Showing posts with label တစ်ခါတုန်းကတက္ကသိုလ်မှာ. Show all posts
Showing posts with label တစ်ခါတုန်းကတက္ကသိုလ်မှာ. Show all posts

Friday, 26 April 2024

လွမ်းရယ်မပြေ.....



တက္ကသိုလ်ကျောင်းနဲ့ ဝေးကွာနေပြီဖြစ်ပေမယ့် ကျောင်းတော်ကြီးအနားပတ်ဝန်းကျင်ရှိတဲ့ လမ်းမတွေကို နေ့စဉ်ဖြတ်သန်းနေရတော့ ကျောင်းဆောင်တွေ စိန်ပန်းပင်တွေ အထူးသဖြင့် အခုလိုနွေရာသီမှာ အရွက်မရှိ ပင်လုံးကျွတ်ဝင်းဝါနေတဲ့ ငုဝါပင်တွေကို မြင်ရတော့ စိတ်ထဲမယ် ကျောင်းတော်နဲ့မဝေးဘူးလို့လည်း ခံစားမိတယ်....။ မနေ့က ရုံးကညီမလေးတစ်ယောက် တက္ကသိုလ်ဝင်းထဲက ဧကရီဆောင်မှာ BE.d သင်တန်းလာတက်တဲ့ သူ့ငယ်သူငယ်ချင်းရောက်နေလို့ သွာတွေ့ရင်းနဲ့ အဝေးသင်ကျောင်းဝင်းထဲကိုရောက်ဖြစ်ခဲ့တယ်....။ တက္ကသိုလ်ဖက် ဝင်ပေါက်ကနေဝင်တော့ ဘယ်ဘက်က တက္ကသိုလ်ရေကူးကန်ပြီးရင် ဘောလုံးကွင်းရှိတယ်....။ ကျမတို့ ကျောင်းတက်တုန်းက ကျမတို့ RC3 က မေဂျာပေါင်းစုံ ဘောလုံးပြိုင်ပွဲရှိတယ်....။ အဲနေ့မနက်က ပထဝီမေဂျာက ကျမ Crush လေး Botany မေဂျာနဲ့ ဘောလုံးကန်ပြိုင်ကြတာကို ဝီရိယကောင်းကောင်းနဲ့ သွားအားပေးခဲ့တယ်...။ ကျမက Zoology  ကိုယ့်မေဂျာက မဟုတ်ဘဲ လာအားပေးလို့ ကျမကို ဘယ့်သူလာအားပေးလဲဆိုပြီး စပ်စုကြသေးတယ်...။ ဟော...ဟိုက ဂိုးတိုင်နားမှာ ဘောလုံးဖမ်းဖို့စောင့်နေတဲ့ ပထဝီမေဂျာက ဂိုးသမားလေးကိုလာအားပေးတာလို့...။ ဘောလုံးကွင်းလေးက တော်တော်ဟောင်းနေပြီး ပြုပြင်ထားပုံလည်းမရဘူး ဒါပေမယ့် ကလေးတွေ ဝတ်စုံပြည့်နဲ့လာကန်နေတာ အပြန်ကျတော့တွေ့တယ်....။ သတိရလိုက်တာ အဲအချိန်လေးတွေကို ပြန်မရနိုင်တော့တဲ့ ကြည်နူးစရာအချိန်လေးတွေ...။

ဒီသီချင်းက တစ်နှစ်နေမှတစ်ခါလောက်တောင်မဆုံဖြစ်ကြတဲ့ သူငယ်ချင်းတွေစုံလို့ ကာရာအိုကေသွားဟစ်ကြရင် ဆိုနေကျသီချင်းလေးတစ်ပုဒ်ပေါ့...။


__________________
Revolution will prevail
မိုးငွေ့


Friday, 1 April 2022

ဆယ်စုနှစ်တာ မှတ်ဉာဏ်......(၂)




မန္တလေးမှာ ဖက်ရှင်ဆိုင်ဖွင့်တော့ အဲခေတ်က ဖက်ရှင်ရှိုးလျှောက်ကြတဲ့ခေတ်ကြီးပေါ့....။ မတင်မိုးလွင်တို့ရဲ့ Talent Model Agency နဲ့ ကိုဂျွန်လွင်တို့ The Star Model Agency က အဲချိန် ဒိတ်ဒိတ်ကျဲ ဟော့နေချိန်ပေါ့...။ မန်းမှာ ဖက်ရှင်ရှိုးတစ်ခုလာလုပ်မယ်ဆိုတော့ ကျွန်မတို့ The Rays ကနေ Sponsor ပေးရပါတယ် ကိုယ့်ဆိုင်ရဲ့ အဝတ်စားတွေကို လူပိုသိအောင် ကြော်ငြာတာပေါ့....။ အဲတုန်းက နိုင်းနိုင်းနဲ့ ညီညီတာ ခေတ်ပြိုင် မော်လ်ဒယ်မင်းသားနှစ်ယောက် နာမည်ကြီးနေချိန်ပဲ...။ တကယ်တော့ ဟိုးအရင်ပို့စ်တွေမှာ ဒီအကြောင်းအရာတွေက ရေးခဲ့ပြီးသားလည်းဖြစ်တယ်....။  နိုင်းနိုင်းနဲ့ ညီညီတာ ဖက်ရှင်ရှိုးမှာ ဝတ်တဲ့ ဂျာကင်ဆိုပြီး နောက်နေ့ကျတော့ ဆိုင်မှာ ရောင်းကောင်းတော့တာပဲလေ....။ အဲလိုအကျိုးဆက်တော့ ချက်ချင်းခံစားရတာပေါ့....။ မှတ်မှတ်ရရ မန္တလေးမြူနီစပယ်ရုံး(စည်ပင်ခန်းမ)ရဲ့ ခန်းမကြီးထဲမှာ ရှိုးလုပ်ခဲ့ကြတာပါ...။ မော်ဒယ်လ်တွေတော်တောများများနဲ့ ကိုဂျွန်လွင်နဲ့လဲ ခင်မင်ရင်းနှီးသွားကြသေးတယ်....။  နောက်ပိုင်း ရန်ကုန်မှာ အလုပ်လုပ်တော့ သူတို့နဲ့ ကုမ္ပဏီကလုပ်တဲ့ နှစ်ပတ်လည်တို့ ပစ္စည်းမိတ်ဆက်ပွဲတို့လုပ်တော့လည်း ဆက်သွယ်ဖြစ်သေးတယ်လေ...။

၂၀၀၀-၂၀၁၀ ဆယ်နှစ်တာ မှတ်ဉာဏ်ကို ပြန်ခေါ်ရတာ နဲနဲရှည်သွားတယ်....။ ၂၀၀၀ ရောက်ဖို့ ၁၉၉၉ ဒီဇင်ဘာ (၃၁)ရက်နေ့ညကို ကျွန်မတို့ ဆိုင်က ရှယ်ယာလေးယောက်လုံး ချောင်းသာမှာ New Year Eve သွားလုပ်ကြတာတော့ မှတ်မိတယ်....။ ၂၀၀၀-၂၀၀၁ မှာ နောက်ဆုံးနှစ်ကို သန်လျင်တာဝမှာ နောက်ဆုံးနှစ်ကျောင်းတက်ရသေးတယ် ....။ ကျွန်မကအဲချိန်အလုပ်လုပ်နေပြီ ညောင်ပင်လေးဈေးထဲမှာ Dawn နို့ဆီအရောင်းဆိုင်ပေါ့ ဒိုင်ပေါ့ ကျွန်မတို့ ကုမ္ပဏီကနေ ကွန်တိန်လာလိုက် လက်ကား ပြန်ဖြန့်တာပါ....။ တက္ကသိုလ်က Day ယူထားတော့ ဆိုင်ထိုင်ရင်း ကျောင်းတက်ရတာ အတန်းသွားမတက်နိုင်ပေမယ့် လက်တွေ့အချိန်ကိုတော့ မှန်မှန်သွားတက်ရတယ် လက်တွေ့ကလဲ တစ်ပတ်မှာ ငါးရက်လုံးရှိနေတော့ သိပ်တော့မထူး ကျောင်းငါးရက်တက်ရသလိုဖြစ်သွားပါတယ်...။ အဲချိန် မန်းကဖက်ရှင်ဆိုင်မှာ ကျွန်မတို့ မန်းက ရှယ်ယာရှင်တွေနဲ့ထားခဲ့ရတယ်....။ နောက်ပိုင်း သုံးလေးနှစ်လောက်မှာပဲ ဆိုင်ဆက်မဖွင့်ဖြစ်တော့ဘဲ ပိတ်လိုက်ရပါတယ် အဓိက ကတော့ ကိုယ်ကိုယ်တိုင်သွားမလုပ်နိုင် မဦးစီးနိုင်တဲ့အလုပ် ကိုယ့်ကွယ်ရာမှာထားရမယ့်အလုပ်ဆိုရင် မလုပ်တာအကောင်းဆုံးပါပဲ...။ 

၂၀၀၂ မှာဘွဲ့မယူခင် သင်္ကြန်ပိတ်ရက်ကိုးရက်ကို မဟာစည်မှာ သီလရှင်ဝတ်ဖြစ်တယ်....။ ကျွန်မရဲ့ သီလရှင်ဘွဲ့နာမည်က ခေမာဝတီ ဖြစ်တယ်....။ ဘွဲ့ယူတော့ Bob ပုံစံ Wig နဲ့တက်ယူရတယ်...။ အစမ်းလေ့ကျင့်တဲ့ရက်မှာ ကချင်ဝတ်စုံအနီရောင်ဝမ်းဆက်နဲ့ဆိုတာမှတ်မိတယ်...။ ကုမ္ပဏီမှာအလုပ်စလုပ်တော့ မှတ်မှတ်ရရ လစာ နှစ်သောင်းစရတယ်....။ အဲခေတ်က နှစ်သောင်းရတာ MK က Brand တွေဘာတွေ ဝယ်ဝတ်လို့ရတယ်....။ ၂၀၀၃ နဲ့ ၂၀၀၄ နှစ်နှစ်စာအဖြစ်ပျက်တွေ တချို့တလေတောင်မမှတ်မိတော့ဘူး အဲ ကျောင်းတုန်းက Crush ယုဇနဂါးဒင်းမှာ မင်္ဂလာဆောင်တာ သွားလိုက်သေးတယ် သူတို့တစ်မိသားစုလုံးနဲ့က ခင်တာကိုး....။ ငယ်တုန်းကလို ဒိုင်ယာရီရေးဖြစ်ခဲ့ရင်တော့ ပြန်ပြောပြစရာတွေရှိနေလိမ့်ဦးမယ်....။  ၂၀၀၅ မှာ ကျွန်မတို့ စမ်းချောင်းမှာတိုက်ခန်းတစ်ခန်းဝယ်လိုက်လို့ အဲဒီကိုပြောင်းနေကြတယ်....။ အဲမတိုင်ခင်က ၂၀၀၂ အစကတည်းက စမ်းချောင်း လွှတ်တော်နားမှာရှိတဲ့ အဒေါ်အိမ်မှာနေခဲ့တာပါ...။ ကျွန်မကို ခုနှစ်တန်းနှစ်ကတည်းက ကျောင်းထားပေးခဲ့တဲ့ အဒေါ်မိသားစုပေါ့....။ OMG!!! ၂၀၀၆ လည်း ဘာမှရေရေရာရာပြန်တွေးမရပါလား...။ ၂၀၀၇မှာတော့ စင်္ကာပူနဲ့ မလေးကိုရောက်သွားဖြစ်ခဲ့တယ်....။ မလေးရှားကို စလုံးကနေ ဘတ်စ်ကားနဲ့သွားကြတာ KL ရောက်တယ် Genting ရောက်တယ်...။ အကြိုက်ဆုံးက Genting ပဲ တောင်ပေါ်မှာတည်ထားတဲ့ ကစားကွင်းနဲ့ လောင်းကစားရုံတွေ Shopping Mall တွေ တကယ်သဘောကျတယ်...။ Pizza Hut ကို တီဗီကြော်ငြာထဲမှာသာမြင်ဖူးခဲ့တာ Genting က Pizza Hut ဆိုင်မှာထိုင်ရတာ ဒီနေ့ထိမမေ့သေးဘူး သူ့ဆိုင်လေးက အမိုးကအစ မှန်အကြည်တွေနဲ့အုပ်ထားပြီးအပေါ်မော့ကြည့်လိုက်ရင် တိမ်တိုက်တွေက အုပ်လိုက်ရွေ့နေကြတာ ရာသီဉတုကလဲ အေးစိမ့်နေတာပဲ နေလို့သိပ်ကောင်းတယ်....။ ဘေးသားမှာ ကြက်အူချောင်းလေးတွေနဲ့ ချိစ်တွေအများကြီးထည့်ထားတဲ့ Jumbo size Pizza အကြီးကြီးတစ်ချပ်မှာပြီး ကျွန်မတို့အတူသွားကြတဲ့ ခရီးဖော်ငါးယောက် စားကြတာ မှတ်မိသေးတယ် ကော်ဖီခွက်ဆိုတာလည်း မတ်ခွက်အကြီးကြီးနဲ့ အဝသောက်ရတယ်....။ ကစားကွင်းထဲမှာလဲ တော်တော်များများ မစီးဖူးတာတွေ စီးရဲတာတွေအကုန်စီးခဲ့တယ်....ပျော်ဖို့ကောင်းတယ်....။ အခွင့်ရရင် Genting ကိုထပ်သွားချင်သေးတယ် စင်္ကာပူထက် မလေးရှားကလည်စရာပိုများတယ် တခြားကမ်းခြေတွေနဲ့ တောင်ပေါ်ဒေသတွေဆီကိုလည်း သွားလည်ချင်သေးတယ်....။ 

၂၀၀၈ မေလမှာ နာဂစ်မုန်တိုင်းဝင်မွှေတာမှတ်မိတယ်....။ ၂၀၀၈ ရှစ်လပိုင်းကစပြီး ဒီဘလော့ကိုစလုပ်တာမှတ်မိတယ်....။ စာတွေစတင်တာကတော့ ၂၀၀၈ ဒီဇင်ဘာလောက်မှာပါ....။ ၂၀၀၉-၂၀၁၀ ဘာမှသိပ်မမှတ်မိတော့သလောက်ပဲ မန္တလေးထပ်ရောက်သေးတယ် တစ်ဝမ်းကွဲညီမ မင်္ဂလာဆောင်နဲ့ နောက်တစ်နှစ် သူသမီးလေးမွေးလို့ သွားကြည့်ကြတာ ....။ ထူးဆန်းတာ ဒီဆယ်နှစ်တာ အတွင်း အဖြစ်ပျက်တွေကို ကျွန်မ Memory ထဲ ဘာမှသိမ်းမထားလိုက်မိတာပဲ....။


ဆယ်စုနှစ်တာမှတ်ဉာဏ်(၁)


___________________
Revolution will prevail
မိုးငွေ့


Sunday, 20 March 2022

ဆယ်စုနှစ်တာ မှတ်ဉာဏ်......(၁)

 



ကလေးဘဝမှတ်ဉာဏ်ဆိုတဲ့ ပို့စ်အဟောင်းကိုပြန်ဖတ်ပြီး ကျွန်မ လွန်ခဲ့တဲ့နှစ်တွေမှာ ဘာတွေမှတ်မိနေခဲ့လည်း ဘာတွေရေးဖို့ကျန်နေခဲ့သေးလည်းလို့ အပြေးအလွှားတွေးတောကြည့်တော့ 2000-2010 ဆယ်စုနှစ်ရဲ့ အဖြစ်ပျက်တွေအကြောင်း ကျွန်မဘလော့မှာ သိပ်မရေးဖြစ်ခဲ့ဘူး....။ တစ်ခါတုန်းက တက္ကသိုလ်မှာ ခေါင်းစဉ်နဲ့ ရေးတဲ့စာတွေက 1990-1999 ထိ အဖြစ်ပျက်တွေများပါတယ်.... ကျောင်းတက်တုန်းကအကြောင်းရေးရတာလည်း ပျော်စရာကောင်းတယ်လေ ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ Memory တွေကို ရေးရတာ လူတွေပိုအားသန်ကြတာ ထုံးစံပါပဲ....။

