Showing posts with label simply coral's kitchen. Show all posts
Showing posts with label simply coral's kitchen. Show all posts

Friday, 21 July 2023

အဟာရဒါန ရူပဒါန....


ထုံးစံအတိုင်း ဒူးရင်းသီးပေါသည် သို့သော် ဈေးမပေါပါ ဒါ့ပေသည့် စားတော့စားရမည်



စိန်တစ်လုံးသရက်သီးတွေခုတော့ တုံးနေပါပြီ စမူသီလေးလုပ်သောက်



ကမ္ဘာပေါ်မှာအကောင်းဆုံး ကျမရဲ့ France Toast 



ဆိုင်မှာကော်ဖီသွားသောက်တိုင်း ဘာရစ်စတာတွေရဲ့ လက်တေးအနုပညာကို မှတ်တမ်းတင်ရမှ



Scramble egg ကြက်ဉမွှေကြော်ပျော့ပျော့လေး ပေါင်မုန့်မီးကင်နဲ့အလိုက်ဖက်ဆုံးသော



အိမ်မှာကွကိုယ်စက်နဲ့ဖျော် အဲလိုခရမ်ရောင်ကောင်းမှ သောက်လို့ကောင်းတာ



ညနေ နေပူဆာလေးနဲ့ ကော်ဖီတစ်ခွက်



ထမင်းကိုပဲငံပြာရည်အနှောက်နဲ့ညိုညိုလေး ငရုတ်ကောင်းလေးနဲ့ကြော် ကြက်ဉဟပ်ဖရိုက်နဲ့ 
ငါးရံ့ခြောက်ဆီဆမ်းလေးနဲ့ ကော်ဖီတစ်ခွက်နဲ့ ပြီးပြည့်စုံနေသော မနက်စာ



မုန့်ဟင်းခါးစားရင် အဲလိုထမင်းထည့်စားရမှကျေနပ်




ရှောက်ပန်းသီးသုပ် ကျမတို့ရှမ်းပြည်မှာ ကျွဲကော်သီးကို ရှောက်ပန်းသီးလို့ခေါ်တယ်



ညနေစာကို အဲလို အစပ်နှစ်ဆ ပဲခေါက်ဆွဲနဲ့ ရေညှိနဲ့ ကမ်ချီနဲ့ စပ်လာရင် 
ထမင်းဖြူလေး တစ်လုတ်ခပ်စားလိုက်မုန်ညင်းဟင်းချိုလေးသောက်လိုက်နဲ့ 
ပြီးမှ ငါးနုသန်းအိုးကပ်လေးကို ဒီတိုင်းလေးစား



အဖိုးအမွေပေးထားတဲ့  ဗီယက်နမ်ကော်ပြန့်ကြော် ကြာကြာတစ်ခါလုပ်စားဖြစ်တယ်







ရှမ်းပြည်ကပို့ပေးလိုက်တဲ့ သုံးလပိုင်းပဲပုပ်ခြောက်တွေ
ရှမ်းခေါက်ဆွဲလုပ်စားဖို့ သက်သတ်လွတ်စားရင် မီးကင်ဆီဆမ်းသံပုရာရည်ညှစ်စားဖို့
မြေပဲဂျူးပဲပုပ်ကြော်လုပ်စားဖို့ ခရမ်းချဉ်သီးပဲပုပ်ချက်လုပ်စားဖို့




Farmer Market တစ်ခုသွားရင်း ဝယ်စားဖြစ်တာ ဒီပေါင်မုန့်တစ်ခုစားတာနဲ့ တစ်နေကုန်နေရောပဲ



ရောက်တဲ့နေရာတုန်း မုန့်ဟင်းခါးရောင်းတာတွေ့ရင်မြည်းလိုက်ရမှ



Home Made ရေခဲချောင်းလေး အုန်းစိမ်းနုအရသာ



တိုဖူးခေါက်ကြော်နဲ့ ထောပတ်သီးသုပ် ဘိုလို Avocado Salsa ဆိုလား







နယ်ထူရယ်ဗူးသီး



မိုးငွေ့




















Burma Bistro 




My Own Paradise





__________________
Revolution will prevail
မိုးငွေ့


Tuesday, 14 March 2023

မရမ်းသီး ငပိကြော်.....

 


မရမ်းသီးတွေက ပေါ်ခါစဆို ဈေးကမိုးပေါ်ပျံ တစ်ဆယ်သားကို သုံးထောင်ငါးရာဘာညာထိရှိတယ် ခုကျပြန်တော့ တစ်ဆယ်သားငါးရာဈေး ...။ တကယ်က ဘယ်လောက်မှမကွာဘူး စပေါ်တာနဲ့ခုက သုံးပတ် တစ်လပေါ့..။ အဲနေ့ ရုံးကထမင်းစားပြန် ဈေးထဲကဖြတ်ပြန်တော့ မုန့်ညှင်းဖူးဝယ်ရင်းနဲ့ မရမ်းသီးလေးချက်စားဦးမှစိတ်ကူးရပြီး တစ်ထောင်ဖိုးဝယ်လိုက်တယ်...။ မရမ်းသီးဝယ်ရင် အလုံးကြီးတာမရွေးနဲ့ ရင့်ပြီး ထက်ခြမ်းခွဲလိုက်လို့ အစေ့ထုတ်ရင် အထဲက အလွှာလေးက အသားမှာကပ်နေရော ...။ ထောင်းစားဖို့ဆို အသေးလေးတွေရွေး ငပိကြော် ကြော်ဖို့ဆို အလတ်စားလေးရွေးယူ...အလုံးကြီးတွေကတော့ မရမ်းသီးဆားစိမ်လုပ်လို့အဆင်ပြေပါတယ်.... ။ မရမ်းသီးစိမ်းနဲ့မဟုတ်ဘဲ မရမ်းသီးဆားစိမ်ကိုလည်း ငပိကြော်ကြော်စားလို့ကောင်းတယ်....။ 

မရမ်းသီးလေးတွေကို အစေ့ထုတ် ပါးပါးလှီးပြီး ဆားနဲနဲနဲ့ နှစ်ထပ်လောက်ရေဆေးပြီး ရေခြောက်အောင်ညှစ်ထား...။ အချဉ်နဲ့အဖန် လျော့အောင်လို့ရေဆေးရတာပါ...။ ကြက်သွန်နီလေးလုံးပါးပါးလှီးထား ကြက်သွန်ဖြူ ခြောက်မွှာညက်ညက်ထောင်းထား ငရုတ်သီးကြမ်းမှုန့် တစ်ဇွန်း (အစပ်ကြိုက်ရင်တော့ပိုထည့်လို့ရပါတယ်) ဆနွင်းမှုန့်နဲနဲ , ငံပြာရည်, မျှင်ငါးပိ, ပုစွန်ခြောက်မှုန့် တို့လိုအပ်ပါတယ်...။

