Wednesday, 30 December 2009

ဒီဇင္ဘာ

ချယ်ရီပွင့်တွေလှိုင်ဝေ နှင်းစက်တွေကြွေကျ အေးမြတဲ့ရာသီ ပီပီပြင်ပြင်သာယာ အဲဒါ ဒီဇင်ဘာလို့ခေါ်သတဲ့ သူ့မှာ... တွေး၍ပျော်စရာ မွေးနေ့တော်ဆိုတဲ့ပွဲ Christmas လဲရှိတယ်.. သူ့မှာ... ရာသီစက်ရဲ့နောက်ဆုံး ပြုံးပျော်ကြည့်နူး ပီတိလူးမယ့် ထူးခြားတဲ့ပွဲ New Year လဲရှိတယ်.. သူ့မှာ... ချစ်ခြင်းတွေသိမ်းပိုက် မှောင်မိုက်တဲ့ ညတွေရှင်း အလင်းတွေဆောင်ယူ တူညီတဲ့စိတ်တွေထားဖို့ လူသားတို့ကိုလမ်းညွှန် မွန်မြတ်တဲ့ စိတ်နှလုံး အားလုံးကျင့်သုံးလို့ နှစ်သစ်ကိုစတင် သူ့ရင်မှာ အစဉ်ထားတဲ့ အကြင်နာတရားလဲရှိတယ်.. ဒီဇင်ဘာရယ်.... ချစ်တယ်... ခင်တယ်... မြတ်နိုးတယ် (ဘာပဲဖြစ်ဖြစ်) မင်းထွက်သွားမယ့့်် သုံးဆယ့်တစ်ရဲ့ညမှာ တိတ်ဆိတ်မှုနဲ့....ငါ လေးစားစွာ ဦးညွှတ်လိုက်မယ်.... (အမည်မသိကဗျာဆရာ) ကဲ...ပျော်စရာကောင်းတဲ့ နှစ်သစ်ကလေးကို ကြိုလိုက်ကြရအောင် Happy New Year ပါသူငယ်ချင်းအားလုံးတို့

Happy New Year...

99'လက်ဆောင်
(အဲလက်စ်)အလွမ်းတွေနဲ့...ကိုယ်ရှာဖွေရဦးမယ်နှစ်သစ်ကူး...ရောင်နီရယ်...အလှဆုံးအချိန်... ကိုယ်မြတ်နိုးတဲ့.......မင်းလေးအနား...နေချင်တာထာဝရပဲပေါ့........အစောကြီးထဲက........အိပ်မက်မက်သူ ကိုယ်လန့်မနိုးရဲတော့........ အချိန်တန်ပြီဆို..... မင်းအဝေးထွက်ပြေးမယ် ကိုယ်သိလဲ...ဒါ..99' အတွက် မင်းရဲ့လက်ဆောင်ပဲ.............. (ထရေစီ)Chorus{နှောင်ကြိုးဖွဲ့.......ချစ်လို့....နောက်ဆုံးတစ်နေ့ထိတို့......သေချာအောင်...... စောင့်စားရင်းနဲ့ ကိုယ်ယုံကြည်ထားလိုက်ချင်တယ် နှောင်ကြိုးဖွဲ့.........သိပ်ချစ်လို့........................... နောက်ဆုံးတစ်နေ့ထိတို့ သေချာအောင် စောင့်စားရင်းနဲ့...ကိုယ်ယုံကြည်ထားလိုက်ချင်တယ်....အချိန်တန်ပြီဆို ကိုယ်တို့နှစ်ဦးဝေးမယ်ကြိုသိလဲ.........ဒါ...99'အတွက်တို့ရဲ့လက်ဆောင်ပဲ } (အဲလက်စ်) လူတွေပျော်ရွှင်.......ကိုယ်ကြိုမြင်နေ.......နှစ်သစ်တစ်ခုဆိုက်ရောက်......ကိုယ့်အတွက်ကျ အလွမ်းနှစ်ကူးချိန်လေး..............ကြယ်တွေစုံညီ.........ဒီအချိန်ကမ္ဘာဟာ.........သိပ်လှတဲ့ည လူသားတိုင်းမလွမ်းချင်တဲ့ည...... (Rapping)............နှစ်သစ်တစ်ခုအလွမ်းတွေနဲ့..............ကြိုဖို့ဖြစ်လာမလား................ချစ်သူက ငါ့ဆီများ....ပြန်ရောက်လို့လာဦးမလား...... ဒီညတော့မအိပ်တော့ဘူး ......အလွမ်းတွေနဲ့ငါ့မှာရူး........ ဒီသီချင်းလေးကို နားထောင်ပြီး ၁၉၉၉ ခုနှစ် ကနေ ၂၀၀၀ခုနှစ်အကူးကို အရမ်းလွမ်းမိတယ်။ အဲဒီတုန်းကကျမတို့ နှစ်သစ်ကို ချောင်းသာမှာ သူငယ်ချင်းဆယ့်တစ်ယောက်နဲ့ အတူသွားကြိုကြတာ....ဘ၀မှာ မှတ်မှတ်ရရပါပဲ...။ မီးရှုးမီးပန်းတွေဖေါက်ကြ မီးပုံပွဲမှာ အကင်တွေစားကြ သီချင်းဆိုကြနဲ့ပေါ့....သိပ်ကိုပျော်စရာကောင်းပါတယ်....။ အဲဒီတုန်းက ငယ်သေးတော့ လွတ်လွတ်လပ်လပ်ပဲ ပျော်ကြရွှင်ကြ အပူအပင် သိပ်မရှိကြနဲ့ပေါ့....။ ခုတော့ အလုပ်အကိုင်တွေနဲ့ ရှုပ်ထွေးပြီး ပျော်စရာတွေ့တာတောင် ငယ်ငယ်ကလောက် မပျော်တော့ဘူး...။ 99' လက်ဆောင်သီချင်းလေးက စာသားလေးလဲလှတယ်....သံစဉ်လေးကလဲ နားထောင်ရတာ အလွမ်းလေးနဲ့... ကျမက အလိုလိုနေရင်းလွမ်းတတ်တဲ့သူမို့ ဒီသီချင်းကို သိပ်ကြိုက်တယ်....။ နောက်ပြီးတော့ အဲလက်စ်အသံကိုရော ထရေစီရဲ့ ဆိုပေါက်လေးပါကြိုက်တယ်....။ Rapping ကတော့ ဘယ်သူလိုက်တယ်မသိဘူး...။ ခရီးသွားငါးယောက်ထဲက အဖွဲ့ဝင်တစ်ယောက်ယောက် ဖြစ်ပါလိမ့်မယ်...။ တေးရေး ကိုဆောင်းဦးလှိုင် နဲ့ အဲလက်စ် တစ်ယောက်ယောက်ဖြစ်မယ် ကျမသေချာမသိဘူး ....သီချင်းစာအုပ်ကလဲ ခုချိန်မှာရှာမရနိုင်လောက်ဘူး....။ ဆိုင်းပရပ်က အဖြူရောင်နတ်သမီးပန်းခင်းလေး၊ အလွမ်းမင်းသားလေး ညရဲ့ကောင်းကင်၊ ကဗျာနုနုလှလှလေးတွေ ရေးတဲ့ မိုးစက်၊ ဗာဂျီးနီးယားက ဗညား၊ ဟောက်ဆာဂျင်ကလေးသက်တန့်ချိုဏီလင်းညိုချမ်းလင်းနေနဲ့ ဂျယ်လီစားပြီး အမြဲတမ်း အသည်းကွဲနေတတ်တဲ့ ညီမလေး အနှိုင်းမဲ့ တို့ကို နှစ်သစ်ကူးအတွက် အမှတ်တရ စာလေးဖြစ်ဖြစ် ကဗျာလေးဖြစ်ဖြစ် ရေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင့်.....။ 


မိုးငွေ့


Monday, 28 December 2009

နှလုံးသားတံတိုင်း



အဆုံးမရှိပေမယ့် ခြေထောက်တွေ စွမ်းအားရှိသလောက် နေချင်ပေမယ့် အကြောင်းအရာတွေ ထောက်ပံ့သလောက် ငြင်းဆန်နိုင်ပေမယ့် ယုတ္တိဗေဒတွေ လက်ခံသလောက် လွတ်လပ်စွာနဲ့ အကျဉ်းချ ရပ်လို့မရ ဆိုင်းလို့မရ ဆုံးအောင်ကရမယ် GD(TG)

Thursday, 24 December 2009

All I Want For Christmas....

I'm looking outside its cold makes me want someone to hold Bringing back memories of you why can't my wish just come true I don't need furs or rings None of those fancy things Santa, I've been really nice Naughty? Um..just once, not twice If my wish can come true I hope he'll be bring me you...!!! Cathy Boulanger

ငယ်စဉ်တောင်ကျေးကလေးဘဝကိုလွမ်းတမိသည်(၄)



ငယ်ငယ်က ကျွန်မတို့ရွာနားမှာ ခရစ်ယာန်ဘာသာဝင်တွေနေတဲ့ ရွာတော်တော်များများရှိတယ်...။ ကျွန်မတို့တာလေရွာနားက အဲဒီချိန်က ကချင်(၅)တပ်ရင်းရှိခဲ့တယ်လေ..။ အဲဒီတပ်က စစ်ထွက် ရဲဘော်ဟောင်းတွေ သူတို့ရဲ့ ဆွေမျိုးညာတိတွေက သီရိရွာဆိုတဲ့ ကချင်ရွာလေးမှာနေထိုင်ကြပါတယ်...။ ရှမ်းပြည်ဆိုတော့ တစ်ဝမ်းတစ်ခါးအတွက် တောင်ယာပဲ လုပ်ကိုင်စားသောက်ကြပါတယ်...။ နောက် ရှမ်းခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ရွာတွေရှိတယ်...။ အများအားဖြင့်တော့ အခါရွာ၊ လားဟူရွာတွေများတယ်..။ သူတို့တွေအားလုံး ခရစ်ယာန်ဘာသာဝင်တွေချည်းပဲ...။ ခရစ်ယာန်ဘာသာဝင်သွားတဲ့ ရှမ်းလူမျိုးတွေ အများစုက အနာကြီးရောဂါသည်တွေဖြစ်တာများတယ်..။ သူတို့က ဒီယေရှုသခင်ဟာ အနာကြီးရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းတယ်လို့ ယုံကြည်သက်ဝင်ပြီး RC ဆိုလဲ RC အလျောက်...နှစ်ခြင်းလဲ နှစ်ခြင်းအလျောက်ဝင်ကြပါတယ်....။

ငယ်ငယ်က ကျောင်းမှာ ကျွန်မသူငယ်ချင်းတွေက အခါ၊ လားဟူ၊ ကချင် လူမျိုးစုံရှိတော့... ခရစ်စမတ်ပွဲတော်ဆိုရင် သူတို့ဆီအိမ်တွေမှာ ထမင်းစားဖိတ်တတ်ကြပါတယ်...။ ကချင်ရွာက အစ်မ Mကော့ရှောင်ဆိုရင် သူကိုယ်တိုင် သစ်သားဆုံအကြီးကြီးမှာ ခေါပုတ်ထောင်းကျွေးခဲ့တာ...။ ခေါပုတ်ပူပူနွေးနွေးကို အဲဒီတစ်ခါပဲ ပထမဦးဆုံးစားဖူးတာ.. သိပ်စားကောင်းတာပဲ...။ နောက်အခါရွာက သူငယ်ချင်းဆီကို စက်ဘီးလေးနဲ့ သွားကြတုန်းကဆိုရင် သူတို့က ထမင်းဟင်းကို ချက်မထားဘူး ဧည့်သည်ရောက်မှ ပူပူလေးချက်ကျွေးတာ...။ ဟိုရောက်တော့ မုန်လာရွက်စွပ်ပြုတ်နဲ့ ငရုတ်သီးထောင်းကျွေးပါတယ်..။ မီးဖိုချောင်အပေါ်မှာ ကျပ်တိုက်ထားတဲ့ အသားကို ရေနွေးဆူဆူမှာ ခုတ်ပြီးပစ်ထည့် မုန်လာရွက်ခတ်ပြီး ပူပူလေးထမင်းနဲ့စားကြတယ် ငရုတ်သီးထောင်းကလဲ စပ်စပ်နဲ့ဆိုတော့ အေးခိုက်နေတဲ့ ဒီဇင်ဘာလအတွက် တကယ်မြိန်တဲ့ ထမင်းဝိုင်းလေးပါပဲ..။ အဲဒီကျပ်တိုက်ထားတဲ့ အသားဆိုတာ ခွေးသားတွေပါ..။ ကျွန်မတစ်သက်မှာ အဲဒီတစ်ခါလေးပဲ ခွေးသားကိုစားဖူးတာပါ...။ အခါလူမျိုးတွေဟာ ခွေးသားကိုစားရတဲ့ အကြောင်းအရင်းကတော့ ငှက်ဖျားရောဂါ ကာကွယ်တဲ့နည်းတစ်နည်းပါပဲ..။ ခွေးသားစားရင်ပူတယ်လို့ ပြောကြတယ်...။ ကျွန်မစားတုန်းကတော့ ပူမပူ ငယ်သေးတော့ မမှတ်မိတော့ဘူး...။

ညဘက်ဆိုရင် ကျွန်မတို့ရွာဘက်မှာ ကချင်ရွာကရော..တခြား အခါ၊ ရှမ်း၊ လားဟူရွာတွေကပါ Carol Singing လာဆိုကြပါတယ်...။ “ဒီအိမ်ပေါ်မှာကောင်းချီးမင်္ဂလာရောက်ပါစေ” ဆိုတဲ့ ဆုတောင်းသီချင်းလေးနဲ့ စပြီးဆိုကြပါတယ်...။ ပြီးရင် Christmas သီချင်းနှစ်ပုဒ်သုံးပုဒ်လောက်ဆိုပြီးတာနဲ့ “ကျေးဇူးတင်ပါသည်”ဆိုတဲ့ သီချင်းနဲ့ပိတ်လေ့ရှိပါတယ်...။ အဲဒီအခါမှာဆို အိမ်ရှင်တွေက သီချင်းလာဆိုတဲ့အဖွဲ့တွေကို ဆုငွေတွေ ချီးမြှင့်ပေးနိုင်သလို မုန့်၊ ကော်ဖီ၊ သကြားလုံးစသဖြင့် ကျွေးမွေးဧည့်ခံပါသေးတယ်...။

ခရစ်ယာန်ဘာသာအကြောင်းကိုတော့ အပေါ်ယံလေးလောက်ပဲ ကျွန်မနားလည်တာပါ...။ ကျွန်မငယ်ငယ်က ရွာမှာကြုံဆုံဖူးခဲ့တဲ့ အကြောင်းလေးကိုပြန်နွှေးတဲ့သဘောပါပဲဗျာ...။ အမှားအယွင်းရှိခဲ့ရင် ခွင့်လွှတ်ပေးပါ..။


မိုးငွေ့

Wednesday, 23 December 2009

Last Christmas



(CHORUS) Last Christmas, I gave you my heart But the very next day, You gave it away This year, to save me from tears I'll give it to someone special Last Christmas, I gave you my heart But the very next day, You gave it away This year, to save me from tears I'll give it to someone special Once bitten and twice shy I keep my distance but you still catch my eye Tell me baby do you recognise me? Well it's been a year, it doesn't surprise me (Happy Christmas!) I wrapped it up and sent it With a note saying "I Love You" I meant it Now I know what a fool I've been But if you kissed me now I know you'd fool me again (CHORUS) (Oooh. Oooh Baby) A crowded room, friends with tired eyes I'm hiding from you and your soul of ice My God I thought you were someone to rely on Me? I guess I was a shoulder to cry on A face on a lover with a fire in his heart A man undercover but you tore me apart Oooh Oooh Now I've found a real love you'll never fool me again (CHORUS) A face on a lover with a fire in his heart (Gave you my heart) A man undercover but you tore me apart Next year I'll give it to someone, I'll give it to someone special special someone someone I'll give it to someone, I'll give it to someone special who'll give me something in return I'll give it to someone hold my heart and watch it burn I'll give it to someone, I'll give it to someone special I've got you here to stay I can love you for a day I thought you were someone special gave you my heart I'll give it to someone, I'll give it to someone last christmas I gave you my heart you gave it away I'll give it to someone, I'll give it to someone


