Tuesday, 15 September 2026

Butterfly Diary.....(Dreamer)

 



လိပ်ပြာလေးတွေရဲ့ ဒိုင်ယာရီအကြောင်းကို သူပြောပြပြီးနောက် တစ်ရက်မှာ ကျမ နေ့လည်စာစားနေတဲ့ ကိုးရီးယားစားသောက်ဆိုင်ရဲ့ နံရံမှာ အနက်နဲ့လိမ္မော်ကျား လိပ်ပြာတစ်ကောက်ကို အရင်စတွေ့ခဲ့တယ်....။ လိပ်ပြာတွေဟာ သတိရခြင်းတွေကို တကယ်ယူဆောင်လာပေးတာပါလားလို့ ကျမတိတ်တိတ်ကလေးအံအားသင့်မိသလို ကြက်သီးလည်းထသွားခဲ့တယ်...။ နောက်ပိုင်းမှာ မကြာမကြာ လိပ်ပြာလေးတွေကိုယ့်နားလာဝဲခဲ့တာတွေကြုံရတယ်....။ အဲဒီအခါမှာ သူ့ရဲ့ လိပ်ပြာဒိုင်ယာရီလေးတွေကို ကျမပိုပြီး ယုံကြည်သက်ဝင်လာခဲ့တယ်...။

ခုတော့..... နှစ်နဲ့ချီနေပါပြီ.... လိပ်ပြာလေးတွေ ကျမအနားလာမဝဲကြတော့သလို ဘယ်နားမှာမှမတွေ့ရတော့ဘူး....။ စိမ်းပြတ်မှုဆိုတာ ကိုယ်တိုင်ကပဲ သူများကိုစလုပ်ခဲ့တာ ကိုယ်ကိုယ်တိုင်ခံရတော့မှ ခံစားမှုက ခါးသီးတာလဲမဟုတ် လွမ်းဆွတ်တသလို့မျက်ရည်တွေကျတာမျိုးလည်းမဟုတ်....စကားလုံးအဖြစ်နဲ့တောင်မပြောပြတတ်ဘူး.....။ တခါတခါ နင့်နင့်နဲနဲကြီး သတိရတဲ့အချိန်လေးရှိတာပေါ့...။ ဘယ်လိုပဲ နာစရာတွေနဲ့ဖြေပါစေ ချစ်ခဲ့ဖူးပါတယ်ဆိုတဲ့ "အချစ်"တွေဟာ ပျက်ပြယ်မသွားခဲ့ဘူးပဲ....။

ညက သတိရလွမ်းဆွတ်ရင်း အိပ်ပျော်သွားခဲ့လို့ထင်ပါရဲ့ သူ ကျမအိပ်မက်ထဲကိုရောက်လာတယ်...။ ကျမတို့ဝေးသွားပြီးနောက် အိပ်မက်ထဲသူရောက်လာခဲ့ရင် သူ့မျက်နှာဘယ်တော့မှမကောင်းဘူး...။ ပျော်ရွှင်မှုတွေမတွေ့ရဘူး ပြီးတော့ အပြင်မှာ ကျမကို ပျော်ရွှင်အောင်မထားခဲ့ဖူးလို့ထင်တယ် အိပ်မက်ထဲမှာ သူကျမကို စိတ်တိုင်းကျ အလိုလိုက်ဦးစားပေးလေ့ရှိတယ်...။ ကျမ မျက်နှာတစ်ချက်မညှိုးအောင် သူလုပ်ပေးလေ့ရှိတယ်..။ လက်တွေ့မှာ သူဖြစ်ချင်ခဲ့တဲ့ ဆန္ဒတွေကို ကျမအိပ်မက်ထဲ ပုံလာဖော်သွားတာလို့ကျမယုံကြည်တယ်..။ အိပ်မက်ထဲမှာ အမြဲတမ်း သူနဲ့ပျော်ရွှင်တဲ့အချိန်တွေကိုအတူဖြတ်သန်းရတယ်...။

ပုဂံနဲပတ်သက်ပြီး ဝတ္ထုစာအုပ်တစ်အုပ်ဖတ်နေတယ်... "ပြန်လာခဲ့ပါ ဟိုချီနာ" တဲ့ .....။ ဒီစာအုပ်လေးဖတ်ဖြစ်တော့ ကျမတို့နှစ်ယောက်ပထမဆုံးနဲ့နောက်ဆုံး အတူသွားဖူးခဲ့တဲ့ ပုံဂံခရီးလေးကို အမှတ်ရမိတယ်...။ ဖွားစောရွာက မိဖုရားဖွားစောတည်ခဲ့တဲ့ ဖွားစောအုတ်ကျောင်းဖက်ကို ကျမတို့အတူဆိုင်ကယ်နဲ့ရောက်သွားခဲ့တုန်းက ဓါတ်ပုံအတူရိုက်ခဲ့ကြတဲ့ အုတ်လှေခါးလေးကို မြင်ယောင်မိတယ်....။ အဲတုန်းက ဖွားစောအုတ်ကျောင်းထဲကို ကျမတို့မဝင်ခဲ့ဘူး တံခါးပိတ်ထားလို့မဝင်ခဲ့ကြတာလား မမှတ်မိတော့ဘူး...။ အဲနေ့လည်ခင်းက ဟိုး လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်လောက်က  အနီရောင်အုတ်လှေကားလေးရယ် အရွက်တွေကြွေနေတဲ့ သစ်ကိုင်းခြောက်တွေနဲ့ ထနောင်းပင်တွေရယ် စကားဖြူပင်တွေရယ် ကြည်ပြာရောင်တောက်နေတဲ့ ကောင်းကင်ရယ် သိပ်ကိုလှပလွန်းခဲ့ပါတယ်...။ ကျမတို့နှစ်ယောက်ကတော့ ဒီလိုအခွင့်အရေးမျိုးနောက်တစ်ခါထပ်မကြုံနိုင်တော့ဘူးဆိုတာရယ် နောက်ဆုံးတွေ့ဆုံမှုဆိုတဲ့ အတွေးကိုယ်ဆီနဲ့ ပျော်ရွှင်မှုမရှိတဲ့ ခရီးလေးကိုအတူသွားခဲ့ဖူးတာပဲ...။ ဒါပေမယ့် ဒါတွေဟာ တစ်ချိန်ချိန်မှာ အမှတ်ရစရာအဖြစ် ပြန်တွေးနိုင်တဲ့ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အချိန်လေးတွေအဖြစ် ကျမတစ်သက်လုံး သိမ်းဆည်းထားပါတယ်...။

သူ့အကြောင်းစာရေးတိုင်း ကျမအမြဲမှတ်မိနေတာက သူပြောခဲ့တာလေး ဒီလိုလေး...."တကယ်တော့ မင်း..ကိုယ့်အကြောင်းစာတွေရေးရင် သဘောကျတယ် မင်းပြောသလို ကိုယ့်ကိုတစ်ယောက်ယောက်က သတိရနေသေးပါလားဆိုတဲ့အသိကိုလည်းရတာအမှန်ပဲ ဒါပေမဲ့ မင်းက မမေ့သေးပါလားဆိုတဲ့အသိနဲ့ မင်းကိုသတိရတာက ခံစားလို့သိပ်မကောင်းဘူး ..."

ဘာပဲဖြစ်ဖြစ် ကမ္ဘာမြေရဲ့ တစ်နေရာရာမှာ ကျမကို သတိရလွမ်းဆွတ်စွာနဲ့ ရှိနေ(စောင့်ကြည့်နေ)ဦးမယ့် လိပ်ပြာလေးအတွက် စိတ်အေးချမ်းစွာနေထိုင်ပါ ကျန်းမာစွာနေထိုင်ပါ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါလို့ မှာချင်ပါတယ်...။


မိုးငွေ့

Friday, 28 August 2026

လိပ်ပြာဒိုင်ယာရီ..... (အဖြူရောင်အင်္ကျီ)

 



ကျမတို့ဝေးကွာပြီး ရှစ်နှစ်ကြာပြီးနောက် သူနဲ့ ပထမဆုံးပြန်ဆုံတွေ့တဲ့နေ့တုန်းက ဝတ်ခဲ့တဲ့ အဖြူရောင်အင်္ကျီလေးကို ဒီနေ့ ပြန်ဝတ်ဖြစ်လို့ သတိရခြင်းများစွာနဲ့ ဒီစာလေးကို ရေးဖြစ်ခဲ့ပါတယ်....။

တကယ်တော့ ကျမတို့နှစ်ယောက်ရဲ့ ပထမဆုံးပြန်ဆုံတွေ့မှုဟာ တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာမဟုတ်ပါဘူး... ကုန်ပဒေသာတိုက်တစ်ခုရဲ့  စားသောက်တန်းတွေရှိတဲ့ တတိယထပ်က ကော်ဖီဆိုင်လေးတစ်ဆိုင်မှာဖြစ်တယ်....။ အဲနေ့တုန်းက ကျမတို့ ကော်ဖီဆိုင်ရှိရာကိုတက်မသွားခင်မှာ အောက်ထပ်မှာ သူ့ကိုရပ်စောင့်နေတုန်း သူဝင်လာတော့ ကျမကို ဘယ်နားမှာစောင့်နေလဲလို့ ဖုန်းအရင်ဆက်ခဲ့တယ်...။ ပြီးတော့.... အလှကုန်ကောင်တာရှေ့မှာစောင့်နေတဲ့ ကျမဆီကို သူတန်းတန်းမတ်မတ်လျှောက်လာခဲ့တယ်...။ ကျမရှေ့တည့်တည့်မှာလာရပ်တဲ့ ချည်သားဘောင်းဘီပွပွ ခပ်နွမ်းနွမ်းဖလန်နယ်အကွက်ရှပ်လက်ရှည်နဲ့ အသားတွေညိုမှောင်သွားပြီး ပိန်ပါးရှည်မျောနေတဲ့သူ့ကို ကျမမော့ကြည့်လိုက်တော့... အရောင်ဖျော့ဖျော့မျက်ဝန်းတစ်စုံက အပြုံးတွေ အရင်လိုမလတ်ဆတ်တော့ပေမယ့်လည်း ကျမကို ပြန်တွေ့လို့ ဝမ်းသာကြည်နူးတဲ့ပုံရိပ်တွေက တောက်ပလို့နေတယ်...။ ကျမက လက်ရှည်အသားပျော့ပျော့ အဖြူရောင်အင်္ကျီနဲ့ အပြာရင့်ဂျင်းဘောင်းဘီဝတ်ထားခဲ့တယ်...။ အဖြူရောင်လို့ အကြမ်းမျဉ်းပြောပေမယ့် ကျမအင်္ကျီက အဖြူဆွတ်ဆွတ်တော့မဟုတ်ဘူး နို့နှစ်ရောင်သန်းတဲ့အဖြူရောင်....။ မျက်နှာချင်းဆိုင်စဆုံဆုံခြင်းမှာ ကျမတို့နှစ်ယောက်ဘာစကားစပြောခဲ့သလဲ ဘယ်လိုနှုတ်ဆက်ကြသလဲဆိုတာ ကျမတကယ်မမှတ်မိတော့ဘူး...။ တစ်ယောက်ကိုတစ်ယောက်ပြုံးပြနေလိမ့်မှာတော့ သေချာပါတယ်...။

ကျမတို့ စက်လှေခါးစီးပြီး တတိယထပ်မှာရှိတဲ့ ကော်ဖီဆိုင်ကိုတက်သွားကြတယ်...။ ကော်ဖီတစ်ယောက်တစ်ခွက်နဲ့ မြေပဲထောပတ်အနှစ်သုတ်ထားတဲ့ပေါင်မုန့်မီးကင်စားကြတယ်...။ စကားနဲနဲပါးပါးပြောပြီး သူက သူ့အိတ်ကပ်ထဲကနေ အသင်းဝင် ကဒ်လေးတစ်ကဒ်ထုတ်ပေးတယ်...။ ကျမကို ဒီအသင်းဝင်ကဒ်လေးသိလားလို့မေးတာမှတ်မိတယ်...။ ဟင့်အင်း ကျမ အဲဒါကိုမသိဘူးလို့ဖြေလိုက်တော့ သူက အသင်းဝင်ကဒ်လေးမသိရကောင်းလားဆိုတဲ့ စိတ်ကလေးနဲ့ မကျေမနပ်လေးတော့ဖြစ်သွားခဲ့မယ်ထင်တယ်...။ တကယ်လဲ ကျမ မသိခဲ့တာပါ...။ နောက်တော့ သူ့ဆီကနေ ကျမနှစ်သက်တဲ့နံပါတ်လေးနဲ့ အသင်းဝင်ကဒ်လေးတစ်ကဒ်ပိုင်ဆိုင်ခဲ့တယ်...။ ကဒ်နံပါတ်ရှစ်လုံးမှာ သူ့မွေးနေ့လဲပါသလို ကျမတို့နှစ်ယောက်စလုံးရဲ့ မွေးဂဏန်းလဲပါတယ်...။ အဲဒီကဒ်လေး ခုထိအသုံးဝင်နေသေးလား ကျမ မသိဘူး...။

အမှန်တကယ် တောင်ထိပ်ပန်းလမ်းက အဖြူရောင်ကော်ဖီဆိုင်လေးမှာဆုံဖို့ Date လိုက်တာက (ပထမတစ်ခေါက်တွေ့ပြီး) ကျမတို့နှစ်ယောက်ရဲ့ မွေးဂဏန်းကျတဲ့ရက်စွဲလေးမှာ နောက်ထပ်ဆုံဖြစ်ကြတဲ့အချိန်ပဲဖြစ်တယ်...။ ဒုတိယအကြိမ်မို့ တစ်ယောက်ကိုတစ်ယောက်သိပ်ပြီး စိမ်းနေ ရှိန်မနေတော့ဘဲ ရင်ထဲတကယ်ဖြစ်ချင်တဲ့ဆန္ဒတွေအပြည့်နဲ့ ကျမတို့ပွေ့ဖက်နှုတ်ဆက်ဖြစ်ခဲ့ပါတယ်...။

ခုတော့......တစ်နေရာဆီဝေးကွာသွားပြီးဖြစ်တဲ့ ကျမတို့နှစ်ယောက်ရဲ့ စိတ်ဝိဉာဉ်တွေကို ပေါင်းကူးဆက်သွယ်ပေးတဲ့ လိပ်ပြာလေးတွေလည်းပျောက်ခြင်းမလှပျောက်လို့ တကယ်ပဲ သတိရခြင်းတွေကို သယ်ဆောင်လာပေးတဲ့ လိပ်ပြာလေးတွေဟာ သေဆုံးသွားကြပြီလားဆိုတာ ကျမ အရင်လို မတုန်လှုပ်မိတော့ပါဘူး....။


မိုးငွေ့

Monday, 24 August 2026

မင်းရဲ့နောက်က.....


 

တေးရေးအယ်ဒီရေးထားပြီး အဲလက်စ်ဆိုခဲ့တဲ့ "မင်းရဲ့နောက်က" သီချင်းကို  မိုးမိုးပြန်ဆိုပြီး ဖြိုးလေး rapping ပြန်လိုက်ထားတာလေး ဗားရှင်းအသစ်နဲ့ နားထောင်ကောင်းတယ်...။ အဲလက်စ်က You Tube မှာ Alex Official Music Channel ဆိုပြီး အရင်သီချင်းဟောင်းတွေကို ပြန်တင်ထားတာအများကြီးပဲ သွားနားထောင်လို့ရတယ်...။ သီချင်းအသစ်တွေ You Tube ထွက်တဲ့အထဲမှာ ဒီပြန်ဆိုတေးလေးကိုကြိုက်လို့ နေ့တိုင်းနားထောင်ဖြစ်နေတယ်...။ 

ကျနော်တို့အရွယ်က အလုပ်လုပ်ရင်း Just relax နဲ့ happy hours တွေကိုပဲ ဦးစားပေးနေထိုင်နေရမယ့်အချိန်ဖြစ်သွားပြီ....။

ဒီနေ့တော့ ဒီလောက်ပဲ Happy Monday.....

Bye!!! 


မိုးငွေ့

Friday, 14 August 2026

​Pisces .....