ဆီဟင်းခတ်ဇွန်းကြီးတစ်ဇွန်း ဒယ်ထဲထည့် ပူလာရင် ဆနွင်းလေးခတ် ကြက်သွန်နီပါးပါးလှီးထားတာ အရင်ထည့်ကြော်ပါ...။ ရွှေအိုရောင်မသန်းခင် ကြက်သွန်ဖြူထည့်ကြော်ပါ ကြက်သွန်ဖြူရရင် ငရုတ်သီးကြမ်းမှုန့်ထည့် မွှေးလာတာနဲ့ ပုစွန်ခြောက်မှုန့်ထည့်(ငရုတ်ကြမ်းမှုန့်က အရောင်ပါပြီးသားမို့ အရောင်တင်မှုန့်မသုံးတော့တာပါ) ငံပြာရည် ငါးပိဖျော်ထားတာထည့် သကြားလဲနဲနဲထည့်ပါ....။ ပြီးတာနဲ့ မရမ်းသီးထည့်ကြော်ပါ...။ ခြောက်ပြီး ဆီပြန်လာတဲ့အထိ မီးဖြေးဖြေးနဲ့ကြော်ပေးပါ...။ အအေးခံပြီးရင် ကြက်သွန်ဖြူကြော်လေးဖြူးပေးလည်းရပါတယ်....။ ပဲဟင်းလေးတစ်ခွက်နဲ့ ထမင်းပူပူလေးနဲ့ဖြစ်ဖြစ် မနက်စာထမင်းကြော်နဲ့ဖြစ်ဖြစ် မိမိနှစ်သက်သလိုစားသုံးလို့ရပါတယ်...။





__________________
Revolution will prevail
မိုးငွေ့

Friday, 24 February 2023

ဟင်းငုတ်ပွင့်သုပ်.....




ဝမ်းတွင်းမှာနေတဲ့ ကျမတို့ရုံးကညီမတစ်ယောက်ဆီက လက်ဆောင်ရတာ ရေနွေးဖျောပြီးသုပ်စားကောင်းတယ်တဲ့ ပထမရက်ကသူ အိမ်ကသုပ်လာတာကိုမြည်းကြည့်ပြီးပြီ တော်တော်ကောင်းတာ အဲဒါဘာပွင့်ခြောက်ဆိုပြီးသူပြောတယ် မမှတ်မိလိုက်ဘူး နောက်နေ့ပိတ်ရက်ကျ အိမ်မှာလုပ်စားကြည့်တော့ ဟင်းချက်နည်းပို့စ်တွေမတင်ဖြစ်တာကြာပြီတင်လိုက်ပါဦးမှလို့စိတ်ကူးမိတာနဲ့ အဲအပွင့်နာမည်လေးလှမ်းမေးရတယ် "ဟင်းငုတ်ပွင့်" အစ်မတဲ့....။ ဪ... ဟင်းငုတ်ပွင့်လို့ ပါးစပ်ကရွတ်ရင်း ငါလည်းမကြားဖူးတဲ့အပွင့်ပဲလို့ဆိုပြီး Google မှာရှာတော့မှ သခွပ်ပွင့်တဲ့ ...။ ကိုယ်တွေက သခွပ်ပွင့် သခွပ်ပန်း အမြဲကြားဖူးနေတာ အရင်ကလည်း ရုံးမှာ ခင်ဦးသူတစ်ယောက်ရှိတော့ မြူရွက်သုပ်စားဖူးတယ် အဲတုန်းက သခွပ်ပွင့်ခြောက်သုပ်လည်းစားဖူးတယ် မေ့နေတာ...။ အဲတော့မှာ သခွပ်ပွင့်ကို တချို့နယ်တွေက ဟင်းငုတ်ပွင့်လို့လည်းခေါ်ကြတယ်ဆိုတာ သိရတယ်...။ အညာဖက်မှာက အသီးအရွက်တွေကို အခြောက်လုပ်ပြီး တစ်နှစ်ပတ်လုံး သိမ်းဆည်းစားသောက်ကြတာလို့ ကြားဖူးတယ် ဗူးသီးခြောက် ခရမ်းသီးခြောက် ခရမ်းချဉ်သီးခြောက် စတာတွေကအစပေါ့...။ 

သခွပ်ပွင့်ခြောက်ကို လက်တစ်ဆုပ်စာယူပြီး ရေတစ်ထပ်ဆေးလိုက်တယ် သဲတွေခဲတွေစင်အောင်လို့  ပြီးကျမှ ရေနွေးဆူဆူထဲ ၃မိနစ်လောက်ထည့်ပြုတ်ပြီး ရေအေးမှာ ပြန်စိမ် ရေကိုဇကာစစ် ညှစ်ထုတ်ပြီး ပါးပါးလှီးထားပါ ကြက်သွန်နီ မြေပဲနှမ်းထောင်း ငရုတ်သီးစိမ်း နံနံပင် ဆီချက် ဆားအချိုမှုန့် သံပရာသီးညှစ်ပြီး သေချာနယ်လိုက်ပါ ဝါးလိုက်ရင် ဇက်တောက်တောက်လေးနဲ့စားလို့ကောင်းတယ်...။ အရသာက ဆိမ့်ဆိမ့်လေးပဲ...နည်းနည်းသက်တယ်ဆိုရုံလေး...။ နှစ်သက်ရင် အရောင်စုံအောင် ခရမ်းချဉ်သီး အစိမ်းဖြစ်ဖြစ် အမှည့်ဖြစ်ဖြစ် ပါးပါးလှီးထည့် သတ်သက်မလွတ်ရင်တော့ ပုစွန်ခြောက်မှုန့် ငံပြာရည်ဘာညာနဲ့ ခါတိုင်းအသုပ်တွေသုပ်သလိုပဲ လုပ်စားလို့ရပါတယ်...။ 