2000-2010 ဆယ်စုနှစ်တာ အဖြစ်ပျက်တွေက ပြန်စဉ်းစားကြည့်တော့ ဆင်တူနေ့လရက်တွေ များခဲ့လို့ မှတ်ဉာဏ်ထဲ တသီးတသန့်ရှိမနေတာလည်းဖြစ်နိုင်ပါတယ်....။ အဲဆယ်စုနှစ်အကြောင်း မှတ်မိသလောက်လေး ပြန်ရေးပြပါဆို သူ့အရှေ့သုံးနှစ်လောက်ကို ခနပြန်ဆုတ်ရလိမ့်မယ်....။ 1996 ကျောင်းသားအရေးအခင်းမဖြစ်ခင် ရက်ပိုင်းအလိုမှာ ကျွန်မ တက္ကသိုလ် တတိယနှစ် စတက်တဲ့နှစ်လည်းဖြစ်တယ်....။ နှစ်အလိုက်သာ ကြီးကြီးကျယ်ကျယ်ပြောနေရတာ တကယ်တမ်း တစ်တန်းကိုတစ်နှစ်ပြည့်အောင်မတက်ခဲ့ရပါဘူး.... ။ RC 3 မှာ Zool  ပထမနှစ်စတက်တာက ၁၉၉၅ မှာပါ ...။ ပထမနှစ်သည် Semester နဲ့ပြောရရင် နှစ်ခုစာတော့အပြည့်တက်ခဲ့ရတယ် ....။ ဒုတိယနှစ်က တစ်ခုစာပဲ ခြောက်လတက် စာမေးပွဲဖြေ နောက်တစ်တန်းတက်ဖို့စောင့်ရတယ်....။ တတိယနှစ်ကျတော့ ၁၉၉၆ စက်မှုတက္ကသိုလ်ကစတဲ့ ကျောင်းသားအရေးခင်းနဲ့ထပ်တိုးပါလေရော အောက်တိုဘာ(၂၀)ရက်နေ့ ကျောင်းတက်ရက်က မှတ်မှတ်ရရ (၁၅) ရက်ပဲရှိသေးတယ်....။ အဲနေ့ကကျောင်းရောက်တော့ ကျောင်းထဲမှာ လူတွေက စုရုံးစရုံးဖြစ်နေကြပြီ YIT အင်းစိန်ကနေ‌ ကျောင်းသားတွေ လှည်းတန်းမှာစုပြီး ကြည့်မြင်တိုင် RC3 ဖက်ကိုချီတက်လာနေကြပြီလို့ပြောတယ်....။ ရောက်လာမယ့် စစ်ကြောင်းမှာ ချီတက်မယ့်အထဲ ပါဝင်ချင်သူတွေကလဲ လက်ပတ်တွေဘာညာနဲ့ စုပြီး စောင့်နေကြပြီအဆင်သင့်....။ ကိုယ်တွေက ကျောင်းထဲဝင်မရ ကျောင်းရှေ့က Sweet ကော်ဖီဆိုင်ရှေ့မှာ အခြေအနေကို ရပ်စောင့်ကြည့်နေသေးတယ်....။  စက်မှုကျောင်းသားတွေ အုပ်လိုက်တန်းလိုက်ရောက်လာချိန်မှာပဲ ခဏစောင့်ကြည့်ပြီး အိမ်ပြန်သွားခဲ့တယ် အကြောင်းရင်းက ဗိုက်နာလာလို့....။ စိတ်လှုပ်ရှားရင် ဗိုက်နာတတ်တဲ့အကျင့်က ရှိနေတာကိုး....။ 

ဒီဇင်ဘာ (၉)နေ့မှာပဲ အစိုးရက ကျောင်းပိတ်ရက်ရှည်ကြီး စတင်ကြေငြာလိုက်ပါတော့တယ်....။ ခုနှစ်တန်းနှစ်တုန်းကလဲ ရှမ်းပြည်ကနေ တစ်နှစ်မဖြေဘဲ ပြည်မကြီးကိုရောက်လာ ... မန္တလေး (၁၂)ကျောင်းမှာ သုံးလတက်ပြီး ၈၈ အရေးခင်းဖြစ် ခုနှစ်တန်း တစ်နှစ်ထပ်အောက်....။ ရန်ကုန်လသာ(၂)မှာ တစ်ခါ ခုနှစ်တန်းကို ပြန်စတက်ရ...။ ဆယ်တန်းအောင်တော့လဲ တက္ကသိုလ်ကို တန်းမသွားရသေးဘူး စီနီယာလိုက်စောင့်ရသေးတယ်....။ ၁၉၉၃ မှာဆယ်တန်းအောင်ပေမယ့် တကယ်တမ်း တက္ကသိုလ်ပထမနှစ်ကို ၁၉၉၅ မှတက်ရတယ် ကြားထဲမှာ နှစ်နှစ်နားနေရတယ် အဲချိန်မှာ KMD မှာ ကွန်ပြူတာသင်တန်းတက် ဆရာကြီး လူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာတက် BC မှာ Library ကဒ်လုပ် စာသွားဖတ် American Center ပဲခူးကလပ်မှာလည်း Library ကဒ်လုပ် ရုပ်ရှင်တွေသွားကြည့် စာအုပ်ငှား စတာတွေကိုလုပ်ပြီး အချိန်နှစ်နှစ်ကိုကုန်လွန်စေခဲ့တယ်....။

၁၉၉၆ ဒီဇင်ဘာ(၉)ကနေ ပိတ်လိုက်တဲ့ကျောင်းပိတ်ရက်ရှည်ဟာ ၁၉၉၉-၂၀၀၀ ခုနှစ်ကျမှပဲ တတိယနှစ်စာမေးပွဲကို သက်ဆိုင်ရာ မိမိမြို့နယ်မှာရှိတဲ့ အ ထ က ကျောင်းတွေမှာဖြေကြဖို့ဖြစ်လာခဲ့တယ်....။ အဲချိန်တုန်းက ကျွန်မက လမ်းမတော်မြို့နယ်ကမို့လို့ လမ်းမတော် စိန်ဂျွန်းကျောင်းမှာသွားဖြေရပါတယ်....။ တတိယနှစ်ကို စာတွေ့ လက်တွေ့ဘာနကန်းတစ်လုံးမှမသိဘဲ စာမေးပွဲသွားဖြေရပါတယ်...။ Open Book စနစ်နဲ့ပါ....။ စဉ်းစားကြည့် စာမေးပွဲဖြေဆိုချိန် နှစ်နာရီအတွင်း စာအုပ်ဖွင့်ဖြေရတာတောင်မှ ဘာတွေမေးပြီး အဖြေကို ဘယ်လိုရှာရမှန်းမသိပါဘူး ....။ တွေ့တဲ့စာ ချကူးရေးလိုက်တာနဲ့ အအောင်ပေးတဲ့ခေတ်ပါ....။ အဲချိန်ကစပြီး ပညာတတ်တွေ အရမ်းပေါများလို့နေပါပြီ မြန်မာပြည်ကြီးမှာ....ဆိုလိုချင်တာက စာအုပ်ကနေကူးချရတော့ အဲနှစ်မှာ Qualified ဝင်တဲ့သူတွေ Honest တန်းဝင်သွားကြသူတွေတစ်ပုံတစ်ပင်ကြီးရယ်....။ အဲလိုကျောင်းသားတွေကတော့ Main ထဲ ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ ကျောင်းဆက်တက်ခွင့်ရကြပါတယ်....။ အဲမှာ Honest  first year, second year တက်ပြီးရင် သတ်မှတ်ထားတဲ့ အမှတ်တန်းဝင်တာနဲ့ Ph.D ကိုဆက်တက်လို့ရပါတယ်...။ ကျွန်မကတော့ သစ္စာရှိစွာ အောင်မှတ်လောက်ပဲ ကူးဖြေပြီး နောက်ဆုံးနှစ်ကို သန်လျင်, သာဝတက္ကသိုလ်ကို ရောက်သွားခဲ့ရပါတယ်....။ 

ဒီလိုနဲ့ ၁၉၉၆ ကျောင်းသားအရေးခင်းပြီးနောက် ကျောင်းပိတ်ရက်ရှည်ကြီးမှာ ကျွန်မတို့ စီးပွားရေးလေးတစ်ခုလုပ်ကြမယ်လို့ ကျွန်မနဲ့‌မေဂျာတူအတန်းတူတဲ့ ကျွန်မထက်အသက် သုံးနှစ်လောက်ကြီးတဲ့ တိုက်ကွန်ဒိုက သူငယ်ချင်းနဲ့ တိုင်ပင်ပြီး မန္တလေး ၇၈လမ်းမ ဘူတာကြီးနားက ဆိုင်ခန်းတွဲတစ်ခုမှာ တစ်ခန်းငှားပြီး "The Rays" ဆိုတဲ့ အဝတ်အစားရောင်းတဲ့ ဖက်ရှင်ဆိုင်တစ်ဆိုင်ဖွင့်ဖြစ်သွားခဲ့တယ်....။ ရန်ကုန်မှာနေပြီး ဘာကြောင့်မန္တလေးမှာသွားဖွင့်ဖြစ်လဲဆိုတဲ့အကြောင်းကတော့ နံပါတ်တစ် ရန်ကုန်ထက် ဆိုင်ခန်းခသက်သာလို့ နံပါတ်နှစ်က မန္တလေးမှာကျောင်းတက်တုန်းကနေခဲ့တဲ့ အဒေါ်ရဲ့သမီး ညီမဝမ်းကွဲကလဲ ဆိုင်မှာရှယ်ယာပါလို့ နံပါတ်သုံးကတော့ မန္တလေးဈေးကွက်ကို အဲခေတ်တုန်းက တရုတ်တွေမလွှမ်းမိုးသေးဘူး ယိုးဒယားထည်တွေ ဈေးကွက်ဝင် ရောင်းကောင်းခေတ်စားနေချိန်ဆိုပါတော့....။ ကျွန်မတို့ဆိုင်က ရန်ကုန်ကရှယ်ယာနှစ်ယောက် မန်းကနှစ်ယောက် လေးယောက်စပ်တူလုပ်ကြတာပါ....။ အဓိကအထည်ကို ရန်ကုန် FMI Center (အရင်စကော့ဈေးဘေးနားက Shopping Mall) က ဒုတိယထပ်မှာဖွင့်ထားတဲ့ ယောကျ်ားအဝတ်စားဆိုင် KSL ကိုကျော်စိုးဆီမှာယူပါတယ်....။ မဝတ်ကျတော့ KSL နောက်ကျော ဒေါင့်ခန်းမှာဖွင့်ထားတဲ့ Queen's Land မှာယူပါတယ်...။ အဲခေတ်က ဘန်ကောက်ကို ကူးချီသန်းချီ ဘယ်သူမှ သွားမဝယ်နိုင်ကြသေးပါဘူး....။ 

နောက်ပိုင်း ကျွန်မကိုယ်တိုင် တာချီလိတ်ကိုဆင်းပြီးမယ်ဆိုင်ဖက်မှာ ဂျင်းဘောင်းဘီတို့ တီရှပ်တို့ကို လက်ကားသွားယူရပါတယ်....။ ကိုယ်က အဲဖက်က ဇာတိဖြစ်နေတာရယ် ထိုင်းဘာသာစကားကိုပြောနိုင်တာရယ်ကြောင့် အဝယ်ပိုင်းတာဝန်ကိုယူလိုက်ရပါတယ်....။ မယ်ဆိုင်ကိုသွားရင် ကျွန်မတို့ တာချီလိတ်နဲ့မယ်ဆိုင်ကို ဆက်ထားတဲ့ ချစ်ကြည်ရေးတံတားမှာ ဟိုဖက်ကမ်းသွားဖို့ လဝကမှာ လက်မှတ်ဖြတ်ရတယ်....။ တံတားပေါ်မှာ ကျွန်မ ရုတ်တရက်လူတစ်ယောက်ကို ဖြတ်ခနဲတွေ့ခဲ့လိုက်တယ်....။ ကျွန်မဆယ်တန်းအောင် ၁၉၉၃ ခုနှစ် အိမ်ခနပြန်တုန်းက တာချီလိတ် စင်တင်စားသောက်ဆိုင်တစ်ခုမှာ ခင်ခဲ့တဲ့ သီချင်းအဆိုကောင်းတဲ့ ကိုညီ့ကိုတွေ့လိုက်တာပါ....။ အဲအစ်ကိုက အင်းတိုင်းရင်းသား ချောလိုက်တာဆိုတာ စတွေ့တာနဲ့ ပျော်ဆင်း....။ ဒီနေ့ထိ သူ့လောက်ချောတဲ့ ယောကျာ်းမမြင်ဖူးသေးဘူး မြန်မာပြည်မှာ....။ အင်းသားပေမယ့် ဗမာနဲနဲစပ်တယ်လို့ ကိုညီကပြောပြဖူးတယ်...။ တကယ့်အင်းသားစစ်စစ်တွေဖြစ်တဲ့ ကိုယ်မြင်ဖူးတဲ့ ကိုလေး(လေးဖြူ)တို့ ကိုငဲကြီးတို့ဆို ဘယ်မှာချောကြလို့လဲ....။ ကိုညီလို့သေချာမှတ်မိလိုက်ပေမယ့် နှုတ်မဆက်လိုက်ပါဘူး လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ဆယ်တန်းအောင်ခါစ ချာတိတ်မလေးကို သူမှတ်မိဦးပါ့မလား....။ ဘာပဲဖြစ်ဖြစ် ဆယ်ကျော်သက်လေးမှာ ဆုံခဲ့ဖူးတဲ့ဘဝရဲ့ သိမ်းဆည်းထားရမယ့် အမှတ်ရမှုတစ်ခုပါပဲ....။


To Be Continued 


__________________
Revolution will prevail
မိုးငွေ့


Wednesday, 9 June 2021

အောက်မေ့သတိရမိပါတယ်.....

 



ဒီနေ့မနက်အိပ်မက်မက်တယ်....။ ကျွန်မ တက္ကသိုလ်တက်တုန်းက သူငယ်ချင်းနဲ့သူ့မိသားစုကို အိပ်မက်မက်တာ...။ အဲတုန်းက ကျွန်မက ဒုတိယနှစ် Zoology တက်နေတဲ့အချိန် သူငယ်ချင်းက Geography ပထမနှစ် သူတို့အိမ်က RC 3 ကြည့်မြင်တိုင်နဲ့ တစ်မှတ်တိုင်ပဲဝေးတာ....။ သူတို့အိမ်မှာ ကျွန်မ ခဏ ခဏ ထမင်းသွားစားခဲ့ဖူးတယ်....။ သူ့အဖေအမေနဲ့ရော အစ်မနဲ့ပါခင်တာ....။ သူတို့မောင်နှမက မြန်မာကရင်ကပြား ခရစ်ယာန်နှစ်ချင်းဘာသာဝင်တွေ....။ သူငယ်ချင်းရဲ့အဖေကတော့ မြန်မာ ဗုဒ္ဓဘာသာစစ်စစ် ... အန်ကယ်နဲ့အန်တီတို့က နားလည်မှုအပြည့်ရှိပြီး အိမ်ထောင်ရေး လူမှုရေး အေးအေးချမ်းချမ်းနဲ့ အတူဖြတ်သန်းနေထိုင်လာခဲ့ကြတဲ့သူတွေ....။ ခရစ္စမတ်နေ့တို့ ဆုတောင်းပွဲလုပ်တာတို့ဆို နှစ်တိုင်းသူတို့အိမ်မှာ သွားစားသောက်နေကျ....။ တစ်အိမ်လုံး သဘောအရမ်းကောင်းကြတယ်....။ သူတို့ အိမ်နားတဝင်းလုံး အမျိုးတွေပဲ အိမ်ဆောက်စုနေကြလို့ သူတို့အမျိုးတွေ တစ်ဝမ်းကွဲတွေနဲ့ပါ ကျွန်မနဲ့ခင်ကြတယ်....။ သူတို့အိမ်သွားလို့ ကျွန်မသတ်သတ်လွတ်စားတဲ့နေ့ဆို အန်တီက ကန်ဇွန်းရွက်ကြော် အာလူးကြော်တွေ လက်ဖက်သုပ်တွေလုပ်ပေးတတ်တယ်....။ အဲချိန်လေးတွေတောင် ပြန်လွမ်းသွားတယ်...။ ကျွန်မသူတို့နဲ့ အဆက်အသွယ်မရှိတော့တာ ဆယ့်ငါးနှစ် ဆယ့်ခြောက်နှစ်လောက်ရှိသွားပြီ....။ ထူးဆန်းတာက သူတို့ကို အိပ်မက်မက်ရင် အမြဲတမ်း မိသားစုဝင်တွေ စုံစုံလင်လင်ပါတယ်....။ ဒီနေ့မနက် အိပ်မက်ထဲမှာတော့ သူငယ်ချင်းအိမ်ကို ကျွန်မဝင်သွားလိုက်တာနဲ့ သူ့အမေက ကျွန်မကိုလဲမြင်ရော "အိုး!!! အန်တီရဲ့ငါးကလေးနဲ့မတွေ့တာကြာပြီနော်" ဆိုပြီး ကျွန်မကိုလာပွေ့ဖက်ထားတာတဲ့ ဘာလို့ ကျွန်မကိုငါးကလေးလို့ခေါ်လဲလို့ ...နောက်တော့ အော်!!! ကျွန်မက မိန်ရာသီဖွား ငါးနှစ်ကောင်သင်္ကေတမို့လို့ခေါ်တာဖြစ်မယ်လို့ အိပ်မက်ထဲမှာတွေးလိုက်သေးတယ်.....။ 