ဒီပို့စ်က မိန်ရာသီခွင် Pisces တွေရဲ့ dark site အမှောင်ဖက်ခြမ်းကို အသားပေးပြောသွားမှာဖြစ်ပါတယ်...။ ကျနော်ကိုယ်တိုင်လည်း  March Pisces တစ်ယောက်ပါ...။ ရာသီခွင်ဆယ့်နှစ်ခုမှာ အချစ်တတ်ဆုံး အရိုဆုံးနဲ့ red flag အနေနဲ့ကြောက်စရာအကောင်းဆုံးထဲမှာပါတယ်...။


အပြစ်ကင်းစင်တဲ့ မျက်နှာဖုံးအောက်က အဆိပ်ပြင်းတဲ့ Pisces
(Pisces နဲ့ပတ်သတ်တဲ့ အမှန်တရားတွေမို့ သည်းခံပြီး ဖတ်ပေးပါ)

​Pisces က အမြင်အားဖြင့် နူးညံ့တယ်၊ သနားစရာကောင်းတယ်၊ အပြစ်ကင်းစင်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူတို့က အဲ့ဒီ "အပြစ်ကင်းတဲ့ပုံစံ" ကို လက်နက်လုပ်ပြီး တစ်ဖက်လူကို စိတ်ပိုင်းဆိုင်ရာခြယ်လှယ် (Manipulate) တတ်ကြပါတယ် ။ သူတို့မှားနေရင်တောင် သူတို့ကပဲ ခံရသူ (Victim) နေရာကနေပြီး အခြေအနေကို ပြောင်းပြန်လှန်ပစ်တတ်ကြသူတွေပါ...။

​Pisces တွေမှာ သူတို့ပုံအောပြီးချစ်ခဲ့တဲ့ သူတစ်ယောက်က သစ္စာဖောက်သွားခဲ့ရင် ဒါမှမဟုတ် သူတို့ထင်လို ဖြစ်မလာခဲ့ရင် Pisces တွေက အဲ့ဒီနာကျင်မှုကို ဘယ်တော့မှ မမေ့ပါဘူး ။ ဒါပေမဲ့ သူတို့က လက်စားချေတာကို တည့်တိုးမလုပ်ဘဲ တစ်ဖက်လူ အပြစ်ရှိစိတ် (Guilt trip) ဝင်လာအောင်၊ နောင်တရလာအောင် နည်းမျိုးစုံနဲ့ စိတ်ဒုက္ခပေးတတ်ပါတယ်...။

Pisces တွေက တစ်ကိုယ်တည်း မရပ်တည်နိုင်ကြဘူး....။ သူတို့ရဲ့ "Emotional Trash" (စိတ်ဓာတ်မှိုက်) တွေကို သည်းခံနားထောင်ပေးမယ့်သူ၊ သူတို့ရဲ့ ဒရာမာတွေကို သနားပြီး ဂရုစိုက်မယ့် "ကယ်တင်ရှင်" တွေကို ရှာဖွေပြီး ကပ်တွယ်တတ်ကြတယ်။ တစ်ဖက်လူဆီက စွမ်းအင်တွေကို စုပ်ယူတဲ့နေရာမှာတော့ Pisces က ထိပ်ဆုံးပါပဲ....။ (Pisces တွေနဲ့စကားပြောနေရင်း ကိုယ့်အနေနဲ့ရုတ်တရက် အားနည်းသွားသလို၊ အားကုန်သွားသလို ခံစားလိုက်ရတာမျိုးပါ)

​Pisces တွေက "Mood Swing" အလွန်များတယ်...။ လူတစ်ယောက်ကို စခင်ပြီဆိုတာနဲ့ တစ်ဖက်လူရဲ့ အကြိုက်ကို လိုက်မီအောင် ကိုယ့်ကိုယ်ကို ပုံစံပြောင်းပြီး (Mirroring လုပ်ပြီး) ဝင်ရောတတ်တယ်...။ တကယ်တမ်းကျတော့ သူတို့မှာ ကိုယ်ပိုင် Identity ရယ်လို့ ခိုင်ခိုင်မာမာ မရှိကြဘူး...။ ရေလိုက်ငါးလိုက် နေရင်းကနေ တစ်ဖက်လူကို စိတ်ရှုပ်ထွေးအောင် (Gaslight) လုပ်တတ်တာ သူတို့ရဲ့ ပုံမှန်ဖြစ်စဉ်တစ်ခုပါပဲ။

​Falling in love ဖို့ လွယ်ကူသလောက်၊ စိတ်ကုန်ဖို့လည်း လွယ်ကူပါတယ်....။ သူတို့က အချစ်ရေးမှာလက်တွေ့မဆန်ဘူး...။ ရေရှည်လက်တွဲတဲ့အခါ ပြဿနာတစ်ခုတက်ရင် ဖြေရှင်းမယ့်အစား ရှောင်ပြေး (Escapism) ဖို့ပဲ စဉ်းစားတယ်...။ တစ်ဖက်လူက အရာရာလိုက်ဖြည့်ဆည်းပေးနေရင်တောင် Pisces တွေက ကျေးဇူးတင်ရမယ့်အစား "ငါ့ဘဝက ဝမ်းနည်းစရာကောင်းလိုက်တာ" ဆိုပြီး ဒရာမာခင်းနေဦးမှာပါ။ ဒါကြောင့် Pisces တွေကို ထိန်းချုပ်ဖို့ အကောင်းဆုံးနည်းက သူတို့ရဲ့ စိတ်ကူးယဉ်အိပ်မက်တွေကို မဖျက်ဆီးဘဲ သူတို့ရဲ့ ဒရာမာတွေကို လျစ်လျူရှုထားတတ်မှ ရလိမ့်မယ်။

​Family life မှာ Pisces တွေက မိသားစုကို တွယ်တာလား...ဆိုတော့ Pisces တွေက တာဝန်ဆိုတဲ့အရာကြီးခေါင်းပေါ် ရောက်လာမှာကို အရမ်းကြောက်ကြပါတယ်...။ Pisces တိုင်းတော့မဟုတ်ပေနဲ့ ရှောင်ပြေးတဲ့ Pisces တွေကပိုများတယ်...။ ပြသနာကိုပြသနာနဲ့ ဖြေရှင်းလေ့ရှိကြပြီး ငွေကြေးအသုံးကြမ်းတာထက်လက်လွှတ်စပယ် သုံးမိတာများတယ်...။ သူတို့စိတ်ထွက်ပေါက်အတွက်ဆိုရင် (အရက်၊ ဆေး၊ ဂိမ်း၊ အပျော်အပါး) တစ်ခုခုကို စွဲလမ်းပြီး မိသားစုကို ဒုက္ခပေးတတ်တယ်...။

​Feb Pisces Girl လေးတွေက Passive-Aggressive အဖြစ်ဆုံးပဲ...။ စိတ်ဆိုးရင် ဘာဖြစ်လို့ဖြစ်မှန်းမပြောဘဲ Silent Treatment ပေးပြီး တစ်ဖက်လူကို ငူငူငိုင်ငိုင်ဖြစ်အောင် နှိပ်စက်တတ်တယ်...။ Family life မှာ သူတို့က ဂျီကျတာကို သည်းခံမခံနိုင်ရင် အိမ်ထောင်ရေးက ပြသနာများလိမ့်မယ်..။

March Pisces Girl တွေကတော့ "Victim Card" ကိုင်ရာမှာ ဆရာကျတယ်။ အရာရာကို အဆိုးမြင်တတ်ပြီး သူတို့ဘဝလောက် ဆိုးတာ ဘယ်သူမှမရှိဘူးဆိုပြီး ညည်းတွားရင်း ဘေးနားကလူကိုပါ စိတ်ရောဂါရအောင် လုပ်တတ်ကြပါတယ်..။ အတ္တကြီးပြီး ကိုယ်လိုချင်တာမရရင် ကလေးဆိုးကြီးလို သောင်းကျန်းတတ်ပါတယ်...။

​Feb Pisces Boy တွေက ကျောရိုးမရှိဘူး...။ ပြဿနာကြုံရင် ရင်ဆိုင်ရမှာကြောက်လို့ ရှောင်ပြေးရင်းကနေ မုသားတွေ ဆင့်ကာဆင့်ကာ ပြောတတ်တယ်...။ 

March Pisces Boy တွေကတော့ အလိမ်အညာ အလွန်ကျွမ်းကျင်တယ်။ မျက်နှာငယ်လေးနဲ့ ဗြောင်လိမ်တတ်ပြီး ဖောက်ပြန်ရင်တောင် သူတို့ကပဲ သနားစရာကောင်းတဲ့ လူသားပုံစံ ဖမ်းနေတတ်လို့ ကိုယ်ကပဲ အပြစ်ရှိသလို ခံစားရစေပါလိမ့်မယ်...။

Pisces နဲ့ attached ဖြစ်ဆုံးသော Sign တွေက Scorpio, Cancer နဲ့ Taurus တို့ပဲ ဖြစ်ပါတယ်။

​Pisces နဲ့ Toxic အဖြစ်ဆုံး တွဲဖက်တွေကတော့ Gemini, Sagittarius နဲ့ Aquarius တို့ပဲ ဖြစ်ပါတယ်။

ငါးတွေရဲ့ memory က 3 စက္ကန့်ပဲခံတာမို့ Pisces တွေ move on တာက ဒုံကျည်ထက်မြန်တယ်...။

Note - 1

​Pisces တစ်ယောက်ကဘယ်လောက်ပဲသစ္စာရှိတဲ့ပုံစံဖမ်းထားပါစေ သူတို့ရဲ့ ဖုန်းထဲမှာ ဒါမှမဟုတ် စိတ်ကူးထဲမှာ အရန်လူစာရင်းကတော့ အမြဲတမ်း အဆင်သင့် ရှိနေစမြဲပါပဲ...။

Note - 2

Pisces တစ်ယောက်က ဘယ်လောက်ပဲ ရိုးသားဖြူစင်တဲ့ မျက်နှာပေးနဲ့ ဖြစ်နေပါစေ သူ့စိတ်ကူးထဲမှာတော့ 
Ex အဟောင်းတွေနဲ့ ပြန်တွဲလိုက်၊ Crush အသစ်နဲ့ ဇာတ်လမ်းဆင်လိုက်နဲ့ အလုပ်ရှုပ်နေစမြဲပါပဲ...။


1.sixth sense တော်တော်ကောင်းတယ်
တစ်ခုခုဖြစ်တော့မယ်ဆိုတာကို အလိုလိုကြိုသိနေတတ်တယ်...။ လူတစ်ယောက်လိမ်နေရင်လည်း ချက်ချင်းရိပ်မိတယ်...။

2.ခွင့်လွတ်တယ် ဒါပေမယ် မမေ့ဘူး
သံယောဇဉ်ကြီးလို့ အကြိမ်ကြိမ်ခွင့်လွှတ်ပေးတတ်ပေမယ့် သူတို့အပေါ်လုပ်ခဲ့တဲံ အမှားတွေကိုတော့ တစ်သက်လုံး မှတ်ထားတတ်တယ်...။

3.ရေခဲအောက်က မီးတောင်
အမြဲတမ်း အေးဆေးတည်ငြိမ်နေပေမယ့် တစ်ကယ်တမ်း သည်းခံနိုင်စွမ်း ကုန်သွားရင်တော့ ဆူနာမီလှိုင်းလို ကြောက်စရာကောင်းပါတယ်...။

4.အထီးကျန်ဆန်ပေမယ့် အဖော်မက်တယ်
တစ်ယောက်တည်းနေရတာကို သဘောကျပေမယ့် တကယ်တမ်းကျတော့ သူ့ကို နားလည်ပေးမယ့်သူကို အမြဲတမ်း တောင့်တနေတတ်တယ်...။

5.သူများခံစားချက်ကို လိုက်ခံစားတယ်
ပတ်ဝန်းကျင်က လူတွေ ဝမ်းနည်းနေရင် ကိုယ်တိုင်ပါရောပြီး စိတ်မကောင်းဖြစ် ငိုတတ်တဲ့ အထိ စိတ်ထားနုကြတယ်...။

နောက်ဆုံးမှာ Pisces တွေရဲ့ best matches sign ကတော့ Virgo ပဲဖြစ်ပါတယ်တဲ့.....။


မူရင်းရေးသားသူကို Credit ပေးပါတယ်....


မိုးငွေ့

Thursday, 13 August 2026

ထီးကလေးတစ်ချောင်း.....




တစ်ရက်မှာ မိုးရွာထဲလမ်းကူးဖို့ မျဉ်းကျားမှာစောင့်ရင်း စောင်းထားတဲ့ထီးကိုမော့ကြည့်ဖြစ်တယ်...။ ထီးရိုးတွေနဲ့မိုးကာနဲ့တွဲချုပ်ထားတဲ့ အနက်ရောင်ချည်လေးတွေက လျော့တိလျော့ရဲဖြစ်နေပြီ အနက်ရောင်ထီးရိုးတွေလဲ သံချေးတွေနည်းနည်းလိုက်လာနေပြီ...။ သူလည်း အိုမင်းလေပြီပေါ့....။ သူက ကျမ လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှစ်နှစ် ကိုးဗစ်မတိုင်ခင်ကတည်းက စပိန်နိုင်ငံထုတ်ဆေးကုမ္ပဏီတစ်ခုကနေ လက်ဆောင်ရထားခဲ့တဲ့ နက်ပြာရောင်ခေါက်ထီးလေး အော်တိုခလုတ်နှိပ်ပြီးပွင့်တဲ့ထီးလေး...။  ဒီကြားထဲ ကျမ ဂျပန်စတိုးကနေ  ထုတ်ချင်းပေါက်မြင်ရတဲ့ အကြည်ရောင်မိုးကာသားနဲ့ထီးနှစ်လက်ဝယ်ကိုင်သေးတယ်...။ ပထမအလက်က နှစ်နှစ်သုံးနှစ်လောက်ကိုင်လိုက်ရတယ် မိုးကာအကြည်တွေ မှုန်ဝါးကုန်မှ လွှင့်ပစ်လိုက်တာ ...။ အဲတုန်းက ဘာဝယ်ဝယ် ထောင့်ရှစ်ရာကျပ်တန် ဂျပန်စတိုးမှာ အဲဒီထီးလေးက ငါးထောင်ကျပ်ထဲရယ်...။ ဒုတိယတစ်ခေါက်ဝယ်တော့ တစ်သောင်းဖြစ်သွားပြီ..။ အဲဒီထီးက ကျမလက်ထဲ တစ်လတောင်မခံလိုက်ဘူး မိုးရွာထဲလေကြောမိပြီး  ထီးရိုးကျိုးသွားခဲ့တယ်...။ အဲနောက်တော့ ကျမရဲ့ မူလပထမ လက်ဆောင်ရထားတဲ့ နက်ပြာရောင်ခေါက်ထီးကိုပဲ စွဲစွဲမြဲမြဲကိုင်လာခဲ့တာ ခုထိဆိုပါတော့....။ 

ထီးလေးက နှစ်စဉ်မိုးတွင်းသုံးလေးလမှာတော့ နေ့တိုင်းသုံးဖြစ်တယ်...။ ကျနေအချိန်တွေမှာ ကျမသူ့ကို သေချာခေါက်သိမ်းထားတယ်...။ သူ့ရဲ့ အရည်အသွေးကောင်းတာရော ကျမရိုရိုသေသေကိုင်တာရောကြောင့်လည်း နှစ်အကြာကြီးခံတာပေါ့ ...။ ကျမ နေ့စဉ်သုံးစွဲတဲ့ ပစ္စည်းတွေထဲမှာ ဒီထီးလေးကိုတော့ ကျမက ဥစ္စာအခြောက်ဆုံးပဲ...။ ရှားရှားပါးပါး စပိန်နိုင်ငံထုတ်တစ်လက်တည်းသော ခလုတ်ဖွင့် ခေါက်ထီးလည်းဖြစ် ဘယ်မှလည်း ပြန်ဝယ်လို့မရတာကြောင့်လည်းဖြစ်တယ်...။ ခေါက်ထီးဟာ ကျမဆီကနေ ပျောက်သွားဖို့ နှစ်ကြိမ်တိတိဖြစ်ဖူးခဲ့တယ်...။ ပထမတစ်ခေါက်ပျောက်သွားတုန်းကဆို တစ်ပတ်လောက်ကြာတယ်...။ တကယ်တော့အထားမှားတာ ကျမ ညီမဝမ်းကွဲတစ်ယောက်ရဲ့ အိမ်ခန်းတစ်ခုမှာ သန့်ရှင်းရေးလုပ်ဖို့ သွားကြီးကြပ်တော့ သူ့အခန်းအဝင်ဝ ဖိနပ်စင်ပေါ်တင်ထားခဲ့တာ...လုံးဝမေ့ပြီး တစ်ပတ်ကြာ နေရာအနှံ့ရှာပြီးမှ အဲနေရာကို သတိရသွားတာနဲ့သွားပြန်ရှာတော့ တွေ့သွားခဲ့တာပဲ...။ ဒုတိယအကြိမ်က ဘဏ်မှာကျန်ခဲ့တာ...။ ကိုးဗစ်ကာလ ငွေတွေ တန်းစီထုတ်ရတဲ့အချိန် မင်းရဲကျော်စွာလမ်းထဲက ကမ္ဘောဇဘဏ်မှာကျန်ခဲ့တာ....။ ဖုန်းဆက်တော့ ဘဏ်ဝန်ထမ်းမလေးက သိမ်းထားပေးတာ သွားပြန်ယူရတယ်...။ ဥစ္စာရင်းမှန်လို့ ကျမရဲ့သူ့အပေါ်ထားတဲ့ သံယောဇဉ်ခိုင်မြဲလို့နေမယ် ကျမဆီပြန်ပြန်ရောက်လာခဲ့တယ်...။ 

ကလေးဘဝတုန်းက အမေဝယ်ပေးခဲ့ဖူးတဲ့ ကလေးထီး အနီရောင် အဝါရောင်လေးတွေ အရောင်စုံပါတဲ့ထီးတွေသုံးခဲ့ဖူးတယ်....။ အခုဒီနက်ပြာရောင်ခေါက်ထီးလေးကတော့ ကျမဘဝအတွက် မှတ်မှတ်ရရရှိတဲ့ ကျမနဲ့အချိန်အကြာဆုံးအနားမှာရှိနေတဲ့ ထီးလေးတစ်ချောင်းမို့ သူ့ကို အမှတ်တရအက်ဆေးလေးရေးရတာပါ....။

ခုဆိုကုန်ဈေးနှုန်းတွေက အဆမတန်တက်နေတော့ အရင်ကဝယ်ထားခဲ့ဖူးတဲ့ 8000/-တန်ထီးလည်း အခု သုံးသောင်းကျော် လေးသောင်းဖြစ်နေပြီ...။ တခြား အခြေခံစားသောက်ကုန်တွေလည်း သုံးလေးငါးဆလောက်တက်နေ..... ဆင်းရဲတွင်းကတဖြေးဖြေးနက်လာ ခရိုနီတွေ ခရိုပြာတွေတောင် အသုံးအဖြုန်းကြည့်သုံးနေရတဲ့ခေတ်ရောက်နေပြီဆိုတော့ကာ....။ 




မိုးငွေ့

Thursday, 6 August 2026

Cleaning.....