Last Christmas သီချင်းဟာ ပြီးခဲ့တဲ့ နှစ်တော်တော်ကြာကြာတုန်းက MTVမှာ George Michael (WHOM)သီဆိုခဲ့တာ ကျမကြည့်ခဲ့ဖူးပါတယ်...။ မူရင်းအဆိုရှင်နဲ့ တေးရေးဆရာကလဲ George Michael ပါပဲ..။ ကျမ ဒီ 2009 Christmas သီချင်းလေးဝယ်နားထောင်တော့ Last Christmas ကို Version အသစ်နဲ့ Billie Piper ကပြန်ဆိုထားပါတယ်...။ ဒီသီချင်းလေးကို မူရင်းအဆိုရှင် George Michael အပြင် ပြန်ဆိုသူတွေတော်တော်များများရှိခဲ့ပါတယ်..။ Taylor Swift, Cascade, Ashley Ti dale, Jimmy eat world, Glee, Hillary Duff, Carrie underworld တို့ဖြစ်ကြပါတယ်..။ ခုခေတ်လောလောလတ်လတ်မှာတော့ Top Ten မှာဝင်နေတဲ့ Country အဆိုတော်သစ်ကလေးဖြစ်တဲ့ Taylor Swift ဆိုတဲ့ချာတိတ်မလေးကလဲ ကန်းထရီးစတိုင်နဲ့ပဲ ဒီသီချင်းလေးကို ဆိုထားမယ်ထင်ပါတယ်...။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းကတော့ Techno ပုံစံလေးနဲ့ ပြန်ဆိုထားတာတော့ နားထောင်ဖူးတယ်ဗျ...။ ဘယ်လိုပဲ Version ပြောင်းပြောင်း မူလသီချင်းသံစဉ်နဲ့စာသားက ကောင်းပြီးသားမို့ နားထောင်ကောင်းနေပါတယ်...။ မြန်မာလို သီရိဂျေမောင်မောင်က “အိပ်မက်၃၁” ဆိုပြီးပြန်ဆိုထားတာလဲ နားထောင်းလို့ကောင်းပါတယ်...။ မြန်မာသီချင်းမှာတော့ ဒီဇင်ဘာ(၃၁) ရက်ကုန်လွန်လို့ နောက်တစ်နှစ်ကူးတော့မယ့်အကြောင်းလေးကိုပဲ အလွမ်းဖွဲ့လေးနဲ့ရေးထားတာပါ...။ ဒီ Last Christmas မှာကျတော့ စာသားအဓိပ္ပါယ်လေးက ပြီးခဲ့တဲ့ ခရစ်စမတ်မှာ တစ်စုံတစ်ဦးထံ သူ့အသဲနှလုံးကို အပ်နှံထားခဲ့လိုက်ရတဲ့ အကြောင်းလေးကိုပဲ လွမ်းစရာလေးနဲ့ လှလှပပ သီဖွဲ့စပ်ဆိုထားတာပါ..။ George Michael ကနေ ဒီဘက်နေ့ မျိုးဆက်သစ်လူငယ်လေးတွေအထိ ဒီသီချင်းလေးက ရေစီးကြောင်းထဲ မျောပါနေဆဲပါပဲ....။ Christmas သီချင်းတော်တော်များများကို နားထောင်ခဲ့ဖူးပါတယ်..။ အထင်ကရသီချင်းတွေဖြစ်တဲ့ Sliver Bell, Silence Night, Holy Night, White Christmas တို့ပေါ့...။ တချို့ကလဲ Jingle Bell မပါရင် Christmas ကမပြည့်စုံဘူးလို့ဆိုပြန်တယ်....။ Last Christmas ကိုရွေးချယ်ရေးလိုက်ရတာကတော့ သီချင်းရဲ့သံစဉ်ရော စာသားပါကြိုက်နှစ်သက်လို့ပါ....။
ကဲ....ဘလော့ဂ်မောင်နှမအားလုံးကိုရော... စာလာဖတ်တဲ့ သူငယ်ချင်းတွေကိုပါ နှုတ်ဆက်လိုက်ပါတယ်ဗျ...
Merry Christmas & Happy New Year ပါ.....
မိုးငွေ့

နွေဥသြလေးလွမ်းတဲ့ ဝင်ရိုးစွန်းက....နှင်း






u တို့ဆီမှာ ဘယ်လောက်တောင် အေးခဲတုန်ခိုက်နေသလဲဆိုတာ u ပို့ပေးတဲ့ ဓါတ်ပုံကိုကြည့်တာနဲ့တင် ကျောထဲစိမ့်သွားခဲ့တယ်..။ ကောင်းကင်ဆီက ဝါဂွမ်းစိုင်တွေကြွေကျလာသလား...။ နှင်းပွင့် နှင်းဖတ်ဖြူဖြူ ဖွေးဖွေးတွေက မိုးရွာချလိုက်သလို u ထိုင်တဲ့ အုတ်ဘောင်အောက်ခြေမှာ၊ u နောက်ကျောဆီမှာ၊ u ဘေးပတ်ပတ်လည်မှာ နှင်းပုံတွေ...နှင်းပုံတွေ..ဖွေးလို့..။ အနွေးထည်ထူထူပွပွ ဝတ်ထားတာတောင် u ကြည့်ရတာ အေးနေဦးမယ့်ပုံပဲ..။ ဒီလိုရာသီမျိုးမှာ ကျောင်းစောစောသွားရမှာ u တော့ အိပ်ယာထဲက ထချင်မှာမဟုတ်ဘူးနော်..။ စာမေးပွဲကလဲ ဒီလိုရာသီကျမှတွေ ဆက်တိုင်ဖြေရမယ့်အချိန်...။

ပြီးတော့ u အခန်းထဲမှာ u အိပ်ရတဲ့နေရာက heater နဲ့ တည့်တည့်ဆိုတော့ ခုလိုအေးစိမ့်ချမ်းမြတဲ့ရာသီမှာတော့ အတော်ကိုနွေးထွေးမှာပါပဲ..။ နွေရောက်ရင်သာမစားသာမှာ..။ u ဓါတ်ပုံကိုကြည့်ရင်း ဒီလိုနှင်းခဲတွေကို ကိုင်ကြည့်ဖူးချင်လိုက်တာလို့ u ကိုပြောပြတော့ ကိုယ့်ကို ကိုးရီးယားသွားလည်ပေါ့တဲ့ u က...။ ဟင့်အင်း...ကိုယ်....ကိုးရီးယားထက် u နဲ့မြစ်ကြီးနား သွားလည်တဲ့အခါ ကံကောင်းရင် ခါကာဘိုရာဇီက နှင်းခဲတွေကို မကိုင်ကြည့်ရဘူးလို့ ဘယ်သူပြောနိုင်မလဲ ...မဟုတ်ဘူးလား..။

တကယ်တမ်း u က နှင်းတွေနဲ့တူတယ် u ရဲ့...။ u စိတ်တွေက နှင်းတွေလို အဖြူထည်သက်သက်ပဲ..။ u အမူအကျင့်တွေကလဲ နှင်းတွေလိုပဲ အေးစက်စက်နဲ့လေ..။ ကိုယ်ကတော့ အပြင်မှာမမြင်ဖူးသေးတဲ့ နှင်းကို စိတ်ကူးပုံဖော်ပြီး လွမ်းတတ်သူပေါ့...။ ပြီးတော့ နွေဦးမှာ တွန်မြည်တတ်တဲ့ ဥသြငှက်ငယ်လဲဖြစ်သေးတယ်..။ ဘာပဲဖြစ်ဖြစ် ကိုယ့်အိမ်ကိုယ့်မိသားစုနဲ့ အဝေးဆုံးတစ်နေရာမှာ တိုင်းပြည်တာဝန်...ကိုယ့်တာဝန်ကိုကျေပွန်စွာ ထမ်းဆောင်ရင်း u ကျေနပ်ပျော်ရွှင်နေလိမ့်မယ်လို့ ကိုယ်ယုံကြည်ပါတယ်...ဝင်ရိုးစွန်းက...နှင်း.....ရယ်.....။

ကြိုပြီးနှုတ်ဆက်ပါတယ်....နှင်း...Merry Christmas & Happy New Year နော်.....


မိုးငွေ့


Tuesday, 22 December 2009

နှင်းမိုးတွေရွာချမယ့် ဒီဇင်ဘာညကဗျာ..

ချယ်ရီပွင့်တွေဝေတဲ့.. ...
နှင်းဇာပုဝါလေပြေအောက်မှာ အရပ်ရှည်သွယ်သွယ် ၀ိုင်းစက်တဲ့ပျားရည်ရောင်မျက်လုံးရယ် ဆရာဝန်ဖေဖေနဲ့မေမေ မွေးဖွားပေးလိုက်တာက ဟန်နီလေး”ဆိုတဲ့ ကလေးလေးပါတဲ့....။ အေးချမ်းတဲ့ တောင်တန်းတွေဝန်းရံ လှပတဲ့ ထင်းရှူးတော အစီအရီ နိမ့်ချီမြင့်ချီ မြေနီလမ်းလေးမှာ သူကလေး မြောပါကြီးပြင်းခဲ့ပါရဲ့....။ မွန်မြတ်တဲ့ နှလုံးသား ဂရုဏာတွေပျိုးလို့ သောကကိုငြိမ်းသတ် ပရဟိတစိတ်ဓါတ်တွေယိုဖိတ် ကလေးသူငယ်တွေကို ကယ်တင်ဖို့ ကမ္ဘာလောကထဲကို.... ဒီ ကလေးလေး ရောက်လာခဲ့တယ်...။ အို....ကလေးရဲ့ဝိဥာဉ်ထဲ အကြင်နာရနံ့တွေ ပျော်ဝင်နေလေရဲ့... အနုပညာအငွေ့အသက်တွေ လွှမ်းခြုံနေလေရဲ့... ဂီတရောင်စဉ်တွေ စီးဆင်းနေလေရဲ့..... နှုတ်ချိုချိုနဲ့ ဟာသယဥာဏ်တွေ ကွန့်မြူးနေလေရဲ့....။ Honey ....ရေ Honey ....ရေ Honey ....ရေ ကလေးပြန်မလာနိုင်တဲ့ ဆောင်းညများ ဝေးကွာမှုက ငါးနှစ်တိုင်ခဲ့လေပြီ....။ သတိရခြင်းတွေပွေ့ပိုက်ပြီးလဲ ရင်ခွင်နဲ့ အနီးဆုံးမှာထားမယ်.. မျက်ဝန်းမှာ မိုးပြိုလို့ ရင်တွေရွှဲရွှဲစိုအောင် နှင်းမိုးတွေ ရွာချမယ့် ဒီဇင်ဘာညတစ်ညမှာ ကလေးချစ်တဲ့ ကဗျာတစ်ပုဒ်ကို မွေးနေ့လက်ဆောင်အဖြစ် မကြီးကြိုးစားသီကုံးနိုင်ခဲ့တယ်....။ အော်....ဘာလိုလိုနဲ့ ကလေးလေးတောင် အသက်၂၄နှစ်ပြည့်ခဲ့ပြီတဲ့....။ မိုးငွေ့
23.12.09 မှာကျရောက်မယ့် ဟန်နီလေးမွေးနေ့အတွက် ကဗျာလေးပါ...။ သမီး မွေးနေ့မှာ ပျော်ရွှင်ပါစေ....။ “ဟန်နီ”ဆိုတာ လူမှုရေးခေါင်းစဉ်အောက်က “ကျမ၏ပျားရည်စက်ကလေး”ထဲက ကလေးပါ....

Saturday, 19 December 2009

အိပ်မက်လေး

ကောင်လေးရေ
မင်းဟာ... ငါ့ရင်ခုန်သံကိုကြိုးညှိ ချစ်ခြင်းရဲ့ သံစဉ်တွေ သီဆိုစေခဲ့သူပါ....။ ငါ့အာရုံတွေမျှောလွင့် မင်းအတွက်..... ကဗျာတစ်ပုဒ် စပ်ဆိုတတ်ခဲ့ပြီလေ...။ ရိုးစင်းတဲ့ ငါ့ဘ၀ထဲ စိမ်းလန်းတဲ့ တောအုပ်တွေ ဆောင်ကျဉ်းပေးခဲ့သူပါ....။ ငါတို့ဝေးသွားတဲ့အခါ အကြိမ်ကြိမ်ပြန်မက်ဖို့ ပန်းနုရောင်အိပ်မက်တချို့ ပေးအပ်တတ်တဲ့ မင်းကို ကျေးဇူးတင်ပါတယ်......။ ။ HNS(TG)

Monday, 14 December 2009

နှင်း





နှင်းဖွဲဖွဲအောက်တွင် ရှင်နှင့်ကျမ မြစ်ကူးပေါင်းမိုးတံတားကြီးပေါ်မှာ အတူလမ်းလျှောက်ခဲ့ကြသော ဇန်နဝါရီနံနက်ခင်းတစ်ခုကို သတိရမိသည်..။ အပေါ်ယံမှာ ရေခဲနေတသာမြစ်ကို တံတားအုတ် လက်ရန်းဘောင်မှာ ငုံ့ကြည့်ရင်း အဲသည် ရေခဲလွှာပေါ်မှာလမ်းလျှောက်ချင်စိတ်ဖြင့် အသည်းယား နေသော ကျမကို ရှင်ရယ်မောခဲ့ပါသည်..။

“အဲဒီရေခဲလွှာက ပါးပါးလေးကွ၊ မင်းကိုယ်အလေးချိန်ကိုမခံ နိုင်သေးဘူး၊ အဲဒီပေါ်မင်းမတ်တတ်ရပ်လိုက်တာနဲ့ ရေခဲလွှာလေးကွဲအက်ပြီး မင်းတစ်ကိုယ်လုံးရေခဲရေထဲ နစ်သွားမှာပေါ့” 

“နစ်ချင်မှလဲ နစ်မှာပေါ့”

ဘာကြောင့်များ ကျမရှင်နှင့် အတိုက်အခံလုပ်ခဲ့မှန်းမသိပါ။ အဲသည်စကားကိုပြောခဲ့တုန်းက ကျမပြုံးစစမျက်နှာပေး ရှိနေခဲ့လိမ့်မည်ဆိုတာတော့ သေချာပါသည်။ သို့သော် ရှင်ကတော့ ကျမစ နောက်လိုက်သည်ဟု ခံစားမိပုံမပေါ်ခဲ့ပါ။

“စမ်းကြည့်ချင်သလား...ဟုတ်လား”

ရှင်၏ ခပ်တည်တည် မျက်နှာထားက ကျမ၏ မခံချင်စိတ်ကိုဆွပေးလိုက်သလိုရှိသည်။
တကယ်တော့ မြစ်ကမ်းဘေးက ထိုင်ခုံတန်းလျားလေးမှာပဲ ကျမတို့နှစ်ယောက် အတူထိုင်ခဲ့ကြဖို့ကောင်းသည်။ ထိုင်ခံပျဉ်ခင်းပေါ်မှာ နှင်းရေဖြင့် စိုရွှဲနေစေဦးတော့၊ ကျမကသာထိုင်ချင်သည်ဆိုလျှင် ရှင်က အပေါ်ဝတ်နှင်းကာအင်္ကျီကိုချွတ်ပြီး ခုံပေါ်မှာဖြန့်ခင်းထားပေးကောင်းပေးလိမ့်မည်။ ပြီးဆုံးသွားခဲ့သော ကာလများ၏ တကယ်မပြုလုပ်ဖြစ်ခဲ့သော အကြောင့်အရာကို “အကယ်၍”ဆိုသောစကားလုံးဖြင့် ပြန်လည် မှန်းဆကြည့်ရတာ ရင်နာစရာကောင်းပါသည်။

မြစ်ကမ်းဘေး မြက်ခြောက်အစပ်မှာ မတ်တတ်ရပ်ရင်း ကျမ၏ ခြေတစ်ဖက်ကို မြစ်အပေါ်ယံ ရေခဲလွှာပြင်ပေါ်သို့မရဲတရဲချကြည့်လိုက်ချိန်တွင် ရှင်သည် လက်နှစ်ဘက်တင်းတင်းပိုက်ကာ ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေခဲ့သည်။ ရှင့်မျက်နှာထားကို ကျမ မကြိုက်ပါ။ ကလေးဆိုးတစ်ယောက်ကို မှတ်လောက်သားလောက် ဒုက္ခတွေ့စမ်းပါစေ...ဟူသော မျက်နှာထားမျိုးဖြစ်သည်။ အလိုလိုက်သော မောင်တစ်ယောက်၏ ချစ်မြတ်နိုးစွာ အလျှော့ပေးလိုက်သော၊ ဒုက္ခဖြစ်လျှင်တော့ ကယ်တင်နိုင်ရန် အဆင်သင့်စောင့်နေသော အပြုံးမျိုးရှင်ဘာကြောင့် မပြုံးနိုင်ခဲ့ရတာလဲ။ ကျမရေမကူးတတ်မှန်းလည်း ရှင်ကောင်းကောင်းသိခဲ့သည်။ ဤမြစ်သည် လူ့အရပ်သုံးပြန်စာလောက နက်ရှိုင်းသည်ဟုလည်း မကြာမီကပဲ ရှင်ပြောထားခဲ့သည်..။ ကျမရေနစ်မသွားနိုင်ပေဘူးလား..။ ကျမရေနစ်သွားခဲ့လျှင် ရှင်ဆယ်မည်မဆယ်မည် မသေချာသော်လည်း ရှင် မဆယ်နိုင်မီမှာပင် အအေးဒဏ်ကြောင့် ကျမသေသွားနိုင်ခဲ့ပါသည်။

တံတားအောက်ခြေ အုတ်တိုင်ကြီးကို အားပြုဖက်တွယ်လျက် ရေခဲလွှာပေါ်သို့ချထားသော ခြေတစ်ဘက်ကို ဖိနင်းလိုက်သည်။ ခြေတစ်ဘက်၏ ခပ်ဖိဖိအလေးချိန်ကို ရေခဲလွှာက ကောင်းကောင်းခံနိုင်သားပဲ..။ သို့သောခြေနှစ်ဖက်လုံး စုံရပ်ကြည့်ဖို့ဖြင့် ကျမမဝံ့ရဲပါ..။ တနည်းအားဖြင့် ရှင့်ရှေ့မှောက်မှာ ကျမအရှက်ကွဲမခံသင့်ပါ..။
ရှေ့ဆက်လည်းမနင်းရဲ။ လက်လျှော့ကာနောက်သို့လည်း ပြန်မဆုတ်ချင်။ အုတ်တိုင်ကြီးကိုဖက်လျက် ကြာမြင့်စွားတွေတွေကြီး မှီရပ်နေခဲ့သည့် ကျမပုံစံကို ကျမမြင်ယောင်ကြည့်မိသည်..။ ဒဏ်ပေးခံရသော ကလေးတစ်ယောက်လိုဖြစ်နေခဲ့ပါလိမ့်မည်..။ နောက်ဘက်ခပ်လှမ်းလှမ်းမှာရှင်က လက်ပိုက်မတ်တတ်ရပ်လျက် ကျမက အုတ်တိုင်ကို မှီကပ်ပြီး မြစ်ကမ်းပေါ်မှာ ခြေတစ်ဖက်၊ ရေခဲပြင်ပေါ်မှာခြေတစ်ဖက်ထောက်ကာ မတ်တတ်ရပ်လျက်။ အဲဒီပုံစံသည် တစ်ယောက်ကိုတစ်ယောက် အရူးမူးချစ်နေခဲ့ကြသည့် ချစ်သူနှစ်ဦးပုံစံတော့ဖြင့်မဟုတ်နိုင်ပါ..။

