Friday, 26 December 2025
Monday, 15 December 2025
My Doodles Art.....(7)
Wednesday, 10 December 2025
ထမင်းတစ်လုတ်ရေတစ်မှုတ်.....
"တစ်လုတ်စားဖူး သူ့ကျေးဇူး" ဆိုတဲ့ စကားပုံလေး လူတိုင်းသိကြမှာပါ....။ ကျနော်လေ ညတိုင်း ဘုရားရှိခိုးရင် ငါးပါးသီလခံယူပြီးတာနဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့တတ်တဲ့ အလေ့အကျင့်ရတာ လေးငါးနှစ်ခြောက်နှစ်လောက်ပဲရှိဦးမယ်...။ ကျနော့်ကို ဒေါက်တာစိန်လင်းရဲ့ အဘိဓမ္မာစာအုပ်ရယ် ပဠာန်းဒေတနာတော်စာအုပ်ရယ် လက်ဆောင်ပေးသွားခဲ့ဖူးတဲ့ အစ်ကိုကြီးတစ်ယောက်ကြောင့်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့ရတာကိုသိခဲ့ရတာ....။ အရင်ပို့စ်အဟောင်းတစ်ခုမှာပြောဖူးသလိုပဲ ကျနော်က ထေရဝါဒဗုဒ္ဓဘာသာကို မိရိုးဖလာကနေ ဆင်းသက်လာတဲ့သူတစ်ယောက်မဟုတ်ဘူး...။ ဒါကြောင့် ကျနော့်ပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေကောင်းတချို့ရဲ့ လမ်းပြညွှန်ကြားမျှဝေမှုကနေ ကျနော် ဗုဒ္ဓရဲ့ တရားတော်တွေကို တဖြေးဖြေးသိလာခဲ့ရတာ ဒီလိုသူတို့ရဲ့ကျေးဇူးတွေကလည်း ခင်ပွန်းကြီးဆယ်ပါးထဲက နံပါတ်ကိုးခုမြှောက်ဖြစ်တဲ့ "အနေကောင်းအသေကောင်းစေရန် တရားဓမ္မတို့ကို ဟောပြောပြသဆုံးမခဲ့သော လူပုဂ္ဂိုလ် ရဟန်းပုဂ္ဂိုလ် အရိယာပုဂ္ဂိုလ်" ဆိုတဲ့ထဲမှာ ကျနော့်ကို ဓမ္မလက်ဆောင်ပေးခဲ့ဖူးတဲ့ သူတွေ ကျနော့်ကို ဘုရားရှိခိုးသင်ပေးခဲ့ဖူးတဲ့သူတွေ အားလုံးပါပါတယ်....။ ဒီလိုကျေးဇူးကို ကျနော်က ခင်ပွန်းကြီးဆယ်ပါး ကန်တော့တဲ့အခါတိုင်း သူတို့ကိုမြင်ယောင်ပြီး အမြဲအောက်မေ့တတ်တယ်...။
နံပါတ်တစ်ဆယ်ဖြစ်တဲ့ "ထမင်းတလုတ်ရေတမှုတ်ကိုပေးကမ်းထောက်ပံ့ခဲ့ဖူးသော ကျေးဇူးရှင်" ဆိုတဲ့နေရာမှာ ကျနော်အောက်မေ့သတိရမယ့်သူတွေအများကြီးပဲ တန်းစီပြီးထွက်လာတယ်....။ အဲဒီလူတွေအများစုကလဲ လူ့လောကမှာ အသက်ရှင်လျက်မရှိကြတော့တဲ့သူတွေများတယ်....။ အခုကျနော် မှတ်မိသလောက်ပြောပြမယ်..... ပထမဦးဆုံးကျနော့်ခေါင်းထဲဝင်လာတာက ငယ်ငယ်တုန်းက တာချီလိတ် မယ်ဆိုင်ဖက်ကို အမေဈေးသွားဝယ်လို့ လိုက်သွားရင် သွားတည်းတဲ့အိမ်တစ်အိမ်ရှိတယ် အဲဒီအိမ်က မကာဟိုခမ်းရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်ကအိမ်လေး တစ်ထပ်တိုက်ပုအိမ်...။ အိမ်ကအကျယ်ကြီးပဲ ခန့်မှန်း မျက်နှာစာပေ သုံးလေးဆယ်နဲ့အနောက်ကို ပေတစ်ရာလောက်ထိရှိမယ်ထင်တယ်...