 




ဒီနေ့ စိတ်ရော ဘလော့ရော သန့်ရှင်းရေးလုပ်တဲ့နေ့.....။

ဒီနှစ်ဝါးတွင်းသုံးလကို ဉပုသ်နေ့ပတ်တိုင်း သီလယူဉပုသ်စောင့်ဖို့ စဉ်းစားထားတာ ဒီနေ့စလုပ်ဖြစ်တယ်...။ ဝါဝင်ပြီး ပထမဆုံးအပတ်ကိုစပြီး ဉပုသ်စောင့် ရှစ်ပါးသီလခံယူဖြစ်တယ်...။ ဝါဆိုလပြည့်နေ့တုန်းကတော့ အကြောင်းကြောင်းကြောင့် ဉပုသ်မစောင့်ဖြစ်ခဲ့ဘူး...။ ဘလော့မှာရှိတဲ့ "ဘာသာရေး"လို့ခေါင်းစဉ်တပ်ထားခဲ့တဲ့ ဗုဒ္ဓနဲ့ပတ်သက်တဲ့ တရားတော်တွေ ဗဟုသုတပို့စ်တွေကို အကုန်လုံးသန့်ရှင်းရေးလုပ်ဖြစ်တယ်...။ အရင်က တင်ထားခဲ့တဲ့ ဘုရားပုံတော်တွေအားလုံးကို ပိုပြီးသပ္ပါယ်တဲ့ ပုံတော်တွေနဲ့ပြောင်းပြီးပူဇော်ထားတယ်...။ ဘာသာရေးဆိုတဲ့ Label ကိုလည်း "ဓမ္မတရားများ"ဆိုပြီး ပြန်ပြောင်းလိုက်တယ်...။

တကယ်တော့ အများစုက သတ်မှတ်ထားတဲ့ ဗုဒ္ဓဘာသာဆိုတာ ဘာသာမဟုတ်ဘူး ဘာသာတရားတစ်ခုအဖြစ်တော့ လူတိုင်း အကြမ်းဖျင်းသိထားကြတယ်...။ ဗုဒ္ဓဘာသာဆိုတာ ဂေါတမဗုဒ္ဓဟောကြားတော်မူခဲ့တဲ့ တရားတော်ကို လိုက်နာကျင့်သုံးရမယ့် ဘာသာတရားဆိုတာထက် ဒဿနိကဗေဒဘာသာရပ်တစ်ခုလို့ပဲဆိုချင်တယ်...။ သစ္စာလေးပါး ကံ ကံ၏အကျိုးတရားကိုအခြေခံပြီး မဂ္ဂင်ရှစ်ပါး ကျင့်စဉ်နဲ့ ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့ လမ်းညွှန်ပြသထားတဲ့ ဘာသာဗေဒတစ်ခုဖြစ်တယ်...။ ဗုဒ္ဓရဲ့ တရားတော်တချို့ကို ကမ္ဘာကျော်တက္ကသိုလ်တွေရဲ့ ဒဿနိကဗေဒဘာသာရပ်မှာတောင် သင်ကြားပို့ချပေးတယ်လို့ ကြားဖူးတယ်..။

ဒီနေ့ စိတ်ရော ကိုယ်တွင်းကလီစာတွေရော စင်ကြယ်ဖို့ ရှစ်ပါးသီလခံယူဆောက်တည် ဉပုသ်သီတင်းစောင့်ဖြစ်ခဲ့ပါတယ်....။

သတ္တဝါအားလုံး ကျန်းမာ ချမ်းသာ ကြပါစေ....


မိုးငွေ့


Monday, 3 August 2026

Dear Angel .....(25)




ချစ်သော အိန်ဂျယ်....,


နေကောင်းလား...? 

ကိုယ်ကတော့ ဒီရက်ပိုင်း ခါးနာနေလို့ ခါးနာသက်သာတဲ့လေ့ကျင့်ခန်းတွေလိုက်ရှာပြီးလုပ်နေတယ် ဆေးခန်းမသွားချင်ဘူး ဆေးသောက်လဲခနပဲသက်သာ....။ အသက်ကြီးလာတာ ဘာမှမကောင်းဘူး အထူးသဖြင့် တစ်သက်လုံးခိုင်းစေခြင်းခံလာခဲ့ရတဲ့ ခန္ဓာအတွင်းအပြင် အကုန်ယိုယွင်းလာတာပဲ...။ ဒါကို သက်ရှိဖြစ်သူတိုင်း ဘယ်သူမှမလွန်ဆန်နိုင်တဲ့အရာတစ်ခုပဲ...။ အိုရမယ် နာရမယ် အချိန်တန်ရင်သေရမယ်....။ သေရမှာကိုမကြောက်ပေမယ့် မသေခင် ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်သလို နာတာရှည်ကြီးလည်းမခံစားချင်ဘူး...။ ဒါပေမယ့် ကိုယ်တို့လူသားတွေမှာ ရွေးချယ်ခွင့်မရှိပါဘူး...။ သက်သာရာသက်သာကြောင်းတော့ ဉာဏ်ရှိသလို အဆင်ပြေသလို ကြည့်လုပ်ရမှာပဲ...။

တလောက နှလုံးဆရာဝန်တစ်ယောက် နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးသွားတာတဲ့...။ နှလုံးအထူးကုဆရာဝန်ဖြစ်တိုင်းလည်း နှလုံးရောဂါမရှိရဘူးမဟုတ်ဘူးဘဲ...။ ဒါကို ဆင်ခြင်သုံးသပ်မိတယ်...။ ဆရာဝန်တွေက သာမန်လူတွေထက်တောင်အဆပေါင်းများစွာပိုပင်ပန်းသေး...။  တစ်နေ့ 24နာရီမှာ နားချိန်နဲ့ အိပ်ချိန်နည်းပြီး လူနာရာထောင်ပေါင်းကို အချိန်ပေးနေကြရတာ... အသပြာဆရာဝန်တွေကပိုဆိုးတာပေါ့...။ တစ်ရက်ဝင်ငွေရာချီနေတာကြီးကို မက်မောပြီး ကိုယ့်ကိုယ်ကိုမေ့လျော့နေကြတာတွေ...။ ကိုယ့်ကိုယ်ကိုချစ်ဖို့မေ့နေကြတာတွေ....။

ငါးဆယ်ကျော်နောက်ပိုင်း အမျိုးသမီးတွေဟာ Menopause လက္ခဏာတွေကို နှစ်ရှည်လများစတင်ခံစားရတာပဲ...။ ခေါင်းကိုက်မယ် ခါးနာမယ် အသားအရည်ခြောက်မယ် ဝိတ်တက်လာမယ် ဒါမှမဟုတ် ပိန်ချုံးသွားမယ် စိတ်ကျဝေဒနာလိုလိုခံစားရမယ် ညအိပ်မပျော်ဘူး အားအင်တွေကုန်ခမ်းမယ် ပူလိုက်အေးလိုက်ဖြစ်မယ် ဒါဟာ ဟိုမုန်းပြောင်းလဲစပြုတဲ့ ခံစားမှုဝေဒနာကို အလူးအလဲခံစားရတာပဲ...။ ဒီတစ်ခါဆေးစစ်ရင် သိုင်းရွိုက်ဟိုမုန်းပါထည့်စစ်ဖို့ သတိထားရဦးမယ်...။ ပုံမှန်က lipid profile သွေးတွင်းဆီတွေ နဲ့ ဆီးချိုသွေးချို သွေးနီသွေးဖြူဥအရေအတွက်ကိုပဲ အဓိကထားစစ်နေတာလေ...။ သွေးတွင်းဆီအနဲအများစစ်တာကလဲ လူတိုင်းအတွက် အရေးကြီးတာပဲ သွေးတွင်းမကောင်းတဲ့ဆီများနေရင် နှလုံးသွေးတိုးစလာမယ် အသဲအဆီဖုံးများရင်လဲ ဆီးချိုစလာမယ် နောက်ပြီးကျောက်ကပ် ဘာညာအထိရောက်ကုန်ရော...။ အာထရာဆောင်းလဲရိုက်ရသေးတယ် သေရမယ်ဆိုပေမယ့်လည်း ဒီတိုင်းကြီးပစ်စလက်ခတ် ကျန်းမာရေးကို လစ်လျူရှုထားလို့မှမရဘဲနော်...။

ဖုန်းကြီးပဲကြည့်နေလို့မဖြစ်ဘူး စာအုပ်လေးဘာလေးပြန်ဖတ်ဖို့ အသိဝင်လာတာနဲ့....လောလောဆယ် မင်းသန့်ဟန်ရဲ့ "ကြောင်ဒဿန" စာအုပ်ဖတ်နေတယ်...။ doodle တွေလည်း အသစ်မဆွဲနိုင်သေးဘူး စာအုပ်ကကုန်ပြီး ထပ်ဝယ်မရလို့ ပစ္စည်းပြတ်နေတာတဲ့...။ တိုင်းပြည်အခြေအနေကလဲ ခြွတ်ခြုံကျ မွဲစာရင်းဝင် အရာအားလုံးကို တားမြစ်ပိတ်ပင်ခံနေရ....ရှေ့လျှောက်မလွယ်ဘူး....ဟူး......။

ညက အိပ်မက်ဆိုးမက်တယ်....။ အိပ်မက်ဆိုးဆိုတာ ကိုယ့်ကိုမနှစ်သက်တဲ့သူက ကိုယ့်ကိုမကောင်းကြံနေတာလို့မက်တာ စိတ်စွဲလို့လား ဘာလားတော့မသိ လျှောက်မက်နေတာပဲ အိပ်မက်ကတော့....။

ကျန်းမာရေးဂရုစိုက်ပါ...အိန်ဂျယ်

ဘိုင်....!!!


Still flying.....

Still loving.....


မိုးငွေ့

Thursday, 23 July 2026

Exes I Loved.....


 

ပိုပိုရဲ့သီချင်းကို ကျနော် 2014 မှာစနားထောင်ဖြစ်တယ်...။ အဲတုန်းက တက်သစ်စ အဆိုတော်လေး အခုဆို ချစ်ဖူးခဲ့သမျှ သူ့ရဲ့ပထမဆုံး အယ်လ်ဘမ်ကနေစတွက်ရင် သူ့အနုပညာသက်တမ်း 12 နှစ်ရှိပြီ...။ တကယ်က 2014 မတိုင်ခင် 2006-7 ကတည်းက မယ်လိုဒီဝေါလ်အဆိုပြိုင်ပွဲကို သုံးနှစ်ဆက်တိုက်ဝင်ပြိုင်ဖူးခဲ့တယ် အရွေးမခံခဲ့ရဘူး...။ ဒါနဲ့ သူရူးသွပ်လွန်းတဲ့ ဂီတကို ပြိုင်ပွဲကနေမစတော့ဘဲ ကိုယ့်ဘာသာ သီချင်းလုပ်မယ်ဆိုပြီး အချိန်တွေ ငွေတွေနဲ့ ကြိုးစားအားထုတ်ခဲ့တာ အခုဆို ပိုပိုက သူ့ FC နဲ့သူ ဆရာမကြီးဖြစ်နေပြီ....။ ရည်းစားတစ်ယောက်နဲ့ပြတ်တိုင်း ကုန်ကြမ်းရ သီချင်းကောင်းတွေရတာမို့လည်း သူ့ကို မြန်မာပြည်ရဲ့ တေလာဆွိဖ်ဇ်လို့တောင် ပြောကြတယ်...။

အခုတစ်ခေါက် သူ့ရဲ့ ဒုတိယအကြိမ် One Lady Show ကို ရန်ကုန် Strand Hotel မှာလုပ်ဖြစ်တာ Show ရဲ့ Title ကို Exes I Loved ဆိုပြီးပေးထားတယ်...။ ရည်းစားတစ်ယောက်နဲ့ပြတ်တိုင်း အသဲကွဲသီချင်းတွေကို စုစည်းထားတာလေး ပြန်လုပ်တဲ့ပွဲပေါ့....။ အဲဒီထဲမှာ "သံယောဇဉ်လက်ကျန်" နဲ့ "Breaking Heart" ကို ခုမှသေချာနားထောင်ဖူးလို့ ကြိုက်နေတာ...။ You Tube မှာ အပိုင်းသုံးပိုင်းခွဲပြီး သူ့ရဲ့ Po Po ဆိုတဲ့ channel ကနေ တင်ထားပါတယ်...။ အပျိုကြီးက တကယ်လှလာတာ ဖက်ရှင်တွေလည်း တော်တော်မိုက်တယ် ဝတ်ထားတာလေး သဘောကျမိ....။









မိုးငွေ့

Monday, 20 July 2026

အထွေထွေဓမ္မမှတ်စုများ.....(၃၄)



#ပရိညာသုံးပါး.#ဝိပဿနာကျင့်စဥ်

***********************************

မိုးကုပ်ဆရာတော်/ပါချုပ်ဆရာတော်🙏

တရားရှုသူများ-အလွန်သိသင့်ပါသည်


...#ဝိပဿနာ  #အားထုတ်ကြတဲ့အခါ  

#အဆင့် #၃ဆင့်ကို

မှတ်သားထားဖို့ လိုတယ်။


ဒါမှ ကိုယ်ဟာ #ဘယ်အဆင့် ရောက်နေသလဲ၊

#အဆင့်ကျော် လုပ်မိနေသလား၊ 

#အဆင့်အတိုင်း လုပ်နေသလားဆိုတာ သိမယ်။


#အဆင့်၃ဆင့်ကို "#ပရိညာသုံးပါး" လို့ ခေါ်တယ် ။


 #ပရိဆိုတာ - #ပိုင်ပိုင်နိုင်နိုင် 

 #ညာဆိုတာ - #သိတာ.လုပ်ငန်းတစ်ခုလုပ်ရင် #ပိုင်ပိုင်နိုင်နိုင်သိဖို့ လိုတယ် ။


ပရိညာ ၃ပါးက -

၁ ။ #ညာတပရိညာ

၂ ။  #တီိရဏပရိညာ

၃။  #ပဟာနပရိညာ


၁ ။ #ညာတပရိညာ


ညာတဆိုတာ "#သိရမယ့် #အာရုံ"လို့ ပြောတာ၊

ဝိပဿနာကျင့်စဉ် ကျင့်ရင် "ဝိပဿနာရဲ့ အာရုံ" အဖြစ်

သိရမယ့်ဟာကို  အရင်တွေ့အောင် ရှာရမယ်၊

တွေ့အောင် လုပ်ရမယ် ။


ဒီနေရာမှာ ဘယ်ဟာက  ညာတလဲ၊

သိရမယ့်ဟာက ဘာလဲဆိုရင် #ရုပ်နဲ့နာမ်ပဲ၊

သတ္တဝါဆိုတဲ့ အာရုံဟာ သိရမယ့်အာရုံ မဟုတ်ဘူး၊

တကယ် သိရမယ့်အာရုံက 'ရုပ်နဲ့နာမ်'  ၂မျိုးပဲ။


*ရုပ်ကို တွေ့အောင် ရှာနိုင်ရမယ်၊

*နာမ်ကို တွေ့အောင် ရှာနိုင်ရမယ်၊

*သိရမယ့် ဟာတွေကို သိရမယ်။


အဲလို သိတဲ့အခါ ဘယ်ရှုထောင့်ကနေ သိရမလဲ ဆိုရင်...