အဲသည်အတိုင်း ဘယ်လောက်ကြာအောင် ဆက်လက်ပေကပ်နေနိုင်ကြပါ့မလဲဟု ကျမစိတ်ပူမိခဲ့သည်..။ ရှင့်ဆီက ကျမကိုလှည့်ပြန်ရလျှင်ကောင်းမလား၊ ကျမဆီသို့ရှင်တိုးကပ်လာကာ လက်တွဲလေမလား။ တစ်ယောက်ယောက်တော့ စတင်လှုပ်ရှားဖို့လိုလိမ့်မည်..။ ကျမကပဲ အရှုံးပေးလိုက်ပါတော့မည် ...ဟူသည့်ဆုံးဖြတ်ချက်ဖြင့် ခြေလှမ်းပြန်ဆုတ်ဖို့ အားယူဆဲမှာ ရှင့်အသံကိုကျမကြားရသည်..။

“ကဲ...ကဲ...တော်လောက်ပြီ”

စိတ်မရှည်နိုင်တော့သော လူကြီးတစ်ယောက်၏အသံမျိုးဖြင့် ရှင့်ပြောခဲ့တာ သည်စကားတစ်ခွန်းပါပဲ..။
ကျမကပျာကယာ ပြန်လှည့်လာရသော်လည်း မျက်နှာကိုတော့ မြေပြင်ရှိရာသို့ ငုံ့နေစေခဲ့သည်..။ ရှင်က ကျမကိုလက်မကမ်းပေးခဲ့ပါ..။ ထို့ကြောင့် ကျမရှင့်ကိုမမှီတွယ်ခဲ့ရပါ..။ အကယ်၍သာ...“မင်းဘာဖြစ်လို့ ဒီလောက်ရူးရတာလဲ”ဟု တစ်ခွန်းလောက် ရှင်ဘက်က အပြစ်ဆိုခဲ့လျှင်ကျမတို့သည့်ထက်ပို၍ အသက်ဝင်လှုပ်ရှားသွားခဲ့မည်ထင်သည်..။ “ကျမ အခုလို ရေခဲနေတဲ့ မြစ်တစ်ခုပေါ်မှာ တစ်ခါမှ ခြေမချကြည့်ဖူးလို့ပါ” ဟုကျမဘက်က် ဖြေရှင်းနှစ်သိမ့်ခွင့် ရသွားခဲ့နိုင်ပါသည်..။ ထိုစကားကြောင့် ရှင်ရယ်မောကောင်း ရယ်မောလိမ့်မည်..။ နှာခေါင်းရှုံ့ကောင်းရှုံ့ ခဲ့လိမ့်မည်..။ ထိုသို့ဆိုလျှင် ကျမတို့နှစ်ယောက်စကားမပြောဘဲ အကြာကြီးတိတ်ဆိတ်စွာ လမ်းလျှောက်သွားနေခဲ့ရသည့် အဖြစ်လည်း ဖြစ်လာခဲ့မှာမဟုတ်ပါ..။ ယခုတော့ ရှင်က အေးအေးဆေးဆေးရှေ့မှလမ်းလျှောက်သွားနေခဲ့သည်..။ ကျမက ဘေးမကျတကျ နောက်မကျတကျ နေရာမှ ခပ်ခွာခွာလိုက်၍လမ်းလျှောက်သွားနေခဲ့သည်..။ 

ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ကျမတို့အခြေအနေနှင့်လိုက်လျောညီထွေစွာပင် အေးစက်ထိုင်းမှိုင်းနေခဲ့သည်။ ကျမတို့အနီးမှာ မြင်နေရသည်က အနက်ရောင်ကဲနေသည့် (သစ်ရွက်သစ်ခက်ရှားပါးသော) သစ်ကိုင်းသက်သက်သစ်ပင်များ၊ ထိုအနက်ရောင်ပေါ်မှာတစ်ပိုင်းတစ်စ ဖုံးအုပ်လျက်၊ တစ်ဝက်တစ်ပျက် တွဲလဲကျနေသော နှင်းပွင့်နှင်းဆုပ်ဖြူလွလွများ၊ အပင်နှင့် အဆောက်အအုံတို့၏ အောက်ခြေမှာ ပုံကျနေသည့် ထူထပ်သော နှင်းထုလွင်ပြင်များ၊ ကျမတို့လိုပင် စိုက်စိုက် စိုက်စိုက်နှင့် လမ်းလျှောက်နေသူတချို့၏ လေးလံထိုင်းမှိုင်းဟန်ရှိသော ခပ်မည်းမည်းအပေါ်ဝတ်အကျီၤ ထူထူပွပွကြီးများ။ အားလုံးသည် အဖြူအမည်းနီးပါးအရောင်လျှော့ချထားသည့် ဗီဒီယိုပြကွက်မြင်ကွင်းတစ်ခုနှင့် တူနေခဲ့သည်..။ ကြည့်လေရာမှာတော့ နူးညံ့ပွရောင်းသော ဝါဂွမ်းစိုင်တွေလို ဖြူဖွေးနေသည့်နှင်းတွေ။ မိုးကောင်းကင်ပေါ်က တိမ်တွေ မြေပြင်ပေါ် အကုန်ဆင်းလာကြသလို ခမ်းနားလှပသော နှင်းတွေ...။ နှင်းကို ကျမချစ်သည်...။ နှင်းမြူတွေဆိုင်းနေသည့် အပူပိုင်းဒေသက ဆောင်းနံနက်ခင်းတွေကိုလည်း ကျမချစ်သည်..။ ကောင်းကင်ဆီမှ တဖွဲဖွဲလွင့်ကျလာတတ်သောနှင်းပွင့် နှင်းဖတ်ကလေးများကိုလည်း ကျမချစ်သည်။ ယုတ်စွအဆုံး မြာသေးသေးလေးတွေလို မျက်နှာဆီသို့ စူးခနဲ လာ၍ထိမှန်သော အေးစက်တုန်ခိုက်စေသည့် မိုးနှင်းစိုစိုများကိုပင်လျှင် ကျမချစ်ပါသည်..။ နှင်းကိုကျမချစ်မှန်း ရှင်ကောင်းကောင်းသိခဲ့သည်..။ အဲဒါကြောင့်အရှေ့မြောက်ပိုင်းဒေသရှိ တက္ကသိုလ်မြို့ကလေးသို့ ကျမရောက်ဖူးအောင် ရှင်လိုက်ပို့ခဲ့သည်ပဲ မဟုတ်ဘူးလား...။ 

ပထမဦးဆုံး အကြိမ် နှင်းတွေကို လက်ခုပ်ဖြင့် ဆုပ်ယူ၍ နှင်းဘောလုံးလုပ်ကြည့်ရစဉ်က ဆိုလျှင် ဟောဒီကမ္ဘာကြီးမှာ အသက်ရှင်နေထိုင်ခွင့်ရတာ အင်မတန်ထိုက်တန်တာပဲဟု ကျမကြည်နူးစွာပင် ကျေနပ်သွားခဲ့ရပါသည်..။ ငယ်စဉ်က ကလေးဘဝတုန်းက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ သို့မဟုတ် ရောင်စုံ ဓါတ်ပုံစာအုပ်ကြီးထဲမှာ နှင်းတွေဖြူဖွေးကာ အဆုပ်လိုက် အပုံလိုက်ဖြစ်နေသည်ကို ကြည့်ရတိုင်း အသည်းတယားယားနှင့်ပျော်မိသည်..။ ကြည့်စမ်း...။ ဘယ်လောက်အဖိုးတန်လိုက်မယ့် နှင်းတွေလဲ..။ တုတ်ချောင်းကလေးရဲ့ ထိပ်ဖျားမှာနှင်းတွေကိုလက်ခုပ်ဖြင့် ဆုပ်ညှစ်ပြီး ရေခဲပေါက်စီများလုပ်လိုက်ရလျှင် ဘယ်လောက်ကောင်း လိုက်လေမလဲ။ ကျမတို့မြို့ကလေးမှာ ရေခဲပလုတ်တုတ်ကို ရေခဲပေါက်စီဟု ခေါ်ပါသည်..။ တုတ်ချောင်းကလေးများထိပ်ဖျားတွင် ရေခဲခြစ်မွမွကလေးများကိုအလုံးလိုက်စုယူဆုပ်ညှစ်၊ ထိုရေခဲပေါ်သို့ အစိမ်းရောင်၊ အနီးရောင်၊ လိမ္မော်ရောက် အရောင်းဆိုးထားသည့် သကြားချိုရည်များကို စိုရွှဲနေအောင် ဆမ်းပေးလိုက်သောအခါ ကလေးတွေ အလွန်ကြိုက်သည့် ရေခဲပေါက်စီဖြစ်သွားပါသည်..။ ရေခဲပေါက်စီသည်ကြီးသည် အဲသည်နှင်းတွေကိုများ တွေ့လိုက်ရလျှင်..ဘယ်လောက်ပျော်သွားလိုက်လေမလဲ..။ 

တကယ်တမ်း နှင်းတွေကို လက်ဖြင့်စုယူဆုပ်ကိုင်ကြည့်နိုင်သည့်အချိန်မှာတော့ ကျမသည် ရေခဲပေါက်စီကို မက်မောသော ကလေးအရွယ်မှ နှစ်ပေါင်းများစွာ လွန်ခဲ့ပြီးပြီမို့ နှင်းဆုပ်ကလေးကို ကျမ၏ပါးပြင်နှင့်သာ ခပ်ဖွဖွထိထားလိုက်မိသည်..။ အေးခဲထံကျင်ခဲ့ပြီးသောပါးပြင်သည် နှင်းဆုပ်ကလေး၏ အတွေ့ကြောင့် ပို၍အေးစက်စူးရှသွားခဲ့သေးလား၊ ကျမမမှတ်မိတော့ပါ..။ ကျမမှတ်မိသည်က ရှင့်အပြုံးသာဖြစ်သည်..။ အဲသည်အချိန်မှာ ကျမကို ကြည့်၍သဘောကျစွာပြုံးလိုက်သော ရှင့်အပြုံးကို ကျမချစ်ပါသည်..။ အဲသည်အပြုံးကို ခရီးစဉ်တစ်လျှောက်လုံး ကျမရခဲ့လျှင် ဘယ်လောက်ကောင်းမလဲ..နော်..။ တကယ်တော့ ရှင်သည် နှင်းကိုမနှစ်မြို့သူဖြစ်သည်..။ အင်းလေ မနှစ်မြို့ဘူးဟု မပြောသာလျှင်တောင်မှ နှင်းကို မချစ်တာတော့အမှန်ပါပဲ..။ နှင်းကို စိတ်မရှည်နိုင်တာလား၊ နှင်းကိုချစ်သည့် ကျမအပေါ်စိတ်မရှည်နိုင်တာလား..။ နှင်းပွင့်နှင်းဖတ်ကလေးတွေကို ကြည့်နေသူချင်းအတူတူ ကျမ၏ အတွေးနှင့်ရှင့်အတွေးတို့က ဘယ်တုန်းကမှတူညီခဲ့သည်မဟုတ်..။ ရောက်ရောက်ချင်း ညနေခင်းတုန်းက တစ်ထပ်ချင်းတစ်လွှာချင်း လျင်မြန်စွာ ကျဆင်းလာနေသော ပထမဆုံးနှင်းဖတ်ကလေးများကို မှန်ပြူတင်းပေါက်မှ လှမ်းကြည့်ကာ ကျမမှာတော့ အဲသည်နှင်းကလေးတွေကိုမျက်နှာမော့လျက် ခံယူချင်စိတ်ဖြင့် ရင်ခုန်နေခဲ့သည်။ ရှင်ကတော့ ညစာကို အိမ်တိုင်ရာရောက်လာပို့ပေးဖို့ စားသောက်ဆိုင်တစ်ခုသို့ တယ်လီဖုန်းလှမ်းဆက်နေခဲ့သည်..။ သဘောက ညစာ စားဖို့ထွက်ရင်းနှင်းတွေကို ကျမ မထိမကိုင်ရတော့ဘူးပေါ့..။ အဲဒီတော့ ဘာဖြစ်လဲ၊ ညစာ စားအပြီးမှာ အပြင်သို့ ခဏထွက်ပြီးလမ်းလျှောက်နိုင်သားပဲ..။ 

အဲသည်ညက ဆောင်းရာသီ၏ ပထမဆုံးနှင်းပွင့်များအောက်သို့ အပြေးထွက်သွားကြိုဆိုသူမှာ ကျမတစ်ယောက်တည်း ရှိခဲ့ဟန်တူပါသည်..။ တဖွဲဖွဲကျလာနေသော ဖြူလွလွ နှင်းပွင့်နှင်းဖတ်ကလေးများကို မျက်နှာမော့လျက်၊ လက်နှစ်ဖက်ဘေးသို့ ဆန့်တန်းလျက် ကျမကြိုဆိုခဲ့တော့သည်..။ မျက်နှာကို ဒေါင်လိုက်မျဉ်း အနေအထားမှ ဘေးတိုက်ရေပြင်ညီမျဉ်နှင့် တတန်းတည်းဖြစ်သွားအောင် မော့ပစ်လိုက်သောအခါ မြင်ရသော ကောင်းကင်နက်ပြာရောင်သည် နှင်းပွင့်နှင်းဖတ်များ ဖောက်ရက်ထားသော ဇာပဝါတစ်ခုဖြင့် ဝိုးတဝါး ကာဆီးလျက်ရှိသည်..။ လှပသော ဆောင်းညပန်းချီကား တစ်ချပ်မှာ ကြယ်ပွင့်လေးတွေတောင်ပါနေ သေးတော့သည်..။ မျက်နှာပေါ်မှာ လက်ဖဝါးအစုံပေါ်မှာ နှင်းဖတ်လေးတွေ တင်လာသည်ကို အေးစက်စွာခံစားရင်း ပါးပြင်ဆီမှာ စူးရှထုံကျင်မှုကိုခံစားရင် ကျမရင်ထဲမှာတော့ စိတ်လှုပ်ရှားမှုများစွာဖြင့် နွေးထွေးလျက်ရှိခဲ့သည်..။

“ဒီလောက်အေးခဲလှတဲ့ အပြင်ဘက်မှာ မင်းဘာလုပ်နေတယ်လို့ မင်းထင်လဲ”

ရှင့်စကားသံက ကျမနောက်မှာပေါ်လာသောအခါ ကျမလှည့်မကြည့်ဘဲ ရှင်ပြုံးနေသည်ကို ခံစားလိုက်ရသည်..။ နောက်တာ့ ကျမမျက်နှာနှင့် ကောင်းကင်ကြားမှာ ရှင့်မျက်နှာက ပိတ်ဆီးကာလိုက်ပါသည်..။ နက်ပြာရောက်ကောင်းကင်ကိုမမြင်ရ၊ နှင်းဇာပဝါကို မမြင်ရ၊ ကြယ်တွေကိုမမြင်ရ။ ခဏကလေး။ ကျမကြယ်နှစ်ပွင့်ကိုတော့မြင်နေခဲ့ရ၏..။ စူးရှစွာ လင်းလက်သည့် ကြယ်ကလေးနှစ်ပွင့်ပေါ့..။ တကယ်ပဲ ထိုကြယ်ပွင့်ကလေးတွေ ပြုံးနေခဲ့ပါသည်..။

“အထဲကိုဝင်တော့”

နွေးထွေးသော ရှင့်လက်များ၏ နူးညံ့စွာထွေးဆုပ်မှုကို လိုက်လျောရင်း ထိုကြယ်ပွင့်ကလေးတစ်စုံ၏နောက်သို့ လိုက်သွားခဲ့သော ကျမ၏ခြေလှမ်းများမြေနှင့် မထိခဲ့ပါ...။ နွေးထွေးသောအပေါ်ဝတ်အကျီၤပွပွကြီးထဲ့သို့ ကျမကိုယ်ခန္ဓာလေးလှစ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားသောအခါ..ကျမ၏ အာရုံထဲသို့ အဝေးဆီမှ တကယ်မကြားနိုင်သော ဂီတတစ်ခု တဖြည်းဖြည်းဝင်ရောက်လွှမ်းခြုံလိုက်တော့သည်..။ ခြေလှမ်းလှမ်းဖို့လည်းမေ့၊ စကားပြောဖို့လည်းမေ့၊ အသက်ရှှုဖို့ပင်မေ့အောင် ကျမကိုစိုးမိုးလိုက်သည်က အာရုံထဲက သီချင်းသံစဉ်တစ်ခုဖြစ်ခဲ့သည်..။

“မင်း ဘာတွေတွေးနေတာလဲ”

“သီချင်းတစ်ပုဒ်” ကျမသီချင်းနှင့် ဂီတကိုနှစ်သက်မှန်းလည်း ရှင်သိခဲ့ပါသည်..။

 “ဘာသီချင်းလဲ”

အဲသည်လို ရှင်မေးလိုက်တော့မှပဲ ကျမ မဖြေတတ်သည့် အဖြေတစ်ခုကို စခဲ့မိပြီဟု နောက်ကျစွာ သိလိုက်ရတော့သည်..။ ဘာသီချင်း...ဟုဖြေတော့ရော ရှင်သိမှာတဲ့လား...။ ကိုစောညိန်းကို ရှင်မှမသိနိုင်ဘဲ..။ “ချစ်နှင်းမှုန်”ဆိုတာကို ရှင်ဘယ်လိုလုပ်ပြီးသိနိုင်မှာလဲ..။ ရှင်များ နားလည်ခံစားနိုင်မည်ဆိုလျှင် အဲသည်သီချင်းကို ကျမဆိုညည်းပြလိုက်ချင်ပါသည်..။

ရွှေရင်အုံ......လှိုင်းခုန်ကြွလို့ရယ်...နှင်းမှုန်ကြွေလေတိုင်းဝယ်...သွယ်...မျက်ရည်ဝိုင်းခဲ့ညတိုင်းမယ်... မောင့်မှာသာကွယ်၊ တစ်ရံရောအခါက....မောင်နဲ့မယ် ချစ်ကြိုးနှောင်ကာသွယ်.... ငွေဇာရုံ...ခြုံလွှာပုံသို့နှယ်... ချစ်နှင်းမှုန် တဖွဲဖွဲကြဲကာ မစဲတော့တယ်.....

