Monday, 28 November 2016

သနပ်ခါး.....



ကျွန်မက ငယ်ကတည်းက သနပ်ခါးလိမ်းသိပ်ပျင်းခဲ့တယ်...ခုချိန်ထိဆိုပါတော့...။ ဒါပေမယ့် သနပ်ခါးကြိုက်တယ် သူများလိမ်းပေးတာကိုပိုကြိုတယ်..။ ကိုယ့်ဘာသာကိုယ်က သွေးရမှာပျင်းလို့လေ...။ သနပ်ခါးဆို အခေါက်နဲ့ကျောက်ပျဉ်မှာသွေးလိမ်းရတဲ့ သနပ်ခါးမျိုးကိုကြိုက်တယ်..။ ပြီးတော့ ကျွန်မက သနပ်ခါးဆို အဖြူထက် ဝါညက်ညက်အရောင်ကို ပိုကြိုက်တယ်...။ ကျွန်မအသားရောင်က အဝါဖက်လိုက်တဲ့ အညိုမို့ အဖြူနဲ့မလိုက်ဘူးလို့ ထင်တာရယ် နဂိုကိုက အဝါရောင်ကြိုက်တာမို့လို့ပါ...။ မိတ်ကပ်လိမ်းတဲ့အခါလည်း ဒီလိုပဲ ကိုယ့်အသားအရည်နဲ့အရောင်တူတဲ့ မိတ်ကပ်မျိုးကိုပဲကြိုက်တယ်..။ ဒါကြောင့် ကျွန်မ Foundation ကို Bobby Brown Honey 5 stick ကိုသိပ်ကြိုက်တယ် ကျွန်မအသားရောင်နဲ့ တစ်ထပ်တည်းမို့လို့..။ မိတ်ကပ်ဖြူနေရင် အသားတခြား မိတ်ကပ်တခြားဖြစ်နေတာ သိပ်အကြည့်ရဆိုးတယ် ချောကလက်မှိုတက်လိုဖြစ်နေရော...။ တခါတလေ ဘာမှမလိမ်းဘဲ မျက်နှာသစ်ထားခါစ အသားအရည်မျိုးကို သိပ်ကြိုက်တယ်...။ ဒါပေမယ့် အသက်အရွယ်ရလာရင် မျက်နှာ်ပြောင်ကြီးနဲ့က မသင့်တော်သလိုပဲ...။ ငယ်ရွယ်နုပျိုစဉ်ကတော့ ငယ်ဂုဏ်လေးနဲ့မို့ ဘာမှမလိမ်းလဲ ကြည့်ကောင်းနေ ချစ်စရာကောင်းနေတာမဟုတ်လား...။