ခုဆို အဲသူငယ်ချင်းလဲ မိန်းမရလို့ သူ့သားလေးတောင် တော်တော်ကြီးနေပြီ သူ့အစ်မရဲ့သမီးလေးဆို ခုအသက် ၁၈နှစ်ကျော်နေလောက်ပြီ....။ အဲကလေးမလေးနာမည်က Noe Noe တဲ့ ကျွန်မနဲ့သူတို့မိသားစု နောက်ဆုံးအဆက်သွယ်ရှိတဲ့အချိန် အဲကလေးလေးက သုံးနှစ်သမီးလေးလောက်ပဲရှိဦးမှာ....။ အဲကလေးလေးက ကျွန်မငယ်ငယ်ကပုံနဲ့သိပ်တူတာ.....။ အစ်မ ကိုယ်ဝန်ရှိတုန်းက ကျွန်မက သူတို့အိမ် အမြဲဝင်ထွက်စားသောက်နေတာကြောင့် ကျွန်မကို မြင်ပါများပြီး မွေးလာလို့ ကျွန်မငယ်ပုံနဲ့တူတာဖြစ်မယ်လို့ ...။ အစ်မကို ကျွန်မငယ်ပုံလေးပြတော့ သူတောင်အံ့အားသင့်သွားခဲ့ရသေး....။ ခုတော့ သူတို့မိသားစုလဲ အိမ်ပြောင်းသွားပြီကြားတယ် အဝေးကြီးတော့မဟုတ်ပါဘူး အဲကရင်ခြံနားတစ်ဝှိက်တွေမှာပါပဲ....။ မတွေ့တာကြာပြီ အိပ်မက်ကနိုးလာတော့ အားလုံးကို အရမ်းသတိရသွားတယ်...။ ဒီပို့စ်ရေးရင်းနဲ့ သတိရလို့ မျက်ရည်လည်မိတယ်....။ ခုလိုချိန်မှာ သူတို့ မိသားစု အေးချမ်းစွာ ကျန်းမာစွာရှိနေပါစေလို့ ဆုတောင်းပါတယ်....။ 

ကျွန်မညတိုင်း ဘုရားရှိခိုး ဩကာသရွတ် ငါးပါးသီလခံယူပြီးရင် ခင်ပွန်းကြီးဆယ်ပါးနေ့စဉ်မပြတ်ကန်တော့ဖြစ်တယ်....။ သူတို့မိသားစုလဲ ခင်ပွန်းကြီးဆယ်ပါးကန်တော့တဲ့ထဲမှာ ဆယ်ပါးမြှောက်ဖြစ်တဲ့ "ထမင်းတလုတ် ရေတမှုတ်ပေးကမ်းထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်" ထဲမှာပါတယ်လေ... ကျွန်မ သူတို့အိမ်မှာ ထမင်းတစ်လုတ်မက စားခဲ့ဖူးတာကိုး....။ 

လူတွေဟာ ငယ်ကအကြောင်းရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေပြီဆို ဒုတိယအရွယ်ရဲ့နှောင်းပိုင်းကို ရောက်ပြီဆိုတာဖော်ပြတာပဲ...။ အသက်ကြီးလေလေ ငယ်တုန်းကအကြောင်းပြောလို့ကောင်းလေပေါ့ ပြန်မရနိုင်တော့တဲ့အချိန်လေးတွေကို ....။ ကဲ... အန်တီမိုးငွေ့လို့ခေါ်တတ်တဲ့ ထာဝရပရိတ်သတ်လေးလည်း ဖတ်ပြီးပြုံးနေလောက်ရော့ပေါ့...။ 


မိုးငွေ့


Saturday, 2 December 2017

သီချင်းတစ်ပုဒ်ရဲ့ခေါ်ဆောင်ရာ.....



ကျွန်မ Iphone ထဲမှာ Music FM ဆိုတဲ့ Meet awesome music  ရေဒီယိုလေးထည့်ထားတယ်...။ အဲဒီရေဒီယိုမှာ ဂီတအမျိုးအစားမျိုးစုံပါတယ် Jazz R&B Classic French Rock Pop Country Blues Electronics Folk Emo Hip Hop Metal Korean Japan Dancing စသဖြင့် ပေါ့...။  ကျွန်မက R&B ကြိုက်တော့ သူ့ထဲကိုမွှေနှောက်ရှာပြီး သီချင်းတွေနားထောင်ဖြစ်တယ်...။ များသောအားဖြင့် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် နှစ်နှစ်ဆယ်က သီချင်းတွေကို ပြန်ရှာဖြစ်တယ်..။ Boyz II Men အဖွဲ့ကိုရှာကြည့်တော့ 1997 98 လောက်က တက္ကသိုလ်တက်တုန်း တော်တော်များများနားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေကို ပြန်ဒေါင်းပြီး နားထောင်မိတယ်..။ အဲဒီခေတ်က Boy Band တွေမှအများကြီး... All 4 One, Back Street Boy, 98ဒီဂရီ, Boy Zone  အများကြီးမှအများကြီး...။ သူတို့အဖွဲ့တွေ အားလုံးပေါက်ကြတယ်...။ အဲတုန်းက ရှစ်ပေစလောင်းတွေ အိမ်မှာတပ်ပြီး ကြည့်ကြတော့ MTV ကို ကျွန်မက အချိန်အားတိုင်း ကြည့်ဖြစ်နေတတ်လို့ သူတို့သီချင်းတွေကို Up to Date သိနေခဲ့တာ..။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို အခွေဝယ် လက်ရွေးစင်ပြန်ကူးအဲလိုမျိုးတွေ ကိုယ့်ဘာသာကိုယ် အိမ်ကစက်နဲ့ လုပ်ခဲ့ဖူးတယ်...။

ကျွန်မ ဒီရေဒီယိုထဲက သီချင်းဟောင်းတွေပြန်နားထောင်ရင်း Boyz II Men ရဲ့  Four Seasons of Loneliness အပြင် Water Runs Dry, I'll make love to you, First Love နဲ့ Mariah Carrey featuring ပါဝင်သီဆိုထားတဲ့ One Sweet Day စတာတွေကိုလည်းပြန်နားထောင်ဖြစ်ခဲ့တယ်...။

ဒီသီချင်းနဲ့ ပတ်သက်ပြီး ကျွန်မ တက္ကသိုလ်တုန်းက Crush ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို နည်းနည်းပြောချင်တယ်...။ ကျွန်မ ဒုတိယနှစ်ရောက်တော့ ကျွန်မတို့ RC3 ကို နောက်ထပ် Fresher လေးတွေထပ်ရောက်လာခဲ့တယ်...။ ကျွန်မ မင်းသားညီနန္ဒ နဲ့ စိန်ယာ့ဒ် အကြောင်းကို ဒီမှာ နဲ့ ဒီမှာ တစ်ခါရေးဖူးခဲ့ပါတယ်...။ ကျွန်မ Crush တဲ့ ကောင်လေးက ရုက္ခဗေဒမေဂျာက စိန်ယာ့ဒ်နဲ့ သူငယ်ချင်းတွေ..။ သူ့နာမည်က အောင်ကိုကိုအေး နာမည်ကသာတုံးတာ လူကအလန်း အဲဒီခေတ်ကတည်းက သူဆံပင်ပုံက ခုခေတ်စားနေတဲ့ One way ကေ...။ ကျောင်းလာရင် ဂျင်းပင်နဲ့ စတစ်ကာပုံဆန်းတီရှပ်နဲ့ ကျောပိုးအိတ်မျိုးစုံနဲ့ ရှူးဖိနပ်နဲ့ ရှိုးအပြည့်နဲ့လာတာ..။ တခါတလေ Dr Martin ဖိနပ်တွေဘာတွေတောင်စီးတတ်သေးတာ..။ အသားညိုညို မျက်ခုံးကောင်းကောင်း မျက်နှာကျရှည်ရှည် မေးစေ့နည်းနည်းကောက်တယ်... နားကွင်းကလည်းတစ်ဖက်ပါသေး...။  အောင်ကိုကိုအေးက ကျွန်မတို့လို့ သိပ္ပံမဟုတ်ဘူး သူက ဝိဇ္ဖာ ပထဝီမေဂျာက...။ သူတို့အတန်းက ကျွန်မတို့နဲ့ နည်းနည်းဝေးတယ်... ဝင်ဝင်ချင်း ဆင်ဝင်ပေါက်ကျော်တာနဲ့ ညာဖက်ခြမ်း ဆရာများနားနေဆောင်နဲ့နီးတယ်..။ ကျွန်မတို့ Chemistry Practical လုပ်တဲ့ အခန်းနဲ့လည်းနီးတယ်...။  အဲ... သူက ကျွန်မတို့ အတန်းရှေ့မှာ ရှိတဲ့ စိန်ယာဒ့်တို့ဆီလာရင်းနဲ့ သူ့ကိုတွေ့ဖူးတာ...။ သူ့ကိုသူငယ်ချင်း အဖြစ်မိတ်ဆက်ကြမယ်လို့ ကြံကြတော့ ကျွန်မတို့ ကျောင်းမှာ ရံပုံငွေပွဲအတွက် ကြာဇံချက်စားဝယ်စားလို့ရတဲ့ လက်မှတ် ကျွန်မလက်ထဲရှိနေခဲ့တယ်...။ အဲဒီလက်မှတ်နဲ့ အဲကောင်လေးကို ကြာဇံချက်စားဖို့ ဖိတ်လိုက်တယ်...အယ်လဲ :P ...။ အဲဒါနဲ့ ကျွန်မတို့အဖွဲ့နဲ့ သူတို့အဖွဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်...။ သူတို့အဖွဲ့မှာက စိန်ယာ့ဒ်ရယ် ဆွီတီရယ် အောင်ကိုကိုအေးရယ်...။  သူက သူ့နာမည်မကြိုက်လို့ သူ့ကိုယ်သူ သူရိန်အောင်ဆိုပြီးပေးထားတဲ့ နာမည်နဲ့ပဲ ကျွန်မတို့ကိုမိတ်ဆက်တယ်..။ ဆိုတော့ သူ့ကို ကျွန်မက သူရိန်အောင်လို့ခေါ်ရတာပေါ့..။ သူကလည်း ကျွန်မနဲ့စကားပြောရင် သူ့ကိုယ်သူ ကျွန်တော်လို့ပြောတာထက် သူရိန်လို့ပဲ သူ့ကိုသူပြောတယ်...။

ကျွန်မ သူ့ကို Crush တယ်ဆိုတာကလည်း ကျွန်မတို့တစ်ကျောင်းလုံးမှာ သူ့စတိုလ်က အမိုက်ဆုံးကိုး...။ သူတို့အဖွဲ့ထဲက ဆွီတီလည်းသူရိန့်လို စတိုင်လ်ပဲ...။ သူက ဆရာဝန်သား ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံး ရည်စားရှိတယ် ခရစ်ယာန်ဘာသာဝင်ပဲ လမ်းမတော်စိန်ဂျွန်းမှာ Church တက်တယ်...။ သူရိန်ရော ဆွီတီရော အသားညိုတယ် အပြုံးချိုတယ် စကားပြောကောင်းတယ်...။ ပြီးတော့ သူရိန်က Dancer တစ်ယောက်လည်းဟုတ်တယ်...။ မင်းသားညီနန္ဒ သူတို့အဖွဲ့နဲ့ လာမိတ်ဖွဲ့တာ သူ့ဆီက အကသင်ချင်တဲ့ ရည်ရွယ်ချက်နဲ့...။ နောက်တော့ သင်ဖြစ်မသင်ဖြစ်တောင်မသိတော့ဘူး...။ ကျွန်မတို့ သူငယ်ချင်းတွေဖြစ်သွားတော့ သူ့အစ်မရှိတဲ့ မိန်း(ရန်ကုန်တက္ကသိုလ်) ထဲကို အတူသွားလည်ဖြစ်ကြသေးတယ်..။ သူ့အစ်မ မဒါလေးက အင်္ဂလိပ်မေဂျာကဆိုတော့ ကျွန်မတို့ ဦးချစ်လက်ဖက်ရည်ဆိုင်တွေ ဘာတွေထိသွားထိုင်ဖြစ်ကြသေးတယ်..။ ကျွန်မတို့ ကျောင်းမှာ ဗော်လီဘောပြိုင်ပွဲလုပ်တော့ ကျွန်မတို့တစ်ဖွဲ့ကြီး ဦးပြောင်ကြီးထမင်းဆိုင်ကနေထိုင်ကြည့်ကြတယ်...။ ကွင်းက ကန်တင်းရှေ့မှာပဲလေ..။ အဲနေ့တုန်းက စည်သူ(ညီနန္ဒ)က နေကြာစေ့အထုပ်ကြီး တစ်ထုပ်ယူလာတော့ ဗော်လီဘောပွဲကြည့်ရင်း အားလုံးနေကြာစေ့ကိုက်ကြတာ..။ သူရိန်က နေကြာစေ့စားတာများပြီး သွေးကျရော သူ့ခင်ဗျာချွေးစေးတွေပျံပြီး မူးလာတာ အဲဒါနဲ့ သူအိမ်ပြန်လိုက်ရတယ်...။ သူ့အိမ်က ကျောင်းနဲ့ နှစ်မှတ်တိုင်ထဲဝေးတာ..။ ကျောင်းရှေ့ ဟုန်းလမ်းပြီးရင်  သီတာရုံမှာဆင်းရတယ်...။ သူက ဦးလူနီလမ်းထဲက ကရင်ခြံမှာနေတာ..။ ကျွန်မလည်း ၃၃ကားစီးတော့ သူ့ကို အိမ်ထိပြန်လိုက်ပို့လိုက်တယ်...။ နောက်တော့ သူ့မိသားစုနဲ့ ကျွန်မ နှစ်တော်တော်ကြာတဲ့အထိ ခင်မင်ရင်းနှီးသွားကြတယ်...။ သူတို့က မောင်နှမနှစ်ယောက်တည်း သူ့အဖေက Total ရေနံကုမ္ပဏီက အင်ဂျင်နီယာ အမေကတော့ အိမ်ရှင်မပဲ..။ အန်ကယ်က ဗုဒ္ဓဘာသာ အန်တီမရီးနာက ခရစ်ယာန် သူရိန်တို့မောင်နှမကတော့ ခရစ်ယာန်အမျိုးတွေကြားကြီးပြင်းလာတော့ နှစ်ယောက်စလုံး ခရစ်ယာန်နှစ်ခြင်းတွေ ယူကြတယ်..။

နောက်ပိုင်း ကျွန်မသူတို့မိသားစုနဲ့ ရင်းနှီးသွားတော့ သူတို့အိမ်မှာ ဆုတောင်းပွဲလုပ်တဲ့အခါ အလှူလုပ်တဲ့အခါ ခရစ္စမတ်ပွဲလုပ်တဲ့အခါတိုင်း ရောက်ဖြစ်တယ်....။ အန်တီမရီးနာရော အန်ကယ်ဦးအောင်အေးရော သိပ်သဘောကောင်းကြတယ်...။ အန်တီဆို ကျွန်မသူတို့အိမ်ရောက်တိုင်း ထမင်းအမြဲကျွေးတယ်...။ ဘာဟင်းပဲချက်ချက် ကျွန်မရောက်တာနဲ့ ထမင်းစားပြီးမှပြန်ရတယ်..။ တခါတလေ ကျွန်မသက်သတ်လွတ်စားတဲ့နေ့နဲ့တိုက်ရင်တောင် စိတ်ရှည်လက်ရှည် ကန်စွန်းရွက်ကြော် ကျွေးတတ်သေးတယ်....။ တခါက မေဂျာတွေ ဘောလုံးကန်ပြိုင်ကြတာ မိန်းထဲကကွင်းမှာ သူရိန်တို့ ပထဝီနဲ့ ရုက္ခဗေဒနဲ့ကန်တာ ကျွန်မက ကိုယ့်မေဂျာမဟုတ်ဘဲ မနက်စောစောစီးစီးသွားအားပေးတော့.. ကျွန်မတို့ Zool အတန်းရှေ့က Bot ကျောင်းသူတချို့က ကျွန်မကို ဘယ်သူ့လာအားပေးသလဲဆိုပြီး စပ်စုကြသေးတာ..။ ကျွန်မလာအားပေးတာက ဟိုး...ဂိုးဒိုင်နားက ဘောင်းဘီအနားစကိုဆွဲတင်ပြီး ဘောဖမ်းဖို့ တပြင်ပြင်လုပ်နေတဲ့ အသားညိုညိုနဲ့ ကောင်လေးကိုလို့...။ အဲဒီနေ့က သူတို့ ပထဝီမေဂျာက နိုင်သွားတယ်...။ ကျွန်မကို သူတို့မေဂျာနိုင်လို့ အဲဒီနေ့က မုန့်လိုက်ကျွေးသေးတယ်...။ 