“နှင်းတွေကျတဲ့ ညတိုင်း မျက်ရည်လည်ရတဲ့ လွမ်းတတ်တဲ့ ယောကျာၤးတစ်ယောက်ရဲ့ သီချင်းပေါ့”

ဘာသာစကားမကျွမ်းကျင်သောကြောင့် ကျမ၏ အဖြေသည် သီချင်း၏ နက်နဲမှုနှင့် ဘာမှမယှဉ်သာအောင် ပေါ့ပျက်ခဲ့မည် ဆိုလျှင် ကိုစောညိန်းရောက်ရာဘဝမှ ခွင့်လွတ်နိုင်ပါစေဟုသာ ဆုတောင်းရပါတော့မည်..။

“ဘာကြောင့် သူကလွမ်းရတာတဲ့လဲ” “သြော်ကွယ်....သိပ်ချစ်ခဲ့တဲ့ချစ်သူနှစ်ဦး အပြီးအပိုင်ဝေးကွာသွားခဲ့ရတဲ့အခါ တစ်ခါတစ်ခါ ကြုံကြိုက်တိုက်ဆိုင်မှုတွေရှိလာရင် ခံစားချက်ပြင်းထန်တဲ့လူက လွမ်းရတတ်တာပဲ မဟုတ်လား”

ကျမအဖြေကြောင့် ရှင်ပုခုံးတွန့်သွားခဲ့သည်ဆိုတော့ သူ့ခံစားမှုကို ရှင်အသိအမှတ်မပြုချင်သည့် သဘောပေါ့ နော်..။ အဲသည်အတွေးကြောင့် ကျမဝမ်းနည်းသွားခဲ့မိပါသည်...။

ရှင်စိတ်မရှည်စွာရေရွတ်သတိပေးလိုက်သော တစ်...နှစ်...သုံး ...ဂဏန်းစဉ်တွေကို ကျမချစ်သည်..။ ရှင်ဖျော်ပြီးသားကောဖီကိုသောက်ဖို့ ကျမအပြင်သို့ မထွက်လာသေးဘူးဆိုလျှင် ရှင့်နှုတ်ဖျားမှ တစ်နှစ်သုံးရေရွတ်သံကို ကျမကြားရတတ်သည်။

“ကိုယ် တစ် နှစ် သုံး တစ်ဆယ်ထိရေပြီးလို့မှ မင်းကော်ဖီမသောက်သေးဘူးဆိုရင် အဲဒီကော်ဖီခွက်ကို ကိုယ်သွန်ပစ်လိုက်တော့မှာနော်၊ တစ် နှစ် သုံး....လေး ”

ကျမသည် စိတ်ကောက်တတ်သည့် ကလေးတစ်ယောက်မဟုတ်ခဲ့ပါ။ သို့သော် စိတ်ကောက်တတ်သည့် ကလေးတစ်ယောက်ကို ဆက်ဆံသလို ဆက်ဆံခံရသောအခါ ပထမပိုင်းမှာတော့ တော်တော် အောင့်သက်သက်ခံစားခဲ့ရ၏။ နောက်ပိုင်းမှာတော့ အဲဒီလို ဆက်ဆံခံရတာကို ကျေနပ်သလိုရှိလာသည်။ ထိုအခါ မကြာခဏပင် စိတ်ကောက်ချင်ယောင်ဆောင်မိခဲ့တော့သည်။ ရှင် တစ် နှစ် သုံး ရေရွတ်ပြီး ကျမကို သတိပေးခြိမ်းခြောက်ရသောအကြိမ်တိုင်းသည် ကျမတကယ် စိတ်ကောက်နေခဲ့ခြင်းမဟုတ်ပါ။ ရှင့်နှုတ်ဖျားမှ တစ် နှစ် သုံး ရေရွတ်သံကို ကြားချင်စိတ်တို့ဖြင့်လည်း ကျမစိတ်ကောက်ချင်ယောင်၊ သို့မဟုတ် တစ်ခုခုပြုလုပ်ဖို့မေ့လျော့ချင်ယောင်ဆောင်ခဲ့မိတတ်ပါသည်။

“စာကြည့်စားပွဲပေါ်က စာအုပ်ပုံကြီးကို ရှင်းပစ်ပါလို့ ကိုယ်ပြောနေတာ ဘယ်နှကြိမ်ရှိပြီလဲ၊ အခုသွားရှင်းချည်တော့”

ရှင့်စကားသံကို မကြားသလိုရေဒီယိုကို သဲကြီးမဲကြီး နားထောင်ရင်း တကယ်ပျင်းရိနေခဲ့တာလည်းရှိဖူးပါသည်..။ ထိုစဉ်က ရှင်သည် ကျမနားထောင်နေသော ရေဒီယိုလိုင်းအစား တခြားလိုင်းတစ်ခုခုကို ပြောင်းပစ်ခဲ့သည်။ အသံကိုလည်း တိုးသွားအောင် လျှော့ချပစ်ခဲ့သည်။

“ကိုယ် တစ် နှစ် သုံး တစ်ဆယ်ထိ ရေပြီးလို့မှာ မင်း အလုပ်မစသေးဘူးဆိုရင် မင်းကို အကီၤျကော်လာကနေ ဆွဲယူပြီး အဲဒီစားပွဲပေါ် ပစ်တင်လိုက်မယ်နော်...တစ် ..နှစ်....သုံး ”

ကျမသည် ရှင် နှုတ်ဖျားမှ ရေရွတ်သော ဂဏန်းစဉ်တို့ကို ချစ်သောကြောင့် အမြဲပင်ပေကတ်ကာ နားထောင်နေခဲ့မိသည်။ ထို့ကြောင့် ရှင်သည် တစ် နှစ် သုံး ကို ကိုးအထိ အမြဲရေရွတ်ရလေ့ရှိသည်။ “ကိုး”ကို ရေရွတ်ပြီးသောအခါမျာတော့ ကျမကမန်းကတန်းထပြီး အလုပ်စရတော့သည်..။ အဲဒီဂဏန်းရေရွတ်သံတို့ကို ကျမချစ်သည်ဆိုတာ ရှင့်ကို တစ်ခါမှ ဖွင့်မပြောခဲ့ဖူးပါ..။ ထို့ကြောင့် အဲသည် တစ် နှစ် သုံး ရေရွတ်သံတို့သည် စိတ်မရှည်သော ဒေါသအရိပ်အငွေ့တို့ဖုံးလွှမ်းလျက် အမြဲမာမာထန်ထန်ရှိနေခဲ့သည်။ သို့ပါလျက် အဲသည် မာရေကျောရေ(စိတ်ရှည်အောင် မနည်းအားတင်းထားရမှန်းသိသာသော) တစ် နှစ် သုံး တွေကို ကျမချစ်ခဲ့ပါသည်။ ရှင့်ကို ဘယ်လောက်ထိ ချစ်မသလဲဆိုလျှင် ကိုယ့်အာရုံနှင့်ကိုယ် တစ်နေရာမှာ အလုပ်ရှုပ်နေသော ရှင့်ကို တိတ်တဆိတ်ငေးမောကြည့်ရင်းမျက်ရည်ကျမိသည်အထိပင် ဖြစ်သည်..။ ယောကျာၤးတစ်ယောက်ကို ချစ်စိတ်သက်သက်ဖြင့် မိန်းမတစ်ယောက်ဟာ မျက်ရည်ကျတတ်ပါသလား။ 

ချစ်သူချင်း သို့မဟုတ် ဇနီးမောင်နှံချင်း ရန်ဖြစ်လို့၊ စိတ်ကောက်လို့၊ စေတနာကိုစော်ကားခံရလို့၊ အထင်လွဲခံရလို့ စသည်ဖြင့် မိန်းမတွေ အကြောင်းအမျိုးမျိုးဖြင့် မျက်ရည်ကျတတ်ကြသည်ဟု ကျမသိပါသည်။ ထိုမျက်ရည်များ ပူလောင်နေပါလိမ့်မည်။ သို့သော် ယောကျာၤးတစ်ယောက်ကို ချစ်မြတ်နိုးစိတ်သက်သက်ဖြင့် နှလုံးသားတွေ နာကျင်ထိုခိုက်ကာ မျက်ရည်ကျရသည့်အဖြစ်တော့ ကျမတစ်ခါမျှ မကြားဖူးခဲ့ပါ..။ ဘာပဲဖြစ်ဖြစ် ချစ်မြတ်နိုးစိတ်ဖြင့် ကျရသည့် မျက်ရည်သည်လည်း ပူနွေးလှပါသည်။ ကျမမျက်လုံးအစုံမှာ တိတ်ဆိတ်စွာ လိမ့ဆင်းလာခဲ့ဖူးသော ထိုမျက်ရည်တို့၏ပူနွေးမှုကို မကြာခဏပြန်လည်သတိရစွာဖြင့် ကျမပါးပြင်မှာ မကြာခဏနွေးထွေးလာခဲ့တတ်ပါသည်။ ကျမ၏ မှတ်ဉာဏ်သည် ယောကျ်ားတစ်ယောက်၏ မှတ်ဉာဏ်နှင့်တော့ တူချင်မှတူမှာပါ။ ကျမက ဖြစ်ပျက်ခဲ့ပြီးသော အတိတ်ကာလမှ ကြီးမားသောအဖြစ်ပျက် အကြောင်းအရာများကို မေ့လျော့ပစ်တတ်ပြီး သေးဖွဲသောဘာမဟုတ်သည့် အဖြစ်အပျက်ကလေးများကိုသတိရမှတ်မိနေတတ်ပါသည် ။ 

ကျမတို့နှစ်ဦး တစ်ပတ်ကြာမျှ သွားရောက်လည်ပတ်ဖူးသော ထိုတက္ကသိုလ်မြို့ကလေးကို ကျမ မကြာခဏမြင်ယောင်ပုံဖော်ကြည့်မိသောအခါ ရှင် သတိရစေချင်သော ခမ်းနားကြီးကျယ်သည့် တက္ကသိုလ်စာကြည့်တိုက်ကြီးကို သဲကွဲစွာ မမြင်ယောင်မိပါ။ ရှင်ပြောပြခဲ့သော ထိုစာကြည့်တိုက်၏ နောက်ခံသမိုင်းမဖြစ်အပျက်ကို စဉ်းစားပုံဖော်ကြည့်တော့လည်း ရေးရေးသာ မှတ်မိခဲ့ပါသည်။ ကျမမှတ်မိသည်က စာကြည့်တိုက်ရှေ့က လူသွားစင်္ကြံ အကျယ်ကြီးဘေးမှာ ကျမ မြင်ခဲ့ရသော ဖြူဖွေးသည့် နှင်းအပုံလိုက်ကြီးသာဖြစ်သည်။ ထိုနှင်းအပုံလိုက်သည် ကျမ၏ ဒူးအမြင့်လောက်ရှိပါသည်။ နှင်းတို့သည် အပေါ်ပိုင်းနှင့်အလယ်ပိုင်းတွင် ဝါဂွမ်းစိုင် အပုံကြီးကဲ့သို့ နူးညံ့ပွရောင်းကာ ဖြူဖွေးလျက် ရှိသော်လည်း ဘေးနားတစ်ဝိုက်မှာတော့ တက္ကသိုလ်မြေ၏ ဖုန်မှုန့်မြေမှုန့်များရောထွေးကပ်ငြိလျက် ညိုညစ်ညစ်အရောင်ရှိနေသည်။ နှင်းတွေကို ညိုညစ်ညစ် အရောင်အဖြစ် တစ်ခါမှ မစဉ်းစာခဲ့ဖူးသော ကျမအတွက် ဤမြင်ကွင်းသည် တက္ကသိုလ်စာကြည့်တိုက်ထက် ပို၍ထူးဆန်းနေခဲ့ပါသည်။ ဒါထက်ထူးဆန်းနေသည်က အဲသည် နှင်းအပုံကြီး၏ ပတ်လည်မှာ စိုက်ထားသော ခြံစည်းရိုးတိုင်သဖွယ် ကျဲပါးသော တိုင်မည်းမည်းများအနက် တိုင်တစ်ခု၏ထိပ်ဖျားတွင် ငှက်ကလေးတစ်ကောင် နားနေခြင်းပင်ဖြစ်သည်။ ထိုငှက်ကလေးသည် အညိုရောင်လည်ရစ်နှင့် အမည်းရောင် အတောင်ပံများရှိပါသည်။ သူ့အတောင်ပံများသည် နှင်းတို့ဖြင့် စိုစွတ်လျက်ရှိသောကြောင့် တိုင်ထိပ်ဖျားကို ခြေကုပ်ယူလျက်အတောင်ပံကိုမကြာခဏဖြန့်ခါလျက်ရှိပါသည်..။ အဲသည်မြို့မှာ ကျမနေခဲသမျှရက်တွေအတွင်း အဲသည်ငှက်ကလေးတစ်ကောင်ကိုသာ ကျမတွေ့ခဲ့ရသည်ဟုမှတ်မိသည်။ တခြားငှက်တွေ ဘယ်မှသွား၍ ဆောင်းခိုနေကြပါလိမ့်။ သည်ငှက်ကရော ဘာလို့တခြားငှက်တွေနှင့် အတူရောမနေဘဲ တက္ကသိုလ်စာကြည့်တိုက်ရှေ့သို့ လာ၍ နားနေခဲ့ပါလိမ့်။ ကျမတို့ငယ်ငယ်တုန်းက သွားရင်းလာရင်းလမ်းမှာ ငှက်ကလေးတွေကို တွေ့လျှင် တစ်ကောင်တည်းတွေ့တာလား၊ နှစ်ကောင်လား အပြေးအလွှားသတိထား၍ ရေတွက်လေ့ရှိကြပါသည်။ နှစ်ကောင်တွေ့လျှင် လာဘ်ကောင်းသည်၊ သုံးကောင်တွေ့လျှင်ပျော်ရွှင်စရာကြုံလိမ့်မည်...စသဖြင့် သူ့အဓိပ္ပာယ်နှင့်သူ ဖော်ပြီး နိမိတ်ကောက်ယူလေ့ရှိကြသည်။ အကောင်အရေအတွက်နှင့် နိမိတ်အကြောင်းကို ကျမကောင်းကောင်းမမှတ်မိပါ..။ သေချာသည်ကတော့ တစ်ကောင်တည်းတွေ့ရခြင်းသည် မကောင်းသော နိမိတ်ဖြစ်သည်။ တစ်ကောင်တည်း တွေ့ရခြင်း၏ အဓိပ္ပာယ်မှာ အထီးကျန်ဖြစ်ရတတ်ခြင်း၊ ကံဆိုးရတတ်ခြင်း၊ ဝမ်းနည်းရတတ်ခြင်း...တဲ့..။ အဲသည် အယူအဆ၊ အဓိပ္ပာယ်တွေကို ကောက်ယူပုံဖော်တမ်း ကစားသည့်အရွယ်မှ နှစ်ပေါင်းများစွာ ကျော်လွန်ခဲ့ပြီးဖြစ်ပါလျက် ထိုတစ်ကောင်တည်းသော ငှက်ကလေး၏ မြင်ကွင်းကို ကျမမကြာခဏ မြင်ယောင်လာလေ့ ရှိပါသည်..။ ဒါက ကျမ၏ အားနည်းချက်တစ်ခုပဲလားမသိပါ။ 

ထိုတက္ကသိုလ်မြို့ကလေးတွင် ရှင်သတိရမှတ်မိနေမည့် အဆောက်အအုံ အကြောင်းအရာများကတော့ ကျမမှတ်မိသော အရာတို့နှင့် တော်တော်ကြီးကွားခြားလိမ့်မည်။ ကျမသိပါသည်။ ထိုကမ္ဘာကျော်တက္ကသိုလ်၏ သူများနှင့်မတူထူးခြားစွာဘဝင်မြင့်သော စည်းကမ်းချက်ကြီးများကို ရှင်သတိရလိမ့်မည်..။ ကြီးမားခမ်းနားသော စက်မှုတက္ကသိုလ်ကြီးသ်ည ရှင်ငယ်စဉ်က တက်ရောက်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးသည့်အတိုင်း တစ်ပုံစံတည်းကြီးကျယ်နေခဲ့သလားဟု ရှင်တအံ့တသြဖြင်တွေ့ခဲ့ရခြင်းကို သတိရနေလိမ့်မည်..။ ထိုစက်မှုတက္ကသိုလ် စာသင်ခန်းများ၏ စင်္ကြံတွင် ကျမတို့လမ်းလျှောက်ခဲ့ကြသည်ကို ရှင်ခဏသတိရမည်ဖြစ်သော်လည်း ချက်ချင်းပင် ရှင်သည် နံရံကပ်ကြော်ငြာဘုတ်ပြားပေါ်မှ သချာၤပုစ္ဆာတစ်ပုဒ်၏ ဖြေရှင်းချက်စာရွက်ကို ကူးပြောင်းသတိရလိမ့်မည်။ ကြီးကျယ်ခမ်းနားသော ပြတိုက်ကြီးကို ပြန်လည်စဉ်းစားပုံဖော်ကြည့်လျှင်တော့ ရှင်သည် ပြတိုက်သို့အဝင်မှာ တွေ့ရသောကမ္ဘာကျော်ပန်းပုဆရာကြီး၏ လူတစ်ရပ်မြင့်သည့် ပန်းပုလက်ရာကြီးကို စူးစူးစိုက်စိုက် ငေးမောကြည့်မိသည့်အဖြစ်ကို သတိရမိပါလိမ့်မည်။ ကျမ သတိရသော ပြတိုက်အဝင် အဖြစ်အပျက်ကလေးကို ရှင် သတိရမှာမဟုတ်ပါ။ ကျမအတွက်တော့ အဲသည်ပြတိုက်အဝင်မှာ အမှတ်တရ အဖြစ်အပျက်ကလေး နှစ်ခုထူးထူးခြားခြားရှိခဲ့၏။ တစ်ခုက ရှင်သည် ကျောင်းသားကဒ်ကို ကိုင်ဆောင်ထားသူဖြစ်သဖြင့် ပြတိုက်ဝင်ကြေးကို တစ်ဝက်ခသာပေးရပြီး ကျမက ဝင်ကြေးအပြည့်ပေးရသည့်အဖြစ်၊ နောက်တစ်ခုက ဝင်ကြေးကောက်ခံသူ အမျိုးသမီးမေးလိုက်သော ကျမ၏နေရပ်လိပ်စာ၊ ပြည်နယ်ကုတ်နံပါတ်ဂဏန်းများကို ကျမကိုယ်စား(ကျမကထိုအမျိုးသမီး၏ စကားသံဝဲ၀ဲကို နားမလည်နိုင်ခဲ့သဖြင့်) ရှင်က ရွတ်ပြဖြေဆိုပေးခဲ့ရသည့်အဖြစ်။ 