ငယ်ငယ်တုန်းက အိမ်မှာ မေမေတို့ညီအစ်မတွေ သိုးမွှေးထိုးကြတော့ သူတို့တွေဆီကို သိုးမွှေးထိုးလာသင်တဲ့ သင်တန်းသူ အန်တီတစ်ယောက်ရှိတယ် သူက တာချီလိတ်ကနေလာသင်တာ..။ မေမေတို့က singer စက်တစ်ယောက်တစ်လုံးနဲ့ထိုးကြတာ အော်ဒါတွေသိပ်ရတာ...။ အဲဒီသင်တန်းသူ အန်တီက ကျွန်မကို ရေချိုးပြီးတိုင်း သနပ်ခါးအမြဲသွေးလိမ်းပေးတတ်တယ်...။ သမီးမျက်နှာလေးက ကျယ်ကျယ်ပြန့်ပြန့်နဲ့ သနပ်ခါးလိမ်းလို့ သိပ်ကောင်းတာပဲလို့ သနပ်ခါးလိမ်းပေးတိုင်း ပြောတတ်တယ်..။ အဲတုန်းက ကျွန်မအသက် သုံး လေးနှစ်ရှိဦးမယ်...။ ကျွန်မအသက် နှစ်နှစ် သုံးနှစ် ဖေဖေ မော်လမြိုင်ကို တပ်ပြောင်းခွင့် ကျတော့ ပြည်မကြီးကိုလာရင်း ဖေဖေ့ဇာတိ ကညွှတ်ကွင်း(ဖြူး)  အဖိုးအဖွားတွေဆီ အလည်သွားခဲ့ကြဖူးတယ်...။ ကျွန်မရယ် ဖေဖေရယ် မေမေရယ် ဖေဖေ့ညီ ဦးမောင်လူကလေးတို့ မိသားစုလည်းပါတယ်..။ ကျွန်မနဲ့ အကယ်ဒမီ မြတ်ကေသီအောင်နဲ့ တစ်ဝမ်းကွဲတော်တယ်..။ မမက ကျွန်မကိုတွေ့တိုင်း အမြဲပြောတယ် ငယ်ငယ်တုန်းက ကည့ွှတ်ကွင်းသွားတော့ ရထားစီးရင်း လမ်းမှာ နွားအုပ်တွေတွေ့တော့ ကျွန်မက ရှမ်းလို နွားကို “ဝိုး...ဝိုး ”ဆိုပြီး ခေါ်တာကို သူက မှတ်မိနေတယ်...။ ပြောချင်တာက ကညွှတ်ကွင်းမှာနေတဲ့ ဖေဖေ့ အမေ ဖွားဖွားက မနက် (၁၁)နာရီလောက်ဆို ရေမိုးချိုးပြီး တစ်ကိုယ်လုံးသနပ်ခါးအဖွေးသား လိမ်းထားလို့မွှေးကြိုင်နေတာပဲ လို့ မေမေကပြောပြဖူးတယ်...။ ဒါကိုတွေ့လို့ မေမေက သူ့အမေကိုလည်း သနပ်ခါးတွေလိမ်းစေချင်တာ...။ အဖွား(မေမေ့အမေ)က ဗီယက်နမ် ကွန်မြူနစ်ဝါဒီဆိုတော့ ဘယ်လိုမှ နှလုံးသွင်းလို့မရခဲ့...။






သနပ်ခါးအကြောင်းပြောရင် စစ်ကိုင်းကောင်းမှုတော်စေတီက ဆိုင်းတန်းတွေမှာ ရောင်းတဲ့ သနပ်ခါးသည်တွေကို အရင်ပြေးမြင်မိတာပဲ...။ ကျွန်မဆို ကောင်းမှုတော်ဘုရားရောက်တိုင်း သနပ်ခါးမဝယ်ဖြစ်ရင်တောင် ဝင်လိမ်းခံလိုက်တာပဲ..။ သူတို့ ကျောက်ပျဉ်အကြီးကြီးနဲ့ သနပ်ခါးတုံးကြီးကို အားရပါးရသွေးထားတဲ့ သနပ်ခါးနှစ်ဝါဝါတွေက ပါးပြင်ပေါ်ရောက်ရင် မွှေးပြီးအေးမြနေရောပဲ...။ ဒီတစ်ခေါက် ပုဂံမှာ သနပ်ခါးသည်တွေတွေ့တော့ သူတို့ကိုလည်း သူတို့ရောင်းတဲ့ ပစ္စည်းကို ကျောက်ပျဉ် ကြီးကြီးတစ်လုံးနဲ့ ဝယ်ဝယ်မဝယ်ဝယ် သနပ်ခါးလေးသွေးလိမ်းပေးပြီး Promote လုပ်သင့်တယ်လို့ တွေးမိသွားတယ်..။ တလောက ညီမတစ်ဝမ်းကွဲတစ်ယောက် ဘယ်သွားလို့လဲမသိဘူး instagram မှာ သနပ်ခါးရောင်းတဲ့ ကလေးမလေးတစ်ယောက်က သစ်ရွက်ပုံပါးကွက်ကွက်ပေးနေတဲ့ ပုံလေးတင်ထားတာ သိပ်ချစ်စရာကောင်းတာပဲ...။ တကယ်တမ်း သနပ်ခါးမှာ ပခုက္ကူထွက်သနပ်ခါးက အကောင်းဆုံးလို့ပြောတယ်...။ စာဆိုထဲမှာတော့ ရွှေဘိုသနပ်ခါးက နာမည်ကြီးပေမယ့် ပခုက္ကူသနပ်ခါးကိုတော့ မမီဘူးတဲ့...။ 