သူရိန်နဲ့ကျွန်မ 1997 ကနေ 2003-4 အထိ အဆက်သွယ်ရှိကြသေးတယ် ...။ ကျွန်မတို့ 2000ခုနှစ်ကျောင်းပိတ်သွားတော့ သူ မော်ဒယ်လ် ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်...။ နောက် သီချင်းတစ်ခွေထုတ်သေးတယ်..။ သူတို့အဖွဲ့နာမည်တောင် မမှတ်မိတော့ဘူး...။ ပိုင်ဇေရဲထွန်းလုပ်တဲ့ ဆီဒိုးနားရှိုးပွဲမှာ သူတို့ Dancer အဖွဲ့လာကတော့ ကျွန်မတို့ ပြန်တွေ့ဖြစ်ကြတယ်..။ အဲဒီပွဲမှာ သူက ကျွမ်းထိုးရင်း အကျမတော်လို့ ခါးကျောညှပ်သွားတာ ဆေးရုံတက်လိုက်ရတယ်...။ ဆေးရုံပေါ်မှာ ခဲဆွဲတာလုပ်ရတယ်...။ သူ့ရည်းစားဆိုတဲ့ ကောင်မလေးနဲ့သူက အဆင်မပြေကြဘူး...။ သူဆေးရုံတက်တော့ ကောင်မလေးက တစ်ခါမှတောင်လာမကြည့်ဘူး..။ ကျွန်မကသာ ကျွန်မသူငယ်ချင်းဆေးရုံကုတင်ဘေးမှာ နေ့တိုင်းလိုလိုရှိနေခဲ့တာ...။ အန်တီမရီးနာက နေ့လည်ထမင်းချိုင့်လာပို့ရင် ကျွန်မအတွက်ပါယူယူလာတတ်တယ်...။ ကျွန်မတို့ ထမင်းအတူစားကြတယ်..။ သူ့ခြေထောက်တွေက ခဲဆွဲထားတာကြာတာ့ ခဲခဏဖြုတ်ရင် အညောင်းသက်သာအောင် သူ့ခြေသလုံးတွေကို ကျွန်မနှိပ်ပေးတယ်...။ ကျွန်မကိုသူက ဘာလို့ သူ့ကို ဒီလောက်တောင်ဂရုစိုက်ရတာလဲလို့မေးတယ်...။ “နင်က ငါ့ရဲ့ Crush ဖြစ်နေလို့ပေါ့” လို့ကျွန်မစိတ်ထဲကပဲ ဖြေခဲ့တယ်...။ သူကျွန်မစိတ်ကို ဖတ်တတ်နေပါပြီ...။ ကျွန်မကို သူ သူငယ်ချင်းတစ်ယောက်ထက် ပိုပြီးလည်း အခွင့်အရေးမယူခဲ့ပါဘူး...။ နောက်တော့ သူ အင်္ဂလန်ကိုထွက်သွားခဲ့တယ်...။ အဲဒီနောက် ကျွန်မတို့မဆုံဖြစ်ကြတော့တာ ဒီနေ့ထိပဲ...။ အစ်မဒါလေးနဲ့တော့ လမ်းမှာကလေးကျောင်း ကြိုရင်းနဲ့ တစ်ခါ နှစ်ခါ တွေ့တတ်တယ်...။ ခု သူရိန်က လွန်ခဲ့သောနှစ်များစွာထဲကတည်းက အင်္ဂလန်က ကရင်မလေးတစ်ယောက်နဲ့ လက်ထပ်ပြီး သားကလေးတစ်ယောက်တောင်ရနေပြီ...။ အရင်လို ကျွန်မ Crush နေတဲ့ ကောင်လေးပုံမဟုတ်တော့ဘူး နဖူးပြောင်ပြီး ဝတုတ်ကြီးဖြစ်နေပြီ...။ 

သီချင်းတင်ရင်း ဇာတ်ကြောင်းပြန်တာရှည်သွားတယ်...။ ဒီသီချင်းလေးတွေကို ဟိုတစ်ချိန်က ကျွန်မ Crush တဲ့ကောင်လေးနားထောင်ဖို့ဆိုပြီး လက်ရွေးစင်ခွေတွေ တစ်ခွေပြီးတစ်ခွေကူးပေးခဲ့ဖူးတဲ့ သီချင်းတွေပေါ့..။ သူကိုယ်တိုင်မောင်းခဲ့တဲ့ EXIV ကားထဲ ကျွန်မပေးတဲ့ သီချင်းသံတွေ လွင့်ပျံခဲ့ဖူးတယ်ပေါ့...။


မိုးငွေ့

Monday, 15 May 2017

Jerry, Marvin and Talbot .....





ကျွန်မ ညနေခင်းတစ်ခုမှာ ဈေးဝယ်မုန့်ထွက်စားရင်း Talbot နဲ့တူတဲ့ ကောင်လေးတစ်ယောက်ကို အမှတ်မထင်တွေ့ခဲ့လိုက်တယ်...။ Talbot ဆိုတာ ကျွန်မ တက္ကသိုလ်မတက်ခင် ဆရာကြီးလူထုဦးစိန်ဝင်းရဲ့ FMA မှာ အင်္ဂလိပ်စာသင်တန်းစတက်တုန်းက ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်းတစ်ယောက်ပါ..။ သူ့ကို သင်တန်းပြီးတော့ တစ်ခေါက်လား နှစ်ခေါက်လားပဲ လမ်းမှာထပ်တွေ့မိတယ်..။ တွေ့ခဲ့ရတာလည်း လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှစ်နှစ်တောင်မကတော့ဘူးထင်တယ်..။ သူက ကျောင်းတက်တုန်းကပိန်ပိန်ရှည်ရှည် ကျွန်မနဲ့လမ်းမှာ ရုတ်တရက်ဆုံတော့ ဝတုတ်ကြီးဖြစ်နေပြီ အိမ်ထောင်ကျနေပြီ သားကလေးတစ်ယောက် ဖအေဖြစ်နေပြီတဲ့..။

Talbot အကြောင်းပြောရင် Jerry နဲ့ Marvin ကိုလည်းထားခဲ့လို့မရဘူး..။ သူတို့သုံးယောက်စလုံးနဲ့ ကျွန်မ FMA စတက်တော့ ပထမဆုံးသူငယ်ချင်းဖြစ်ခဲ့တာ..။ Talbot က ကြည့်လိုက်ရင် အမြဲပြုံးပြုံး ပြုံးပြုံးနဲ့ရှိနေတတ်တဲ့ ကောင်ကလေး.. အသားညိုညို မျက်ခုံးမျက်ဖန်ကောင်းသူ...။ စကားပြောရင် လေးလေးကန်ကန်နဲ့ သဘောကောင်းသူ..။ သူက ပုစွန်တောင်သားဆိုတော့ တက္ကသိုလ်တက်တော့ သူက RC1 ဗိုလ်တစ်ထောင်ကျောင်းမှာ တက်ရတယ်..။ Jerry လည်း RC1 ကျောင်းသားပဲ..။ သူက လေးတန်းကျောင်းသားကလေး ဘဝကတည်းက ဆရာကြီးလူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာတက်နေပြီ..။ သူ့အမေက ဆရာကြီးတို့အိမ်အောက်ထပ်မှာ ထမင်းရောင်းတော့ သူ့ကို ဆရာကြီးဆီမှာ ကျောင်းအပ်ထားခဲ့လိုက်တာ..။ ဒါကြောင့်သူကတော့ အင်္ဂလိပ်စာမှာဆရာကြီး စကားပြောလည်းကျွမ်းကျွမ်းကျင်ကျင်ရတယ်....။ ကျောင်းတက်ရင်း Tourist Guide လည်းလုပ်တယ်....။ Marvin ကတော့ RC2 ကျောင်းသား... ဓါတုဗေဒက..။ ကျွန်မသူငယ်ချင်းတွေက ကျောင်းပေါင်းစုံကဆိုတော့ RC3 ကျောင်းသူ ကျွန်မက သူတို့ကျောင်းတွေဆီကို အလှည့်ကျ သွားလည်ခွင့်ရခဲ့တာတော့ ဒါကြောင့် ကျွန်မ တက္ကသိုလ်ပေါင်းစုံကိုရောက်ဖူးခဲ့တယ်.. ရန်ကုန်စက်မှုတက္ကသိုလ်ကအစပေါ့..။

ကျွန်မ ငယ်ငယ်တုန်းက သူငယ်ချင်းအကြောင်းတွေကိုမရေးဖြစ်တာကြာပြီ သူတို့ကိုလည်း သတိမရဖြစ်တာကြာပြီလေ..။ တခါတလေ တိုက်ဆိုင်မှုရှိရင် တော်တော်ကြီးကိုမေ့လျော့နေခဲ့တဲ့ သူတွေလည်း အတွေးထဲပြန်ဝင်လာတတ်တယ်..။ အဲခါမျိုးဆို ကျွန်မက ငယ်သူငယ်ချင်းအကြောင်းတွေရေးစရာရပြီဆိုပြီး ကိုယ့်ဘာသာတစ်ယောက်ထဲ ကြိတ်ဝမ်းသာတတ်နေသေးတယ်..။ ဒီပို့စ်လေးဖြစ်လာရတာ  Talbot နဲ့တူတဲ့ လူတစ်ယောက်ကို လမ်းမှာတွေ့ရင်းဖြစ်လာရတယ်ဆိုပေမယ့် သူ့အကြောင်းကပြောစရာ သိပ်များများစားစားမရှိပါဘူး..။ ကျွန်မတို့တွေ FMA မှာ တက်ရင်း စကားတွေပြောကြ အကြောင်းအရာတွေဆွေးနွေးငြင်းခုံကြ BC စာကြည့်တိုက်ကို စာအုပ်သွားငှားဖတ်ကြ လက်ဖက်ရည်ဆိုင်ထိုင်ကြနဲ့ အဲဒီတုန်းက ကျောင်းသားဘဝကို ပြည့်ပြည့်၀၀ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြတာပါ..။

Marvin ကိုတော့ မတွေ့ဖြစ်တာနှစ်အတော်ကြာပြီ..။ လွန်ခဲ့တဲ့ တစ်လကျော်နှစ်လလောက်ကတော့ ကျွန်မတို့အလုပ်နားက ကော်ဖီဆိုင်မှာ သူ့ကိုပြန်တွေ့ခဲ့သေးတယ်..။ ကျွန်မက ဘဏ်ကိုအသွား ကော်ဖီဆိုင်ရှေ့ကလျှောက်တော့ သူကလှမ်းခေါ်တာ..။ ကျွန်မကို သူသောက်နေကျ Americano ပဲမှာပေးရမလားတဲ့..။ တကယ်တော့ Americano ကော်ဖီကို စသိခဲ့တာ Marvin ဆီကပါ..။ ကျွန်မ ကော်ဖီအကြောင်း နကန်းတစ်လုံးမသိသေးတဲ့အချိန် ဟိုချိန်တုန်းက Jerry နဲ့ Marvin နဲ့ ကော်ဖီဆိုင်ထိုင်တော့ ဦးမောင်(ရုပ်ရှင်မင်းသားဦးကျော်သူ)တို့ စကော့ဈေးမှာစဖွင့်တဲ့ Living Color Boutique နဲ့တွဲဖွင့်ထားတဲ့ Cafe Aroma မှာထိုင်ဖြစ်ကြရင် Marvin က အမြဲတမ်း အမေရိကန်နိုမှာသောက်တယ်..။ ကျွန်မက သူမှာတာကိုကြည့်ပြီး အဲဒီကော်ဖီကိုမှာသောက်တတ်ခဲ့တာ ..။ တကယ်တမ်း Cafe Aroma ဆိုင်က ကျွန်မအကြိုက်ဆုံးက Ice Latte ..။ ခုချိန်ထိ သူတို့ဆိုင်လောက်ကောင်းတဲ့ Ice Latte ကိုမတွေ့သေးဘူး...။

Marvin အကြောင်းပြောရင်း ကော်ဖီကြော်ငြာဝင်သွားတယ်..း)  Marvinက ကျောင်းပြီးတော့ ဓါတ်ပုံရိုက်တဲ့ လိုင်းထဲဝင်သွားတယ် သူ့အဖေကိုယ်တိုင်ကလည်း ဓါတ်ပုံဆရာကိုး..။ ကျောင်းမှာကတည်းက ကျောင်းကပွဲ မောင်မယ်သစ်လွင်ပွဲဆို သူပဲ ဒိုင်ခံရိုက်တာ..။ Marvin က အခုနာမည်ရနေတဲ့ အေးဇော်မိုး(စက်မှု)ရဲ့ အစ်ကို..။ သူတို့မှာညီအစ်ကိုသုံးယောက်ရှိတယ် အားလုံး ဓါတ်ပုံပညာနဲ့ပဲအသက်မွေးကြတယ်..။ Marvin က မြန်မာတိုင်းမ်ဂျာနယ်မှာ ဓါတ်ပုံသတင်းထောက်လည်း ဝင်လုပ်သေးတယ်..။ ကျွန်မကျောင်းပြီးလို့ အလုပ်လုပေ်တာ့ ကျွန်မတို့ ကုမ္ပဏီက ေြက်ာငြာကိစ္စ ပစ္စည်းမိတ်ဆက်ပွဲအတွက် ဓါတ်ပုံရိုက်တဲ့ကိစ္စတွေမှာ သူတို့ညီအစ်ကိုတွေ့နဲ့လုပ်ဖြစ်ခဲ့သေးတယ်..။ နောက်မှသာ အဆက်သွယ်ပြတ်သွားခဲ့ကြတာ..။

ဒါနဲ့ အလုပ်နားက ကော်ဖီဆိုင်မှာ Marvin နဲ့ပြန်ဆုံတော့ ပျောက်ချက်သားကောင်းနေတဲ့ Jerry အကြောင်းအတင်းတုတ်ကြရော..။ ဘာလဲဆိုတာတော့ ဒီမှာထည့်မရေးတော့ဘူး နိုင်ငံရေးတွေပါလို့..။ Marvin အိမ်ထောင်ကျတော့ သူ့အမျိုးသမီးလေး ကလေးမွေးလို့ သွားကြည့်ဖြစ်သေးတယ် အဲထိအဆက်သွယ်ရှိသေးတယ်..။ Marvin အမျိုးသမီး ဂျူဂျူးက ဒေါင်ကောင်းကောင်း ချောချောလေး သူနဲ့တောင်မလိုက်ဘူး...။ Jerry အမျိုးသမီးတော့မတွေ့ဖူးဘူး... သူမင်္ဂလာဆောင်တုန်းက မသွားဖြစ်လိုက်ဘူး..။ သူ့သမီးလေးပုံတော့ တွေ့ဖူးတယ် ချစ်စရာလေး..။ ကျွန်မတောင်စလိုက်ပါသေး သမီးမွေးတယ်ဆိုတာ အဖေတွေဝဋ်လည်ဖို့လို့...။

ကျွန်မတို့ အင်္ဂလိပ်စာသင်တန်းတက်ရင် ဆရာကြီးက နာမည်ပေးသိပ်ကောင်းတာ ကျောင်းသားတစ်ယောက်ကို သူ့မြန်မာနာမည်ကိုကြည့်ပြီး အင်္ဂလိပ်နာမည်ပေးတတ်တယ်..။ Marvin ကသူ့မြန်မာနာမည်မှာ “မ”ပါတော့ “M”နဲ့စတဲ့နာမည်ပေးတယ်..။ Jerry ကတော့ Tom and Jerry ကာတွန်းကားထဲက ကြွက်ကလေးနဲ့တူလို့ ဆရာကြီးအဲလိုပေးလိုက်တယ်ထင်တယ် သူ့မြန်မာနာမည်နဲ့ဘာမှမဆိုင်လို့လေ..။ Talbot လည်းတူတူပဲ  သူ့မြန်မာနာမည်က “သ”နဲ့စတာ..။ အဲဒီနာမည်တွေအကြောင်း ကျွန်မ ဒီပို့စ်မှာ တစ်ခါရေးဖူးပါတယ်..။

ငယ်တုန်းက သူငယ်ချင်းအကြောင်းပြန်ရေးရတာ ပျော်တယ်..။ ကျောင်းတက်တုန်းကအချိန်တွေကို ပြန်ရောက်သွားသလိုပဲ...။ နောက်ထပ် သူငယ်ချင်းတွေကို သတိရဖြစ်သေးရင်လည်း လာပြောပြဦးမယ်နော်..။


မိုးငွေ့


Thursday, 19 April 2012

လင်းနပ်စ်.....