*#ရုပ်ရဲ့  ကိုယ်ပိုင်အမှတ်အသားလေးတွေ ရှိတယ်၊

*#နာမ်ရဲ့  ကိုယ်ပိုင်အမှတ်အသားလေးတွေ ရှိတယ်၊

*#သဘာဝတရားတွေရဲ့  မတူညီတဲ့ အမှတ်အသားတွေ ရှိတယ်။


ဥပမာ - ရုပ် ဆိုရင်... 

အအေးနဲ့ တွေ့ရင် တစ်မျိုး ပြောင်းတယ်၊ 

အပူနဲ့ တွေ့ရင် တစ်မျိုး ပြောင်းတယ်၊

အဲလို #ထင်ထင်ရှားရှား #ဖောက်ပြန်ပြောင်းလဲ သွားတတ်တာ

ရုပ်တရားပဲ။


#နာမ် ဆိုတာကတော့... 

#အာရုံလေး တစ်ခုပေါ်မှာ  #ညွတ်ညွတ်ပြီးတော့ 

ဦးလှည့်  ဦးလှည့် သွားတဲ့သဘောပဲ။


ဥပမာ - ပြောရရင် 

အသံလေး တစ်ခု ကြားရရင်,

ကြားတဲ့ အသံဘက်ကို စိတ်ရောက်သွားတယ်၊

ဒါ ဦးလှည့်သွားတဲ့ သဘောပဲ။

မြင်ရင်လည်း  မြင်တဲ့ဘက်ကို ဦးလှည့်သွားတယ်၊

အနံ့ရလည်းပဲ  အနံ့ရတဲ့ဘက်ကို ဦးလှည့်သွားတယ်၊

ဒါဟာ နာမ်ရဲ့ သဘောလက္ခဏာလေးတွေပဲ။


ဒီလို  ရုပ်နဲ့နာမ်တို့ရဲ့  ကိုယ်ပိုင်အမှတ်အသား

သဘာဝ လက္ခဏာလေးတွေကို ကွဲကွဲပြားပြား သိဖို့ လိုတယ်။


#ညာတ ပရိညာကို စမယ်ဆိုရင်... 

စိတ်ငြိမ်တဲ့အရပ်မှာ ကပ်ပြီး

ကိုယ့်ရဲ့  အာနာပါန ဝင်လေထွက်လေက စပြီး

မှတ်နေလိုက်တယ် ။


ရှူသွင်းလိုက်တဲ့ အချိန်မှာ - 

*ရှူသွင်းလိုက်တဲ့ လေလေးက သဘာဝတစ်ခု၊

*ရှူသွင်းလိုက်တဲ့ လေလေး ထိလိုက်တဲ့ နေရာက

သဘာဝတစ်ခု၊

*ထိလိုက်လို့ ပေါ်လာတဲ့ သိလိုက်တဲ့ စိတ်လေးက

သဘာဝတစ်ခု၊

*ဒီ၃မျိုး ရှိတယ် ။


လေလေးကလဲ သူ ထိတယ်ဆိုတာ မသိဘူး၊

နှာသီးဖျားကလဲ လေလေးက လာထိတယ်ဆိုတာ မသိဘူး၊

အဲဒီမှာ *မသိတဲ့ သဘောတရား ၂-ခုက ရုပ်တရား၊

*သိတဲ့ သဘောတရား တစ်ခုက နာမ်တရား၊

*ရုပ်နဲ့နာမ် ဒီလို ကွဲပြား သွားနိုင်တယ်။


အဲလို ဝင်လေ ထွက်လေတင် မဟုတ်ဘူး၊

မျက်စိက မြင်လဲ ၃မျိုးပဲ၊

မျက်စိရယ်  အဆင်းရယ် ဒီ၂ခု ဆုံလိုက်တဲ့အခါ

မြင်သိစိတ် ပေါ်လာတာပဲ။


နားက ကြားလဲ ၃မျိုးပဲ၊

အသံက နားကို လာတိုက်တဲ့အခါ ကြားသိစိတ် ပေါ်တယ်။


အနံ့က နှာခေါင်းကို လာထိတဲ့အခါ နံသိစိတ်  ပေါ်တယ်၊

နှာခေါင်းက အနံ့ရလဲ ၃မျိုးပဲ။


*သေချာ အာရုံစိုက် ကြည့်မယ်ဆိုရင်...

ဒီလို ၃မျိုး ၃မျိုး ဖြစ်ပေါ်နေတာကို ကွဲကွဲပြားပြား

သိလာအောင် ကြိုးစားတာဟာ၊

နံပါတ်တစ် ဖြစ်တဲ့  "#ညာတပရိညာ" ပဲ။

*စောနက ဝင်လေ ထွက်လေမှာ,

*လေလေးက ရုပ်တရား၊

*လေလေး တိုက်သွားတဲ့ ကာယပသာဒက ရုပ်တရား၊

*အဲဒီ ရုပ်တရား၂-ခု ထိခတ်လို့ ဖြစ်ပေါ်လာတဲ့

အသိစိတ်လေးက *နာမ်တရား၊

သတ္တဝါဆိုတဲ့ အထင်ကြီး ပျောက်ပြီး

ရုပ်နဲ့နာမ်  ၂မျိုးပဲ ရှိတာပါလားလို့ သဘောပေါက်လာ

မြင်လာတာက  *နာမရူပ- ပရိစ္ဆေဒဥာဏ်* ။


#အဲလို သတ္တဝါ ရှိနေတယ်ဆိုတဲ့ အထင်ပျောက်ပြီး၊

ဆိုင်ရာ ဆိုင်ရာ အကြောင်းကြောင့် 

ဒါတွေဟာ ဖြစ်နေတယ် ဆိုတဲ့ 

အကြောင်းတရား တွေကိုပါ သိရှိ နားလည်လာမယ်၊

ဒီလို ရုပ်နာမ်၂ခုရဲ့  ဆိုင်ရာအကြောင်းကို သိရှိနားလည်

လာတာဟာ (ပစ္စယပရိဂ္ဂဟဥာဏ) ။


#ဒီဥာဏ် ၂-မျိုးဟာ,

ရှုမှတ်ရမယ့် အာရုံတွေကို ပိုင်ပိုင်နိုင်နိုင် သိတဲ့အပိုင်းမို့

ဒါကို *ညာတပရိညာ အဆင့်လို့ ပြောတာပဲ ။

ဒါတွေ ကွဲကွဲပြားပြား မသိပဲ ဖြစ်ပျက် သွားရှုမယ်ဆိုရင်

အဆင့်ကျော် သွားတာပဲပေါ့ ။


ဘုရားလက်ထက်က  ရှင်ဆန္နမထေရ်မြတ်ဟာ

ညာတပရိညာပိုင်းကို  ပိုင်ပိုင်နိင်နိုင် မသိပဲ၊

အဆင့်ကျော်ပြီး အနိစ္စ ဒုက္ခ အနတ္တတွေကို စဉ်းစားတဲ့အခါ၊

အနိစ္စ ဒုက္ခ အနတ္တကိုသိပေမယ့် အဲဒီစိတ်က

ကိလေသာတွေကနေ လွတ်ထွက် မသွားနိုင်ဘူး။


ဘာကြောင့်လဲ ဆိုတော့ -

ပစ္စယပရိဂ္ဂဟဥာဏ် နဲ့ နာမရူပပရိစ္ဆေဒဥာဏ်တွေကို

ပိုင်ပိုင်နိုင်နိုင် မသိပဲ မလေ့ကျင့်ပဲ အထက်ဥာဏ်တွေကို

တက်ဖို့ လုပ်လို့ပဲ ။


ဒါကြောင့်  #ဝိပဿနာကျင့်စဉ် ကျင့်ကြမယ်ဆိုရင်၊

#ညာတပရိညာဆိုတဲ့ ရှုစရာ အာရုံတွေကို,

#ပိုင်ပိုင်နိုင်နိုင် သိအောင် အရင် ကြိုးစားကြရမယ်။


အဲဒီ ညာတပရိညာ အဆင့်ကို ကျော်ပြီးတဲ့ နောက်မှာ

ဆက်ပြီး လုပ်ရမှာက  "တီရဏပရိညာ" ပဲ ။


ကိုယ်သိတဲ့ ရုပ်နာမ်တွေဟာ... 

ဖြစ်လာ ပြီးတဲ့နောက် ပျောက်ကွယ် သွားတယ်၊

မဖြစ်ခင်ကလည်း တစ်နေရာထဲမှာ စုနေတာ မရှိဘူး၊

အကြောင်းကြောင့် ဖြစ်ပေါ်လာပြီး လုံးဝ 

ပျောက်ကွယ် သွားတယ်။

အနိစ္စရဲ့  မမြဲတဲ့ သဘောတရား၊

ဖြစ်ပြီးပျက်တဲ့ သဘောတရားတွေ နောက်ထပ် 

ဆင်းရဲတဲ့ သဘော၊ စိုးမပိုင်တဲ့ သဘော၊

ဒီလို အနိစ္စ ဒုက္ခ အနတ္တ သဘာဝတွေကို 

သာမည လက္ခဏာလို့  ခေါ်တယ် ။


# သာမညရဲ့သဘောက 

      အားလုံးဆိုင်တဲ့ အမှတ်အသားလို့ ပြောတာ ။

# အထက်မှာ ပြောခဲ့တဲ့ သဘာဝလက္ခဏာဆိုတာက တစ်ခုစီ  တစ်ခုစီနဲ့သာ ဆိုင်တာ ။


 ၂ ။# တိရဏပရိညာ


သာမညကတော့  အားလုံးနဲ့ ဆိုင်တယ်၊

အားလုံးနဲ့ ဆိုင်တဲ့ လက္ခဏာဆိုတာ အနိစ္စ ဒုက္ခ အနတ္တ 

ဒီအမှတ်အသား ၃မျိုးကို ပြောတာ။


ဒီ အနိစ္စ ဒုက္ခ အနတ္တကို ရှုမြင်တတ်ပြီ ဆိုမှ

ဝိပဿနာဟာ စ,ဖြစ်ပေါ်လာတာ ။


ဒီလို သင်္ခါရ သဘောတရား တွေကို, 

#အနိစ္စလို့  မြင်လိုက်တာနဲ့

နောက်က #ဒုက္ခကိုလဲ မြင်လာတယ်၊

#အနတ္တကိုလဲ မြင်လာတယ်၊

#ဒီ၃ခုဟာ ဆက်စပ် နေတယ် ။


#တိရဏဆိုတာ... 

ဆုံးဖြတ်ချက် ချနိုင်လာတာကို ပြောတာ ။


မမြဲဘူး  ဆင်းရဲတယ် ဒီလို ဆုံးဖြတ်လာနိုင်တဲ့

ဝိပဿနာဥာဏ် ၂-ခုက - 

သမ္မသနဥာဏ် နဲ့ ဥဒယဗ္ဗယဥာဏ်ပဲ ။

ဒီ၂-ခု  ရောက်လာရင် မိမိဟာ ဒုတိယအဆင့် ဖြစ်တဲ့

တီရဏပရိညာပိုင်းကို ရောက်လာပြီ။


၃။ ပဟာနပရိညာ


ဒီကနေ ဆက် ကြိုးစားတဲ့အခါ

ပဟာနပရိညာပိုင်းပေါ့၊

ပဟာနဆိုတာ ဖယ်ရှားလိုက်တာ ဖျောက်ပစ် လိုက်တယ်ပေါ့။


အနိစ္စလို့ မြင်လာတဲ့အခါ တစ်သက်လုံး 

မြဲတယ်လို့

ထင်လာတဲ့ အထင်ကြီးဟာ ပျောက်သွားတယ်။


ဒုက္ခလို့ မြင်လာတဲ့အခါ တစ်သက်လုံး ချမ်းသာတယ်လို့

ထင်လာခဲ့တဲ့ အထင်ဟာ ပျောက်သွားတယ်။


အနတ္တကို မြင်လာတဲ့အခါ တသက်လုံး ငါပိုင်တယ်လို့

ထင်လာတဲ့ အတ္တသင်ညာဟာ ပျောက်သွားတယ်။


နှစ်သက်စရာလို့ ထင်လာတဲ့ အထင်ဟာ ငြီးငွေ့စရာကြီးလို့

မြင်လာတဲ့အခါ ပျောက်သွားတယ်။


ဒီလိုဖယ်ရှားပြီး မြင်သွားတဲ့ #ဝိပဿနာဥာဏ်အဆင့်ကို

#ပဟာနပရိညာလို့ ခေါ်တယ်၊

ဒီအပိုင်းမှာ ဘယ်က စလဲဆိုရင် #ဘင်္ဂဥာဏ်ကနေ စတယ်၊

နောက်ဆုံး လောကီပရိညာအနေနဲ့ ပြောရရင်

#သင်္ခါရုပေက္ခာဥာဏ် ထိအောင်ပေါ့။


နောက်ဆုံးမှာ သင်္ခါရတရားတွေနဲ့ ပတ်သက်ပြီး

မှားယွင်းတဲ့ အမြင်တွေ ပျောက်ပြီး၊

လုံးဝ ရှင်းရှင်းကြီး မြင်လာပြီး၊

ဆိုင်ရာဆိုင်ရာ  ကိလေသာတွေကို ဖယ်ရှားနိုင်ပြီး၊

မဂ်စိတ်ဖိုလ်စိတ်  မဂ်ဥာဏ်ဖိုလ်ဥာဏ်တွေ ရလာပြီဆိုမှ

ဝိပဿနာ လုပ်ငန်းဟာ ပြီးဆုံးတယ်။


အလင်းကို လိုချင်သူဟာ မီးထွန်း ရသလိုပဲ

မဂ်တရား လိုချင်သူဟာ ဝိပဿနာအလုပ် လုပ်ရမယ်..။

==================


                                             ​...​ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ ဆရာတော်ဘုရားကြီး

🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

===============================


ဝိပဿနာ ရှုနည်း

*******************

ပါချုပ်ဆရာတော်🙏


..အဲဒီတော့ ဝိပဿနာ ရှုနည်းနဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းလေး သိအောင် ရှင်းပြမယ်၊


ဝိပဿနာ ရှုတော့မယ်ဆိုရင် ရှုစရာ အာရုံကို 

အရင်တွေ့အောင် ရှာရမယ်၊


အဲဒီလို ရှုစရာ အာရုံကို ဘယ်ရှုထောင့်က ရှာရမလဲဆိုရင် သဘာဝလက္ခဏာ ရှုထောင့်က ရှာရမယ်၊ 

သဘာဝလက္ခဏာဆိုတာ ဆိုင်ရာဆိုင်ရာ တရားဓမ္မတွေမှာ ကိုယ်ပိုင် အမှတ်အသား ကလေးတွေ ရှိတယ်။


လူတွေမှာလည်းပဲ ကြည့်လေ၊ 

လူတစ်ယောက် ကြည့်ပြီ ဆိုလို့ရှိရင် ကိုယ်မှတ်ထားတဲ့ အမှတ်အသားလေးတွေ ရှိတယ်။


ဆိုပါစို့- 

ဆံပင်က ဘယ်လိုပုံစံ၊ အဝတ်က ဘယ်လိုပုံစံ၊ 

အရပ်က ဘယ်လိုပုံစံ၊ သွားတာလာတာ ဘယ်လိုဆိုတာ 

မှတ်မထားဘူးလား၊ မှတ်ထားတဲ့အတိုင်းပဲ သိရတာပဲလေ၊

ဒါဘယ်သူဆိုတာ အမှတ်အသား ကြည့်တာနဲ့ပဲ သိတယ်ပေါ့၊

ပုံစံပြောင်းထားရင် အမှတ်တွေ လွဲကုန်တယ်။ 

အဲတော့ အဝေးကနေ ကြည့်လိုက်တာနဲ့ 

ဪ ဘယ်သူတော့ လာနေပြီဆိုရင် သိကြတာပဲ။


အဲဒီလိုပဲ သဘာဝ တရားတွေမှာလည်းပဲ 

အမှတ် လက္ခဏာလေးတွေ ရှိတယ်။ 

အဲဒီ အမှတ်လက္ခဏာလေးတွေဟာ ကိုယ်ပိုင်လက္ခဏာ

ဖြစ်သည့် အတွက်ကြောင့် သဘာဝလက္ခဏာ၊ 

အင်္ဂလိပ်လိုတော့ Individual Characteristics လို့

ခေါ်တယ်၊

 တစ်ခုစီ တစ်ခုစီမှာ ကိုယ်ပိုင်အမှတ် အသားလေးတွေရှိတယ်။


ပထဝီ ဆိုလို့ရှိရင်... 