ကဲ...အဲသည် ကျမ သတိရနေသည့် အကြောင်းအရာသည် ဘယ်လောက်သေးနုတ်ပါသလဲ။ ရှင်သတိရစွာ ပြန်လည်မှန်းဆမည့် ပန်းချီကားတွေ၊ ရုပ်တုတွေ ၊ ဆေးစိမ်မံမီရုပ်အလောင်းတွေနှင့် ကျမ သတိရနေသည့် ခပ်ကြောင်ကြောင် အဖြစ်အပျက် အကြောင်းအရာမှာ ဘယ်လောက်တောင်ကွာခြားလိုက်မလဲ...နော်။ ဒါကတော့ ပညာဆက်လက်သင်ယူနေဆဲ အမျိုးသားတစ်ယောက်နှင့် ခပ်တုံးတုံး ခပ်အအ မိန်းမ တစ်ယောက် အတူပေါင်းဖက်မိလျှင် ဖြစ်ပေါ်လေ့ရှိသည့် သမားရိုးကျကွာခြားမှုတစ်ခုဖြစ်ပါလိမ့်မည်။ နှင်းနှင့်ပတ်သက်လျှင် ရှင်က အနိဌာရုံတွေကိုသာ အများကြီးမြင်ယောင်ခဲ့သူဖြစ်သည်။ ရှင် ပြောပြသောနှင်းတောင်ပြိုကွဲခြင်း၊ နှင်းမုန်တိုင်းထဲမှာ ကားတွေလမ်းပျောက်ကာ တိုးတိုက်မိခြင်း၊ ရေခဲပြင်လမ်းပေါ်မှာ ကားဘီးတွေချော်ကာ ဟိုးတောင်စောင်းအောက်ခြေသို့ ကားမှောက်ကျခြင်း စသည့်တို့ကို ကျမထိတ်လန့်စွာပင်လက်ခံရပါသည်။ 

သို့သော် နှင်း၏ ချစ်စရာကောင်းသောသဏ္ဍာန်နှင့် နူးညံ့အေးစက်သော ထိတွေ့မှုကို ကျမရင်ခုန်မိဆဲဖြစ်သည့်အတွက်တော့ ရှင်ခွင့်ပြုစေချင်သည်။ ၁၉၉၆ခုနှစ်၊ မေလ ၁၀ရက်နေ့တုန်းက နှင်းကြောင့်ဖြစ်ပျက်ခဲ့ရသော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခု ဧဝရက်တောင်ထိပ်မှာ ဖြစ်ခဲ့သည်။ ရှင်လောလောလတ်လတ်ဖတ်ပြီးသွားသော ဂျွန်ခရာကိုဝါး Jon Krakauer ၏ Into Thin Air အတ္ထုပ္ပတ္တိမှန်စာအုပ်ကို ကျမကိုပေးဖတ်လျက် ဧဝရက်တောင်ထိပ်မှာ နှင်းမုန်တိုင်းထဲ၌ အသက်ပျောက်သွားကြသော တောင်တက်သမားများအကြောင်း ကျမကိုရှင်အသေးစိတ်ပြောပြခဲ့တာ ကျေးဇူးတင်ရပါသည်။ ဒါပေမယ့် နှင်းကြောင့်သူတို့အားလုံးသေရသည်ဟုတော့ ကျမလက်မခံခဲ့ပါ။ မေလ ၁၀ရက်ညနေပိုင်းမှာ ပြိုဆင်းကျလာသောနှင်းမုန်တိုင်းသည် တောင်တက်သမားများကို အသက်သေသည်အထိ ဒုက္ခပေးခဲ့တာ ကျမလက်ခံပါသည်။ သို့သော တချို့လူတွေက အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် အဓိက ဖြစ်ရသည်ဟု ရှင့်ကို ကျမဆင်ခြေတက်မိသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း ၂၉၀၂၈ပေမှာရှိသော လေထုသည် ဘယ်လောက်များအောက်ဆီဂျင်နည်းနေပြီလဲ၊ မတွေးရဲစရာပဲဖြစ်သည်။ 

ဤကဲ့သို့ သေမင်းတမန်ဧဝရက်တောင်ကိုမှ ခြေချချင်သော တောင်တက်သမားများသည် နှင်းမုန်တိုင်းနှင့်တွေ့သည့်အခါ ဘာဖြစ်လို့ အောက်ဘက်သို့ ပြန်မဆင်းသလဲ၊ တောင်တက်ခေါင်းဆောင်က ကန့်သတ်ထားသော နာရီးအပိုင်းအခြားတွင် ရောက်ရာနေရာမှ လှည့်ပြန်ခဲ့ပါတော့လား။ ဘာဖြစ်လို့ ဧဝရက်တောင်ထိပ်ကို ဆက်လက်တက်နေသလဲ။ ကမ္ဘာကြီး၏ အမြင့်ဆုံးအပိုင်း(သို့မဟုတ်) ခေါင်မိုးထိပ်စွန်း၊ အဲဒါကရောလာများထူးခြားနိုင်မှာမို့လဲ..။ တကယ်တော့ သူတို့ကိုသတ်ခဲ့တာနှင်းမုန်တိုင်းမဟုတ်ပါဘူး၊ အတ္တနဲ့လောဘက သတ်ခဲ့တာ..။ အဲသည်လို ကျမ ရှင့်ကို နိုင်အောင်ပြောရင်း စိတ်ထဲကတော့ မေလ ၁၀ ရက်နေ့မှာ စွန့်စားရင်း အသက်ပေးသွားကြသော Rob Hall, Scott Fischer နှင့်တကွ တောင်တက်သမားများအား အံ့သြဂုဏ်ယူစိတ်ဖြင့် အထပ်ထပ်အခါခါ ဦးညွှတ်လျက်ရှိခဲ့ပါသည်။ ှရှင်ကတော့ ကျမစိတ်ကို ထွင်းဖောက်မမြင်နိုင်သူမို့ ကျမစကားကိုပဲ တအံ့တသြတုန်လှုပ်စွာ နားထောင်နေခဲ့သည်။ တော်တော်ကြီးကြာမှ“မင်းဟာ တော်တော်အဆိုးမြင်တတ်တဲ့ မိန်းမပါလား” ဟု တိုးတိတ်စွာ ရေရွတ်ခဲ့သည်။
“ဟင့်အင်း ... ကျမက အကောင်းမြင်တာပါ၊ နှင်းဆိုတာက သူ့ကိုသွားမပတ်သက်ရင် အလွန်ချစ်စရာကောင်းတာ”


“မဟုတ်ဘူး၊ မင်းစကားကို ကတ်မပြောနဲ့လေ၊ နှင်းဆိုတာ အမြင်အားဖြင့် စိတ်ကူးယဉ်စရာလှပသလိုရှိပေမယ့် တကယ့်လက်တွေ့မှာတော့ နည်းအမျိုးမျိုးနဲ့ လူသတ်နေတဲ့ လူသတ်သမားပဲ”

ထို့နောက် ကျမတို့နှစ်ယောက်လုံး ကိုယ့်ဒေါသအတွက် ကိုယ်ရှက်ကာ ပြုံးရယ်မိခဲ့ကြသည်။ တကယ်တော့ နှင်းကြောင့် ကျမတို့လည်းဘာမှမဖြစ်ခဲ့။ ကျမတို့ပတ်ဝန်းကျင်လည်းဘာမှမဖြစ်ခဲ့။ နှင်းသည် ကျမတို့အတွက် အမြဲတမ်း စိတ်ကူးယဉ်စရာ အသွင်သဏ္ဍာန်ချည်းပဲ တည်ရှိခဲ့သည်။ နှင်းကြောင့် ကျမတို့စကားများ ခဲ့ကြသည်ဆိုလျှင် အဲဒါက မိနစ်ပိုင်းလောက်သာဖြစ်သည်။ ထို့နောက် ကျမတို့သည် နှင်းမပါဝင်သော အခြားအကြောင်းအရာများထဲတွင် စိတ်အာရုံ နစ်ဝင်သွားတတ်မြဲဖြစ်သည်။ တစ်ခုပဲ ကျမနောင်တ ရမိပါသည်။ အဲသည် နှင်းတွေနှင့်အတူပဲဖြစ်ဖြစ်၊ ရေခဲနေသောမြစ်ပြင်၏ ရေခဲလွှာနှင့်အတူပဲဖြစ်ဖြစ်၊ ရှေးဆန်ဆန် ခံ့ညားစွာက္ကန္ဒြေရသော အဆောက်အအုံတွေနှင့် အတူပဲဖြစ်ဖြစ် ကျမတို့နှစ်ယောက် အမှတ်တရ ဓါတ်ပုံတစ်ခုခုရိုက်ခဲ့ဖို့ကောင်းသည်။ သည်သို့သာဆိုလျှင် ရှင်အံ့သြချီးကျူးခဲ့ဖူးသည့် မြင်ကွင်းများကို ကျမအာရုံမှာ အတိအကျ ပြန်လည်ပုံဖော်နိုင်ခဲ့ပါလိမ့်မည်။ 

ယခုတော့ ကျမသည် ရှင်နှင့်အတူတူသွားခဲ့သော ထိုတက္ကသိုလ်မြို့လေးအကြောင်း စဉ်းစားလိုက်လျှင် ကျမအာရုံထဲမှာ ရှင့်လှုပ်ရှားမှုများ၊ ရှင့်စကားသံများ၊ ရှင့်ဒေါသငွေ့ငွေ့ဖြင့်အပြုံးများစသည်တို့နှင့်အတူ ပတ်ဝန်းကျင်က ဖြူဖွေးသော နှင်းများကိုသာ မြင်ယောင်တမ်းတမိတော့သည်။ နှစ်အချို့ကြာမြင့်ခဲ့ပြီးသည့်နောက် အဲသည်မြို့သို့ နောက်တစ်ကြိမ် ရှင်ပြန်သွားခဲ့သေးသလား။ သွားခဲ့သေးသည်ဆိုလျှင် ကျမနှင့်အတူ သွားတုန်းကလို ဆောင်းရာသီမှာသွားခဲ့တာလား။ ဆောင်းရာသီမှာ သွားခဲ့သည်ဆိုလျှင် ရေခဲနေသောမြစ်၏ မြစ်ကူးတံတားပေါ် ရှင်ခြေချမိခဲ့သေးသလား။ အဲသည်ပေါ်မှာ ရှင်လမ်းလျှောက်ဖြစ်ခဲ့သည်ဆိုလျှင် ရေခဲမြစ်ပြင်အပေါ်လွှာပေါ်မှာ လမ်းလျှောက်ကြည့်ချင်သည်ဆိုသော ခပ်ကြောင်ကြောင် ကောင်မလေးတစ်ယောက်အကြောင်း ရှင် သတိရသွားခဲ့သေးလား။ အဲသည်မြို့ကို ထပ်သွားသည်ဖြစ်စေ၊ အခြား အလားတူ မြောက်ပိုင်းမြို့များသို့ သွားဖြစ်သည် ဖြစ်စေ ဆောင်းရာသီ မှာတော့ နှင်းတွေ....နှင်းတွေ...ကြည့်လေရာမှာ နှင်းတွေကို ရှင် မကြာခဏသတိထား မိမှာပေါ့နော်။ တစ်ခါတစ်လေမှာ နှင်းတွေကိုကြည့်ရင်း ရှင် မျက်ရည်ဝဲဖူးခဲ့ပြီလား။ ကျမသိချင်လှပါသည်။

မှတ်ချက်။    ။ ဆရာမဂျူးအား လေးစားဂါရဝပြုသောအားဖြင့် ဒီဇင်ဘာအမှတ်တရအတွက် အရောင်များနှင့်ကစားခြင်း နှင့် အခြားဝတ္ထုတိုများမှ “နှင်း” ကိုထုတ်နုတ်ပြသပါသည်။

Friday, 11 December 2009

Melody



ငါ့နှလုံးအိမ်ထဲက
စည်းချက်သံတချို့ မျက်ဝန်းကတဆင့် မင်းကြားလိုက်ရဲ့လား... မင်းဆီက ပျံ့လွင့်လာတဲ့ အသံမဲ့ လှိုင်းတစ်ခု ငါ့အာရုံတွေဆီ ပုတ်ခတ်လိုက်သလိုရှိချိန်မှာ ရင်ဘတ်ထဲက ငါ့ရင်ခုန်သံတွေ သံစဉ် ညှိုဖို့ ထွက်ကျကုန်ကြပေါ့ ငါ့သွေးထဲက ပဲ့တင်ထပ်နေတဲ့ တေးသွားတစ်ပုဒ်ဟာ မှားယွင်းနေခဲ့ရင်တောင် ဆက်လက်ဆိုညည်းနေဖို့ပါ.....။ ။ HNS(TG)

Thursday, 10 December 2009

လပြည့်လ (အဆုံး).....





ဒုတိယအကြိမ်သူမ သူ့ကို သတင်းကျွတ်လပြည့်ညက ရွှေတိဂုံဘုရားကုန်းတော်မှာ သူမတို့ပဉ္စဘောဓိအသင်း ဆီမီးတစ်ထောင်ပူဇော်ဖို့ မီးထွန်းညှိစဉ်ကဖြစ်သည်။ သူက တံမြက်စည်းလည်းအသင်းတစ်ခုက သူ့သူငယ်ချင်းတစ်ယောက်နှင့် အဖော်လိုက်ခဲ့ခြင်းဖြစ်သည်..။ ဒီတစ်ခါသူက ရှပ်အင်္ကျီ နံ့သာရောင်ကို ရခိုင်ပုဆိုးအုန်းခွံရောင်နှင့် တွဲဖက်ဝတ်ဆင်ထားသည်...။ သူမတို့ဆီမီးခွက်ကလေးတွေကို မီးထွန်းညှိရင်း သူမီးညှိသည့်ခွက်နှင့် သူမမီးညှိသောခွက်ကပ်လျက်ကလေး လာတိုက်တော့မှ သူရောကျမပါ ပြိုင်တူမော့ကြည့်မိကြသည်..။ သူ့မျက်ဝန်းဆီမှ သူမကိုမှတ်မိသော အရိပ်တန်းကလေးတစ်ခု ဖြတ်ပြေးသွားသည်ကို တွေ့လိုက်ရသည်...။ သူ သူမကိုစပြီးနှုတ်ဆက်ပါသည်..။ သူမတို့ဆီမီးထွန်းရင်း တစ်ယောက်ကို တစ်ယောက်မိတ်ဆက်ကြသည်..။ သူသမိုင်းအဓိကဖြင့်ကျောင်းပြီးထားပြီး လက်ရှိ ဂျာမန်သံရုံးတွင် အလုပ်လုပ်ပါသည်..။ သူမတို့ BC စာကြည့်တိုက်တွင် စာအုပ်လာငှားတတ်ကြောင်း ပြောပြသည်..။ သို့သော် သူမ သူ့ကိုမဆုံဖူးခဲ့ပါ..။ သူမအလုပ်ဝင်တာ သိပ်မကြာသေးတာလည်းပါမည်..။ အနီးကပ်တွေ့တော့မှ သူမပိုသတိထားမိသွားတာ..သူ့မျက်လုံးလေးတွေက ဗာဒံသီးပုံရှည်လျား မည်းနက်နေ၏။ မျက်တောင်တွေကခပ်တိုတိုပေမယ့် မည်းနက်သောကြောင့် မျက်လုံးအင်အားကောင်းသည်..။ ပြုံးလိုက်လျှင် မေးစေ့မှာ အချိုင့်ကလေးပေါ်လာလျက် ချစ်ခင်နှစ်သက်စဖွယ်ဖြစ်သွားသည်။ သူ့သွားတွေက ဖြူဖွေးတောက်ပလေသည်။ ထိုညမှာ လပြည့်လသည် ဝင်းထိန်သာလျက် သူမတို့အသင်းတွေဘုရားပေါ်မှာပဲ အိပ်ကြတာမို့ တစ်ညလုံး ဘုရားအတူဖူးရင်း သူမ မသိသေးးသည့် ဘုရားသမိုင်းကြောင်းများကိုလည်း သူစိတ်ရှည်စွာပင် ရှင်းပြပါသည်...။ 

