Showing posts with label နှစ်ပတ်လည်အမှတ်တရ. Show all posts
Showing posts with label နှစ်ပတ်လည်အမှတ်တရ. Show all posts

Tuesday, 27 July 2021

Linus(လင်းနပ်စ်).....


 

အဲဒီနေ့တုန်းက လင်း ကျွန်မကို စာအုပ်ပြပွဲသွားဖို့ သူကိုယ်တိုင်ကားမောင်းပြီး လာခေါ်ခဲ့တယ်....။ ရန်ကုန်တက္ကသိုလ် စိန်ရတုန်ဝင်းထဲမှာ လုပ်တဲ့ စာအုပ်ပြပွဲလေးတစ်ခုပါ....။ စာအုပ်ပြပွဲမှာ သင်တန်းအတွက် အထောက်အကူပြုမယ့် အဘိဓာန်စာအုပ်သွားရှာချင်လို့တဲ့....။ စာအုပ်ပြပွဲပြီးတော့ ကျွန်မတို့ ကန်တော်ကြီးပဲလေ့စ် (ခုတော့အဲဟိုတယ်က မီးလောင်ပြီးပိတ်ထားလိုက်ပြီ) မြေ‌ေအာက်ထပ်အခန်းမှာရှိတဲ့ Hot Shot ဆိုတဲ့ club မှာ နေ့လည် နှစ်နှစ်ရီလောက်မှလုပ်တဲ့ Tea Party (အခုခေတ်အခေါ်တော့ Day Club) ရှိလို့ရောက်သွားခဲ့ကြတယ်....။ အဲလိုပါတီမျိုးကဘာလဲ ကျွန်မမသိဘူး အရင်ကလည်းတစ်ခါမှမရောက်ဖူးဘူး....။ အဲဒီရောက်တော့ လင်းက လက်မှတ်နှစ်စောင်ဝယ်ပြီး ဝင်သွားကြတယ်....။ အဲဒီနေ့က ညီညီတာ(Star Agency က Model)လုပ်တဲ့ပွဲတဲ့.....။ အဲခေတ်က ငွေအားတတ်နိုင်တဲ့သူတွေ အဲလိုပွဲမျိုးတွေလုပ် လက်မှတ်ရောင်း Entertainment နဲ့စီးပွားရှာတာ ခေတ်စားတဲ့အချိန်ပေါ့...။ အဲဒီ တီးပါတီမှာ ကိုမျိုးကျော့ရဲ့ Unplugged ပါတယ်....။ OMG!!! ကျွန်မ အကြိုက်ဆုံးအဆိုတော်လေ...။ အထဲရောက်တော့ မီးရောင်မှိန်ဖျော့ဖျော့အောက်မှာ ကိုမျိုးကျော့က "မယ်မဒီလေးလားမှားမိတယ်" ကို ဟောလိုဂီတာလေးနဲ့တီးပြီး ဆိုနေတာ...။ အကဝိုင်းထဲမှာ ကနေတဲ့သူတွေလည်း ရှိကြတယ်...။ လင်းက ကျွန်မကို အကကြမ်းပြင်ပေါ်ခေါ်သွားတယ်....။ ကျွန်မမှ မကတတ်တာကို သူကတာပဲဘေးနားကရပ်ကြည့်ရင်း ကိုမျိုးကျော့သီချင်းကိုနားထောင်နေလိုက်တယ်...။ လင်းက သူ့ရဲ့ ရှည်ကိုင်းကိုင်းအရပ်နဲ့ သီချင်းသံစဉ်အလိုက် ယိမ်းထိုးစီးမျောနေတယ်....။

ကျွန်မနဲ့လင်းနဲ့ခင်ခဲ့ကြတာ နှစ်နှစ်နီးပါရှိပြီ....ထူးထူးဆန်းဆန်း ဒီနေ့ သူ့ကောင်မလေးမပါဘဲ ကျွန်မကိုလာခေါ်ပြီး ဘာမပြောညာမပြောနဲ့ သူသွားချင်တဲ့ နေရာတွေခေါ်သွားပြီး အိမ်ပြန်ပို့ခဲ့တယ်....။ ညရှစ်နာရီလောက်ကျတော့ လင်းမေမေဆီက ဖုန်းလာခဲ့တယ်....။ လင်းမိန်းမခိုးပြေးသွားလို့တဲ့.....။ ဘုရားရေ... နေ့လည်တုန်းကမှာ ကျွန်မနဲ့အတူလျှောက်သွားနေတဲ့ကောင်က သူမိန်းမခိုးဖို့အစီစဉ်တောင် တစ်ခွန်းမှမဟခဲ့ပါဘူး....။ ခါတိုင်းဆို သူ့ကောင်မလေးနဲ့ ဘယ်လို ဘယ်ဝှာစကားများကြတဲ့အကြောင်း ညဖက်ဆို ဖုန်းဆက်ပြီး နာညည်းပြနေကျပါ...။ အေးလေး ခုကိစ္စကျတော့ ကျွန်မသိရင် သူ့အိမ်ကသိမှာစိုးလို့ထင်ပါ့.....။ အန်တီက စိတ်ပူလို့ လင်းဆီက အဆက်သွယ်ရရင် သူ့ဆီဖုန်းဆက်ပေးဖို့မှာသွားတယ်....။ တကယ်ဆို လင်းက အိမ်ထောင်ပြုဖို့ တော်တော်ကိုစောလွန်းပါသေးတယ်....။ ခုမှ ၁၈နှစ်တောင်ပြည့်သေးရဲ့လားမသိ လင်းတော်တော်ငယ်သေးတယ်ဆိုတာတော့ သိတယ်....။  အဲတုန်းက ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေရတဲ့အချိန်....။ ဘယ်မိဘမဆို နှမြေသတမှာ စိတ်ပူကြမှာပဲလေ...။ လင်းနဲ့ကျွန်မက သူငယ်ချင်းဖြစ်မယ့်သာဖြစ်လာကြတာ လင်းက ကျွန်မနဲ့ ငါးနှစ်လောက်ငယ်သေးတယ်...။  ကျွန်မတို့ အင်္ဂလိပ်စာသင်တန်းမှာ စတွေ့တုန်းကအချိန်ကို မှတ်မိပါသေးတယ်....။  လင်းတို့က သူငယ်ချင်းငါးယောက် ပြိုင်တူသင်တန်းလာအပ်ကြတာ....။ ကျွန်မတို့ ဆရာကြီးက စာရေးဆရာလူထုဦးစိန်ဝင်းပါ ခုတော့ ကွယ်လွန်သွားပါပြီ....။ ဆရာကြီးက သူ့ဆီ အင်္ဂလိပ်စာသင်တန်းလာတက်တဲ့ သူအားလုံးကို အင်္ဂလိပ်နာမည်တွေအကုန်ပေးထားတာ...။ လင်းရဲ့ နာမည်ထဲမှာ "လင်း"ပါလို့ အင်္ဂလိပ်လို Linus လို့ ခေါ်စေခဲ့တယ်...။ ကျွန်မတို့က လင်းလို့ အဖျားဆွတ်ခေါ်ကြတာ....။ အခုခိုးပြေးတဲ့ ကောင်မလေးက လင်းတို့နဲ့ မရှေးမနှောင်းကမှ သင်တန်းလာအပ်သွားကြတယ် ကောင်မလေးသုံးယောက်အုပ်စုက လင်းနဲ့ ရွယ်တူကောင်မလေး....။ 

ကျွန်မက အဲတုန်းက တက္ကသိုလ် ပထမနှစ်စတက်နေပြီ....။ ဒါပေမယ့် လင်းတို့အဖွဲ့က ကျွန်မကို သူတို့နဲ့ရွယ်တူဆယ်တန်းအောင်ခါစ ကောင်မလေးတစ်ယောက်လို့ထင်ပြီးကျွန်မကို နင်နဲ့ငါနဲ့ပဲ စကားပြောကြတယ်....။ ဒါကပြဿနာမဟုတ်ဘူး အိုကေပါတယ်....။ ကျွန်မတို့ သင်တန်းမှာ လင်းတကယ်စပြီး ချစ်ကြိုက်ခဲ့တာက လင်းထက်သုံးနှစ်ပိုကြီးတဲ့ မြန်မာဆန်ဆန် ကိုယ်လုံးကိုယ်ပေါက်လှလှနဲ့ကောင်မလေးတစ်ယောက်ကိုပါ....။  ကျွန်မနဲ့လဲ သိပ်ခင်တဲ့သူငယ်ချင်းလေးပါ....။ သင်တန်းပြီးချိန်ဆို ဟိုဖက်တစ်လမ်းမှာရှိတဲ့ ဝက်သားတုတ်ထိုးဆိုင်မှာ သူငယ်ချင်းတွေတစ်ဖွဲ့ကြီး သွားထိုင်စားတတ်ကြတယ် ....။ ပြီးရင် BC (အင်္ဂလိပ်သံရုံး)က စာကြည့်တိုက်မှာ စာအုပ်သွားဖတ်ကြ ငှားကြတယ်....။ ကျွန်မတို့ ဆရာကြီးဆီမှာ သင်တန်းအပ်ပြီးတာနဲ့အဲစာကြည့်တိုက်မှာ အသင်းဝင်ကပ်လုပ်ထားကြတာလေ...။ စာကြည့်တိုက်ကလဲ ကမ်းနားလမ်း(Strand Road) သင်တန်းရဲ့လမ်းထိပ်မှာတင်ရှိတာ....။ အဲတုန်းက ကျောင်းသားဘဝက လွတ်လွတ်လပ်လပ်ပျော်ပျော်ပါးပါးပဲ....ဘာအပူပင်မှသိပ်မရှိ အဲလိုချိန်မျိုး ပြန်မရနိုင်တော့ဘူး....။ သူငယ်ချင်းကလဲများတော့ မွေးနေ့ဆိုတာလဲ လတိုင်းလိုလိုရှိတယ်....။ သူကြာသူ့မွေးနေ့မို့လို့ Feel(အဲခေတ်က Feel ဆိုတာ ဘိုစာတွေစားချင်ရင်သွားကြတဲ့ဆိုင်ကိုး) မှာသွားကျွေးမယ် Burger King(လမ်းမတော် ကိုင်းတန်းလမ်းထဲမှာဖွင့်သွားဖူးခဲ့တယ်) မှာသွားစားမယ် တချို့ကျတော့ အိမ်မှာ မုန့်ဝိုင်းလုပ်ပြီး စုစားကြမယ် စသဖြင့်ပေါ့....။ အင်းလျားကန်ဘောင်ဆိုလည်းသွားကြတယ် ပျော်တပါးကြီးပဲ....။ ဒါပေမယ့် လင်းနဲ့သူ့မမကလည်း နောက်ပိုင်း ပြဿနာတွေခဏခဏတက်ကြတယ်....။ လင်းက အရမ်းသဝန်တိုတတ်တာလေ မမ ဘယ်သူနဲ့စကားပြောပြော ပေးစားနေတတ်တော့တာ....။ သူတို့တွဲတာ တစ်နှစ်ကျော်ပဲရှိမယ်ထင်တယ် ပြတ်သွားကြရော....။ 

နောက်တော့ လင်းက သူတို့အဖွဲ့ထဲက ကောင်မလေးနဲ့ ရည်းစားဖြစ်သွားကြတယ်...။ ပြောမယ့်သာပြောတာ ဒီကောင်အတော်တော့စွံသား အပြောအဆိုက ဂျစ်တူးတူးနဲ့ ကလေးဆန်တယ်....။ လင်းက အရပ်မြင့်တယ် ခြောက်ပေနဲ့တစ်လက်မ နှစ်လက်မလောက်ရှိမယ်....ဆံပင်ခွေခွေ မျက်နှာသွယ်ရှည်ရှည်နဲ့ လမ်းလျှောက်ရင် နဲနဲကိုင်းချင်နေသေးတယ်....။ ပြုံးလက်ရင် ပါးနှစ်ဖက်စလုံးမှာ ပါးချိုင့်လေးတွေပါတယ်....။ သွားလေးတွေ ညီညီညာညာရှိတယ်....။ ဒါကြောင့် ကောင်မလေးတွေခိုက်တာနေမှာ....။ လင်းတို့က မောင်နှမနှစ်ယောက်ပဲရှိတာ လင်းအစ်မကချစ်စရာလေး ချောလည်းချောတယ်....။ နည်းနည်းထူးဆန်းတာလေးပြောပြချင်တယ်....။ ကျွန်မဘဝတစ်လျှောက်မှာ ရန်ကုန်စရောက်လာကတည်းက ခင်မင်ရတဲ့ သူငယ်ချင်းအားလုံးလိုလို မောင်နှမနှစ်ယောက် နှစ်ယောက်ဖြစ်နေကြတာများတယ်....။ အကြီးက မိန်းကလေး အငယ်က မောင်လေး အဲလို မောင်နှမတွေနဲ့ သူငယ်ချင်းဖြစ်တာတော်တော်လေး အံ့ဩဖို့ကောင်းတယ်....။ လင်းမေမေက အစိုးရရုံးမှာအလုပ်လုပ်တာ လင်းတို့က ဖိုးစိန်လမ်းထဲက တိုက်ခန်းမှာနေကြတယ်....။ လင်းမှာ အမေပဲရှိတာ အဖေမရှိတော့ဘူး....။ လင်းတို့ မိသားစုနဲ့က အပြင်မှာ သိပ်မမြင်ဖူးပေမယ့် ဖုန်းထဲမှာတော့ ခင်နေကြတာပါ....။ ခုတော့... လင်းမေမေတော့ သူ့သားအတွက် သောကတွေဘယ်လောက်တောင်ရောက်နေမလဲ....။ လင်းဖုန်းကိုပဲစောင့်နေကြရတာ....။ အငယ်ဆုံးကလည်းဖြစ် အသက်လဲငယ်သေးတော့ ပိုဆိုးတာပေါ့....။ လင်းတို့ ဘယ်ကို ခိုးပြေးကြတယ်ဆိုတဲ့သတင်း မရပါဘူး....။ ကျွန်မဆီကို သူဖုန်းလုံးဝမဆက်ဘူးလေ သူ့မေမေဆီပြန်ရောက်မယ်ဆိုတာ သိနေတာကိုး....။ နောက်နေ့ကျတော့ အန်တီက ကျွန်မဆီဖုန်းပြန်ဆက်လာတယ် လင်းတို့နဲ့အဆက်အသွယ်ရပြီတဲ့ (....)မြို့ကို ရောက်နေကြတာတဲ့....။ ပြန်လာဖို့ပြောထားတယ်တဲ့....။ ခိုးပြေးပြီးပြီဆိုတော့လဲ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်းကိုမိန်းမပေးစားရတော့မှာလေ သူလဲ ဘယ်လိုစိတ်ကောင်းပါ့မလဲ....ကျွန်မလဲ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ပဲနားထောင်ပေးရတာပေါ့....။ ကိုယ်ကလည်းငယ်သေးတော့ လူကြီးတစ်ယောက်ကို ဘယ်လိုအားပေးစကားပြောရမလဲ နားမလည်သေးဘူးလေ....။ လင်းတို့ ပဲခူးကလပ်နားက စကားဝါလမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်းတစ်ခုမှာ မင်္ဂလာဆွမ်းကျွေးကြတယ်....။ ကောင်မလေးတိုက်ခန်းမှာပဲ ပြန်ပြီး ဗီဒီယိုမှတ်တမ်းတွေရိုက်ကြ ကြိုးတားကြ လက်ဖွဲ့တွေဖေါက်ကြနဲ့ သူငယ်ချင်းတွေ တစ်ဖွဲ့လုံး စည်ကားပျော်ပါး ဆူညံနေကြတာ....။ အဲဒီနောက် လင်းနဲ့သိပ်အဆက်အသွယ်မလုပ်ဖြစ်တော့ဘူး လင်းအမျိုးသမီးလေးက ကျွန်မတို့နဲ့အပေါင်းသင်းလုပ်တာ သိပ်ကြိုက်ပုံမပေါ်ဘူး.... လင်းကို သိပ်သဝန်တိုဆိုပဲ....ကောင်းတယ် အဲကောင်ဝဋ်လည်တာ....။ 

နောက်တော့ ကျောင်းတွေဖွင့်တာနဲ့ တက္ကသိုလ်တွေစတက်ရတော့ သင်တန်းဖက်လည်း သိပ်မရောက်ကြတော့ဘူး....။ နောက်တစ်နှစ် နှစ်နှစ်လောက်မှာပဲ လင်းတို့ လင်မယားအင်္ဂလန်ကို ထွက်သွားကြတယ်လို့သိရတယ်....။ အဲကစပြီးလင်းနဲ့လုံးဝအဆက်သွယ်ပြတ်သွားကြတာ ဒီနေ့ထိပဲဆိုပါတော့....။ ကျွန်မဖေ့ဘုတ်သုံးနေတုန်းက လင်းအမျိုးသမီးနဲ့ အမှတ်မထင် ပြန်တွေ့ပြီး စကားပြောဖြစ်ခဲ့ကြသေးတယ်....။ မြန်မာပြည်ခဏပြန်ရောက်နေတာတဲ့ လင်းနဲ့သူ သမီးလေးတစ်ယောက်ရထားတာ ခုသုံးနှစ်ရှိပြီတဲ့ကလေးလေးက...။ လင်းရော ဖေ့ဘုတ်မသုံးဘူးလားမေးတော့ မသုံးဘူးဆိုတာနဲ့ လင်းနဲ့ပတ်သက်ပြီး တခြားအဆက်အသွယ်လဲ မမေးမိတော့....။ လင်းပုံတွေကိုကြည့်ချင်တယ်ပြောတော့ သူ့ဖေ့ဘုတ်ဖိုတိုအယ်ဘမ်မှာရှိတယ်ဆိုလို့သွားကြည့်တာ ဒီကောင် နိုင်ငံခြားသားကြီးကျနေတာပဲ ဝလာပြီးအရပ်ရှည်တော့ အကောင်ထွားထွားကြီးဖြစ်နေတာ....။ ခုတော့ ရင့်ကျက်တဲ့ ကလေးအဖေတစ်ယောက်ဖြစ်နေပြီပေါ့....။ ကျွန်မတို့ စခင်တုန်းက လင်းက ပိန်းသေးသေး ဆယ်တန်းအောင်ခါစကောင်လေးရှိသေးတာကိုး....။ ခုလက်ရှိ လင်းသမီးလေးက အပျိုပေါက်လေးဖြစ်နေပြီ ကျွန်မ လင်းအမျိုးသမီးရဲ့ Instagram မှာ ဝင်ကြည့်လိုက်တာ....။

ကျွန်မရေးခဲ့တဲ့ တခါတုန်းကတက္ကသိုလ်ပို့စ်တွေထဲက ဒီပို့စ်လေးက ကျွန်မရဲ့ဖေးဘရိတ်မို့ ခုနောက်ပိုင်းစာလာဖတ်တဲ့ မဖတ်ဖူးကြသူများရော ပြန်ဖတ်ချင်သူများအတွက်ပါ ဇူလိုင်လ(၃၀)မှာကျရောက်မယ့် Friendship Day's အတွက်အမှတ်တရပြန်တင်ပေးလိုက်ပါတယ်....။ 


Tuesday, 28 January 2020

မိုးရာသီအနုပညာအစ-အဆုံး .....