ကလေးဘဝတုန်းကတော့ သနပ်ခါးကို စိတ်ပါတဲ့အခါ ပါးပြင်ပေါ် ပုံစံမျိုးစုံပါးကွက်ကွက်လိမ်းတာပဲ သစ်ရွက်ပုံ ပုလင်းဖုံးလေးတွေနဲ့ အကွင်းလေးတွေ သုံးလေးငါးခုထပ်ပြီး အပွင့်ပုံဖော်တာတွေရော အဝိုင်းတွေရော လေးဒေါင့် ပါးကွက်တွေပါ အစုံလိမ်းတာပါပဲ...။ မြန်မာနဲ့ဗီယက်နမ်သွေး တစ်ဝက်ဆီ ပါပေမယ့် မြန်မာသွေးစူးသွားလို့ထင်ပါ့ ကျွန်မက မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးဓလေ့ကို ပိုချစ်မြတ်နိုး မိတယ်...။ မြန်မာပြည်မှာနေလို့လည်း ပါပါလိမ့်မယ်...။ သနပ်ခါး၊ မြန်မာချည်လုံချည်၊ အချိပ်ဆင် ကတ္တီပါခြေညှပ်ဖိနပ်၊ ပုံတော် စတာတွေကို သိပ်ကြိုက်တယ်...။ မြန်မာနိုင်ငံရဲ့ အမျိုးသားဝတ်စုံကိုကြိုက်တယ်...။ အမျိုးသားတစ်ယောက်ဟာ ရုပ်ရည်ဘယ်လောက်ပဲ မချောပါစေ... ပုဆိုးနဲ့တိုက်ပုံလေးဝတ်လိုက်ရင် ကျက်သရေကိုရှိသွားတာပဲ..။ ကျွန်မမှာ ဗီယက်နမ်ဝတ်စုံကောင်းကောင်း တစ်စုံမှမရှိသေးဘူး။ ဒီတစ်ခါ ဗီယက်နမ်သွားလည်ဖြစ်ရင် တစ်စုံလောက် ဝယ်ဝတ်ဦးမယ် စိတ်ကူးတယ်..။ 


မိုးငွေ့


Wednesday, 23 November 2016

အို...ပုဂံ (၁)

 

       

ပုဂံကို နောက်တစ်ကြိမ်ရောက်ခဲ့ပြန်ပြီ....။ ဘယ်တော့မှ မရိုးအီနိုင်သော ခရီးစဉ်တစ်ခု...။ ဘယ်ချိန်သွားသွား ရင်ထဲကြည်နူးအေးမြမှုကိုပေးသောခရီးတစ်ခု...။ I Love Bagan ... Old City. ပုဂံမသွားခင် ပုဂံသားတစ်ယောက်ကို လှမ်းမေးခဲ့သေးတယ် ပုဂံမှာ ရာသီဥတုဘယ်လိုလဲလို့...။ ပုဂံမှာ မနက်နဲ့ ညနေတွေမှာ အေးတယ်အစ်မတဲ့ နေ့လည်ကတော့ အေးလည်းမအေး ပူလဲမပူဘူး နေလို့ကောင်းတယ်ဆိုလို့ အနွေးထည်အပါးလေးတွေသယ်သွားပါတယ်...ဟိုရောက်တော့ လုံးဝမအေး မနက်ခင်းမြူနှင်းတွေ အရိပ်ယောင်တောင် မမြင်ရ...။ ဒီလိုနဲ့ အနွေးထည်လေးတွေ သေတ္တာထဲဒီတိုင်းလေး...။





