အဲတုန်းက တောင်ထိပ်ပန်းလမ်းက Landbay Cafe ဆိုတဲ့ ကော်ဖီဆိုင်လေးဟာ ကျမတို့နှစ်ယောက်မကွဲကွာခင် လပိုင်းလောက်အလိုမှာပဲ ဆိုင်အပြီးပိတ်သွားခဲ့တယ်...။ ရာဇဝင်ကိုလေ့လာကြည့်တော့ ဆိုင်ကလူအဝင်နည်းလို့ စီးပွားရေးကလည်း ရဲ့ရဲ့လေးဖြစ်နေတဲ့ပုံပါပဲ ဒီလိုနဲ့ ကျမတို့နှစ်ယောက်လာထိုင်ဖို့ ဆိုင်မပိတ်သေးဘဲ ဖွင့်ပေးတယ်လို့တောင် ယူဆလို့ရတယ်...။ သူ ကျမနဲ့အတူ သွားထိုင်ချင်တဲ့ အဖြူရောင်ဆေးသုတ်ထားတဲ့ ကော်ဖီဆိုင်လေးက ညဖက်ဆို မီးအလင်းရောင်နဲ့ သိပ်လှတယ်...။ ခုခေတ်လို အပြင်အဆင်လှလှပပနဲ့ ဆွဲဆောင်မှုရှိနေတဲ့ ဓါတ်ပုံရိုက်လို့ကောင်းတဲ့ ကော်ဖီဆိုင်မျိုးတော့မဟုတ်ဘူးပေါ့...။ အစားအသောက်လည်း ထင်သလောက်မကောင်းဘူး ဒါပေမယ့် ကျမတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းထဲမှာပါဝင်လာဖို့ ဖြစ်လာတဲ့ ကော်ဖီဆိုင်လေးလို့ ကျမထင်တယ်...။ ကော်ဖီဆိုင်ရှိတဲ့ လမ်းနာမည်ကလဲ ကျမတို့အတွက်သီးသန့် ဖန်းဆင်ပေးထားတဲ့ လမ်းလေးလို့တောင်ထင်ရတယ် "တောင်ထိပ်ပန်းလမ်း"တဲ့....။ လမ်းနာမည်လေးကိုကြားရတာနဲ့ နွယ်ပင်တွေနဲ့သိပ်လှတဲ့ သစ်ပင်ကြီးတွေနဲ့ လိပ်ပြာရောင်စုံလေးတွေ ပတ်လည်ဝိုင်းပျံသန်းနေတဲ့ ပန်းပေါင်းစုံပွင့်လန်းမွှေးပျံ့နေတဲ့ သစ်တောကြီးတစ်ခုလိုမြင်ယောင်မိတယ်...။ ဘယ်ပြောလို့ရမလဲနော် ကျမတို့နှစ်ယောက်ထိုင်နေတဲ့ အဲဒီကော်ဖီဆိုင်မှာ ကျမတို့အနား မမြင်နိုင်တဲ့ မွှေးပျံ့လန်းဆန်းနေမယ့်ပန်းလေးတွေ လိပ်ပြာလေးတွေ ဝဲပျံနေကြမယ်လို့...။
ဟိုနေ့က အိပ်မက်ထဲမှာ ကျမရဲ့လိပ်ပြာကိုတွေ့လိုက်ရတယ်....။ ဒါပေမယ့် မျက်နှာချင်းဆိုင်တော့မဟုတ်ဘူး သူက အိပ်မက်ထဲမှာ ကျမကို အမှတ်တမဲ့တွေ့လို့ အတင်းလိုက်ရှာနေတဲ့ပုံ ကျမက သူကျမကို မြင်သွားမှာစိုးပြီး ပုန်းအောင်းနေတာလို့ မြင်မက်တယ်...။ သူနဲ့ပတ်သက်ပြီး ကျမအိပ်မက်မက်ချင်တယ် မက်လည်းမမက်ချင်ဘူး....။ ကျမတို့ ဒီလောက်အချိန်ကာလနဲ့ တစ်ယောက်ကိုတစ်ယောက် မေ့မေ့ပျောက်ပျောက်ရှိသင့်ပြီလို့ထင်တယ်...။ မဖြစ်နိုင်တာတွေကို တမ်းမက်နေဖို့မသင့်တော့ဘူး...။ ဒါပေမယ့် လူတစ်ယောက်ရဲ့ စိတ်ကိုထိန်းချုပ်ဖို့က အခက်ခဲဆုံးဆိုတာဟုတ်တယ်...။ တာရော့ကြည့်တိုင်းလည်း ကျမကို လူတစ်ယောက် အမြဲစောင့်ကြည့်နေတယ်လို့ပေါ်တယ်....။ အမှန်ပြောရရင် သေသည်အထိ ကျမကိုမမေ့ပျောက်နိုင်လောက်တဲ့ ခံစားမှုတွေနဲ့ သူ့ကို တစ်သက်လုံးမရှင်သန်စေချင်ဘူး...။ ဒါပေမယ့်လည်း အဲဒီ မကြာခဏ ဖြစ်ပေါ်လာမယ့် သတိရလွမ်းဆွတ်ခြင်းတွေက သူ့အတွက် Energy တစ်ခုမဖြစ်ရင်တောင် ကောင်းတဲ့ခံစားမှုဖြစ်ဖြစ် ပြောင်းလဲပေးနိုင်ရင်ပဲ ကျမကျေနပ်ပါတယ်...။
ပြင်ပလောကမှာတော့ ကျမတို့နှစ်ယောက်နဲ့ပတ်သက်ခဲ့ဖူးတဲ့ မျက်မြင်ကိုင်တွယ်လို့ရတဲ့ နေရာအဆောက်အဦတွေ ပျောက်ပျက်ကောင်း ပျောက်ပျက်သွားနိုင်ပေမယ့် ကျမတို့ရဲ့ သတိရခြင်းတွေကတော့ ဘယ်အချိန် ဘယ်ကာလအထိဆက်လက် တည်မြဲနေဦးမယ်ဆိုတာ မပြောနိုင်သေးပါဘူး...။
မိုးငွေ့


.png)




