။ သူတို့အိမ်ကဝင်သွားရင် ဘယ်ဖက်မှာ ဧည့်ခန်း ညာဖက်မှာက ကွတ်ပျစ်အကျယ်ကြီးနဲ့ ဘုရားကျောင်းဆောင်ရှိတယ် အိမ်အနောက်ဖက်သွားရင်လည်း အိပ်ခန်းတွေအများကြီးဖွဲ့ထားတယ် အဓိက သူတို့အိမ်မှာ ဧည့်သည်တွေလာအတည်းများကြတယ် အရင်ခေတ်က ဟိုတယ်တွေ တည်းခိုးခန်းသိပ်တွေမရှိတော့ တောင်ကြီး ကျိုင်းတုံ မိုင်းဖြတ် စတဲ့မြို့ကလာတဲ့ အသိမိတ်ဆွေတော်တော်များများလာတည်းကြတာ အဲဒီဧည့်သည်တွေအများစုက ကုန်သယ်တွေဖြစ်ကြတယ် သူတို့ရောင်းမယ့် ပစ္စည်းတွေကို ထိုင်းဖက်ကမ်း မယ်ဆိုင်မှာလာရောင်း သူတို့လိုချင်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ပြီးတင်ပို့ကြ အဲလိုတွေပေါ့...။ လာတည်းတဲ့သူတွေကို သူတို့က အခကြေးငွေယူတဲ့သူလည်းရှိသလို တချို့လည်း ပေးစရာမလိုဘူး ကျနော်တို့ဆို အဲဒီအိမ်ရှင်က တည်းခိုခမယူဘူး ဒါ့အပြင် ထမင်းလည်းကျွေးသေးတယ် အိမ်ရှင် အဖွားနဲ့သူ့သမီးက ဟင်းချက်အရမ်းကောင်းကြတာ...။ ကျနော်ဟိုး အရင် "သနပ်ခါး" ဆိုတဲ့ပို့စ်မှာရေးဖူးတဲ့ ကျနော့်ကို သနပ်ခါးသွေးလိမ်းပေးတဲ့ အန်တီမွန်းမွန်းဆိုတာ အဲဒီအိမ်ရှင်ရဲ့သမီးပေါ့....။ ကျနော်တို့ သူတို့အိမ်ကို တာချီလိတ်သွားတိုင်း တည်းဖြစ်တဲ့အကြိမ်အရေအတွက်က ရေလို့တောင်မရပါဘူး ထမင်းစားခဲ့ဖူးတာရောပေါ့....။ နောက်တော့ ကျနော်ရန်ကုန်ရောက်ပြီး နှစ်တော်တော်ကြာမှာ အဲအိမ်က အဖွားလည်းဆုံးသွားခဲ့တယ် အဖိုးကြီးတော့ရှိဦးမယ်ထင်တယ် သူတို့သမီး အန်တီမွန်းမွန်းကတော့ ရန်ကုန်မှာနေတယ် ကျနော်တို့နဲ့တော့ အဆက်အသွယ်သိပ်မရှိဘူး သားသမီးမြေးတွေတောင်ရနေပါပြီခုတော့....။
နောက်ထပ် ကျနော်တို့စားအိမ်နောက်တစ်အိမ်က တာချီလိတ်ကပဲ ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမကြီးပေါ်ကပဲ သူတို့အိမ်က အန်တီဦးဆိုတာ ထမင်းကြော်ဆိုင်ဖွင့်ထားတာ တာချီလိတ်မှာ အန်တီဦးထမင်းကြော်ကအကောင်းဆုံးပဲ အန်တီဦးက အဲဒီအိမ်က အဖွားအွန်ရဲ့ ချွေးမတစ်ယောက် အဲအဖွားနဲ့လည်း ကျနော် ထမင်းတွေစားဖူးခဲ့တယ် ရှမ်းဟင်းချက်တာသိပ်ကောင်းပဲ အဖွားက အိမ်ရှေ့သစ်သားခုံကြီးမှာထိုင် ဒူးနှစ်ချောင်းထောင်ပြီး ဖက်ဆေးလိတ်အကြီးကြီး အမြဲခဲထားတယ်...။ အန်တီဦးဆိုလည်း ကျနော်တို့ ထမင်းမင်းကြော်စားရင် ဘယ်တော့မှ ပိုက်ဆံမယူဘူး အန်တီဦးထမင်းကြော်က အညိုရောင် ပဲပြုတ်ပဲလုံးအစေ့ကြီးကြီးနဲ့ကြော်တာ ကြက်ဥကြော် ဝက်အူချောင်း ကြက်အူချောင်း ဝက်ကြော် အမဲကြော် ပလချောင်ကြော် ငါးပိကြော် အဲဒါတွေနဲ့တွဲဖက်စားရတာ ရန်ကုန်မှာလို ဟင်းအနှစ်တွေမပါတာတော့မှတ်မိတယ် ခုနောက်ပိုင်းတော့ မီနူးထပ်တိုးလောက်ရောပေါ့...။ တာချီလိတ်မှာတော့ အဲဒီနှစ်အိမ်ကိုသေချာမှတ်မိတယ် တခြားအသိမိတ်ဆွေအိမ်တွေလည်း စားခဲ့ဖူးပါတယ် ဘုရားရှိခိုးတိုင်းအဲနှစ်အိမ်က အဖွားနှစ်ယောက်ကိုတော့ အောက်မေ့မြင်ယောင်မိတယ်..။