ပုံလေးတွေနည်းနည်းတင်ပါရစေ... ကျွန်မ အနှစ်နှစ်အလလက ၀ယ်မယ်လို့အားခဲထားတဲ့ ကင်မရာတစ်လုံးကို ဒီနှစ်ဝယ်ဖြစ်လိုက်ပါတယ်...။ Fuji X-A2 ..... Vintage ဒီဇိုင်းမို့ကြိုက်တာနဲ့ ၀ယ်ဖြစ်သွားတာ...။ ပုံထွက်လည်းကောင်းပါတယ်..။ ကိုယ်က ကင်မရာမှာ ခုမှ မူကြိုအဆင့်... ဘာမှကိုမသိသေးတာ ...ကင်မရာရတာနဲ့ ခရီးထွက်ရမှာနဲ့နီးသွားလို့ သိပ်မလေ့လာလိုက်ရဘူး...။ ဒိတ်ကိုပဲကြည့်လေ မပြောင်းရသေးဘူး...။ ကျွန်မမုန့်တွေကို အားပေးနေကျ ညီမလေး တစ်ယောက်ကတော့ ကင်မရာအသစ်နဲ့ မုန့်ပုံလေးတွေလှလှလေးတွေ ရိုက်တင်ပါလားလို့ အကြံပေးရှာပါတယ်..။  အွန်လိုင်းမှာ သွားဖတ်ရဦးမယ်... you tube မှာသွားလေ့လာရဦးမယ်...။



 
 








ပုဂံမှာ သိပ်မအေး သိပ်မပူ တစ်မနက်လုံးမိုးအုံ့တယ် နေကို နေ့ခင်းကျမှမြင်ရတယ်...။ မို့အုံ့အုံ့နဲ့ ပုံလေးတွေက မှုန်ဝါးဝါး ညှို့မှိုင်းမှိုင်းပေါ့...။ မိုးအကုန် ဆောင်းဦးပေါက်မို့ သစ်ပင်လေးတွေ စိမ်းစိမ်းစိုစိုနဲ့ ရှိနေဆဲ...။ နွေဆို ပုဂံမှာ မြက်ပင်တွေက ညိုမွဲမွဲ သစ်ပင်တွေက ခြောက်ကပ်ကပ် ရိုးတံပြိုင်းပြိုင်း ...။ ကန္တာရပင်တွေက အပူပိုင်းခြောက်သွေ့ဒေသမှာ အပေါက်များတာကိုး..။ ပုဂံမှာ ဆူးများတဲ့ မကျည်း ထနှောင်း ကန္တာရပင်တွေအပြင် တမာပင်လဲ ပေါတယ်..။ ဘုရားအနားမြေကွက်လပ်တွေမှာ ပြောင်းနဲ့နှမ်းခင်းတွေ စိုက်ကြတယ်..။ ထန်းပင်လေးတွေ မိုးတိုးမတ်တပ်နဲ့ ဟိုနေရာ ဒီနေရာမှာ ဘုရားကြို ဘုရားကြားမှာလည်း တွေ့ရတတ်တယ်..။ သိပ်လှတယ်...။ ပထမပိုင်းကိုတော့ ဘုရားပုံတွေမတင်သေးဘဲ ကိုယ့်ဘာသာလက်တည့်စမ်းထားတဲ့ အပင်ပုံလေးတွေ ရှုခင်းလေးတွေပဲ တင်ပေးတာ..။


 လောကနန္ဒာဘုရားရင်ပြင်ပေါ်က စကာဖြူပင်လေးပါ.. ဘုရားဖူးများအတွက် အရိပ်လဲရ အေးမြစိမ်းစို...