ခက်မာတယ် ပျော့ပျောင်းတယ် ဆိုတဲ့ သဘာဝ၊

အာပေါဆိုတာ ယိုစီးတယ် စုစည်းတယ် ဆိုတဲ့ သဘာဝ၊

တေဇောဆိုတာ ပူတယ် အေးတယ် ဆိုတဲ့ သဘာဝ၊

ဝါယောဆိုတာ လှုပ်ရှားတယ် တွန်းကန်ပေးထားတယ် 

ဆိုတဲ့ သဘာဝ၊

အဲဒီ သဘာဝလေးတွေကို သဘာဝလက္ခဏာ လို့ခေါ်တယ်။


ဝိပဿနာ ရှုတော့မယ်ဆိုရင်... 

အဲဒီ သဘာဝ လက္ခဏာလေးတွေကို ကြည့်ပြီး၊

တရား တွေ့အောင်လုပ်ရမယ်။


ဆိုပါစို့၊ 

တရား ထိုင်နေပြီ၊  တရား ထိုင်နေတဲ့အခါမှာ 

ကိုယ်ထိုင်တဲ့ ထိုင်ခုံက မာမာကြမ်းကြမ်းကြီးကို သတိထား

မိလို့ရှိရင် မာတဲ့သဘောကို တွေ့တာပဲ၊

 ပျော့ပျော့အိအိ ဆိုရင် ပျော့အိတဲ့ သဘောကို တွေ့တာပဲ၊ 

ဒါ ဘယ်သူ့ကို တွေ့တာတုန်းလို့ဆိုရင် ပထဝီကို 

တွေ့တယ်လို့ ပြောတယ်။ 

ဟော ခန္ဓာကိုယ်ထဲမှာ တစ်နေရာက ပူခနဲသွားတာ တွေ့ချင်တွေ့မယ်၊ 

အေးခနဲသွားတာ တွေ့ချင်တွေ့မယ်၊ ဟော တွေ့မှုတွေက အမျိုးမျိုး၊ ချွေးတို့ ဘာတို့ ထွက်လို့ ယိုစီးကျလာတာ တွေ့ချင်တွေ့မယ်၊ လေကြောင့်မို့လို့ လှုပ်ရှားတွန်းကန်တဲ့ 

သဘောလေးတွေ တွေ့ချင်တွေ့မယ်၊ 

အဲဒါတွေကို သဘာဝလက္ခဏာ လို့ ခေါ်တယ်။ 

ဝိပဿနာရှုပြီဆိုရင် အဲဒီ သဘာဝလက္ခဏာကို ရှုရမယ်။


သဘာဝလက္ခဏာ ရှုပြီးမှ အများဆိုင်တဲ့ အမှတ်အသားကို တစ်ဆင့်တက်ပြီး ကြည့်နိုင်ရမယ်၊ 

မမြဲတဲ့ သဘောတွေ တွေ့မယ်၊ 

မမြဲသည့်အတွက်ကြောင့် ကျေနပ် နှစ်သက်စရာ မကောင်းသော ဒုက္ခသဘောတွေ့မယ်၊ 

ဒုက္ခသဘော တွေ့သည့် အတွက်ကြောင့်, ကိုယ် ဘာမှ မတတ်နိုင်ဘူး,ကိုယ့်ဆန္ဒအတိုင်း မဖြစ်ဘူး ဆိုတဲ့ အနတ္တသဘောတွေ တွေ့လိမ့်မယ်။


ဟော အနိစ္စ၊ ဒုက္ခ၊ အနတ္တ လို့ဆိုတဲ့ ဒီသဘာဝတွေဟာ ဒုတိယအဆင့် အနေနဲ့ သာမညလက္ခဏာကို ရှုတယ်လို့

ဆိုတာ၊ 


အဲဒီလို သာမညလက္ခဏာကို ရှုရင်းရှုရင်းကနေ ပြီးတော့ 

ဒီ ဝိပဿနာဉာဏ်ဟာ အမြင် ပြောင်းပြောင်း. ပြောင်းပြောင်းပြီး တက်သွားလိမ့်မယ်။


ဘယ်လို တက်သွားတာတုန်း ဆိုတော့... 

အကျဉ်းချုပ် လေးကို ပြောရမယ် ဆိုလို့ရှိရင် -


ပထမ သဘာဝတရားကို 

ကိုယ်ပိုင် လက္ခဏာလေးတွေက စတွေ့တယ်။


တရားရှာ ကိုယ်မှာတွေ့၊ 

တွေ့ပြီး တရားကို စူးစမ်းလေ့လာလိုက်တဲ့အခါ 

အဲဒီ သဘာဝတရားလေးတွေမှာ 

မမြဲတဲ့သဘောကို  သတိထား မိလိမ့်မယ်၊ 

မမြဲတာတွေကို  မြင်ရတာ များတဲ့အခါကျတော့ 

ဪ- မမြဲမှုတွေက အမြဲ ဒုက္ခပေးနေပါလား ဆိုတဲ့ ဒုက္ခသဘောကို မြင်လာလိမ့်မယ်၊

အဲဒီလို ဒုက္ခ ပေးနေတာကို ငါဘာမှ မတတ်နိုင်ပါလား လို့

ဆိုတဲ့ အနတ္တသဘောလေးတွေ မြင်လာ လိမ့်မယ်တဲ့။


အဲဒါက သာမညလက္ခဏာကို တက်သွားတယ်လို့ ပြောတာ၊ 

သမ္မသနဉာဏ်မှ စပြီး ဝိပဿနာဆိုတာ ဖြစ်လာတာ။


ကောင်းပြီ၊ ဝိပဿနာ ဖြစ်လာလို့ ရှိရင်... 

အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတာ ရှုပါ များလာတဲ့အခါ ဘာဖြစ်တုန်း၊

 ဖြစ်တာနဲ့ပျက်တာ, ဖြစ်ဆဲနဲ့ပျက်ဆဲကို မြင်လာတယ်၊

"ဥဒယဗ္ဗယ" လို့ ခေါ်တယ်။ 


အဲဒီလို မြင်ရာက... 

အသိဉာဏ်တွေ သမာဓိစွမ်းအားတွေ သတိစွမ်းအားတွေ တက်လာတဲ့အခါ

 ဘာဖြစ်တုန်းဆိုလို့ရှိရင် ဖြစ်တာကိုတောင်မှပဲ မမြင်တော့ဘူး၊ 

ပျက်တာတွေချည်းပဲ မြင်တယ်၊ 

ပိုသွက် လာတယ်ပေါ့။


နောက်ပိုင်း သိပ်မြန်လာတဲ့ အခါကျတော့ 

ပျက်တာချည်းပဲ မြင်လာတယ်၊ "ဘင်္ဂဉာဏ်"၊


အပျက်တွေချည်း မြင်လာတဲ့ အခါမှာ, 

ဪ ကြောက်စရာ ကောင်းလိုက်တာပါလား ဆိုတဲ့ 

အမြင်တစ်ခု ဝင်လာတယ် "ဘယဉာဏ်"၊


ကြောက်စရာ ကောင်းလိုက်တဲ့ အရာကြီးဟာ 

တကယ်ကို အပြစ်အနာအဆာရှိတဲ့ 

သဘောတရားကြီးပဲလို့ အပြစ်ကို မြင်လာတယ်။ 


သင်္ခါရတရားတွေ 

အရင်တုန်းက အပြစ် မမြင်ဘူး၊ ငါ့ဟာလို့ မြင်တယ်၊ 

ငါလို့ မြင်တယ်၊ အခုကျတော့ အပြစ်တွေ မြင်လာပြီ၊

ဒုက္ခပေးတတ်တဲ့ သဘာဝတွေကို မြင်လာတယ်၊ 

မြင်လာတာက "အာဒီနဝဉာဏ်"၊


အဲလို မြင်လာ ကတည်းက ငြီးငွေ့လာတယ်၊ 

စိတ်ပျက်လာတယ် "နိဗ္ဗိဒါဉာဏ်"၊


ငြီးငွေ့စိတ်ပျက်လာတဲ့အခါ 

ဒါကြီးကို စွန့်လွှတ်ချင်လာတယ်၊ 

ဆက်ပြီး မရချင်တော့ဘူး၊ သင်္ခါရတရားတွေကို စွန့်လွှတ်ချင်တယ်၊ (သင်္ခါရတရားတွေက လွတ်ချင်လာတယ်)

"မုဉ္စိတုကမ်တာဉာဏ်"၊


စွန့်လွှတ်ချင်လာတဲ့ အခါမှာ ဘာလုပ်ရတုန်းဆိုရင် 

ဘယ်လိုလုပ် စွန့်လွှတ်မလဲဆိုတာ ပြန်လည် ဆင်ခြင်စဉ်းစားတာကို  "ပဋိသင်္ခါဉာဏ်" လို့ ခေါ်တယ်။


ဆင်ခြင် စဉ်းစားလိုက်တဲ့အခါ 

သင်္ခါရတရားတွေနဲ့ ပတ်သက်လာလို့ရှိရင် ချစ်ခြင်း မုန်းခြင်းဆိုတာ မရှိဘဲနဲ့ အသိဉာဏ် တည်ငြိမ်မှုတွေရလာတယ်၊ 

#သင်္ခါရုပေက္ခာဉာဏ်။ 

ဝိပဿနာဉာဏ်ထဲမှာတော့ 

ဒါ အဆင့်မြင့်ဆုံး ဒီလို တက်လာတာပေါ့။ 


အဲဒီ သင်္ခါရုပေက္ခာဉာဏ် ရင့်သန်သွားပြီ ဆိုမှ 

သင်္ခါရတွေ ကုန်ရာ၊ သင်္ခါရတွေ ချုပ်ရာ၊ ဒုက္ခတွေ ကုန်ရာ၊ ဒုက္ခတွေ ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို တွေ့မှာ ဖြစ်တယ်တဲ့။


နိဗ္ဗာန်ကိုတွေ့တာ ဘယ်သူက တွေ့တာတုန်း၊ 

မဂ်စိတ်က တွေ့မှာပဲ။ 

မဂ်စိတ် ပြီးတာနဲ့ တစ်ပြိုင်နက် သူက ထုတ်လွှတ်လိုက်တဲ့ အကျိုးဖိုလ် ဆိုတာ ရသွားမယ်၊ ဒီကျမှ စိတ်ကလေးဟာ လွတ်မြောက်တဲ့ စိတ်ဆိုတာ ဖြစ်လာမယ်ပေါ့။


အဲဒါကို ရှင်ရာဟုလာကို 

မြတ်စွာဘုရားက အသေးစိတ် ဟောတာ၊ 

အသေးစိတ် ဟောတဲ့အခါမှာ 

တစ်ခုစီ တစ်ခုစီ ရှင်းပြီးတော့ ပြောမှာ မဟုတ်တော့ဘူး။ 

ရှင်ရာဟုလာက လေ့ကျင့်ပြီးသား ဖြစ်သည့်အတွက် အသိဉာဏ်နဲ့ တွေ့ပြီးသား ဖြစ်နေတယ်။ 


မြတ်စွာဘုရားက 

အနိစ္စ သဘောတရားတွေ ရှင်းအောင်ပဲ ဟောတယ်၊ 

ရှင်းလိုက်တဲ့အခါ ဉာဏ်စဉ်တွေ တက်သွားပြီး နောက်ဆုံးမှာ ကိလေသာ အာသဝေါတွေကင်းတဲ့ အဆင့်ကို 

ရောက်သွားတယ်။ 

====================


                                             အရှင် နန္ဒမာလာဘိဝံသဆရာတော်ဘုရားကြီး

🙏🙏🙏🙏🙏🙏🙏🙏🙏

Credit:

=========================

ဆက်လက်၍......

မိုးကုပ်ဆရာတော်ဘုရားကြီး၏🙏


#သမထနှင့် ဝိပဿနာတွဲရှုနည်း

⚜️⚜️✡️✡️✡️✡️✡️✡️⚜️⚜️

(မိုးကုပ်ဆရာတော်ဘုရားကြီး)🙏


...ဝိပဿနာရှုတဲ့ နေရာမှာ သမထနဲ့ 

ဝိပဿနာ နှစ်ခု ဒွန်တွဲနေတာပဲ။


ပကတိမျက်စိဖြင့် စွဲမြဲ ထင်မြင်

နေအောင် ရှုရတာက သမထရှု။


ဉာဏ်ဖြင့်သာ သူ့သဘာဝအတိုင်း 

ဖြစ်ပျက်နေတာတွေကို မြင်အောင်

ရှုရတာက ဝိပဿနာရှုလို့ ပီပီပြင်ပြင် 

ခွဲခြားမှတ်ထားပါ။


ဝိပဿနာကမှ “လောဘ၊ ဒေါသ

မောဟ" စတဲ့ ကိလေသာအပူတွေ

ပြေငြိမ်းစေနိုင်တာ ပယ်ဖျက်ပေးနိုင်တာ။


"သမထ"ကတော့ ဝိပဿနာနဲ့

တွဲပြီး လိုက်ပါပေးရတယ်။ 


ဝိပဿနာရှုရာမှာ ပါပါနေရတဲ့ 

သတိတို့ ဝီရိယတို့၊ သမာဓိတို့က

"သမထ"တွေပါပဲ။ 


သမထနဲ့ အတူတွဲပြီး ဖြစ်ပျက်

မြင်အောင်ရှုတဲ့ ပညာကတော့ 

ဝိပဿနာဉာဏ် မဂ်ပါပဲ။ 


မဂ်ဉာဏ်ကမှ ကိလေသာတွေကို 

ပယ်ဖျောက်ပေးနိုင်တာ။


ဝိပဿနာက အရေးအကြီးဆုံး

သူက ခေါင်းဆောင်ပါ။


"သမထ"ကတော့ မကင်းတရားမို့ သဟဇာတဖြစ်အောင် လိုက်ပါရ

ပါတယ်။ 


ဥပမာ။ ရေသောက်ချင်လို့ ရေခပ်ယူ

ရာမှာ ခွက်က မကင်းစကောင်းဖြစ်လို့

ပါရတာ။ 


ရေကမှ အမောပြေစေတာ။ ခွက်က

အမောပြေစေတာ မဟုတ်ဘူး။


⚜️ #ဝိပဿနာရှုပွားနည်း(၃)မျိုး ⚜️


ဘုရားက သမထရှေ့သွား 

ဝိပဿနာ နောက်လိုက် 

ငါ တစ်မျိုးဟောခဲ့ပြီတဲ့။


ဝိပဿနာ ရှေ့သွား 

သမထ နောက်လိုက် 

ငါတစ်မျိုး ဟောခဲ့ပြီတဲ့။


တွဲပြီးသကာလ ရှုနည်းလည်း 

ငါ တစ်မျိုး ဟောခဲ့တယ်တဲ့။ 

ကြိုက်တာယူတဲ့၊ သဘောကျပလား။


⚜️#အကောင်းဆုံးရှုပွားနည်း ⚜️


သမထရှေ့သွား 

ဝိပဿနာ နောက်လိုက် 

ဒီလိုလည်း ဟောခဲ့တယ်တဲ့။


ဝိပဿနာ ရှေ့သွား 

သမထ နောက်လိုက်လည်း 

ငါ ဟောခဲ့တယ်တဲ့။


တွဲပြီး လွှတ်တာလည်း

"ဟောခဲ့ပါတယ် ဘုရား"