ခရေတွန်ရဲ့ ကဗျာငယ်လေးတွေကို မဖတ်ခင် ကျွန်မတို့ဘယ်လို ခင်မင်ရင်းနှီးခဲ့တယ်ဆိုတဲ့ အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်...။ ဟိုတုန်းက ဘလော့လောကကြီး စည်ကားသိုက်မြိုက်ခဲ့တုန်းက ဘလော့ဂါတွေဟာ ဘလော့ရိုးလ်မှာရှိတဲ့ စီပုံးလို့ခေါ်ကြတဲ့ (Chat Box) မှာတင် စကားပြောအာလူးဖုတ်ခဲ့ကြတာမဟုတ်ဘူး ဖေ့စ်ဘုတ်မှာလည်း တရုန်းရုန်းရှိခဲ့ကြတာ....။ ဘလော့မှာသာ အခု ခြောက်ကပ်သွားတာ ဖဘမှာတော့ ခုချိန်ထိ စည်ကားနေကြဦးမယ်ထင်ပါတယ်....။ ကျွန်မကသာ ဖဘမသုံးတော့လို့ မသိရတာလေ...။ အဲချိန်တုန်းက ကျော်ကျော်လို့လည်းခေါ်ကြတဲ့ ခရေတွန်ဟိန်းကို သားတွန်  တွန်တွန် သားသား စသဖြင့် ချစ်စနိုးခေါ်ကြတယ်သူ့ကို....။ ဘလော့ဂါတွေထဲမှာ အသက်အငယ်ဆုံးဖြစ်နေတာလည်းပါတာပေါ့...။ အဲတုန်းက သားတွန်က အန်တီတွေ ၊ဦးလေးတွေ၊ ဘကြီးတွေတိုင်းရဲ့ မွေးစားသားလေးတစ်ယောက်ဆိုပါတော့...။ အဲဒီထဲမှာ ကျွန်မလည်း သားတွန်ရဲ့ မေမေတစ်ယောက်ဖြစ်ခဲ့ပါတယ်...။ ခုတော့ သားသားနဲ့က ဖဘမသုံးတော့လို့ အဆက်သွယ်ပြတ်သွားခဲ့တာ...။ သားတွန်က စာသိပ်တော်တဲ့အပြင် အနုပညာမှာလည်း ခေသူလေးမဟုတ် ကဗျာလှလှလေးတွေ အက်ဆေးလေးတွေရေးတာ သိပ်....ကောင်းတယ်...။ ခုချိန်ထိလည်း သူကျောင်းမှာလေ့လာသင်ယူနေတဲ့ စိတ်ပညာပိုင်းဆိုင်ရာဗဟုသုတ ဆောင်းပါးလေးတွေကို မကြာမကြာတင်ပေးတတ်တယ်...။ ခုတင်ပေးတဲ့ ကဗျာငယ်လေးတွေက သားတွန်ရဲ့ ဘလော့မှာတင်မထားဘူးလို့ထင်တယ် ဖဘသုံးနေစဉ်တုန်းက သူ့ Notes ထဲကနေ ကျွန်မခွင့်တောင်းပြီးကူးယူထားခဲ့တဲ့ ကဗျာလေးတွေပါ...။ ကျွန်မက ကဗျာကို ဟုတ်တိပတ်တိမရေးတတ်ပေမယ့် သူများရေးတဲ့ ကဗျာလေးတွေကိုတော့ ချစ်တယ်...။

သားတွန်ရဲ့ မွေးစားဖခင် နဲ့ မိခင်တွေထဲမှာ ကျွန်မရဲ့ အစ်ကိုကြီး ကိုအောင်သာငယ်နဲ့ အစ်မCKA (ချစ်ကြည်အေး) လည်းပါတယ်...။ ကိုကြီးငယ်က ကျွန်မနဲ့ မွေးနေ့တူ အစ်ကိုတစ်ယောက်ပါ...။ အဲတုန်းက ဖဘမှာ ကျွန်မနဲ့မွေးနေ့တူတဲ့သူတွေက ကိုကြီးငယ်ရယ် ခေါင်ခေါင်ရယ် တင်ထက်ဗိုရယ် နောက်ထပ် ညီမလေးတစ်ယောက်က ပေါက်စီ....။ မွေးနေ့ရောက်တိုင်း ကျွန်မတို့မွေးနေ့တူ မောင်နှမတွေ Wish တွေလုပ်ကြ နှုတ်ဆက်ကြနဲ့ ပျော်စရာကြီးပေါ့...။ အစ်မချစ်က မွေးနေ့တူမဟုတ်ပေမယ့် ရာသီခွင်တူတဲ့ အစ်မအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့ အစ်မတစ်ယောက်ပါ...။ ဒီအကြောင်းလေးကတော့ သားတွန်နဲ့ဆက်စပ်လို့ပြောပြရုံသက်သက်ပါ...။ သားတွန်စာတေွပြန်ဖတ်ချင်သူများအတွက် ဟောဒီမှာ Kind to Earth လင့်ချပေးထားပါတယ်....။




မိုးရွာခြင်းအနုပညာ(၁)


သိမ့်ကြည်တဲ့ရသ
လှလှကလေးမှောက်ချလို့
မြေပြင်ပေါ်ခြေအကျဝယ်
တမ်းတမဆုံး....။      ။ (Craton)


အဲတုန်းကရာသက်ပန် စာဖတ်သူလေးရဲ့မှတ်ချက်ကတော့ ဒီလို

အနှိုင်းမဲ့  said (4.6.2016)
လှလိုက်တဲ့ ကဗျာ



မိုးရွာခြင်းအနုပညာ(၂)


ဖျောက်ဆိတ်ဆိတ်ညနေ
မှိုင်းခိုရီ ပြာသီလို့ဝေ
ရာသီပီတဲ့လေ....
မိုးစက်ငယ်ထွေးသန်း
စကားဖြူငယ်စွင့်ကာလန်း
ပွင့်လွှာငယ်ငယ်ချမ်း....။       ။ (Craton)


အဲတုန်းကရာသက်ပန် စာဖတ်သူလေးရဲ့မှတ်ချက်ကတော့ ဒီလို

အနှိုင်းမဲ့  said (4.6.2016)
စကားလုံးတွေအရမ်းလှတယ်...




မိုးရွာခြင်းအနုပညာ(၃)


ကျွန်မကိုမိုးပေးဖို့ရာ ပိန်းကြာရွက်ကြီး သူသွားခူးသည်
စောင့်နေသောကျွန်မသည် မိုးရွှဲရွှဲစိုလေ၏
ပိန်းကြာရွက်ပါလာသည်ဖြစ်စေ မပါလာသည်ဖြစ်စေ
ကျွန်မမိုးစိုများသည်ဖြစ်စေ နည်းသည်ဖြစ်စေ
"ကျွန်မအတွက်"ဟူသော အသိစိတ်ကလေးကို နင့်နေအောင်ချစ်သည်....။    ။ (Craton)




မိုးရွာခြင်းအနုပညာ(၄)


သူ့နှုတ်ခမ်းတွေ မြင်လိုက်ရုံနဲ့တင် မိုးတွေတိတ်သွားတယ်...
စံပယ်ပန်းနံ့ နှုတ်ခမ်းဆီလေးဆိုးလို့.....။     ။ (Craton)




မိုးရွာခြင်းအနုပညာ(၅)


ချမ်းတယ်...
ရေကျသံဟာ နှလုံးသားနှစ်ခုအတွက် အဖော်ဖြစ်တယ်...
တဲအိုပျက်မှာ ထမင်းရည်သောက်စရာတော့မလိုဘူး
ဒါပေမယ့် အခန်းကျဉ်းကလေးဟာ မှိန်မှိန်လေးပျော်နေတယ်...
စောင်နှစ်ထည် လူနှစ်ယောက်
မိုးခြိမ်းတဲ့ အချစ်ညတွေ.....။     ။ (Craton)




မိုးရွာခြင်းအနုပညာ(၆)


ပတ်ဝန်းကျင်ဟာ ချဉ်ပြီးစပ်တယ်...
လူတွေနဲ့ဝေးရာ
ငါ့သီးခြား ကမ္ဘာလေးဆီ......။     ။(Craton)




မိုးရွာခြင်းအနုပညာ(၇)


စောင့်နေသောအဝေးပြေးလမ်းမများကို ရွာချလိုက်သည်
အိတ်တစ်လုံး ကိုယ်တစ်ခုနှင့် မျှော်လင့်ချက်တစ်လိတ်
တိတ်တိတ်ပုန်းဗွက်များသည် ခုမှ သူတလူငါတမင်း ထလာကြ၏
မြေသင်းနံ့ရှူနေသည်ကိုက ယားကျိကျိဖြစ်သည်
စောင့်နေသည့်အရာလာမည်လော
မိုးတိတ်မည်လော
တစ်ခုမှဖြစ်မလာလည်းရပါသည်
အရာရာတိုင်းသည် တခါတရံရုပ်ဆိုးကြသည်လော......။      ။ (Craton)




မိုးရွာခြင်းအနုပညာ(၈)


ညဟာ .. သွက်ချာပါဒလိုက်ရင်း တုန်တုန်ယင်ယင်နဲ့ငိုပြီး
လနတ်သမီးကို တိမ်မည်းတွေ သွေးဆောင်ပြန်ပေးဆွဲသွားတယ်လို့
လင်းနို့တွေ ဇီးကွက်တွေက ကွေးကွေးလေး အိပ်မက်မက်ကြရဲ့
နွေဦးမိုးဟာ ဒီလိုနဲ့ပဲ အငိုမတိတ်တော့ဘူး.....။     ။(Craton)




မိုးရွာခြင်းအနုပညာ(၉)


မေမေက ပန်းပွင့်စိပ်ဖဲထီးလေးကို ဖွင့်လှန်းတဲ့အခါ
ကျွန်တော်က ဖတ်လက်စ ဝတ္ထုစာအုပ်ကိုချရင်း မေမေ့ကိုလှမ်းကြည့်တယ်
ဈေးမှာ မုန့်စိမ်းပေါင်း ကုန်ပြီ သားရဲ့...နက်ဖန်မှ စောစောသွားပေးမယ်နော်
နှုတ်ခမ်းကိုအစွမ်းကုန်စူပြီး ကျွန်တော် အိမ်နောက်ဖေးထွက်သွားလိုက်တယ်
လျှပ်စီးလက်လိုက်တဲ့ခဏ မေမေ့ပါးပြင်ပေါ်က အပြုံးနဲ့ကျွန်တော်လွဲခဲ့တယ်....။      ။(Craton)


မိုးငွေ့

Monday, 20 January 2020

အဖွားလုံ.....



ချောင်းစပ်နားမေးတင်ဆောက်ထားတဲ့ တက်ကဲမိုးဝါးလုံးခြေတံရှည်အိမ်လေးထဲမှာ အဖွားလုံတို့သားအမိနှစ်ယောက်အတူနေကြတယ်...။ ခြေတံရှည် အိမ်လေးပေါ်တက်ဖို့ ဝါးလှေခါးရင်းရဲ့မနီးမဝေးမှာ လုံးပတ်ကြီးကြီး လက်ပံပင်ကြီးရှိတယ်....။ နွေဦးရောက်ပြီဆို အပင်ပေါ်မော့ကြည့်လိုက် လက်ပံပွင့်တွေ နီရဲနေတာများဆို...။ အိမ့်အောက်ခြေပတ်ပတ်လည် မြေသလင်းပြင်က မြေနီမြေဝါမို့ မာကျစ်ပြီး အဖွားလုံသမီးက ခြံစည်းရိုးပင်ရိုးတွေနဲ့လုပ်ထားတဲ့ တံမြက်စည်းနဲ့လှည်းထားတာ အမှိုက်တစ်စ ခဲတစ်လုံးမရှိအောင် ပြောင်နေရော....။

အဖွားလုံကို ကျွန်မက ရှမ်းလို "မယ်ထောက်လုံ"လို့ခေါ်တယ်....။ မယ်ထောက်ဆိုတာ ရှမ်းလို အဖွားလို့ အဓိပ္ပါယ်ရတယ်....။ ကျောင်းအားရက်နဲ့ ကျောင်းအားချိန်တွေဆို ကျွန်မက အဖွားလုံအိမ်သွားသွား လည်တတ်တယ်....။ အဖွားလုံက ကွမ်းစားတော့ သွားတွေဆို မဲနေပြီ....။ အဖွားလုံကွမ်းယာတာကို ထိုင်ကြည့်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်....။ ကလေးဆိုတော့ ဘာရယ်မဟုတ် အိုးပုတ်ကစားသလိုပဲ စိတ်ထဲ ခံစားပြီး ကြည့်တာ....။ အဖွားလုံက ကွမ်းအစ်ကြီးကို အရှေ့ချ ကွမ်းရွက်ကို လက်ဝါးပေါ်ဖြန့် ထုံးထည့် ရှားစေးကျတော့ ကွမ်းယာဆိုင်ကလို အရည်နဲ့မဟုတ်ဘူး ....။ ကျွန်မတို့အိမ်မှာရောင်းတဲ့ ရှားစေးက အလုံးလေးတွေလုပ်ထားတာ...။ အဖွားလုံက ရှားစေခဲလေးတွေဖြစ်အောင် သေးသေးစိပ်စိပ်လေးတွေလုပ်ထားတာထည့် ကွမ်းသီးညှပ်ထားတာလေးတွေထည့်ပြီး ပါးစပ်ထဲထည့်ဝါးလိုက်တာ....။ ကွမ်းတွေဝါးပြီးလို့ ကုန်ပြီဆို အမျှင်လေးတွေလုပ်ထားတဲ့ ဆေးရွက်ကြီးကို လက်မနဲ့ လက်ညှိုးမှာညှပ်ပြီး သွားတွေကို တိုက်နေတော့တာ....။ ဘာအတွက် အဲလိုလုပ်ရတယ်ဆိုတာ ကျွန်မနားမလည်ခဲ့ဘူး...။ အဖွားလုံသွားတွေကတော့ မဲပြောင်လို့ရယ်....။

အဖွားလုံရဲ့ မီးဖိုချောင်နဲ့ ရှမ်းဟင်းလေးတွေအကြောင်းလဲ နဲနဲပြောပြချင်သေးတယ်....။ အဖွားလုံတို့မီးဖိုက သစ်လုံအခြမ်းတွေကို လေးဒေါင့်စပ်စပ် အကာအရံလုပ်ထားပြီး အထဲမှာ မြေနီတွေကို ဖြန့်ခင်း အဲဒီပေါ်မှာမှ အုတ်ခဲတွေနဲ့ သုံးမြှောင့်ပုံ ဖိုခနောက်လုပ်ပြီး ထင်းမီးနဲ့ ကောက်ညှင်းပေါင်း ဟင်းတွေချက်ကြတာ...။ ထင်းမီးခိုးတွေကြောင့် မျက်နှာကျက်နဲ့ ဝါးထရံတွေမှာ ကျပ်ခိုးတွေအပြည့်နဲ့ပေါ့...။ မီးဖိုထုတ်တန်းတွေပေါ်မှာလည်း ကြက်သွန်ဖြူနီတွေကို အစည်းလိုက် ချိပ်ဆွဲထားသေးတယ်...။ အိမ်ကြမ်းခင်းက ဝါးကပ်နဲ့ဆိုတော့ လမ်းလျှောက်ရင် ဂျိုးဂျိုးဂျွပ်ဂျွပ်နဲ့ပေါ့....။ အဖွားလုံတို့က မနက် နေ့လည် ညနေစာကို ထမင်းသိပ်မစားကြဘူး ထမင်းအစားကောက်ညှင်းပေါင်းကိုပဲ ဟင်းနဲ့စားကြတယ်.....။ မနက်အာရုံမတက်ခင်ကတည်းက မီးမွှေးပြီး ညကစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ဝါးပေါင်းအိုး ပေါင်းချောင်ထဲထည့်ပြီး အရင်ပေါင်းတယ်....။ ထင်းမီးပြာပူအောက်ထဲ ကြက်သွန်ဖြူ ကြက်သွန်နီဉတွေထည့်ထား ငရုတ်သီးစိမ်းတောင့်ကြီးတွေကို သီတံနဲ့ မီးနဲတဲ့နေရာမှာ ကင်ထားလိုက်တယ်....။ အဲဒီကင်ထားတဲ့သုံးမျိုးကို သစ်သားဆုံထဲထည့်ထောင်း အရသာ ဆားအချို့မှုန့်ခတ်ပြီး နံနံပင်လေးပါထည့်ထောင်းပြီး ပန်းကန်ထဲခတ်ထားလိုက်တယ်....။ အဲဒါ ရှမ်းငရုတ်သီးထောင်း...။  ချောင်းထဲကရတဲ့ ငါးသေးသေးလေးတွေကို ရေဆေး ဆား နနွင်း ငရုတ်သီး ရှမ်းနံနံ ပင်စိမ်း စပါးလင်တွေထောင်းထားတာ ထည့်နယ်ပြီး ငှက်ပျောဖက်ရွက်နဲ့ထုပ် ပြာပူအောက်မှာပဲ အုန်းထားလိုက်တယ်....။  ကောက်ညှင်းပေါင်းရတော့ အဲဒီဖက်နံ့လေးသင်းနေတဲ့ငါးအုန်းနဲ့ ငရုတ်သီးထောင်းစပ်စပ်လေးနဲ့စားကြတယ်....။ တခါတလေ ပဲပုပ် ငရုတ်သီးထောင်းပြီး ခတ်ထားတဲ့ ရေနွေးဆူဆူအိုးထဲ အရွက်စိမ်းပေါင်းစုံ ခတ်သောက်ကြတဲ့ ဟင်းချိုအရည်သောက်လေးနဲ့လည်း စားကြတယ်....။ ကျွန်မကတော့ အဖွားလုံဆီသွားရင် အမြဲတမ်း ထမင်းစားပြီးမှပြန်တယ်...။