မဟာဘောဓိဘုရားဝင်းထဲက နှင်းဆီ


ကင်မရာ Focus သေချာမယူတတ်သေးဘူး



 


 မြစေတီဘုရားနဲ့ ရွှေဂူကြီးဘုရားကြားထဲက စကားဖြူပင်

   
 မနူဟာ ဘုရားရှေ့က ဈေးဆိုင်တန်းလေးတွေ





ရွှေဂူကြီးဘုရားရှေ့က ရုပ်သေးရုပ်ဆိုင်





 သဲပန်းချီတွေတဲ့




ထီးလိုမင်းလိုဘုရားဆိုင်တန်းက ပဒေါင်းအမျိုးသမီးကို ဓါတ်ပုံရိုက်ဖို့ခွင့်တောင်းရင်း နှစ်ရက်လောက် ယက်ယူရတယ်ဆိုတဲ့ ပိုးတဘက်လေးတစ်ထည်အားပေးခဲ့တယ်...။ ပုံမှာပါတဲ့ အဖွားယက်နေတဲ့ တဘက်မျိုးပါ..။


 ဒါက ပဒေါင်းဆိုင်က အမှတ်တရ လက်ဆောင် ဆွဲကြိုးလေးတွေ


 ငွေထည်ပစ္စည်းလေးတွေ





ထီးလိုမင်းလိုဘုရားက ပတ်ပတ်လည်ဆိုင်တန်းတွေချည်းပဲ ပုဂံမှာ စပန့်သားဘောင်းဘီတွေ လူတိုင်းလိုလို ၀ယ်ဝတ်ကြတယ်..။ ပုဂံအမှတ်တရ တီရှပ်တွေနဲ့ စပန့်ဘောင်းဘီဝတ်တွဲဝတ် အဲလိုတွေပေါ့..။ အဲဒီဘုရားမှာ အများဆုံးရောင်းတယ်..။



 ပုသိမ်ထီးတော့မဟုတ်ဘူးထင်တယ် ... ပုဂံထီးများလား...


ယွန်းထည်လေးတွေ အရောင်စုံ


သနပ်ခါးနဲ့ကျောက်ပြင်သေးသေးလေးတွေ...ချစ်စရာ


 











အဲဒီရုပ်သေးရုပ်ဆိုင်မှာ စာကပ်ထားတယ် ဓါတ်ပုံတစ်ခါရိုက် ၅၀၀တဲ့ ..း) ဒါကြောင့် ဘေးကနေခိုးရိုက်ထားတာ

 

 စူဠာမဏိဘုရားရှေ့က သနပ်ခါးသည်



 



မျိုးမျိုးထမင်းဆိုင် ဘူဖေးတော့မဟုတ်ဘူး ဘာစားစား အကုန်ပိုက်ဆံပေးရတယ် အချိုပွဲ ဟင်းချို အရံဟင်းကအစ..။ အရံဟင်းခွက်လေးတွေက တစ်ခွက်နှစ်ရာ အထောင်းမျိုးစုံရတယ် ငပိထောင်း မျှစ်ထောင်း ဇီးဖြူသီးထောင်း အသားဟင်းကတော့ ဈေးကြီးတယ်..။ ဒါပေမယ့် စားကောင်းပါတယ်..။ ဆိုင်ကလေးကလည်း သန့်သန့်လေးပါပဲ..။ ဆိုင်းဘုတ်မှာရေးထားတယ် မျိုးမျိုး ထမင်းဆိုင်နဲ့လက်ဖက်ရည်တဲ့။ တချို့ ထမင်းစားပြီး လက်ဖက်ရည်သောက်ကြတာတွေ့တယ်...။ ညောင်ဦးဖက်မှာရှိတယ် ပုဂံလမ်းမကြီးပေါ်မှာပဲ...။