နက်ပြာရောင်ကောင်းကင်မှ လပြည့်လကို မော့ကြည့်ရင်း... သူမတိတ်တဆိတ် ကျေးဇူးတင်နေမိသည်ကိုတော့ သူကြားနိုင်မည်မဟုတ်ပါ...။ သူမတို့ခင်မင်ရင်းနီးပြီး တစ်နှစ်ကျော်မှာ သူမကို သူချစ်ခွင့်ပန်ပါသည်...။ သူမကိုချစ်စကားပြောသော နေရာကလေးသည် မထင်မှတ်ဘဲ သာယာလှပတဲ့ ကမ်းခြေလေးတစ်ခုမှာဖြစ်တဲ့အပြင်... မီးပုံပွဲလုပ်ကြတဲ့...ဝိုင်းစက်ပြည့်တင်းနေတဲ့ လပြည့်ညမှာဖြစ်ခဲ့သည်..။ သူမတို့ မီးပုံပွဲမှာတခဏ ကမ်းခြေဖက် လမ်းလျှောက်ကြရင်း သူမကိုဖွင့်ပြောခြင်းဖြစ်သည်..။ စာတွေထဲမှာဖတ်ဖူးတာမှန်သည်..။ မင်းယောကျာ်းရဲမက်တွေဟာ...စစ်မြေပြင်မှာ ဘယ်လောက်ပင် ရဲစွမ်းသတ္တိရှိစေကာမူ.. သူတို့ချစ်ခင်မြတ်နိုးတဲ့ မိန်းကလေးရှေ့မှာတော့ အလိုလို ယုန်သူငယ်လေးလိုပဲ တုန်လှုပ်ခြောက်ခြားနေတတ်တော့သည်...။ သူမထက်အသက်နှစ်နှစ်ငယ်သော ထိုလူငယ်ကလေးမှာ သူမကို ရည်းစားစကား မရဲတရဲစပြောခဲ့ပါသည်...။ သူမတို့သောင်ပြင်မှာအတူထိုင်ပြီး ကောင်းကင်မှ ကြယ်ကလေးများကိုမော့ကြည့်မိကြသည်...။ လမင်းကြီးရယ်..ဒီတစ်ခါလည်းသူမကို ကြည်နူးခြင်းတွေဖြည့်ဆည်းပေးခဲ့ပြန်ပြီ..။ သူမတို့ချစ်သူသက်တမ်း တစ်နှစ်ပြည့်မှာပဲ...သူ ဧည့်သည်များနှင့် အထက်မြန်မာပြည်သို့ခရီးထွက်ရင်း ကားအက်ဆီးဒင့်နှင့် ရုတ်တရက်ဆုံးပါးသွားခဲ့ပါသည်...။ သူမဘဝနေသားကျနေပြီးခါမှ...မထင်မှတ်ဘဲ ကြယ်ကလေးတစ်ပွင့်...ရောက်လာခဲ့ပါသည်...။ သို့သော်...ထိုကြယ်ပွင့်ကလေးကို သူမခူးဆွတ် ရလာခြင်းမျိုးမဟုတ်...။ သူမရှေ့မှာ လင်းခနဲ တခဏကြွေကျသွားခဲ့တာပါ...။ ထိုချိန် သူမလိုရာဆုတောင်းခဲ့မိလို့...သူမကို အိပ်မက်လှလှ လာပေးသွားခဲ့တာပါ...။ အထီးကျန်ဆန်တဲ့သူမကို လာနှစ်သိမ့်သွားခဲ့တာပါ...။

လပြည့်လရယ်...ဘယ်လိုပဲဖြစ်ဖြစ် သူမဘဝကလေးကိုတော့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာလေး ဖန်ဆင်းပေး သွားတဲ့အတွက် သူမကတော့ ကျေးဇူးတင်နေတော့မှာပါ....


ဝန်ခံချက်။    ။ ဆရာမဂျူး၏ “မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက်”မှ ကိုးကားပါသည်။

မိုးငွေ့

လပြည့်လ (အလယ်).....





စာတန်းခေါင်းစဉ်မှာ “မြန်မာနိုင်ငံမြောက်ပိုင်းတောင်ပေါ်လူမျိုးစုများ (The Hill Tribes of Northern East Myanmar)” အကြောင်းဖြစ်ပြီး ဆွေးနွေးမည့်သူအမည်မှာ ဦးမင်းညိုစင် ဟုရေးထားသည်..။ သူ့နာမည်နှင့် သူအလွန်လိုက်ဖက်ပါသည်..။ သူပြောပြသည့် လူမျိုးထဲတွင် လားဟူ ၊ လီဆူးလူမျိုးများ အကြောင်း ကျမကြားဖူးသော်လည်း အခါလူမျိုးကိုတော့ ကျမ မကြားဖူးပေ..။ သူ၏တင်ပြချက်များ ပြီးဆုံးသွားလျှင် ကျမတို့ ပရိတ်ထဲမှ စိတ်ဝင်စားသူ မရှင်းလင်းသူများ ၊ ပိုသိလိုသူများက သူ့ကိုမေးမြန်း ဆွေးနွေးနိုင်သည်ဖြစ်ရာ ဤလူငယ်ကလေးကို နည်းနည်းတော့ ဒုက္ခပေးလိုက်ဦးမည်ဟု ကျမစဉ်းစား၏။ တောင်ပေါ်လူမျိုးများ၏ “အိမ်ထောင်ရေးနှင့် ကလေးမွေးဖွားခြင်း ခေါင်စဉ်အောက်မှာ သူပြောသွားသော လင်မယား ကွဲကွာခြင်းဟူသော စကားကို ကျမသိပ်မကျေနပ်ပါ။ သူက များသောအားဖြင့်ဇနီး၏ ဖေါက်ပြားမှုကြောင့် အိမ်ထောင်ပြိုကွဲသည်ဟုဆိုသည်။ ထို “များသောအားဖြင့်” ကို အတိအကျ ကျမသိချင်သည်။ တခြားဆွေးနွေးသူများ ဤကိစ္စကိုမေးမြန်းမလားဟု ကျမစောင့်နေသေး၏ ။ ဘယ်သူမှ ထိုကိစ္စကိုထည့်မမေးတော့ ငါးယောက်မြောက်ဆွေးနွေးသူအဖြစ် ကျမ လက်ညိုးထောင်ပြလိုက်ပါသည်။ ကျမရှိရာသို့ လှမ်းကြည့်ပြီး သူမျက်ခုံးတချက်ပင့်လိုက်သည်..။ ကျမသတိထားလိုက်မိသလောက် သူစကားပြောလျှင် မျက်ခုံးပင့်ပင့်ပြီးပြောတတ်သည်။ ထိုချိန်မှာ မျက်လုံးများကပြုံး၍ လင်းလက်နေတတ်သည်..။

“When you described about the divorces of Hill Tribes you said the general cause is the adultery of the wife, didn't you?”

တောင်ပေါ်လူမျိုးတွေရဲ့ အိမ်ထောင်ကွဲဖြင်းအကြောင်းရှင်ပြောခဲ့စဉ်က အများအားဖြင့် ဖြစ်တတ်သော အကြောင်းရင်းဟာ ဇနီးရဲ့ဖောက်ပြားမှုလို့ ရှင်ဆွေးနွေးသွားတယ် မဟုတ်လား...
သူကျမကို ဇဝေဇဝါကြည့်၏။

“Yes, I did” ဟုတ်ပါတယ်..

“So do you mean the adultery of the husbands are fewer than those of the wives?” ဒါဖြင့် ခင်ပွန်းရဲ့ ဖောက်ပြန်မှုက ပိုနည်းတယ်လို့ ရှင်ဆိုလိုတာလားဟုမေးလိုက်သောအခါ ကျမဘာကို မခံမရပ်နိုင်ဖြစ်သွားကြောင်းသူသိသွားပါသည်..။ 

“Although I used the word "generally", I did not mean the adulteries of the wives are greater in ratio than those of the husbands” ယေဘုယျအားဖြစ်လို့ ကျတော်သုံးနှုန်းလိုက်ပေမယ့် ဇနီးရဲ့ဖောက်ပြန်မှုအချိုးက ခင်ပွန်းရဲ့ဖောက်ပြန်မှု အချိုးထက်များတယ်လို့ ဆိုလိုတာမဟုတ်ပါဘူး..။ 

နားထောင်နေသော ပရိတ်သတ်က သဘောကျစွာ ပြုံးရယ်ကြလေသည်။ ထိုအခါ သူက အနည်းငယ်ပြုံးလိုက်၏။ 

Most of then obey the Principle of Monogamy but the husband may have more than one wive, Even this is not the cause of divorce. သူတို့ဆီမှာ အများအားဖြင့် တစ်လင်တစ်မယားစနစ်ဖြစ်မယ်ပါတယ်..။ ဒါပေမယ့်ခင်ပွန်းတစ်ယောက်မှာ တစ်ယောက်ထက်ပိုတဲ့ ဇနီးတွေရှိတတ်ပါတယ်..။ ကျမခေါင်းတစ်ချက် ညိတ်ပြလိုက်ပါသည်..။ 

Sometimes they divorce the wives because of not having the eldest son but it does not increase the rate of divorce because the husband in this circumstance may get another wife without divorcing the first. “ သားဦး ယောကျာၤးလေး မမွေးနိုင်ရင်လဲ အိမ်ထောင်ကွဲတတ်ပါတယ်..။ ဒါပေမယ့် ဒီအကြောင်းရင်းကြောင့်လဲ အိမ်ထောင်ကွဲခြင်း အချိုးအဆ တက်မလာပါဘူး..။ ဘာကြောင့်လဲဆိုတော့ ခင်ပွန်းဟာ ပထမဇနီးကိုမကွာဘဲ နောက်ဇနီးတစ်ယောက်ကိုယူနိုင်လို့ပါပဲ..”

ကျမနောက်မှ ယောကျာၤးလေးတချို့ ခပ်အုပ်အုပ်ရယ်မောလိုက်သံကြားရသည်။

“The main cause is the adultery of the wife....I ..I mean” ကျမအသံထွက်ရယ်မောရင်း လက်မြှောက်ပြလိုက်၏။ “No, no, I see. Thank you very much”. 

ဆက်ပါဦးမည်....

မိုးငွေ့

Wednesday, 9 December 2009

လိုအပ်ချက်များဖြည့် ဆည်းပေးစေလိုပါသည်

အေ၇းပေါ်(A)သွေးလိုလို့ပါ .. ဘုန်းကြီးလမ်းထိပ်က ဂျပန်ဆေးရုံ ကြီးမှာတင်ထားရတဲ့ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ကလေးအတွက် ပါ။ ကျေးဇူးပြုပြီး .. ကူညီပေးကြပါ.. 095019247 (ဒေါ်စန်းစန်းယု) ကိုဆက်သွယ်လို့ရပါတယ်။ ကျေးဇူးပြုပြီး ဒီမက်ဆေ့လေးကို ဆက်ပြီး လက်ဆင့်ကမ်းပေးကြပါလို့ အနူးအညွှတ်တောင်းဆိုပါတယ်..။

လပြည့်လ (အစ).....





တစ်ခါက လပြည့်လသည် သူမဘဝကို အမှတ်တရများစွာ ထင်ကျန်စေခဲ့သော ညများကို ဖန်းဆင်းပေး ခဲ့ဖူးပါသည်..။ ငယ်စဉ်က ကုက္ကိုတန်းရွာမှာ သူမမိဘများဆုံးပါးသွားတော့ သူမအသက် ခြောက်နှစ်ပင်မပြည့်သေးပါ...။ တစ်ဦးတည်း တစ်ကောင်ကြွက်သူမကို အဖေ့ညီမ အဒေါ်ဖြစ်သူက ကျွေးမွေးထားခဲ့ပါသည်..။ အဒေါ်ကလည်း အိမ်ထောင်မရှိ တစ်ကိုယ်တည်းသမား...။ ဈေးထဲ ကုန်စိမ်းများရောင်း၍ သူမကို ကျောင်းထားပေးပါသည်...။ သူမတို့ ရွာဦးကျောင်းမှာ တိုင်ဆောင်မုန်းလရောက်လျှင် ဘုရားပွဲကို ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိသည်...။ သူမကတော့ ပွဲကြိုက်သူမဟုတ်တာမို့ (ရွာမှာရှားပါးလေးပေါ့) တိုင်ဆောင်တိုင်လပြည့်ည လမင်းကြီး ထိန်ထိန်သာ နေချိန်မှာ သူငယ်ချင်းများနှင့် ထုတ်စည်းတိုးတမ်း၊ ဂုံညင်းဒိုးပစ်တမ်း၊ အိမ်ကြီးအိမ်ငယ်တမ်း ကစားရတာကိုပို၍ နှစ်သက်ပါသည်...။ တစ်ခါမြို့ကနေအဒေါ် ဝယ်လာပေးဖူးသော သွပ်နန်းကြိုးနှင့် ယမ်းများသုတ်လိမ်းထားသည့် မီးရှူးမီးပန်းများကို ကစားရတာအလွန်ပျော်ပါသည်..။ ကျောင်းသွားလျှင် စီးရသော စက်ဘီးကလေး၏ နောက်ထိုင်ခုံတန်းတွင် မီးပန်းများကိုချိပ်လျက် မီးရှို့ပြီး စက်ဘီးနင်းရသော အရသာသည် လူအများကြိုက် ဇာတ်ပွဲနှင့်တော့မလဲနိုင်ပါ။ ပြီးတော့ ကုက္ကိုပင်ကြီးဆီ သွပ်နန်းကိုကွေး၍ မီးပန်းများကို ပစ်တင်ပြီး အပင်မှာချိပ်ဆွဲလျက် မီးပန်းများဖွားကနဲ ဖွားကနဲ လင်းနေသည်ကို ကြည့်ကြပြီး သူမတို့ ကလေးတစ်စုပျော်ရွှင်စွာ လက်ခုတ်တီးသေးသည်...။ ဤသည်မှာ သူမကလေးဘဝက လပြည့်လများကို နှစ်သက်တတ်ခဲ့သည်များဖြစ်သည်...။


*********


ခေါင်းရင်းပြူတင်းပေါက်မှ လရောင်တချို့...ကုတင်ပေါ်ပြန့်ကျဲနေသော သူမဆံပင်များဆီသို့ ဖြာဆင်းကျနေသည်။ တချိန်က ဒီလပြည့်လ အလင်းရောင်တွေက သူမဘဝကို အပြောင်းအလဲ ဖြစ်စေခဲ့တာ အမှန်ပင်..။ ခုတော့...သူမစိတ်တွေနွမ်းလျနေသည်...။ ဒီနေ့တနေကုန်သူမ စိတ်ရောလူရောအပင်ပန်းဆုံးနေ့...။ ခုအိပ်ချိန်မှသာ နားစက်လှဲလျောင်းရတော့သည်..။ ခါတိုင်း သူမ ဘယ်လောက်ပင် ပင်ပန်းပါစေ လရောင်ခြည်က သူမစိတ်ကို အေးမြလန်းဆန်းစေမြဲပါ...။ ခုတစ်ခါ လပြည့်လကတော့ သူမ၏နွမ်းနယ်မှုကို မကုစာပေးနိုင်တော့အောင် ကံကြမ္မာရဲ့ လှည့်ကွက်က မျက်စိတစ်မှိတ်ဆိုသလိုပါပဲ...။ ငယ်စဉ်ကတည်းက တစ်ကောင်ကြွက်ဘဝနှင့် ကြီးပြင်းခဲ့သော သူမအဖို့... မောင်သည်သာလျှင် အားကိုးအားထားရာ မဟုတ်ပါလား...။ ခုတော့ သူမဘဝထဲကရော လောကကြီးကိုပါ အပြီးပိုင်နှုတ်ဆက် ထွက်ခွာသွားခဲ့ပြီ..။ အထီးကျန်ဆန်သောဘဝဖြင့်နေခဲ့တာ သူမအတွက် နေသားကျနေပါပြီးမှ...“မောင်” ဆိုတဲ့ ချစ်စရာကောင်းသော လူသားကလေးတစ်ယောက်သည် သူမဘဝအား နူးညံ့နွေးထွေးသော ကြိုးမျှင်များဖြင့် ချည်နှောင်ကာ ထားရစ်ခဲ့လေပြီ...။ သူမသည် သံရုံးစာကြည့်တိုက်တွင် အလုပ်လုပ်ရင်း သူမဝါသနာပါသော စာပေကိုလည်း တစ်ဘက်က လေ့လာကာ ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ စသဖြင့်ရေးသားပြီး စာအုပ်တိုက်သို့ ပို့လေ့ရှိသည်..။ ခုခေတ် ဖက်ရှင်မဂ္ဂဇင်းအတော်များများမှာ သူမရေးသည့် နိုင်ငံခြားရုပ်ရှင်ဆောင်းပါးများ၊ ကဗျာနှင့် ဝတ္ထုတိုများ နေရာယူနေပြီ...။ စာဖတ်ပရိတ်သတ်လဲ တော်တော်ပင်ရနေပါပြီ..။ သူမနှင့် မောင်ဆုံတွေ့ပုံလေးကို ပြောပြချင်ပါသည်...။ ထိုနေ့က Strand Hotel စာတန်းဖတ်ပွဲသို့ သူမတက်ရောက်လာခဲ့သည်..။ ရည်ရွယ်ချက်ကတော့ မဂ္ဂဇင်းတိုက်အတွက် ကုန်ကြမ်းရှာထွက်တာရယ်...သူမ မသိသေးသော အကြောင်းအရာများကိုလာ၍ နားထောင်ခြင်းပင်..။ ထိုနေ့က စင်ပေါ်တွင် လည်ကတုံး အဖြူအောက်ခံကို အနက်ရောင်တိုက်ပုံနှင့် မရမ်းရောင်အကွက်စိပ်ပုဆိုးကို တွဲဝတ်ဆင်ထားသော ထိုအမျိုးသား၏ ဝတ်စားဆင်ယင်မှုသည် သူမကို ပထမဆုံး ဆွဲဆောင်လိုက်သည်...။ သူမ သက်တမ်းမှာ ထိုကဲ့သို့သော မြန်မာအမျိုးသားဝတ်စုံနှင့် အလွန်လိုက်ဖက်ကြည့်ကောင်းသော သန့်ပြန့်သော ယောကျာ်းမျိုး မမြင်ဖူးခဲ့တာသေချာသည်...။ သူ၏ မျက်နှာကျပုံမှာ မေးရိုးခိုင်ခံ့စွာ ယောကျာ်းပီသသော သဏ္ဍန်အပြင် ပါးပြင်မေးတလျှောက်မှ သပ်ရပ်စွာရိပ်ထားသော ပါးဒိုင်းမွှေး စိမ်းမြမြကိုလည်း မြင်နေရသည်။ သူအရပ်အမောင်းမှာ သူမခန့်မှန်းမိသလောက်တော့ ခြောက်ပေနီးပါးမြင့်မည်ထင်သည်..။ သူမအရပ် ငါးပေငါးနဲ့ဆို ခေါင်းတစ်လုံးစာလောက်မြင့်မည်...။ မြင်ရတာ ဟောလီးဝုမှ ပရက်ပစ်လိုလို အက်ရှတန်ကူချာတို့လိုမျိုး...။ သူမ၏ သုံးသပ်ထင်မြင်ချက်များကို အသာထား၍ စင်နှင့်နီးကပ်ရာသို့ သွားလိုက်သည်..။ ပါလာသောရစ်ကော်ဒါကိုဖွင့်ပြီး သူမစာအုပ်တစ်အုပ်နှင့် Hilight များကိုသီးသန့် မှတ်ယူပါသည်..။


ဆက်ပါဦးမည်.....


