Friday, 4 December 2009

ရွာကနှင်းကိုအောက်မေ့ခြင်း.....




နှင်းတွေတဖွဲဖွဲကျတဲ့ ဆောင်းရာသီကို လူတွေတော်တော်များများ နှစ်သက်တတ်ကြတယ်...။ ရန်ကုန်မှာတော့ နှင်းဖွဲဖွဲကျတယ်ဆိုတာကို မြင်ဖူးချင်မှ မြင်ဖူးလိမ့်မယ်...။ တကယ်နှင်းကျလာရင်....မိုးဖွဲဖွဲလေးရွာနေသလိုပဲ ဦးထုပ်မဆောင်းထားရင် ခေါင်းတွေစိုကုန်ရော...။ တခါတလေ မျက်တောင်လေးပေါ်မှာ နှင်းစက်ကလေးတွေ လာတင်နေတတ်သေးတယ်...။ အေးစိမ့်ပြီး...နေ့လည် ၁၁နာရီ ၁၂နာရီထိက နေကိုမမြင်ရသေးဘူး...။ ငယ်ငယ်က မနက် လေးနာရီးခွဲ ငါးနာရီဆို အိပ်ယာထပြီး အမေနဲ့ ဈေးထဲမှာဈေးလိုက်ခင်းရတယ်...။ မနက်၅နာရီဆိုတာ မှောင်နေတဲ့အပြင် နှင်းတွေပိတ်နေတာများ ရှေ့တစ်ကိုက် နှစ်ကိုက်လောက်ဆို တစ်ယောက်ကို တစ်ယောက်မမြင်ရတော့ဘူး...။ ဆောင်းတွင်းဆို ကျမတို့ရွာဈေးထဲမှာ တိုဖူးဦးနှောက်ပူပူနွေးနွေးလေးသောက်ရတာ သိပ်ကိုအရသာရှိတာပဲ.(မသောက်ရတာ၁၅နှစ်လောက်ရှိတော့မယ်)...။ ပြီးတော့ ဝက်လက်အေးနဲ့ကောက်ညှင်းပေါင်း စားကြတယ်...။ ဒါဆောင်းရာသီ မနက်စာလေးပေါ့...။ မနက်ပိုင်းမှာဆိုရင် အိမ်တိုင်းလိုလို အိမ်ရှေ့မှာ မီးဖိုပြီး ခေါပုတ်ကင်စားလိုက် မီးလုံလိုက်နဲ့သိပ်ကို ပျော်စရာကောင်းပါတယ်...။ အိမ်ရှေ့ ကုက္ကိုပင်ကအရွက်ကြွေတွေကို တံမြက်စည်းလှည်းပြီး မီးရှို့ကြရင်း နွေးနွေးထွေးထွေးဖြစ်အောင်မီးလုံကြတယ်...။ ကျောင်းသွားရင် ကျောင်းစိမ်းလုံချည်အောက်မှာ ဘောင်းဘီရှည်ထပ်ရသေးတယ်...အမေထိုးပေးတဲ့ သိုးမွေးအကျီၤအထူကြီးနဲ့ သိုးမွေးဦးထုပ်ပါစောင်းရသေးတယ်..။ ကျောင်းစာသင်ခန်းထဲမှာ အရမ်းအေးနေရင် ကျောင်းရှေ့မြက်ခင်းပြင်မှာ နေပူစာလုံရင်းနဲ့ စာသင်ကြရတယ်...။ နှင်းတွေကို ချစ်လည်းချစ်တယ် ကြောက်လဲကြောက်တယ် ..။ ဘာလို့လဲဆိုတော့ ဆောင်းတွင်းအရမ်းအေးပြီဆိုတာနဲ့ ကျမနှာခေါင်းတွေပိတ်ပြီး အသက်ရှုမရတော့ဘူး..။ ညည ထပြီးထိုင်နေရတယ်...။ ငယ်ငယ်က ဦးလေးဆရာဝန်ကပြောတယ် ကျမနှာခေါင်းပေါက်ကမွေးရာပါ တစ်ဘက်သေးနေတယ်တဲ့....။ ဘုန်းကြီးကျောင်းမှာ ပွဲရှိရင်လဲ ညဘက် ဓါတ်မီးကိုယ်စီနဲ့ အနွေးထည်ထူထူတွေဝတ်ပြီး ပွဲသွားကြတယ်...။ ဘယ်လောက်ပဲအေးနေပါစေ...လမုန်းမယ်ရှမ်းမပျိုဖြူလေးတွေကတော့ အသားကပ်ခြေအိပ်နဲ့ စကဒ်တိုတိုဝတ်ပြီး စင်ပေါ်မှာ နှင်းကိုအန်တုလို့ ကကြရတယ်...။ ကျမတို့ဆီမှာ ပွဲရှိရင် လမုန်းအကစင်ပါမြဲပဲ...။ စင်အောက်ကလက်မှတ်ဝယ်ပြီး စင်ပေါ်က ကိုယ်ကြိုက်တဲ့ လမုန်းမယ် ချောချောလေးတွေကို လက်မှတ်ပေးပြီး တွဲကနိုင်ပါတယ်...။ ပွဲခင်းထဲမှာ ကစားနည်းမျိုးစုံအပြင် ရှမ်းခေါက်ဆွဲဆိုင်...။ ကောက်ညှင်းကျည်တောက်ဆိုရင် တစ်ခါထဲ မီးဖိုမှာ ပူပူနွေးနွေးလေးဖုတ်ပေးပါတယ်...။ ဒီမှာလို ကောက်ညှင်းချည်းမဟုတ်ဘဲ...ကောက်ညှင်းထဲမှာ အုန်းနို့နဲ့မြေပဲဆံလဲပါပါသေးတယ်ဗျ..။ နောက်....ဂျင်းနုနုအမျှင်လေးတွေကို သကြားနဲ့စိမ်ထားတာ အုန်းသီးဖတ်ကျော် နှမ်း မြေပဲလှော်တို့နဲ့အရည်ရော အဖတ်ရောစားလို့ရတဲ့ အချိုပွဲလဲရှိသေးတယ်...။ အုန်းသီးအစာသွတ်ထားတဲ့လက်ဖက်ဆိုလည်း စားလို့သိပ်ကောင်းတာ အဲဒီလက်ဖက်တစ်လုတ်စာကို ဖက်ကလေးတွေနဲ့ပတ်ပြီး လေးခုတစ်တွဲ လှေကားထစ်ကလေးလိုတွဲထားတာ သိပ်လှတယ်...။ ပဲနို့ရည်ပူပူလေးနဲ့ ခေါပုတ်ကင်ကို ကြံသကာရည်နဲ့အုန်းသီးဖတ်ကို ယိုလုပ်ထားတာနဲ့စားရတယ် ..။ ဒါတွေအားလုံးဟာ ကျမတို့ရှမ်းပြည်က ဆောင်းတွင်းမှာ စားသောက်လေ့ရှိတဲ့ အစားအစာတွေပေါ့....။ ပြောသာပြောပြရတာ အဲဒီနှင်းတွေ ပိတ်ပိန်းနေတဲ့ မြင်ကွင်းမျိုး ကျမရန်ကုန်ရောက်နေတဲ့ အနှစ်နှစ်ဆယ်အတွင်း မနှစ်က ရင်ပြင်မှာအားကစားလုပ်တုန်းကတစ်ကြိမ်တွေ့ဖူးလိုက်တာပဲ...။ ရွှေတိဂုံဘုရားတောင်လုံး၀ မမြင်ရလောက်အောင်းနှင်းတွေ ကာပိတ်ထားလိုက်တာလေ...။ ဒီနှစ်တော့ အအေးလည်းပေါ့ပါတယ်...နှင်းမဆိုထားနဲ့ မြူတွေတောင်ဆိုင်းတာမတွေ့ရဘူး...။ ခုနောက်ပိုင်း သစ်တောတွေပြုန်းတာနဲ့တင် ကျမတို့ရွာလည်း အရင်လို နှင်းပွင့်တွေ မဝေနိုင်တော့ဘူးထင်ပါရဲ့...။(တခါတခါ သစ်ရွက်မီးရှို့နံ့လေးရရင် ငယ်ငယ်ကဆောင်းရာသီလေးကို ပြန်လွမ်းမိတယ်)...။


