ဘာရယ်မဟုတ်မဘူး စာမရေးဖြစ်တော့ စာလာဖတ်သူတွေရဲ့ အဖတ်များတဲ့ ပို့စ်တွေကို ပြန်ဝင်ဖတ်ရင်း အိန်ဂျယ်စာစုများထဲက "လမင်းနဲ့ကြယ်စင်" ဆိုတဲ့ပို့စ်လေး အဲတုန်းက အရမ်းကိုအေးဆေးတည်ငြိမ်တဲ့ခံစားမှုနဲ့ရေးခဲ့တဲ့ ပို့စ်လေးကို ပြန်ဖတ်ရင်း မျိုးကြီးသီချင်းလေးနဲ့ ပြန်တွဲတင်ပေးလိုက်ပါတယ်...။ အဲအချိန်တုန်းက မျိုးကြီးရဲ့ ကြယ်တွေကြွေသွားသည့်တိုင် သီချင်းထဲက စာသားလေးနဲ့ကိုက်ညီလို့ ခေါင်းစဉ်လေးပေးလိုက်တာတော့ မှတ်မိတယ်...။
"လမင်းနဲ့ကြယ်စင်"
မင်းဟာ လတစ်စင်းဖြစ်ခဲ့မယ်ဆိုရင် ကိုယ်ဟာ မင်းဘေးနားက ကြယ်မှုန်မွှားလေးတစ်ပွင့်ပဲဖြစ်မှာပါ…….
ကိုယ့်ကိုမှတ်မိလားဘယ်သူလဲတဲ့….။ ကိုယ်ကမင်းလိုမဟုတ်ပါဘူး မင်းဆီက ဖုန်းနံပါတ်ရကတည်းက ph contact ထဲမှာ အိန်ဂျယ်ပုံလေးနဲ့ထည့်မှတ်ထားပြီးသားပါ…။ ဖုန်းသံမြည်ကတည်းက မင်းဆိုတာကိုယ်သိပြီးသား နဲနဲကလေး အံ့အားသင့်သွားတာပဲရှိတာ..။ အော်…ပြောသေးတယ် ဖုန်းအရင်စဆက်တာ ကျွန်တော်နော်တဲ့….။ ကိုယ့်ကို မင်းဖုန်းနံပါတ်ပေးပြီးကတည်းက ကိုယ့်ဖုန်းကို မင်းမျှော်နေခဲ့တာတဲ့…မဆန်းဘူးလား….။ ကိုယ်ကမင်းအနှောက်ယှက်ဖြစ်မှာစိုးလို့ ဖုန်းနံပါတ်လေးကို contact ထဲမှာ သိမ်းထားရုံလေးသိမ်းထားတာ မင်းဆီကိုဘာအကြောင်းကိစ္စမှမရှိဘဲ ကိုယ်မဆက်ချင်ဘူး…။
မင်းအသံလေးကိုစကြားလိုက်ရချိန်မှာ မျှော်လင့်ထားသလိုမဟုတ်ဘဲ ကိုယ်နှလုံးသားတွေအေးဆေးတည်ငြိမ်နေလွန်းခဲ့တယ်…..။ သွေးအေးသွားတာမဟုတ်ဘူး…..။
နေတတ်သွားတာပါ….။ ပြီးတော့ ရင်ခုန်သံတွေဗလောင်ဆူနေရအောင် ကိုယ်က ဆယ်ကျော်သက်မှမဟုတ်ဘဲ….။
ကိုယ့်နှလုံးသားကို ကိုယ့်ဘာသာတကယ်ပဲ အကျဥ်းချထားလိုက်ပြီလား…..