နောက်... ကျနော့်ဇာတိဖြစ်တဲ့ တာလေမှာတော့ အိမ်ပေါက်စေ့လောက်ကို ထမင်းစားဖူးတာ....။ ပထမဆုံးက ကျနော်ငယ်ငယ်က အခင်ဆုံးသူငယ်ချင်း နန်းဖေါင်းတို့အမေချက်တဲ့ ထမင်းဟင်းတွေ အများကြီးစားဖူးခဲ့တယ်..။ နန်းဖေါင်းတို့အမေက ရှမ်းဟင်း သက်သတ်လွတ်ဟင်းတွေချက်တာ တကယ်ကျွမ်းတာ သူတို့ကအိမ်က ထမင်းမစားဘူး ထမင်းအစား ကောက်ညှင်းပေါင်းကို မနက်မိုးမလင်းခင်ကတည်းက ဝါးပေါင်းချောင်နဲ့ ပေါင်းပြီး ပိတ်အဝတ်နဲ့အမြဲပူနွေးအောင်အုပ်ထားတာ....။ သူတို့အိမ်ကလည်းကျနော့်စားအိမ်ပဲ...။ နန်းဖေါင်းတို့အဖိုးအဖွားကို ဘုန်းကြီးကျောင်းမှာ ဥပုသ်နေ့တိုင်းထမင်းဟင်းကိုကြိမ်ဗန်းကြီးနဲ့သွားပို့ရတဲ့နေဆို သိပ်ပျော်တာ ကျနော်တို့နှစ်ယောက်က ကြိမ်ဒေါင်းလန်းကြီးမပြီး ဘုန်းကြီးကျောင်းက အဖိုးနဲ့အဖွားကိုကျွေးပြီး ကျန်တဲ့ဟင်းတွေကို အဲမှာတခါထဲစားကြတာနှစ်ယောက်သား....။ နောက်တစ်အိမ်က နန်းဖေါင်းတို့အိမ်နဲ့ကပ်လျက်က စိုင်းတီတို့အိမ် စိုင်းတီကလည်း ကျနော်တို့ငယ်သူငယ်ချင်းပဲ ကျနော်ရေးရေးနေတဲ့ တာလေက သူငယ်ချင်းအကြောင်းတွေထဲမှာ သူ့နာမည် အခုမှကြားဖူးကြမှာထင်တယ်...။ တကယ်က စိုင်းတီနဲ့က ကျနော် ရန်ကုန်မှာ ဆယ်တန်းဖြေပြီးတာလေမှာ ခြောက်လပြန်နေတော့မှ ပိုခင်ပိုပေါင်းဖြစ်သွားတာ...။ ပြောနေကျအတိုင်း ကျနော်က ဗြဟ္မာပြည်ကလူမို့လို့ မာနကြီးတယ် ရန်ကုန်ကျောင်းလာမတက်ခင်ထိ ကျောင်းမှာ ယောကျားလေးသူငယ်ချင်းတစ်ယောက်နဲ့မှမပေါင်းဖြစ်ဘူး ဆယ်တန်းဖြေပြီး တာလေပြန်ရောက်မှသာ ရွာက ယောက်ျားလေးသူငယ်ချင်းတွေကို ရင်းရင်းနှီးနီးပေါင်းဖြစ်သွားတာ...။ အဲတစ်ခေါက်တာလေမှာ ပြန်နေတဲ့အချိန် စိုင်းတီတို့အိမ်ကလည်း စားအိမ်သောက်အိမ်နောက်တစ်အိမ်ပဲ သူတို့အမေနဲ့အစ်မလည်း ဟင်းချက်ကောင်းတယ်...။ ကျနော်တို့အဒေါ်တွေငယ်ငယ်ကတည်းက သူတို့အိမ်မှာဝင်ထွက်စားသောက်ကြတာလို့ ပြောပြဖူးတယ် စိုင်းတီအစ်မအကြီးဆုံးနဲ့ ကျနော့်အဒေါ်တွေက သူငယ်ချင်းတွေ...။ စိုင်းတီတို့အမေက ကျိုင်းတုံဖက်က ဂုန်ရှမ်းလူမျိုး သူတို့က ဆံထုံးထုံးရင် ခပ်မြင့်မြင့်နဲ့တဇောင်းလေးထုံးတတ်တယ် အဲဒါကိုကြည့်ချင်းအားဖြင့် ဂုန်ရှမ်းလူမျိုးလို့ ခွဲခြားသိနိုင်တယ်... အဲဒီအဒေါ်က နေ့လည်ဖက်ဆို အိမ်ရှေ့မှာ မုန့်လက်ကောက်တဲ့ မုန့်လုံးကြီးကြော်ရောင်းတယ် ပြီးတော့ ကောက်ညှင်းပေါင်းကို အုန်းနို့နဲ့ပေါင်းပြီး ကြက်ဥပူတင်းလေးအပေါ်ကထည့်စားရတာလည်း လုပ်ရောင်းတယ် စိုင်းတီအမေက အစားအသောက်လုပ်တာ အရမ်းသန့်တယ် စေတနာပါတယ် သူတို့အိမ်အနောက်ဖက်မှာ ငါးကန်တစ်ကန်ရှိတယ် တီလားဗီယားငါးတွေမွေးထားတာ အဲမှာလည်း ကျနော်တို့တွေ ကြိုက်သလောက်ငါးမျှားပြီး ကင်စားကြတာ....။ စိုင်းတီအမေသည်လည်း ကျနော် ဘုရားရှိခိုးတိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်ထဲမှာပါတယ်...။ နောက်တစ်ယောက်က အဖွားလုံပေါ့ အဖွားလုံအကြောင်း ကျနော် အသေးစိပ် ပို့စ်တစ်ခုရေးခဲ့ဖူးပါတယ်...။ အဖွားလုံအိမ်ကတော့ ကျနော်ကလေးပိစိလေးကတည်းက မွှေနှောက်စားသောက်ခဲ့ဖူးတဲ့ အိမ်တစ်အိမ်ပဲ...။