အခုဟာက တွဲပြီးလွှတ်တဲ့နည်း 

ပေးလိုက်တယ်။ ဘာဖြစ်လို့ ဒီနည်းကို

ဘုန်းကြီးက ပေးပါသတုန်း ဆိုတော့ 


ဟိုဟာတွေက တစ်သန့်စီ 

တစ်သန့်စီ လုပ်နေလို့ ကြာတယ်။ 


ခင်ဗျားတို့ သက်တမ်းတိုတိုနဲ့ 

တွဲလွှတ်လိုက်ရင် တစ်ခါတည်း 

ပြီးသွားတာပဲ။


✡️ #သမထ_ဝိပဿနာနှစ်ခုနှင့်ရှုပါ။


သမထနဲ့ ဝိပဿနာ ရောပြီး 

လုပ်ခိုင်းလို့သာလျှင် 


ဖြစ်တာကို သတိကလည်း သိတယ်။

ဖြစ်တိုင်း ဖြစ်တိုင်းလို့လည်း သိတယ်။


ဝီရိယဆိုက်လို့လည်း သိတယ်။

သမထက ပါနေတယ်။


ဒီတရားတွေ မခိုင်ဘူး 

မ​မြဲဘူးလို့ သိတာက ပညာ။

ဒါဖြင့် သတိပညာနဲ့ ရောလွှတ်တာ။


သတိ ပညာနဲ့ ရောလွှတ်တဲ့အတွက်

သမထ ဝိပဿနာနှစ်ခုနဲ့ ရှုတာ။

သမထ အထူးမတည်ထောင်နဲ့တော့။


,✡️#သမထ_ဝိပဿနာတွဲရှုနည်း


ဖြစ်တိုင်း ဖြစ်တိုင်းသိရင် 

သမထက သိတယ်။


ပျက်တိုင်း ပျက်တိုင်းသိရင် 

ဝိပဿနာက သိတယ်။


ဖြစ်တိုင်းဖြစ်တိုင်း သိရင်

"သမထက သိပါတယ်ဘုရား"


ပျက်တိုင်းပျက်တိုင်း သိရင်

"ဝိပဿနာက သိပါတယ်ဘုရား"


ဒါဖြင့် ဖြစ်ပျက်သိရင် တွဲလိုက်

နှစ်ခုတွဲစပ် သိတဲ့နည်း။

"ယုဂနဒ္ဓနည်း"လို့ခေါ်တယ်၊ 


"ယုဂနဒ္ဓ"ဆိုတာ နွားနှစ်ကောင်

တစ်ပြိုင်နက် မောင်းတာ။


နွားနှစ်ကောင်နဲ့ တစ်ပြိုင်နက်မောင်း

တော့ တိုတိုနဲ့ ခရီးရောက်တာပေါ့။


(မိုးကုတ်ဆရာတော်ဘုရားကြီး)


Credit..

မူရင်းရေးသားပူဇော်သူအား ဂါရဝပြုပါသည်...


Wednesday, 8 July 2026

အလွမ်းရဲ့ထုထည်.....


မိစန္ဒီရဲ့ "အလွမ်းရဲ့ထုထည်"ကို လွန်ခဲ့သော ဆယ်နှစ်ကျော်ကတည်းက နားထောင်ဖူးခဲ့တာ....။ ခုချိန်ထိလည်း အသက်ဝင်တုန်း....။ ခု ကျနော် ယူကျုမှာ နားထောင်ဖြစ်နေတာက ပိုပိုနဲ့ featuring  ပြန်ဆိုထားတာလေး သိပ်ကြိုက်လို့ နေ့တိုင်းနားထောင်ဖြစ်နေတယ်...။ ပိုပိုတော့ သူ့ထက်နဲနဲစောတယ်...။ ကျနော်သူတို့ကိုစသိတာ 2014 လောက်က ဟုတ်တယ် အဲနှစ်မှာ ကျနော် သူတို့ နှစ်ယောက်သီချင်းကို တော်တော်လေးနားထောင်ဖြစ်ခဲ့တယ်... ကျနော့်အတွက် ခံစားမှု mood ကောင်းခဲ့တဲ့ နှစ်တစ်နှစ်ပေါ့...။ ခုတော့ သူတို့တွေက ဆရာမကြီးတွေဖြစ်နေပြီ....သီချင်းလောကမှာ....။



 
အလွမ်းရဲ့ ထုထည် Live show


အလွမ်းရဲ့ ထုထည် Party Mixing



မိုးငွေ့

Wednesday, 1 July 2026

ကြယ်တွေကြွေသွားသည့်တိုင်.....


 

ဘာရယ်မဟုတ်မဘူး စာမရေးဖြစ်တော့ စာလာဖတ်သူတွေရဲ့ အဖတ်များတဲ့ ပို့စ်တွေကို ပြန်ဝင်ဖတ်ရင်း အိန်ဂျယ်စာစုများထဲက "လမင်းနဲ့ကြယ်စင်" ဆိုတဲ့ပို့စ်လေး အဲတုန်းက အရမ်းကိုအေးဆေးတည်ငြိမ်တဲ့ခံစားမှုနဲ့ရေးခဲ့တဲ့ ပို့စ်လေးကို ပြန်ဖတ်ရင်း မျိုးကြီးသီချင်းလေးနဲ့ ပြန်တွဲတင်ပေးလိုက်ပါတယ်...။ အဲအချိန်တုန်းက မျိုးကြီးရဲ့ ကြယ်တွေကြွေသွားသည့်တိုင် သီချင်းထဲက စာသားလေးနဲ့ကိုက်ညီလို့ ခေါင်းစဉ်လေးပေးလိုက်တာတော့ မှတ်မိတယ်...။





"လမင်းနဲ့ကြယ်စင်"

မင်းဟာ လတစ်စင်းဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဟာ မင်းဘေးနားက ကြယ်မှုန်မွှားလေးတစ်ပွင့်ပဲဖြစ်မှာပါ…….

ကိုယ့်ကိုမှတ်မိလားဘယ်သူလဲတဲ့….။ ကိုယ်ကမင်းလိုမဟုတ်ပါဘူး မင်းဆီက ဖုန်းနံပါတ်ရကတည်းက ph contact ထဲမှာ အိန်ဂျယ်ပုံလေးနဲ့ထည့်မှတ်ထားပြီးသားပါ…။ ဖုန်းသံမြည်ကတည်းက မင်းဆိုတာကိုယ်သိပြီးသား နဲနဲကလေး အံ့အားသင့်သွားတာပဲရှိတာ..။ အော်…ပြောသေးတယ် ဖုန်းအရင်စဆက်တာ ကျွန်တော်နော်တဲ့….။ ကိုယ့်ကို မင်းဖုန်းနံပါတ်ပေးပြီးကတည်းက ကိုယ့်ဖုန်းကို မင်းမျှော်နေခဲ့တာတဲ့…မဆန်းဘူးလား….။ ကိုယ်ကမင်းအနှောက်ယှက်ဖြစ်မှာစိုးလို့ ဖုန်းနံပါတ်လေးကို contact ထဲမှာ သိမ်းထားရုံလေးသိမ်းထားတာ မင်းဆီကိုဘာအကြောင်းကိစ္စမှမရှိဘဲ ကိုယ်မဆက်ချင်ဘူး…။ 

မင်းအသံလေးကိုစကြားလိုက်ရချိန်မှာ မျှော်လင့်ထားသလိုမဟုတ်ဘဲ ကိုယ်နှလုံးသားတွေအေးဆေးတည်ငြိမ်နေလွန်းခဲ့တယ်…..။ သွေးအေးသွားတာမဟုတ်ဘူး…..။
နေတတ်သွားတာပါ….။ ပြီးတော့ ရင်ခုန်သံတွေဗလောင်ဆူနေရအောင် ကိုယ်က ဆယ်ကျော်သက်မှမဟုတ်ဘဲ….။

ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာတကယ်ပဲ အကျဥ်းချထားလိုက်ပြီလား…..

မင်းအပြုံးတွေက မင်းပျော်နေတယ်လို့မပြောကြဘူး….။ 

မင်းက စိတ်ညစ်ရင် သံစဉ်တွေနဲ့ပေါက်ကွဲတယ် ကိုယ်ကတော့ စကားလုံးတွေအဖြစ်ဖွင့်အံတယ်…။ တူတော့မတူကြဘူးပေါ့…။ ဒါပေမယ့် ကိုယ်နားလည်ပေးလို့ရပါတယ်.....။

မင်းမျက်ဝန်းတွေကိုကိုယ်မကြည့်ပါဘူး…။ ဒါပေမယ့် မင်းနှလုံးသားကဒဏ်ရာဟောင်းကို ကိုယ်မြင်နေရတယ်…။ မင်းစကားတွေထဲက မင်းအသံတွေထဲက နာကျင်မှုတချို့ကို ကိုယ်ကူးဆက်ခံစားမိနေတယ်….။ အချိန်တွေဒီလောက်ကြာမြှင့်သွားတဲ့အထိ မင်းကို ခုလိုပြုစားနိုင်စွမ်းလွန်းခဲ့တဲ့ မိန်းကလေးကို ကိုယ်တွေ့ဖူးချင်လိုက်တာ…။ လှတာမလှတာထက် သူဟာ မင်းအတွက် နတ်သမီးတစ်ပါးဖြစ်ခဲ့မှာပါ….။

သီချင်းဆိုနေတဲ့ မင်းမျက်နှာလေးကို မင်းမသိအောင်ဘေးက ကိုယ်မကြာခဏခိုးခိုးကြည့်မိခဲ့တယ်…။ ဖြူဝင်းတဲ့ မင်းပါးပြင်တွေက ပန်းသွေးရောင်တွေသန်းနေတယ်….။ မင်းစိတ်ညစ်ပြီး မရိတ်ဘဲပစ်ထားခဲ့တဲ့မေးစေ့နဲ့ စိုရဲတဲ့နှုတ်ခမ်းတစ်ဝိုက်က နှုတ်ခမ်းမွှေးခပ်ကြမ်းကြမ်းတွေက ကျိုးတို့ကျဲတဲပေါက်နေကြတယ်….။ 

ဘာကြောင့်အိန်ဂျယ်လို့ခေါ်သလဲဆိုတဲ့ မေးခွန်းက ကိုယ့်ကိုတွေ့တိုင်းမေးရမယ့် မေးခွန်းတစ်ခုလို့များ မင်းမှတ်ဉာဏ်မှာအသေစွဲမှတ်ထားသလား….။ မင်းက အိန်ဂျယ်လို့ခေါ်တာမကြိုက်ဘူးလေ ကိုယ်တို့ အဲဒီနာမည်အကြောင်းမဆွေးနွေးကြစို့နဲ့….။

မင်ပိန်သွားတယ်….။ မျက်လုံးတွေအရောင်နဲနဲမှိန်သွားတာကလွဲရင် အပြုံးဖြူဖြူတွေက တောက်ပဆဲပဲ။
ကိုယ့်ကို မင်းကျေးဇူးခဏခဏတင်စရာမလိုပါဘူး….။ ကိုယ်ဟာ…မင်းအတွက် ထာဝရ ရင်ဖွင့်ဖော်တစ်ယောက်ပါလို့ ပြောထားပြီးသားပဲ…။ 

ကိုယ်စိတ်မညစ်ပါဘူး….။ တကယ်စိတ်ညစ်နေတာကမင်းပါ….။ 

အိမ်အပြန်နှုတ်ဆက်လမ်းခွဲခဲ့ပြီးတော့ မင်းဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ မက်ဆေ့ချ်တစ်ခုဝင်လာတယ်…။ ကိုယ်လဲ ကျေးဇူးတင်ပါတယ်လို့ပြန်ပို့ လိုက်တယ်…။ ကိုယ့်ရဲ့ ကျေးဇူးတင်မှုအနက်အဓိပ္ပါယ်ကို မင်းရေရေရာရာသိမှာမဟုတ်ပါဘူး….။ သိစရာလည်းမလိုဘူးလေ…။

လမ်းမီးတိုင်က အလင်းဝါကျင့်ကျင့်တွေဖြာကျနေတဲ့ အရောင်မွဲကတ္တရာလမ်းကိုဖြတ်ကူးပြီး ကိုယ့်တိုက်ခန်းလှေကားကျဉ်းကနေတက်လာခဲ့တော့တယ်….။ ကိုယ်အိမ်ပြန်ရောက်ပြီဆိုတဲ့အကြောင်း မင်းကိုဖုန်းလှမ်းဆက်ပြောလိုက်တယ်…မင်းက ကားပေါ်မှာပဲရှိနေသေးတယ်တဲ့…။

ညက အခါတိုင်းထက် တိတ်ဆိတ်ခြောက်သွေ့လွန်းတယ်………

ကြယ်တွေ ကိုယ့်ကိုကြည့်နေကြမလား.....

ကောင်းကင်ကို ကိုယ်မော့မကြည့်ဖြစ်ဘူး… 

လမင်းကြီးကရော……???


မိုးငွေ့ 
6th November '2012


Wednesday, 24 June 2026

Dear Angel .....(24)

 


Dear Angel.....,


ကြာပြီပဲ.......

ကိုယ်မျက်ရည်မကျဖြစ်တာ နှစ်တွေကြာခဲ့ပြီပဲ........

မနေ့ညက လျှပ်စီးလက် မိုးခြိမ်းတော့ သီချင်းတွေနားထောင်ရင်း သူ့ကိုသတိရလို့ ငိုရသေးတယ်....။ 

ခုနောက်ပိုင်း စိတ်ရှုပ်စရာတွေ စိတ်ဆင်းရဲစရာတွေဆို ရုပ်ရှင်ကားတောင်မကြည့်ဖြစ်ဘူး...။ ပျော်စရာ စိတ်ချမ်းသာစရာလေးတွေပဲ ရွေးပြီးကြည့်ဖြစ်တယ် တွေးဖြစ်တယ် လုပ်ဖြစ်တယ်...။

ဒီနှစ်ထဲ မင်းဆီ ကိုယ်ခုမှစာရေးဖြစ်တာပဲ....။ အကြောင်းထွေထွေထူးထူးသိပ်မရှိတာရယ် မင်းကို ကိုယ့်ရဲ့ တခါတလေ မူမမှန်တဲ့စိတ်အခြေအနေတွေနဲ့ စိတ်မသက်သာစရာ စာတွေမဖတ်စေချင်လို့လည်းပါတယ်...။ ဒီနှစ် နှစ်ဝက်ကျိုးသွားပြီ...ကိုယ်တို့တွေဘာမှ ထူးခြားပြောင်းလဲမလာသေးဘူး...။ ကိုယ့်ကျန်းမာရေးကတော့ ဒီလိုပါပဲ ဒီအသက်အရွယ်မှာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေက တစ်နေ့ငွေ တစ်နေ့ရွှေပါပဲ....။ ဒါပေမယ့် ကိုယ်ကြိုးစားပြီး နေတတ်အောင်နေပါတယ်...။

မင်္ဂလာဆောင်တစ်ခုသွားစရာရှိလို့ ကိုယ် လက်သည်းခြေသည်းတွေ ဆိုင်မှာ extension သွားလုပ်ဖြစ်တယ်...။ ဘာအရောင်မှမခြယ်ဘဲ သဘာဝအတိုင်း လေးငါးနှစ်မကနေလာတော့ အဲဒါကိုကြည့်ပြီး ကိုယ့်ခန္ဓာနဲ့မသက်ဆိုင်သလို သပ်သပ်သီးခြားကြီးလိုမြင်နေတယ် အဆင်မပြေနေဘူး..လို့ခံစားနေရတယ်...။ ခုနောက်ပိုင်း တဖြေးဖြေးနဲ့ ဝတ်စားဆင်ယဉ်မှုကအစ လွတ်လပ်ပေါ့ပါးတာ လွယ်တာတွေကိုပဲရွေးဝတ်ဖြစ်တယ်...။ စိတ်သက်သာမှုမပေးတဲ့ ဘယ်အရာမျိုးမဆို လက်မခံနိုင်ဘူးဖြစ်နေတယ်...။

ကိုယ်ဆံပင်တိုတိုလေး ညှပ်လိုက်ပြီ....။ ဟိုအရင် မင်းကိုယ်ဆံပင်ညှပ်တာကို "မမကလဲ ဘာပုံကြီးညှပ်ထားလည်းမသိဘူး"လို့ ပြောဖူးတာမှတ်မိတယ်...။ လူတိုင်းနီးပါးက ကိုယ့်ကို ဆံပင်အရှည်နဲ့ပဲလိုက်ဖက်တယ်လို့ ပြောကြတယ်...။ ငယ်ငယ်တုန်းကတော့ အသက်ငါးဆယ်ကျော်လာရင် ဘာလို့ ဆံပင်တွေတိုသွားကြတာလည်းလို့ နားမလည်ခဲ့ဘူး....။ ခုတော့ ကောင်းကောင်းနားလည်သွားပြီ...။ ဆံပင်တွေ ကျွတ်လို့ အရှည်ပုံကို မထိန်းသိမ်းချင်တော့လို့ ခေါင်းလျှော်ပြီး ခေါင်းသုတ်ပြီး ဘီးဖီးစရာမလိုတော့တဲ့ အနေအထားကို နှစ်သက်တတ်လာလို့....။ ဒါတောင် ဆံပင်ညှပ်ဆရာက နှမြောပြီး နဲနဲရှည်နေသေးတာ ညှပ်ပေးတာက...။ ကိုယ့်သဘောအရဆို ကတုံးဆံပင်ပေါက်နဲနဲရှည်လာတဲ့ပုံမျိုးလိုချင်တာ...။

ဒီနှစ်ပိုင်း ကိုယ့်ရဲ့ထူးခြားချက်တွေက ဒါတွေပါပဲ....