သဗ္ဗညု ဘုရားအ၀င်လမ်းထိပ်ဒေါင့်မှာ Bagan Mobile Cafe ကားလေးနဲ့လာရောင်းတာ ထိုင်ခုံလေးတွေခင်းပေးတယ်...။ ကော်ဖီမျိုးစုံအပြင် Detox သစ်သီးဖျော်ရည်လေးတွေအစုံရတယ်...။ ထမင်းများများစားထားတဲ့ နေ့လည်ခင်းမှာ အအီပြေ အဆိပ်တောက်ပြေ ပျားနာနတ်ဖျော်ရည်သောက်တယ်..။ သိပ်ကောင်းတာပဲ အသီးစစ်စစ်ကိုသုံးထားလို့..။ တစ်ခွက် တစ်ထောင်ကျပ်တဲ့...။ ကော်ဖီက ၁၅၀၀/-..။ Ice Latte သောက်ကြတယ်...။ တစ်ခါသုံးခွက်လေးတွေနဲ့ သပ်သပ်ရပ်ရပ်လေးပါ ...။ ကျွန်မအထင်တော့ Hotel တစ်ခုခုကနေ ခွက်ထွက်ရောင်းတာဖြစ်နိုင်တယ်...။ ရောင်းတဲ့ ကောင်မလေးက ဘိုလို တော်တော်ပြောနိုင်တယ်...။ နေပူကျဲတောက်ထဲ ebike (scooter) စီးပြီးမောမောနဲ့ အပန်းလာဖြေကြတဲ့ နိုင်ငံခြားသားတွေ အထိုင်များကြတာကိုး...။





ဗိုက်ပြည့်တယ်သာပြောတယ် အာလူးချောင်းကြော်ကပါသေး...။ အာလူးချောင်းကြော်တွေကို မစားဖြစ်အောင်ရှောင်သင့်ပါတယ်...။ ကျန်းမာရေးအတွက် ဘာမှကောင်းကျိုးမပေး...။ အငံ အပြင် ဆီမသန့်တာတွေလည်းပါသေးတယ်...။ ကျွန်မတော့ အားနာလို့ တစ်ခုနှစ်ခုလောက်ပဲယူစားတယ် ပါလာတဲ့ အစ်မတွေမှာစားတာ...။





ဗူးဘုရားခြေက တဖက်ကမ်း တန့်ကြည်တောင်ကိုထွက်မယ့် စက်လှေဆိပ်...။ ဒီတစ်ခေါက် စွယ်တော် လေးဆူမဖူးဖြစ်ဘူး...။ ပါလာတဲ့ အစ်မတွေက ရေကြောက်တတ်တယ်...။ လာခါနီး တန်ဆောင်မုန်းလပြည့် စူပါမွန်း ဖြစ်မှာဆိုတော့ ဧရာဝတီမြစ် ဆယ်ပေလောက်တက်မယ်လို့ သတင်းစာမှာပါတယ်ပြောတာပဲ...။  မြစ်ရေတက်မတက်တော့မသိဘူး နောက်တစ်နေ့ ပခုက္ကူသွားတော့ ဧရာဝတီမြစ်ကူးတံတားပေါ်ကနေလှမ်းကြည့်တာ မြစ်ထဲမှာ သဲသောင်ပြင်ကြီးက ရွာတစ်ရွာစာလောက် ကျယ်တယ် မြစ်ရေက သောင်ပြင်ကို ကွေ့ဝိုက်ပြီး ချောင်းလောက်ပဲစီးနေတာ..။


ဗူးဘုရား ဧရာဝတီကမ်းစပ်က အကြော်ဆိုင်လေးမှာ အဲဒီမှာ မကျည်းချဉ်ကို စားပြီးတိုင်း တော်တော်များများ ၀မ်းပျက်ကြတယ်... ကျွန်မတို့တော့ ကံကောင်းလို့ဘာမှမဖြစ်...


အလိုတော်ပြည့်ဘုရားက စွယ်တော်ပန်းတွေ ဘုရားဝယ်ကပ်ဖြစ်တယ်..စံပယ်နဲ့ခပ်ဆင်ဆင်..