မိုးငွေ့

2 comments:

အနှိုင်းမဲ့ said...

ရွှလွှတ်..မုန့်တွေကတော့ အီဖေကိုယ်တို့အကြိုက်တွေချည်ပဲ..
လွမ်းတာလဲလွမ်းတာပေါ့ အန်တီမိုးငွေ့ရယ်...
ရွာပြန်ပြီး...တိုဖူးဦးနှောက်ပူပူနွေးနွေးလေးလဲ
သောက်ရမှာပါ..
လမုန်းပွဲလဲ ကြည့်ရမှာပါ..
(ကိုရင်သာအေးနဲ့လဲပြန်ဆုံရမှာပါ..):P
အဲ..(တစ်ခုပဲ) သစ်ရွက်မီးရှို့တဲ့အနံ့တွေတော့မရှုပါနဲ့လား..
အန်တီရယ်.. :P :P :P
:) :) :) :) :) :) :) :) :) :) :)
(ဟီး) နောက်တာနော်..
အမဘလောက်မှာ အကြိုက်ဆုံး ပို့စ်တွေကိုပြပါဆိုရင်
တစ်ခါတုန်းကဒို့ရွာမှာ..ဆိုတဲ့ခေါင်းစဉ်အောက်က
ပို့စ်တွေကိုပဲညွှန်ပြရမယ်ထင်တယ်... :)
နောက်လဲ ငယ်ဘ၀အကြောင်းတွေများများတင်အုံးနော်

Beauty Studio USA Branded Store said...

မိုးငွေ့ အရေးကောင်းတော့ မိုးငွေ့ရွာကလေးကို နှင်းမြူတွေ ဝေဝါးပြီး အေးချမ်းလှတဲ့ အလှတရားနဲ့ တွဲမြင်မိသွားတယ်။ အေးဗျာ ဒီလိုအေးချမ်းလှတဲ့ သဘာဝတရားကြီးတောင် မြဲမှ မမြဲနိုင်ပဲကိုး။ တောင်တန်းတွေ နောက်ခံပြီး အေးလို မီးလှုံရတဲ့ အရသာလေးကို မြေပြန့်က ကျွန်တော် ခုံမင်နှစ်သက်ခဲ့ဖူးတယ်။