Saturday, 2 December 2017

သီချင်းတစ်ပုဒ်ရဲ့ခေါ်ဆောင်ရာ.....



ကျွန်မ Iphone ထဲမှာ Music FM ဆိုတဲ့ Meet awesome music  ရေဒီယိုလေးထည့်ထားတယ်...။ အဲဒီရေဒီယိုမှာ ဂီတအမျိုးအစားမျိုးစုံပါတယ် Jazz R&B Classic French Rock Pop Country Blues Electronics Folk Emo Hip Hop Metal Korean Japan Dancing စသဖြင့် ပေါ့...။  ကျွန်မက R&B ကြိုက်တော့ သူ့ထဲကိုမွှေနှောက်ရှာပြီး သီချင်းတွေနားထောင်ဖြစ်တယ်...။ များသောအားဖြင့် လွန်ခဲ့တဲ့ ဆယ့်ငါးနှစ် နှစ်နှစ်ဆယ်က သီချင်းတွေကို ပြန်ရှာဖြစ်တယ်..။ Boyz II Men အဖွဲ့ကိုရှာကြည့်တော့ 1997 98 လောက်က တက္ကသိုလ်တက်တုန်း တော်တော်များများနားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေကို ပြန်ဒေါင်းပြီး နားထောင်မိတယ်..။ အဲဒီခေတ်က Boy Band တွေမှအများကြီး... All 4 One, Back Street Boy, 98ဒီဂရီ, Boy Zone  အများကြီးမှအများကြီး...။ သူတို့အဖွဲ့တွေ အားလုံးပေါက်ကြတယ်...။ အဲတုန်းက ရှစ်ပေစလောင်းတွေ အိမ်မှာတပ်ပြီး ကြည့်ကြတော့ MTV ကို ကျွန်မက အချိန်အားတိုင်း ကြည့်ဖြစ်နေတတ်လို့ သူတို့သီချင်းတွေကို Up to Date သိနေခဲ့တာ..။ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို အခွေဝယ် လက်ရွေးစင်ပြန်ကူးအဲလိုမျိုးတွေ ကိုယ့်ဘာသာကိုယ် အိမ်ကစက်နဲ့ လုပ်ခဲ့ဖူးတယ်...။

ကျွန်မ ဒီရေဒီယိုထဲက သီချင်းဟောင်းတွေပြန်နားထောင်ရင်း Boyz II Men ရဲ့  Four Seasons of Loneliness အပြင် Water Runs Dry, I'll make love to you, First Love နဲ့ Mariah Carrey featuring ပါဝင်သီဆိုထားတဲ့ One Sweet Day စတာတွေကိုလည်းပြန်နားထောင်ဖြစ်ခဲ့တယ်...။