ရန်ကုန်ရောက်တော့ တက္ကသိုလ်တက်တဲ့အချိန်မှာကျမှ ကျနော် သူငယ်ချင်းများများစားစားရှိတာကိုး အဲမတိုင်ခင် အထက်တန်းကျောင်းတက်နေတဲ့အချိန်ကတော့ ကျူရှင်လည်းမတက်ခဲ့ဖူးသလို သူငယ်ချင်းလည်း သိပ်မရှိခဲ့ဘူး.....။ RC 3 မှာ ကျောင်းတက်တော့ ဒုတိယနှစ်လောက်မှာ ကျနော် Crush ခဲ့ဖူးတဲ့ ကောင်လေး အိမ်မှာ ထမင်းသွားသွားစားဖူးတယ် သူတို့က နှစ်ချင်းခရစ်ယာန်ဘာသာကိုးကွယ်တဲ့ မွန်-ကရင်အစပ်တွေ အဲကောင်လေးရဲ့ အမေနာမည်က အန်တီမရီးနာတဲ့ အဲအန်တီက အရမ်းသဘောကောင်းတာ ကျနော်သူတို့အိမ်ရောက်ရင် ထမင်းမစားတဲ့အခေါက်ကိုမရှိဘူး ဘာဟင်းရှိရှိကျွေးတာပဲ ကျနော်သက်သတ်လွတ်စားတဲ့နေ့ဆိုရင်တောင် လက်ဖက်သုပ်တို့ ကန်ဇွန်းရွက်တို့ကို တကူးတကန့်ကြော်ပေးတတ်သေးတာ အဲအန်တီကိုလည်း ဘုရားရှိခိုးတိုင်း အမြဲသတိရတယ် အခုအဆက်အသွယ်မရှိတာ နှစ်နှစ်ဆယ်ကျော်ရောပေါ့ အန်တီနေကောင်းကျန်းမာရှိပါစေလို့....။ နောက်တစ်အိမ်က ကျနော့်သူငယ်ချင်းပဲ သူတို့က စုံတွဲတွေ သူငယ်ချင်းကောင်မလေးနဲ့က အရင်ခင်တာပေါ့နောက်တော့ သူ့ဘဲနဲ့ပါသူငယ်ချင်းဖြစ်သွားတာ သူငယ်ချင်းမလေးက ကိုးမိုင်မှာနေတာ သူ့ဘဲက သူငယ်ချင်းဆီသွားချင်ရင် ကျနော်နဲ့သူငယ်ချင်းနောက်တစ်ယောက်ကိုလာလာခေါ်လေ့ရှိတယ် အဲသူငယ်ချင်းမအိမ်မှာ ကျနော်တို့က ပိတ်ရက်အပတ်တိုင်း ထမင်းစားကြတယ်...။ အဲသူငယ်ချင်းမလေးရဲ့ အမေက ဟင်းချက်ချက်ကျွေးတာ အဲအန်တီရဲ့လက်ရာထဲမှာ ကျနော်တို့အတွက်ထူးထူးဆန်းဆန်း မီနူးတစ်ခုက ငါးဖယ်အုန်းနို့ချက်ပဲဖြစ်တယ်....။ ငါးဖယ်ကို အတုံးလေးတွေအရက်ကြော်ပြီး အုန်းနို့အနှစ်ထဲပြန်ထည့်ချက်တာ အရမ်းစားကောင်းတယ် ပြီးတော့ နောက်တမျိုးက ပုဇွန်ဆိတ်ကလေးတွေကို မွှေးနေအောင်လှော်ပြီး ပဲညွှန့်ဟင်းခါးလေးချက်တာ အရမ်းစားကောင်းသော....။ အဲအန်တီဆုံးတော့ အသုဘတောင်သွားမပို့လိုက်ရဘူး ကျောင်းပြီးတော့ အဆက်သွယ်ပျက်သွားကြတာ....။ သူသည်လည်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း အောက်မေ့ရတဲ့ ကျေးဇူးရှင်တစ်ယောက်အဖြစ်ပါဝင်တာပေါ့....။
ကျောင်းပြီးလို့ ကျနော် အလုပ်စလုပ်တော့ ညောင်ပင်လေးဈေးမှာဆိုင်ထိုင်တာ ဘေးနားကပ်လျက်ဆိုင်က အန်တီကိုလည်း သတိရမိတယ် ဒီပို့စ်ရေးရင်း...။ အဲအန်တီက နှလုံးမကောင်းဘူး သူ heart attack နဲ့ဆုံးတော့ သူ့အသုဘကို ကျနော်လိုက်မပို့ဖြစ်ခဲ့ဘူး...။ ကျနော်လူမှုရေးတော်တော်ညံ့ခဲ့မှန်းပြန်တွေးမှသတိထားမိတယ်...။ အဲအန်တီက ငါကြင်းပေါင်းလုပ်လာတဲ့နေ့ဆို ထမင်းစားချိန်ရောက်ရင် ကျနော်ကိုကျွေးနေကျ သူ့ငါးကြင်းပေါင်းက ကျနော်စားဖူးသမျှထဲမှာ အကောင်းဆုံးပဲ...