မိုးငွေ့

Change

ငါလိုချင်ခဲ့ဖူးတယ် နင့်ရင်ဘတ်ထဲက ပန်းနုရောင်ပုံပြင်တွေ.... ငါတမ်းတခဲ့ဖူးတယ် နင့်နှုတ်ဖျားဆီက အပြာရောင်စကားလုံးတွေ.... ငါရင်ခုန်ခဲ့ဖူးတယ် နင့်မျက်ဝန်းဆီက နွေးထွေးတဲ့အကြည့်တွေ.... ငါမျှော်လင့်ခဲ့ဖူးတယ် အ၀ါရောင်စိတ်ကူးတွေနဲ့ တောက်ပတဲ့အိပ်မက်တွေကို.... ဒါပေမယ့် အချိန်ရထားကြီး အရာအားလုံးကိုအပြီးတိုင်နင်းချေ ဆက်လက်ခုတ်မောင်းသွားနေတယ် အခုငါ့ဆီမှာ ကဗျာတွေကလွဲလို့ ဘာမှမရှိတော့ဘူး...။ ။ HNS(TG)

ဖွဲ့နှောင်မယ့်အချစ်

ညရဲ့ကြယ်ပွင့်ဟာ လောကရဲ့အဖွင့်ကို စွင့်ကားအောင် မဆောင်ရွက်နိုင်ပေမယ့် လူတစ်ယောက်ရဲ့ စိတ်ကို ပျော်တတ်အောင်တော့ ကြယ်ကလေးက ခြယ်သနိုင်ပါသတဲ့....။ အရာရာတိုင်းဟာ ကောင်းကင်ရဲ့စေခိုင်းမှုကို မတုပနိုင်ပါဘူး ဒီလိုပါပဲ... Chocolate ရယ်... လောင်မြှိုက်နေတဲ့ နှလုံးသားရဲရဲကြီးတစ်ခုနဲ့ အနှစ်သာရရှိစွာ မင်းအနားမှာ ထာဝရမနေနိုင်ပေမယ့် ခိုင်မြဲတဲ့ အချစ်စစ်နဲ့တော့ မင်းနှလုံးသားကို ဒီတစ်သက် ငါ ထာဝရရစ်ပတ်နိုင်ပါတယ်...။ ။ (အမည်မသိကဗျာဆရာ)

Tuesday, 8 December 2009

J (အဆုံး).....





ဒီလိုနဲ့ ကျမလဲ သူနဲ့ မပြတ်မပြတ် ဆက်ပြီး ကွိုင်ရှာလိုက်နဲ့ အရမ်းကို ပူလောင်နေပါပြီ။ ကျမ.... အဲဒီခံစားမှုကို အမုန်းဆုံးပဲ..။ ကျမမှာ ဘာအပြစ်ရှိလို့လဲ..။ ကျမလောက်မှာ မလှတဲ့ကောင်မလေး တစ်ယောက်ကိုမှ သူရွေးရသလား..။ ဘာလဲ ကောင်မလေးက အသက်ငယ်လို့လား..။ ကျမကရော ဘာမှ အသုံးမကျအောင် အသက်ကြီးနေလို့လား..။ ကျမချစ်သူက ကျမထက် နှစ်နှစ်ငယ်ပါတယ်..။ ဒါပေမယ့် ကျမတို့က ရွယ်တူတွေလိုပါပဲ..။ တချို့ကပြောတယ် ခုခေတ်မိန်းကလေးတွေက အီစီကလီတွေ ပတ်ချွဲနပ်ချွဲဟန်တွေကို ပိုင်တာကိုး...။ ဒါကြောင့် ယောကျာၤးတွေကျတာတဲ့..။ ကျမကတော့ဖြင့် အဲဒီလို မူယာမာယာများတတ်ပေါင်..။ အရှိကို ရင်ထဲမထားဘူး..ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တာပဲ... စိတ်ရင်းအတိုင်းပြောချလိုက်တာပဲကြိုက်တယ်..။ ကျမချစ်သူကလဲ ကျမရဲ့စိတ်ဓါတ်ကို သဘောကျလို့ ကျမကိုရွေးချယ်ခဲ့တာပါ..။ 

ခုတော့ ကျူတတ်တဲ့ အမူအရာကိုပဲ ပြောင်းကြိုက်သွားသလား မသိပါဘူး..။ နောက်ပိုင်းသူက ညည်းလာတယ်... အလုပ်ကရောင်းအားကျနေလို့အဆင်မပြေဘူးတဲ့..။ ကျမ...သေချာစုံစမ်း ကြည့်တော့မှ ဘယ်ဟုတ်မလဲ ရောင်းအားကကျပြီပေါ့ ကိုယ့်အလုပ်မလုပ်ဘဲ ဟိုဟာမလေး အနောက်ပဲလိုက်ပြီး သူများပစ္စည်းသွားရောင်းပေးမနေတာလေ..။ တောင်ဥက္ကာလာ၊ မြောက်ဥက္ကလာထိသွားရတာများလို့ထင်ပါရဲ့ အရင်က ဖြူဝင်းနေတဲ့ သူ့အသားအရေတွေက နေလောင်ဒဏ်ကြောင့် ညိုညစ်ညစ် ဖြစ်နေပြီလေ...။ မျက်နှာကလဲ ကြည်လင်မနေတော့ဘဲ အမြဲသုန်မှုန်နေတယ်..။ ရှုပ်ထွေးပြီပေါ့..။ 

ကျမရှေ့ရောက်ရင် အမြဲလိမ်ဖို့ သူကြိုးစားနေရပြီလေ..။ တော်ပါပေတယ်...မောင်မင်းကြီးသားရယ်..။ ရည်းစားကိုနှစ်ယောက်ပြိုင်ထားပြီး စိတ်ရှုပ်ခံနိုင်ပါ့..။ ကျမနဲ့စကားပြောရင် သူ့မျက်လုံးတွေ ဂဏာမငြိမ်တော့ဘူး..။ အရမ်းသိသာတယ်..။ ကျမသူ့ကို သနားလဲသနားတယ်...သတ်လဲသတ်ပစ်ချင်နေတယ်..။ တစ်နေ့ကျမသူ့နောက်ကို လိုက်ခဲ့မယ်ပြောတော့ လုံးဝပေးမလိုက်ဘူးလေ..။ အမျိုးမျိုး အကြောင်းပြပြီး ငြင်းတယ်..။ ဒါဆိုရင်တော့ သူချိန်းထားတာ သေချာပြီးဆိုပြီး ကျမလဲ အိုကေ...မလိုက်တော့ဘူးပြောလိုက်တယ်..။ သူ့ကိုနောက်ယောင်ခံ လိုက်ကြည့်တော့.. ထင်ထားတဲ့အတိုင်းပဲ ချိန်းထားတဲ့နေရာမှာ ကောင်မလေးစောင့်နေတယ်လေ...။ ကောင်မလေးလက်ကိုဆွဲပြီး တခြားကို သူတို့ထွက်သွားကြတယ်..။ 

ကျမလဲ ဆက်ပြီး လိုက်မကြည့်တော့ဘူး..။ အလုပ်လုပ်ရတာလဲ စိတ်ကမပါတော့ဘူး..။လူကအရမ်းစိတ်ဆင်းရဲပြီး သေချင်စော်နံနေပြီ..။ ကျမဘာဘာလုပ်သင့်သလဲ..။ ညနေအိမ်ပြန်ရောက်တော့ ကျမမနေနိုင်တော့ဘူး...။ သူပြောထားတဲ့ စကားတစ်ခွန်းရှိတယ်လေ..။ အဲဒီကောင်မလေးနဲ့သူက သူငယ်ချင်းတွေပါတဲ့..။ မယုံရင်ဆုံရှင်းလို့ရတယ်တဲ့...။ အိုကေ ဒါဆိုကျမကို အဲဒီကောင်မလေးနဲ့တွေ့ဖို့ စီစဉ်ပေးလို့ သူ့ဆီဖုန်းဆက်လိုက်တယ်..။ ကျမ ကောင်မလေးနဲ့တွေ့ပြီးမရှင်းရဲဘူးလို့ သူတွက်ထားပုံရတယ်...။ ကျမဖုန်းဆက်တော့ သူတော်တော် အကျပ်ရိုက်သွားတယ်..။ ဒါနဲ့ ဆိုင်တစ်ဆိုင်မှာတွေ့ကြတယ်..။ ကျမ.. သတင်းတစ်ခုရထားပါသေးတယ် ...။ ကျမတို့နှစ်ယောက်သွားနေကျ ဆံပင်ညှပ်ဆိုင်မှာပဲ သူအဲဒီကောင်မလေးကို ဆံပင်ခေါ်သွားညှပ်တယ်တဲ့...။ 

ကျမလဲ ကောင်မလေးကိုတွေ့တော့ “ညီမလေးဆံပင်ညှပ်ထားတာလှလိုက်တာ” လို့စကားစကြည့်လိုက်တယ်..။ 

“ဟုတ်တယ် အမရဲ့ အဲဒီနေ့က ဆံပင်ညှပ်ပြီး ခေါင်းပါလျှော်လိုက်တာ ဇက်တောင်နာသွားတယ် အိမ်နားကဆိုင်မှာလေ”တဲ့..။ 

သူစပြီးလိမ်နေပါပြီ..။ ဟုတ်ပြီ...ကဲ..ကျမတို့စပြီးရှင်းကြရအောင်...။ ညီမနဲ့သူဘယ်လိုပတ်သက်နေသလဲ ရှင်းရှင်းပြောပြပါဆိုတော့... သူငယ်ချင်းတွေပါတဲ့..။ အိုကေ ...ဒါဆို ညီမမွေးနေ့ရောက်တော့မယ်ဆို အမတို့ဘုရားအတူတက်ရအောင် ပြီးရင် ညီမဘုရားမှာ ကျိန်ဆိုရဲသလား..သူနဲ့မပတ်သက်ပါဘူးလို့..ဆိုတော့..။

“ဟုတ်ကဲ့...သမီးကျိန်ရဲပါတယ်”တဲ့...။ အိုး ...အသက်နှစ်ဆယ်စွန်းစွန်း မိန်းကလေးတစ်ယောက်က ငရဲမကြောက် ဘာမကြောက် ကျမချစ်သူအတွက်နဲ့ ဘုရားမှာကျိန်ဆိုပြရဲသတဲ့..။ ကျမချစ်သူကတော့ အဲဒီကျိန်ဆိုတဲ့ ကိစ္စကိုဝင်ပြီး ကန့်ကွပ်ပါတယ်...။ အင်းပေါ့..သူအသိဆုံးဖြစ်မှာပေါ့ အကျိုးဆက်တွေကို...။ ဒါကိုက မရိုးသားဘူးဆိုတာ ထင်းထင်းကြီးပဲ...။ 

ကျမတို့ အဲဒီနေ့က အေးအေးဆေးဆေးပဲ ပြီးဆုံးသွားပါတယ်..။ ကျမလဲပြောမယ့်သာပြောခဲ့တာ အဲဒီကောင်မလေးနဲ့လဲ ဘုရားမသွားခဲ့ပါဘူး...။ ကျမကိုလဲ တော်တော်ရှိန်သွားပါတယ်..။ အဲဒီနောက်ပိုင်း သူတို့ထပ်မတွေ့တော့ဘူး ပြောကြတာပဲ...။ ကျမလဲ ဆုံရှင်းပြီးကတည်းက စိတ်လျော့ လိုက်ပါတော့တယ်..။ ကျမ အဲဒီလောက်ဆွဲဆောင်မှု မရှိတော့ရင်လဲ ကျမထိုက်နဲ့ကျမကံပေါ့...။ ကျမချစ်သူကိုလဲ ကျမလွတ်လပ်ခွင့် ပေးလိုက်ပါတော့တယ်..။ လူတွေက ခက်တော့အခက်သားနော်..။ အဲလို လုပ်ချင်တာလုပ်တော့လို့ လွတ်လိုက်တော့လဲ... မလုပ်ချင်ကြတော့ဘူး..။ မလုပ်နဲ့လို့တားမြစ်ပိတ်ပင်ရင်တော့ ရအောင်လုပ်တတ်ကြတယ်..။ သူ့ရဲ့အမှားကိုလဲ ခွင့်လွတ်နိုင်ရမယ်လေ...။ ကျမရဲ့မေတ္တာစေတနာတွေ ခွင့်လွတ်နိုင်မှုတွေကို သူနားလည်သဘောပေါက်သွားပြီဖြစ်မှာပါ..။ ကျမပြောချင်တာက...လူတစ်ယောက်ကို အတင်းအကျပ်ချုပ်ကိုင်လို့ မရဘူးဆိုတာပဲ..။ သူ့နေရာနဲ့သူ လွတ်လပ်ခွင့်ပေးလိုက်ပါ...။ နေရာတကာ “ဂျေ”ဝင်နေရင်တော့ ကျမလို အဖြစ်မျိုးကြုံတွေ့ရမှာအသေအချာပါ..။


မိုးငွေ့

Monday, 7 December 2009

J ( အစ )




မနေ့ညက “J” ဆိုတဲ့မြန်မာဗီတီယိုခွေလေး ကြည့်ဖြစ်တယ် ။ “ဂျေ”ဆိုတာ “Jealous” သဝန်တိုတာကို ဆိုလိုတာပါ..။ အဲဒီကားကြည့်ရင်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ကျမရဲ့ကိုယ်ပိုင် အဖြစ်အပျက်ကလေးတစ်ခုကို သွားအမှတ်ရမိတယ်...။ ခံစားမှုအဟောင်းက လတ်တလော ခံစားနေရတဲ့အတိုင်းပဲ ရင်ထဲစူးခနဲ နာကျင်သွားတယ်..။ ကျမသိပ်ချစ်တဲ့ ချစ်သူ ကျမ မသိအောင် တိတ်တိတ်ကလေး ကောင်မလေးတစ်ယောက်နဲ့ ညှိစွန်းနေတဲ့ အဖြစ်ကလေးပါ။ ကျမချစ်သူကို ကျမသိပ်ချစ်ပါတယ် လိုလေသေးမရှိအောင်ကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခဲ့ရတာပါ...။ ခဲမှန်ဖူးတဲ့စာသူငယ်လိုပဲ သူကျမကို ထားသွားတာမျိုးကို သိပ်ကြောက်လွန်းလို့ ဘယ်ကောင်မလေးကြည့်တာမှ မခံချင်ခဲ့ဘူး..။ ကျမတို့တွဲသွားကြရင်တောင် ကောင်မလေးတွေ သူ့ကို ညုတုတုနဲ့ကြည့်ရင် ကျမကပြန်ပြီးရန်စွာလိုက်တာပဲ..။ ဘယ်လောက်ထိလဲဆိုရင် ကောင်မလေး တစ်ယောက်က ကျမကိုပြောသွားခဲ့ဖူးတယ်..။ “ဒီလောက်စိတ်မချဖြစ်နေရင်လဲ အိမ်မှာသော့ခတ်သိမ်းထားပေါ့” တဲ့..။ 

ကျမရဲ့ သဝန်ကြောင်မှုကြောင့် ချစ်သူနဲ့ကျမ မကြာခဏစကားများကြရတယ်..။ ကျမကြောင့် သူ လူရှေ့သူရှေ့ အရှက်ကွဲ ရပေါင်းများတာပါဆိုပြီး သူကရှက်တယ်တဲ့..။ အင်းလေ...ကျမစဉ်စားကြည့်ဖူးတယ်..။ သူကျမခံစားချက်ကို နားမလည်တာ ကျမလောက်သူမချစ်လို့ပဲလား..။ ကျမချစ်သူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်...အပေါင်းအသင်းကလဲခုံမင်တယ် သူက..။ အဲဒီသူ့အပေါင်းအသင်းကြောင့်ပဲ သူတို့လှော်ပေးလို့ပဲ ကောင်မလေးတစ်ယောက်ကို သူညှိသွားခဲ့တယ်..။ ကျမချစ်သူ ဘယ်လောက်ထိ သတ္တိရှိသလဲဆိုရင် အဲဒီကောင်မလေးဆေးရုံတက်ရလို့ ကျမကိုခေါ်ပြီး သွားကြည့်ဖြစ်အောင်သွားသေးတယ်..။ ပထမတော့ သူက ကျမကိုခေါ်တော့ ကျမ မလိုက်ဘူးငြင်းခဲ့တယ်..။ သူက မကောင်းပါဘူး လူမှုရေးအရ သွားကြည့်ရအောင်ဆိုလို့ ကျမလဲ လိုက်သွားခဲ့ပါတယ်..။ အဲဒီကောင်မလေးကသူတို့ Marketing ဆင်းတော့ သူတို့လိုတခြား ကုမ္ပဏီက ဝန်ထမ်းတစ်ယောက်ပါပဲ..။ 