ဒီသီချင်းနဲ့ ပတ်သက်ပြီး ကျွန်မ တက္ကသိုလ်တုန်းက Crush ခဲ့ဖူးတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို နည်းနည်းပြောချင်တယ်...။ ကျွန်မ ဒုတိယနှစ်ရောက်တော့ ကျွန်မတို့ RC3 ကို နောက်ထပ် Fresher လေးတွေထပ်ရောက်လာခဲ့တယ်...။ ကျွန်မ မင်းသားညီနန္ဒ နဲ့ စိန်ယာ့ဒ် အကြောင်းကို ဒီမှာ နဲ့ ဒီမှာ တစ်ခါရေးဖူးခဲ့ပါတယ်...။ ကျွန်မ Crush တဲ့ ကောင်လေးက ရုက္ခဗေဒမေဂျာက စိန်ယာ့ဒ်နဲ့ သူငယ်ချင်းတွေ..။ သူ့နာမည်က အောင်ကိုကိုအေး နာမည်ကသာတုံးတာ လူကအလန်း အဲဒီခေတ်ကတည်းက သူဆံပင်ပုံက ခုခေတ်စားနေတဲ့ One way ကေ...။ ကျောင်းလာရင် ဂျင်းပင်နဲ့ စတစ်ကာပုံဆန်းတီရှပ်နဲ့ ကျောပိုးအိတ်မျိုးစုံနဲ့ ရှူးဖိနပ်နဲ့ ရှိုးအပြည့်နဲ့လာတာ..။ တခါတလေ Dr Martin ဖိနပ်တွေဘာတွေတောင်စီးတတ်သေးတာ..။ အသားညိုညို မျက်ခုံးကောင်းကောင်း မျက်နှာကျရှည်ရှည် မေးစေ့နည်းနည်းကောက်တယ်... နားကွင်းကလည်းတစ်ဖက်ပါသေး...။  အောင်ကိုကိုအေးက ကျွန်မတို့လို့ သိပ္ပံမဟုတ်ဘူး သူက ဝိဇ္ဖာ ပထဝီမေဂျာက...။ သူတို့အတန်းက ကျွန်မတို့နဲ့ နည်းနည်းဝေးတယ်... ဝင်ဝင်ချင်း ဆင်ဝင်ပေါက်ကျော်တာနဲ့ ညာဖက်ခြမ်း ဆရာများနားနေဆောင်နဲ့နီးတယ်..။ ကျွန်မတို့ Chemistry Practical လုပ်တဲ့ အခန်းနဲ့လည်းနီးတယ်...။  အဲ... သူက ကျွန်မတို့ အတန်းရှေ့မှာ ရှိတဲ့ စိန်ယာဒ့်တို့ဆီလာရင်းနဲ့ သူ့ကိုတွေ့ဖူးတာ...။ သူ့ကိုသူငယ်ချင်း အဖြစ်မိတ်ဆက်ကြမယ်လို့ ကြံကြတော့ ကျွန်မတို့ ကျောင်းမှာ ရံပုံငွေပွဲအတွက် ကြာဇံချက်စားဝယ်စားလို့ရတဲ့ လက်မှတ် ကျွန်မလက်ထဲရှိနေခဲ့တယ်...။ အဲဒီလက်မှတ်နဲ့ အဲကောင်လေးကို ကြာဇံချက်စားဖို့ ဖိတ်လိုက်တယ်...အယ်လဲ :P ...။ အဲဒါနဲ့ ကျွန်မတို့အဖွဲ့နဲ့ သူတို့အဖွဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတယ်...။ သူတို့အဖွဲ့မှာက စိန်ယာ့ဒ်ရယ် ဆွီတီရယ် အောင်ကိုကိုအေးရယ်...။  သူက သူ့နာမည်မကြိုက်လို့ သူ့ကိုယ်သူ သူရိန်အောင်ဆိုပြီးပေးထားတဲ့ နာမည်နဲ့ပဲ ကျွန်မတို့ကိုမိတ်ဆက်တယ်..။ ဆိုတော့ သူ့ကို ကျွန်မက သူရိန်အောင်လို့ခေါ်ရတာပေါ့..။ သူကလည်း ကျွန်မနဲ့စကားပြောရင် သူ့ကိုယ်သူ ကျွန်တော်လို့ပြောတာထက် သူရိန်လို့ပဲ သူ့ကိုသူပြောတယ်...။

ကျွန်မ သူ့ကို Crush တယ်ဆိုတာကလည်း ကျွန်မတို့တစ်ကျောင်းလုံးမှာ သူ့စတိုလ်က အမိုက်ဆုံးကိုး...။ သူတို့အဖွဲ့ထဲက ဆွီတီလည်းသူရိန့်လို စတိုင်လ်ပဲ...။ သူက ဆရာဝန်သား ညီအစ်ကိုသုံးယောက်မှာ အငယ်ဆုံး ရည်စားရှိတယ် ခရစ်ယာန်ဘာသာဝင်ပဲ လမ်းမတော်စိန်ဂျွန်းမှာ Church တက်တယ်...။ သူရိန်ရော ဆွီတီရော အသားညိုတယ် အပြုံးချိုတယ် စကားပြောကောင်းတယ်...။ ပြီးတော့ သူရိန်က Dancer တစ်ယောက်လည်းဟုတ်တယ်...။ မင်းသားညီနန္ဒ သူတို့အဖွဲ့နဲ့ လာမိတ်ဖွဲ့တာ သူ့ဆီက အကသင်ချင်တဲ့ ရည်ရွယ်ချက်နဲ့...။ နောက်တော့ သင်ဖြစ်မသင်ဖြစ်တောင်မသိတော့ဘူး...။ ကျွန်မတို့ သူငယ်ချင်းတွေဖြစ်သွားတော့ သူ့အစ်မရှိတဲ့ မိန်း(ရန်ကုန်တက္ကသိုလ်) ထဲကို အတူသွားလည်ဖြစ်ကြသေးတယ်..။ သူ့အစ်မ မဒါလေးက အင်္ဂလိပ်မေဂျာကဆိုတော့ ကျွန်မတို့ ဦးချစ်လက်ဖက်ရည်ဆိုင်တွေ ဘာတွေထိသွားထိုင်ဖြစ်ကြသေးတယ်..။ ကျွန်မတို့ ကျောင်းမှာ ဗော်လီဘောပြိုင်ပွဲလုပ်တော့ ကျွန်မတို့တစ်ဖွဲ့ကြီး ဦးပြောင်ကြီးထမင်းဆိုင်ကနေထိုင်ကြည့်ကြတယ်...။ ကွင်းက ကန်တင်းရှေ့မှာပဲလေ..။ အဲနေ့တုန်းက စည်သူ(ညီနန္ဒ)က နေကြာစေ့အထုပ်ကြီး တစ်ထုပ်ယူလာတော့ ဗော်လီဘောပွဲကြည့်ရင်း အားလုံးနေကြာစေ့ကိုက်ကြတာ..။ သူရိန်က နေကြာစေ့စားတာများပြီး သွေးကျရော သူ့ခင်ဗျာချွေးစေးတွေပျံပြီး မူးလာတာ အဲဒါနဲ့ သူအိမ်ပြန်လိုက်ရတယ်...။ သူ့အိမ်က ကျောင်းနဲ့ နှစ်မှတ်တိုင်ထဲဝေးတာ..။ ကျောင်းရှေ့ ဟုန်းလမ်းပြီးရင်  သီတာရုံမှာဆင်းရတယ်...။ သူက ဦးလူနီလမ်းထဲက ကရင်ခြံမှာနေတာ..။ ကျွန်မလည်း ၃၃ကားစီးတော့ သူ့ကို အိမ်ထိပြန်လိုက်ပို့လိုက်တယ်...။ နောက်တော့ သူ့မိသားစုနဲ့ ကျွန်မ နှစ်တော်တော်ကြာတဲ့အထိ ခင်မင်ရင်းနှီးသွားကြတယ်...။ သူတို့က မောင်နှမနှစ်ယောက်တည်း သူ့အဖေက Total ရေနံကုမ္ပဏီက အင်ဂျင်နီယာ အမေကတော့ အိမ်ရှင်မပဲ..။ အန်ကယ်က ဗုဒ္ဓဘာသာ အန်တီမရီးနာက ခရစ်ယာန် သူရိန်တို့မောင်နှမကတော့ ခရစ်ယာန်အမျိုးတွေကြားကြီးပြင်းလာတော့ နှစ်ယောက်စလုံး ခရစ်ယာန်နှစ်ခြင်းတွေ ယူကြတယ်..။

