တကယ်က ကိုယ်ဟာတရုတ်လူမျိုးမဟုတ်ပါဘဲ တစ်နှစ်မှာ အခေါက်ပေါင်းများစွာ ကန်တော့ရတဲ့ ဟင်းပွဲတွေကို ပါဝင်ကူညီချက်ပြုတ်ပေးရတာကတော့ ကိုယ့်အဒေါ်ရဲ့ ယောက်ျား ကိုယ့်ဦးလေးက ဖူကျန့်တရုတ်လူမျိုးဖြစ်နေလို့ပါပဲ...။ အခုလဲ ချိကေပွမ်(ချီးရွဲ့ပန့်)လို့ခေါ်တဲ့ တစ္ဆေကြီးကန်တော့ပွဲအတွက် ချက်ပြုတ်ဖို့ အဒေါ်က စလုံးရောက်နေတာနဲ့ သွားလုပ်ပေးရတာပါ...။ စလုံးမှာလည်း အိမ်တိုင်း ရှော့ပင်းမောတိုင်း အကြီးအကျယ်လုပ်ကြတယ်လို့ ကြားဖူးပါတယ်..။ ဒီနေ့ 21ရက်နေ့ Aug က ကန်တော့ရတဲ့ နောက်ဆုံးနေ့လို့ပြောပါတယ်...။ အဓိကက ကောက်ညှင်းထုပ် ပြာရည်ထုပ်တွေ ထည့်ကန်တော့ရတယ် ...။ ထေရ၀ါဒတစ်ယောက်အနေနဲ့ သူတို့ရဲ့ကိုးကွယ်မှုကို ကိုယ်သေချာနားမလည်ပါဘူး...။ အဒေါ်က ကူညီချက်ပေးဆိုလို့ အောက်ကဟင်းပွဲရှစ်မျိုးကို ဒီမနက်အိမ်က ခပ်စောစောထသွားပြီးချက်ပေးခဲ့ပါတယ်...။
ပုစွန်ကျားပဲကြာဇံပေါင်း
မြေအိုးဟင်းလျာတစ်မျိုးပါ...။ မြေအိုးမရှိလို့ကြွေပန်းကန်ပြားအောက်ခြေမှာ နံနံမြစ် နဲ့ ကြက်သွန်ဖြူသုံးမွှာ အပြားရိုက်ပြီး ခင်းပါတယ်...။ ပဲကြာဇံလက်တစ်ဆုပ်စာကိုရေအေးစိမ်ထားတာကို ခရုဆီ ပဲငံပြာရည်အနှောက် ကြက်သားမှုန့် နှမ်းဆီမွှေးထည့်နယ်ပြီး ထပ်ခင်းပါတယ် အဲအပေါ်မှာမှ ပုစွန်ကြားလေးတွေကို အ၀ိုင်းလေးတွေစီထည့်ပါတယ်..။ ပုစွန်ကျားကိုလည်းအရသာဝင်အောင် ခရုဆီနဲ့ကြက်သားမှုန့်လေးနယ်ထားပါတယ်...။ အဲဒါကို အလူမီနီယံလေးနဲ့အုပ်ပြီး ပေါင်းအိုးမှာ မိနစ်နှစ်ဆယ်ပေါင်းပေးပါတယ်...။ ပေါင်းအိုးကချပြီးရင် ဆားနဲ့ဆီအနယ်ငယ်ခပ်ထားတဲ့ ရေဆူအိုးထဲ ထိုင်ဝမ်မုန်ညင်း(baby bok choi)ကို အပင်လိုက်နှစ်ပိုင်းပိုင်းပြီးဖျောပါတယ်...။ ရလာတဲ့မုန့်ညင်းကို အဂေရာင်လေးစိမ်းအောင် ရေအေးခဏစိမ်ပြီး ပုစွန်ဘေးပတ်ပတ်လည်မှာခွေထည့်လိုက်ပါတယ်...။ ထီးမှိုသုံးခုကို ခပ်ပါးပါးလှီးပြီး ကြက်သွန်ဖြူနဲ့ဆီသတ် ပဲငံပြာရည်အကြည်လေးနဲ့ ရေနွေးနဲနဲထည့် ခဏလာက်မွှေကြော်ပြီးတာနဲ့ ပုစွန်ပေါ်ကိုလောင်းထည့်လိုက်ရင်ရပါပြီ...။ နံနံမြစ်လေးနဲ့နှမ်းဆီနံ့လေးမွှေးနေတဲ့ ပုစွန်ပဲကြာဇံဟင်းလေးဟာ ထိုင်းဟင်းပွဲတွေထဲက တစ်ခုပါ..။
ကြာစွယ်ဝက်သားလုံးကြော်
