မလေးက အရောင်းဝန်ထမ်းကောင်လေးတွေနဲ့ ဘာမှမဆိုင်ပါဘူး...။ ဖိနပ်စီးပေးဖို့နေနေသာသာ ဆိုဒ်မေးရင် ဟိုဟာမရှိ ဒီဟာမရှိ... ဈေးမေးရင်လည်း ကိုယ်ကမဝယ်နိုင်သလိုလို ဒီကတော့ ဘယ်လောက်ဒေါ်လာရှိပါတယ်ဆိုတာ အရင်လာတာ...။ ဒီက အရောင်းဝန်ထမ်းတွေ အများကြီးလိုသေးတယ် ဝယ်သူကို အထင်အမြင်သေးတဲ့ အပြုအမူပြောအဆိုလေးတွေ လုံးဝမလုပ်မိစေဖို့ အင်တာဗျူးှမှာကတည်းက သေသေချာချာစီစစ် သင့်ပါတယ်...။
လူတစ်ယောက်ရဲ့ တကိုယ်ရေသန့်ရှင်းမှုကို သူ့ရဲ့ခြေထောက်မှာကြည့်ရတယ်တဲ့...။ ကိုယ်ကတော့ ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်သူမဟုတ်ပေမယ့်...လူတစ်ယောက်ကိုစတွေ့ရင်တော့ သူ့ခြေထောက်လေးတွေကိုအရင် သတိထားပြီးကြည့်တတ်တာ အကျင့်ပါနေပြီ...။ ခြေထောက်လေးမလှပေမယ့် သန့်သန့်ရှင်းရှင်းကြည်ကြည်လင်လင်နဲ့ဆို ကတ္တီပါအပါးလေးစီးထားရင်တောင် တော်တော်ကြည့်ကောင်းနေပါပြီ...။
ဒီရှူးအပါးလေးကို အရမ်းကြိုက်တာပဲ...။ ကိုယ့်ရဲ့ ဖေးဘရိတ်ကာလာအညိုရောင်ကိုလည်း ကြိုက်သလို စီးရတာလဲ ပျော့ပျောင်းပါးလွင့်လို့ ခြေထောက်ကိုလည်းမနာစေဘူး..။ လှည်းတန်းစိန်ဂေဟာက Shoe Gallery မှာဝယ်ခဲ့တာ...ခုတော့မရှိတော့ဘူး အတွင်းဖက် အရေခွံတွေကွာကုန်လို့ လွှင့်ပစ်လိုက်ရပြီ..။ နှမြောထှာ နောက်တစ်ရံစီးချင်လို့ ပြန်သွားရှာတာ ဆိုဒ်မရှိတော့ဘူး..။ ကိုယ်က 39 40 စီးတာ...။
ဒီတစ်ရံက ယိုးဒယားဖိနပ်လေး..အနောက်ဇစ်နဲ့....။ ကြိုးလေးယှက်ထားတဲ့ပုံကို ကြိုက်တာ ဒေါက်ကမခံဘူး လမ်းကြမ်းတော့ နှစ်ခါလောက်ပဲ စီးရတယ် အောက်ခြေတွေ အကုန်စားကုန်တယ် ...။ ဒါကြောင့်ဖိနပ်ကို ဈေးကြီးပြီး တံဆိပ်ကောင်းတာ ခိုင်တာမျိုးပဲဝယ်တာကောင်းတယ်...။
ဒီ flip flop အပွင့်လေးကိုလည်းသိပ်ကြိုက်တာပဲ..။ ရာဘာအသားလေးက သိပ်အမာကြီးမဟုတ်တော့ စီးလို့ကောင်းတယ်...။ Junction Square ကဝယ်ထားတာ နှစ်နှစ်ရှိပြီ ခုထိဘာမှမဖြစ်သေးဘူး...။ ကိုယ်အဲလို ကမ်းခြေသောင်ပြင်မှာစီးရတဲ့ ဖိနပ်အပါးမျိုးတွေ သိပ်ကြိုက်တယ်..။
Red Shoe ဆိုတဲ့ ကိုရီးယားကားလေးကြည့်ဖူးကြလား...။ ဒီဖိနပ်နီနီကလေးကိုကြည့်ပြီး သတိရသွားလို့...။ စလုံးကပြန်လာတဲ့ အဒေါ်ပေးတဲ့ ဖိနပ်လေးပါ စီးလို့အရမ်းကောင်းတယ်...တစ်ခါပို့စ်တင်ထားဖူးပါတယ်...။
