Showing posts with label Own Business. Show all posts
Showing posts with label Own Business. Show all posts

Thursday, 3 March 2022

Banana Diary's (2).....

My version of Home Made Sun Dry Banana


ဒီတစ်ခေါက် Banana Diary's ကနေ ငှက်ပျောခြောက်လုပ်နည်းလေးတင်ပေးလိုက်ပါတယ်....။ My Version of Sun Dry Banana ပေါ့....။ ငှက်ပျောခြောက်လုပ်တာက ရခိုင်ငှက်ပျောသီးသည်အကောင်းဆုံးပါ....။ တခြားငှက်ပျော်သီးနဲ့လုပ်ကြလားတော့မသိဘူး....။ ငှက်ပျောခြောက်ကို ခရီးထွက်ရင် လမ်းမှာကားရပ်နားတဲ့အချိန်ဆို အမြဲဝယ်စားဖြစ်တယ်....။ သိပ်တော့မလတ်ဆတ်ဘူးပေါ့....။ ပုသိမ် ချောင်းသာ ငွေဆောင်သွားတဲ့ ခရီးလမ်းမှာအများအားဖြင့် ရောင်းကြတယ်...။ ငှက်ပျောခြောက်အချိုကြော် အဆိမ့်ကြော်ကတော့ နာမည်ကြီးပေါ့....။ ကျွန်မက ငှက်ပျောခြောက်ကို ဒီလိုအစိုအပျော့နဲ့ပိုကြိုက်တယ်....ဆီကြော်ထက်....။ ကျန်းမာရေးနဲ့လဲ ပိုညီညွှတ်တယ်....။ ထမင်းစားပြီး အချိုးတည်းမလား ဒီတိုင်း သရေစာအနေနဲ့စားမလား အကုန်အိုကေတယ်....။ 

ခရီးမသွားဖြစ်ရင်တော့ City Mart မှာရောင်းတဲ့ Gu Gu တံဆိပ် ငှက်ပျောခြောက်ကိုဝယ်စားလေ့ရှိတယ်....။ နောက်ပိုင်း ဈေးထဲ ငှက်ပျောသီးအုန်းနို့ပေါင်းလုပ်စားတော့ ငှက်ပျောသီးတွေပိုရင် နေလှန်းပြီးစမ်းလုပ်ကြည့်ရင်းက လုပ်တတ်သွားတာ....။ ဘာသကြား ဘာပျားရည်မှဆမ်းစရာမလိုဘူး...သူ့သဘာဝအတိုင်းချိုမွှေးလေး...။ ကိုယ်နေလှန်းမယ့် ငှက်ပျောသီးကတော့ အမှည့်ဖြစ်ဖို့လိုပါတယ်...။ တအားအမှည့်မလွန်ဘဲ အလုံးမပျက် မှည့်အိနေတဲ့ အနေအထားလောက်ပေါ့....။ ကျွန်မက အလုံးလိုက်မလှန်းဘဲ ငှက်ပျောသီးတစ်လုံးကို သုံးလွှာခွဲလွှာလိုက်တယ်....။ စကောမှာ ငှက်ပျောဖတ်မဟုတ်ရင် ဆီစုပ်စက္ကူခံပြီး နှစ်နေလောက်လှန်းပေးပါ နေအပြင်းဆုံးအချိန်မှာလှန်းပါ...။ နေမရှိတဲ့အရပ်ကဆိုရင်တော့ Oven ထဲ 100-110 ဒီဂရီလောက်နဲ့ တစ်နာရီလောက် Bake လုပ်ပေးပါ...။ ပြီးရင် ပေါင်းချောင်အိုးထဲ နာရီဝက်လောက်ပေါင်းပေးပါ ဒါဆို အရောင်ရဲရဲလှလှနဲ့ စိုအိချိုမွှေးငှက်ပျောခြောက်ပေါင်းကို အိမ်မှာ လွယ်လွယ်ကူကူလုပ်စားလို့ရပါပြီ...။ အအေးခံပြီး အလုံပိတ်ဘူးလေးနဲ့ ရေခဲသေတ္တာထဲ တစ်ပတ်ကနေ နှစ်ပတ်ထိထားပြီးစားလို့ရပါတယ်....။ နှစ်ပတ်တောင်မခံဘူးကိုယ်တွေ လုပ်ထားရင်တစ်ဘူးက နှစ်ရက်သုံးရက်ပဲ....။ BKK မှာဆို စက္ကူဘူးတွေနဲ့ ရယ်ဒီမိတ်လုပ်ရောင်းတာလဲဝယ်စားဖူးတယ် အရည်အသွေးကောင်း Packaging ဘာညာသာရကာနဲ့ဆိုတော့ ဈေးကြီးပေးဝယ်စားရတယ် ...။ ခုလို နည်းသိသွားတော့ လုပ်စားရတာလွယ်ကူတဲ့အပြင် ငှက်ပျောသီး တစ်ထောင် ထောင်ငါးရာဖိုးပဲလုပ်ဦး အများကြီးစားရတယ်....။ 