။ အန်တီ့ကိုလည်း သတိရပါတယ် နောက်ဆုံးအချိန်ကိုလိုက်မပို့လိုက်ရလို့လည်း စိတ်မကောင်းဖြစ်မိတယ်...။ နောက်ပြီး ကျနော်တို့ စမ်းချောင်းမှာနေတုန်းက အစ်မတွေလိုခင်ရတဲ့ အိမ်နီးချင်းတစ်အိမ်မှာလည်း အဲလိုပဲ စားအိမ်သောက်အိမ် သူတို့အိမ်သွားရင် ဘယ်ချိန်သွားသွား ထမင်းစားခန်းထဲ အုပ်ဆောင်းဖွင့်လိုက်တာနဲ့ ဘာရှိရှိကျွေးလိုက်တာပဲ ကျနော်ကလည်း စားတာပဲ အဲအိမ်မက အစ်မတွေရဲ့ အဖေနဲ့အမေလည်း အခုတော့ ဆုံးကုန်ပြီ အဲအန်တီကြီးကိုလည်း သတိရတယ် သူတို့အိမ်ရောက်ရင် သူ့ငယ်ဘဝလေးပြန်ပြန်ပြောပြတာကို အဖန်တစ်ရာ ကျနော်က စိတ်ရှည်လက်ရှည်ထိုင်နားထောင်နေကျ....။ ကျနော်တို့ဆီက အသက်ကြီးပိုင်းတွေ ဦးနှောက်ကျုံ့ရောဂါ အန်ဇိုင်းမားအဖြစ်များကြတယ်ခုနောက်ပိုင်း....။ စိတ်ဖိစီးမှုများတာရယ် အစားအသောက်အနေအထိုင် ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးဗဟုသုတ အကုန်လိုက်မလုပ်ကြတာလို့ထင်တယ်...။
နောက်ထပ် ကျေးဇူးရှင်တွေကတော့ သူငယ်ချင်းရဲ့ မိသားစုပဲသူတို့အိမ်လည်း အမြဲဝင်ထွက်သွားလာစားသောက်နေတာ ဒီနေ့ထက်ထိပဲ...။ ပြီးတော့ ကျနော်က အသက်နှစ်ဆယ်ကျော် သုံးဆယ်ကျမှ သမ္ဗုဒ္ဓေဂါထာကိုအလွတ်ရတာ ရွတ်ဖူးတာ အဲဒါကတော့ မသော်ဆိုတဲ့ အစ်မတစ်ယောက်ကို ကျေးဇူးတင်ရမယ် အဲအစ်မကြောင့်လည်း ရွှေတိဂုံဘုရားရင်ပြင်မှာ သန့်ရှင်းရေးကို ညအိပ်သွားလုပ်ဖူးတယ် အဲတုန်းက ဘုရားသန့်ရှင်းရေးလုပ်ပြီး ဘုရားရင်ပြင်မှာရှိတဲ့ တန်ခိုးကြီးဘုရားတွေ တခါမှမဖူးဘူးသေးတဲ့ ရှေးဟောင်းဘုရားတွေအထူးအဆန်းတွေကို အကုန်ဖူးဘူးတာလည်း အန်တီဘေဘီဆိုတဲ့ အန်တီတစ်ယောက်က ဘုရားတစ်ပတ်ပတ်ပြီး ရှင်းပြလို့ သူတို့လည်း ကျနော့်ရဲ့ နံပါတ်တစ်ဆယ်ကျေးဇူးရှင်တွေပဲ....။ ဆိုတော့ ကျနော်ဘုရားရှိခိုးတိုင်း ခင်ပွန်းကြီးဆယ်ပါး ကန်တော့တိုင်း သတိရနိုင်သမျှ ကျေးဇူးရှိတယ်ထင်တဲ့သူအားလုံးကို မြင်ယောင်ပြီး ကန်တော့ဖြစ်တယ်.....။ ဒီပို့စ်က နံပါတ်တစ်ဆယ်ဖြစ်တဲ့ ထမင်းတစ်လုတ်ရေတစ်မှုတ် ဆိုတဲ့ ကျေးဇူးရှင်တွေကို အဓိကအောက်မေ့ပြီး ပြောပြတာပါ ကျန်တဲ့ ကျေးဇူးရှိခဲ့ဖူးသူ တစ်ဦးတစ်ယောက်ဆီတိုင်းကိုလည်း ဦးချကန်တော့လျက်ပါ....။ ခုနောက်ပိုင်းဆို သူများကျွေးတာစားရင် ကျွေးတဲ့သူကျန်းမာပါစေ ချမ်းသာပါစေ ရောဂါဘယကင်းပါစေ စသဖြင့် စားနေရင်းနဲ့ဆုတောင်းပေးတတ်နေပြီ...:)
Monday, 8 December 2025
တဖြေးဖြေးဝေး.....
🎵🎵
ဘယ်လိုပြီးဆုံးမလဲ
ကြိုတင်ပြီးမသိနိုင်ခဲ့
ဒီအိပ်မက်များနောက်ကွယ်
ငါဖွေရှာရင်းမောတယ်
ဟူး..... အရှုံးပေးဖို့ ခက်နေ ဟူး........
ရှေးဆက်ဖို့လည်းမလွယ်ဘူး... ဟူး...