မြန်မာ့လက်မှု ဗေဒါရိုးဖိနပ်...။ ရေခဏခဏထိရင် ဗေဒါမျှင်လေးတွေပါးသွားတတ်ပါတယ်...။ ဖုန်တွေများတဲ့နေရာမှာလမ်းလျှောက်ဖို့မသင့်ပါဘူး ဖိနပ်ခဏကလေးနဲ့ပေတူးကုန်မယ်...။ ဒါပေမယ့်လည်းစီးလို့ အရမ်းကောင်းပါတယ်...။
စာနည်းနည်းနဲ့ ပုံတွေများသွားတယ်...။ မူရင်းတဂ်ပိုင်ရှင်ကတော့ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရေးစေချင်တယ်မသိပေမယ့် ကိုယ်ရေးလိုက်တဲ့ တဂ်ပို့စ်ကတော့ ဖိနပ်ကလေးတွေကို တန်းစီးပြလိုက်တဲ့ ပို့စ်ဖြစ်နေတယ်ကွယ် သီးခံပေးကြပါ...။ ဖိနပ်တွေကိုနှစ်သက်မြတ်နိုးသူ ဘလော့မိတ်ဆွေမောင်နှမတိုင်း ဒီတဂ်ပို့စ်လေးကို ရေးပေးကြပါလို့...။
မိုးငွေ့
Wednesday, 21 August 2013
တစ္ဆေကြီးကန်တော့ပွဲမှဟင်းပွဲများ
တကယ်က ကိုယ်ဟာတရုတ်လူမျိုးမဟုတ်ပါဘဲ တစ်နှစ်မှာ အခေါက်ပေါင်းများစွာ ကန်တော့ရတဲ့ ဟင်းပွဲတွေကို ပါဝင်ကူညီချက်ပြုတ်ပေးရတာကတော့ ကိုယ့်အဒေါ်ရဲ့ ယောက်ျား ကိုယ့်ဦးလေးက ဖူကျန့်တရုတ်လူမျိုးဖြစ်နေလို့ပါပဲ...။ အခုလဲ ချိကေပွမ်(ချီးရွဲ့ပန့်)လို့ခေါ်တဲ့ တစ္ဆေကြီးကန်တော့ပွဲအတွက် ချက်ပြုတ်ဖို့ အဒေါ်က စလုံးရောက်နေတာနဲ့ သွားလုပ်ပေးရတာပါ...။ စလုံးမှာလည်း အိမ်တိုင်း ရှော့ပင်းမောတိုင်း အကြီးအကျယ်လုပ်ကြတယ်လို့ ကြားဖူးပါတယ်..။ ဒီနေ့ 21ရက်နေ့ Aug က ကန်တော့ရတဲ့ နောက်ဆုံးနေ့လို့ပြောပါတယ်...။ အဓိကက ကောက်ညှင်းထုပ် ပြာရည်ထုပ်တွေ ထည့်ကန်တော့ရတယ် ...။ ထေရ၀ါဒတစ်ယောက်အနေနဲ့ သူတို့ရဲ့ကိုးကွယ်မှုကို ကိုယ်သေချာနားမလည်ပါဘူး...။ အဒေါ်က ကူညီချက်ပေးဆိုလို့ အောက်ကဟင်းပွဲရှစ်မျိုးကို ဒီမနက်အိမ်က ခပ်စောစောထသွားပြီးချက်ပေးခဲ့ပါတယ်...။
 ပုစွန်ကျားပဲကြာဇံပေါင်း
မြေအိုးဟင်းလျာတစ်မျိုးပါ...။ မြေအိုးမရှိလို့ကြွေပန်းကန်ပြားအောက်ခြေမှာ နံနံမြစ် နဲ့ ကြက်သွန်ဖြူသုံးမွှာ အပြားရိုက်ပြီး ခင်းပါတယ်...။ ပဲကြာဇံလက်တစ်ဆုပ်စာကိုရေအေးစိမ်ထားတာကို ခရုဆီ ပဲငံပြာရည်အနှောက် ကြက်သားမှုန့် နှမ်းဆီမွှေးထည့်နယ်ပြီး ထပ်ခင်းပါတယ် အဲအပေါ်မှာမှ ပုစွန်ကြားလေးတွေကို အ၀ိုင်းလေးတွေစီထည့်ပါတယ်..။ ပုစွန်ကျားကိုလည်းအရသာဝင်အောင် ခရုဆီနဲ့ကြက်သားမှုန့်လေးနယ်ထားပါတယ်...။ အဲဒါကို အလူမီနီယံလေးနဲ့အုပ်ပြီး ပေါင်းအိုးမှာ မိနစ်နှစ်ဆယ်ပေါင်းပေးပါတယ်...