နာရီဝက်ခနပေါင်းထားတဲ့ နေလှန်းပြီးငှက်ပျောခြောက်



၁၀၀ ဒီဂရီနဲ့ တစ်နာရီလောက် Bake လုပ်ထားတဲ့ ငှက်ပျောခြောက်လှလှလေးတွေ
 


Happy Baking!!!!


_________________
Revolution will prevail
မိုးငွေ့


Friday, 4 February 2022

Banana Diary’s (1) .....





ကျွန်မတို့ အိမ်မှာ အခု Bakery နဲ့ပတ်သက်တဲ့ Small Business လေးတစ်ခုလုပ်နေတာ ရှေ့ပို့စ်မှာတုန်းက တင်ဖူးခဲ့ပါတယ်....။ Facebook မှာ Food Lover နာမည်နဲ့ ပေ့ချ်တစ်ခုဖွင့်ပြီး အလုပ်စနေတာ သုံးလကျော်လောက်ရှိနေပါပြီ....။ လူသိနည်းနေသေးတာမို့ သင့်တင့်တဲ့ အော်ဒါလေးတွေကိုတော့လုပ်နေရပါတယ်....။ လောလောဆယ် Burnt Cheesecake, Crumble Cheesecake, Sea Salt Cream Cheese Chiffon Cake နဲ့  နောက်ဆုံး ရိုးရိုး ဗန်နီလာအရသာ Muffin Cup Cake လေးလဲ လူကြိုက်များပြီး အော်ဒါကောင်းနေပါတယ်....။ မုန့်စားရတာကြိုက်တဲ့ မုန့်ဖုတ်ရတာနှစ်သက်တဲ့ စာဖတ်သူတွေ ကျွန်မရဲ့ Food Lover စာမျက်နှာလေးကို Fackbook သုံးရင်း ကြုံရင် Like and Share လေး လုပ်ပေးသွားကြပါဦးလို့ တောင်းဆိုပါတယ်...။

ကျွန်မ အကြိုက်ဆုံးအသီးက ငှက်ပျောသီး ဖြစ်ပါတယ်....။ ဒါကြောင့် ကျွန်မ ဘာမုန့်လုပ်လုပ် ငှက်ပျောသီးနဲ့ပတ်သက်တဲ့မုန့်တွေကို လုပ်စားဖြစ်တာများတယ်....။ တွေးကြည့်တာ လူတစ်ယောက်ဟာ‌ မွေးလာပြီး အမေနို့သောက်ပြီးရင် ပထမဆုံးစားဖူးတဲ့အသီးက ဘာဖြစ်မလဲဆိုတာလေ...။ အဲဒီမှာ ငှက်ပျောသီးကိုသွားတွေ့တယ်....။ ဘာလို့လဲဆိုတော့ ကလေးလေးတွေက သွားလဲမပေါက်သေးတော့ တခြားမာတဲ့အသီးတွေလဲကျွေးလို့မရသေးဘူးလေ.... ဆိုတော့ အသီးပျော့ပျော့ အဟာရလဲရတဲ့ ဝယ်ရတာလဲလွယ်ကူတဲ့ ဖီးကြမ်းလိုငှက်ပျောသီးမျိုးတော့ အမေတွေက သေးသေးလေးတွေဖဲ့ပြီး ကျွေးဖူးကြမှာပဲ ဟုတ်တယ် တစ်ရာမှာ ကိုးဆယ်ကိုးကတော့ မလွဲနိုင်ဘူး....။ ဒါကြောင့် လူတစ်ယောက် လူဖြစ်လာတဲ့အချိန်မှာ စပြီးစားဖူးတဲ့ အသီးဟာ ငှက်ပျောသီးလို့ ကျွန်မခုပဲ သတ်မှတ်လိုက်တယ်...။ 

