
ငယ်ငယ်က ကျွန်မတို့ရွာနားမှာ ခရစ်ယာန်ဘာသာဝင်တွေနေတဲ့ ရွာတော်တော်များများရှိတယ်...။ ကျွန်မတို့တာလေရွာနားက အဲဒီချိန်က ကချင်(၅)တပ်ရင်းရှိခဲ့တယ်လေ..။ အဲဒီတပ်က စစ်ထွက် ရဲဘော်ဟောင်းတွေ သူတို့ရဲ့ ဆွေမျိုးညာတိတွေက သီရိရွာဆိုတဲ့ ကချင်ရွာလေးမှာနေထိုင်ကြပါတယ်...။ ရှမ်းပြည်ဆိုတော့ တစ်ဝမ်းတစ်ခါးအတွက် တောင်ယာပဲ လုပ်ကိုင်စားသောက်ကြပါတယ်...။ နောက် ရှမ်းခရစ်ယာန်ဘာသာဝင်တွေ နေထိုင်တဲ့ရွာတွေရှိတယ်...။ အများအားဖြင့်တော့ အခါရွာ၊ လားဟူရွာတွေများတယ်..။ သူတို့တွေအားလုံး ခရစ်ယာန်ဘာသာဝင်တွေချည်းပဲ...။ ခရစ်ယာန်ဘာသာဝင်သွားတဲ့ ရှမ်းလူမျိုးတွေ အများစုက အနာကြီးရောဂါသည်တွေဖြစ်တာများတယ်..။ သူတို့က ဒီယေရှုသခင်ဟာ အနာကြီးရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်စွမ်းတယ်လို့ ယုံကြည်သက်ဝင်ပြီး RC ဆိုလဲ RC အလျောက်...နှစ်ခြင်းလဲ နှစ်ခြင်းအလျောက်ဝင်ကြပါတယ်....။
ငယ်ငယ်က ကျောင်းမှာ ကျွန်မသူငယ်ချင်းတွေက အခါ၊ လားဟူ၊ ကချင် လူမျိုးစုံရှိတော့... ခရစ်စမတ်ပွဲတော်ဆိုရင် သူတို့ဆီအိမ်တွေမှာ ထမင်းစားဖိတ်တတ်ကြပါတယ်...။ ကချင်ရွာက အစ်မ Mကော့ရှောင်ဆိုရင် သူကိုယ်တိုင် သစ်သားဆုံအကြီးကြီးမှာ ခေါပုတ်ထောင်းကျွေးခဲ့တာ...။ ခေါပုတ်ပူပူနွေးနွေးကို အဲဒီတစ်ခါပဲ ပထမဦးဆုံးစားဖူးတာ.. သိပ်စားကောင်းတာပဲ...။ နောက်အခါရွာက သူငယ်ချင်းဆီကို စက်ဘီးလေးနဲ့ သွားကြတုန်းကဆိုရင် သူတို့က ထမင်းဟင်းကို ချက်မထားဘူး ဧည့်သည်ရောက်မှ ပူပူလေးချက်ကျွေးတာ...။ ဟိုရောက်တော့ မုန်လာရွက်စွပ်ပြုတ်နဲ့ ငရုတ်သီးထောင်းကျွေးပါတယ်..။ မီးဖိုချောင်အပေါ်မှာ ကျပ်တိုက်ထားတဲ့ အသားကို ရေနွေးဆူဆူမှာ ခုတ်ပြီးပစ်ထည့် မုန်လာရွက်ခတ်ပြီး ပူပူလေးထမင်းနဲ့စားကြတယ် ငရုတ်သီးထောင်းကလဲ စပ်စပ်နဲ့ဆိုတော့ အေးခိုက်နေတဲ့ ဒီဇင်ဘာလအတွက် တကယ်မြိန်တဲ့ ထမင်းဝိုင်းလေးပါပဲ..။ အဲဒီကျပ်တိုက်ထားတဲ့ အသားဆိုတာ ခွေးသားတွေပါ..။ ကျွန်မတစ်သက်မှာ အဲဒီတစ်ခါလေးပဲ ခွေးသားကိုစားဖူးတာပါ...။ အခါလူမျိုးတွေဟာ ခွေးသားကိုစားရတဲ့ အကြောင်းအရင်းကတော့ ငှက်ဖျားရောဂါ ကာကွယ်တဲ့နည်းတစ်နည်းပါပဲ..။ ခွေးသားစားရင်ပူတယ်လို့ ပြောကြတယ်...။ ကျွန်မစားတုန်းကတော့ ပူမပူ ငယ်သေးတော့ မမှတ်မိတော့ဘူး...။
ညဘက်ဆိုရင် ကျွန်မတို့ရွာဘက်မှာ ကချင်ရွာကရော..တခြား အခါ၊ ရှမ်း၊ လားဟူရွာတွေကပါ Carol Singing လာဆိုကြပါတယ်...။ “ဒီအိမ်ပေါ်မှာကောင်းချီးမင်္ဂလာရောက်ပါစေ” ဆိုတဲ့ ဆုတောင်းသီချင်းလေးနဲ့ စပြီးဆိုကြပါတယ်...။ ပြီးရင် Christmas သီချင်းနှစ်ပုဒ်သုံးပုဒ်လောက်ဆိုပြီးတာနဲ့ “ကျေးဇူးတင်ပါသည်”ဆိုတဲ့ သီချင်းနဲ့ပိတ်လေ့ရှိပါတယ်...။ အဲဒီအခါမှာဆို အိမ်ရှင်တွေက သီချင်းလာဆိုတဲ့အဖွဲ့တွေကို ဆုငွေတွေ ချီးမြှင့်ပေးနိုင်သလို မုန့်၊ ကော်ဖီ၊ သကြားလုံးစသဖြင့် ကျွေးမွေးဧည့်ခံပါသေးတယ်...။
ခရစ်ယာန်ဘာသာအကြောင်းကိုတော့ အပေါ်ယံလေးလောက်ပဲ ကျွန်မနားလည်တာပါ...။ ကျွန်မငယ်ငယ်က ရွာမှာကြုံဆုံဖူးခဲ့တဲ့ အကြောင်းလေးကိုပြန်နွှေးတဲ့သဘောပါပဲဗျာ...။ အမှားအယွင်းရှိခဲ့ရင် ခွင့်လွှတ်ပေးပါ..။
မိုးငွေ့
3 comments:
စက်ဘီးတစ်စီးနဲ့ရွာထဲလည်ပြီးပတ်စားနေတာပေါ့..
အခုကြီးလာတော့ကော စားသေးလားး..
အဲဒီလိုမျိုးးး :P
ဘယ်လိုထင်လဲ ညီမလေးက...ခွေးသားရရင်တော့ ခေါ်လိုက်မယ်.....။
ခေါ်နဲ့..လာဝူးး
Post a Comment