။ ပေါင်းအိုးကချပြီးရင် ဆားနဲ့ဆီအနယ်ငယ်ခပ်ထားတဲ့ ရေဆူအိုးထဲ ထိုင်ဝမ်မုန်ညင်း(baby bok choi)ကို အပင်လိုက်နှစ်ပိုင်းပိုင်းပြီးဖျောပါတယ်...။ ရလာတဲ့မုန့်ညင်းကို အဂေရာင်လေးစိမ်းအောင် ရေအေးခဏစိမ်ပြီး ပုစွန်ဘေးပတ်ပတ်လည်မှာခွေထည့်လိုက်ပါတယ်...။ ထီးမှိုသုံးခုကို ခပ်ပါးပါးလှီးပြီး ကြက်သွန်ဖြူနဲ့ဆီသတ် ပဲငံပြာရည်အကြည်လေးနဲ့ ရေနွေးနဲနဲထည့် ခဏလာက်မွှေကြော်ပြီးတာနဲ့ ပုစွန်ပေါ်ကိုလောင်းထည့်လိုက်ရင်ရပါပြီ...။ နံနံမြစ်လေးနဲ့နှမ်းဆီနံ့လေးမွှေးနေတဲ့ ပုစွန်ပဲကြာဇံဟင်းလေးဟာ ထိုင်းဟင်းပွဲတွေထဲက တစ်ခုပါ..။
 ကြာစွယ်ဝက်သားလုံးကြော်
ဒီဟင်းကို စု(စိတ်၏စေရာ)ဆီက ကြာစွယ်ဝက်သားပေါင်းနည်းလေးကိုသွားယူထားတာပါ...။ ကြာစွယ်ကို ခပ်သေးသေးနုတ်နုတ်ပဲစင်းစင်း ဒါမှမဟုတ် စက်နဲ့ မညက်တညက်ကလေးပဲကြိတ်ကြိတ် ကြိုက်သလိုလုပ်ထားပါ..။ ကိုယ်ကတော့ ကြယ်စွယ်တစ်ခုကို မြန်အောင်လို့ စက်နဲ့ကြိတ်လိုက်ပါတယ်... ။ ၀က်ခွာသား(နံရိုးနားကပ်တဲ့ အဆီအသားကို ခွာထားတဲ့အသား) လေးဆယ်သားကို နုတ်နုတ်စင်းထား ပါတယ်...။ ကျန်တာတော့ အသားလုံးကြော်တဲ့နည်းအတိုင်းပါပဲ ဘဲဥနှစ်လုံး ကြက်သွန်ဖြူငါးမွှာ ဂျင်းတစ်တက် ကြက်သွန်နီသုံးလုံးကို အားလုံးနုတ်နုတ်စင်းပြီး အရသာမှုန့် ဆား ငရုတ်ကောင်း သကြားနဲ့ နယ်ထားလိုက်ပါတယ် ပြီးရင် ရေခဲသေတ္တာထဲ နာရီဝက်နှပ်ထား..။ ဆီများများဒယ်ထဲကို ဇွန်းလေးနဲ့ ခပ်ကြီးကြီး အလုံးအနေအထားခပ်ပြီး ဆီအိုးထဲရွှေနီရောင်သန်းလာတဲ့အထိ ကြော်ပေးပါ...။ ငရုတ်ကောင်းနံ့ မွှေးပျံ့ပြီး အပြင်ကမွ အတွင်းသားခပ်ပျော့ပျော့ ကြာစွယ်အသားလုံးကြော်လေးရပါပြီ...။ သူနဲ့တွဲစားဖို့အချဉ်ရည်ကို နှမ်း ငရုတ်သီးစိမ်း ကြက်သွန်ဖြူကိုထောင်း ဂျင်းကိုခပ်ပါးပါးအချောင်းကလေးတွေလှီးပြီး သကြား ပဲငံပြာရည်အကြည် သံပုရာရည်ထည့်မွှေ အရောင်လေးလှချင်ရင် ငရုတ်သီးကြော်တစ်ဇွန်းခပ်ထည့်ပြီး မွှေလိုက်ရင် ဂျင်း နှမ်းနဲ့ သံပုရာနံ့လေးမွှေးနေတဲ့ ချဉ်ငံစပ်အချဉ်ရည်လေးရပြီ..။
 ဘဲပေါင်းကျန်မဆိုင်
ဘဲပေါင်းချက်နည်းလေးကလွယ်ပြီး လူတိုင်းသိပြီးသားမို့ ရှင်းမပြတော့ပါဘူးနော်...။ တကယ်တော့ဒီဟင်းခွက်က အဲအိမ်က ဟင်းချက်အစ်မချက်တဲ့ဟင်းမို့  ကိုယ်ကိုယ်တိုင်ချက်တာ မဟုတ်တာကြောင့်မို့လည်း Recipe လေးကိုမရေးပေးတော့ တာပါ...။