ကြာပန်းတွေ



အာနန္ဒာဘုရားရင်ပြင်ပေါ်က ရှုခင်းတွေ



 မိုးကောင်းကင်ကြီးကိုမော့ကြည့်လိုက်တော့ ဟောဒီလို..






 ဓမ္မရံကြီးဘုရားရင်ပြင် ဘေးက မြက်ခင်းစိမ်းတွေ



ရွှေဆံတော်စေတီဝင်းထဲက ထနောင်းရဲ့အလှ







 ပြာသောမိုးသားအောက်မှာ... ပြဿ     ဒ်ကြီးဘုရားပေါ်ကနေရိုက်ထားတာ







ချည်လုံချည်လေးတွေလှလား...



 ခရီးသွားသူတစ်ယောက်ရဲ့ ခြေလှမ်း...း)


အပိုင်း(၂)ကျမှ ဘုရားပုထိုးပုံတွေတင်ပေးမယ်နော်...း) ကောင်းသောနေ့လေးပါ....


မိုးငွေ့


Saturday, 19 November 2016

Ham and Cheese Scone....




ကျွန်မ ဒီမုန့်ကို စားကြည့်ချင်နေတာကြာပြီ... ။ ကျွန်မတို့ အာရှဖက်က ကော်ဖီဆိုင်တွေမှာ လုပ်ရောင်းတာ သိပ်မတွေ့ရဘူး ..။ Starbucks မှာတော့ ရွှေဖရုံသီးနဲ့လုပ်တာရတယ်...။ Yangon Bake House မှာ တခါတလေတွေ့ရတယ်...။ Scone ဆိုတာက မူလ Scottish ကနေစလာတဲ့ အင်္ဂလိပ်လူမျိုးတွေစားတဲ့ ဘီစကစ်မုန့်တစ်မျိုးပါ..။  ၁၆ရာစုအစောပိုင်းတုန်းကတော့ Dutch အလယ်ပိုင်းလူမျိုးတွေက Schoon(broot)လို့ခေါ်ပြီး  fine bread လို့အဓိပ္ပါယ်ရတယ်။ ဂျုံ ၊ ဘာလီ ၊ မုယော စတာတွေနဲ့ လုပ်လို့ရတဲ့မုန့်ဖြစ်တယ်...။ Scone မုန့်ကို မူလက သစ်သီးတွေနဲ့မံပြီးလုပ်တာများတယ်...။ အပေါ်ယံကမာကြွပ်ကြွပ်နဲ့ အတွင်းသားနူးညံ့တဲ့ မုန့်အချိုအရသာတစ်မျိုးပေါ့..။ ကျွန်မအခုလုပ်မယ့် Scone ကတော့ Pinterest ကနေ Recipe ယူထားတဲ့ အသားနဲ့ချိစ်နဲ့လုပ်မယ့် မုန့်ပါ..။ အချိုမဟုတ်ဘဲ အဆိမ့်ရသာပါ...။

4 oz Ham
1/3 Cup Scallions
1 egg
2 1/2 cups All -purpose flour
1 tbsp Baking Powder
1/2 tsp Baking Soda 
1/4 Black Pepper, ground
1/3 Brown Sugar
1/2 Salt
1 Stick Butter
4 oz Cheddar Cheese
2 tbsp Whole Milk
1/2 cup Yogurt, Plain full fat