ဆုံဆည်းခွင့်မရှိတော့.... ဟူး....
🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး
တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ
တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ
တဖြေးဖြေး.....တဖြေးဖြေး....🎵
🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး
တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ
တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ
တဖြေးဖြေးဝေး ချစ်လျက်နဲ့ဝေး....🎵
မရယ်နိုင်သောနေ့ရက်
နာကျင်သောအပြုံးနဲ့....
ချည်နှောင်ခြင်းပျက်ပြယ်
ကံကြမ္မာရဲ့လှည့်ကွက်ထဲ
ဟူး..... အရှုံးပေးဖို့ ခက်နေ ဟူး........
ရှေးဆက်ဖို့လည်းမလွယ်ဘူး... ဟူး...
ဆုံဆည်းခွင့်မရှိတော့ဘူး... ဟူး....
🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး
တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ
တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ
တဖြေးဖြေး.....တဖြေးဖြေး....🎵
🎵တဖြေးဖြေး တို့နှစ်ယောက်ဟာ မိုင်ထောင်ချီဝေး
တဖြေးဖြေး တို့နှစ်ယောက်ဟာ စည်းများခြားနေ
တဖြေးဖြေး တို့နှစ်ယောက်အနာဂတ်တွေ
တဖြေးဖြေးဝေး ချစ်လျက်နဲ့ဝေး....🎵
တစ်သက်လုံးပိုင်ဆိုင်ခွင့်မရပေမယ့်
တစ်ဘဝလုံးအတွက် မေ့မရနိုင်တဲ့ ချစ်ခြင်းမေတ္တာဆိုတာ ဒါမျိုးလား
ငါတို့ ဆုံဆည်းဖို့မရှိတော့ဘူး...... ချစ်လျက်နဲ့ဝေး.......
Friday, 5 December 2025
#ဗြဟ္မာဏပြည်မှလာသည်.....(၂)
ဘာရယ် မဟုတ်ပါဘူး ဟိုတစ်နေ့က ရုပ်ရှင်ဇာတ်ကားတစ်ခုထဲမှာ မင်းသားက မင်းသမီးကို ဆိုင်ကယ်တင်တဲ့အခန်းလေးကြည့်မိလို့ ဒီပို့စ်လေးကိုရေးချင်လာခဲ့တာပါ....။ ဒီလိုဗျ ကျနော်က ရှမ်းပြည်မှာမွေးခဲ့ ဆယ်ကျော်သက်ထိ ကြီးပြင်းခဲ့တယ်ဆိုပေမယ့် အဲဘက်ဒေသတွေမှာ ကလေးလူကြီး လူတိုင်းနီးပါးဆိုင်ကယ်စီးတတ်ကြပေမယ့် ကျနော်ခုချိန်ထိမစီးတတ်သေးဘူး စီးတတ်ဖို့လည်း ကျနော် မလေ့လာမသင်ယူချင်ခဲ့ဘူး....။ ကျနော် စက်ဘီးကိုတော့ ကျွမ်းကျွမ်းကျင်ကျင် ခေါင်ထောင်ဖင်ထောင် ကလေးတုန်းကအမျိုးစုံစီးခဲ့ဖူးတယ် ...ဒါပေမယ့် ဆိုင်ကယ်ကိုကျတော့လုံးဝ ဓါတ်မကျခဲ့ဘူး စက်ဘီးစီးတတ်တဲ့အတွက် ကျနော် ဆိုင်ကယ်စီးမယ်ဆိုလည်း ဟန်ချက်ညီအောင်ထိန်းဖို့က လွယ်နေပြီးသားလေ...။ ပုဂံမှာ တစ်ခါတော့ ဘက်ထရီဆိုင်ကယ်လေးစီးဖူးပါတယ် ကျနော် လက်နဲ့ထိန်းတဲ့ လီဗာကိုလုံးဝ အတိုးအလျှော့မလုပ်တတ်တာ ကျနော့်မှတ်ဉာဏ်ကပဲ အဲဖက်မှာသုံးမရတာလား....။ ကားကျတော့ ခြေထောက်နဲ့ထိန်းတာမလား ကျနော် သတ္တိနဲလှ ကြောက်တတ်လှချေရဲ့လို့ ကိုယ့်ကိုယ်ကို တစ်သက်လုံးစာရင်းသွင်းထားခဲ့တာ မော်တော်ကားကျတော့ ရှောရှောရှူရှူမောင်းတတ်သွားတယ်.....။