 ရိုးစင်းတဲ့ ဟင်းတစ်ပွဲပါပဲ...။ ၀က်နံရိုးကိုအနံ့ပျောက်အောင် ရေဆူအိုးမှာ ခဏထည့်ပြီး တရေသွန်ပစ်ပါတယ်...။ ဒယ်ပူပူမှာ သကြား စားပွဲဇွန်းတစ်ဇွန်ကို အပူပေး သကြားညိုလာရင် ၀က်နံရိုးကို ခြောက်အောင်လှိမ့်ရပါတယ်...။ နံရိုးလေးမွှေးပြီးခြောက်လာမှ အရိုးပြုတ်ရည်ထဲထည့်ပြုတ် နံရိုးနူးရင် မုန်လာဥနီ ဥဖြူလှီးထားတာကိုထည့် အပေါ့အငံမြည်း ကြက်သွန်မြိတ်ရိုးလေး သုံးလေးခုလောက်ပစ်ထည့်လိုက်..။ ဒါဆို ချိုမွှေးနေတဲ့ ဟင်းချိုလေးတစ်ခွက်ကို ငရုတ်ကောင်းလေးဖြူးပြီး ပူပူလေးသောက်လို့ရပြီပေါ့...။ မုန်လာဥနီက အောက်ရောက်နေလို့ ပုံမှာမပေါ်ဘူး...။ ဥနီကို တစ်လက်မအထူပိုင်းပြီးထည့်ထားပါတယ်...။ ဟိုတယ်ကြီးတွေမှာ အရိုးပြုတ်ရည်အိုးထဲ ဥဖြူ ဥနီတွေကို ဟင်းအရည်ချိုအောင်လို့ အမြဲထည့်ပြုတ်လေ့ရှိတယ်လို့ကြားဖူးတယ်...။
 တီလားဗီးယားငါးကြော် ကြွပ်ကြွပ်လေး
 ကြက်သားဂျုံခေါက်ဆွဲကြော်
ရေပြောင်းဖူး+ဂျူးဖူး+နှစ်တစ်ရာသီး အစိမ်းကြော်
မိုးတွင်းမှာမှ ရှိတတ်တဲ့ ရေပြောင်းဖူးကို ခပ်ပါးပါးအချောင်းလေးတွေလှီးပြီး ဂျူးဖူးလေးနဲ့ နှစ်တစ်ရာသီးနဲ့ကြော်ထားတာပါ...။ နှစ်တစ်ရာသီးက တရုတ်နယ်စပ်ကနေ၀င်တာပါ...။ သံဈေးမှာ အစိပ်သားတစ်ထောင်နဲ့ ၀ယ်လို့ရပါတယ်...။ အခွံမာကိုထုပြီးမှအထဲကအစေ့ကို ပြုတ်ပြီး လိုရာဟင်းပွဲမှာ ထည့်သုံးလို့ရပါတယ်...။ ကြော်နည်းလေးက လွယ်လို့မပြောပြတော့ဘူးနော်...။
 ငွေနှင်းမှိုသနှပ်
ငွေနှင်းမှို တစိပ်သားနှစ်ထောင် အရင်းလေးတွေကို ဓါးနဲ့လှီးထုတ် ရေစင်စင်ဆေးပြီး တခုချင်းဆီခွာထား...။ ဆား+ဆီထည့်ထားတဲ့ ရေဆူအိုးထဲ ငါးမိနစ်လောက်ထည့်ပြုတ်ပြီး ဇကာမှာစစ်ထား...။ ဥနီအမျှင်လက်တစ်ဆုပ်စာကိုလည်း ထိုနည်းအတိုင်းရေနွေးဖျောထား...။ ရှာလကာရည်သုံးဇွန်း သကြားသုံးဇွန်းကိုဖျော်ပြီး မှိုထဲကိုလောင်းထည့်ပါ နှမ်းဆီမွှေးလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဆားအနယ်ငယ် ကြက်သွန်ဖြူဆီချက်လေးထည့်ပြီး ခပ်ဖွဖွလေးနယ်ပေးလိုက် နှမ်းမဲလေးဖြူလိုက် အိုကေပြီ...။
မိုးငွေ့
Monday, 19 August 2013
မိုးရာသီမှာ လျှောက်စားဖြစ်တာလေးတွေ....