ဆောင်းတွင်းရောက်လို့ မုန်ညင်းရွက်ပေါတဲ့ ချိန်ဆို မကျည်းသီးမှည့် ခရမ်းချဉ်သီး ကြံသကာတို့နဲ့ထည့်ချက်ရတဲ့ မုန်ညင်းစောလုပ်စားတတ်ကြတယ်....။ မုန်ညင်းစောလေးခပ်စားလိုက် ငရုတ်သီးခြောက်မီးကင်လေးတစ်ကိုက်ကိုက်လိုက် ကောက်ညှင်းပူပူလေးတစ်လုတ် ပါးစပ်ထဲထည့်လိုက်နဲ့  ချဉ်ချဉ်စပ်စပ် ရှူးရှူးရှဲရှဲလေးစားကြတာ....။  ကျွန်မမှတ်မိသလောက်တော့ အဖွားလုံတို့အိမ်မှာ ငါးကလေးနဲ့ တခါတလေ ငါးဉ ငှက်ပျောဖက်အုန်းနဲ့ ဟင်းသီးဟင်းရွက်တွေပဲချက်စားတာများတယ် ကြက် ဝက် စားတာသိပ်မတွေ့ရဘူး....။ ရွာမှာ အလှူရှိတော့မှာ ကြက်သား ဝက်သားကို အဝစားကြရတာလေ.....။ အဲတုန်းက ခုခေတ်လို အသားတွေက ဈေးထဲ ပေါပေါလောလောမရဘူးလေ.....။ အဲ...ဝက်သားရရင်တော့ ဒီလိုလေးလုပ်စားတတ်ကြတယ်..... ။ ဝက်သားကို ပါးပါးရှည်ရှည်လေးတွေလှီးပြီး ဂျင်းထောင်းထားတဲ့အရည်ညှစ်ထည့် ဆားအချိုမှုန့်နယ်...ခနနှပ်ထားပြီး  မီးငွေ့ငွေ့မှာကင်လိုက်တယ်...။ အဲဒီကင်ထားတဲ့ အသားကို စားခါနီး ရေနွေးဆူဆူးပေါင်းအိုးနဲ့ ပြန်ပေါင်းပြီး ကောက်ညှင်းနဲ့စားကြတယ်...။ အသားလေးက နူးအိပြီး မီးကင်ထားတဲ့အနံ့လေးမွှေးမွှေးနဲ့ စားလို့သိပ်ကောင်းတယ်...။ ရှမ်းလို ''နေ့ရောင်း''လို့ခေါ်တယ်....။

တကယ်တော့ အဖွားလုံတို့က ဆင်းရဲတယ် တနေ့လုပ်တစ်နေ့စားရတာ...။ မနက်ဈေးရောင်းပြီးရင် ကျွန်မတို့အဖွားကုန်ဆုံဆိုင်က ဆား အချိုမှုန့် နနွင်းမှုန့်ထုပ်တွေကို ကူထုပ်ပေး မီးကူတို့ပေးတယ်....။ အိမ်ကအဖွားညော င်းရင် နှိပ်ပေးရတာ အဖွားလုံပဲ.....။ အဖွားပြောတော့ အဖွားလုံက လက်ပေါက်တယ် အနှိပ်ကျွမ်းကျင်အဆင့်ပေါ့....။ ကျွန်မတို့ အိမ် ဗီဒီယိုရုံပြပြီးသွားရင် ရုံထဲက နေကြာစေ့အခွံတွေ အမှိုက်တွေကို အဖွားလုံက လှဲကျင်းပေးရတယ်....။ အဲဒီအတွက် ကျွန်မတို့အဖွားက အဖွားလုံကို စားစရာတေွ အဝတ်တွေ မုန့်ဖိုးတွေပေးတတ်တယ်...။ အဖွားလုံတို့က ဂုံရှမ်းလူမျိုးတွေ....။ ဂုံရှမ်းလူမျိုးက ခွဲခြားရတာလွယ်တယ်....။ နောက်ပြီး သူတို့ပြောတဲ့ ရှမ်းလေသံက တစ်မျိုးလေး နားထောင်လို့ကောင်းတယ်....။

အဖွားလုံက ဝါတွင်းသုံးလဆို ဘုန်ကြီးကျောင်းမှာ ဝတ်ဖြူစင်ကြယ်နဲ့သွားပြီး သီလယူ ဉပုသ်စောင့်တယ် ဘုန်းကြီးကျောင်းမှာ တစ်ညအိပ်ပြီး တရားထိုင်တယ်...။ အဲလိုနေ့မျိုးဆို အိမ်က အိမ်သားတွေက ဉပုသ်သည် အဖိုးဖွားတွေအတွက် ၁၂နာရီမကျော်ခင် ထမင်းဟင်းတွေကို ကြိမ်ဒေါင်းလန်းကြီးပေါ်မှာတင်ပြီး ဘုန်းကြီးကျောင်းသွားပို့ကြတယ်....။ ဘုန်းကြီးကျောင်း ဘုရားရှိခိုးခန်းမဆောင်ထဲ ဉပုသ်ယူထားတဲ့ အဖိုးအဖွားတွေ တန်းစီပြီး အိပ်ရတယ်...။ အဖွားလုံကို ကျွန်မရန်ကုန်ကျောင်းသွားတက်တော့မတွေ့ရတော့ဘူး...။ အဖွားလုံဆီကိုတော့ လူကြုံရှိရင် စားစရာတွေ မင်းသားမင်းသမီးပုံပါတဲ့ ပြက္ခဒိန်တွေ ဝယ်ပို့ပေးတတ်တယ်...။ အဖွားလုံက သူအခန်းဝါးထရံလေမတိုးအောင်ကပ်ကပ်ထားတာ....။ ဆောင်းဆို လေအေးတွေတိုးတော့ အိပ်မရဘူးပေါ့....။

ဆောင်းမနက်ခင်းတွေမှာဆို ကျွန်မတို့အိမ်ရှေ့က ကုက္ကိုရွက်ကြွေတွေကို တံမြက်စည်းစုလှဲ သစ်ရွက်ခြောက်တွေကို မီးရှို့နေတတ်တဲ့ ခြေထူထူစွပ်ပြီး သိုးမွှေအနွေးထည်ခပ်နွမ်းနွမ်းနှစ်ထပ်ဝတ် ခေါင်းပေါင်းထားတတ်တဲ့အဖွားလုံကိုတွေ့ရတတ်တယ်....။ ဈေးရောင်းရင်းနဲ့လည်း ကျွန်မမောင်လေးတွေကို အားရင်အားသလို လာထိန်းပေးတတ်သေးတယ်....။ ကျွန်မဆယ်တန်းဖြေပြီးလို့ အိမ်ပြန်တော့ အဖွားလုံ ကျန်းမာရေးက တော်တော်ဆိုးနေပြီ....။ ကျောက်ကပ်လို့ပြောကြတာပဲ မျက်နှာတစ်ခုလုံး အမ်းနေတာ.....။  အဲလိုရောင်အမ်းပြီး အောက်ပိုင်းထိရောက်သွားရင် အသက်ပါပါသွားရောလို့ လူကြီးတွေက ပြောကြတယ်..... ။ တကယ်လဲ အဖွားလုံ သိပ်မနေလိုက်ရဘူး သုံးလေးရက်မှာပဲ ဆုံးသွားရှာတယ်....။

အသုဘချတော့ တာလေသင်္ချိုင်းက အရင်နေရာမဟုတ်တော့ဘူး.....။  အရင်က ရွာထိပ်ရောက်ရင် ဘယ်ဘက်ချိုးလိုက်တာနဲ့ တာလေတောင်ကုန်းစေတီ မိုးဖြတ် ကျိုင်းတုံအဝေးပြေးလမ်းနဲ့ ချောင်းစပ်ကြားက တောအုပ်လေးထဲမှာပါ....။ ခုတော့ နဲနဲထပ်သွားလိုက်ရင် နတ်ပေါင်းစုံရှိတဲ့ နတ်နန်းရောက်ရင် ညာဖက်တောအုပ်ထဲကို ချိုးဝင်သွားတဲ့လမ်းကလေး သင်္ချိုင်းအသစ်က အထဲကို တော်တော်ဝင်ရတာ..... ။ အဖွားလုံအသုဘပို့တော့ မိုးတွင်းကြီး  မြေလမ်းတွေလဲ ဒူးလောက်ရွှံ့တွေထူနေတယ်.....ကျွန်မတို့ ထောလဂျီနဲ့သွားကြရတာ....။ ကျွန်မငယ်လေးကတည်းက အဖွားအရင်းတစ်ယောက်လို ချစ်ခင်ရတဲ့ အဖွားလုံရဲ့နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပို့ခွင့်ရတဲ့အတွက် အဲဒီတုန်းကထက် ခုပြန်တွေးကြည့်တော့ တော်တော်လေးကျေနပ်မိတယ်...။ အဝတ်ဖြူဝတ်ထားတဲ့ အဖွားလုံ ခန္ဓာကိုယ်ပေါ်ကို ထင်းတွေပုံလိုက်ကြတယ်....။ မီးသဂြိုလ်တော့ ကျွန်မမကြည့်တော့ဘူး ပြန်လာလိုက်တယ်.....။ ရှမ်းပြည်မှာက များသောအားဖြင့် ဂူသွင်းကြတာများတယ်....။ အဖွားလုံ ကောင်းမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ဒီပို့နဲ့အတူ ထပ်ပြီးဆုတောင်းလိုက်ပါတယ်....။


အဲတုန်းက ကော်မန့်တွေကတော့....

မောင်ဘုန်း  said (25.1.2012)
ရှမ်းရိုးရာဟင်းတွေကို အများကြီးမှတ်သားလိုက်ရတဲ့အတွက် ကျေးဇူးပါအစ်မရေ...
ငါးဒုက္ခကတော့ နမ့်ဆန်ရောက်တုန်းက  စားခဲ့ဖူးတယ်ဗျ မျှစ်ဒုက္ခဆိုတာကတော့ ခုမှသိတာ သူလဲ ငါးဒုက္ခလိုပဲနေမှာနော်...

ပျိုးယုဝသုန်  said (25.1.2012)
ဘာမှန်းမသိကို လွမ်းမိသလိုပဲ မီးမီးရေ....အရင်ငယ်ငယ်တုန်းကလိုပဲ စာလေးတွေကဖတ်ရတာ လူပါပါသွားတယ် နောက်တစ်ပုဒ်ကိုစောင့်နေမယ်နော်....

နေ၀သန်  said (25.1.2012)
:) အစ်မက ရှမ်းမို့လို့ထင်တယ် ရှမ်းလိုပဲပြောသွားတယ်....ဒေသမတူလို့ပဲထင်ပါတယ်နော် ကျွန်တော်တို့ကျတော့ အဘွားကိုနိုင်းလို့ပဲခေါ်တယ် မယ်ထောက်ဆိုတာ အဖွားကြီးလို့ အဓိပ္ပါယ်ရလို့ နဲနဲရိုင်းလို့(ကျွန်တော်တို့ဒေသလောက်ကပဲဖြစ်ပါလိမ့်မယ်) မုန်ညင်းစောနဲ့ ပါအုန်းကတော့ အကြိုက်ပဲ....နောက်အပုဒ်တွေကိုလည်း စောင့်ဖတ်ပါဉီးမယ် အကယ့်အဖြစ်ပျက်လေးကို အက်ဆေးဆန်ဆန်လေးရေးထားတာ ဖတ်လို့ကောင်းတယ်..

ခင်မင်လျက်
နေဝသန်

suly  said (25.1.2012)
မုန်ညှင်းစောပါပါဝင်တဲ့ မိုးငွေ့ရဲ့ လွမ်းချင်းတစ်ပုဒ်ကို ဖတ်သွားပါတယ်....။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

မအိမ်သူ said (25.1.2012)
ငယ်တုန်းအကြောင်းလေးတွေ ပြန်စဉ်းစားကြည့်ရင် တမ်းတစရာတွေချည်းပဲ... ဖတ်လို့ကောင်းလိုက်တာ...။ ဖတ်လို့ကောင်းလိုက်တာ  ဆက်ရေးပါအုံး ရှမ်းစာတွေကိုကြိုက်တယ်...။ မန္တလေးမှာနေတုန်းကတော့ ရှမ်းစာတွေ စားခဲ့ဖူးတယ်....။ ဆယ်တန်းတုန်းက တောင်ကြီးတို့ လားရှိုးတို့ကနေ မန္တလေးမှာ အဆောင်နေပြီးကျောင်းလာတက်တဲ့ ရှမ်းမလေးတွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်....။ အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းလေးတွေ သတိရပေမယ့်လဲ အခုတော့ သူတို့တွေလဲ ဘယ်တွေရောက်နေကြတယ်မသိတော့ဘူး....။ မိုးငွေ့ရေ အွန်လိုင်းသိပ်မတက်ဖြစ်တော့ ဘလော့တွေ သိပ်မလည်ဖြစ်ဘူးဖြစ်နေတယ်....။ ဒီနေ့တော့ အကြွေးတွေလာရှင်းသွားပြီနော်....။

ညိမ်းနိုင် said (25.1.2012)
အဖွားလုံချက်တဲ့ ဟင်းတွေက စားချင်စရာလေး အဖွားမိုးရော ချက်တတ်လားဟင် ချက်တတ်ရင် ဧည့်သည်လာလုပ်ချင်လို့ :)) စတာနော် မမိုး ... မမိုးကမှ ၁၂နှစ်အရွယ်က အဖြစ်အပျက်တွေကို ခရေစေ့တွင်းကျမှတ်မိသေး ကျွန်တော်ဖြင့် တစ်ခုမှ မမှတ်မိတော့ဘူးရယ်....

Mon Petit Avator  said (25.1.2012)
Thanks for sharing sis !!

Black Rose said (25.1.2012)
အမမိုးငွေ့
အမရဲ့ငယ်ငယ်ကအကြောင်းလေးတွေကို များများရေးပါဉီးအမ နယ်က ဓလေ့စရိုက်တွေ ရှမ်းဟင်းရှမ်းထမင်းတွေရေးပါအမ ဆက်ရေးပါ အဖွားလုံကိုလဲ မျက်စိထဲမြင်ယောင်ကြည့်သွားပါတယ်အမရေ..။

မဒမ်ကိုး  said (25.1.2012)
စိတ်မကောင်းစရာလေးပဲ မမိုးရေ
ငါးဖိန်းကိုလုပ်တဲ့ ငါးဒုက္ခတော့ မိုင်းယောင်းမိုင်းဖြတ်မှာ နေခဲ့ရတဲ့ သူတစ်ယောက်ဖို့ လွမ်းမိတာအမှန်ပဲ...

ချစ်တဲ့
မဒိုးကန်

Angel Hlaing  said (25.1.2012)
ငယ်ပို့စ်လေးဖတ်ရတာ လွမ်းမောစရာပါလား မမရေ

အလင်းသစ်  said (25.1.2012)
ပြင်ဉီးလွင် လေငွန်အဝိုင်းနားက ရှမ်းထမင်းဆိုင်လေးကို သတိရသွားပြီ တစ်ပွဲ ၁၅၀၀ ဆို ဗိုက်ကိုကားလို့ စာလို့ ကောင်းမှကောင်းပဲ....

ညီရဲသစ်  said (25.1.2012)
အဖွားလုံအတွက် စိတ်မကောင်းဖြစ်မိပါတယ် တကယ်က အဖွားလုံဘဝလေးက ရိုးသားပါတယ်...

နွေတေးရှင်(မင်းဧရာ)  said (24.12.2013)
ဘဝသရုပ်
စုတ်ချက်နိုင်တဲ့ ပန်းချီဆရာ
နင့်မျောစွာထင်ကျန်နေခဲ့တယ်...


မိုးငွေ့

Wednesday, 15 January 2020

အဝေးလွန်သုံးရာသီ.....





မင်းဆီ ငါမသွားနိုင်တဲ့ နွေရက်တွေ
ငါ့ဆီ မင်းမလာနိုင်တဲ့ ဆောင်းညများ
ဝေးကွာမှုက
နာကျင်စရာမိုးဉတု.....

သတိရလွန်းလို့
မင်းနှလုံးသားနဲ့ အနီးဆုံနံပါတ်တွေကို ငါနှိပ်တယ်....

စိတ်မချလို့
ငါ့ရင်ခွင်နဲ့အနီးဆုံးနံပါတ်တွေကို မင်းခေါ်တယ်....

အလွမ်းနံရံမှာ
တစ်ယောက်နဲ့တစ်ယောက်ပဲ့တင်နေတဲ့အသံ
သတိရခြင်းတပွေ့တပိုက်နဲ့
ငါတို့ဒီလိုပဲဆန်တက်နေရဦးမှာပဲ

လောကဓံကြိုးတစ်လျှောက်
တုန်ခါနေတဲ့အဆက်အသွယ်......။        ။ (ခေါင်ခေါင်)


ခေါင်ခေါင်ဆိုတာ ကျွန်မနဲ့ မွေးရက်မွေးလတူညီမလေး...။ ဘလော့လောကကို ကျွန်မထက်စောရောက်တဲ့ ဆရာမကြီး ...။ သူဘလော့ကို ဒီမှာ သွားဖတ်ကြည့်လို့ရတယ်...။ Side Roll မှာ တကယ့် ဝါရင့်သမာရင့်ဘလော့ဂါတွေအများကြီးမြင်ရလိမ့်မယ်....။ ကိုယ်နှစ်သက်ရာ ဝင်ရောက်ဖတ်ရှုလေ့လာဖို့ ညွှန်းလိုက်ပါရစေ...။ တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်လေးရေးပြီးနောက်တစ်ရက်မှာပဲ ဗီယက်နမ်ဟနွိုင်းခရီးစဉ်အတွက် ခေါင်ခေါင့်ဆီ ငွေသွားသွင်းတော့ ထုံးစံအတိုင်းလူတွေ့တာနဲ ပြေးဖက်ပြီး မချီပစ်လိုက်တာ ကလေးအမေဖြစ်သွားလဲ ကိုယ်တွေနဲ့တွေ့ရင် သူက ကလေးတစ်ယောက်လို ပြုမူတတ်တုန်း ချစ်ဖို့ကောင်းတုန်း....။

မိုးငွေ့

Thursday, 19 December 2019

အိပ်မက်နှင်းဆီ.....