အဲဒီနေ့တုန်းက လင်းက ကျွန်မကိုစာအုပ်ပြပွဲသွားဖို့ သူကိုယ်တိုင်ကားမောင်းပြီး လာခေါ်ခဲ့တယ်.....။ ရန်ကုန်တက္ကသိုလ် စိန်ရတုဝင်းထဲမှာ လုပ်တဲ့ စာအုပ်ပြပွဲပါ....။ စာအုပ်ပြပွဲကို သင်တန်းအတွက် အထောက်အကူ အဘိဓာန်စာအုပ်သွားရှာချင်လို့တဲ့....။ စာအုပ်ပြပွဲလျှောက်ကြည့်ပြီးတော့ ကျွန်မတို့ ကန်တော်ကြီးပဲလေ့စ် မြေအောက်ခန်းက ဟော့ရှော့ကလပ်မှာ ဒေးကလပ်ရှိလို့ ရောက်သွားခဲ့ကြတယ်...။ ဒေးကလပ်ဆိုတာ ဘာမှန်းကျွန်မ မသိဘူး အရင်ကလည်း တခါမှမရောက်ဖူးဘူး....။ အဲဒီရောက်တော့ လင်းက လက်မှတ်နှစ်စောင်ဝယ်ပြီးဝင်သွားကြတယ်....။ ဒီနေ့က ညီညီတာလုပ်တဲ့ပွဲတဲ့....။ ကိုမျိုးကျော့မြိုင် Unplugged ပါတယ်....။ အထဲရောက်တော့ မီးရောင်မှိန်ဖျော့ဖျော့အောက်မှာ ကိုမျိုးကျော့က “မယ်မဒီလေးလားမှားမိတယ်” ဆိုပြီး ဟောလိုဂီတာလေးနဲ့ဆိုနေတယ်....။ အကဝိုင်းထဲမှာ ကနေတဲ့သူတွေလည်းအပြည့်ပဲ...။ လင်းက ကျွန်မကိုအကကြမ်းပြင်ပေါ်ခေါ်သွားတယ် ကျွန်မမှမကတတ်တာကို...သူကတာကိုပဲ ရပ်ကြည့်နေလိုက်တယ် ကိုမျိးကျော့သီချင်းကို နားထောင်နေလိုက်တယ်...။ အဲဒီခေတ်ကခုခေတ်လို Day Club လို့မခေါ်ကြဘူး Tea Party လို့ခေါ်တယ်..။

ကျွန်မနဲ့လင်းခင်တာကြာပါပြီ ထူးထူးဆန်းဆန်းဒီနေ့ သူ့ကောင်မလေးမပါဘဲ ကျွန်မကိုလာခေါ်ပြီး ဘာမပြောညာမပြောနဲ့သူသွားချင်တဲ့ နေရာတွေခေါ်သွားပြီး အိမ်ပြန်ပို့တယ်...။ ည ရှစ်နာရီလောက်ကျတော့ လင်း”မေမေဆီကဖုန်းလာတယ်...။ လင်းမိန်းမခိုးပြေးသွားလို့တဲ့....။ ဘုရားရေ.....နေ့လည်တုန်းကမှာ ကျွန်မနဲ့လျှောက်သွားနေတဲ့ကောင်က သူမိန်းမခိုးဖို့အစီစဉ်ရှိတယ်လည်းပြောပြမထားပါဘူး.....။ ခါတိုင်းဆို သူ့ကောင်မလေးနဲ့ ဘယ်လိုဘယ်ဝါ စကားများကြသည်ဆိုပြီး ညညဆို ဖုန်းနဲ့အမြဲရင်ဖွင့်နေကျပါ.....။ အန်တီကစိတ်ပူလို့ လင်းဆီကဖုန်းရရင် သူ့ပြန်ပြောပေးပါလို့ပြောပြီးဖုန်းချသွားတယ်.....။ တကယ်ဆို လင်းက အိမ်ထောင်ပြုဖို့တော်တော်ကြီးကိုစောလွန်းပါသေးတယ်....။ ခုမှဆယ့်ရှစ်နှစ်တောင်ပြည့်သေးရဲ့လားမသိ လင်းအရမ်းကို ငယ်သေးတယ်ဆိုတာကိုတော့ သိတယ်လေ......။ ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်ဖို့စောင့်နေတဲ့အချိန်......။ ဘယ်မိဘမဆို နှမြေသတဖြစ်မှာပဲ စိတ်ပူကြမှာပဲလေ......။ လင်းနဲ့ကျွန်မက သူငယ်ချင်းဖြစ်မယ့်သာဖြစ်တာ လင်းက ကျွန်မထက် ငါးနှစ်ငယ်တယ်....။ ကျွန်မတို့အင်္ဂလိပ်သင်တန်းမှာစဆုံတုန်းက မှတ်မိပါသေးတယ်......။ လင်းတို့သူငယ်ချင်းတွေက ငါးယောက်လားမသိ ပြိုင်တူသင်တန်းလာအပ်ကြတာ....။ ကျွန်မတို့ဆရာကြီးက အခုစာတွေရေးနေတဲ့ ဆရာကြီးလူထုစိန်ဝင်းလေ....။ ဆရာြ့ကီးက သူ့ဆီကျောင်းလာတက်တဲ့သူမှန်သမျှကို အင်္ဂလိပ်နာမည်အကုန်ပေးထားတာ....လင်းရဲ့မြန်မာနာမည်က လင်းပါလို့ဆိုပြီး Linus လို့မှည့်လိုက်တယ်.....။ ကျွန်မတို့က လင်းလို့ပဲ အဖျားဆွတ်ခေါ်ကြတာ..။ အခု...လင်းခိုးပြေးသွားတဲ့ ကောင်မလေးကလည်း လင်းတို့နဲ့ရွယ်တူပဲ ဒီကျောင်းကို ရှေ့ဆင့်နောက်ဆင့်လာအပ်သွားကြတာပဲ....။ ကျွန်မက အဲဒီတုန်းက ပထမနှစ်စတက်နေပြီ...။ ဒါပေမယ့် လင်းတို့အဖွဲ့က သူတို့နဲ့ရွယ်တူ ဆယ်တန်းအောင်လေးထင်ပြီး ကျွန်မကို နင်နဲ့ငါနဲ့ပဲစကားပြောတယ်....။ နောက်တော့ကျွန်မအသက်ကိုသိသွားတော့လည်း လင်းတစ်ယောက်ထဲ ကျွန်မကို နင်နဲ့ငါနဲ့ပဲဆက်ပြောတယ်....။ အိုခေလေ ပြဿနာမဟုတ်ပါဘူး....။ ခင်မင်တဲ့သူငယ်ချင်းတွေပဲလေ... ပြောမနာဆိုမနာပေါ့.....။ ကျွန်မတို့သင်တန်းမှာ လင်းတကယ်စပြီး ချစ်ကြိုက်မိတာက လင်းထက်သုံးနှစ်ပိုကြီးတဲ့ မြန်မာဆန်ဆန်နဲ့ ကိုယ်လုံးသိပ်လှတဲ့ ကောင်မလေးတစ်ယောက်ကိုပါ.....။ ကျွန်မနဲ့လည်း သိပ်ခင်တဲ့သူငယ်ချင်းမလေးပါ...။ သင်တန်းပြီးရင် ဟိုဖက်တစ်လမ်းက ဝက်သားတုတ်ထိုးဆိုင်မှာ သူငယ်ချင်းတွေတဖွဲ့ကြီး သွားထိုင်စားတတ်ကြတယ်....။ ပြီးရင် BC မှာစာအုပ်သွားဖတ်ကြတယ်......။ အဲတုန်းက ကျောင်းသားဘဝက ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်ပဲ.....။ သူငယ်ချင်းကများတော့ မွေးနေ့တွေက တန်းစီပြန်ရော ...။ တော်ကြာသူ့မွေးနေ့မို့ Feel မှာသွားကျွေးမယ် Burger King မှာသွားစားမယ် တချို့ကြတော့ အိမ်မှာမုန့်ဝိုင်းလုပ်ပြီး စုစားကြမယ်စသဖြင့်ပေါ့....။ အင်းလျားကန်ဘောင်သွားကြတယ်.....။ ပျော်စရာကြီးပါပဲ...။ ဒါပေမယ့် လင်းနဲ့ အဲဒီမမနဲ့ကလဲ နောက်ပိုင်း ပြဿနာခဏခဏဖြစ်ကြတယ်......။ လင်းက အရမ်းသဝန်တိုတတ်တာလေ သူ့မမနဲ့ပတ်သက် စကားပြောတဲ့သူတွေနဲ့ပေးစားလို ပေးစားနဲ့ပေါ့.....။ သူတို့တွဲတာ တစ်နှစ်ကျော်လောက်ပဲရှိမယ်ထင်တယ်....ပြတ်သွားကြရော.......။ နောက်တော့ လင်းက သူတို့အဖွဲ့ထဲက ကောင်မလေးနဲ့ရည်းစားဖြစ်သွားတယ်....။ ပြောမယ့်သာပြောတာ ဒီကောင်အတော်စွံတာ....အပြောအဆိုက ကလေးဆန်ပါတယ်.....။ လင်းက အရပ်ရှည်တယ် ခြောက်ပေတစ် နှစ်လောက်များရှိမလားဘဲ....။ ဆံပင်နဲနဲခွေတယ်.။ မျက်နှာက သွယ်သွယ်ရှည်ရှည်...။ အရပ်ကရှည်လို့ လမ်းလျှောက်ရင်နဲနဲကိုင်းချင်နေသေးတယ်.....။ ပြုံးလိုက်ရင် ပါးချိုင့်ကလေးတွေ ပါးနှစ်ဘက်လုံးမှာရှိတယ်...။ သွားလေးတွေ ညီညီညာညာရှိတယ်...။ ဒါကြောင့် ကောင်မလေးတွေခိုက်တာနေမှာ........။ လင်းတို့က မောင်နှမနှစ်ယောက်ပဲရှိတယ်....။ လင်းအစ်မလည်းချောတာပဲ ချစ်စရာကောင်းတယ်....။ နည်းနည်းထူးဆန်းတာလေးပြောပြချင်သေးတယ်..... ကျွန်မဘဝတစ်လျှောက်မှာ ဒီရန်ကုန်ရောက်လာပြီးနောက်ပိုင်းပေါ့ ပေါင်းသင်းသမျှအခင်ဆုံး သူငယ်ချင်းတွေအကုန်လုံးလိုလို ကြည့်လိုက်ရင် အမြဲတစေ မောင်နှမနှစ်ယောက် နှစ်ယောက်ဖြစ်နေတာများတယ်... ။ မောင်နှမမှာတောင်မှ အကြီးက မိန်းကလေးဖြစ်ပြီး အငယ်က ယောက်ကျားလေးအဲလို မောင်နှမတွေနဲ့ သူငယ်ချင်းဖြစ်ဖြစ်နေတာ တော်တော်လေးအံ့သြဖို့ကောင်းတယ်...။ လင်းမှာအမေပဲရှိတာ အဖေမရှိတော့ဘူး..။ လင်းမေမေက အစိုးရရုံးမှာ အလုပ်လုပ်တယ်....။ ဖိုးစိန်လမ်းထဲကတိုက်ခန်းမှာနေတယ်.....။ လင်းတို့မိသားစုနဲ့က အပြင်မှာသိပ်မမြင်ဖူးပေမယ့် ဖုန်းနဲ့တော့ ခင်နေတာပါ......။ ခုတော့ လင်းမေမေလဲ သူ့သားအတွက် သောကတွေဘယ်လောက်ရောက်နေမလဲ....။ အငယ်ဆုံးကလည်းဖြစ် ငယ်ကလည်းငယ်သေးဆိုတော့ပိုဆိုးပေါ့။ လင်းတို့ဘယ်ကို ခိုးပြေးကြတယ်ဆိုတဲ့သတင်း မရပါဘူး...။ ကျွန်မဆီကို သူလုံးဝဖုန်းမဆက်ဘူးလေ သူ့မေမေဆီပြန်ရောက်မယ်ဆိုတာသိနေတာကိုးး...။ နောက်နေ့ကျတော့ အန်တီက ကျွန်ဆီဖုန်းဆက်လာတယ် လင်းတို့နဲ့အဆက်သွယ်ရပြီတဲ့.... (    )မြို့မှာရောက်နေတာတဲ့....။ ပြန်လာဖို့ပြောထားတယ်တဲ့.....။ ခိုးပြေးပြီးပြီဆိုတော့လဲ လင်းကို ငယ်ငယ်ရွယ်ရွယ်နဲ့ မိန်းမပေးစားရတော့မယ်လေ သူလဲဘယ်လိုလုပ်စိတ်ကောင်းပါ့မလဲ...။ ကျွန်မလဲ ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ပဲ နားထောင်ပေးရတာပေါ့ ကိုယ်ကလည်းငယ်သေးတော့ လူကြီးတစ်ယောက်ကို ဘယ်လိုဖြေသိမ့်စကားပြောရမှန်းနားမလည်သေးဘူးလေ.....။ လင်းသာ...ဒီစာကိုဖတ်မိလို့ ကျွန်မကိုဆဲချင်ဆဲတော့ လင်းတို့မင်္ဂလာဆောင်တဲ့နေရာကို ကျွန်မတကယ် မမှတ်မိတော့ဘူး....။ ယုဇနဂါးဒင်းလား ဘုန်းကြီးကျောင်းမှာလားတစ်ခုခုပဲ....။ အဲ...ကောင်မလေးအိမ်မှာ ပြန်ပြီး အမှတ်တရဗီဒီယိုတွေရိုက်ကြ ကြိုးတွေတားကြ လက်ဖွဲ့ွတွေဖောက်ကြတာတော့ မှတ်မိသေးတယ်.....။ အဟဲ အကောင်းခန်းလေးကို မှတ်မိတာပဲ လင်းရယ် ငါ့ကို ခွင့်လွတ်လိုက်ပါနော်...။ အဲဒီနောက် လင်းနဲ့ သိပ်အဆက်သွယ်မရှိတော့ဘူး.....။ လင်းကောင်မလေးက ကျွန်မတို့နဲ့အပေါင်းသင်းလုပ်တာကို သိပ်ကြိုက်ပုံမပေါ်ဘူးလေ......။ လင်းအရင်ကောင်မလေးနဲ့ကျွန်မကသိပ်ခင်တာကိုးး...။ လင်းအမျိုးသမီးလေးက သဝန်တိုအရမ်းတိုဆိုပဲ...ကောင်းတယ်ဒီကောင်ဝဋ်လည်တာ...။ ပြီးတော့ ကျောင်းတွေလည်းဖွင့်တော့ တက္ကသိုလ်တက်တာနဲ့ သင်တန်းဖက်လည်း မရောက်ဖြစ်တော့ဘူး....။ ဒါနဲ့ ဝေးသွားကြရော......။ နောက်တစ်နှစ် နှစ်နှစ်ပဲ လင်းတို့ လင်မယားနှစ်ယောက်စလုံး အင်္ဂလန်ကိုထွက်သွားကြလို့ကြားလိုက်တယ်..။ အဲဒီကစပြီး လင်းနဲ့လုံးဝအဆက်သွယ်ပြတ်သွားတာ ဒီနေ့ထိဆိုပါတော့......။ တလောက ဖဘမှာ လင်းအမျိုးသမီးလေးကိုပြန်တွေ့လို့စကားပြောဖြစ်ကြတယ်....။ သူမြန်မာပြည်ပြန်ရောက်နေတာတဲ့... လင်းနဲ့သမီးလေးတစ်ယောက်ရထားတယ်တဲ့...ခလေးလေးက သုံးနှစ်ကျော်ကျော်လောက်ရှိနေပြီ ချစ်စရာလေး...အမေနဲ့ပိုတူတယ်....။ လင်းရော ဖဘမသုံးဘူးလားလို့မေးတော့ မသုံးဘူးဆိုတာနဲ့ လင်းနဲ့ဆက်သွယ်လို့ရတဲ့ တခြားလိပ်စာတွေကိုလည်း ကျွန်မ မတောင်းမိတော့ပါဘူး....။ လင်းပုံတွေကိုကြည့်ချင်တယ်ပြောတော့ သူ့ဖဘဖိုတိုထဲမှာတင်ထားတယ်ဆိုလို့ ကျွန်မဝင်ကြည့်ဖြစ်သေးတယ်.....။ ဒီကောင်နိုင်ငံခြားသားကြီးကျနေတာပဲ အရပ်က ကလန်ကလား ဆံပင်ကလဲ အရှည်ထားသေးတယ်.... ဝလာတယ် အရပ်ရှည်တော့ ထွားထွားကြီးဖြစ်နေတာပေါ့......။ ခုတော့ ကလေးဖအေ ရင့်ကျက်တဲ့ ယောကျာၤးကြီးလုံးလုံးဖြစ်နေပါပြီ........။ ကျွန်မတို့စခင်တုန်းက လင်းက ပိန်ပိန်ရှည်ရှည် ဆယ်တန်းအောင်လေးရှိသေးတာကိုးး...။ ကျွန်မ တစ်ခါတုန်းက တို့ရွာမှာ ခေါင်းစဉ်နဲ့ ငယ်ငယ်တုန်းက အကြောင်းတွေရေးတာတွေလည်း ကုန်သလောက်ရှိပြီလေ....။ ဒါကြောင့် ကျောင်းစတက်တဲ့အချိန် သင်တန်းတွေတက်တဲ့အချိန်တုန်းက အကြောင်းလေးရေးဦးမှပါလို့တွေးမိတော့ လင်းကို အရင်ဆုံးပြေးမြင်မိတာ...။ ဆယ်တန်းအောင်ပြီးနောက်ပိုင်း စတက်ဖြစ်တဲ့ သင်တန်းဆိုတော့ ဒီသူငယ်ချင်းအကြောင်းအရာတွေနဲ့ပဲစရတာပေါ့.....။ ကျွန်မ အဲဒီသင်တန်းတုန်းက သူငယ်ချင်းတွေကို ပြန်တွေ့တာ သုံးယောက်ပဲရှိသေးတယ် ဖဘကျေးဇူးကြောင့်ပေါ့နော်...။ တစ်ယောက်က အခုအပြာရောင်တောင်တန်းများဘလော့နဲ့ မမဝသုန်ရယ် လင်းရဲ့အမျိုးသမီးလေးရယ် အင်္ဂလန်မှာကျောင်းတက်နေတဲ့ နန်းစီနွမ်းဆိုတဲ့ ကျိုင်းတုံက ရှမ်းမလေးပါ....။ 

နောက်ထပ်သူငယ်ချင်းအကြောင်းလေးတွေကိုလဲ အလျဉ်းသင့်သလို ရေးဖြစ်သွားဦးမှာပါ.....။ အော်...ဒါနဲ့ ကျွန်မရဲ့ သူငယ်ချင်း"လင်း"ဆိုတာ ကညိမ်းနိုင်ရဲ့လင်းတော့မဟုတ်ဘူးနော် မှားနေမှာစိုးလို့ :)...။


မိုးငွေ့

Monday, 8 August 2011

တစ်ခါတုန်းက မင်းသားအလောင်းအလျာတွေ.....