ကျမက အခု သက်သတ်လွတ်ပြန်စားနေတာ တကယ်က စားဖို့အစီစဉ်မရှိသေးဘူး အစထဲကရည်ရွယ်ထားတာလဲ အသက် ၅၀ကျမှ ရာသက်ပန်စားမယ်လို့ပဲ...။ ခုက Instagram မှာ Vegan သို့ ၁၀ ပတ်ဆိုပြီး ကြော်ငြာတွေတက်တက်လာတော့ အဲဒါလေးကိုစိတ်ဝင်စားပြီး Register ဝင်လုပ်လိုက်တယ်...။ Vegan စားတဲ့သူတွေ ပျော်အောင် ဘာတွေချက်စားလို့ရတယ် အသားမပါလည်း အဟာရဖြစ်အောင် ဘယ်လိုတွေစားလို့ရတယ် စသဖြင့်သူတို့က အီးမေးလ်ကတစ်ဆင့် လမ်းညွှန်ပေးမှာဖြစ်ပါတယ်...။ နိုင်ငံတကာအတွက် ပါဝင်ချင်တဲ့သူတွေအတွက်  Vegan Outreach မှာသွားလေ့လာလို့ရပါတယ်...။ အစာအဟာရဟာ လူတစ်ယောက်တစ်ဦးချင်းဆီအတွက် အင်မတန်အရေးကြီးပါတယ် ဗိုက်ဝမှ အလုပ်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်လား...။ အစာစားခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ခွန်အားဖြစ်စေပါတယ် ....။ ကိုယ်စားလိုက်တဲ့အစားစာက တစ်လုတ်ဆိုသလို စားမကောင်းရင် စိတ်ကထိကအောက်ဖြစ်ပြီး စိတ်မပျော်တော့ဘူး...။ အစားကောင်းစားနေရတဲ့ချိန်ဆို လူတိုင်းပျော်ရွှင်မှုကိုရကြတယ်...။ အစားကောင်းစားရရင် ကိုယ်ချစ်ခင်တဲ့သူတွေကို သတိရတတ်တယ်ဆိုတာ ကြားဖူးတယ်မလား...။ 

Vegan စားတဲ့သူတွေအတွက် ကျမတို့နိုင်ငံမှာတော့ သီးသီးသန့်သန့် စားသောက်ဆိုင်တွေမတွေ့သေးပါဘူး...။ Vegan သမားစစ်စစ်ဟာ အသားအပြင် နို့  နို့ထွက်ပစ္စည်းနဲ့ ဉတွေကိုပါမစားကြပါဘူး...။ အရင်ကျမ စားနေကျသက်သတ်လွတ်က နို့နဲ့ ဉတွေစားသေးတယ် အသားတစ်ခုပဲရှောင်တာ...။ အခုက Strong ပိုဖြစ်တယ်...။ ခါတိုင်းလို ကော်ဖီဆိုင်သွားရင် နို့ပါတဲ့ ကော်ဖီနဲ့ မုန့်တွေစားလို့မရတော့ဘူး...။ သူများနိုင်ငံမှာတော့ Vegan သမားတွေအတွက် သီးသန့်ကော်ဖီဆိုင် ဘာဂါဆိုင်တွေ ပေါင်မုန့်ကိတ်မုန့်ဆိုင်တွေရှိတယ် ကော်ဖီသောက်ရင် Latte, Cappuccino တို့မှာ နို့အစား ပဲနို့ကိုသုံးပါတယ် ဘာဂါအသားအစားထိုး စားတော်ပဲကိုသုံးပါတယ် ထောပတ်ဆီအစား ဟင်းရွက်ဆီ နဲ့ ကြက်ဉအစား ထောပတ်သီးကိုသုံးပါတယ် အဲလိုမျိုးပေါ့....။

အခု ကျမ သူတို့နဲ့ Vegan နဲ့အတူ ၁၀ ပတ်ခရီးစထွက်ပါမယ်...။ ရည်ရွယ်ချက်ကတော့ အသားစားတာကိုလျော့ကျစေဖို့ အသီးအရွက်များများစားဖြစ်အောင်လို့နဲ့ ကိုယ့်ကျန်းမာရေးအတွက်ရော ဆိုပါတော့...။ သားသတ်လွတ်အစာနဲ့ အပင်ထွက်အစာတွေ စားသုံးခြင်းဟာ ကမ္ဘာကြီးနဲ့ ကျမတို့ကိုယ်တိုင်ရဲ့ ကျန်းမာရေးကို အထောက်အကူအများကြီးပေးနိုင်ကြောင်းလည်း သွားလေ့လာလို့ရပါတယ်..။ ဒီတလော သွေးတိုးနေတာ အပေါ်သွေး ၁၅၀‌ အောက်သွေး ၉၅, အောက်သွေးများရင် လေဖြတ်နိုင်တယ် နဂိုကလည်း မျိုးရိုးရှိတော့ ဂရုစိုက်ရတယ် အငံစားတာလျှော့....။ Vegan နဲ့ ခရီး ၁၀ ပတ်ထွက်ပြီးလို့စိတ်ပါရင် ကျမ ဆက်စားဖြစ်ဦးမှာပါ...။  သီအိုရီအရဆို ကျမရည်မှန်းထားတာ ကြံစည်ထားတာဟူသမျှ အမြဲနှစ်နှစ်စောစော လုပ်ဖြစ်နေတယ်...။ ဒီလိုဆို ကိုယ့်သက်တမ်းကို ၁၅ နှစ်လို့သတ်မှတ်ထားတာလဲ နှစ်နှစ်စောမလားမသိ (ဘယ်သူမှတော့ ကိုယ်ဘယ်နေ့သေမယ် သေချာမသိပေမယ့်)....။ 











 