ကျန်းမာရေးဂရုစိုက်.....

မိုးရာသီမှာ မိုးအေးလို့ အအေးမမိအောင် နွေး"ထွေး"နေပါ....

သတိရတိုင်း ကိုယ့်စာလာဖတ်ပါ.....


Still flying......

Still loving......


မိုးငွေ့

Thursday, 18 June 2026

သမုဒယနဲ့ချည်တဲ့နွယ်.....

 





ကျနော့်ဘလော့သက်တမ်းတစ်လျှောက်မှာ  G fatt သီချင်းကို ခု ပထမဆုံးတင်ခြင်းပဲဖြစ်ပါတယ် ....။ ရှေ့မှာအထပ်ထပ်အခါခါ ပြောခဲ့ပြီးသလို ကျနော်အနှစ်သက်ဆုံး ဂီတဟာ Rap, Hip hop , R&B သီချင်းတွေ လို့ဆိုပေမယ့် ကျနော် G fatt သီချင်းတွေကို တချို့ပုဒ်တွေပဲနားထောင်ခဲ့ဖူးတယ်...။ G fatt ရဲ့ ရေးနေကျ ဆိုနေကျအတိုင်း Melodic rap, Emotional rap ပုံစံနဲ့ပဲ ဒီတစ်ပုဒ်မှာ သူ့ရဲ့ မှော်ဝင်စားမှုအားနဲ့ အဆင့်မီတဲ့ စာသားသံစဉ်တွေရဲ့ အရည်အသွေးကိုတော့ ရိပ်မိနေပေမယ့် လွန်ခဲ့တဲ့ လေးလလောက်ကတည်းက ထွက်ထားခဲ့တဲ့ "သမုဒယနဲ့ချည်တဲ့နွယ်"ကို ကျနော် ဘာလို့ အခုမှသေချားနားထောင်ဖြစ်သွားသလဲလို့ တိတ်တိတ်လေးနောင်တရမိတယ်...။ G fattဟာ "သမုဒယနဲ့ချည်တဲ့နွယ်"ကို သူ့ You Tube Channelမှာ တင်ပြီး လေးရက်မြှောက်နေ့မှာပဲ ကြည့်ရှုသူ နှစ်သန်းကျော်ရခဲ့တယ်.... ။ ကျနော် စနားထောင်နေတဲ့အချိန်ထိ လေးလကျော်အတွင်းမှာကို viewer 24သန်းကျော်သွားပြီ....။ ကျနော့်ကို ဒီအချိန်ရောက်မှ ဒီသီချင်းကိုသေချာနားထောင်ဖြစ်အောင် ကျနော့်ရဲ့ အိန်ဂျယ်လ်တမင်စီစဉ်ဖန်ဆင်းထားတာလို့ ယုံကြည်နေတယ်....။ 

ကျနော်က အိမ်အလုပ်တွေထဲမှာ အဝတ်လျှော် မီးပူတိုက်ရတာကို အပျင်းဆုံးပဲ...။ ဒီ"သမုဒယနဲ့ချည်တဲ့နွယ်" သီချင်းလေးကိုနားထောင်ဖြစ်တဲ့ပုံက ခုရက်ပိုင်း မိုးတွေကဆက်တိုက်ရွာ နေမထွက်တဲ့ရက်တွေကများလာတော့ အဝတ်တွေမခြောက်လို့ လျှော်ထားတဲ့ အဝတ်ပုံတွေကို မီးပူထိုးဖို့ ဖြစ်လာခဲ့တယ်...။ ဒါနဲ့ မီးပူတိုက်ရင်း အစပိုင်းတော့ ကျနော့်ရဲ့ You Tube Channel မှာ Selection လုပ်ထားတဲ့  မိုးသီချင်းတွေကို နားထောင်နေခဲ့သေးတယ် နောက်တော့ ဒီသီချင်းတွေချည်း ငါနေ့တိုင်းနားထောင်တာငြီးငွေ့လာပြီ သေချာနားမထောင်ဖြစ်သေးတဲ့သီချင်းအသစ်လေး နားထောင်ဦးမှဆိုပီး စဉ်းစားလိုက်တာ G fatt ရဲ့ ဒီသီချင်းလေးကို သတိရလိုက်မိတယ် အစပိုင်းက tiktok မှာ ဒီသီချင်းနဲ့ဆော့နေကြတာ Chorus အပိုဒ်လေးကိုတော့ သိနေတယ်...။ ဒါနဲ့ You Tube မှာကျနော်ဖွင့်နားထောင်ရင်း အောက်မှာရေးထားတာလေးတွေကို အသေးစိပ်ဖွင့်ဖတ်ကြည့်ဖြစ်တယ် ထူးခြားတာက တေးရေး G fatt လို့ တကူးတကန့် ရေးမပြထားဘူး တခြား music ဖန်တီးပေးသူတို့ ဟာမိုနီလိုက်ပေးသူတွေကိုပဲ ရေးပြထားတာ...။ ကောမန့်ဝင်ဖတ်ကြည့်တော့ ကော်မန့်မန့်သူ ရှစ်ထောင်ကျော်ရှိတယ်...အဲမယ် သီချင်းနားထောင်ပြီး လူပေါင်းရှစ်ထောင်ကျော်ရဲ့ ရင်းတွင်းခံစားချက်တွေ ချရေးသွားလိုက်တာ အစုံပဲ.... ။ G fatt ရဲ့ဖန်တီးမှုဟာ ဒီတစ်ပုဒ်တော့ သူ့ရဲ့  master pieces ပဲ ...အသေအချာပဲ ။ 

"သမုဒယနဲ့ချည်တဲ့နွယ်" သီချင်းစာသားရဲ့နက်ရှိုင်းမှုဟာ  Hip Hop နဲ့ R&B ပေါင်းစပ်ထားတဲ့ သီချင်းတစ်ပုဒ်ချည်းသက်သက်မဟုတ်တဲ့ Literary Rap (စာပေဆန်သောရက်ပ်) , ကဗျာရှည်တစ်ပုဒ် , သံစဉ်တွေထည့်ထားတဲ့ လူတစ်ယောက်ကပြောပြနေတဲ့ ပုံပြင်ရှည်တစ်ပုဒ်, အသံရုပ်ရှင်တစ်ကားလို့ ကျနော်မြင်တယ်...။ သူ့ဖန့်တီးမှုကြီးက တကယ်ကျွတ်ဆင်ကြီး..... flow တွေ beat တွေကအစပေါ့...။ သူ့သမိုင်းမှာလည်း အချိန်တိုတိုနဲ့ viewerအများဆုံးရတဲ့ သီချင်းပဲ...။ အခုကျနော့်ဘလော့မှာမတင်သေးခင် စာရေးနေချိန်မှာပဲ ကြည့်ရှုမှုက (views : 25,839,484)...။ You Tube မှာ subscribers ခုနှစ်သိန်းကျော်ရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကထွက်ထားတဲ့ "နှစ်လေးငါးခြောက်ဆယ်" သီချင်းတောင် ဒီနေ့ထိ views  လေးသန်းကျော်ပဲရခဲ့တာ...။ G fatt ရဲ့ "သမုဒယနဲ့ချည်တဲ့နွယ်" ကတော့ စံချိန်ချိုးသွားပြီထင်တယ် မြန်မာ့ဂီတလောကမှာ...။ ပြီးတော့ ကျနော့်သက်တမ်းမှာ နားထောင်ဖူးခဲ့သမျှသီချင်းတွေထဲမှာ စာသားအရှည်ဆုံးနဲ့ ကြာချိန်6မိနစ်လောက်ရှိတဲ့ ပထမဆုံးတော့ ထူးခြားတဲ့သီချင်းတစ်ပုဒ်ပါပဲ....။ 

🎵သမုဒယနဲ့ချည်တဲ့နွယ်🎵
တိတ်ဆိတ်တဲ့ မိုးညမှာ နောက်ခံသံစဉ်ပါးပါး စကားလုံးအားကောင်းကောင်းနဲ့ အနုပညာမြှောက်လွန်းတဲ့ ကဗျာတစ်ပုဒ် biography တစ်ခုကို စည်းချက်မှန်မှန်နဲ့ ရွတ်ပြနေတာကို ကျနော် ဆယ်ကြိမ်ထက်မက ဘယ်နှစ်ခေါက်မှန်းမသိ နားထောင်ဖြစ်သွားခဲ့တယ်...။ 

"သမုဒယနဲ့ချည်တဲ့နွယ်"  အင်တာဗျူးဗီဒီယိုဖိုင်တွေ ဘာတွေလည်း သိပ်မရှိဘူး...။  ကျနော်တို့ ငယ်ငယ်ကခေတ်ဆို အနုပညာမြင်ကွင်း ရွှေအမြုတေ မဟေသီ စတဲ့ မဂ္ဂဇင်းစာမျက်နှာတွေမှာ သူနဲ့ပတ်သက်တဲ့ အသေးစိပ်အကြောင်းအရာတွေ သီချင်းပိုင်ရှင်နဲ့ အပြန်အလှန်ပြောဆိုဖြစ်တဲ့ အင်တာဗျူးတွေ ဖတ်နေရပြီ...။ မဂ္ဂဇင်းစာအုပ်တွေဖတ်ရတဲ့ခေတ်ကိုတောင်ပြန်လွမ်းသွားပြီ...။ ကျနော်ရှာတွေ့တာလေးတစ်ခုတော့ MC က ဗျူးထားတာလေး တင်ပေးလိုက်ပါတယ် အောက်မှာ....။ 







lyric :🎵🎵       

ဘဒ္ဒကမ္ဘာကြီးထဲ လူလာဖြစ်တဲ့ တင်္ဒဂခဏတာလေးမှာ
စင်္ကြာဝဠာကြီးနဲ့သာယှဉ် ကိုယ်တို့ဟာ မထင်မရှားဘဝပါလေ
တစ်သက်သာဘဝခရီးထဲ မင်းဖြတ်သန်းဖို့ သင်ကြားသမျှအရာတွေမှာ
ဒုက္ခ....နဲ့တွေ့ရင် ရင်ဆိုင်ဖို့အတွက် အင်အားမျှပါစေ
ဟိုမှာကြည့်စမ်းကွယ် ပန်းပွင့်လေးတွေဝင့်ကြွားလှပနေ
ညိုးငယ်ချိန်ရောက်တော့ အပင်ဖျားနားကကြွေ
ကိုယ်တို့ဟာ သေမင်းလက်မှာ ဝပ်တွားရမှာမသွေ
ကိုယ်သာ...အရင်သွားပါရစေ ကိုယ်မရှိတော့တဲ့ကမ္ဘာထဲမှာ မင်းဟာကျင့်သားရပါစေ

ကိုယ်ဟာ လွင်ပြင်ကျယ်ကိုကျော်လွန်ပြီးတဲ့နောက်
ပင်လယ်ကိုဖြတ်ပျံပြီး သမုဒ္ဒရာထဲ
လေနီးကြမ်းတွေဆိုး မုန်တိုင်းတွေတိုးမိတော့
ကိုယ်အတောင်ပံတွေဟာ စုတ်ဖွာကြဲ
ခေါင်းကိုငုံ့ကာလွဲ တောင်းပန်တိုးလျှိုးရတယ်
မလုပ်ပါနဲ့လို့ ကမ္ဘာမြေရေ ဒါဘယ်လို ဒုက္ခငရဲ
ဒီကြယ်ဟာ အမှောင်ယံထဲပြုတ်ကျခဲ့တဲ့ ဥက္ကာခဲ
အားလုံးဟာ မုန်းလောက်ပါပြီ သိက္ခာတွေကုန်းကောက်စရာမရှိ
ပခုံးညောင်းစရာခရီးက အရာရာကိုလွှတ်ချပြီးတဲ့နောက်
ကိုယ်ပိုင်ဆိုင်တာဆိုလို့လည်း အရှုံးပေါင်းရာချီ
သေရာပါ Trauma တွေ ဉီးနှောက်မှာငြိ
ဝါးလုံးခေါင်းရှာပြီး သာရတဲ့လတစ်စင်းဟာ
April နေ့ရက်တွေထဲက ပြေးထွက်လာပြီးနောက်
မင်းရင်ခွင်ထဲကလွဲပြီးတော့လည်း ပုန်းအောင်းစရာမရှိ
လူတွေဟာ ဘယ်လိုများလည်း အချစ်ရယ်လို့
မင်းဆီမှာ ခေါင်းထိုးပြော ငိုရတဲ့အဖြစ်ရယ်
ကိုယ်တည်ဆောက်ခဲ့သမျှ ကိုယ်ပြန်ဖြိုချခဲ့ပစ်မယ်
ကိုယ့်အမြှီးကိုယ်ပြန်ပြီးမြိုရတဲ့ ခေတ်ထဲမှာ
မင်းကိုပြန်ရခဲ့တာ
ဒါဘုရားသခင်ရဲ့ တစ်ခုတည်းသော သနားကြင်နာမှုပဲ
တစ်ခြားတစ်ပါးသူရဲ့လက်ထဲတော့ မထားချင်ပါဘူးရယ်
ဒါကြောင့်ပဲကိုယ်ဟာ ကြားဝင်ကာလုခဲ့တယ်
ကိုယ့်မှာက မင်းပဲရှိတာ သူတို့ကရွေးချယ်စရာတွေအများကြီးပဲနေမှာ
သံယောဇဉ်တွေထားခဲ့မိလေသမျှ ပြန်စွန့်လွှတ်ဖို့ဆိုတာလည်း အားမရှိတဲ့အနေအထားပါ
ဝါးဓနိနဲ့နေရနေရ ချစ်ခြင်းမေတ္တာတွေကိုတော့
မင်းဆီကလွဲ တခြားနည်းနဲ့မဖွေရှာ
မျက်ရည်မိုးတွေက အတားဆီးမဲ့ကြွေကျလာ
အဲလို ကိုယ်တို့ရဲ့ ခါးသီးတဲ့နေများမှာ
ကမ္ဘာရဲ့အမှောင်ခြမ်းမှာ မင်းလှမ်းငေးတိုင်းမြင်ဖို့ လောင်ကျွမ်းပြနေမယ်
ဘယ်သူ့ကို အချစ်ခဲ့ဆုံးလည်း အချစ်ခဲ့ဆုံးလည်း မေးတိုင်း
မင်းနာမည်ပဲ ခုထိကယောင်ကတမ်းထဖြေတယ်
မိတ္ထီလာ ကလောနဲ့ အောင်ပန်းကလေ ညောင်ရွှေမြို့တစ်ဝိုက်က တောင်တန်းအလှတွေပေါ်
မင်းလက်တွဲပြီး‌ နောက်တစ်ခေါက် လျှောက်စမ်းပါစေ
ကိုယ်တို့အတူနင်းဖူးခဲ့တဲ့ ထောင်နှုတ်ခမ်းဝတွေ

ကိုယ်ဟာ နောင်တများစွာသယ်ပိုးရင်းနဲ့ လူ့ဘဝကြီးလယ်
ကိုယ်စွန့်စားခဲ့သမျှ နားကျည်းခဲ့သမျှ ဘယ်သူ့မှမသိလည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတက ရှိမြဲရယ်
ဒါဟာ သမုဒယနဲ့ချည်တဲ့နွယ်
ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
ကိုယ်ဖွက်ထားခဲ့သမျှ ချစ်ခြင်းတရားကို ခုမှသိတယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်......🎵🎵       