ကျောင်းတုန်းက အဟောင်းတွေကို အသစ်ပြန်မရေးဖြစ်တာကြာပေါ့....။ တလောက Balazone သွားတော့... ပိုင်ဇေရဲထွန်းတို့ မိသားစုတွေ တပြုံတမကြီးနဲ့တွေ့ခဲ့တယ်...။ တပြုံတမကြီးလို့ရေးရတာက သူတို့မိသားစုလေးငါးယောက်အပြင် သူ့ယောက်ခမကြီးရော ကလေးထိန်းတွေရောလေ....။ သူ့အမျိုးသမီးလေးက တတိယမြောက်သားလေးကို ထပ်မွေးထားတာမကြာသေးဘူးတဲ့....။ ဒီလိုပါ ကျောင်းတုန်းက သူနဲ့ တခြား ရုပ်ရှင်မင်းသားအလောင်းအလျာများအကြောင်း နည်းနည်းအပုပ်ချချင်ပါတယ်...။ ဟဲ...ဟဲ... ဒီပို့စ်ဖတ်မိတဲ့ သူတို့အမျိုးတွေ မိတ်ဆွေသယ်ရင်းတွေ မိုးငွေ့ကိုခဲနဲ့ပေါက်မလား. ချောင်းရိုက်မလား တစ်ခုခုပဲဗျို့....။ ကျမတို့ RC3မှာ ကျောင်းတက်တုန်းကျမတို့အဖွဲ့ထဲမှာတိုက်ကွမ်ဒိုက အမတစ်ယောက်ပါတယ်....။ သူမိတ်ဆက်ပေးလို့ တိုက်ကွမ်ဒိုက ယောက်ကျားလေးသူငယ်ချင်းတွေတော်တော်များများနဲ့ သိတယ်...။ ပိုင်ဇေက အဲဒီတုန်းက မြန်မာ့လက်ရွေးစင်... ။ ကျမတို့နဲ့တော့ ကျောင်းမတူဘူး ...။ သူက RC2က....။ ဒါပေမယ့် သူငယ်ချင်းတွေက ကျမတို့ကျောင်းမှာများတော့ လာလာလည်တယ်....။ သူက ဘိုဆန်ဆန်ရုပ်နဲ့ နုဖတ်ပြီးချောတော့ ကျောင်းထဲဝင်လာရင် အကုန်လုံးကငေးမောကျရတာ...။ ကျမကတော့ ယောက်ကျားတစ်ယောက်အဲဒီလောက် နုဖတ်ချောမောနေတာကိုမကြိုက်ဘူး....။ အသားညိုမှ အရပ်ရှည်မှ ယောက်ကျားပီသမှကြိုက်တာ...။ ဒီတော့ ငေးမောတဲ့ အထဲမှာတော့မပါဘူးပေါ့....။ သူက ရုပ်ကလေးချောတော့ နည်းနည်းတော့ မာန်တက်တာပေါ့ဗျာ....။ တစ်ကမ္ဘာလုံးလုပ်ကျွေးတဲ့ ရုပ်မျိုးအမြဲဖမ်းထားတတ်တယ်...။ အဲ... သူ့ရဲ့ပင်ကိုယ်စတိုလ်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်....။ အဲဒီလိုနဲ့ ကျမသူငယ်ချင်းက ကိုးရီးယားမြန်မာ ချစ်ကြည်ရေးပွဲရှိတယ်... သုဝဏ္ဏကွင်းမှာ ကစားသမားတွေကို ပန်းစည်းကမ်းဖို့ ကျမကို အကူညီတောင်းပါတယ်....။ အဲဒီချိန်က ကိုးရီးယားဇာတ်လမ်းတွေ သိပ်ခေတ်မစားသေးပါဘူး...။ ကိုးရီးယားကစားသမားတွေကို ပန်းစည်းကမ်းမယ်ဆိုတော့ စိတ်ဝင်စားတယ် ကူညီမယ်ဆိုပြီး လက်ခံလိုက်တာ....။ တကယ်လည်းပွဲစရော....မြန်မာနဲ့ ကိုးရီးယားကစားသမားတွေ တစ်ယောက်ခြားဆီ ကွင်းလယ်မှာ တန်းစီးရပ်နေကြတယ်...။ ပိုင်ဇေလဲပါတယ်လေ....။ ပန်းစည်းကိုင်ပြီး ကျမဆုတောင်းနေမိတယ် သူနဲ့မကျပါစေနဲ့... ကိုးရီးယားကောင်လေးနဲ့ပဲပန်းစည်းကမ်းရပါစေပေါ့....။ သူနဲ့က သူငယ်ချင်းမိတ်ဆက်ပေးထားပေမယ့် သူ့ပုံစံကိုမကြိုက်လို့ သိပ်လဲ မခင်ဘူးလေ...။ ဆုတောင်းမပြည့်ပါဘူးဗျာ...။ တကယ်ကြီး ပိုင်ဇေနဲ့ကို တည့်တည့်တိုးတာ...။ ကောင်စုတ်လေးက ပန်းကမ်းပြီးလက်ဆွဲနှုတ်ဆက်တော့ လက်မကမ်းပေးဘူးလေ.... အဲလို အကျင့်မကောင်းတာ...တမင်သက်သက်လုပ်တာလေ....။ နောက်တော့ကျမှ... ရင်းနှီးလာတော့မှသိတာ... သူ..ကျမကို စလိုက်တာပါတဲ့...။ မခက်လား လူပုံလည်မှာ ကျမက လက်ကြီးကမ်းပေးပြီး လေထဲမှာပြန်ရုတ်လိုက်ရတာ...ဘယ်လောက် ဖီးလ်အောက်လဲ...။ တကယ်တော့ သူက သဘောကောင်းရှာပါတယ်.. သူ့မျက်နှာထားကိုက အော်တို အဲလိုဖြစ်နေတာတဲ့...။ အင်းလျားလမ်းထဲ သင်္ကြန် သူမဏ္ဍတ်လုပ်တော့သွားဖြစ်သေးတယ်...။ အဲဒီတုန်းက သူက မင်းသမီးလေးတစ်လက်နဲ့တွဲနေပြီလေ (အဲ...နိုင်ငံရေးတွေပါကုန်ပြီထင်တယ်)...။ ကိုဂျွန်လွင်ရဲ့ မော်ဒယ်အေဂျင်စီမှာ သင်တန်းတက်ပြီး ဆီဒိုးနားမှာ ရှိုးပွဲလုပ်တော့ သွားကြည့်ကြသေးတယ်....။ ခုတော့လည်း သူက တကယ့် လူကြီးဖြစ်နေပါပြီ လူကြီးမှ ကလေး သုံးယောက်ဖအေကိုဖြစ်နေပါပြီ.... ဇနီးငယ်ငယ်... သမီးချောချောလေးနဲ့ ချစ်စရာအင်မတန်ကောင်းတဲ့ သားကလေးနှစ်ယောက်တောင် ပိုင်ဆိုင်ထားနေပါပြီ....။ ခုနောက်ပိုင်း ဗီဒီယိုခွေတွေမှာ မင်းသားအစ်ကိုနေရာတွေက ပြန်ရိုက်နေတာတွေ့နေရပြီ...။ အောင်မြင်ပါစေ... သူငယ်ချင်း....။ နောက်တစ်ယောက်အကြောင်း အပုပ်ချရအောင်....အဲလေ... ပြောကြအောင်....။ သူကတော့ ကျမတို့နဲ့ တစ်ကျောင်းထဲ ဒါပေမယ့် သူက Phys မေဂျာက...။ သူလည်း တိုက်ကွမ်ဒိုကပဲ....။ အားတော့နားပါရဲ့ ဒါပေမယ့် ပြောပြချင်ပါတယ်....။ သူက စကားပြောရင် တံတွေးမသိမ်းတတ်ဘူး... ဘိုလိုမပြောဘဲနဲ့တောင်မှ သူနဲ့စကားပြောရင် ရှောင်လင်သိုင်းတော့ တတ်ထားရတယ်...။ အဟဲ... ကျမ မသိလိုက်လို့ ခံခဲ့ရတဲ့ အကြောင်းလေးတစ်ခု ပြောပြဦးမယ်...။ တစ်နေ့ ကျမတို့ RC3 ဝင်ဝင်ချင်း ဆင်ဝင်မရောက်ခင် တစ်ဖက်တစ်ချက်က ပုဏ္ဏရိတ်ပင်တွေနဲ့စည်းလုပ်ထားတဲ့ ပန်းခြံသေးသေးလေးရှိတယ်..။ ကျမတို့ထိုင်နေကြတာက ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်း ပုဏ္ဏရိပ်ပင်ဒေါင့်ချိုးက ဗာဒံပင်အောက် ခုံတန်းလေးမှာ..။ အဲဒီအပင်ပေါ်မှာကလည်း ကျီးကန်းတွေက သိပ်သောင်းကျန်းတာ...တအာအာနဲ့ကို ဆူနေတတ်တယ်....။ ကျမရယ်..ကျမသူငယ်ချင်းနှစ်ယောက်နဲ့ အဲဒီတိုက်ကွမ်ဒိုအစ်ကိုချောနဲ့စကားပြောကြတာပေါ့...။ စကားပြောနေရင်းနဲ့ ကျမဘယ်ဖက်လက်ဖျံပေါ် “ဘတ်”ဆိုပြီး...တစ်ခုခုလာစင်တယ်လို့ခံစားရတော့ ကျမက အပင်ပေါ်က တအာအာ ဆူညံနေတဲ့ ကိုကျီးကန်းများဆီကို ချက်ချင်းမော့ကြည့်လိုက်တယ်...။ စိတ်ထဲမှာလည်း ချက်ချင်းပဲ အင်းးး ငါတော့ ကျီးကန်းချေးပါချတာ ခံလိုက်ရပြီပေါ့...။ အဲသလို မော့ကြည့်နေချိန်မှာပါ အောင်မင်းဝင်းက ကျမလက်ကိုဆွဲယူပြီး တစ်ရှူးနဲ့ သုတ်ပစ်လိုက်ပါတယ်...။ “ဆောရီး...ဆောရီးသူငယ်ချင်းငါ့တံတွေးနင့်လက်ကို စင်သွားတာပါ”တဲ့....။ သေရောဗျာ...။ ရယ်လည်းရယ်ချင်... ငိုလည်းငိုချင်ဖြစ်သွားတာပေါ့....။ ကျောင်းပြီးတော့ မော်ဒယ်လ်အေဂျင်စီတွေ ဘာတွေဖွင့်လိုက်သေးတယ်...။ ခုတော့...မြန်မာဗီဒီယိုခွေတွေမှာ... မင်းရဲဆက် ဆိုတဲ့နာမည်နဲ့ရိုက်နေပါတယ်...။ မင်းသား.... အင်မတန်ဖြစ်ချင်တဲ့ကောင် ...။ အစပိုင်းကတော့ အရံအနေနဲ့ လူကြမ်းဗီလိန်နေရာက အရိုက်များနေရာကနေ...ခုတော့ ခေါင်းဆောင်နေရာက စရိုက်နေရပြီလို့တော့ ကြားတာပဲ....။ အဆက်သွယ် မရှိကြတော့ဘူးလေ...။ တိုက်ကွမ်ဒိုက အစ်ကိုတွေကလည်းမလွယ်ဘူးရယ်....။ မင်းသားဖြစ်ချင်တဲ့သူ အများသား...။ သတ္တိကလည်း တိုက်ကွမ်ဒိုကပဲ....။ နောက်ပြီး ကျမတို့အခန်းထဲက နာမည်တော့သိပ်မမှတ်မိတော့ဘူး... ကျောင်းတုန်းကတော့ သူ့ကိုမင်းသားလို့ပဲခေါ်ကြတာ...။ အော်...သူက ကျောင်းလာရင် မျက်နှာကို ဖွေးနေအာင် ပရိုမီနာအမြဲလိမ်းပြီးလာလို့ ပရိုမီနာလို့တောင် နာမည်ပြောင်ခေါ်ကြတယ်...။ ဦးကျော်ဆီမှာ တပည့်သွားခံပြီး ကားတော်တော်များများမှာ ပါသေးတယ်...။ ခုနောက်ပိုင်းတော့ ပျောက်သွားရော....။ ညီနန္ဒအကြောင်းကိုတော့ ဒီမှာ တစ်ခါရေးထားပြီးသားမို့ ထည့်မရေးတော့ဘူး....။ ပျော်စေ ပျက်စေပါ... ကျောင်းတုန်းက အမှတ်တရလေးတွေကို မှတ်တမ်းတင်ထားချင်တာသက်သက်ပါပဲ... ဘယ်သူ့ကိုမှထိခိုက်နစ်နာစေတဲ့ စိတ်နဲ့မဟုတ်ပါဘူး...။ အဆက်သွယ်ရှိနေဆဲ သူငယ်ချင်းတွေရော... အဆက်သွယ်မရှိတော့တဲ့ သူငယ်ချင်းတွေရော စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ အရာရာအောင်မြင်အဆင်ပြေကြပါစေလို့ ဒီပို့စ်လေးနဲ့ ဆုမွန်တောင်းပေးလိုက်ပါတယ်....။


မိုးငွေ့

Friday, 27 August 2010

Recreation Center......