__________________
Revolution will prevail
မိုးငွေ့


Friday, 16 September 2022

ရှမ်းအရှေ့ပိုင်းငါးမုန့်တီ







ရှမ်းခေါက်ဆွဲကို ကြက်သား ဝက်သားအပြင် ကျမတို့ အရှေ့ပိုင်းရှမ်းမှာ ငါးနဲ့လည်း ချက်စားကြတယ်...။ ငါးရံ့မဟုတ်ရင် ငါးကြင်းသုံးလို့ရပါတယ် ...။ ကျမကတော့ငါရံ့ကိုသုံးထားပါတယ်...။ ငါးရံ့ကို ဈေးမှာဝယ်ကတည်းက အရေခွံခွာ အသားလွှာထားခိုင်းပါ...။ ငါးရံအသားကို ရေစင်စင်ဆေးပြီး ဆားနဲ့ဂျင်းထည့်ပြီး အသားကျက်တဲ့အထိပြုတ်ပေးပါ ...။ ပုစွန်အကွေး ငါးအနွေးဆိုတဲ့အတိုင်း သိပ်ကြာကြာတည်ဆရာမလိုပါဘူး...။ ငါးအသားရလာရင် အသားလေးတွေနွှင်ထားပါ...။ အရင်ဆုံးငါးအသားကိုဆီသတ်ဖို့ ဒယ်ထဲဆီပူလာရင် ကြက်သွန်နီပါးပါးလှီးထားတာလေးဆီသတ်ပါ နွမ်းလာရင် ကြက်သွန်ဖြူထောင်းထားတာထည့် ကြက်သွန်ဖြူမွှေးလာရင် နနွင်း အရောင်မှုန့်ထည့် ငရုတ်စိမ်းနံ့ပျောက်တာနဲ့ ခရမ်းချဉ်သီး ပါးပါးလှီးထားတာထည့် ခရမ်းချဉ်သီးကျေရင် ပဲပုပ်ကင်ပြီးထောင်းထားတာထည့် ငါးအသားထည့် အရသာမှုန့် ဆားထည့်ပြီး ဆက်တည်ထားပါ ငါးကကျက်ပြီးသားမို့ အရသာဝင်အောင် ရေနွေးနဲနဲထည့်ပြီး ဆီပြန်တဲ့အထိနှပ်ထားပါ...။ ပဲသွေး မဟုတ်ရင် ကြက်သွေးခဲလေးတွေ တုံးပြီး ထည့်ချက်ချင်လဲရတယ်...။ ကျမကတော့ ပဲသွေးတုံးလေးတွေထည့်ပါတယ်...။ 

ဟင်းအနှစ်ရရင် မုန့်တီဖတ်ကိုရေနွေးဖျော ကြိုက်နှစ်သက်တဲ့ ရွှေပဲညွှန့် ဂေါ်ဖီ ပဲပင်ပေါက်တွေလဲ‌ဖျောပြီး ထည့်စားလို့ရပါတယ်...။ ဟင်းအနှစ်ထည့်ပြီး ကြက်ပြုတ်ရည်ထည့် နံနံပင် ရှမ်းနံနံ ကြက်သွန်မှိတ်ဖြူး သံပုရာသီးညှစ် ငရုတ်သီးကြော်ထည့်ပြီး မွှေလိုက်ပါ...။ အရမ်းကို ကောင်းမွန်သော ငါးအရသာချိုသော ရှမ်းမုန့်တီကို ကျွဲသရေနဲ့ အမဲသရေပွကြော် သို့မဟုတ် ဝက်ခေါက်ကြော် ရှမ်းမုန်ညင်းချဉ်တို့နဲ့စားသုံးလို့ရပါပြီ....။ ကျမကတော့ ကောက်ညှင်းပေါင်းထည့်စားပါတယ်...။

ကျမတို့ဖက်က ကျိုင်းတုံမုန့်တီဖတ်အပင်ကြီးထက် ရှမ်းမုန့်ဟင်းခါးဖတ်ကိုထည့်စားကြတာများတယ်...။ သူတို့မုန့်ဖတ်က ရန်ကုန်ကလို ကြာဇံမျှင်လောက်မသေးဘူး မုန့်ဖတ်အလုံးနဲနဲကြီးပြီး အထွေးလိုက်လေးဖွေးအိနေရော...။ ဒီက ရခိုင်ဆိုင်တွေမှာ လတ်လတ်ဆတ်ဆတ်လုပ်တဲ့ လက်ညှစ်မုန့်တီဖတ်နဲ့ ခပ်ဆင်ဆင်ပါ...။ 





 

__________________
Revolution will prevail
မိုးငွေ့

Wednesday, 14 September 2022

ငါးမြင်းဆီပြန်


 

ကျမက တော်ရုံ ငါးမစားတဲ့သူ ငါးကိုညှီတယ်ဆိုပြီး ကလေးထဲက မကြိုက်ခဲ့သိပ်မစားခဲ့တာ....။ ဒါပေမယ့် ငါးမြင်းကိုတော့ကြိုက်တယ်...။ မြန်မာပြည်ကဆယ်မွန်ငါးလို့တောင်ပြောလို့ရတယ်...။ သူ့အသားက လိမ္မော်ဖျော့ရောင်လေး...။ ဈေးထဲမယ် ငါးမြင်းနဲ့ ငါးတန်ကို ရောရောင်းတတ်တယ် အပြင်အရေခွံရောအသားပါ ကွာပါတယ် ..။ ငါးတန်အသားက ဖြူဖြူလေး အရေခွံက မဲနက်တယ်...။ ငါးမြင်းက ပုစွန်ထုတ်တွေ ဈေးမရှိကတည်းက တစ်ပိဿာကို သုံးသောင်းကျော်ပေးရတယ်...။ အခုငါးမြင်း တစ်ပိဿာ လေးသောင်း...။ ကျမက ငါးချေးများတဲ့သူဆိုတော့ ကြိုက်ရင် ဈေးကြီးလဲဝယ်စားလိုက်တယ်...။ သူ့အသားက စားလိုက်ရင် ဆိမ့်ဆိမ့်လေးနဲ့သိပ်ကောင်းတယ်...။ ငါးတို့ ပုစွန်တို့ ချက်ရင် မညှီအောင် အသားတွေကို ငံပြာရည်နဲ့နယ်ပြီးနှပ်ထားရတယ်လို့ ကြားဖူးတယ်...။ ခုနောက်ပိုင်းအဲလိုလေးချက်ကြည့်တော့ ကောင်းတယ် ..။ ဒိုက်စော်နံတဲ့ငါးနဲ့တိုးရင်တော့လည်း မတတ်နိုင်ဘူးပေါ့လေ...။ 

ငါးမြင်းဆို ဗိုက်သားကိုပဲရွေးဝယ်ပြီးချက်စားကြတာများတယ်...။ အိုမီဂါ 3 ရတာပေါ့...။ ကျမကတော့ ဝယ်ရင် အသားရောဗိုက်သားရော အကုန်ရောယူတယ်...။ ငါးမြင်းကိုလိုသလိုတုံးပြီး ငံပြာရည် နနွင်းမှုန့်နဲ့နယ်ပြီး နာရီဝက်လောက်နှပ်ထား...။ ကျမကတော့ ဟင်းအနှစ်ကို ကြက်သွန်ဖြူနီထောင်းထားတာနဲ့ ခရမ်းချဉ်သီး လေးစိပ်စိပ်တာနဲ့ချက်တယ်...။ ကြက်သွန်ဆီသတ်နွမ်းသွားပြီဆို ငရုတ်သီးအရောင်မှုန့်လေးခတ် ခရမ်ချဉ်သီးလေးထည့်ပြီး ခရမ်းချဉ်သီးကျေပြီဆို ငါးမြင်းနယ်နှပ်ထားတာလေးထည့်ချက် ရေနွေးလေးထည့်ပြီး ဆီပြန်တဲ့အထိ မီးအေးအေးနဲ့နှပ်ထား ဆီပြန်ရင် နံနံပင်နဲ့ငရုတ်သီးစိမ်းအုပ်ပြီး စားလို့ရပြီ....။ ကင်မွန်းချဉ် ဟင်းရည်လေးနဲ့ သိပ်လိုက်ဖက်တယ်...။ 



__________________
Revolution will prevail
မိုးငွေ့


Thursday, 18 August 2022

ထိုင်းမြောက်ပိုင်းငါးပိထောင်း.....