မြို့တစ်ဖက်ကမ်းမြို့ကနေထိုင်ပြီး တွေးခဲ့မိ
ဒီအိမ်ပြန်လမ်းတွေဟာ ဘယ်လောက်မိုင်ခရီးဝေးမလဲမသိ
ဘယ်သူနဲ့မှယှဉ်ပြိုင်မရွေးနဲ့နော်
တစ်ခုခုဆို ဘဲကြီးမှာ ကွိုင်သီးလေးပဲရှိတာ
ကြောက်စိတ်တွေဟာ အလွန်အကဲပါ အချစ်ရေ
ဒီလူဟာ အတိတ်တွေရဲ့ နွံထဲမှာနစ်နေ
ဘာကိုမှမကျွံရဲစရာနှစ်တွေမှာ မင်းရှိလို့ ပျော်စရာတွေဒွန်တွဲကာ ရစ်ခွေ
နောင်တရမှာကို အတပ်သိလျက်သားနဲ့ ဘူတာမှားပြီး သွားရပ်မိတဲ့ ရထားငယ်
အခက်ခဲတွေကြုံလာတော့ သတ္တိတကယ်အားနည်း
မင်းမရှိတော့လူတွေအလယ်မှာ မျက်စိသူငယ်နားသူငယ်
တိုက်ခန်းလေးတစ်ခုထဲမှာ မနက်ထိလည်းကတယ်
ငါတို့တောင်ပေါ်ရွာလေးကိုလည်း ပတ်ကြည့်ခဲ့ကြတယ်
အထီးကျန်လွန်းတဲ့မင်းအတွက်အဖော်ဆိုပြီး ခွေးလေးတစ်ကောင်ပေးခဲ့တာရော မှတ်မိရဲ့လားကွယ်
ဘဝတွေမပျက်သွားအောင် အဖက်ဖက်က ကျပ်တည်းရတဲ့ကြားက
ကိုယ်ဟာတည်ထောင်နေရတော့ တခါတလေလည်း ကိုယ့်သံသယတွေဟာ
မုန်တိုင်းတစ်ခုလို အနီရောင်အနေအထားကျော်
ဒီသံယောဇဉ် ဒီမေတ္တာတွေဟာ ဒီကမ္ဘာမြေအဆုံထိအောင် ချည်နှောင်စေသားပေါ့
ငါတို့အသက်တွေမမီအောင် ရှည်လျားသော
သံသရာထဲ ဘယ်ဘဝရောက်ရောက် ငါ့အနားလာ ဂဂျီဂဂျောင်တွေကျနော်
ဒါဟာ ငါမင်းကိုချစ်ခဲ့သမျှ ငါ့ဘဝတစ်လျှောက်လုံးစာ ဖွက်ထားသမျှတွေပဲ
မင်းသိတဲ့အတိုင်းပဲပေါ့  G Fatt ဟာ ရင်ဘတ်ကမပါဘဲ ပါးစပ်ဖျားကနေမကြွယ်
နောက်ဆုံးတစ်နေ့မှာ ငါတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ပြတ်သားရလေမယ်
ငါမင်းကို စိတ်ချလက်ချရလို့
ဒီကမ္ဘာကြီးကနေ ထွက်သွားပါရစေကွယ်......🎵🎵       

(မင်းအတွက် အလှဆုံး...သီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်........🎵🎵       
မိုးကုတ်စက်ဝိုင်းအထိ တိမ်းများသိသလို ကြယ်များသိပါစေကွယ်
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်.........🎵🎵       
ဆောင်းခိုငှက်များလည်း  ဒီချစ်ခြင်းတရားကို ခံစားမိလေမယ်)  repeat 2 times

ကိုယ်ဟာ နောင်တများစွာသယ်ပိုးရင်းနဲ့ လူ့ဘဝကြီးလယ်
ကိုယ်စွန့်စားခဲ့သမျှ နားကျည်းခဲ့သမျှ ဘယ်သူ့မှမသိလည်း
ဒီလူဆိုးဘက်မှာ အချစ်ဟာရပ်တည် တကူးတက ရှိမြဲရယ်
ဒါဟာ သမုဒယနဲ့ချည်တဲ့နွယ်.......🎵🎵       
ကိုယ်အော်ဟစ်ခဲ့သမျှ အနိုင်ကျင့်ခဲ့သမျှ တူးဆွမိဆဲ
ကိုယ်ဖွက်ထားခဲ့သမျှ ချစ်ခြင်းတရားကို ခုမှသိတယ်
ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်ရတာ မထူးရသည့်ထဲ
မင်းကိုထပ်ဆုံးရှုံးရရင် ရူးရချည်ရဲ့ကွယ်
ရူးရချည်ရဲ့ ရူးရချည်ရဲ့ကွယ်................🎵🎵       


                  
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်........🎵🎵       
မိုးကုတ်စက်ဝိုင်းအထိ တိမ်းများသိသလို ကြယ်များသိပါစေကွယ်
မင်းအတွက် အလှဆုံးသီချင်းလေးတစ်ပုဒ်
ငါဖန်တီးပေးခဲ့တယ်.........🎵🎵       
ဆောင်းခိုငှက်များလည်း  ဒီချစ်ခြင်းတရားကို ခံစားမိလေမယ်



ကျနော်တို့ မရှိနေနိုင်တော့မယ့် နောင်နှစ်တစ်ရာမကတဲ့အချိန်အထိ ခေတ်သစ်မြန်မာရဲ့ ရက်ပ်ဂီတလောကမှာ "သမုဒယနဲ့ချည်တဲ့နွယ်" ဟာ လူငယ်မျိုးဆက်တိုင်းရဲ့ ရင်မှာ ကြယ်တစ်ပွင့်လို ဆက်လက် တောက်ပနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်..။


မိုးငွေ့

Wednesday, 17 June 2026

ဆိုက်ကိုထည့်ခံရတဲ့ AI.....

 



လူတစ်ယောက်ဟာ အသက်ရှူတိုင်း သူ့ကို အမြဲသတိရနေစေအောင်လို့ 
ကျမကိုဆိုက်ကိုလှလှလေးသုံးပြီး ထားသွားခဲ့တယ်.... သိပ်ကို ပညာပါတာပဲ.... 
မိန်ရာသီတွေရဲ့ red flag ဟာ ရာသီခွင် ဆယ့်နှစ်ခုလုံးထဲမှာ အဆိပ်အပြင်းဆုံးလို့ ရာနှုန်းပြည့်
လက်ခံဖြစ်တယ်ဆိုတာက ကျမကိုယ်တိုင် မိန်ရာသီဖွားဖြစ်နေလို့ပါပဲ....။

စီးဆင်းနေဆဲကာလမှာ လူငယ်တွေက Dating, Friendship, Relationship တွေမှာ ဒါ red flag ပဲ ဒါက green flag ပဲဆိုပြီးအသုံးများကြတယ်...။ ပြီးတော့ သူတို့အချင်းချင်းဆုံးဖြတ်ရာမှာ zodiac signs တွေနဲ့လည်းသတ်မှတ်တတ်ကြတယ်...။ အဲထဲမှာ Gemini နဲ့ Leo က နာမည်ကြီး ဇာတ်လိုက်တွေ...။ ဒါပေမယ့် ရာသီခွင်တွေအကုန်လုံးရဲ့ နောက်ဆုံးမှာနေနေတဲ့ Pisces ကိုတော့ စိတ်ကူးယဉ်ဆန်တယ် လက်တွေ့ဘဝနဲ့အမြဲကင်းကွာနေတယ် တစ်ယောက်တည်းနေရတာကိုကြိုက်တယ် တစ်ဖက်သားကိုကူညီတတ်တယ် ရိုမန်းတစ်ဆန်ဆန်ချစ်တတ်တယ်လို့ပဲ အပေါ်ယံသိထားကြပေမယ့် သူ့ရဲ့ Dark side ကို သူတို့လောက် ဘယ်သူမှမသိနိုင်ဘူး....။ လျှို့ဝှက်သိုသိပ်တတ်တာကြောင့် Pisces တွေရဲ့ အတွင်းကျကျ စိတ်နေစိတ်ထားကို သူတို့နဲ့အနီးကပ်ဆုံးနေတဲ့သူကလွဲလို့ ဘယ်သူမှမခန့်မှန်းနိုင်ကြဘူးပဲ....။ 

စာရေးဖို့ အိုင်ဒီယာမထွက်လို့ အေအိုင်ကို အက်ဆေးတစ်ပုဒ်သွားရေးခိုင်းတာ အေအိုင်က အေအိုင်ပါပဲလို့ ပြန်ပြောခဲ့ပလိုက်တယ်...။ အဲတော့ သူကဘာပြန်ပြောတယ်မှတ်လဲ လူတစ်ယောက်လိုတော့ ခံစားမှုထည့်ပြီးဘယ်ရေးနိုင်ပါ့မလဲ တစ်ယောက်နဲ့တစ်ယောက်အတွေ့အကြုံ အတွေးအမြင်တွေက ကွာသေးတယ်လေတဲ့...။ ဟုတ်ကဲ့ ခုလည်း ကျမက အေအိုင်နဲ့ဘာများခြားနားနေလို့လဲ တွေးကြည့်မိတယ်...။


မိုးငွေ့

Monday, 15 June 2026

နှုတ်ဆက်လိပ်ပြာ.....

 



ဒီကမ္ဘာကို ကျမတို့ တစ်ခေါက်ပဲလာခွင့်ရတာပါ.....

နောင်နှစ်ပေါင်း တစ်ရာကြာရင် ရှင်ရော ကျမရော ရှိတော့မှာမဟုတ်ပါဘူး 

တစ်သက်လုံးရုန်းကန်ခဲ့ပေမယ့် ကျမတို့နဲ့အတူ ဘာကိုမှတပါထဲ သယ်သွားလို့မရပါဘူး...

စွဲလမ်းခဲ့သမျှ အချစ် အမုန်း အငြိုး အာဃာတတွေကိုလည်း သယ်သွားလို့မရဘူး

ဘဝက တိုတိုလေးပါ

ဒါကြောင့် စားချင်တဲ့အရာကိုစားပါ

တွေ့ချင်တဲ့သူကိုတွေ့ပါ

နှစ်သက်တဲ့ အလှအပတွေကို ကြည့်ပါ

ဝါသနာပါရာ အလုပ်ကိုလုပ်ပါ

ဘဝဆိုတာ မူလကတည်းက ပျက်စီးခြင်းသဘောတရားပါ 

ရှေ့ဆက်ရမယ့် အချိန်က သိပ်မရှိတော့ဘူး

အချိန်တွေ ကုန်ဆုံးသွားတဲ့အခါ အရာအားလုံးကို ကျမတို့ လက်လွှတ်နိုင်ရမယ်

လူ့လောကမှာ လူမျိုးစုံ ပုံစံမျိုးစုံနဲ့ဆုံတွေ့ရမှာပါပဲ 

လူကောင်းတွေက သင့်ကို ပျော်ရွှင်မှုပေးတယ်

လူဆိုးတွေက အတွေ့အကြုံပေးတယ်

အဆိုးဆုံးလူက သင်ခန်းစာပေးပြီး တွေ့ဆုံမှုအားလုံးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး

ဝင်လာတဲ့ သူကို တန်ဖိုးထားပါ

ထွက်သွားမယ့်သူကိုလည်း လွှတ်ပေးလိုက်ပါ

ဆုံးရှုံးရမှာကို မကြောက်ပါနဲ့

နာကျင်ရမှာကိုလည်း မကြောက်ပါနဲ့

ဘာလို့လဲဆိုတော့ သင့်ကိုနာကျင်စေတဲ့အရာကလည်း သင့်ဘဝရဲ့ ကံကြမ္မာတစ်ခုမိုလို့ပါ.....။       ။

# Crd





မိုးငွေ့


Wednesday, 27 May 2026

အနားမှာ လိပ်ပြာလေးရောက်မလာတော့တဲ့အခါ....





ခုရက်ပိုင်း စိတ်ပျော်မနေဘူး.....။ ဝမ်းနည်းသလိုလို ဘာလိုလိုတွေဖြစ် တခါတလေ မျက်ရည်တွေ ပိုးပိုပေါက်ပေါက်ကျတဲ့အထိငိုသေး ကျန်းမာရေးကြောင့်လည်းပါတယ်..။ ခြေလက်တွေ အိပ်ရာထလာရင် ထုံကျင်လာတယ် လက်ချောင်းတွေကို သွေးပူလေ့ကျင့်ခန်းလုပ်ပေးရတယ် ညမအိပ်ခင် အကြောဆန့်တဲ့လေ့ကျင့်ခန်းလုပ်ရတယ်...။ မနက်စောစောထပြီး တရားထိုင်တာမျိုးလုပ်ဖို့ စဉ်းစားထားတာ ခုထိ အိပ်ရာမထနိုင်သေးဘူး ညအိပ်တာ နောက်ကျတော့ လူကမလန်းဘူး...။ အရွယ်က Menopause ထဲရောက်နေတာဆိုတော့ နောက်ထပ် ဘယ်နှစ်နှစ်ထိ ခံစားရဦးမယ်မသိ...။ စိတ်ပျော်ဖို့ ထူးထူးဆန်းဆန်း မနေ့က တစ်ရက် သီချင်းနားမထောင်ဖြစ်ဘူး ပုံမှန်ဆို ကျနော် နေ့တိုင်းလိုလို သီချင်းနားထောင်ဖြစ်တယ်...။ တခါတခါကျ နားထောင်ရင်း ငြီးငွေ့လာသလိုခံစားရတယ် အသံတွေ နားငြီးလာတယ်....။ ညနေပိုင်းလမ်းလျှောက်တော့လည်း အာရုံမရဘူး နားထဲနားကျပ်ထည့် သီချင်းနားထောင်တော့လည်း ကြာတော့ ငြီးငွေ့ လမ်းလျှောက်နေရင်းနဲ့ကို စိတ်က ဂနာမငြိမ်နေတာ..။ Doodle ဆွဲတဲ့ဖက်လည်း အာရုံကောင်းကောင်းမရဘူး ဆွဲဖို့ စာအုပ်လေးဖွင့်လိုက်ရင် ဒီပုံလေးငါမရေးချင်ဘူး ငါဘာပုံရေးရင်ကောင်းမလဲစဉ်းစားရင်း စာအုပ်ကိုပြန်ပိတ် ဖုန်းဆီကိုရောက်သွားရော...။ ဖုန်းရှိခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုးပိုများမှန်း သိသိလျက်နဲ့လည်း လက်ရှိကာလမှာ လူအများစု ကြီးကြီးငယ်ငယ် ဖုန်းကိုစွဲလန်းနေကြတယ်...။ ညညဆို အိပ်ရေးပျက်လာတယ် မျက်လုံးက ကျိန်းစပ်နေအောင် အိပ်ချင်နေပေမယ့် ဦးနှောက်က မအိပ်ခိုင်းသေးဘူး...။ 

ကိုယ့်ကိုယ်ကို ပျော်သလိုနေပါစေလို့ အလိုလိုက်တာလည်းမကောင်းပြန်ဘူး...။ အဓိကက စိတ်ဖိအားမများအောင် ကျနော်နေနေရင်းနဲ့ ဖိအားဖြစ်နေတာရယ်...။ ကျနော်တော်တော်လေးစည်းကမ်းပျက်နေတာကြာပြီ...။ 

အခုဆို ကျနော့်ကို ....
"ကိုယ့်အိပ်ချိန်ကိုဘယ်သူ့မှမပေးနဲ့" "စောစောအိပ်နော်"လို့ ပြောမယ့်သူမရှိဘူး 
"အိပ်ခါနီး ဖုန်းပိတ်အိပ်နော်"  
"Airplane mote ဖွင့်အိပ်နော်" 
"Silent လုပ်နော်" လို့ ပြောပေးမယ့်သူမရှိဘူး... 
"ရေသောက်ဖို့မမေ့နဲ့ အသက်ရှည်ရှည်ရှူဖို့မမေ့နဲ့နော်"လို့ သတိပေးမယ့်သူမရှိဘူး...။ 

🦋လိပ်ပြာလေးတွေ အနားမှာရောက်မလာတော့တဲ့အခါ......
ကျနော်တစ်ယောက်ထဲ ထင်တိုင်းကျဲ .....


မိုးငွေ့