အပေါ်ကရေးပြထားတာ original recipe ပါ...။ ကျွန်မခုလုပ်မယ့်မုန့်ကိုတော့ baking soda မထည့်ထားပါဘူး...။ ပွအားကို ကြက်ဥနဲ့ Baking powder ကိုပဲ အားကိုး ထားပါတယ်...။ နို့အစား ရေထည့်လို့ရပါတယ်..။ ဒိန်ချဉ်လဲထည့်မထားပါဘူး...။ ပထမဆုံး ပါဝင်ပစ္စည်းတွေထဲက အမှုန့်တွေအားလုံးကိုချိန်တွယ်ပြီး ဇလုံတစ်လုံးထဲထည့်ထားပါ...။ ကြက်သွန်မိတ်ကို လက်တစ်ဆုပ်စာ နုတ်နုတ်လေးတွေလှီးထားပါ...။ Ham ကိုလည်း ထို့အတူပဲလှီးထားပါ..။ ဂျုံမှုန့်အရောထဲကို ထောပတ်ထည့်နယ်မယ် ထောပတ်နဲ့ဂျုံလုံးသွားရင် ချိစ်၊ ကြက်ဥ၊ ဟမ် နဲ့ ကြက်သွန်မိတ်ထည့်နယ်ပါ...။ ရေကို ကိုယ်လိုချင်တဲ့မုန့်သား အပျော့အမာပေါ်ကြည့်ပြီး နောက်ဆုံးမှ ထည့်ပါတယ်..။ မုန့်လုပ်စားပွဲမရှိရင် စဉ်းနှီတုံးသစ်သားပြားကြီးပေါ်မှာ ဂျုံမုန့်ဖြူးပြီး မုန့်သားအလုံးကို တင်လိုက်ပါ..။ မုန့်သားပေါ်မှာဂျုံနည်းနည်းထပ်ဖြူးပြီး အဝိုင်းပုံ ပြားချလိုက်ပါ...။ တစ်လက်မအထူ ပန်းကန်ပြားဝိုင်းတစ်ပြားစာပြားချပြီးရင် ဓါးနဲ့ ရှစ်စိပ်စိပ်ပေးပါ..။ မုန့်ဖုတ်ဗန်းပေါ်မှာ parchment paper ဆီခံစက္ကူ ခင်းပြီး မုန့်တစ်စိပ်ချင်းကိုစီထည့်ပါ...။ ကြက်ဥအနှစ်ရည်သုတ်ပေးပါ...။ 200 ံC ကြိုတင်အပူပေးထားတဲ့ Oven ထဲမှာ 25မိနစ်ဖုတ်ပေးပါ...။ ကြက်သွန်မိတ်နဲ့ ထောပတ်နံ့လေးမွှေးမြနေတဲ့ Scone မုန့်ကို မီးပိတ်ပြီး ချက်ချင်းမထုတ်ဘဲ စက်ထဲမှာ 10မိနစ်လောက်ထားပြီး အအေးခံပါ...။ အေးသွားရင်လေလုံဗူးထဲ ထည့်ပြီး လေးငါးရက်လောက် ထားသိုစားသုံးနိုင်ပါတယ်...။ မနက်စာ သို့မဟုတ် နေ့ခင်းစာ အဖြစ် ကော်ဖီ လက်ဖက်ရည် စတာတွေနဲ့ သုံးဆောင်နိုင်ပါတယ်...။



 မုန့်သားကို ဒီလိုအစိပ်လိုက်မဟုတ်ဘဲ မိမိနှစ်သက်ရာ ပုံစံခွက်တွေနဲ့ဖြတ်တောက်နိုင်ပါတယ်


ဒီတစ်ပတ် စာမေးပွဲဖြေရမှာ..။ စာမေးပွဲမှာမေးမယ့် မုန့်လုပ်နည်းတွေကို ပြန်လှန်လေ့ကျင့်မလုပ်ဘဲ ချွန်ထွက်ပြီး ကိုယ်စားချင်တဲ့မုန့်တွေ လိုက်ကြည့်ပြီးလုပ်ဖြစ်နေတယ်...။ နောက်တစ်ခါ သကြားရည်ဆမ်းတဲ့ သစ်သီး Scone လုပ်ဖြစ်ရင် ပြန်ပြောပြပါဦးမယ်...။




Enjoy!!!!


မိုးငွေ့