နှင်းတွေဝေနေတဲ့ ချမ်းစိမ့်စိမ့် ဆောင်းညနေခင်းလေးတစ်ခုမှာဖြစ်တယ်....။ မှန်ပြူတင်းမှာလည်း နှင်းမှုန်တွေ အငွေ့ရိုက်ထားလို့ မှုန်ဝါးဝါးနဲ့ အပြင်ကို ကောင်းကောင်းမမြင်ရဘူး....။ လမ်းမီးတိုင် ဝါကျင့်ကျင့်အရောင်အောက်မှာလည်း နှင်းတွေဝေသီလို့ပေါ့....။

ဒေါနစိမ်းရောင် အိစက်နေတဲ့ ဆိုဖါထိုင်ခုံကြီးပေါ်မှာ ထိုင်ပြီး ကျွန်တော် မနှင်းဆီကိုစောင့်နေခဲ့တာ မိနစ် နှစ်ဆယ်ကျော်လောက် ရှိတော့မယ်ထင်တယ်....။ ဘာလုပ်ရမှန်းမသိတော့... ပန်းရောင်နှင်းဆီပွင့်ခပ်ကြီးကြီးတွေနဲ့ အညိုရောင်မွှေးပွကော်ဇောကြီးကို ကျွန်တော် ခြေထောက်နဲ့ ပွတ်သပ်ကြည့်နေမိတယ်....။ ကျွန်တော့်ရှေ့က အငွေ့ထောင်းထောင်းထနေတဲ့ ကော်ဖီခွက်နဲ့ အနီရင့်ရင့်နှင်းဆီပွင့်တွေထိုးထားတဲ့ ကြွေအိုးအဝိုင်လေးကို ကြည့်ရတာ ပနံသင့်ပြီး ကဗျာဆန်နေလိုက်တာ....။  တကယ်တော့ ကျွန်တော် ဒီည မနှင်းဆီနဲ့အတူ ညစာစားဖို့ရောက်လာခဲ့တာပါ....။

"စောင့်နေရတာ ပျင်းနေပြီလား....ဆောရီးနော် ကျွန်မ အဝတ်စားလဲတာနဲနဲကြာသွားတယ်...."

ဂီတသံစဉ်တစ်ခုလွင့်လာသလို ငြင်သာနူးညံ့လွန်းတဲ့ အသံကြောင့် ကျွန်တော်လှမ်းကြည့်လိုက်မိတယ်....။ ကတ္တီပါ မွှေးနုအနက်ခြုံလွှာလေးနဲ့ လှေခါးပေါ်ကဆင်းလာနေတဲ့ မနှင်းဆီ....လှလိုက်တာဗျာ....။ တောက်ပတဲ့   သူ့မျက်လုံးတွေက ကြယ်ပွင့်တွေလို အဝေးကနေမြင်ရတာနဲ့တင် ရွှန်းစိုလက်လို့ရယ်....။  ပျားရည်ရောင်အသားအရေက အနက်ရောင်ခြုံလွှာအောက်မှာ ထင်းထင်းပပ....။ ခဲဖျော့ရောင်ရင်ဖုံးအင်္ကျီနဲ့ အနက်ခံဖဲလုံချည်မှာ ခဲရောင်နှင်းဆီပွင့်တွေကလဲ ထင်းခနဲ....။ ကျွန်တော့်ရှေ့ကို သူရောက်လာတဲ့ ရွေ့လျားမှုတွေက သွဲ့ပြောင်းလွန်းလို့နေတယ်....။ 

"ကျွန်မ ညနေစာကို အပြင်မြက်ခင်းမှာစီစဉ်ထားတယ်....နှင်းတွေတဖွဲဖွဲကျပုံနဲ့တော့ အဆင်ပြေပါ့မလားမသိဘူး....."

"ရပါတယ် နှင်းတွေကြားမှာ မနှင်းဆီပျော်တယ်မဟုတ်လား ကျွန်တော့်အတွက် အဆင်ပြေပါတယ်...."


ကျွန်တော့်နား နီးကပ်ကပ်သူထိုင်လိုက်တော့ ကျွန်တော်အကြည့်တွေ ဖန်ပန်းအိုးလုံးထဲက နှင်းဆီပွင့်ဖတ်တွေလို စိုတောက်နေတဲ့ သူ့နှုတ်ခမ်းနှစ်လွှာဆီကိုရောက်သွားတယ်....။ ပိတုန်းနက်ရောင် ဆံနွယ်တွေကို ကပိုကရိုလေး ခပ်မြင့်မြင့်ထုံးထားပြီး  နှင်းဆီနီရဲလေးတစ်ပွင့်ပန်ထားတယ်....။

" လာ.... ကျွန်မတို့ ခြံထဲ ဆင်းရအောင်...." ဆိုပြီး သူနေရာကထပြီး ကျွန်တော့်လက်ကိုဆွဲခါ်သွားတာ ကျွန်တော် ယောင်နနလေး သူ့နောက်ကို ညှို့ခံထားရသူတစ်ယောက်လိုပါသွားခဲ့တယ်....။






သူက သူ့အိမ်ရှေ့မြက်ခင်းပြင်ပေါ်မှာ စောစောက ဧည့်ခန်းမှာတွေ့တဲ့ နှင်းဆီပွင့်ကောဇောကြီး ခင်းထားတယ်...။ လရောင်အောက်မှာ ကောဇောပေါ်က နှင်းဆီပွင့်တွေက အရောင်ဖျော့နေကြတယ်......‌။‌ ကော်ဇောပေါ်မှာ နှင်းဆီပွင့်ပုံလေးတွေပါတဲ့ ကြွေရည်သုပ်အိုးသုံးလုံး ပေါင်မုန့်တွေ သစ်သီးယိုဗူးတစ်ချို့နဲ့ ဝိုင်ဖန်ခွက်နှစ်လုံး ပန်းကန်နှစ်ချပ် ဇွန်းခရင်းနှစ်စုံနဲ့ လက်သုတ်ပုဝါနှစ်ထည်တွေ့ရတယ်...။ ကျွန်တော်ထင်ထားတာက ကျွန်တော်တို့စားပွဲတစ်လုံးမှာ မျက်နှာချင်းဆိုင်ထိုင်ပြီး ဖယောင်းတိုင်မီးလေးနဲ့ ညစာအတူစားရမယ် ထင်တာ....။ ခုလို နှင်းမှုန်မှုန်ကြားက ဖြာဆင်းနေတဲ့ လရောင်အောက်မှာ ဒီလောက်ကဗျာဆန်တဲ့ ညစာလေးဖြစ်လိမ့်မယ်လို့ကြိုမတွေးခဲ့မိတာ...။ မြက်ပင်တွေက ကိုက်ညှိထားတာမဟုတ်ဘဲ သဘာဝအတိုင်း နူးညံ့အေးစက်လို့...။ သူက ကော်ဇောပေါ် ရုတ်တရက်လှဲချလိုက်တော့ မြက်ခင်းပြင်ပေါ်နင်းထားတဲ့ ကျွန်တော့်ခြေဖဝါး မြေနဲ့မထိသလိုလွတ်သွားခဲ့တယ်....။ သူမျက်လုံးကို စုံမှိတ်ပြီး လေကိုဝဝရှူရှိုက်နေတယ်.....။

"ဆောင်ညလေးက သိပ်လှတာပဲနော်...."

ကျွန်တော်သူ့အနားကို ထိုင်ချလိုက်တယ်....။
ထင်းရှူးရွက်တွေကြားက ဖြတ်တိုက်လာတဲ့ လေတိုးသံတွေကလည်း တေးသီချင်းတစ်ပုဒ်ကို သီဆိုနေသလိုလို....။ ကျွန်တော်အသာလေး သူ့ဘေးမှာ ကျောကိုလှဲချလိုက်တယ်....။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှု တခဏလွှမ်းမိုးသွားခဲ့တယ်....။ ဘယ်လောက်ထိတိတ်ဆိတ်သွားသလဲဆို အသက်ရှူသံတွေကိုတောင် အပြန်အလှန်ကြားနေရတယ်....။ ကျွန်တော်တို့အကြည့်တွေက ဟိုး.... ကောင်းကင်ယံမှာ.....။ ပြီးတော့ ထင်းရှူးပင်ကြားက ထိုးဖောက်ဖြာကျနေတဲ့ လရောင်က သူနဲ့ကျွန်တော့်ကိုယ်ပေါ်မှာ ပြောက်တိပြောက်ကျား.....။ တိမ်ကင်းစင် ပေမယ့် နှင်းတွေကာဆီးထားတာကြောင့် လပြည့်လကို ခပ်ဝါးဝါးလေးမြင်နေရသလို ကြယ်ကလေးတွေလဲ မှုန်တိမှုန်ဝါးလေး လင်းလက်နေကြတယ်.....။

"ရှင် ဗိုက်ဆာနေပြီထင်တယ် ကျွန်မ စားစရာပြင်ပေးမယ်...."

သူက ပက်လက်လှဲနေရင်း ထထိုင်လိုက်တော့ သူ့ခေါင်းမှာပန်ထားတဲ့ နှင်းဆီပွင့်လေး ကော်ဇောနဲ့ ကပ်ညှိကျကျန်ခဲ့တယ်...။ ကျွန်တော် နှင်းဆီပွင့်လေးကို ကောက်ကိုင်ပြီး တစ်ချက်ရှူရှိုက်လိုက်တယ်....။

"မနှင်းဆီ ပန်းလေးကျသွားခဲ့တယ် ကျွန်တော်ပြန်ပန်ပေးမယ်နော်..."

ကျွန်တော်အဲလိုပြောတော့ သူက ပန်းကန်ပြားကိုခဏချပြီး ကျွန်တော့်ဖက်လှည့်လိုက်တယ်....။ သူ့ကို ကျွန်တော်နှင်းဆီပန်းလေးပန်ပေးနေတဲ့အချိန်မှာ သူ့ကိုယ်ကရတဲ့ နှင်းဆီရေမွှေးနံ့သင်းသင်းလေးကြောင့် ကျွန်တော့် ရင်ခုန်သံတွေ ဝုန်းဒိုင်းကျဲသွားကြတယ်....။

ကျွန်တော်တို့ရဲ့ ညစာက အမဲသားကင်ရယ်... ပေါင်မုန့်ကြမ်းတစ်လုံးရယ်... ဆလပ်သုပ်ရယ်... ရွှေဖယုံသီးစွပ်ရယ်...ဖြစ်တယ်....။ ညစာစားပြီးတော့ ဝိုင်ဖန်ခွက်ထဲ သူ ဝိုင်နီတွေငှဲ့ထည့်ပေးတယ်....။

"ဒီမြို့လေးဟာ သိပ်ကို ကဗျာဆန်တာပဲ ရှင်ရောအဲလိုမထင်ဘူးလား....ကဗျာမြို့လေးပါပဲ.... ဟုတ်တယ်... မိုးရာသီဆို ထင်းရှူးပင်ရိပ်မှာ အိပ်ပျော်နေတဲ့ ကလေးလေးတစ်ယောက်လိုပဲ ခုလို ဆောင်းနှင်းမှု န်အောက်ရောက်တော့ ချယ်ရီပန်းလေးတွေနဲ့ နေခြည်မှိုင်းမှိုင်းမှာ ရယ်သွမ်းသွေးနေသလိုလို ပြီးတော့ ထင်းရှူးပင်တွေကို ဖြတ်တိုက်လာတဲ့လေတွေကို ရှူရတာ အေးမြလတ်ဆတ်လွန်းလို့ ကျွန်မအတွက်တော့သိပ်ကို အရသာရှိတာပါပဲ...."

သူက သိပ်ကိုလှသလို စကားပြောရင်လည်း ကဗျာဆန်လွန်းတယ်...။ သူဟာ ကျွန်တော့အတွက်တော့ ဖတ်လို့မဆုံးနိုင်တဲ့ ကဗျာတစ်ပုဒ် နမ်းရှိုက်လို့မဝနိုင်တဲ့ နှင်းဆီပန်းတစ်ပွင့်.....။ သူကမ်းပေးတဲ့ ဝိုင်ခွက်ကိုလှမ်းယူတော့ သူ့လက်ကလေးကိုထိမိသွားတယ်....။

"မနှင်းဆီ လက်တွေ အေးစက်နေတာပဲ လာ...ကျွန်တော်နွေးသွားအောင် ဆုပ်ထားပေးမယ်..."

သူက တစ်ချက်ပြုံးလိုက်ရင် သူ့လက်နှစ်ဖက်ကို ကျွန်တော့်ကမ်းပေးပါတယ်....။ သူ့အပြုံးလေးတွေက သိပ်လှတာပဲ ဟုတ်တယ် သူ့နာမည်လေးနဲ့လိုက်အောင်ကိုလှပါတယ်....။

နုနုထွေးထွေးရှိလှတဲ့ သူ့ကလေးတွေကို ကျွန်တော် နွေးသွားအောင် ပွတ်သပ်ဆုပ်နယ်ပေးလိုက်တယ်....။

"မနှင်းဆီ လက်ကလေးတွေက ပန်းပွင့်ဖတ်လေးတွေလိုပဲ..."

ကျွန်တော်အဲလိုပြောတော့ သူက ကျွန်တော့်လက်နှစ်ဖက်ကိုဖြန့်ပြီး လက်ဖျားတွေကိုပဲ ကိုင်ထားပြီး ကြည့်နေတယ်....။

"ကျွန်မအတွက် ကဗျာလှလှလေးတွေသီပေးနေတဲ့ ရှင့်လက်ချောင်းလေးတွေဟာလည်း ကြမ်းရှပေမယ့် သိပ်ကိုနွေးထွေးလွန်းပါတယ်..."

ပြီးတော့ သူကျွန်တော့်ရင်ခွင်ထဲကို တိုးဝင်လာခဲ့တယ်....။ ကျွန်တော်အလိုက်သင့်လေး သူခန္ဓာနွဲ့နွဲ့လေးကို ထွေးပွေ့ထားလိုက်တယ်....။

"နောက်နေ့တွေမှာရော ရှင် ကျွန်မဆီကို ရောက်လာခဲ့ဦးမှာလား..." သူ့အသံတွေထဲမှာ စိုးရိမ်သံစွတ်လို့ နည်းနည်းတောင် တုန်ခါနေတယ်လို့ ကျွန်တော်ခံစားလိုက်ရတယ်...။  ပြီးတော့ သက်ပြင်းတိုးတိုးလေးချသံကိုပါ တဆက်တည်းကြားလိုက်ရတယ်....။

"ဘာလို့ အဲလိုမေးတာလဲ မနှင်းဆီရယ်... ကျွန်တော်မနှင်းဆီအနားမှာ အမြဲတမ်းရှိနေပါတယ်..."

"ဟင့်အင်း ရှင်က ကျွန်မဆီရောက်လာပြီးရင် ကျွန်မကို နှုတ်မဆက်ဘဲ အမြဲပျောက်သွားတတ်လွန်းလို့..."

ကျွန်တော်သူနဲ့ထပ်ဆုံချင်လို့ တမင်နှုတ်မဆက်ဘဲ ထွက်သွားခဲ့တာပါ...။ ကျွန်တော်သူ့ပခုံးစွန်းလေးကို ဖျစ်ထားလိုက်မိတယ် ...။ တကယ်တော့ နှုတ်ဆက်ခွဲခွာခြင်းကို ခံနိုင်ရည်မရှိလို့ ကိုယ့်ကိုယ်ကို အားပေးနေရတာပါ....။

နှင်းတွေ ပိုကျလာပေမယ့် ကျွန်တော်တို့ အိမ်ထဲမဝင်ဖြစ်ကြသေးဘူး....။  နှင်းစိုမှာစိုးလို့ ကျွန်တော်သူ့မျက်နှာကို ရင်ခွင်ထဲဝှက်ထားလိုက်တယ်...။ ကျွန်တော့်ကို သူမော့မော့ပြီး စကားပြောတိုင်း သူ့ထွက်သက်နွေးနွေးလေးတွေ ကျွန်တော့်လည်တိုင်ကို လာလာဟတ်တယ်...။ လရောင်ရဲ့ဖျားရောင်းမှုကြောင့်လား ဝိုင်ချိုကြောင့်လား သူ့ဆီကရတဲ့ နှင်းဆီရနံ့ရဲ့ ဆွဲဆောင်မှုကြောင့်လား ရုတ်တရက်ကျွန်တော်သတိလက်လွတ်ပြီး သူ့နဖူးပြင်ကို နှုတ်ခမ်းနဲ့ဖိကပ်လိုက်မိတယ်....။ သူက မော့မကြည့်ဘဲ သူလက်သည်းရှည်ချွန်ချွန်တွေနဲ့ ကျွန်တော့်မေးရိုးက ရိတ်ခါစ ပါးမြိုင်းမွှေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်....။  ပြီးတော့ သူ့လက်သည်းတွေက ကျွန်တော့်နှုတ်ခမ်းပေါ်ရောက်လာတယ်...။

"ဒီနှုတ်ခမ်းတွေနဲ့ တခေါက်လောက် ကျွန်မကို ရှင့်ကဗျာတွေ ရွတ်ပြပါဦးနော်..." တဲ့....

ခပ်တင်းတင်းလေး သူ့ကိုပွေ့ဖက်ထားရင်း ကျွန်တော် မျက်စိမှိတ်ထားလိုက်တယ်.....။ နွေးထွေးလိုက်တာ .... နှင်းဆီရနံ့လေးကလည်းမွှေးလိုက်တာဗျာ....။ အဲဒီချိန်မှာပဲ တစုံတရာက ကျွန်တော့်ရင်ကို ကန်ထွက်သွားတာကြောင့် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်....။ ကျွန်တော့်ရင်ခွင်ထဲကနေ ရုန်းထွက်ထပြေးသွားတာက ကြောင်တစ်ကောင်ပါ...။ မနှင်းဆီကရော ဘယ်ရောက်သွားလဲ.....။

ခပ်ကြမ်းကြမ်းသစ်တွေနဲ့ ဖြစ်သလိုရိုက်ထားတဲ့ ကျွန်တော့်ရှေ့က စားပွဲပေါ်မှာ ကုန်ခါနီးပယင်းရောင်အရည် တစ်ပုလင်းနဲ့ ဖန်ခွက်တစ်ခွက် သောက်လက်စ ဆေးပေါလိပ်တစ်လိပ်..လေတိုက်လို့ တရှဲရှဲမြည်နေတဲ့ ဝါးရုံပင်တစ်ပင်...။ ကောင်းကင်မှာလရှိမနေပါဘူး....။ ဒီညက လမိုက်ညလား ဒါမှမဟုတ် တိမ်ကွယ်လို့အလင်းပျောက်နေတဲ့ လပြည့်ညလား....။  ကြယ်တွေတောင် ကျွန်တော့်ကို မြင်ပြင်းကပ်လို့ထင်ရဲ့ ပုန်းနေကြတယ်...။ ရှပ်အင်္ကျီကို ကြယ်သီး သုံးလေးလုံးလောက်ဖြုတ်ထားလို့ ရင်ဘတ်တစ်ခုလုံးလဲ အေးစက်ထုံကျင်နေပြီ....။

ကျွန်တော်ခဏကလေး အိပ်ပျော်သွားတုန်း မနှင်းဆီ ကျွန်တော့်အိပ်မက်ထဲကို အလည်လာခဲ့တာလား....ဟုတ်လားဗျ....။





မိုးငွေ့


ဟိုတုန်းက သူတို့မန့်ထားခဲ့ကြတာတွေကတော့......:)

ပျိုးယုဝသုန်  said...(18.12.2013)
အိပ်မက်များနှင့်အိပ်စက်နေသောသူ ဖတ်ပြီး သူ့ကိုယ်စားမောသွားတယ်.....။

သဒ္ဒါလှိုင်း said...(19.3.2013)
နူးနူးညံ့ညံ့လေးနဲ့ ဖတ်လို့ကောင်းလိုက်တာ...မမိုး...  တဒင်္ဂအိပ်မက်မက်သွားတယ်...