ထိုင်းမြောက်ပိုင်းငါးပိထောင်းကို နမ့်ဖစတာလျန်လို့ခေါ်တယ်...။ ကျမရဲ့ မွေးရပ်မြေ ရှမ်းပြည်အရှေ့ပိုင်းက ထိုင်းနိုင်ငံမြောက်ပိုင်းနယ်စပ်မို့ အဲဒီငရုတ်သီးထောင်းကို တာချီလိတ်ဈေးမှာတင် ဝယ်စားလို့ရတယ်...။ ဘန်ကောက်မှာတော့အဲငရုတ်သီးထောင်းမတွေ့မိဘူး....။ အဲဒါလေးစားချင်လွန်းလို့ You Tube ကရှာပြီး ကိုယ့်ဘာသာကိုယ်ထောင်းကြည့်တာ စားကောင်းတယ် စပ်စပ်လေး..။ ကျမ သက်သတ်လွတ်မစားဖြစ်တော့ဘဲ အခု Fasting လုပ်နေတာ ပြီးတော့ ဆန်နဲ့ဂျုံခနရှောင်တယ် တစ်ပတ်ကို ငါးရက်လောက်ပေါ့...။ 




ငရုတ်သီးခြောက်များများ လက်နှစ်ဆုတ်စာလောက်ကို မွှေးနေအောင်လှော်




ကြက်သွန်ဖြူ ကြက်သွန်နီကိုလည်း မွှေးပြီးကျက်တဲ့အထိလှော်ပေး


ငရုတ်သီးခြောက် လက်နှစ်ဆုပ်စာ
ကြက်သွန်ဖြူ  ၂ လုံး
ကြက်သွန်နီအသေး ၆လုံး
မျှင်ငါးပိ    ထမင်းစားဇွန်း နှစ်ဇွန်း
မကျည်းနှစ် ထမင်းစားဇွန်း နှစ်ဇွန်း


လှော်ထားတဲ့ ငရုတ်သီးခြောက် ကြက်သွန်တွေကို ညှက်အောင်ထောင်းပြီးရင် ငါးပိဖုတ်ထားတာထည့်ထောင်း မကျည်းသီးကို ရေစင်စင်ဆေး ရေနွေးခနစိမ်ပြီး မကျည်းသီးနူးထားတာတဲ့အနှစ်ကိုထည့်ထောင်း (အရည်မဖျော်ရပါ)....။ ဆား အချိုမှုန့်ထည့်ပြီး အရသာမြည်းကြည့်ပြီးရင်ရပြီ တော်တော်လေးတော့စပ်တယ်နော်...။ အဲဒါလေးကို အတို့အမြှုပ်မျိုးစုံနဲ့ ကောက်ညှင်းပေါင်းပူပူလေးနဲ့စား အရမ်းဂွတ်တယ်...။




ငရုတ်ဆုံထမင်းထောင်း 



_______________________
Revolution will prevail
မိုးငွေ့
 

Friday, 17 June 2022

သံတွဲရခိုင်မုန့်တီ.....

 



ကျမတို့ရုံးက ညီမလေးတစ်ယောက်က သံတွဲက ရခိုင်သူလေး....။ အရင်ကတည်းက သူချက်ချက်ကျွေးနေတဲ့ ရခိုင်မုန့်တီက အရမ်းစားကောင်းတာ....။ ဒါနဲ့ သူ့ဆီကနေ ချက်နည်းလေး လက်သပ်သင်မယ်လို့ စိတ်ကူးရှိထားတာ အခု ရုံးမှာ ထပ်ချက်စားလို့ မီးဖိုထဲထိသွားပြီး လက်တွေ့သင်ယူခဲ့တဲ့ သံတွဲမုန့်တီချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်....။ မျှင်ငါးပိကောင်းတော့ အရည်ကနောက်မသွားပါဘူး အရည်ကြည်ကြည် ငါးအရသာချိုပြီး သံတွဲက သူတို့အိမ်လုပ် မျှင်ငါးပိမွှေးမွှေးအနံ့က မစားခင်မှာကို ဆွဲဆောင်နေတော့တာ....။  ဒီရက်ပိုင်း မိုးက တစက်စက်နဲ့ရွာနေတော့တာ တော်ကြာနေသည်းလိုက် တိတ်လိုက်နဲ့ နေမမြင်ရတာသုံးလေးရက်ရှိပြီ....။ မိုးအေးအေးနဲ့ ရခိုင်မုန့်တီ ရှူးရှူးရှဲရှဲလေးနဲ့ လိုက်ဖက်တယ်လေ...။ အစီစဉ်မရှိဘဲ ထလုပ်လိုက်တာမို့ မကျည်းနှစ်ရည်နဲ့ ငရုတ်သီးပြုတ်မပါပေမယ့် ငရုတ်သီးစိမ်းထောင်းပြီး သံပုရာရည်ညစ်ထားတဲ့အချဉ်နဲ့တင် တော်တော်ဂွတ်နေပါပြီလို့....။ ရခိုင်မုန့်တီက မြို့အလိုက် ချက်နည်းနဲ့ အရသာတော့ နည်းနည်းဆီကွားခြားသွားလိမ့်မယ်ထင်ပါတယ်...။ 


မုန့်ဖတ်တစ်ပိဿာအတွက်ပါဝင်ပစ္စည်းများ

ငါးကြင်း(သို့) ငါးရွှေ     ၂၀သား
ငါးပိ ထမင်းစားဇွန်းတစ်ဇွန်း
ကြက်သွန်ဖြူ သုံးဉ 
ငရုတ်ကောင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆား ထမင်းစားဇွန်း ၃ ဇွန်း
အချိုမှုန့် လိုသလို
ရေ ၅ လီတာ