ဗိုလ်ချုပ်ဈေးဘေးနားက FMI နေရာမှာ အခု Parkson shopping mall ဖြစ်သွားပြီ ဒါက အောက်ထပ်က Bar Boon Cafe... စားစရာသောက်စရာမှန်သမျှ ဒေါ်လာနဲ့တွက်တယ်...။ အဲဒီနေ့ကမှာတာ ကက်ပယ်စီနိုအအေး နဲ့ မိုခါးအပူ မုန့်တွေက ဘမ်းမုန့်နဲ့ ဘရောင်နီကိတ်..ဆယ့်သုံးဒေါ်လာကျတယ်။
Bar Boon ရဲ့အတွင်းဖက်
အပြင်ဖက်တော့လူအထိုင်များကြတယ် ညနေဖက်ဆို ဆိုင်အပြည့်ပဲ... ဟိုတစ်ဖက်ကဆိုင်က စကာင်္ပူခေါက်ဆွဲဆိုင် သူလည်းလူဝင်တာပဲ နိုင်ငံခြားသားအများဆုံးပေါ့ စကော့ဈေးမှာဈေးဝယ်ပြီး အဲဆိုင်တွေမှာထိုင်စားဖြစ်ကြတာ အဆင်ပြေနေတာပေါ့..။ ဘေးနားက ဇော်ဂျီဆိုင်တော့ အရောင်းကျသွားမလားပဲ လူသိပ်မ၀င်တော့ဘူး...။
အပြင်ဖက်ထိုင်စရာနေရာနဲ့ ကော်ဖီစက်
ချင်းမိုင်အစားအစာလို့ပြောတယ် ရှမ်းပြည်မှာမွေးတော့ ရှမ်းစာနဲ့နီးစပ်တဲ့ ချင်းမိုင်စာတွေကိုသိပ်ကြိုက်တယ် ရှင်စောပုလမ်းထိပ်ဖက်က စီးတီးမတ်နဲ့နီးပါတယ်... ဆိုင်နာမည်ခပ်ဆန်းဆန်းပဲ မေ့သွားလို့ မရေးပေးတော့တာ...။ ဆူကာညွှန့်ကြော် ချင်းမိုင်ဝက်အူချောင်း (နဲနဲအစပ်ပါတယ်) ၀ါးဗူးလေးနဲ့က ကောက်ညှင်းပေါင်းပါ..။ ၀ါမ၀င်ခင် ပိတ်ရက်တွေတုန်းက မိသားစုလိုက်သွားစားကြတာ...။ အသားလုံးပဲကြာဇံဟင်းချိုနဲ့ဆို ဟင်းက လေးပွဲ နာနတ်သီးထမင်းကြော်တစ်ပွဲနဲ့ ကောက်ညှင်းသုံးပွဲ အအေးနှစ်ခွက်ကို စုစုပေါင်းသုံးသောင်းငါးထောင်ကျတယ်...။ ဟူးးး ဈေးကြီးတယ်ကွယ်...။ အကြိုက်ဆုံးက ၀က်အူချောင်း..။ သုံးသောင်းခွဲဆို အိမ်မှာ ချက်စားရင် တော်တော်ရတာ...။ အခုက ဆိုင်အသစ်ကိုလာမြည်းတာမျိုး ကိုယ်ကြိုက်တဲ့အစားမို့လည်း စားရတာ တန်တယ်ပဲဆိုပါတော့...။
ငှက်ပျောဖူးသုပ် အရသာက ချိုစပ်... တော်တော်တော့စပ်တယ် ငါးပိပါတယ်...