ဒီဟင်းကို စု(စိတ်၏စေရာ)ဆီက ကြာစွယ်ဝက်သားပေါင်းနည်းလေးကိုသွားယူထားတာပါ...။ ကြာစွယ်ကို ခပ်သေးသေးနုတ်နုတ်ပဲစင်းစင်း ဒါမှမဟုတ် စက်နဲ့ မညက်တညက်ကလေးပဲကြိတ်ကြိတ် ကြိုက်သလိုလုပ်ထားပါ..။ ကိုယ်ကတော့ ကြယ်စွယ်တစ်ခုကို မြန်အောင်လို့ စက်နဲ့ကြိတ်လိုက်ပါတယ်... ။ ၀က်ခွာသား(နံရိုးနားကပ်တဲ့ အဆီအသားကို ခွာထားတဲ့အသား) လေးဆယ်သားကို နုတ်နုတ်စင်းထား ပါတယ်...။ ကျန်တာတော့ အသားလုံးကြော်တဲ့နည်းအတိုင်းပါပဲ ဘဲဥနှစ်လုံး ကြက်သွန်ဖြူငါးမွှာ ဂျင်းတစ်တက် ကြက်သွန်နီသုံးလုံးကို အားလုံးနုတ်နုတ်စင်းပြီး အရသာမှုန့် ဆား ငရုတ်ကောင်း သကြားနဲ့ နယ်ထားလိုက်ပါတယ် ပြီးရင် ရေခဲသေတ္တာထဲ နာရီဝက်နှပ်ထား..။ ဆီများများဒယ်ထဲကို ဇွန်းလေးနဲ့ ခပ်ကြီးကြီး အလုံးအနေအထားခပ်ပြီး ဆီအိုးထဲရွှေနီရောင်သန်းလာတဲ့အထိ ကြော်ပေးပါ...။ ငရုတ်ကောင်းနံ့ မွှေးပျံ့ပြီး အပြင်ကမွ အတွင်းသားခပ်ပျော့ပျော့ ကြာစွယ်အသားလုံးကြော်လေးရပါပြီ...။ သူနဲ့တွဲစားဖို့အချဉ်ရည်ကို နှမ်း ငရုတ်သီးစိမ်း ကြက်သွန်ဖြူကိုထောင်း ဂျင်းကိုခပ်ပါးပါးအချောင်းကလေးတွေလှီးပြီး သကြား ပဲငံပြာရည်အကြည် သံပုရာရည်ထည့်မွှေ အရောင်လေးလှချင်ရင် ငရုတ်သီးကြော်တစ်ဇွန်းခပ်ထည့်ပြီး မွှေလိုက်ရင် ဂျင်း နှမ်းနဲ့ သံပုရာနံ့လေးမွှေးနေတဲ့ ချဉ်ငံစပ်အချဉ်ရည်လေးရပြီ..။
ဘဲပေါင်းကျန်မဆိုင်
ဘဲပေါင်းချက်နည်းလေးကလွယ်ပြီး လူတိုင်းသိပြီးသားမို့ ရှင်းမပြတော့ပါဘူးနော်...။ တကယ်တော့ဒီဟင်းခွက်က အဲအိမ်က ဟင်းချက်အစ်မချက်တဲ့ဟင်းမို့ ကိုယ်ကိုယ်တိုင်ချက်တာ မဟုတ်တာကြောင့်မို့လည်း Recipe လေးကိုမရေးပေးတော့ တာပါ...။
ဝက်နံရိုးမုန်လာဥဟင်းချို
ရိုးစင်းတဲ့ ဟင်းတစ်ပွဲပါပဲ...။ ၀က်နံရိုးကိုအနံ့ပျောက်အောင် ရေဆူအိုးမှာ ခဏထည့်ပြီး တရေသွန်ပစ်ပါတယ်...။ ဒယ်ပူပူမှာ သကြား စားပွဲဇွန်းတစ်ဇွန်ကို အပူပေး သကြားညိုလာရင် ၀က်နံရိုးကို ခြောက်အောင်လှိမ့်ရပါတယ်...။ နံရိုးလေးမွှေးပြီးခြောက်လာမှ အရိုးပြုတ်ရည်ထဲထည့်ပြုတ် နံရိုးနူးရင် မုန်လာဥနီ ဥဖြူလှီးထားတာကိုထည့် အပေါ့အငံမြည်း ကြက်သွန်မြိတ်ရိုးလေး သုံးလေးခုလောက်ပစ်ထည့်လိုက်..