မိုးသက် said...(19.12.2013)
ဟိဟိ...ကျွန်တော်တောင် ဒိတ်ဒိတ် ဒိတ်ဒိတ်ဖြစ်သွားတယ်...ရေးတတ်လိုက်တာ...

Iora  said...(20.12.2013)
Good job.
I am impressed.
Keep on writhing this kind of style.
Iora

နွေတေးရှင် (မင်းဧရာ)  said..(22.12.2013)
သိပ်ကောင်းတာပဲဗျာ...
နူးညံ့လှပလွန်းတယ်...


ကလေးဘဝမှတ်ဉာဏ်....




တစ်ခါက ကျွန်မ ငယ်စဉ်ကလေးဘဝအကြောင်းတွေ ရေးတင်တော့ မိတ်ဆွေတစ်ယောက်က ကျွန်မကို ကလေးဘဝဖြစ်ရပ်တွေကို မှတ်တဲ့ မှတ်ဉာဏ်ကောင်းလိုက်တာလို့မှတ်ချက်ချခဲ့ဖူးတယ်...။ ယေဘူယျအားဖြင့်တော့ လူတစ်ယောက်ဟာ မိမိရဲ့အသက်သုံးနှစ်နောက်ပိုင်းက အဖြစ်အပျက်အကြောင်းအရာတွေကိုပဲ မှတ်မိတတ်တယ်လို့ ဖတ်ရဖူးတယ်....။ အဲဒါကို Earliest Memory သို့မဟုတ်လည်း Birth of Memory လို့ခေါ်ကြတယ်....။ တချို့ဆို အသက်ခုနှစ်နှစ်ရှေ့က အကြောင်းအရာတွေကို လုံးဝမမှတ်မိကြတော့တာလည်းရှိတယ်...။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးဘဝမှတ်ဉာဏ်တွေက တဖြေးဖြေးမှေးမှိန်လာတတ်ကြတယ်....။ ဒါကိုတော့ Child Amenia လို့ခေါ်တယ်...။ ကျွန်မက ငယ်ဘဝအကြောင်းအရာတွေကို ရေးသားမှတ်တမ်းတင်နေတတ်လို့ နည်းနည်းပါးပါး အကြမ်းမျှဉ်းလေ့လာ ဖတ်ရှုထားတာပါ...။ ဆေးပညာအသုံးအနှုန်းများ အမှားအယွင်းရှိခဲ့ရင် Comment မှာ ပြောသွားနိုင်ပါတယ်.....။
      
ကျွန်မဆို အသက်လေးနှစ်ရှေ့ကအကြောင်းအရာတွေကို သိပ်မသိတော့ဘူး တော်တော်များများကိုမသိတော့ဘူး....။ တစ်ချက်ချက် ထူးခြားတာလေးပဲမှတ်မိတော့တယ်...။ ကျွန်မ အသက်နှစ်နှစ်ကျော်လောက်က ဖေဖေမော်လမြိုင်တပ်ပြောင်းရတယ်...။ အဲဒီတုန်းက တပ်ထဲက လိုင်းခန်းတွေကို ခပ်ရေးရေးမှတ်မိတယ်....။ ဘေးခန်းက မိသားစုတွေ သူတို့ဖမ်းမိတဲ့ ပိုးဟတ်တွေကို မီးဖုတ်စားကြတာမှတ်မိတယ်...။ ပြီးတော့ ဈေးထဲမှာလား တပ်ထဲက သက်သာချောင်ချိမှာလားမသိ ဝယ်သောက်ခဲ့ဖူးတဲ့  လက်ဖက်ရည်အိုးအရောင်ကိုမှတ်မိတယ်....။ မာကျူရီပြာရောင် ကြွေရည်သုတ် လက်ဖက်ရည်အိုးလေး...။ အဲတုန်းက လက်ဖက်ရည်မှာရင် အိုးလိုက်ချပေးတာထင်တယ်...။ မေမေက လက်ဖက်ရည်ပူနေတာကို လက်ဖက်ရည်ပန်းကန်ပြားထဲ ငှဲ့ထည့်ပြီး တိုက်တာမှတ်မိတယ်....။ နောက်ပြီး အမွှာအဒေါ်တွေ စက်ဘီးနဲ့တင်ပြီး လျှောက်လည်တွေ အဒေါ်နောက်တစ်ယောက်က တာချီလိတ်ထိခေါ်သွားပြီး တည်းတဲ့ အိမ်က ထမင်းကျွေးတာကို ဟင်းမကြိုက်လို့(ငယ်ငယ်တုန်းကချေးများတယ် အစားရွေးတယ်) အန်ထုတ်ခဲ့တာတွေ မှတ်မိတယ် အဲတုန်းက အသက်လေးနှစ်ကျော်ပြီထင်တယ်....။
        


ကျွန်မငယ်ငယ်တုန်းက ဒီပုံထဲက ကလေးမလေးလိုပဲ ဂါဝန်လှလှလေးဝတ်ပြီး ရှိုးထုတ်ဖူးခဲ့တယ်


ကျွန်မအသက်လေးနှစ်ကနေ ကိုးနှစ်ဆယ်နှစ်ထိတော့ အတော်များများကို မှတ်မိနေပြီ.....။ ကျွန်မငယ်ငယ်တုန်းက နေခဲ့ဖူးတဲ့ အဖိုးတို့အိမ်နောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှိတယ်....။ အဲဒီအိမ်မပေါ်ထပ်မှာ အဒေါ်တွေကျောင်းတက်တုန်းက ကျောင်းစာအုပ်အဟောင်းတွေ ထင်းရှုးသေတ္တာနဲ့အပြည့်သိမ်းထားကြတယ်....။ ကျွန်မ အဲသေတ္တာထဲက ပထဝီဝင်တို့ မြန်မာဖတ်စာစာအုပ် ဘိုင်အိုစာအုပ်တို့လို့ စာအုပ်မျိုးကို သိပ်စိတ်ဝင်စားတာ....။  ရုပ်ပုံတွေပါတာကို ကြိုက်တာ......။ တစ်နေ့တစ်နေ့ ကစားစရာမရှိရင် အဲဒီစာအုပ်တွေလှန်လှောပြီး ငြိမ်နေတတ်တယ်....။ အဲကတည်းက စာအုပ်တွေကို ကြိုက်တတ်နေပြီဆိုပါတော့....။ နောက်ပြီး ဇီးတော်ဖီထုပ်လေးတွေ ဝယ်စားရင်ပါလာတတ်တဲ့ ပြာကလောင်ပြာကချောင် ကာတွန်းစာအုပ်သေးသေးလေးတွေ ဖတ်ရတာလည်း မှတ်မိတယ်.....။



သူ့လိုလည်းအပင်တွေ တောတွေထဲ လျှောက်ကစားခဲ့ဖူးတယ်...


ကျွန်မအသက် ရှစ်နှစ်ကိုးနှစ်လောက်မှာတော့ မောင်လေးတွေ ညီမလေးတွေကို အဝတ်နဲ့ကျောပိုးပြီး စနေတနင်္ဂနွေ နေ့တွေဆို ကျောင်းဝင်းပေါက်ဝက ကုန်ဆုံဆိုင်မှာ တီဗီသွားသွား ကြည့်လေ့ရှိတယ်....။ အဲဒီတုန်းက တစ်ရွာလုံးမှာမှ  ၁၄လက်မတီဗီလေးတစ်လုံးတည်းရှိတာ...။ တီဗီက အရောင်မပါတဲ့အပြင် အစက်အပျောက်တွေနဲ့ ဝါးတားနေတာကိုလည်း ကြည့်ကြတာပဲ....။ ထိုင်းနယ်စပ်ဆိုတော့ ထိုင်းကလွှင့်တဲ့ Channel 3  တို့  Channel 7 တို့ကို ကြည့်ရတယ်.....။ ပိတ်ရက်တွေမှာဆို မနက် ၇နာရီခွဲတာနဲ့ ထိုင်းရာဇဝင်ကားလာတယ်....။ အဲဒီကုန်စုံဆိုင်က ကွပ်ပျစ်အကျယ်ကြီးမှာ တစ်ရွာလုံးနီးပါး ကလေးတွေထိုင်ကြည့်နေကြတာ....။ ရာဇဝင်ကားပြီးတာနဲ့ ပါဝါရိန်းဂျားဇာတ်လမ်းအပိုင်းလေးတွေလွှင့်တယ်....။ ပါဝါရိန်းဂျားငါးယောက်ထဲမှာ မိန်းကလေးနှစ်ယောက်က ပန်းရောင်နဲ့အဝါလားမသိဘူး ပါတယ်လေ... အဲဒါ ကလေးတွေအုပ်စုဖွဲ့ပြီးဆော့ကြရင် ကျွန်မက ပါဝါရိန်းဂျား ပန်းရောင်လေးအမြဲလုပ်တယ်....။ အဲကတည်းက ပန်းရောင် ခရေဇီ....။  တလောက တီဗီမှာ နောက်နှစ် (2017) ထွက်မယ့်ကားတွေအကြောင်းပြောကြတော့ လာမယ့်နွေဦးပေါက်ကျရင် ရုံတင်ပြသမယ့် ပါဝါရိန်းဂျားကားကို ဗားရှင်းအသစ်နဲ့ပြန်ရိုက်နေပြီဆိုတာပါလို့  ငယ်ငယ်တုန်းက သူများအိမ်က တီဗီးသေးသေးမှုန်မှုန်လေးမှာ သွားထိုင်ကြည့်ရတာကို အမှတ်ရသွားခဲ့တယ်....။



 ဒီလိုဖက်ရှင်ကျကျနဲ့လည်းပဲများခဲ့ဖူးတယ်


လေးငါးတန်းလောက်တုန်းက ကျောင်းပြေးပြီး ငါးသွားဖမ်းတာတို့ လယ်ထဲပုစွန်လုံးသွားနှိုက်တာတို့ သူများခြံထဲ အသီးသွားခူးတာတို့ကို ပြန်သတိရရင်း ပျော်ရွှင်ကြည်နူးရတယ်....။ အသီးဆိုလို့ အခု စူပါမတ်ကတ်တွေမှာတောင် ရှာမဝယ်နိုင်တဲ့ သူတို့အခေါ် Mulberry ပိုးဇာသီးပင် ကျွန်မတို့ ရွာထိပ်က ခြံတစ်ခြံမှာ တစ်ပင်ပဲရှိတာ စားလို့ကောင်းပြီး အရမ်းချိုတယ်....။ ကျောင်းပိတ်ရက်တွေမှာဆို နေ့ခင်းဖက် ထမင်းစားပြီးတာနဲ့ အိမ်မှာ အဖွားဆိုင်အတွက် ဆားတို့ အချိုမှုန့်တို့ နနွင်းမှုန့်တို့ကို ပလပ်စတစ်အိတ်အကြည်လေးနဲ့အချိန်ချိန်ပြီး ထုပ်ရောင်းတယ်....။  အဲဒါထုပ်ပြီး ဖယောင်းတိုင်မီးတို့ပြီး ပိတ်ရတယ်....။ အဲခါမျိုးဆို ကစားရမယ့်အချိန်ပါသွားမှာစိုးလို့ မနက်ကတည်းက ထမင်းငတ်ခံပြီး ရွာရိုးကိုးပေါက်လျှောက်လည်ပြီး ကစားလိုက်တာ  ညနေမှ အိမ်ပြန်ရောက်တဲ့နေ့မျိုးလည်းရှိခဲ့တယ်....။ တခါတလေ အဖွားက ကြိမ်လုံးတစ်ချောင်းနဲ့လိုက်ရှာ‌ခေါ်ယူရတယ်....။ မေမေက အဲလောက်မဟုတ်ဘူး အဖွားက ကိုယ်တွေဘယ်ရောက်နေသလဲဆိုတာ စီစီတီဗီများတပ်ထားသလားအောက်မေ့ရတယ် ကျွန်မတို့ ကစားတဲ့နေရာကို ချက်ချင်းရောက်လာတတ်တာ....။ နောက်ပြီး ရွာကချောင်းရေခိုးကူးနေတဲ့အခါမျိုး သရက်ပင်ပေါ်တက်ကစားနေတဲ့ အခါမျိုး မိုးရွာရင် အိမ်ခေါင်မိုးစလက်လောင်းထားတဲ့ ကပြင်မှာမိုးရေသွားချိုးတဲ့အခါမျိုးတွေမှာပေါ့....:)

ကျွန်မရဲ့လူဖြစ်ခွင့်အတွက်နဲ့ ကလေးဘဝလေးကို သဘာဝတောတောင်ရေမြေတွေနဲ့ ထိတွေ့ကြီးပြင်းခွင့်ရလို့လည်း မြတ်စွာဘုရားနဲ့ အဖိုးအဖွား မိဘနှစ်ပါးကို ကျေးဇူးတင်မိပါတယ်.....။


မိုးငွေ့


Friday, 6 December 2019

ရွှေမိုးသည်းပြောတဲ့ ကဗျာတစ်ပုဒ်အကြောင်း.....



ရွှေမိုးညိုလို့ သူငိုနေမှာလား
ကိုယ့်အလွမ်းတွေကို
သူသိအောင်ပြောပေးပါ ရွှေမိုးရယ်....
သူနဲ့တွေ့ခဲ့တဲ့ အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့တဲ့ (ဘယ်လိုမှရေးလို့မရတော့တဲ့) ကဗျာတွေအကြောင်း
သူ့ဆံနွယ်လှလှလေးတွေအကြောင်း
သူ့အပြုံးချိုချိုလေးတွေအကြောင်း
ကိုယ်တို့ရဲ့အလွဲတွေအကြောင်းရောပေါ့
သူမြင်သာအောင်လျှပ်ပန်းလေးတွေခြွေချ
သူသိအောင်ပြောပေးပါနော်....
(ကျွန်မ၏ကဗျာဆရာ)


သူတို့တွေပေးခဲ့ဖူးတဲ့ မှတ်ချက်လေးတွေ ဖတ်ကြည့်ကြည့်.....:)

မောင်ဘကြိုင် (ချဉ်ပေါင်ခြံ) said.....(6.6.2012)
မိုးသည်းရင်လွမ်းလွန်းတယ်ဆိုမလား ကဗျာဆရာရယ်....
မိုးသည်းလွန်းတယ်...

Anonymous said.... (6.6.2012)
သူသိအောင်ပြောပေးပါ ရွှေမိုးရယ်....
သူနဲ့တွေ့ခဲ့တဲ့ အိပ်မက်တွေအကြောင်း
အဖြူရောင်တွေအကြောင်း
ရင်ခုန်သံတွေအကြောင်း
ကိုယ်မရေးဖြစ်ခဲ့တဲ့ (ဘယ်လိုမှရေးလို့မရတော့တဲ့) ကဗျာတွေအကြောင်း....

လွင်ပြင်လှိုင်းငယ်  said.... (6.6.2012)
တိမ်တွေပြိုလို့ ရွှေမိုးကငိုရတာလား
ရွှေမိုးညိုရင် ထမ်းတဲ့ အလွမ်းတွေကို
သူ့ကိုယ်ပေါ်ကို ငိုချပေးပါနော်..။
ဟိ...အထွန့်တက်လိုက်တာ

စံပါယ်ချို  said.... (6.6.2012)
ရွှေမိုးလေးညို အလွမ်းတွေပြိုတော့ မိုးငွေ့လေးကိုလွမ်းမိပါရဲ့

မြသွေးနီ  said....(6.6.2012)
ရွှေမိုးညိုတာ ကြိုက်ပေသိ
လျှပ်ပန်းတွေနွယ်ပြီး မိုးတွေထစ်ချုန်းတာတော့
အင်မတန်ကိုကြောက်၏

ညိမ်းနိုင် said....(6.6.2012)
တိမ်ပြိုမိုးတွေအကြောင်း မိုးတွေကတဆင့် ပြောခိုင်းနေတာလား ကိုရွှေကဗျာဆရာရဲ့....:))

Sun Tun said....(6.6.2012)
ကိုယ့်အလွမ်းတွေကို
သူသိအောင်ပြောပေးပါ ရွှေမိုးရယ်....
ကိုယ်မရေးဖြစ်ခဲ့တဲ့ (ဘယ်လိုမှရေးလို့မရတော့တဲ့) ကဗျာတွေအကြောင်း
သူ့ဆံနွယ်လှလှလေးတွေအကြောင်း
သူ့အပြုံးချိုချိုလေးတွေအကြောင်း
သူသိအောင်ပြောပေးပါနော်....

ကြိုက်၏...။

black rose said.....(7.6.2012)
မိုးရွာတာလေးကို သဘောကျပေမယ့်
မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာကိုတော့ အရမ်းကြောက်၏။

မဒမ်ကိုး  said...(7.6.2012)
ဝါဆိုဝါခေါင်မှာကွယ်
ရွှေမိုးလေးတွေညိုတော့....

ချစ်တဲ့
ငဂျာရစ်


Saturday, 23 November 2019

ပျောက်ဆုံးနေသောအိန်ဂျယ်.....



ရာသီဥတုကမှုန်မှိုင်းအေးစက်လို့ နေရာတိုင်းနေရာတိုင်းမှာ မီးခိုးရောင် မြူခိုးတွေထနေတယ်....။ ကိုယ့်ဘေးပတ်ပတ်လည်မှာတော့ မြက်ပင်ရှည်တွေက ကိုယ့်အရပ်နဲ့ရွယ်တူ တချို့အပင်ဆို ကိုယ်ထက်တောင်ရှည်နေသေးတယ်....။ လေအေးတချက်ဝှေ့လိုက်တိုင်း နှင်းစက်မှုန်တွေက ကိုယ့်ပါးပြင်ကို စူးခနဲလာထိမှန်ကြတယ်...။ ဒီလိုအရောင်အဆင်း ဒီလိုအေးစိမ့်မှု ဒီလိုနေရာလေးကိုရောက်လာခဲ့တာ ဟိုး....အရင်ငယ်စဉ်တုန်းက အချိန်ကို ပြန်ပြီး အမှတ်ရစေတယ်...။ အဲဒီတုန်းက ဆောင်းရာသီနှင်းတွေပိန်းပိတ်နေအောင်ကျတုန်းက... ဒီလိုမီးခိုးရောင်မှိန်မှိန်တွေနဲ့ ခပ်ဆင်ဆင်တူလှတယ်...။

ဂါဝန်ရှည်ရှည်ဖါးဖါးနဲ့ အနွေးထည်ခပ်ပါးပါးတစ်ထည်တည်းဝတ်ပြီး ခေါင်းကိုပဝါခြုံထားရင်း လမ်းတလျှောက် နှင်းမှုန်တွေနဲ့ တံမြက်စည်းပင်ဖျားတွေက လေတိုက်တိုင်း ကိုယ့်ကိုလာကလူကျီစယ်နေကြတယ်....။ တံမြက်စည်းပွင့်တွေက ငွေမှင်ရောင်နဲ့ ပန်းဖျော့ဖျော့စပ်ထားတဲ့အရောင်နဲ့ သိပ်ကိုလှနေတယ်.......။ ကိုယ်က အဲအရောင်မျိုးသိပ်ကြိုက်တာ...။ ခုကိုယ်ဝတ်ထားတဲ့ ချည်ဂါဝန်လေးနဲ့မသိမ်းမယိမ်းပဲ...။ ကောင်းကင်ကိုမော့ ကြည့်တော့လည်း နှင်းတွေအရမ်းကျနေလို့လား တိမ်တွေကိုလည်းမမြင်ရဘူး...။ တခါတခါ နှင်းပွင့်လေးတေွ လက်ခနဲ လက်ခနဲအရောင်ကို မြင်နေရသလိုလို...။  ကိုယ်စီးထားတဲ့ ပိတ်ဖိနပ်အပါးလေးနဲ့ ဂါဝန်အနားစတွေက နှင်းတွေနဲ့ စိုထိုင်းစပြုနေပြီ...။ ကိုယ်ဒီနေရာကိုရောက်ဖို့ ဘယ်ကတည်းက ခရီးနှင်ခဲ့သလဲ...?? ဟင့်အင်း ကိုယ်မမှတ်မိတော့ဘူး ...ပြီးတော့ အခု ကိုယ်ဘယ်ကိုသွားနေသလဲ...?