ငါးကို ရေစင်စင်ဆေးပြီး ပြုတ်ထားပေးပါ....(မိမိနှစ်သက်ရာငါးကိုသုံးနိုင်ပေမယ့် မူလရခိုင်လူမျိုးတွေသုံးတဲ့ငါးရွှေမရရင်တော့ အသင့်လျော်ဆုံးက ငါးကြင်းဖြစ်ပါတယ်) ။ အခွံအနည်းငယ်ချန်ပြီးခွာထားတဲ့ ကြက်သွန်ဖြူကို မညက်တညက်ထောင်းထားပါ....။ ငါးပြုတ်ရရင် အရိုးနွင်ပြီး ချက်မယ့်အိုးထဲ လက်နဲ့ချေထည့်ပေးပါ....။ ရေ ငါးလီတာနဲ့ ငါးပိထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပေးပါ....။ ပွက်ပွက်ဆူလာရင် ကြက်သွန်ဖြူ  ငရုတ်ကောင်း ဆား အချိုမှုန့်ခတ်ပြီး ကြက်သွန်ဖြူ ကျက်သွားတဲ့အထိ အချိုရည်ကျအောင်တည်ပေးပါ အပေါ့အငံမြည်းပြီး အိုးချလို့ရပါပြီ...။ သံတွဲမုန့်တီရဲ့ အဓိကသော့ချက်ကတော့ ကြက်သွန်ဖြူနဲ့ငရုတ်ကောင်းဖြစ်ပါတယ်...။ ငရုတ်ကောင်းက အစေ့လိုက်လှော်ပြီးထောင်းထည့်တာ ပိုမွှေးပါတယ်....။ ငါးပိကိုလည်း အဲလိုပဲ ရခိုင်မျှင်ငါးပိစစ်စစ်သုံးနိုင်ရင်ပိုကောင်းပါတယ်...။ ကြက်သွန်နီဆီချက်အဝါ မကျည်းနှစ်ရည် ငရုတ်သီးစိမ်းပြုတ်ထောင်းထားတာလေးခတ်ပြီး သုံးဆောင်နိုင်ပါပြီ...။ နှစ်သက်သလို တွဲဖက်စားသုံးဖို့ နံနံပင် ငါးဖယ် ပဲကြော်တို့ကို ထည့်နိုင်ပါတယ်...။ မန္တလေးမှာ ငယ်ငယ်တုန်းက ကျမစားဖူးတဲ့ မုန့်တီကတော့ ငုံးဉပါထည့်ပေးတယ်....။ ၂၆ ဘီလမ်း အရင်မန္တလာဟိုတယ်အနောက်လို့တော့မှတ်မိတယ်....။ ခုတော့ ပြောင်းလဲကုန်နေပါပြီလေ....။

ထည့်စားရမယ့် ငရုတ်သီးစိမ်းလုပ်နည်းလေးပါ ပြောပြပါမယ်....။ ငရုတ်သီးစိမ်းလိုသလောက် သန့်စင်ပြီး  ပြုတ်ထားပါ....။ ငရုတ်သီးရရင် စက်နဲ့ကြိတ်ပြီး မျှင်ငါးပိနဲနဲ နဲ့ ငါးပြုတ်ရည်လေးနဲ့ဖျော်စပ်လိုက်ရုံပါပဲ ...။ အမှန်တိုင်းပြောရရင် ရခိုင်မုန့်တီချက်နည်းကို ဒီလောက်လွယ်မှန်းခုမှသိတာ....။ အပြင်မှာ ကျမတို့ရုံးနားက ဈေးထဲမှာ ရခိုင်လူမျိုးတွေဖွင့်တဲ့ဆိုင်ရှိပေမယ့် ဒီသံတွဲသူလေးချက်တဲ့မုန့်တီလောက် ဘယ်ဟာကိုမှမကြိုက်ဘူး....။ သူ့မျှင်ငါးပိကောင်းလွန်းလို့ ကျမက မျှင်ငါးပိကိုဘယ်လိုလုပ်သလဲ စပ်စုလိုက်သေးတယ် ....။ မျှင်ပုစွန်အကောင်ပိစိလေးတွေကို နေခြောက်အောင်လှန်းပြီး ဆုံထဲထည့်ထောင်းရတာတဲ့ တခြားဘာဆားတွေ အချိုမှုန့်တွေမှမထည့်ရပါဘူး....။ ခြောက်ပြီးကြွပ်နေတဲ့မျှင်ကောင်လေးတွေချည်းထောင်းရတာ...ထောင်းလိုက် Paste ဖြစ်သွားအောင် ရေလေးနဲနဲထည့်လိုက်နဲ့ လုပ်ရတာတဲ့....။ အခွင့်ရှိရင်တော့ သံတွဲ သူတို့နေတဲ့ရွာထိလိုက်ပြီး အိမ်လုပ် မျှင်ငါးပိထောင်းတာလေး သွားကြည့်ချင်ပါသေးတယ်....။ 




_______________________
Revolution will prevail
မိုးငွေ့


Wednesday, 23 March 2022

Sun Dry Beef…..



ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး အမဲသားပြန်စားဖြစ်တယ်.....။  အမဲသားမစားတာ နှစ်ဆယ်ချီပြီထင်တယ်...။ ကျွန်မအကြိုက်ဆုံးအသားက ဝက်သား....။ တကယ်တမ်း ဝက်သားက လူအတွက်ဘာမှမကောင်း ....။ ဝက်သားကိုဖြတ်မယ် အသက်ငါးဆယ်လောက်ဆို သက်သတ်လွတ်စားမယ်လို့တော့ စဉ်းစားထားတာပဲ...။ တကယ်လုပ်ရင်တော့ လုပ်နိုင်ပါတယ်...။ အဲအချိန်ရောက်ရင်သိရမယ်လေ....။ လောလောဆယ် အမဲသားပြန်စားလို့ အမဲခြောက်လုပ်ဖြစ်တာလေးကို အညာသူတစ်ယောက်ဆီကရတဲ့နည်းလေး ပြန်ပြောပြချင်လို့ပါ....။ 