ကျွန်မလုပ်တဲ့ Banana Muffin ရဲ့ ထူးခြားချက်က Cold Press Coconut Oil အုန်းဆီသုံးတယ် ဒိန်ချဉ်ထည့်တယ် ပါဝင်ပစ္စည်းက ဘာမှသိပ်မရှိဘူးဆိုပေမယ့် အရည်အသွေးကောင်းတဲ့ အုန်းဆီစစ်စစ်ကိုသုံးထားတာမို့ အရသာထူးခြားမှုကတော့ သာမန်မုန့်တွေထက် ကွာပါတယ်...။ အခုငွေဈေးတက် ကုန်ကြမ်းတွေပျက်တဲ့အချိန်မှာ အရင်က အုန်းဆီ တစ်လီတာပုလင်းကလဲ နှစ်ဆတက်သွားပါတယ်....။ အုန်းဆီအစား အနံ့မရှိတဲ့ နေကြာဆီသုံးလို့ရပါတယ်...။ ဒါပေမယ့် မုန့်ရဲ့အရသာနဲ့ အရည်အသွေးကတော့ နဲနဲဆီကွာခြားသွားပါလိမ့်မယ်....။ ကိတ်မုန့်တစ်လုံး ဘာကြောင့်ဈေးကြီးလဲဆိုတာ ကိုယ်တိုင် မုန့်လုပ်တဲ့အချိန်မှ သေချာနားလည်သွားတယ် သုံးရတဲ့ပစ္စည်း အရည်သွေးကောင်းလေ မုန့်တန်ဖိုးကကြီးလေလေပဲ....။ အစားအသောက်တစ်ခုလုပ်တဲ့နေရာမှာ ကျွန်မက သန့်ရှင်းမှုနဲ့ကျန်းမာရေးကို ဦးစားပေးလုပ်လေ့ရှိတယ်...။ ရာဂဏန်းပဲပေးပြီးဝယ်စားလို့ရတဲ့ ငှက်ပျော်သီးကိတ်တွေဆိုတာ ငှက်ပျောသီးအစစ်မသုံးဘဲ Flavor တွေ တာရှည်ခံမှိုသတ်ဆေးတွေ ဆိုးဆေးတွေ သက်သာတဲ့ဆီနဲ့သကြားတွေ သုံးပြီးလုပ်လို့ရပါတယ်....။

ကလေးကြိုက် ကာတွန်းရုပ်လေးတွေနဲ့ မုန့်ခွက်တွေက ကျွန်မ ကိုတာဘာရူးသွားတုန်းက ဝယ်ခဲ့တဲ့ ပစ္စည်းတွေ ခုမှထုတ်သုံးဖြစ်တယ်....။ လောလောဆယ် ကျွန်မတို့ pages မှာ Banana Muffin ကို Menu တစ်ခုအနေနဲ့ မထည့်ရသေးပေမယ့် ဒီမှာတော့ အသိလာပေးတာပါ....ကျွန်မရဲ့ Banana Muffin အရသာလေးကို ဒီကနေပေးမြည်းလို့ရရင်သိပ်ကောင်းမှာပဲလို့...။ ခုလိုဆောင်းရာသီလေးမှာ အေးအေးစိမ့်စိမ့်လေးနဲ့ လက်ဖက်ရည် ကော်ဖီနဲ့ဖြစ်ဖြစ် နေ့ခင်းနေ့လည် လက်ဖက်စိမ်းရည်နဲ့ဖြစ်ဖြစ် ချစ်ခင်သူတွေကို လက်ဆောင်ပေးချင်လို့ဖြစ်ဖြစ် စားလို့အလွန်အရသာတွေ့မယ့် သဘာဝငှက်ပျောသီးနံ့မွှေးမွှေးလေးနဲ့မုန့်တစ်ခုဆိုတာ လက်တွေ့မှာယူစားသုံးလို့ရပါပြီ....မီနူးထဲမထည့်ရသေးပေမယ့် အော်ဒါလင့်ကနေမဟုတ်ဘဲ နှစ်ရက်ကြိုတင်ပြီး မေးလ်ကနေတဆင့်မှာယူနိုင်ပါတယ်.....။ Thank you. Love you all.....

gmail : coralnyo@gamil.com
Instagram : Love_raincoral











































_____________________
Revolution will prevail
မိုးငွေ့