ဟော.... ရှေ့နားနာ ရေစီးသံတွေ တဝေါဝေါကြားနေရပြီ.....။ ဂါဝန်လေးမပြီး ကိုယ်ပြေးသွားကြည့်လိုက်တော့ချောက်ကပါးကြီးရဲ့ ဟိုး....အောက်ဖက်မှာ ရေတွေစီးနေလိုက်တာ ဖွေးလက်လို့....။ စောစောက အသံကြားရုံနဲ့တင် ရေစီးဘယ်လောက်သန်မလဲဆိုတာ ခန့်မှန်းမိပေမယ့် တကယ်မြင်လိုက်ရချိန်မှာ ပိုပြီးတော့ သေချာသွာတယ်...။ ဒါ ချောင်းတစ်ခုလား ....? မဖြစ်နိုင်ဘူး  ပေသုံးဆယ်အကျယ်လောက်ရှိပေမယ့် ဒီလိုရေစီးမျိုးနဲ့တော့ မြစ်ပဲဖြစ်မှာပါ....။ တစ်ဖက်ကမ်းကိုလှမ်းကြည့်တော့ လူတစ်ရပ်စာလောက်ရှည်တဲ့ မြက်ပင်တွေက စိမ်းစိုလို့ ...။ မြက်ပင်ရှည်တွေကြားထဲမှာလည်း ဘာပန်းမှန်းမသိတဲ့ အဝါရောင်ပန်းပွင့်သေးသေးလေးတွေ ကြိုကြားကြိုကြားပွင့်နေကြတယ်....။ ခုမှ ကိုယ်သတိထားမိတယ်...ရေခဲမြစ်ရဲ့ ဟိုမှာဖက်ကမ်း မျက်စိတဆုံးက မြက်ပင်ရှည်စိမ်းစိမ်းနဲ့ အဝါရောင်ပန်းပွင့်တွေချည်းပဲ...။ ကိုယ့်ရပ်နေတဲ့ ဖက်ကမ်းမှာကျတော့ ငွေမှင်ရောင်ဖျော့လေးတွေနဲ့ လှုပ်ရမ်းနေတဲ့ တံမြက်စည်းပင်ရှည်တွေ...။ ပြီးတော့ ဟိုး..... မိုးပေါ်ကနေသာ စီးကြည့်မယ်ဆိုရင် ငွေမှင်ရောင်မျဉ်းနဲ့ အစိမ်းရောင်မျဉ်းနှစ်ခုကြားမှာ စီးဆင်နေတဲ့ မြစ်ရေဖွေးဖွေးတွေအဖြစ် မြင်ရမှာ....သိပ်ကိုလှနေမှာပဲလို့ ကိုယ် မျက်စိမှိတ်ပြီး စိတ်ကူးမြင်ယောင်ကြည့်မိနေသေးတယ်...။

လေကြမ်းတချက်တိုးလိုက်ချိန်မှာတော့ ကိုယ့်ခေါင်းပေါ်က ခြုံပဝါအဖြူလေး လေနဲ့အတူလွင့်သွားတယ်...။ ကိုယ်လိုက်ဖမ်းလို့မမှီလိုက်ဘူး....။ သူက လေအရှိန်နဲ့ တဖက်ကမ်းက မြက်ပင်စိမ်းဆီကို လွင့်သွားနေတယ်...။ ပဝါလေးကို ကိုယ်မမှိတ်မတုန်ကြည့်နေချိန်မှာပဲ ပဝါလေးဟာ မြက်ပင်အစိမ်းကြားတွေထဲက ဘယ်ချိန်က ပေါ်လာမှန်းမသိတဲ့ အဖြူရောင်အရာဝတ္ထုတစ်ခုပေါ်ကို အုပ်မိုးကျသွားခဲ့တယ်...။ မဟုတ်ဘူး... ပဝါလေးက ဖမ်းဆုပ်ခံလိုက်ရတာပါ....လှုရှားမှုကြောင့်  အဖြူရောင်ဟာ အရာဝတ္ထုတစ်ခုမဟုတ်ဘဲ သက်ရှိလူသားတစ်ယောက်ဖြစ်နေတာပါ...။ ကိုယ်ကလိုက်ကြည့်လိုက် မြူခိုးတိုက်တွေက ကိုယ့်မြင်ကွင်းကိုကွယ်သွားလိုက်နဲ့ အဖြူရောင်ဟာ ကိုယ့်ပဝါကို ဆုပ်ကိုင်ထားရင်း  ခပ်စိမ်းစိမ်းပြန်လှမ်းကြည့်နေတယ်လို့ သေချာမသဲကွဲပေမယ့်... ကိုယ်ခံစားမိနေတယ်...။ ခဏနေတော့ မြင်ကွင်းတွေ ပြန်ကြည်လင်လာတယ်....။ အိုး.... သူ....သူက... ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ပဲ...။ ဟုတ်ပြီ ကိုယ်မှတ်မိပြီ... ဒီခရီးကိုထွက်လာခဲ့တယ်ဆိုတာ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ကို ရှာပုံတော်ထွက်လာခဲ့တာပဲ...။ ကိုယ်တချက်ပြုံးပြပြီး သူ့ကို လက်ဝေ့ရမ်းပြလိုက်တယ်.....။ ကိုယ့်အပြုံးတွေ ဖျော့တော့နေမလား ဒါပေမယ့် သူခံစားသိရှိနိုင်မှာပါ....။

သူကတော့ ကိုယ့်ကိုမသိတဲ့ သူတစ်ယောက်လို ခပ်စိမ်းစိမ်း ကြည့်မြဲ ကြည့်နေဆဲပါပဲ....။ ကိုယ်လက်ဖဝါးနှစ်ဖက်ကို အုပ်ပြီး "အိန်ဂျယ်...ရေ" လို့ ခေါ်လိုက်တယ်....။ ကိုယ့်အသံတွေ လည်ချောင်းထဲကနေတောင် ထွက်မလာကြဘူး....။ ထိတ်လန့်တကြားနဲ့ ကိုယ်နှုတ်ခမ်းပေါ်ကို လက်ချောင်းတွေနဲ့ အုပ်လိုက်မိတယ်....။ ဘုရားရေ.... ကိုယ့်အသံတွေ ဘယ်ရောက်ကုန်လဲ...။ ကိုယ်ကြိုးစားပြီး ထပ်ခေါ်ကြည့်တယ်.....။ နိုး....အသံတွေက ထွက်မလာပြန်ဘူး...။ ပါးပြင်ပေါ်နွေးခနဲ မျက်ရည်တွေစီးကျလာကြတယ်...။ ကိုယ်လှမ်းကြည့်နေဆဲမှာပဲ အိန်ဂျယ်ဟာ ပဝါအဖြူနဲ့အတူ မြက်ပင်ရှည်ကြားကနေ ပျောက်ကွယ်သွားခဲ့တယ်...။ ဟိုဖက်ကမ်းကို ကိုယ်ဘယ်လိုကူးရမလဲ... တံတားများရှိမလားလို့ ကိုယ်အမောတကောလိုက်ရှာကြည့်တယ်...ဘာတံတားမှမရှိဘူး ဘာနွယ်ကြိုးမျှင်မှလည်းမတွေ့ရဘူး...။ စိတ်လှုပ်ရှားမှုကြောင့်လား တဖြေးဖြေး အသက်ရှူရတာကြပ်လာတယ်...။ အာခေါင်တွေလည်းခြောက်လာတယ်...။ ပြီးတော့ လောကကြီးတစ်ခုလုံး အမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်....။


မိုးငွေ့

အရင်ပို့စ်တုန်းက ကော်မန့်လေးတွေကို ဖတ်စေချင်လို့ တင်ပေးလိုက်တယ်...:)

၁) လင်းခေတ်ဒီနို (27.3.2011)
သိပ်ကောင်းတဲ့အရေးအသား  :))))
မှတ်ချက်။  ။ အနော် တစ် တစ် တစ်... :)))

၂) နေဝဿန်(27.3.2011)
သိမ်မွေ့လိုက်တဲ့အရေးအသား
ခင်မင်လျက်
နေဝဿန်

၃) SHWE ZIN OO (27.3.2011)
စာသားအနုအလှလေးတွေကို ရွရွလေးပဲဖတ်သွားပါတယ်...။
ခင်မင်စွာဖြင့် 
ရွှေစင်ဦး

၄) အဖြူရောင်နတ်သမီး (28.3.2011)
စာသားနုနုလေးတွေကို ခံစားချက်နုနုလေးနဲ့ နုနုရွရွလေးအားပေးသွားပါတယ်... မမိုးရေ...။

၅) မောင်လေး(28.3.2011)
တကယ့်ကို စာအနုအလှလေး... ဖတ်ပြီး လွမ်းသလိုလို...


Wednesday, 20 November 2019

ကဗျာလူ.....




ချစ်သူ....
ရိုးရိုးလေးပါပဲ
ကဗျာတွေဖန်ဆင်းဖို့
ငါ့ရင်ကိုရောက်ခဲ့သူ

ငါ့ခံစားချက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့ပျော်ရွှင်မှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့နာကျည်းမှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့ဝင်သက်ထွက်သက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

နူးညံ့မှုတန်ခိုးများ
ကာရံတွေဖြစ်စေသားလို့
သူမဆိုခဲ့ပါဘူး...

စကားလုံးပုလဲများ
ကြွရွစေသားလို့
သူမဆိုခဲ့ပါဘူး...

ဒါပေမယ့်
ငါ့ဘဝအတွက်
ထာဝရရှင်သန်နေမယ့်
အဓိပ္ပါယ်လေးနက်စေမယ့်
စကားလုံးတွေနဲ့သူ
ကဗျာလိုလူ....။

ကျွန်မကို ကဗျာလေးတွေဖန်တီးတတ်လာအောင် ခံစားမှုတွေိကို ပေးစွမ်းနိုင်တဲ့ သူတစ်ယောက်အတွက် ဒီကဗျာလေးရေးဖြစ်ခဲ့ပါတယ်....။  ဒါကြောင့်သူ့ကို "ကဗျာလူ"လို့တင်စားလိုက်တာပါ...။ ပြီတော့ မိုးငွေ့ရဲ့အိန်ဂျယ်အကြိုက်ဆုံး ကဗျာတစ်ပုဒ်လဲဖြစ်ပါတယ်...။ ဒီကဗျာလေးဖြစ်လာဖို့အတွက်...ကျွန်မရဲ့ ကဗျာကြမ်းကို ညလင်းအိမ်က စကာလုံးလှလှတွေနဲ့ ကူညီစီခြယ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။

မိုးငွေ့

အရင်ပို့စ်မှာတုန်းက သူတို့တွေပေးခဲ့တဲ့ ကော်မန့်တွေကို အမှတ်တရပြန်ရေးပေးလိုက်ပါတယ်...။


၁. ညလင်းအိမ် said..(18.10.2010)
:))

၂. blackrose said... (18.10.2010)
ကဗျာလူဆိုတဲ့ စာသားလေးသဘောကျတယ် မကြီးမိုးငွေ့

၃. အနှိုင်းမဲ့  said...(18.10.2010)
အဲဒီလိုဖန်ဆင်းပေးနိုင်တဲ့လူကို အချစ်လို့ခေါ်နိုင်သလား ငါ့အမ

၄. မြတ်မွန် said...(18.10.2010)
တော်လိုက်ကြတဲ့ ကဗျာဆရာတွေ  ဂွတ်၏

၅. မိုးယံ...said ... (19.10.2010)
သူ့လူကတမျိုးပဲနော် ဘာတဲ့ ကဗျာလူဆိုလား...။ ရေးတတ်တဲ့သူများကြတော့လဲ သူ့နှလုံးသားက ဖွင့်ဟတဲ့ စာတွေအလား ဖတ်ရသူဘဝင်ခိုက်စေ၏

၆. ကြယ်လွမ်းသူ... said (19.10.2010)
အစ်မရေ ကဗျာဆိုတာ စကားလုံးတွေနဲ့ ဖွဲ့သီထားတဲ့ ခံစားချက်အစုအဝေးကြီးပေါ့နော်.. ကဗျာလိုလူကို ခံစားသွားပါတယ်...။ လင့်ပါယူသွားတယ်နော်..
ခင်တဲ့
ဖိုးကြယ်


Tuesday, 12 November 2019

မကုန်ဆုံးချင်သောညနေ......





အင်းလျားကန်စောင်းရဲ့ နေညိုညိုညနေခင်းလေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက် အတူမျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်...။

တကယ်ဆို ကိုယ်သူ့ကို  ကောဖီဆိုင်တစ်ခုမှာ ကော်ဖီတိုက်ဖို့ အစီစဉ်ရှိပြီးသား....။ လေယာဉ်ကွင်းကနေ ကားစမောင်းထွက်လာကတည်းက ကိုယ်စိတ်ပြောင်းလိုက်တာ....။ ခုံနောက်မှီကိုလှဲချရင်း လမ်းတလျှောက်သူငေးမောရင်း သူလိုက်လာခဲ့တယ်...။ ညနေခင်းမြင်ကွင်းလေးဟာ သူ့အတွက်တော့ မှိန်ပြပြဖြစ်နေပါလိမ့်မယ်...။ သူ့ကိုဘာမှမပြောဘဲ အင်းလျားလမ်း ကွေ့ကြောကိုယူလိုက်တော့ သူက ကိုယ့်ကို တချက်ကြည့်ပြီး လက်မထောင်ပြတယ်...။ ဆယ်နှစ်ကျော်ကြာဝေးကွာသွားခဲ့ကြပေမယ့်ကိုယ်တို့နှစ်ယောက် အရင်လိုပဲ တစ်ယောက်စိတ်တစ်ယောက် နားလည်တတ်နေကြတုန်း...။ စိမ်းလန်းစိုပြေထဲက မြင်ကွင်းကောင်းပြီး လေလတ်ဆတ်မယ်ထင်တဲ့နေရာကို ရွေးထိုင်လိုက်ကြတယ်...။ ကိုယ်...ဘီယာတစ်ဂျားစမှာလိုက်တယ်...။ နောက် ကိုယ်စားချင် သုံးလေးမျိုးလောက်မှာပစ်လိုက်တယ်...။ စားပွဲထိုးထွက်သွားတော့ သူကိုယ့်ကို မျက်ခုံးပင့်ကြည့်ပြီး "အရင်လို စိတ်ညစ်တိုင်း အစားတွေ ဇွတ်စားတတ်နေတုန်းကိုး..."လို့မှတ်ချက်ချတယ်...။ ကိုယ်မသိသလို အဝေးကိုငေးရင်း ဘီယာတကျိုက်ကိုမော့လိုက်တယ်...။ "တစ်ခွက်ထက်ပိုမသောက်နဲ့နော် ပြီးမှလက်ကိုက်တယ်ဆိုပြီး ကိုယ့်ကိုလာမနှိပ်ခိုင်းနဲ့"...။ တွေ့လား... ဒါ ကိုယ့်ကို သူနှိပ်ပေးချင်လို့ စိန်ခေါ်လိုက်တဲ့စကား...။ ကိုယ့်တချက်ပြုံးပြီး သူနဲ့ခွက်တိုက်လိုက်တယ်...။ မတွေ့ရတဲ့ ဆယ်နှစ်ကျော်အတွင်း သူဘာမှ သိပ်ပြောင်းလဲမသွားပါဘူး...။ ပိုပြီးတော့တောင် ချောမောသန့်ပြန့်လာပါသေးတယ်...။ ကိုယ်တို့ အမြည်းစားလိုက် သောက်လိုက်ကြရင်း သူက သူ့အချစ်တော် ခွေးအကြောင်းစမေးပါတယ်...။ သူ့ခွေးနာမည်လေး ဘုတ်ဘုတ်တဲ့...။ ခွေးမလေးက သူ့သခင်မရှိတဲ့နောက်ပိုင်း ကိုယ့်ဆီရောက်လာခဲ့တယ်...။ ခွေးမချစ်တတ်တဲ့ ကိုယ့်ကို သူ့ကိုယ်စား ကြည့်ရှုစောင့်ရှောက်ပေးပါဆိုလို့ ခွေးတစ်ကောင်နဲ့ နှစ်တော်တော်ကြာကိုယ်အလုပ်ရှုပ်ခဲ့ဖူးသေးတယ်...။ ခုတော့လဲ ခွေးမလေးမရှိရှာတော့ပါဘူး...။ အင်းလေ သူထွက်သွားတာပဲ တိတိကျကျပြောရရင် ဆယ့်နှစ်နှစ်ရှိပြီလေ....။