နွေနေက ပြင်းတော့ အသားက နှစ်ရက်နဲ့ခြောက်ကတောက်ပဲ.....။ ကုလားတန်းက မူဆလင်အသိတစ်ယောက်ကို အမဲသားတစ်ပိဿာမှာလိုက်တယ် တစ်သောင်းခွဲပေးရတယ်....။ ကျွန်မတို့နားကဈေးမှာဆို နှစ်သောင်းလောက်ပေးရမယ်ထင်တယ် အမဲသားသည်ကလဲ တစ်ဆိုင်ထဲရှိတာပါ....။ အမဲတစ်ပိဿာမှာ အရွက်အကြောပါတဲ့နေရာတွေကိုဖယ်ထုတ်လိုက်တော့ ၇၀-၇၅ကျပ်သားလောက်ကျန်မယ်ထင်တယ်...။ ကျန်တဲ့ အရွတ်အကြောပါတဲ့အသားတွေကို အနေတော်တုံးပြီး ဆား ဆနွင်း မဆလာ သံပုရာသီး တစ်စိပ်ညစ်ထည့် ဂျင်း ကြက်သွန်ဖြူထောင်းအရည်ညစ်ထည့်ပြီး နယ်နှပ်ထားလိုက်တယ်....။ ကျန်တဲ့အသားတွေကို နေလှန်းဖို့အမြှောင်းရှည်ရှည်တစ်လက်မလောက်အထူလှီးပြီး ပါဝင်ပစ္စည်းတွေနဲ့နယ်လိုက်တယ်... တစ်ညသိပ်ပြီး မိုးလင်းတော့ ဝရံတာမှာ သုံးဆင့်ဇကာနဲ့လှမ်းလိုက်တယ် စကောနဲ့ဆို ငှက်စာဖြစ်သွားမယ်လေ...။








အမဲသား          ၇၀-၇၅ ကျပ်သား
ဆား                လက်ဖက်ရည်ဇွန်းတစ်ဇွန်း
ငံပြာရည်         ထမင်းစားဇွန်း နှစ်ဇွန်း
သံပုရာသီး      တစ်လုံးခွဲ
နနွင်း               လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီးမှုန့်   ထမင်းစားဇွန်း တစ်ဇွန်း (မထည့်လည်းရ)


နေပြင်းပြင်းမှာ နှစ်ရက်လောက်လှန်းတာနဲ့ အာလုံးခြောက်သွားပြီ....။ လေလုံတဲ့ ဗူးထဲထည့်ပြီး ရေခဲ ခဲခန်း မဟုတ်ရင် ပုံမှန်အခန်းထဲထည့်သိမ်းထားပါ....။ ခဲခန်းထဲထည့်တာကတော့ မစားဖြစ်သေးလဲ မှိုမတက်ဘူးပေါ့...။ ပုံမှန်အအေးခန်းကတော့ ရေငွေ့ပျံပြီး မှိုလိုက်တတ်ပါတယ်....။ အရမ်းခြောက်နေတဲ့အတွက် ဒီတိုင်းမီးဖုတ်တာထက် ၁၀မိနစ်လောက်ပေါင်းပြီး မီးပြန်ဖုတ်စားရင် ဂွတ်ရှယ်ပါလို့ပြောပါရစေ....။ ကိုယ့်စိတ်ကြိုက်အရသာထည့်ထားတာမို့ အငံမကဲဘဲ(အသားခြောက်ဟူသမျှ အထားခံအောင် ဆားပိုထည့်ရတာပေမယ့်) အနေတော်လေးနဲ့စားကောင်းတယ်...။ ထုထောင်းမျှင်ပြီး ဆီလေးဆမ်း ထမင်းပူပူနဲ့စားစား မနက်စာထမင်းကြော်နဲ့စားစား နေ့လယ်နေ့ခင်းအကြမ်းရည်နဲ့သောက်သောက် ညဦးပိုင်း အမြည်းပဲလုပ်လုပ် အဆင်ပြေပါတယ်လို့.....။ ကျွန်မကတော့ အဲနေ့က မီးဖုတ် ထုထောင်းပြီး တခါထဲ ကောက်ညှင်းပေါင်းပူပူနဲ့ ရှမ်းငရုတ်သီးထောင်းနဲ့ စားပါတယ်....။ 

သတိထားရမယ့်အချက်ကတော့ နေပူလှန်းမယ့်နေ့မှာ မိုးအုံ့နေရင်တော့ ဆက်မလှန်းပါနဲ့ အသားတွေပျက်သွားပါလိမ့်မယ် အဲလိုနေရောင်ကောင်းကောင်းမရရင် အပူချိန် ၁၁၀ လောက်နဲ့ Oven ထဲသာထည့်လိုက်ပါ .....။ အသားခြောက်သွားတဲ့အထိ လိုအပ်ရင် အချိန်ထပ်တိုးပါ....။ 



________________________
Revolution will prevail
မိုးငွေ့



Tuesday, 5 January 2021

ရှမ်းငရုတ်သီးထောင်းများ......

 



ကျွန်မရဲ့ အမွှာအဒေါ်အငယ်က ငရုတ်သီးထောင်းနဲ့ အချဉ်ရည်ဆော့စ်လုပ်တဲ့နေရာမှာ ဆရာမကြီး သူ့ဆီကပဲ တစ်နေ့တစ်နေ့ပညာယူနေရတာ...။ အိမ်မှာ နေ့တိုင်း ငရုတ်သီးထောင်းတစ်မျိုးမဟုတ်တစ်မျိုးရှိတယ် ထမင်းပွဲမှာ...။ စနေနေ့အပတ်တိုင်း ညီမလေးနဲ့သူ့အမျိုးသားက အိမ်မှာလာစားနေကျမို့ စနေနေ့တိုင်းရှမ်းစာတစ်ခုမဟုတ်တစ်ခုလုပ်စားကြတယ်....။ ညီမလေးအမျိုးသားကလည်း ကျွန်မတို့အရှေ့ပိုင်းရှမ်းစာကိုတော်တော်စားတတ်နေပြီ....။ ရှမ်းလူမျိုးတွေထမင်းစားရင်သုံးတဲ့ ကြိမ်ဗန်းကြီးပါ အိမ်မှာရှိနေတော့အဆင်ပြေသွားတယ်...။ အဲဒီနေ့က ကောက်ညှင်းပေါင်းနဲ့ ဝက်ဂုတ်သားကြော်တယ် ဘဲဉစားငံပြုတ်တယ် ငရုတ်သီးထောင်းက နမ့်ဖစ်နွန် နဲ့ နောက်တစ်မျိုးက ဝက်သားကြော်ရှိလို့ ဝက်သားငရုတ်သီးထောင်းပါထပ်လုပ်တယ်...။ နမ့်ဖစ်နွန်ထောင်းနည်းက အရှေ့ပို့စ်မှာရေးပြီးသားမို့ ထပ်မပြောတော့ဘူးနော်....။ 