မင်းအပြုံးတွေက မင်းပျော်နေတယ်လို့မပြောကြဘူး….။
မင်းက စိတ်ညစ်ရင် သံစဉ်တွေနဲ့ပေါက်ကွဲတယ် ကိုယ်ကတော့ စကားလုံးတွေအဖြစ်ဖွင့်အံတယ်…။ တူတော့မတူကြဘူးပေါ့…။ ဒါပေမယ့် ကိုယ်နားလည်ပေးလို့ရပါတယ်.....။
မင်းမျက်ဝန်းတွေကိုကိုယ်မကြည့်ပါဘူး…။ ဒါပေမယ့် မင်းနှလုံးသားကဒဏ်ရာဟောင်းကို ကိုယ်မြင်နေရတယ်…။ မင်းစကားတွေထဲက မင်းအသံတွေထဲက နာကျင်မှုတချို့ကို ကိုယ်ကူးဆက်ခံစားမိနေတယ်….။ အချိန်တွေဒီလောက်ကြာမြှင့်သွားတဲ့အထိ မင်းကို ခုလိုပြုစားနိုင်စွမ်းလွန်းခဲ့တဲ့ မိန်းကလေးကို ကိုယ်တွေ့ဖူးချင်လိုက်တာ…။ လှတာမလှတာထက် သူဟာ မင်းအတွက် နတ်သမီးတစ်ပါးဖြစ်ခဲ့မှာပါ….။
သီချင်းဆိုနေတဲ့ မင်းမျက်နှာလေးကို မင်းမသိအောင်ဘေးက ကိုယ်မကြာခဏခိုးခိုးကြည့်မိခဲ့တယ်…။ ဖြူဝင်းတဲ့ မင်းပါးပြင်တွေက ပန်းသွေးရောင်တွေသန်းနေတယ်….။ မင်းစိတ်ညစ်ပြီး မရိတ်ဘဲပစ်ထားခဲ့တဲ့မေးစေ့နဲ့ စိုရဲတဲ့နှုတ်ခမ်းတစ်ဝိုက်က နှုတ်ခမ်းမွှေးခပ်ကြမ်းကြမ်းတွေက ကျိုးတို့ကျဲတဲပေါက်နေကြတယ်….။
ဘာကြောင့်အိန်ဂျယ်လို့ခေါ်သလဲဆိုတဲ့ မေးခွန်းက ကိုယ့်ကိုတွေ့တိုင်းမေးရမယ့် မေးခွန်းတစ်ခုလို့များ မင်းမှတ်ဉာဏ်မှာအသေစွဲမှတ်ထားသလား….။ မင်းက အိန်ဂျယ်လို့ခေါ်တာမကြိုက်ဘူးလေ ကိုယ်တို့ အဲဒီနာမည်အကြောင်းမဆွေးနွေးကြစို့နဲ့….။
မင်ပိန်သွားတယ်….။ မျက်လုံးတွေအရောင်နဲနဲမှိန်သွားတာကလွဲရင် အပြုံးဖြူဖြူတွေက တောက်ပဆဲပဲ။
ကိုယ့်ကို မင်းကျေးဇူးခဏခဏတင်စရာမလိုပါဘူး….။ ကိုယ်ဟာ…မင်းအတွက် ထာဝရ ရင်ဖွင့်ဖော်တစ်ယောက်ပါလို့ ပြောထားပြီးသားပဲ…။
ကိုယ်စိတ်မညစ်ပါဘူး….။ တကယ်စိတ်ညစ်နေတာကမင်းပါ….။
အိမ်အပြန်နှုတ်ဆက်လမ်းခွဲခဲ့ပြီးတော့ မင်းဆီက ကျေးဇူးတင်ပါတယ်ဆိုတဲ့ မက်ဆေ့ချ်တစ်ခုဝင်လာတယ်…။ ကိုယ်လဲ ကျေးဇူးတင်ပါတယ်လို့ပြန်ပို့ လိုက်တယ်…။ ကိုယ့်ရဲ့ ကျေးဇူးတင်မှုအနက်အဓိပ္ပါယ်ကို မင်းရေရေရာရာသိမှာမဟုတ်ပါဘူး….။ သိစရာလည်းမလိုဘူးလေ…။
လမ်းမီးတိုင်က အလင်းဝါကျင့်ကျင့်တွေဖြာကျနေတဲ့ အရောင်မွဲကတ္တရာလမ်းကိုဖြတ်ကူးပြီး ကိုယ့်တိုက်ခန်းလှေကားကျဉ်းကနေတက်လာခဲ့တော့တယ်….။ ကိုယ်အိမ်ပြန်ရောက်ပြီဆိုတဲ့အကြောင်း မင်းကိုဖုန်းလှမ်းဆက်ပြောလိုက်တယ်…မင်းက ကားပေါ်မှာပဲရှိနေသေးတယ်တဲ့…။
ညက အခါတိုင်းထက် တိတ်ဆိတ်ခြောက်သွေ့လွန်းတယ်………
ကြယ်တွေ ကိုယ့်ကိုကြည့်နေကြမလား.....
ကောင်းကင်ကို ကိုယ်မော့မကြည့်ဖြစ်ဘူး…
လမင်းကြီးကရော……
မိုးငွေ့
6th November '2012

No comments:
Post a Comment