သူ YIT ဒုတိယနှစ်တက်တော့ ကိုယ်က ပထမနှစ်ရှိသေးတယ်....။ သူ့ကျောင်းကို သူမသိအောင် တိတ်တိတ်ကလေးသွားလည်ပြီး ဩဘာလမ်းမှာ ပွဲစည်အောင်လုပ်ခဲ့လို့ တစ်ပတ်ကျော်ကျော်ထိ ကိုယ့်ကို သူစိတ်ကောက်ပြီး စကားမပြောခဲ့ဘူး....။ ကိုယ်တို့ဘေးခြံကို ပြင်ဦးလွင်ကပြောင်းလာနေတဲ့သူနဲ့ စသိတုန်းက ကိုယ်ဆယ်တန်းစာမေးပွဲဖြေထားတုန်းအချိန်....။ သူက YIT မှာပထမနှစ်လာတက်တာ...။ ကျောင်းပိတ်ရက်မှာအားနေတော့ စာအုပ်ဖတ်လိုက် ခြံထဲမှာကြက်တောင်ရိုက်လိုက်နဲ့ သူငယ်ချင်းသိပ်များများစားစားမရှိတာမို့ အပြင်သိပ်မထွက်ဖြစ်ခဲ့ဘူး...။ ညီမတစ်ဝမ်းကွဲနဲ့ ကြက်တောင်ရိုက်ကြရင်း သူ့ခြံထဲကိုကြက်တောင်ကျသွားလို့ ခြံစည်းရိုးကနေ သူ့ကိုလှမ်းကောက်ခိုင်းရာက စခင်သွားကြတာ...။ အဲဒီကတည်းက ကြက်တောင်ရိုက်တာများလို့ လက်ကောက်ဝတ်လာရင် သူကကိုယ့်ကို ဒိုင်ခံဆေးလိမ်းပေးနေကျလေ....။ ကိုယ့်ထက်နှစ်နှစ်ပဲကြီးပေမယ့် ကိုယ့်ကတော့ အမြဲတစေ သူ့ညီအငယ်ဆုံးလေးလို သူ့ကို ချွဲနွဲ့တတ်တယ်...။ သူကလဲ အဲလို ကလေးဆန်တာလေးကို သဘောကျတယ်...။ သူ့မှာက ညီတစ်ယောက်တည်းရှိတာကိုး...။ ခုပဲလေယာဉ်ကွင်းသွားကြိတာတောင် ငယ်ငယ်ကအကျင့်မပျက်သေး သူ့ကို ပြေးပြီးပွေ့ဖက်ဆီးကြိုလိုက်တယ်..။ ကိုယ်တို့နှစ်ယောက်လုံးမတွေ့တာကြာပေမယ့် ရှိုးတိုးရှန့်တန့်တော့ မဖြစ်ပါဘူး...။ တီရှပ်အကျပ်နဲ့ ခြေကျင်းဝတ်စည်း ဘောင်းဘီအပွနဲ့ ပိုလိုဦးထုပ်စောင်းထားတဲ့ ကိုယ့်ကို သူက ငယ်တုန်းကအတိုင်းပဲ နည်းနည်းပြည့်လာတာပဲရှိတာတဲ့...။ သူလဲဘာမှမပြောင်းလဲပါဘူး သူ့ကိုယ်နံ့တွေအရင်လိုပဲ မွှေးပျံ့လတ်ဆတ်ဆဲ သူ့ရင်ငွေ့လဲနွေးထွေးဆဲ...။ ဒါပေမယ့်သူဒီတစ်ခေါက်ပြန်လာတာဟာ သူ့ဘဝအပြောင်းအလဲတစ်ခုအတွက် ပြန်လာခဲ့တာ...။ သူ့မိဘတွေ အိမ်ထောင်ချပေးမယ့် သတိုးသမီးလောင်းကိုလာကြည့်တာ...။ အဆင်ပြေရင် တခါတည်းလက်ထပ်သွားမှာတဲ့...။

ကိုယ့်ရင်ဘတ်မှာဆွဲထားတဲ့ လော့ကက်သီးလေးကို သူအသာလေးဆွဲယူကြည့်နေတယ်...။ မိန်းကလေးတန်မဲ့ သံကြိုးပုံ 925 ကြိုးခပ်ရှည်ရှည်ကိုဆွဲထားတာ...။ တစ်လက်မခွဲလောက်ရှိမယ့် စိန်ပွင့်တွေစီခြယ်ထားတဲ့ "Y" ဆိုတဲ့ အဂ်လိပ်စားလုံးလေး...။ သူနိုင်ငံခြားမထွက်ခင်ကတည်းက ကိုယ့်ကိုပေးထားခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင်လေးပါ...။ ကိုယ့်ကို ထူးထူးခြားခြား အမှတ်တရလက်ဆောင်ပေးချင်တယ်ဆိုလို့ ကိုယ်အလိုချင်ဆုံးအရာကို တောင်းခဲ့ဖူးတာပါ...။ ပြီးတော့..သူက သူ့ကုတ်အကျီအောက်က နို့စိမ်းရောင်ရှပ်ရဲ့ ဘယ်ဖက်အိပ်ကပ်ထဲကနေ ရွှေရောင်ကြိုးလေးတစ်ခု ဆွဲထုတ်လိုက်တယ်...။ ရွှေရောင်ကြယ်သီးကြိုးလေးရဲ့အစွန်းမှာ ကိုယ့်နှလုံးကြွေမတတ်ဖြစ်သွားစေတဲ့ "N" ဆိုတဲ့ စာလုံးလေး သူ့လက်ကြားကနေ လက်ခနဲပေါ်လာခဲ့တယ်...။ ကိုယ့်သူ့ကို ဒီလက်ဆောင်မျိုးတခါမှမပေးဖူးခဲ့ပါဘူး..။ ကိုယ့်အံ့အားသင့်နေလို့ သူကရှင်းပြတယ်....။ သူဟိုမှာအလုပ်လုပ်ပြီး ၂နှစ်နေတော့ သူစုထားတဲ့ငွေနဲ့ အမှတ်တရလုပ်ထားတာတဲ့.....။ ပြီးတော့ သူက အဲလို Suit တွေဝတ်တာကြိုက်တော့ ကြယ်သီးကြိုးလေးလုပ်ဖြစ်သွားတာပါတဲ့...။

ညနေခင်းက အရောင်ရင့်ရင့်လာပြီ.....။ မီးရောင်တွေ ဟိုဒီမှိတ်တုတ်လင်းပြနေတယ်...။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညှင်းက တစ်ချက်တိုးဝှေ့လိုက်တယ်.....။ ရုတ်တရက် ကိုယ့်ဦးထုပ်ကို သူချွတ်လိုက်တော့ နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်ခွေတွေကို သူ့လက်နဲ့သပ်တင်ပေးနေသေးတယ်...။ ရပါတယ်... လေအဝှေ့မှာ ကိုယ့်ဆံနွယ်တွေလွှင့်ပျံနေဦးမှာပဲလေ....။ တခဏတာဆိုပေ့မယ့် ကိုယ့်အတွက်တဘဝစာ အမြဲလွမ်းတနေမယ့် အပြုအမူမျိုးဆိုတာ သူသိနေပါရဲ့သားနဲ့...။ နောက်သူ..သူ့အိပ်ထဲက မာဘိုရိုတစ်လိပ်ထုတ်လိုက်တယ်..။ကိုယ်အလိုက်တသိနဲ့ အသင့်ဆောင်ထားတဲ့ မီးခြစ်နဲ့လေကွယ်ပြီး မီးညှိပေးလိုက်တယ်...။ အဲဒီမီးခြစ်လေးသူ့ကိုပေးပါလားလို့ ကိုယ့်ကိုတောင်းတယ်...။ ကိုယ်ခေါင်းညိတ်ပြီး သူ့လက်ဖဝါးထဲ မီးခြစ်လေးကိုထည့်ပေးလိုက်တယ်...။ ဒီမီးခြစ်လေးသူ့ဆီရောက်လာတဲ့ချိန်ကစပြီး သူစီးကရက်မသောက်မိဖို့ ကြိုးစားရတော့မယ်တဲ့...။  ဘာလို့လဲ ဆိုတော့  မီးညှိပေးမယ့်သူမရှိတော့မယ့် စီးကရက်တစ်လိပ်ကို သူမမက်မောချင်တော့ပါဘူးတဲ့လေ...။

ဟိုး....နားက မြင်နေရတဲ့ စိမ်းမှောင်တဲ့ ကျွန်းစုဆီကို အိပ်တန်းပြန်ငှက်တွေ အုပ်လိုက်ဆူညံစွာ ပျံသွားနေကြတယ်...။ ကောင်းကင်အရောင်က အပြာနုကနေ အရင့်ဖက် ကူးပြောင်းစပြုနေပြီ.....။ ကြယ်တွေ ဟိုတစ်ပွင့် ဒီတစ်ပွင့် ပြိုးပြိုးပြက်ပြက် စထွက်လာကြပြီ...။ ဆန်းသစ်လခြမ်းကွေးလေးကလဲ လှနေတယ်....။ ပတ်ဝန်းကျင်အပံ့အပိုးကောင်းလျက်နဲ့ ကိုယ့်ရင်ထဲမှာတော့ တောက်လောင်မှုက တငွေ့ငွေ့....။ သောက်ထားတဲ့ တန်းခိုးကတော့ ချက်ချင်းပြတာပဲ ဘယ်ဖက်လက်ကောက်ဝတ်က ကိုက်တက်လာပြီ...။ ကိုယ်ညာဖက်လက်နဲ့ ဖိထားတာကို သူသဘောပေါက်လိုက်တယ်...။ သောက်လက်စစီးကရက်ကို နှုတ်ခမ်းမှာတေ့ထားပြီး ကိုယ့်လက်ကို သူလှမ်းယူပြီးနှိပ်ပေးနေတယ်...။ အဲလိုလေး သူ စီးကရက်ကို နှုတ်ခမ်းမှာ မထိတထိလေးတေ့ထားတာကို ကိုယ်ဖြင့် ချစ်လိုက်တာ....။ သူ့ကို ကိုယ့်ခဏငေးမောကြည့်မိသွားတယ်...။ နေပါစေတော့ နောက်လဲ ကိုယ့်ကိုဒီလို လုပ်ပေးနိုင်မှာမဟုတ်ဘဲနဲ့ များ ကိုယ့်ကိုပုံပြင်တွေနဲ့ ထပ်ထားမသွားပါနဲ့...။ ကိုယ်လက်ကို ရုန်း ပြန်ရုတ်လိုက်တော့ " ခုထိ ကလေးလေးလိုပဲ ညီမလေးကတော့..." တဲ့....။ သူ့လို မသိကျိုးကျွန်စိတ်လေး ထားတတ်ချင်လိုက်တာ...။ လေတိုက်လို့ထင်ပါရဲ့ ဘီယာတစ်ခွက်အရှိန်နဲ့ အာရုံတွေက ခပ်ထွေထွေဖြစ်လာတယ်...။ အိမ်အပြန်ကားကို သူမောင်းမယ်ချည်းလုပ်လို့ မနည်းတားထားရတယ်....။ ဆယ်နှစ်ကျော်အကြာမှာ ဒီလမ်းတွေကို သူအသားကျမှမဟုတ်မှန်းသိလို့ ကိုယ်ပဲမောင်းခဲ့လိုက်တယ်....။

ကားထဲမှာ FM ကလွှင့်တဲ့ သီချင်းကလဲ တိုက်တိုက်ဆိုင်ဆိုင် Richard Marx ရဲ့ "Now and Forever"....။ သူကျောင်းသားဘဝတုန်းက ကိုယ့်ကို ဂီတာတီးပြီး ဆိုပြခဲ့ဖူးတဲ့ သီချင်းလေး....။ သီချင်းလေးပြီးဆုံးသွားတဲ့ထိ ကိုယ်ခံနိုင်ရည်ရှိပါ့မလားကွယ်....။ ကိုယ်လက်ချောင်းတွေ ခလုတ်ပေါ်ရောက်သွားတော့ သူချက်ချင်း ကိုယ့်လက်ကို ဖမ်းဆုပ်လိုက်တယ်...။ "သီချင်းလေးကောင်းနေတာကို ညီမလေးရယ်.....ဒီသီချင်းလေးကိုတောင် လိုက်မညည်းဖြစ်တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ ကြည့်စမ်း..." လွတ်လပ်ပေါ့ပါးစွာသူလိုက်ဆိုနေပေမယ့် ကိုယ်ကတော့ ကားမောင်းရင်း မငိုမိအောင်မနည်းမြိုသိပ်ထားရတယ်....။ ရင်မှာဆွဲထားတဲ့ "Y" စာလုံးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားလိုက်ပြီး ပေါက်ခနဲကျလာတဲ့ မျက်ရည်စက်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်....။ လမ်းမီးတိုင်တွေက မီးအားနည်းနေလို့လား ဒါမှမဟုတ် ကိုယ့်မြင်ကွင်းတွေပဲဝေဝါးနေလို့လား မှိန်ပျဖျော့တော့နေကြတယ်...။

မဖြစ်နိုင်မှန်းသိလျက်နဲ့လည်း ဒီနေညခင်းလေး ကုန်ဆုံးသွားမှာကို စိုးရိမ်နေမိတယ်.....။


မိုးငွေ့

အရင်ပို့စ်အဟောင်းတုန်းက ကော်မန့်လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်နော်...:)

၁.  Pandora said.... (23.10.2010)
နူးနူးညံ့ညံ့လွမ်းစရာလေး

၂. ကြယ်လွမ်းသူ  said.... (23.10.2010)
လွမ်းမောဖွယ်ဇာတ်လမ်းလေးပဲ အစ်မမိုးငွေ့ ဖတ်ရတဲ့အတွက် ကျေးဇူးပါပဲ နော်...
ခင်တဲ့
(ဖိုးကြယ်)

၃. blackroze said...(23.10.2010)
လွမ်းစရာလေးပါအစ်မရယ်...

၄. ဏီလင်းညို  said ... (23.10.2010)
ဖတ်ရင်းနဲ့ ပြီးသွားတော့မှ သက်ပြင်းတိုးတိုးလေးချလိုက်မိတယ်...။ တကယ်ကောင်းတယ်မမိုး ..အဲဒါမျိုးလေးဖတ်ရတာ အရမ်းနှစ်သက်တယ်ဗျာ...။
ခင်မင်ခြင်းအားဖြင့်
ဏီလင်းညို

၅. အဖြူရောင်နတ်သမီး  said... (23.10.2010)
အလုပ်အားတုန်းလေး ပြေးပြီးလာဖတ်သွားတယ် မမိုး
စိတ်မကောင်းဖြစ်ပြီး ပြန်ပြီ...:(

6. မြတ်မွန်....said (26.10.2010)
အင်းလျားရေပြင်က အတွဲလေးတွေအတွက် လွမ်းစရာလေးပဲနော်...။

၇. အင်ကြင်းသန့် .... said (28.10.2010)
ဖတ်ပြီးရင်ထဲမှာ....:((


Friday, 8 November 2019

ဖေဖေ.....



အဲဒီနေ့က ကျွန်မတို့ရွာတိုက်နယ်ဆေးရုံဝင်းထဲမှာနေတဲ့ ဒေါ်နန်းခမ်းအင်တို့အိမ်မှာ ဝိန်းလန်းရွာက ဆေးလာကုတဲ့ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ယောက် ရောက်နေတယ်ကြားလို့ ကျွန်မတို့ ကလေးတွေ တစ်သိုက်စပ်စုပြီးသွားကြည့်ကြတယ်...။ ဝိန်းလန်းရွာကဆိုတော့ လိရှမ်းလူမျိုးတွေဖြစ်တဲ့အလျောက် ရှမ်းမလေးတွေက သိပ်လှကြတယ်လို့ လူကြီးတွေပြေတာကြားဖူးတယ်...။ အဲဒီရွာက လမုန်းအကမယ်တွေများတယ်တဲ့...။ ပြီးတော့ သူတို့အသားအရေက တခြားရှမ်းမလေးတွေလို ဖြူပြီးပန်းရောင်သန်းနေတာမျိုးမဟုတ်ဘဲ  အသားကဝင်းမွတ်ပြီး ဝါဝါကလေးနဲ့ဖြူကြတယ်...။ အဲဒီမှာ တာဝန်ကျတဲ့ စစ်ဗိုလ်တွေဆိုတာ မကြိုက်ဘဲမရှိကြဘူးတဲ့...။

ဆေးလာကုတဲ့ အမျိုးသမီးလေးက အသက် နှစ်ဆယ်ကျော်ကျော်ဘဲရှိဦးမယ်...။ ဒေါ်နန်းခမ်းအင်ဆိုတာ ဆေးရုံအကူလည်းလုပ်သလို သူ့အိမ်မှာ နတ်ရုပ်ပေါင်းစုံလဲ ကိုးကွယ်ထားတဲ့ နတ်ဝင်သည်လည်းဖြစ်တယ်...။ ဒီတော့ ဘယ်သူညွှန်းလိုက်လို့လည်းမသိဘူး  စိတ်ဝေဒနာရှင်အမျိုးသမီးလေးကို သူတို့က အပမှီတယ်ဆိုပြီး လာကုပုံရပါတယ်...။ ကျွန်မတို့ကလေးတွေ သွားကြည့်ကြတဲ့အချိန်မှာ ဒေါ်နန်းခမ်းအင်က ပဲတောင့်ရှည့်ကြော်နဲ့ ထမင်းကျွေးနေတာတွေ့ရတယ်...။  အမျိုးသမီးလေးကလည်း အေးအေးဆေးဆေးပဲ ထမင်းစားနေပါတယ်...။ စိတ်ဝေဒနာသည်ဆိုပေမယ့် မသိသာဘူး သာမန်လူပုံစံအတိုင်းလေးပါပဲ...။

အဲလိုဘာမှမဟုတ်သွားစပ်စုပြီးကြည့်လိုက်တာ ညနေတော်တော်မိုးချုပ်မှ အိမ်ပြန်နောက်ကျလို့ ဖေဖေကြိမ်လုံးနဲ့ရိုက်တာခံခဲ့ရတယ်...။ ဖေဖေက ကျွန်မကို သိပ်ချစ်တာ ခုလိုတခါမှတောင်ရိုက်ဖူးတာမဟုတ်ဘူး...။ ဆူတာလောက်ပဲရှိခဲ့တာ..။ အဲဒီနေ့ ဖေဖေ မေမေနဲ့ရန်ဖြစ်ကြလို့ ကျွန်မကိုမဲလိုက်တာဖြစ်နိုင်တယ်...။ မေမေကျွန်မကိုမွေးပြီး ခြောက်နှစ်လောက်ကျမှ မောင်လေးကိုမွေးတောဆိုတော့ ကျွန်မက ခြောက်နှစ်လောက် တစ်ဦးတည်းသောသမီးဖြစ်ခဲ့တာပေါ့....။

ကျွန်မအရွယ်ရောက်စ မှတ်မိသလောက်တော့ ဖေဖေနဲ့မေမေက တကျက်ကျက်ပဲ...။ ဖေဖေက ကျွန်မနှစ်နှစ်သမီးအထိ မော်လမြိုင်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်...။ စစ်ထဲကထွက်ရတဲ့အကြောင်းရင်းက ဖိုးဖိုးပြန်ခေါ်လို့ပါပဲ...။ မိသားစုနဲ့ ဟိုးအဝေးမှာ သွားမနေရအောင်တဲ့...။ ဖိုးဖိုးက သူ့သမက် ဖေဖေ့ကို အိမ်မှာပဲ စီးပွားရေးလုပ်စေချင်ခဲ့တာ..။ ဖေဖေကလဲ စစ်ထဲကထွက်ပြီး စစ်မှုထမ်းဟောင်းအရက်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တယ်...။ အရက်ဆိုင်မှာလုပ်တော့ အသောက်အစားမကင်းတော့ဘူးလေ...။ အဲဒါကြောင့်မေမေနဲ့မကြာခဏရန်ဖြစ်ကြတာ...။ ပြီးတော့ဖေဖေဟာ အပေါင်းအသင်းမှားခဲ့လို့ အသက်ဆုံးတဲ့အထိ အပြောင်းအလဲတွေများခဲ့တယ်...။