ဝက်သားငရုတ်သီးထောင်းဖို့ ဝက်သားကြော်ထားတာလေး နဲနဲဖယ်ထားလိုက်တယ်.....။ ကျန်တာက လွယ်တယ် ရှမ်းငရုတ်သီးထောင်းအခြေခံမှာပါတဲ့ ငရုတ်သီး ကြက်သွန်ဖြူကို မီးကင်ပြီးထောင်း ညှက်လာရင် ဝက်သားကြော်ထည့်ထောင်း အရောင်လှအောင်လို့ ငရုတ်သီးအနီတောင့်ကိုသုံးထားပါတယ်....။ ဝက်သားအရသာချိုပြီး ငရုတ်သီးစပ်စပ်နဲ့ သိပ်ကောင်းပဲ....။ ပဲပုပ်ကင်လေးပါ နဲနဲထည့်ထောင်းနော် အပေါ့အငံ လိုသလိုထည့်... ဝက်သားနေရာမှာ ကြက်သားကြော် ငါးငရုတ်သီးထောင်းကျတော့ ငါးခူပြုတ်ပြီးအသားနွင်ထောင်းရတယ် အဲဒါက နောက်တစ်ခါ ငါးခူးငရုတ်သီးထောင်းလုပ်ဖြစ်ရင်ထပ်လာပြမယ်....။ ရှမ်းပြည်မှာ ငါးခူပဲအစားများကြတယ်....။ 


ဝက်သားငရုတ်သီးထောင်းစပ်စပ်လေးကို ကောက်ညှင်းပေါင်းပူပူနဲ့စားကြည့် ဆွေမျိုးသုံးဆက်မေ့သွားမယ်





ဒီတစ်ပတ်စနေကိုတော့ တွေ့တဲ့အတိုင်းပဲ ဗန်းထဲမှာအစုံလင် ဝက်ရိုးကျောက်ဖရုံကိုစပါးလင်နဲ့အရည်လေးနဲ့ချက်တယ် ဝက်သားဖက်ထုပ်ပေါင်း ဟင်းနုနွယ်ကြက်သွန်ဖြူကြော် ပဲပြားကြက်ဉကြော်နဲ့ ဇာတ်လိုက်ကတော့ မကျည်းနှစ်ငရုတ်သီးထောင်းပါ တို့စရာတော့က အသီးအရွက်ပြုတ်တွေနဲ့ ပိုလိုက်ဖက်တယ်....






မကျည်းနှစ်ငရုတ်သီးထောင်းအတွက် မကျည်းသီးခြောက်ကောင်းကောင်းကို သေချာဆေးပြီး ရေနွေးနဲ့စိမ်ထားပြီး အနှစ်ယူထားပါ....။ ငရုတ်သီး ကြက်သွန်ဖြူ ပဲပုပ်မီးကင်ပြီးညှက်အောင်ထောင်း ဆား အချိုမှုန့်ထည့်ပြီးရင် မကျည်းနှစ်ရောထည့်ပြီး သမအောင်မွှေပေး နံနံပင်လေးရိတ်ရိတ်လှီးထည့် ဒါပဲ ချဉ်ချဉ်စပ်အစပ်နဲ့ သူလည်းအသီးရွက်ပြုတ်နဲ့လိုက်တယ်.....။ 





ဒီတစ်ခါ ခရမ်းသီးသုံးမျိုး ငရုတ်သီးထောင်းလေးပြောပြမယ်... ခရမ်းသီး ကိုင်းခရမ်းချဉ်သီး ခရမ်းကဆော့သီး ငရုတ်သီး ကြက်သွန်ဖြူကို ဒယ်နဲ့မွှေးလာအောင်လှော်ပေးပြီး ခရမ်းသီးနဲ့ ခရမ်းချဉ်သီးကလွဲပြီး ကျန်တာအရင်ရောထောင်း ညှက်ရင် ခရမ်းသီးနဲ့ ခရမ်းချဉ်သီးထည့်ထောင်းပေးပါ သူကျတော့ ဝက်ခေါက်ကြော်လေးနဲ့စားရတာ....။



အရွက်တွေက ဂွေးတောက်ရွက်နု ပဲတောင့်ရှည်နဲ့ ဗူးညွှန့်ပြုတ် သခွားသီး



ရှမ်းပြည်မှာ ဘုန်းကြီးကျောင်းအလှူပွဲတွေမှာဆို ဒီလိုငရုတ်သီးထောင်းတွေ
အတို့အမြှုပ်အစုံနဲ့တည်ခင်းတတ်တယ်




ဂွေးသီးငရုတ်သီးထောင်း တကယ်တမ်းရှမ်းပြည်မှာထောင်းစားတဲ့ ဂွေးသီးက ဒီကလို အလုံးသေးသေးမဟုတ်ဘူး လိမ္မော်သီးအရွယ်လောက်ရှိတယ်...။ ဘယ်လိုဂွေးသီးမျိုးဖြစ်ဖြစ် ငရုတ်သမီးထောင်းလုပ်မယ်ဆို ပြုတ်ရပါတယ်....။ ခဏလေးပြုတ်တာနဲ့ နူးလွယ်တယ်....။ ကျန်တာကတော့ ထုံးစံအတိုင်း ငရုတ်သီး ကြက်သွန်ဖြူ ပဲပုပ်မီးကင်ထားတာကို အရင်ထောင်း အရောင်လှအောင် ငရုတ်သီးအနီတောင့်သုံးပါတယ်....။ ငရုတ်သီးထောင်းထာတာညှက်ရင် ဂွေးသီးပြုတ်ထည့်ထောင်း အစေ့ဒီတိုင်းလေးထည့်ထား ဝါးစားလို့ရတယ်....။



ကဆော့သီးပိုနေလို့ ဂွေးသီးငရုတ်သီးထောင်းနဲ့စားဖို့ ဆီအိုးကပ်လေးနဲ့လှော်ထားတယ်


ဒီလောက်ပါပဲ နောက်ထပ် ငရုတ်သီးထောင်းနည်းတွေထပ်သင်ရရင် လာမျှဝေပေးပါဉီးမယ်နော်...။ ကောင်းသောနေ့လေးဖြစ်ပါစေ....။


မိုးငွေ့