။ ဒါဆို ချိုမွှေးနေတဲ့ ဟင်းချိုလေးတစ်ခွက်ကို ငရုတ်ကောင်းလေးဖြူးပြီး ပူပူလေးသောက်လို့ရပြီပေါ့...။ မုန်လာဥနီက အောက်ရောက်နေလို့ ပုံမှာမပေါ်ဘူး...။ ဥနီကို တစ်လက်မအထူပိုင်းပြီးထည့်ထားပါတယ်...။ ဟိုတယ်ကြီးတွေမှာ အရိုးပြုတ်ရည်အိုးထဲ ဥဖြူ ဥနီတွေကို ဟင်းအရည်ချိုအောင်လို့ အမြဲထည့်ပြုတ်လေ့ရှိတယ်လို့ကြားဖူးတယ်...။
တီလားဗီးယားငါးကြော် ကြွပ်ကြွပ်လေး
ကြက်သားဂျုံခေါက်ဆွဲကြော်
ရေပြောင်းဖူး+ဂျူးဖူး+နှစ်တစ်ရာသီး အစိမ်းကြော်
မိုးတွင်းမှာမှ ရှိတတ်တဲ့ ရေပြောင်းဖူးကို ခပ်ပါးပါးအချောင်းလေးတွေလှီးပြီး ဂျူးဖူးလေးနဲ့ နှစ်တစ်ရာသီးနဲ့ကြော်ထားတာပါ...။ နှစ်တစ်ရာသီးက တရုတ်နယ်စပ်ကနေ၀င်တာပါ...။ သံဈေးမှာ အစိပ်သားတစ်ထောင်နဲ့ ၀ယ်လို့ရပါတယ်...။ အခွံမာကိုထုပြီးမှအထဲကအစေ့ကို ပြုတ်ပြီး လိုရာဟင်းပွဲမှာ ထည့်သုံးလို့ရပါတယ်...။ ကြော်နည်းလေးက လွယ်လို့မပြောပြတော့ဘူးနော်...။
ငွေနှင်းမှိုသနှပ်
ငွေနှင်းမှို တစိပ်သားနှစ်ထောင် အရင်းလေးတွေကို ဓါးနဲ့လှီးထုတ် ရေစင်စင်ဆေးပြီး တခုချင်းဆီခွာထား...။ ဆား+ဆီထည့်ထားတဲ့ ရေဆူအိုးထဲ ငါးမိနစ်လောက်ထည့်ပြုတ်ပြီး ဇကာမှာစစ်ထား...။ ဥနီအမျှင်လက်တစ်ဆုပ်စာကိုလည်း ထိုနည်းအတိုင်းရေနွေးဖျောထား...။ ရှာလကာရည်သုံးဇွန်း သကြားသုံးဇွန်းကိုဖျော်ပြီး မှိုထဲကိုလောင်းထည့်ပါ နှမ်းဆီမွှေးလက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဆားအနယ်ငယ် ကြက်သွန်ဖြူဆီချက်လေးထည့်ပြီး ခပ်ဖွဖွလေးနယ်ပေးလိုက် နှမ်းမဲလေးဖြူလိုက် အိုကေပြီ...။
မိုးငွေ့
2 comments:
အကူအညီပေးတယ်ဆိုကထဲက ကုသိုလ်တွေ ရနေပြီပေါ့ မိုးငွေ့ရေ...တစ္ဆေကြီးကန်တော့ပွဲအတွက် ကိုယ်တိုင်ချက်တာရော သူများချက်တာတွေရော စုံစုံလင်လင်ဟင်းပွဲများ လေ့လာသွားတယ် ဟင်းပွဲပြင်ထားတာလေးတွေ သဘောကျပါ့ ..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
သြော် အနှီလိုလား...ဒါဆိုရင် ဒီနေ့အီးစံကွားတပည့်တစ်ယောက် အိမ်ကိုမုန့်တွေ ခေါက်ဆွဲကြော်တွေလာပို့တာ အနှီပွဲကိုး...ဦးဟန်ကြည်က တစ္ဆေဆီက ကပ်စားလိုက်ရတာ အခုမှပဲ သိတော့တယ်း)
စားလို့တော့ ကောင်းမှကောင်းး)
Post a Comment