ခါတိုင်း ကျနော်ပို့စ်တစ်ခုတင်တိုင်း အဆုံးသတ်မှာ မိုးငွေ့ဆိုပြီး ရေးလေ့ရှိတယ်.... ဒီဖက်နှစ်မှာ ကျနော်ပို့စ်တင်ရင် သတိထားမိကြလားမသိ အောက်မှာ မိုးငွေ့ ဆိုတာမရေးတော့ဘူး....။ ဘလော့ခေါင်းစည်းကအစ "မိုးငွေ့နှင့်အတူ"မဟုတ်တော့ဘဲ "Silent is the power" ဆိုပြီး ပြောင်းထားတယ်....။ အခု လွန်ခဲ့တဲ့ လေးငါးလလောက်က ပို့စ်အဟောင်းတွေကို ပြန်ဖတ်ရင်း အော် ငါ မိုးငွေ့ဆိုတာကိုအောက်မှာမရေးဖြစ်တော့တာကြာပြီပဲလို့ သတိပြန်ထားမိတယ်...။ ဒီလိုနဲ့ ကျနော် မိုးငွေ့ဆိုတဲ့ နာမည်ကိုတောင် မေ့နေပြီလို့ဆိုတာက ကျနော့်ကို "ဟေ့ မိုးငွေ့" "ဒေါ်မိုးငွေ့" "မိုးငွေ့" "မိုးငွေ့" "မိုးငွေ့" "မိုးငွေ့".... ဆိုပြီး ခေါ်ခေါ်တတ်တဲ့ သူတစ်ယောက်ကို မေ့ချင်လိုပါ.....။ အခု အဲအကြောင်းအရင်းကို ပြန်သတိရတော့လဲ သူ့ကို သတိရလိုက်တာနဲ့တူတူပဲဖြစ်သွားရော....။
ဆိုတော့ မိုးငွေ့ဆိုတဲ့ နာမည်ကို ခနမေ့ထားရုံသက်သက်ပါပဲ ကျနော် အဲနာမည်ရဲ့ဖြစ်တည်မှုအစကို ဘယ်တုန်းကမှမမေ့ဖူးသလို ကြုံကြိုက်တိုင်းလဲပြောဖြစ်ပါတယ်...။ မဟုတ်ရင် ကျနော် စာရေးတဲ့ ကလောင်နာမည်သပ်သပ်ရွေးနေရဦးမှာ....။ အခုတော့ ဘလော့နာမည်လေးက အလိုလိုနေရင်း ကျနော့်နာမည်လေးဖြစ်သွား....။ အရင် ဘလော့ခေတ် စည်ကားခဲ့စဉ်တုန်းကတော့ ဘလော့ဂါတွေက ကျနော့်ကို မိုးငွေ့ မမိုး မမိုးကြီး မိုးကြီး မမငွေ့ ငွတ်ငွတ် ငွေ့ငွေ့ နဲ့ စုံအောင်ခေါ်တတ်ကြတာ...။ အဲလိုပျော်စရာအချိန်တွေ ပြန်မရနိုင်တော့ဘူး သတိရပါတယ် ဘလော့မောင်နှမတွေအားလုံးကို....။
No comments:
Post a Comment