လုပ်ငန်းခွင်က သူငယ်ချင်းတွေလို့တော့ပြောကြတာပဲ..။ တကယ်တမ်း...ဆေးရုံမှာ ကျမမျက်စိနဲ့ တပ်အပ်မြင်လိုက်ရမှပဲ ကျမတော်တော်ညံ့ဖျင်းတဲ့ မိန်းမတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်ခဲ့တော့တယ်..။ အဖြစ်ကဒီလိုပါ..။ ကောင်မလေးက အဆုတ်ထဲ အကျိတ်ပေါက်တာ ဗိုက်ခဏခဏ အောင့်နေတာ ဆရာဝန်ကခွဲထုတ်မှရမယ်ဆိုလို့ ဆေးရုံတက်ခွဲလိုကရတာ..။ သူခွဲစိတ်ခန်းဝင်တော့ သူ့မိသားစုဝင်တွေကို တစ်ယောက်မှ မတွေ့ရပါဘူး..။ ကျမနဲ့ချစ်သူနဲ့ပဲ ထိုင်စောင့်နေကြတာ..။ ခဏနေတော့ Nurse တစ်ယောက်က Operation ခန်းထဲကထွက်လာပြီး ခွဲထုတ်ထားတဲ့ အကျိတ်လုံးတွေကို Tray ထဲထည့်ပြီး ကျမတို့နှစ်ယောက်ကိုလာပြတယ်..။ ကျမတို့ကို မိသားစုဝင်တွေလို့ထင်နေပုံရတယ်..။ ကျမတို့လဲ သွားကြည့်လိုက်ပါတယ်...။ ခဏကြာမှာ ကောင်မလေးရဲ့ မိဘတွေရောက်လာတယ်..။ ကောင်မလေး ခွဲစိတ်ခန်းထဲက ထွက်လာတော့ သူ့အခန်းထဲကိုကျမတို့ လိုက်ဝင်သွားကြတယ်..။ ဘယ်လောက် အံ့သြစရာကောင်းသလဲ...။ မေ့ဆေးပေးပြီး ခွဲစိတ်ခံထားရတဲ့ လူနာတစ်ယောက်က သူမေ့ဆေးပြယ်တော့ ပထမဦးဆုံး သူ့အမေကို မခေါ်ဘဲ... ကျမချစ်သူနာမည်ကို အရင်ခေါ်သတဲ့..။ အဲဒါနဲ့ ကျမလဲ ဟိုမှာခေါ်နေတယ် သွားလိုက်ဦးဆိုတော့ ကျမချစ်သူက လူနာကုတင်ဘေး ခုံတန်းမှာ သွားထိုင်လိုက်ပါတယ်..။ ကျမက ကောင်မလေးအမေနဲ့ စကားပြောနေရင် သူတို့ကို လှမ်းလှမ်းကြည့် ပါတယ်..။ ကြည့်စမ်းပါဦး မေ့ဆေးပြယ်ခါစ လူနာတစ်ယောက်ရဲ့ မျက်လုံးတွေကလဲ အီစီကလီအပြည့်နဲ့ပါလား..။ ကျမချစ်သူကလဲ ကောင်မလေးလက်ကို ဆုတ်ကိုင်အားပေးနေတယ်..။ အော်...ဒင်းက လက်ကိုင်ပြီးတောင်အားပေးတဲ့ အဆင့်ရောက်နေတာကိုး..။ ကောင်မလေးကလဲ ကျမချစ်သူဆံပင်ကို ပြန်သပ်ပေးနေတယ်...။ ဘုရားရေ....ဒါဘာအပြုအမူတွေလဲ... ကျမထပြီး သောင်းကျန်းချင်စိတ်ကို မနဲမြိုသိပ် ထားရတယ်...။ ကျမတစ်ယောက်လုံး ဘေးနားမှာရှိနေတယ်ဆိုတာကို ဒင်းတို့က မေ့နေကြတယ် ပေါ့လေ..။ အံမယ်...ကောင်မလေးကပြောသေးတယ်..အသံခပ်တိမ်တိမ်နဲ့ “မောင့်အမကိုအားနာစရာ”တဲ့..။ 

အော်...သူက ကျမကို သူ့အမလို့ကောင်မလေးကိုလိမ်ထားပုံရတယ်..။ တွေ့မယ်...။ ကျမချစ်သူ..အရင်ကဒီလိုမဟုတ်ပါဘူး..။ သူ့အပေါင်းအသင်းတွေမြှောက်ထိုးပင့်ကော်လုပ်တာနဲ့ပဲ သူကလိုက်မြောက်နေတယ်..။ အင်းလေ...ဒါကလဲ သူပါမှဖြစ်တာပါ..။ ကောင်မလေးက သူ့ကို“မောင်”လို့ခေါ်တဲ့အဆင့်တောင်ရောက်နေပြီ..။ အပြန်ကျမတို့ ကားပေါ်မှာ နှုတ်ပိတ်ပြီးပြန်လာကြတယ်..။ ကျမအရမ်းကို စိတ်ဆိုးနေပြီ ပေါက်ကွဲချင်နေပြီ...။ မျက်နှာကိုလဲ မီးကုန်ယမ်းကုန် စူပုပ်ထားတယ်..။ ကျမချစ်သူက သိနေတယ် ကျမကို စကားလုံးဝမစဘဲ တိတ်နေတယ်..။ သူ့အပြစ်သူသိနေပြီလေ..။ အဲဒီညနေက သူတို့မန်နေဂျာကသူ့အိမ်မှာ New Year Eve ဖိတ်ထားတာကို တခါတည်းအိမ်မပြန်တော့ဘဲ သွားလိုက်တယ်..။ ဟိုရောက်ရင်လဲ ပျော်မှာမဟုတ်ဘူး..။ ကျမစိတ်တွေက ရှုပ်ထွေးနေပြီ..။ တကယ်လဲ အဲဒီအိမ်ရောက်တော့ မီးကလဲပျက်နေတယ်..စားစရာလဲ ဘာမှမစီစဉ်ထားဘူးတဲ့..။ ဒါဆို ဘာလို့ဖိတ်ထားကြသေးလဲ...။ သိပ်စိတ်တိုဖို့ကောင်းတယ်..။ ဖယောင်းတိုင်မီးမှောင်ထဲမှာ ဒေါသကို မြိုချပြီး ထိုင်နေလိုက်တယ်..။ သူ့သူငယ်ချင်းနဲ့သူက ဝရံတာထွက်ပြီး တီးတိုးတီးတိုးနဲ့ပြောနေကြတယ်..။ ကျမတို့နှစ်ယောက် ပြဿနာတစ်ခုခု တက်လာမှန်းရိပ်မိနေမှာပါ..။ အဲဒီသူငယ်ချင်းကိုပဲ ကျမ မကြိုက်တာ သူလှော်ပေးလို့ ခုလိုဖြစ်တာလဲပါတယ်..။ ပြီးတော့ ကျမတို့နှစ်ယောက်ကြား ခလောက်ဆန်သွားသေးတယ် ယောက်ကျားတန်မဲ့နဲ့..။ ကျမရဲ့လွှမ်းမိုးမှု အောက်မှာနေမနေနဲ့ တဲ့..။ သူချုပ်နှောင်ထားတဲ့ဘဝမှာ မင်းပျော်နေသလားတဲ့..။ ဒီတိုင်းဆို မင်းဘ၀ သူ့ရဲ့ချုပ်ချယ်မှု လွှမ်းမိုးမှုအောက်က ဘယ်တော့မှာ လွတ်မြောက်မှာ မဟုတ်ဘူးတဲ့...။ ဒါ...သူပြောစရာလား...ကျမလေ အဲဒီသူ့သူငယ်ချင်းမျက်နှာကို ကုတ်ဖဲ့ပစ်လိုက်ချင်တယ်..။ ကျမတို့ချစ်သူ နှစ်ယောက်ကို သူသက်သက် ကွဲအောင်လုပ်နေတာ...မနာလိုဖြစ်နေတာ...။


 
ဆက်ပါဦးမည်။
မိုးငွေ့

Friday, 4 December 2009

ရွာကနှင်းကိုအောက်မေ့ခြင်း.....




နှင်းတွေတဖွဲဖွဲကျတဲ့ ဆောင်းရာသီကို လူတွေတော်တော်များများ နှစ်သက်တတ်ကြတယ်...။ ရန်ကုန်မှာတော့ နှင်းဖွဲဖွဲကျတယ်ဆိုတာကို မြင်ဖူးချင်မှ မြင်ဖူးလိမ့်မယ်...။ တကယ်နှင်းကျလာရင်....မိုးဖွဲဖွဲလေးရွာနေသလိုပဲ ဦးထုပ်မဆောင်းထားရင် ခေါင်းတွေစိုကုန်ရော...။ တခါတလေ မျက်တောင်လေးပေါ်မှာ နှင်းစက်ကလေးတွေ လာတင်နေတတ်သေးတယ်...။ အေးစိမ့်ပြီး...နေ့လည် ၁၁နာရီ ၁၂နာရီထိက နေကိုမမြင်ရသေးဘူး...။ ငယ်ငယ်က မနက် လေးနာရီးခွဲ ငါးနာရီဆို အိပ်ယာထပြီး အမေနဲ့ ဈေးထဲမှာဈေးလိုက်ခင်းရတယ်...။ မနက်၅နာရီဆိုတာ မှောင်နေတဲ့အပြင် နှင်းတွေပိတ်နေတာများ ရှေ့တစ်ကိုက် နှစ်ကိုက်လောက်ဆို တစ်ယောက်ကို တစ်ယောက်မမြင်ရတော့ဘူး...။ ဆောင်းတွင်းဆို ကျမတို့ရွာဈေးထဲမှာ တိုဖူးဦးနှောက်ပူပူနွေးနွေးလေးသောက်ရတာ သိပ်ကိုအရသာရှိတာပဲ.(မသောက်ရတာ၁၅နှစ်လောက်ရှိတော့မယ်)...။ ပြီးတော့ ဝက်လက်အေးနဲ့ကောက်ညှင်းပေါင်း စားကြတယ်...။ ဒါဆောင်းရာသီ မနက်စာလေးပေါ့...။ မနက်ပိုင်းမှာဆိုရင် အိမ်တိုင်းလိုလို အိမ်ရှေ့မှာ မီးဖိုပြီး ခေါပုတ်ကင်စားလိုက် မီးလုံလိုက်နဲ့သိပ်ကို ပျော်စရာကောင်းပါတယ်...။ အိမ်ရှေ့ ကုက္ကိုပင်ကအရွက်ကြွေတွေကို တံမြက်စည်းလှည်းပြီး မီးရှို့ကြရင်း နွေးနွေးထွေးထွေးဖြစ်အောင်မီးလုံကြတယ်...။ ကျောင်းသွားရင် ကျောင်းစိမ်းလုံချည်အောက်မှာ ဘောင်းဘီရှည်ထပ်ရသေးတယ်...အမေထိုးပေးတဲ့ သိုးမွေးအကျီၤအထူကြီးနဲ့ သိုးမွေးဦးထုပ်ပါစောင်းရသေးတယ်..။ ကျောင်းစာသင်ခန်းထဲမှာ အရမ်းအေးနေရင် ကျောင်းရှေ့မြက်ခင်းပြင်မှာ နေပူစာလုံရင်းနဲ့ စာသင်ကြရတယ်...။ နှင်းတွေကို ချစ်လည်းချစ်တယ် ကြောက်လဲကြောက်တယ် ..။ ဘာလို့လဲဆိုတော့ ဆောင်းတွင်းအရမ်းအေးပြီဆိုတာနဲ့ ကျမနှာခေါင်းတွေပိတ်ပြီး အသက်ရှုမရတော့ဘူး..။ ညည ထပြီးထိုင်နေရတယ်...။ ငယ်ငယ်က ဦးလေးဆရာဝန်ကပြောတယ် ကျမနှာခေါင်းပေါက်ကမွေးရာပါ တစ်ဘက်သေးနေတယ်တဲ့....။ ဘုန်းကြီးကျောင်းမှာ ပွဲရှိရင်လဲ ညဘက် ဓါတ်မီးကိုယ်စီနဲ့ အနွေးထည်ထူထူတွေဝတ်ပြီး ပွဲသွားကြတယ်...။ ဘယ်လောက်ပဲအေးနေပါစေ...လမုန်းမယ်ရှမ်းမပျိုဖြူလေးတွေကတော့ အသားကပ်ခြေအိပ်နဲ့ စကဒ်တိုတိုဝတ်ပြီး စင်ပေါ်မှာ နှင်းကိုအန်တုလို့ ကကြရတယ်...။ ကျမတို့ဆီမှာ ပွဲရှိရင် လမုန်းအကစင်ပါမြဲပဲ...။ စင်အောက်ကလက်မှတ်ဝယ်ပြီး စင်ပေါ်က ကိုယ်ကြိုက်တဲ့ လမုန်းမယ် ချောချောလေးတွေကို လက်မှတ်ပေးပြီး တွဲကနိုင်ပါတယ်...။ ပွဲခင်းထဲမှာ ကစားနည်းမျိုးစုံအပြင် ရှမ်းခေါက်ဆွဲဆိုင်...။ ကောက်ညှင်းကျည်တောက်ဆိုရင် တစ်ခါထဲ မီးဖိုမှာ ပူပူနွေးနွေးလေးဖုတ်ပေးပါတယ်...။ ဒီမှာလို ကောက်ညှင်းချည်းမဟုတ်ဘဲ...ကောက်ညှင်းထဲမှာ အုန်းနို့နဲ့မြေပဲဆံလဲပါပါသေးတယ်ဗျ..။ နောက်....ဂျင်းနုနုအမျှင်လေးတွေကို သကြားနဲ့စိမ်ထားတာ အုန်းသီးဖတ်ကျော် နှမ်း မြေပဲလှော်တို့နဲ့အရည်ရော အဖတ်ရောစားလို့ရတဲ့ အချိုပွဲလဲရှိသေးတယ်...။ အုန်းသီးအစာသွတ်ထားတဲ့လက်ဖက်ဆိုလည်း စားလို့သိပ်ကောင်းတာ အဲဒီလက်ဖက်တစ်လုတ်စာကို ဖက်ကလေးတွေနဲ့ပတ်ပြီး လေးခုတစ်တွဲ လှေကားထစ်ကလေးလိုတွဲထားတာ သိပ်လှတယ်...။ ပဲနို့ရည်ပူပူလေးနဲ့ ခေါပုတ်ကင်ကို ကြံသကာရည်နဲ့အုန်းသီးဖတ်ကို ယိုလုပ်ထားတာနဲ့စားရတယ် ..။ ဒါတွေအားလုံးဟာ ကျမတို့ရှမ်းပြည်က ဆောင်းတွင်းမှာ စားသောက်လေ့ရှိတဲ့ အစားအစာတွေပေါ့....။ ပြောသာပြောပြရတာ အဲဒီနှင်းတွေ ပိတ်ပိန်းနေတဲ့ မြင်ကွင်းမျိုး ကျမရန်ကုန်ရောက်နေတဲ့ အနှစ်နှစ်ဆယ်အတွင်း မနှစ်က ရင်ပြင်မှာအားကစားလုပ်တုန်းကတစ်ကြိမ်တွေ့ဖူးလိုက်တာပဲ...။ ရွှေတိဂုံဘုရားတောင်လုံး၀ မမြင်ရလောက်အောင်းနှင်းတွေ ကာပိတ်ထားလိုက်တာလေ...။ ဒီနှစ်တော့ အအေးလည်းပေါ့ပါတယ်...နှင်းမဆိုထားနဲ့ မြူတွေတောင်ဆိုင်းတာမတွေ့ရဘူး...။ ခုနောက်ပိုင်း သစ်တောတွေပြုန်းတာနဲ့တင် ကျမတို့ရွာလည်း အရင်လို နှင်းပွင့်တွေ မဝေနိုင်တော့ဘူးထင်ပါရဲ့...။(တခါတခါ သစ်ရွက်မီးရှို့နံ့လေးရရင် ငယ်ငယ်ကဆောင်းရာသီလေးကို ပြန်လွမ်းမိတယ်)...။


မိုးငွေ့

Friday, 20 November 2009

အေဘီသွေးအလှူရှင် အားချင်းအကူညီလိုနေလို့ပါ

အလှူရှင်ကို ရှာတွေ့ဖို့တွက် တတ်နိုင်သမျှ ကုသိုလ် ယူလိုက်တဲ့ သဘောပါ please forward this news to your friends အမြန်ဆုံး အကောင်းဆုံးကူညီပေးမယ်လို့မျှော်လင့်ပါတယ်... အေဘီသွေးဖြစ်တဲ့အတွက်အရမ်းကိုရှားနေလို့ပါ.. သင့်သွေးတစက်ဖြင့်အသက်ကယ်ပါ...(သွေးလှူဒါန်းခြင်းဖြင့်ကုသိုလ် ယူပေးကြပါ) We need a blood donor urgently. The blood type is AB. the one who suffering from leukemia is Kit Kit (11 yr old) if you found one .. pls contact Ma Aye Aye Myint (mother) ( 01-586672 ). တကယ်ကိုလိုအပ်နေလို့ပါခင်ဗျ ကူညီပေးကြပါအုံးဗျာနော်
ကျမ သူငယ်ချင်းတစ်ယောက်ဆီက မေးလ်ဝင်လာလို့ အကူအညီတောင်းတာပါ...။ နီးစပ်ရာ ဘလောက်မောင်နှမများ အေဘီသွေးပိုင်ရှင်များ အသိရှိရင် ဒါမဟုတ် ကိုယ်တိုင်လှူချင်ရင် အထက်ပါ ဖုန်းနံပါတ်ကို အမြန်ဆုံးဆက်သွယ် ပေးစေလိုပါတယ်...။ ကျေးဇူးတင်ပါတယ်...။