ငါးပိထောင်းတို့စရာအစုံ
အားလုံးပြီးတော့ သာကူအုန်းနို့အချိုပွဲလေး
သက်သတ်လွတ်စားတယ်ဆိုလို့ အပြစ်တင်မစောပါနဲ့ တစ်ပတ်မှာ စနေနဲ့တနင်္ဂနွေကိုခွင့်ယူထားတယ် ဟိဟိ...။ ဥပုသ်နဲ့ မွေးနေ့ကိုတော့မှန်အောင်စားဖြစ်ပါတယ်...။ ဒါက မြေနီကုန်းစီးတီးမတ်က love boat မှာ အသားလုံးကင်နဲ့ အသားကင်ကွေ့သယိုချဉ်စပ်..။
ဒါက အိမ်မှာလုပ်စားဖြစ်တဲ့ဟော့ပေါ့ အသားမစုံပေမယ့် အသီးအရွက်တော့ ကိုယ်စိတ်ကြိုက်ထည့်စားတယ် မှိုအရမ်းကြိုက်တယ်...။ ငွေနှင်းမှိုကို ခရုဆီနဲ့နှမ်းဆီနဲ့ကြော်ထားတာ ဂွတ်မှဂွတ်ပဲ...။ လမ်းငါးဆယ်ထိပ်က ကုလားမဘရာကြော်အရမ်းကောင်းလို့ ၀ယ်စားတာ စမူဆာရောပဲ....။ အနီပြားနဲ့က စကာင်္ပူအသားပြားကြော်ထားတာ...။
 နာနတ်တောလမ်းက ရွှေကောင်းဟော့ပေါ့....။ အိမ်မှာလုပ်စားတာပိုတန်တယ် များများလည်းစားရတယ်..
ရွှေပဲရွက်တော့အကြိုက်ပဲ မျှစ်ကနုဖတ်နေရော...ဟိုဖက်က ၀က်ဆီဥကြော်..။ အိမ်မှာ ညီမလေးက ၀က်သားမစားတော့ ၀က်သားကိုမချက်ဖြစ်ဘူး ဒီတော့ မစားဖြစ်တာလည်းကြာပြီ...။ အခုသက်သတ်လွတ်ဆိုတာ့ ပိုဝေးနေတာပေါ့....။
47လမ်းထိပ်က Chewing Junior ဆိုင်က Mango Smoothie သူလည်း ဈေးကြီးတယ် ပြောရမှာပဲ တစ်ခွက်ကို 2200/- သုံးလေးယောက်သွားရင် မုန့်နဲ့အအေးပဲသောက် တစ်သောင်းကျော် အသာလေးကျတယ်..။ သြော်....မြန်မာပြည် မြန်မာပြည်..ကုန်ဈေးနှုန်းတွေကျတယ်ဆိုတာကိုမရှိဘူးနော်...။
မိုးငွေ့
Saturday, 17 August 2013
အိပ်မက်နတ်ဆိုး.....