နောက်ပိုင်း ကျွန်မသူတို့မိသားစုနဲ့ ရင်းနှီးသွားတော့ သူတို့အိမ်မှာ ဆုတောင်းပွဲလုပ်တဲ့အခါ အလှူလုပ်တဲ့အခါ ခရစ္စမတ်ပွဲလုပ်တဲ့အခါတိုင်း ရောက်ဖြစ်တယ်....။ အန်တီမရီးနာရော အန်ကယ်ဦးအောင်အေးရော သိပ်သဘောကောင်းကြတယ်...။ အန်တီဆို ကျွန်မသူတို့အိမ်ရောက်တိုင်း ထမင်းအမြဲကျွေးတယ်...။ ဘာဟင်းပဲချက်ချက် ကျွန်မရောက်တာနဲ့ ထမင်းစားပြီးမှပြန်ရတယ်..။ တခါတလေ ကျွန်မသက်သတ်လွတ်စားတဲ့နေ့နဲ့တိုက်ရင်တောင် စိတ်ရှည်လက်ရှည် ကန်စွန်းရွက်ကြော် ကျွေးတတ်သေးတယ်....။ တခါက မေဂျာတွေ ဘောလုံးကန်ပြိုင်ကြတာ မိန်းထဲကကွင်းမှာ သူရိန်တို့ ပထဝီနဲ့ ရုက္ခဗေဒနဲ့ကန်တာ ကျွန်မက ကိုယ့်မေဂျာမဟုတ်ဘဲ မနက်စောစောစီးစီးသွားအားပေးတော့.. ကျွန်မတို့ Zool အတန်းရှေ့က Bot ကျောင်းသူတချို့က ကျွန်မကို ဘယ်သူ့လာအားပေးသလဲဆိုပြီး စပ်စုကြသေးတာ..။ ကျွန်မလာအားပေးတာက ဟိုး...ဂိုးဒိုင်နားက ဘောင်းဘီအနားစကိုဆွဲတင်ပြီး ဘောဖမ်းဖို့ တပြင်ပြင်လုပ်နေတဲ့ အသားညိုညိုနဲ့ ကောင်လေးကိုလို့...။ အဲဒီနေ့က သူတို့ ပထဝီမေဂျာက နိုင်သွားတယ်...။ ကျွန်မကို သူတို့မေဂျာနိုင်လို့ အဲဒီနေ့က မုန့်လိုက်ကျွေးသေးတယ်...။ 