ဖေဖေ့ကို ကျွန်မသိပ်ချစ်တယ်...။ အဲဒီစကားကို ဖေဖေအသက်ရှင်စဉ်က ကျွန်မပြောခဲ့ဖူးသလား ကျွန်မမမှတ်မိတော့ဘူး...။ ဖေဖေဆုံးတော့ ကျွန်မအသက် ဆယ့်နှစ်နှစ်...။  ကျွန်မပေါက်စနလေးကတည်းက ဖွားဖွားတို့က ကျွန်မနှာအမြဲစေးတတ်လို့ ခေါင်းကိုအုန်းဆီလိမ်းပေးတာ ဖေဖေကမကြိုက်ဘူးတဲ့...။ ကလေးခေါင်းနံကုန်မယ်ဆိုပြီး ပေးမလိမ်းဘူး..။ ကျွန်မနာမှာစိုးလို့ဆိုပြီး ကလေးတုန်းက နားပေါက်မဖောက်ပေးခဲ့လို့ ခုထိ ကျွန်မနားပေါက်မရှိဘူး...။ ဖေဖေက သူ့သမီးလေးကိုချစ်တော့ နာမှာစိုးခဲ့တာလေ...။ ဖေဖေဟာ အလုပ်လုပ်တာလဲတော်သလို ဟင်းချက်လည်းသိပ်ကောင်းတယ်...။ ကျွန်မအဒေါ်တွေဆို ဖေဖေချက်တဲ့ ခရမ်းသီးနှပ်ကို သိပ်ကြိုက်ကြလို့ ချက်နည်းတောင်သင်ထားကြတာ....။ ဒီနေ့ထိအဒေါ်တွေက ခရမ်းသီးနှပ်ချက်တိုင်း သူတို့ခဲအိုကို သတိတရနဲ့ပြောတုန်း...။ ဖေဖေ ကချင်(၅)တပ်မှာနေတုန်းကဆို တပ်ကရတဲ့ ကုလားမခြင်းဆွဲနို့ဆီကို နို့ဆီကြော်လုပ်ကျွေးတာ သိပ်ကောင်းတယ်ပဲ...။ နို့ဆီတွေက မလိုင်လုံးတွေလိုဖြစ်သွားပြီး စားလိုက်ရင်ချိုဆိမ့်နေရော...။

ကျွန်မတို့ အ လ က ကျောင်းဝင်းထဲမှာ ပွဲလုပ်တုန်းကဆိုဖေဖေက သူဝယ်ထားတဲ့ ဂက်စ်အိုးထဲကိုသွပ်စတွေညှပ်ထည့်ပြီး မိုးပျံပူဖေါင်းလုပ်ပေးတယ်...။ ကျွန်မက ဖေဖေ ဂက်စ်ဖြည့်လို့ရလာတဲ့ မိုးပျံပူဖေါင်းတွေကို ချည်ကြိုးလေးနဲ့ချီပြီး စုကိုင်ထားတယ်....။ အလုံးနှစ်ဆယ် သုံးဆယ်လောက်ရရင် ပွဲထဲသွားရောင်းတယ်...။ ပျော်စရာကြီး အဲတုန်းက...။ နောက်တော့ ဖေဖေက တာချီလိတ်မြို့က ရဲဘော်ဟောင်းအရက်ဆိုင်ကိုပြောင်းရတော့  မေမေနဲ့တကျက်ကျက်ဖြစ်တာ ပိုဆိုးလာခဲ့တယ်...။ ဖေဖေနဲ့မေမေကွဲတော့ ကျွန်မအသက် ရှစ်နှစ်ကိုးနှစ်ရှိဦးမယ်...။  ဖေဖေက သူ့အစ်ကိုရှိတဲ့ ကျောက်ဆည်မှာ ကုန်ကားသွားမောင်းတယ်...။ ဖေဖေနဲ့ကွဲသွားလို့ ကျွန်မတို့မောင်နှမတွေက အဖိုးအဖွား ဦးလေးအဒေါ်တွေနဲ့အတူနေရတော့ ဖေဖေ့ကို သတိရကောင်းမှန်း လွမ်းရကောင်းမှန်းလည်းမသိခဲ့ဘူး...။ နဂိုကတည်းက လူကြောက်တဲ့ ကျွန်မက ဖေဖေထွက်သွားပြီးတဲ့ သုံးလေးနှစ်မှာ ဖေဖေ့ကိုတော်တော်စိမ်းသွားခဲ့တယ်...။ ကျွန်မတို့ဆီ ဖေဖေပြန်ရောက်လာတော့ ဖေဖေ ကျန်းမာရေးသိပ်မကောင်းတော့ဘူး...။ ငှက်ဖျားအခံရှိသလို ဆေးလိပ်အရမ်းသောက်တော့ ချောင်းတွေဆိုးပြီး အဆုတ်လဲ သိပ်ကောင်းပုံမရတော့ဘူး...။

ညနေဖက် ကျွန်မတို့အိမ်မှာ ဗီဒီယိုပြတဲ့ချိန်ဆို ဖေဖေရောက်လာတတ်တယ်...။ "သမီးလေး ဖေဖေ့ဆီလာပါဦးလို့" ဖေဖေက လက်နှစ်ဖက်ဆန့်ပြီးခေါ်ရင် ကျွန်မက နောက်ကိုတွန့်ဆုတ်ပြီး ဖေဖေ့ဆီမသွားရဲခဲ့ဘူး...။ ကျွန်မအောက်က မောင်လေးကျတော့ သွက်တယ် လူမကြောက်တတ်ဘူး..။ ဖေဖေဆီသူလိုက်ရဲတယ်...။ ဖေဖေသူ့ကို မော်တော်ဆိုင်ကယ်နဲ့ ရွာတစ်ပတ်ပတ်ပြီး တင်စီးလဲ သူလိုက်ရဲတယ်...။ ဖိုးဖိုးကတော့ မေမေ့ကို ဖေဖေနဲ့ပြန်ပေါင်းဖို့ ဖြောင်းဖြပေမယ့် ခေါင်းမာတဲ့ မေမေကတော့ လုံးပြန်လက်မခံခဲ့ဘူး...။ ဖေဖေကျန်းမာရေး တစစဆိုးရွားလာခဲ့ရာက နောက်ဆုံးဆေးရုံတင်လိုက်ရတယ်....။ ဖိုးဖိုးပဲ အစစအရာရာ တာဝန်ယူပေးတယ်...။ ဖေဖေ့နောက်ဆုံးအချိန်မှာ ဖေဖေချစ်တဲ့ သမီးလေးကအနားမှာရှိမနေခဲ့ဘူး...။ အဖေသေတာတောင်မသွားတဲ့ သမီးလေးဆိုပြီး တရွာလုံးက ဝိုင်းပြီးအပြစ်တင်ကဲ့ရဲ့တာကိုခံခဲ့ရတယ်...။ ကျွန်မကို စိတ်မာလို့ သံယောဇဉ်မရှိလို့ စိမ်းပျက်ရက်စက်နိုင်လို့ လို့အမျိုးမျိုးထင်မြင်ချက်တွေပေးကြခဲ့လိမ့်မယ်...။ တကယ်တမ်းကျတော့ ကျွန်မက ကြောက်တဲ့စိတ် ဖေဖေ့အပေါ်စိမ်းတဲ့စိတ်တစ်ခုတည်းနဲ့မသွားခဲ့တာ...။ ကျွန်မကိုယ် ကျွန်မလည်း လူကြောက်တတ်တဲ့စိတ်ကို အသက်အရွယ်တော်တော်ရတဲ့အထိ ကြိုးစားဖျောက်ယူခဲ့ရတယ်...။ ကျွန်မဘ၀မှာ ဒီထက်ကြီးမားတဲ့ နောင်တထပ်မရချင်တော့ဘူး...။ လောကမှာ တကြိမ်တခါပဲ ရတတ်တဲ့ အခွင့်အရေးတွေကို ရယူတတ်ဖို့ ကျွန်မ အဲဒီတုန်းက နားမလည်ခဲ့ဘူး...။ ဖေဖေဆုံးခါနီး အမြင်အာရုံ အကြားအာရုံတွေတစ်ခုမှမကောင်းတော့ဘူး ...။ ဖေဖေသိပ်....ကို သနားစရာကောင်းပါတယ်...။ မောင်လေးကတော့ ဖေဖေအသက်ထွက်သွားတဲ့အထိ အနားမှာရှိနေခဲ့တယ်...သူ အဲတုန်းက အသက်ခြောက်နှစ်ထဲရယ်...။ ကျွန်မထက်စာရင် မောင်လေးကမှ ဖေဖေအလိုကိုဖြည့်နိုင်ခဲ့သေးတယ်....။

ဖေဖေ့အသုဘကို ဖိုးဖိုးပဲအကုန်စီစဉ်လုပ်ပေးခဲ့တယ်...။ ဖေဖေဆုံးတာ ကျွန်မ မျက်ရည်လေးတစ်စက်တောင်မကျခဲ့ဘူး...။ တကယ်တော့ ကျွန်မငိုနေခဲ့ပါတယ်... ဘယ်သူမှမမြင်နိုင်တဲ့ မျက်ရည်တွေ ခုချိန်ထိကျနေတုန်းပဲ...။ အနှစ်သုံးဆယ်ကျော်... ဆုံးပါးသွားပြီဖြစ်တဲ့ ဖေဖေ့ကို သတိရလွမ်းဆွတ်သောအားဖြင့် ဒီပို့စ်ကို မိုးငွေ့ရဲ့ဆယ်တစ်နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရ အဖြစ် ပြန်လည်ရေးသားဖော်ပြ​ြခင်းဖြစ်ပါတယ်...။ ဖေဖေ ကောင်းရာသုဂတိဘုံ ရောက်ရှိပါစေ...။


မိုးငွေ့


ပို့စ်အဟောင်းမှာတုန်းက ကော်မန့်ပေးခဲ့တာတွေကို အမှတ်တရအဖြစ် ပြန်ရေးပေးလိုက်ပါတယ်...

၁. Anonymous said....(14.1.2010)
အမရေ တကယ်ခံစားလိုက်ရတယ်ဗျာ.....ပျော်ရွှင်ပါစေမမ

၂. ဏီလင်းညို said....(15.1.2010)
မမိုးရေ... ဒီစာလေးကိုဖတ်ပြီး မမိုးရဲ့အဖေကိုလည်းသနားတယ်... မမိုးအတွက်လည်းစိတ်မကောင်းဘူး..။ ပြီးတော့ အိမ်ကအဖေ့ကိုလည်း သတိရမိတယ်..(တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲသူနဲ့ဖုန်းပြောသေးတယ်လေ..)
ခင်မင်တဲ့
ဏီလင်းညို

၃. ညရဲ့ကောင်းကင် said...(16.1.2010)
အစ်မမိုးငွေ့ရယ် စိတ်မကောင်းဖြစ်လိုက်တာဗျာ... ဘာပြောရမှန်းမသိတော့ဘူး...

၄. Khin Oo May said...(31.7.2010)
စိတ်မကောင်းဘူး

၅. နွေတေးရှင် (မင်းဧရာ) said...(9.1.2014)
ကောင်းရာသုဂတိဘုံကနေ သိပ်တော်တာတွေသူသိမှာပါ သိပ်ချစ်တာတွေသူသိမှာပါ နှမျောတသနေတာတွေ သူသိမှာပါ ပြေမပြြဖစ်ခဲ့တာတွေလည်း သူကြားမှာပါ
ထပ်တူထပ်မျှခံစားခဲ့ပါသော

Friday, 1 November 2019

မီးမီး.....

ဘယ်သူဓါတ်ပုံရိုက်တာမှမခံလို့ ဖေဖေကိုယ်တိုင်ရိုက်ပေးတော့မှ အဲလိုပဲလေးထုတ်ပြီးအရိုက်ခံ


ကျွန်မကိုစမွေးတော့ မေမေတို့မောင်နှမတွေအတွက် တူမဦးလေးဖြစ်ခဲ့သလို အဖိုးအဖွားတွေအတွက်လဲ မြေးဦးလေးဖြစ်ခဲ့ပါတယ်....။ မြေဦးတို့ထုံးစံအတိုင်း တစ်အိမ်လုံးဝိုင်းချစ်တာခံရတာပေါ့...။ ချစ်စရာကောင်းတဲ့ သမီးလေးမို့ ဖေဖေကိုယ်တိုင် "မီးမီး"လို့ အိမ်နာမည်လေးပေးခဲ့တယ်...။ မေမေဆိုရင် ကျွန်မကိုမွေးပြီးကတည်းက သိပ်မထိန်းလိုက်ရဘူးလို့ပြောတယ်....။ မေမေ့ညီမအငယ်ဆုံးတွေဖြစ်တဲ့ အဒေါ်အမွှာနှစ်ယောက်နဲ့ ကျွန်မ ဆယ်နှစ်တိတိကွာပါတယ်...။ ကျွန်မကို မွေးတော့ အိမ်မှာပဲမွေးပါတယ်...။ အဲဒီနေ့က အမွှာအဒေါ်တွေက စာမေးပွဲဖြေမယ့်ရက်ကို ကျောင်းရောက်ပြီး ကလေးလေးကို စာမေးပွဲခန်းမဝင်ခင်ပြန်ပြေးလာကြည့်ကြသေးတယ်တဲ့....။

မီးမီးရဲ့ ရှူရှူးပေါက် အီအီးပါထားတဲ့ အနှီးဝတ်တွေကိုလည်း လုလျှောကြရတာမောဆိုပဲ...။ ညဖက် နို့ဗူးထဖျော်ကြတာလည်း သူတို့ပဲတဲ့...။ ဒီတော့ မီးမီးမွေးဖွားလာခြင်းဟာ သူတို့တွေအတွက် ကစားစရာအရုပ်တစ်ရုပ်ရလိုက်သလိုပါပဲ...။‌ နေ့ညလုပြီးတော့တောင်ထိန်းပေးကြတယ်...။ ဒီတော့ အဲဒီအဒေါ်တွေ ဘယ်သွားသွား မီးမီးမပါတဲ့ နေရာမရှိသလောက်ဖြစ်လာခဲ့တယ်...။ တခါက အဖိုးဆန်စက်ရှိတဲ့ မြေနီတောင်ကုန်းလေးတစ်ခုမှာ မီးမီးကို စက်ဘီးနဲ့တင်နင်းပြီးလဲကျလို့ စက်ဘီးလက်ကိုင်နဲ့ မီးမီးရင်ဘတ်စောင့်မိလို့ မျက်ဖြူလန်ပြီး အသက်ရှူမရတော့လို့ နှစ်ယောက်သားကလေးကိုချီပြီး လှုပ်ခါရမ်းလိုက်တော့မှ ငိုသံထွက်လာတော့မှ သက်မချနိုင်တော့တာတဲ့...။ ကြည့်ဦးတော်သေးတာပေါ့ သူတို့က အသက်ကယ်နည်းလေး သိနေပေလို့...။ နို့မို့ဆို မီးမီးဆိုတာ ခု မိုးငွေ့လည်းဖြစ်မလာနိုင်တော့ဘူး...။

ကျွန်မကိုမွေးပေးခဲ့တဲ့ နပ်စ်မက ရှမ်းလူမျိုး ဆရာမဒေါ်နန်းဖေါင်းတဲ့... သူ့အမျိုးသားက ကျွန်မကျောင်းနေတော့ ကျွန်မတို့ကျောင်းအုပ်ဆရာကြီးဖြစ်လာတဲ့ ဆရာကြီး ဦးဆမ်မြူရယ်...။ ဆရာကြီးက လားဟူလူမျိုး သူတို့မှာ သမီးသုံးယောက်ရှိတယ်...။ တစ်အိမ်လုံး ကျွန်မကိုချစ်ကြတယ်...။ ကျွန်မ နာမည် မီးမီးကိုတောင် သူတို့က လားဟူလို "အားမီ"လို့ခေါ်ကြတာခုချိန်ထိပဲ....။


မိုငွေ့

အရင်ပို့စ်အဟောင်းတုန်းက ကော်မန့်ပေးခဲ့တာတွေကို အမှတ်တရပြန်လည်ဖော်ပြပေးလိုက်ပါတယ်..

၁. အဖြူရောင်နတ်သမီး said...(9.1.2010)
 "မီးမီးလေး" က ချစ်စရာလေးတော့
လာပါအုံး အန်တီနတ်သမီးလေးနားကို... အန်တီ့ကိုချစ်လား...
အဲ ခေါင်းညိတ်တယ်တော့
အန်တီနတ်သမီးလည်း "မီးမီးလေး"ကိုအရမ်းချစ်ပါတယ်တဲ့ရှင်... အာဘွား...

၂. အနှိုင်းမဲ့  said...(10.1.2010)
ဟယ်...ချစ်လိုက်တာ... အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးပဲနော်...

၃. မိုးစက်အိမ် said...(11.1.2010)
မီးမီးဆိုတဲ့နာမည်က တော်တော်များများသုံးတယ်ထင်ပါတယ်...ဒီမီးမီးငယ်ငယ်ကပုံကလည်း မိုးစက်အိမ် ပိစိကွေးတုန်းကလောက်လည်း မချောဘူး ဟတ်...ရန်စသွားတာပါ အမရေ...:P

၄. ဏီလင်းညို  said...(12.1.2010)
မမိုးရေ... ငယ်ငယ်တုန်းက အားလုံးဝိုင်းချစ်ကြတယ်ဆိုတာ သေချာမယ်.. ပုံထဲက ကလေးလေးက ချစ်စရာလေးလေ ခါးလေးကိုထောက်လို့
ခင်မင်တဲ့
ဏီလင်းညို

၅. Khin Oo May said...(31.7.2010)
ဟုတ်ပါ့ ချစ်စရာလေး

၆. နွေတေးရှင် (မင်းဧရာ) said...(9.1.2014)
ပုံကိုက ဆွဲလိမ်ပြစ်ချင်စရာ :)

၇. မောင်ဘကြိုင် (ချဉ်ပေါင်ခြံ) said...(1.10.2016)
ကျွန်တော့်သမီးကိုလည်း မီးမီးချောလို့ခေါ်တာ မမီးကိုအားကျလို့ :) ;)