ခုနောက်ပိုင်း မင်းကို အိပ်မက်တာ စိပ်လာသလိုပဲ….။
ကိုယ့်အိပ်မက်ထဲကို အလည်လာခဲ့ပါလို့ ကိုယ်ခဏခဏတောင်းတတတ်ခဲ့တုန်းက မင်းမလာခဲ့ပါဘူး…။
ကိုယ့်ကိုမင်းသိပ်လွမ်းနေလို့လားဟင်???  ကိုယ်ကတော့ မင်းကိုအမြဲလွမ်းတယ်…။
ကိုယ်ဟာ မင်းအပေါ်တော်တော်မကောင်းတာများ အိပ်မက်ထဲထိတောင်ပဲ… မင်းကို လူရောစိတ်ရော ဒုက္ခရောက်အောင်လုပ်တယ်…။
အိပ်မက်ထဲမှာ ကိုယ်မင်းကို မြေအောက်ခန်းမှာပိတ်လှောင်ထားခဲ့မိလို့ မီးခဲပူပူတွေရှိတဲ့ တွင်းနက်ကြီးထဲကနေ မင်းကြိုးစားပြီး အပူခံကုတ်တက်လာရတယ်လို့မက်တယ်…။ ဒါပေမယ့် မင်းက ကိုယ့်ကို စိတ်မဆိုးဘဲ ခပ်ပြုံးပြုံးလေးနဲ့ပဲ ခွင့်လွှတ်ပေးတယ်တဲ့…။ လက်တွေ့ဘဝမှာ မင်းကို ကိုယ်လစ်လျှူရှုထားခဲ့တာကို အိပ်မက်နဲ့ နိမိတ်ပုံလာပြသွားခဲ့တာလား အိန်ဂျယ်…..။
“မင်းနေကောင်းရဲ့လား ခုတလောမင်းကို အိပ်မက်ခဏခဏမက်လွန်းလို့ မင်းနေမကောင်းများဖြစ်နေခဲ့သလား ကိုယ်စိတ်ပူလိုက်တာ ကျေးဇူးပြုပြီး ကိုယ့်မက်ဆေ့ချ်လေးကို ပြန်ပေးပါနော်” မင်းဖုန်းက မြန်မာဖောင့်မရတော့ ကိုယ်က အင်္ဂလိပ်လိုရိုက်ရတာ…။ မနက်မလင်းခင်အိပ်ယာကလန့်နိုးနိုးချင်းပို့ထားခဲ့တဲ့ မက်ဆေ့ချ်ကို မနက်ဆယ်နာရီခွဲမှာ မင်းဆီက ပြန်စာရခဲ့တယ်..။ “ I am fine… thanks sis ” တဲ့…။ ကျေးဇူးတင်ပါတယ် မင်း နေကောင်းကျန်းမာနေတယ် မင်းနဲ့ကိုယ် တမြေတည်းပေါ်မှာရှိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အတွက်ပါ…။
အိန်ဂျယ်ရေ… မင်းကိုမတွေ့ချင်တော့ဘူးဆိုတာ ကိုယ်ညာပြောခဲ့တာလို့ မင်းမထင်ဘူးလား….။ တစ်ရက်လောက် ကိုယ်တို့ ဘုရားမှာဆုံရအောင်… အေးအေးချမ်းချမ်းဘုရားအတူဖူးပြီးရင် မင်းနဲ့ကိုယ်လမ်းလျှောက်ပြန်ကြမယ်… လက်ဖက်ရည်ဆိုင်ထိုင်ကြမယ်… ဒါမှမဟုတ် သီချင်းသွားဆိုကြမယ်လေ…..။ ခါတိုင်းလိုပဲ မင်းက သီချင်းဆို ကိုယ်က မင်းဆိုတတ်တဲ့ ကိုယ်လည်းနားထောင်ချင်တဲ့ သီချင်းတွေရွေးပေးမယ်လေ…။ မီးရောင်ဝါဝါအောက်မှာ သီချင်းဆိုရင် ပန်းသွေးရောင်တောက်နေတတ်တဲ့ မင်းမျက်နှာလေးကို မငေးကြည့်ရတာ ဘယ်လောက်ကြာပြီလဲ….။ ပြီးရင် ကိုယ့်ကို အိမ်ပြန်လိုက်ပို့ပြီး ဖုန်းမက်ဆေ့ချ်လေးနဲ့ ကိုယ့်ကို “good night kiss”ပေးဖို့ မမေ့နဲ့ဦးနော်…။
ကိုယ်သိပ်ကို စိတ်ကူးယဉ်သွားပြီလို့ မင်း ဒီအက်ဆေးလေးကိုဖတ်ရင်း ရယ်(ရီ)နေမလားပဲနော်...။ ကိုယ့်မျက်ရည်တွေနဲ့သီထားခဲ့တဲ့ စကားလုံးတွေ မင်းနှုတ်ခမ်းထက် အပြုံးတစ်ပွင့်ဖြစ်သွားခဲ့လည်း ကိုယ်ကျေနပ်တယ် အိန်ဂျယ်.....။
မိုးငွေ့