တစ်ခါတုန်းက တက္ကသိုလ်မှာ... ပထမနှစ်.ကျောင်းသူကျမ မအူမလည်... သူငယ်ချင်းမရှိ အတန်းစတက်တော့ အတန်းထဲမှာ လူကအပြည့်...။ ဘယ်သူ့နားထိုင်ရမှန်းမသိ လွယ်အိတ်ကလေးပိုက်ပြီး မျက်လုံးကလည်ကလည်နဲ့ပေါ့...(မြင်ယောင်မကြည့်ကြပါနဲ့)....။ စတိတ်ကျောင်းတုန်းက မျက်မှန်းတန်းမိမယ့် သူငယ်ချင်းများရှိလေမလား... ဟိုဝေ့ ဒီဝေ့ ကြည့်လိုက်တယ်... တစ်ယောက်မှမတွေ့ဘူး..။ အင်းလေ.... သူများတကာတွေ ဆေးကျောင်းရောက်သူရောက် ဝိုင်အိုင်တီရောက်သူရောက်နေကြမှာပေါ့...။ ကိုယ့်လို ရိုးရိုးမေဂျာနဲ့ပဲလို့ ဘယ်ထင်လို့ဖြစ်ပါ့မလဲ...။ ဒါနဲ့ စာသင်ခန်းအလည်လောက်နားက ခုံအလွတ်မှာ ဝင်ထိုင်လိုက်တယ်....။ အဲနေ့က သူငယ်ချင်း နှစ်ယောက်အသစ်ရတယ်...တစ်ယောက်က မီးမီးတို့ လသာ(၂)ကျောင်းကပဲတဲ့...သူ့ကိုတော့မြင်ဖူးသလိုလိုပါပဲ...တရုတ်မလေး...အရပ်ကခပ်ရှည်ရှည်....။ နောက်တစ်ယောက်က စမ်းချောင်းမြို့နယ်ကပါ... ရခိုင်မ...သူက ကျမထက်သုံးနှစ်လောက်ကြီးတယ်...။ ငယ်ငယ်က အတန်းအောက်ခဲ့လို့ ကျမတို့နဲ့ အတန်းလာတူနေတာဖြစ်မယ်...။ ဒီလိုနဲ့ သုံးယောက်ပေါင်းမိတော့.... သုံးယောက်ပေါင်းမြောင်းကျော်.... အဲလေ..မှားသွားလို့ သုံးယောက်ပေါင်းလောင်းကြော် ဆိုသလိုပဲ....ကျောင်းမှာ..ကဲကြတာ...။ တက္ကသိုလ်မှာ စာအုပ်ထဲမှာဖတ်ဖူးတာတော့ ဆရာမစာသင်ရင် ကျောင်းသားတွေက ကျောင်းသူတွေကို စက္ကူမြှားနဲ့ပစ်ပေါက် စတတ်တယ်လို့လေ...။ တကယ်ပါ... ကျောင်းမှာ အဲလိုပဲ....တစ်ခါတစ်လေ အတန်းမရှိရင် ကျောင်းသားတစ်ချို့ဆို ချောင်တစ်ချောင်မှာ...ဖဲရိုက်လိုရိုက်နဲ့....။ ပထမနှစ်ဆိုတော့ အတန်းလစ်တာတို့ဘာတို့သိပ်မလုပ်ကြသေးဘူး...။ နည်းနည်းဝါရင့်လာတော့မှာ လက်တွေ့ချိန်တွေလောက်ပဲ စာမေးပွဲမှာ အမှတ်ရမယ့်အတန်းလောက်ပဲ လုပ်ကြတာ...။ ကျမတို့ခေတ်က RC 1 , 2, 3 ဆိုပြီးရှိတာ...။ recreation center ဆိုတာ အပန်းဖြေရိပ်သာပေါ့..။ တကယ်အပန်းဖြေပါတယ်.... ကျောင်းတက်ရတာ ပျော်စရာကြီး... လွတ်လွတ်လပ်လပ်ပဲ... စတိတ်ကျောင်းတုန်း ကလို ဆရာစာမေးလို့ မရရင် ခုန်ပေါ်တက် ဒဏ်ပေးစနစ်ကလဲ ကျွတ်ပြီလေ...။ ဒီတော့ အတန်းမရှိရင် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ပေါက်ကရတွေလိုက်နောက်တော့တာ...။ ကျမတို့အတန်းထဲ ရုပ်ရှင်မင်းသာဝင်းဦးနဲ့တူတဲ့ ကျောင်းသားတစ်ယောက်ရှိတယ်...တူတယ်ဆိုတာ သူ့အိုက်တင်နဲ့ သူထားတဲ့ နှုတ်ခမ်းမွှေးစစလေးကြောင့်ပါ...။ သူ့နာမည်က သက်ထွန်းဦးတဲ့...။ ကျမတို့အချွန်နဲ့မတာကို ပင်တိုင်ခံရတဲ့သူပေါ့...။ အတန်းပြီးရင် သူကန်တင်းသွားခါနီးဆို သူ့နောက်ကြောကို စာကပ်ပေးလိုက်တယ် “ဝံကြီး” ဆိုပြီး...။ နောက် “ဝံကတော်” ကတော့ ကံဆိုးတဲ့ ကျောင်းသူတစ်ယောက်ယောက် အကပ်ခံရတာပဲ...။ တခါတလေ... စာရွက်စုတ်တွေကို အပိုင်းပိုင်းဆက်ပြီး အမြီးတပ်ပေးလိုက်တာမျိုး...။ သူကတော့မသိရှာဘူး တစ်ကျောင်းလုံးလျှောက်သွားနေတာ...။ ကျမတို့ အတန်းက ကျောင်းအနောက်ဘက်ဆုံးမှာဆိုတော့ အိမ်ပြန်ရင်လဲ သူများမေဂျာက အတန်းတွေအားလုံးရှေ့ကို ဖြတ်လျှောက်ရတယ်...။ အဲဒါမျိုးချိန်ကိုစောင့်ပြီး ကပ်ပေးလိုက်လို့ကတော့ ပြီးရော....။ ကျောင်းကလူတွေကလဲ သစ္စာရှိပါ့... တခွီးခွီးနဲ့သာ ကျိတ်ရယ်ချင်ရယ်နေကြမယ်...လုံးဝသွားမပြောပေးဘူး...။ သက်ထွန်းဦးကလဲ တော်တော် သီးခံရှာပါတယ် ကျမတို့ကို...။ ကျမတို့နောက်တယ်ဆိုတာ သိသွားတာတောင် စိတ်မဆိုးဘူး....။ ဒါကို သူငယ်ချင်းတွေက ဘာပြောတယ်မှတ်လဲ “ဘယ်စိတ်ဆိုးမလဲ နင့်ကြိုက်နေသလားမှမသိတာ”တဲ့...။ စိတ်ကူးမလွဲနဲ့နော် သူက အမတွေပဲရှိတာ တစ်အိမ်လုံးမှာ အငယ်ဆုံးတဲ့လေ....။ အဟီး... မီးမီးကြောက်ကြောက်..။ အဲလိုလေးပေါ့နော် ကျောင်းမှာ ပေါက်ကရစနောက်ကြတာ....။ ပြီးတော့ ကျမတို့နောက်စတဲ့ သူတစ်ယောက်ရှိသေးတယ်...။ လက်တွေ့ခန်းမှာ လူအယောက်နှစ်ဆယ် တစ်ဖွဲ့ဖွဲ့ထားတဲ့အထဲက သူက ကျမတို့ရဲ့ EC ... ဆရာမတွေက ရံပုံငွေကောက်ဖို့ စာအုပ်တွေရောင်းဘာတွေ ရောင်းရင် EC ကပဲ ဦးဆောင်ပြီးရောင်းရတာလေ...။ ကျမတို့ကိုလာရောင်းရင်တော့ “ဦးစိတ်တိုရယ် နင်ပဲ ခဏစိုက်ဝယ်ပေးထားပါဟာ ... ဒီနေ့ငါတို့ပိုက်ဆံနည်းနည်းပဲပါလာလို့ပါ” အဲလိုမလှိမ့်တစ်ပတ်ရိုက်ပြီး ပိုက်ဆံမပေးတော့ဘူး...။ အဲဒါမျိုး သူစိုက်ရပေါင်းမနည်းတော့ဘူး...။ အော်... အဲဒီEC ကို ဦးစိတ်တိုလို့ ခေါ်ရခြင်းအကြောင်းအရင်းကတော့... ကာတွန်းစာအုပ်ထဲက ဦးစိတ်တိုနဲ့ မျောက်ညိုဆိုတာရှိတယ်လေ...။ သူက အဲဒီဦးစိတ်တိုနဲ့တူလို့...။ နောက်မှထပ်ပြောပြဦးမယ်... Zoolကျောင်းသူကျမ နာမည်ပေးလဲတော်တယ်ဆိုတဲ့ အကြောင်းလေး...။ ဦးစိတ်တိုက EC တာဝန်တော့ကျေပါတယ်... သူ့အဖွဲ့ထဲက သူတွေအတွက်ဆို ဒိုင်ခံအနစ်နာခံတာ အဲလိုချစ်စရာကောင်းတာ...။ သူငယ်ချင်းတွေစုပြီး ကျိုက်ထီးရိုးဘုရားတက်တော့လဲ... သူပဲစီစဉ်တယ်...။ အမယ် ဘုရားပေါ်မှာ သူ့ဥပတိရုပ်ကလေးကိုသုံးပြီး ကောင်မလေးတွေကို ဟောက်စားလုပ်လိုက်သေး...။ ဒီလို...ဘုရားရင်ပြင်ပေါ်မှာ စကပ်ဘောင်းဘီမဝတ်ရဘူးလေ...။ အဲဒီတုန်းက ကောင်မလေးတစ်သိုက်ထဲက ဘောင်းဘီဝတ်ထားတဲ့ ကောင်မလေးကို လက်ယက်လှမ်းခေါ်နေတာ ကျမတို့ တအံ့တသြနဲ့ ကြည့်နေကြတာ....။ “ဘုရားရင်ပြင်မှာ ဘောင်းဘီမဝတ်ရဘူးဆိုတာ နားမလည်ဘူးလား” လို့ ခပ်မာမာသူကပြောတော့ စစ်ဂျာကင်ကလဲ ဝတ်ထား ကောင်းမလေးတွေက သူ့ကို စစ်ဗိုလ်အောက်မေ့ပြီး ကြောက်ကြောက်နဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ နဲ့ ကုတ်ကုတ် ကုတ်ကုတ်နဲ့ထွက်သွားကြတာ....။ ကျမတို့က သူ့ကိုပြန်ခေါ်ပြီးမေးတော့ စောစောက အဝေးက သူ့အမူအရာကိုမြင်ယောင် သူပြန်ပြောပြတာကို နားထောင်ပြီး တဟား ဟားနဲ့ရယ်ကြတာပေါ့ ဘယ်ပြောကောင်းမလဲ...။ ဒုတိယနှစ်ကျောင်းတက်တော့ ရုက္ခဗေဒမေဂျာက စိန်ယာ့ဒ်ဆိုတဲ့ ကျောင်းသားနဲ့ ထပ်ခင်ကြတယ်....။ ကျမတို့တင်မဟုတ်ဘူး...။ သူ့ကိုကျတော့ တစ်ကျောင်းလုံးက ကောင်မလေးတွေအကုန်လုံးလိုလို ခင်ကြတယ်...။ ဘာလို့လဲဆိုတော့ သူက ပုံပြောကောင်းသူကိုး....။ ကျမတို့ အာစီသရီး ကျောင်းက ဝင်ဝင်ချင်း ဆင်ဝင်ကြီးရဲ့ တစ်ဘက်တစ်ချက်မှာ လှေကားထပ်လေးတွေရှိတယ်...။ အဲဒီနေရာကို လင်မျှော်ကုန်းလို့ခေါ်သေးတယ်.....။ အတန်းမတက်သေးခင်မှာ ကျောင်းသူကျောင်းသားတွေ တော်တော်များများထိုင်ကြတယ်....။ စိန်ယာ့ဒ်ကိုရှာမတွေ့လို့ကတော့ အဲမှာသွားကြည့် ကောင်မလေးတွေကြားမှာထိုင်ပြီးပုံပြော နေပြီသာမှတ်တော့...။ သူပြောတဲ့ ရယ်စရာပုံပြင်တစ်ချို့ကို ပြန်မျှဝေပါမယ်....။ “ဆင်ဥ”ဆိုတဲ့ ပုံပြင်ကို ပြောပြမယ် ...သေချာနားထောင်....အဲ...ဖတ်နော်...။ တစ်ခါက...တောရွာတစ်ရွာက လင်မယားနှစ်ယောက်မြို့ကို ပြောင်းလာနေကြတယ်တဲ့...။ အဲဒီလင်မယားနှစ်ယောက်ဟာ သိပ်ကိုရိုးအလွန်းလို့ .. ဒေသန္တရဗဟုသုတလဲ မရှိကြဘူးတဲ့....။ မိန်းမလုပ်သူက တစ်နေ့ဈေးသွားဝယ်တော့ ကြိတ်ကြိတ်တိုးလုဝယ်နေကြတဲ့ ဖရဲသီးသည်ဆီကိုရောက်သွားရော... လူတွေဒီလောက်ဝယ်နေကြတာက ိုကြည့်ပြီး သူလဲဝယ်ချင်လာတယ် ဒါပေမယ့် ဘာအသီးလဲဆိုတာမသိဘူးတဲ့..။ ဒါနဲ့ ဖရဲသီးသည်ကို အဲဒါဘာအသီးလဲ မေးမေးနေတော့ အလုပ်ရှုပ်နေတဲ့ ဖရဲသီးသည်ကလဲ စိတ်မရှည်တော့တာနဲ့ ဆင်ဥဟေ့ ဆင်ဥလို့ဖြေလိုက်သတဲ့...။ မိန်းမကလဲ ဟာ...ဆင်ဥတဲ့ ထူးထူးဆန်းဆန်းဆိုပြီး တစ်လုံးဝယ်ပြီးအိမ်ပြန်ခဲ့တယ်...။ အိမ်ပြန်ရောက်တော့ ယောက်ကျားဖြစ်သူကို ဆင်ဥပြပြီး....ဆင်ပေါက်ကလေးပေါက်လာအောင် ကြက်တွေဘဲတွေလိုပဲ ဝပ်ရမယ်လို့ထင်ပြီး....မိန်းမဖြစ်သူက သူဝပ်မယ်ပေါ့...။ ဒီတော့ ယောကျာၤးက ဆင်ဆိုတာ ရှေးတုန်းက ဘုရင်မင်းမြတ်တွေမှစီးရတာ... ဘုန်းတန်းခိုးနဲ့ ဒီတော့ ဘုန်းရှိတဲ့ ယောက်ကျားပဲ ဝပ်သင့်တယ်ဆိုတာနဲ့ အိပ်ယာထဲ နွေးနွေးထွေးထွေး စောင်ခြုံပြီးဝပ်နေပါသတဲ့....။ တစ်နေ့တော့ မိန်းမရေ...ဆင်လေးပေါက်ပြီလားမသိဘူး လာစမ်းကြည့်ပါဦးဆိုတော့...။ မိန်းမဖြစ်သူက စောင်အောက်ကနေလက်နဲ့လျှိုပြီးစမ်းလိုက်တာ.... ဟောဒီလိုကြီး ဝမ်းသာအားရနဲ့ ထပြောပါရော.....။ “ယောက်ကျားရေ....ဆင်လေးက နှာမောင်းတောင်ထွက်နေပြီတော့”တဲ့..... း)။ နောက်တစ်ပုဒ်က “ဆန်ပြုတ်”ပုံပြင်....။ လင်မယားနှစ်ယောက်မှာ သားလေးတစ်ယောက်ရှိပါသတဲ့..။တစ်နေ့ သားလေးဖျားတော့ အမေလုပ်သူက ဆန်ပြုတ်ပြုတ်တိုက်တာ ဘယ်လိုမှချော့ပြောမရလို့.... အဖေလုပ်သူကိုရော့ရှင်ပဲ ရှင့်သားကိုရအောင်တိုက်တဲ့...။ အဖေကသားလေးကို တစ်ချက်ပဲ ခပ်တိုးတိုးကပ်ပြောပြီးဆန်ပြုတ်တိုက်လိုက်တာ လျှောလျှောရှုရှုပဲတဲ့...။ ဒါနဲ့ အမေက ရှင်ကလေးကိုဘယ်လိုများ ချော့လိုက်လို့ ချက်ချင်းဆန်ပြုတ်သောက်သလဲဆိုတော့....။ အော်ဒါလား....သား ဒီဆန်ပြုတ်လေးသောက်ရင် သားရဲ့ ငယ်ပါလေးကြီးလာမှာလို့ ပြောလိုက်တာလေ...လို့လဲဆိုရော....မိန်းမကလက်ထဲ အသင့်ကိုင်ထားတဲ့ ယောင်းမနဲ့ဒေါက်ခနဲ ခေါက်လိုက်ပါသတဲ့...။ ရှင်ကရော ဘာလို့ ငယ်ငယ်က ဆန်ပြုတ်မသောက်ခဲ့သလဲတဲ့...ဟား ..... ဟားးး... တကယ်ပါ... စိန်ယာ့ဒ်အဲဒီပုံပြင်ပြောနေရင် အနားမှာ သွားမထိုင်ကြနဲ့ အနားမှာရှိတဲ့သူကို အဲအခန်းပြောတဲ့ချိန်ကျရင် ခေါင်းခေါက်တာခံရတယ်.....။ ကျောင်းတုန်းက ပေါက်ကရ ရယ်စရာလေးတွေပါ.... သူငယ်ချင်းအားလုံး ပြုံးရအောင် ဝေမျှပေးလိုက်ပါတယ်....။ ကျောင်းတော်ကိုလဲ အလွမ်းဖြေရင်းပေါ့ဗျာ....။