ကျနော်ပြောပြမယ် ဆိုင်ကယ်ကို ငယ်ငယ်ကတည်းက စီးရမှာဘယ်လောက်ကြောက်ခဲ့လည်းဆိုတာ...။ အသက် 18နှစ်ပြည့် မှတ်ပုံတင်ပြန်လဲရမယ်ဆိုတော့ ကျနော်တို့ တာလေမှာရှိတဲ့ 18ရှစ် ကလေးတွေအကုန်စုပြီး တာချီလိတ် လူဝန်မှုကြီးကြပ်ရေးရုံးကိုသွားကြရတယ်...။ အဲတုန်းက တာလေကနေ တာချီလိတ်သွားရင် ခုခေတ်လို ကားတွေဘာတွေမပေါသေးဘူး လိုင်းကားရယ်လို့ သပ်သပ်မှတ်မှတ်မရှိသေးဘူး ဆိုင်ကယ်ကိုပဲ အဓိက အားကိုးကြတာ...အဲမှာ စတွေ့တာပဲ ကျနော်က ကျနော့်သူငယ်ချင်း စိုင်းမင်းမင်းဆိုတဲ့ ကောင်လေးနဲ့ ဆိုင်ကယ်စီးရတယ်...။ အမေတို့ အဖွားတို့ကလည်း စိတ်ဓါတ်ပဲနော် ကိုယ့်သမီးကို လူကြီးမပါဘဲ လွတ်တာပဲ သူစိမ်းတွေနဲ့ စိတ်ချလက်ချကို...။ ကျနော်ကတော့ ပြန်တွေးကြည့်မိတိုင်း သူတို့ကိုစိတ်တိုတာပဲ ကိုယ့်ကိုယ်ကို အားကိုးစိတ်ရှိတောင် သင်ပေးလိုက်တာကတော့ ကျေးဇူးတကယ်တင်ပါတယ် ဒါပေမယ့် လူကြီးတစ်ယောက်လောက်တော့ထည့်ပေးသင့်တယ်မဟုတ်လား...။ အဲတုန်းက ကျနော့်အဒေါ်အငယ်ဆုံးက တာချီလိတ်မှာနေတာ ဆိုတော့ အဒေါ်လာခေါ်ပေးတယ်ထင်တယ် အဲဒါမမှတ်မိတော့ဘူး...။ ဆိုင်ကယ်စီးရတာ ပြောဦးမယ် အဲမှာ စိုင်းမင်းမင်းက သူ့အဖေ DT ယောကျာ်းစီးဆိုင်ကယ်နဲ့ ကျနော်က သူ့နောက်ကခွစီးလိုက်ရတာ...။ ဆိုင်ကယ်စီးရင် အရှေ့က မောင်းတဲ့သူ ခါးကိုဖက်ရင်ဖက် မဟုတ်ရင် ပခုံးကိုင်ထားတာတို့ဘာတို့ တစ်ခုခုတော့သူတို့အသားကိုထိရတယ်ကွာ... အဲမှာကျနော်က သူ့ခါးလဲမထိချင် ပခုံးလဲမကိုင်ချင်လို့ အနောက်ကကယ်ရီယာကို လက်နှစ်ဖက်နောက်ပြန်ကျစ်ကျစ်ကိုင်ပြီးလိုက်သွားတာ(အဲဒါတကယ်တော့ အန္တရယ်သိပ်များတာ ဟန်ချက်မညီတာနဲ့ ပြုတ်ကျပီပဲ) အဲခေတ်က လမ်းပန်းဆက်သွယ်ရေးကသိပ်မကောင်းသေးတော့ တာလေ-တာချီလိတ်ကို လေးငါးနာရီလောက်မောင်းရတာ ညလည်းကျတော့ လက်မောင်းရင်းတွေညောင်းကိုက်လိုက်တာဆို အဲဒါ ခုထိမှတ်မိနေသေးတာ...။ ကျနော်က ဆိုင်ကယ်စီးရင် အိမ်က ဦးလေးအရင်းကလွဲပြီး ဘယ်သူစိမ်းရဲ့ ခါးကိုမှမဖက် မတို့ မထိဘူး....စီးလည်းစီးခဲတယ်...။ ကျနော်တို့နေတဲ့တိုက်မှာလည်း တခါတလေ ဓါတ်လှေခါးစီးရင် အထဲမှာ ခေါင်းမလျှော်ထားတဲ့အနံ့တွေ ကိုယ်နံ့တွေကျန်နေခဲ့ရင် ကျနော်တအားစိတ်ညစ်တာ စက္ကန့်ပိုင်းလေးစီးရတာလေးကို ကျနော်က နှာခေါင်းပိတ်တာ အသက်အောင့်ထားရတာမျိုးလုပ်သေးတာ ကြီးကျယ်တာတော့မဟုတ်ဘူး ကျနော်လူစော်နံတာမကြိုက်တာ အထူးသဖြင့်ယောကျာ်းစော်နံတာကိုမကြိုက်တာ(အမျိုးသားစာဖတ်ပရိတ်သတ်များကိုတော့ အားနာပါတယ်) ဒါက ကျနော်တကယ်ဖြစ်ပျက်ကြုံတွေ့နေရတဲ့ စိတ်ခံစားမှုကို ရိုးသားစွာဝန်ခံတာပါ...။ လူပိန်းတွေကတော့ ဇီဇာကြောင်တာလို့ အလွယ်ပြောကြတာပဲ...။ အဲဒါ တကယ် ဟုတ်တယ် ကျနော်ဟာ ဗြဟ္မာဏပြည်ကလာခဲ့တာပဲ သေချာတယ်..။