သူရိန်နဲ့ကျွန်မ 1997 ကနေ 2003-4 အထိ အဆက်သွယ်ရှိကြသေးတယ် ...။ ကျွန်မတို့ 2000ခုနှစ်ကျောင်းပိတ်သွားတော့ သူ မော်ဒယ်လ် ကောင်မလေးတစ်ယောက်နဲ့ ရည်းစားဖြစ်သွားတယ်...။ နောက် သီချင်းတစ်ခွေထုတ်သေးတယ်..။ သူတို့အဖွဲ့နာမည်တောင် မမှတ်မိတော့ဘူး...။ ပိုင်ဇေရဲထွန်းလုပ်တဲ့ ဆီဒိုးနားရှိုးပွဲမှာ သူတို့ Dancer အဖွဲ့လာကတော့ ကျွန်မတို့ ပြန်တွေ့ဖြစ်ကြတယ်..။ အဲဒီပွဲမှာ သူက ကျွမ်းထိုးရင်း အကျမတော်လို့ ခါးကျောညှပ်သွားတာ ဆေးရုံတက်လိုက်ရတယ်...။ ဆေးရုံပေါ်မှာ ခဲဆွဲတာလုပ်ရတယ်...။ သူ့ရည်းစားဆိုတဲ့ ကောင်မလေးနဲ့သူက အဆင်မပြေကြဘူး...။ သူဆေးရုံတက်တော့ ကောင်မလေးက တစ်ခါမှတောင်လာမကြည့်ဘူး..။ ကျွန်မကသာ ကျွန်မသူငယ်ချင်းဆေးရုံကုတင်ဘေးမှာ နေ့တိုင်းလိုလိုရှိနေခဲ့တာ...။ အန်တီမရီးနာက နေ့လည်ထမင်းချိုင့်လာပို့ရင် ကျွန်မအတွက်ပါယူယူလာတတ်တယ်...။ ကျွန်မတို့ ထမင်းအတူစားကြတယ်..။ သူ့ခြေထောက်တွေက ခဲဆွဲထားတာကြာတာ့ ခဲခဏဖြုတ်ရင် အညောင်းသက်သာအောင် သူ့ခြေသလုံးတွေကို ကျွန်မနှိပ်ပေးတယ်...။ ကျွန်မကိုသူက ဘာလို့ သူ့ကို ဒီလောက်တောင်ဂရုစိုက်ရတာလဲလို့မေးတယ်...။ “နင်က ငါ့ရဲ့ Crush ဖြစ်နေလို့ပေါ့” လို့ကျွန်မစိတ်ထဲကပဲ ဖြေခဲ့တယ်...။ သူကျွန်မစိတ်ကို ဖတ်တတ်နေပါပြီ...။ ကျွန်မကို သူ သူငယ်ချင်းတစ်ယောက်ထက် ပိုပြီးလည်း အခွင့်အရေးမယူခဲ့ပါဘူး...။ နောက်တော့ သူ အင်္ဂလန်ကိုထွက်သွားခဲ့တယ်...။ အဲဒီနောက် ကျွန်မတို့မဆုံဖြစ်ကြတော့တာ ဒီနေ့ထိပဲ...။ အစ်မဒါလေးနဲ့တော့ လမ်းမှာကလေးကျောင်း ကြိုရင်းနဲ့ တစ်ခါ နှစ်ခါ တွေ့တတ်တယ်...။ ခု သူရိန်က လွန်ခဲ့သောနှစ်များစွာထဲကတည်းက အင်္ဂလန်က ကရင်မလေးတစ်ယောက်နဲ့ လက်ထပ်ပြီး သားကလေးတစ်ယောက်တောင်ရနေပြီ...။ အရင်လို ကျွန်မ Crush နေတဲ့ ကောင်လေးပုံမဟုတ်တော့ဘူး နဖူးပြောင်ပြီး ဝတုတ်ကြီးဖြစ်နေပြီ...။ 

သီချင်းတင်ရင်း ဇာတ်ကြောင်းပြန်တာရှည်သွားတယ်...။ ဒီသီချင်းလေးတွေကို ဟိုတစ်ချိန်က ကျွန်မ Crush တဲ့ကောင်လေးနားထောင်ဖို့ဆိုပြီး လက်ရွေးစင်ခွေတွေ တစ်ခွေပြီးတစ်ခွေကူးပေးခဲ့ဖူးတဲ့ သီချင်းတွေပေါ့..။ သူကိုယ်တိုင်မောင်းခဲ့တဲ့ EXIV ကားထဲ ကျွန်မပေးတဲ့ သီချင်းသံတွေ လွင့်ပျံခဲ့ဖူးတယ်ပေါ့...။


မိုးငွေ့

1 comment:

Aunty Tint said...

ဖတ်ရတာကြည်နူးစရာ အတိတ်ရဲ့ခြေရာလေးတွေ ....