မိုးငွေ့

Monday, 26 April 2010

King & Queen



တက္ကသိုလ်မရောက်ခင်က စာအုပ်တွေဖတ်ပြီး ကျောင်းတက်ရတဲ့အရသာကို သိပ်ပြီးမြည်းစမ်းချင်ခဲ့တာ...။ တက္ကသိုလ်မှာ Fresher Welcome လို့ခေါ်တဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကိုလဲ ကြားဖူးနားဝနဲ့ ဘယ်လိုမျိုးပါလိမ့်လို့ စိတ်ဝင်တစားရှိခဲ့တယ်...။ ကျမတို့ပထမနှစ်ကျောင်းစတက်တော့ ကျမက လမ်းမတော်လိပ်စာနဲ့မို့ ကြည့်မြင်တိုင်(RC 3) မှာတက်ရပါတယ်...။ အဲဒီတုန်းက ဗိုလ်တထောင်နယ်မြေ(RC1)၊ လှိှုင်နယ်မြေ(RC2) စသဖြင့် ကိုယ်နေတဲ့ မြို့နယ်အသီးသီးကနေခွဲပြီးကျတဲ့ ကျောင်းမှာတက်ရတယ်...။ အဓိပတိလမ်းမနဲ့ ကံ့ကော်တော၊ ဂျက်ဆင်နဲ့ ဦးချစ်လဘက်ရည်ဆိုင်၊ သစ်ပုတ်ပင်ကြီးနဲ့ မာလာဆောင်၊ အင်းလျားဆောင်တို့ရှိရာဖြစ်တဲ့ ရန်ကုန်ပင်မတက္ကသိုလ်ကြီးကတော့ နယ်မြေခွဲတက္ကသိုလ်ကနေ ဒုတိယနှစ်ဖြေပြီးမှ တတိယနှစ်နဲ့နောက်ဆုံးနှစ်သမားတွေ ဒါမှမဟုတ် ဒုတိယနှစ်မှာ ဂုဏ်ထူးပါတဲ့သူတွေ၊ တတိယနှစ်မှာ Q ဝင်တဲ့သူတွေမှ အဲဒီမှာ ဆက်တက်ခွင့်ရတာပါ...။ ပထမနှစ်မှာ ကျမစိတ်ဝင်စားတဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီးကို လှော်ကားဥယျာဉ်မှာ ပျော်ပွဲစားထွက်ရင်း ကိုယ့်ဘာသာကိုယ်ပဲ အတန်းထဲကသူတွေ King နဲ့ Queen ကိုရွေးချယ်ကြပါတယ်...။ (လှော်ကားကိုရွေးရကြောင်းကတော့ ကျမတို့မေဂျာက Zoology ဖြစ်နေတာကြောင့် အဲဒီက ဘေးမဲ့ထားတဲ့ အကောင်ပလောင်တွေကို လေ့လာလို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ....) အရင် ကျမတို့ကျောင်းမတက်ခင် ကျမတို့စီနီယာတွေခေတ်မှာတော့ အဲဒီ King နဲ့ Queen ကို တရားဝင်ကို ရွေးချယ်သတ်မှတ်ကြတာပါ...။ အဲဒီတုန်းက စီးပွားရေးတက္ကသိုလ်က အီကိုကွင်းဆိုရင်နှစ်တိုင်း ပေါ်ပြူလာဖြစ်တယ်....။ အီကိုကွင်းချောလို့လှလို့ ဆိုပြီး ကျောင်းတိုင်းက ယောက်ကျားလေးတွေက စိတ်ဝင်တစား အငမ်းမရလာလာကြည့်ကြတယ်လို့ ကြားဖူးတယ်..။ King နဲ့ Queen ဆိုတာ ကိုယ့်အတန်းထဲက အလှဆုံးအချောဆုံး ကောင်လေးနဲ့ ကောင်မလေးကိုရွေးရတယ်လို့ပဲ ကြားဖူးပါတယ်...။ တကယ်တမ်း ရွေးလိုက်တော့လဲ ကျမမျှော်လင့်ထားခဲ့သလို မဟုတ်ဘဲ ကျောင်းသားတွေက နောက်ပြီး တကယ့်ရုပ်အဆိုးဆုံးကောင်လေးတစ်ယောက်ကို King အဖြစ်ရွေးလိုက်ကြတယ်...။ Queen အဖြစ်ရွေးခံထားရတဲ့ ကောင်မလေးက ချစ်စရာလေးပါ... မျက်လုံးဝိုင်းဝိုင်း ဆံပင်ရှည်ရှည်စင်းစင်းကလေးနဲ့...။ အဲဒီကောင်မလေး အထက်တန်းကျောင်းမှာကတည်းက ကျမနဲ့ တစ်ကျောင်းထဲ..။ စဉ်းစားသာကြည့်လိုက်ကြတော့ဗျာ... ဒါတမင်သက်သက် ကောင်မလေးကိုချောက်တွန်းသလို ဖြစ်မနေဘူးလား...။ သူနဲ့တွဲ့ဖက်ပြီး လူစိတ်ဝင်စားခံရမယ့် King ကအသားမဲမဲ သားခေါခေါနဲ့ မျက်နှာမှာတောင် ကျောက်ပေါက်ပါသေး.... သေရောဗျာ..။ ဒီလိုနဲ့ ကျမတို့ရဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကြီးက ရယ်စရာလေးနဲ့ ပွဲသိမ်းသွားခဲ့တယ်...။ နောက်နေ့တွေကျောင်းတက်တော့ ကျမတို့ရဲ့ Zool King ကြီးက လူတကာစိတ်ဝင်တစား လာကြည့်မှာကို ကြိုတင်တွက်ဆထားပုံရပါတယ်...။ အဝတ်အစား စတိုင်တောင်ပြောင်းလိုက်ပါတယ်...။ ခါတိုင်းဝတ်တဲ့ ရှပ်အကျီၤတွေအစား ရောင်စုံ စပို့စ်ရှပ်တွေဝတ်လာပါတယ်....။ အဲဒီလိုပေါ့နော်...ကျောင်းသားအချင်းချင်း နောက်ပြောင်ရာကရွေးလိုက်တာ သူ့အတွက်တော့အခက်တွေ့သွားတာပေါ့...။ အဲဒီတုန်းက Physic မေဂျာက Queen က အဆိုတော် မဒီပေါ့...သူတို့မေဂျာက King လဲချောတယ်....။ နောက် Botany က Queen လဲ ချစ်စရာလေး ဆံပင်လေးတွေက ညိုညိုလေးနဲ့ ဖြောင့်စင်းနေရော....သူလဲကျမတို့လသာ(၂)ကပဲ ။ မပိုး(ပိုးဒါလီသိန်းတန်)တို့ကျတော့ ကျမတို့ပထမနှစ်တက်တာနဲ့ သူကတတိယနှစ်ကို မိန်းထဲပြောင်းသွားရပြီ...။ ကျမတို့ ကျောင်းက အတော်အသင့်တော့ အနုပညာရှင်တွေ ရှိကြတယ်...။ ကျောင်းတော်ဆီက နောက်ထပ် ဇာတ်လမ်းလေးတွေအကြောင်းကို ကျမဆက်ရေးပါဦးမယ်... ။ ခုတော့ King&Queen ဆိုတဲ့ အမြည်းလေးနဲ့ပဲ ကျမရဲ့ စကားဖြူပန်းတွေ၊ စိန်ပန်းတွေပွင့်တဲ့ တစ်ခါတုန်းကတက္ကသိုလ်က တကယ့်အဖြစ်အပျက်လေးကို ရေးလိုက်ပါတယ်...။

မိုးငွေ့

Wednesday, 7 April 2010

အတာရေပူပူလေး.....



ကျမတို့ ဒုတိယနှစ်ကျောင်းပိတ်ခါနီးတော့ ဧပြီလမှာဖြစ်တယ်...။ ကျမတက္ကသိုလ်ကျောင်းသူဘဝမှာ အဲဒီတစ်ခါလေးပဲ ကျောင်းသင်္ကြန်ကျဖူးတာပါ...။ အဟဲ... သင်္ကြန်မှာ သူများတွေ ကိုယ်စီ သင်္ကြန်အလွမ်းဇာတ်လမ်းလေးတွေ ရေးပြီးတင်ကြတာတွေ့တယ်။ မိုးငွေ့လဲ သင်္ကြန်အကြောင်းလေးရေးဖို့ စိတ်ကူးရလာတယ်...။ ဒါပေမယ့် ဝတ္ထုတိုလေးရေးဖို့လည်း ကိုယ့်မှာ ကုန်ကြမ်းကမရှိဖူးခဲ့တော့ ...ရှိခဲ့ဖူးတာလေးကိုပဲ ရေးဖြစ်လိုက်ပါတယ်...။ အမှန်တော့ ကျမဒီ “တစ်ခါတုန်းကတက္ကသိုလ်မှာ” ဆိုတဲ့ခေါင်းစဉ်အောက်က ကျမကျောင်းစတက်တဲ့ အတွေ့အကြုံ အကြောင်းအရာတချို့တွေ တစ်ပုဒ်စ နှစ်ပုဒ်စ ရေးစရာရှိပါတယ်...။ ခုသင်္ကြန်အကြောင်းလေးရေးချင်တာနဲ့ အဲဒါတွေကို ကျော်ခွလိုက်တယ်...။ နောက်မှ ကျမရေးပြီး တင်ပါ့မယ်..။ ကျောင်းပိတ်ခါနီး ကျောင်းသင်္ကြန်ရှိတယ်ဆိုတော့ တစ်ခါမှမကြုံဖူးတဲ့ ကျမအတွက် အရမ်းကို စိတ်လှုပ်ရှားခဲ့တာပေါ့...။ ဘာမှထူးထူးခြားခြားမဟုတ်ပါဘူး...။ ကျောင်းမှာ ဒီလိုပဲ ကျောင်းသားတွေ ရေသန့်ဗူးလေးတွေကိုင်ပြီး ကိုယ်ကြိုက်တဲ့ ကောင်မလေးတွေကိုလိုက်လောင်းတာပါပဲ...။ အထင်သိပ်မကြီးကြနဲ့ ကျမကို ရေလိုက်လောင်းသူ သိပ်မရှိဘူးဗျ...။ ဘာလို့လဲဆိုတော့ တိုင်ကွမ်ဒိုခါးပတ်နက်က ကျမရဲ့ အနီးကပ်ကိုယ်ရံတော်တပ်မှူးဖြစ်ဖြစ်နေလို့လေ...။ မျက်နှာက အမြဲထန်နေလေတော့ ကောင်လေးတွေက အနားမကပ်ရဲဘူး...။ သူငယ်ချင်းတွေကပြောတယ် “နင်တော့ သွားပြီး ဘယ်သူမှ နင့်ကိုရေလာ ပက်ရဲမှာမဟုတ်ဘူး နည်းနည်းပါးပါးတော့ ပြုံးထားလေ ရေလာပက်ချင်အောင်”တဲ့..။ ဘုရားရေ... ကျမကပဲ ကောင်လေးတွေရေလာပက်ချင်အောင်လို့ ညုတုတု ခရာတာတာ အဲလိုအိုက်တင်ဖမ်းရမယ်...။ လုံးဝမဖြစ်နိုင်တာဗျို့...။ ရာဇဝင်မှာကိုမရှိတာ...။ ရေမလောင်းခံရတာ ဝမ်းနည်းစရာမှမဟုတ်ဘဲနော်...။ ကြယ်သီးခပ်ဆန်းဆန်းကလေးတွေနဲ့ ရောင်စုံရင်ဖုံးအကျီၤတွေကို အမြဲဝတ်ပြီးကျောင်းတက်တတ်တဲ့ ကျမကို လူအတော်များများစိတ်ဝင်စားကြပေမယ့် ခုနကပြောခဲ့သလိုပေါ့ ကျမရဲ့ ခါးပတ်နက်ကို လန့်တတ်ကြတာ...။ ကျမလည်း ဘာမှမလုပ်ပါဘူး ဘယ်သူ့ကိုမှ...။ ဒါပေမယ့် အလိုလိုနေရင်း လူရှိန်တာခံနေရတာပေါ့...။ ဒီလိုနဲ့ အိမ်ပြန်မယ်ဆိုပြီး ကျောင်းထဲကထွက်လာတော့ ကျောင်းဆင်ဝင်အောက်ကအကျော် ဂိတ်ဝနားမရောက်ခင် ပုဏ္ဏရိပ်ပင်နားမှာ လူတစ်ယောက်ကျမရှေ့ကို ရပ်ပြီးတားလိုက်တယ်...။ အရပ်ကရှည်တော့ ကျမမော့ကြည့်လိုက်ရတယ်...။ ဘယ်သူများလည်းလို့ ကျမတို့ Zool အတန်းရှေ့ Botany အတန်းက “စည်သူ”(အခုရုပ်ရှင်မင်းသားညီနန္ဒ(ခေါ်)နန္ဒပါ) ဆိုတဲ့ ကောင်လေးပါ..။ သူကကျမထက်တစ်နှစ်ငယ်တယ် ခုမှ ပထမနှစ်စတက်တာ...။ လက်ထဲမှာလဲရေဗူးနဲ့....ဘာမပြောညာမပြော ကျမကိုယ်ပေါ်လောင်းချလိုက်တာ...အားပါးပါး...ရေတွေက ရေနွေးတွေဗျ...။ ကျမကလဲလက်သွက်ပြီးသားမို့... အသင့်ကိုင်ထားတဲ့ ဘောလ်ပင်နဲ့ သူ့လက်ကို ထိုးလိုက်တာ...။ သွေးထွက်မထွက်တော့မသိဘူး...။ “နင်ကလဲ ဒီလောက်လေးရေပက်တာ ဘောလ်ပင်နဲ့ထိုးစရာလား”တဲ့...။ အော်...ကိုယ်တော်ချော ရှင့်ရေတွေကိုလဲ ပြန်စမ်းကြည့်ဦး ရေအပူတွေနဲ့လေ...။ ကျမပြောတော့ သူ့ဘာသာသူပြန်လောင်းကြည့်တယ်...။ ဟုတ်သားပဲ ဆောရီးနော်တဲ့...။ ကဲ... ရေလောင်းတဲ့သူရော...အလောင်းခံရတဲ့သူရော... အဲဒီရေနွေးကြောင့် သင်္ကြန်အရသာလေး ပျက်ကုန်ပါရောလေ...။ ရေသန့်ဗူးနဲ့ ကန်တင်းမှာ ဘယ်သူကများ ချောက်ချပြီး ရေနွေးဖြည့်ပေးလဲမှမသိဘဲ...။ ကျမတစ်သက်တာမှာတော့ သင်္ကြန်ကို အများအားဖြင့် အိမ်ကကားနဲ့ရေပက်ခံထွက်တာပဲရှိတယ်...။ မဏ္ဍတ်ထိုင်ဖြစ်တာကတော့ တစ်ခါပဲ ပိုင်ဇေတို့ (ပိုင်ဇေရဲထွန်း) အင်ယားလမ်းမှာ မဏ္ဍတ်လုပ်ဖြစ်တုန်းက တစ်ခါပဲရှိတယ်...။ ပိုင်ဇေနဲ့က တိုက်ကွမ်ဒိုမှာ သူငယ်ချင်းတွေ ဖြစ်တာရယ် စင်ပေါ်မှာလည်း သင်တန်းက သူငယ်ချင်းတွေ အများစုနဲ့မို့ သွားထိုင်ဖြစ်တာပါ...။ ဒီလိုပါပဲ အဲဒီတုန်းက ငယ်သေးတော့ ပျော်ဖို့ကောင်းပါတယ်..။ ကျမအတွက်တော့ သင်္ကြန်ဆိုတာ သိပ်ကြီးပျော်စရာကောင်းခဲ့တယ် မရှိပါဘူး...။ ငယ်ငယ်ကတော့ မန်းမှာ သင်္ကြန်လေးငါးနှစ် ဆက်တိုက်ကျဖူးတယ်...။အဲဒီတုန်းက ရုပ်ရှင်မင်းသားဝင်းဦး ငွေငန်းသင်္ကြန်ကားကြီးပေါ်မှာ သီချင်းဆိုတော့ မန်းတောင်ခြေမှာ သွားကြည့်ကြသေးတယ်...။ 2002 ဘွဲ့မရခင်ကတော့ မဟာစည်မှာ သီလရှင်ဝတ်ဖြစ်တယ်...။ နွေရာသီ ပူကလည်းပူ လူများတော့ နေရာမရတာနဲ့ ကျမတို့သီလရှင် လေးပါးက သက်ကြီးဆောင်မှာသွားနေရတယ်...။ ညဘက် အဖွားကြီးတွေစကားများလို့ အိပ်မရခဲ့ဘူး...။ မနက်ကျတော့ သုံးနာရီဆိုထရတယ်... မနက်တရားထိုင်ရတာကို အကြောက်ဆုံးပဲ အိပ်ငိုက်လွန်းလို့ ခြင်ကလဲ ကိုက်ခံရသေးတယ်လေ...။ အဲဒီတုန်းက အက်ဆစ်အဖွဲ့စပြီးနာမည်ကြီးတဲ့ အချိန်...။ ကျမတို့ တရားထိုင်တော့... မြရိပ်ညိုက ညဘက်စတိတ်ရိုှးလုပ်တော့ အက်ဆစ်က Hip Hop အသံတွေကြားနေရတယ်...။ ပထမတစ်ရက်နှစ်ရက် တရားထိုင်တော့ စိတ်ကိုမနည်းစုရတယ်...။ နောက်တော့ ကျင့်သားရသွားပါတယ်..။ တကယ်အေးချမ်းတဲ့ စိတ်ကျင့်စဉ်တစ်ခုပါ...။ သင်္ကြန်နဲ့ ပတ်သက်တဲ့ အရာတွေထဲမှာ ပိတောက်က အဓိကဇာတ်ဆောင်ဆိုပေမယ့် ကျမက ပန်းမကြိုက်တတ်လို့ ပိတောက်ပန်းလဲ မပန်ခဲ့ပါဘူး...။ အဲ...မုန့်လုံးရေပေါ်တော့ သိပ်ကြိုက်ပေါ့...။ ဒီနှစ်သင်္ကြန်တော့ မိုးငွေ့တို့ဘာမှလုပ်စရာမရှိပါ... ။ အိမ်တွင်းအောင်းပြီး မုန့်လုပ်စားမယ်... စာဖတ်မယ်...။ နက်ရရင် စာတွေရေးမယ်..။ နှစ်ဆန်းတစ်ရက်နေ့ကျရင် အဖွားကို ခေါင်းသွားလျှော်ပေး လက်သည်းခြေသည်း သွားညှပ်ပေးမယ်...။ အပြင်ထွက်လည်ဖို့တော့ လုံးလုံးစိတ်ကူးမရှိပါကြောင်း နိဂုံးချုပ်အပ်ပါသည်...။


မိုးငွေ့