အဲဒါနဲ့ ဆိုင်ကယ်တွေမရှိတဲ့ ရန်ကုန်မှာ နှစ်ပေါင်းများစွာနေလာခဲ့တာ ဆိုင်ကယ်ထပ်စီးရတာနောက်တစ်ခါရှိတယ် ပုလဲမြို့သစ်ဖက်က သီလရှင်ကျောင်းကို ရုံးကနေသွားလှူကြတော့ လမ်းမထိပ်မှာပဲ ငှားသွားတဲ့ကားက ချပေးခဲ့တာ အဲဒီသီလရှင်ကျောင်းရောက်ဖို့က ခြေကျင်လျှောက်ရင်အရမ်းဝေးတယ်ဆိုပြီး ဆိုင်ကယ် ကယ်ရီငှားစီးရတယ် အဲမှာထပ်တွေ့တာပဲ...။ ဒီတစ်ခါတော့ ကျနော်က ဘေးတစ်စောင်းထိုင်လိုက်တာ ဆိုင်ကယ်မောင်းသမားကို လုံးဝမထိဘဲ ခုံကိုပဲကိုင်ပြီးလိုက်တာပဲ တကယ်စိတ်မောရတယ် ဆိုင်ကယ်စီးရတာ ကျနော့်အတွက် သက်တောင့်သက်သာ လုံးဝမရှိဘူး....။ ပြီးတော့ ချင်းတောင်ဖက် ခရီးသွားတုန်းကလဲ တောင်မကြီးပေါ်ကျနော် အောက်စီဂျင်ကျလို့ လမ်းလျှောက်မဆင်းတော့ဘဲ ချင်းအဘိုးကြီးမောင်းတဲ့ဆိုင်ကယ်နောက် ထပ်လိုက်စီးရပြန်ရော အဲမှာ ကျနော်က အမေကိုအလယ်မှာထိုင်ခိုင်းပြီး ကျနော်ကျတော့ အနောက်ဆုံးမှာထိုင်လိုက်တယ် မောင်းသူအပါ သုံးယောက်စီးရတာပေါ့ အဲတုန်းက တောင်အောက်ရောက်ချင်ဇောနဲ့ စီးလိုက်ရတာ တကယ်က အောက်ကိုမရောက်ခင် အချိန်ပိုင်းလေးက ကျနော့်အတွက် ဘယ်လိုမှနေလို့မကောင်းဘူး ကမ္ဘာပျက်နေတာ အဲဦးလေးကိုလည်း ဖြေးဖြေးမောင်းနော်လို့ ပြောရသေးတယ် တောင်ပေါ်ကနေသူမောင်းချလာတာ လမ်းကလည်းကြမ်း မြန်ကလည်းမြန်သေးတယ်...။
ဆိုတော့ ကျနော် စိတ်ထဲ ကြည်ကြည်ဖြူဖြူနဲ့လက်ခံပြီး ဆိုင်ကယ်လိုက်စီးဖူးတဲ့ အမောင်းသမားဆိုတာ တကယ့်ကံအကောင်းဆုံးလူသားလို့တောင် သတ်မှတ်လို့ရသေးတာပဲ....:)
ဟုတ်ကဲ့.... ကျနော်ဟာ ဗြဟ္မာဏပြည်ကလာတဲ့ ဗြဟ္မာလူသားတစ်ယောက်ပါ........ လို့ ပြောချင်ပါတယ်
## စကားမစပ် တစ်ခုပြောချင်လို့ ဒီကြားထဲ ကျနော် ဘလော့ခေတ်တုန်းက ခင်ခဲ့ဖူးတဲ့ ဘလော့ဂါအဟောင်းတွေ အွန်လိုင်းမှာ ပြန်ဆုံဖြစ်တာ နှစ်ယောက်ရှိတယ် အဲနှစ်ယောက်လုံးကဘာထူးဆန်းလည်းဆို ကျနော့်ကို "အစ်မ ကျန်းမာရေးဂရုစိုက် အရင်လိုပဲ ချောလှနေပါနော် ပြန်လာရင်တွေ့ချင်သေးတယ်"တို့ဘာတို့အဲလိုအဓိပ္ပါယ်မျိုးပေါက်တာနှစ်ယောက်စလုံး ပြောကြတယ်...။ အွန်လိုင်းမှာတွေ့တိုင်း ကျနော့်ကို သူတို့က နေကောင်းကျန်းမာအောင်နေဖို့ပဲ လာလာမှာတတ်ကြတယ်... အေးလေ အသက်အရွယ်အရ အဲလိုပြောဖို့ အချိန်ရောက်လာခဲ့ပြီကိုး....။ ကိုယ့်အစ်မတစ်ယောက်လို စိတ်ပူပေး ဂရုစိုက်ပေးကြလို့ ကျေးဇူးတကယ်တင်ပါတယ်....။ ကျနော့်ကို သူတို့က ကျနော်အမြဲနုပျိုလန်းဆန်းနေရအောင် နှစ်တစ်ထောင်မြေခွေးလူသားမျိုးနွယ်လို့ထင်နေသလား ကျနော်လဲ အချိန်နဲ့အမျှအိုရဦးမယ်လေ အရွယ်ကျရဦးမယ်လေ .... နော်....။ ဒါပေမယ့် မပူကြနဲ့ ငါက မသေမချင်း လန်းနေ ဂေါ်နေဦးမှာလို့ပြန်ပြောခဲ့တယ်...။ သူတို့ကကျတော့ ကလေးအဖေတွေ အဖိုအိုပေါက်စနတွေ ဖြစ်ကုန်ကြပြီမပြောဘဲနဲ့...။
















